ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၀)
▬▬▬▬▬▬▬▬▬▬
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း
၄-ရက်၊ (၂၅-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ်
ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်
မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင်
မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
.
ကမ္မပစ္စယော
▬▬▬▬▬
ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ
အများအားဖြင့် ကံအကြောင်းကို ပြောလေ့ ရှိကြတယ်၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း, ကံ ကံ၏
အကျိုးကို သိမြင်ခြင်းဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဟာ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့
အခြေခံ ခံယူချက် ဖြစ်ပါတယ်၊ ကံ ကံ၏အကျိုးကို လက်မခံဘူး၊ ကံ ကံ၏အကျိုးကို ငြင်းပယ်တယ်ဆိုရင်
မိစ္ဆာဒိဋ္ဌိအမြင်ပဲ၊ အကုသိုလ်မနောကံ ၃-မျိုးမှာပါတဲ့ မိစ္ဆာဒိဋ္ဌိက ဘာကိုပြောတာတုန်းဆိုရင်
ကံ ကံ၏အကျိုးကို ငြင်းပယ်တာ၊ သို့မဟုတ် ကံ၏ အကျိုးကို ငြင်းပယ်တာကိုပြောတာ၊ နတ္ထိကဒိဋ္ဌိလို့
ဆိုတယ်၊ အခြား မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောစေနဲ့။
မနောကံထဲမှာပါတဲ့
မိစ္ဆာဒိဋ္ဌိဆိုတာ ပါဠိတော်အဖွင့်တွေထဲမှာ “ကတမာ စ ဘိက္ခဝေ
မိစ္ဆာဒိဋ္ဌိ” လို့ဆိုပြီး ရှင်းပြတယ်၊
“နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ”
ဒိန္နံ
– ပေးလှူကြောင်း ဒါနစေတနာရဲ့အကျိုးတရားသည်၊
နတ္ထိ
– မရှိတဲ့၊
စကားလုံး
အနေနဲ့ကတော့
ဒိန္နံ
– ပေးလှူခြင်းသည်၊
နတ္ထိ
– မရှိတဲ့၊
ပေးလှူခြင်းကို
ငြင်းပယ်တာ မဟုတ်ဘူး၊ ပေးလှူခြင်းဒါနစေတနာရဲ့အကျိုးတရားကို ငြင်းပယ်တာ၊ ဒါနကိုပဲ ဒီနေရာမှာ
၃-မျိုးခွဲပြီး ပြောတယ်၊ ယိဋ္ဌဆိုတာ ပူဇော်တာ၊ ဟုတဆိုတာ လက်ဆောင် ပဏ္ဏာပေးတာမျိုး၊
အကုန်လုံး ပေးကမ်းတာချည်းပဲ၊ ဒါနကုသိုလ် ဒါနစေတနာရဲ့ အကျိုးတရားကို ငြင်းပယ်တယ်၊ လက်မခံဘူးဆိုရင်
ကံရဲ့အကျိုးတရားကို ငြင်းပယ်တာပဲ။
ပိုပြီး
ထင်ရှားတာကတော့ -
“နတ္ထိ သုကဋ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊”
သုကဋ
ဒုက္ကဋာနံ-ကောင်းစွာပြုအပ်, မကောင်းသဖြင့်ပြုအပ်ကုန်သော၊
ကမ္မာနံ-
ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့၊
ဖလံ ဝိပါကော
- အကျိုးရင်း အကျိုးဆက်ဆိုတာ၊
နတ္ထိ
– မရှိဘူး၊
လုံးဝငြင်းပယ်လိုက်တာ၊
ကုသိုလ်ကံရဲ့ ကောင်းကျိုးချမ်းသာ ဆိုတာ မရှိဘူး၊ အကုသိုလ်ကံရဲ့ မကောင်းကျိုး ဆင်းရဲဆိုတာ
မရှိဘူးတဲ့၊ ကံကံ၏ အကျိုးကို ငြင်းပယ်တာ။
နောက်ပြီးတော့
ဆက်လက်ငြင်းပယ်တာတွေ ရှိသေးတယ်၊ “နတ္ထိ မာတာ၊ နတ္ထိ ပိတာ” စကားလုံးအတိုင်း ပြောမယ်ဆိုရင်
-
မာတာ
- အမိသည်၊
နတ္ထိ
– မရှိ၊
ပိတာ
- အဖသည်,
နတ္ထိ
- မရှိတဲ့၊
ဒီလိုပြောရမယ်၊
အမေအဖေ မရှိဘူး ပြောရင် အမေအဖေကို ငြင်းပယ်တယ်၊ အသိအမှတ် မပြုဘူး၊ ဆိုလိုတဲ့အဓိပ္ပါယ်က
မာတာ ဆိုတဲ့စကားလုံးက အမိကို ရည်ညွှန်းတာ ဖြစ်သော်လည်းပဲ အဓိပ္ပါယ်ယူတဲ့အခါ မာတာ -
အမိပေါ်မှာ ကျေးဇူး ပြုခြင်း စော်ကားခြင်းဆိုတဲ့ အမိနဲ့ စပ်ပြီး ဖြစ်ပေါ်လာတဲ့ ကုသိုလ်
အကုသိုလ်ရဲ့ အကျိုးကို ငြင်းပယ်တယ်၊ ဒီလို အဓိပ္ပါယ်ရတယ်ပေါ့၊ ဒါက ဘာတုန်းဆိုရင်
materialism ပေါ့၊ နတ္ထိ ပိတာ ဆိုတာလည်း ထို့အတူပဲ၊ အဖေကို ပြုစုလို့ လုပ်ကျွေးလို့လည်း
ကုသိုလ်မရဘူး၊ အဖေကို စော်ကားလို့လည်း အကုသိုလ် မဖြစ်ဘူးလို့ ဆိုလိုတယ်၊ အကျိုးတရားကို
ငြင်းပယ်တယ်လို့ ဒီလိုဆိုတယ်။
“နတ္ထိ
အယံ လောကော”တဲ့၊ တခြားဘဝက ပုဂ္ဂိုလ်တွေအတွက် ဤ လောကဆိုတာ မရှိဘူး၊ “နတ္ထိ ပရော လောကော”
ဒီလောကမှာ ရှိနေတဲ့ပုဂ္ဂိုလ် တွေအတွက် နောင်လောကဆိုတာ မရှိဘူး၊ ဆိုလိုတာက ကိုယ့်နေရာ
ကိုယ့်ဘဝမှာပဲ ပြတ်ကြတယ်လို့ ဒီလိုပြောတာ၊ ဟိုဂြိုဟ်သားက ဒီဂြိုဟ်ရောက်လာမှာ မဟုတ်
ဘူးနော်၊ ဟိုဂြိုဟ်သားကလည်း သေပြီးပျောက်၊ ဒီဂြိုဟ်သားကလည်း ဒီမှာ သေပြီး ပျောက်ဆိုတဲ့
ပုံစံမျိုး၊ ဒီက လောကသားတွေကလည်း ဒီမှာပဲသေပြီး ပျောက်မှာ၊ ဟိုဘက် လောကသားတွေကလည်း
ဟိုဘက်မှာပဲသေပြီး ပျောက်သွားမယ်၊ ဥစ္ဆေဒဒိဋ္ဌိလို့ ဆိုတယ်၊ materialism ဆိုတာ ဥစ္ဆေဒဒိဋ္ဌိပေါ့
အဲဒါတွေကို ငြင်းပယ်တာ။
ဘုန်းကြီးတို့
“နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ” ဆိုတဲ့အထဲမယ် ဟောထားတဲ့ အဇိတကေသကမ္မလရဲ့အယူဝါဒ၊
“နတ္ထိ သတ္တာ သြပပါတိကာ” - သေပြီးတော့ ပြန်ဖြစ်တဲ့သတ္တဝါဆိုတာ မရှိဘူးလို့ ကံ ကံ၏အကျိုးတွေကို
ငြင်းပယ်တယ်၊ သတ္တဝါ တွေဟာ ဘဝတစ်ခုကနေ ဘဝတစ်ခုသွားနေတယ်ဆိုတာ ကံရဲ့စွမ်းအားနဲ့ သွားနေ
တာ၊ ကံကို ငြင်းပယ်နေမှတော့ ဘယ်လိုလုပ်ပြီးတော့ ဒီသတ္တဝါ ဟိုသွား ဒီသွား ဖြစ်နေဦးမတုန်း၊
ဒါကြောင့်မို့ ကံ၏အကျိုးကို ငြင်းပယ်လိုက်တယ်။
ပြီးတော့
ဘာပြောတုန်းဆို “နတ္ထိ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ”
- အဆင့်အတန်းမြင့်ပြီး ကောင်းတဲ့အကျင့်ကို ကျင့်ပြီးတော့ ဒီလောကကြီးရဲ့ အကြောင်းကို
ကိုယ်တွေ့ သိမြင်ပြီးတော့ ဟောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ ဒါက ဘုရားကိုလည်း ငြင်းပယ်တယ်ပေါ့၊
အဲဒီတော့ ဒီ နတ္ထိကဝါဒကိုပဲ မနောကံအရာမှာ မိစ္ဆာဒိဋ္ဌိလို့ ပြောတာ။
“သက္ကာယဒိဋ္ဌိ”
ဆိုတဲ့ မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောနဲ့ပေါ့၊ အခြေခံကျတာက ကံ ကံ၏အကျိုးကို ငြင်းပယ်မှု
ဒီမိစ္ဆာဒိဋ္ဌိက ပိုပြီးတော့ အရင်းခံကျတယ်၊ ဗုဒ္ဓ ဘာသာဝင် ဖြစ်နေလင့်ကစား သက္ကာယဒိဋ္ဌိဆိုတာ
မကင်းနိုင်သေးဘူးပေါ့၊ ပရိယုဋ္ဌာနလို့ ခေါ်တဲ့ လွှမ်းမိုးဖြစ်ပေါ်နေမှု မရှိပေမယ့်လို့
သက္ကာယဒိဋ္ဌိ ရှိနေတာပဲ၊ ဒီအယူဟာ အနုသယ အနေနဲ့ ဒိဋ္ဌာနုသယဆိုတာ ဘဝသံသရာက ပါလာတာ၊ သောတာပတ္တိမဂ်နဲ့မှ
ပယ်ရှားနိုင်မယ်။
ဒီတော့
ကံ ကံ၏အကျိုးကို ငြင်းပယ်ခြင်းဆိုတဲ့ မနောကံအရာမှာ မိစ္ဆာဒိဋ္ဌိ၊ အဲဒီမိစ္ဆာဒိဋ္ဌိဟာ
သဂ္ဂါဝရဏ-နတ်ပြည်ကိုလည်း တားတယ်၊ ဆိုလိုတာက နတ်ပြည် ရောက်ဖို့ မဖြစ်နိုင်ဘူး၊ အဲဒီအယူဝါဒရှိတဲ့ပုဂ္ဂိုလ်က
ကောင်းရာသုဂတိ မရောက်ဘူး လို့ ပြောတာ၊ ဘယ်ရောက်မလဲ ကံကို ငြင်းပယ်ထားတာဆိုတော့ မဟုတ်တာ
လုပ်တော့မှာပေါ့၊ သူက ကောင်းတာလုပ်လို့ ကောင်းကျိုးချမ်းသာဆိုတာ မရှိဘူး၊ မကောင်းတာလုပ်လို့
မကောင်းကျိုးရဲ့ ဆင်းရဲဒုက္ခဆိုတာ မရှိဘူးလို့ ငြင်းပယ်ထားမှ တော့ သူက ကောင်း, မကောင်း
ကိုယ်ကြိုက်တာလုပ်မယ့် သဘောပဲပေါ့၊ ကိုယ် ကြိုက်တာဆိုတာ အများအားဖြင့် ဘာကြိုက်တာတုန်းဆိုတော့
မကောင်းတာ ကြိုက်တာပေါ့၊ ဒါကြောင့်မို့ ဒီမနောကံအရာမှာရှိတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ နတ္ထိကဒိဋ္ဌိကို
ရည်ညွှန်းတာလို့ ဒီလိုမှတ်ရမယ်။
တချို့က
ရောပြီးတော့ ရေးတတ်တယ်၊ မိစ္ဆာဒိဋ္ဌိဆိုရင် သက္ကာယဒိဋ္ဌိတွေ ရော ဘာတွေရော မနောကံမှာ
သွားထည့်တယ်၊ မိစ္ဆာဒိဋ္ဌိ ၆၂-ပါးဆိုတာ ရှိသေး တယ်လေ၊ အတ္တအယူအဆတွေနဲ့ ပတ်သက်တာ၊ ဒါတွေကလည်း
Philosophy သဘောမျိုးပေါ့၊ စဉ်းစားတွေးခေါ်တဲ့အခါမှာ သူ့ရဲ့အမြင်တွေဟာ မှားသွားတယ်၊
မစဉ်းစား မတွေးခေါ် ရင် ဖြစ်ချင်မှ ဖြစ်မယ်၊ ဒီဟာကတော့ အခြေခံအကျဆုံးမို့ ကံ ကံ၏အကျိုးကို
ငြင်းပယ်တဲ့ ဒီမိစ္ဆာဒိဋ္ဌိကိုသာ ဒုစရိုက်ထဲမှာ ထည့်ထားတယ်၊ သက္ကာယဒိဋ္ဌိတို့က ဒုစရိုက်ထဲမှာ
ထည့်တာမဟုတ်ဘူး၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိလို့ဆိုတိုင်း အတူတူလို့ မအောက်မေ့နဲ့ပေါ့။
ဒါကြောင့်မို့
ကမ္မဿကတာ သမ္မာဒိဋ္ဌိ – ကံ ကံ၏အကျိုးကို လက်ခံပြီဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေခံကောင်းရှိတယ်လို့
ပြောရမယ်၊ ကံ ကံ၏အကျိုးကို လက်မခံဘူးဆိုရင် အခြေခံကောင်း မရှိဘူး၊ အဲဒီမိစ္ဆာဒိဋ္ဌိ
ရှိနေလို့ရှိရင် မိစ္ဆာဒိဋ္ဌိသည် ဒုစရိုက်အရာဖြစ်ခြင်းကြောင့် ဒီပုဂ္ဂိုလ်အပါယ်ငရဲကျရတယ်၊
သက္ကာယဒိဋ္ဌိ ရှိလို့ အပါယ်ငရဲကျတာတော့ မဟုတ်ဘူး၊ ဒါကြောင့်မို့ ကျမ်းဂန်စာပေတွေမှာ
သက္ကာယဒိဋ္ဌိကို မဂ္ဂါဝရဏ - မဂ်ကိုတားတယ်လို့ပြောတာ၊ သဂ္ဂါဝရဏ-နတ်ပြည်ကို မတားဘူးတဲ့၊
