“အခန်း - ၈”
ဘဝနိဂုံး သေဆုံးခြင်း
▬▬▬▬▬▬▬
အဘိဓမ္မတ္ထ
သင်္ဂဟကျမ်း ဝီထိမုတ်ပိုင်း (ဘုံပိုင်း) မှာ ဘဝနိဂုံး သေဆုံးခြင်းအကြောင်း ဆိုတာ တစ်ခန်း
တစ်ကဏ္ဍ အနေနဲ့ ပါတယ်၊ ဘဝတစ်ခု ရလာတဲ့ ပုဂ္ဂိုလ်တိုင်း ဘဝတစ်ခုရဲ့ နိဂုံးဖြစ်တဲ့ သေဆုံးခြင်းနဲ့
ရင်ဆိုင်ကြရတယ်၊ ဘယ်အရာပဲ ဖြစ်ဖြစ် စ,ပါပြီ ဆိုရင် အဆုံးနဲ့ပဲ ရင်ဆိုင်ကြရမှာပဲ၊ အရာခပ်သိမ်းက
အစရှိရင် အဆုံး ရှိတာပဲ၊ အဖြစ်ရှိရင် အပျက် ရှိတာပဲ၊ အတက်ရှိရင် အကျ ရှိမယ်၊ နုပျိုခြင်းရှိရင်
အိုမင်းခြင်း ရှိမယ်၊ ကျန်းမာခြင်း ရှိရင် ရောဂါရခြင်း ရှိမယ်ဆိုတာ မရှောင်လွဲနိုင်တဲ့
သဘာဝ တရား တွေပဲ၊ ဘဝမှာ မွေးဖွားခြင်း ရှိသလို သေဆုံးခြင်းဆိုတဲ့ အဆုံးသတ် ရှိတယ်၊
မည့်သည့် သတ္တဝါမှာပဲ ဖြစ်ဖြစ် ဘဝတစ်ခုကို ရလာပြီဆိုလို့ရှိရင် ဘဝခရီး အချိန်ပိုင်း
အတွင်းမှာ ဘဝတစ်ခုရဲ့ အဆုံးနိဂုံးကို ရောက်ရှိ သွားကြရတာ။
ခရီးသွားနေတဲ့
လူတွေဟာလည်းပဲ ခရီးလမ်းဆုံး ပန်းတိုင် destination ဆိုတာ ရှိတာချည်းပဲ၊ ဘယ်ခရီး သွားသွား
ခရီးဆုံးဆိုတာ ရှိတာချည်းပဲ၊ မီးရထား စီးရင်လည်း မီးရထားလမ်းရဲ့ ခရီးဆုံး ဆိုတာ ရှိတယ်၊
ကားစီးရင်လည်း ကားလမ်းရဲ့ ခရီးဆုံးဆိုတာ ရှိတယ်၊ လေယာဉ်ပျံနဲ့ သွားလို့ ရှိရင်လည်း
လေယာဉ်ပျံရဲ့ ခရီးဆုံးဆိုတာ ရှိတယ်၊ လှေနဲ့ သွားရင်လည်း လှေရဲ့ ခရီးဆုံး၊ သဘောၤနဲ့ သွားရင်လည်း သင်္ဘောရဲ့ ခရီးဆုံးဆိုတာ
ရှိတယ်။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ခရီးဆုံးဆိုတဲ့ နေရာဟာ ရှိကို ရှိရမယ်၊
အဲဒါကြောင့်မို့ လူ့ဘဝရဲ့ နိဂုံး သေဆုံးခြင်း ဆိုတာဟာ ဘဝတစ်ခုကို အဆုံးသတ်တာ ဖြစ်လို့
ဘဝနိဂုံး ခရီးဆုံးပဲ၊ ဘဝခရီးကို မိခင်ရဲ့ ဝမ်းထဲကနေ စတင်ပြီးတော့ လျှောက်လှမ်း လာခဲ့ကြတာ၊
နောက်ဆုံးမှာ သေဆုံးခြင်းမှာပဲ အဆုံးသတ်တယ်။
“မရဏပရိယော သာနံ ဇီဝိတံ”
ဇီဝိတံ
- သတ္တဝါတွေရဲ့ အသက်ဟာ၊
မရဏ ပရိယောသာနံ
- သေခြင်းမှာပဲ အဆုံးသတ်တယ်၊
မဆုံးတဲ့
နေရာရယ်လို့ ရှိကို မရှိဘူးနော်၊ အရာခပ်သိမ်းမှာ အစရှိရင် အဆုံး ရှိတာပဲ၊
“ဇရာ ပရိယောသာနံ ယောဗ္ဗနံ”
ယောဗ္ဗနံ
- နုပျိုခြင်း ဟာလည်းပဲ၊
ဇရာပရိယောသာနံ
- အိုမင်းခြင်းမှာပဲ ဆုံးတယ်တဲ့၊
ဆန့်ကျင်ဘက်
ကလေးတွေနဲ့ သွားတယ်။
အဲဒါကြောင့်မို့လို
ဘဝဆိုတာ ခန္ဓာငါးပါး ရထားတဲ့ ဖြစ်စဉ်လေးတစ်ခုပဲ၊ တစ်ဘဝနဲ့တစ်ဘဝ မတူညီတဲ့ ကံ အကြောင်းတရား
တွေကြောင့် မတူညီတဲ့ အခြေအနေတွေကို တွေ့ကြုံခံစားရတဲ့ အတိုင်းအတာ အချိန်ပိုင်းလေး တစ်ခုပဲ။
ထို့အတူ
အတိုင်းအတာလေး တစ်ခုဟာ အစရှိသလို အဆုံးလည်းပဲ ရှိတယ်တဲ့၊ အဲဒီ အဆုံးဟာ “ဘဝနိဂုံး သေဆုံးခြင်း”
ပဲတဲ့၊ ဆိုလိုတာက စလာပြီ ဆိုလို့ရှိရင် အဆုံးတစ်ခုတော့ ရှိမှာပဲ၊ အဲဒီတော့ အပြန်အလှန်အားဖြင့်
စဉ်းစားကြည့်မယ် ဆိုရင် လုံးဝ မစဘူးဆိုလျှင် အစမရှိလျှင် အဆုံး ရှိနိုင်ပါ့မလား၊ (မရှိနိုင်ပါ
ဘုရား)၊ မြတ်စွာဘုရားက အစရှိရင်တော့ အဆုံးရှိလာမှာ ဆိုတော့ - ဆိုပါစို့ “ဇာတိပစ္စယော
ဇရာမရဏံ” မွေးဖွားခြင်းကြောင့် အိုခြင်းနဲ့ သေခြင်းဟာ ဖြစ်ပေါ်တယ်၊ “မရဏန္တံ ဟိ ဇီဝိတံ”
ဇီဝိတံ- သတ္တဝါတွေရဲ့ အသက်ဟာ၊ မရဏန္တံ - သေခြင်းမှာပဲ ဆုံးတယ်တဲ့။
“ဘဝတစ်ခုသည်
သေခြင်းမှာ အဆုံးသတ်တယ်” ဆိုတော့ သတ္တဝါတွေ ဘာကြောင့် သေနေကြ သလဲ? သေပုံသေနည်းက ဘယ်နှစ်မျိုး
ရှိပါသလဲ? လောကမှာ သေပုံသေနည်း အမျိုးမျိုးရှိတဲ့ အထဲမှာ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းအရ
ပြောရမယ် ဆိုရင် သတ္တဝါတစ်ဦး သေတာဟာ အကြောင်းလေးမျိုး ရှိတယ်လို့ ပြောတယ်တဲ့။
နံပါတ်
(၁) “အယုက္ခယ” တဲ့၊ သတ်မှတ်ထားတဲ့ သက်တမ်းတစ်ခု ကုန်လို့ သေတာ အာယုက္ခယ တဲ့၊ အာယု
- ဆိုတာ သက်တမ်း၊ ခယ - ဆိုတာ ကုန်ဆုံးသွားတာ။ သက်တမ်းကုန်လို့ သေတာ၊ အဲဒါဟာ အကြောင်းတစ်ခုပဲ၊
သေနေ့စေ့လို့ သေတယ်လို့ ပြောရမှာပေါ့နော်။
လူတွေမှာ
သက်တမ်းဆိုတာ ရှိတယ်၊ လူတွေရဲ့ သက်တမ်းဟာ အတည်တကျ မရှိဘူး၊ ရှည်တဲ့အခါ ရှည်တယ်၊ တိုတဲ့အခါ
