ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၂)
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော်
၁၂-ရက်၊ (၂၁-၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ်
ဆင်ယင်ကျင်းပ ပြုလုပ် အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ်
မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင်
မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
“ကျမ်းကြီး
ပဋ္ဌာန်း, ကျမ်းငယ် ဆန်း, ကျမ်းလတ် ဓာတုကထာ” လို့ ပရိယတ္တိ စာပေ သင်ယူနေကြတဲ့ ရဟန်းသံဃာတွေရဲ့
အသိုင်းအဝိုင်းမှာ ဒီစကားပြောလေ့ ရှိကြတယ်၊ ကျမ်းကြီးထဲမှာ ပဋ္ဌာန်းကျမ်းဟာအလွန်ခက်ခဲတယ်၊
ကျယ်လည်းကျယ်၊ နက်လည်းနက်တယ်။
ပင်လယ်ကြီးထဲမှာ
ဖြတ်ကူးဖို့ရာ ခဲယဉ်းသလိုပဲ ပဋ္ဌာန်းကျမ်းကြီးကို အကုန်တတ်သိ နားလည်ဖို့ဆိုတာ အလွန်ခဲယဉ်းတယ်၊
ထိုပဋ္ဌာန်း ကျမ်းကြီးရဲ့ အတိမ်အနက်ကို သိဖို့ဆိုတာလည်း အလွန်ခဲယဉ်းတယ်၊ ဒါကြောင့်
တတ်နိုင်သမျှ ထောက်တည်ရာ ရသမျှလေးနဲ့ မိမိတို့ရဲ့နေ့စဉ်ဘဝမှာ ပဋ္ဌာန်း ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု
ဘယ်ပုံ ဆက်သွယ်နေတယ်ဆိုတာ သိရအောင် ဒီကနေ့ ပဋ္ဌာန်းမြတ်ဒေသနာအပိုင်း-၂ ကို ဆက်ပြီးဟောပါမယ်။
မနေ့တုန်းက
ဟေတုပစ္စယောနဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ရှင်းပြပြီးပြီ၊ တစ်ခုစီ ထပ်ပြောရအောင်၊ စာပေအနေနဲ့
လေ့လာလိုတဲ့ပုဂ္ဂိုလ်တွေ “ပဋ္ဌာန်းမြတ် ဒေသနာ” အမည်နဲ့ ဝေငှထားတဲ့စာအုပ်လေးကိုကြည့်ပြီး
ပစ္စည်းနဲ့ ပစ္စယုပ္ပန်၊ ဒီနှစ်မျိုးကို ရှေးဦးစွာ မှတ်ကြရအောင်။
ပစ္စည်းဆိုတာ
အကြောင်းတရား၊ ပစ္စယုပ္ပန်ဆိုတာ ထိုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား၊
(သို့မဟုတ်) ပစ္စည်းတရားက ကျေးဇူးပြုထားတဲ့ အကျိုးတရားလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
အဲဒီမှာ
ဟိတ် ၆-ပါးသည် ဟေတုပစ္စည်း၊ ပစ္စယဆိုတဲ့စကားလုံးကို မြန်မာ လို ပစ္စည်းလို့ ပြန်လိုက်တာ၊
အကြောင်းတရားလို့ ပြောတာ၊ ပစ္စည်းဆိုတော့ ဟို ပစ္စည်း ဒီပစ္စည်းတွေနဲ့ ရောသွားနိုင်သေးတယ်နော်၊
လူသုံးကုန်ပစ္စည်းတို့ ဘာတို့ ပြောတဲ့ ဟာတွေကိုလည်း ပစ္စည်းလို့ပဲ ခေါ်တယ်။
ဒီနေရာမှာ
“ပစ္စည်း” ဆိုတာ အထောက်အကူပြုတဲ့ အကြောင်းတရားကို ဆိုလိုတယ်၊ “ပစ္စယုပ္ပန်” ဆိုတာ ပစ္စယုပ္ပန္န
ဆိုတဲ့စကားလုံးကလာတာ၊ “အကြောင်းတရား ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား” အကြောင်းတရားက
ကျေးဇူးပြုထားတဲ့ အကျိုးတရားလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
အဲဒီစာအုပ်က
ဇယားလေးကြည့်မယ်ဆိုရင် ဟေတုပစ္စည်း ဆိုတာ ဟိတ် ၆-ပါးကို ခေါ် တယ်၊ ဟိတ် ၆-ပါးလို့ဆိုတာ
အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ သိတယ်ပေါ့၊ အဘိဓမ္မာ မသင်ဖူးဘူး ဆိုရင်တော့ ဟိတ် ၆-ပါးဆိုတာ
ဘာတွေပါလိမ့်လို့ တွေးကောင်း တွေးလိမ့်မယ်၊ မနေ့က နည်းနည်းရှင်းပြီးတော့ ပြောခဲ့ပြီးပြီ။
ဟေတုရဲ့အဓိပ္ပါယ်က
“အကျိုးတရားတွေကို ရှင်သန်နေအောင် ဖွံ့ဖြိုး တိုးတက် နေအောင် ခိုင်မာနေအောင် ကျေးဇူးပြုနေတဲ့
အကြောင်းတရား” လို့ အဓိပ္ပါယ် ရတယ်၊ ဟေတု ဆိုတဲ့ နာမည်နဲ့ ဟောထားတဲ့တရားဟာ ၆-မျိုး
ရှိတယ်၊ အဘိဓမ္မာမှာ ဟေတုဟာ ၆-မျိုးပဲ ရှိတယ်၊
၆-မျိုးက
လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ၊ အကောင်းဘက်က ၃-မျိုး၊ အဆိုးဘက်က ၃- မျိုး၊ ဒီ ၆-မျိုး
ဖြစ်တယ်၊ အဲဒီ ၆-မျိုး သောသဘာဝ တရားများသည် မိမိတို့နှင့်ယှဉ်တွဲ ဖြစ်ပေါ် လာတဲ့တရားများကို
အခိုင်အမာ ဖြစ်သွားအောင် အထောက်အကူပြုတတ်တယ်၊ ဒါဟာ သူတို့ရဲ့ ဟေတုသတ္တိ ဖြစ်တယ်။
ရှေးဦးစွာ
စာလိုမှတ်မယ်ဆိုရင် ဟိတ် ၆-ပါးက ပစ္စည်း၊ ပစ္စယုပ္ပန်မှာ သဟိတ်စိတ် ၇၁-ခု၊ (သဟိတ်စိတ်ဆိုတာ
သ ဆိုတာ အတူတကွ၊ ဟေတု က ဟိတ်၊ ဟိတ်နဲ့ ယှဉ်တဲ့စိတ်လို့ ပြောတာ၊ ပါဠိမြန်မာရောပြီး သုံးထားတဲ့စကားလုံး
ဖြစ်တယ်၊ “သဟိတ်စိတ်”ဆိုတာ ဟိတ်နဲ့ယှဉ်တဲ့စိတ်လို့ ပြောတာ၊ ဟိတ်နဲ့ယှဉ်တဲ့ စိတ်သည်
၇၁-ခု ရှိတယ်၊ ဟိတ်နဲ့မယှဉ်တဲ့ စိတ်က ၁၈-ခု ရှိတယ်၊ နှစ်ခုပေါင်း တဲ့အခါ စိတ် ၈၉-ဆိုတာ
ရတယ်ပေါ့၊) ယှဉ်တဲ့စေတသိက်တွေကို ကြည့်လိုက်မယ်ဆိုရင် စေတသိက်-၅၂ ခု လုံးယှဉ်တယ်၊ ပြီးတော့
သဟိတ်စိတ္တဇရုပ်။
စိတ်ကို
အဟိတ်စိတ်နဲ့ သဟိတ်စိတ်လို့ နှစ်မျိုးခွဲထားတယ်၊ ဟိတ်နဲ့ယှဉ်တဲ့ စိတ်၊ ဟိတ်နဲ့ မယှဉ်တဲ့စိတ်၊
ဟိတ်နဲ့ယှဉ်တဲ့စိတ်တွေကြောင့် ဖြစ်တဲ့ရုပ်ကို သဟိတ် စိတ္တဇရုပ်လို့ ဒီလိုပြောတာနော်။
စိတ္တဇမှာ
စိတ္တ ဆိုတာ စိတ်ကြောင့်, ဇ ဆိုတာ ဖြစ်လာတာ၊ အဲဒီ အဓိပ္ပါယ်၊ စိတ်ကြောင့် ဖြစ်တဲ့ရုပ်၊
(မြန်မာပြည်မှာလည်း ဒီစကားလုံးသုံးတယ်၊ “စိတ္တဇရောဂါ” တဲ့၊ စိတ်မှာဖြစ်နေတဲ့ရောဂါ၊
စိတ္တဇရောဂါ၊ စိတ်စွဲလမ်းပြီးတော့ စိတ်မှာဖြစ်နေတဲ့ ရောဂါ၊ စိတ္တဇရောဂါ၊) ဒီနေရာမှာ
စိတ္တဇရုပ်ဆိုတာ စိတ်က ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို စိတ္တဇရုပ်လို့ ခေါ်တယ်။
ထို့နောက်
သဟိတ်ပဋိသန္ဓေကမ္မဇရုပ် တဲ့၊ ပဋိသန္ဓေစိတ်ကလည်းပဲ သဟိတ်-ပဋိသန္ဓေ ရှိတယ်၊ အဟိတ်ပဋိသန္ဓေ
ရှိတယ်ပေါ့၊ သဟိတ်ပဋိသန္ဓေ ဆိုတာ ဟိတ်နဲ့ယှဉ်တဲ့ ပဋိသန္ဓေစိတ်၊ ဥပမာ - မဟာဝိပါက်စိတ်
၈-ခုနဲ့ ပဋိသန္ဓေနေလို့ရှိရင် သဟိတ်ပဋိသန္ဓေစိတ်။
လူတွေမှာ
မဟာဝိပါက်စိတ် ၈-ခုဆိုတာနဲ့ ပဋိသန္ဓေနေကြတယ်၊ ရူပဗြဟ္မာ တွေမှာ ရူပါဝစရဝိပါက်စိတ် ၅-ခုနဲ့
ပဋိသန္ဓေနေတယ်၊ အရူပဗြဟ္မာတွေမှာ အရူပါဝစရ ဝိပါက်စိတ် ၄-ခုနဲ့ ပဋိသန္ဓေနေတယ်၊ အဆင့်မရှိတဲ့
လူသားတွေကျတော့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ဆိုတဲ့ အဟိတ်စိတ်နဲ့ ပဋိသန္ဓေနေကြတယ်၊ အပါယ်လေးဘုံက
အပါယ်ဘုံသားအားလုံးသည် အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့
ပဋိသန္ဓေနေကြတယ်၊
ဒီ
term တွေက အဘိဓမ္မာမသင်ဖူးရင် ခက်နေတယ်၊ ခေါ်ရတာ ခက်လို့ရှိရင် ငရဲ တိရစ္ဆာန် ပြိတ္တာ
တို့ရဲ့ သန္ဓေစိတ်လို့ ဒီလိုမှတ်ပါ၊ အဲဒီသန္ဓေစိတ်တွေက အတူတူပဲ၊ ငရဲသားတွေ ရဲ့သန္ဓေစိတ်
တိရစ္ဆာန်တွေရဲ့ သန္ဓေစိတ် ပြိတ္တာတွေရဲ့ သန္ဓေစိတ်ရယ် အတူတူပဲ မှတ်ရမယ်၊ အဟိတ်စိတ်နဲ့
ပဋိသန္ဓေနေလို့ အဟိတ်တိရစ္ဆာန်တွေလို့ ပြောကြတယ်၊ ဒါ စာပေကနေ ထွက်ပေါ်လာတဲ့ အသုံးအနှုန်းဖြစ်တယ်။
တိရစ္ဆာန်တွေက
လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ ဆိုတဲ့ မကောင်းတဲ့ဟိတ် ကောင်းတဲ့ဟိတ်တွေနဲ့ သူတို့ပဋိသန္ဓေစိတ်မှာ
ဖြစ်ပေါ်လာတာ မဟုတ်ဘူး၊ ဟိတ်မဲ့ပဋိသန္ဓေစိတ်နဲ့ နေလာတယ်လို့ ဒီလိုဆိုတယ်။
ကဲ ဟေတုသတ္တိ
ဆိုတာက ရေသောက်မြစ်ရဲ့အစွမ်းနဲ့တူတယ်၊ ဘယ် သစ်ပင်က ရေသောက်မြစ်ပဲဖြစ်ဖြစ် ထိုသစ်ပင်
ရှင်သန်ပြီးဖွံ့ဖြိုးတိုးတက်နေအောင်, အသီးတွေ အပွင့်တွေနဲ့ နှစ်ပေါင်းများစွာကြာအောင်
ထောက်ပံ့နိုင်တယ်။ အဲဒီ ရေသောက်မြစ်ရဲ့ စွမ်းရည်သတ္တိမျိုးကို ဟေတုသတ္တိလို့ ခေါ်တယ်၊
အခိုင်အမာ ဖြစ်အောင်, ရှင်သန် နေအောင် ထောက်ပံ့ကူညီတဲ့သတ္တိသည် ထူးခြားတဲ့ သတ္တိ တစ်ခုပဲ။
.
