အဘိဓမ္မာမြတ်ဒေသနာ (ဒုတိယတွဲ) - အခန်း (၆)

 


“အခန်း - ၆”

                

သို့သော် အဲဒီ ခြားနားချက်ကို လူတွေက မမြင်နိုင်ဘူး၊ မြင်နိုင်ပါ့မလား၊ ဖယောင်းတိုင်လေး တစ်တိုင်ပဲ ကြည့်ပါလား - ဖယောင်းတိုင်လေး တစ်တိုင် ထွန်းထားလို့ရှိရင် ဒီဆီလေးနဲ့ ဒီမီးစာလေး ကုန်သွားရင် နောက်ဆီ နောက်မီးစာ ဖြစ်သွားပြီ၊ သို့သော် အဲဒီ ခြားနားချက်ကို မြင်ရရဲ့လားဆို မမြင်ရဘူး၊ အဲဒီသဘောမျိုးပဲ၊ ဒီ လူ့ရဲ့စိတ်တွေ အာရုံတွေကလည်းပဲ အဲဒီလို အများကြီး ဖြတ်သန်းပြီးတော့ သွားနေတယ်၊ ဒါ မျက်စိထဲမှာ ပေါ်လာတဲ့ အတိမန္တဆိုတဲ့ အဆင်းအာရုံနဲ့ ပတ်သက်ပြီးတော့ အခုလို စိတ်တွေ ဖြစ်တယ်။

                  

သို့သော် အဲဒီလောက်လေး ဖြစ်ရုံနဲ့ ဒီပန်းပွင့် ဆိုတာကို သိသလားလို့ဆို - မသိသေးဘူး၊ ပန်းပွင့်လေး တစ်ခု မြင်လိုက်တယ် ဆိုပါစို့ - ကိုယ့်ရှေ့ အလင်းရောင် ကောင်းကောင်းထဲမှာ ပန်းလေးမြင်တယ်ဆို ထင်ထင်ရှားရှားကြီး မြင်လိုက်တယ် ဆိုရင် ဘဝင်စိတ်ကလေး ၃-ခု အပြီးမှာ ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်လာတယ်။ ပန်းပွင့်နဲ့ ပတ်သက်ပြီး စက္ခုဝိညာဏ်စိတ်က မြင်လိုက်တယ်၊ သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံပေး လိုက်တယ်၊ သန္တီရဏက စူးစမ်းတယ်၊ ဝုဋ္ဌောက ပိုင်းခြားသတ်မှတ် ပေးလိုက်တယ်၊ ကြိုက်ရင် ဇဝနက လောဘဖြစ်ပြီးတော့, ဘုရားတင်မယ်ဆိုရင် ကုသိုလ်စိတ် ဖြစ်ပြီးသွားတယ်၊ တဒါရုံက ဆက်ခံပြီး နောက်ဆုံးမှာ ဒီမျက်စိထဲမှာ ထင်ဟပ်လာတဲ့ ပန်းပွင့်ဆိုတဲ့ အာရုံလေး ချုပ်ဆုံး သွားတယ်၊ ချုပ်ဆုံးသွားတော့ အဲဒီအချိန်မှာ ပန်းလို့ သိသလားဆို မသိသေးဘူးတဲ့။

                  

ဘယ်ကျမှ သိတုန်းဆိုရင် အဲဒီနောက်မှ mind door လို့ ခေါ်တဲ့ မနောဒွါရမှာ အဲဒါကို ‘ငါမြင်တာလေးက ဘာလေးတုန်း’ ဆို ပြန်စဉ်းစားတယ်၊ ပြန်စဉ်းစားတဲ့ ဝီထိလေး ကတော့ သူ့မှာလည်း ပြန်စဉ်းစား လိုက်တာနဲ့ တစ်ပြိုက်နက် စဉ်းစားတာက နောက်ကျသွားပြီ၊ ခုနက ဘဝင်တွေကနေ ဆက်ပြီးတော့ ဘဝင်္ဂစလန  ဘဝင်္ဂုပစ္ဆေဒ ဆိုပြီး အာရုံ အပြောင်းအလဲလေးမှာ ဘဝင်စိတ်က ပြန်စဉ်းစားတဲ့ အာရုံကို ဒီပန်းအာရုံကို မယူနိုင်ဘူး၊ မယူနိုင်သည့် အတွက်ကြောင့် ဘဝင်လေးက လှုပ်ပြီးတော့ ပြတ်သွားပြီးမှ မနောဒွါရာဝဇ္ဇန်း ဆိုပြီးတော့ ဒီအာရုံလေးကို ဖွင့်ပေးလိုက်တာ၊ အဲဒါကျတော့ အတိတ်ဖြစ်သွားပြီ။

 

ခုနက မျက်စိက မြင်ပြီးတော့ အလုပ်လုပ်တဲ့ စိတ်တွေကျတော့ ပစ္စုပ္ပန် တည့်တည့်လုပ်တာ၊ သူ သက်ရှိထင်ရှား ရှိနေတုန်း လုပ်သွားတာ၊ အခု နောက်ထပ်စိတ် ပြန်တွေးတာ ကျတော့ အာရုံက အတိတ်ဖြစ်သွားပြီ၊ တကယ်မြင်နေ တဲ့ဟာ မဟုတ်တော့ဘူး၊ စိတ်ကူးထဲမှာ မှတ်ထားတဲ့အာရုံ ဖြစ်သွားပြီ၊ အဲဒီအာရုံကို မနောဒွါရာဝဇ္ဇန်းက စိတ်တံခါးကို ဖွင့်ပေးလိုက်မှ ချက်ချင်းရောက်လာတာ၊ ချက်ချင်း ရောက်လာပြီးတော့ ပန်းဆိုတာ ဘာပါလိမ့် ဆိုတာ ပြန်စဉ်းစားသွားပြီ၊ ပြန်စဉ်းစား သွားပြီး တစ်ခါ သူတို့လည်းပဲ ချုပ်သွားပြီး နောက်ထပ်တစ်ခါ တတိယအကြိမ် တစ်အုပ်စု ပေါ်လာပြန်တယ်၊ mind door မှာပဲ။

                  

အဲဒီပေါ်လာတဲ့ အခါမှာလည်းပဲ ဒုတိယဝီထိနဲ့ တတိယဝီထိကြားမှာ လာပြန်ပြီ ဘဝင်-၂ခု၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ လာပြီးတော့မှ ခုနက mind door တံခါးဖွင့်ပေးတဲ့ မနောဒွါရာဝဇ္ဇန်း ဖြစ်တယ်၊ ဖြစ်ပြီးရင် ဇော၊ အဲဒီကျတော့ သူက အမည်တပ်လာပြီ၊ ပန်းဆိုတဲ့ အမည်လေးကို တပ်လာပြီ၊ စကားလုံးလေး ရလာပြီ၊ ရလာပြီးနောက် အနက်အဓိပ္ပာယ် နားလည်သွားတဲ့ အဆင့် ကျတော့ တတိယအဆင့် လောက်ကျမှ နားလည်တယ်။

                  

အသံလည်း ဒီအတိုင်းပဲ၊ အနည်းဆုံး လေးဝီထိလောက် ဖြစ်ရတယ်၊ ဒါ ယေဘုယျ ပြောတာနော်၊ ယေဘုယျ ပြောရတဲ့ စကား၊ ဒီထက် ကြာတာလည်း ဖြစ်နိုင်တယ်၊

 

အဲဒါ မျက်စိက မြင်ပြီး အဲဒီ ၄-နံပါတ် ဝီထိ mind door မှာ ပြန်စဉ်းစားတဲ့ ဝီထိဖြစ်ပြီးတော့မှ ဒါ “ပန်းပါလား” ဆိုတာသိတာ၊ အဲဒီနောက်မှာလည်း ဘာပန်းတုန်း ဆိုတာ တစ်ခါလာဦးမယ် ထပ်ပြီးတော့၊ အရင်တုန်းက တွေ့ဖူး ရင်တော့ ချက်ချင်းလိုလို သိနေတယ်၊ မတွေ့ဖူးလို့ရှိရင် “ဘာပန်းပါလိမ့်” “ဘာပန်းပါလိမ့်” နဲ့ ခေါင်းထဲမှာ question တွေပဲ လာနေမှာပဲ၊ ပြန်တွေးလို့ ရှိရင်နော်၊ ဒါ မျက်စိက မြင်တဲ့ ဝီထိစိတ် ဖြစ်ပုံကို ပြောတာ။ 

              

အသံကြားတဲ့ ဝီထိလည်း ဒီအတိုင်းပဲ၊ ဆိုပါစို့ - တစ်ယောက်က ပြောလိုက်တယ် dog ဆိုတဲ့ အသံလေး ပြောလိုက်တယ်၊ အင်္ဂလိပ်စာ သိတဲ့သူတို့၊ အင်္ဂလိပ်စာ အလေ့အကျင့် ရှိတဲ့သူတို့က dog ဆိုတာ ခွေးဆိုတာ သူမှတ်လိုက်တယ်ပေါ့၊ ဒီ အသံလေး ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက စက္ခုဝိညာဏ်စိတ် အစား သောတဝိညာဏ်စိတ် ထည့်ပြီးတော့ ခုနက ၁၇-ချက် စိတ်တွေဟာ ဒီ အသံလေးပေါ်မှာ ဖြစ်လာတယ်၊ အသံလေးနဲ့ ယှဉ်တွဲပြီးတော့ ဒိအသံလေးပေါ်မှာ ဒီစိတ်တွေ ဖြစ်လာတာ၊ ဖြစ်လာပြီးတဲ့ အခါကျတော့ ပြန်စဉ်းစားတယ်၊ dog ဆိုတဲ့ အသံကို ပြန်ပြီးတော့ တွေးတယ်၊ တွေးလိုက်တဲ့အခါကျတော့ dog ဆိုတဲ့ စကားလုံးကို သူက တတိယစိတ် လောက်ကျတော့ သိသွားပြီးတော့၊ အကောင် မြင်တာကျတော့ စတုတ္ထစိတ် လောက်ကျမှ အကောင် သွားမြင်တာ၊ ဟော dog ဆိုတာ ဒီအကောင်ပဲ၊ နားရွက်နဲ့ အမြီးနဲ့ အဲဒီလို မြင်သွားတာ၊ အဲဒါ dog ကို သိမထားဘူးဆိုရင် “ဘာပါလိမ့်, ဘာပါလိမ့်” “ဒီလူပြောတာ ဘာပါလိမ့်” ဆိုပြီး question တွေချည်း လာမှာပဲ၊ ဟုတ်ရဲ့လား၊ ဒါက လူ့ရဲ့ စိတ်သဘာဝက ဒီပုံစံအတိုင်း သွားနေတာ။

                  

ဒါကို “စိတ္တနိယာမ” လို့ ခေါ်တာပဲ၊ ဘယ်သူကမှ လာပြီးတော့ control လုပ်နေတာလည်း မဟုတ်ဘူး၊ စိတ္တနိယာမ mental order အတိုင်း သွားနေတာ၊ ဒါ စိတ်ဖြစ်စဉ် တစ်ခုပဲ၊ အဲဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အခုပြောတာက အတိမဟန္တ အာရုံနဲ့ ပတ်သက်ပြီးတော့ ပြောတာ၊ ဘဝင်စိတ် ၃-ခု၊ အတီတဘဝင်လေး တစ်ခု လွန်ပြီးတော့မှ ထင်လာတယ်၊ ဒါက အကြီးဆုံး အာရုံ။

         

သာမန်ကြီးတဲ့ အာရုံကျတော့ ခုနကထက် ဘဝင်စိတ်တွေ ပိုပြီး ဖြစ်လာပြီ၊ သေးတဲ့ အာရုံကျတော့ ဘဝင်စိတ်တွေ ပိုလာတယ်၊ သိပ်သေးတဲ့ အာရုံကျတော့ ဝီထိစိတ်တွေက ပိုလာတယ်၊ သိပ်သေးတဲ့ အာရုံကျတော့ ဝီထိစိတ်တောင် မဖြစ်တော့ဘူး၊ ဘဝင်စိတ်တွေချည်းပဲ ဖြစ်တယ်၊ ဘာနဲ့ ဥပမာတူတုန်း ဆိုရင် ကလေးလေး တစ်ယောက် အိပ်နေတာကို နှိုးလိုက်တယ်၊ အင်း ဆိုပြီး ဟိုဘက်လှည့် အိပ်သွားတယ်၊ မနိုးဘူး၊ အဲဒါမျိုးလိုပဲ တံခါးဝကနေ အာရုံက ဖြတ်ကျော်ပေမယ့်လို့ စိတ်နဲ့ မတွေ့ဘူး၊ စတွေ့တော့ ပြန်အိပ်ပျော်သွားတယ်၊ ဘဝင်စိတ်က ပြတ်မသွားဘူးလို့ ပြောတာ၊ ပြတ်မသွားဘူး ဆက်အိပ်သွားတယ်ပေါ့၊ အတိပရိတ္တာရုံ ဆိုတာ အဲဒါမျိုးကို ခေါ်တာ။

                  

အားလုံး ပေါင်းလိုက်လို့ရှိရင် စက္ခုဒွါရမှာ ၁၅-ဝီထိ ရှိတယ်၊ ဖြစ်နိုင်တာကို ပြောတာ၊ သောတဒွါရ မှာလည်း ၁၅-ဝီထိ ရှိတယ်၊ ၁၅-ဝီထိ ငါးလီ ပေါင်းလိုက်တဲ့အခါကျတော့ ၇၅-ဝီထိ ရှိတယ်တဲ့၊ ဟော - လူ့ရဲ့သန္တာန်မှာ ဖြစ်နိုင်တာတွေကို ရေတွက်ပြီးတော့ ပြောတာ၊ ၇၅-ဝီထိ၊ ဒါက နေ့စဉ် လူ့ဘဝမှာ ကြုံတွေ့နေရတဲ့ ငါးဒွါရမှာ တွေ့ရတဲ့ စိတ်ဖြစ်စဉ်တွေပဲ။

                  

ဒီဖြစ်စဉ်တွေကို သိရှိနားလည် ထားလို့ရှိရင် “ဘယ်အရာမှ ရပ်တန့်နေတာ မဟုတ်ဘူး၊ အာရုံကြောင့် စိတ်တွေဟာ ဖြစ်နေတယ်၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်နေတယ်၊ ထိုဖြစ်ပေါ်နေတဲ့ စိတ်တွေဟာ မမြဲပါလား၊ ငါလို့ သတ်မှတ်စရာ မရှိပါလား၊ ငါ့ဥစ္စာလို့လည်း ပြောစရာ မရှိပါလား”  လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အနိစ္စ ဒုက္ခ အနတ္တ လို့ဆိုတဲ့ သဘာဝ တရားတွေက ထင်ထင်ရှားရှား ပေါ်လာနိုင်ပါတယ်။

                  

ဒါကြောင့် အဘိဓမ္မာတရားကို နာယူရသဖြင့် မိမိတို့သန္တာန်မှာ မြဲနေတဲ့အရာ ဆိုတာလည်း မရှိဘူး၊ ချမ်းသာတဲ့အရာ ဆိုတာလည်း မရှိဘူး၊ မမြဲတဲ့အရာ၊ ထာဝရ ပြောင်းလဲနေတာ ဖြစ်ခြင်းကြောင့် မကျေနပ်စရာ ဒုက္ခတွေချည်းသာ ဖြစ်တယ်၊ ကိုယ်ပိုင်တယ်, ကိုယ့်ရဲ့အလိုကျ ဖြစ်တယ် ဆိုတာလည်း မရှိဘူး၊ အနတ္တ သဘာဝတွေသာ ရှိတယ်လို့ ကိုယ်စီကိုယ်စီ ဝိပဿနာအမြင်ဖြင့် နှလုံးသွင်း ဆင်ခြင် နိုင်ပြီး မဂ် ဖိုလ် နိဗ္ဗာန်ရကြောင်း သူတော်ကောင်း တရားကို ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေသတည်း။

.