သံယုတ်ပါဠိတော်ထဲမှာ မက္ခလိဂေါသာလတပည့်တွေ နတ်ပြည် ရောက်နေတာ ရှိတယ်၊ ဗကဗြဟ္မာကြီးဆိုတာ
ကြားဖူးတယ် မဟုတ်လား၊ အေး သူက မိစ္ဆာဒိဋ္ဌိပဲ၊ သူက ဗြဟ္မာကြီး ဖြစ်နေတာပဲ၊ အဲဒီမိစ္ဆာဒိဋ္ဌိက
ဘာတုန်းဆိုရင် သက္ကာယဒိဋ္ဌိကို မိစ္ဆာဒိဋ္ဌိလို့ ပြောတာနော်၊ ကံ ကံ၏အကျိုးကိုတော့ သူ
လက်ခံ တယ်၊ ဒါကြောင့် ဗြဟ္မာကြီး ဖြစ်နေတာပေါ့၊ အဲဒါ အခု ဘာလို့ပြောရတာတုန်း ဆိုရင်
ရောနေတတ်လို့ ပြောရတာနော်။
သက္ကာယဒိဋ္ဌိတို့
အတ္တဒိဋ္ဌိတို့ စတဲ့ မိစ္ဆာဒိဋ္ဌိတွေက မိစ္ဆာဒိဋ္ဌိ ၆၂-ပါးထဲ ပါတော့ ပါတာပေါ့၊ အကျုံးဝင်တယ်၊
ဒါပေမယ့် ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ သည် အဲဒီထဲကဟာကို ရည်ညွှန်းတာ မဟုတ်ဘူး၊
ဘာကို ရည်ညွှန်းတာတုန်းဆိုရင် နတ္ထိကဒိဋ္ဌိကို ရည်ညွှန်းတာ၊ ဒါကို အဓိကထားတယ်ပေါ့၊
အဲဒီတော့ ကံ၏အကျိုး ကို ငြင်းပယ်လိုက်တယ်ဆိုလို့ရှိရင် ကံကိုလည်း ငြင်းပယ်ရာ ရောက်တယ်၊
အကျိုးကို ငြင်းပယ်မှတော့ အကြောင်းလည်း ငြင်းပယ်ပြီးသား ဖြစ်သွားတယ်။
အဲဒါကြောင့်
မိစ္ဆာဒိဋ္ဌိအရာမှာ ကျမ်းဂန်စာပေမှာ နတ္ထိကဒိဋ္ဌိကို အဓိက ထားပြီးတော့ ပြောသော်လည်းပဲ
နားလည်ရမှာက အကိရိယဒိဋ္ဌိ၊ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ လုပ်လို့ မရဘူး, ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ
မရှိဘူး ဆိုတဲ့ ငြင်းပယ်ချက် အကိရိယဒိဋ္ဌိ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတရား
ဆိုတာ မရှိဘူးလို့ ငြင်းပယ်တာက နတ္ထိကဒိဋ္ဌိ၊ လောကကြီးမှာ သတ္တဝါတွေ ဆင်းရဲ ဒုက္ခရောက်နေ
တာပဲဖြစ်စေ ချမ်းသာသုခ ရနေကြတာပဲဖြစ်စေ သတ္တဝါတွေ စင်ကြယ်တာပဲဖြစ်စေ ညစ်နွမ်းတာပဲဖြစ်စေ
ဘာအကြောင်းမှ မရှိဘူးလို့ အကြောင်း ကို ငြင်းပယ်တာက အဟေတုကဒိဋ္ဌိ။ အဲဒီဒိဋ္ဌိ ၃-ခုဟာ
အင်မတန်မှ အပြစ်ကြီးတယ်၊ နတ်ပြည် ရောက်ဖို့ရာတောင် မဖြစ်နိုင်တဲ့, ကောင်းရာဘုံဘဝကိုတောင်
မရောက်စေနိုင်တဲ့, တားတဲ့ မိစ္ဆာဒိဋ္ဌိတွေတဲ့၊ ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ။
သက္ကာယဒိဋ္ဌိ
အတ္တဒိဋ္ဌိ ဆိုတဲ့ ဒိဋ္ဌိတွေကျတော့ မဂ်မရအောင် တားတာ၊ မဂ်ဖိုလ် နိဗ္ဗာန် တရားထူး မရနိုင်ဘူးလို့
ပြောတာ၊ အဲဒီသက္ကာယဒိဋ္ဌိ ရှိရင်၊ အဲဒါ လည်းပဲ စာပေမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးနဲ့
ပတ်သက်ပြီး ရောထွေးသွားတတ်လို့ ဒါကို မှတ်ထားဖို့ပေါ့။
အဲဒါ
ရောထွေးသွားတတ်သလို နောက်တစ်ခု သုစရိုက်နဲ့ ပတ်သက်ပြီး တော့ ဘာရှိတုန်းလို့ဆိုတော့
သမ္မာဒိဋ္ဌိ၊ သုစရိုက်နဲ့ ပတ်သက်တဲ့ သမ္မာဒိဋ္ဌိ၊ အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့ နေရာမှာလည်းပဲ
အတ္ထိကဝါဒကို ပြောတာ၊ အတ္ထိက ဆိုတာ အတ္ထိ ဒိန္နံ၊ အတ္ထိ
ယိဋ္ဌံ၊ အတ္ထိ ဟုတံ၊ ဒါနကောင်းမှုတွေရဲ့အကျိုး ရှိတယ်၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့
အကျိုးတရားဆိုတာ ရှိတယ်လို့ ဒီလို ကံ ကံ၏အကျိုးကို လက်ခံ တာ၊ အဲဒါ သုစရိုက်အရာမှာဖြစ်တဲ့
သမ္မာဒိဋ္ဌိကို ပြောတာ၊ အဲဒီသမ္မာဒိဋ္ဌိက ခုနက သက္ကာယဒိဋ္ဌိကို ဖယ်ရှားတဲ့ သမ္မာဒိဋ္ဌိမျိုး
မဟုတ်သေးဘူး၊ အဲဒါ သုစရိုက်အခြေခံ သမ္မာဒိဋ္ဌိလို့ မှတ်ရမယ်။
ဒါကြောင့်မို့
ကံတရားဆိုတာ ရှိတယ်လို့ ဗုဒ္ဓမြတ်စွာ အတိအလင်း ဟောကြားထားလို့ ဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်အရ
မြတ်စွာဘုရားဟာ ကမ္မဝါဒ- ကံကိုဟောပြောတယ်၊ ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ကမ္မဝါဒီဆိုတာ ကံကို
လက်ခံကျင့်သုံးပြီး ကံအကြောင်းကို ဟောပြောလေ့ရှိတယ်၊ ကိရိယဝါဒီဆိုတာ ကုသိုလ်ကံ အကုသိုလ်ကံ
ရှိသည့် အတွက်ကြောင့် ထို ကုသိုလ်ကံ အကုသိုလ်ကံကို လုပ်လို့ရတယ်လို့ ဟောပြောတာ၊ ဒီတော့
ဗုဒ္ဓမြတ်စွာရဲ့ဝါဒဟာ ကမ္မဝါဒနဲ့ ကိရိယဝါဒ၊ ကံရှိတယ်လို့ လက်ခံ ယုံကြည်လို့ ၂၄-ပစ္စည်းမှာလည်း
မြတ်စွာဘုရားက ကမ္မပစ္စယောလို့ ကံဟာ ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်ကြောင်းကို ဟောထားတယ်။
ကမ္မပစ္စယောမှာ
ကမ္မဆိုတာ ပြုလုပ်ခြင်း စွမ်းဆောင်နိုင်ခြင်း၊ စွမ်းဆောင်မှု ပြုလုပ်မှုကို ဖြစ်ပေါ်
စေတတ်တဲ့စေတနာမျိုး၊ သုတ္တန်ပါဠိတော်တွေထဲမှာ ကမ္မ ဆိုတာကို “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” “ချစ်သားရဟန်းတို့ - ကမ္မဆိုတာ
တခြားကို ပြောတာ မဟုတ်ဘူး၊ စိတ်စွမ်းအားထဲမှာ လှုံ့ဆော်မှုကို ပေးနိုင်တဲ့ စေတနာစွမ်းအားကို
ငါဘုရား ကံလို့ ဟောပါတယ်” လို့ ဒီလိုဟောထားတယ်။ (နိဗ္ဗေဓိကသုတ်၊ အင်္ဂုတ္တရပါဠိ)
.
စေတနာ ၂-မျိုး
▬▬▬▬▬▬
အဲဒီဟောထားတဲ့
ဒေသနာအတိုင်းပဲ အဘိဓမ္မာပါဠိတော်မှာလည်းပဲ ကမ္မ ဆိုတာ စေတနာပဲ၊ အခု ပဋ္ဌာန်းဒေသနာတော်ကြီးမှာလည်းပဲ
ကမ္မပစ္စယောဆိုတာ စေတနာကိုပဲ ပြောတာ၊ အဲဒီစေတနာကိုမှ ၂-မျိုး ခွဲတယ်တဲ့၊ .. နာနာက္ခဏိက
စေတနာဆိုတာက တစ်မျိုး၊ နာနာက္ခဏိကမှာ နာနာဆိုတာ မတူညီဘူး ကွဲပြားနေ တယ်၊ ခဏဆိုတာ အချိန်ပိုင်း၊
မတူညီတဲ့အချိန်ပိုင်း၊
ဘာတွေ
မတူညီတာတုန်း ဆိုတော့ စေတနာလို့ဆိုတဲ့ကံတရား ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့ ထိုကံတရားက
အကျိုးကို ထုတ်လုပ်တဲ့ အချိန်ပိုင်း၊ ဒီနှစ်ခုဟာ မတူဘူးလို့ ပြောတာ၊ ဒါ နာနာက္ခဏိက
လို့ ခေါ်တာ၊ နာနာက္ခဏိက - မတူညီသော အခိုက်အတန့်မှာဖြစ်တဲ့ အကျိုးကို ထုတ်လုပ်တတ်တဲ့
စေတနာမျိုး ကံမျိုးတစ်မျိုး ရှိတယ်တဲ့။
နောက်
သဟဇာတစေတနာ၊ သဟဇာတဆိုတာ အတူတကွဖြစ်ပြီးတော့ အကျိုးပြုတဲ့ စေတနာမျိုး၊ အတူတကွဖြစ်ပြီးတော့
ကျန်တဲ့ ယှဉ်ဘက်တရားတွေကို စွမ်းအားပေးတယ်၊ လုံ့လဗျာပါရတွေကို ထောက်ပံ့ကူညီပေးတယ်ဆိုတဲ့
စွမ်းရည် သတ္တိရှိတဲ့ စေတနာမျိုးဟာ သဟဇာတစေတနာလို့ ပဋ္ဌာန်းမှာ ဒီလို နှစ်မျိုး ခွဲလိုက်တယ်။
ပဋ္ဌာန်းမှာ
နာနာက္ခဏိကစေတနာကို ကံလို့ ခေါ်သလို သုတ္တန်ပါဠိတော် တွေမှာလည်းပဲ ဒါကိုပဲ ခေါ်တာ၊
ထိုထိုသုတ္တန်တွေမှာ ကံအကြောင်း ဟောတာတွေ မှန်သမျှ နာနာက္ခဏိက လို့ဆိုတဲ့ ကံဖြစ်တဲ့အချိန်နဲ့
အကျိုးထုတ်လုပ်တဲ့အချိန် မတူညီတာဘဲ ပြောနေတာ၊ အရပ်ထဲမှာ လူတွေ ပြောနေကြတယ် - “ကံကောင်း
တယ်၊ ကံမကောင်းဘူး၊ ကံတရားအတိုင်းပဲ” နဲ့ ပြောနေကြတာတွေကလည်းပဲ ဟောဒီ နာနာက္ခဏိကကမ္မကိုပဲ
ရည်ညွှန်းပြီးတော့ ပြောနေကြတာ။
သဟဇာတကမ္မဆိုတဲ့
ဒုတိယ အမျိုးအစားကိုတော့ အဘိဓမ္မာမှာသာ ပြောတယ်လို့ ဒီလိုနားလည်ရမယ်၊ အဘိဓမ္မာပဋ္ဌာန်းပါဠိတော်မှာသာ
သဟဇာတကမ္မ အကြောင်း ပြောတယ်၊ တခြားသုတ္တန်တွေမှာ ကံအကြောင်းပြောပြီဆိုရင် နာနာက္ခဏိကကမ္မ
ပဲ။
ကံအကြောင်း
ပြောတယ်ဆိုတော့ ဘယ်လိုပြောသလဲ၊ သုတ္တန်ပါဠိတော် တွေမှာ “ကမ္မဿကာ သတ္တာ”၊ သတ္တာ - သတ္တဝါတွေဟာ၊
ကမ္မဿကာ - ကံ သာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်လို့ ဒီစကားကိုဟောတယ်၊ အဲဒီကံဟာ ဘယ်ကံ
ကို ရည်ညွှန်းတာတုန်းဆိုရင် ခုပြောတဲ့ နာနာက္ခဏိကကံကို ရည်ညွှန်းတယ်၊ သဟဇာတ ကို ရည်ညွှန်းတာမဟုတ်ဘူး၊
“ကမ္မဒါယာဒါ” – ကံသာလျှင် အမွေခံဥစ္စာ ရှိကြတယ်၊ “ကမ္မယောနိ”-ကံတည်းဟူသော အကြောင်းရှိကြတယ်၊
“ကမ္မဗန္ဓု” ကံတည်း ဟူသော ဆွေမျိုးရှိကြတယ်၊ “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ
တဿ ကမ္မဿ ဒါယာဒါ ဘဝိဿန္တိ”တဲ့၊ ကောင်းတဲ့ကံပဲဖြစ်စေ၊ မကောင်းတဲ့ ကံပဲဖြစ်စေ မိမိပြုလုပ်တဲ့ကံရဲ့အကျိုးကို
သတ္တဝါတွေဟာ အမွေခံကြရတယ်လို့ ဒီလိုပြောတာ၊ ဒါဟာ နာနာက္ခဏိကကမ္မကို ရည်ညွှန်းပြီးပြောတာ၊
သဟဇာတကမ္မ ကို ရည်ညွှန်းတာ မဟုတ်ဘူး။
ပဋ္ဌာန်းမှာကျတော့
နာနာက္ခဏိကကမ္မက တစ်ခု, သဟဇာတကမ္မက တစ်ခု ဆိုပြီးတော့ ကမ္မနှစ်ခု ခွဲခြားပြီးတော့ ဟောတယ်၊
သုတ္တန်ပါဠိတော်တွေအရဆိုရင် ကံဆိုသည်မှာ ကုသိုလ်စိတ်မှာယှဉ်တဲ့စေတနာ, အကုသိုလ်စိတ်မှာယှဉ်တဲ့
စေတနာ အဲဒီစေတနာသဘာဝတရားကို ကံလို့ ခေါ်တယ်လို့ မှတ်ရမယ်၊ အဘိဓမ္မာပဋ္ဌာန်း ဒေသနာတော်အရ
စေတနာမှန်သမျှ ကံပဲ၊ ဝိပါက်မှာပဲယှဉ်ယှဉ် ကုသိုလ်မှာပဲ ယှဉ်ယှဉ် အကုသိုလ်မှာပဲယှဉ်ယှဉ်၊
ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ယှဉ်ချင်တဲ့ နေရာမှာယှဉ်၊ စေတနာမှန်သမျှဟာ ကံပဲလို့ဟောတယ်၊
ဒါ မတူညီတဲ့ အချက်ပဲ၊ ကွဲပြားခြားနားစွာသိဖို့ လိုတယ်ပေါ့။
.