လောဘဟေတု
▬▬▬▬▬
ကဲ လောဘကို
ပြောရအောင်၊ လူတိုင်းလူတိုင်းဟာ လိုချင်တဲ့စိတ် ဖြစ် တတ်ကြတယ်၊ လိုချင်တဲ့စိတ် ဖြစ်ပြီဆိုရင်
ထိုလိုချင်တဲ့စိတ် တည်တံ့နေအောင် ဘယ်အရာက လုပ်သလဲဆိုရင် လိုချင်မှုဆိုတဲ့ လောဘတရားက
လုပ်တယ်၊ လိုချင်တဲ့စိတ်ကို အကြောင်းပြုပြီးတော့ စိတ္တဇရုပ်တွေကို ထုတ်လုပ်ပေးနေတယ်၊
နှုတ်က ထုတ်ပြောတယ်၊ ခန္ဓာကိုယ်နဲ့ ကိုယ်ထိလက်ရောက် လုပ်တယ်ဆိုတဲ့ ကိုယ် အမူအယာ နှုတ်အမူအယာတွေ
ဖြစ်ပေါ်လာတယ်။ အဲဒီလို ဖြစ်လာအောင်, ရှင်သန်နေအောင် ဘယ်သူက လုပ်သလဲ၊ ဟောဒီ လောဘက လုပ်ပေးနေတာ။
ဒါကြောင့်မို့ ဒီလောဘကို ဟေတုပစ္စယလို့ ခေါ်တယ်၊ သူ့ရဲ့အကျိုးတရားတွေ ဆက်လက်ဖြစ်ပေါ်နေအောင်,
ခိုင်ခံ့နေအောင်, တည်မြဲနေအောင် သူကစွမ်းဆောင် ထားတယ်၊ အဲဒီသတ္တိကို ဟေတုသတ္တိလို့
ပြောတာပဲ။
စာလိုပြောမယ်ဆိုရင်တော့
လောဘနဲ့ လောဘမူစိတ်လို့ နှစ်မျိုးခွဲရမယ်၊ လောဘ ဆိုတာ လိုချင်တဲ့သဘောကို ပြောတာ၊ အဲဒီ
လိုချင်တဲ့သဘောသည် လောဘမူစိတ်နဲ့ ယှဉ်တွဲဖြစ်တဲ့ စေတသိက်တရားသာ ဖြစ်တယ်၊ အဲဒီလောဘမူစိတ်
ဖြစ်လာလို့ရှိရင် လောဘစေတသိက်တစ်ခုတည်းသာ ဖြစ်တာ မဟုတ်ဘူး၊ ကျန်တဲ့ စေတသိက် တွေလည်း
ဖြစ်သေးတယ်၊
လိုချင်စိတ်လို့
လူတွေက တစ်ခုတည်း ခေါ်နေကြတယ်၊ လိုချင်တဲ့စိတ်ဆိုတာ စိတ်က ၈-ခု၊ စေတသိက်က ၂၂-ခု၊ (သို့မဟုတ်)
စိတ် ၁-ခုနဲ့ စေတသိက် ၂၂-ခု၊ ပေါင်းလိုက်ရင် ၂၃-ခု၊ ၂၃-ခု ကို တစ်ခုတစ်ခု တွက်ထားလိုက်မယ်ဆိုရင်
လူတွေ ပြောနေကြတဲ့ လိုချင်တဲ့စိတ်ဆိုတာ အဲဒါကိုပြောတာ။
အဲဒီ
လိုချင်တဲ့စိတ်ကလေး မိမိတို့ ရင်ထဲနှလုံးထဲမှာ ခိုင်မာနေအောင် ဘယ်သူက လုပ်ဆောင်ပေးနေသလဲ၊
လိုချင်တယ်ဆိုတဲ့ လောဘကနေပြီး လုပ်ပေးတယ်၊ သူ့မှာ ဒီလိုစွမ်းရည်သတ္တိထူး ရှိတယ်လို့ပြောတာ၊
အခြားစေတသိက်တွေမှာ ဒီလိုစွမ်းရည် သတ္တိ ရှိသလားဆိုတော့ မရှိဘူး။
လောဘသည်
ဟေတုသတ္တိနဲ့ကျေးဇူးပြုနိုင်တယ်၊ ဥပမာ- ဒိဋ္ဌိ ဆိုတဲ့တရား ဟာလည်း လိုချင်တဲ့စိတ်ထဲမှာ
ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတယ်၊ မာန ဆိုတဲ့ တရားဟာလည်း လိုချင်တဲ့စိတ်နဲ့ ယှဉ်တွဲပြီး
ဖြစ်ပေါ် လာတယ်၊ အဲဒီ ဒိဋ္ဌိတို့ မာန တို့မှာ ဒီလောဘစိတ်လို ထိန်းထားနိုင်တဲ့စွမ်းရည်
ရှိရဲ့လားဆိုတော့ မရှိဘူး၊ ဟေတုသတ္တိ သူတို့မှာ မရှိဘူး၊
ဥပမာ
- လောဘမူစိတ် ၈-ခုမှာ ယှဉ်တွဲ ဖြစ်ပေါ် လာတဲ့ စေတသိက်တွေထဲမှာ ဖဿ ရှိတယ်၊ ဝေဒနာ ရှိတယ်၊
သညာ ရှိတယ်၊ စေတနာ ရှိတယ်၊ ဧကဂ္ဂတာ ရှိတယ်၊ ဇီဝိတိန္ဒြေ ရှိတယ်၊ မနသိကာရ ရှိတယ်၊ အဲဒါတွေက
လိုချင်တဲ့စိတ်လေးကို ထိန်းထားနိုင်သလား၊ မထိန်းနိုင်ဘူး၊ လိုချင်တဲ့စိတ် ပေါ်လာလို့ရှိရင်
သူတို့က ပါလာ တာပဲရှိတယ်၊ သူတို့က လိုချင်တဲ့ စိတ်ကို အခိုင်အမာဖြစ်အောင် ကျေးဇူးပြုနိုင်စွမ်း
မရှိကြဘူး။
ထို့အတူပဲ
ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ ပီတိ ဆန္ဒ ဆိုတဲ့ စေတသိက် တွေ၊ မောဟ အဟိရိက အနောတ္တပ္ပ
ဥဒ္ဓစ္စ ဆိုတဲ့ စေတသိက်တွေ၊ သူတို့ကရော? (မောဟကတော့ လောဘမူစိတ်ကို ထိန်းထားတဲ့အထဲမှာပါတယ်၊
သို့သော် အဓိက ပဓာနက လောဘက ထိန်းထားတာ၊) အဲဒီမှာ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဆိုတဲ့
တရားတွေက ဟေတုသတ္တိ မရှိသည့်အတွက်ကြောင့် ထိန်းထားနိုင်စွမ်း မရှိဘူးတဲ့၊ သို့သော်
လိုချင်တဲ့စိတ်နဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာကြတာတွေချည်းပဲ။
အေး ကောင်းပြီ၊
အာရုံတစ်ခုခုကိုတွေ့လို့ မိမိတို့စိတ်ထဲမှာ လိုချင်တဲ့စိတ် ဖြစ်ပြီဆိုရင် ဟောဒီ သဘောသဘာဝတွေ
ဖြစ်လိမ့်မယ်၊ လောဘမူစိတ်ရယ် စေတသိက်တွေရယ် ဖြစ်လိမ့်မယ်၊ ထိုစိတ်စေတသိက်တွေ ဖြစ်တာနဲ့တစ်ပြိုင်နက်
စိတ္တဇရုပ်တွေကို ထုတ်လုပ်လိမ့်မယ်၊ အဲဒီထဲမှာ လောဘသည် မိမိနဲ့ အတူတကွ ဖြစ်ပေါ်လာတဲ့
သဘာဝတရားတွေကို ရှင်သန်နေအောင် အခိုင်အမာ ရပ်တည်နေအောင် ကျေးဇူး ပြုတယ်၊ ထိန်းထားတယ်တဲ့။
အဲဒီနေရာမှာ
ဒီလောဘနဲ့ ကျန်တဲ့ စိတ်စေတသိက်တွေဟာ တစ်ပြိုင်နက် ဖြစ်ကြတာ၊ လောဘက အရင်ဖြစ်ပြီးတော့
ကျန်တဲ့စိတ်စေတသိက်တွေက နောက်မှ ဖြစ်လာတာ မဟုတ်ဘူး၊ လောဘနဲ့ ကျန်တဲ့စိတ်သည် တစ်ပြိုင်နက်
ဖြစ်လာတာ၊ တစ်ပြိုင်နက် ဖြစ်လာပြီး သူ့မှာ ထူးခြားတဲ့ စွမ်းရည်သတ္တိက ဘာတုန်းဆိုရင်
သူနဲ့ ဖြစ်ဖေါ်ဖြစ်ဖက် သဘောတရားတွေကို ရှင်သန်နေအောင် ထိန်းထားနိုင်တာက လောဘရဲ့သတ္တိပဲတဲ့၊
တခြားစေတသိက်တွေမှာ ဒီသတ္တိမျိုးမရှိဘူးလို့ ဒီလိုပြောတာ၊ လောဘရဲ့သတ္တိထူးက ဟေတုသတ္တိထူး။
သို့သော်
ဒီလောဘဆိုတဲ့ သဘာဝတရားက ယှဉ်ဖက် စိတ်စေတသိက်နဲ့ အဲဒီစိတ်က ထုတ်လုပ်ထားတဲ့ စိတ္တဇရုပ်တရားတွေကို
ဟေတုသတ္တိ တစ်ခုတည်းနဲ့ ကျေးဇူး ပြုနိုင်တာလားလို့ဆိုတော့ ဟေတုသတ္တိတစ်ခုတည်းနဲ့ မဟုတ်ဘူး၊
အခြား သတ္တိ တွေလည်း ပါဝင်ပြီး ကျေးဇူးပြုနေကြတယ်၊ သို့သော် သူ့ရဲ့သတ္တိထူးကတော့ ထိန်းထားတဲ့
ဟေတုသတ္တိထူးပဲ။
ဒါဖြင့်
ဘာသတ္တိတွေ ရှိသေးတုန်းဆိုတော့ လောဘမှာ လိုချင်တဲ့စိတ် စေတသိက် စိတ္တဇရုပ်တွေနဲ့ အတူအကွဖြစ်တယ်ဆိုတဲ့
သတ္တိတစ်မျိုးလည်း ရှိသေးတယ်၊ အဲဒါကို သဟဇာတသတ္တိ လို့ ခေါ်တယ်၊ သဟဇာတသတ္တိ ဆိုတာ လောဘနဲ့
ယှဉ်ဖက် စိတ်စေတသိက်၊ ထိုယှဉ်ဖက်စိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်များသည် ပြိုင်တူဖြစ်လာကြတယ်၊
အကြောင်းက အရင်ဖြစ်ပြီးမှ အကျိုးက နောက်မှဖြစ်တာ မဟုတ်ဘူး၊ ဒီနေရာမှာ အကြောင်းနဲ့အကျိုးသည်
ပြိုင်တူဖြစ်လာတာ၊ အဲဒီ ပြိုင်တူ ဖြစ်လာစေတာကိုပဲ သဟဇာတသတ္တိလို့ ပြောတယ်၊ ပြိုင်တူဖြစ်ပြီးတော့
အကျိုးပြု တယ်။
ဒါဖြင့်
ပြိုင်တူဖြစ်လာပြီး အကျိုးပြုတာ ရှိသလားဆိုတော့ ရှိတယ်လေ၊ မီး လင်းလိုက်တာတဲ့တစ်ပြိုင်နက်
အလင်းရောင်ရတယ်၊ မီးငြိမ်းသွားတာနဲ့တစ်ပြိုင်နက် မှောင်သွားတယ်၊ ဒါ ပြိုင်တူဖြစ်တာလို့
ခေါ်တယ်၊ အဲဒီတော့ လောဘဖြစ်လိုက် တာနဲ့ လိုချင်တဲ့စိတ်တွေ တစ်ပြိုင်နက်ဖြစ်လာတာ၊ လောဘနဲ့
လိုချင်တဲ့စိတ်ရယ် စိတ္တဇရုပ်ရယ် တစ်ပြိုင်နက်ဖြစ်တာပဲ၊ သဟဇာတသတ္တိ လို့ ခေါ်တယ်၊ သဟဇာတ
ဆိုတာ သဟ က အတူတကွ၊ ဇာတ က ဖြစ်လာတာ၊ Born together အတူတကွ ဖြစ်လာတယ်၊ အတူတကွ ဖြစ်ပြီးတော့
ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာ။
အဲဒီတော့
ဟေတုသတ္တိဆိုတာ လောဘရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခု၊ အတူတကွ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်ဆိုတာက
ကျန်တဲ့တရားတွေမှာလည်း ဒီ သတ္တိ ရှိတယ်၊ လောဘတစ်ခုတည်းမှာ ဒီသတ္တိရှိတာ မဟုတ်ဘူး၊ ကျန်တဲ့
တရားတွေမှာလည်း ရှိတယ်၊ ဒါကြောင့်မို့လို့ ဟေတုသတ္တိဆိုတဲ့ သတ္တိဝိသေသလို့ပြောတာ၊ သူနဲ့
ယှဉ်ပြိုင်ပြီးတော့ ဝင်လာတဲ့ စွမ်းရည်သတ္တိက သဟဇာတသတ္တိ၊ ဟော ယှဉ်ပြိုင် လာတယ်။
နောက်တစ်ခုက
ဘာဝင်လာသေးတုန်းဆိုရင် အညမညသတ္တိ၊ အညမည ဆိုတာ reciprocal အပြန်အလှန်လို့ ဒီလို အဓိပ္ပါယ်ရတယ်၊
လောဘဖြစ်လိုက်တာ နဲ့ တစ်ပြိုင်နက် လိုချင်တဲ့စိတ်တို့ စိတ္တဇရုပ်တို့ ဖြစ်လာတယ်၊ အဲဒီလောဘနဲ့
လိုချင် တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တို့ဟာ အပြန်အလှန် အထောက်အကူပြု နေကြတယ်၊
ဘယ်လိုအပြန်အလှန် အထောက်အကူပြုသလဲဆိုရင် သုံးချောင်း ထောက်သည် တစ်ခုနဲ့တစ်ခု အပြန်အလှန်
မှီထားတယ်၊ တစ်ခုပျက်သွားလို့ရှိရင် ကျန်တဲ့နှစ်ခုက ပြိုလဲသွားတယ်၊
ထို့အတူပဲ
လောဘက လိုချင်တဲ့စိတ်နဲ့ စိတ္တဇရုပ်တွေကို ထိန်းထားဖို့အတွက် အပြန်အလှန်ကျေးဇူးပြုနိုင်တဲ့
စွမ်းရည်သတ္တိတွေလည်း သူ့မှာ ရှိတယ်လို့ ပြောတယ်၊ အဲဒီတော့ လောဘက လိုချင်တဲ့စိတ်နဲ့
စိတ္တဇ ရုပ်တွေကို ကျေးဇူးပြုတဲ့နေရာမှာ အပြန်အလှန်သတ္တိထူးလေးလည်း သူ့မှာ ရှိတယ် လို့
ပြောတာ။
အဲဒီတော့
၂၄-ပစ္စည်းဆိုတာ တော်တော်များများ ဆက်စပ်ပြီးတော့ နေလေ့ရှိတယ်၊ ပစ္စည်းတစ်ခုနဲ့တစ်ခု
ဆက်သွယ်ပြီးတော့ နေကြတယ်။
ဒီနေ့မှာ
လောဘရယ် လိုချင်တဲ့စိတ်ရယ် လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာ တဲ့ရုပ်ရယ်၊ သုံးအုပ်စု
ခွဲကြည့်လိုက်ရအောင်၊ လောဘက အကြောင်းတရား၊ လိုချင် တဲ့စိတ်က အကျိုးတရား၊ ဒါ တစ်ခု၊
လောဘက အကြောင်းတရား၊ လိုချင်တဲ့စိတ် ကြောင့် ဖြစ်ပေါ် လာတဲ့ရုပ်က အကျိုးတရား၊ နောက်တစ်ခါ
လောဘက အကြောင်း တရား၊ လိုချင်တဲ့စိတ်ရယ်, စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်က အကျိုးတရားလို့
သုံးစုခွဲလိုက်၊ သုံးစုခွဲလိုက်ရင် တစ်ခုနဲ့ တစ်ခု ယှဉ်ပြိုင်ပြီး ဝင်လာတဲ့သတ္တိတွေ
မတူဘူး။
အဲဒီမှာ
အားလုံးပါဝင်နိုင်စွမ်းတဲ့သတ္တိက ဘာတုန်းဆိုရင် အခုပြောခဲ့တဲ့ လောဘနဲ့ လိုချင်စိတ်ရယ်,
လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ရယ်၊ အဲဒီ ၂-ခု သည် အတူတကွဖြစ်နေတာ ဖြစ်သောကြောင့်
သဟဇာတသတ္တိ၊ လောဘနဲ့ လိုချင်တဲ့ စိတ်ကျတော့ အပြန်အလှန်ရသည့်အတွက်ကြောင့် အညမညသတ္တိ
တစ်ခု ပိုလာတယ်။
နောက်တစ်ခုက
ဘာသတ္တိတုန်းဆိုရင် လိုချင်တဲ့စိတ်ရယ် လိုချင်တဲ့စိတ် ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ရယ်
အဲဒီနှစ်ပိုင်းကို လောဘက ဘာသတ္တိနဲ့ ကျေးဇူးပြု သေးသလဲဆိုရင် နိဿယသတ္တိ၊ ၂၄-ပစ္စည်းမှာ
နိဿယပစ္စယောဆိုတာ မှီရာအနေ အထားအားဖြင့် ကျေးဇူးပြုတာတဲ့၊ လောဘဆိုတဲ့အမှီ ရှိသည့်အတွက်ကြောင့်
ဒီလိုချင်တဲ့စိတ်တို့၊ လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တို့ဟာ ရှင်သန်
နိုင်တာ၊ ဒီလိုဆိုတယ်။
အဲဒီတော့
လောဘဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဟေတုပစ္စည်းတင် မကဘူး၊ ခုပြောတဲ့ သဟဇာတပစ္စည်း ပါလာတယ်၊
ရံခါ အညမညပစ္စည်း ပါလာတယ်၊ နိဿယပစ္စည်း ပါလာတယ်၊ အမြဲတမ်းပါတာကတော့ သဟဇာတ၊ နိဿယ၊ အတ္ထိ၊
အဝိဂတ၊ အဲဒီ ၄-ခုက အမြဲတမ်းပါနေတယ်။
ပြန်ပြီးတော့
မှတ်ဖို့က လောဘဆိုတဲ့ အကြောင်းတရားက လိုချင်တဲ့စိတ် ရယ်၊ လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့
စိတ္တဇရုပ်ရယ်၊ အဲဒီနှစ်ခုကို ကျေးဇူးပြု တဲ့အခါမှာ သူ့ရဲ့သတ္တိထူးက ဟေတုသတ္တိ၊ သာမန်တခြားစိတ်တွေလို
သာမန် သတ္တိအနေနဲ့ ပါဝင်တာတွေက ဘာတွေတုန်း ဆိုရင် -
သဟဇာတသတ္တိ
(အတူတူ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်)
နိဿယသတ္တိ
(မှီရာဖြစ်ပြီးတော့ ကျေးဇူးပြုတယ်)
အတ္ထိသတ္တိ
(နှစ်ခုစလုံး ရှိနေခိုက်မှာ ကျေးဇူးပြုတယ်)
အဝိဂတသတ္တိ
(နှစ်ခုစလုံး ပျောက်မသွားခင် ကျေးဇူးပြုတယ်)
ဟောဒီ
၄-ခု ပါဝင်နေတယ်လို့ ဒီလိုဆိုတယ်။
တစ်ဖန်
လောဘနဲ့ ဒီ လိုချင်တဲ့စိတ်ကလေးကိုတင် ကြည့်မယ်ဆိုရင် လောဘက အကြောင်းတရား၊ လိုချင်တဲ့စိတ်က
အကျိုးတရား၊ အဲဒီအခါကျတော့ အခု သတ္တိ ၄-မျိုးအပြင် နောက်ထပ် ဘာတွေပါလာတုန်းဆိုရင် အညမည
ပါလာတယ်၊ သမ္ပယုတ္တ ပါလာတယ်၊ အတူဖြစ်ခြင်း, အတူချုပ်ခြင်း, အာရုံတစ်ခုတည်းကိုသာ ယူခြင်း,
မှီရာဝတ္ထုတူခြင်းလို့ ဆိုတဲ့ တူ ၄-ပါးနဲ့ ယှဉ်တွဲလို့ သမ္ပယုတ္တပစ္စယော တဲ့၊ သမ္ပယုတ္တပစ္စယောဆိုတာ
တူ ၄-ပါးနဲ့ ယှဉ်တွဲထားတာ၊ တူ ၄-ပါး ဆိုတာ ဘာတုန်း၊ ဖြစ်တာ တူတယ်၊ ချုပ်တာ တူတယ်၊ အာရုံ
တူတယ်၊ မှီရာဝတ္ထုတူတယ်၊ အဲဒီ အတူ ၄-ခုနဲ့ ယှဉ်တွဲနေတဲ့သဘာဝတရား။
အဲဒီလို
တူတယ် ဆိုကတည်းက စိတ်စေတသိက်တွေက တစ်ခုတည်းလို ဖြစ်သွားပြီလေ၊ အတူတူဖြစ်ကြတယ်၊ အတူတူချုပ်ကြတယ်၊
အာရုံတစ်ခုတည်းကို ယူတယ်၊ မှီရာဝတ္ထုတစ်ခုတည်းကနေ ပေါက်ဖွားလာတယ်ဆိုလို့ရှိရင် လူတွေရဲ့
စိတ်မှာ သာမန်ကြည့်ရင် တစ်ခုတည်းလို့ပဲ ထင်မှာပဲ၊ နှစ်ခုလို့ မထင်ဘူး၊ ဒါကြောင့် မို့လို့
ပြောကြတယ်လေ၊ လူတွေက လိုချင်တဲ့စိတ်တွေ ဖြစ်တယ်လို့ - ဒါလောက်ပဲ ပြောတယ်၊ လိုချင်တဲ့စိတ်လို့ပဲ
ပြောတယ်၊ ခွဲမပြောဘူး၊ ဘာလို့တုန်းဆိုရင် ဒါတွေက တူနေတယ်၊ တူနေသည့်အတွက်ကြောင့် တစ်ခုတည်းလို
ဖြစ်နေတယ်၊ သို့သော် ကိစ္စကျတော့ မတူဘူးတဲ့၊ သူ့ function နဲ့သူ၊
နောက်တစ်ခု
- လောဘက လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ကို အထောက် အကူပြုတဲ့အခါမှာ လောဘက
နာမ်တရား၊ အထောက်အကူပြုခံရတာက ထုတ်လုပ် ထားတာက ရုပ်တရားလို့ဆိုတော့ ရုပ်နဲ့နာမ် နှစ်ခုဖြစ်မသွားဘူးလား၊
အဲဒီလို ရုပ်နဲ့နာမ် နှစ်ခုဖြစ်သွားရင် ခုနက ဖြစ်အတူ၊ ချုပ်အတူ၊ အာရုံတူ၊ ဝတ္ထုတူ ဆိုတဲ့
အတူ ၄-ခုက မရတော့ဘူး၊ မရသည့်အတွက်ကြောင့် သူ့ကို ဝိပ္ပယုတ္တပစ္စယော လို့ ခေါ်တယ်။
ဝိပ္ပယုတ္တပစ္စယောဆိုတာ
