“အခန်း - ၅”
စိတ်ဖြစ်ပုံကို
လေ့လာခြင်း အပိုင်း (၂)
▬▬▬▬▬▬▬▬▬
ဘုန်းကြီးတို့တတွေရဲ့
သန္တာန်မှာ စိတ်အစဉ်ဟာ အာရုံနဲ့ ဆက်စပ်ပြီး အစဉ်မပြတ် ဖြစ်ပေါ်ပြီးနေတယ်။ အကြောင်းတရားတွေ
မြောက်မြားစွာ ရှိတဲ့အထဲက အာရုံ ကတော့ အဓိက အကြောင်းတရားဖြစ်တယ်။ ဘာဖြစ်လို့တုန်း ဆိုတော့
စိတ်ဆိုတာ အာရုံနဲ့ကင်းပြီး မဖြစ်ဘူး၊ အာရုံဟာ အဓိက အကြောင်းတရား ဖြစ်တယ်။ သို့သော်
အာရုံတစ်ခုတည်းသာ အကြောင်းတရားလို့ ဒီလိုတော့ မမှတ်နဲ့ပေါ့။ အခြား အကြောင်းတရားတွေလည်း
ရှိသေးတယ်။
ဗုဒ္ဓမြတ်စွာက
အဓိက အကြောင်းတစ်ခုကို ဦးတည်ပြီး မိန့်ကြားလေ့ရှိတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ ဆိုရင် “အဝိဇ္ဇာပစ္စယာ
သင်္ခါရာ”၊ သင်္ခါရကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ မြောက်မြားစွာ ရှိပေမယ့်လို့ အဝိဇ္ဇာကို
ဦးတည်ပြီးတော့ ပဓာနဖြစ်တဲ့ main cause အဓိက အကြောင်းတရားကို ဦးတည်ပြီးတော့ ဟောတယ်။
ဒီနေရာမှာလည်း စိတ်ဆိုတာ အာရုံနဲ့ကင်းပြီး မဖြစ်သောကြောင့် အာရုံဟာ စိတ်ဖြစ်ဖို့ရာ
အတွက် အဓိက အကြောင်းတရားအနေနဲ့ - မနေ့က ဝီထိမုတ်စိတ် ဖြစ်စဉ်တစ်ခုကို ရှင်းလင်းပြီး
ဟောကြားထားခဲ့ပြီ။
ဘုန်းကြီးတို့ရဲ့ဘဝမှာ
စိတ်ဖြစ်စဉ်ဟာ ၂-လိုင်းရှိတယ်လို့ အကြမ်းဖျင်းအားဖြင့် ဒီလို မှတ်ရမှာပေါ့၊ အခြေခံအားဖြင့်
“ဘဝင်စိတ်တို့ရဲ့ ဖြစ်စဉ်” ဒီဟာက တစ်ခု၊ ဘဝင်စိတ်တို့ရဲ့ ဖြစ်စဉ်က ကံအဟုန်နဲ့ သွားနေတာ၊
ကံအဟုန်က ဖန်တီးပေးလိုက်တဲ့ အာရုံနဲ့ စခန်းသွားနေတာ၊ လက်ရှိဘဝမှာ ကြုံတွေ့ရတဲ့ မျက်စိ
နား နှာ လျှာ ကိုယ် စိတ် တို့က ရယူပေးတဲ့ အာရုံနဲ့ စခန်း မသွားဘူး။ ကံက ရယူပေးတဲ့ အတိတ်ဘဝက
အာရုံတစ်ခုခုနဲ့ စခန်းသွားနေတဲ့ ဖြစ်စဉ်က “ဝီထိမုတ် စိတ်တို့ရဲ့ ဖြစ်စဉ်”၊ ဝီထိမုတ်စိတ်တို့ရဲ့
ဖြစ်စဉ်ကတော့ အာရုံကလည်း တည်ငြိမ်တယ်, စိတ်တွေကလည်း တည်ငြိမ်တယ် လို့ ပြောရမယ်၊ ဒါကြောင့်မို့
လှုပ်ရှားမှု ကင်းတယ်၊ လှုပ်ရှားမှု ကင်းလို့ နေ့စဉ်ဖြစ်ပျက်မှုထဲမှာ ထူးခြားတဲ့ အာရုံ
အပြောင်းအလဲတွေ မရှိလို့ “ဝီထိမုတ္တ”
process free ဆိုတဲ့ နာမည် ပေးထားပုံ ရတယ်။
တစ်နည်းအားဖြင့်
ဆိုရင် “ဒွါရဝိမုတ်စိတ်” door free လို့ ခေါ်တယ်၊ door free ဆိုတာကတော့ အာရုံတွေဝင်ရာ
တံခါးတွေနဲ့ ဆက်သွယ်မှု မပြုဘဲနဲ့ အတိတ်ကံက ဖန်တီးပြီး ရယူပေးထားတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ် ဆိုတဲ့ အာရုံတွေနဲ့ပဲ ပဋိသန္ဓေစိတ်က
နောက်ဆုံး စုတိစိတ် ထိအောင် ပဋိသန္ဓေစိတ်နဲ့ စုတိစိတ်ကြားမှာ ဘဝင်စိတ်တွေဟာ ဝီထိစိတ်
ဖြစ်မလာဘူးဆိုရင် စဉ်ဆက်မပြတ် ဖြစ်နေကြတယ်၊ ဝီထိစိတ် ဖြစ်ရင်လည်း ခေတ္တခဏရပ်သွားပြီး
ပြန်ပြီး ဆက်လက် ဖြစ်ပေါ်နေတယ်။ အဲဒါကြောင့် ပကတိစိတ်လို့ ပြောချင်ပြောပေါ့။ လူ့ဘဝမှာ
မူလဘူတဖြစ်တဲ့ စိတ်ဖြစ်စဉ်, တည်ငြိမ် နေတဲ့ စိတ်ဖြစ်စဉ် တစ်ခု၊ ဒါကို ဘဝတစ်ခုလို့ ဒီလို
သတ်မှတ်ထားတယ်။
အဲဒီလို
ဘဝတစ်ခုရလာတဲ့အခါမှာ လူတွေမှာ ရုပ်တရားတွေ၊ နာမ်တရားတွေ ဖွံ့ဖြိုးတိုးတက်လာတော့ ဘာတွေ
ပါလာတုန်းဆိုတော့ organ လို့ဆိုတဲ့ အာရုံတွေရဲ့ ဝင်ပေါက်တံခါးတွေ ပါလာတယ်။ အဆောက်အဦကြီး
တစ်ခုမှာ တံခါးပေါက်တွေ ရှိသလို လူ့ရဲ့ ခန္ဓာကိုယ် မှာလည်း အာရုံတွေ ဝင်ရောက်ဖို့ရန်
တံခါးခြောက်ပေါက် ရှိနေတယ်၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ တံခါး ခြောက်ပေါက်။
အဲဒီတံခါးခြောက်ပေါက်ကိုပဲ
ပဋိစ္စသမုပ္ပါဒ်မှာ “နာမရူပပစ္စယာ သဠာယတနံ” လို့ မြတ်စွာဘုရားက အာယတန ၆-ပါး အနေနဲ့
ဟောထားတယ်။ အဲဒီ တံခါး ခြောက်ပေါက် ဖြစ်လာလို့ ရှိရင် ဘာဖြစ်လာသလဲ ဆိုတော့ “သဠာယတနပစ္စယာ
ဖဿော” အာရုံတွေ ဆက်သွယ်လာမှု, စိတ်နဲ့ အာရုံနဲ့ ထိတွေ့ လာမှုတွေ ရှိလာရတယ်။
ဆိုလိုတာက
-
မျက်စိပါလို့
မျက်စိမှာ မြင်စရာအာရုံတွေ မြင်ရတယ်၊
နားပါသည့်
အတွက်ကြောင့် ကြားစရာ အသံတွေ၊ ကြားလို့ရတဲ့ အသံတွေ၊
နှာခေါင်းရှိသည့်
အတွက်ကြောင့် အနံ့တွေ၊
လျှာရှိသည့်
အတွက်ကြောင့် အရသာ အာရုံတွေ၊
ကိုယ်ကာယရှိသည့်
အတွက်ကြောင့် ဖောဋ္ဌဗ္ဗ အာရုံတွေ၊
စိတ်ရှိသည့်အတွက်ကြောင့်
အခြား အာရုံတွေ
ဆိုတာ
လာရောက်ပြီးတော့ ဆက်သွယ်လာကြတယ်။
အဲဒီလို
လာရောက် ဆက်သွယ်လာတဲ့အခါ ဘဝင်စိတ်ဆိုတဲ့ မူလဘူတ စိတ်အစဉ်ဟာ လှုပ်ရှား ပြတ်တောက်သွားပြီး
အသစ် ဝင်ရောက်လာတဲ့ အာရုံနဲ့ အလုပ်လုပ်မယ့် စိတ်တွေ ဖြစ်ပေါ်လာတယ်၊ အဲဒီ ဖြစ်ပေါ်လာတဲ့
စိတ်တွေဟာ အသစ်အာရုံ တစ်ခုက ဖန်တီးပေးလိုက်တာ၊ အဲဒီမှာ တချို့ စိတ်တွေဟာ ကံရဲ့ အကျိုးတရား
အနေနဲ့ ပေါ်လာတယ်၊ တချို့စိတ်တွေကျတော့ ကံရဲ့ အကျိုးတရား မဟုတ်ဘူး၊ သူတို့ ကိုယ်တိုင်ကိုက
ကံ အသစ်ကို ဆောင်ရွက်တဲ့ စိတ်အနေနဲ့ ပေါ်လာတာ၊ ကုသိုလ်တို့ အကုသိုလ်တို့ ဆိုတာ ပေါ်လာတာ၊
ဘာကြောင့် ပေါ်တုန်းဆို တခြားအကြောင်း တွေကြောင့် ပေါ်တာ၊ အခြား အကြောင်းတရားတွေ ရှိသေးတယ်။
ဥပမာ
- ယောနိသော မနသိကာရ လို့ခေါ်တဲ့ wise attention မှန်မှန်ကန်ကန်ု တွေးတောဆင်ခြင် မှုကြောင့်
ကုသိုလ်တွေ ဖြစ်လာတယ်။ အယောနိသော မနသိကာရ ဆိုတဲ့ unwise attention မသင့်မတင့် နှလုံးသွင်းမှုကြောင့်
အကုသိုလ်တွေ ဖြစ်လာတယ်။ ဒါတွေက အတိတ်ကံကြောင့် မဟုတ်ဘူး၊ အလေ့အကျက်နဲ့ အာရုံကို အကြောင်း
ပြုပြီးတော့ ယောနိသော မနသိကာရ, အယောနိသော မနသိကာရ ဖြစ်လာတာ၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကြောင့်
ဒါတွေက ဖြစ်ပေါ် လာတယ်။
တချို့စိတ်တွေက
အကျိုးတရား အနေနဲ့လာတယ်၊ တချို့ စိတ်တွေက အကျိုးလည်း မဟုတ်, အကြောင်းလည်း မဟုတ်၊ အဲဒီစိတ်တွေကိုတော့
ကြိယာစိတ်လို့ ခေါ်တယ်။ အဲဒီ ကြိယာစိတ်တွေကို ဓမ္မသင်္ဂဏီ ပါဠိတော်မှာ “နေဝ ကုသလာ န
အကုသလာ န စ ကမ္မဝိပါကာ နေဝ ကုသလာ - ကုသိုလ်လည်း မဟုတ်ဘူး၊ န အကုသလာ - အကုသိုလ်လည်း
မဟုတ်ဘူး၊ န စ ကမ္မဝိပါကာ - ကုသိုလ် အကုသိုလ်ရဲ့ အကျိုးတရား လည်း မဟုတ်ဘူး၊ ကံတရားရဲ့
အကျိုးတရားလည်း မဟုတ်ဘူးတဲ့။” အဲဒီစိတ်မျိုးတွေကလည်း အာရုံ ဝတ္ထု ဆုံစည်းမှုကြောင့်
ပေါ်လာတဲ့စိတ်တွေ၊ ဒီလို စိတ်တွေဟာ မြောက်များစွာ လူ့ရဲ့နေ့စဉ်ဘဝမှာ ပေါ်ထွန်းလာတယ်
ဆိုတာ အဘိဓမ္မာ ဒေသနာတော် အရ သိကြရတယ်။
ကောင်းပြီ
- လူတွေမှာ အာရုံတွေရဲ့ ဝင်ရောက်ရာ တံခါးခြောက်ပေါက်လို့ အရင်ရက်တွေကလည်း ပြောထားခဲ့တယ်၊
