အဘိဓမ္မာမြတ်ဒေသနာ (ဒုတိယတွဲ) - အခန်း (၁၀)


 

“အခန်း - ၁၀ ''

 

နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း

▬▬▬▬▬▬▬▬▬▬

 

‘နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း’ လို့ ဆိုတဲ့နေရာမှာ စကားနှစ်ခုရှိတယ်၊ ‘နိဗ္ဗာန်’ ဆိုတဲ့စကားနဲ့ ‘မျက်မှောက်ပြုခြင်း’ ဆိုတဲ့ စကား၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြတယ်၊ သို့သော် နိဗ္ဗာန် အကြောင်းနဲ့ ပတ်သက်ပြီးတော့ သာမန်သိထားတဲ့ ပုဂ္ဂိုလ်တွေ  ရှိသလို၊ နိဗ္ဗာန်ဆိုတာ ဘာရယ်လို့ မသိတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်များစွာ ရှိတယ်၊ အများက “နိဗ္ဗာန်”  “နိဗ္ဗာန်” နဲ့ပြောတာနဲ့ နိဗ္ဗာန်လို့ လိုက်ပြောနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။

                  

နိဗ္ဗာန်ကို ဦးတည်ချက် ထားပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ကုသိုလ်ကောင်းမှု ပြုကြတယ်၊ ‘ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု’ အစဉ်အလာအရ သင်ကြားပေးထားတဲ့ အတိုင်း နိဗ္ဗာန် ကို ဆုတောင်းကြတယ်။

.

 

တဏှာချုပ်မှ နိဗ္ဗာန်ရ

▬▬▬▬▬▬▬▬

                  

သို့သော် “နိဗ္ဗာန်ဆိုတာ ဘာလဲ” တချို့ကလည်း အကြမ်းဖျင်းအားဖြင့် နိဗ္ဗာန်ကို သိထားတယ်၊ နိဗ္ဗာန်ဟာ အိုခြင်းကင်းရာ ဖြစ်တယ်၊ နာခြင်းကင်းရာ ဖြစ်တယ်၊ သေခြင်းကင်းရာ ဖြစ်တယ်၊ မအိုရဘူး၊ မနာရဘူး၊ မသေရဘူးလို့ အဲဒီလို ဆိုထားတဲ့ အခါကျတော့ နိဗ္ဗာန်က မအိုရ၊ မနာရ၊ မသေရဘူး ဆိုရင်တော့ အမြဲတမ်း ထာဝရ နေရမယ်လို့ ဒီလို တွေးမိကောင်း တွေးမိမယ်။

                  

ဘာဖြစ်လို့တုန်း ဆိုတော့ သတ္တဝါတွေရဲ့ သန္တာန်မှာ “ဘဝတဏှာ” ဆိုတာ ရှိတယ်၊ ဘဝတဏှာဆိုတာ “ဖြစ်နေတာကို ကြိုက်တာ”၊ အမြဲတမ်း ဖြစ်နေတာကို ကြိုက်တာ၊ ဖြစ်နေတာကို ကြိုက်လို့ ဘဝတဏှာကို ‘သဿတဒိဋ္ဌိ’ နဲ့ ယှဉ်တွဲလာတဲ့ တဏှာလို့ ဒီလိုပြောတယ်၊ ဘဝထဲမှာ ရှိနေတာကို သဘောကျတယ်၊ မရှိတော့ဘူး ဆိုရင် သဘောမကျဘူး၊ ဖြစ်နေရာတာကိုပဲ ပျော်စရာကြီးလို့ မြင်နေကြတယ်ပေါ့။ ဘဝတဏှာရှိနေရင် ဘယ်ဘဝပဲ ရောက်ရောက်, ရောက်ရာဘဝမှာ ဒီတဏှာ မကင်းတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ဘဝလေး ကိုယ် ကျေနပ်နေတာဘဲ၊ လူတွေကလည်း သူတို့ဘဝ သူတို့ ကျေနပ်ကြတာပဲ၊ မကျေနပ်ဘူးဆိုတဲ့ အချိန်ဟာ အလွန့်အလွန် အဆင်မပြေလို့ ဒုက္ခရောက်တဲ့ အချိန်လေးပဲ။

                  

ဆိုင်ရာဆိုင်ရာ ဘဝမှာ ချမ်းသာ သုခလေးတွေ ရရှိနေကြတာ - ကြည့်ရင် ကြက်တွေ ငှက်တွေလည်း ပျော်နေကြတဲ့ သဘော ရှိတယ်၊ ကြက်ကလေးတွေဆို လှောင်ချိုင့်ထဲ လှောင်ထားပေမယ့် တစ်ကောင့် တစ်ကောင် ဆိတ်လို့ တွန်လို့ အော်လို့ ပျော်နေကြတဲ့ သဘောရှိတယ်၊ တစ်ကောင့် တစ်ကောင် ကျီစယ်ကြ ကစားကြနဲ့၊ ဘဝမှာ “ဘဝသုခ” ဆိုတာ ပျော်စရာ လေးတွေတော့ ရှိကြတာပဲ၊ ဘဝကို အကြောင်းပြုပြီးတော့ ရလာတဲ့ ပီတိတို့ သုခတို့ - ဘဝမှာ ပျော်စရာလေးတွေ၊ အဲဒီ ပျော်စရာလေးတွေ တွေ့ပြီးတော့ ဘဝမှာ ပျော်နေကြတာပဲ၊ အဲဒီလို ဘဝဆက်တိုင်း ဖြစ်ပြီးတော့ နေကြရတာကိုပဲ ကျေနပ်နေကြတာ။ ဘဝတဏှာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေမှာ နိဗ္ဗာန်မှာ ဘဝဟာ ချုပ်ငြိမ်းသွားတာ၊ “ဘဝနိရောဓော နိဗ္ဗာနံ” ဘဝရဲ့ချုပ်တာ နိဗ္ဗာန်လို့ပြောရင် လန့်ကောင်း လန့်သွားလိမ့်မယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူတို့က ဖြစ်နေတာကို ကြိုက်တာကိုး၊ ဖြစ်နေတာကို ကြိုက်တော့ မဖြစ်ရတော့ဘူး၊ ဘဝက ချုပ်ငြိမ်းသွားပြီ ဆိုလို့ရှိရင် ချုပ်ငြိမ်းသွားရင် တို့ဘယ်သွား နေရမတုန်းလို့ တွေးမိကောင်း တွေးမိလိမ့်မယ်၊ အဲဒီလို တွေးမိပြီး ကြောက်လန့် ကြတယ်၊ ဒါက ဘဝအပေါ်မှာ စွဲလန်းနေတဲ့ ပုဂ္ဂိုလ်တွေက ဘဝပြတ်သွားမှာ, ဘဝ ချုပ်သွားမှာကို စိုးရိမ်ကြတယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုး ကလည်း တစ်စုရှိတယ်။

                  

အဲဒါနဲ့ ဆန့်ကျင့်ဖက် ဘဝတစ်ဏှာ ရှိသလို ဝိဘဝ တဏှာ၊ ‘ဘဝ’ က ‘ဘဝ’၊ ‘ဝိ’ ဆိုတာ မရှိတော့တာ၊ ဘဝ မရှိတော့ တာကို ကြိုက်တဲ့ ပုဂ္ဂိုလ်မျိုးက ရှိသေးတယ်၊ အဲဒီ ဘဝမရှိရင် ပြီးရော၊ သို့သော် သူက ဘဝမရှိကြောင်း တရားကို ကျင့်ပြီးတော့ မရှိတဲ့ ဘဝမျိုး မဟုတ်ဘူး၊ ဘဝတစ်ခုက ချုပ်ငြိမ်းသွားရင် နောက်ဘဝဆိုတာ မရှိချင်ဘူးလို့ ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတာပဲ၊ ဘဝကို ရွံမုန်းပါပြီ နောက်ဘဝဆိုတာ မရှိချင်ပါဘူး၊ မရှိချင်ဘူးဆိုတာ ဘာဖြစ်လို့တုန်း ဆိုရင် ဒီဘရဲ့ ဒုက္ခတွေ တွေ့တော့ နောက်ဘဝ မလိုချင်ဘူးဆိုတာ၊ နောက်တစ်ခုက ဘဝဆိုတာ မရှိဘူး, ပြတ်နေတယ်၊ သေသွားရင် ပြီးတာပဲလို့ ဒီလို ယူဆတဲ့ ပုဂ္ဂိုလ်တွေ၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်တွဲလာတဲ့ တဏှာတစ်မျိုးက ထူးထူး ဆန်းဆန်းပဲ၊ ဘဝမရှိတာကို ကြိုက်တာလည်း တဏှာလို့ ခေါ်တယ်။

                  

ဘဝမရှိတာကို ကြိုက်တာ နိဗ္ဗာန် မဟုတ်သေးဘူး၊ တဏှာ လု့ိခေါ်နေပြန်တယ် အဲဒီမှာ၊ သူက မရှိတာကို ကြိုက်ပြန်တာ၊ အဲဒီတော့ တွယ်တာမှုက မရှိတာကို သွား တွယ်တာနေတာ၊ ဘဝပြတ်သွားတာကို တွယ်တာနေပြန်တယ်၊ အဲဒါတွေကို “ဝိဘဝတဏှာ” လို့ ခေါ်ပြန်တယ်။ “ဘဝတဏှာ” လည်း ရှိနေဦးမယ်၊ “ဝိဘဝတဏှာ” လည်း ရှိနေဦးမယ် ဆိုလို့ရှိရင်တော့ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ဦးမှာ မဟုတ်သေးဘူးတဲ့။

                  

ကာမတဏှာ ဆိုတာတော့ ရိုးရာလို့ပဲ ထားပါတော့၊ လူ့ဘဝ ရလာပြီ ဆိုလို့ရှိရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် လို့ဆိုတဲ့ အင်္ဂါရပ်တွေ ရထားသည့် အတွက်ကြောင့် ထိုအင်္ဂါရပ်တွေမှာ ပေါ်လာတဲ့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ လို့ဆိုတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ဒီအာရုံတွေ အပေါ်မှာ ကျေနပ်နေတာ။ အဲဒီ အာရုံတွေပေါ်မှာ တွယ်တာနေတာ “ကာမတဏှာ”၊ အဲဒီ တဏှာတွေဟာ အလွန်ပြင်းထန်တဲ့ စွမ်းအားရှိတယ်၊ ဘဝကို ဦးဆောင်ပြီးတော့ တည်ဆောက်နေတာ ဟောဒီ တဏှာတွေပဲ၊ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက သမုသယသစ္စာမှာ ဒီတဏှာကို ဦးတည်ပြီးတော့ “ဒုက္ခသမုဒယော အရိယသစ္စံ” လို့ ဒီလို ဟောတာ၊ ထိုထို သုတ္တန်တွေမှာလည်းပဲ ဘဝကိုဖြစ်စေတတ်၊ ‘ဘဝနေတ္တိ’ လို့ ဘဝကို သယ်ဆောင် သွားတတ်တဲ့ တရားလို့ တဏှာကိုပဲ ဦးတည်ပြီးတော့ ပြောလေ့ရှိတယ်။

               

နိဗ္ဗာန - နိဗ္ဗာန် - ပါဠိစကား - နိဗ္ဗာန ဆိုတဲ့စကားက ဆန့်ကျင့်ဖက်နဲ့ ပြောထားတာ၊ ‘နိဗ္ဗာန’ ဆိုတဲ့ ပုဒ်လေးကို နိ+ဝါန လို့ ဒီလို နှစ်မျိုး အဓိပ္ပါယ် ခွဲပြီးတော့ ‘နိ’ ဆိုတာ လွတ်မြောက်သွားတာ၊ ‘ဝါန’ ဆိုတာ အတွယ်အတာ တဏှာ၊ အတွယ်အတာ တဏှာတွေကနေ လွတ်မြောက်သွားမှ နိဗ္ဗာန်ဆိုတာ ဖြစ်တယ်၊ တစ်မျိုးမျိုးနဲ့ လှည့်တွယ်နေလို့ ရှိရင်တော့ ဒါ တဏှာတွေ ရှိနေသေးသမျှ၊ တွယ်တာမှု ရှိနေသေးသမျှ ဘယ်တွယ်တာမှုပဲဖြစ်ဖြစ် နိဗ္ဗာန်ဆိုတာ မရောက်နိုင်သေးဘူး၊ ဒါ့ကြောင့်မို့လို့ နိဗ္ဗာန်ဆိုတဲ့ နာမည်ကိုက နိဝါန၊ ‘ဝါန သင်္ခါတာယ တဏှာယ’ ‘ဝါန’ လို့ဆိုတဲ့ တဏှာမှ ‘နိက္ခန္တတ္တာ’ လွတ်ထွက်သွားလို့၊ နိဗ္ဗာန - နိဗ္ဗာန်လို့ ခေါ်တာတဲ့၊ ဒါ နိဗ္ဗာန်ဆိုတဲ့ စကားလုံးဟာ စကားလုံးဟာ အတွယ်အတာကနေ လွတ်မြောက်သွားတဲ့ နေရာလို့ ဒီလို ရည်ညွှန်းတယ်၊ တွယ်တာမှု မရှိနိုင်တဲ့ နေရာ။

 

အဲဒီတော့ ရှေးဦးစွာ မှတ်ရမှာက တို့တစ်တွေ အတွယ်အတာ ရှိနေသေးသမျှ နိဗ္ဗာန်မရောက်သေးဘူး ဆိုတာ မှတ်ထားရမယ်၊ အတွယ်အတာ ကင်းပြတ်သွားပြီ ဆိုရင် တို့တစ်တွေ နိဗ္ဗာန်ရောက်ပြီလို့၊ အေး တချို့က အဲလိုကျတော့ ပြောကြလိမ့်မယ်၊ “တပည့်တော် ဘယ်သူ့မှ မတွယ်တာတော့ပါဘူး၊ သားသမီးတွေ အပေါ်လည်း မတွယ်ဘူး၊ ပစ္စည်းဥစ္စာလည်း မတွယ်တော့ဘူး၊ အားလုံး စွန့်လွှတ် ထားပြီ” ဒီလို ပြောကောင်းပြောလိမ့်မယ်၊ တွယ်တာမှု ဆိုတာ တစ်ခုပြီးတစ်ခု လိုက်တွယ် နေတာ နော်၊ လွတ်သွားတယ်ရယ်လို့ မရှိဘူး၊ သားသမီးမရှိလို့  သားသံယောဇဉ် မရှိဘူး၊ သမီး သံယောဇဉ် မရှိဘူး ဆိုတဲ့ ပုဂ္ဂိုလ်က တစ်ခုခု သွားပြီးတော့ သံယောဇဉ် ရှိသေးတာပဲ၊ တစ်ခု မတွယ်ရရင် တစ်ခုသွားတွယ် နေသေးတာပဲ၊ တဏှာရှိနေတဲ့ ပုဂ္ဂိုလ်ဟာ မတွယ်လု့ိ မရဘူး၊ တွယ်နေသေးတာပဲ၊ နောက်ဆုံး ဘယ်သူ့ တွယ်တုန်း ဆိုရင် ကိုယ့်ကိုယ်ကို ပြန်တွယ်နေတယ်။