ရုပ်နဲ့ နာမ် အတူတကွ ယှဉ်တွဲ၍ ဖြစ်နေသော်လည်း ဖြစ်တူ၊ ချုပ်တူ၊ အာရုံတူ၊ ဝတ္ထုတူ၊ အတူ
၄-ခု မရနိုင်ဘူးတဲ့၊ မရနိုင်သည့် အတွက်ကြောင့် ဝိပ္ပယုတ္တပစ္စယောလို့ ဒီတစ်ခု ပိုလာတယ်။
အဲဒီတော့
လိုချင်တဲ့စိတ် ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကြည့် - ပါဝင်နိုင်တဲ့ ပစ္စည်း တွေက ဟေတုပစ္စယော၊
သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊
ဟော ဒီလိုပါလာနိုင်တယ်နော်။
အဲဒီတော့
လောဘက ဝိပါက်စိတ်မှာ မယှဉ်လို့ ဝိပါကတော့ မပါနိုင်ဘူး၊ ဒီလိုလည်း မှတ်ထားရမယ်နော်၊
ဝိပါက်ဖြစ်တဲ့လောဘစိတ်ဆိုတာမရှိဘူး၊ ဟုတ်လား၊ မပါဘူး။
ဟေတုပစ္စည်းနဲ့
ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ပစ္စည်းပေါင်းဟာ ၁၁- မျိုး ရှိတယ်၊ ဒါ ဖြစ်သင့်သလို
ပါဝင်တာ၊ အမြဲတမ်းပါဝင်တာ မဟုတ်ဘူး၊ အဲဒီ ၁၁-မျိုးက ဘာတွေလဲဆိုရင် အဓိပတိ၊ သဟဇာတ၊ အညမည၊
နိဿယ၊ ဝိပါက၊ ဣန္ဒြိယ၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ အဲဒီ ၁၁-မျိုး၊
ဟေတုပစ္စည်းပါ ထည့်လိုက် လို့ရှိရင် ၁၂-မျိုး၊ ဟေတုက သတ္တိဝိသေသ၊ ကျန်တာတွေက သတ္တိ
သာမညလို့၊ ဒါတွေ အတူတူပါလာတယ်၊ ဒါ အကုန်ခြုံပြီးတော့ ပြောတာ။
ဟေတုပစ္စည်းတစ်ခုလုံးကို
ခြုံပြောလိုက်ရင် ဟိတ် ၆-ပါးက ပစ္စည်း၊ သဟိတ်စိတ်-၇၁၊ စေတသိက်-၅၂ ၊ သဟိတ်စိတ္တဇရုပ်၊
သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်က ပစ္စယုပ္ပန်လို့ ပြောရမယ်၊ ဒါဆိုရင် ဟောဒီပစ္စည်း ၁၂-မျိုး
ရတယ်။
သို့သော်
လောဘချည်း ပြောရင် ဝိပါကဆိုတာ မပါနိုင်ဘူး၊ ဣန္ဒြိယဆိုတာ မပါနိုင်ဘူး၊ ဘာလို့တုန်းဆိုရင်
လောဘက ဣန္ဒြေတွင်မရှိဘူးနော်၊ နောက်ပြီးတော့ မဂ္ဂ မပါနိုင်ဘူး၊ နောက် လောဘ အဓိပတိ မရှိသည့်အတွက်ကြောင့်
အဓိပတိပစ္စည်း ဆိုတာ မပါနိုင်ဘူး၊ ကျန်တဲ့ဟာတွေ ပါနိုင်ပါတယ်၊ ဒီလို ခွဲခြားပြီးတော့
နားလည်ရမယ်။
ဒီတော့
လောဘကို ပစ္စည်းယူရင် ပါနိုင်တာတွေ ပြန်ပြီးတော့ တွက်ကြည့်ရအောင်၊ လောဘက ပစ္စည်း၊ လိုချင်တဲ့စိတ်စေတသိက်နဲ့
ခုနက စိတ္တဇရုပ်တွေက ပစ္စယုပ္ပန်လို့ ဆိုရင် အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြီး ကျေးဇူးပြုတဲ့ပစ္စည်း
ပေါင်း ဘယ်လောက်လဲ၊ ပြန်တွက်ကြည့်မယ်ဆိုရင် ကြည့် - ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊
ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ၈-ခု ရှိတယ်၊ ဒီလို မှတ်ယူရမယ်။
အဲဒီသတ္တိ
၈-မျိုးထဲမှာ ဟေတုသတ္တိသည် သတ္တိဝိသေသ ထူးခြားတဲ့ သတ္တိတစ်ခု၊ ကျန်တာတွေက သတ္တိသာမညလို့
ဆိုတယ်၊ ကျန်တဲ့သဘာဝတရား တွေမှာလည်းပဲ ဒီသတ္တိတွေ ရှိတယ်၊ ဒါက လောဘနဲ့ ပတ်သက်ပြီးတော့
နားလည် သဘောပေါက်ဖို့။
.
ဒေါသ ဟေတု
▬▬▬▬▬
ကဲ နေ့စဉ်နဲ့အမျှ
ရံဖန်ရံခါ စိတ်ဆိုးကြတယ်၊ အကြောင်းမညီညွတ်လို့ ဟုတ်လား၊ နှလုံးသွင်းမှားလို့၊ မကောင်းတဲ့အာရုံတွေနဲ့တွေ့လို့၊
ကိုယ်မကြိုက်တာနဲ့ တွေ့လို့ ဒေါသဖြစ်တယ်ဆိုပါစို့၊ အရပ်ကပြောရင် စိတ်ဆိုးတဲ့စိတ်လို့
ပြောကြတယ်၊ စိတ်ဆိုး တယ်လို့ ပြောတဲ့အထဲမှာ ဒေါသပါတယ်၊ အဲဒီဒေါသနဲ့ ယှဉ်တဲ့စိတ်တွေ
ပါတယ်၊ သူတို့နဲ့ယှဉ်တဲ့ စေတသိက်တွေ ပါတယ်၊ အဘိဓမ္မာအရ ပြောမယ်ဆိုလို့ ရှိရင် ဒေါသမူစိတ်
၂-ခု၊ စေတသိက်က ၂၂-ခု၊ (စိတ်ဆိုးတယ်ဆိုတာ အဲဒီထဲကပဲ၊) နောက်ပြီးတော့ အဲဒီဒေါသမူစိတ်ကနေ
ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်၊ ဒီလိုရှိတယ်။
အဲဒီတော့
စိတ်ဆိုးတယ်လို့ဆိုတဲ့ထဲမှာ ဒေါသသတ္တိထူးက ဘာတုန်းဆိုရင် စိတ်ဆိုး ပြီးတော့ ဒေါသနဲ့
တွေးကြံနေတဲ့အကြံတွေ၊ ဒေါသနဲ့ယှဉ်ပြီးပြောတဲ့ အပြောတွေ၊ ဒေါသနဲ့ယှဉ်ပြီးလုပ်တဲ့ လုပ်ရပ်တွေ၊
အဲဒါတွေကို ခိုင်မြဲနေအောင် ဒေါသ နေ ထိန်းထားတာ၊ ဒါကြောင့်မို့လို့ ဒေါသမှာ အထူးဝိသေသအားဖြင့်
ဟေတုသတ္တိ ဆိုတာ ရှိတယ်။
ဟေတုသတ္တိက
သူနဲ့ယှဉ်ဘက်တရားတွေ ရှင်သန်နေအောင် ထိန်းပေးထားတာ၊ သစ်မြစ်များသည် သစ်ပင်ရှင်သန်နေအောင်
ထိန်းသိမ်းထားသလို အဲဒီဒေါသက ဒေါသစိတ်ကို ရှင်သန်နေအောင်၊ ဒေါသကြောင့်ဖြစ်ပေါ်လာတဲ့
ရုပ်တရားတွေ ရှင်သန်နေအောင် ထိန်းပေးနေတယ်လို့ ပြောတာပဲ။
အဲဒီလို
ဖြစ်နေတဲ့ထဲမှာ သာမန်အားဖြင့် သဘောတရားတွေက (ဟေတု ပစ္စယောဆိုတဲ့ သတ္တိဝိသေသအပြင်) ဘာတွေပါလာတုန်း၊
စိတ်ဆိုးတယ်ဆိုတဲ့စိတ်၊ စိတ်ဆိုးလို့ ဖြစ်ပေါ်လာတဲ့ရုပ်တွေ၊ အတူတကွဖြစ်ကြလို့ သဟဇာတပစ္စယော၊
အဲဒီ ထဲမှာ ဒေါသ, ပြီးတော့ သူနဲ့ယှဉ်တဲ့စိတ်ကို ဆိုလို့ရှိရင် အညမညပစ္စယော၊ နောက် တစ်ခု
မှီရာအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် နိဿယပစ္စယော၊ ဒီလိုဖြစ်လာတာ။
တစ်ခါ
ဒေါသနဲ့ သူရဲ့ယှဉ်ဘက်တရားတွေ ကြည့်မယ်၊ ရုပ်မပါဘဲနဲ့ ဆိုလို့ရှိရင် သမ္ပယုတ္တပစ္စယော၊
ရုပ်နဲ့ ဒေါသဆိုလို့ရှိရင် ဝိပ္ပယုတ္တပစ္စယော၊ ရှိနေခိုက်မှာ ကျေးဇူးပြုတာ ဖြစ်သောကြောင့်
အတ္ထိပစ္စယော၊ မကင်းကွာသေးခင် ကျေးဇူး ပြုတယ်၊ မချုပ်သေးခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့်
အဝိဂတပစ္စယော၊ ဒီ စိတ်ဆိုးတဲ့အထဲ မှာ ၂၄-ပစ္စည်းထဲက ဒါတွေ ပါနေတယ်လို့ ဒီလိုနားလည်ရမယ်၊
ဒါကို ပစ္စည်း ပြိုင်တယ်လို့ ခေါ်တယ်။
“ပစ္စည်းပြိုင်တယ်”ဆိုတာ
အမျိုးတူမှပြိုင်လို့ရတယ်၊ အမျိုးမတူရင် ပြိုင်လို့ မရဘူး၊ ပစ္စည်းက သူ့အမျိုးအစားနဲ့သူရှိတယ်၊
အခုအမျိုးအစားက ဘာအမျိုးအစား လဲဆိုရင် သဟဇာတအမျိုး၊ အတူဖြစ်တဲ့အမျိုး၊ အတူမဖြစ်တဲ့အမျိုးတွေ
ထည့်ပြီး ပြိုင်လို့ မရဘူး။
ဒေါသဖြစ်ပြီ
စိတ်ဆိုးပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ၂၄-ပစ္စည်းထဲက ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊
အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊
ဟောဒီ ၈-ခု ပါလာတယ်။
၂၄-ပစ္စည်းဆိုတာ
ဒီလို တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီးတော့ နေတာ၊ ဒါကြောင့်မို့ conditional relation လို့
အင်္ဂလိပ်လို ဘာသာပြန်တာ၊ conditional relation တစ်ခုနဲ့ တစ်ခု အခြေအနေပေးပြီး အကြောင်းအကျိုးပြုပြီး
ဆက်သွယ်နေတဲ့ သဘော တရားတွေ၊ အဲဒီထဲမှာ ဒေါသရဲ့ အရေးကြီးဆုံး သတ္တိဝိသေသက ဟေတုသတ္တိပဲ။
.