သဟဇာတကမ္မ
▬▬▬▬▬▬
သဟဇာတကမ္မဆိုတာ
တစ်စုံတစ်ခုကို ထုတ်လုပ်ပြီးတော့ အကျိုးပေးတဲ့ ကံမျိုး မဟုတ်ဘူး၊ ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ
-
“သဟဇာတာ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော”
တဲ့။
သဟဇာတာ
စေတနာ - အတူအကွဖြစ်တဲ့ စေတနာတရားသည်၊
သမ္ပယုတ္တကာနံ
ဓမ္မာနံ – ယှဉ်ဘက်ဖြစ်တဲ့သဘာဝတရားတို့အား လည်းကောင်း၊
တံ သမုဋ္ဌာနာနံ
– ထိုယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အားလည်းကောင်း၊
ကမ္မပစ္စယေန
- သဟဇာတ ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော = ကျေးဇူးပြုတတ်တယ်-
တဲ့၊
ဒီလိုဟောတာ။
ဒီတော့
ဒီ သဟဇာတကမ္မဆိုတာ အရပ်ထဲမှာ ပြောနေတဲ့ ကံအတိုင်းပဲ ဆိုတာနဲ့ မဆိုင်ဘူး၊ ကံကောင်းတယ်၊
ကံမကောင်းဘူးဆိုတာနဲ့ မဆိုင်ဘူး၊ စေတနာ သဘာဝတရားသည် ယှဉ်ဘက်တရားတွေအပေါ်မှာ လုံ့လဗျာပါရလို့ဆိုတဲ့
အစွမ်း သတ္တိတွေကို ပေးနေတယ်၊ စေတနာရဲ့ သဘောတရားက သူကိုယ်တိုင်လည်း အားထုတ်တယ်၊ ကျန်တဲ့သဘာဝတရားတွေကိုလည်း
စည်းရုံးပြီးတော့ အားထုတ် စေတယ်၊ ဒါ စေတနာရဲ့သဘောတရား။
စေတနာမှာ
အလုပ်နှစ်ခုလုပ်တယ်လို့ ပြောရတယ်၊ ပထမအလုပ်က ကိုယ်တိုင် အားထုတ်ခြင်း ဆိုတဲ့အလုပ်၊
ဒုတိယ အလုပ်က ယှဉ်ဖော်ယှဉ်ဖက် တရား ဓမ္မတွေကို အားထုတ်စေတယ် ဆိုတဲ့အလုပ်၊ ကိုယ်တိုင်က
အားထုတ်ခြင်း, ယှဉ်ဘက်တရား တွေကို အားထုတ်စေခြင်းဆိုတဲ့ စွမ်းဆောင်မှုကို ရည်ညွှန်းပြီးတော့
သဟဇာတကမ္မကို ကမ္မပစ္စယောလို့ မြတ်စွာဘုရားက ဟောတာပါ။
ဒီ သဟဇာတာစေတနာကို
ကမ္မပစ္စည်းလို့ ဟောထားတာက ပဋ္ဌာန်းကျမ်း ရဲ့ ထူးခြားတဲ့ ဟောပြောချက်တစ်ခုလို့ မှတ်ရမယ်၊
ဒါကတော့ များများပြောစရာ မရှိဘူး၊ စိတ်မှန်ရင် စေတနာရှိတာချည်းပဲ၊ စိတ်အားလုံးမှာ စေတနာယှဉ်တယ်၊
ဘာဖြစ် လို့တုန်း ဆိုတော့ စေတနာဆိုတာ စိတ်အားလုံးမှာယှဉ်တဲ့ စေတသိက် တရားမျိုး၊ ဘယ်စိတ်ပဲဖြစ်ဖြစ်
စေတနာဆိုတာပါတယ်၊ စေတနာမပါတဲ့ စိတ်ရယ်လို့ လုံးဝမရှိဘူး၊ အဲဒီ စေတနာ ဆိုတာလည်းပဲ ဒီနေရာမှာ
ကံလို့ပြောလိုက်တာ၊ ဒါက သဟဇာတကမ္မ။
.
နာနာက္ခဏိကကမ္မ
▬▬▬▬▬▬▬
နာနာက္ခဏိကကမ္မကျတော့
ဒါမျိုး မဟုတ်တော့ဘူး၊ ဒါကြောင့်မို့ ပဋ္ဌာန်း ပါဠိတော်မှာ -
“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယန ပစ္စယော”
လို့ ဟောတယ်။
ကုသလာကုသလံ
ကမ္မံ - ကုသိုလ်အကုသိုလ်ကံသည် (ဝါ) ကုသိုလ် အကုသိုလ် စေတနာသည်၊
ဝိပါကာနံ
ခန္ဓာနံ – ကံတရားက ထုတ်လုပ်တဲ့ ဝိပါက်နာမက္ခန္ဓာတို့အား လည်းကောင်း၊
ကဋတ္တာ
စ ရူပါနံ - ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အား လည်းကောင်း၊
ကမ္မပစ္စယေန
= ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
ဒါက အများပြောနေတဲ့
ကံပဲ၊ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ရတယ်လို့ အများပြောနေကြတဲ့
ကံပဲ၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဆိုတာလည်း ဒါကို ပြောတာ။
ကုသိုလ်ကံနဲ့
အကုသိုလ်ကံသည် ဘယ်သူ့ကို ဖြစ်စေတုန်းဆိုတော့ ဝိပါက် နာမက္ခန္ဓာဆိုတဲ့ အကျိုးတွေကို
ဖြစ်စေတယ်၊ နောက် ကဋတ္တာရုပ် ဆိုတဲ့ ကမ္မဇရုပ် တွေကိုလည်း ဟောဒီကံက ဖြစ်စေတယ်နော်၊
ဘဝတစ်ခုမှာ အစပြုတဲ့အချိန်မှာ ကံကနေ ထုတ်လုပ်လိုက်တာ ဝိပါက်နဲ့ ကမ္မဇရုပ်ပဲလေ။
ပဋိစ္စသမုပ္ပါဒ်မှာ
ကြည့်မယ်ဆိုလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ အပိုင်းကို ကြည့်ရမယ်၊ သင်္ခါရဆိုတာ
နာနာက္ခဏိကကမ္မ - ကုသိုလ်ကံနဲ့ အကုသိုလ် ကံ၊ ထိုကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတဲ့ စေတနာက
“သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုတဲ့ အဓိကပဋိသန္ဓေဝိညာဏ်စိတ်ကို ဖြစ်စေတယ်၊ အဲဒီပဋိသန္ဓေဝိညာဏ်
စိတ်ကို ပဋိသန္ဓေအခါမှာ ဖြစ်စေပြီးတော့ ပဝတ္တိအခါမှာလည်းပဲ အဲဒီဝိပါက်တွေဟာ ကံတရားရဲ့အကျိုးအနေနဲ့
ဖြစ်ကြတယ်။
ဒီ ဝိပါကဆိုတဲ့
စကားလုံးကိုက “ဝိ” ဆိုတာ ဘာကို ပြောတာလဲ၊ “ပါက” ဆိုတာ ဘာကို ပြောတာလဲဆိုတာ မှတ်ဖို့
လိုတယ်၊ “ဝိ” ဆိုတာ မတူညီတဲ့ သဘာဝတရား၊ ဘာကို ရည်ညွှန်းတာတုန်းဆိုတော့ ကုသိုလ်နဲ့ အကုသိုလ်သည်
မတူညီသောသဘာဝ ရှိတယ်၊ ကုသိုလ်နဲ့ အကုသိုလ်သည် ကွဲပြားခြားနားကြတဲ့ သဘာဝတရားတွေ ဖြစ်တယ်၊
အဲဒီကုသိုလ်နဲ့ အကုသိုလ်ကို ရည်ညွှန်းပြီး “8” လို့ ပြောတာ၊ “ပါက” ဆိုတာ အကျိုးတရားတဲ့၊
ကုသိုလ်အကုသိုလ်တွေက ထုတ်လုပ် လိုက်တဲ့ အကျိုးတရား နာမ်တရားကို “ဝိပါက” လို့ ခေါ်တယ်၊
မြန်မာစကားထဲမှာ လည်းပဲ “ဝိပါက်၊ ဝိပါက်” နဲ့ ပြောကြတယ်လေ။
ဒီနေရာမှာ
ဝိပါကဆိုတဲ့ စကားလုံးက အကျိုးမှန်သမျှကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ဝိပါက်နာမက္ခန္ဓာလို့
ဆိုတဲ့အတိုင်း စေတနာရဲ့အကျိုးဖြစ်တဲ့ ဝိပါက်စိတ် စေတသိက် တွေကိုသာ ရည်ညွှန်းတယ်၊ ကျန်တာကို
မရည်ညွှန်းဘူး၊ ဝိပါက်စိတ်က ၃၆-မျိုး ရှိတယ်။
အဲဒီတော့
“သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဆိုတဲ့နေရာမှာ ပဋိသန္ဓေအခါမှာ ဆိုရင် ဘယ်နှစ်ခု ကောက်ရတုန်းဆို
- ပဋိသန္ဓေစိတ်က ၁၉-ခု ရှိတယ်၊ ဝိညာဏ အရ စိတ် ၁၉-ခုပဲ ကောက်တယ်၊ ကမ္မပစ္စည်းက ထုတ်လုပ်လိုက်တဲ့
စိတ် ၁၉-ခု ဆိုတာ ဘာတွေလဲဆိုတော့ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊
ကုသိုလ်စိတ်ရဲ့အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ ဝိပါက်စိတ်က ၈-ခု၊ ရူပါဝစရဝိပါက်စိတ်က
၅-ခု၊ အရူပါဝစရဝိပါက်စိတ်က ၄-ခု၊ ပေါင်းလိုက်တော့ အဲဒီ ၁၉-ခုကို ပဋိသန္ဓေစိတ် ၁၉-ခုလို့
ခေါ်တာ၊ အဲဒီပဋိသန္ဓေ စိတ် ၁၉-ခုဟာ ကုသိုလ် အကုသိုလ်စေတနာက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားပဲ၊
ဝိပါကာနံခန္ဓာနံ ဆိုတာ ဒါပြောတာ။
နောက်
ကျန်တဲ့ဝိပါက်စိတ်တွေရောဆိုတော့ ပဝတ္တိအခါမှာ ထုတ်လုပ်တယ်၊ ပဋိသန္ဓေအခါ ပဝတ္တိအခါလို့
အခါ ၂-မျိုး မှတ်ထားရမယ်၊ ဘဝတစ်ခုအစ ပြုတဲ့ အချိန်ကလေးကို ပဋိသန္ဓေ၊ ဆက်လက်ရှင်သန်ပြီးတော့
သေသည်ထိအောင် ပဝတ္တိ၊ အဲဒီနှစ်ခုလုံးမှာရှိတဲ့ အကျိုးဝိပါက်တွေ မှန်သမျှဟာ ကံက ထုတ်လုပ်
တယ်တဲ့၊ ဒါက ကမ္မပစ္စယောနဲ့ဆိုင်တဲ့ အရာတွေ။
ရုပ်တရားနဲ့
ပတ်သက်ပြီး ကမ္မဇရုပ်ဆိုတာ ရှိတယ်၊ အဲဒီ ကမ္မဇရုပ်တွေက လည်းပဲ ဟောဒီကံရဲ့ အကျိုးပဲ၊
ကံကနေ ထုတ်လုပ်လိုက်တာ၊ အဓိကကျတဲ့ ကမ္မဇရုပ် (သို့မဟုတ်) ကံတစ်ခုတည်းကြောင့်ဖြစ်တဲ့
ကမ္မဇရုပ်က ၉-ခု ရှိတယ်၊ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည်
ဆိုတဲ့ ပသာဒရုပ် ၅-ခု၊ ဣတ္ထိဘာဝ ပုမ္ဘာဝလို့ ဆိုတဲ့ ဖိုမရုပ်က ၂-ခု၊ ဟဒယလို့ဆိုတဲ့
အချို့သောစိတ်တို့ရဲ့ မှီရာ တည်ရာဖြစ်တဲ့ရုပ်က ၁-ခု၊ နောက် ဇီဝိတရုပ်၊ ပေါင်းလိုက်
တဲ့အခါကျတော့ ၉-ခု၊ အဲဒီ ၉-ခုသော ရုပ်တွေဟာ ကံသက်သက် ကြောင့်ပဲ ဖြစ်တယ်၊ ဒါ ကံကနေ ထုတ်တာ။
ဓာတ်ကြီးလေးပါးတို့
ဓာတ်ကြီးလေးပါးနဲ့ အမြဲတမ်းမှီတွဲပြီးနေတဲ့ ဥပါဒါရုပ်တို့ အဋ္ဌကလာပ် ရုပ် ၈-ခုပေါ့
အဋ္ဌကလာပ်ရုပ် ၈-ခု က ကံက ထုတ်တာ ရှိတယ်၊ စိတ်ကထုတ်တာ ရှိတယ်၊ ဥတုကထုတ်တာ ရှိတယ်၊ အာဟာရကထုတ်တာရှိတယ်၊
မတူညီဘူးပေါ့၊ အဲဒီတော့ ကံသက်သက်က ထုတ်တာတော့ ခုနက ၉-ခုပေါ့၊ အခုပြောခဲ့တဲ့ အဲဒီ ၉-ခုနဲ့
ဖြစ်နိုင်ခြေရှိတဲ့ ကျန်တဲ့ရုပ်ပေါ့၊ အဲဒါတွေကို ကဋတ္တာ ရုပ်လို့ ခေါ် တယ်၊ ကမ္မဇရုပ်ကို
ပဌာန်းပါဠိတော်က ကဋတ္တာရုပ်လို့ သုံးတယ်။ ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” တဲ့။
ကုသလာကုသလံ
ကမ္မံ - ကုသိုလ်အကုသိုလ်စေတနာသည်၊
ဝိပါကာနံ
ခန္ဓာနံ – ဝိပါက်နာမက္ခန္ဓာတို့အားလည်းကောင်း၊
ကဋတ္တာ
စ ရူပါနံ - ကဋတ္တာရုပ် လို့ဆိုတဲ့ ကမ္မဇရုပ်တို့အားလည်းကောင်း၊
ကမ္မပစ္စယေန
- နာနာက္ခဏိကကမ္မပစ္စယ သတ္တိဖြင့်၊
ပစ္စယောဥပကာရကော
- ကျေးဇူးပြုတတ်သည်၊
ဟောတိ
- ဖြစ်၏
လို့
ကမ္မပစ္စယောမှာ ကံအကြောင်းကို ဒီလိုဟောတယ်၊ ကံအကြောင်းက ပြောရမယ် ဆိုလို့ရှိရင် အင်မတန်မှ
ကျယ်ပြန့်တယ်ပေါ့။
.