                  

အဓိကကတော့ လူတွေဟာ အတွယ်အတာ ဘယ်အပေါ်မှာ အားအကြီးဆုံးတုန်း ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုပေါ် တွယ်တာဟာ အားအကြီးဆုံးပဲ တဲ့၊ ‘အတ္တသမံ ပေမံ နတ္တိ’ အဲဒါကြောင့် မြတ်စွာဘုရားက ဟောတယ် ‘ကိုယ့်ကိုယ်ပေါ်မှာ တွယ်တာ တာလောက် တခြားတွယ်တာမှုက မရှိနိုင်ဘူး’ တဲ့။ ကိုယ့်ကိုယ်ဟာ လောကမှာ အချစ်ဆုံးပဲ၊ သားသမီး ချစ်တယ်တို့ တခြားပစ္စည်း ချစ်တယ်ဆိုတာ ကိုယ့်အတွက် ချစ်ကြတာ၊ ထင်ကြတယ် သူ့အတွက်လို့ ထင်တယ်၊ မဟုတ်ဘူး - ကိုယ့်အတွက်၊ ဘယ်လို ကိုယ့်အတွက်တုန်းလို့ ဆိုတော့ ဒီသား ဒီသမီး ဒီပစ္စည်း ဒီဥစ္စာ ဒီပုဂ္ဂိုလ်နဲ့ နေရလို့ရှိရင် စိတ်ချမ်းသာနေတယ်၊ အဲဒီ စိတ်ချမ်းသာမှုလေးကို ချစ်ခင်နေတာ၊ အဲဒီ စိတ်ချမ်းသာမှုက ဘယ်သူ့ရဲ့ စိတ်ချမ်းသာမှုလဲဆိုတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုပဲ၊ သူတို့ရဲ့ စိတ်ချမ်းသာမှု မဟုတ်ဘူး။

                  

ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို နှောင့်ယှက် ဖျက်ဆီးလာပြီ ဆိုလို့ရှိရင် ဘယ်သူ့မှ လက်မခံတော့ဘူး၊ ချစ်လှပါတယ်ဆိုတဲ့ သားလည်း အမွေပြတ် ကြော်ငြာတာပဲ၊ ချစ်လှပါတယ် ဆိုတဲ့သမီးလည်း အမွေပြတ် ကြော်ငြာတော့တာ၊ ဘာဖြစ်လို့တုန်းဆို ကိုယ် တန်ဖိုးထားတဲ့ ကိုယ့်ရဲ့နှစ်သက်မှု ကျေနပ်မှု ပျော်ရွှင်မှုလေးကို ပျက်စီးအောင် လုပ်လို့ မချစ်နိုင်တော့ဘူး၊ တကယ့် အနှစ်သာရကို ကြည့်မယ် ဆိုလို့ရှိရင် လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ ဟုတ်တယ်။

                  

နောက်ဆုံး ဒီအတွယ်အတာကနေ ရုန်းထွက်နိုင်တယ် ဆိုတာ သောတာပန် ဖြစ်သွားရင်တောင် သေတာပန် အလိုက် အတွယ်အတာ ရှိနေသေးတယ်၊ သို့သော် သောတာပန်ရဲ့ အတွယ်အတာသည် အပါယ် ဆွဲချလောက်အောက် မဖြစ်တော့ဘူး၊ ပစ္စည်းပေါ် တွယ်တာတို့, လူပေါ် တွယ်တာတို့ အပါယ် ဆွဲချနိုင်လောက်အောင် အကုသိုလ်မှုကို မကျူးလွန်နိုင်တော့ဘူး, မဖြစ်တော့ဘူး၊ အရှိန် လျော့သွားပြီ လို့ပြောတာ။

                  

သကဒါဂါမ် ဖြစ်သွားလို့ ရှိရင်လည်း အတွယ်အတာဟာ လျော့ကျသွားတယ်၊ သကဒါဂါမ်နဲ့ သောတာပန် ဘာထူးတုန်းလို့ ဆိုလို့ရှိရင် အတွယ်အတာ ဖြစ်တဲ့အခါမှာ သကဒါဂါမ်ပုဂ္ဂိုလ်က ဆယ်ခါ တစ်ခါ ဖြစ်တယ်၊ သောတာပန်က ၉-ခါလောက်ဖြစ်ရင် သကဒါဂါမ်က ၁-ခါလောက် ၂-ခါလောက်ပဲ ဖြစ်တယ်၊ ဖြစ်တဲ့ အကြိမ် နည်းသွား တယ်၊ “ဖြစ်တဲ့အကြိမ် နည်းသွားသလို ဖြစ်တဲ့ အရှိန်လည်း နည်းသွားတယ်”

                       

သောတာပန်ရဲ့ တဏှာရဲ့ သကဒါဂါမ်ရဲ့ တဏှာကို ယှဉ်ကြည့်လိုက်မယ် ဆိုလို့ရှိရင် သကဒါဂါမ်ရဲ့ တဏှာက အများကြီး လျော့ကျသွားပြီ၊ သောတာပန်ရဲ့ တဏှာက အရှိန်ကလေး ရှိသေးတယ်၊ သကဒါဂါမ်ရဲ့ တဏှာကျတော့ အရှိန်ကို မရှိတော့ဘူး၊ ဒါကြောင့်မို့ ‘အဓိစ္စုပ္ပတ္တိယာ’ ဖြစ်ခဲတယ် တဲ့၊ ‘ပရိယုဋ္ဌာန မန္ဒာတာ’ ဖြစ်လာလို့ ရှိရင်လည်း အားပျော့တယ်၊ အရှိန် မရှိဘူး ၊ ဒါ ကွဲပြားခြားနားသွားပုံ။

                  

အနာဂါမ်ဖြစ်သွားရင် ကာမရာဂတို့ ဆိုတာ မရှိတော့ဘူး၊ ကာမရာဂ ကာမအတွယ်တွေ မရှိတော့ဘူး လို့ ဆိုရပေမယ့်လို့ အနာဂါမ်ပုဂ္ဂိုလ်က ဘယ်သွားတွယ်နေတုန်း ဆိုတော့ သူရ,ထားတဲ့ ဈာန်တရားတို့၊ သူရ,ထားတဲ့ တရားထူး တရားမြတ်တွေကို သွားတွယ်တတ်တယ်၊ ကာမဘုံကို မတွယ်ပေမယ့် ဗြဟ္မာ့ဘုံကို သွားတွယ်နေတယ်၊ အောက်ဘုံတွေကိုတော့ သူ မတွယ်တော့ဘူး၊ လူ့ဘုံနတ်ဘုံ ဆိုတာတွေ သူ့စိတ်ထဲကို ထည့် မစဉ်းစားတော့ဘူး၊ လုံးဝ အတွယ်အတာ မရှိတော့ဘူး၊ သို့သော် ဘယ်အပေါ်မှာ သူသဘောကျနေတုန်းဆို ဗြဟ္မာဘုံကို သူသွား သဘောကျ နေသေးတယ်၊ ဒါကို ဘဝရာဂ လို့ ခေါ်တယ်၊ ရူပရာဂ၊ အရူပရာဂ အဲဒါကိုပဲ ဘဝရာဂလို့ ခေါ်တယ်။

                  

နောက်ဆုံးမယ် တွယ်တာမှုက ဘယ်ထိအောင် သွားတုန်း ဆိုရင် အတွယ်အတာဟာ အာရုံတွေ ကာမဂုဏ်တွေ တစ်ခုပေါ်မှ မတွယ်တော့ပါဘူး၊ ဘဝလည်း မတွယ်တော့ဘူး ဆိုလို့ရှိရင် ဘာသွားတွယ်နေတုန်း ဆိုရင် ကိုယ်ရထားတဲ့ တရားကို သွားတွယ်နေသေးတယ်၊ အဲဒါကို “ဓမ္မရာဂ ဓမ္မနန္ဒီ” လို့ခေါ်တယ်။

                       

“တေနေဝ ဓမ္မရာဂေန၊ တာယေဝ ဓမ္မနန္ဒိယာ” စာထဲမှာ ဒီလို ဆိုထားတယ်၊ အဲဒီ ဓမ္မရာဂ ကိုယ် ရ, ထားတဲ့ ဝိပဿနာဉာဏ်လေး - အဲဒီပေါ်မှာ အတွယ်အတာလေး ဖြစ်နေသေးသမျှ၊ နှစ်သက် ကျေနပ်မှုတွေ ရှိနေသေးသမျှ ကာလပတ်လုံး အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်ရောက်နိုင်ဘူး လု့ိ ဒီလိုပြောထားတယ်၊ အဲဒီပေါ်မှာ အတွယ်အတာလေး ကျန်နေသေးလို့ရှိရင် အနာဂါမ်ဘဝနဲ့ပဲ ပြီးသွားမယ်၊ ရဟန္တာထိအောင် မဖြစ်ဘူးလို့ ပြောတယ်။

                  

အဲဒီ ဓမ္မပေါ်မှာ တွယ်တဲ့ အရာကိုပါ တွယ်တာမှုအားလုံးကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဆိုတဲ့အခါကျတော့ လုံးဝ လွတ်သွားပြီလို့ ပြောတာ၊ အဲဒီလို လုံးဝ လွတ်သွားပြီ ဆိုတဲ့ အခါကျတော့ အတွယ်အတာ လွတ်ခြင်းသည်ပင် ဘဝက လွတ်မြောက်ခြင်းပဲ၊ အတွယ်အတာ ရှိနေခြင်းသည် ဘဝ၌ ရှိနေခြင်းပဲ ဒီလိုမှတ်ရမယ်၊ အဲဒီတော့ နိဗ္ဗာန်ဆိုတာ  အတွယ်အတာက လုံးဝလွတ်သွားတာ ကိုခေါ်တယ်ပေါ့၊ ဒါက တစ်ခု မှတ်စရာ။

 

နောက် ထိုထိုသုတ္တန် ပါဠိတော်တွေမှာ မြတ်စွာဘုရားက ‘ခန္တီ ပရမံ တပေါတိ တိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ’ ‘နိဗ္ဗာန်ကို အမြတ်ဆုံး’ လို့ အဆင့် အမြင့်ဆုံး ပန်းတိုင် အနေနဲ့ ဒီလို ဟောထားတာ ရှိတယ်၊ နောက်တစ်ခုက ‘နိဗ္ဗာနံ ပရမံ သုခံ’ သို့မဟုတ် ‘နိဗ္ဗာန ပရမံ သုခံ’ ‘ချမ်းသာတွေထဲမှာ နိဗ္ဗာန်ဟာ အကောင်းဆုံးပဲ’ လို့၊ လူ့လောက လူတွေဟာလည်း ချမ်းသာ ဆိုလို့ရှိရင် သဘောကျတယ်လေ။

                  

အဲဒီတော့ နိဗ္ဗာန်ချမ်းသာကို ဘာနဲ့ တွေးတုန်းဆိုရင် ..

မျက်စိကမြင်ရတဲ့ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ ချမ်းသာ၊

နားက ကြားရတဲ့ အသံလေးပေါ်မှာ ကျေနပ်နေတဲ့ ချမ်းသာ၊

နှာခေါင်းက နမ်းရှူရတဲ့ အနံ့၊

လျှာက အရသာခံရတဲ့ အရသာ၊

ခန္ဓာကိုယ်က အထိအတွေ့ ခံစားရတယ်၊

စိတ်ထဲမှာ ကြံစည်စိတ်ကူးပြီးတော့ ဖြစ်ပေါ်လာတဲ့ အရသာ၊

 

အဲဒီ အရသာလေးတွေ၊ စိတ်ထဲမှာ ကြံစည်စိတ်ကူးပြီးတော့ ရလာတဲ့ အတွေးတွေ၊ အဲဒါတွေ ကြည့်ပြီးတော့ ဖြစ်ပေါ်လာတဲ့ သုခသောမနဿ လို့ ဆိုတဲ့ ချမ်းသာမှု ဝမ်းသာမှုလေးတွေ အဲဒီ ချမ်းသာနဲ့ နိဗ္ဗာန်ချမ်းသာကို သွားပြီးတော့ နှိုင်းယှဉ်ကြည့်တယ်၊ ချမ်းသာ ဆိုလို့ရှိရင် ဒီလို ချမ်းသာမျိုးပဲ နေမှာပဲလို့ ကိုယ်ရ, တာနဲ့ သွားပြီးတော့ နှိုင်းယှဉ်ပြီးတော့ ကြည့်တတ်တယ်။

                  

အဲဒီလို နှိုင်းယှဉ် ကြည့်လိုက်လို့ရှိရင် နိဗ္ဗာန်ချမ်းသာမှုကို ကာမဂုဏ်အာရုံတွေကို ရရှိလာတဲ့ ချမ်းသာသုခနဲ့ တန်းတူထားပြီးတော့ စဉ်းစားလာလို့ရှိရင် ကာမဂုဏ် အာရုံဆိုတဲ့ ချမ်းသာသုခက အတွယ်နဲ့ နှစ်သက်တာ၊ အဲဒီတော့ နိဗ္ဗာန်ချမ်းသာကိုလည်းပဲ အဲဒီလိုအတွေးနဲ့ တွေးပြီးတော့ ချမ်းသာတယ်လို့ ဒီလို ခံစား ရမယ့် ချမ်းသာ သဘောမျိုး တွေးမိကောင်း တွေးမိနိုင်တယ်ပေါ့၊ ဒါကတော့ တဏှာလောဘ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုပဲ။

                  

အဲဒီတော့ လူတွေက နိဗ္ဗာန် နိဗ္ဗာန်နဲ့ ပြောတယ်၊ နိဗ္ဗာန်ရဲ့ အရည်အသွေး လေးတွေကို အဘိဓမ္မာတ္ထ သင်္ဂဟကျမ်းက ဘာပြောထားတုန်းဆို - ဒါက အခြေခံအားဖြင့် နားလည်ထားဖို့ရာ “နိဗ္ဗာနံ ပန လောကုတ္တရ သင်္ခါတံ” နိဗ္ဗာန်ဆိုတာ လောကရဲ့ အထက်မှာ ရှိတယ်။