မောဟ ဟေတု
▬▬▬▬▬▬
နောက်တစ်ခု
ပြောရအောင်၊ မောဟ ဆိုတာကို ကြည့်ရအောင်၊ သာမန်အားဖြင့် လောဘဖြစ်ရင် လူတွေသိကြတယ်၊ ဒေါသဖြစ်ရင်လည်း
လူတွေက သိကြတယ်၊ မောဟဖြစ်တာကျတော့ သိပ်မသိနိုင်ကြဘူး၊ မောဟဖြစ်တာက လုပ်သင့်တာကို မလုပ်သင့်ဘူးလို့
ထင်နေတယ်၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတယ်၊ အမှားကို အမှန်ထင်နေတယ်၊ အမှန်ကို
အမှားထင်နေတယ်၊ မောဟ ရဲ့ သဘောက အဲဒါ။
မောဟက
မသိတာ မဟုတ်ဘူး၊ အမှန်ကိုမသိတာကို မောဟလို့ခေါ်တယ်၊ မသိတာ မဟုတ်ဘူး၊ သိတယ်၊ အမှန်ကိုမသိဘဲ
အမှားကို သိနေတာ၊ ဒါကိုပဲ တွေဝေ တယ်လို့ ပြောတာ၊ အမှန်တရားကို မသိမမြင်သည့်အတွက်ကြောင့်
မောဟ၊ သို့သော် မသိဘူးဆိုတာ အကုန်မသိတာ မဟုတ်ဘူး၊ သဘာဝ အစစ်အမှန်ကို မသိတာ၊ တခြားဟာကို
သိနေတယ်၊ တလွဲသိနေတယ်လို့ ပြောတာနော်။
ကဲ အဲဒီမောဟက
ဖြစ်လာလို့ရှိရင် အကုသိုလ်စိတ်တွေနဲ့ ယှဉ်ဖြစ်တယ်၊ မောဟမူစိတ်အပြင် အကုသိုလ်စိတ်အားလုံး
ဖြစ်နိုင်တယ်၊ အကုသိုလ်စိတ်အားလုံး နဲ့ယှဉ်တယ်ဆိုပေမယ့် လောဘနဲ့ ယှဉ်တွဲလာတဲ့အခါ သူ့ရဲ့သတ္တိက
နောက်ရောက် သွားတယ်၊ ဘာလို့လဲဆိုတော့ လိုချင်စိတ်က ရှေ့တန်းတက်လာလို့ ဖြစ်တယ်၊ လောဘက
ရှေ့တန်းတက်လာတယ်၊ တစ်ခါ ဒေါသနဲ့ ယှဉ်တွဲလာတဲ့အခါကျတော့ စိတ်ဆိုးတဲ့ဒေါသက ရှေ့တန်းတက်လာပြီး
သူက နောက်ရောက်သွားတယ်၊ သူ့ရဲ့ သတ္တိက သိပ်မပေါ်ဘူး ဖြစ်သွားတယ်။
သူ့ရဲ့သတ္တိက
ဘယ်မှာပေါ်လာတုန်းဆိုရင် မောဟမူစိတ်မှာကျတော့ ပေါ်ပြီ၊ ဝိစိကိစ္ဆာတဲ့၊ အမှန်တရားနဲ့
ပတ်သက်ပြီးတော့ သံသယတွေဖြစ်ပြီဆိုရင် တွေဝေတယ်၊ မဆုံးဖြတ်နိုင်တော့ဘူး၊ ဥဒ္ဓစ္စဖြစ်လို့
စိတ်လေလွင့်နေရင်လည်း တွေဝေတယ်။
အမှန်ကို
မသိတဲ့နေရာမှာ အဲဒီမောဟက မောဟမူဒွေး (မောဟမူလစိတ် နှစ်ခု)နဲ့ ယှဉ်လာပြီဆိုရင် မောဟရဲ့
စွမ်းရည်သတ္တိတွေ ပေါ်လာတယ်၊ အဲဒီလို ပေါ်လာပြီ ဆိုရင် သူ့ရဲ့သတ္တိဝိသေသကတော့ မောဟရှိနေသရွေ့
အမှန်မသိမှု သံသယတို့၊ စိတ်မငြိမ်မသက်မှုတို့ ဒါတွေဟာ ရှင်သန်နေမှာပဲ၊ နောက်ဆုံး လောဘ
ရှင်သန်မှု အတွက်လည်း အထောက်အကူပြုမှာပဲ၊ ဒေါသရှင်သန်မှုအတွက်လည်း အထောက် အကူပြုမှာပဲ။
သူဝင်လာလို့ရှိရင်
ခုနက ၂၄-ပစ္စည်းထဲက ဘာတွေဝင်လာမလဲဆိုရင် - ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊
နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟော
ဒီပစ္စည်း ၈-မျိုး သူနဲ့ တွဲပြီးတော့ ဖြစ်နေတာ။
အကြောင်းဆိုတာ
တစ်ခုတည်း မဟုတ်ဘူး၊ အများကြီး၊ အထောက်အကူ ပြုထားတာ တစ်ခုတည်း မဟုတ်ဘူး၊ ကြည့်လေ -
သစ်ပင်လေးတစ်ပင်ပေါက်ဖို့ ဆိုရင် အကြောင်းတစ်ခုတည်းမှ မဟုတ်တာ၊ မြေရှိရတယ်၊ ရေရှိရတယ်၊
အလင်း ရောင် ရှိရတယ်၊ အပူအအေးဆိုတာ ရှိရတယ်၊ ဒါတွေ စုံညီနေမှ မျိုးစေ့လေးက အပင်ပေါက်တာ၊
အကြောင်းတွေ အများကြီးပဲ။
ဒါကြောင့်မို့
မြတ်စွာဘုရားက အားလုံးကိုခြုံပြီး ဖြစ်နိုင်သမျှအကြောင်းတွေ စုပြီး ရှင်းပြတာ၊ ၂၄-ပစ္စည်းဆိုတဲ့
ခေါင်းစီးလေးတင်ပေးတာ။
အရပ်ပြော
ပြောမယ်ဆိုရင် လိုချင်စိတ်ဖြစ်လာလို့ရှိရင် ဒီပစ္စည်း ၈-မျိုး ပါတယ်၊ စိတ်ဆိုးတဲ့စိတ်
ဖြစ်လာလို့ရှိရင်လည်း ဒီ ၈-မျိုးပါမယ်၊ အမှန်မသိတဲ့ တွေဝေတဲ့စိတ် ပေါ်လာလို့ရှိရင်
ဒီ ၈-မျိုး ပါတယ်၊ ၂၄-ပစ္စည်းထဲမှာက ဒီ ၈-မျိုး ပါတယ်ဆိုတာ သတိထားရမယ်၊ ငါ စိတ်ဆိုးပြီလို့
ကိုယ့်ကိုယ်ကို စိတ်ဆိုးရင် ကြည့်၊ ဒါတွေ ဒီလိုဖြစ်နေပြီဆိုတာ သိရမယ်၊ ဆိုင်ရာဆိုင်ရာ
အကြောင်းတရားတွေ ဖြစ်နေပြီလို့ သိရမယ်။
.
အလောဘ ဟေတု
▬▬▬▬▬▬▬
တစ်ခါ
ကောင်းတဲ့ဘက်က ကြည့်ကြဦးစို့၊ အလောဘတဲ့၊ အလောဘဆိုတဲ့ ဒီသဘာဝတရားဟာ ဖြစ်ပေါ် လာတဲ့အခါ
ကောင်းတဲ့စိတ်တွေနဲ့ ယှဉ်တွဲလာတယ်၊ မဟာကုသိုလ်စိတ်တို့ ရဟန္တာပုဂ္ဂိုလ်မှာဆိုရင် မဟာကြိယာစိတ်၊
နောက် ပဋိသန္ဓေ အခါ ပဝတ္တိအခါတို့မှာ မဟာဝိပါက်စိတ်၊ ရူပဗြဟ္မာတွေရဲ့သန္တာန်ဆိုရင်
ရူပါဝစရ ဝိပါက်စိတ်၊ အရူပဗြဟ္မာတွေဆိုရင် အရူပါဝစရဝိပါက်စိတ်၊ နောက် ရူပဈာန်ရတဲ့ ပုဂ္ဂိုလ်တွေဆိုရင်
... ရူပါဝစရ ကုသိုလ်စိတ်၊ အရူပဈာန်ရတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အရူပါဝစရကုသိုလ်စိတ်၊ ရဟန္တာပုဂ္ဂိုလ်တွေဆိုရင်
ရူပါဝစရကြိယာစိတ်၊ အရူပါ- ဝစရကြိယာစိတ်၊ မဂ်ရတဲ့ပုဂ္ဂိုလ်ဆိုရင် မဂ်စိတ်၊ ဖိုလ်ရတဲ့ပုဂ္ဂိုလ်ဆိုရင်
ဖိုလ်စိတ်လို့ ဆိုတော့ အလောဘရဲ့နယ်က အကျယ်ကြီးပဲ။
အဲဒီအလောဘဆိုတဲ့ဟိတ်က
သူနဲ့ အတူတကွဖြစ်တဲ့တရားတွေကို ဟေတု သတ္တိနဲ့ ကျေးဇူးပြုတယ်၊ သို့သော် မဟာကုသိုလ်စိတ်နဲ့ဖြစ်တဲ့
အလောဘသည် ရူပါဝစရ ကုသိုလ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ အရူပါဝစရကုသိုလ်စိတ်နဲ့အတူ ဖြစ်တာ
မဟုတ်ဘူး၊ မဂ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ ဖိုလ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ မဟာကုသိုလ်စိတ်နဲ့ယှဉ်ပြီး
ဖြစ်မယ်ဆိုရင် မဟာကုသိုလ်စိတ်နဲ့ပဲ ဖြစ် သူယှဉ်နိုင် တာတွေကို ပြောရင်တော့ အကုန်ယှဉ်လို့ရတယ်လို့
ဒီလိုပြောတာ။
ကဲ ကောင်းပြီ၊
ဒါနကောင်းမှုပြုဖို့ စိတ်ဝင်စားတယ်၊ လှူချင်တန်းချင်တဲ့စိတ် ဖြစ်လာပြီဆိုရင် အလောဘဖြစ်လာတယ်၊
ဒီအလောဘဖြစ်လာရင် ခုနက မဟာ ကုသိုလ်စိတ်နဲ့ ဖြစ်လာတာပဲ၊ အဲဒီအလောဘဖြစ်လို့ မဟာကုသိုလ်စိတ်ဖြစ်လာပြီ
ဆိုတဲ့အချိန်မှာ အဲဒီကုသိုလ်စိတ်ကို ဘယ်သူက ထိန်းပေးထားလဲဆိုရင် အလောဘ က ထိန်းထားပေးတယ်၊
အဲဒါကြောင့်မို့
သူ့ကို ဟေတုပစ္စယောလို့ ပြောတာ၊ ဒါက သတ္တိဝိသေသ၊ သူ့ရဲ့ ထူးခြားထက်မြက်တဲ့ သတ္တိတစ်ခု၊
ဒါ့အပြင် သဟဇာတ ပစ္စယော၊ အညမည-ပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တ
ပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဒီသတ္တိတွေ ပိုလာတယ်။
ကုသိုလ်စိတ်မှာဖြစ်တဲ့အချိန်မှာတော့
ဝိပါက်က မပါနိုင်ဘူး၊ ဒါ ယှဉ်ပြိုင်လာတဲ့ သတ္တိ၊ အလောဘဆိုတဲ့သဘာဝတရား ဖြစ်လိုက်တာနဲ့
တစ်ပြိုင်နက် မဟာ ကုသိုလ်စိတ် ဖြစ်လာတယ်၊ ထိုမဟာကုသိုလ်စိတ်နဲ့ အလောဘက ထုတ်လုပ် လိုက်တဲ့
စိတ္တဇရုပ်တွေလည်း ဖြစ်လာတယ်။
.
အဒေါသ ဟေတု
▬▬▬▬▬▬
ထို့အတူပဲ
အဒေါသ - မုန်းတီးမှုကင်းပြီး မေတ္တာစိတ် သက်ဝင်လာတယ်၊ ဒေါသ ဆိုတဲ့တရားကို ဖယ်ရှားပြီး
မေတ္တာစိတ်တွေ ဖြစ်လာပြီ၊ အဲဒီမေတ္တာတရားဝင် လာပြီဆိုရင် ဘာဖြစ်လဲ၊ မဟာကုသိုလ်စိတ်ဖြစ်တယ်၊
မဟာကုသိုလ်က ထုတ်လုပ် လိုက်တဲ့ စိတ္တဇရုပ်တွေ ဖြစ်လာတတ်တယ်။
အဒေါသက
နေပြီးတော့ မေတ္တာပို့နေပြီဆိုရင် မေတ္တာပို့တဲ့စိတ်ထဲမှာ ဘာ ပစ္စည်းတွေ လာတုန်းဆိုရင်
ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမည- ပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊
အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ယေဘုယျအားဖြင့် ဒီအတိုင်းလာတယ်။
.