အဲဒီ တံခါးခြောက်ပေါက်က အာရုံတွေက လာရောက် ဆက်သွယ်တဲ့ အခါမှာ စိတ်တွေ ဖြစ်ပေါ်လာတယ်။
ဘာကိုမှီပြီးတော့ ဖြစ်ပေါ်လာတုန်း ဆိုရင် ဝတ္ထုကိုမှီပြီးတော့ ဖြစ်တာ၊
စက္ခုဝတ္ထု
လို့ဆိုတဲ့ စက္ခုပသာဒရုပ်ကို မှီဖြစ်တာရှိတယ်၊
သောတဝတ္ထု
လို့ဆိုတဲ့ သောတပသာဒရုပ်ကို မှီဖြစ်တယ်၊
ဃာနဝတ္ထုလို့ခေါ်တဲ့
ဃာနပသာရုပ်ကို မှီဖြစ်တယ်၊
ဇိဝှါဝတ္ထုလို့ဆိုတဲ့
ဇိဝှါပသာဒရုပ်ကို မှီဖြစ်တယ်၊
ကာယဝတ္ထုလို့ဆိုတဲ့
ကာယပသာဒရုပ်ကို မှီဖြစ်တယ်၊
ဟဒယဝတ္ထုလို့
ဆိုတဲ့ စိတ်ရဲ့မှီရာ ဝတ္ထုရုပ်ကို မှီပြီးတော့ ဖြစ်တယ်၊
မှီရာဝတ္ထု
မရှိဘဲနဲ့ လူ့ဘုံမှာ စိတ်ဖြစ်ပေါ်လာမှု မရှိဘူး။
အဲဒီလို
ပေါ်လာပုံကို လေ့လာတဲ့အခါမှာ ၂-မျိုး ခွဲပြီးတော့လေ့လာမယ်။ (၁) ပဉ္စဒွါရမှာ ဝီထိစိတ်
ဖြစ်စဉ်က တစ်မျိုး၊ (၂) မနောဒွါရလို့ခေါ်တဲ့ mind door မှာ ဘဝင်စိတ်နဲ့ စပ်ပြီးတော့
ဖြစ်တဲ့ ဖြစ်စဉ်က တစ်မျိုး၊ (၁) ပဉ္စဒွါရဝီထိ (၂) မနောဒွါရဝီထိ အဲဒီလိုခေါ်တယ်။ စိတ်ဖြစ်စဉ်ဟာ
ငါးဒွါရမှာ ဖြစ်တဲ့ ဖြစ်စဉ်ရှိတယ်, မနောဒွါရမှာ ဖြစ်တဲ့ ဖြစ်စဉ်ရှိတယ်၊ ဖြစ်ပုံချင်း
မတူညီကြဘူး၊ ဘာလို့ မတူတာတုန်း ဆိုရင် အာရုံ ထင်လာပုံချင်းက မတူတာ။
ကဲ ဒီကနေ့
အထင်ရှားဆုံးဖြစ်တဲ့ စက္ခုဒွါရလို့ခေါ်တဲ့ မျက်လုံးတံခါးမှာ ရူပါရုံလို့ဆိုတဲ့ အဆင်းအာရုံ
တစ်ခုက လာပြီး ထင်ဟပ် ပေါ်လွင်လာတာ၊ အဲဒီလို ထင်ဟပ် ပေါ်လွင်လာတဲ့ အာရုံတစ်ခုခုနဲ့
ပတ်သက်ပြီး အလုပ်လုပ်တဲ့ အခါမှာ ထိုရူပါရုံ ဆိုတဲ့ အဆင်းအာရုံတွေ စက္ခုပသာဒ လို့ဆိုတဲ့
eye door မျက်စိတံခါးက ဝင်လာတယ်။ မျက်စိမှာ ထင်လာသလိုပဲ mind door လို့ခေါ်တဲ့ မနောဒွါရ
မှာလည်း တစ်ပြိုင်နက်တည်း ထင်လာတယ်။ စက္ခုဒွါရမှာ ထင်လာသလိုပဲ မနောဒွါရမှာလည်း ထင်လာတယ်၊
“ဒွေသု ဒွေသု ဒွါရေသု ဥပ္ပဇ္ဇတိ”။ တစ်ပြိုင်နက်တည်း
တံခါး နှစ်ပေါက်ကနေ အရိပ် ထင်လာတယ်၊ အဲဒီလို ထင်လာတဲ့အခါမှာ ဆိုင်ရာဆိုင်ရာ တံခါးတွေ
ပွင့်သွားတယ်ပေါ့၊ စိတ်နဲ့ ဆက်သွယ်မှု ဖြစ်လာပြီး ဖြစ်ပေါ်လာတဲ့စိတ်က အာရုံနဲ့ အလုပ်လုပ်တယ်။
အဲဒီလို
အာရုံတွေနဲ့ အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး အာရုံအမျိုးအစားကို ထပ်ပြီးတော့ ဒီဂရီအားဖြင့်
ခွဲထားတာ ရှိသေးတယ်။ ငါးဒွါရမှာ ပေါ်လာတဲ့ အာရုံက ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ
ဖောဋ္ဌဗ္ဗာရုံ၊ သူ့အာရုံနဲ့ သူ့ဒွါရ …
အဆင်းအာရုံသည်
မျက်စိတံခါးက ဝင်တယ်၊
အသံအာရုံသည်
နားတံခါးက ဝင်တယ်၊
အနံ့အာရုံသည်
နှာခေါင်းတံခါးက ဝင်တယ်၊
အရသာအာရုံသည်
လျှာတံခါးက ဝင်တယ်၊
အထိအတွေ့အာရုံ
သည် ကာယတံခါးကဝင်တယ်၊
အဲဒီလို
ငါးဒွါရမှာ ဝင်လာလို့ရှိရင် မနောဒွါရကိုလည်း တိုက်ရိုက် ဆက်သွယ်ပြီးတော့ ဖြစ်ပေါ် လာကြတယ်။
အဲဒီလို
အာရုံတွေ ဒွါရမှာ ပေါ်လာပုံနဲ့ ပတ်သက်ပြီးတော့ ‘ဝိသယပ္ပဝတ္တိ’ ဆိုတဲ့ စကားလုံးလေး ရှိတယ်၊
‘ဝိသယ’ ဆိုတာ ‘အာရမ္မဏ’ ဆိုတဲ့ စကားလုံးနဲ့ အတူတူပဲ၊ စိတ်ရဲ့ဖြစ်ရာ၊ ‘ပဝတ္တိ’ ဆိုတာ
ဖြစ်ပုံ၊ အာရုံတွေက ဖြစ်ပုံဖြစ်နည်းက ဒီဂရီအားဖြင့် မတူကြဘူးတဲ့၊ ရူပါရုံလို့ ဆိုတာချင်း
တူပေမယ့်လို့ ရူပါရုံတွေ ဒီဂရီအားဖြင့် မတူဘူးတဲ့၊ ကွဲပြား ခြားနားမှုတွေ ရှိတယ်၊ ဟုတ်တာပေါ့၊
ဆင်ကြီးနဲ့ ပုရွက်ဆိတ်ကလေး ကြည့်ရတာ ဘယ်တူမလဲ၊
ကြီးတာ သေးတာ ကွာမနေဘူးလား၊ အေး - မျက်စိက မြင်တဲ့ အာရုံမှာ အကြီးအာရုံနဲ့ အသေးအာရုံ
ဆိုတာ ရှိတယ်။ အဲဒီ အကြီးကလည်း ထပ်ပြီး တော့ ခွဲလိုက်မယ်ဆိုရင် “ကြီးတယ်,သိပ်ကြီးတယ်”၊
သေးတာကိုလည်း ထပ်ခွဲရင် “သေးတယ်, သိပ်သေးတယ်”၊ ကမြင်းနီ ဆိုတဲ့ အကောင်းလေး ကျတော့ ပုရွက်ဆိတ်ထက်
ပိုပြီးသေးတယ်ပေါ့၊ သိပ်သေးတယ်နော်၊ အဲဒီတော့ ကြီးတယ်,သိပ်ကြီးတယ်၊ သေးတယ်,သိပ်သေးတယ်၊
မျက်စိက မြင်ရတဲ့ အာရုံကို ဒီဂရီနဲ့ ထပ်ပြီးတော့ ခွဲလိုက်တာ။
မျက်စိနဲ့
မြင်ရတဲ့အာရုံကို ခွဲရသလိုပဲတဲ့ နားနဲ့ ကြားရတဲ့ အသံကိုလည်း ခွဲလို့ ရတယ်လေ။ “ကျယ်တယ်,
သိပ်ကျယ်တယ်၊ တိုးတယ်, သိပ်တိုးတယ်”၊ အသံ ကျတော့ ကြီးတယ် သေးတယ်လို့ မပြောဘူး၊ မြန်မာစကား
ပြောင်းသွားတယ်နော်၊ ကျယ်တယ်, သိပ်ကျယ်တယ်၊ မင်းအသံကြီးက ကျယ်လွန်း အားကြီးတယ်၊ ဟော
ကျယ်တယ်, သိပ်ကျယ်တယ်၊ တိုးတယ်, သိပ်တိုးတယ်။
ပါဠိစာပေကတော့
သိပ်ကျယ်တယ်ဆိုတာကို ‘အတိမဟန္တ’ ‘အတိ’ ဆိုတာကို အလွန်အမင်း၊ ‘မဟန္တ’ - ကြီးတယ်လို့
ပြောတာ၊ ‘ပရိတ္တ’ ကျတော့ သေးတယ်၊ ‘အတိပရိတ္တ’ - အလွန်သေးတယ်တဲ့၊ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့
အတိမဟန္တ ကို very great၊ မဟန္တကို great၊ ပရိတ္တကျတော့ small၊ အဟိပရိတ္တ ကျတော့
very small လို့ ဒီလိုပြန်လေ့ ရှိကြတယ်၊ ဒါက အဆင်းအာရုံ တစ်ခုတည်းကို ကြည့်ပြီး ပြောတဲ့
စကားမျိုးဖြစ်တယ်၊ အာရုံငါးပါးလုံးနဲ့ ပြောမယ်ဆိုရင် ပါဠိစာပေကတော့ “အတိမဟန္တ, မဟန္တ,
ပရိတ္တ, အတိပရိတ္တ” လို့ လာရောက်ပြီးတော့ ထင်တဲ့ အာရုံရဲ့ အနေအထားတွေ ဒီဂရီတွေကို ဒီလို
ခွဲပြီးတော့ ပြတာ။
အဲဒီလို
ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံ ၅-ပါးကို ခွဲတော့ အာရုံတစ်ခု
တစ်ခုကို လေးမျိုး လေးမျိုး ဖြစ်မသွားဘူးလား၊ မျက်စိကကြည့်တဲ့ “ရူပါရုံလေးက သိပ်ကြီးတယ်,
ကြီးတယ်, သေးတယ်, သိပ်သေးတယ်”၊ ဟော လေးမျိုး ဖြစ်သွားတယ်။
နားက
ကြားရတဲ့ အသံလေးလည်း လေးမျိုး ထပ်ပြီးတော့ ခွဲလိုက်တယ်၊ “သဒ္ဒါရုံက ကျယ်တယ်, သိပ်ကျယ်တယ်,
တိုးတယ်, သိပ်တိုးတယ်”၊ နောက် နှာခေါင်းက အနံ့ကျတော့လည်း ထို့အတူပဲ၊ “အနံ့က သိပ်ပြင်းတယ်,
ပြင်းတယ်, မပြင်းဘူး, သိပ်မပြင်းဘူး”၊ ဒီလိုခွဲလို့ရတယ်ပေါ့။ အရသာ ဆိုလည်း ထို့အတူပဲ၊
လူတွေသုံးတဲ့ ဝေါဟာရတွေနဲ့ “ချိုတယ် ဆိုရင်လည်း သိပ်ချိုတယ်, ချိုတယ်၊ မချိုဘူး, အလွန်ကို
မချိုဘူး”၊ ဒီလို လေးမျိုး လေးမျိုး ခွဲခွဲပြီးတော့ သွားတယ်၊ ထိခိုက်တာလည်း အတူတူပဲ၊
“သိပ်ပြင်းထန်တယ်, ပြင်းထန်တယ်, ညင်သာတယ်, သိပ်ညင်သာ တယ်”၊ ထိခိုက်တာချင်း မတူဘူး၊
ပူတာ အေးတာနဲ့ပြောရင် “သိပ်ပူတယ်, ပူတယ်, မပူဘူး, အလွန်ကို မပူဘူး”၊ “သိပ်အေးတယ်, အေးတယ်,
မအေးဘူး, အလွန်မအေးဘူးပေါ့”၊ လေးမျိုး လေးမျိုး ခွဲသွားတာပဲ။
ဒါဟာ
လူတွေရဲ့ ဝေါဟာရနဲ့ ပြောလို့ မဆုံးဘူး၊ မဆုံးသည့် အတွက်ကြောင့် ‘ဝိသယပ္ပဝတ္တိ’ ဆိုတဲ့ စကားလုံးကို ဒွါရကနေ အာရုံတွေရဲ့
ဖြစ်ပေါ်လာပုံကို လူတွေရဲ့ တံခါးတွေကနေပြီး အာရုံတွေ ဝင်ရောက်လာပုံ လေးမျိုးလို့ ဒီလို