 

 

စိတ်ကို အာရုံနှင့် လေ့ကျင့်ခြင်း

▬▬▬▬▬▬▬▬▬▬▬

 

‘စိတ်ကိုအာရုံနှင့် လေ့ကျင့်ခြင်း’ - စိတ်ဖြစ်စဉ်ကို လေ့လာသုံးသပ်တဲ့ အခါမှာ ပင်ကိုယ် ပကတိ ရိုးရာစိတ်တွေက အာရုံနဲ့ လေ့ကျင့်နေစရာ မလိုဘူး၊ ဖြစ်ပေါ်လာတဲ့ အာရုံမှာ အလိုအလျောက် စိတ်က တွေးတော ကြံစည်မှုတွေ ပြုပြီး အာရုံထဲ နစ်မျောသွားတယ်။

                  

အရင့်အရင်များက ဘုန်းကြီးတို့ ပြောခဲ့ပြီ - အဆင်းအာရုံလေး တစ်ခု မျက်စိတံခါးက ဝင်လာတဲ့ အခါမှာ ထိုအာရုံနဲ့ အလုပ်လုပ်တဲ့ စိတ်ပေါင်း ၇-မျိုး - ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံလို့ စက္ခဒွါရမှာ ရ-မျိုး၊ အဲဒီ မျက်စိတံခါးက ထင်လာတဲ့ အာရုံနဲ့ပဲ ကြံတွေးပြီးတော့ အလုပ်လုပ်တဲ့ စိတ်တွေက မနောဒွါရမှာ မနောဒွါရာဝဇ္ဇန်း, ဇော, တဒါရုံ ဆိုပြီးတော့ ဝီထိစိတ် ၃-မျိုး၊ ပထမအကြိမ် မနောဒွါရ ဝီထိဖြစ်တယ်၊ ဒုတိယအကြိမ်လည်း မနောဒွါရဝီထိ ဖြစ်တယ်၊ တတိယအကြိမ်လည်း မနောဒွါရဝီထိ ဖြစ်တယ်။

                  

ဖြစ်ကြိမ်အားဖြင့် ပြောမယ်ဆိုရင် ပထမအကြိမ်က ဝီထိစိတ်က ၁၄-ကြိမ် ဖြစ်တယ်၊ ဝီထိမုတ်စိတ်က ၃-ကြိမ်ဖြစ်တော့ အားလုံး ၁၇-ကြိမ်၊ ၁၇-ကြိမ်ပြည့်တာနဲ့ တစ်ပြိုင်နက် မျက်စိမှာ ထင်လာတဲ့ ရူပါရုံလေးရဲ့ သတ်တမ်းဟာ ကုန်သွားပြီ၊ စိတ်ထဲမှာ မှတ်ထားလိုက်တဲ့ အာရုံလေးပေါ်မှာ တစ်ခါ တွေးတောတဲ့ အလုပ်ကို ဆက်လုပ်ကြတယ်။

                 

မနောဒွါရမှာ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဆိုတဲ့ ဘဝင်နှစ်ကြိမ် လွန်သွားပြီးတဲ့ အခါမှာ မနောဒွါရာဝဇ္ဇန်း၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ် ဆိုပြီးတော့ ၁၀-ကြိမ်၊ လွန်သွားတဲ့ ရူပါရုံလေးကို အာရုံပြုပြီး မနောဒွါရမှာ ပြန်လည် စဉ်းစားတယ်၊ အဲဒီနောက်မှာ ဒုတိယ အကြိမ်အဖြစ် ပြန်လည်စဉ်းစားတဲ့ မနောဒွါရမှာ ဝီထိစိတ်ကလေး ၃-မျိုး ၁၀-ကြိမ်၊ တတိယအကြိမ်မှာ ပြန်လည် စဉ်းစားပြီး အဖြေထုတ်လိုက်တဲ့ မနောဒွါရ ဝီထိစိတ် ကလေးက ၃-မျိုး ၁၀-ကြိမ်၊ ဒီလိုဖြစ်သွားတဲ့အခါ အာရုံရဲ့ အဖြေကို ရသွားတယ် လို့ ယေဘုယျအားဖြင့် ပြောရမယ်ပေ့ါ။

                  

နားက အသံကြားရတဲ့ အခါမှာလည်း ထို့အတူပဲ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဆိုတဲ့ ဘဝင် ၃-ကြိမ်ဖြစ်ပြီးတဲ့ အခါမှာ ပဉ္စဒွါရာဝဇ္ဇန်းက တံခါးဖွင့်ပေး လိုက်လို့ သောတဝိညာဏ်စိတ် ဖြစ်တယ်၊ သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ ၂-ကြိမ် ဖြစ်ပြီးတဲ့ အခါမှာ အသံလေးရဲ့သက်တမ်း ကုန်ဆုံးသွားလို့ ချုပ်ငြိမ်းသွားတယ်။

                  

အဲဒီ အသံလေးကို စိတ်က မှတ်ထားပြီး ပြန်တွေးတဲ့အခါ မနောဒွါရမှာ ထပ်ဆင့် ဖြစ်ပေါ် လာပြန်တယ်၊ ဘဝင် ၂-ကြိမ် ဖြစ်ပြီးတဲ့အခါ မနောဒွါရာဝဇ္ဇန်း၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်။ ဒီလို ဝီထိစိတ်တွေဟာ အသံအာရုံလေးနဲ့ ဆက်သွယ်ပြီး အလုပ် လုပ်တယ်၊ ဒုတိယအကြိမ် တစ်ခါထပ် အလုပ်လုပ်ပြန်တယ်၊ တတိယအကြိမ် တစ်ခါထပ် အလုပ်လုပ်ပြန်တယ်၊ အဖြေမတွေ့မချင်း လုပ်မယ်ပေါ့၊ တတိယ အကြိမ်လောက်နဲ့ အဖြေတွေ့သွားရင် ဒီအပေါ်မှာ နောက်ထပ် ထပ်စဉ်းစားမှု ဆိုတဲ့ ဝီထိစိတ်တွေ မြောက်မြားစွာ ဖြစ်ဦးမယ်၊ ဒါက ရိုးရာဖြစ်လို့ လေ့ကျင့်နေစရာ မလိုဘူး။

                  

မျက်စိကမြင်တဲ့ အာရုံအပေါ်မှာ လည်းပဲ လေ့ကျင့်နေစရာ မလိုဘူး၊ ဖြစ်ပေါ်လာတဲ့ အာရုံပေါ်မှာ စိတ်ကူးစိတ်သန်းတွေဟာ ဖြစ်ပြီးသွားကြတယ်၊ နှာခေါင်းက အနံ့ရတဲ့ အာရုံ၊ လျှာက အရသာ ခံရတဲ့အာရုံ၊ ခန္ဓာကိုယ်က တွေ့ထိလာတဲ့အာရုံ လို့ဆိုတဲ့ ပဉ္စဒွါရမှာ ထင်လာတဲ့ အာရုံတွေကို ယခုကဲ့သို့ စိတ်တွေဟာ အာရုံနဲ့ အလုပ်လုပ်ပြီးတော့ အဖြေထုတ်သွားလိုက်ကြတာ အဲဒီအဖြေနဲ့ပဲ လူ့လောကမှာ လူတွေဟာ ပျော်မွေ့ပြီးတော့ နေကြတယ်နော်၊ စိတ်ထဲက အဖြေထုတ်ထားတာတွေနဲ့ ပျော်မွေ့ပြီးတော့ အဲဒီလို နေကြတယ်။

                  

စက္ခုဒွါရမှာ ဆိုလည်းပဲ “အတိမဟန္တာရုံ” ဆိုတဲ့ အလွန်ကြီးတဲ့ အာရုံမျိုးနဲ့ တွေ့တဲ့အခါမှာ အခုလို စိတ်အစဉ်ဖြစ်တယ်၊ မဟန္တာရုံ ဆိုတဲ့ အခါကျတော့ စိတ်အစဉ် တစ်မျိုး ပြောင်းသွားမယ်၊ “ပရိတ္တာရုံ” ဆိုတဲ့ အခါမှာလည်းပဲ တစ်မျိုး ပြောင်းသွားမယ်၊ “အတိပရိတ္တာရုံ” ဆိုတဲ့ သိပ်သေးတာ ကျတော့ ဘဝင်အစဉ်ဟာ မပြတ်တော့ဘဲနဲ့ ဝီထိစိတ်တောင် မပေါ်တော့ဘူး၊ ဘဝင်ကလေး လှုပ်ရုံမျှ လှုပ်ပြီး တော့ ချုပ်ငြိမ်းသွားတယ်၊ အတွေးတွေဟာ ဝင်မလာ နိုင်တာမျိုးလည်း ရှိတယ်ပေါ့၊ အာရုံရဲ့ ဒီဂရီအတိုင်း အဲဒီလိုသွားတယ်၊ mind door မှာကျတော့ တွေးတောတဲ့ အာရုံတစ်ခုဟာ “ထင်ရှားတယ်၊ မထင်ရှားဘူး” ဆိုတာ ၂-မျိုးနဲ့လာပြီး အာရုံကို ဆက်ပြီး စဉ်းစားပြီး အလုပ် လုပ်သွားကြတယ်။

                  

လူ့ဘဝဆိုတာ ဒါပါပဲ၊ နေ့စဉ် ဒီအတိုင်း သွားနေကြတာ၊ အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ အကြား အာရုံပေါ်မှာ အလုပ် လုပ်တယ်၊ အနံ့အာရုံ၊ အရသာအာရုံ၊ အထိအတွေ့ အာရုံ၊ အမြင် အကြား အနံ့ အရသာ အထိအတွေ့ လောလောဆယ် ထိတာမရှိဘူး ဆိုလို့ရှိရင်လည်း မျက်စိလည်း မှိတ်ထားတယ်၊ နားလည်း ပိတ်ထားတယ်၊ နှာခေါင်းကလည်း အလုပ်မလုပ်ဘူး၊ လျှာကလည်း အလုပ်မလုပ်ဘူး၊ ခန္ဓာကိုယ်ကလည်း အလုပ်မလုပ်ဘူး ဆိုရင် သက်သက်လေး ခေါင်းလေးခြုံပြီး တွေးတောတဲ့ စိတ်တွေ ကလည်း ဖြစ်သေးတာပဲ၊ မနောဒွါရ သက်သက်မှာ လည်းပဲ စိတ်ကူး စိတ်သန်းတွေ ဖြစ်နေတယ်။

                  

အဲဒီ စိတ်ကူးစိတ်သန်း တွေကျတော့ မြင်ခဲ့ပြီးတဲ့ အာရုံကို အာရုံပြုပြီး ဖြစ်တာ ရှိသလို မမြင်သေးတဲ့ အာရုံကိုလည်း တွေးတော ဆင်ခြင်ပြီးတော့ ဖြစ်နေတာမျိုးတွေ ရှိတယ်၊ ရှိတာကိုလည်း တွေးတောတယ်၊ မရှိတာလည်း တွေးတောတယ်၊ မဟုတ်တာလည်း တွေးတယ်၊ ဟုတ်တာလည်း တွေးတယ်ဆိုတဲ့ အတွေး အာရုံတွေထဲမှာ တွေ့ကြုံ ခံစားဖူးသမျှ အာရုံတွေကို အခြေပြုပြီးတော့ လူ့ရဲ့စိတ်ဟာ အာရုံတစ်ခုခုနဲ့ အလုပ်လုပ်နေတယ်လို့ ပကတိရိုးရာ အချိန်မှာ ဒီအတိုင်းပဲ သွားနေမှာပဲ။

                  

စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးတယ် ဆိုတာကျတော့ သမထကျင့်စဉ်တစ်ခု ဝိပဿနာကျင့်စဉ်တစ်ခုနဲ့ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးတယ်၊ အဲဒါကျတော့ ပုံစံ ပြောင်းသွားတယ်၊ ပင်ကိုယ်စိတ်ထက် ဒီအာရုံနဲ့ လေ့ကျင့်ပေးလိုက်လို့ တိုးတက် ဖြစ်ပေါ်လာတဲ့ စိတ်က နေ့စဉ်ဘဝမှာ ထိတွေ့တဲ့စိတ်မျိုး မဟုတ်တော့ဘူး၊ ဆိုပါစို့ - eye door မှာပဲဖြစ်စေ mind door မှာပဲဖြစ်စေ၊ မျက်စိတံခါးကပဲ ဖြစ်စေ၊ စိတ်တံခါးကပဲဖြစ်စေ အာရုံတစ်ခုခုကို ယူပြီးတော့ လေ့ကျင့်ယူတဲ့ဟာ၊ လေ့ကျင့်ယူတဲ့ အခါကျလို့ ရှိရင် သာမန်ဖြစ်ရိုးဖြစ်စဉ် စိတ်တွေထက် ထူးခြားပြီးတော့ တည်ငြိမ်တဲ့ စိတ်ဓာတ်မျိုးကို ရရှိ လာနိုင်သေးတယ်၊ အဲဒါကိုပဲ “တရားကျင့်တယ်” လို့ ပြောတာပေါ့။

                  

ဆိုပါစို့ - ကသိုဏ်း အာရုံလေး တစ်ခုကိုယူတယ်၊ အားလုံး ကြားဖူးကြတယ် - ရှင်စူဠပန္ထကဝတ္ထု၊ စူဠပန်မထေရ်ကို မြတ်စွာဘုရားက ပုဝါအဖြူကလေး ပေးထားတယ်၊ တန်ခိုးတော်နဲ့ ဖန်ဆင်းပြီး ပေးထားတဲ့ ပုဝါလေးဆိုတော့ ဆွတ်ဆွတ် ဖြူနေတယ်၊  အလွန်ဖြူနေတယ်၊ အဲဒီ ပုဝါပိုင်းကလေးကို ကြည့်ပြီးတော့  စိတ်ကို လေ့ကျင့်တာ၊ အဖြူအာရုံလေး ပေါ်မှာ စိတ်ကို လေ့ကျင့်တာ၊ ဒီသဘောကို ဓမ္မပဒ အဋ္ဌကထာမှာ ကြည့်ရင်လည်း မထင်ရှားဘူး၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာမှာ ကြည့်ရင်လည်း မထင်ရှားဘူး။

                  

သူ့ရဲ့ အတိတ်ဇာတ်လမ်း “အပဒါန” လာ အတိတ် ဝတ္ထုကြောင်းကို ကြည့်မယ် ဆိုလို့ရှိရင် ရှင်စူဠပန်ကို ဘာကြောင့် ပုဝါပေးတယ် ဆိုတဲ့ သဘောက ထင်ရှားတယ်၊ အတိတ် ဘဝတုန်းက ရှင်စူဠပန်ဟာ သြဒါတကသိုဏ်း မှာ အလေ့အကျင့် လုပ်ခဲ့တယ်၊ အဲဒါ အကြောင်းအရင်းပဲ၊ သြဒါတကသိုဏ်းမှာ အလေ့အကျင့်လုပ်ရတာ၊ အဲဒီ အလေ့အကျင့်နဲ့ ဆက်နွယ်ပြီး မြတ်စွာဘုရားက ပုဝါပိုင်း ပေးတာ၊ အကြောင်းမဲ့ ပေးတာမျိုး မဟုတ်ဘူး၊ ကမ္မဋ္ဌာန်းအာရုံ တစ်ခုကို ပေးထားတာ။

                  

နောက်တစ်ခုက သူဟာ တစ်ခုသော ဘဝမှာ ရှင်ဘုရင်ဖြစ်လို့ တိုင်းပြည်ကို လှည့်လည် စစ်ဆေး ကြည့်ရှုတဲ့အခါမှာ မျက်နှာက ချွေးတွေ ထွက်တယ်။ ဖြူဆွတ်နေတဲ့ ပုဝါ လေးနဲ့ မျက်နှာကို သုတ်လိုက်ပြီး အဲဒီဖြူဆွတ်နေတဲ့ ပုဝါလေး မည်းညစ်သွားတာကို တွေ့တဲ့အခါမှာ စိတ်ထဲမှာ သံဝေဂ သဘောလေး ဖြစ်မိတယ်၊ “သြော် - ဒီခန္ဓာ ကိုယ်ကြီး အကြောင်းပြုပြီးတော့ အင်မတန် ဖြူစင်တဲ့ ပုဝါလေး ညစ်နွမ်းသွား ရပါလား” ဆိုတဲ့ သံဝေဂ စိတ်ကလေး ပေါ်လာတယ်၊ အဲဒီအချိန်မှာ ဖြစ်ခဲ့တဲ့ သံဝေဂ စိတ်ကလေးကို မြတ်စွာဘုရားက ရှင်စူဠပန်ဘဝ ရောက်တဲ့အခါကျတော့ ဝိပဿနာဉာဏ်နဲ့ ဆက်စပ်ပေးခဲ့တယ်။

                  

အဲဒါကြောင့် အရေးကြီးပြီ မှန်ကန်တဲ့ အတွေးလေးတွေဟာ သာမန်ကြည့်မယ်ဆိုရင် တန်ဖိုးမရှိဘူးလို့ ထင်ကြရပေမယ့်လို့ တကယ် တန်ဖိုးရှိတာနော်၊ တရားထူး တရားမြတ်ရဖို့ ဘယ်လောက် အထောက်အကူ ပြုသလဲဆိုတာ ဒီဝတ္ထုက သက်သေ ပြနေတယ်၊ နဖူးချွေးသုတ် ပုဝါလေး မည်းသွားတာ ကြည့်ပြီးတော့ ခန္ဓာကိုယ်ရဲ့ အပြစ်ကို မြင်လိုက်တဲ့အမြင်လေးက ဝိပဿနာဉာဏ်ကို ဦးတည်သွားစေနိုင်တယ်။

                  