အမောဟ ဟေတု
▬▬▬▬▬▬
အမောဟဆိုတဲ့
ပညာဝင်လာပြီ ဆိုပါစို့၊ ခုနကလို မဟုတ်တော့ဘူး၊ အမှား အမှန်ခွဲခြားပြီး သိသွားပြီ၊ သဘာဝတရားတွေရဲ့
အစစ်အမှန်ကိုသိတဲ့ အမောဟ ဆိုတဲ့ အသိဉာဏ်ဖြစ်လာလိုက်တာနဲ့ တစ်ပြိုင်နက် မဟာကုသိုလ်စိတ်
၈-ခုကနေ ၄-ခု လျော့သွားတယ်၊ သူက ဉာဏ်နဲ့ယှဉ်တဲ့ မဟာကုသိုလ်စိတ် ၄-ခုပဲ ဖြစ်လာ တယ်၊
ဉာဏ်မပါတဲ့ မဟာကုသိုလ်စိတ် မဖြစ်တော့ဘူး။
အမောဟ
ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် မဟာကုသိုလ်စိတ်နဲ့ပဲ ပြောမယ် ဆိုရင် မဟာကုသိုလ်ဉာဏသမ္ပယုတ်
၄-ခု ဖြစ်တယ်၊ မဟာကုသိုလ်ဉာဏသမ္ပယုတ် စိတ် ၄-ခုရယ် စေတသိက်ရယ်၊ အဲဒီစိတ်စေတသိက်တွေက
ထုတ်လုပ်လိုက်တဲ့ စိတ္တဇ ရုပ်ရယ်လို့ ဒီလိုဖြစ်လာတဲ့အခါကျတော့ သူကျတော့ စွမ်းရည်တွေ
ပိုလာတယ်။
ဒါဖြင့်
ဘာတွေ ပိုလာတုန်း၊ ဒီအမောဟဆိုတာ အသိဉာဏ်၊ အသိဉာဏ် အဓိပတိတပ်တယ်၊ ဝီမံသာဓိပတိလို့ ခေါ်တယ်၊
ဒါကြောင့်မို့ အဓိပတိပစ္စည်း ပိုလာပြန်တယ်၊ နောက် ဣန္ဒြေထဲမှာ ပညိန္ဒြေဆိုတာ ရှိတယ်၊
ဒါကြောင့် ဣန္ဒြိယ ပစ္စည်းလည်း ပါလာပြန်တယ်၊ နောက်တစ်ခုက သမ္မာဒိဋ္ဌိမဂ္ဂင်ဆိုတာ ပါလာတဲ့
အတွက်ကြောင့် မဂ္ဂပစ္စည်း ပိုလာတယ်။
တွက်ကြည့်မယ်ဆိုရင်
အမောဟဆိုတဲ့ အသိဉာဏ်ဝင်လာလို့ ကုသိုလ်လုပ် ပြီ ဆိုပါစို့၊ ဒါနကောင်းမှု သီလကောင်းမှု
ကုသိုလ်လုပ်ပြီဆိုရင် ဘယ်ပစ္စည်းတွေ ပါလာလဲဆိုရင် ဟေတုပစ္စယော၊ အဓိပတိပစ္စယော၊ သဟဇာတပစ္စယော၊
အညမညပစ္စယော၊ နိဿယပစ္စယော၊ ဣန္ဒြိယပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တ ပစ္စယော၊ ဝိပ္ပယုတ္တ
ပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊
(အကယ်၍
ဝိပါက်စိတ်မှာယှဉ်တဲ့ အလောဘ အဒေါသ အမောဟ ဆိုလို့ရှိရင် ဝိပါက ထည့်လို့ ရတယ်၊ ကုသိုလ်စိတ်နဲ့ပဲပြောရင်
ဝိပါက ထည့်ပြီးတော့ တွက်စရာ မလိုဘူး။)
ကြည့်လိုက်
- ဟိတ် ၆-ပါးကနေပြီး ဆိုင်ရာသဘာဝတရားတွေကို ကျေးဇူး ပြုတဲ့နေရာမှာ ဟောဒီ စွမ်းရည်သတ္တိတွေကို
အသုံးပြုထားတယ်၊ ဒီသတ္တိတွေ ပူးပေါင်းပါဝင်လာတယ်၊ ဒါကြောင့် ၂၄-ပစ္စည်းဆိုတာ တစ်ခုနဲ့တစ်ခု
ကွင်းဆက် ဖြစ်နေတယ်၊ အကြောင်းတရားတွေ မြောက်မြားစွာ ယှဉ်တွဲပြီး ဖြစ်ပေါ်လာကြတယ်။
ကဲ အမောဟကို
ပြန်ကြည့်၊ အမောဟသည် -
ကုသိုလ်စိတ်ကို
ဟေတုသတ္တိနဲ့ ကျေးဇူးပြုတဲ့အခါ ဟေတုပစ္စယော၊
လွှမ်းမိုးကြီးစိုးပြီးတော့
ကျေးဇူးပြုတဲ့အခါ ဝီမံသာဓိပတိမို့ အဓိပတိပစ္စယော၊
အတူတကွဖြစ်ပြီးတော့
ကျေးဇူးပြုတဲ့အခါမှာ သဟဇာတပစ္စယော၊
မှီရာအနေနဲ့
ကျေးဇူးပြုလို့ နိဿယပစ္စယော၊
အပြန်အလှန်
အနေနဲ့ ကျေးဇူးပြုလို့ အညမညပစ္စယော၊
ဆိုင်ရာကိစ္စမှာ
ကြီးစိုးပြီးတော့ ကျေးဇူးပြု လို့ ဣန္ဒြိယပစ္စယော၊
လမ်းကြောင်းသဖွယ်
ကျေးဇူးပြုလို့ မဂ္ဂပစ္စယော၊
ယှဉ်ဘက်
အနေနဲ့ ကျေးဇူးပြုလို့ သမ္ပယုတ္တပစ္စယော၊
မယှဉ်တဲ့အနေနဲ့
ကျေးဇူးပြုတဲ့ အတွက်ကြောင့် ဝိပ္ပယုတ္တပစ္စယော၊
ရှိနေခိုက်မှာ
ကျေးဇူးပြုလို့ အတ္ထိပစ္စယော၊
မကင်းကွာခင်
ကျေးဇူးပြုလို့ အဝိဂတပစ္စယော၊
ဒါတွေပါတယ်။
သဘာဝတရားတွေဟာ
အခုလို အကြောင်းအကျိုးနဲ့ တစ်ခုနဲ့တစ်ခု ဆက်နွှယ် နေတာပါလားလို့ သိရမယ်။ ပဋ္ဌာန်းကျမ်းဟာ
အင်မတန်မှကျယ်ဝန်းတယ်၊ တစ်ခုစီ တစ်ခုစီ ပြောနေမယ်ဆိုရင် အများကြီးပဲ၊ အလွန်ကျယ်ဝန်းတယ်၊
ဒီလို ပြောရမယ်။
ဒါ ဟေတုပစ္စည်းနဲ့
ပတ်သက်လာလို့ရှိရင် ပဋ္ဌာန်းအရကောက်ကျမ်းကြီးမှာ ပြထားတာကို ကြည့်မယ်ဆိုလို့ရှိရင်
ဃဋနာဆိုတာ ရှိတယ်၊ ဖြစ်နိုင်တဲ့ပစ္စည်းတွေ အစုလိုက်ပြထားတာကို ဃဋနာလို့ ခေါ်တယ်၊ အဲဒီ
ဃဋနာ တို့ သုဒ္ဓသင်္ချာတို့ကို လေ့လာရမယ်၊ ပဋ္ဌာန်းကျမ်းကြီးဟာ သိပ်ကျယ်သည်ထက် ကျယ်သွားတယ်။
အခု ဟေတုပစ္စည်းလေးကို
ပင်လယ်ကမ်းစပ်က နေပြီးတော့ ကြည့်လိုက်ရင် ဟောဒီလိုမြင်ရတယ် ဆိုတာကို ပြတာ၊ ပင်လယ်ကြီးထဲ
ဆင်းကြည့်ရင်တော့ ဆောက်တည်ရာရမှာ မဟုတ်ဘူးနော်၊ လှမ်းပြီးတော့ ကြည့်လိုက်လို့ရှိရင်လည်း
မျက်စိတစ်ဆုံး မြင်ရမယ်။
လူတစ်ယောက်ကို
“ပင်လယ်မြင်ဖူးလား”မေးရင် ဘယ်လိုပြောမလဲ၊ “မြင်ဖူးတယ်” ဖြေမှာပဲ၊ ဒါပေမယ့် သူမြင်တဲ့ပင်လယ်သည်
အပြည့်အစုံ ဟုတ်လို့လား၊ မျက်စိက မြင်လို့ ရတာသည် တစ်ပိုင်းတစ်စိတ်လောက်ပဲ၊ သို့သော်
သူမမြင်ရတဲ့ အပိုင်းတွေ အများကြီး မကျန်ဘူးလား။
ဒီအတိုင်းပဲ
အခုဟေတုပစ္စယောကို ကမ်းစပ်ကနေပြီးတော့ ကြည့်လိုက်တာ ဒီလောက်တော့ ဖြစ်မှာပေါ့၊ အခုလို
မြင်ရတယ်၊ စွမ်းရည်သတ္တိတွေဟာ သဘာဝ တရားမှာ ဒီလိုရှိတယ်လို့ ဒါ သိရတယ်တဲ့။
.