ပြောတာ၊ လယ်တီဆရာတော်ကြီးက အဲဒီ အဓိပ္ပါယ်ကို ဖွင့်တယ်။
ဝိဘာဝနီ
ဋီကာကျော် ကျမ်းမှာတော့ အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်တယ်။
အဲဒီအဖွင့်ကို လယ်တီဆရာတော်ကြီးက သဘောမကျဘူး။ ဘာဖြစ်လို့တုန်း ဆိုတော့ အတိပရိတ္တာရုံ ကျတော့ အာရုံပေါ်မှာ စိတ်မဖြစ်ဘူး၊
ဘဝင်စိတ်ပဲ ဖြစ်တယ်၊ ဝီထိစိတ် ဖြစ်မှ မဖြစ်ဘဲကိုး၊ အဲဒါ ကြောင့်မို့ ‘အာရုံတို့၌ စိတ်တို့၏
ဖြစ်ခြင်း’ ဆိုတဲ့ အဓိပ္ပါယ်က အမှန်ဘူး၊ မခြုံမိဘူး၊ မငုံမိဘူး လို့ ပြောတာ။
ဒါကြောင့်မို့လို့
လယ်တီဆရာတော်ကြီး ဆိုလိုတဲ့ အဓိပ္ပါယ်က ဝိသယပ္ပဝတ္တိ ဆိုတာ ‘စိတ်တံခါးတို့၌ အာရုံတို့ရဲ့
ဖြစ်ပုံ ၄-မျိုး၊ တံခါးဝကနေ အာရုံတွေရဲ့ ဆက်သွယ်လာမှု လေးမျိုး’ လို့ ဒီလို ပြောတယ်။
‘အာရုံတွေရဲ့ အမျိုးအစား လေးမျိုး’ လို့၊ အဲဒါကို
စာပေလို ရေးသားတဲ့ အခါကျတော့ အတိမဟန္တာရုံ, မဟန္တာရုံ, ပရိတ္တာရုံ, အတိပရိတ္တာရုံလို့
သုံးတယ်။ (အဲဒီဟာကို ဖတ်ကြည့်လိုက်လို့ ရှိရင် ဘုန်းကြီး ကျောင်းရဲ့ နာမည်လို ဖြစ်နေတယ်နော်။)
အတိမဟန္တာရုံဆိုတာ
အလွန်ကြီးတဲ့ အာရုံကို ပြောတာ၊ အဲဒီလို မျက်စိက မြင်ရတဲ့ အာရုံတွေထဲမှာ အလွန်ကြီးတဲ့
အာရုံ ရှိသလို အလွန်သေးတဲ့ အာရုံလည်း ရှိတယ်၊ ကြီးတဲ့အာရုံ ရှိတယ်၊ သေးတဲ့အာရုံလည်း
ရှိတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ ငါးဒွါရမှာ အာရုံတွေရဲ့ ဖြစ်မှုဟာ အခုလို လေးမျိုး
ကွဲသွားတယ်။ အဲဒီလို အာရုံဖြစ်မှု လေးမျိုး ကွဲသွားတဲ့အခါမှာ စိတ်တို့ရဲ့ ဖြစ်စဉ်ဟာလည်း
ကွဲပြား ခြားနားသွားတယ်၊ မတူနိုင်ဘူးပေါ့။
ဒီနေရာမှာ
အတိမဟန္တ - အလွန်ကြီးတယ် ဆိုတာ ဘာပြောတာတုန်း ဆိုလို့ရှိရင် … ကြီးတယ်ဆိုတာ
အရာဝတ္ထုကြီးက ကြီးလို့လည်း ကြီးတယ်လို့ ပြောတယ်၊ အလင်းအား ကောင်းလို့, အမြင်အား ကောင်းလို့,
သိသာမြင်သာလို့ ရှိရင်လည်း ကြီးတယ်လို့ ပြောရမှာပဲ၊ ကြီးတယ်ဆိုတဲ့ အဓိပ္ပါယ်နော်၊ ဟိုလို
အကြီးစားကြီး ကြီးမှ ဒီလိုမဟုတ်ဘူး၊ အရာဝတ္ထုကြီးလို့ ကြီးတယ်လို့ ပြောမယ်, အလင်းရောင်
အားကောင်းလို့ ရှိရင်လည်း အဲဒီလောက် မကြီးပေမယ့်လု့ိ ခပ်သေးသေးလေး ဖြစ်ပေမယ့် ရှင်းရှင်း
လင်းလင်းကြီး သိသာမြင်သာလွန်းလို့ ရှိရင်လည်း အတိမဟန္တ လို့ ဒီလိုပဲခေါ်တယ်၊ မြင်သာတယ်လို့
ဆိုတယ်။
eye
door မျက်စိတံခါးပေါက်ကို လာပြီးတော့ ဆက်သွယ်တဲ့ အာရုံတွေဟာ တောင်ကြီးလို ကြီးတဲ့ အာရုံတွေလည်း
ဖြစ်မယ်, သိပ်ပြီးတော့ ထင်ရှားတဲ့ အာရုံတွေလည်း ဖြစ်နိုင်တယ်, အလင်းအား ကောင်းလို့
ပေါ်လွင်လာတဲ့ အာရုံလည်း ဖြစ်နိုင်တယ်လို့ ဒီလို ဆိုလိုတာ၊ အဲဒီ အတိမဟန္တ ဆိုတဲ့ အလွန်အားကြီးတဲ့
အာရုံ ဖြစ်လာလို့ရှိရင်၊ မျက်စိထဲမှာ ပေါ်လာလို့ရှိရင် စဉ်းစားစရာ မလိုတော့ဘူး၊ ချက်ချင်း
ထင် ထင်မှန်းသိတယ်။
အေး၊
ကောင်းပြီ - ပဉ္စဒွါရနဲ့ ပတ်သက်လို့ရှိရင် ဝိသယပ္ပဝတ္တိ က ၄-မျိုးရှိတယ်၊
(၁) အတိမဟန္တ,
(၂) မဟန္တ,
(၃) ပရိတ္တ,
(၄) အတိပရိတ္တ
ဆိုတဲ့ ၄-မျိုး။
Mind
door လို့ခေါ်တဲ့ မနောဒွါရနဲ့ ပတ်သက်လို့ရှိရင် စိတ်ထဲမှာ ပေါ်လာတာတော့ ကြီးတယ်, သေးတယ်လို့
ပြောလို့မရဘူး၊ စိတ်ထဲမှာ ဖြစ်တာကို အကြီး အသေးလို့ ခွဲလို့မရဘူး၊ အဲဒီတော့ ဘယ်လိုခွဲရတုန်း
ဆိုတော့ “ထင်ရှားတယ်၊ မထင်ရှားဘူး”။
အတိတ်က
အကြောင်းအရာတွေ ပြန်တွေးတဲ့ အခါကျတော့ “ငါ အကြီးကြီး မြင်တယ်” လို့ ပြောလို့ မရဘူး၊
“ထင်ထင်ရှားရှား ပေါ်လာတယ်” လို့ပဲ ပြောလို့ ရတယ်နော်၊ ဟုတ်ရဲ့လား၊ စိတ်ထဲမှာ ဝိုးတိုးဝါးတားလား,
ထင်ထင်ရှားရှားလား ဒါပဲပြောရမှာ၊ မျက်စိနဲ့ မြင်ရတာ မဟုတ်ဘူး၊ နားနဲ့ ကြားရတာ မဟုတ်ဘူး၊
ပြီးခဲ့တဲ့ အာရုံတွေကို ပြန်စဉ်းစားတဲ့ အခါမှာ စိတ်ထဲမှာ ပေါ်တာကျတော့ တချို့ အကြောင်း
အရာ လေးတွေက ရှင်းရှင်းကြီး ပေါ်နေတယ်၊ တချို့ အကြောင်းအရာ လေးတွေက ဝိုးတိုးဝါးတား
ပေါ်နေတယ်၊ ဒီနှစ်ခုနဲ့ ခွဲတာ၊ ပါဠိစာပေမှာ ထင်ထင်ရှားရှားကို “ဝိဘူတ” လို့ ခေါ်တယ်၊
မထင်မရှား ဝိုးတိုးဝါးတား ကိုကျတော့ “အဝိဘူတ” လို့ခေါ်တယ်။ ထင်ရှားတာနဲ့ မထင်ရှားတာ။
ဒါ ကိုယ့်ဘဝ
လက်တွေ့နဲ့ ပြန်ကြည့်လည်း သိတာပဲ၊ ညက အိပ်မက်မက်တယ်၊ မှတ်မိတယ်၊ ထင်ရှားတယ်၊ တစ်ခါတစ်ရံကျတော့
အိပ်မက်က ဝိုးတိုးဝါးတား ဖြစ်နေတယ်၊ မထင်ရှားဘူး၊ အဲဒါမျိုး လိုပဲ စိတ်ထဲမှာ ပေါ်လာတဲ့
အာရုံက ထင်ရှား တာနဲ့ မထင်ရှားတာ ၂-မျိုး ခွဲရတယ်။
ယခုလို
စိတ်တံခါးတွေမှာ အာရုံ ပေါ်လာပုံဟာ ဒီဂရီအားဖြင့် ၆-မျိုး ရှိတယ်။ ပဉ္စဒွါရ ဆိုတဲ့
ငါးဒွါရမှာ ၄-မျိုး၊ မနောဒွါရ လို့ဆိုတဲ့ mind door မှာ ၂-မျိုး၊ အဲဒါကို ဝိသယပ္ပဝတ္တိ
၆-မျိုးလို့ စာပေက ဆိုတယ်။
အဲဒီ
ဝိသယပ္ပဝတ္တိ ၆-မျိုး အလိုက် စိတ်ဖြစ်စဉ် တွေကလည်း ကွဲပြားခြားနားမှု ရှိသွားတယ်။ အာရုံက
ထင်ရှားရင် ထင်ရှားသလောက်, ကြီးရင် ကြီးသလောက် စိတ်ဟာ လျင်လျင်မြန်မြန် ဖြစ်နိုင်တာပေါ့။
တံခါးက ဝင်လာတဲ့ အခါမှာ လျင်လျင်မြန်မြန် ရောက်လာမှာ၊ အာရုံက မပြင်းထန်ဘူး ဆိုရင် အာရုံ
ဝင်ရောက်မှုက နှေးကွေးတယ်။ ဒါကြောင့် လယ်တီဆရာတော်ကြီးက “မြန်တယ်, သိပ်မြန်တယ်, နှေးကွေးတယ်,
သိပ်နှေးကွေးတယ်” အဲဒီလို သုံးတယ်။ နှေးကွေးတယ် ဆိုတာ လူက ဝင်လာတဲ့ အာရုံကို ရုတ်တရက်
စိတ်နဲ့မတွေ့ဘူးပေါ့, စိတ်က မဖမ်းနိုင်ဘူး၊ ဒါကို ဆိုလိုတာ။
မျက်စိတံခါးနဲ့
ပတ်သက်ပြီး စိတ်တွေ ဖြစ်ပေါ်လာပုံ ကို လေ့လာကြည့်ရအောင်၊ လူတိုင်းလူတိုင်းဟာ မျက်လုံးဖွင့်လိုက်တာနဲ့
တစ်ပြိုင်နက် မြင်စရာတွေ မြင်နေကြတာ မဟုတ်လား။ အဲဒီလို မြင်စရာတွေ မြင်နေတဲ့အခါမှာ
မတူညီတဲ့ စိတ်ဖြစ်စဉ်တွေ ဖြစ်တယ်တဲ့။ အခုပြောတဲ့ အလွန်ကြီးတဲ့၊ အလွန်မြင်သာ ထင်သာ ရှိတဲ့
အဆင်းအာရုံကြီး တစ်ခုကို မြင်လိုက်လို့ရှိရင် ချက်ချင်းလက်ငင်း ဆိုသလို မကြာခင် မှာပဲ
စိတ္တက္ခဏ ၃-ချက်လောက် အလွန်မှာ ဒီအာရုံဟာ စိတ်ထဲမှာ ပေါ်လာနိုင်ပြီ၊ ဖမ်းယူမိသွားပြီ
လို့ ဆိုလိုတယ်၊ ဖြစ်ပေါ်လာတဲ့ စိတ်တွေက ဖမ်းယူလိုက်ပြီ။
(လူတွေရဲ့
ဘဝမှာ ပကတိစိတ်ရဲ့ အစဉ်ဟာ ရှိနေတယ် ဆိုတာကို မမေ့နဲ့၊ ပင်ကိုယ်အားဖြင့် အဲဒီ ဘဝင်စိတ်
အစဉ်လေး ရှိနေတယ်) အဲဒီ ဘဝင်စိတ် အစဉ်လေး ရှိနေတဲ့ အချိန်မှာ မျက်လုံးလေး နှစ်လုံး
ဖွင့်လိုက်လို့ ကြီးမားတဲ့ အာရုံကြီး တစ်ခုဟာ မျက်လုံးထဲမှာ ထင်ဟပ်လာပြီ ဆိုရင် ခုနက
ပင်ကိုယ်စိတ်လို့ ခေါ်ရတဲ့ ဘဝင်စိတ် ကလေးက သူ့အရှိန်နဲ့သူ ပြေးနေတာ၊ သူ့အာရုံနဲ့သူ