တိုတယ်၊ ထိုကဲ့သို့ အရှည်အတို ဖြစ်ပေါ် နေခြင်းဟာ ယခင်ရက်တွေက ပြောခဲ့သလိုပဲ ဥတုနဲ့
အာဟာရက အဆုံးအဖြတ် ပေးသွားတာ၊ လူတွေရဲ့ သန္တာန်မှာရှိတဲ့ ဥတုနဲ့ အာဟာရ၊ လူတွေ မှီခိုနေကြရတဲ့
ဥတုနဲ့ အာဟာရ။ ထို ဥတု အာဟာရ နှစ်ရပ် ပေါင်းစပ်ထားတဲ့ အခြေအနေပေါ်မှာ လူရဲ့ ဘဝက ရပ်တည်နေတာ
ဖြစ်သောကြောင့် ယေဘုယျအားဖြင့် လူရဲ့ သတ်တမ်း တစ်ခုကို သတ်မှတ်ပြီးတော့ ပြောကြရတယ်။
လူတွေရဲ့
သက်တမ်းက အစဉ်အမြဲ သတ်မှတ်ထားတာ မရှိဘူးတဲ့၊ ဘာလို့တုန်း ဆိုလို့ရှိရင် လူ့သမိုင်းကြောင်းကို
ပြန်ကြည့်လို့ရှိရင် လူတွေမှာ တစ်ချိန်တစ်ခါ ရေတွက်လို့ မရလောက်အောင် အသက်တွေ သိပ်ရှည်တဲ့
အသင်္ချေယျတမ်း ဆိုတာလည်း ရောက်ခဲ့ဖူးတယ်နော်၊ အသက်ရှည်တဲ့ အတမ်း၊ ထို အသက်ရှည်တဲ့
အတမ်းက တဖြည်းဖြည်း ဆုတ်ယုတ်လာတဲ့ အခါကျတော့ တစ်သိန်းတမ်း၊ တစ်သိန်းတမ်းက ၈ သောင်းတန်း၊
၈ သောင်းတန်းက နေပြီးတော့ လျော့လာ လိုက်တာ၊ ၆ သောင်းတမ်း၊ တဖြည်းဖြည်းနဲ့ နောက်ဆုံးကျတော့
၁၀၀ တမ်း၊ ၁၀၀ တမ်းကနေ နောက် ၁၀ နှစ်တမ်း။
၁၀ နှစ်တမ်းကနေ
တစ်ခါပြန်ပြီး လူ့ရဲ့သက်တမ်းဟာ ရွေ့လျားသွားပြန်တယ်၊ အနှစ် ၂၀၊ အနှစ် ၂၀ က ၄၀ဆိုပြီးတော့
ခေါက်ချိုး ခေါက်ချိုး လူတွေရဲ့သက်တမ်းက တက်သွားတာ၊ မရေမတွက် နိုင်အောင် အသက် ရှည်သွားပြန်တယ်၊
လူတွေရဲ့ သက်တမ်းဟာ အခြေအနေတွေ ပေါ်မှာ မူတည်
ပြီးတော့ တက်ချည် ကျချည် ဒီလိုရှိတယ်။
အခု သက်တမ်းဟာ
ဆုတ်ယုတ်နေတဲ့ အတိုင်းအတာတစ်ခုလို့ ပြောမယ်၊ လူတွေရဲ့ သက်တမ်းဟာ ဆုတ်ယုတ်နေတယ်၊ ဘာကြောင့်
ဆုတ်ယုတ်တာတုန်း ဆိုတော့ အဓိကအကြောင်းက လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ အကုသိုလ် တရားတွေ
ကြီးထွား လာမှုကြောင့် လူတွေရဲ့သက်တမ်းက တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်။
လူတွေရဲ့သန္တာန်မှာဖြစ်တဲ့
အကုသိုလ်တွေကြောင့် ဥတုတွေ ပျက်လာတယ်၊ ဥတုတွေ ပျက်လာတဲ့ အတွက်ကြောင့် အာဟာရတွေက အဆီသြဇာ
နည်းလာတယ်၊ အဲဒီ ဥတုပေါ် မှီပြီးတော့ အဲဒီ အာဟာရတွေကို မှီခို စားသောက်နေရတဲ့ လူတွေရဲ့
သက်တမ်းဟာလည်း လျော့ကျလာတယ် တဲ့၊ အကြောင်းအကျိုးက အဲသလို ဆက်စပ်ပြီးတော့ နေတယ်၊ မကောင်းတဲ့
ရာသီဥတုမှာ သီးပွင့်ကြတဲ့ အာဟာရတွေကို စားသုံးလို့ရှိရင် ထို အာဟာရဓာတ်တွေက လူတွေရဲ့
အသက်ကို နှစ်ပေါင်းများစွာ ကြာအောင် ထိန်းထားနိုင်စွမ်းမရှိဘူး။
“သဗ္ဗေသတ္တာ
အာဟာရဋ္ဌိတိကာ” သတ္တဝါ အားလုံးဟာ အာဟာရကြောင့် တည်တံ့ပြီးတော့ နေကြရတာ၊ အာဟာရကြောင့်
နေကြရတာ ဆိုတာ အာဟာရက မထောက်ပံ့နိုင်ဘူး ဆိုရင် အတ္တဝါတွေ မတည်တံ့နိုင်ဘူး၊ ဒါကြောင့်မို့
သက်တမ်းက တဖြည်းဖြည်း လျော့ကျလာသတဲ့။
ဒီ လျော့ကျလာတဲ့
သက်တမ်းဟာ လူတွေရဲ့ ကံကြမ္မာပေါ်မှာ မှီတည်ပြီးနေတော့ လူအများစုက ကောင်းတဲ့ စိတ်ထားတွေ
မွေးလာလို့ ကောင်းတဲ့ကံတွေ ပိုများလာပြီ ဆိုလို့ ရှိရင်လည်းပဲ ဥတုတွေ ပြောင်းလဲချက်၊
အာဟာရတွေ အဆီသြဇာ ပြည့်ဝလာမှုကြောင့် လူရဲ့သက်တမ်းဟာ တဖြည်းဖြည်း တက်သွားမှာပေါ့။
တက်သွားပြီး
နောက်ဆုံးမှာ ပြန်ကျလာတဲ့အချိန် အနှစ် ၈ သောင်းတမ်း ရောက်ပြီ ဆိုရင် ဘဒ္ဒကမ္ဘာမှာ ငါးဆူမြောက်ဖြစ်တဲ့
အရိမေတ္တယျ မြတ်စွာဘုရားဆိုတာ ပွင့်မယ်တဲ့၊ ဒီလိုဆိုတယ်။
ဘုရားများဟာ
“တက်ကပ်” မှာ ဘယ်တော့မှ မပွင့်ဘူးတဲ့၊ ဆုတ်ကပ်ကျမှ ပွင့်တယ်၊ လူတွေရဲ့ သက်တမ်းဟာ တက်လိုက်
ကျလိုက်ရှိတဲ့ အထဲမယ် ကျသွားတဲ့အပိုင်း၊ အဲသလို ဆုတ်လာတဲ့ အပိုင်းမှာလည်းပဲ အမြင့်ဆုံး
၁ သိန်းတမ်း၊ အနည်းဆုံး ၁၀၀ တမ်း၊ အဲဒီကြားမှာပဲ ပွင့်တယ်တဲ့၊ ၁၀၀ တမ်းအောက် ကျသွားပြန်ရင်လည်း
ဘုရားမပွင့်နိုင်ဘူး၊ ဘာဖြစ်လို့ မပွင့်တုန်း ဆိုလို့ရှိရင် ထိုအချိန် လူတွေရဲ့သန္တာန်မှာ
လောဘတွေ ဒေါသတွေ မောဟတွေဟာ ကြီးစိုးနေသည့် အတွက်ကြောင့် တရားဓမ္မကို ဟောပြောဖို့ရန်
ခက်ခဲသွားတယ်၊ ခံနိုင်ရည်တွေ အားနည်းသွားတယ်၊ တရားကိုသိဖို့ အသိဉာဏ်တွေ အားနည်းသွားတယ်။
ဒီကနေ့ခေတ်တောင်
လူတွေဟာ စားဝတ်နေရေးနဲ့ လုံးပမ်းပြီးတော့ နေကြတဲ့ အတွက်ကြောင့် တရားဓမ္မ အားထုတ်ဖို့ဆိုတာ