နောက်တစ်ခု ဆက်စပ်လို့ ပြောရဦးမယ်၊ အားလုံး ကြားဖူးကြလိမ့်မယ်၊ “ပဉ္စဂ္ဂပုဏ္ဏား ဇနီးမောင်နှံ” ဆိုတာ၊ ဘယ်အခါဖြစ်ဖြစ် သူတို့ဟာ အလှူအတန်း လုပ်တဲ့အခါမှာ ဦးဦးဖျားဖျား လုပ်လို့ ပဉ္စဂ္ဂလို့ အမည် ပေးထားတာ။ “မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ တရားဟောတယ်”။ သူတို့အတွက် စကားလုံး ရွေးချယ်လိုက်တဲ့အခါမှာ အတိတ်ဘဝ တုန်းက “နာမရူပ” ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် ကြားဖူးကြလို့ အဲဒီစကားလုံးနဲ့ သူတို့ ယဉ်ပါးနေတယ်၊ ရင်းနှီးနေတယ်၊ familiar ဖြစ်နေတယ်၊ “ဘယ်လိုပုဂ္ဂိုလ်ကို ဘိက္ခုလို့ ခေါ်သလဲ” ဆိုတဲ့မေးခွန်းကို ဖြေတဲ့အခါမှာ မြတ်စွာဘုရားက “နာမ်ရုပ် အပေါ်မှာ အစွဲအလန်းကင်းတဲ့ ပုဂ္ဂိုလ်မျိုးကို ဘိက္ခုခေါ်တယ်” လို့ နာမ်ရုပ်နဲ့ ဆက်စပ်ပြီးတော့ ဟောပြောလိုက်တယ်။ ထိုအခါမှာ မဂ် ဖိုလ် ရသွားကြတယ်၊ ဒါလည်းပဲ အတိတ်ကို အခြေပြုတယ်လို့ ပြောရမယ်။

                  

ဓမ္မအသိဉာဏ် ဆိုတာ သာမန်အားဖြင့် ပြောမယ် ဆိုလို့ရှိရင် သိပ်ပြီးတော့ အဆင့် မမြင့်ဘူးလို့ ထင်ရပေမယ့်လို့ မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ အင်မတန်မှ အထောက် အကူ ဖြစ်တယ်လို့ မှတ်ရမယ် နော်၊ အများကြီး အထောက်အကူ ဖြစ်တယ်။

                  

ရှင်ယသတို့ ဝတ္ထုကို ကြည့်လိုက်ဦးမလား၊ ယသ သူဌေးသားတို့ အတိတ်ဘဝတုန်းက နာရေးကိစ္စမှာ မီးသင်္ဂြိုဟ်တဲ့ လုပ်ငန်းကို ကုသိုလ်ဖြစ် လုပ်ကိုင်ခဲ့ကြတဲ့ သူငယ်ချင်း တစ်စု၊ အတိတ်ဘဝတုန်းက ကိုးကွယ်ရာမဲ့သူတွေ၊ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေ နာရေးကိစ္စ ပေါ်လာတဲ့အခါ သူတို့က အခမဲ့ ကူညီပြီး မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်၊ သူသေကောင်ကို မီးသင်္ဂြိုဟ်ပေးရင်း အသုဘ ကမ္မဋ္ဌာန်းကို စိတ်ထဲမှာ ထင်မြင်လာ ခဲ့ကြတယ်၊ ခန္ဓာကိုယ်ကြီးရဲ့ မတည်မြဲပုံ၊ ရွံစရာကောင်းပုံ၊ စက်ဆုပ်စရာ ကောင်းပုံ၊ မတင့်တယ်ပုံ ဆိုတာတွေကို လက်တွေ့အားဖြင့် သူတို့ သိမြင်ခဲ့ကြတယ်၊ စိတ်ထဲမှာ ဖြစ်ပေါ်ခဲ့ကြတယ်။

                  

အဲဒီ စိတ်အစဉ်ကလေးက သူတို့ရဲ့ ဘဝတစ်ခုမှာ energy အနေနဲ့ စုပြီးဆောင်းပြီး ဖြစ်သွားတယ်။ ယသ သူဌေးသား ဘဝမှာ ဒီစိတ်ကလေး ပြန်ပေါ်လာပုံကို ကြည့်လိုက်၊ ယသ သူဌေးသား ဆိုတာ အလွန်ချမ်းသာတယ်၊ မိဘတွေက ဂရုစိုက် တယ်၊ ညလုံးပေါက် အမျိုးသမီးတွေချည်း တီးမှုတ်တဲ့ တူရိယာတွေနဲ့၊ အဆိုအ ကတွေနဲ့ ပျော်ရွှင်စေတယ်။ သူ့ရဲ့စံအိမ်မှာ တီးကြမှုတ်ကြ ဖြေဖျော်ကြတဲ့ အမျိုးသမီးတွေ အကုန်လုံး အိပ်ပျော်ကုန်ကြတယ်၊ သူနိုးလာတဲ့ အခါကျတော့ အိပ်နေကြတာ တွေကိုကြည့်၊ တချို့ကလည်း ဟောက်ပြီး အိပ်နေမှာပေါ့လေ၊ လူဆိုတာ မျိုးစုံပေါ့၊ ပါးစပ်ကြီးဖြဲပြီး အိပ်နေတာလည်း ပါမှာပေါ့၊ အဲဒီအိပ်နေတဲ့ သူတွေရဲ့ အသွင်သဏ္ဌာန်ကို မြင်လိုက်တဲ့အခါ အတိတ် ဘဝတုန်းက သူသေကောင်ကို မီးသင်္ဂြိုဟ်ခဲ့တဲ့ အနေအထားနဲ့ပြန် ဆက်စပ်မိသွားတယ်။

                  

ဆက်စပ်မိသွားတဲ့အခါ သံဝေဂရဲ့ အရှိန်အဝါဟာ သိပ်ကြီးသွားတယ်၊ ကြီးသွားသည့်အတွက် အိမ်မှာ နေလိုစိတ် မရှိလို့ အိမ်ကနေ ထွက်ခွာသွားတယ်၊ ဘုရားနဲ့ သွားတွေ့တယ်၊ “လောကကြီးက ဆိုးလိုက်တာ၊ ဆိုးလိုက်တာ” “ဥပဒ္ဒုတံ ဝတ ဘော လောကော၊ ဥပဿဋ္ဌံ ဝတ ဘော လောကော” အနှိပ်စက်ခံနေရပြီ၊ ဒီ ဒုက္ခကြီးက ဘယ်လိုလွတ်ပါ့မလဲ” လို့ ငြီးတွားပြီး ထွက်ခွာသွားတယ်။ ဘုရားနဲ့တွေ့ တရားဓမ္မ နာရလို့ ရဟန္ထာဖြစ်သွားတယ်။ ကြည့် - အဲဒီ အတိတ်ဘဝက သံဝေဂကုသိုလ်ဟာ နည်းတဲ့ ကုသိုလ်  ဟုတ်ဘူး။

 

အခုလည်း ကောင်းပြီ - ရှင်စူဠပန်ကို ပုဝါဖြူကလေး ပေးတယ်ဆိုတာ အတိတ်ဘဝနဲ့ စပ်ပြီးတော့ ပေးတာ၊ လူတိုင်းကို ပေးတာ မဟုတ်ဘူး၊ ရှင်စူဠပန်ကို ပုဝါဖြူကလေး လေးလိုက်တာဟာ အတိတ် ဘဝတုန်းက ပုဝါလေးမှာ သြဒါတ ကသိုဏ်းကို လေ့ကျင့်ခဲ့ဖူးတယ်၊ လေ့ကျင့်ပြီးတော့ ဈာန်အဘိညာဏ်တွေ ရခဲ့ဖူးတယ်၊ အဲဒီဘဝက အရှိန်အဝါလေးကို မြတ်စွာဘုရားက စုစည်း ပေးလိုက်တာ၊ စုစည်းပေးလိုက်တော့ ဒီ ဖြူဆွတ်နေတဲ့ ပုဝါဆိုတဲ့ အဖြူအာရုံလေးမှာ စိတ်ကို လေ့ကျင့်ပေးတာ၊ ပုဝါဖြူကလေးကို ရှေ့ချ၊ ချပြီးတဲ့အခါမှာ ထိုပုဝါ အဖြူရောင်လေးကို စိုက်ပြီး ကြည့်တယ်၊ စာလိုပြောရင် သြဒါတကသိုဏ်း ရှုတယ်ပေါ့၊ “အဖြူ အဖြူ” လို့ စိတ်ထဲက မှတ်ပြီးတော့ နေတယ်၊ အဲဒီလို မျက်စိဖွင့်ပြီးတော့ အဖြူအာရုံလေးကို မျက်စိနဲ့ မှတ်နေတာကို “ပရိကမ္မနိမိတ်” လို့ ခေါ်တယ်၊ အာရုံနိမိတ် တစ်ခုကို ယူနေတာ၊ စိတ်ကို ဘာနဲ့လေ့ကျင့် နေတာတုန်း? အာရုံနဲ့ လေ့ကျင့်နေတာ၊ အဲဒါလည်းပဲ စိတ်ဖြစ်စဉ် တစ်ခုတည်းမှာ ပါတယ်၊ ဒါ သာမန်နဲ့ မရဘူး၊ ရိုးရာ မဟုတ်ဘူး။

                  

အဲဒါက အာရုံကို စိတ်နဲ့ လေ့ကျင့်နေတာ၊ ကြည့် - အဖြူ အဖြူနဲ့ လေ့ကျင့်နေတဲ့အခါ ဒီ သူ လေ့ကျင့်နေတဲ့ အာရုံလေးဟာ “ပရိကမ္မနိမိတ်”၊ ပြင်ဆင်ပြီးတော့ ထားတဲ့ အာရုံလေး တစ်ခုအပေါ်မှာ စိတ်ကို ပြင်ဆင် လေ့ကျင့်နေတာ၊ အဲဒီလို လေ့ကျင့် လိုက်တဲ့ အခါ မကြာခင်ပဲ အဖြူအာရုံလေးဟာ စိတ်ထဲမှာ စွဲထင်သွားတယ်၊ ကင်မရာနဲ့ ရိုက်ယူလိုက် သလိုပဲ စိတ်ထဲမှာ စွဲထင်သွားတယ်၊ အဲဒီတော့ စွဲထင်သွားတဲ့ အာရုံလေးကိုကျတော့ “ဥဂ္ဂဟနိမိတ်” လို့ခေါ်တယ်၊ မျက်စိနဲ့ ကြည့်စရာမလိုဘူး။

                  

မျက်စိ ကြည့်နေတဲ့အချိန် ဝီထိစိတ်နဲ့ ပြောမယ် ဆိုလို့ရှိရင် ဘာတုန်း စက္ခုဒွါရ ဝီထိစိတ်တွေ ဖြစ်နေတယ်၊ ဟုတ်ကဲ့လား? အဲဒီ ဇောစိတ်တွေက အဖြူအာရုံကို အာရုံပြုပြီး နေတယ်၊ ဇောစိတ်တွေ အကြိမ်ကြိမ်ဖြစ်လို့ စိတ်ထဲမှာ စွဲထင်သွားပြီ၊ ဖလင်ထဲမှာ ရုပ်ပုံလေး သို့မဟုတ် အခု digital chip ပြားမှာ ရုပ်ပုံလေး ထင်သွားသလို ထင်သွားပြီ ဆိုတဲ့ အခါကျတော့ “ဥဂ္ဂဟနိမိတ်” ဆိုတာ ပေါ်လာတယ်။

                  

ပရိကမ္မနိမိတ်မှာ လုပ်နေတဲ့ သမာဓိက “ပရိကမ္မ သမာဓိ” လို့ ခေါ်တယ်၊ မျက်စိနဲ့ကြည့်ပြီးတော့ စိတ်နဲ့ မှတ်နေတာ၊ စိတ်ကို အဖြူအာရုံပေါ်မှာ အလုပ်လုပ် နေတယ်၊ လေ့ကျင့်ပေးနေတယ်၊ လေ့ကျင့်ပေး နေလို့ စိတ်က စွဲပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဥဂ္ဂဟနိမိတ်တဲ့၊  စိတ်နဲ့မှတ်ထား လိုက်နိုင်ပြီ၊ အဲဒီအာရုံကို စိတ်စွမ်းနဲ့ မှတ်ထားလိုက်နိုင်ပြီ၊ စိတ်ထဲမှာ ရောက်သွားပြီ ဆိုကတည်းက ခုနက လေ့ကျင့် ထားတဲ့ အာရုံထက် ပိုပြီးတော့ ပီပြင်လာတယ်၊ စိတ်တည်ငြိမ်မှု တွေကလည်း ပိုလာတယ်၊ ဒါ အာရုံနဲ့ စိတ်ကို လေ့ကျင့်တာ။

                  

သာမန် မြင်ရင်တော့ အမြင်ပဲလေ၊ လူတွေ မျက်စိဖွင့်ရင် မျက်စိရှိတဲ့ သူတွေ မြင်နေကြတာပဲ၊ ဟိုဟာမြင် ဒါမြင် မြင်နေကြတာပဲ မျက်စိက၊ ဟော အခုက လေ့ကျင့်ယူလိုက်တာ ဆိုတာ ပရိကမ္မနိမိတ်အပေါ်မှာ လေ့ကျင့်လိုက်တဲ့အခါ ဥဂ္ဂဟနိမိတ် ရလာပြီ၊ သမာဓိလေးလည်း အတော် တည်လာပြီ၊ အဲဒီ ဥဂ္ဂဟနိမိတ်ကို ထပ်ပြီးတော့ စိတ်နဲ့ လေ့ကျင့်ပေးလိုက်တယ်။

                  

“နိမိတ်ဆိုတာ အာရုံ” ကိုပြောတာပါပဲ၊ စိတ်ထဲမှာ စွဲမှတ်ထားတဲ့ အာရုံမှာ ထပ်ပြီးတော့ လေ့ကျင့် ပေးလိုက်တဲ့အခါ ဘာဖြစ်လာတုန်း ဆိုလို့ရှိရင် ပင်ကိုယ်အာရုံလည်း မဟုတ်တော့ဘူး၊ ထို ပင်ကိုယ်အာရုံနဲ့ ဆက်နွယ်လာပြီးတော့ အခြေအနေ ပြောင်းလဲလာတဲ့ စိတ်ထဲမှာ ထင်ဟပ် ပေါ်လွင်တာတဲ့ အာရုံတစ်မျိုး ပေါ်လာတယ်၊ အလားတူ အာရုံတစ်ခု ပေါ်တယ်၊ အဲဒါကို “ပဋိဘာဂ နိမိတ်” လို့ခေါ်တယ်၊ အလားတူ ပေါ်လာတဲ့ အာရုံ။

                  

ခုနတုန်းက မျက်စိကနေ တိုက်ရိုက်ကြည့် အာရုံကို “ပရိကမ္မနိမိတ်” လို့ ခေါ်တာနော်၊ မျက်စိက ဖွင့်ပြီးတော့ မျက်စိနဲ့ မှတ်နေတာ၊ စိတ်နဲ့ မျက်စိနဲ့ တွဲဖက်ပြီး အလုပ်လုပ်နေတာ ပရိကမ္မနိမိတ်၊  မျက်စိအကူအညီ မယူတော့ဘဲ စိတ်ထဲမှာ စွဲထင်နေတဲ့ အာရုံတစ်ခုအပေါ်မှာ အလုပ်လုပ်တာကို “ဥဂ္ဂဟနိမိတ်”၊ အဲဒီဥဂ္ဂဟ နိမိတ်ဟာ နောက်ပိုင်းကျတော့ ပြောင်းလွဲလာတဲ့ အခါကျတော့ “ပဋိဘာဂနိမိတ်” တဲ့။

                  

ပဋိဘာဂနိမိတ် ဖြစ်လာပြီ ဆိုလို့ရှိရင် အဲဒီ ပဋိဘာဂနိမိတ်သည် ပင်ကိုယ်ထက် ပိုပြီးတော့ တောက်ပြောင် လာတယ်၊ ထင်ရှားလာတယ်၊ ပိုပြီး clear ဖြစ်လာတယ်၊ အဲဒီ ပဋိဘာဂနိမိတ် ရောက်လာတဲ့အခါ ဈာန်နဲ့နီးကပ်လာတဲ့ သမာဓိစွမ်းအားတွေ ရလာပြီ၊ အာရုံနဲ့စိတ်ကို လေ့ကျင့် တာနော်။

                  

ဈာန်နား ကပ်လာတဲ့ သမာဓိစွမ်းအားတွေ ရလာပြီး အဲဒီ သမာဓိ စွမ်းအားတွေကို ထပ်မံတိုးမြှင့် လိုက်လို့ ထင်လာတဲ့ ပဋိဘာဂအာရုံပေါ်မှာ ထပ်ဆင့်ပြီးတော့ စဉ်ဆက်မပြတ် လေ့ကျင့်လိုက်တဲ့အခါ အဲဒီ ပဋိဘာဂနိမိတ်မှာ “ပထမဈာန်” ဆိုတာကို ရရှိသွားတယ်။

                  

ဒါဖြင့် ပထမဈာန်ဆိုတဲ့ ပထမအဆင့် ရသွားလို့ရှိရင် အခြေအနေက ဘယ်လိုရှိတုန်း ဆိုတော့ အဲဒီ ပဋိဘာဂနိမိတ် ဆိုတဲ့ စိတ်ထဲမှာ ပေါ်လာတဲ့ အာရုံလေးပေါ်မှာ ပိုပြီးတော့ ကြည်လင်ပြတ်သားတဲ့ သမာဓိ စွမ်းအားတွေ၊ စိတ်စွမ်းအားတွေ ပေါ်လာတယ်။

                  

အဲဒီအာရုံပေါ်မှာ တွေးနေတဲ့ အတွေးစိတ် ရှိတယ်၊ “ဝိတက်” လို့ခေါ်မယ်၊ အဲဒီ အာရုံလေးပေါ်မှာ အမြဲတမ်း ရစ်ဝဲနေတဲ့ “ဝိစာရ” ဆိုတာရှိမယ်၊ အဲဒီ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ “ပီတိ” ဆိုတာ ရှိမယ်၊  ကိုယ်ရော စိတ်ပါ နှစ်ခု စလုံး အေးချမ်းနေတယ် ဆိုတဲ့ “သုခ” ဆိုတာရှိမယ်၊ တည်ငြိမ်နေတဲ့ စိတ်ကလေး ဟာ ဒီအာရုံ ပေါ်မှာ ငြိမ်သွားပြီးတော့ ဘေးကို ရွှေ့မရဘဲနဲ့ ဒီအာရုံ တစ်ခုတည်းပေါ်မှာပဲ စိုက်ပြီးတော့ အာရုံနဲ့ စိတ်နဲ့က တွယ်ကပ်ထားသလို (super glue နဲ့ ကပ်ထားလိုက်သလို) ကပ်သွားတယ်၊ အာရုံနဲ့ စိတ်နဲ့ တွယ်ကပ်ပြီး ရပ်သလို ဖြစ်သွားတာ၊ “ဧကဂ္ဂတာ” ပေါင်းလိုက်တဲ့ အခါကျတော့ ဝိတက်ရယ် ဝိစာရရယ် ပီတိရယ် သုခရယ် ဧကဂ္ဂတာရယ် ဟောဒီ ၅-ပါး unity ဖြစ်သွားပြီ၊ harmony ဖြစ်သွားပြီ။

                  

တကယ့်ကို ဒီ ၅-ခုဟာ ဟန်ချက်ညီညီနဲ့ စုပေါင်းပြီး အာရုံနဲ့ အလုပ်လုပ်နေပြီဆိုရင် ဘယ်အရာတွေ ကင်းသွားတုန်း ဆိုတော့ ..