ပြေးနေတဲ့ ဘဝင်စိတ်ကလေးဟာ အနည်းဆုံး ဘဝင်စိတ်ကလေး ၃-ကြိမ်လောက် ဆက်ဖြစ်ပြီး တော့မှ
ဟောဒီ အလွန်ကြီးတဲ့ အာရုံဟာ မျက်စိတံခါးမှာ လာ ဆက်သွယ်မိသွားတယ် လို့ပြောတယ်၊ အဲဒီကျမှ
စိတ်နဲ့ လာ ဆက်သွယ်မိတာ၊ ချက်ချင်းကြီး ဖြစ်ဖြစ်ချင်း မဆက်သွယ် မိဘူးလို့ ပြောတာ။
အဲဒါကို
စာပေလိုပြောတော့ ‘ဥပါဒ်’ လို့ ပြောတယ်၊ ‘ရူပါရုံနဲ့ စက္ခုပသာဒတို့ ဥပါဒ်ကြသောအခါ’၊
တစ်ခါတစ်လေကျတော့ ဝေါဟာရက စာလို ရေးထားတဲ့ အခါကျတော့ နားမလည်ဘူး ဖြစ်တတ်တယ် နော်၊ အာရုံလေးက
စိတ်ထဲမှာ လာပေါ်ဖို့ရန် အတွက် မူလက ဖြစ်စဉ်ဖြစ်တဲ့ ဘဝင်စိတ်အရှိန်က သွားနေတာ၊ အဲဒီထဲမှာ
မျက်စိ တံခါးပေါက်ကို ရူပါရုံဆိုတဲ့ အာရုံအသစ်ဟာ ထိုးဖောက်ပြီးတော့ ဝင်ရောက်လာတာ၊ အဲဒီလို
ဝင်ရောက်လာတဲ အခါကျတော့ အတွင်းက ဖြစ်စဉ်ဖြစ်တဲ့ ဘဝင်စိတ် လေးဟာ ၃-ခါလောက် ဖြစ်ပြီးတော့မှ
ရပ်တန့်သွားတယ်၊ ဒါ အနည်း ဆုံးပဲ၊ ၃-ခါထက် လျော့ပြီးတော့ ရူပါရုံက စိတ်အသစ်နဲ့ တွေ့တာ
မဟုတ်ဘူး၊ အဲဒါကို စာလို ပြောတဲ့ အခါကျတော့ ရူပါရုံလေး မွေးဖွားလာတယ်၊ ဒီမျက်စိထဲမှာ
ပေါ်လာပြီးတဲ့နောက် ဖြတ်သန်းကျော်လွန် ခဲ့ရတဲ့ စိတ္တက္ခဏလေးကို ဒါကို ‘အတီတ ဘဝင်စိတ်’
လို့ခေါ်တယ်။
အဲဒီ
အတီတ ဘဝင်စိတ်ကလေးကလည်း ခဏငယ် ၃-ခုရှိတယ်၊ ဥပါဒ်၊ ဌီ၊ ဘင် ဆိုတဲ့ ခဏငယ် ၃-ခု ရှိတယ်၊
အဲဒီ စိတ္တက္ခဏလေး ၁-ခု ဆိုတာဟာ ပြောမယ် ဆိုလို့ရှိရင် ကုဋေတစ်သိန်းရဲ့ အပုံတစ်ပုံလို့
ဒီလိုပြောရမှာ။ ဆိုပါစို့ - စိတ်ရဲ့ စိတ္တက္ခဏလေး ၂-ခုဟာ တစ်စက္ကန့် ဆိုလို့ရှိရင်
စက္ကန့်ကလေး တစ်သိန်းရဲ့ အပုံတစ်ပုံပဲ ရှိတယ်၊ အဲဒီလောက်အောင် တိုတောင်းတယ်လို့ ပြောတာနော်။
အဲဒီ
ဘဝင်စိတ်လေးဟာ သူ့အာရုံနဲ့သူ ပြေးနေတာ၊ ရူပါရုံလေးနဲ့ လာဆုံစည်းလိုက်တဲ့ အချိန်လေးမှာ
သူက ရူပါရုံကို မဖမ်းနိုင်ဘူး၊ မဖမ်းနိုင်ဘဲနဲ့ အဲဒီ ဘဝင်စိတ်လေးဟာ သူ့အာရုံနဲ့သူ ပြေးနေတာ၊
တစ်စိတ် လွန်သွားပြီ၊ ဒါပေမယ့် ရူပါရုံလေးကို မမိ လိုက်သေးဘူး၊ ဖမ်းတဲ့စိတ် မပေါ်သေးဘူး၊
ပြီးတဲ့ အခါကျတော့ အင်နဲ့အားနဲ့ အသစ်ဝင်လာတဲ့ ရူပါရုံကြောင့် အဲဒီ ဘဝင်စိတ်လေးဟာ အခြေအနေ
ပြောင်းလဲဖို့ရာ အတွက် လှုပ်ရှားတယ်၊ လှုပ်ရှားလာလို့ တည်ငြိမ်မှု ပျက်ပြားတယ်၊ အဲဒါကို
‘ဘဝင်္ဂစလန’ ဘဝင်လှုပ်တယ်လို့ ခေါ်တယ်၊ အဲဒါက
ဒုတိယစိတ္တက္ခဏ။
လှုပ်ပြီးတဲ့နောက်ကျတော့
၃-ကြိမ်မြောက် တတိယ ဘဝင်စိတ်ကလေး ဖြစ်ပြီးတဲ့ အခါကျတော့ ဘဝင်အရှိန်ဟာ ပြတ်ထွက်သွားတယ်၊
ဘဝင်အရှိန် ပြတ်ထွက်သွားခြင်း သည် အာရုံကလေးက စိတ်အသစ်နဲ့ တွေ့ဆုံခြင်းပဲ၊ အဲဒီကျမှ
တွေ့တာ၊ အဲဒီ အာရုံလေးပေါ်မှာ အာရုံပြုတဲ့ စိတ်သည် ဘဝင်စိတ် ၃-ခါ ဖြစ်ပြီးတဲ့ အခါမှ
တွေ့တယ်တဲ့၊ ဒါ အလွန် လျင်မြန်တာ၊ ဒါ အဘိဓမ္မာက ပြောလို့သာ သိရတာ၊ သာမန်သိဖို့ရန် အင်မတန်မှ
ခဲယဉ်းပါတယ်၊ မသိနိုင်လောက်ပါဘူးနော်၊ ဒါ ‘စိတ္တနိယာမ’ ပဲလေ။
ဒိပြင်
နိယာမတွေလည်း ဒီအတိုင်းပဲ၊ ဆိုပါစို့ - မျိုးစေ့လေး တစ်ခုကို မြေထဲမှာ ချပြီးတော့ မြှုပ်ထားလိုက်လို့ရှိရင်
၇-ရက်လောက် နေလို့ရှိရင် အညှောက်လေး ထွက်လာတယ် ဆိုပါစို့။ အဲဒီ အချိန်မှာ ပထမရက်ကျ
အညှောက် ဘယ်လောက်ထွက်တယ်, ဒုတိယရက်ကျ အညှောက် ဘယ်လောက် ထွက်တယ်, တတိယရက်ကျ ဘယ်လိုပြောင်းတယ်
ဆိုတာ သိနိုင်ပါ့မလား၊ “မသိနိုင်ပါဘူး ဘုရား”၊ အဲဒီ ရုပ်တောင်မှ မသိနိုင်တာနော်၊ ထွက်လာမှသာ
သြော် - ထွက်လာပြီ လို့ပြောတာ၊ သို့သော် ပြောင်းလဲမှုက နေ့စဉ် ရှိနေတာ၊ နာရီနဲ့အမျှ၊
မိနစ်နဲ့အမျှ ရှိနေတာ၊ မပြောင်းလဲဘဲနဲ့ ဝုန်းကနဲ့ ၇-ရက်မြောက်ကျမှ အမြစ်ဆင်းပြီး အညှောက်
ထွက်တာ ဟုတ်ပါ့မလား၊ မဟုတ်ဘူး၊ ပြောင်းလဲမှုက မိနစ်ပိုင်း အလိုက် ရှိနေ တယ်ပေါ့၊ အဲဒီပြောင်းလဲမှု
အတိုင်းအတာ အသေးစိတ် လေးတွေကို လူတွေက မမြင်နိုင်ဘူးပေါ့၊
အဲဒါဟာ process ပဲ၊ Process ဆိုတာ ရှိကို ရှိတယ်။
ကြည့်လေ
- ဘုန်းကြီးတို့ တတွေ ခေါင်းပြောင်အောင် ရိတ်ထားပြီး ဒီကနေ့ ရိတ်ထားတဲ့ဟာ နောက်တစ်ရက်
ကျတော့ မနေ့က ရိတ်ထားတဲ့ပုံစံ မဟုတ်တော့ဘူး၊ ဆံပင်လေးတွေ နည်းနည်း ထွက်လာတယ်၊ နောက်
တတိယရက် ကျတော့ နည်းနည်းလေး ထပ်ထွက်လာတယ်၊ စတုတ္ထရက် ကျတော့ နည်းနည်းလေး ထပ်ထွက်လာတယ်၊
တစ်ခါတည်း ထွက်လာတာ မဟုတ်ဘူး၊ မိနစ်ပိုင်း အလိုက် မိနစ်ပိုင်းအလိုက် ပြောင်းလဲမှု ကလေးတွေ
ရှိတယ်၊ သေသေ ချာချာ လေ့လာ စောင့်ကြည့် နေမယ် ဆိုရရင် အဲဒီ ပြောင်းလဲမှုလေးတွေက မြင်နိုင်တယ်၊
ရုပ်တရားဆိုတော့ ကြည့်လို့ မြင်လို့ ရတယ်ပေါ့၊ ဟောဒီ နာမ်တရား ဆိုတာကျတော့ မျက်စိနဲ့
ကြည့်လို့ မြင်လု့ိ မရနိုင်ဘူး။
ကောင်းပြီ
- အဲဒီ ရူပါရုံဆိုတဲ့ အာရုံလေးဟာ မျက်စိတံခါးက ဖြတ်ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် အနည်းဆုံး
စိတ္တက္ခဏ တစ်ချက် လွန်လာပြီးတဲ့နောက်မှ စပြီး ဥပါဒ်တာ၊ ရူပါရုံရဲ့ စတင်မွေးဖွားခြင်းလို့
ဒီလို ပြောပါတယ်၊ မျက်စိထဲမှာ သူပေါ်လာတာ သူ့ရဲ့ မွေးဖွားခြင်းပဲ၊ မွေးဖွားတဲ့ အချိန်လေးက
အင်မတန်မှ တိုတောင်းတယ်၊ စိတ္တက္ခဏ တစ်ချက်ထက် တိုတောင်းတယ်၊ ရူပါရုံ မွေးဖွားတာ ခဏလေး
တစ်ခုပဲရှိတယ်၊ မွေးဖွားပြီးတဲ့ အခါမှာ တည်တံ့နေတဲ့ ဌီခဏ ကျတော့ အလွန်ရှည်တယ် ပေါ့၊
နာမ်ထက်စာလို့ရှိရင် ဒီရူပါရုံလေးက ရုပ်တရားဖြစ်သည့် အတွက်ကြောင့် ရှည်တယ်။
စာပေလို
ခဏငယ်နဲ့ ပြောမယ်ဆိုရင် ခဏငယ် ၅၁-ချက် ရှိတဲ့အထဲမှာ မျက်စိတံခါးကနေ ဝင်ရောက် ပြီးတော့
မွေးဖွားလာတဲ့ အဆင်းအာရုံလေးသည် စတင်ဥပါဒ်တဲ့ မွေးဖွားလာပြီးတဲ့နောက်မှာ ဒါက ခဏလေးတစ်ခု
လွန်လာပြီ၊ အဲဒီနောက် သူ့ရဲ့ဌီခဏလို့ ဆိုတဲ့ တည်တံ့နေတဲ့ အချိန်ပိုင်းက အများကြီး၊
၄၉-ချက် က ဌီခဏ၊ နောက်ဆုံးတစ်ချက်က ဘင်ခဏ လို့၊ ဒီလို သူက ‘ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏ’။
ခဏ ၃-မျိုးရှိတယ်။
ရုပ်တရားတွေမှာ
ဥပါဒ်ခဏက သိပ်တိုတယ်၊ ဘင်ခဏကလည်း သိပ်တိုတယ်။ သို့သော် ရပ်တည်နေတဲ့ အချိန်ပိုင်း ဌီခဏကျတော့
ခဏငယ် ၄၉-ချက်ခန့် တည်နေတယ်၊ အဲဒီရပ်တည်နေတဲ့ အချိန်အတွင်းမှာ သူက စိတ်နဲ့ တွေ့ဆုံတာ၊
သူက ဖြစ်လျှင်ဖြစ်ခြင်း၊ သူမွေးဖွားလျှင်မွေးဖွားခြင်း စိတ်နဲ့တွေ့ဆုံလို့ မရဘူး၊ သူ့ကို
ဖမ်းယူမယ့်စိတ်နဲ့ မတွေ့ဆုံနိုင်သေးဘူး၊ ဘာဖြစ်လို့တုန်း ဆိုရင် ပင်ကိုယ်စိတ် ဘဝင်စိတ်တွေက
သူ့အာရုံနဲ့သူ သွားနေတာ၊ အဲဒီ ပင်ကိုယ်စိတ်တွေ မပြတ်လို့ ရှိရင်လည်း နောက်ထပ် စိတ်က