                   

အထက်ဆိုတာ လောကနဲ့ ဆက်စပ်ပြီးတော့ မနေဘူး၊ လောကကို လွန်မြောက် သွားတယ်လို့ ဒီလို ပြောတာ၊ လောကထဲမှာ မရှိဘူး၊ ဒါဖြင့် လောကဆိုတာ ဘာတွေပြောတာလဲ ဆိုရင် ခန္ဓာတို့ အာယတနတို့ ဓာတ်တို့ ဒီဟာတွေကို လောကလို့ခေါ်တာ၊ အဲဒီ လောကတွေနဲ့ ဆက်စပ်မနေဘူး၊ ခန္ဓာဆိုတဲ့ လောကနဲ့ ဆက်စပ် မနေဘူး။

                  

တစ်နည်းအားဖြင့် လောကီတရားတွေရဲ့ အထက် လောကီတရားတွေထက် သာလွန် သွားတဲ့ အရာ လောကုတ္တရာ၊ လောကကို လွန်မြောက်သွားမှ တစ်နည်းအားဖြင့် ဥပါဒါနက္ခန္ဓာလု့ိ ဆိုတဲ့ လောကကို လွန်မြောက်သွားတယ်၊ အဲဒီ လွန်မြောက်သွားတဲ့ အဆင့်မှာ ရှိတယ်လို့ ပြောတာဆိုတော့ လူတွေ နေ့စဉ်တွေ့ကြုံ ခံစားနေရတဲ့ ရရှိနေကြရတဲ့ ကိုယ်တွေ့ သိရှိနေကြတဲ့ ဟောဒီ ရုပ်နာမ်ဓမ္မ သင်္ခါရ တွေက လွတ်ထွက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။

                  

“စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ” နိဗ္ဗာန်ကို သိနိုင်တာ ဘာနဲ့သိနိုင်တုန်း ဆိုရင် မဂ်ဉာဏ်လေးပါးနဲ့မှ သိနိုင်တယ်လို့ ဒီလိုပြောတာ၊ ပကတိမျက်စိနဲ့ နိဗ္ဗာန်ကို မြင်လို့မရဘူး၊ သာမန်ဉာဏ်ကလေးနဲ့လည်း နိဗ္ဗာန်ကို မြင်လို့မရဘူး၊ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် ဆိုတာ ကိုယ်တွေ့ သိတာကိုပြောတာ၊ ကိုယ့်ရဲ့ မျက်စိအောက် ဆိုတဲ့ သဘောမျိုး မျက်စိဆိုတဲ့ အထဲမှာ မျက်မှောက်ပြုတယ် ဆိုတဲ့ အဓိပ္ပါယ်က ကိုယ်တိုင်မြင်တယ်၊ ကိုယ်တိုင် ကြားတယ်၊ ကိုယ်တိုင် အနံ့ရတယ်၊ ဒီလိုဟာမျိုးကို မျက်မှောက်လို့ ခေါ်တယ်၊ ကိုယ်တွေ့ သိတာ။

                  

အဲဒီတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တာဟာ ဉာဏ်နဲ့မှ မျက်မှောက် ပြုနိုင်တာ၊ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတာတနဲ့ သာမန်စိတ်တွေနဲ့ မျက်မှောက်ပြုလို့ မရဘူး၊ မသိနိုင်ဘူး။ နိဗ္ဗာန်ကို လက်လှမ်း မမီဘူးပေါ့၊ နိဗ္ဗာန်ကို မျက်စိနဲ့ကြည့်လို့ မရဘူးလို့ ဒီလိုပြောတာ၊ ဉာဏ်ဆိုတဲ့ နေရာမှာလည်းပဲ သာမန်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်သေးဘူး၊ ဒါ့ကြောင့် ‘စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ’ ‘မဂ်ဉာဏ် လေးပါးနဲ့မှ မျက်မှောက်ပြုနိုင်တယ်’ တဲ့။

                  

‘မဂ္ဂဖလာန မာရမ္မကာ ဘူတံ’ မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံဖြစ်တယ်၊ မဂ်စိတ် ဖိုလ်စိတ်တွေဟာ စိတ်မှန်လို့ရှိရင် အာရုံနဲ့ကင်းပြီး မဖြစ်ဘူးဆိုတာ ဘုန်းကြီးတို့ အကြိမ်ကြိမ် ပြောခဲ့ပြီးသားနော်၊ စိတ်ဆိုတဲ့ သဘောဟာ အာရုံနဲ့ကင်းပြီးတော့ ဖြစ်တာ မရှိဘူး၊ အဲဒိတော့ မဂ်စိတ် ဖိုလ်စိတ်တွေဟာ ဘာအာရုံနဲ့ ဖြစ်တာတုန်း ဆိုတော့ အဲဒီ နိဗ္ဗာန်အာရုံနဲ့ ဖြစ်တယ်၊ နိဗ္ဗာန်ဆိုတာ မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံ အနေနဲ့တော့ ရှိနေတယ်ပေါ့၊ နိဗ္ဗာန်ဆိုတဲ့ အာရုံ (object) မရှိဘူးဆိုရင် မဂ်စိတ် ဖိုလ်စိတ် မဖြစ်နိုင်ဘူး။

                  

ဆိုပါစို့ …

စက္ခုဝိညာဏ်စိတ်ကလေးက ဘယ်အာရုံနဲ့ ဖြစ်တာတုန်းဆိုရင် ရူပါရုံနဲ့ တွေ့မှ ဖြစ်တာ၊

သောတဝိညာဏ်စိတ်ကလေးက သဒ္ဒါရုံဆိုတဲ့ အသံနဲ့ဆုံမှ ဖြစ်တာ၊

ဃာနဝိညာဏ်စိတ်ကလေးက အနံ့ဆိုတဲ့ ဂန္ဓာရုံနဲ့ဆုံမှ၊

ဇိဝှာဝိညာဏ်စိတ်က အရသာ ဆိုတဲ့ ရသာရုံနဲ့ဆုံမှ၊ 

ကာယဝိညာဏ်စိတ်လေးက ဖောဋ္ဌဗ္ဗာရုံလို့ဆိုတဲ့ အထိအတွေ့ အာရုံနဲ့ဆုံမှ၊

မနောဝိညာဏ်ဆိုတဲ့ စိတ်ကလေးဟာလည်းပဲ ဓမ္မဆိုတဲ့ ကျန်တဲ့အာရုံတွေနဲ့ ဆုံစည်းမှ ဖြစ်တယ်လို့ ဒီလိုပြောတာ၊

အဲဒီ ဓမ္မဆိုတဲ့အထဲမှာ နိဗ္ဗာန်ဆိုတာ ပါတယ်ပေါ့။

                  

မနောဝိညာဏ်စိတ် ကလေးတွေမှာလည်းပဲ မဂ်စိတ် ဖိုလ်စိတ်တွေ ပါတယ်၊ အဲဒီ မဂ်စိတ် ဖိုလ်စိတ်တွေဟာ သာမန်နဲ့ ရလာတာ မဟုတ်ဘူး၊ ဝိပဿနာကျင့်စဉ် ကျင့်ပြီးတော့မှ ဝိပဿနာ စွမ်းအားကြောင့် ပေါ်လာတဲ့ စိတ်ဟာ မဂ်စိတ် ဖိုလ်စိတ်ပဲ။ ပင်ကိုယ်စိတ်တွေ မဟုတ်ဘူးလို့ ဒီလို ပြောတယ်၊ မွေးရာပါ စိတ်တွေ မဟုတ်ဘူး၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပြီးတော့ ယူလိုက်တဲ့ အခါကျတော့ စိတ်ဟာ ပိုပြီးတော့ သန့်ရှင်းလာတယ်, ကြည်လင်လာတယ်, ဖြူစင်လာတယ်၊ အဲဒီလို ဖြူစင်လာတဲ့အခါ အသိဉာဏ်တွေကလည်း တောက်ပလာတယ်၊ သဒ္ဓါစွမ်းအား ပညာစွမ်းအား ဝီရိယ စွမ်းအား သမာဓိစွမ်းအားတွေ အဲဒီစွမ်းအားတွေ ထက်လာတဲ့စိတ် ဝိပဿနာဉာဏ်နဲ့ တက်လာပြီး နောက်ဆုံးကျတော့မှ မဂ်စိတ် ဖိုလ်စိတ် ဆိုတာ ပေါ်လာတာ။

                  

ဝိပဿနာကျင့်စဉ်နဲ့ ကျင့်မှ အဲဒီ မဂ်စိတ် ဖိုလ်စိတ်ဆိုတာ ပေါ်လာနိုင်တာ၊ ဒီအတိုင်းနဲ့ ပေါ်မလာဘူး၊ အဲဒီတော့ဟာ နိဗ္ဗာန်ကိုမြင်ချင်တယ် ဆိုလို့ရှိရင် မဂ်စိတ် ဖိုလ်စိတ် ပေါ်လာမှပဲ မျက်မှောက်ပြုလို့ ရမယ်၊ ဒိပြင် အချိန်မှာကျတော့ မှန်းဆပြီးတော့ ကြည့်ရတယ်၊ မှန်းဆကြည့်ပြီးတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့ အငြင်းပွားနေစရာ ဘာမှမလိုဘူး။

                  

နိဗ္ဗာန်နဲ့ ပတ်သက်လာလို့ရှိရင် ကမ္ဘာမှာ နိဗ္ဗာန်အကြောင်း ရေးတာတွေ အများကြီးပဲ၊ အဲဒီ နိဗ္ဗာန်အကြောင်း ရေးတဲ့သူတွေဟာ နိဗ္ဗာန်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဟောထားတဲ့ တရားတွေ ဖတ်ပြီးတော့ ကိုယ့်အတွေးတွေနဲ့ ပေါင်းစပ်ပြီးတော့ ရေးနေကြတာချည်းပဲ၊ ရ, တဲ့လူက ရေးတာ မဟုတ်ဘူး၊ အတွေးနဲ့ လျှောက်ပြီးတော့ ပြောနေတယ်ဆိုတော့ အမှန်တရား ဖြစ်နိုင်ပါဦးမလား၊ (မဖြစ်နိုင်ပါဘူးဘုရား) မဖြစ်နိုင်ဘဲနဲ့ သူပြောတာ မှန်တယ်၊ ငါပြောတာ မှန်တယ် ဆိုပြီးတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီး အငြင်းပွားနေစရာ ဘာတစ်ခုမှ မရှိဘူးနော်။

                  

ကိုယ်ကိုယ်တိုင် မသိသေးလို့ရှိရင်၊ ကိုယ်ကိုယ်တိုင် မျက်မှောက် မပြုနိုင်သေးလို့ရှိရင် နိဗ္ဗာန်ရဲ့ အရသာဟာ သူပြော ကိုယ်ပြောပဲ ဖြစ်ဦးမှာပဲ၊ သူပြောတာလည်း ပြည့်စုံမှာ မဟုတ်ဘူး၊ ကိုယ်တိုင် တွေ့တဲ့ အခါမှသာလျှင် နိဗ္ဗာန်နဲ့အရသာ၊ နိဗ္ဗာန်ရဲ့ အကြောင်းကို သိနိုင်မှာဖြစ်တယ်၊ ဒါ့ကြောင့်မို့လို့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့ controversy ဆိုတဲ့ အငြင်းပွားမှုဟာ မဖြစ်သင့်ဘူးပေါ့၊ မြန်မာပြည် စာပေဆိုင်ရာ နိဗ္ဗာန်နဲ့ပတ်သက်ပြီး စာပေရှုထောင့်ကနေ ငြင်းနေကြတာ၊ သူရေးတဲ့ နိဗ္ဗာန်က ဟုတ်တယ်, ငါရေးတဲ့ နိဗ္ဗာန်က ဟုတ်တယ်၊ သူဟောတာ မှန်တယ်, ငါဟောတာ မှန်တယ်ဆိုပြီး သက်သက် အချိန်ဖြုန်းနေတာမျှသာ ဖြစ်တယ်။

                  

နိဗ္ဗာန်ကို သိချင်လို့ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင် ကြိုးစားဖို့ပဲ ရှိတယ်၊ ဟုတ်တယ် မဟုတ်လား၊ အဲဒီလို ကြိုးစားမှု မပြုဘဲနဲ့ သူ့နိဗ္ဗာန်က မှန်တယ် ငါ့နိဗ္ဗာန်က မှန်တယ် ဆိုတာ “ဟင်္သာတ တောင်ဘက်က နိဗ္ဗာန်” ပဲ တွေ့မှာပဲနော်၊ အဲဒီနားက နိဗ္ဗာန်တို့, ပဲခူးနားက နိဗ္ဗာန်တို့ ဒါပဲရှိတာ၊ အဲဒီတော့ အတွယ်အတာတွေ လုံးဝ လွတ်သွားမှ နိဗ္ဗာန်ဆိုတာ တွေ့ရမှာ။

                  

အဲဒီ အတွယ်အတာတွေ လွတ်သွားဖို့ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းကို မြတ်စွာဘုရားက ခင်းပြ ထားတယ်၊ အဲဒီ လမ်းကြောင်းကနေ လျှောက်ပြီးတော့ သွားကြည့်မှ သူ့နိဗ္ဗာန် ကိုယ့်နိဗ္ဗာန် ဒီလိုပြောမယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ ‘နိဗ္ဗာနံ ပရမံ သုခံ’ နိဗ္ဗာန်ဆိုတာ ချမ်းသာတဲ့ အထဲမှာ အကောင်းဆုံး ချမ်းသာ၊ အေး အဲဒီချမ်းသာ နိဗ္ဗာန်မှာ မအိုရဘူးတဲ့၊ မနာရဘူးတဲ့၊ မသေရဘူးတဲ့၊ ဟန်ကျလိုက်တာပေါ့၊ အဲဒီမှာ ငါ အမြဲတမ်း နေရမယ်ဆိုတဲ့ အတွေးတွေနဲ့ တွေးရင်တော့ နိဗ္ဗာန်ဟာ လိုချင်မှု ဘဝတဏှာနဲ့ သွားစပ်ပြီးတော့ ကြိုက်နေတဲ့ တဏှာအာရုံမျှသာ ဖြစ်မှာပဲ။