 

“ဝိဝိစ္စေဝ ကာမေဟိ”

မျက်စိက မြင်ရတဲ့အာရုံ၊

နားက ကြားရတဲ့အာရုံ၊

နှာခေါင်းက နမ်းရတဲ့အာရုံ၊

လျှာက လျက်ရတဲ့အာရုံ၊

ခန္ဓာကိုယ်က ထိတွေ့ရတဲ့အာရုံ

လို့ဆိုတဲ့ ဒီအာရုံတွေပေါ်မှာ ခံစားချင်တဲ့ ကာမတဏှာ လုံးဝပြတ်တောက်သွားပြီ၊ မရှိတော့ဘူး၊ ‘ကာမ’ လိုချင်စရာ အာရုံတွေပေါ်မှာ လိုချင်နေတဲ့ လောဘနဲ့ ဖြစ်ပေါ် လာတာတွေ မရှိတော့ဘူးလို့ ဆိုလိုတယ်။

                  

အဲဒါဟာ ဒီခံစားချင်တဲ့စိတ်တွေ မျက်စိနဲ့ ကြည့်ချင်တယ်၊ နားနဲ့ ကြားချင်တယ်၊ နှာခေါင်းနဲ့ နမ်းရှူချင်တယ်၊ လျှာနဲ့ လျက်ချင်တယ်၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ချင်တယ် ဆိုတဲ့ အဲဒီလောဘနဲ့ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ ဆန္ဒတွေကို ‘ကာမစ္ဆန္ဒ’ လို့ခေါ်တယ်၊  Desire for sensual pleasure စိတ်ရဲ့ ပျော်မွေ့စရာတွေပေါ်မှာ လိုချင်နေတဲ့ ဒီ ကာမစ္ဆန္ဒ ဆိုတဲ့တရား လုံးဝချုပ်ငြိမ်းသွားတယ်။

 

ဘယ်သူတွေက ချုပ်ငြိမ်းအောင် လုပ်လိုက်သလဲ ဆိုတော့ ခုနက အာရုံလေးပေါ်မှာ တည်ငြိမ်တဲ့စိတ် - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ ၅-ပါးက ချုပ်ငြိမ်းသွားအောင် လုပ်လိုက်တာ။ နီဝရဏတွေ လောင်မြိုက်ပစ်လိုက်တယ်။ အဲဒီ ကာမစ္ဆန္ဒ မလာတော့ဘူးလို့ ဆိုလိုတယ်။                

 

အဲဒါတင် မကဘူး၊ ဘာတွေက လွတ်ထွက်သွားတုန်း ဆိုရင် ကျန်တဲ့ နီဝရဏ တွေဖြစ်တဲ့ …

ဗျာပါဒ ဆိုတဲ့ အာရုံပေါ်မှာ အလိုမကျမှု ဆိုတာလည်း မရှိတော့ဘူး၊

ထိနမိဒ္ဓ ဆိုတဲ့ စိတ်ကို တွန့်ဆုတ်စေတဲ့ နီဝရဏလည်း မရှိတော့ဘူး၊

ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတဲ့ စိတ်လေလွင့် နေတာလည်း မရှိတော့ဘူး၊ ပူပန်မှုလည်း မရှိတော့ဘူး၊

ဝိစိကိစ္ဆာ ဆိုတဲ့ သံသယလည်း မလာတော့ဘူး၊

ဆိုလိုတာက ကုသိုလ်စိတ်ကို ဆို့ပိတ်တက်တဲ့ နီဝရဏတရားတွေ အားလုံးဟာ ရပ်ဆိုင်းသွားတယ်လို့ ပြောတယ်။

                  

အဲဒီ ရပ်ဆိုင်းလို့ရလာတဲ့ ချမ်းသာသုခကို “ဝိဝေကဇ ပီတိသုခ” လို့ ခေါ်တယ်။ ‘ဝိဝေက’ ဆိုတာ ကာမဂုဏ်စိတ်တွေက လွတ်သွားတယ်၊ အကုသိုလ် အတွေးတွေ လုံးဝ ပြတ်တောက်သွားတယ်၊ အဲဒါတွေက ကင်းဆိတ် လွတ်မြောက်သွားသည့် အတွက်ကြောင့် ဝိဝေက၊ အဲဒီ ကင်းလွတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ‘ဝိဝေကဇ’ ပီတိသုခတဲ့၊ ပျော်ရွှင်ပြီး ကိုယ်ချမ်းသာ စိတ်ချမ်းသာ ခံစားနေရတယ်လို့ ဆိုလိုတယ်၊ အဲဒါ ပထမဈာန်အဆင့်၊ စိတ်ကို လေ့ကျင့်လိုက်ရင် ဒီအဆင့် ရောက်သွားတယ်၊ အဲဒီ သုခမျိုးက အပြောတင် မဟုတ်ဘူး၊ တကယ် စနစ်တကျ လေ့ကျင့်လို့ ရှိရင် လေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေ လက်တွေ့ ရနိုင်တယ်ပေါ့။

                 

ယခုခေတ်မှာ ဘာဖြစ်လို့ ရတဲ့သူ နည်းပါးတာလဲ ဆိုရင် လေ့ကျင့်သူတွေ နည်းကြလို့ ကာမဂုဏ် အာရုံတွေရဲ့ လွှမ်းမိုးမှုက ကြီးထွားနေတယ်၊ ကြီးထွားနေသည့် အတွက်ကြောင့် ကာမဂုဏ်အာရုံက ရှေးကထက် ပိုများလာတယ်၊ ကာမဂုဏ် အာရုံတွေ လိုချင်စရာတွေ ပိုများလာသည့် အတွက်ကြောင့် လိုချင်စိတ်တွေက ပိုများ မလာဘူးလား?

                  

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက တောရွာ အရပ်ဒေသတွေမှာ ဆိုလို့ရှိရင် လူတွေဟာ ၆-လောက် အလုပ်လုပ်ပြီး ၆-လလောက် ထိုင်စား နေကြတယ်၊ ဘာအလုပ်မှ မလုပ်ဘူး၊ အေးအေး ဆေးဆေး ပဲနော်၊ အဲဒီခေတ်တုန်းက ဓာတ်ဗူးဆိုတာ မရှိဘူး၊ မရှိသည့် အတွက်ကြောင့် ဓာတ်ဗူးအတွက် ကုန်ကျစရာလည်း မရှိဘူး၊ ရေဒီယိုလည်း မရှိဘူး၊ ကက်ဆက်လည်း မရှိဘူး၊ တယ်လီဗွီးရှင်းလည်း မရှိဘူး၊ အဲဒီအတွက် ကုန်ကျစရာ ဘာတစ်ခုမှ မရှိဘူး၊ မြို့ဆိုတာလည်း မရောက်ဖူးကြဘူး၊ ကားစီးဖို့ ဆိုတာလည်း သူတို့စိတ်ထဲမှာ မရှိဘူး၊ ဟုတ်ကဲ့လား? အချိန်တန်ရင် ကိုင်းလုပ်ငန်းလုပ်၊ ကိုင်းသိမ်းပြီး အိမ်ပေါ်မှာ ဆန်တို့ ပဲတို့ ဆီတို့ တင်ထားတယ်။ အချိန်တန် ထမင်းလေး ချက်စားပြီး ကျန်တဲ့အချိန်က အားနေကြတယ်။

                  

ဘုန်းကြီးကျောင်း ဆွမ်းပို့ချိန် ပို့မယ်၊ ဒိပြင် အချိန်က အားနေကြတယ်၊ ဘာမှ လိုတာလည်း မရှိဘူး၊ မြို့မသွားသည့် အတွက်ကြောင့် မြို့ပေါ်က အထူးအဆန်း ပစ္စည်းတွေလည်း ဘာမှ လိုချင်စရာ မရှိဘူး၊ မြင်မှ မမြင်ဖူးတာဆိုတော့ လိုချင်စရာ မရှိဘူး၊ ကြားလည်း မကြားဖူးဘူး ဆိုတော့ လိုချင်စရာလည်း မရှိဘူး၊ မြို့ဆိုတာ ဝေလာဝေး၊ ရွာနီးချင်း ဟိုနား ဒီနား ရွာ ၂-ရွာ၊ ၃-ရွာ ဟိုဘက် ရောက်ဖူး သွားဖူးတာမှ မရှိဘဲ၊ အဲဒီလို မြို့မရောက်ဘဲနဲ့ လူ့ဘဝ အဆုံးသတ်သွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ။

                  

အဲဒါ တကယ့်ကို တောခေါင်ပြီး မြို့နဲ့ အဝေးကြီးလား ဆိုရင် မဝေးဘူး၊ တကယ်တော့ မန္တလေးမြို့နဲ့ မိုင် ၅၀-လောက်ပဲ ဝေးတယ်နော်၊ ခုခေတ်ဆိုရင် မိုင် ၁၀၀-လည်း သွားတယ်၊ မိုင်-၂၀၀ လည်း သွားတယ်၊ မိုင် -၃၀၀၊ ၄၀၀ လည်း သွားတာပဲ၊ ဟုတ်ကဲ့လား? အေး - မြင်စရာ အာရုံတွေက မရှိတော့ လိုချင်တဲ့ လောဘတွေက နည်းမသွားဘူးလား?

                  

အဲဒီတုန်းက ကိုယ့်စိုက်ခင်းကပေါ် သူများပေး၊ သူများ စိုက်ခင်းကပေါ် ကိုယ်ကယူစား၊ ပြောင်းဖူးတို့ ပဲတို့ ပေါ်တဲ့ အချိန်ဆို ဟိုအခင်းက အရင်ပေါ်ရင် ဟိုအခင်းက ယူစား၊ ရောင်းစားတယ်ဆိုတာ မရှိဘူး၊ သူ့အခင်းပေါ် သူ့ဆီကစား၊ ကိုယ့်အခင်းပေါ် ကိုယ့်ဆီကစားနဲ့ လူတွေဟာ ညီညွတ်ကြတယ်၊ ဒီလို အချိန်ပိုင်းကလေးကို ဘုန်းကြီးတို့တတွေ မီလိုက်သေးတယ်ပေါ့။

                  

လျှပ်စစ်မီးကလည်း မရှိတော့ ည လ,သာပြီ ဆိုရင် အလွန် ပျော်စရာကောင်းတယ်၊ လ,ရောင် ကလေးနဲ့ပဲ နေရတယ်၊ လ,ရောင်ကလေးနဲ့ဆို မီးထွန်းစရာ မရှိဘူး၊ သို့သော် တစ်ခါတစ်လေ တိမ်မည်းကြီးက လ,ကို လာလာ ဖုံးတတ်တာလေးတော့ ရှိသေးတယ်၊ မြို့မှာ မီးပျက်တဲ့သူတွေ ခံစားရသလို နေမှာပဲ၊ တိမ်မည်းကြီးက လ,ကို လာလာ ဖုံးတဲ့အခါ မှောင်သွားတယ်နော်၊ ဓာတ်မီး ဆိုတာလည်း မရှိဘူး၊ ဒီလိုပဲ နေကြတာ၊ လိုချင်စရာ အလွန်နည်းတယ်။

                  

ဘယ်အချိန်ပိုင်းတုန်း ဆိုရင် ဒုတိယကမ္ဘာစစ် ဖြစ်ခါနီးလို့ လှုပ်နေတဲ့ အချိန်ပိုင်းပေါ့၊ ၁၉၄၀-ပြည့် ပတ်ဝန်းကျင်မှာပဲ။ သို့သော် နောက်ပိုင်းကျတော့ ခေတ်မကောင်းတဲ့ အခြေအနေမျိုး ရောက်လာတယ်၊ ဒုတိယကမ္ဘာစစ် ဖြစ်လာတယ်၊ ဒုက္ခ ရောက်ကြသူတွေ အများကြီးပဲ။ ဘုန်းကြီးတို့ က ၁၀-နှစ်သား၊ တောရွာက နေပြီး စစ်ကိုင်းတောင် ရောက်လာတယ်။ အေး၊ စစ်ကိုင်းတောင်က အခုချိန်နဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အလွန် ကွာခြားသွားပြီ။ အဲဒီ အချိန်တုန်းက အေးချမ်းတဲ့ အရသာနဲ့ အခုချိန် အင်မတန်မှ ကွာခြားတယ်၊ အဲဒီတုန်းက စစ်ကိုင်းတောင်ဆိုတာ လူတစ်ယောက်သာ သွားသာတဲ့ လမ်းကလေးတွေပဲ ရှိတယ်၊ တရုပ်စကား ပင်ကြီးတွေက မိုးလို့၊ ဒဟတ်ပင်ကြီးတွေက မိုးလို့၊ ကျောက်ကလေးတွေ ခင်းထားတဲ့ လူသွားလမ်းကလေးတွေက ဖြတ်တက်ရတယ်၊ ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေ ဒီအကောင်လေးတွေပဲ ရှိတယ်၊ ဘယ်နေရာ သွားသွား ကိုယ့်ခြေသလုံး အားကိုးနဲ့ ကိုယ်သွားကြရတာ။

                  

ကျားသစ်တွေ ဟောက်တဲ့အသံ ကြားရတယ်၊ စစ်ကိုင်းတောင်မှာ ခွေးမရှိဘူး၊ အဲဒီတုန်းက ခွေးရှိရင် ညကျ ကျားသစ်က လာဆွဲသွားတယ်၊ ဘာတွေရှိတုန်းဆို တောင်ကြောင်တွေ ရှိတယ်၊ နေ့မှာဆိုရင် ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေရဲ့ အသံပဲ ကြားရတယ်။

                  

ခုခေတ်ဆိုရင် ဟိုနားက loud speaker သံ၊ ဒီနားက loud speaker သံ ဆူညံသံတွေ ကြားရတယ်။ သီချင်းတွေကိုလည်း အမျိုးမျိုး ဖွင့်ကြတယ်လေ။ တစ်ခါတုန်းက ဘုရားပေါ်က ဖွင့်လိုက်တဲ့ သီချင်းဟာ ဘာသီချင်းများ အောက်မေ့လဲ? “ကိုကိုရေ - ရူးပြီ ရူးပြီ” ဆိုတဲ့ သီချင်း ဖွင့်တယ်၊ အဲဒီလို ဆူညံသံတွေ အခုခေတ်မှာ လွှမ်းမိုးသွားပြီဆိုတော့ “ဝိဝေကဇ ပီတိသုခ” ကင်းဆိတ်မှု ချမ်းသာဆိုတာ ဘယ်သိတော့မှာတုန်း၊ သိနိုင်ပါ့မလား? အေး - အဲဒီ ချမ်းသာမျိုးကို မသိတော့ဘူးလေ။

                  