ဝင်လို့မရဘူးနော်။ ပင်ကိုယ်စိတ်ကို အခြေခံပြီတော့မှ အာရုံ အသစ်ကြောင့်မို့ စိတ်အသစ်
ဖြစ်ရတာ။ ပြောမယ်ဆိုလို့ရှိရင် ‘ပကတိစိတ်နဲ့ ဝိကတိစိတ်’ လို့။ ဆိုပါစို့ - ပကတိဆိုတဲ့
ပင်ကိုယ်စိတ်တွေက သွားနေသည့် အတွက်ကြောင့် ‘ဝိကတိ’ ဆိုတဲ့ အာရုံအသစ်ကြောင့် ဖြစ်ပေါ်လာတဲ့
စိတ်တွေဟာ မဝင်ရောက်နိုင်သေးဘူး။
ကောင်းပြီ
- ရူပါရုံလေးက အဲဒီလို မျက်စိတံခါးမှာ လာပြီးတော့ ပေါ်လိုက်တဲ့အခါမှာ အနည်းဆုံး စိတ္တက္ခဏ
၁-ချက်သော်လည်းကောင်း, ၂- ချက်သော်လည်းကောင်း, ၃- ချက်သော်လည်းကောင်း, များစွာ ချက်သော်လည်းကောင်း
ဖြတ်ကျော်ပြီးတော့မှ သာလျှင် အသစ်ပေါ်လာတဲ့ အာရုံကို သိနိုင်တဲ့စိတ်နဲ့ ဆုံတွေ့မိတယ်လို့
ဒီလိုပြောတယ်၊ အဲဒါကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ “ဧကစိတ္တက္ခဏာ တီတာ နဝါ ဗဟုစိတ္တက္ခဏာ
တီတာ နိဝါ ဌိတိပတ္တာ နေဝ” - ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့
အာရုံငါးပါးဟာ ဌီခဏ ရောက်တဲ့အခါမှာ စိတ္တက္ခဏ တစ်ကြိမ်လွန်၍ ဖြစ်စေ, နှစ်ကြိမ်လွန်၍ဖြစ်စေ
လွန်ပြီးမှသာ ထင်လာနိုင်တယ်။ ကြည့်လေ - အတီတ ဘဝင်ကလေး တစ်ချက် လွန်သွားပြီ၊ ဒါ အတီတ ဘဝင်ကို ပြောတာ၊ သို့သော် သူ ထင်နိုင်သေးတာ
မဟုတ်ဘူး၊ စတုတ္ထစိတ် လောက်ကျမှ သူနဲ့တွေ့တာ၊ ပထမစိတ်က ဘဝင်စိတ်, ဒုတိယစိတ်ကလည်း ဘဝင်စိတ်,
တတိယစိတ်ကလည်း ဘဝင်စိတ်ပဲ၊ ဘဝင်စိတ် မှန်သမျှ အခု လောလောဆယ် မျက်စိတံခါးမှာ ဆက်သွယ်လာတဲ့
အာရုံကို မသိနိုင်ဘူး၊ မမြင်နိုင်ဘူး။
အဲဒီလို
မျက်စိတံခါးမှာ လာရောက် ဆက်သွယ်လိုက်တဲ့ အခါကျတော့ အဲဒီ ဘဝင်စိတ် ၃-ကြိမ် ဖြစ်ပြီးတော့
ပြတ်ထွက်သွားပြီ ဆိုတော့မှ ပဉ္စဒွါရာဝဇ္ဇန်း အာဝဇ္ဇန်း စိတ်ဆိုတာလေး ပေါ်လာတယ်၊ အဲဒီ
အာဝဇ္ဇန်းစိတ်က ငါးဒွါရမှာ ဆင်ခြင်ပေးတယ်၊ ဦးလှည့်ပေးတယ်၊ အာရုံရှိရာကို မျက်နှာမူပေး
တဲ့စိတ်၊ တစ်နည်းအားဖြင့် ပြောမယ် ဆိုရင် အာရုံအသစ်ကို welcome လုပ်တဲ့ စိတ်နော်၊ ကြိုဆို
လိုက်တာ၊ တံခါး ဖွင့်ပေးလိုက်တာ၊ သူက တံခါးဖွင့် မပေးရင် မြင်လို့ မရတော့ဘူး၊ ဒါကြောင့်မို့လို့
သူ တံခါးဖွင့်ပေးတဲ့ အခါမှ နောက်က စက္ခုဝိညာဏ်စိတ် လာတယ်၊ မြင်တဲ့စိတ်က အဲဒီနောက်မှ
လိုက်လာရတာ၊ အဲဒီတော့ ချက်ချင်းကြီး မြင်တာ မဟုတ်သေးဘူး။
အဲဒီ
တံခါးဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို အဋ္ဌသာလိနီ အဋ္ဌကထာမှာ “နားမကြားတဲ့ တံခါးစောင့်”
လို့ ဒီလို နာမည် ပေးတယ်၊ တံခါးခေါက်လိုက်တယ်၊ သူကြားလို့ ဖွင့်ပေးတာ မဟုတ်ဘူး၊ သူ့ကို
အမှတ်သညာ ပေးတာ၊ အမှတ်သညာ ပေးလိုက်လို့ သူ တံခါးထ,ဖွင့်ရတယ်၊ ကြားတော့ မကြားဘူးတဲ့၊
မြင်နိုင်တာ မဟုတ်ဘူး၊ တံခါးဖွင့်ပေးရုံ ဖွင့်ပေးလိုက်တာပဲ၊ ဘာကြောင့် သူက တံခါးဖွင့်နိုင်တုန်း
ဆိုတော့ အာရုံနဲ့ဝတ္ထု ဆုံစည်းမှုရဲ့ စွမ်းအားနဲ့
သူက တံခါး ဖွင့်ပေးတာ၊ အဲဒီစိတ်က စပြီးတော့ အသစ်ရောက်လာတဲ့, မျက်စိတံခါးမှာ ဝင်လာတဲ့
အာရုံနဲ့စိတ်တွေဟာ အလုပ် လုပ်ကြပြီတဲ့။
အဲဒီ
ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ကုသိုလ်လည်း မဟုတ်ဘူး, အကုသိုလ်လည်း မဟုတ်ဘူး, ကံရဲ့ အကျိုးတရားလည်း
မဟုတ်ဘူး၊ ကြိယာစိတ် ဖြစ်တယ်၊ ကြိယာစိတ်ဆိုတာ သက်သက် အလုပ်လုပ်တဲ့ စိတ်တစ်ခုပဲ၊ ဘာ့ကြောင့်
ပေါ်လာ တုန်းဆိုရင် ဝတ္ထုအာရုံ ဆုံတဲ့ စွမ်းအားကြောင့် ပေါ်လာတာ၊ အဲဒီ ဆုံတဲ့ စွမ်းအားကြောင့်
ပေါ်လာတဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးက ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ပျက်သွားတယ်၊ သူ
ပျက်သွားခြင်းသည် စက္ခုဝိညာဏ်စိတ် ဖြစ်ဖို့ရန် chance ပဲ။
ဒါကြောင့်မို့လို့
ပြောတယ် မဟုတ်လား၊ မြင်သိစိတ်ကလေး ဖြစ်ဖို့ရန်အတွက် သုတ္တန် ပါဠိတော်တွေမှာ မြတ်စွာဘုရား
ဟောထားတာတွေက စက္ခုပသာဒနဲ့ ရူပါရုံ ဒီ ၂-ခု အကြောင်း ပြုပြီးတော့ စက္ခုဝိညာဏ်စိတ် ပေါ်တယ်၊
“စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”
၊ မျက်စိရယ် အဆင်းရယ်၊ ဒီ ၂-ခုကို အကြောင်းပြု အမှီပြုပြီးတော့ မြင်သိစိတ် ပေါ်တယ်လို့
ထိုထို သုတ္တန်တွေမှာ ဟောသွားတယ်။
သို့သော်
ဒီအကြောင်း ၂-ခုတည်းလား ဆို မဟုတ်ဘူးတဲ့၊ အထောက်အကူ ဖြစ်တဲ့ အကြောင်းတွေ လိုသေးတယ်၊
အထောက်အကူဖြစ်တဲ့ အကြောင်းက ဘာလဲဆိုရင် မျက်စိနဲ့ အာရုံကြား သို့မဟုတ် အဆင်းအာရုံလေး
ပေါ်မှာ လိုအပ်တဲ့ အလင်းရောင် ရှိရဦးမယ်၊ မှောင်နေရင် မြင်ရမှာ မဟုတ်ဘဲကိုး။ အဲဒါကြောင့်
အလင်းရောင်ဆိုတဲ့ အကြာင်းတစ်ခုလည်း လိုအပ်တယ်၊ နောက်တစ်ခု ဘာတုန်းဆိုတော့ နှလုံးသွင်းမှု
မနသိကာရ တဲ့။
ဒါကြောင့်
လယ်တီဆရာတော်ကြီးက “စက္ခာလောက ရူပထင်ပြီ မနသီ လေးလီ စက္ခုဖို့” လို့ အဋ္ဌကထာတွေမှာ
ပါတဲ့ စကားအတိုင်း လင်္ကာစီထားတာ။
‘စက္ခု’
ဆိုတာ စက္ခုပသာဒရုပ်ကိုပြောတာ၊
‘အာလောက’
ဆိုတာ အလင်းကိုပြောတာ၊
‘ရူပထင်ပြီ’
ဆိုတာ အဆင်းအာရုံလေး လာထင်တာ၊
‘မနသီ’
ဆိုတာ နှလုံးသွင်းမှု၊
ပေါင်းလိုက်တဲ့အခါကျတော့
အကြောင်း ၄-မျိုး၊
အဲဒီအကြောင်း
၄-မျိုးထဲက ‘မနသီ’ ဆိုတဲ့အကြောင်းက ဘာပြောတာတုန်းဆို ဟောဒီ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးကို
ပြောတာ၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်က အာဝဇ္ဇန်း ပဲ၊အာဝဇ္ဇန်းဆိုတာ ‘မနသိကာရ’ ပဲ၊ ဒီ အာဝဇ္ဇန်းစိတ်ကလေး
မပါဘဲနဲ့ စက္ခု ဝိညာဏ်စိတ် မဖြစ်နိုင်ဘူး၊ ဟောဒီ အကြောင်းတရားတွေ ရှိတယ်၊ အကြောင်း
၄-မျိုး။
ကောင်းပြီ၊
မျက်စိတံခါးကို ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဖွင့်ပေးလို်က်တဲ့ အခါ မြင်ခြင်းကိစ္စ ဆောင်ရွက်တာက
စက္ခုဝိညာဏ်စိတ်တဲ့၊ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်၊
စက္ခုဝိညာဏ်စိတ်က မြင်ရုံပဲ မြင်တာ၊ အဲဒီမြင်တဲ့ စက္ခုဝိညာဏ်စိတ်ဟာ ‘ကမ္မဝိပါက’ ကံရဲ့အကျိုးတရား
ဖြစ်တယ်၊ ကံက ဖန်တီးထားတဲ့စိတ်၊ ဘယ်မှာ ဖန်တီးထားတာတုန်းလို့
သေချာ လိုက်ရှာကြည့်ရင် ကံက ဖန်တီးထားတဲ့ စက္ခုဝိညာဏ်စိတ် ကလေးဟာ စက္ခုပသာဒရုပ်နဲ့
အတူတကွ ရှိနေလားလို့ဆိုတော့ စိတ်ဆိုတာ အရှိ
မဟုတ်ဘူး, အဖြစ်တရား၊ စက္ခုပသာဒ ဆိုတာလည်း အမှန်ကတော့ ရှိနေတာ မဟုတ်ဘူး၊ ဖြစ်နေကြတာပဲ၊
အကြောင်းတွေကြောင့် ဖြစ်နေကြတာ၊ ဖြစ်နေတဲ့ စက္ခုပသာဒထဲမှာ ဟောဒီ စက္ခုဝိညာဏ်စိတ် ဖြစ်လာနိုင်တဲ့