အကုသလကမ္မ
▬▬▬▬▬▬
နာနာက္ခဏိကကမ္မ
ဖြစ်တဲ့ . အကုသိုလ်စေတနာကိုကြည့်၊ အကုသိုလ် စေတနာနဲ့ ပတ်သက်ပြီးပြောမယ်၊ အကုသိုလ်စိတ်
၁၂-ခုလုံးဟာ စေတနာနဲ့ ယှဉ် တာချည်းပဲ၊ အကုသိုလ်စိတ် ၁၂-ခုလုံးမှာ ရှိတဲ့စေတနာသည် အကုသိုလ်ကံနော်၊
အကုသိုလ်ကံ ဘယ်နှစ်ခုရှိလဲလို့ ပြောရင် အကုသိုလ်စိတ် ၁၂-ခု ရှိသည့်အတွက်ကြောင့် စေတနာ
၁၂-ခု ရှိတယ်၊
စိတ်နဲ့
ပြောမယ်ဆိုရင် လောဘမူစိတ် ၈-ခုမှာ စေတနာ ၈-ခု၊ ဒေါသမူစိတ်၂-ခုမှာ စေတနာ၂-ခု၊ မောဟမူစိတ်၂-ခုမှာ
စေတနာ၂-ခု၊ ပေါင်းလိုက်ရင် ၁၂-ခု၊ အဲဒီ ၁၂-ခုထဲက မောဟမူစိတ်ထဲမှာ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်လို့
ဆိုတဲ့ နောက်ဆုံး အကုသိုလ်စိတ်မှာ ဥဒ္ဓစ္စနဲ့ ယှဉ်လာတဲ့ စေတနာ ပဋိသန္ဓေအကျိုးကို မထုတ်လုပ်
ဘူးတဲ့၊ ဘဝတစ်ခုကို အကျိုးမပေးနိုင်ဘူးပေါ့။
ဒါကြောင့်
ဥဒ္ဓစ္စစေတနာ မပါတဲ့ အကုသိုလ်စေတနာ ၁၁-ခုသည် အကုသလ ဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဆိုတဲ့
ပဋိသန္ဓေအကျိုးကို ထုတ်လုပ်ပါတယ်တဲ့၊ ကမ္မပစ္စယ သတ္တိနဲ့ ထုတ်လုပ်တယ်၊ ဥဒ္ဓစ္စစေတနာကတော့
ပဋိသန္ဓေ အကျိုးကို မပေးဘူးတဲ့၊ ကျန်တဲ့စေတနာတွေအကုန်လုံး ပဋိသန္ဓေအကျိုးကို ပေး နိုင်တယ်၊
သူတို့ပေးတဲ့ ပဋိသန္ဓေအကျိုးဆိုတာ ဘယ်ဝိပါက်စိတ်လဲလို့ ပြောလို့ရှိရင် အကုသလ ဝိပါက်
ဥပေက္ခာသန္တီရဏစိတ်။
ပဋ္ဌာန်းနားလည်ဖို့
အဘိဓမ္မာအခြေခံ သင်ထားဖို့ လိုတယ်ပေါ့၊ နားလည်အောင် ပြောဖို့ အရပ်သုံးနဲ့ ပြောမယ်ဆိုလို့ရှိရင်
ဟောဒီစေတနာ ၁၁-ခုကြောင့် သတ္တဝါ တွေဟာ ဘယ်မှာဖြစ်ရတုန်းဆိုရင် ငရဲဖြစ်တာရှိတယ်၊ တိရစ္ဆာန်ဖြစ်တာ
ရှိတယ်၊ ပြိတ္တာဖြစ်တာ ရှိတယ်၊ အသူရကာယ်ဘုံမှာဖြစ်တာ ရှိတယ်၊ အဲဒီ ငရဲ တိရစ္ဆာန် ပြိတ္တာ
အသူရကာယ် မှာဖြစ်တဲ့ ပုဂ္ဂိုလ်တွေရရှိတဲ့ သန္ဓေစိတ်သည် အခု ပြောတဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ပဲ၊
ဒါကြောင့်မို့ အပါယ် ၄-ဘုံ သားတို့ရဲ့ သန္ဓေစိတ်ဟာ တူတူပဲ။
ဒါဖြင့်
စဉ်းစားစရာ ရှိတယ်၊ အကုသိုလ်က ထုတ်လုပ်လိုက်လို့ သူတို့ဘဝဟာ ဥပေက္ခာသန္တီရဏဆိုတဲ့ ပဋိသန္ဓေစိတ်နဲ့
စကြရတယ်၊ ပဋိသန္ဓေစိတ်ချင်း တူပါ လျက်သားနဲ့ ခံရတဲ့ဒုက္ခချင်းကျတော့ တူရဲ့လား၊ မတူဘူး၊
ဘာဖြစ်လို့ ကွဲပြား ခြားနားရသလဲ? စဉ်းစားစရာတစ်ခု၊ အကုသိုလ်က အကျိုးပေးလိုက်တဲ့ သန္ဓေ
စိတ်ချင်း တူလျက်သားနဲ့ ငရဲဘုံမှာဖြစ်တဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏနဲ့ သန္ဓေနေတဲ့
ငရဲသားတွေကျတော့ နိရယဆိုတာ ချမ်းသာသုခ တစ်စက်မှမရှိတဲ့ ဘုံဘဝ၊ အင်မတန်မှ ဆင်းရဲတယ်၊
ဒါ အဆိုးဆုံးကို ပြောမယ်ဆိုရင်နော်၊ သူ့ထက် နည်းနည်း သက်သာတာက တိရစ္ဆာန်၊ အသူရကာယ်တို့
ပြိတ္တာတို့က အပါယ်ဘုံထဲ မှာ သက်သာတယ်လို့ ပြောရမယ်၊ အဲဒီထက် ဆိုးတာက တိရစ္ဆာန်၊ တိရစ္ဆာန်ထက်
ဆိုးတာက ငရဲ၊ ဒီလို သွားတယ်နော်။
မြတ်စွာဘုရားက
မဟာသီဟနာဒသုတ်မှာ ဟောထားတာ ရှိတယ်၊ ငရဲဘုံ ကို မီးကျီးတွင်းနဲ့ ဥပမာပေးထားတယ်၊ မီးကျီးတွင်းကြီးထဲ
ကျသွားတဲ့ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို စဉ်းစားသာ ကြည့်တော့၊ မီးကျီးတွေရဲရဲနီနေတဲ့ မီးကျီးတွင်းကြီးထဲကျသွားတဲ့
ပုဂ္ဂိုလ်ရဲ့ ဒုက္ခ၊ အဲဒါ ငရဲဘုံရောက်တယ်ဆိုတာ မီးကျီးတွင်းကြီးထဲ ကျတာမျိုးပဲတဲ့၊
တိရစ္ဆာန်ဘုံရောက်တဲ့ပုဂ္ဂိုလ်တွေကျတော့ မစင်တွင်းကျတာနဲ့ တူတယ်၊ ဒါ တိရစ္ဆာန် တွေကျတော့
ခုနက မီးကျီးတွင်းနဲ့စာရင် မစင်တွင်းက သက်သာတယ်လို့ ပြောရမှာပေါ့။
ပြိတ္တာနဲ့
အသူရကာယ်ကိုတော့ ပေါင်းပြီး ဟောလေ့ရှိတယ်၊ အမြဲတမ်း နော်၊ အပါယ် ၄-ဘုံလို့ ပြောပေမယ်လို့
သုတ္တန်တွေမှာတော့ အပါယ် ၃-ဘုံပဲ ပြောတယ်၊ ပြိတ္တာဘုံ ကျတော့ အင်မတန်မှ ပူပြင်းတဲ့နေရာမှာ
အောက်ခံမြေက ကျောက်ဆူးငုတ်တွေ ထွက်ပြီးတော့ အင်မတန်မှ ကြမ်းတမ်းတဲ့မြေပေါ်မှာ ပေါက်တဲ့
အရိပ်ကျဲတဲ့သစ်ပင်၊ အဲဒီသစ်ပင်ရိပ်မှာနေရတဲ့ ဒုက္ခမျိုးနဲ့ တူတယ်လို့ ပြိတ္တာကို အဲဒီလိုဟောတယ်၊
ဥပမာပေးထားတာလေးတွေနော်။
အဲဒီတော့
သန္ဓေစိတ်ချင်းက တူလျက်သားနဲ့ ငရဲဘုံက သတ္တဝါတွေ ဘာလို့ ပိုဒုက္ခရောက်တုန်းဆိုရင် အကုသိုလ်လုပ်တဲ့စွမ်းအားချင်း
မတူဘူးလို့ ဒီလို ပြောရမယ်၊ ဘယ်အရာပဲဖြစ်ဖြစ် level တို့degree တို့ဆိုတာ ရှိတယ်နော်၊
ကုသိုလ် လုပ်လည်းပဲ ကုသိုလ်စိတ်စွမ်းအားချင်း တူရဲ့လား၊ မတူဘူး၊ ဒါနလုပ်လုပ်၊ သီလ ဆောက်တည်
ဆောက်တည်၊ ဘာဝနာကမ္မဋ္ဌာန်း ပွားများအားထုတ် အားထုတ်၊ ဖြစ်ပေါ်တဲ့ စိတ်စွမ်းအားချင်းက
တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ အရှိန်ချင်း လည်း မတူဘူး၊ အဟုန်ချင်းလည်း မတူဘူး၊ သို့သော်
လှူတာဆို ဒါနပဲ၊ ဆောက် တည်တာတွေက ကျင့်သုံးတာက သီလပဲ၊ ပွားများအားထုတ်တာက ဘာဝနာပဲ၊
ဒါချင်းကျတော့ တူတယ်နော်၊ level တို့ degree ဆိုတာ မတူဘူး၊ ဆိုလိုတာက quality မတူဘူး၊
ကံတရားရဲ့ quality မတူဘူး၊ quality မတူပေမယ်လို့ ပစ္စည်းဟာ ဒီပစ္စည်းပဲ မဟုတ်လားနော်၊
ခုခေတ်သုံးနေတဲ့ပစ္စည်းတွေ ကြည့်လေ၊ quality မတူဘူးဘဲ ပြောကြတာပဲ၊ သို့သော် နာမည်တို့
ပစ္စည်းတို့မတူဘူးလား၊ ဒါပဲ၊ သုံးရ တာလည်း ဒါပဲ။
ဥပမာ-
Radio လေးတစ်လုံးဆိုပါတော့၊ ဘယ်နိုင်ငံကလုပ်တယ်၊ လုပ်တဲ့ နိုင်ငံတွေကိုကြည့်ပြီး ဒါက
quality ကောင်းတယ်၊ ဒါက quality မကောင်းဘူး ပြောကြတယ်၊ အဲဒီ quality ကောင်းတာနဲ့ မကောင်းတာမှာ
quality မကောင်းလို့ သူ့ကို Radio မခေါ်ရဘူး ဒီလိုမဟုတ်ဘူး၊ သူလည်း Radio ပဲ၊
quality ကောင်း တာလည်း Radio ပဲနော်။
အဲဒါလိုပဲ
ကံတရားရဲ့ quality အရ ထုတ်လုပ်လိုက်တဲ့ အကျိုးတရားတွေ ဟာ quality ချင်း ကွာသွားတယ်တဲ့၊
ငရဲကျတဲ့အခါကျတော့ quality အမြင့်ဆုံး ပေါ့၊ အဲဒါကြောင့်မို့လို့ အခံရဆုံးလို့ ပြောရမှာပေါ့၊
သူ့ထက်နည်းနည်း quality လျော့ရင် တိရစ္ဆာန်ပေါ့၊ ဒီ့ထက် လျော့သွားလို့ရှိရင် ပြိတ္တာပေါ့၊