အင်မတန်မှ အခွင့်အရေးတွေ နည်းလာတယ်၊ လူတွေရဲ့ စိတ်တွေဟာ ကြောင့်ကြစိတ်တွေ ပိုပြီးတော့
များလာတယ်၊ ဒါ ကမ္ဘာကို ခြုံပြီးတော့ ပြောတာနော်၊ တစ် ကမ္ဘာလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင်
လူတွေရဲ့ အခြေအနေ အရပ်ရပ်က လွန်ခဲ့တဲ့ အနှစ် ၄၀- ၅၀ တုန်းကနဲ့ မတူဘူး၊ အများကြီး ပြောင်းလဲသွားပြီ။
လွန်ခဲ့တဲ့
အနှစ် ၄၀-၅၀ လောက်တုန်းက လူတွေရဲ့ စိတ်ဓာတ်က အေးချမ်း ငြိမ်သက်မှု ရှိသော်လည်း ဒီကနေ့ခေတ်မှာ
ပိုပြီးတော့ ပူလောင်လာတယ်၊ လောဘတွေ ပိုများလာတယ်၊ ဒေါသတွေ ပိုများလာတယ်၊ ဘုန်းကြီးတို့
ဘဝမှာ မကြားဖူးတဲ့ အခြေအနေဆိုးတွေ အခု ကြားရတယ်၊ အားလုံး သိကြတဲ့အတိုင်း ဒီကနေ့ခေတ်မှာ
ပေါ်လာတာ၊ Terrorism တဲ့၊ အကြမ်းဖက်ဝါဒတွေ terrorist အကြမ်းဖက်သမားတို့၊ အကြမ်းဖက်သမား
ဝါဒတို့ ဆိုတာ ဘယ်သူ့ကိုမှ မရှောင်ဘူး၊ တွေ့သမျှ လူ မှန်သမျှကို ဒုက္ခပေးတဲ့ ဝါဒမျိုး
ဖြစ်လာတယ်၊ ဟိုးရှေးတုန်းက ဒီလိုဟာမျိုး မဟုတ်ဘူး၊ လူအချင်းချင်း မုန်းလို့ သတ်ချင်
သတ်လိမ့်မယ်၊ ရာဇဝတ်မှု ကျူးလွန်ပြီး သတ်ချင် သတ်လိမ့်မယ်၊ တစ်စုံတစ်ခုသော အကြောင်း
ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်မယ်၊ အခုကျတော့ အဲလို မဟုတ်ဘူး၊ ကိုယ်သိတဲ့လူရော မသိတဲ့လူရော၊
အပြစ်ကင်းသူရော အပြစ်မကင်းသူရော အားလုံး ရောပြီးတော့ ဘယ်သူသေသေ စိတ်ဓာတ်တွေ ဝင်လာတယ်ပေါ့၊
“တိဗ္ဗော အာဃာတော” အလွန်ပြင်းထန်တဲ့ အာဃာတတွေ တဲ့၊ ဒီလိုပြောရမှာပေါ့။
လူတွေရဲ့
စိတ်ထဲမှာ အဲဒါတွေ ကိန်းအောင်း လာတယ်၊ ကိန်းအောင်း လာတာဟာ တဖြည်းဖြည်း များလာတဲ့သဘော
ရှိတယ်၊ လျော့သွားတယ်လို့ မရှိဘူးနော်၊ တစ်နေရာ တစ်နေရာမှာ လျော့ပါး နေတာ ရှိကောင်း
ရှိမယ်၊ နေရာတိုင်းမှာ လုံခြုံရေး ဆိုတာ အတော် တင်းကြပ်လာတယ်၊ လေယာဉ်ပျံနဲ့ ခရီးသွားတဲ့ ပုဂ္ဂိုလ်တိုင်း ဒါကို
သတိထားမိလိမ့်မယ်၊ လေယာဉ်ပျံနဲ့ ခရီးသွားလို့ရှိရင် check in ဆိုတာ အမျိုးမျိုးပါပဲ၊
ဟိုလို check ဒီလို check နဲ့၊ တချို့နိုင်ငံများ ဆိုလို့ရှိလျှင် စက်နဲ့ check လုပ်လိုက်လို့ရှိလျှင်
အကုန်လုံး အဝတ်အစား ဘာညာ၊ မိမွေးဖမွေးတိုင်း ရုပ်ပုံထင်အောင် စက်ကိရိယာတွေ တီထွင်ပြီးတော့
ထားတယ်၊ အဲဒီ စက်တွေတောင် တပ်ဆင်ပြီးတော့ ထားတယ်။
လေယာဉ်ပျံနဲ့
ခရီးသွားရာမှ လုံခြုံရေးတွေက ပိုပြီးတော့ တင်းကြပ်လာတယ် ဆိုတာကိုက အန္တရာယ်တွေ များလာတယ်
ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတယ်၊ မြေပြင် လမ်းလျှောက်ဦးမလား၊ မြေပြင် လမ်းလျှောက်မယ်
ဆိုလို့ရှိရင် မိုင်းဗုံး တက်နင်းမိမှာ အလွန်ကြောက်နေရတဲ့ အနေအထားမျိုး၊ ကောင်းကင်က
သွားလည်း အန္တရာယ် မကင်းဘူး၊ မြေပြင်က လမ်းလျှောက်လည်း အန္တရာယ် မကင်းဘူး၊ ရေထဲ သွားပြန်
တော့လည်း အန္တရာယ် မကင်းဘူး၊ အဲတော့ လူ့လောကကြီးဟာ လောဘ ဒေါသ မောဟတွေ ကြီးမားလာလို့
ကြီးထွားလာလို့၊ ဆုတ်ယုတ်ပျက်ပြား လာတယ်ဆိုတာ သေချာတဲ့ အချက် ၁-ခုပဲ။
လက်တွေ့မျက်မြင်နဲ့
ဆင်ခြင် သုံးသပ်ပြီးတော့ ကြည်မယ် ဆိုလို့ရှိရင် နှလုံးရဲ့ အေးချမ်းမှုဆိုတာ အင်မတန်မှ
နည်းလာတယ်၊ လူ့လောကမှာ လူတွေဟာ ယှဉ်ပြိုင်
မှုတွေ များလာတယ်၊ စီးပွား တိုးတက် လာလေလေ ယှဉ်ပြိုင်မှုတွေ များလာလေလေ၊ အင်္ဂလိပ်လိုတော့
tension ခေါ်တာပေါ့၊ တိုးတက်ကြီးထွား လာလို့ရှိရင် tension တွေ ပိုများလာတယ်၊ မြန်မြန်
တိုးတက်လေလေ tension တွေ များလေလေ၊ စီးပွားဥစ္စာ တိုးတက်လေလေ tension များလေလေပဲ၊ လူတွေဟာ
ပိုပြီးတော့ ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။
နဂိုကတော့
ထင်ကောင်း ထင်လိမ့်မယ်၊ မတောင့်မတ မကြောင့်မကျ စီးပွားဥစ္စာတွေ ဖြစ်ထွန်းလို့၊ ပိုက်ဆံတွေ
များများရှိရင် ချမ်းချမ်းသာသာ နေရမယ်၊ စိတ်အေး လက်အေး နေရမယ်လို့ ထင်ကောင်း ထင်မယ်၊
မဟုတ်ဘူး၊ ချမ်းသာတဲ့သူက ပိုပြီးတော့ tension များတယ်နော်၊ သူတောင်းစားကမှ ခွက်ကလေးချပြီး