အာရမ္မဏပစ္စယော
▬▬▬▬▬▬▬
နောက်ပစ္စည်းတစ်ခုအကြောင်း
ပြောရအောင်၊
ဒါလည်း
အရေးကြီးတဲ့ ပစ္စည်းတရားတစ်ခု၊ သူက ဟေတုနဲ့အမျိုးမတူဘူး၊ အခုလို လောဘဖြစ်ရတာ ဒေါသ ဖြစ်ရတာ
မောဟဖြစ်ရတာ, အလောဘ အဒေါသ အမောဟဆိုတဲ့ ဒီသဘာဝ တရားတွေ ဖြစ်ရတာ၊ လိုချင်တဲ့စိတ်ဖြစ်တာ
မုန်းတီး တဲ့စိတ်ဖြစ်တာ အမှန်မသိတဲ့ စိတ်ဖြစ်တာ၊ လိုချင်မှုကို ပယ်ခွာတဲ့စိတ်၊ မုန်းတီးမှုကို
တွန်းလှန်တဲ့ မေတ္တာစိတ်ဖြစ် တာ အမှန်သိတဲ့စိတ် ဖြစ်တာတို့ ဆိုတာတွေဟာ အကြောင်းတရားအာရုံ
မရှိဘဲနဲ့ မဖြစ်ဘူးတဲ့၊ အပြင်ဘက်က အာရုံတစ်ခုခုရှိလို့ ဖြစ်တာ၊ မြင်သိစိတ်တောင်မှပဲ
မျက်စိက ရူပါရုံဆိုတဲ့ အဆင်းအာရုံ မြင်လိုက်တဲ့အခါ မြင်သိစိတ်ဖြစ်လာတယ်လို့ ဆိုတယ်၊
အဲဒီရူပါရုံဆိုတဲ့ အဆင်းအာရုံကို အာရမ္မဏ-ပစ္စယောလို့ ဒီလိုပြောတယ်။
ဟေတုပစ္စည်းနဲ့
ပုံစံကွဲသွားပြီ၊ ဟေတုပစ္စည်းဆိုတာ ဖြစ်နေတဲ့ သဘာဝတရား အတွင်းသားကိုပြောတာ၊ အခု လောဘဖြစ်ဖို့ရာအတွက်
အာရုံတစ်ခု လိုနေပြီ၊ လိုချင်တဲ့စိတ် ဖြစ်ဖို့အတွက် အာရုံလိုနေပြီ၊ လောဘစိတ်ဖြစ်တာဟာ
မျက်စိနဲ့ အဆင်းအာရုံတစ်ခုကို မြင်လို့ လောဘဖြစ်တာ (သို့မဟုတ်) နားနဲ့ သာယာတဲ့အသံ ကြားလို့
လိုချင်တဲ့စိတ်ဖြစ်တာ၊ နှာခေါင်းကနေပြီး မွှေးကြိုင်တဲ့အနံ့ရလို့ လိုချင်တဲ့ စိတ်ဖြစ်တာ၊
လျှာကနေပြီး ကောင်းတဲ့အရသာ ခံစားရလို့ လိုချင်တဲ့စိတ် ဖြစ်တာ ဖြစ်မယ်၊ (သို့မဟုတ်)
ခန္ဓာကိုယ်က အထိအတွေ့ကောင်းတာ ထိတွေ့လို့ နောက်ထပ် ထိတွေ့ချင်လို့ လိုချင်တဲ့စိတ် ဖြစ်တာလည်း
ဖြစ်မယ်၊ (သို့မဟုတ်) အဲဒါတွေ တစ်ခုမှ မဖြစ်ဘဲ သက်သက်စိတ်ကူးယဉ်ပြီးတော့ မဖြစ်နိုင်ဘူးလား၊
ဖြစ်နိုင်တယ်၊ အာရုံဘယ်နှစ်မျိုးရတုန်း၊ အာရုံ ၆-ခု ဖြစ်တယ်။
အာရုံ
၆-ပါးဆိုတာ -
မျက်စိနဲ့
မြင်ရတဲ့ အဆင်းအာရုံ၊
နားကနေ
ကြားရတဲ့ အသံအာရုံ၊
နှာခေါင်းကနေ
အနံ့ရတဲ့ အနံ့အာရုံ၊
လျှာကနေ
အရသာရတဲ့ အရသာ အာရုံ၊
ခန္ဓာကိုယ်က
ထိတွေ့လို့ရတဲ့ အတွေ့အာရုံ၊
ဓမ္မာရုံဆိုတဲ့
ကြံသိအာရုံ -
ဆိုပြီး
အာရုံ ၆-ပါးလို့၊ ဒီအာရုံ ၆-ပါးကို အာရမ္မဏပစ္စည်းတရားလို့ ဒီလိုခေါ်တာ။
အာရုံ
၆-ပါး - ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတွေ၊ အဘိဓမ္မာ
အရပြောမယ်ဆိုရင် ရူပါရုံကလည်း ရုပ်တရားပဲ၊ သဒ္ဒါရုံကလည်း ရုပ်တရားပဲ၊ ဂန္ဓာရုံ, ရသာရုံဆိုတာလည်း
ရုပ်တရားပဲ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာ ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ် ဒီရုပ်သုံးခုကိုခေါ်တာ။
ခန္ဓာကိုယ်နဲ့
တစ်ခုခု စမ်းကြည့်လိုက်၊ စမ်းကြည့်ရင် မာတာကို သတိထားမိတယ်၊ ပျော့တာကို သတိထားမိမယ်၊
အဲဒါက ပထဝီ၊ စမ်းကြည့်လို့ အပူနဲ့အအေး တွေ့လိမ့်မယ်၊ အဲဒါက တေဇော၊ ထောက်ကန်တာ တွန်းတာ
စမ်းမိပြီဆိုရင် ဝါယော၊ ဒီလိုပဲပြောလို့ရတယ်၊ အဲဒါကို ဖောဋ္ဌဗ္ဗာရုံ ခေါ်တာ၊ ဒါတွေက
ရုပ်တရားတွေပဲ။
ဓမ္မာရုံဆိုတာ
ကျန်တဲ့ရုပ်တွေ စိတ်အားလုံး၊ စေတသိက်အားလုံး၊ နိဗ္ဗာန် ပညတ်၊ အားလုံး အာရုံတွေမှန်သမျှကို
(ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံက လွဲရင် ကျန်တာတွေအကုန်လုံး) ဓမ္မာရုံလို့
ခေါ်တယ်၊
(ဒါဖြင့်
မင်္ဂလာဈေးဓမ္မာရုံ ကြီးကို ဓမ္မာရုံလို့ ခေါ်တာကျတော့ ဘာကြောင့် ခေါ်တာတုန်း၊ ဒါကတော့
တရား ဓမ္မကို အာရုံပြုတဲ့နေရာမို့လို့ ဓမ္မာရုံလို့ ခေါ်တာ၊ ဒါနဲ့ မတူဘူးနော်၊ တရားနာဖို့
တရားဓမ္မကို အာရုံပြုဖို့အနေနဲ့ခေါ်တဲ့ ဓမ္မာရုံလို့ခေါ်တာ)။
ရုပ်အချို့
စိတ်အားလုံး စေတသိက်အားလုံး နိဗ္ဗာန်ပညတ် ပါတယ်၊ ရှိသမျှ အာရုံတွေဟာ ဓမ္မာရုံမှာ အကုန်ဝင်သွားပါတယ်၊
သူ့ထဲ မပါတာ အဆင်းအာရုံ မပါဘူး၊ အသံအာရုံ မပါဘူး၊ အနံ့အာရုံ မပါဘူး၊ အရသာ မပါဘူး၊ ပထဝီ
တေဇော ဝါယောဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ မပါဘူးတဲ့၊ အဲဒီရုပ်တွေကလွဲရင် ကျန်တာတွေအကုန်လုံး
ဓမ္မာရုံပဲ။
အဲဒီအာရုံ
၆-ပါး ပစ္စည်းတရားသည် ဘယ်သူ့ကို ကျေးဇူးပြုတုန်းဆိုတော့ စိတ်-၈၉ နဲ့ စေတသိက်-၅၂ ကို
ကျေးဇူးပြုတယ်။
ပဋ္ဌာန်းပစ္စယနိဒ္ဒေသမှာ
မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် -
“ရူပါယတနံ စက္ခုဝိညာဏဓာတုယာ၊ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ-ပစ္စယေန
ပစ္စယော”။
အဲဒီမှာ
-
ရူပါယတနံ
- မျက်စိက မြင်ရတဲ့ အဆင်းအာရုံသည်၊
စက္ခုဝိညာဏဓာတုယာ
- စက္ခုဝိညာဏဓာတ်လို့ခေါ်တဲ့ မြင်သိစိတ်ကလေးနဲ့၊
တံ သမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ - ထိုမြင်သိစိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ စေတသိက် ၇-ခုတို့အား၊
အာရမ္မဏပစ္စယေန
- အာရမ္မဏပစ္စယသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော - ကျေးဇူးပြုပါတယ်
လို့
- ဒီလိုပြောတာနော်။
ဆိုလိုတာက
ရူပါရုံဆိုတဲ့ အဆင်းအာရုံကို မမြင်ဘဲနဲ့ စက္ခုဝိညာဏ်စိတ်နဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက်လို့
ခေါ်တဲ့ မြင်သိစိတ်အစုဆိုတာ မဖြစ်နိုင်ဘူး၊ မြင်သိစိတ်အစုသည် ရူပါရုံကို အာရုံပြုပြီး
ဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် ရူပါရုံသည် မြင်သိစိတ်အစုအား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုတယ်၊
ဒီမြင်သိစိတ် အစုဟာ ဘယ်ကိုရောက်နေတုန်းဆိုရင် အဆင်းအာရုံဆီကို ရောက်နေတယ်။
မျက်စိဖွင့်ကြည့်လို့
ပန်းတစ်ပွင့်ကို မြင်လိုက်တယ်ဆိုပါစို့၊ ပန်းကို မြင်လိုက် တာနဲ့တစ်ပြိုင်နက် မြင်သိစိတ်ဖြစ်လာတယ်၊
သို့သော် ပန်းလို့ သိတာကျတော့ ဒိပြင်စိတ်တွေ အများကြီးပါသေးတယ်၊ စက္ခုဝိညာဏ်စိတ်တစ်ခုတည်း
မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်က မြင်ပြီး သိပ္ပံပဲသိတာ၊ ပန်းလို့ သိတဲ့အဆင့် မရောက်သေးဘူး၊
ဘယ်အရာပဲဖြစ်ဖြစ် process နဲ့ သွားတာ၊ တဖြည်းဖြည်းချင်း တိုးတက်ပြီးတော့ အသိက တစ်ခုကနေတစ်ခု
ပြောင်းသွားတာ။
ဒါက အဘိဓမ္မာသင်ထားလို့
စိတ္တဝီထိ အကြောင်း နားလည်လို့ရှိရင် သိနိုင်တယ်၊ process ရဲ့သဘောလေးကို နားလည်အောင်ပြောရမယ်ဆိုရင်
ဥပမာ- အိမ်ထဲမှာ တံခါးပိတ်ပြီးနေတယ်၊ မိတ်ဆွေတစ်ယောက်က တယ်လီဖုန်း မဆက်ဘဲနဲ့ ရောက်လာတယ်၊
ဘာလုပ်မလဲ၊ တံခါးလာခေါက်တယ်၊ ကိုယ်က အခန်းထဲ မှာနေတယ်၊
တံခါးခေါက်တာက
ပထမဆုံးပေါ်လာတဲ့အရာ၊ တံခါးခေါက်တော့ ဘာလုပ်မလဲ၊ တံခါးထဖွင့်တယ်၊ ဖွင့်လိုက်တဲ့အခါ
ဘယ်သူ့ မြင်တုန်း၊ လာတဲ့သူကို မြင်တယ်၊ မြင်တဲ့အခါ “လာပါ လာပါ” ဖိတ်ခေါ် တယ်၊ “ဘာကိစ္စနဲ့
လာတာတုန်း” မေးတယ်၊ ဘာကိစ္စနဲ့ လာတယ်ဆိုတာသိတယ်၊ သိပြီးတဲ့အခါ ကော်ဖီတို့ဘာတို့နဲ့
ဧည့်ခံတယ်၊ စကားစမည် ပြောတယ်၊ ပြီးတော့ ပြန်သွားတယ်၊ တံခါးပြန်ပိတ်တယ်၊ ဒါ process
ဖြစ်စဉ်လေးတစ်ခုပဲ။
ဒီဖြစ်စဉ်လေးက
တစ်ခုနဲ့တစ်ခု တူရဲ့လား၊ တံခါးခေါက်လိုက်တဲ့ အချိန်နဲ့ နောက်ပိုင်း ဖြစ်တာတွေနဲ့ တူရဲ့လား။
တံခါးခေါက်တယ်ဆိုတာက
ဘာနဲ့ တူသလဲဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ် တာနဲ့ တူတယ်၊ မျက်စိကို အဆင်းအာရုံက လာတိုက်လိုက်တာ
တံခါးခေါက်လိုက် တာပဲ၊ တံခါးခေါက်လိုက်တဲ့အခါ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တံခါးကို ဖွင့်ပေးလိုက်တာ၊
ဒီစိတ်က ဖွင့်ရုံလေးပဲ ဖွင့်ပေးတာ၊ သူ မမြင်ဘူး၊ တကယ်ကျတော့ သူက ဘာမှ မမြင်ဘူး၊ သူက
တံခါးဖွင့်ရုံပဲ ဖွင့်ပေးတာ၊ ဒါက ပူးပေါင်းဆောင်ရွက်ပုံပဲ၊
(လူက