နားကျပ်ကလေးကို နားမှာတပ်ပြီး ဟုတ်လား? ဂျိန်း ဂျိန်း ဆိုတာနဲ့ လူတစ်ကိုယ်လုံး လှုပ်နေတဲ့ ချမ်းသာသုခတွေ၊ အဲဒီချမ်းသာသုခပဲ ခံစားနေကြမှာပဲ၊ အဲဒီ ချမ်းသာသုခနဲ့ အင်မတန်ကွာခြားပြီး တိတ်ဆိတ် ငြိမ်သက်လှတဲ့ ချမ်းသာသုခဆိုတာ ပျင်စရာကြီး ဖြစ်ကုန်ပြီ။

 

အဲဒီမှာ စိတ်ဖြစ်ပုံက ဘယ်လိုတုန်းလို့ ဆိုရင် ဈာန်စိတ် ဖြစ်လာပုံလေးကို ဆက်ပြီးတော့ ပြောရမယ်ဆိုရင် လေ့ကျင့်ထားတဲ့ အာရုံကလေးပေါ်မှာ ပရိကမ္မနိမိတ်၊ ဒီ ပရိကမ္မနိမိတ်က တဆင့် ပြောင်းလာတဲ့ ဥဂ္ဂဟနိမိတ်၊ ထို့နောက် ပဋိဘာဂနိမိတ်ပေါ် စိတ်ကလေးငြိမ်သွားလို့ရှိရင် ဈာန် ရသွားတယ်။ ဈာန်ရသွားတဲ့ စိတ်အစဉ်ဟာ ဘယ်လို ဖြစ်လာသလဲဆိုရင် အဲဒီ အာရုံပေါ်မှာ မနောဒွါရာဝဇ္ဇန်း ဆိုတဲ့ စိတ်ကလေးက တံခါးကို ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် သာမန်ဖြစ်နေကျ ကာမဇောတွေ မဟုတ်ဘဲနဲ့ ထိုကာမဇောတွေနဲ့ အလွန် ဆန့်ကျင်တဲ့ ပဋိဘာဂနိမိတ် ဆိုတဲ့ အာရုံလေးပေါ်မှာ ဘာဖြစ်လာတုန်း ဆိုရင် “ပရိကမ္မ” ဆိုတဲ့ ဇောစိတ်ကလေး အရင် ဝင်လာတယ်၊ ပြင်ဆင်မှုကလေး ဝင်လာတယ်၊ ပြင်ဆင်မှုကလေး ဝင်ပြီးတဲ့အခါ “ဥပစာရ” ဆိုတဲ့ ဇောစိတ်ကလေး ဖြစ်လာတယ်၊ ဥပစာရ ဇောစိတ်ကလေး ချုပ်သွားတာနဲ့ တစ်ပြိုင်နက် “အနုလောမ” ဆိုတဲ့ ဇောစိတ်ကလေး ဖြစ်လာတယ်၊ အနုလောမဆိုတဲ့ ဇောစိတ်ကလေး ချုပ်သွားတာနဲ့  တစ်ပြိုင်နက် “ဂေါတြဘူ” တဲ့၊ အနွယ်တစ်ခုကို ပြောင်းလွဲလိုက်ပြီ၊ ကာမအနွယ်ကနေပြီးတော့ မဟဂ္ဂုတ်ဆိုတဲ့ မြင့်မြတ်တဲ့အနွယ် ကာမဂုဏ် အာရုံတွေ ဖျောက်ပြီး ဟိုဘက်ကို ဖြတ်ကူးလိုက်ပြီလို့ ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ ဂေါတြဘူဆိုတဲ့ ဇောလေး၊ ဒီ ဇောကလေးတွေက ဘယ်အရာတုန်းဆိုရင် မဟာကုသိုလ် ဉာဏသမ္မယုတ်စိတ် ၄-ခုပဲ၊ အဲဒီ မဟာကုသိုလ် ဉာဏသမ္မယုတ်စိတ် ၄-ခုကို နာမည် ပေးထားတာ၊ မဟာကုသိုလ် ဉာဏသမ္မယုတ်စိတ် ဇောဟာ ၄-ကြိမ်ဖြစ်တယ်။

                  

ပထမဆုံး ဖြစ်တာကို “ပရိကံ” လို့ ခေါ်တယ်၊

ဒုတိယ ဖြစ်တာကို “ဥပစာ” လို့ ခေါ်တယ်၊

တတိယအကြိမ် ဖြစ်တာကျတော့ “အနုလုံ” လို့ခေါ်တယ်၊

စတုတ္ထအကြိမ် ဖြစ်တာကျတော့ “ဂေါတြဘူ” လို့ ခေါ်လိုက်တယ်၊

နာမည်တစ်မျိုး ပေးလိုက်တာနော်၊ သူလုပ်တဲ့ အလုပ်ဆောင်ချက်ကို ကြည့်ပြီးတော့ အမည်နာမ အသစ်ကလေးတွေ ပေးလိုက်တာ။

                  

အဲဒီလို မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောလေး ၄-ခါလည်း ဖြစ်ပြီးရော ‘ဈာန်’ ဆိုတာ ရောက်လာတယ်၊ ဈာန်ဆိုတာ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ၊  အဲဒီ ၅-ခု အင်အားစုပြီး ဖွဲ့စည်းထားတဲ့ စိတ်တည်ငြိမ်မှု အနေအထား တစ်ခုကို ရောက်ရှိ သွားတယ်။

                  

အဲဒီတည်ငြိမ်မှု အနေအထား ရောက်သွားလိုက်တာနဲ့ တစ်ပြိုင်နက် ကာမနဲ့ ပတ်သက်တဲ့ အတွေးတွေ လုံးဝ ငြိမ်သွားတယ်၊ မလာတော့ဘူး၊ အနီးနားကို မပေါ်နိုင်တော့ဘူး၊ ဘယ်လိုမှ မပေါ်တော့ဘူး၊ ဗျာပါဒနဲ့ ပတ်သက်တဲ့ အတွေးတွေ၊ နီဝရဏတွေနဲ့ ဆိုင်တဲ့ အတွေးတွေ အကုန်လုံး ချုပ်ငြိမ်း သွားတယ်။

                  

ပထမဆုံးအကြိမ် ရတဲ့ ဈာန်ဆိုတာလေးက တစ်ကြိမ် ဖြစ်ပြီးရင် ဘဝင်ကျသွားတယ်၊ ထိန်းမထား နိုင်သေးဘူးလို့ ဆိုလိုတာပေါ့၊ ပထမဆုံး ရောက်လိုက်တဲ့ အချိန်က ထိန်းမထားနိုင်ဘူး၊ အဲဒီ ဈာန်ဆိုတာလည်း ဇောပဲ၊ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ဆိုတာက မဟာကုသိုလ်ဇော၊ မဟာကုသိုလ်ဇောက ကာမအနွယ် ကာမာဝစရစိတ်၊ ဈာန်ဆိုတာကျတော့ မဟဂ္ဂုတ်စိတ်၊ မဟဂ္ဂုတ် အနွယ်၊ အနွယ်ချင်း မတူဘူးလို့ ပြောတာနော်။

                  

အဲဒီဈာန်ဆိုတာ attainment လို့ခေါ်တယ်၊ ရရှိလာတဲ့ အကျိုးပဲ၊ ကာမာဝစရစိတ် ဆိုတာကတော့ ကိုယ့် မွေးရာပါလို့ ပြောရမှာပေါ့၊ မဟာကုသိုလ်စိတ်ဆိုတာ မွေးရာပါလို့ ပြောလို့ရပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ရိုးရာအားဖြင့် ဖြစ်လို့ပဲ။ ဒါနကောင်းမှု ပြုရင်လည်း ဖြစ်တယ်၊ အသိဉာဏ် ပါလာလို့ရှိရင် သီလဆောက်တည် တဲ့အခါ ဖြစ်တယ်၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားတဲ့အခါဖြစ်တယ်၊ သို့သော် အဆင့်မြင့်လာပြီး ဈာန်ဘက်ကို ဦးတည်သွားပြီ ဆိုလို့ရှိရင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ လို့ လေးကြိမ်ဖြစ်ပြီးတာနဲ့ တစ်ပြိုက်နက် အဆင့်မြင်တဲ့ ဈာန်ဆိုတဲ့ ဒီစိတ်ဓာတ်တစ်မျိုးက ထပ်ပြီး တော့ ပေါ်လာတယ်၊ ပေါ်လာပြီးရင် ထိန်းမထားနိုင်လို့ ပျောက်သွားတယ်၊ ပျောက်သွားသည့် အတွက်ကြောင့် ဒီလမ်းကြောင်းအတိုင်း ထပ်ပြီးတော့ လျှောက်တယ်၊ ဒီလမ်းကြောင်းအတိုင်း ထပ်ပြီး လျှောက်လိုက်တဲ့အခါ ပြန်ပြီးတော့ ဒီအဆင့်ကို နောက်အကြိမ်မှာ အောင်မြင်လာပြီ ဆိုရင် ဈာန်ကို ထိန်းလာနိုင်တယ်ပေါ့။

                  

ဈာန် ဈာန် ဈာန် ဈာန်တွေချည်းပဲ ဆက်ဖြစ်နေအောင် ထိန်းထားပြီး နောက်ပိုင်းကျတော့ အလေ့အကျင့် ရသွားပြီဆိုရင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ဆိုတဲ့ ကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ဇော ၄-ကြိမ် စောပြီးတာနဲ့ တစ်ပြိုက်နက် နောက် ဈာန်ဆိုတာ ၁-နာရီလို့ အဓိဋ္ဌာန်ထားရင် ၁-နာရီတိတိ ဈာန်တွေချည်းပဲ နေလို့ရတယ်၊ ထိန်းသွားလို့ရတယ်။

                  

နောက်ထပ်ပြီးတော့ လေ့ကျင့်တယ်၊ လေ့ကျင့်ပါ များသွားတဲ့ အခါကျတော့ နာရီဝက် ထိန်းသွားနိုင်တယ်၊ ၁-နာရီ ထိန်းနိုင်တယ်၊ တစ်နေ့လုံး လုပ်ထားလို့ ရတယ်၊ လေ့ကျင့်ခန်း ယူတာလေ၊ physical exercises လုပ်တဲ့အခါမှာ လုပ်လို့ ရသလိုပဲတဲ့၊ mental exercises ကလည်း လေ့ကျင့်ပြီး ယူလို့ရတယ်လို့ ပြောတာ၊ အဲဒီ စိတ်ကလေးကို ၁၂-နာရီ ထိန်းလို့ရတယ်၊ တစ်နေ့တာ ထိန်းလို့ရတယ်၊ ဟော - ဈာန်စိတ်ကလေးနဲ့ နေနေတာ၊ အဲဒါကို ဈာန်ဝင်စားတယ်လို့ ပြောကြတယ်။

                  

အဲဒီ ဈာန်မျိုး အဆင့်မမီတဲ့ ပုဂ္ဂိုလ်တွေက စာလေးတစ်ကြောင်း ရေးရင် ဈာန်ဝင်စားနေတယ်လို့ ပြောနေကြတာနော်၊ အလုပ်ကလေးတစ်ခုကို ဈာန်ဝင်စား နေတယ်လို့ ပြောနေကြတာနော်၊ တကယ် ဈာန်နဲ့ အဝေးကြီးနော်၊ တွေးချင်ရာ တွေးနေပြီးတော့ ဈာန်ဝင်စားတယ်လို့ ပြောလို့ ဘယ်ရမလဲ၊ ဟိုက အာရုံ ၁-ခုလေးအပေါ်မှာ တည်ငြိမ်ပြီးတော့ နေတာ။      

         

“ဈာန” ဆိုတဲ့ အဓိပ္ပာယ်က အနီးကပ် ရှုမှတ်ပြီးတော့ အာရုံနဲ့စိတ် ကပ်နေတဲ့ သဘောကို ပြောတာ၊ တစ်နည်းအားဖြင့် “ဈာန” ဆိုတာ ဆန့်ကျင်ဘက် နီဝရဏ တရားတွေကို လောင်ကျွမ်းပစ်လိုက်တယ်၊ ဖျက်ဆီး ပစ်လိုက်တယ်လို့ အဓိပ္ပါယ် ရတယ်၊ အဲဒီဈာန ဆိုတာ ဘယ်သူ့ကို ခေါ်တာတုန်းဆိုရရင် ခုနက ဈာန် အင်္ဂါ ၅-ပါး၊ Unity of Jhana factor ကိုပြောတာ။ အဲဒီ ၅-ခုနဲ့ ထိန်းထားလိုက်တာတဲ့၊ ဒါ စိတ်ကိုလေ့ကျင့်တဲ့ ဖြစ်စဉ်ဟာ အဲဒီပုံစံနဲ့သွားလို့ ပြောတာနော်။

                  

ပထမဆုံးရတဲ့ အချိန်မှာ ဈာန် ၁-ကြိမ်ပဲ ဖြစ်တယ်၊ ဒုတိယ တတိယ အောင်မြင်သွားပြီ ဆိုတဲ့အခါ ဆက်လက် ထိန်းတဲ့အခါမှာ အကြိမ်နဲ့ မပြောတော့ဘူး၊  ၁-နာရီကြာ ဖြစ်မယ်၊ ၁-ရက်ကြာမယ်၊ ဟုတ်လား အကြိမ်ဆိုရင် ပြောလို့ မရတော့ဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ လက်ဖျစ် တစ်တွက် အတွင်းမှာ ကုဋေ တစ်သိန်းခန့် ဖြစ်နိုင်တာကိုး၊ ဈာန်စိတ်တွေချည်းပဲ ဆက်လက်ဖြစ်တာကို ဈာန် ဝင်စားနေတယ်လို့ ပြောတာ။ အဲဒီနေရာမှာလည်းပဲ လေ့ကျင့်ခန်းတွေ အများကြီး လုပ်ရတယ်၊ အဲဒီ လေ့ကျင့်ခန်းတွေ အများကြီးလုပ်လို့ စွမ်းရည်သတ္တိတွေ ပြည့်လာတာကို “ဝသီဘော်” လို့ ခေါ်တယ်နော်။

                  

ဝသီဘော် ဆိုတာ ဝသီဘာဝ က လာတာ။ ဝသီဘာဝမှာ ဝသ ဆိုတာ စွမ်းရည်သတ္တိ၊ စွမ်းရည်သတ္တိရှိတာကို ဝသီဘာဝ၊ မြန်မာလို ဝသီဘော်လို့ ပြန်လိုက်တဲ့အခါကျတော့ အဓိပ္ပါယ် မပေါ်ဘူးပေါ့၊ စွမ်းရည်သတ္တိတွေ ရလာအောင် လေ့ကျင့်ယူတာ၊ အားကစားသမား တွေလည်း လေ့ကျင့်တာပဲ မဟုတ်လား? မလေ့ကျင့်ဘဲနှင့် စွမ်းရည်တွေ ရလာတာ မဟုတ်ဘူး၊ သူတို့မှာ အမြဲ လေ့ကျင့်နေရတာ၊ အဲဒီလိုပဲ ဈာန်ဝင်စားတဲ့ ပုဂ္ဂိုလ်ကလည်း လေ့ကျင့်ရတယ်။

                  

လေ့ကျင့်တဲ့အခါ …

 

‘အာဝဇ္ဇန’ - ခဏလေး ဆင်ခြင်ရုံနဲ့ အမြန်ဆင်ခြင်လို့ရတဲ့ နည်းစနစ်၊ စိတ် သွက်လက်လာအောင် လေ့ကျင့်ပေးရခြင်း၊

 

‘သမာပဇ္ဇန’ - ကိုယ်ဝင်စားချင်တဲ့အချိန် ဖျတ်ခနဲ ဝင်စားလို့ရအောင် လေ့ကျင့် ရတယ်၊

 

‘အဓိဋ္ဌာန’ - ကိုယ့်စိတ်ထဲမှာ ပိုင်းခြားထားတဲ့ အချိန်အတိုင်း လုပ်လို့ရအောင် လုပ်ရတယ်၊

 

‘ဝုဋ္ဌာန’ - ကိုယ် ထ,ချင်တဲ့အချိန်၊ ရုပ်သိမ်းချင်တဲ့ အချိန် ထလို့ရအောင် လေ့ကျင့်တယ်။ (ထချင်တဲ့ အချိန်ဆိုတာ ဈာန်ဝင်စားမှုကို ရပ်တန့်တာကို ပြောတာနော်၊) ရပ်တန့်ချင်တဲ့ အချိန်ရပ်လို့ရအောင် လေ့ကျင့်တာ၊ အရှိန်အဟုန်နဲ့ ပြေးနေတာ၊ ရပ်ချင်တယ်ဆိုတာ ချက်ချင်းရပ်လို့ ဘယ်ရမလဲ၊ လေ့ကျင့်ပေးလို့ရှိရင် ချက်ချင်း ရပ်လို့ရတယ်၊ ဥပမာ ၁-နာရီတိတိ ဝင်စားတယ် ဆိုရင် ၁-နာရီတိတိ အချိန်မှာ ထနိုင်အောင် လေ့ကျင့်ခန်းတွေ အများကြီး ယူရတယ်။ ယူလိုက်တဲ့အခါ ၁-နာရီက နေပြီးတော့ ၁-နာရီ အသံကလေး ဒင်ကနဲ ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ဈာန်ကလည်း ရပ်ပစ်လိုက်တာ၊ ရပ်ပစ်လိုက်တဲ့ အခါကျတော့ ပင်ကိုယ်စိတ်တွေ ပြန်ဝင်လာတယ်ပေါ့၊ ဒီလို ဆိုလိုတာ၊ အဲဒါကို ‘ဝုဋ္ဌာနဝသီဘော်’ လို့ခေါ်တယ်။

                  

ဆင်ခြင်မှု သွက်လက်တာက “အာဝဇ္ဇန”၊

ဝင်စားတာ သွက်လက်တာက စွမ်းရည်သတ္တိ ရှိတာက “သမာပဇ္ဇန”၊

အဓိဋ္ဌာန်တဲ့အတိုင်း ဖြစ်တာက “အဓိဋ္ဌာန”၊

ချက်ချင်း ရပ်တန့်နိုင်တာက “ဝုဋ္ဌာန”၊

နောက် “ပစ္စဝေက္ခဏ” ဆိုတာ ကိုယ်ဝင်စားတဲ့ဈာန်ကို ပြန်ပြီးတော့ ဆင်ခြင်တာ တွေးတောတာ၊

 

စွမ်းရည်သတ္တိတွေ၊  အပြည့်အဝ ရတယ်၊ အဲဒီလို လေ့ကျင့်ယူတာ၊ ဒါ - စိတ်ကို အာရုံနဲ့ လေ့ကျင့်တယ် ဆိုတဲ့ ဒီ နည်းစနစ်ကို ပြောတာနော်၊ ဒါတွေလည်းပဲ စိတ်ဖြစ်စဉ်ထဲမှာ ပါတာပဲ၊ မလေ့ကျင့်ရင် အဲဒီ အဆင့်အတန်းမျိုး ဘုန်းကြီးတို့တတွေ မရောက်နိုင်ဘူးတဲ့။

.