                  

လူတွေနားထဲမှာ ချမ်းသာ ဆိုလို့ရှိရင် သဘောကျတာ အမှန်ပဲ၊ အတွေးကိုက ချမ်းသာဆိုတာ ကိုယ်ချမ်းသာတယ် - ကြည့်လေ - နိဗ္ဗာန်မှာ ချမ်းသာကို ခံစားတဲ့ ဝေဒနာကိုက ရှိကိုရှိတာ မဟုတ်ဘဲ၊ ချမ်းသာကို ခံစားတာ မရှိဘူး၊ အဲဒီတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဟောထားတဲ့ တရားတော်တွေ ရှိတယ်၊ ဥဒါန်းပါဠိတော်မှာ ရှိတယ်၊ ဣတိဝုတ်ပါဠိတော်မှာ ရှိတယ်။

                  

အဲဒီကနေ ထုတ်နှုတ်ပြီးတော့ မဟာစည် ဆရာတော်ကြီး ဟောထားတဲ့ “နိဗ္ဗာနပဋိသံယုတ္ထကထာ” ဆိုတာလည်းရှိတယ်၊ လယ်တီဆရာတော်ရေးထားတဲ့ နိဗ္ဗာန်အကြောင်းလည်း ရှိတယ်၊ ရှေးရှေး ဆရာတော်ကြီးတွေ ရေးတဲ့ နိဗ္ဗာန်အကြောင်းလည်း ရှိတယ်၊ ထိုဆရာတော်ကြီးတွေက စာပေအခြေခံ ပြီးတော့ အဲဒီမျက်မှောက်ပြုသွားတဲ့ ဆရာတော်တွေလည်း ရှိကောင်း ရှိမယ်၊ များသောအားဖြင့် စာပေရေးရာကနေ တွေးပြီးတော့ ရေးတာက ပိုများလောက်စရာ ရှိတယ်၊ အဲဒီထဲမှာ ကိုယ့်အတွေးနဲ့ ကိုယ့်အရေးနဲ့ ဒီလိုရေးနေတဲ့အထဲမှာ သွားပြီးတော့ ဘယ်သူ့နိဗ္ဗာန်က မှန်တယ်၊ ဘယ်ဝါ့နိဗ္ဗာန်က မှားတယ်လို့ ပြောနေလို့ရှိရင်တော့ အချိန်ဖြုန်းရာပဲ ရောက်မှာပဲ

 

အဲဒီတော့ တစ်ခု မှတ်ဖို့ရာကတော့ “နိဗ္ဗာန” ဆိုတဲ့ စကားလုံးကို ကြည့်ပြီးတော့ နိဗ္ဗာန်ရဲ့ အနှစ်သာရပိုင်းကို သိရမယ်။ “နိဗ္ဗာန် ဆိုတာ လောကုတ္တရာ တရား ဖြစ်တယ်”။ လောကုတ္တရာတရား ဖြစ်တယ်ဆိုတာ လောကနဲ့ မဆက်စပ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး တစ်ခု မှတ်ရမယ်။

                  

နောက်စတ်ခုက “နိဗ္ဗာန်ကို မဂ်ဉာဏ် လေးပါးနဲ့မှ မျက်မှောက်ပြုလို့ရတယ်”၊ နိဗ္ဗာန်ဟာ မဂ်စိတ် ဖိုလ်စိတ်တို့ရဲ့ အာရုံဖြစ်တယ်၊ ‘မဂ္ဂဖလာန မာရမ္မဏ ဘူတံ’ အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံဖြစ်ပြီးတော့ ဘာကြောင့် နိဗ္ဗာန်ခေါ်တုန်း၊  ‘ဝါန သင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ’၊ တစ်ဘဝနဲ့ တစ်ဘဝကို ဆက်စပ်ပြီး ပေးတတ်တဲ့ တဏှာကို ဝါန လို့ ခေါ်တယ်။ တစ်ဘဝနဲ့ တစ်ဘဝ ဆက်စပ်ပေးတဲ့ ဝါန ဆိုတဲ့ တဏှာကနေ လွတ်သွားတာကို နိဗ္ဗာန်လို့ ခေါ်တယ်လို့ ဒါလေးကိုတော့ အကြမ်းဖျင်း မှတ်ထားရမှာပေါ့။

                  

အကြမ်းဖျင်း မှတ်ထားပြီးတော့ ကဲ ဒါဖြင့် “နိဗ္ဗာန်ဟာ ဘယ်မှာရှိသလဲ? ”  ဘယ်မှာရှိမှန်းလဲ မသိဘူး၊ ဟင်္သာတ တောင်ဘက်ကရွာ သွားပြချင် ပြနေမယ်၊ အဲဒီတော့ နိဗ္ဗာန်ဘယ်မှာ ရှိသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တစ်ခုအရ ဖြေမယ်ဆိုလို့ရှိရင် “နိဗ္ဗာန်ဆိုတာ ကိုယ့်သန္တာန်မှာပဲ ရှိတယ်” လို့ ပြောရမယ်၊ ကိုယ်နဲ့ စပ်နေတယ်လို့ ပြောရမယ်၊ ဘယ်သုတ္တန်တုန်း ဆိုရင် ရောဟိတဿသုတ္တန်၊ မြတ်စွာဘုရားက ‘ဣမသ္မိံ ယေဝ ဗျာမမတ္တေ ကဠေဝရေ’ (တစ်လံလောက်ရှိတဲ့ ခန္ဓာကိုယ်၊ ကိုယ့်တစ်လံ တဲ့၊ လုပုလေးကလည်း သူ့တစ်လံနဲ့သူ တစ်လံပဲ ရှိတာပဲ၊ လူထွားကြီးကလည်း သူ့ တစ်လံနဲ့သူ တစ်လံပဲ ရှိတာပဲ၊ ဟုတ်ကဲ့လား၊ အဲဒါလည်း သွားမငြင်း နဲ့ဦး၊ မင်းက တစ်လံမရှိဘူး, ပုပုလေးပဲ ဆိုပြီးတော့၊ ကြွက်ကလည်း ကြွက်အတောင်နဲ့ပဲ၊ ဆင်ကလည်း ဆင်အတောင်နဲ့ပဲ။ တစ်ခါ ကြွက်က ခြုံဖုတ်ထဲ တိုးလိုက်တော့ သူ့ကျောကုန်း ပြဲသွားတာ - အဲဒါ သူကပြောတယ်၊ တစ်ထွာလောက် ပြဲသွားတယ်ဆိုတော့ မင်းအကောင်ကမှ တစ်ထွာ မရှိတာ ဘယ်လိုလုပ် တစ်ထွာပြဲမလဲ ဆိုတော့ သူ့လက်နဲ့သူ ထွာရင်တော့ တစ်ထွာတဲ့၊ အဲဒီတော့ သူ့ဟာနဲ့သူ ပြောရမှပေါ့၊ အဲဒီတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ်)။

                  

လူတွေရဲ့ ခန္ဓာကိုယ်ဟာ တစ်လံလောက် ရှိတယ်၊

‘ဣမသ္မိံ ယေဝ ဗျာမမတ္တေ ကဠေဝရေ’ ဟောဒီ ခန္ဓာကိုယ်ထဲမှာ သသညမှိ သညာရှိ၊ သမနကေ စိတ်ရှိတဲ့ ခန္ဓာကိုယ်ထဲမှာတဲ့၊

‘လောကေဉ္စဝ ပညာပေမိ’ လောကလို့လည်း သတ်မှတ်တယ်၊

‘လောကသမုဒယဉ္စ’ လောကဖြစ်ကြောင်းတရား ရှိတယ်လို့လည်း ပြောတယ်၊

‘လောကနိရောဓဉ္စ’ လောကချုပ်ငြိမ်းရာတရား ရှိလိုလို့ပြောတယ်၊

‘လောနိရောဓ ဂါမိနီ ပဋိပဒါစ’ လောက ချုပ်ရာသို့ ရောက်ရာဖြစ်တဲ့ အကျင့်ရှိတယ် ဆိုတာ ကိုလည်းပြောတယ်။

                  

ဟောဒီ ခန္ဓာကိုယ်ထဲမှာ သစ္စာလေးပါး ရှိတယ်လို့ ပြောတာပဲ၊ စပ်ပြီးတော့ ပြောတဲ့စကား၊ တခြား အပြင်မှာ သွားရှာရမှာ မဟုတ်ဘူး၊ မြန်မာစကားလည်း ရှိတာပဲ၊ ‘တရားရှာ ကိုယ်မှာတွေ့’ တဲ့၊ ဒီတရားတွေဟာ ကိုယ့်သန္တာန်မှာ ဖြစ်နိုင်တဲ့ တရားတွေပေ့ါ။

                  

သို့သော် နိဗ္ဗာန်ဆိုတာ အဖြစ်တရား မဟုတ်ဘူး ဆိုတာတော့ သိရမယ်၊ အဖြစ်ရှိရင် အချုပ် ရှိသွားမှာပဲ၊ အဲဒါကြောင့်မို့ နိဗ္ဗာန်ဟာ ဘယ်မှာရှိတုန်းဆို ကိုယ်မှာပဲရှိတယ်လို့ အဲဒီသုတ္တန်အရ ပြောမယ်ဆိုရင် ပြောလို့ရတယ်၊ အေး တချို့ အဋ္ဌကထာတွေမှာ ပြောတယ် “နိဗ္ဗာနံပိ  ခန္ဓပဋိပတ္တမေဝ” တဲ့၊ ခန္ဓာနဲ့စပ်ပြီးတော့မှ နိဗ္ဗာန်ကို ပြောလို့ ရတယ်လို့ ပြောတာ၊ ဟောဒီ လူ့ခန္ဓာတွေထဲမှာ။

 

နိဗ္ဗာန်ဆိုတာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ ဆိုရင် အဲဒါကို ရှင်းကြရအောင်၊ ဘယ်လိုရှင်းကြမတုန်း ဒီစကားကို။ ကြည့် - တခြားပုဂ္ဂိုလ်တွေ အသာထား၊ မြတ်စွာဘုရား ဘဝနဲ့ ပြောကြည့်အောင်၊ ဘုရားအလောင်းတော်က ၂၉-နှစ်မှာ တောထွက်တယ်၊ ၃၅-နှစ်မှာ ဗုဒ္ဓဂယာ ဗောဓိပင်အောက်မှာ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရပြီးတော့ ဘုရားဖြစ်သွားတယ်၊ အဲဒီအချိန်မှာ မြတ်စွာဘုရားက အရဟတ္တမဂ်ဉာဏ် ရသွားတယ်ဆိုတော့ မြတ်စွာဘုရားဟာ အဲဒီအချိန်မှာ အရဟတ္တမဂ်ဉာဏ်ရဲ့ အာရုံဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရတယ်လို့ ပြောရတယ်။

                  

မြတ်စွာဘုရား အဲဒီအချိန်မှာရတဲ့ နိဗ္ဗာန်ကို ဘာနိဗ္ဗာန်လို့ ခေါ်တုန်းဆိုရင် ‘ကိလေသနိဗ္ဗာန’ - ကိလေသာတွေ ငြိမ်းသွားတာ၊ ဘဝသံသရာက ပါလာတဲ့ ဝါသနာနှင့်တကွသော ကိလေသာတွေကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ထိအောင် ပယ်လိုက်သည့် အတွက်ကြောင့် ကိလေသာတွေ ငြိမ်းသွားတာ၊ အဲဒီ “ကိလေသနိရောဓ နိဗ္ဗာန်” မြတ်စွာဘုရား သန္တာန်မှာဖြစ်တာ၊ ဗောဓိပင်ကြီးမှာ ဖြစ်တာမဟုတ်ဘူး၊ ပတ်ဝန်းကျင်မှာ ဖြစ်တာ မဟုတ်ဘူး၊  ဘယ်မှာ ဖြစ်တုန်း၊ မြတ်စွာဘုရား သန္တာန်မှာ၊ ငြိမ်းတယ်ဆိုတာ ဘယ်မှာငြိမ်းတာလဲ၊ မငြိမ်းခင်က ကိလေသာတွေ ဖြစ်တယ်ဆိုတာကော ဘယ်သူ့သန္တာန်မှာ ဖြစ်တာလဲ၊ ဟော မြတ်စွာဘုရား သန္တာန်မှာ ဖြစ်တာ၊ ငြိမ်းသွားတယ် ဆိုတာလည်း အဲဒီမှာပဲ ငြိမ်းတယ်၊ ဒီလိုပြောရတယ်ပေါ့၊ ကိုယ့် ခန္ဓာကိုယ်မှာပဲ ငြိမ်းတာ၊ အဲဒါကိုပဲ ‘ကိလေသပရိနိဗ္ဗာန’ လို့ စာပေက ပြောတာ။

                  

မြတ်စွာဘုရားမှာ ကိလေသာတွေ ငြိမ်းသွားတယ်၊ ကိလေသာတွေ ငြိမ်းသွားပေမယ့် ကိလေသာတွေနဲ့ ကံတွေနဲ့ ပူပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ ဥပါဒါနက္ခန္ဓာဆိုတဲ့ အကျိုးဆက်ကြီးကတော့ ကျန်နေ သေးတယ်လေ၊ အဲဒါကြောင့် မြတ်စွာဘုရား ဗောဓိပင်မှာရတဲ့ နိဗ္ဗာန်ကို ‘သဥပါဒိသေသနိဗ္ဗာန်’ လို့ခေါ်တယ်တဲ့။

 

“သဥပါဒိသေသ” - ဥပါဒိ ဆိုတာ ကံတို့ ကိလေသာတို့ကနေ ထုတ်လုပ်ထားတဲ့ အကျိုးတရား၊ သေသ ဆိုတာ ကျန်နေတာ၊ မြတ်စွာဘုရားရဲ့ ခန္ဓာကို စဉ်းစားကြည့်လိုက်၊ အတွယ်အတာ စတဲ့ ကိလေသာတွေသာ ငြိမ်းသွားတာ၊ ထို ကိလေသာတွေနဲ့ ကံတွေက ထုတ်လုပ်ပေးထားတဲ့ ဝိပါက်တွေ ကမ္မဇရုပ်တွေ ဒါတွေ ကျန်မနေဘူးလား၊ ကျန်နေတယ်၊ ငြိမ်းသွားတာက ကိလေသာပဲ ငြိမ်းသွားတာ။

               