လမ်းဘေးမှာ အိပ်လို့ ရသေးတယ်၊ ပိုက်ဆံ ချမ်းသာတဲ့သူက ဘယ်အိပ်ရဲမလဲ၊ အဲဒီနေရာမျိုး။ tension ပိုများ လာတာပေါ့၊ စီးပွားရေး
တိုးတက်လာတာ ဆိုရင် တစ်ဖက်က နေပြီးတော့ ကြောင့်ကြစိတ်တွေ ဆိုတာဟာ ပူပန်တတ်တဲ့ စိတ်တွေပဲ၊
ကြောင့်ကြတယ် ပူပန်တယ် ဆိုတာ ဘာပြောတာတုန်း ဆိုလို့ရှိရင် ဒေါမနဿကို ပြောတာ၊ ဒေါမနဿ
ဆိုတဲ့ သဘောတရားက ဒေါသမူစိတ်မှာ ယှဉ်ပြီးတော့ ဖြစ်တယ်၊ ဒေါသနဲ့ ယှဉ်တွဲပြီးတော့ လာတဲ့
ပူပန်ကြောင့်ကြမှု တစ်ခု ဖြစ်တယ်၊ ဒေါသတွေ ဖြစ်နေတယ်။
လူတွေက
စိတ်ဆိုးမှ ဒေါသဖြစ်တယ် ထင်နေတာ၊ မဟုတ်ဘူး၊ ကြောက်ရင်လည်း ဒေါသပဲ၊ မုန်းတီးတာတင် ဒေါသ
မဟုတ်ဘူး၊ စိတ်ဆိုးတာတင် ဒေါသ မဟုတ်ဘူး၊ ကြောက်တာလည်း ဒေါသပဲ၊ ဒါကြောင့်မို့
hatred, fear, anger လို့၊ ဒေါသနဲ့ ပတ်သက်ပြီေးတာ့ အင်္ဂလိပ်လို ပြန်ကြတာ၊ hatred တစ်ခုတည်းတင်
ဒေါသ မဟုတ်ဘူး၊ fear လည်း ဒေါသပဲ၊ စိုးရိမ်ကြတယ်၊ ကြောက်လန့်ကြတယ်၊ ဒေါသနဲ့ ယှဉ်တွဲပြီးတော့
ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေ၊ အဲဒီ စိတ်အခြေအနေတွေ ဖြစ်ပေါ်လာလျှင် peaceful mind
ဆိုတာ ဆုံးရှုံးသွားတယ်၊ အဲဒီတော့ ခန္ဓာကိုယ်က ထွက်လာတဲ့ chemical တွေ ဓာတ်ငွေ့တွေ
ကလည်း ဘယ်အေးချမ်း နိုင်တော့မလဲ။
မအေးချမ်းသည့်
အတွက်ကြောင့် ကမ္ဘာကြီးဟာ ပိုပိုပြီး ပူလာတယ်၊ ဘယ်သူ့ကြောင့် ပူတာတုန်း၊ လူတွေပူလို့
ပူတာနော်၊ လူတွေ ပူလား မပူလားဆို တစ်ယောက် ထိုင်သွားတဲ့နေရာ သွားပြီး ထိုင်ကြည့်ပါလား၊
ပူနေမှာပဲ၊ သေချာတယ်၊ ဒါကြောင့်မို့ ဒါတွေက ကျိုးကြောင်း အနေနဲ့ ဆက်သွယ်ပြီးတော့ နေတာ၊
‘ကမ္မပစ္စယ ဥတုသမုဋ္ဌာနံ’ ကံကို အခြေခံပြီးတော့ ဥတု ရာသီတွေက ပြောင်းလဲနေတယ်၊ ရာသီဥတုပေါ်
မူတည်ပြီး အာဟာရဓာတ်တွေက ပြောင်းလဲနေတာ၊ အာဟာရ ဓာတ်တွေပေါ် မှီနေရတဲ့ လူရဲ့သက်တမ်းဟာ
ဆုတ်ယုတ်မှု၊ တိုးတက်မှုဆိုတာ ဖြစ်တာ။
ဒါကြောင့်မို့
လူ့ရဲ့သက်တမ်းဟာ “အာယုဂဏနာယ နိယမော နတ္ထိ” ဆိုတဲ့အတိုင်း သက်တမ်းရဲ့ အရေအတွက် ဂဏန်းဟာ
မမြဲဘူးတဲ့၊ ဘာလို့ မမြဲလဲ ဆိုလျှင် ခုနကလို ဥတု အာဟာရပေါ်မှာ မှီတည်ပြီး လူတွေရဲ့သက်တမ်းက
တက်လိုက်ကျလိုက်၊ ဒီလို နှစ်မျိုးကြုံနေလို့ မမြဲဘူး။
ယခုခေတ်
၁၀၀ တမ်းလို့ ခေါ်တာဟာ ၁၀၀ တိတိကို ပြောတာ မဟုတ်ဘူး၊ တစ်ရာဆိုတာ ယေဘုယျ စကားတစ်ခု၊
၁၀၀ ရှည်ချင်ရှည်မယ်၊ ၁၂၀ ရှည်ချင် ရှည်မယ်၊
၁၀၀ တမ်းမှာပဲ ၁၆၀ လောက် ရှည်ချင် ရှည်မယ်၊ သို့သော်လည်း ၂၀၀ ထိအောင် ရောက်ဖို့
မရှိနိုင်ဘူးတဲ့၊ ဒီအောက် လျော့ကျပြီးတော့ လာတယ်၊ သတင်းစာ ထဲက နာရေးကြော်ငြာ ဖတ်ကြည့်လိုက်လျှင်
၆၀ ကျော်ဆို သွားကုန်ပြီနော်၊ အဲဒါကြောင့်မို့ တချို့က ၇၅နှစ်တမ်း လို့တောင် သတ်မှတ်တယ်၊
၇၅နှစ်တမ်း၊ ဘာလို့တုန်းဆိုလျှင် အသက် ၅၀ လောက်၊ ၆၀ လောက်ဆိုလျှင် အဘိုးကြီး အဘွားကြီး
ဖြစ်လာပြီနော်၊ ၇၅ နှစ်ဆိုရင် တော်တော့ကို အသက်က ကြီးသွားပြီလို့၊ အေး - သက်တမ်းကုန်ပြီ
ဆိုရင်တော့လည်း ဘယ်သူပဲ ဖြစ်ဖြစ် သေဆုံးရမှာပဲတဲ့၊ ဒါ သက်တမ်းကုန်လို့ သေတာ၊ “အာယုက္ခယ”
လို့ ခေါ်တယ်။
သို့သော်
သက်တမ်းတိုတဲ့ ခေတ်ထဲမှာ ဆေးဝါးတွေ ဓာတ်စာတွေနဲ့ နည်းအမျိုးမျိုးနဲ့ သက်တမ်းရှည်ဖို့
ကြိုးစားနေသူတွေလည်း ရှိတယ်၊ သို့သော် အောင်မြင်တယ် လို့တော့ မကြားရဘူးနော်၊ ရသာယန
ဆေးတွေ ဓာတ်တွေ အားကိုးပြီး အသက်ရှည်ဖို့ ကြိုးစားကြတယ်၊ ဘယ်လိုပဲ ကြိုးစားကြိုးစား၊
မြတ်စွာဘုရားတောင်မှ ၁၀၀ တမ်းမှာ လူဖြစ်လာရပေမယ့် အသက် ၈၀ ပဲ နေရတယ်။ မြတ်စွာဘုရား
ကုသိုလ်ကံကို ပြောမယ်ဆိုရင် အသင်္ချေ ထိအောင် နေနိုင်တဲ့ကံ ရှိသော်လည်းပဲ ဥတု အာဟာရဆိုတဲ့
အကြောင်းပေါ်မှာ အခြေပြု နေရသည့်အတွက် လူရဲ့ သက်တမ်းအတိုင်း သက်တော် ၈၀-မှာ ပရိနိဗ္ဗာန်
စံသွားရတယ်၊ အာယုက္ခယ သက်တမ်းကုန်လို့ သေတယ်တဲ့၊ ဒါ ရိုးရာ သေတာ၊ အသက်ကြီးလို့ သေတယ်လို့
ပြောရမယ်။
သို့သော်
သေပြီဆိုရင်တော့ အကြောင်း တစ်ခုခုတော့ လာတာပဲပေါ့၊ သေဖို့ရာ အကြောင်းတစ်ခုခု ဖြစ်လာတတ်တယ်၊