 

ဒုတိယဈာန် ဖြစ်ပုံ

▬▬▬▬▬▬

                  

ကဲ - ကောင်းပြီ၊ အခုလို ပထမဈာန် အဆင့် ရသွားပြီဆိုရင် ရှေ့ကို ဆက်သွားစရာ လမ်းကြောင်း ရှိသေးလား ဆိုရင် ရှိသေးတယ်၊ ဆက်သွားချင်သေးတယ် ဆိုရင် သွားလို့ ရသေးတယ်၊ သမာဓိ စွမ်းအားတွေကို တိုးမြှင့်ဖို့ရန် ဘာလုပ်ရမလဲ၊ ခုနက ပထမဈာန်ဆိုတာ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတာ ဒီ ၅-ခုနဲ့ ဖွဲ့စည်းထားတာ အဲဒီထဲမှာ ဝိတက် ဆိုတာ စိတ်ကို အာရုံပေါ် တင်တင်ပေးနေတဲ့ သဘောလေး၊ မြန်မာလို ဆိုတော့ တွေးပေးနေတဲ့ သဘော။ အဲဒီ တွေးနေ ရတာကိုက စိတ်ရဲ့လှုပ်ရှားမှု၊ သမာဓိရဲ့ အနှောင့်အယှက် ဖြစ်တယ်လို့ မြင်လာတယ်၊ ဒီအတွေး မပါရင် ကောင်းမှာပဲ၊ ဒီအတွေးက အာရုံပေါ်မှာ တင်တင်ပေးနေရတာ အနှောင့်အယှက်ဖြစ်တယ်။ အတွေး ပျောက်အောင် သမာဓိစွမ်းအားတွေ တိုးမြှင့်လိုက် တဲ့အခါ အဲဒီ ဝိတက်လေး ပြုတ်ကျသွားပြီး ဝိတက်လေး မပါဘဲနဲ့ အာရုံနဲ့စိတ် တွေ့သွားတယ်၊ ဝိတက်ဆိုတဲ့ အင်္ဂါကို ဖယ်ရှားပစ်လိုက်တာ၊ ဝိတက် ပြုတ်သွားလို့ ဒုတိယဈာန်အဆင့်လို့ ခေါ်တယ်။

                  

ဒုတိယဈာန်အဆင့် ရောက်တဲ့အခါ ဝိတက်ရဲ့ လှုပ်ရှားမှုလေးက ငြိမ်ကျသွားတယ်၊ ငြိမ်ကျသွားပြီး စိတ်နဲ့အာရုံ ကွဲမသွားအောင် တွဲပေးထားတဲ့ ဝိစာရသာ ရှိတော့တယ်၊ ဝိစာရရယ် ပီတိရယ် သုခရယ် ဧကဂ္ဂတာရယ် အဲဒီ ၄-ခုနဲ့ ဖွဲ့စည်းလိုက်တဲ့အခါ လှုပ်ရှားမှု တော်တော်လေး ငြိမ်ကျသွားတယ်၊ အဲဒါဟာ ဒုတိယဈာန် အဆင့်လို့ ခေါ်တယ်၊ သမာဓိစွမ်းအား ထက်လာသည့် အတွက်ကြောင့် သမာဓိကြောင့် ဖြစ်ပေါ် လာတဲ့ ချမ်းသာသုခ - “သမာဓိဇ ပီတိသုခ”၊ ခုနတုန်းက “ဝိဝေကဇ ပီတိသုခ” - ကာမဂုဏ်အာရုံတွေက လွတ်သွားတဲ့ ချမ်းသာသုခ၊ အခုဟာကျတော့ “သမာဓိဇ ပီတိသုခ” - သမာဓိ စွမ်းအားကြောင့် ရရှိလာတဲ့ ချမ်းသာသုခလို့ ဖြစ်ပေါ်လာတယ်။

.

        

အင်္ဂါ ၃-ခုနဲ့

ဒုတိယ (တတိယ) ဈာန်

▬▬▬▬▬▬▬▬▬

                  

အဲဒီနေရာမှာ တချို့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့  ဝိတက်နဲ့ ဝိစာရ ၂-ခုစလုံးကို တစ်ခါတည်း ကျော်ပစ်လိုက် နိုင်တာလည်း ရှိတယ်၊ (များသောအားဖြင့် သုတ္တန် ပါဠိတော်တွေမှာ စတုက္ကနည်း လို့ခေါ်တဲ့ ဈာန် ၄-မျိုးပဲ ပြတယ်၊ ဈာန် ၅-မျိုး မပြဘူး၊) ဝိတက်နဲ့ ဝိစာရက သဘောချင်းတူတယ်၊ အာရုံပေါ်မှာ တင်ပေးထားတယ်, တင်ပေးထားတဲ့အတိုင်း ကွာမသွားအောင် ထိန်းပေးထားတယ် ဆိုတာ ဒါတွေ အနှောင့်အယှက် ဖြစ်တယ်လို့ ဆိုပြီး ဒီ ၂-ခုကို ဖယ်ရှား ပစ်လိုက်တယ်၊ ဒုတိယဈာန် အဆင့် ရောက်သွားတယ်။

                  

ဒုတိယဈာန်အဆင့် ရောက်သွားလို့ရှိရင် ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဒီစိတ်အခြေအနေ ၃-ရပ်နဲ့ပဲ ကျေနပ်ပြီးတော့ နေတယ်၊ ဒါကျတော့ “သပ္ပီတိက သုခ” လို့ ခေါ်တယ်၊ ပီတိပါတဲ့ ချမ်းသာကို ခံစားရတယ်၊ အဲဒါကို တတိယဈာန် အဆင့်လို့လည်း ပြောလို့ ရသွားတယ်နော်၊ ပီတိပါနေသေးတော့ တတိယဈာန်အဆင့်လို့ ဒီလို ပြောလိုက်တယ်၊ တစ်ခါ ပီတိရဲ့ သဘောကို ဈန်ရ,ထားတဲ့ တတိယဈာန် အဆင့်လို့ ဒီလို ပြောလိုက်တယ်။

.

 

တတိယဈာန် ဖြစ်ပုံ

▬▬▬▬▬▬▬

                

တစ်ခါ ပီတိရဲ့ သဘောကို ဈာန်ရ,ထားတဲ့ ပုဂ္ဂိုလ်က ဆင်ခြင်သုံးသပ် လိုက်တဲ့အခါမှာ ပီတိဆိုတာ စိတ်ပျော်ပြီးတော့ လှိုက်လှိုက်လဲှလှဲ ဖြစ်နေတာ၊ တသိမ့်သိမ့်နဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်တတ်တာ၊ စိတ်မှာ ဖြစ်တတ်တဲ့ လှုပ်ရှားမှုကလေး တစ်ခု ဖြစ်နေတယ်၊ ဒါဟာလည်း သမာဓိ စွမ်းအားကို တစ်ဖက် တစ်လမ်းကနေ အနှောင့်အယှက် ပေးနေသလို ဖြစ်တယ်ပေါ့၊ ဟုတ်ကဲ့လား? ဒီ ကျေနပ်နေတဲ့ ပီတိလေးက သမာဓိစွမ်းအားကို အနှောင့်အယှက် ပေးနေသလိုဖြစ်လို့ ပီတိကို မလိုချင်တော့ဘူး၊ နောက်ထပ် ပီတိ မဖြစ်ချင်အောင် သမာဓိစွမ်းအား တိုးမြှင့်လိုက်တဲ့အခါ စတုတ္ထအကြိမ်မှာ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဟောဒီ  အင်္ဂါ ၂-ရပ်နဲ့ ဈာန်ကို ဖွဲ့စည်း ရပ်တည်သွားတယ်၊ ခုနက ပြောခဲ့တဲ့ အာရုံလေး ပေါ်မှာပဲနော်၊ ခုနက သြဒါတကသိုဏ်း အာရုံလေးပေါ်မှာ ဟောဒီလို ပြောင်းလဲ ပြောင်းလဲ ပြီးတော့ လုပ်သွားတာ၊ အဲဒါကျတော့ “နိပ္ပီတိက သုခ” လို့ ခေါ်တယ်၊ “ပီတိမဲ့ ချမ်းသာ”၊ ချမ်းသာ တာက ပီတိရှိတဲ့ ချမ်းသာက တစ်မျိုး၊ ပီတိ ကင်းမဲ့တဲ့ ချမ်းသာက တစ်မျိုးတဲ့၊ ဒါတွေက လူတွေ နားလည်ဖို့ အင်မတန် ခက်တယ်ပေါ့၊ ဘာဖြစ်လို့တုန်း ဆိုရင် သာမန် နေ့စဉ်မှာ ခံစားဖို့ရန် ခက်ခဲတဲ့ အရာတွေပေါ့။

.

 

စတုတ္ထ (ပဉ္စမ) ဈာန် ဖြစ်ပုံ

▬▬▬▬▬▬▬▬▬

                  

အဲဒီ ပီတိမဲ့ချမ်းသာကို ရလာပြီ ဆိုတဲ့အခါ အဲဒီပုဂ္ဂိုလ်က စဉ်းစားတယ်၊ အဲဒီ ချမ်းသာ နေတာကိုက ခန္ဓာကိုယ်မှာ တသိမ့်သိမ့်လေး ဖြစ်နေတယ်၊ ခန္ဓာကိုယ်ရဲ့အေးချမ်းမှု၊ စိတ်ရဲ့အေးချမ်းမှုလေး ဖြစ်နေတယ်။ တစ်နည်းအားဖြင့် ချမ်းသာဟာ လှုပ်ရှားမှုကလေး ဖြစ်နေသေးတယ်၊ ဖီလင်က သိသာ နေသေးတယ်ပေါ့၊ ဒီ သိသာနေတဲ့ ဖီလင်ကို မလိုချင်ဘူးတဲ့၊ လုံးဝကို ငြိမ်သွားတာကို လိုချင်တယ်။ ဒါကြောင့် သုခကို ဖယ်ရှားဖို့ ကြိုးစားလိုက်တဲ့အခါ စတုတ္ထဈာန် (သို့မဟုတ်) ပဉ္စမဈာန်အဆင့်ကို ရောက်သွားပြီ၊ ဝေဒနာဆိုတာ လုံးဝဖယ်ရှားလို့ မရသည့် အတွက်ကြောင့်ဝေဒနာကို reduce လုပ်လိုက်တဲ့အခါ “ဥပေက္ခာ” ဖြစ်သွားတယ်ပေါ့၊ ဟုတ်ကဲ့လား?

                  

ဥပေက္ခာဆိုတာ “အဒုက္ခ မသုခ = ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူး” တဲ့၊ ကိုယ့်ဟာကိုယ် ဥပေက္ခာ အရသာလေး ခံစားကြည့်ပေါ့၊ လူတွေ တစ်ခါတစ်လေကျ ပျော်တာလည်း မဟုတ်၊ ပျင်းတာလည်းမဟုတ် - ရှိတယ် မဟုတ်လား? ဝမ်းသာတာလည်း မဟုတ်၊ ဝမ်းနည်းတာ လည်း မဟုတ် ဆိုတာ စပ်ကြားကလေး ခံစားနေတာ တည်ငြိမ်တဲ့ ခံစားမှုလေး။ အဲဒီမှာ ဥပေက္ခာ ဖြစ်လာတဲ့အခါ ဥပေက္ခာပါရိသုဒ္ဓိ - ဥပေက္ခာနဲ့ တည်ငြိမ်တဲ့ ချမ်းသာကို ခံစားရတယ်။

                  

ရှေ့ပိုင်းက သမာဓိရဲ့ စွမ်းအားနဲ့ အနှောင့်အယှက် ဖြစ်တဲ့ ဝိတက်ကို ဖယ်ရှား လိုက်တယ်၊ ဝိစာရ ကိုလည်း ဖယ်ရှားလိုက်တယ်၊ ပီတိကိုလည်း ဖယ်ရှားပစ်လိုက် တယ်၊ သုခကိုလည်း ဖယ်ရှား ပစ်လိုက်တယ်၊ သမာဓိရဲ့ စွမ်းအားတွေက ပိုမို တက် မသွားဘူးလား? လုံးဝ အနှောင့်အယှက် ကင်းသွားတော့ တည်ငြိမ်မှု တစ်ခုတည်း ရပ်တည်နေတယ် တဲ့။ ဥပေက္ခာဆိုတဲ့  ခံစားမှုက မထင်ရှားတဲ့ ခံစားမှု၊ တည်ငြိမ်တဲ့ ခံစားမှုနဲ့ ရပ်တည်နေသည့် အတွက်ကြောင့် စတုတ္ထ (သို့) ပဉ္စမဈာန် အဆင့်ဟာ လုံးဝ အဆင့်မြင့်သွားတယ်၊ အမြင့်ဆုံး အဆင့် ရောက်သွားပြီတဲ့။

                  

ဒီထက်ပိုပြီးတော့ reduce လုပ်လို့ မရတော့ဘူးတဲ့၊ စိတ်က ဒီထက်ပိုပြီးတော့ လုပ်ပစ်လိုက်လို့က မရဘူးတဲ့၊  ဝေဒနာကို လုံးဝ ကင်းအောင် လုပ်လို့ မရဘူးနော်။ အေး - ဒီနေရာမှာ “ဥပေက္ခာ ဧကဂ္ဂတာ ၂-ခုနဲ့ ဖွဲ့စည်းထားတဲ့ စတုတ္ထ (သို့) ပဉ္စမဈာန် အဆင့် ရောက်လာပြီဆိုရင် သမာဓိစွမ်းအား တွေ အလွန် အားကောင်းတယ်၊ အလွန် အားကောင်းသည့် အတွက်ကြောင့် ဒီနေရာမှာ “အဘိညာဉ်” ဆိုတဲ့ တန်ခိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်။

                  

သမာဓိ စွမ်းအားနဲ့ စိတ်ညွှတ်လိုက်ရင် ဖြစ်လာတယ်။ ဆိုပါစို့၊ ငါထိုင်နေတဲ့ မြေကြီးအောက်မှာ ဘာတွေရှိသလဲ? ကြည့်ချင်လာတယ်၊ ကြည့်ချင်လာပြီဆိုရင် သူက ဒိဗ္ဗစက္ခုပရိကံ လုပ်လိုက်ရင် မျက်စိအမြင်တစ်မျိုး ရတယ်၊ အဘိညာဉ် အမြင်တစ်မျိုး ရလာတယ်၊ သို့မဟုတ် သိပ်ဝေးတဲ့ နေရာက အရာကို လှမ်းကြည့်ချင်တယ်၊ တောင်ကြီး တစ်တောင်ထဲမှာ ဘာတွေရှိတုန်း? ကြည့်ချင်တယ်၊ ငရဲဆိုတာ ရှိလား ကြည့်ချင်လာတယ်၊ နတ်ပြည် ဆိုတာရှိလား ကြည့်ချင်လာတယ်၊ တာဝတိံသာ နတ်ပြည်ဆိုတာ ဘယ်နားမှာတုန်း ရှာကြည့်ချင်လာတယ်၊ ဗြဟ္မာတွေဆိုတာ ရှိသလား ကြည့်ချင် လာတယ်၊ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိညာဉ်တစ်ခု ရလာပြီး စိတ်ညွှတ်လိုက်ရင် မြင်နိုင်တယ်။

                  