ကြည့် - ရဟန္တာဖြစ်သွားပြီ ဆိုလို့ရှိရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားလို့ ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရာဂ ကုန်သွားတယ်၊ ဒေါသ ကုန်သွားတယ်၊ မောဟ ကုန်သွားတယ်၊ ကိလေသာတွေ ကုန်သွားတယ်၊ သို့သော် ကံရဲ့ အကျိုးဆက်ဖြစ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးနှင့် ဝိပါက်တွေ ရှိသေးတယ်၊ စိတ်တွေလည်း ရှိနေသေးတယ်၊ အာရုံ ၅-ပါးကို ခံစားဖို့ဆိုတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တွေရော မရှိဘူးလား၊ ရှိတယ်။

                  

မျက်စိကလည်း ရှိနေသည့် အတွက်ကြောင့် ကောင်းတာလည်း မြင်တာပဲ၊ ဆိုးတာလည်း မြင်တာပဲ၊ နားရှိနေသေးသည့်အတွက်ကြောင့် ကောင်းတဲ့အသံလည်း ကြားတာပဲ၊ မကောင်းတဲ့အသံလည်း ကြားတာပဲ၊ နှာခေါင်း ရှိနေသေးသည့် အတွက်ကြောင့် ကောင်းတဲ့ မကောင်းတဲ့အနံ့ နံတာပဲ၊ လျှာ ရှိနေသေးသည့် အတွက်ကြောင့် ကောင်းတဲ့ အရသာ၊ မကောင်းတဲ့ အရသာ သိနေသေးတာပဲ။ ခန္ဓာကိုယ်ကြီးရှိနေသေးသည့် အတွက်ကြောင့် အထိအတွေ့ တွေကိုလည်း သိနေ သေးတာပဲ။

                  

မြတ်စွာဘုရား သန္တာန်မှာ ဝိပါက်စိတ်တွေတို့ ကြိယာစိတ်တွေတို့ ဒါတွေ ရှိနေသေးသည့် အတွက်ကြောင့် သိစရာ အာရုံတွေကိုလည်း သိနေသေးတာပဲ၊ စက္ခုဝိညာဏ်စိတ်တွေ ဖြစ်တယ်၊ သောတဝိညာဏ်စိတ်တွေ ဖြစ်တယ်၊ ဃာနဝိညာဏ် စိတ်တွေ ဖြစ်တယ်၊ အေး အဲဒီလို ခံစားမှုတွေကလည်း ရှိနေသေးတာပဲ၊ မြတ်စွာဘုရား တို့ ရဟန္တာတို့ ဆိုတာ သစ်တုံးကြီးလို ဖြစ်သွားတာ မဟုတ်ဘူးနော်၊ ကောင်းရင် ကောင်းတယ်လို့ သိတယ်၊ မကောင်းရင် မကောင်းဘူးလို့ သိတယ်။ မသိလောက်အောင် ဖြစ်သွားတာ မဟုတ်ဘူး။

                  

သက္ကပဉှာသုတ် မှာ မြတ်စွာဘုရားက ဣန္ဒသာလ ဆိုတဲ့ လိုဏ်ဂူထဲမှာ သီတင်းသုံးနေတယ်၊ အဲဒီလို သီတင်းသုံး နေတဲ့အခါ ပဉ္စသိင်္ခနတ်သား စောင်းလေး ပိုက်ပြီးတော့ ရောက်လာတယ်၊ ဘုရားရဲ့ အနီးအပါး ခပ်လှမ်းလှမ်းက ဘုရားကြားလောက်တဲ့ နေရာမှာ သူက သီချင်းဆိုပြီး စောင်းတီးတယ်၊ သူဆိုတဲ့ သီချင်းက ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်နဲ့ ပတ်သက်တဲ့ သီချင်းလည်း ပါတယ်၊ ကာမအာရုံတွေနဲ့ ပတ်သက်တဲ့ သီချင်းတွေလည်း ပါတယ်ပေါ့၊ ခုခေတ်လိုပြောရင် အချစ်သီချင်းလည်း ပါတယ်ပေါ့၊ အဲဒါတွေကို သီဆိုပြီး စောင်းတီးတာ၊ စောင်းတီးလို့ ပြီးတဲ့အခါ မြတ်စွာဘုရားက ဘာပြောတုန်းဆို “ပဉ္စသိင်္ခ - မင်း သီချင်းသံနဲ့ စောင်းသံက လိုက်ဖက်ပါပေတယ်”၊ ဒါ သိလို့ပေါ့၊ ခံစားတတ်လို့ပေါ့၊ ခံစား နားလည်တယ်၊ သို့သော် မြတ်စွာဘုရားက “ဟေ့၊ တီးစမ်းပါဦးကွာ MP3 လေးနဲ့ သွင်းထားပြီးတော့ ခဏခဏ နားထောင်မယ်” ဆိုတဲ့စိတ် ရှိရဲ့လား၊ မရှိဘူး။

                  

အဲဒီတော့ တွယ်တာမှုတော့ မရှိတော့ဘူး၊ ကောင်းတာကိုတော့ ကောင်းတယ်လို့တော့ သိလိုက်တယ်၊ ဟုတ်ကဲ့လား၊ဒါကြောင့်မို့လို့ တချို့စာအုပ်တွေ ရေးတယ်၊ မြတ်စွာဘုရားက အလှအပကို အသိအမှတ် ပြုတယ်တဲ့၊ Buddhism and beauty ဆိုတဲ့ စာအုပ်လေးတွေ essay လေးတွေ ရေးထားတာ ရှိတယ်၊ Buddhism and beauty တဲ့၊ မြတ်စွာဘုရားက အနိစ္စ ဒုက္ခ အနတ္တ အသုဘတွေ ဟောတယ်ဆိုတော့ အလှအပကို အသိအမှတ် မပြုဘူးလို့ တချို့က ယူဆတယ်၊ ဗုဒ္ဓဘာသာဟာ အမြဲတမ်း အဆိုးဘက်ကပဲ ကြည့်တယ်လို့ တချို့ပုဂ္ဂိုလ်တွေက အမြင်စောင်းတယ်၊ မဟုတ်ဘူး၊ လှရင် လှတယ် ပဲ၊ မလှရင် မလှဘူးပဲ၊ ဒီလို အမှန်အတိုင်း မြင်တာကို ပြောတာနော်၊ တမင် ရှုတ်ချတာမှ မဟုတ်ဘဲ၊ လူ့ရဲ့ ခန္ဓာကိုယ်မှာ မမြဲတာကို မမြဲဘူးလို့ ပြောတာ၊ မတင့်တယ်တာကို မတင့်တယ်ဘူးလို့ ပြောတာ။

                  

တကယ် စဉ်းစားကြည့်ရင် လူ့ခန္ဓာကိုယ် သဘာဝက တင့်တယ်တာ ဟုတ်မှ မဟုတ်ဘဲနဲ့၊ မိတ်ကပ် လိမ်းပြီးတော့ နံ့သာတွေ ခြယ်ထားလို့ မွှေးတဲ့အနံ့ ထွက်တာပဲ ဥစ္စာ၊ ခန္ဓာကိုယ်က ပကတိအနံ့က မွှေးတာမှ မဟုတ်ဘဲ၊ အရှိကို ပကတိကို ဝိကတိနဲ့ ဖုံးထားတာလေ၊ ဟုတ်တယ် မဟုတ်လား၊ လူတွေ နေ့စဉ်ဖုံးနေတာ၊ နို့မို့ဆို သနပ်ခါးတွေ ဘယ်ရောင်းရမလဲ၊ အဲဒီတော့ လူတွေက ကိုယ့်အနံ့ကို အပေါ်ယံတွေနဲ့ ဖုံးပြီးတော့ ထားနေကြတာ၊ အဆင်တန်ဆာနဲ့ မလှ လှအောင် ဖုံးပြီးတော့ထားတာ။

                  

မြတ်စွာဘုရားက ပကတိ အနေအထားကို ပြောတာ၊ မြတ်စွာဘုရားက လှတာကို လှတယ်လို့ အသိအမှတ်ပြုတယ်၊ appreciate လုပ်တယ် ခေါ်တာပေါ့၊ ဗုဒ္ဓဘာသာက appreciate လုပ်တယ်။

                  

ကြည့် - ဘုရားဖြစ်သွားတဲ့ အခါမှာ ကောင်းရင် ကောင်းတဲ့ အရသာမှန်း သိတယ်၊ ခံစားတယ်၊ မကောင်းတာဆိုရင် မကောင်းတဲ့ အရသာမှန်း သိတယ်၊ သို့သော် မြတ်စွာဘုရားမှာ တွယ်တာမှုဆိုတဲ့ တဏှာ မပါဘူး၊ မုန်းတီးမှုဆိုတဲ့ ဒေါသလည်း မလာတော့ဘူး၊ ဘာဖြစ်လို့ မလာတော့တုန်းဆိုရင် အပြင်ဖက်က အာရုံတွေရဲ့ အနေအထားကို ပိုင်ပိုင်နိုင်နိုင် နားလည်သွားပြီ ဖြစ်လို့ပဲ။ လူတွေက နားမလည်ဘူး ဆိုတာ ဘာလို့လဲဆိုရင် လှည့်စားတာကို ခံနေရလို့လေ၊ မိတ်ကပ်ခြယ်ပြီးတော့ လှည့်စားထားတယ်၊ ကာလာ အမျိုးမျိုးနဲ့ လှည့်စားတယ်၊ အတုအယောင် အနံ့တွေနဲ့ လှည့်စား ထားတယ်၊ အဲဒါကို အဟုတ် ထင်နေတယ်၊ သဘာဝ အစစ်အမှန် ဆိုတာကို “ပရိညာတ” ပိုင်းခြား ပြီးတော့ သိပြီးသား ဖြစ်ပြီ၊ အပြင်က သဘာဝတွေကို  အကုန် နားလည်ထားပြီ၊ အပြင်က နားလည်ထားရုံတင် မကဘူး၊ အတွင်း အဇ္ဈတ္တကလည်း ရှင်းနေပြီတဲ့။

                  

တွယ်တာတဲ့ လောဆိုတာလည်း မရှိဘူး၊ မုန်းတီးတဲ့ ဒေါသလည်း မရှိဘူး၊ ကျန်တဲ့ ကိလေသာ တွေလည်း မရှိဘူး၊ အတွင်းကလည်း ရှင်း၊ အပြင်ကလည်း ရိုးရှင်း နေသည့် အတွက်ကြောင့် ကောင်းရင် ကောင်းတယ်လို့ မြင်တယ်။ မကောင်းရင် မကောင်းဘူးလို့ မြင်တယ်၊ ခံစား နားလည်မှုကတော့ ရှိတယ်တဲ့၊ သို့သော် မြတ်စွာဘုရားရဲ့ ခံစားချက်သည် လောဘ မပါဘူး၊ ဒေါသ မပါဘူး၊ ကိလေသာ မပါတဲ့ ခံစားချက်တဲ့၊ ဘယ်လောက် ငြိမ်းချမ်းမတုန်း စဉ်းစားကြည့်လိုက်။

                  

လောဘတွေ ပါလာလို့ရှိရင် ပူလောင်တယ်၊ ဒေါသတွေ ပါလာလို့ရှိရင် ပူလောင်တယ်၊ အဲဒါတွေ မပါဘဲနဲ့ အရှိကို အရှိအတိုင်း သိတဲ့ ခံစားချက်နဲ့ ခံစားတာ၊ မြတ်စွာဘုရား သန္တာန်မှာ ဗောဓိပင်အောက် အသိဉာဏ် ပေါက်လိုက်တဲ့အချိန်မှာ ရာဂတွေ ကုန်သွားတယ်၊ ဒေါသတွေ ကုန်သွားတယ်၊ မောဟတွေ ကုန်သွားတယ်၊ အဲဒီ ရာဂ ဒေါသ မောဟတွေ ကုန်သွားနိုင်တာ နိဗ္ဗာန်ကို အာရုံပြု ဆိုက်ရောက်သွားတဲ့ အချိန်မှာ ကုန်သွားတာဖြစ်လို့ နိဗ္ဗာန်ကို အာရုံပြုလို့ ကုန်တယ်လို့ ပြောတာ။

                  

အဲဒီကုန်သွားတဲ့ အချိန်မှာ ဒါကို အာရုံပြုပြီး ကုန်သွားလို့ မြတ်စွာဘုရားက မျက်မှောက်ပြုတာ ကိလေသနိရောဓ ကိလေသာ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုတယ် လို့ပြောတာ၊ အဲဒီလို မျက်မှောက်ပြုတဲ့ နိဗ္ဗာန်ကိုပဲ ‘သဥပါဒိသေသနိဗ္ဗာန်’ တဲ့၊ ‘ဥပါဒိ’ လို့ဆိုတဲ့ ကံ ကိလေသာတွေက ထုတ်လုပ်ထားတဲ့ အကျိုးတရားတွေက, ‘သေသ’ ကျန်နေသေးတယ်၊ အဲဒီကျန်နေသေးတဲ့ အချိန်မှာ ပြောရတဲ့ နိဗ္ဗာန်မျိုးကို သဥပါဒိသေသနိဗ္ဗာန် လို့ခေါ်တာ။

                  

အကြမ်းဖျင်း ဆိုလို့ရှိရင် ခန္ဓာကိုယ်ကြီး ရှိနေတဲ့ အချိန်မှာ ကိလေသာတွေ ကုန်သွားလို့ ပထမ ရတဲ့နိဗ္ဗာန်ဟာ “သဥပါဒိသေသနိဗ္ဗာန်” ပဲတဲ့၊ ခန္ဓာတွေကတော့ ရှိနေတုန်းပဲ၊ ကိလေသာဖြစ်တဲ့ နေရာတွေကတော့ ကျန်နေတုန်းပဲ၊ သို့သော် ကိလေသာက မရှိတော့ဘူး - သဥပါဒိသေသနိဗ္ဗာန်၊ အဲဒီကုန်သွားတဲ့ ကိလေသာသည် ဘုရားခန္ဓာမှာ ကုန်တာ ဖြစ်သောကြောင့် နိဗ္ဗာန်ကလည်း ကိုယ့်အတွင်းမှာ ရှိတယ်လို့ ပြောတာနော်၊ သို့သော် နိဗ္ဗာန်က ဗိုက်ထဲမှာ ရှိနေတယ်လို့လည်း သွားမယူနဲ့ဦး၊ တော်ကြာ ကျတော့ နိဗ္ဗာန်ကို ဗိုက်ထဲမှာ လိုက်ပြီးရှာနေဦးမယ်၊ အဲဒါ သဥပါဒိသေသ နိဗ္ဗာန်။