အနေအထား possibility ရှိနေတာကို ပြောတာ။
ဥပမာ
- ဂက်စ်မီးခြစ်ထဲမှာ မီးမရှိပေမယ့်လို့ မီးဖြစ်နိုင်တဲ့ အနေအထား မရှိဘူးလား၊ ရှိတယ်၊
အေး အဲဒါမျိုးလို လူတွေရဲ့ စက္ခုပသာဒ မှာလည်းပဲ စက္ခုဝိညာဏ်စိတ် ကလေး ပေါ်ဖို့ အနေအထား
ရှိနေတယ်လို့ ပြောတာနော်၊ သူလည်း ကံကြောင့်ဖြစ်တဲ့ ဟာပဲ၊ ကံကြောင့် ဖြစ်ပေမယ့်လို့
ကံကနေ ဖန်တီးပေးထားတဲ့ စက္ခုပသာဒရုပ်ကို စိတ်တို့ ဥတုတို့ အာဟာရတို့က အထောက်အပံ့ ပေးလို့
ဆက်လက်ရှင်သန်နေတာ။
ဟောဒီ
စက္ခုဝိညာဏ်စိတ်လေးကျတော့ ဝတ္ထု အာရုံနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရဲ့ အကူအညီ နဲ့မှ သူက
ဖြစ်လို့ရတာ၊ ကံတစ်ခုတည်း မဟုတ်တော့ဘူး၊ ဟုတ်ရဲ့လား၊ အကြောင်း တွေ မြောက်များစွာ ရှိလာပုံကို
စဉ်းစားကြည့်တာ၊ စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ် ဖြစ်ပေါ်ဖို့ရန် အာရုံဝတ္ထု ဆုံစည်းမှုဟာ
အကြောင်း တစ်ခုပဲ၊ အာရုံနဲ့ဝတ္ထု ဆုံစည်း လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဉ္စဒွါရာဝဇ္ဇန်းက
တံခါးဖွင့်ပေးလိုက်လို့ သူက မြင်ရတယ်၊ အဲဒီ မြင်သိစိတ်ကလေးက ဘွားကနဲ ပေါ်လာတယ်၊ ပေါ်လာပြီးတော့
သူက ပျောက်သွားပြန်တယ်။
အဲဒီ
စက္ခုဝိညာဏ်စိတ်ဟာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေက စက္ခုဝိညာဏ်ဒွေးလို့ ဒီလိုသုံးတယ်၊
စက္ခုဝိညာဏ်စိတ်က ၂-ခု ရှိတယ်ပေါ့၊ ကုသလဝိပါက် - ကုသိုလ်ရဲ့ အကျိုး, အကုသလဝိပါက် - အကုသိုလ်ရဲ့ အကျိုးလို့ ၂-မျိုး ရှိတယ်။
စာပေကျမ်းဂန်မှာ
‘ဝိပါတ်အမှန် ဇောအပြန်’ ဆိုတဲ့ စကားရှိတယ်၊ အာရုံနဲ့ ပတ်သက်ပြီးတော့ ဝိပါက်စိတ်တွေဟာ
ဆိုပါစို့ - ဣဋ္ဌာရုံနဲ့ တွေ့လာပြီ၊ ကောင်းတဲ့ အာရုံနဲ့ တွေ့ရင် ကုသိုလ်ရဲ့ အကျိုးလို့
မှတ်တယ်၊ အနိဋ္ဌာရုံနဲ့ ပတ်သက်လို့ရှိရင် အကုသလဝိပါက် - အကုသိုလ်ရဲ့အကျိုးလို့မှတ်တယ်၊
အနိဋ္ဌာရုံနဲ့ ပတ်သက်လု့ိ ရှိရင် အကုသလဝိပါက် စက္ခုဝိညာဏ်၊ ဒါက ပြောင်းလဲလို့ မရဘူး။
အာရုံက ဣဋ္ဌာရုံ ဆိုလို့ရှိရင် ကုသလဝိပါက်, ကုသိုလ်ရဲ့ အကျိုး၊ အနိဋ္ဌာရုံဆိုရင် အကုသလဝိပါက်,
အကုသိုလ်ရဲ့ အကျိုး၊ ဟော စက္ခုဝိညာဏ်စိတ် ၂-မျိုးထဲက ရွေးချယ်ပုံ ရွေးချယ်နည်း၊ ဒါက
စနစ်တကျ ရွေးချယ်တဲ့နည်းပေါ့၊ အဲဒါက ပြောင်းလဲလို့မရဘူး။
ဘာဖြစ်လို့
ပြောင်းလဲလို့ မရတာတုန်း ဆိုတော့ ဝိပါက်စိတ်ဆိုတာ ကံရဲ့အကျိုးပဲ။ ဘာနဲ့ အလားသဏ္ဌာန်
တူတုန်းဆိုရင် မှန်ထဲမှာ ပေါ်လာတဲ့ အရိပ်လိုပဲလေ၊ ကိုယ့်မျက်နှာ အရှိအတိုင်းပဲ မှန်ထဲမှာ
ပေါ်မှာမို့လား၊ မှန်ထဲက ရုပ်ပုံလွှာကို ပြင်လို့ရသလား၊ မရဘူး။ ရှိတဲ့ပုံအတိုင်း ပေါ်မှာပဲ။
အဲဒါလိုပဲ စက္ခုဝိညာဏ်စိတ် လေးက ဣဋ္ဌာရုံနဲ့ တွေ့ရင် ကုသလဝိပါက်စိတ် ပေါ်မှာပဲ, အနိဋ္ဌာရုံနဲ့
တွေ့ရင် အကုသလဝိပါက်စိတ် ပေါ်မှာပဲ၊ ဒါက ပုံမှန်။
နောက်
- ဝေဒနာနဲ့ ပတ်သက်လို့ ရှိရင်လည်း အဲဒီလို ပုံမှန် သတ်မှတ်ချက် ကလေးတွေ ရှိတယ်၊ ဝိပါက်စိတ်ဟာ
အမှန်ပဲ၊ ပြုပြင် ပြောင်းလဲလို့ မရတဲ့ အနေအထား ရှိတယ်၊ ကံကြောင့်ဖြစ်တယ် ဆိုပေမယ့်လို့
ပစ္စုပ္ပန် ဝတ္ထုတို့ အာရုံတို့ ပေါင်းဆုံတဲ့ စွမ်းအား ကြောင့် ဖြစ်လာတာလို့ ဒီလိုပြောတယ်။
စက္ခုဝတ္ထုကိုမှီရင်
မှီရာ စက္ခုဝတ္ထုလေး ကလည်း ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြု လိုက်တာပဲ၊ နိဿယသတ္တိနဲ့ ကျေးဇူးပြုလိုက်တာပဲ၊
ရူပါရုံဆိုတဲ့ အာရုံလေး ကလည်းပဲ အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုလိုက်တာပဲ၊ ကျေးဇူးပြုလိုက်သည့်
အတွက်ကြောင့် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားတာနဲ့ တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ် ကလေးက
ပေါ်လာတယ်။
ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရဲ့
မှီရာက ဟဒယဝတ္ထု၊ စက္ခုဝိညာဏ်စိတ်လေးရဲ့ မှီရာက စက္ခုဝတ္ထု၊ မှီရာချင်း မတူဘူး၊ ဆက်သွယ်မှုချင်း
နီးစပ်တယ်၊ မှီရာချင်းတော့ မတူဘူး။
စက္ခုဝိညာဏ်
စိတ်ကလေး ဖြစ်ပြီး ချုပ်သွားတော့ ဘာပေါ်လာတုန်း ဆိုတော့ အဲဒီအာရုံကလေးကို လက်ခံတဲ့
“သမ္ပဋိစ္ဆန” ဆိုတဲ့စိတ် ပေါ်လာတယ်။ အဲဒီမှာ လည်းပဲ အာရုံက အလိုရှိအပ်တဲ့ ဣဋ္ဌာရုံ
ဆိုလို့ရှိရင် ကုသလဝိပါတ်၊ အလိုမရှိအပ်တဲ့ အာရုံဆိုရင် အကုသလ ဝိပါက်တဲ့။ ဘာဖြစ်လို့တုန်းဆိုရင်
ဒါက The Law of Nature သဘာဝတရားရဲ့ ဥပဒေကြီးပဲ၊ သဘာဝတရားရဲ့ ဥပဒေမှာ ကုသိုလ်က ဆိုးကျိုးပေးတယ်ဆိုတာ
မရှိဘူး, အကုသိုလ်က ကောင်းကျိုး ပေးတယ်ဆိုတာ မရှိဘူး၊ ကောင်းတာ မြင်တာ မှန်သမျှ ကုသိုလ်ရဲ့
အကျိုး, မကောင်းတာ မှန်သမျှ အကုသိုလ်ရဲ့အကျိုး၊ ဒီလိုပဲ သတ်မှတ်တယ်နော်၊ ဒါက The
Law of Nature သဘာဝ နိယာမတရား ပဲ။
ဒါပေမယ့်လို့
ဣဋ္ဌာရုံ အနိဋ္ဌာရုံ လိုချင်စရာ အာရုံနဲ့ မလိုချင်စရာ အာရုံ ဆိုတာကျတော့ ဘာနဲ့ ခွဲတာတုန်းဆိုရင်
General consensus လူအများစု ယေဘုယျ သတ်မှတ်ချက်နဲ့ပဲ ပြောရမယ်တဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့
ဒူးရင်းသီးပဲ ကြည့်ဦး၊ ကြိုက်တဲ့သူကျတော့ ဣဋ္ဌာရုံ၊ မကြိုက်တဲ့သူကျတော့ အနိဋ္ဌာရုံ၊
ဟုတ်ရဲ့လား၊ မကြိုက်တဲ့သူက နံတယ်ပြောတာပဲ၊ ကြိုက်တဲ့သူက မွှေးတယ်လို့ ပြောတာပဲ၊ မွှေးတဲ့သူအဖို့
ဣဋ္ဌာရုံ ဖြစ်ပြီးတော့ နံတဲ့သူအဖို့ အနိဋ္ဌာရုံ ဖြစ်နေတယ်၊ ငပိလည်း ထို့အတူပဲ၊ ငပိကြိုက်တဲ့သူက
မွှေးတယ်၊ ငပိမကြိုက်တဲ့သူက နံတယ်၊ ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံကို ပြောတာ။
ဣဋ္ဌာရုံမှာ
သဘာဝဣဋ္ဌာရုံနဲ့ ပရိကပ္ပဣဋ္ဌာရုံ ၂-မျိုး ရှိတယ်။ လူဆိုတာ ကိုယ်ထင် ခုတင် ရွှေနန်း
ပဲလေ။ သို့သော် ဣဋ္ဌာရုံဆိုတာ ကိုယ်ကြိုက်လို့ ဣဋ္ဌာရုံလု့ိ ပြောတာ မဟုတ်ဘူး၊ ကိုယ်မကြိုက်လို့
အနိဋ္ဌာရုံလို့ ပြောတာ မဟုတ်ဘူး၊ အဲဒါဆိုရင် လွဲချော်ကုန်မှာပေါ့။ အဲဒီတော့ ဆိုလိုတာက
General consensus ယေဘုယျ သတ်မှတ်ချက်၊ အများကြိုက်တဲ့ အကြိုက်နဲ့ သတ်မှတ်ရမယ်၊ တစ်ဦးချင်း
အနေနဲ့ ပြောလို့မရဘူး။
ဒါကြောင့်မို့
ဣဋ္ဌ အနိဋ္ဌ ခွဲတဲ့အခါမှာ ဝါဒအမျိုးမျိုး ရှိတယ်၊ ဘယ်ဟာကတော့ ဣဋ္ဌ၊ ဘယ်ဟာကတော့ အနိဋ္ဌလို့
သေချာပေါက် ပြောလို့မရဘူး။
ဒွါရ
ပြောင်းရင်လည်း ဣဋ္ဌ အနိဋ္ဌ ဆိုတာ ပြောင်းသေးတယ်၊ ဆိုပါစို့ - ရွှေက တန်ဖိုးရှိတဲ့
အရာမို့လား၊ အဲဒီ ရွှေချောင်းနဲ့ ခေါင်းချလိုက်လို့ရှိရင် ချမ်းသာမလား၊ ဆင်းရဲမလား၊