ဒါကိုလည်းပဲ ဆင်ခြင်စဉ်းစား ထားသင့်တဲ့ အချက်တစ်ချက်ပဲ၊ “ဘဝအရေးဝယ် ထာဝရ တွေးထားရမည့်
အချက်များ” ဆိုပြီး ဘုန်းကြီးတို့ ဟောထားတဲ့ တရားတစ်ပုဒ် ရှိတယ်၊ “မရဏဓမ္မော မှိ မရဏံ
အနတီတော” ငါဟာ သေခြင်းသဘော ရှိတယ်၊ သေခြင်းဆိုတဲ့ သဘာဝကို ငါ ကျော်ဖြတ်ပြီး မသွားနိုင်ဘူး၊
ခုန်ကျော်လို့ မရဘူး ဆိုတဲ့အချက်ကို တွေးရမယ်တဲ့၊ မတွေးဘဲ မနေရဘူး၊ မြတ်စွာဘုရားက
“အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ” တဲ့၊ မပြတ်မလပ် ဆင်ခြင်ပေးရမယ်၊ ဒီလို ဆင်ခြင်ပေးတာ အကျိုးရှိတယ်၊
ရှေးဆရာတော်ကြီး တွေလည်း “သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွား များမြောင်၊ အကျိုးဆောင်
သည်၊ အိုအောင် အောက်မေ့ စီးဖြန်းကြ” တဲ့။
“စီးပွား”
ဆိုတာ ပစ္စည်းဥစ္စာတွေ တိုးတက်တာကို ပြောတာ မဟုတ်ဘူးနော်၊ စီးပွား ဆိုတာ အကျိုး ကျေးဇူးတွေ
ဖြစ်ထွန်းစေနိုင်တယ်လို့ ပြောတာ၊ သေခြင်းတစ်ပါး ဤတရားကား စီးပွားများမြောင် အကျိုးတရားတွေ
မြောက်မြားစွာ ရနိုင်တယ်၊ ဒီဘဝတင်ပဲ ဘာအကျိုး ရတုန်း ဆိုလို့ရှိရင် သေဆုံးတဲ့ အခါမှာ
ရဲရဲဝံ့ဝံ့ သေဝံ့ တယ်ပေါ့၊ သေခြင်းတရားကို ရင်ဆိုင်ဝံ့တယ်၊ အဲဒီ မကြောက်မရွံ့ ရင်ဆိုင်ဝံ့တာ
ကိုက အကျိုးကျေးဇူး တစ်ခုပဲ၊ ကြောက်ကြောက်လန့်လန့်နဲ့ သေသွားရတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ
ဘယ်လိုလုပ်ပြီး ကောင်းရာ သုဂတိ ရောက်နိုင်မှာတုန်း၊ အေးအေးချမ်းချမ်း လုပ်နိုင်မှာ
မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ ရဲရဲဝံ့ဝံ့ ပြုံးပြုံးရွှင်ရွှင်နဲ့ သေခြင်းတရားကို ရင်ဆိုင်သွားနိုင်အောင်
လေ့ကျင့်ထားရမယ်လို့ ဒီလို ပြောတာနော်။
မရဏဿတိ
ဆိုတာ တချို့က “အမယ်လေး မင်္ဂလာမရှိ ဘာမရှိနဲ့” ဆိုပြီး အမင်္ဂလာ လို့ ထင်နေတယ်၊ အမင်္ဂလာ
ဆိုတာ အဲဒါကိုခေါ်တာ မဟုတ်ဘူး၊ “အကုသိုလ် လုပ်နေတာမှ အမင်္ဂလာအစစ်”၊ သို့သော် အကုသိုလ်လုပ်တာကျတော့
အမင်္ဂလာလို့ မထင်ဘူး၊ မင်္ဂလာလို့ ထင်နေသေးတယ်၊ သေတာကျတော့ အမင်္ဂလာလို့ ထင်တယ်၊ အေး - သေခြင်းအကြောင်း ပြောလို့ရှိရင် နိမိတ်မရှိ၊ နမာမရှိလို့
လူတွေက ပြောကြတယ်နော်။
မြတ်စွာဘုရားကတော့
‘သေခြင်းတစ်ပါး၊ ဤတရားကား စီးပွားများမြောင် အကျိုးဆောင်သည်၊ အိုအောင် အောက်မေ့ စီးဖြန်းကြ’
ဆိုတဲ့အတိုင်း တစ်သက်လုံး စီးဖြန်းလို့ ဒီလိုပြောတာ၊ စီးဖြန်း ခိုင်းတာ၊ စီးဖြန်းတယ်ဆိုတာ
စိတ်ကို လေ့ကျင့် ပေးထားတာ။
အာဠဝီပြည်
မြတ်စွာဘုရား ကြွပြီးတော့ တရားဟောတာ၊ မရဏဿတိ ကမ္မဋ္ဌာန်းကို ဟောခဲ့တာပဲ၊ အဲသလို မရဏဿတိ
ကမ္မဋ္ဌာန်းကို ဟောလိုက်တဲ့ အခါမှာ ထောင်ပေါင်းများစွာသော ပရိသတ်တွေ လာပြီး နာပေမယ့်လို့
ပရိသတ်ထဲမှာ ပရဏဿတိ ဘာဝနာကို လေ့ကျင့်တဲ့ ပုဂ္ဂိုလ်က တစ်ယောက်တည်းပဲ ရှိတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက
မလေ့ကျင့်ကြဘူး၊ နာပြီး ပျောက်သွားတာပဲ။
လေ့ကျင့်တာကတော့
ရက္ကန်းသည်ရဲ့ သမီးကလေး တစ်ယောက်ပဲ၊ မြတ်စွာဘုရား ဟောထားတဲ့ တရားကို စွဲစွဲမြဲမြဲ မှတ်သားပြီးတော့
သေခြင်းတရားကို အမြဲတမ်း ဆင်ခြင်တယ်၊ သူတစ်ယောက်ပဲ ရှိတယ်တဲ့၊ ဒါကြောင့်မို့ မြတ်စွာဘုရား
ကြွလာလို့ မေးခွန်းမေးတဲ့ အခါကျတော့ အမှန်ဖြေနိုင်တာ သူတစ်ယောက်ပဲ ရှိတယ်၊ ကျန်တဲ့သူတွေ
ဘာဖြေရမှန်း မသိဘူး၊ ဖြေလိုက်ရင် အလွဲချည့်၊ မေးခွန်း ၄-ပုဒ်၊ အားလုံးသိကြတဲ့အတိုင်း။
အဲဒီ
သတို့သမီးလေး လာတဲ့အခါ မြတ်စွာဘုရားက သူ့အနားလာဖို့ အရိပ်အယောင် ပြတော့ အမျိုးသမီးက
ဘုရားနားလေးထိအောင် လာပြီး ဝတ်ပြုတယ်။ မြတ်စွာဘုရားက မေးတယ် - “ဘယ်က လာတာတုန်း” လို့မေးတယ်၊
သေခြင်း တရားကို ဆင်ခြင်စဉ်းစားမှု မပြုတဲ့ ပုဂ္ဂိုလ်တွေကတော့ အိမ်က လာတယ်လို့ပဲ ထင်တယ်၊
မြတ်စွာဘုရားက မေးလိုတာက ဘယ်ဘဝက လာခဲ့တာတုန်းလို့မေးတာ၊ အဲဒီတော့ ဘယ်ကလာတာတုန်း ဆိုတော့ သူက အဖြေမှန်ပေးနိုင်တယ်
- “မသိပါ ဘုရား” … ဟော သေခြင်းတရားကို သူ စဉ်းစားထားတာကိုး၊ ဘယ်ဘဝက လာခဲ့တာတုန်းဆိုတဲ့
မေးခွန်းလေးကိုဖြေတာ၊
“ဘယ်က
လာတာတုန်း?”