                  

နောက်တစ်ခုကတော့ မြတ်စွာဘုရား ၄၅-ဝါ ကြာပြီးတဲ့နောက် သက်တော် ၈၀ ရောက်တဲ့အခါ ခုနက ကြွင်းကျန်နေတဲ့ ကံ ကိလေသာတွေက ထုတ်လုပ်ထားတဲ့ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဆိုတဲ့ ရုပ်နာမ်ခန္ဓာကြီးက အဲဒီအချိန်မှာ ချုပ်ငြိမ်းသွားပြီ၊ နောက်ထပ် အကြောင်းတွေလည်း ပြတ်သွားသည့် အတွက်ကြောင့် နောက်ထပ် ပဋိသန္ဓေနဲ့ ဆက်လာတာ မရှိတော့ဘူး၊ ကံတရားရဲ့ အကြွင်းအကျန် ဖြစ်တဲ့ ဝိပါက်စိတ်တွေလည်း ချုပ်သွားတယ်၊ ကမ္မဇရုပ်တွေ အားလုံး ချုပ်သွားတယ်၊ နောက်ဆုံး မြတ်စွာဘုရားမှာ ကျန်ရစ်တာ ဘာကျန်တုန်းဆို ဥတုဇရုပ်ပဲ ကျန်တော့တယ်။ အဲဒီ ကံနဲ့ ပတ်သက်တဲ့ ဝိပါက်နာမက္ခန္ဓာတွေ ကမ္မဇရုပ်တွေ ချုပ်သွားတဲ့အချိန်မှာ မြတ်စွာဘုရား မျက်မှောက်ပြုသွားတဲ့ နိဗ္ဗာန်ကိုတော့ ‘အနုပါဒိသေသနိဗ္ဗာန်’ လို့ ပြောတယ်။

                  

သဥပါဒိသေသနိဗ္ဗာန် ဆိုတာ မျက်မှောက်ဘဝမှာ သိရတာ၊ ဘဝကို ဆောင်ကြဉ်းတတ်တဲ့ တဏှာ ပြတ်သွားတာကို ဆိုလိုတယ်တဲ့၊ အနုပါဒိသေသနိဗ္ဗာန် ဆိုတာ ‘သမ္ပရာယိက’ သေသည်၏ အခြားမဲ့ လို့ ဒီလိုပြောရမှာပေါ့၊ ဒါကြောင့်မို့ ‘သမ္ပရာယိက’ လို့ ဣတိဝုတ် ပါဠိတော်မှာ သုံးထားတာ၊ ‘ဣတရာပန သမ္ပရာယိကာ’၊ အနုပါဒိသေသနိဗ္ဗာန်က သမ္ပရာယိက၊ ဝိပါက်နာမက္ခန္ဓာတွေ အကုန်ချုပ်သွားတဲ့အခါ ကဋတ္တာရုပ်တွေ ကမ္မဇရုပ်တွေ ချုပ်သွားတဲ့ အခါမှာရတဲ့ နိဗ္ဗာန်၊ အဲဒါကျတော့ ဘဝပါ ချုပ်သွားပြီလို့ ဆိုတယ်၊ ဘဝလို့ ခေါ်တာကိုက ဒီ ကံတွေရဲ့ အကျိုးဆက်တွေ ကံတွေနဲ့ အကုန်ပေါင်းပြီးတော့ ဘဝလို့ ခေါ်ထားတာလေ၊ ကမ္မဘဝ၊ ဥပပတ္တိဘဝ၊ ဘဝလို့ ခေါ်ထားတာကိုး၊ အဲဒီတော့ အဲဒါတွေ ချုပ်ငြိမ်းသွားတာ နိဗ္ဗာန်ပဲ သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန် လို့ နိဗ္ဗာန် နှစ်ခုရှိတယ်၊ ရှုထောင့်အားဖြင့် ပြောတာ နိဗ္ဗာန်ကို နှစ်ခုရှိတယ်။

.

 

မျက်မှောက်ပြုခြင်း

▬▬▬▬▬▬▬

 

ကဲ ဒါဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုပုံပြုနည်းက ဘယ်လိုလဲ၊ နိဗ္ဗာန်ကို ဘယ်လို မျက်မှောက်ပြုသလဲ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ သမထကျင့်စဉ် ကျင့်ပြီး ဝိပဿနာကူးတဲ့ ပုဂ္ဂိုလ်က တစ်လိုင်း၊ သမထကျင့်စဉ်ပြီးရင် ဝိပဿနာကိုသွားရမယ်၊ ဝိပဿနာကို တိုက်ရိုက်ကျင့်တဲ့ ပုဂ္ဂိုလ်က တစ်လိုင်း၊ သမထက စ,ချင်စ၊ သို့မဟုတ် ဝိပဿနာကို တိုက်ရိုက် စ,ချင် စ၊ နည်းနှစ်သွယ် ရှိတယ်ပေ့ါ။

                  

သမထကျင့်စဉ်ကိုကျင့်၊ ကျင့်ပြီးရင် ထိုသမထကျင့်စဉ်ရဲ့ အရှိန်အဝါတွေကို ယူပြီးတော့ ထို သမထ ကျင့်စဉ်က ရလာတဲ့ သမထကျင့်စဉ်ထဲမှာဖြစ်တဲ့ ဈာန်တရား ထဲမှာပါတဲ့ တရားတွေကို ရှု၊  အနိစ္စ ဒုက္ခ အနတ္တရှု အဲဒါ ဝိပဿနာပဲ၊ ရူပြီးတဲ့ အခါကျတော့ ခုနက အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ သင်္ခါရအာရုံတွေ ချုပ်ဆုံးသွားတဲ့၊ သင်္ခါရတွေ ကင်းသွားတဲ့ ဝိသင်္ခါရ ဆိုတဲ့ နိဗ္ဗာန်ကို အာရုံပြုတယ်၊ နိဗ္ဗာန်ကို အာရုံပြုတဲ့အခါ ဆိုင်ရာ ဆိုင်ရာ ကိလေသာတွေကို မဂ်က ပယ်ပြီးသား ဖြစ်သွားတယ်၊ အဲဒီ လမ်းနဲ့သွား၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်လို့ရှိရင် ဒီကျင့်စဉ်နဲ့ပဲ သွားရမယ်။

                  

ကဲ ဆိုပါစို့ - ပုဂ္ဂိုလ်တစ်ယောက်က သမထကျင့်စဉ်ကနေ သွားကြည့်မယ်၊ ဘယ်လို သွားမတုန်း ဆိုတော့ ဈာန်ရအောင် (တစ်နေ့က ပြောခဲ့သလို) စိတ်ကို အာရုံနဲ့ လေ့ကျင့်မယ်၊ ဗုဒ္ဓါနုဿတိနဲ့ လေ့ကျင့်မလား၊ ထွက်လေဝင်လေနဲ့ လေ့ကျင့်မလား၊ ဘာနဲ့ပဲ လေ့ကျင့်လေ့ကျင့်၊ ကမ္မဋ္ဌာန်း အာရုံ တစ်ခုခုနဲ့ စိတ်ကိုလေ့ကျင့်လိုက်၊ လေ့ကျင့်လိုက်လို့ရှိရင် ထို အာရုံပေါ်မှာ စိတ်ဟာ တည်ငြိမ်သွားမယ်၊ သမာဓိတွေ ရသွားမယ်ပေါ့၊ အဲဒီလို သမာဓိ အရှိန်အဝါ ကောင်းသွားလို့ ဥပစာရသမာဓိ ဈန်နားကပ်သွားတဲ့ အချိန်မှာဖြစ်စေ၊ သို့မဟုတ် ဈာန်ရသွားပြီးတဲ့ နောက်မှာ ဖြစ်စေ၊ ထိုဈာန်ကနေ ထပြီးတဲ့အခါ ထိုဈာန်ထဲမှာ ပါလာတဲ့ ဝိတက်တို့ ဝိစာရတို့ ပီတိတို့ သုခတို့ ဧကဂ္ဂတာတို့ မိမိစိတ်ထဲမှာ ထင်ပေါ်ရာဖြစ်တဲ့ နာမ်တရားတွေရဲ့ သဘာဝကို ရှုတယ်။

                  

နာမ်တရားတွေရဲ့ သဘာဝကို ရှုတယ် ဆိုတဲ့နေရာမှာ ဘာကို ရှုရမှာတုန်း ပထမဆုံး သဘာဝ လက္ခဏာကို အရင် ရှုရမယ်၊ တရားရှုတယ်ဆိုတာ သဘာဝ လက္ခဏာကနေ ကြည့်ရမယ်၊ ဥပမာမယ် ပထဝီကိုမြင်တယ်ဆိုတာ ပထဝီရဲ့ သဘာဝ လက္ခဏာက ဘာတုန်း ဆိုလို့ရှိရင် ထဒ္ဓလက္ခဏာ - ခက်မာတယ်၊ အတုံးအခဲဖြစ်တဲ့ သဘော၊ ပျော့ခြင်းသဘော မာခြင်းသဘော၊ အဲဒါ ပထဝီရဲ့ လက္ခဏာပဲ၊ ပူတယ် အေးတယ်ဆိုတာက တေဇောရဲ့ သဘော၊ လှုပ်ရှားတယ် တွန်းကန်တယ် ဆိုတာက ဝါယောရဲ့ သဘော၊ ဖွဲ့စည်းတယ် ယိုစီးတယ် ဆိုတဲ့သဘောက အာပေါရဲ့ သဘောပဲပေါ့။

                  

အဲဒီ သဘာဝ လက္ခဏာတွေကို အရင်ကြည့်လို့ သဘာဝ လက္ခဏာမြင်ရင် သင်္ခါရတရားကို မြင်တယ်လို့ ဆိုင်ရာ ဆိုင်ရာ တရားကို သိတယ်လို့ ပြောတာ၊ နာမ်တရားကို ကြည့်မယ်ဆိုရင် “ဝိတက်သည် စိတ်ကို အာရုံသို့ တင်ပေးတဲ့ လက္ခဏာ ရှိတယ်၊  ဝိစာရက အာရုံပေါ်မှာ လှည့်လှည့် ပြီးတော့ နေတတ်တဲ့ သဘာဝ ရှိတယ်၊ ပီတိက အာရုံပေါ်မှာ နှစ်ခြိုက်ကျေနပ်တဲ့သဘော ရှိတယ်” အဲဒီ သဘာဝ လက္ခဏာ လေးတွေကို ရှုလိုက်ခြင်းသည်ပင်လျှင် အဲဒီ တရားကို တွေ့ရှိခြင်းပ ဲဖြစ်တယ်၊ အဲဒါ အစစ်အမှန်ကို တွေ့ရှိခြင်းပဲ။

                  

မိမိသန္တာန်မှာ ဖြစ်နေတဲ့ တရားတွေကို အစစ်အမှန်ကို တွေ့ရှိသွားတယ်၊ အဲဒီလို တွေ့ရှိသွားတဲ့အခါ ဒီ သဘာဝတရားတွေရဲ့ အကြောင်းတွေကို ဆင်ခြင်စဉ်းစားတယ်၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရား တွေကို တွေ့မြင်လာတယ်၊ အထူးသဖြင့် အနီးကပ်ဆုံး အကြောင်းလေးတွေကို တွေ့လာနိုင်တယ်။

         

ဆိုပါစို့ - ပေါ်လာတဲ့ စက္ခုဝိညာဏ် စိတ်ကလေးကို ရှုမှတ်တဲ့ အချိန်မှာ သို့မဟုတ် စက္ခုဒွါရ ဝီထိမှာ ဖြစ်တဲ့ စိတ်တွေကို ရှုမှတ်လိုက်မယ်ဆိုရင် ရှုပါရုံနဲ့ စက္ခုပသာဒ ရုပ်တို့ ဆုံလို့ ဖြစ်လာရတာလို့ ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေပါ သိလာရတယ်။

                  

ဒိထက် ပိုထင်ရှားတာ ပြောမယ်ဆိုလို့ရှိရင် ဆိုပါစို့ - အာနာပါန ထွက်လေဝင်လေက နေပြီးတော့ ကြည့်လိုက်မယ်၊ ဝိပဿနာ ရှုနည်းကားနဲ့ ရှုမယ် ဆိုလို့ရှိရင် ထွက်လေဝင်လေကို သေချာအာရုံ စိုက်ပြီးတော့ လေ့လာကြည့်မယ် ဆိုရင် ရှုသွင်းလိုက်တဲ့ လေရယ်၊ မှုတ်ထုတ်လိုက်တဲ့ လေရယ် ဒိနှစ်ခု ရှိတယ်နော်၊ အဲဒီလေက ဘယ်နေရာမှာ ထိတုန်းဆိုရင် နှာသီးဖျားလေးမှာ ထိတယ်၊ ရှုသွင်းတဲ့ နေရာလည်း နှာသီးဖျားလေးမှာ ထိတယ်၊ ရှိုက်ထုတ်လိုက်ရင်လည်း နှာသီးဖျားလေးမှာ ထိတယ်၊ အဲဒီ ထိတဲ့ အချိန်လေးမှာ ကြည့်လိုက်လို့ရှိရင် အဲဒီလေလေးက တစ်ခု၊ လေထိတဲ့ နေရာလေးက တစ်ခု၊ ထိမှန်း သိလိုက်တာလေးက တစ်ခု၊ ဘယ်နှစ်ခုဖြစ်သွားလဲ၊ ၃-ခု ဖြစ်သွားတယ်၊ အနည်းဆုံး ၃-ခုရှိတယ်ဆိုတာ ကွဲကွဲပြားပြားသိဖို့။

                  

အရင်တုန်းကသိတာ ဒီလိုသိတာ မဟုတ်ဘူး၊ အသက်ရှူနေတယ်လို့ပဲ လုံးပြောရင် ပြောမယ် ပေါ့နော်၊ ခုက အစိတ်လိုက် အစိတ်လိုက် သိသွားတာ၊ သင်္ခါရတရားတွေကို ကြည့်တဲ့အခါ လေလေးရဲ့ သဘောကလည်းပဲ လှုပ်ရှားနေတဲ့ သဘောလေးဆိုတာ သိတယ်၊ အဲဒီ လှုပ်ရှားတာလေးက လာထိတဲ့ အခါ ကာယပသာဒကလည်း အဲဒီလှုပ်ရှားမှု ဆိုတဲ့ ဖောဋ္ဌဗ္ဗ အာရုံလေးကို ခံယူတဲ့ သဘောလေး သိလာတယ်၊ အဲဒီနှစ်ခု ဆုံမိလို့ ထိသိစိတ် ကလေး ပေါ်လာတာကိုလည်း သိလာတယ်။