သန္ဓေစိတ်ချင်း တူပေမယ့်လို့ သူတို့ခံစားရတာချင်း မတူဘူး။
ထို့အတူပဲ
ကြည့် - လူစဉ်မမီတဲ့လူတွေရဲ့သန္ဓေစိတ်ကျတော့ ကုသလ ဝိပါက် ဥပေက္ခာသန္တီရဏ လို့ ခေါ်တယ်၊
သာမန်လူသားတွေ လူစဉ်မီတဲ့လူသား တွေရဲ့ ပဋိသန္ဓေစိတ်ဟာ မဟာဝိပါက်စိတ်ပဲ၊ နတ်ပြည် ၆-ထပ်မှာဖြစ်တဲ့
နတ်တွေ ရဲ့ ပဋိသန္ဓေစိတ်ကလည်း မဟာဝိပါက်စိတ်ပဲ၊ သို့သော် ချမ်းသာသုခရတာချင်း တူကြရဲ့လား၊
မတူဘူး၊ ဒါလည်း စဉ်းစားကြည့်ပေါ့၊ ဒါဖြင့် မတူတာ ဘာဖြစ်လို့ မတူတာတုန်းလို့ အဖြေရှာရင်
quality မတူဘူးလို့ ပြောရမယ်။
ဒါကြောင့်မို့လို့
သုတ္တန်ပါဠိတော်တွေမှာ ဒါနကောင်းမှုကို နည်းနည်း, သီလ ကောင်းမှုကို နည်းနည်း, ဘာဝနာ
လုံးဝမပါဘူးဆိုရင် လူ့ပြည် ဖြစ်တယ်၊ ဒါန ကောင်းမှု လွန်လွန်ကဲကဲ၊ သီလကောင်းမှု လွန်လွန်ကဲကဲ၊
ဘာဝနာကောင်းမှု မပါ ဘူးဆိုရင် နတ်ပြည် ဖြစ်တယ် ဆိုတာ ကြည့် - နည်းနည်းနဲ့ လွန်လွန်ကဲကဲ
ဆိုတာ quality ကို ပြောတာ၊ လူ့ဘုံလူ့ ဘဝကို အကျိုးပေးတဲ့ဒါနနဲ့ နတ်ပြည်နတ်ဘဝ ရောက်သွားတဲ့ဒါန
quality ချင်း မတူဘူးလို့ ပြောရမယ်၊ ဒီလို ဆိုလိုတာပေါ့၊
အင်္ဂုတ္တိုရ်
ပုညကြိယဝတ္ထုသုတ်မှာ ဒီအတိုင်း ရှိတယ်၊ ဒါလေးက သတိထားမိဖို့ လိုတယ်ပေါ့၊ လူချမ်းသာနဲ့
နတ်ချမ်းသာ မတူတာဟာ quality မတူလို့၊ သန္ဓေ စိတ်ချင်းကျတော့ တူတူပဲ၊ ကားတောင်မှ ကားလို့ခေါ်ရပေမယ့်လို့
အမျိုးအစား မတူရင် တန်ဖိုးချင်းတူရဲ့လား၊ မတူဘူး၊ အဲဒီလိုပဲ တန်ဖိုးမတူတာကို ပြောတာနော်၊
ကွဲပြားခြားနားမှုဆိုတာ သဘာဝမှာလည်း ဒီအတိုင်းပဲရှိတယ်။
လူ့ဘုံလူ့
ဘဝကို မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်း လို့ဆိုတော့ အရိပ်ကောင်းကောင်းသစ်ပင်နဲ့
ဥပမာပေးထားတယ်၊ အင်မတန်အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ ထိုင်နေရပြီးတော့ “ေဩာ် အေးလိုက်တာ”
ဆိုတဲ့ အနေအထားမျိုး၊ သို့သော် အရိပ်ကောင်းတဲ့သစ်ပင်ကြီးလို့ ဆိုပေမယ့် ထိုင်နေရတဲ့
နေရာ မြေကြီးပေါ်မှာ ဆိုလို့ရှိရင် သို့မဟုတ် နေစောင်းလာလို့ရှိရင်လည်း နေပူက ဝင်လာနိုင်သေးတယ်၊
မိုးရွာလို့ရှိရင်လည်း လွတ်ပါ့မလား၊ မလွတ်ဘူး၊ အဲဒီတော့ လူ့ဘဝချမ်းသာတယ်ဆိုတာဟာ အရိပ်ကောင်းတဲ့
သစ်ပင်ကြီးအောက်မှာ နေရတာ လောက်ပဲ ရှိတယ်၊ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးဥပမာ။
နတ်ဘုံနတ်ပြည်ကျတော့
မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်း ဆိုရင် လေလုံမိုးလုံ တိုက်ခန်းကြီးမှာ မွေ့ရာကြီးနဲ့
ဆိုဖာကြီးနဲ့ ခုတင်ကြီးနဲ့ အင်မတန် ဇိမ်ရှိတဲ့ အိပ်ခန်းကြီးနဲ့ အလားသဏ္ဌာန်တူတယ်တဲ့၊
လေလုံမိုးလုံဆောက် ထားတဲ့ အိပ်ခန်းကြီးနဲ့ အလားတူတယ်။
ကဲ လေလုံမိုးလုံဆောက်ထားပြီးတော့
မွေ့ရာနဲ့ ခုတင်နဲ့ ဆိုဖာတွေနဲ့ ခုနက သစ်ပင်အောက်က အနေအထားနဲ့ တူပါ့မလား၊ မတူဘူးတဲ့၊
အဲဒီတော့ နတ်ပြည်နဲ့ လူ့ပြည်ဟာ အဲဒီလို ကွာခြားတယ်လို့ ဥပမာတွေပေးတားတာ ရှိတယ်ပေါ့၊
ဘာဖြစ်လို့ကွာတုန်းဆိုရင် ကုသိုလ်လုပ်တဲ့ quality မတူဘူးပေါ့ အကျိုးပေးတဲ့ကံက
quality မတူတာ၊ ဒီသဘောလေးတွေက သတိထားစရာပေါ့။
ကဲ ကောင်းပြီ
- အကုသိုလ်စေတနာက ဥပေက္ခာသန္တီရဏလို့ဆိုတဲ့ သန္ဓေ အကျိုးလေးကို ပဋိသန္ဓေအခါမှာ ပေးတယ်၊
အဲဒီပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ အကုသိုလ်စေတနာဟာ ဥဒ္ဓစ္စစေတနာမပါတဲ့ ၁၁-ခု၊ ဒါဖြင့်
ဥဒ္ဓစ္စသမ္ပယုတ်စိတ်မှာ ယှဉ်တဲ့ စေတနာက ဘာဖြစ်လို့ သန္ဓေအကျိုး မပေးတာတုန်းဆိုတော့
သန္ဓေအကျိုး ပေးနိုင်လောက်တဲ့ စွမ်းရည်သတ္တိ သူ့မှာမရှိဘူး၊ ဘာကြောင့် မရှိတာတုန်း
ဆိုတာ ကိုတော့ ကျမ်းဂန်တွေမှာ ဆက်မပြောတော့ဘူး။
ကျန်တဲ့စိတ်တွေမှာရှိတဲ့
စေတနာတွေက သန္ဓေအကျိုးပေးနိုင်တဲ့ စွမ်းရည် သတ္တိရှိလျက်သားနဲ့ ဥဒ္ဓစ္စနဲ့ယှဉ်တဲ့စေတနာက
ဘာဖြစ်လို့ သန္ဓေအကျိုးပေးနိုင်တဲ့ စွမ်းရည်သတ္တိ မရှိတာတုန်းလို့ ဘုန်းကြီးတို့ အဲဒါကို
ယုတ္တိရှိအောင်စဉ်းစားပြီး အဖြေ ရှာရမယ်၊ စာထဲတော့ မပါဘူးပေါ့နော်၊ စာထဲမှာတော့ “ပဋိသန္နိဒါနသဘာဝါ
ဘာဝတော” - “ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့သဘော မရှိလို့” တဲ့၊ ဒါပဲ ဖြေထားတယ်နော်၊
ဘာဖြစ်လို့ ဒီသဘော မရှိတာတုန်းလို့ ဆိုတာကျတော့ အဖြေ မရှိဘူး။
အဲဒီအဖြေကို
စဉ်းစားကြည့်ရအောင်၊ ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဆိုတာ ဥဒ္ဓစ္စ လွှမ်းမိုး နေတယ်၊ ဥဒ္ဓစ္စဆိုတာ
မတည်ငြိမ်ဘဲ ပျံ့လွင့်နေတဲ့ သဘောတရား၊ အဲဒီ ပျံ့လွင့် နေတဲ့စိတ်မှာယှဉ်ရတဲ့ စေတနာဟာလည်း
ပျံ့လွင့်မနေဘူးလား၊ ဥဒ္ဓစ္စရဲ့ လွှမ်းမိုးမှု အောက်မှာ ရှိနေသည့်အတွက်ကြောင့် သူလည်း
တည်ငြိမ်မှုကို မရှိဘူး၊ တည်ငြိမ်မှု မရှိသည့်အတွက်ကြောင့် ပဋိသန္ဓေစိတ်တစ်ခုဖြစ်ဖို့ဆိုတဲ့
စွမ်းအားသတ္တိတွေ သူ့မှာ မပြည့်စုံဘူး၊ ဒီလိုစဉ်းစားမယ်ဆိုရင် စဉ်းစားလို့ ရနိုင်တယ်ပေါ့နော်။
ကဲ ကောင်းပြီ
- သူက ပဝတ္တိအကျိုးကိုတော့ ပေးတယ်၊ အကုသိုလ် စေတနာ ၁၂-ခုလုံးသည် ပဝတ္တိအကျိုးကို ပေးတယ်၊
သူပေးတဲ့အကျိုးက ဘာတွေ တုန်းလို့ဆိုရင် စာလိုပြောရအောင် - စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊
ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တီရဏ၊ ၇-ခု ရှိတယ်နော် အဲဒါတွေက
အကုသိုလ်က ထုတ်လုပ်တာချည်းပဲ၊ အကုသိုလ်ကထုတ်တဲ့ စက္ခုဝိညာဏ်က ဘာကို အကြောင်း ပြုပြီး
ပေါ်တုန်းဆိုရင် အနိဋ္ဌာရုံကို မြင်ပြီး ပေါ်တဲ့ စိတ်၊ မျက်စိက မြင်လိုက်တာ ကျေနပ်စရာ
မကောင်းဘူး၊ မျက်စိနဲ့ မြင်လိုက်တာ ကြိုက်စရာ တွေချည်းပဲ မဟုတ်ဘူး၊ မကြိုက်စရာတွေလည်း
ပါတယ်၊ အကောင်းတွေချည်း မြင်တာမဟုတ်ဘူး၊ မကောင်းတာတွေလည်း မြင်တယ်၊ မကောင်းတဲ့ အာရုံ
အလိုမရှိအပ်တဲ့အာရုံကို အနိဋ္ဌာရုံလို့ ခေါ်တယ်နော်။
.