တစ်ယောက်တည်း လုပ်တာ၊ သဘာဝတရားတွေကျတော့ တစ်ခုတည်းက လုပ်တာ မဟုတ်ဘူး။)
တံခါးခေါက်သံကြားလို့
တံခါးဖွင့်ပေးလိုက်တာနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်တာ တူတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည်
ရူပါရုံကို မြင်သလားလို့ဆိုရင် မမြင်ဘူးတဲ့၊ မြင်တာက စက္ခုဝိညာဏ်စိတ် က မြင်တာ၊ စက္ခုဝိညာဏ်စိတ်က
မြင်ရုံ မြင်တာ၊ လက်ခံတာ မရှိဘူး၊ လက်ခံတာက သမ္ပဋိစ္ဆိန်း၊ အာရုံတစ်ခုအသစ်ဝင်လာရင်
လက်ခံတယ်၊ အခုခေတ်လိုပြောရရင် reception ပေါ့၊ (hotel တွေ ဘာတွေ သွားရင် reception
ရှိရမယ်) အာရုံကို ဒီစိတ်က လက်ခံလိုက်တာ။
လက်ခံပြီးရင်
ဘာလုပ်မလဲ၊ စုံစမ်းတယ်၊ သန္တီရဏ၊ investigation လို့ ပြန်တယ်၊ အမှန်ကတော့ checking
ပေါ့၊ ပြီးရင် အာရုံကို ဆုံးဖြတ်တဲ့ ဝေါဋ္ဌဗ္ဗန စိတ် ဖြစ်တယ်၊ ဆုံးဖြတ်တယ်။
ဆုံးဖြတ်ပြီးတဲ့အခါ
ဇဝန – အာရုံရဲ့အရသာကို တွေ့ကြုံခံစားတဲ့ဇော ဖြစ်တယ်၊ ဇောဖြစ်ပြီး တစ်ခါ တဒါရုံ၊ နှုတ်ဆက်တဲ့သဘော၊
နှုတ်ဆက်ပြီး ပြန်ထွက်သွားတယ်၊ ဒါ process ပဲ။ အဲဒီထဲမှာ ဇောအဆင့်ကသာလျှင် စွမ်းရည်သတ္တိ
အရှိဆုံးပဲ၊ ကျန်တဲ့ဟာတွေက ရှေ့ပိုင်းက လုပ်ဆောင်ချက်တွေပဲ။
ဒီ့ထက်
ပိုထင်ရှားတဲ့ဥပမာတစ်ခုပြောမယ်၊ ကားမောင်းပြီဆိုရင် နံပါတ်(၁) starter ဖွင့်လိုက်တာ
မဟုတ်လား၊ အဲဒီအချိန်မှာ မောင်းလို့ရပြီလား၊ မရသေးဘူး၊ သူက စတာပဲရှိသေးတယ်၊ အဲဒီအတိုင်းပဲ
ခုနက တံခါးဖွင့်တယ်၊ မြင်တယ်၊ ဘာမှ လုပ်လို့ မရသေးဘူး၊ အဲဒီအချိန်မှာ ရှေ့ပိုင်းက ဖြစ်ပျက်နေတဲ့အချိန်ပဲ၊
နောက်ဆုံး ဇောကျမှ၊ ဇောတောင်မှ ဒီဇောမဟုတ်ဘူး၊ ဝီထိစိတ်ဆိုတာ မြင်ပြီးတော့ဖြစ်လာတဲ့
ပဉ္စဒွါရိက ဝီထိစိတ်က ရှေ့ပိုင်းက တစ်ခု၊ အဲဒါကို ပြန်ပြီးတော့ စဉ်းစားတဲ့ မနောဒွါရ
mind door လို့ ခေါ်တဲ့ စိတ်ထဲမှာ ပြန်ပြီးတော့ စဉ်းစားရတာ။
ပထမ မြင်သိတဲ့စိတ်အစဉ်
ဖြစ်လိုက်တယ်၊ အဲဒါ -
စက္ခုဒွါရဝီထိဆိုတဲ့
eye door မှာဖြစ်တဲ့ ဝီထိစိတ်အစဉ်၊
နောက်တစ်ခု
စိတ်အစဉ်က အာရုံကိုမှတ်ပြီး ပြန် စဉ်းစားတာ၊ အဲဒါက ဝီထိစဉ်တစ်ခု၊
နောက်
အမည်နာမတပ်လိုက်တာ ဝီထိစဉ် တစ်ခု၊
အဓိပ္ပါယ်သိလိုက်တာ
ဝီထိစဉ်တစ်ခု၊
အနည်းဆုံး
၄-ခုလောက် ဖြစ်ရတာ၊ ဒီလို ဖြစ်စဉ် ၄-ခုလောက် ဖြစ်ပြီးတော့မှ ပန်း ဆိုတာသိတာ။ ဒါတောင်မှ
အရင်က ပန်းဆိုတာ သိပြီးခဲ့လို့ ဒီအဖြေရတာ၊ ပန်းမှန်း မသိခဲ့ဘူးဆိုလို့ရှိရင် ဒီအဖြေထုတ်လို့ရမှာ
မဟုတ်သေးဘူး၊ စဉ်းစားနေဦးမှာ၊ အဖြေမထုတ်နိုင်ဘူး။
အာရမ္မဏပစ္စယော
ဆိုတာ ကြည့် - အာရုံက မျက်စိ ဆိုတဲ့တံခါးကို ဖွင့်တယ်၊ နားဆိုတဲ့တံခါးကို လာဖွင့်တယ်၊
နှာခေါင်းဆိုတဲ့တံခါးကို လာဖွင့်တယ်၊ လျှာ ဆိုတဲ့တံခါးကို ဖွင့်တယ်၊ ခန္ဓာကိုယ်ဆိုတဲ့တံခါးကို
ဖွင့်တယ်၊ စိတ်ဆိုတဲ့တံခါးကို လာဖွင့်တယ်၊ အဲဒီ လာဖွင့်ပေးတဲ့ တိုက်ခိုက်လိုက်တဲ့အာရုံကို
အာရမ္မဏပစ္စယော လို့ ပြောတာပါ၊ အဲဒီလို တိုက်ခိုက်မှုမရှိဘဲ အသိစိတ်ဆိုတာ ပေါ်လာတာ
မရှိဘူးတဲ့။
သုတ္တန်ပါဠိတော်တွေထဲမှာလည်း
ဒီအတိုင်း ဟောတာပဲလေ၊
စက္ခုပသာဒ
မှာ အဆင်းအာရုံက လာထင်တယ်၊ ထင်တဲ့အခါ မြင်သိစိတ်ဖြစ်တယ်၊
သောတပသာဒမှာ
အသံလာထိခိုက်တယ်၊ ကြားသိစိတ်ဖြစ်တယ်၊
နှာခေါင်းမှာ
အနံ့က လာထိတယ်၊ နံသိစိတ်ဖြစ်တယ်၊
လျှာနဲ့
အရသာတွေ့တယ်၊ လျက်သိစိတ် ဖြစ်တယ်၊
ခန္ဓာကိုယ်ကို
ဖောဋ္ဌဗ္ဗအာရုံတစ်ခုခုက လာပြီးတော့ထိတယ်၊ ထိသိစိတ် ဖြစ်တယ်။
ကျန်တာတွေကျတော့
အဲဒီလို စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ ဆိုတဲ့ ဒီ organ တွေ မပါဘဲနဲ့ စိတ်ကူးသက်သက်နဲ့
သိတာကျတော့ ကြံသိစိတ်၊ ဓမ္မာရုံလို့ပြောတာ၊
အဲဒီလို
သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ် နေသည့် အတွက်ကြောင့် အဲဒါကို အာရမ္မဏပစ္စယော လို့
ဟောတာပါ။
လောဘနဲ့
လိုချင်တဲ့စိတ်ဖြစ်ဖို့ဆိုတာလည်း ဒီအာရုံတစ်ခုခု လာရမယ်၊ လောဘကို ဖယ်ရှားပြီး အလောဘဆိုတဲ့စိတ်
ဖြစ်ပေါ်ဖို့ရာလည်းပဲ ဒီအတိုင်းပဲ၊ စိတ်ဖြစ်ဖို့ အတွက် ဒီအာရုံတစ်ခုခု ရှိတယ်၊ အဒေါသဆိုတဲ့
မေတ္တာဖြစ်ဖို့ရာလည်း အာရုံတစ်ခုခု ရှိတယ်၊ အမောဟ အသိဉာဏ်ဖြစ်ဖို့ရာလည်း အာရုံတစ်ခုခု
ရှိတယ်၊ ဒီအာရုံ ၆-ပါး သဘာဝတရားတွေဟာ စိတ်တွေကို ဖြစ်ပေါ်စေတတ်လို့ အဲဒါကို အာရမ္မဏပစ္စယော
ပြောတာ။
ဒါကို
ပဋ္ဌာန်းပါဠိတော်မှာ -
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန
ပစ္စယော၊
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန
ပစ္စယော၊
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန
ပစ္စယော၊
ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန
ပစ္စယော၊
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန
ပစ္စယော၊
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဒီလို
လာတာ။
ပဉ္စဒွါရာဝဇ္ဇန်းနဲ့
သမ္ပဋိဂ္ဂိုန်းကို ရည်ရွယ်ပြီးတော့ မနောဓာတ်လို့ ပြောတာ၊ အဲဒီမနောဓာတ်က ရူပါရုံကိုလည်း
ယူတယ်၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဒါတွေကိုလည်း ယူနိုင်တယ်။
နောက်ကျန်တာတွေကျတော့
-
ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ
တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ယံ ယံ
ဓမ္မံ အာရဗ္ဘ ဆိုတာ အာရုံ ၆-ပါး ဘယ်ဟာကိုပဲဖြစ်ဖြစ် အမှီပြုတယ်၊ ဖြစ်လာတာကတော့ စိတ်နဲ့
စေတသိက် ၂-ခုပဲ၊ အာရမ္မဏပစ္စည်းရဲ့ ကျေးဇူး ပြုခံရတာက စိတ်နဲ့ စေတသိက် ၂-ခုတည်းပဲ၊
ရုပ်မပါဘူး၊ အာရုံကိုသိတာ စိတ် စေတသိက် ၂-မျိုးပဲ ရှိတယ်။
ဒါကြောင့်
ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ
ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော လို့ မြတ်စွာဘုရားက ပဋ္ဌာန်းပါဠိတော်မှာ ဟောတယ်။
ဒါကြောင့်
တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ အာရမ္မဏဆိုတာ သူနဲ့ဆိုင်ရာ မျိုးတစ်မျိုးပဲ၊
မတူဘူး၊ သူက စိတ်ကို ဖြစ်ပေါ်စေဖို့အတွက် အထောက် အကူပြုတဲ့ အကြောင်းတရားအနေနဲ့ အာရမ္မဏပစ္စည်းက
စွမ်းရည်သတ္တိပေးတယ်၊ အဲဒီ အာရမ္မဏပစ္စည်းနဲ့ ကင်းပြီးတော့ စိတ်စေတသိက်ဆိုတာ မဖြစ်နိုင်ဘူး၊
အာရုံနဲ့ ကင်းပြီးတော့ ဖြစ်တဲ့စိတ် လောကမှာ မရှိဘူး။
အာရမ္မဏပစ္စည်း
မပါဘဲနဲ့တော့ လူတွေရဲ့အသိစိတ်တွေ စေတသိက်တွေက မဖြစ်ဘူး၊ အဲဒါကြောင့်မို့ ၂၄-ပစ္စည်းမှာ
ဒီကနေ့ ဟေတုပစ္စယောရယ်၊ ဟေတု- ပစ္စယောနဲ့ ဆက်သွယ်လာတဲ့ အခြားပစ္စည်းတွေရယ်၊ အာရမ္မဏပစ္စယောရယ်
ဒါကို ရှင်းလင်း ဟောကြားတာ ဖြစ်ပါတယ်၊ နောက်ရက် အပိုင်း-၃ ကျရင် ရှေ့ဆက် ပြီးတော့ ပဋ္ဌာန်းပစ္စည်းများအကြောင်းကို
ရှင်းလင်းဟောကြားမှာ ဖြစ်ပါတယ်။
ဒီကနေ့
တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာဟောကြား တဲ့ပဋ္ဌာန်းကျမ်းကြီးကို ပင်လယ်ကမ်းစပ်က
ပင်လယ်ကြီးကို ကြည့်ရသကဲ့သို့ ပဋ္ဌာန်း ကျမ်းကြီးရဲ့အတိမ်အနက်ကို လှမ်းပြီးတော့ ကြည့်လိုက်ရတယ်ဆိုရင်ပဲ
ကျေနပ် စရာကောင်းတဲ့ ပီတိတွေ ဖြစ်နိုင်ပါတယ်၊
ပင်လယ်မမြင်ဖူးတဲ့ပုဂ္ဂိုလ်နဲ့စာလို့ရှိရင်
ပင်လယ်မြင်ဖူးတယ်လို့ ပြောရသလိုပဲ ပဋ္ဌာန်း ကျမ်းကြီးအကြောင်း လုံးဝမသိဘူးတဲ့ ပုဂ္ဂိုလ်နဲ့
စာလို့ရှိရင် သိရတယ်လို့ ပြောရမယ့် အနေအထားမျိုးလေးကို ကိုယ်စီ ကိုယ်ငှ ရရှိကြပြီးတဲ့အခါ
မိမိတို့ရဲ့ ရင်ထဲ နှလုံးထဲမှာ ဖြစ်တဲ့ ပီတိတရားနဲ့ ကုသိုလ် ကောင်းမှုတွေ ဆတက်ထမ်းပိုး
တိုးတက် ပွားများနိုင်ကြပါစေကုန်သတည်း။