ဒိဗ္ဗစက္ခု ရတဲ့အခါမှာ ဒီအတိုင်း ကြည့်လို့ ရမလားဆိုရင် ဒီအတိုင်း ကြည့်လို့တော့ မရဘူး၊ စနစ်တကျ အလုပ်လုပ်ရတယ်၊ ဘယ်အရာပဲဖြစ်ဖြစ် စနစ်ကျမှ ရတယ်။ ညမှောင်ကြီးထဲ ကြည့်ချင်ရင် ဓာတ်မီး လေးနဲ့ ထိုးကြည့်ရယ် မဟုတ်လား၊ အမှောင်ကြီးထဲမှာ မျက်စိက မြင်ရရဲ့လား? ကိုယ်ကြည့်ချင်တဲ့ အရာ ခပ်လှမ်းလှမ်းကို လှမ်းကြည့်ချင်ရင် ဓာတ်မီးနဲ့  ထိုးကြည့်ကြတယ် မဟုတ်လား?။

                  

အဲဒီမျိုးလိုပဲ ဒိဗ္ဗစက္ခု အဘိညာဏ်ရတဲ့ ပုဂ္ဂိုလ်ဟာလည်း တောင်ကြီးထဲမှာ ဘာရှိတုန်း ကြည့်ချင်ရင် အဲဒီ ကိုယ်ကြည့်ချင်တဲ့ တောင်ထဲကို အလင်းရောင် ဖြန့်ရတယ်၊ ဓာတ်မီးထိုးတဲ့ သဘောပဲ၊ အဲဒါ ဖြန့်လိုက်တဲ့အခါမှ လင်းနေတဲ့ နေရာတွေကို အကုန်ကြည့်လို့ရတယ်၊ အဲဒီ လင်းတဲ့နေရာ အတိုင်း အတာလည်း ကိုယ့်စိတ်တိုင်းကျ လုပ်လို့ရတယ်၊ တစ်တောင်လုံး လင်းချင်သလား သို့မဟုတ် ကိုယ်ကြည့်ချင်တဲ့ နေရာပိုင်းလောက်ပဲ လင်းချင်သလား? လောကကြီးတစ်ခုလုံး လင်းသွားအောင် လုပ်ပြီးတော့ အကုန်လုံးကြည့်မှာလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။

                  

ကိုယ်ထိုင်နေတဲ့ မြေကြီးအောင် ဆိုလို့ရှိရင်လည်း ကိုယ်ထိုင်နေတဲ့ နေရာ ကွက်ကွက်ကလေး အလင်းရောင် ဖြန့်မယ်ပေါ့၊ ဟော ဒါကျတော့ သူ့ရဲ့ဆန္ဒ သူ့ရဲ့ wish အတိုင်း သွားမှာပဲနော်၊ သို့သော် အလင်းရောင် မပါဘဲနဲ့ ဒိဗ္ဗစက္ခုဆိုတာ မဖြစ်ဘူးတဲ့၊ အဲဒီတော့ ဒိဗ္ဗစက္ခုအဘိညာဏ်နဲ့ ကြည့်ချင်ရင် ပဉ္စမဈာန်ဝင်စား အလင်းရောင်ဖြန့်၊ အဘိညာဏ်နဲ့ ဖန်ဆင်း၊ ဖန်ဆင်းလိုက်လို့ရှိရင် ခုန ကိုယ် ကြည့်ချင်တာတွေ ကြည့်လို့ရတယ်။

                  

နားနဲ့ရော၊ နားကျပ် မလိုဘူး၊ ဒိဗ္ဗသောတနဲ့ သိကြားမင်းက တာဝတိံသာ နတ်ပြည်မှာ အစည်းအဝေးလုပ်နေရင် ဘာတွေ ပြောနေတာလဲလို့ နားထောင်ကြည့်ချင် ကြည့်လို့ရတယ်၊ ဟုတ်လား? နတ်ပြည်မှာ ဘာတွေ ပြောနေကြသလဲလို့ နားထောင် ချင်တယ် ဆိုရင် ဘယ်လောက် ဝေးတဲ့ နေရာပဲဖြစ်ဖြစ် ခုန သမာဓိတွေကို မြှင့်တင် လိုက်တာ၊ မြှင့်တင်လိုက်တဲ့အခါ ကိုယ် သတ်မှတ်ထားတဲ့ နယ်ပယ်အတွင်းမှာရှိတဲ့ အသံတွေကို ကြားလာရတယ်၊ ကိုယ်ကြားချင်တာတွေ ကြားလာတယ်၊ ဒါကို “ဒိဗ္ဗသောတ အဘိညာဏ်” လို့ ခေါ်တယ်။

                  

ဣဒ္ဓိဝိဓ အဘိညာဉ်ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းတာ၊ တစ်ယောက်တည်းကနေ နှစ်ယောက် ဖြစ်တယ်၊ နှစ်ယောက်ကနေ သုံးယောက်ဖြစ်တယ်၊ တစ်ယောက်တည်း ကနေ တစ်ထောင်ဖြစ်တယ်၊ ကိုယ်ပွား ဖန်ဆင်းလို့ရတယ်၊ ခုခေတ်လည်း အဲဒါမျိုး လုပ်ကြတာပဲလေ၊ ရှေ့ကနေ မှန် ၁-ချပ်ထောင်၊ ဟိုဘက်က မှန် ၁-ချုပ်ထောင်လိုက်ရင် အဲဒါ သိန်းသန်းဘုရား ဆိုပြီး လုပ်ထားကြတာရှိတယ်လေ၊ မှန်တွေထောင်ပြီး ပွားထားတာ၊ အဲဒီ ဣဒ္ဓိဝိဓအဘိညာဉ် ဆိုတာ အဲဒီလို တန်ခိုးနဲ့ ၁-ဦးတည်းကနေ ၂-ဦး ဖြစ်အောင် လုပ်တယ်၊ ပေါ်လာတာကို ပျောက်သွားအောင် လုပ်နိုင်တယ်၊ ပျောက်နေ တာဟာ ဘွားကနဲ ပေါ်လာအောင် လုပ်နိုင်တယ်။ အမျိုးစုံပဲ၊ အဲဒါတွေဟာ စိတ်စွမ်းအားကို ပိုင်ဆိုင်သွားပြီ၊ အဘိညာဉ်တွေ ရပြီဆိုရင် အကုန် လုပ်လို့ရတယ်၊ ဒါလည်းပဲ စနစ်ကျရင် လုပ်လို့ရတယ်၊ စနစ်မကျရင် ဘယ်ဟာမှ မအောင်မြင်ဘူးတဲ့။

                  

မြင်ဖူးကြပါလိမ့်မယ်၊ ရုပ်ရှင်ကားတွေထဲမှာ တရုတ်ပြည်က မဟာတံတိုင်းကြီးကို ဟိုဘက်ဖောက်ပြီး ဝင်သွားတာတွေနော်၊ အဲဒါက ရုပ်ရှင်ထဲ ရိုက်ပြတာ၊ တကယ်ဖြစ်တာ မဟုတ်ဘူး။ အဘိညာဏ်နဲ့က စနစ်တကျ လုပ်ရတယ်၊ တောင်ကြီး ထဲကို ဝင်သွားချင်တယ် ဆိုလို့ရှိရင် ဘာလုပ်မတုန်း၊ ကိုယ်ဝင်မယ့် နေရာကို အပေါက်ဖြစ်အောင် အရင် ဖန်တီးရတယ်၊ အပေါက်မရှိဘဲ ဒီအတိုင်း တိုးဝင်လာလို့ ကတော့ မရတာ သေချာတယ်။ ဝင်ချင်ပြီဆိုလို့ရှိရင် အပေါက်ကို အရင်ဖန်တီး, ဖန်တီးပြီးတော့မှ အဲဒီ အထဲကိုဝင်ရတယ်။

                  

အဲဒီ အဘိညာဉ်တွေနဲ့ ပတ်သက်လာလို့ ရှိရင် ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က အလွန် ကြည်ညိုစရာ ကောင်းတယ်၊ ဣဒ္ဓိဝိဓ အဘိညာဉ်ကိစ္စ နေ့တိုင်း လေ့ကျင့်တယ်၊ အားရင် ဒါပဲ လုပ်နေတယ်၊ ဒါကြောင့်မို့ နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမတဲ့အခါမှာ တခြားကိုယ်တော်တွေကို မြတ်စွာဘုရားက ဆုံးမဖို့ ခွင့်မပေးဘူး၊ ဘာလို့တုန်းဆို သူ့လောက်မြန်မြန် မလုပ်နိုင်ကြဘူး၊ တန်ခိုး တော့ ရှိတယ်၊ ရှိပေမယ့်လို့ နှေးနေတယ်၊ နှေးနေရင် ကိုယ်ခံရမှာပဲလေ၊ ရှင်မဟာမောဂ္ဂလာန်လို သွက်လက် ချက်ချာဖို့ လိုတယ်၊ ဘာဖြစ်လို့တုန်းဆို လေ့ကျင့်မှ သွက်လက်တာ၊ ဓားသိုင်းသမား တွေလိုပေါ့၊ အမြဲတမ်း လေ့ကျင့်ရတယ်၊ မလေ့ကျင့်ရင် ကိုယ်ကနှေးလို့ တစ်စက္ကန့် နောက်ကျသွားရင် ကိုယ်ခံလိုက်ရမှာပဲ၊ ဒါကြောင့်မို့ ရှင်မဟာမောဂ္ဂလာန် တစ်ပါးကိုပဲ မြတ်စွာဘုရားက ခွင့်ပြုတယ်။

                  

ဘယ်နေရာမှာ အခက်ဆုံးလဲ ဆိုရင် နဂါးကြီးရဲ့ ပါးစပ်ထဲဝင်ပြီး ပြန်အထွက် “သင် ဘယ်သူလဲ” “ငါ မောဂ္ဂလာန်” “မောဂ္ဂလာန်ဆို ပြစမ်းပါ” ဆိုပြီး အရှင်မောဂ္ဂလာန်ပုံ ဖန်ဆင်းပြရတဲ့ အချိန်ပိုင်း ကလေးမှာ နဂါးက ဖူးကနဲ လေမှုတ်လိုက်တာ၊ အဲဒီအချိန်မှာ မကာကွယ် လိုက်နိုင်ရင် သွားပြီ။ ရဟန္တာပေမယ့် ပြာဖြစ်သွားမှာပဲ၊ အဲဒီ အဆင့်ကလေးဟာ အလွန်မြန်ဖို့ လိုတယ်လို့ ပြောတာနော်။ ရှင်မဟာမောဂ္ဂလာန်က ဒီနေရာမှာ လေ့ကျင့်ထားလို့ အကျွမ်းကျင်ဆုံးပဲ။

 

မြတ်စွာဘုရားမှာ စွမ်းရည်သတ္တိတွေက အင်မတန်မှ ပြည့်စုံ ထက်သန်သည့် အတွက်ကြောင့် “ထူးမခြားနား သီချင်းကြီး” မှာ မကြာခဏ ကြားဖူးကြလိမ့်မယ်၊ ထူးတယ်၊ သို့သော် အချိန်ပိုင်းဟာ မခြားနားဘူး ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ ထူးတာမှ အလွန့်ကို ထူးတယ်၊ မြတ်စွာဘုရားက ရေ မီး အစုံ ဆန့်ကျင်ဘက်ကို ဖန်တီးပြတဲ့အလုပ်ဟာ အင်မတန် လျင်မြန်မှ လုပ်လို့ရတာပဲ၊ ဝင်စားတဲ့ အဆင့်တွေက တစ်ခုပြီး တစ်ခုလုပ်လို့ရတာ၊ သို့သော် ကြည့်တဲ့ သူရဲ့မျက်စိထဲမှာ တစ်ပြိုင်နက်လို့ ထင်ရလောက်အောင် လျင်မြန်ရတယ်၊ မြတ်စွာဘုရားရဲ့ ပစ္စဝေက္ခဏ ဇောစိတ်ဟာ ၄-ကြိမ်လောက်နဲ့ ပြီးတယ် လို့ပြောတာ၊ ဆင်ခြင်တဲ့ စိတ်ကလေးဟာ ၄-ကြိမ်လောက်နဲ့ပဲ ပြီးအောင် လုပ်လု့ိရတယ်၊ သိပ်မြန်အောင် လုပ်ရတယ်လို့ ဆိုလိုတာ၊ အဲဒီ ရေမီးအစုံ တန်ခိုး ပြာဋိဟာ ပြတာကို “ယမကပြာဋိဟာ”ယမက ဆိုတာ အစုံဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ရေနဲ့မီး အစုံအစုံ ပြတယ်။

                  

ဆိုပါစို့  ဥပမာ - လက်ယာဘက် မျက်လုံးတော်က မီးတွေ ပန်းထွက်နေရင် လက်ဝဲဘက် မျက်လုံးတော်က ရေတွေ ပန်းထွက်နေတယ်၊ လက်ယာဘက် နှာခေါင်းပေါက်က မီးတွေ ပန်းထွက် နေရင် လက်ဝဲဘက် နှာခေါင်းပေါက်က ရေတွေ ပန်းထွက်နေတယ်၊ အဲဒီမှာ ရေထွက်အောင်က အာပေါကသိုဏ်း ဝင်စားပြီးတော့ အဘိညာဉ်နဲ့ ဖန်ဆင်းရတယ်၊ မီးဖြစ်အောင်က တေဇောကသိုဏ်း ဝင်စားရတယ်၊ အာရုံချင်း မတူဘူး၊ လေ့ကျင့်ရတာ၊ အာပေါကသိုဏ်း လေ့ကျင့်မှ ရေထွက်လို့ရတယ်၊ တေဇောကသိုဏ်း လေ့ကျင့်မှ မီးဖန်တီးလို့ရတယ်။

                  

အဲဒါကို စဉ်းစားကြည့်၊ လက်ယာဘက် မျက်လုံးထဲက ရေတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက် မျက်လုံးက မီးတွေ ပန်းထွက်နေတယ်၊ တစ်ပြိုင်နက်လို့ ထင်ရတယ်၊ လက်ယာဘက် မျက်လုံးထဲက မီးတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက် မျက်လုံးက ရေတွေ ပန်းထွက်နေတယ်၊ တစ်ပြိုင်နက်လို့ ထင်ရတယ်၊ ဒီဇော စိတ်အစဉ်တွေဟာ ဘယ်လောက် လျင်မြန်တယ်ဆိုတာ စဉ်းစားကြည့်ပေါ့၊ မြတ်စွာဘုရား တန်ခိုးပြာဋိဟာ ပြတဲ့အခါ အဲဒီအချိန် ကြည့်တဲ့သူက မျက်တောင်ကလေးတစ်ချက် ခတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်နဲ့ညာ ရေမီး ပြောင်းသွားတယ်၊ အဲဒီလောက် ထူးဆန်း အံ့ဖွယ် တန်ခိုးတွေ ပြနိုင်တာဟာ အင်မတန်မှ အစွမ်းထက်လို့ ခုနက စွမ်းရည်သတ္တိတွေနဲ့ လေ့ကျင့်ထားလို့ တဲ့၊ သာမန်ဆိုရင် မရဘူးတဲ့နော်။

                 

ရဟန္တာတွေထဲမှာလည်း ရှင်မောဂ္ဂလာန် တစ်ပါးပဲ တန်ခိုးနေရာမှာ ထက်ထက် မြက်မြက် အကုန်လုံး တစ်ပြိုင်နက် လုပ်လို့ရတာ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက အဆင့် မမီဘူးတဲ့၊ ဒီလောက်ကြီး မသွက်ဘူးပေါ့၊ မသွက်လို့ရှိရင် ကိုယ်ခံရမယ်၊ အန္တရာယ်တွေ ကြီးတယ်ပေါ့၊ နန္ဒောပနန္ဒ နဂါးမင်းဆိုတာ သာမန် မဟုတ်ဘူး၊ သူကလည်း အတော် အစွမ်းထက်တယ်၊ အစွမ်းထက်လို့ သူနဲ့ ယှဉ်ပြိုင်ပြီးတော့ လုပ်ရတယ် ဆိုတာ အင်မတန်မှ အန္တရာယ်ကြီးတယ်ပေါ့။

                  

အဲဒါ စိတ်ကို အာရုံပေါ်မှာ လေ့ကျင့်ထားလိုက်တဲ့၊ သမထကျင့်စဉ်တွေရဲ့ အထွတ်အထိပ် အဘိညာဉ် ရောက်သွားတဲ့အခါ ဒီလိုဟာမျိုး ဖြစ်တယ်၊ မြတ်စွာဘုရား လက်ထက်က များစွာသော ပုဂ္ဂိုလ်တွေ ဒီလို ထူးခြားတဲ့ စွမ်းရည်သတ္တိတွေကို ရရှိကြတယ်၊ ဘာဖြစ်လို့ ရရှိကြသလဲဆိုရင် စိတ်ကို အာရုံနဲ့ လေ့ကျင့်လို့ပဲ၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးသည့်အတွက်ကြောင့် ဒီလို အနေအထားမျိုးတွေ ရတာ။

                  