ဣဋ္ဌာရုံ အနိဋ္ဌာရုံ သတ်မှတ်ချက်
▬▬▬▬▬▬▬▬▬▬
ဒါဖြင့်
အလိုမရှိအပ်ဘူး ဆိုတာကို တစ်ယောက်က အလိုရှိတယ်၊ တစ်ယောက်က အလိုမရှိဘူးဆိုရင် ဘယ်လိုလုပ်
သတ်မှတ်မလဲ၊ ဒါ ယေဘုယျ စကားအနေနဲ့ ပြောရမယ်နော်၊ လောကလူသားတွေက ကိုယ်ကြိုက်ရင် ကောင်း
တာပဲလေ၊ “ကိုယ်ထင် ခုတင်ရွှေနန်း” ဆို မဟုတ်လားနော်၊ ကြည့်ပါလား - ဣဋ္ဌာရုံတို့ အနိဋ္ဌာရုံတို့ဆိုတာ
အတည်တကျ သတ်မှတ်ပြောဖို့ ခက်တဲ့အရာပဲ၊ ခွေးသေ ကောင်ပုပ်မြင်ရင် လူတွေက နှာခေါင်းပိတ်တယ်
ထွီထွမ် လုပ်သွားကြတယ်၊ လင်းတ တွေကျတော့ very happy ပေါ့၊ ဒီအနံ့လေး မွှေးလွန်းလို့
အဝေးကနေတောင် ပြန်ပြီး ဆင်းလာခဲ့တယ်၊ ဒူးရင်းသီးကြိုက်တဲ့လူက ဒူးရင်းသီးက ဣဋ္ဌာရုံပဲ၊
မကြိုက် တဲ့လူက အနိဋ္ဌာရုံပဲ။
ဒါဖြင့်
အဲဒီလို ပြောရမလားလို့ဆိုတော့ ဣဋ္ဌာရုံ အနိဋ္ဌာရုံနဲ့ ပတ်သက်လာလို့ရှိရင်
generally speaking ယေဘုယျအားဖြင့်သာ သုံးသပ်ပြီး ပြောရတယ်၊ အများစုက အကောင်းလို့ သတ်မှတ်ရင်
ဣဋ္ဌာရုံ၊ အများစုက အနိဋ္ဌလို့ သတ်မှတ် ထားရင် အနိဋ္ဌာရုံလို့ ဒီလိုပဲ သတ်မှတ်ရမယ်၊
ဒါ ယေဘုယျသတ်မှတ်ချက်။
တစ်နည်းအားဖြင့်
ပြောမယ်ဆိုရင် စိတ်ချမ်းသာမှုကို ဘယ်သူ့ကိုမှ မပေးနိုင်ရင် ဒါ အနိဋ္ဌာရုံအစစ်ပဲနော်၊
မျက်စိကမြင်လိုက်တဲ့ အာရုံတစ်ခုဟာ ဘယ်သူ့ ကိုမှ စိတ်ချမ်းသာမှုမပေးနိုင်ဘူးဆိုရင် ဒါ
အနိဋ္ဌာရုံအစစ်ပဲ၊ စိတ်ဖောက်ပြန်နေတဲ့ လူတွေမှတစ်ပါး သာမန်စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေထဲက
ဘယ်သူ့ကိုမှ စိတ်ချမ်းသာမှုကို မပေးနိုင်တဲ့အာရုံ၊ အဲဒီအာရုံကို မြင်ပြီးဖြစ်တဲ့ စက္ခုဝိညာဏ်စိတ်သည်
အကုသိုလ် ရဲ့အကျိုးပါတဲ့၊ မကောင်းတာ မြင်ပြီးတော့ ဖြစ်ပေါ်ရတဲ့ အကုသိုလ်ရဲ့ အကျိုးစိတ်၊
အသံကလည်းပဲ ကြောက်လန့်စဖွယ် အလိုမရှိအပ်တဲ့ အသံဆိုး၊
အဲဒီအသံကို
ကြားပြီး ဖြစ်ရတဲ့ သောတဝိညာဏ်စိတ်ဟာလည်း အကုသိုလ်ရဲ့ အကျိုးပဲ၊ နှစ်သက် စရာမကောင်းတဲ့
အနံ့ကို နံပြီးတော့ ဖြစ်ပေါ်လာရတဲ့ ဃာနဝိညာဏ်စိတ်၊ နှစ်သက် စရာမကောင်းတဲ့ အရသာကို ခံပြီး
ဖြစ်ပေါ် လာတဲ့ ဇိဝှာဝိညာဏ်စိတ်၊ မကောင်းတဲ့ အထိအတွေ့ (ဥပမာ - ခြေထောက် ခလုတ်တိုက်ရင်
မနာဘူးလား၊ အဲဒါ မကောင်း တဲ့အထိအတွေ့ပဲနော်၊ အထင်ရှားဆုံး မကောင်းတဲ့ အထိအတွေ့ပဲ၊)
အလိုမရှိအပ်တဲ့ အထိအတွေ့ကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ ကာယဝိညာဏ်စိတ်ဟာ အကုသိုလ် ရဲ့အကျိုးပဲ၊
ဒီလို သတ်မှတ်တာ။
ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ
စဉ်းစားကြည့် - မြင်သိစိတ်တွေ ဖြစ်တယ်၊ ကြားသိ စိတ်တွေ ဖြစ်တယ်၊ နံသိစိတ်တွေ ဖြစ်တယ်၊
လျက်သိစိတ်တွေ ဖြစ်တယ်၊ ဖြစ်သမျှ စိတ်တွေဟာ ခုနက အလိုမရှိအပ်တဲ့ အာရုံတွေပေါ်မှာ မှီတည်ပြီး
ဖြစ်တယ်ဆိုရင် ဒါ အကုသိုလ်ရဲ့အကျိုးလို့ ဒီလိုသတ်မှတ်ပါတယ်။
ကောင်းတဲ့အာရုံကို
ဣဋ္ဌာရုံခေါ် တယ်၊ အဲဒီဣဋ္ဌာရုံကိုမြင်ပြီး ဖြစ်ရတဲ့ မြင်သိ စိတ်၊ ကြားပြီးဖြစ်ရတဲ့
ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်တွေကျတော့ ကုသိုလ်ရဲ့ အကျိုးလို့ ဒီလိုပြောတယ်။
အဲဒီကုသိုလ်ရဲ့အကျိုးဟာ
ငရဲဘုံမှာလည်း ရှိနိုင်သေးတယ်၊ သာမန်အားဖြင့် တော့ ငရဲဘုံမှာ အနိဋ္ဌာရုံချည်းပဲ၊ ကြောက်စရာ
လန့်စရာ အော်ဟစ်ညည်းညူပြီး တော့ ဒုက္ခခံနေရတဲ့ ပုဂ္ဂိုလ်တွေ အားလုံး အနိဋ္ဌာရုံချည်းပဲ၊
သို့သော် ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးက တန်ခိုးရှင်ဆိုတော့
တစ်ခါတစ်ရံ ငရဲကိုကြွသွားတယ်၊ ငရဲကျနေတဲ့ သတ္တဝါတွေကို “သမဏာနဉ္စ ဒဿနံ” ရဟန်းကို ဖူးတွေ့ရမှုနဲ့
တရားကိုနာရမှု ဆိုတာလေးတွေ ဖြစ်အောင် ငရဲသွားတာ၊ အဲဒီမှာ တရားဟောတာမျိုးရှိတယ်။
ဒါဖြင့်
ရှင်မဟာမောဂ္ဂလာန်က ဒီလောက် ဒုက္ခရောက်နေတဲ့”ကယ်ပါ ယူပါ” အော်ဟစ်နေရတဲ့ ငရဲသားတွေကို
ဘယ်လိုလုပ်ပြီး ကုသိုလ်ဖြစ်အောင် လုပ်တုန်း ဆိုရင် တန်ခိုးအစွမ်းနဲ့ ငရဲမီးကို ခေတ္တငြိမ်းသွားအောင်
လုပ်လိုက်ပြီးတဲ့အချိန်မှာ ကိုယ်တော်မြတ်ရဲ့အသွင်သဏ္ဌာန်ကိုပြလို့ တရားတိုတိုလေးတစ်ပုဒ်ကို
ဟောတယ်၊ ငရဲမီးငြိမ်းသွားတဲ့အချိန်လေးမှာ ဒုက္ခလေးသက်သာသွားလို့ ရှင်မဟာမောဂ္ဂလာန်ကို
ဖူးလိုက်ရတာဟာ ဒါ ဣဋ္ဌာရုံပဲ၊ ရှင်မောဂ္ဂလာန်ရဲ့တရားသံ ကြားလိုက်ရတာ ဒါ ဣဋ္ဌာရုံပဲ၊
အဲဒီအချိန်လေးမှာ ငရဲသားတွေရဲ့သန္တာန်မှာ ဣဋ္ဌာရုံဖြစ်နိုင်သေးတယ် ပေါ့၊ ကောင်းတဲ့အာရုံတွေကြောင့်ဖြစ်လို့
ကုသိုလ်ရဲ့ အကျိုးလို့ ဒီလို သတ်မှတ် ရတယ်။
ဒီတော့
အကုသိုလ်ရဲ့အကျိုးက ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးဆိုတော့ - ပဝတ္တိ အကျိုးကို ကြည့်လိုက်ဦးမယ်၊
အခုပြောတဲ့ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ် သမ္ပဋိစ္ဆိန်း
သန္တီရဏဆိုတာ ပဝတ္တိ အကျိုးတွေ၊ အကုသလဝိပါက်စိတ် ၇-ခုလို့ ခေါ်တယ်၊ အဲဒီအကုသလဝိပါက်စိတ်
၇-ခုဟာ ဘာနဲ့ အလားသဏ္ဌာန်တူတုန်းဆိုရင် ဝေဒနာအားဖြင့် ပြောမယ်ဆိုရင် ဥပေက္ခာဝေဒနာတွေ
များတယ်၊
သို့သော်
ကာယဝိညာဏ်စိတ်ကတော့ ဒုက္ခသဟဂုတ်၊ စက္ခုဝိညာဏ်က ဥပေက္ခာ၊ သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ်တို့ကလည်း
ဥပေက္ခာ၊ သမ္ပဋိစ္ဆိန်း သန္တီရဏတို့က ဥပေက္ခာ၊ ဥပေက္ခာ ဆိုတာ indifferent feeling ချမ်းသာတာလည်း
မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူးဆိုတဲ့ အနေအထား၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ရောက်ပြီဆိုတဲ့
အချိန်ကျတော့ ဒုက္ခ။
ဒါကြောင့်မို့
အဲဒီ အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်ကို သံကိစ္စဇာတ်မှာ “ပျားရည် ၆-စက်ထဲမှာ
သံပူရည်တစ်စက် ထည့်လိုက်သလိုပဲ” လို့ ရေးထားတယ်၊ ကျန်တဲ့ ဥပေက္ခာသဟဂုတ်စိတ် ၆-ခုက ဥပေက္ခာက
ပျားရည် ၆-စက်နဲ့ တူတယ်ပေါ့ ပျားရည် ၆-စက်ထဲမှာ သံပူရည်လေးတစ်စက် ထည့်ပြီးတော့ လျှာပေါ်တင်လိုက်ရင်
ဘယ်နှယ့်နေမလဲ၊ ချမ်းသာတာ ရှိပါ့မလား၊ ခုနက ပျားရည်ရဲ့ အရသာ ပေါ်ပါဦးမလား၊ ပျားရည်
၆-စက်ထဲမှာ သံပူရည်တစ်စက်ထည့်လိုက်သလို ဖြစ်တဲ့စိတ်ဆိုတာ ဒီ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်ကို
ပြောတာ၊ ဒုက္ခကပဲ လွှမ်းမိုးသွားတယ်၊ ဒါကြောင့်မို့ ငရဲသားတွေက သက်သာတဲ့အချိန်ဆိုတာ
မရှိဘူး၊ ဒုက္ခသဟဂုတ်က ကြီးစိုးနေတယ်။
ဖြစ်လာတဲ့အချိန်ချင်း
ကွာခြားတယ်၊ ကွာခြားတယ်ဆိုတဲ့နေရာမှာ ဘယ်လောက် ကွာခြားလဲဆိုတော့ ဒီဘဝနဲ့ ဟိုဘဝ ကွာတာ
ရှိတယ်၊ ဟိုကမ္ဘာနဲ့ ဒီကမ္ဘာ ကွာတာ ရှိတယ်နော်၊ ဟိုဘဝက လုပ်ခဲ့တဲ့အကုသိုလ် ဒီဘဝခံရတာမျိုး၊
သို့မဟုတ် ဟိုကမ္ဘာကလုပ်ခဲ့တဲ့ အကုသိုလ် က ဒီကမ္ဘာလာခံရတာမျိုး ဒီလို ကွာခြားတာမျိုး
ရှိတယ်၊ အဲဒါကို နာနာ ခဏိကလို့ ပြောတာ။
.
အခုလုပ် အခုအကျိုးမပေး
▬▬▬▬▬▬▬▬▬
စေတနာဟာ
အခုလုပ် အခုအကျိုးမပေးဘူး၊ ပဋ္ဌာန်းအဋ္ဌကထာက ရှင်းတယ်၊ အခုလုပ် အခုအကျိုးပေးတယ်ဆိုရင်တဲ့
ဆိုပါစို့ - နတ်ပြည်ရောက်စေ တတ်တဲ့ ဒါနကောင်းမှု ပြုလုပ်တဲ့ပုဂ္ဂိုလ်သည် ပြုလုပ်နေတဲ့အချိန်မှာပဲ
လူမဟုတ်ဘဲနဲ့ နတ်ဖြစ်သွားမှာပေါ့တဲ့၊ ချက်ချင်းအကျိုးပေးမယ်ဆိုရင်လေ၊ အခုသီလဆောက်တည်
အခုနတ်ကြီး ဖြစ်သွားမှာ ပေါ့တဲ့၊ ကံရဲ့သဘောတရားက ကံတစ်ခုက အကျိုးပေးနေ သေးလို့ရှိရင်
ထိုကံနဲ့ သဘာဝချင်းတူရင် အထောက်အကူပြုမယ်၊ သဘာဝချင်း မတူရင် အဟန့်အတားတွေ လုပ်မယ်၊
အင်အားကောင်းလာရင် ဖြတ်တောက်ပစ် တယ်၊ ဒါ ကံရဲ့သဘာဝပဲ။
အခု လူ့ဘဝဆိုတာ
ကုသိုလ်ကံတစ်ခုကနေ အကျိုးပေးထားတာ၊ အခု နောက်ထပ် လုပ်တဲ့အသစ်ကံက ထိုအတိတ်က လုပ်ထားတဲ့
ကုသိုလ်ကံရဲ့ အကျိုး တရားကို ပယ်ဖျက်နိုင်စွမ်း မရှိဘူးပေါ့၊ ဒါကြောင့်မို့ နာနာ ခဏိက၊
လုပ်နေတုန်း တော့ အကျိုးမပေးသေးဘူး၊ အချိန်တန်တဲ့အခါမှ အကျိုးပေးတယ်။
တစ်နည်းအားဖြင့်ဆိုရင်တော့
တခြားအကြောင်းတွေကိုလည်း ငဲ့ရသေးတယ်၊ တခြား အကြောင်းတွေနဲ့ တွဲဖက်မှသာ အကျိုးပေးနိုင်တယ်လို့
ဒီလိုနားလည်ရတယ်။
.