“ဆင်းရဲပါမယ် ဘုရား”၊ ဟော ကာယဒွါရ ရောက်တဲ့အခါကျတော့ ဒုက္ခဖြစ်ပြန်ရောနော်၊ မျက်စိထဲမှာ
လှပေမယ့်လို့ ထိလိုက်လို့ရှိရင် မာကျောတယ် ဆိုတော့ ဒုက္ခဖြစ်သေးတာပဲ၊ ဒွါရပြောင်းရင်
ပြောင်းတယ် ဆိုတဲ့ သဘောကို ပြောတာနော်။
ဆိုပါစို့
- မစင် အညစ်အကြေးက မျက်စိက ကြည့်တယ်၊ နှာခေါင်းက ဆိုရင်တော့ အင်မတန်နံတယ်၊ လက်နဲ့စမ်းကြည့်ရင်တော့
အိစက်စက်ကလေး နေမှာပဲ၊ အဲဒီတော့ ဖောဋ္ဌဗ္ဗာ အတွေ့ကျတော့ မကောင်းဘူးလား၊ ကောင်းတယ်၊
သို့သော် ဒီပြင် ဒွါရနဲ့ ကျတော့ မကောင်းဘူး၊ အဲဒီလို ဒွါရ ပြောင်းသွားရင် ကောင်းမကောင်း
ဆိုတာ ကလည်း ပြောင်းတယ်လို့ မှတ်တာပေါ့။ ပုံမှန်ယူလို့ မရဘူးလို့ ပြောတာ၊ အဲဒီတော့
ဣဋ္ဌ အနိဋ္ဌ ခွဲတာ ယေဘုယျအားဖြင့် ခွဲခြားတဲ့ သဘောလို့ ဒီလို မှတ်ရမယ်။
သဘာဝဣဋ္ဌာရုံ
ဆိုတာ ပင်ကိုယ်က နှစ်သက်စရာကောင်းတဲ့ အာရုံ၊ ဥပမာ - ပန်းကလေးတွေ အလွန်ပဲ နှစ်သက်စရာ
ကောင်းတယ်၊ ပရိကပ္ပဣဋ္ဌာရုံ ကျတော့ အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ်ကြိုက်လို့ ကောင်းနေကြတာ၊
ဆိုပါစို့ - ခွေးသေကောင် ပုပ်ဟာ လူတွေအတွက်
နှာခေါင်းပိတ်လောက်အောင် စက်ဆုပ်စရာ ဖြစ်ပေမယ့်လို့ လင်းတတွေ အတွက်တော့ ဝမ်းသာစရာကြီး
ဖြစ်မနေဘူးလား၊ ဒါ ကြိုက်တာကိုး သူတို့ကနော်၊ အဲဒါလိုပေါ့ ပရိကပ္ပဣဋ္ဌာရုံဆိုတာ “ကိုယ်ထင်
ခုတင်ရွှေနန်း” ဆိုတာ မျိုး ပြောတာ။
အေး ကောင်းပြီ
- သမ္ပဋိစ္ဆိုင်း ဆိုတဲ့စိတ်သည် အဲဒီလို ကောင်းတဲ့အာရုံနဲ့ တွေ့ကြုံပြီးလို့ လက်ခံရရင်
ကုသိုလ်ရဲ့ အကျိုး ကုသလဝိပါက်၊ မကောင်းတဲ့ အနိဋ္ဌာရုံဆိုရင် အကုသိုလ်ရဲ့ အကျိုး အကုသလ
ဝိပါက် ပေါ်တယ်လို့ မှတ်ရမယ်။ သို့သော် သူပေါ်လာရခြင်းက အာရုံဝတ္ထု ဆုံစည်းမှုတွေရဲ့
စွမ်းအားကြောင့် ပေါ်လာတာ။
အဲဒီတော့
သမ္ပဋိစ္ဆိုင်း ပေါ်လို့ရတာ ဘယ်သူကနေ ပေါ်ခွင့် ပေးလိုက်တာတုန်းဆို စက္ခုဝိညာဏ်စိတ်
ကပဲ၊ စက္ခုဝိညာဏ်စိတ် ချုပ်ပေးခြင်းသည် သမ္ပဋိစ္ဆိုင်း ပေါ်ဖို့အတွက် အကြောင်းပဲ၊ အဲဒါကြောင့်
ပဋ္ဌာန်းမှာ “အနန္တရပစ္စယော၊ သမနန္တရ ပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော” လို့ ဟောတာ၊
တစ်ခု ချုပ်ပေးလိုက်တာဟာ နောက်တစ်ခုဖြစ်ဖို့အတွက် chance ပေးလိုက်တာ၊ ဒါလည်း
condition ပဲ။
နောက်ပြီးတော့
သန္တီရဏစိတ် - စူးစမ်းတဲ့စိတ်ကလေး၊ စူးစမ်းတဲ့ စိတ်ကလေး ကလည်း ကုသလဝိပါက် အကုသလဝိပါက်
၂-မျိုးရှိတယ်၊ ဣဋ္ဌာရုံနဲ့ ဣဋ္ဌမဇ္ဈတ္တာရုံ ဆိုရင် သောမနဿ ဥပေက္ခာသန္တီရဏ ဖြစ်မယ်၊
ကုသလဝိပါက်လည်း ဖြစ်မယ်၊ အနိဋ္ဌာရုံဆိုရင် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ လာမယ်၊ ကုသလဝိပါက်
အကုသလဝိပါက် အဲဒီ ၂-ခုကွဲနေတယ်။
အဲဒီ
သန္တီရဏစိတ်လေး ဖြစ်ပြီးတဲ့နောက် ဝုဋ္ဌောစိတ် တစ်ခါ လာပြန်တယ်။ ဝုဋ္ဌော ဆိုတာ မနောဒွါရာဝဇ္ဇန်းပဲ။
အဲဒီတော့ မနောဒွါရာဝဇ္ဇန်းနဲ့ ကင်းပြီးတော့ ဘယ်ဇောမှ မဖြစ်ဘူးလို့ မှတ်ထား ရမယ်၊ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ
ငါးဒွါရမှာသာ ပါတာ၊ မနောဒွါရာဝဇ္ဇန်းကျတော့
ငါးဒွါရမှာလည်း ပါတယ်၊ မနောဒွါရမှာလည်း ပါတယ်၊ ပဉ္စဒွါရမှာ ‘ဝုဋ္ဌော’ ဆိုတဲ့ နာမည်နဲ့
လာတယ်။ သူဆောင်ရွက်တဲ့ကိစ္စက တစ်မျိုး၊ ဝုဋ္ဌော
ဆိုတာ ‘ဝေါဋ္ဌပန’၊ ‘ဝိ+အာဝ ဌပန’ အာရုံတွေကို ခွဲခြမ်းစိတ်ဖြာပြီး ပြတာ။ အဲဒီ ဝုဋ္ဌောဆိုတဲ့
အာဝဇ္ဇန်းဟာ အင်မတန်မှ အရေးပါတယ်။
အဲဒီ
အရေးပါတဲ့ ဝုဋ္ဌော ဖြစ်ပြီးတဲ့နောက်မှာ “ဇော” လာတယ်၊ ဇောစိတ်ဆိုတာ အရှိန်အဟုန် ရှိတဲ့
စိတ်မျိုး၊ အာရုံနဲ့ အလုပ်လုပ်တဲ့ အခါမှာ အရှိန်အဟုန်ရှိတဲ့ စိတ်တွေ၊ ကျန်တဲ့စိတ်တွေက
သာမန် ရှေ့ပြေးစိတ်တွေ လောက်သာဖြစ်တယ်၊ အရှိန်အဟုန် မရှိဘူး။
ထမင်းစားတဲ့အခါ
ကြည့်ပေါ့ - လက်ကလေးနဲ့ ထမင်းကို နှိုက်တယ်၊ လက်က စားတာ မဟုတ်သေးဘူး၊ နှိုက်ပြီးတော့
လက်ကနေ ယူလာတယ်၊ ယူလာပြီးတော့ ပါးစပ်ပေါက်နား တေ့တယ်၊ ပါးစပ်တံခါး ဖွင့်ပေးလိုက်တယ်၊
အတွင်းထဲ ရောက်တယ်၊ သွားက ဝါးတယ်၊ သွားကလည်း သူသိသေးတာ မဟုတ်သေးဘူး၊ လျှာကျတော့မှ အရသာခံတာ
မဟုတ်လား၊ အေး - အဲဒီလိုပဲ ဇောစိတ် ရောက်တဲ့အခါ ကျတော့မှ အာရုံပေါ်မှာ သဲသဲကွဲကွဲ ဖြစ်သွားတာ၊
အဲဒါကြောင့်မို့ အရှိန် အဟုန်ရှိတဲ့ အခါကျတော့မှ အာရုံပေါ်မှာ သဲသဲကွဲကွဲ ဖြစ်သွားတာ၊
အဲဒါကြောင့်မို့ အရှိန်အဟုန် ရှိတဲ့ စိတ်ဓာတ်။
အဲဒီ
အရှိန်အဟုန်ရှိတဲ့စိတ် ဆိုတာ တောင်မှပဲ ဒီ ပထမဖြစ်တဲ့ ဝီထိ၊ နောက်ဆက်ဖြစ်တဲ့ ဒုတိယဝီထိ၊
တတိယဆက်ဖြစ်တဲ့ ဝီထိတွေ ကြည့်ရဦးမယ်၊ ပထမဆုံး ဖြစ်တဲ့ဟာက အရှိန်အဝါ ဒီလောက် မမြင့်သေးဘူး၊
Generator လေးတစ်ခုဟာ တစ်ပတ် နှစ်ပတ်နဲ့ မီးမထွက်ဘူး၊ အပတ်ပေါင်း ရာထောင်ပြည့်ရှိမှ
မီးထွက်တာ၊ စိတ်တွေကလည်း အဲဒီလို မြောက်မြားစွာ အာရုံနဲ့ ပွတ်တိုက် ပြီးတော့မှ ထိုအာရုံကို
သိတာ၊ ချက်ချင်းကြီး သိလာတာ မဟုတ်ဘူး၊ ဒါတွေက ရှေ့ပြေးစိတ် ကလေးတွေ၊ ဒီလိုပုံစံနဲ့
ဖြစ်တယ် ဆိုတာကို ရှင်းပြတာ။
အဲဒီ
ဇောစိတ် အရှိန်အဟုန်နဲ့ ဖြစ်လာပြီ၊ အာရုံက ဣဋ္ဌာရုံ ဖြစ်ရင် (ယေဘုယျအားဖြင့် ပြောရင်
အာရုံက နှစ်သက်စရာ အာရုံဆိုရင်) အဲဒီ ဇောလေးက ဘာဖြစ်ရတုန်း ဆိုရင် လောဘဇော ဖြစ်တယ်၊
အာရုံက နှစ်သက်စရာ အာရုံ မဟုတ်ဘူး၊ မုန်းတီးစရာ ကိုယ်မလိုချင်တဲ့ အာရုံဖြစ်လာရင် အနိဋ္ဌာရုံနဲ့
တွေ့ရင် ဒေါသဇော ဖြစ်ရတယ်။
ဒါဖြင့်
ဣဋ္ဌာရုံနဲ့ တွေ့လျက်သားနဲ့ ကုသိုလ်ဇော ဘယ်လိုလုပ် စောတုန်း၊ အရပ်ပြော ပြောလို့ရှိရင်
အတွေးနှစ်ခု မတူလို့ပဲ၊ ပန်းတစ်ပွင့် တွေ့လိုက်တဲ့အခါ “ဒီပန်းလေး ပန်ဦးမှပဲ” လို့ စိတ်ကူးရတဲ့သူ
ရှိသလို၊ “ဒီပန်းလေး ဘုရားလှူဦးမှပဲ” လို့ စိတ်ကူး ရတဲ့ သူရော မရှိဘူးလား၊ “ပန်ဦးမှပဲ”
လို့ စိတ်ကူးရတဲ့ ပုဂ္ဂိုလ်က အတွယ်အတာ တဏှာနဲ့ လာတာမို့လို့ သူ့ကျတော့ လောဘဇော စောတယ်လို့
ပြောရမယ်၊ “ဘုရား လှူဦးမှပဲ” လို့ စိတ်ကူးရတဲ့ ပုဂ္ဂိုလ်ကျတော့ ကုသိုလ်ဇော စောတယ်လို့
ဒီလို ပြောရမယ်၊ အဲဒီတော့ “ဣဋ္ဌာရုံ တွေ့ပြီး ကုသိုလ်ဇော ဖြစ်ဖို့ရန် အခြားအကြောင်း
တရားတွေ ရှိသေးသလား ဆိုရင် အများကြီး ရှိသေးတယ်”။
ဣဋ္ဌာရုံနဲ့တွေ့ပြီး
လောဘ မဖြစ်ဘဲနဲ့ ကုသိုလ်စိတ် ဖြစ်တယ် ဆိုတာ သာမန်မဟုတ်ဘူး တဲ့၊ အချက် ၄-ချက် ရှိတယ်၊
အဲဒီ အချက် ၄-ချက်က ကိုယ်ကိုယ်တိုင် လေ့ကျင့် ရယူမယ့် အချက် ၄-ချက်။
(၁) က