“မသိပါဘုရား”၊
ဟ - ဘယ်လိုတုန်း
အိမ်ကလာတာ သိလျက်သားနဲ့ ဘယ်နှယ့်ကြောင့် မသိဘူး ဖြေရတာတုန်း သူတို့က ထိုအမျိုးသမီးလေးဖြေတဲ့
အဖြေကို အဖြေမှားလို့ ထင်နေကြသေးတယ်နော်။
“ဘယ်သွားမလို့တုန်း”
လို့ မြတ်စွာဘုရား မေးတဲ့အခါ
“မသိပါဘုရား”၊
ကျန်တဲ့သူတွေက
“ဟာ ရက္ကန်းရုံ
သွားမလို့၊ ဘယ့်နှယ်ကြောင့် မသိပါဘုရား ဖြေရတာလဲ”
ဒီလိုတွေ
ဖြစ်ကြပြန်တာပေါ့၊ အဲဒီတော့ တရားသိတဲ့သူနဲ့ မသိတဲ့သူဟာ အဖြေထုတ်ရင် တစ်မျိုးစီ ထွက်လာမှာပဲဆိုတာ
ထင်ရှားတာပေါ့၊
“မသိဘူးလား”
လို့ မေးတဲ့အခါ
“သိပါတယ်ဘုရား”
တဲ့၊
ဒီတော့
ရီစရာ လုပ်သလိုဖြစ်နေတယ်၊
“မသိဘူးလား”
ဆိုမှ
“သိပါတယ်”၊
“သိရဲ့လား”
ဆိုတော့
“မသိပါဘုရား”
တဲ့၊ ဟောဒီလို ဖြေတာကိုး။
မသိဘူးလားဆိုတော့
“နင်သေရမှာ
မသိဘူးလား”
“သိပါတယ်”
တဲ့၊
“ဒါဖြင့်
ဘယ်နေ့ ဘယ်ရက် သေမှာဆိုတာ သိရဲ့လား” လို့ဆိုတော့
“မသိပါဘုရား”
လို့ ဖြေတာ။
ဒီမေးခွန်း
တိုတိုလေးဟာ မြတ်စွာဘုရားက စောစောကလည်း သင်ထားပေးခဲ့ပုံ ရပါတယ်၊ ကျန်တဲ့ သူတွေက မေ့ကုန်တာ
ဖြစ်လိမ့်မယ်၊ ဘဝတစ်ခုဟာ သေဆုံးခြင်းနဲ့ အဆုံးသတ်ပြီး နောက်ဘဝတစ်ခု ထပ်ပြီး ခရီးဆက်ပြီး
နေကြတာဖြစ်လို့ သံသရာ ခရီးသွားနေတဲ့ အကြောင်းကို မြတ်စွာဘုရား မေးခွန်း ၄-ခုနဲ့ ပုစ္ဆာ
ထုတ်တာတဲ့။
အဲဒီတော့
လောက လူတွေဟာ သေကြရမှာ ဆိုတာတော့ လူတိုင်း သိတယ်၊ သို့သော် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်
ဘယ်နေရာမှာ သေမယ်ဆိုတာ မသိဘူးလို့ ဒီလိုပြောတာနော်၊ ဘာမှ မသိနိုင်ဘူး။
အခု လမ်းလာရင်းတောင်မှ
လမ်းမှာ မိန်းကလေး တစ်ယောက်ကို ကားတိုက်သွားတာ တွေ့ခဲ့ရတယ်၊ ကြည့် ဒီကနေ့လည်း သေခြင်းအကြောင်း
ဟောမယ်ဆိုမှ လမ်းမှာ သေသလား၊ ရှင်သလားတောင် မသိဘူး၊ ကားတိုက်သွားတာ။
လူတွေကလည်း
ညကျလို့ရှိရင် လမ်းလယ်ခေါင်မှာ ရပ်ပြီးတော့ နေကြတယ်၊ ဟိုဘက်ကကား ဒီဘက်ကား လာတဲ့နေရာ
လမ်းပေါ်မှာ ရပ်ပြီးတော့နေတာ အလွန်မှ အန္တရာယ် များတယ်၊ ဟိုဘက်က ကားမီးကထိုးလိုက်၊
ဒီဘက်က ကားမီးလာထိုး လိုက်နဲ့ အလယ်ခေါင်မှာ ပျောက်နေတယ်၊ အဲဒီ အချိန်မှာ ကျော်တက်တဲ့
ကားနဲ့ တွေ့လို့ရှိရင် တိုက်သွားမှာပဲ။
အရင်တုန်းက
ဘုန်းကြီးတစ်ပါးလည်း ဒီလိုပဲ၊ လမ်းလယ်ခေါင် ရပ်နေတုန်း ကားတိုက် သွားဖူးတယ်၊ ကြုံရဖူးတယ်၊
အဲဒါကြောင့်မို့လို့ ခရီးလမ်းသွားတဲ့ ပုဂ္ဂိုလ်တွေ အန္တရာယ်ကို သတိထား သင့်တယ်ပေါ့၊
ကူးမယ်ဆိုလျှင် မြန်မြန်ကူး၊ တချို့က ကိုယ့်အိမ်ပေါ်ကိုယ် လမ်းလျှောက်နေသလိုပဲ ကူးနေတာ၊
အဲတော့ ကားလာတဲ့ ဘက်ကို မကြည့်ဘူး၊ ကိုယ်ကြည့်ချင်တဲ့
ဘက်ကို ကြည့်ပြီး ကူးတယ်၊ တချို့က နားကြပ်လေး တပ်ပြီး သီချင်းနားထာင်ပြီး သွားတာ ရှိသေးတယ်နော်၊
အန္တရာယ် အလွန်များတယ်ပေါ့၊ ကူးမယ်ဆိုရင် နှစ်ဘက် ရှင်းတဲ့အချိန် ခပ်သုတ်သုတ်ကူး၊ ဟိုဘက်
ရောက်တော့မှ အေးအေး ဆေးဆေးနေ၊ အဲသလို မဟုတ်ဘူး၊ လမ်းလယ်ခေါင် မတ်တပ်ကြီးတွေ ရပ်လို့၊
ဝတ်ထားတဲ့ အဝတ်က အနက်ရောင် ဆိုတော့ ပိုဆိုးသေး၊ မှောင်ကြီးထဲမှာ။
အေး
- သေခြင်းရဲ့ အကြောင်းတရားတွေက အလွန်ပဲ များတယ်၊
သက်တမ်းစေ့လို့ သေတာကတော့ ထားတော့၊ ဘဝတစ်ခု ချုပ်ငြိမ်းသွားတာ၊ သက်တမ်းစေ့လို့ သေတာတဲ့နော်၊
နံပါတ်-၁ သေခြင်းက သက်တမ်းစေ့လို့ သေတာတဲ့နော်၊ သက်တမ်း စေ့အောင် နေပြီး သေရတဲ့လူဟာ
လောကမှာ အလွန် နည်းတယ်လို့ ပြောရမှာပေ့ါ။
နောက်တစ်ခုက
ဘာကြောင့် သေကြရတုန်း ဆိုရင် ကမ္မက္ခယေန - လူ့ဘဝကို ပို့ပေး လိုက်တဲ့ ကံက အလွန် အားနည်းတဲ့ကံ
ဖြစ်နေတယ်၊ ထိုကံက ဘဝတစ်ခု ဆုံးသည် ထိအောင် ဆက်လက်ပြီးတော့ မထိန်းနိုင်ဘူးတဲ့၊ ဆိုပါစို့
- လူ့ဘဝကို ပို့ပေးလိုက်တဲ့ ကံက အားနည်းသည့် အတွက်ကြောင့် လူ့ဘဝ သက်တမ်းမှာ ၁၀၀ တမ်း
ဖြစ်ပေမယ့်လို့ ထိုပုဂ္ဂိုလ်က ၂၀-၃၀ လောက်နဲ့ သေသွားတယ်၊ ဘာဖြစ်လို့တုန်း၊ ရှေ့ဆက်နေဖို့ရာ
သူ့မှာ ကံ မရှိတော့ဘူး, ကံရဲ့ထောက်ပံ့မှုကို မရတော့ဘူး၊ ဒီလို ကံကုန်လို့ သေရတဲ့ ပုဂ္ဂိုလ်မျိုးက