                  

တစ်ခုနဲ့တစ်ခု သဘာဝချင်း တူရဲ့လား၊ အေး - မတူတဲ့ သဘာဝလေး ၃-ခုကို ဖြစ်ခိုက်ဖြစ်ခိုက် ကလေးတွေမှာ မြင်လာပြီ ဆိုလို့ရှိရင် သြော် ဝါယောဓာတ်ဆိုတာ  ဝါယော ဖောဋ္ဌဗ္ဗ အာရုံပဲ၊ အဲဒီ ဝါယောဖောဋ္ဌဗ္ဗ အာရုံဟာ ကာယပသာဒဆိုတဲ့ နှာသီးဖျားလေးကို လာထိလို့ ထိသိစိတ် ဆိုတာ ဖြစ်ရတာလို့ဆိုတော့ ထိသိစိတ် ကလေးက အကျိုးတရား၊ ဝါယောဖောဋ္ဌဗ္ဗာ အာရုံနဲ့ ကာယပသာဒက အကြောင်းတရားလို့ ဒီလို အကြောင်းနဲ့ အကျိုးကို သိလာတယ်။

                  

အဲဒီလို ဝါယောဓာတ်လေးက ရုပ်တရား၊ ဝါယောဓာတ်လေးရဲ့ ထိရာဖြစ်တဲ့ နှာသီးဖျားလေးက ရုပ်တရား၊ အဲဒီနှစ်ခု ပေါင်းစပ်လို့ သိလာတဲ့ အသိလေးက ထိမှန်းသိတဲ့ အသိလေးက နာမ်တရား၊ ဒီလို ခွဲလိုက်လို့ရှိရင် ရုပ်နဲ့နာမ် ကွဲသွားတယ်၊ အရင်တုန်းကလို ငါလို့ပြောတာ မဟုတ်တော့ဘူး၊ ရှုတဲ့လေလေးရယ်၊ နှာသီးဖျား လေးရယ် သူ့နာမည်နဲ့သူ ဖြစ်သွားတယ်၊ ငါလို့ လုံးဝ မပြောတော့ဘူး အဲဒီကျတော့ သူ့သဘာဝ တရားလေးတွေ၊ သူ့ရဲ့ သဘာဝလက္ခဏာ လေးတွေကို တွေ့သွားတယ်၊ တွေ့ွသွားပြီးတဲ့ အခါကျတော့ ခုနက ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားလေး တွေပါ မြင်သွားတယ်၊ မြင်ပုံ မြင်နည်းကို ဒါအကျဉ်းချုပ် ပြောပြတာ၊ တခြားမှာလည်းပဲ ဒီလို မြင်ရမယ်ဆိုတာ မှတ်ရမယ်။

                  

အဲဒီမှာ နာမရူပပရိစ္ဆေဒဉာဏ် ဆိုတာ အဲဒါကို ပြောတာ၊ ဒါက ရုပ်သဘောတရား၊ ဒါက နာမ်သဘောတရား လို့ ကွဲကွဲပြားပြား သိသွားတယ်၊ ဘယ်လိုကြောင့် ရုပ်, ဘယ်လိုကြောင့် နာမ်လို့ ခေါ်တုန်း ဆိုတော့ ထိတဲ့ လေလေးကလည်း ငါ့နှာခေါင်း ထိတာပါလားလို့ မသိဘူး၊ နှာခေါင်းကလည်း လေလေးက ငါ့ထိသွားတယ်ဆိုတာ မသိဘူး၊ သိတာက စိတ်က သိနေတာ၊ အဲဒီ ကတည်းက မသိတတ်တာက ရုပ်၊ သိတာက နာမ်ပေါ့ - ကွဲမသွားဘူးလား၊ အေး အဲဒီလို ကွဲသွားလို့ရှိရင် အလားတူတွေပဲ ကျန်တာတွေလည်း ဒီလိုကွဲဖို့ လိုတယ်ပေ့ါ၊ အဲဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲသွားရင် နာမရူပပရိစ္ဆေဒဉာဏ်။

                  

နာမရူပပရိစ္ဆေဒဉာဏ် ရပြီးတော့ ခုနက အကြောင်းတရားကိုပါ ထည့်သွင်း စဉ်းစားနိုင်လာလို့ မြင်လာလို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ရလိုက်တာနဲ့ တစ်ပြိုင်နက် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ - သံသယတွေ ကင်းစင်သွားတယ် ဆိုတာ ဖြစ်တယ်၊ ဘယ်လို သံသယတွေတုန်း ဆိုရင် ငါဖြစ်ဦးမှာလား ဆိုတာလည်း မဖြစ်တော့ဘူး၊ မဖြစ်တော့ဘူးလား လို့လည်း ပြောစရာ မလိုတော့ဘူး၊ ဘာဖြစ်လို့တုန်းဆို ဒီအကြောင်း  ဒါဖြစ်နေလို့ ဒါဖြစ်နေတာဆိုတာ မြင်သွားပြီလေ၊ လေလေးက နှာသီးဖျား ထိလို့ ထိသိစိတ်လေး ပေါ်နေတာဆိုတာ မြင်သွားသည့် အတွက်ကြောင့် ငါဖြစ်ဦးမလား မဖြစ်တော့ဘူးလားလို့ မေးစရာ အကြောင်း မရှိတော့ဘူး၊ လေလေးက နှာသီးဖျားထိရင် ထိသိ ပေါ်ဦးမှာပဲ၊ ဟုတ်ကဲ့လား၊ ဒါရှိလို့ ဒါရှိနေတာ ဆိုတာကို ထင်ထင်ရှားရှားကြီး သိသွားတယ်၊ ဒါရှိလို့ ဒါဖြစ်တယ်ဆိုတာ ဒီအကြောင်း ရှိလို့ ဒီအကျိုးရှိတယ်လို့ ပြောတာနော်၊ အဲဒီလိုမြင်သွားလို့ရှိရင် ဒါ ပစ္စယပရိဂ္ဂဟဉာဏ် မြင်ပုံလေးပေါ့။

                  

အဲဒီကနေ တစ်ဆင့် တက်သွားတဲ့အခါ သိနေတဲ့ ဒီ သဘာဝ တရားလေးကိုပဲ ဆက်လက်ပြီးတော့ အသိဉာဏ်နဲ့ ပွတ်တိုက်ပြီးတော့ အာရုံကို စိတ်နဲ့ဆက်ပြီး လေ့ကျင့်လိုက်တဲ့အခါ မမြဲတဲ့ သဘောလေးတွေပါ မြင်လာတယ်၊ ထိလိုက်တဲ့ အခိုက်လေးနဲ့ ထိလိုက်ပြီးတဲ့မှ သိလိုက်တဲ့ အခိုက်ကလေး၊ သိလိုက်တဲ့ အခိုက်လေးပြီးရင် ပျောက်သွားတယ်၊ နောက်ထပ်တစ်ခါ ထိလိုက်တဲ့ အခိုက်ကလေး ပေါ်လာပြန်တယ်၊ ပေါ်လာပြီးရင် ပျောက်သွားပြန်တယ်၊ ထွက်သက်က တစ်ခါ ထိတယ်, သိလိုက်တယ်, ပျောက်သွားပြန်ပြီ၊ ဝင်သက်က တစ်ခါ ထိတယ်, သိလိုက်တယ်, ပျောက်သွားပြန်ပြီ၊ စုံတွဲ စုံတွဲ ပျက်ပျက် သွားတာတွေကိုပါ မြင်လာလို့ရှိရင် ဒါမမြဲတဲ့ အနိစ္စ သဘောတရားဆိုတာ မြင်လာတယ်ပေါ့၊ အဲဒါကို အသိဉာဏ်နဲ့ သမာဓိစွမ်းအား သတိစွမ်းအား တွေနဲ့ ဆက်လက်ပြီး အလုပ်လုပ်တဲ့အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပျက်ကို မြင်လာတယ်၊ တခြားသင်္ခါရ တွေကိုလည်း အဲဒီလိုမြင်လာတယ်။

                  

ဖြစ်ပျက်မြင်လာပြီ - ဖြစ်ပျက်မြင်လာတဲ့အခါ ဆက်ပြီးရှုတဲ့ အခါ နောက်ဆုံးမှာ ဖြစ်တာကိုတောင်မှ မကြည့်တော့ဘူး၊ ပျက်သွားတာတွေချည်းပဲ မြင်လာတယ်။ လျင်မြန်တဲ့အခါ အပျက်တွေချည်းပဲ မြင်လာတယ်၊ သင်္ခါရတရားတွေဟာ ပျက်တာ တွေချည်းပဲ ဆိုတော့ ဘာဖြစ်လာတုန်း၊ ကြောက်စရာ ကောင်းတယ်လို့ စိတ်ထဲမှာ ဖြစ်လာတယ်၊ အမြဲတမ်းချည်း အရှိန်အဟုန်နဲ့ ပျက်နေတာတွေမြင်တော့ ကြောက်စရာ ကောင်းတယ်လို့ မြင်လာတယ်၊ ကြောက်စရာ ကောင်းတယ်လို့ မြင်လာသည့် အတွက် ကြောင့် သင်္ခါရတရားတွေပေါ်မှာ စိတ်ပျက်လာတယ်၊ စိတ်ပျက်လာတော့ ဒီသင်္ခါရတရားတွေက လွတ်ချင်လာတယ်၊ လွတ်ချင်လာတော့ လွတ်ရာလွတ်ကြောင်း လမ်းစ လိုက်ရှာလာတယ်၊ လမ်းစရှာရင်း သြော် - သင်္ခါရတရားတွေ အပေါ်မှာ အရင်တုန်းကလို ချစ်ခင်ခဲ့တာတွေတို့၊ စိတ်ပျက် တာတွေတို့ ဒါတွေကနေ လွတ်သွားပြီးတော့ သူ့ရဲ့ သဘာဝ သက်သက်ကလေးကို ရှုနိုင်တဲ့ အသိဉာဏ်မျိုး နောက်ပေါ်လာတာ၊ အဲဒီ ပေါ်လာတာကျတော့ သင်္ခါရုပေက္ခာဉာဏ် လို့ခေါ်တယ်။

                  

အသိဉာဏ် ရင့်သွားပြီ ဆိုလို့ရှိရင် ကြောက်စရာ ကောင်းတယ်လို့လည်း မတွေးတော့ဘူး၊ မုန်းစရာ ကောင်းတယ်လို့လည်း မတွေးတော့ဘူး၊ နှစ်သက်စရာ ကောင်းတယ်လို့လည်း မတွေးတော့ဘူး၊ ဒါ သူ့သဘာဝပဲလို့ သဘာအရှိကို သိနေတဲ့အဆင့် ရောက်သွားရင် သင်္ခါရုပေက္ခာဉာဏ်လို့ ခေါ်တယ်။

                  

အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်လာပြီ ဆိုလို့ရှိရင် သင်္ခါရ အာရုံတွေပေါ်မှာ သူက သဘာဝတရား တွေရဲ့ ဖြစ်မှုပျက်မှုလေးတွေနဲ့ သွားနေတာ၊ သို့သော် သူက စိတ်အေးလက်အေး ထားပြီးတော့ သွားနိုင်တာ၊ သွားနိုင်လာလို့ ဆက်လက်ပြီးတော့ လေ့ကျင့်တဲ့အခါ သူ့အသိဉာဏ်က သိပ်ရင့်ကျက် လာတဲ့အခါ ထိုသင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတ ဆိုတဲ့ နိဗ္ဗာန်ဘက်ကို ကူးတယ်။

                  

အဲဒီမှာ ဘာတွေဖြစ်လာတုန်း ဆိုတော့ - နောက်ဆုံးအချိန်လေးမှာ သင်္ခါရုပေက္ခာဉာဏ် ရင့်သန် လာပြီဆို နောက်ဆုံး ဝိပဿနာဉာဏ်က ဘာလာတုန်း ဆိုရင် …

“ပရိကမ္မ” ဆိုတာ ပေါ်လာတယ် ပြုပြင်ပြင်ဆင်မှု၊

ပြီးတော့မှ “ဥပစာရ” ဆိုတာ ပေါ်လာတယ်၊ အနီးကပ်ဖြစ်မှု၊

နောက်ဆုံး “အနုလောမ” ဆိုတာ ‘လိုက်လျောစွာ ဖြစ်တဲ့ဉာဏ်’။

အဲဒီ ပရိကံ ဥပစာ အနုလုံ ဆိုတဲ့ ဒီဉာဏ် ၃-မျိုးကလည်းပဲ သင်္ခါရအာရုံတွေမှာပဲ အာရုံ နိမိတ်တွေနဲ့ပဲ ဖြစ်နေသေးတယ်။

                  

ဂေါတြဘူ ဆိုတဲ့ စိတ်ကလေး ပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရအာရုံတွေကို လက်လွှတ် လိုက်တယ်၊ သင်္ခါရ အာရုံတွေမှ လွတ်သွားပြီး သင်္ခါရမရှိတဲ့ အာရုံတစ်ခုကို မြင်လာတယ်၊ ပြုပြင်ရတဲ့ သဘာဝတရားတွေနဲ့ အမြဲတမ်းနေလာပြီး ပြုပြင်နေရတဲ့ သဘာဝတရားတွေ ပျောက်ကွယ်သွားတဲ့ အဆင့်ကို သူက မြင်လာတယ်။ မြင်လာပြီးတော့ဟိုဘက်ကို ကူးလိုက်တာက မဂ်စိတ်ကလေး၊ အဲဒီပေါ်လာတဲ့ မဂ်စိတ်လေးက နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ပေါ်လာတာ။

 

ဝိသုဒ္ဓိမဂ်မှာ ပြထားတဲ့ ဥပမာလေးတစ်ခုက ရေမြောင်းလေးတစ်ခုရဲ့ ဟိုဘက်ကို ခုန်ကူးချင်တဲ့သူဟာ ဒီဘက်ကမ်းမှာရှိတဲ့ သစ်ပင်ကို ကြိုးလေး ချည်ထားတယ်၊ သစ်ကိုင်းကို ကြိုးလေးနဲ့ ချည်ထားပြီး အဲဒီကြိုးလေးကို တွဲလောင်းခိုပြီးတော့ ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို ခုန်တာ၊ ကြိုးဆွဲပြီးတော့ ဟိုဘက်ကမ်းကို ခုန်တာ၊ ဟိုဘက်ကမ်းလည်း အခြေချမိရော ကြိုးကို ကိုင်ထားသေးလား၊ လွှတ်လိုက်တာ။ ကိုင်ထားရင် ဒီဘက် ပြန်ရောက်လာမှာ ပေါ့နော်။