Determination ကိုယ့်ရဲ့စိတ်ကို ဆောက်တည်ထားရမယ်၊ ကုသိုလ်ပဲ ဖြစ်စေရမယ် ဆိုတဲ့ စိတ်ဓာတ်
ထားရမယ်၊ ဘယ်အာရုံ တွေ့တွေ့ အကုသိုလ် မဖြစ် စေရဘူး၊ ကုသိုလ်ပဲ ဖြစ်စေရမယ် ဆိုတဲ့ စိတ်ရဲ့
resolution ပေါ့, ဆုံးဖြတ်ချက် ရှိရမယ်၊ ဒါကို စာပေမှာ ‘နိယမိတ’ လို့ ခေါ်တယ်၊ ကိုယ့်စိတ်ထဲက
သတ်မှတ် ဆုံးဖြတ်ထားတာ၊ ဆုံးဖြတ်ချက်ရှိမယ်၊ determination ‘နိယမိတ’။
(၂) နောက်တစ်ခုက
“ပရိဏာမိတ”၊ ကိုယ့်စိတ်လေးက အမြဲတမ်းပဲ ကောင်းတဲ့ ဘက်ကို ညွှတ်ကိုင်း အောင် လေ့ကျင့်ပေးထားရမယ်၊
Inclination စိတ်ကလေးကို ကုသိုလ်ဘက်ကို ညွတ်ကိုင်းပေး ထားရမယ်၊ အမြဲတမ်းစိတ်ကို ကုသိုလ်ဘက်
ညွှတ်နေအောင် လုပ်ပေးထားရမယ်၊ ဒါက လေ့ကျင့် ထားရမယ်၊ ဒုတိယက Inclination ပရိဏာမိတ။
(၃) တတိယက
“အာဘုဇိတ” နှလုံးသွင်းခြင်း Attention ကုသိုလ်ဘက်က လှည့်တွေးတယ်၊ ဘယ်တော့ဖြစ်ဖြစ် အပြစ်ကင်းတဲ့ဘက်က
တွေးတယ်၊ ကောင်းတဲ့ဘက်က နှလုံးသွင်းတယ်၊ ‘ယောနိသောမနသိကာရ’။
(၄) နောက်တစ်ခုက
ဘာတုန်းဆိုရင် “သမုဒါစာရ” (Practice) အလေ့အကျင့်၊ ကုသိုလ်ဖြစ်ဖို့ အလေ့အကျင့် ရနေခြင်း၊
ဆိုပါစို့ - ဘုရားပန်း အမြဲတန်း တင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပန်ဦးမယ် ဆိုတဲ့ စိတ်ကူး
မရဘူး, ဘုရားပန်း လှူဦးမှပဲဆိုတဲ့ စိတ်ကူးရတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူ့အလေ့အကျင့်က
ပန်းလှူတဲ့ အလေ့အကျင့် ရှိပြီးသား၊ ခေါင်းပေါ်မှာ ပန်တဲ့ အလေ့အကျင့်ရှိတဲ့ ပုဂ္ဂိုလ်က
ပန်ဖို့ပဲ စိတ်ကူးမှာပဲလေ၊ အဲဒါ အလေ့အကျင့်လို့ ခေါ်တယ်၊ ကိုယ့်အလေ့အကျင့် တစ်ခုပဲ၊
အဲဒီ အလေ့အကျင့်လေးတွေ ကလည်း အင်မတန်မှ အရေးကြီးတယ်။
ပေါင်းလိုက်တော့
-
စိတ်ရဲ့
ဆုံးဖြတ်ချက်ဆိုတဲ့ determination ရှိရမယ်၊
နောက်ပြီးတော့
Inclination ဆိုတဲ့ စိတ်ညွှတ်ကိုင်းမှု ရှိရမယ်၊
Attention
လို့ခေါ်တဲ့ နှလုံးသွင်းမှု ရှိရမယ်၊
Practice
လို့ခေါ်တဲ့ အလေ့အကျင့် ရှိရမယ်၊
အဲဒီ
အကြောင်းတွေကြောင့် လူတွေမှာ ကုသိုလ်ဖြစ်ခွင့် ရတာ၊ ဒါတွေ မရှိရင် ကုသိုလ်ဖြစ်မလာဘူး၊
အဲဒီထဲမှာ အရေးကြီးဆုံးကတော့ attention ပဲ၊ ‘ယောနိသောမနသိကာရ’ က အရေးကြီးဆုံးပဲ။ ကုသိုလ်ဖြစ်ဖို့ရာ
အတွက် အာရုံ ကတော့ ဒါပဲ။
ကောင်းပြီ
- အဲဒီ ဇောစိတ်တွေက ကုသိုလ်ဇော ဖြစ်စေ၊ အကုသိုလ်ဇော ဖြစ်စေ ဒီရူပါရုံမှာ အရှိန်အဟုန်နဲ့
၇-ကြိမ် ဖြစ်ပြီးတဲ့အခါ ရပ်တန့်သွားတယ်၊ ရပ်တန့်သွားပြီးနောက် ဘဝင်စိတ် တစ်ခု ပေါ်လာတယ်၊
အဲဒီ ဘဝင်စိတ်ဟာ တကယ်တော့ ဘဝင်စိတ် ဆိုကတည်းက ကံ ကမ္မနိမိတ် ဆိုတဲ့ အာရုံကို ယူရမှာမို့လား၊
ဇောစိတ် ကုန်သွားတဲ့အခါ လာတာတော့ ဘဝင်စိတ်ပဲ၊ သို့သော် အဲဒီ ဘဝင်စိတ်သည် ဇောစိတ်ရဲ့
အရှိန်ကလေးနဲ့ သူက ဇောရဲ့အာရုံကို ဆက်ခံလိုက်ရတာ၊
အဲဒါကြောင့်
သူ့ကို နာမည် ပြောင်းလိုက်တယ်၊ ‘တဒါရမ္မဏ’ လို့၊
စာပေကျန်းဂန်မှာ
‘ပိဋ္ဌိဘဝင်္ဂ’ လို့လည်း သုံးတယ်၊
ပိဋ္ဌိဘဝင်္ဂ
ဆိုတာလည်း ဒါပဲ၊
‘အာဂန္တု
ဘဝင်္ဂ’ ဆိုတာလည်း ဒါပဲ၊
‘တဒါရမ္မဏ’
ဆိုတာလည်း ဒါပဲ၊
ဘဝင်စိတ်ကို
ခေါ်တာပဲ၊
ဘဝင်စိတ်ကလေးဟာ
ဇောရဲ့ အရှိန်အဝါနောက်ကိုလိုက်ပြီး ဇောရဲ့ အာရုံကို ဆက်ခံလိုက်တယ်တဲ့။
အဲဒါကို
တချို့ အဘိဓမ္မာ ဘာသာပြန်တဲ့ ဆရာတွေက တဒါရမ္မဏကို registration လို့ပြန်တယ်။ သူတို့
အဓိပ္ပာယ်ကတော့ ဇောက အလုပ်လုပ်ထားတာတွေကို သူ register လုပ်လိုက်တယ်ပေါ့လေ၊ ဒါကတော့
အဓိပ္ပာယ်မရှိဘူး၊ Register လုပ်တာမဟုတ်ဘူး၊ သူ့မှာ ဘာပါဝါမှ ရှိတာ မဟုတ်ဘူး၊ ဘာလို့တုန်းဆို
တဒါရုံက အကျိုးဝိပါက်စိတ်မျှသာ ဖြစ်တယ်၊ အားလုံးသိတဲ့အတိုင်းပဲ၊ ‘တဒါရုံ-၁၁’ ဆိုတာ
ဝိပါက်စိတ်တွေချည်းမို့လား။ (မဟာဝိပါက်စိတ် ၈-ခုနဲ့ သန္တီရဏစိတ် ၃-ခု။)
အဲဒီတော့
အကျိုးဝိပါက်စိတ်တွေ ဆိုတာ ဘာမှ အားထုတ်မှု ရှိတာ မဟုတ်ဘူး၊ ကံရဲ့စွမ်းအားကြောင့် ဖြစ်ပေါ်လာရတယ်၊
ကံရဲ့အကျိုးဆက် သက်သက်သာ ဖြစ်တယ်၊ သူတို့ကိုယ် သူတို့ ဘာမှ ပြောင်းလဲလို့ ရတာ မဟုတ်ဘူး၊
ဒါကြောင့်မို့ “နိရုဿာဟ သန္တသဘာဝ” လို့ စာပေကျမ်းဂန်မှာ ဆိုတယ်၊ အားထုတ်မှု မရှိဘဲနဲ့
အေးစက် ငြိမ်သက်နေတဲ့ ဘာမှလှုပ်ရှားမှု သက်ဝင်လှုပ်ရှားမှု
မရှိဘူး၊ မြင်းကလှုပ်မှ ခုံကလှုပ်ရတဲ့ဟာမျိုးပဲ။ သူက ဘာမှမဖြစ်ဘူး၊ ဟုတ်ရဲ့လား၊ အဲဒီလို
အကြောင်း တစ်ခုခုကို အမှီပြုပြီးတော့ ဖြစ်ရတဲ့ ဝိပါက်စိတ်မျိုးသာ ဖြစ်တယ်တဲ့၊ “သန္တသဘာဝ
ဝိပါက” ဆိုတာ အကျိုး သက်သက်ပဲ ဖြစ်တယ်၊ သူကနေ လှုပ်ရှားပြီးတော့ လုပ်ကိုင်နိုင်တာ ဘာတစ်ခုမှ
မရှိဘူး၊ ကံရဲ့ အကျိုးဆက်ကြောင့် ဖြစ်တာ။
အဲဒီတော့
ဇောစိတ်ရဲ့ အရှိန်အဟုန်ကြောင့် သူက ဇောစိတ်ရဲ့ အာရုံကို ဆက်ခံလိုက်ရတယ်၊ ၂-ကြိမ် ဖြစ်တယ်၊
တစ်ခါတည်း ၂-ကြိမ်၊ တဒါရုံ နှစ်ကြိမ်လည်း ဖြစ်လိုက်ရော ဒုတိယတဒါရုံ ချုပ်လိုက်တာနဲ့
တစ်ပြိုင်နက် မျက်စိတံခါးကနေ ဆက်သွယ်လာတဲ့ ရူပါရုံရဲ့ သက်တမ်းကလေးကလည်း ကုန်သွားတယ်။
ဘယ်အရာပဲဖြစ်ဖြစ်
သက်တမ်း ရှိတယ်နော်၊ ပြန်တွက်ကြည့်မယ် ဆိုရင် အဲဒီ မျက်စိတံခါးကနေ ဆက်သွယ်လာတဲ့ အဆင်း
အာရုံလေး ဘယ်သူနဲ့ ပြိုင်ဖြစ်တုန်း ဆိုရင် အတီတဘဝင်နဲ့ ပြိုင်လာတယ်၊ သူ့ရှေ့က သူမထင်ခင်
ဘဝင် ၃-ခု ရှိတယ်၊ အဲဒီ ပထမ ဘဝင်စိတ်ကလေးနဲ့ သူက ပြိုင်တူ ဝင်လာတာ၊ သို့သော် ပထမ ဘဝင်စိတ်သည်
သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊ ဒုတိယ ဘဝင်စိတ်ကလည်း သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊ တတိယ ဘဝင်စိတ်ကလည်း
သူနဲ့ အဆက် အသွယ် မလုပ်ဘူး၊ သူနဲ့ စပြီးတော့ အဆက်အသွယ် လုပ်တာ ပဉ္စဒွါရာဝဇ္ဇန်းကျမှသာ
ဖြစ်တယ်။
ဒါကြောင့်မို့
“အတီဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊
သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၇ကြိမ်၊ တဒါရုံ ၂-ကြိမ်” ဒီလိုပြောတာ၊ အဲဒီစိတ်တွေကို ပေါင်းပြီး
ကြည့်လိုက်မယ် ဆိုလို့ရှိရင် ၁၇-ခု ရှိတယ်၊ အဲဒီ စိတ် ၁၇-ခုသည် ဟောဒီ ရူပါရုံလေးနဲ့
ဆက်သွယ်ပြီး အလုပ်လုပ်တဲ့စိတ် ၁၇-ခု ဖြစ်သည့်အတွက်ကြောင့် ရူပါရုံ သက်တမ်းကလည်း ဒုတိယ
တဒါရုံရဲ့ ချုပ်တဲ့ ခဏနဲ့ သွားပြီးတော့ ဒီရူပါရုံလေးဟာ ချုပ်သွားတယ်၊ မျက်စိထဲမှာ ထင်ဟပ်လာတဲ့
ရူပါရုံလေးရဲ့သက်တမ်းဟာ ကုန်ဆုံးသွားတယ်၊ သက်တမ်း စေ့သွားပြီလို့ ပြောတယ်၊ နောက်ထပ်
မြင်တာက နောက်လေ၊ တစ်နေကုန် ထိုင်ကြည့်နေလည်း ဒီလိုပဲ သွားနေမှာပဲ၊ သူ့သက်တမ်းလေးနဲ့
သူ သွားနေမှာပဲ။