ရှိသေးတယ်၊ ဘာကြောင့် ရယ်လို့ မဟုတ်ဘဲနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတဲ့ ပုဂ္ဂိုလ်တွေနော်၊
ကံကုန်လို့ သေတယ်လို့ ဒီလိုပြောရမယ်၊ အဲသလို ပုဂ္ဂိုလ်များလည်း ရှိတယ်။
သက်တမ်းမစေ့ခင်
ခုနက ဥပစ္ဆေဒက တို့ ဘာတို့ တစ်စုံတစ်ခုသော အကြောင်းကြောင့် မဟုတ်ဘဲနဲ့ သတ်တမ်းမစေ့ခင်ပဲ
ရောဂါရသည် ဖြစ်စေ၊ အကြောင်း တစ်ခုခုကြောင့် ဖြစ်စေ သေဆုံးပြီးတော့ သွားကြတယ်၊ ကမ္မယ္ခယ
တဲ့၊ ကုသိုလ်ကံက ဒီလောက်ပဲ သူ့ကို အသက် နေခွင့်ပေးလို့ ငယ်ငယ်နဲ့ သေသွားကြတယ်၊ ဒီလို
ပုဂ္ဂိုလ်မျိုးတွေလည်း ရှိတာပဲ။
နောက်တစ်ခုက
“ဥဘယက္ခယ” တဲ့၊ ဥဘယဆိုတာ နှစ်မျိုးစုံ၊ သက်တမ်းကလည်း ကုန်တယ်၊ ကံကလည်း ကုန်တယ် တဲ့၊
“မီးစာကုန် ဆီခမ်း” လို့ ပြောကြတယ် ဗမာပြည်မှာ၊ အော် - သူကတော့ မီးစာကုန် ဆီခန်းပဲတဲ့၊
မီးစာလည်း ကုန်တယ်၊ ဆီလည်း ခမ်းသွားတယ်၊ ဒီ မီးတောက်ကလေး ငြိမ်းသွားတယ်၊ သက်တမ်းလည်းကုန်
ကံလည်းကုန်လို့ သေဆုံးသွားတယ်။
နောက်
စတုတ္ထတစ်ခုက “ဥပစ္ဆေဒကကံ” ၊ ဥပစ္ဆေဒက ဆိုတာ ဆက်လက် ရှင်သန်ခွင့် မပေးဘဲ ဖြတ်တောက်ပစ်တဲ့
ကံ သို့မဟုတ် အကြောင်းတရား တစ်ခုခု၊ ဒီဘဝ မိမိလုပ်တဲ့ အကုသိုလ် ကံကြောင့် ဖြစ်စေ, အတိတ်က
ပါလာတဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ လူတွေဟာ သေနေ့မစေ့ခင် သေကြတာ ရှိတယ်။
များသောအားဖြင့် ပြောကြတာတော့ သေတယ်ဆိုရင် သေနေ့ စေ့လို့ သေတယ်လို့ ပြောနေကြတယ်နော်၊
ဒီတော့ သေရမှာက ဥပမာ - လူ့ရဲ့သက်တမ်းက ၁၀၀-ဆိုရင် သူ့သေနေ့က ၁၀၀ ပြည့်မှ သေရမှာပေါ့၊
ဘဝတစ်ခုမှာ ကံက အကျိုးမပေးဘူး၊ အဲဒီလောက် ထိအောင် မရှိဘူးဆိုရင်တော့ ဒီထက်တိုပြီးတော့
သေမှာပဲ၊ သို့သော် လူဟာ အသက်လည်း ရှင်နိုင်တယ်၊ ကံကလည်း ရှိနေသေးတယ်၊ ဖြတ်တောက်ပြီးတော့
ဝင်ရောက်လာတဲ့ အကြောင်း တစ်ခုခု နှိပ်စက်လိုက်လို့ သေသွားတာမျိုးပဲ။
ဥပေစ္ဆဒက
ကံနဲ့ သေတယ်ဆိုတာ accident နဲ့ သေတာမျိုးကို ခေါ်တာ၊ accident နဲ့ သေတာမျိုးလည်း ဥပေစ္ဆဒက
ကံထဲမှာ ထည့်တယ်နော်၊ အတိတ်ဘဝ ကံကြောင့် ဖြစ်စေ ပစ္စုပ္ပန် လုပ်ရပ်ကြောင့် ဖြစ်စေ လူတစ်ယောက်မှာ
ကြားကာလမှာ လူသတ် ခံရတယ်၊ သူများရဲ့ လုံ့လ ပယောဂ၊ သူများလက်ချက်နဲ့ သေတာ၊ ကိုယ့်လက်ချက်နဲ့
ကိုယ့်ဟာကိုယ် suicide လုပ်တယ်၊ ကိုယ့်ကိုယ်ကို သတ်သေတယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ
ဥပေစ္ဆဒက ကံလို့ ပြောရမယ်၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်သွားတာ၊ ကားတိုက်လို့
သေတယ်။ ဒါလည်း ဥပေစ္ဆဒကကံ၊ လေယာဉ်ပျံ ပျက်ကျလို့ သေတယ်၊ သင်္ဘောနစ်လို့ သေတယ်၊ မုန်တိုင်းတိုက်လို့
သေတယ်၊ သစ်ပင်လဲကျပြီး ပိသွားလို့ သေတယ်၊ မျိုးစုံပဲ၊ ဥပေစ္ဆဒကကံရဲ့ ဘဝတစ်ခုရဲ့ အကြောင်းကံ
တစ်ခုကို ဖြတ်တောက် ပစ်လိုက်တာလို့ ပြောတာ၊ ဥပေစ္ဆဒကဆိုတာ ဖြတ်တောက် ပစ်လိုက်တာ။
အဲဒီထဲမယ်
အကုသိုလ် ကံကြောင့် မိမိရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကြောင့် ကိုယ့်ဘဝ တစ်ခုလုံးကို ဖြတ်တောက်ပြီးတော့
သေသွားတယ်ဆိုတာ လူတွေတောင် မကဘူး၊ နတ်တွေလည်း ရှိတာပဲ၊ ဥပေစ္ဆဒက ကံနဲ့ သေတယ်ဆိုတာ နတ်တွေမှာလည်းရှိတယ်။
ကကုသန်
မြတ်စွာဘုရား လက်ထက်က ဒုဿီဆိုတဲ့ မာရ်နတ်ကြီး ရှိတယ်၊ အဲဒီ မာရ်နတ်ဟာ ရှင်မဟာမောဂ္ဂလာန်ရဲ့
အတိတ်ဘဝ တစ်ခုပဲ၊ အဲဒီ ဒုဿီမာရ်နတ် အကြောင်းကို မဇ္ဈိမပဏ္ဏာသ၊ မာရသဇ္ဇနီယ (မာရ်နတ်ကို
ကြိမ်းဝါးခြင်း) ဆိုတဲ့ သုတ်မှာရှိတယ်၊ အဲဒီသုတ္တန် စဖြစ်လာပုံက တစ်နေ့တော့ ရှင်မောဂ္ဂလာန်
တောရကျောင်းလေးမှာ သီတင်းသုံးနေစဉ် ရှင်မောဂ္ဂလာန်ရဲ့
ဗိုက်ထဲ မာရ်နတ်က ဝင်နေတယ်၊ ရှင်မောဂ္ဂလာန်က ဗိုက် လေးတေး လေးတေး ဖြစ်နေလို့ ဘာများ
ဖြစ်နေတုန်း ဆိုပြီး အာရုံပြု ကြည့်တယ်၊ မာရ်နတ်ကလည်း
ကိုယ်အလေးချိန် များတယ် ထင်တယ်၊ သေးသေးလေး
ဖန်ဆင်းထား ပေမယ့်လို့ သူ့ကိုယ်အလေးချိန် ရှိပုံရတယ်၊ ဗိုက်ထဲမှာ လေးတေး လေးတေးမို့
လမ်းလျှောက်ရင်း ကနေ ကျောင်းထဲ ဝင်ထိုင်ပြီး ငါ့ ဗိုက်ထဲ ဘာဖြစ်နေတုန်း ကြည့်လိုက်တဲ့အခါ