စိတ်ဖြစ်စဉ်တွေက တစ်မျိုးစီပဲတဲ့၊ ခုနကလို ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ဈာန်အဘိညာဉ် ဆိုပြီးတော့ ဖန်ဆင်းပြီးတော့ ဒီလို သွားတာနော်၊ ဒါက သမထ ကျင့်စဉ်အရ လေ့ကျင့်တာကို ပြောတာ။

                  

တစ်ခါ စိတ်ကို ဝိပဿနာ အာရုံနဲ့ လေ့ကျင့်ပုံက တစ်မျိုး၊ ဝိပဿနာ အာရုံနဲ့ လေ့ကျင့်ရမယ်ဆိုရင် ရုပ်နာမ် ဓမ္မ သင်္ခါရ တွေ အပေါ်မှာ စိတ်ကို လေ့ကျင့်ရတယ်။ လေ့ကျင့်ပြီ ဆိုတဲ့အခါမှာ မျက်စိလည်း မှိတ်ထားရမယ်၊ နားလည်း ပိတ်ထားရမယ်၊ ဟုတ်လား? ပိတ်တယ်ဆိုတာ အဲဒီအာရုံတွေကို အာရုံ မပြုရဘူး၊ ဝိပဿနာ ကျင့်စဉ် ဆိုတာ မနောဒွါရမှာ ပိုပြီးတော့ အလုပ်လုပ်လာရတယ်။

                  

သို့သော် ဒွါရ ၅- ပါး က ဝင်လာတဲ့ အာရုံကို မမှတ်ရဘူးလို့ ပြောတာ မဟုတ်ဘူးနော်၊ မျက်စိကမြင်တဲ့ အာရုံလည်း မှတ်လို့ရတယ်၊ ဒါက ရှေ့ပိုင်းက လုပ်တာတွေကို ပြောတာ၊  နားက ကြားရတဲ့ အသံတွေကိုလည်း မှတ်ရမယ်၊ ကြားရင် ကြားတယ် ကြားတယ်မှတ်၊ မြင်ရင် မြင်တယ် မြင်တယ်နဲ့ မှတ်။ အဲဒီ မှတ်တယ် ဆိုတာ သတိနဲ့ သမ္ပဇညကို လေ့ကျင့်နေတာလို့ ခေါ်တယ်၊ အဲဒါ ဆိုရင် လူတွေက ကြားရင် ကြားတော့ ကြားလိုက်တာပဲ၊ တခြား တွေးချင် တွေးနေမှာပဲလေ၊ ကြားတယ် ဆိုတဲ့အပေါ်မှာ သိချင်မှ သိလိုက်တာ၊ ဒါကြောင့် “သတိမမူ ဂူမမြင်” ဆိုတာလေ။ လူဆိုတာက ကြားချင်မှ ကြားလိုက်တာ၊ တစ်ခါတစ်လေ အနီးနား ခေါင်းလောင်း တီးတာတောင်မှ ကြားချင်မှ ကြားလိုက်တာ၊ အတွေးလွန်နေရင် မကြားဘူး။

                  

အဲဒါကြောင့်မို့ ဒွါရ ၅-ပါးမှာ ထင်လာတဲ့ အာရုံတွေကို မှတ်ရင်း မှတ်ရင်းနဲ့ နောက်ဆုံးကျတော့ မနော ဒွါရ မှာ ဝင်လာတဲ့ အာရုံနဲ့ အလုပ် လုပ်သွားတယ်၊ အလုပ် လုပ်သွားတဲ့အခါမှာ ရုပ်နာမ်ဓမ္မ သင်္ခါရတွေရဲ့ သဘာဝလက္ခဏာ (Individual characteristic) ကို ကြည့်ရမယ်၊ နံပါတ် (၁) ရုပ်တရားရဲ့ သဘာဝ လက္ခဏာ, နာမ်တရားရဲ့ သဘာဝလက္ခဏာ၊ ပင်ကိုယ် အရှိအတိုင်း၊ ဆိုပါစို့ - ဖဿဆိုရင် အာရုံနဲ့ ထိတွေ့တဲ့ လက္ခဏာ ရှိတယ်၊ ပထဝီဆိုရင် မာတယ် ပျော့တယ်၊ အာပေါဆိုရင် ဖွဲ့စည်းတယ်၊ အရည်ဖျော်တယ် ဆိုတဲ့ ဒီလက္ခဏာတွေ၊ အဲဒီလက္ခဏာတွေကို ကြည့်တယ်။

                  

သဘာဝ လက္ခဏာကို ကြည့်လိုက်ခြင်းအားဖြင့် ပထဝီကိုလည်း တွေ့တယ်၊ အာပေါကိုလည်း တွေ့တယ်၊ ဖဿကိုလည်းတွေ့တယ်၊ နာမ်တွေထဲက ဝေဒနာ ကိုလည်း တွေ့ပြီ ဆိုတဲ့အခါမှာ အဲဒီ သဘာဝ လက္ခဏာတွေ ပေါ်မှာ အလုပ်လုပ်ရင်း ထပ်ဆင့် တွေ့လာတာက ဘာတုန်းဆိုရင် - မမြဲတဲ့သဘော၊ မမြဲတဲ့သဘောကို အရင်တွေ့လာပြီ ဆိုလို့ရှိရင် မမြဲတဲ့ အရာတစ်ခုသည် ကျေနပ်စရာ မကောင်းသော ကြောင့် ဖြစ်မှု ပျက်မှုကြီးက အမြဲ နှိပ်စက်နေလို့ ဒုက္ခဆိုတဲ့ သဘောကို တွေ့လာတယ်၊ ဒုက္ခဆိုတဲ့ သဘော တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် အနတ္တ - ကိုယ်မပိုင်ဘူး, သူဟာသူ ဖြစ်နေတာ၊ ကိုယ်က အုပ်ချုပ်လို့ မရဘူး ဆိုတဲ့ ကိုယ်မပိုင်တဲ့ အနတ္တသဘော ကိုလည်း တွေ့လာတယ်။

                  

အနိစ္စ ဒုက္ခ အနတ္တလို့ ဆိုတဲ့ လက္ခဏာတွေ တစ်ခုခု မြင်လိုက်တာနဲ့ တစ်ပြိုက်နက် ဝိပဿနာ လမ်းကြောင်းပေါ် စတင်ရောက်သွားပြီလို့ မှတ်ရမယ်၊ ဒါလည်း စိတ်ကို အာရုံနဲ့ လေ့ကျင့်တာပဲ၊ ဝိပဿနာကျင့်စဉ်နဲ့ စိတ်ကို အာရုံနဲ့ လေ့ကျင့်လိုက်တာ၊ အကျယ်တော့ မပြောတော့ဘူး၊ အကျယ် ကတော့ ရိပ်သာတွေမှာ ဟောနေတာပဲနော်။

                  

အဲဒီလို စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးလိုက်တဲ့အခါ ဉာဏ်စဉ်တွေဟာ တစ်ခုပြီးတစ်ခု တက်လာတယ်။ အသိဉာဏ်တွေ ထက်မြက်လာတယ်၊ သမာဓိ စွမ်းအားတွေ ရင့်လာတယ်၊ ဉာဏ်စွမ်းအားတွေ ရင့်လာတယ်၊ နောက်ဆုံးကျတော့ သင်္ခါရတွေ အပေါ်မှာ စိတ်တည်တည် ငြိမ်ငြိမ် ထားနိုင်ပြီး ချစ်ခြင်းမုန်းခြင်း ဆိုတာ ကင်းသွား တယ်။ အဆင့်မြင့်သွားတဲ့ အသိဉာဏ် တစ်မျိုးဖြစ်တဲ့ သင်္ခါရုပေက္ခာ ဆိုတဲ့ ဉာဏ်ရသွားတယ်၊ သင်္ခါရုပေက္ခာဆိုတာ သင်္ခါရတွေ အပေါ်မှာ လျစ်လျူ ရှုနိုင်တယ်၊ သင်္ခါရတွေ အပေါ်မှာ စိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ မုန်းခြင်း၊ ချစ်ခြင်း ဆိုတာတွေ မရှိတော့ဘဲ သဘာဝကိုသိပြီး စိတ်တည်ငြိမ်မှု ရလာပြီ။ အဲဒီတည်ငြိမ်မှု ရလာပြီ ဆိုတဲ့အချိန်မှာ ဘာတွေလာတုန်း ဆိုရင် - စိတ်အစဉ်လေးက နောက်ဆုံးအဆင့် ရောက်လာပြီ ဆိုလို့ရှိရင် ဝိပဿာနာကျင့်စဉ်နဲ့ လေ့ကျင့် လိုက်ရင် နောက်ဆုံး ရောက်လာမယ့်ဟာ ခုနက ပြင်ဆင်နေတဲ့ ပရိကံဆိုတဲ့ မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော စောမယ်၊ ဒုတိယဇောက ဥပစာ၊ တတိယဇောက အနုလုံ၊ စတုတ္ထဇောကျတော့ ဂေါတြဘူ ဆိုတာလေး လာပြီးလိုက်လို့ရှိရင် ဂေါတြဘူ လို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရတွေ မမြင်တော့ဘူး၊ ချုပ်သွားပြီ၊ သူယူလာတဲ့ အာရုံတွေဟာ ရှေ့ပိုင်းက သင်္ခါရတွေနဲ့ပဲ စခန်းသွားနေတယ်၊ လူ့ရဲ့စိတ်ဟာ အကုန်လုံးသင်္ခါရတွေနဲ့ပဲ စခန်းသွားနေတာ။

                  

အေး - ဂေါတြဘူ ရောက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရတွေနဲ့ စခန်း မသွားတော့ဘူး၊ သင်္ခါရတွေ ငြိမ်းတာနဲ့ သွားတွေ့တယ်၊ သင်္ခါရဆိုတဲ့ အာရုံတွေ လွတ်သွားပြီတဲ့၊ လွတ်သွားတော့ နိဗ္ဗာန်ဆိုတဲ့ သင်္ခါရ ကင်းတဲ့ အာရုံတစ်ခု၊ အသစ်အဆန်းတစ်ခုကို လှမ်းမြင်လိုက်ရပြီ၊ အဲဒီ ဂေါတြဘူစိတ် ဖြစ်ပြီး တာနဲ့ တစ်ပြိုင်နက် ဂေါတြဘူက သတ်မှတ်ပေးတဲ့ နိဗ္ဗာန် အာရုံပေါ်မှာ ဘဝသံသရာက အနုသယ ဓာတ်အနေနဲ့ ကိန်းနေတဲ့ ကိလေသာတွေဟာ အဆင့်ဆင့် ငြိမ်းသွားတယ်၊ သောတာပတ္တိမဂ်ဆိုရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ငြိမ်းသွားတယ်။

                  

ဒါကြောင့်မို့ စိတ်ဖြစ်စဉ်ဟာ အဲဒီအတိုင်းပဲ - “ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ်, သောတာပတ္တိဖိုလ်” ၂-ကြိမ် ဖြစ်ပြီးတဲ့အခါ ဇော ၇-ကြိမ် ပြည့်ရင် ချုပ်ငြိမ်း သွားတယ်။

         

နောက်တစ်ခါပြန်ဝင်စားရင် မဂ်ဆိုတာ မလာတော့ဘူး၊ ဖလသမာပတ် ဝင်စားရင် ဟောဒီ ဝိပဿနာ နဲ့ပဲ သွားရမယ်။ ဒီဖိုလ်ကို ပြန်လိုချင်ပြီ, ဒီအဆင့်ကို ပြန်ရောက် ချင်တယ် ဆိုရင် ဝိပဿနာ လမ်းကြောင်းက ထပ်လျှောက်၊ လျှောက်ရင် “ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ (သို့မဟုတ်) ဝေါဒါန် ပြီးရင် ဖိုလ် ဖိုလ်” ဟော၊ ဖိုလ်စိတ် တွေနဲ့ချည်းပဲ တစ်နေ့လုံး နေတာ၊ ဖိုလ်ဆိုတာ နိဗ္ဗာန်ကို အာရုံပြုတာ၊ ပရိကံ၊ ဥပစာ၊  အနုလုံဆိုတဲ့ စိတ်တွေကတော့ သင်္ခါရအာရုံနဲ့ ဖြစ်တယ်။ ဂေါတြဘူ ဝေါဒါန်က သင်္ခါရချုပ်ငြိမ်းရာ နိဗ္ဗာန်အာရုံကို ယူပေးတယ်။ ဥပမာမယ် လမ်းကြောင်းကြီး တစ်ခုကို လျှောက်လိုက်တာ လမ်းဆုံးသွားတာနဲ့ တစ်ပြိုင်နက် ချိုင့်ကြီး တွေ့တာပဲ၊ ဘာမှ မရှိတော့တာ တွေ့တာပဲ၊ သင်္ခါရ အာရုံတွေပေါ်မှာ လျှောက်လှမ်းသွားရင်းနဲ့ သင်္ခါရတွေ ချုပ်ဆုံးသွားတဲ့ နေရာကို တွေ့သွားတယ်၊ အဲဒါ နိဗ္ဗာန်ပဲ၊ ခန့်မှန်း ပြောဆိုတာ၊ ဟုတ်ကဲ့လား?

                  

ဒါကြောင့်မို့လို့ “သင်္ခါရာနံ အပဝတ္တိမတ္တံ - သင်္ခါရတွေ မဖြစ်ဘဲနဲ့ သင်္ခါရတွေ ချုပ်ငြိမ်းသွားတဲ့နေရာက နိဗ္ဗာန်ပဲ” လို့ ဒီလိုပြောတာနော်၊ ရှေ့ပိုင်းက စိတ်တွေ အားလုံးဟာ သင်္ခါရအာရုံနဲ့ စခန်းသွားနေတာ၊ သင်္ခါရအပေါ်မှာ တွေးနေတဲ့ အတွေးနဲ့ သွားပြီး နောက်ဆုံး အဲဒီ သင်္ခါရအာရုံတွေဟာ တဖြည်းဖြည်းနဲ့ လျော့လျော့ သွားပြီး တော့ နောက်ဆုံး သင်္ခါရအာရုံတွေ ပျောက်သွားတယ်၊ သင်္ခါရ မရှိတဲ့ အာရုံတစ်ခု ရသွားတယ်နော်၊ အဲဒါ ဖိုလ်စိတ်တွေနဲ့ တစ်နေကုန် နေရင်လည်း ဖိုလ်စိတ်တွေ ဖြစ်နေမှာပဲ၊ ထိန်းထားနိုင်တယ်၊ အဲဒါ ဖလသမာပတ် ဝင်စားတယ်လို့ ခေါ်တယ်။

                  

အဲဒီအတိုင်းပဲ သောတာပန်ဖြစ်ပြီးရင် နောက် သကဒါဂါမ် ဖြစ်ဖို့အတွက် ဝိပဿနာ ကျင့်စဉ်ကို တိုးမြှင့်ရမယ်၊ သကဒါဂါမ်ဖြစ်ပြီးရင် အနာဂါမ်ဖြစ်ချင်ရင် ဝိပဿနာ ကျင့်စဉ်ကို တိုးမြှင့်ကျင့်ရမယ်၊ level ချင်း degree ချင်း မတူဘူး၊ အနာဂါမ် ဖြစ်ပြီးရင် ရဟန္တာဖြစ်ဖို့အတွက် ဝိပဿနာစွမ်းအားကို တိုးမြှင့်ရမယ်၊ တိုးမြှင့်တဲ့အခါ ရဟန္တာဖြစ်လောက်တဲ့ ဝိပဿနာစွမ်းအား ရလောက်ပြီ ဆိုလို့ရှိရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်ပြီး နောက်ဆုံးမှာ ရဟန္တာထိအောင် ရောက်သွားတယ်။

                  

ဒါတွေဟာ စိတ်ကို အာရုံနဲ့ လေ့ကျင့်ခြင်းလို့ ခေါ်တယ်နော်၊ စိတ်ကို လေ့ကျင့်လိုက်လို့ ရှိရင် ဈာန်လည်း ရတယ်၊ မဂ်လည်း ရတယ်၊ ဖိုလ်လည်း ရတယ်။ အဲဒီလို လေ့ကျင့်ပြီးတော့ စိတ်ကို အာရုံနဲ့ လေ့ကျင့်သွားနိုင် မှသာလျှင် ဒါတွေ ရနိုင်တယ်၊ သာမန်အားဖြင့်ကတော့ မလေ့ကျင့်ဘူး ဆိုလို့ရှိရင် ဒီ ကာမအာရုံတွေ ထဲမှာပဲ တစ်လည်လည် ဒီလို နေဦးမှာပဲတဲ့၊ ထွက်လမ်းဆိုတာ မရနိုင်သေးဘူး။

                  

ဒါ့ကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် မိမိတို့ရဲ့ စိတ်ကလေးကို ထူးခြားဖို့ရာအတွက် အာရုံတစ်ခုခုနဲ့ ယှဉ်တွဲပြီး အပြစ်ကင်းတဲ့ အာရုံပေါ်မှာ လေ့ကျင့်ခြင်းဖြင့် ဈာန်တရား မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားများကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ။


Related Posts