ကုသလကမ္မ
▬▬▬▬▬
ကုသိုလ်နဲ့ပတ်သက်ပြီး
ပြောမယ်ဆိုရင် ကာမာဝစရကုသိုလ်ပဲ ပြောကြပါစို့၊ ကာမာဝစရကုသိုလ်ဆိုတာ ဒါနကောင်းမှု သီလကောင်းမှု
ဘာဝနာ ကောင်းမှု၊ ဒီသုံးမျိုး၊ ကာယကံ ဝစီကံ မနောကံလို့ဆိုတဲ့ ဒီ ၃-မျိုးပေါ့၊ ကုသလ
ကမ္မပထတရား ၁ဝ-ပါးကို လိုက်နာကျင့်သုံးပြီဆိုရင် ပဋိသန္ဓေအကျိုးအနေနဲ့ ဘာပေးတုန်းဆိုရင်
အတော့်ကိုညံ့တဲ့ကုသိုလ်ဆိုရင် ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ဆိုတဲ့ အကျိုးပေးတယ်၊
ဆိုလိုတာက လုံးဝအဆင့်မမီတဲ့ သန္ဓေကျိုး၊ အဲဒီစိတ်နဲ့ သန္ဓေတည်လာတဲ့ ပုဂ္ဂိုလ်ဆိုရင်
ပဋိသန္ဓေတည်ကတည်းက မျက်စိပါမလာဘူး၊ သန္ဓေကန်းတို့ ဆွံ့အ နားမကြားတို့ ဒါမျိုးတွေ ဖြစ်လာတယ်၊
ဖြစ်ပြီးမှ ပျက်သွား တာကို မဆိုလိုဘူး၊ သူက ပါကိုပါမလာတာ၊ အခုခေတ် သတင်းစာတွေမှာ တွေ့ပါ
လိမ့်မယ် ဘာပါမလာဘူး, ညာပါမလာဘူးတွေ အများကြီးပဲနော်၊ ဦးနှောက်ကလည်း ပုံမှန်မဖြစ်ဘူးဆိုတာမျိုးတွေ၊
ဆေးပညာကတော့ တခြားအကြောင်းတွေ ပြောမှာပေါ့၊ အဲဒီ တခြားအကြောင်းတွေ ဖြစ်ရတာ ဘာကြောင့်တုန်းဆိုရင်
ကံကြောင့်ပဲ။
ကောင်းပြီ
- ဒီ့ထက်ကောင်းတဲ့ အကျိုးတရားကျတော့ ဘာတွေတုန်းဆိုရင် မဟာဝိပါက် ၈-ခုဆိုတဲ့ ပဋိသန္ဓေပဲ၊
ဥပေက္ခာသန္တီရဏတစ်ခု၊ မဟာဝိပါက် ၈-ခု၊ ပေါင်းလိုက်လို့ရှိရင် ပဋိသန္ဓေအကျိုး ၉-ခု ပေးတယ်၊
ဒါ ပဋိသန္ဓေအခါမှာ၊ ပဝတ္တိ အခါမှာကျတော့ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုနဲ့ မဟာဝိပါက်စိတ်
၈-ခု၊ ပေါင်း လိုက်ရင် ၁၆-ခု ရှိတယ်၊ ပဝတ္တိအခါ အကျိုးတရားတွေက ပိုများတယ်၊ ဒါ ကာမာဝစရကုသိုလ်ရဲ့အကျိုးတရား။
အဲဒီ
အကျိုးတရားတွေဟာ ကံဖြစ်နေတဲ့အချိန်တုန်းက မပေါ် သေးဘူးတဲ့၊ ကံတရားချုပ်ငြိမ်းသွားတဲ့အခါမှာ
ပေါ်တယ်၊ ဒါကြောင့်မို့ နာနာက္ခဏိကကမ္မ၊ ကံ တရားဖြစ်တဲ့အချိန်က တစ်ချိန်၊ ဖြစ်ချုပ်ပြီးသွားတော့မှ
အကျိုးပေးတာ ဖြစ်သော ကြောင့် နတ္ထိ, ဝိဂတဆိုတဲ့ပစ္စည်းမျိုးထဲမှာ ပါတယ်လို့ ဒီလိုပြောရမယ်၊
အဲဒီမှာ ပဋိသန္ဓေကျိုးက ၉-ခု၊ ပဝတ္တိအကျိုးက ၁၆-ခု၊ လူ့ပြည်နတ်ပြည်မှာ ဒီအကျိုးတရား
တွေ ရတယ်၊ အဘိဓမ္မာလေ့လာမယ်ဆိုရင် ဒီထက်အသေးစိတ်တာပေါ့၊ ကံတရား တွေ ပြောလို့ရှိရင်၊
ဒါ သင်္ခါရပစ္စယာ ဝိညာဏံမှာ အသေးစိတ်ပြောလို့ရတယ်၊ ကမ္မပစ္စယောနဲ့ ဆက်ပြီးပြောလို့ရတယ်။
နောက်တစ်ခုကြည့်ရအောင်
- ဈာန်ကုသိုလ်တွေက ဆိုင်ရာဆိုင်ရာအကျိုး တွေကို ထုတ်လို့ရှိရင် ရူပါဝစရကုသိုလ် ၅-ခုသည်
ရူပါဝစရဝိပါက် ၅-ခုလို့ ဆိုတဲ့ ပဋိသန္ဓေအကျိုးကို ပေးတယ်၊ ပဝတ္တိအကျိုးလည်းပဲ အဲဒါပဲ၊
ပဋိသန္ဓေအကျိုးနဲ့ ပဝတ္တိအကျိုး နှစ်ခုအတူတူပဲ၊ အဲဒီကနေ အဆင့်မြင့်ပြီးတော့ ဈာန်တရားကို
ဆက် အားထုတ်လို့ရှိရင် အရူပါဝစရကုသိုလ်ဆိုတာ ဖြစ်တယ်၊ အရူပဈာန်တွေ ရပြီး အဲဒီ အရူပဈာန်ကုသိုလ်ရဲ့အကျိုးက
အရူပဝိပါက် ၄-ခုဆိုတဲ့ ပဋိသန္ဓေကျိုးနဲ့ ပဝတ္တိ အကျိုးကို ရတယ်၊ ဒါက လောကီဘက်ဆိုင်ရာ
ကံတရားတွေ။
.
ကံကိုပယ်တဲ့ကံ
▬▬▬▬▬▬
လူတွေမသိကြတဲ့
ကံတရား ရှိသေးတယ်၊ လောကုတ္တရာပိုင်း ကြည့်လိုက်၊ ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်လို့
အောင်အောင်မြင်မြင် ဖြစ်ပြီးတဲ့နောက်မှာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နောက်ဆုံးအနေအထားမှာ
ဇောစိတ်တွေ ဖြစ် လာတယ်၊ နောက်ဆုံးဇောစိတ်တွေမှာ ပထမဖြစ်လာတဲ့ အမြင့်ဆုံးဝိပဿနာဉာဏ်
ဇောစိတ်က ပရိကမ္မတဲ့၊ ဒါက ကာမာဝစရကုသိုလ်ဇောစိတ်တွေပဲ၊ ပရိကမ္မဆိုတဲ့ နာမည်နဲ့ ဖြစ်တယ်၊
ဥပစာရဆိုတဲ့နာမည်နဲ့ ဖြစ်တယ်၊ အနုလောမဆိုတဲ့နာမည်နဲ့ ဖြစ်တယ်၊ ဂေါတြဘူဆိုတဲ့နာမည်နဲ့
ဖြစ်တယ်၊ ဖြစ်ပြီးလို့ရှိရင် မဂ်ဆိုတာ ပေါ်လာ တယ်၊ ဒါက စိတ်ဖြစ်စဉ်တစ်ခုပေါ့နော်၊ သောတာပတ္တိမဂ်
ပေါ်လာတယ်၊ အဲဒီ သောတာပတ္တိမဂ် ကိုလည်း ကံလို့ ပြောတယ်၊ အဲဒီကံကတော့ အချိန်မဆိုင်းဘူး၊
မိမိရဲ့ အခြားမဲ့မှာ အကျိုးကို ထုတ်လုပ်တယ်တဲ့၊ သူ ထုတ်လုပ်လိုက်တာ ဘာတုန်းဆိုရင် သောတာပတ္တိဖိုလ်၊
တစ်ခါတည်း ဖြစ်သွားတယ်၊ သူချုပ်သွားတာနဲ့ တစ်ပြိုင်နက် သောတာပတ္တိဖိုလ် ပေါ်လာတယ်၊
အဲဒါလည်း ကမ္မပစ္စယောပဲနော်။
သူလည်း
နာနာက္ခဏိကပဲ၊ မဂ်စိတ်ဖြစ်တဲ့အချိန်နဲ့ ဖိုလ်စိတ်ဖြစ်တဲ့အချိန် ခဏချင်း မတူဘူးတဲ့၊
ဒါလည်း နာနာက္ခဏိကပဲ၊ ကြည့် ရှေ့စိတ်နဲ့ နောက်စိတ်၊ ရှေ့စိတ်က မဂ်စိတ်၊ နောက်စိတ်က
ဖိုလ်စိတ်၊ သူက ထုတ်လုပ်တာ၊ အဲဒါကို ရည်ညွှန်းပြီးတော့ တရားဂုဏ်တော် ၆-ပါးမှာ အကာလိကောလို့
ဆိုတာ၊ အဓိကက တော့ အဲဒါကို ရည်ညွှန်းတာနော်၊ မဂ်စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုမဂ်စိတ်
သည် ကာမာဝစရကုသိုလ်ကံ ရူပါဝစရကုသိုလ်ကံ အရူပါဝစရကုသိုလ်ကံတွေလို နောင်ဘဝ ရောက်သည်ထိအောင်
ဆိုင်းမနေဘူး၊ အခုဖြစ် အခုအကျိုးကို ထုတ်လုပ်တယ်၊ ဒါလည်း အနန္တရသတ္တိပဲ၊ ကမ္မပစ္စယသတ္တိပဲ၊
မိမိရဲ့အခြားမဲ့မှာ အကျိုးပေးလို့ အနန္တရ၊ သမနန္တရ၊ မရှိတော့မှ အကျိုး ထုတ်လုပ်တာဖြစ်လို့
နတ္ထိ၊ ကွယ်ပျောက် သွားမှ အကျိုးပေးတာ ဖြစ်သောကြောင့် ဝိဂတ၊ ဒီကမ္မပစ္စည်းကလည်းပဲ နတ္ထိအမျိုး
အစားထဲမှာ ပါတယ်လို့ ဒီလိုမှတ်ရတယ်။
ကံတရားတွေဆိုတော့
အကျိုးတရားကို ဖြစ်စေတဲ့နေရာမှာ အခု အဘိဓမ္မာမှာ ဟောထားတဲ့ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော” လို့ဆိုတဲ့ နာနာက္ခဏိကကမ္မနဲ့ သုတ္တန်ပါဠိတော်တွေမှာ ဟောထားတဲ့ ကံတရားတွေရဲ့အကြောင်း
ဒီနှစ်ခု ဆက်စပ်ပြီးတော့ လေ့လာကြည့် မယ်ဆိုရင် ကံတရားတွေရဲ့အရာဟာ အင်မတန်မှ ကျယ်ပါတယ်၊
အခုဟောခဲ့တာ က အကျဉ်းချုပ်ကလေးပဲ ဟောတာပါ။
အားလုံး
ကမ္မပစ္စယောနဲ့ ပတ်သက်ပြီး အနည်းငယ်သဘောပေါက်ရုံ ဟောတာ ဖြစ်သောကြောင့် အကျယ်တဝင့်ထပ်ပြီးတော့
ဟောမယ်ဆိုရင် ကံအကြောင်း ကဒီ့ထက်ကျယ်ကျယ်ပြောလို့ ရတယ်နော်၊ ဗုဒ္ဓဘာသာတွေ ပြောနေကြတဲ့
ကံ ဆိုတာ အင်မတန်မှ စွမ်းရည်သတ္တိထက်တဲ့တရား၊ အဲဒီကံတရားဟာ ဘယ်သူတွေရဲ့ လက်ထဲမှာရှိလဲဆိုရင်
ကိုယ့်လက်ထဲမှာ ရှိတယ်၊ လူတွေက ကံကို လက်မြှောက် အရှုံးပေးစရာ မလိုဘူး။
ပုထုဇဉ်ဆိုတာ
ကောင်းတာလည်း လုပ်မိတာပဲ၊ မကောင်းတာလည်း လုပ်မိတာပဲ၊ အဲဒီတော့ မကောင်းတာတွေ လုပ်မိပြီးလို့ရှိရင်လည်း
တစ်သက်လုံး အရှုံးပေးရမှာလား ဆိုတော့ မဟုတ်ဘူး၊ အဲဒီကံတရားတွေက လွတ်မြောက်တဲ့ နည်းလမ်းတွေ
ရှိတယ်၊ ဆိုပါစို့ - အကုသိုလ်တစ်ခု လုပ်ထားမိပြီး ပြင်လို့မရတဲ့ အကုသိုလ်ဆိုတာမရှိဘူးနော်၊
ဒေဝဒတ်ကြီးဟာ အမြင့်ဆုံးအကုသိုလ်ကံကို ကျူးလွန် ထားတယ်၊ ဘုရားနဲ့ ပတ်သက်တဲ့ လောဟိတုပ္ပါဒက