                  

ကြိုးကိုလွှတ်လိုက်တယ် ဆိုတာ သင်္ခါရအာရုံကို စိတ်က မတွယ်တော့ဘူး လွှတ်ပစ်လိုက်တယ်၊ သင်္ခါရ မရှိတဲ့ အာရုံကို ဆွဲကိုင်လိုက်တယ်။ အဲဒီအာရုံက ဘာတုန်းဆိုတော့ နိဗ္ဗာန်ပဲတဲ့၊ ဒီလိုဆိုလိုတယ်၊ အကယ်၍သာ သင်္ခါရအာရုံပေါ်မှာ ဆက်မြဲနေမယ်ဆိုရင် “ထိုနည်း၎င်း ထိုနည်း၎င်း” ဆိုတဲ့အတိုင်းပဲ နေမှာပဲနော်။ ဒီဘက်ပဲ ဆက်ဖြစ်နေမှာ၊ သင်္ခါရအာရုံကို လွှတ်လိုက်တယ်။

                  

ဒါကြောင့်မို့ အာရုံတွေ ချုပ်ငြိမ်းသွားတာ၊ သင်္ခါရတွေ မရှိတဲ့ အာရုံ၊ သင်္ခါရ ကင်းတဲ့ အာရုံ၊ သင်္ခါရတွေ ဆိတ်သုဉ်းသွားတဲ့ အာရုံကို အာရုံပြုပြီးတော့ သောတာပတ္တိမဂ် စိတ်လေး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် သံသယနဲ့ အမြင်မှားမှုဆိုတဲ့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကွာသွားတယ်၊ ကျန်တဲ့ ကိလေသာ တွေလည်း အားနည်း သွားတယ်။

                 

အဲဒီကနေ ဝိပဿနာဉာဏ်ကို တိုးမြှင့်လိုက်တဲ့ အခါကျတော့ သကဒါဂါမိမဂ် ဆိုတာ ပေါ်လာတယ်၊ နောက်တစ်ခါ တိုးမြှင့်ပြီးတော့ ထပ်ကျင့်လိုက်တဲ့အခါ ကျင့်တာတော့ ဒီအတိုင်းပဲ ဒီလမ်းစဉ်ကပဲ သူထ ထပ်မြှင့်တာ၊ အရည်အသွေးတွေ ထပ်ထပ်မြှင့်တာ တစ်ခါနဲ့ တစ်ခါ မတူဘူး၊ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူး၊ Physical exercise လုပ်သလိုပဲ၊ Mental exercise ကတော့ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူး၊ တိုးမြှင့်လာတော့ အရည်အသွေးမြင့်လာတဲ့အခါ အနာဂါမိမဂ် ပေါ်လာတဲ့အခါ ကာမရာဂတို့ ဗျာပါဒတို့ ဆိုတာတွေ လုံးဝ ရှင်းသွားတယ်၊ နောက် စတုတ္ထအကြိမ် ဝိပဿနာဉာဏ် တိုးမြှင့်ပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တဲ့အခါကျတော့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်စိတ် ဆိုတာ ပေါ်လာပြီးတော့ ကိလေသာတွေ အားလုံး ကုန်သွားတယ်။

                  

မဂ်လေးကြိမ်နဲ့ ကိလေသာတွေ ရှင်းပစ်ရတယ်လို့ ဒီလို ဆိုလိုတယ်၊ မဂ်လေးကြိမ်နဲ့ ရှင်းပစ်လိုက်တော့ ကမ်းပေါ် ရောက်ရောက်ချင်းလေးမှာ လူက ရုတ်တရက်တော့ ငြိမ်ငြိမ်ရပ်လို့ ရရဲ့လား၊ ခုန်ပြီးတဲ့ အချိန်မှာ ကမ်းပေါ်ရောက်ရင် နဲနဲတော့ ယိမ်းထိုးသွားမှာပေါ့၊ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီးတော့ သွားမှာပေါ့၊ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီးတော့ နောက်တော့ ကိုယ့်ကိုကိုယ် ထိန်းနိုင်သွားပြီးရင် ဖိုလ်စိတ်ဖြစ်သွားတဲ့ အချိန် ရောက်ပြီ၊ အဲဒီလို နိဗ္ဗာန်ဆိုတဲ့ တစ်ဖက်ကမ်းပေါ်မှာ တည်သွားတယ်လို့ ဒီလို ဆိုလိုတယ်။

                  

အဲဒီတော့ သူက အဲဒီကမ်းပေါ်ကနေ ငါဘယ်လို ကူးခဲ့တာ ဆိုတာရော သူမသိဘူလား၊ အဲဒါ သိသလိုပဲ သောတာပန်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ငါဘယ်လိုနည်းနဲ့ ဒီဘက်ကို ရောက်လာသလဲဆိုတာ သိတာပေါ့။ သောတာပန်ဖြစ်ရင် သောတာပန်က ကိုယ့်ဟာကိုယ် သိတာပေါ့၊ ဒီလို ကူးလာတယ် ဆိုတာ သိတယ်၊ သကဒါဂါမ်ဖြစ်ရင်လည်း သကဒါဂါမ်က ကိုယ့်ဟာကိုယ် သိတယ်၊ အနာဂါမ်ဖြစ် ရင်လည်း အနာဂါမ်က ကိုယ့်ဟာကိုယ် သိတယ်။

                  

ဒါက နိဗ္ဗာန်ကို ဘယ်လို မျက်မှောက်ပြုတယ် ဆိုတာကို စာပေကျမ်းဂန်မျာ ရေးထားတဲ့အတိုင်း ပြောပြတာနော်၊ ကိုယ်တိုင်သိဖို့ကျတော့ ဒီလမ်းစဉ်အတိုင်း ကိုယ်တိုင်ကျင့်မှ၊ ဒါက ရောက်ဖူးတဲ့ ပုဂ္ဂိုလ်တွေက ပြောထားတာ၊ မြတ်စွာဘုရား ဟောထားတဲ့ တရားတော်အတိုင်းပဲ။

                  

အင်္ဂုတ္ထိုရ်ပါဠိတော်မှာလည်း မြတ်စွာဘုရားက ဈာန်တရားက နေပြီးတော့ ဝိပဿနာကူးပုံကို ဟောထားတယ်။ ဈာန်တရား အားထုတ်လို့ ပထမဈာန်ရတယ်၊ ပထမဈာန်ကထပြီး ပထမဈာန်ထဲပါတဲ့ ဝိတက် ဝိစာရ စတဲ့ တရားတွေကို ရှုမှတ်ရင်း ထို မမြဲတဲ့ သဘောတွေကိုမြင်ပြီး နောက်ဆုံးတော့ မမြဲတဲ့သဘောတွေ မြင်လို့ အရှိန်ရလာတဲ့ အခါကျတော့ အစဉ်ထာဝရ အေးငြိမ်းတဲ့ နိဗ္ဗာန်ဓာတ်ကို တွေ့သွားတယ်၊ တွေ့သွားတဲ့ အချိန်မှာ မမြဲတဲ့သဘောတွေ ဆိုတာကို မကြည့်တော့ဘူး၊ လွှတ်လိုက်ပြီ၊ ခုနက ကြိုးစကို လွှတ်လိုက်သလိုပဲ၊ သင်္ခါရ အာရုံတွေကို လွှတ်လိုက်တယ်၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ ဒီ အာရုံတွေကို လွှတ်လိုက်ပြီးတော့ နိဗ္ဗာန်ဆိုတဲ့ အာရုံကို မျက်မှောက်ပြုလိုက် နိုင်တယ်တဲ့။

                  

နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် ဆိုတာ အဲဒီလို မျက်မှောက်ပြုတာ၊ တခြားနည်းနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရဘူးတဲ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ပဲ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်တယ်တဲ့။

                  

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အလွန်လိုလားတဲ့ နိဗ္ဗာန်ချမ်းသာဆိုတာ အဲဒီလိုနည်းနဲ့ မျက်မှောက်ပြုလိုက်လို့ ရသွားတာ။ နိဗ္ဗာန်ချမ်းသာကို အရဟတ္တမဂ် အရဟတ္တဖိုလ်နဲ့ မျက်မှောက် ပြုနိုင်လို့ ရှိရင် ကိုယ့်သန္တာန်မှာဖြစ်တဲ့ စိတ်ထဲမှာ ဖြစ်နိုင်တဲ့ စိတ်ရဲ့အပူအပင် အကြောင့်အကျဖြစ်တဲ့ ကိလေသာတွေ ဆိုတာ လုံးဝ မရှိတော့ဘူး၊ ကိလေသာ မရှိသည့်အတွက်ကြောင့် နောက်ထပ်ပူစရာ မရှိတော့ဘူး၊ အတွင်းက ရှင်းသွားပြီ၊ အပြင်က အရာတွေကိုလည်း ရှင်းရှင်းကြီး မြင်နေပြီ၊ အတွင်းရှင်းနေသည့် အတွက်ကြောင့် လောဘ ဒေါသ မောဟ ဆိုတဲ့ အပူတွေ မလာဘူး၊ ထာဝရ ငြိမ်းချမ်းသွားပြီ။

                  

အဲဒီတော့ ငြိမ်းချမ်းသွားပြီဆိုရင် လောကဓံတရားတွေနဲ့ ဘယ်လိုကြုံကြုံ တုန်လှုပ်တော့မှာ မဟုတ်ဘူး၊ “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ”၊ အတွင်းစိတ်ဟာ တုန်လှုပ်မှု မရှိတော့ဘူး၊  အတွင်းစိတ်က တုန်လှုပ်နေတာ ဘယ်သူ့ကြောင့် တုန်လှုပ်တာတုန်း ဆိုရင် လောဘ ဒေါသ မောဟကြောင့် တုန်လှုပ်တာ၊ လောဘ ဒေါသ မောဟ မရှိသည့် အတွက်ကြောင့် တုန်လှုပ်မှု မရှိတော့ဘူး၊ မရှိသည့်အတွက်ကြောင့် …

‘အသောက’ စိုးရိမ်တယ်တို့၊ ပူပန်တယ်တို့ဆိုတာ မရှိတော့ဘူး၊ 

‘ဝိရဇ’ စိတ်ထဲမှာ အညစ်အကြေးတွေဆိုတာ မရှိတော့ဘူး၊

‘ခေမ’  စိတ်ဟာ တကယ့်ကို ငြိမ်းချမ်းသွားတယ်၊

‘အသောကံ ဝိရဇံ ခေမံ ဧတံ မင်္ဂလ မုတ္တမံ’ ဒါမှ တကယ့် မင်္ဂလာအစစ် ဖြစ်သွားပြီလို့ ဒီလို ပြောတာနော်။

                  

နောက်ဆုံးမှာ မင်္ဂလာမှာ ‘နိဗ္ဗန သစ္ဆိကိရိယာစ၊ ဧတံ မင်္ဂလ မုတ္တမံ’ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်လို့၊ အဲဒီ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်ပြီ ဆိုလို့ရှိရင် ကိလေသာ အပူတွေ အကုန်လုံး ငြိမ်းသွားပြီးတော့ ခန္ဓာကိုယ်မှာ ထာဝရငြိမ်းချမ်းတဲ့၊ အေးချမ်းတဲ့ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာသုခကို တွေ့ရှိခံစားရမှာဖြစ်တယ်၊ အဲဒီ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာသုခကို တွေ့ရှိခံစားရမှာဖြစ်တယ်၊ အဲဒီ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာဟာ ချမ်းသာလို့ ပြောပေမယ့်လို့ ကာမဂုဏ် အာရုံတွေ ခံစားရတဲ့ ချမ်းသာမျိုးနဲ့ မတူဘူး၊ ကာမဂုဏ်အာရုံ ချမ်းသာ ခံစားရမှုဟာ တည်ငြိမ်မှုမရှိဘူးတဲ့၊ အဲဒီတော့ အနုပါဒိသေနိဗ္ဗာန် လို့ဆိုတဲ့အခါကျတော့ ခုနက ရုပ်နာမ်ခန္ဓာတွေ ဘာမှမရှိတော့တဲ့ ငြိမ်းသွားတဲ့ အငြိမ်းဓာတ်၊ အဲဒီ နိဗ္ဗာန် ချမ်းသာတယ်ဆိုတာ ခံစားမှု မရှိလို့ ချမ်းသာတာနော်။

                  

တစ်ခါတုန်းက ရှင်သာရိပုတ္တရာ တရားဟောရင်း “ငါ့ရှင်တို့ နိဗ္ဗာန်ဆိုတာ အလွန်ချမ်းသာတယ် အလွန်ချမ်းသာတယ်” နဲ့ ပြောတယ်၊ ပြောတဲ့အခါကျတော့ ဥဒါယီမထေရ်က “အရှင်ဘုရား နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာ မရှိဘူး မဟုတ်လားတဲ့၊ ဘယ်လိုလုပ် ချမ်းသာမှာတုန်း” လို့ ပြောတယ်။ သူက ဝေဒနာနဲ့ ခံစားတာကိုသာ ချမ်းသာလို့ သိတာကိုး၊ အဲဒီတော့ ရှင်သာရိပုတ္တရာ ပြန်ဖြေတဲ့ စကားလေးက “အေး အဲဒီ ဝေဒနာ မရှိတာသည်ပင်လျှင် ချမ်းသာတာပေါ့”၊ ချမ်းသာတယ်ဆိုတာ အဲဒီ ဝေဒနာမရှိတဲ့ ချမ်းသာပဲ။

                  

ဒါ့ကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေ မှန်းဆပြီးတော့ အနုမာန လို့ခေါ်တဲ့ စာပေမှာ လာတဲ့အတိုင်း မှန်းဆပြီတော့ သိတဲ့ အသိဉာဏ်၊ အဲဒီ အနုမာနဉာဏ်က နေပြီးတော့ နောက် ပဋိဝေဓ ဆိုတဲ့ ကိုယ်တိုင် ထိုးထွင်းပြီးတော့ သိနိုင်တဲ့ အသိဉာဏ်မျိုး ရအောင် ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။

.

 

အဘိဓမ္မာ မြတ်ဒေသနာ (ဒုတိယတွဲ) ပြီး၏။

 

အရှင် နန္ဒမာလာဘိဝံသ (Ph.D)


Related Posts