တို့, သံဃာနဲ့ပတ်သက်တဲ့ သံဃဘေဒက တို့ဆိုတဲ့ ဒီပြစ်မှုကြီးနှစ်ခု ကျူးလွန်ထားတယ်၊ ဒေဝဒတ်နဲ့
ပတ်သက်ပြီး မြတ်စွာဘုရားက ဗျာဒိတ်ပေးတယ်၊ ဘာပေးလဲ၊ “အာပါယိကော နေရယ်ကော ဒေဝဒတ္တော”
ဒေဝဒတ်က အပါယ်ရောက်မှာပဲ၊ ငရဲကျမှာပဲလို့ definite ပြောတယ်၊ “အတေကိစ္ဆာ” ပြင်လို့ မရတော့ဘူး၊
ကုစားလို့ မရတော့ဘူး၊ “ကပ္ပဋ္ဌော” တစ်ကမ္ဘာလုံး ငရဲခံရမယ်လို့ ဒီလိုပြောတယ်။
အဲဒီပြောဆိုချက်နဲ့
ပတ်သက်ပြီးတော့ ရဟန်းအချို့က သံသယဖြစ်တယ်၊ မြတ်စွာဘုရားက ဘာဖြစ်လို့ ဒေဝဒတ်ကို ဒီလိုအတိအကျကြီး
ပြောနိုင်တာတုန်းလို့ ဆိုတော့ မြတ်စွာဘုရားက ရှင်းပြတယ်၊ ဒါလည်း မှတ်သားစရာတစ်ခုပဲ၊
ဘယ်လို ရှင်းပြတုန်းလို့ဆိုတော့ ဒေဝဒတ်ရဲ့သန္တာန်မှာတဲ့ အပ်ဖျားလေးလောက်၊ (စာထဲမှာ
တော့ သားမြီးဖျားလို့ ပြောတယ်၊ နားလည်အောင်လို့ အပ်ဖျားကလေးလောက်) ထောက်ပြစရာနေရာမှာတောင်
ဖြူစင်တဲ့သဘာဝတရားတွေ မကျန်တော့ဘူးတဲ့၊ အဲဒီလိုမကျန်လို့ ငါဘုရားက ဒီလိုဟောတာ၊ အကယ်၍
အပ်ဖျားကလေးလောက် ထောက်ပြစရာကုသိုလ်လေး ကျန်နေသေးတယ်ဆိုရင် ငါ ဒီစကားမပြောဘူးတဲ့၊ ကြည့်
- ဒေဝဒတ်မှာ ကုသိုလ်တွေ လုံးဝကုန်သွားတဲ့ အဓိပ္ပါယ် မြတ်စွာဘုရား ပြောတယ်နော်၊ အဲဒီပုဂ္ဂိုလ်မျိုးမှ
ငရဲကျမှာလို့ အတိအကျပြောလို့ရတယ်၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ငရဲကျမယ်လို့ အတိအကျပြောလို့မရဘူး၊
မြတ်စွာဘုရားရဲ့ ဒေသနာ တော်က ဒီလို၊ ကြည့် - ဟောပုံချင်း မတူဘူး။
ပါဏာတိပါတနဲ့
ပတ်သက်ပြီးတော့ နိဂဏ္ဌနာဋပုတ္တက “ပါဏာတိပါတ အမှုပြုတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ငရဲကျတယ်”
လို့ ဒီလိုဟောတယ်၊ မြတ်စွာဘုရားက အဲဒီလို မဟောဘူး၊ ဟောပုံချင်း တူမတူ စဉ်းစားကြည့်၊
ဗုဒ္ဓမြတ်စွာက “ပါဏာ- တိပါတော နိရယသံဝတ္တနိကော” “ပါဏာတိပါတအမှုသည် ငရဲ၌ ဖြစ်စေနိုင်တယ်”
လို့ ဟောတာ၊ ဒါ ငရဲမှာ ဖြစ်ရမယ်လို့ မဟောဘူးနော်၊ အကုသိုလ်အမှုပြုရင် ငရဲ ကျမယ်လို့
မပြောဘူး၊ ဒီဟာက ငရဲကို ကျစေနိုင်တယ်ဆိုတဲ့စကားကို ပြောတာ၊ သေချာပေါက်ကျမယ်လို့ ပြောတာမဟုတ်ဘူး၊
သို့သော် သူအကျိုးပေးရင် ငရဲကျဖို့ ရှိတယ်၊ မကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာပြောတာ၊
ဒါပေမယ့် လူတစ်ယောက် ကို ကြည့်ပြီး ဒီလူဟာ ငရဲကိုသွားမှာ ဆိုတာတော့ ဒေဝဒတ်တစ်ယောက်ကိုပဲ
ပြောတယ်။
သင်္ခဓမသုတ်မှာဆို
မြတ်စွာဘုရားဟောထားတာ ရှိတယ်၊ အကုသိုလ်က လွတ်ရာ လွတ်နည်းတွေ ရှိတယ်၊ ပုထုဇဉ်ဆိုတာ မကောင်းတဲ့အမှုတွေ
ပြုမိတတ်ကြတယ်၊ ပြုမိတဲ့အပေါ်မှာ စိုးရိမ်စိတ်တွေ ဝင်ပြီး နှလုံးမသာမယာမှုတွေ ဖြစ်ဖို့
မလိုဘူး၊ ဘာလုပ်ရမလဲ၊ ကိုယ်လုပ်တဲ့အလုပ်ဟာ မကောင်းဘူးလို့ သိရမယ်၊ မှား တယ်လို့ မြင်ရမယ်၊
မှားတယ်လို့ မြင်ပြီး ကိုယ့်မိတ်ဆွေထံမှာဖြစ်စေ ဆရာထံမှာ ဖြစ်စေ မှားကြောင်းဝန်ခံပြီး
အဲဒီအမှားမျိုး နောက်ထပ်မဖြစ်အောင် ရှောင်ကြဉ်ရမယ် တဲ့၊ ဒါအဖြေပဲ၊ နောက်ထပ် မမှားအောင်
ရှောင်ကြဉ်ရမယ်၊ ရှောင်ကြဉ်ပြီးတဲ့ အခါ ကောင်းတာတွေ ဆက်လုပ်ရမယ်၊ အဲဒါဆိုရင် ဒီကံက
လွတ်သွားမှာပဲ သေချာ တယ်၊ ဒါ ကံကိုပယ်ဖျက်တာ မဟုတ်ဘူး၊ ကံက လွတ်တဲ့နည်း။
ကံဆိုတာ
အခြံအရံအကြောင်းတွေပေါ်မှာ မှီတည်ပြီး အကျိုးပေးတယ်၊ အခြေအနေကောင်းတွေ ရှိနေတဲ့ပုဂ္ဂိုလ်မှာ
ဒီအကုသိုလ်ကံက အကျိုးပေးလို့မရဘူး၊ မြတ်စွာဘုရားက လောဏကပလ္လသုတ်မှာ ဆားခဲနဲ့ ဥပမာပေးထားတာ
မှတ်သား စရာပေါ့၊ “ဆားခဲလေးတစ်ခဲကို သောက်ရေခွက်ထဲ ထည့်လိုက်ရင် သောက်မဖြစ် အောင် ငန်မှာပဲ၊
ဒါပေမယ့် အဲဒီပမာဏဆားခဲကို ရေကန်ထဲထည့်လိုက်၊ မြစ်ထဲ ထည့်လိုက်၊ ပျောက်သွားမှာပဲ”၊
လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေ ချင်း မတူဘူး။
လောကလူသားတွေ
လက်တွေ့ ဘဝမှာလည်း ဒီအတိုင်းပဲလေ၊ ပိုက်ဆံရှိတဲ့ လူ အပြစ်ခံချင်မှ ခံရတာလေ၊ အကြီးအကဲနဲ့သိတဲ့လူ
အပြစ်ခံချင်မှ ခံရတာ၊ ပြစ်မှ ကျူးလွန်တောင်မှ လွတ်နေတာတွေ မရှိဘူးလား၊ ရှိတယ်နော်၊
ဘာဖြစ်လို့တုန်း? ဒါ အခြေအနေကောင်းလို့ခေါ်တယ်၊ ပိုက်ဆံရှိတဲ့လူမှာ ပိုက်ဆံက အခြေအနေ
ကောင်းပဲနော်၊ အဲဒီအခြေအနေကောင်းကြောင့် ပြစ်မှုကလွတ်နေတယ်၊ ဒါလည်း အခြေအနေကောင်းတစ်ခုပဲ၊
ဒီတော့ လူတစ်ယောက်ဟာ ကောင်းတာတွေ လုပ်တယ်၊
ကိုယ်ကျင့်တရားကောင်းတယ်၊ သို့သော် ပုထုဇဉ်ဘဝမို့ အကုသိုလ် လုပ်မိတယ်၊ တစ်ယောက်က လုံးဝမကောင်းဘူး၊
အကုသိုလ်လုပ်လို့ အကုသိုလ် အကျိုး ခံရတာနဲ့ ခုနက သီလ သမာဓိ ပညာ အခြေအနေကောင်း ရှိလျက်သားနဲ့
အကုသိုလ်လုပ်မိလို့ အကုသိုလ်ခံရတာ မတူဘူး၊ သီလ သမာဓိ ပညာ ဆိုတဲ့ အခြေအနေ ကောင်းရှိတဲ့ပုဂ္ဂိုလ်က
အကုသိုလ်လုပ်မိဦး .. အဲဒီ အကုသိုလ်ဟာ ပြေပျောက် သွားသလို ဖြစ်တယ်၊ ကောင်းတာတွေက လွှမ်းမိုးသွားတယ်၊
ခုနက မကောင်းတာ တွေချည်း သက်သက်လုပ်တယ်၊ အခြေခံမကောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ ခံလေရောပဲ။
ဒါကြောင့်
ကံတရားဆိုတာ ကိုယ်က အရှုံးပေးရမယ့်အရာ မဟုတ်ဘူး၊ ကိုယ်က ပြုပြင်ရမယ့်အရာသာ ဖြစ်တယ်၊
ကောင်းတဲ့အရာနဲ့ မကောင်းတဲ့အရာကို အစားထိုးရမယ်၊ ကောင်းတာနဲ့ မကောင်းတာကို ဖယ်ရှားပစ်ရမယ်၊
ကံရဲ့သဘာဝ ကို နားလည်လာပြီဆိုရင် ဒီကံတွေရဲ့ အကျိုးကို ကြည့်ပြီး မကောင်းတဲ့ကံတွေကို
ရှောင်ရှားလို့ ကောင်းတဲ့ကံတွေကို ကြိုးစားလုပ်ကိုင်သွားမယ်ဆိုရင် သံသရာမှာ ပျော်ချင်ရင်လည်းပဲ
ကောင်းတဲ့ဘဝမှာ နေရမှာပဲနော်၊ နိဗ္ဗာန်မရချင်သေးဘူး ဆိုရင် လည်း သံသရာမှာ ကောင်းတဲ့ဘဝကနေ
ကောင်းတဲ့ဘဝကူးပြီး သွားလို့ရတာပဲ၊ အကယ်၍ သံသရာကြီးကို ငြီးငွေ့လှပါပြီ၊ အို နာ သေ
ဒီဒုက္ခကြီးတွေကို မလို ချင်တော့ဘူးဆိုရင်လည်း ကောင်းတာတွေ လုပ်ရင်းကနေပြီးတော့ ကောင်းတဲ့
ကံရော မကောင်းတဲ့ကံရော ဖယ်ရှားပစ်လိုက်တယ်၊ ကိလေသာတွေ ဖယ်ရှားပစ် လိုက်လို့ ကောင်းတဲ့ကံကလည်း
အကျိုးပေးလို့ မရတော့ဘူးဆိုရင် နိဗ္ဗာန်ချမ်းသာ ကို ရသွားကြမှာပဲ။
ဒါကြောင့်မို့
ကမ္မပစ္စယော - ကံနဲ့ ပတ်သက်ပြီး စနစ်တကျ နားလည်ပြီး ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့
ပဋ္ဌာန်းမြတ်ဒေသနာတော်မှာလာတဲ့ ကံ အကြောင်းကို နားလည်ပြီးတဲ့အခါ မိမိတို့ဘဝမှာ ရှောင်ရန်ကံနဲ့
ဆောင်ရန်ကံ ဒီနှစ်မျိုးကို ခွဲခွဲခြားခြားနားလည်ရမယ်၊ ကောင်းတဲ့ကံတွေကို ပြုစုအားထုတ်ခြင်းဖြင့်
ကောင်းတဲ့ ကံတွေရော မကောင်းတဲ့ကံတွေရော ကံအားလုံးက လွတ်မြောက်ဖို့ရာ အတွက် ကိလေသာတွေကို
ဖယ်ရှားရမယ်၊ ကိလေသာတွေကို လုံးဝဖယ်ရှားပစ် လိုက်ခြင်းဖြင့် သံသရာ ဝဋ်ဆင်းရဲကလွတ်အောင်
အားလုံး ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။