မာရ်နတ်က ဝင်နေတာ တွေ့ရတယ်၊ အဲဒီတော့ ပြောတယ်၊
“ဟဲ့ မာရ်နတ်၊ နင် ငါ့ကို မညှဉ်းဆဲချင်နဲ့၊ ဘုရားကိုလည်း မညှဉ်းဆဲချင်နဲ့၊ ဘုရားရဲ့
တပည့်တွေကိုလည်း မညှဉ်းဆဲချင်နဲ့၊ မင်းကို ငါမြင်တယ်၊ ထွက်” လို့ ပြောတာ၊ အဲဒါကို မာရ်နတ်က
ဒီကိုယ်တော်ကြီး ရမ်းပြောတာ နေမှာပါ၊ သူ မမြင်လောက်ပါဘူးလို့ ထင်တယ်၊ မသွားဘဲနဲ့ တံခါးကြားမှာ
ရပ်နေသေးတယ်။
အဲဒီမှာ
ရှင်မောဂ္ဂလာန်က ဒီကောင် မဟုတ်တရုတ်တွေ ကြံနေပြီ၊ ဒုက္ခတွေ ပေးတော့ မယ်နဲ့ တူတယ် ဆိုပြီး
သူ့ကို ချော့တဲ့ အနေနဲ့ ဆွေမျိုးစပ်တယ်၊ “အရင် ဘဝတုန်းက မင်းက ငါ့တူပါ တဲ့၊ အရင် ဘဝတုန်းက ငါ့ရဲ့နှမက ကာဠီလို့ ခေါ်တယ်၊ မင်းက ကာဠီရဲ့သား” တဲ့။
အဲဒီတော့
နတ်ပြည်မှာ သားတွေသမီးတွေ ရှိသလားလို့ မေးမယ် ဆိုလို့ ရှိရင် ရှိတယ်၊ လူတွေလို မွေးဖွားလာတဲ့
သားသမီးတော့ မရှိဘူး၊ သိကြားမင်းမှာ သားတွေ ရှိတယ်၊ အဲဒီ သားတွေက ဘယ်လိုလုပ် ရတဲ့သားတုန်း
လို့ဆိုရင် ဒီဘဝက ကုသိုလ်ကောင်းမှု လုပ်တဲ့ ပုဂ္ဂိုလ်အမျိုးမျိုး ရှိတဲ့ အထဲမယ် သိကြားမင်း
သားဖြစ်ရမယ့် ပုဂ္ဂိုလ်က သိကြားမင်းရဲ့ ရင်ခွင်ထဲမှာ ဘွားကနဲ ပေါ်တာ၊ “ရင်ခွင်ထဲမှာ
ပေါ်လို့ရှိရင် သား” လို့ သတ်မှတ်ရတယ်၊ အဲသလို သားမျိုး ရှိတာပေါ့နော်၊ တခြား နေရာတွေမှာ
ဖြစ်ရင် တခြား အမျိုးအစားထဲမှာ ပါတာပေါ့။
အဲဒီတော့
ကာဠီရဲ့သားဆိုတာ ကာဠီနတ်သမီးရဲ့ ရင်ခွင်ထဲမှာ သွားဖြစ်လို့ ကာဠီရဲ့ သားလို့ ခေါ်လိုက်တာပေါ့၊
အဲဒီ ဒုဿီဆိုတဲ့ မာရ်နတ်က ဘယ်လောက်တောင် ဆိုးတုန်း ဆိုလို့ရှိရင် ကကုသန်မြတ်စွာဘုရား
လက်ထက်က လူတွေကို သူက စူးစမ်းချင်တယ်၊ သုတေသနသမားနဲ့ တူပါတယ်၊ စူးစမ်းချင်တယ်၊ “ဒီရဟန်းတွေကို
ဒကာဒကာမတွေက သိပ်ပြီးတော့ လှူအောင် လုပ်ရင် သူတို့ ဘာဖြစ်မလဲ” ဆိုပြီးတော့ လူတွေရဲ့
ခန္ဓာကိုယ်ကို ဝင်ပူးပြီးတော့ ရဟန်းတွေကို လှူကြတယ် ပူဇော်ကြတယ် ရှိခိုးကြတယ် ကိုးကွယ်ကြတယ်၊
အဲဒါတွေကို လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲ အောင် လုပ်တယ်။
လူတွေဟာ
ဘုရားသွား ကျောင်းတက် လှူကြ တန်းကြ ဒီလိုနေကြတာ၊ သေတဲ့လူတွေ နတ်ပြည် ရောက်တယ်၊ တော်တော်များများ
နတ်ပြည် ရောက်ကြတယ်၊ သူ့ရဲ့ သွေးဆောင် ဖြားယောင်းမှုနဲ့ လူတွေက ကုသိုလ်လုပ်ကြတယ်။
အဲလို
လုပ်တဲ့အခါမှာ မြတ်စွာဘုရားက စိတ်ဓာတ်ရေးရာပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘာနဲ့ ခုခံခိုင်းတုန်း
ဆိုလို့ရှိရင် အသုဘ ကမ္မဋ္ဌာန်းပေးပြီး “အသုဘသညာ”
ကို ပွားခိုင်းထားတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ ဒကာ ဒကာမတွေက ပူဇော်ကြ ကိုးကွယ်ကြတဲ့အခါ
လောဘတွေ ဖြစ်မှာစိုးလို့၊ မဖြစ် ရအောင် အသုဘကမ္မဋ္ဌာန်း ပေးထားတယ်၊ အဲဒါနဲ့ ခုခံထားတော့
ရဟန်းတွေက တုန်လှုပ်မှု မရှိဘူး။
မရှိတော့တစ်ခါ
သူက technique ပြောင်းတယ်၊ ရဟန်းတွေ တုန်လှုပ်အောင် ဒီတစ်ခါတော့ လူတွေရဲ့ ကိုယ်ထဲကို
ဝင်ပူးပြီးတော ရဟန်းတွေကို ဆဲမယ် ခဲနဲ့ ပေါက်မယ်၊ မလှူဘူး မတန်းဘူး၊ အရိုအသေ မပေးဘူး
အဲသလိုဖြစ်အောင် ပြောင်းပြန် တယ်၊ ပြောင်းတဲ့အခါကျတော့ မြတ်စွာဘုရားကလည်း ရဟန်းတွေကို
ဆုံးမတယ်၊ မေတ္တာဘာဝနာ ပွားပြီးတော့ နေကြလို့ ရဟန်းတွေ ဘာမှမဖြစ်ဘူး၊ လူတွေကတော့ ရဟန်းတွေ
တွေ့ရင် ဆဲကြ ရေးကြ ခဲနဲ့ပေါက်ကြနဲ့ အဲသလိုလုပ်တယ်၊ အဲသလို လုပ်လည်း ရဟန်းတွေက မေတ္တာဘာဝနာ
ပွားနေသည့်အတွက်ကြောင့် ဘာမှ တုန်လှုပ်ခြင်းမရှိ။
ပြောင်းလဲမှုမရှိတဲ့
အနေအထားကို မြင်ရတဲ့အခါ မာရ်နတ်ကြီးက စိတ်တိုလာတယ်၊ သူလုပ်တာတွေ မအောင်မြင်တော့ သူဘာလုပ်တုန်း
ဆိုတော့ ကလေးတစ်ယောက်ကို ဝင်ပူးပြီးတော့ ရဟန္တာတစ်ပါးကို ခဲနဲ့ ပေါက်တယ်၊ သက်သက်မဲ့နော်၊
ခဲနဲ့ပေါက်တဲ့ အခါကျတော့ ခေါင်းမှန်ပြီး ခေါင်းကွဲသွားတယ်၊ သွေးတွေဖြာထွက် လာတဲ့အခါ
ကကုသန်မြတ်စွာဘုရားက သိလိုက်တော့ ဒါ ကလေး ပေါက်တာ မဟုတ်ဘူး၊ မာရ်နတ် ပေါက်တာဆိုတာ သိတယ်။
အဲဒီတော့
မြတ်စွာဘုရားက တစ်ကိုယ်လုံး နောက်လှည့်တယ်၊ ဘုရားကိုယ်တော်မြတ် များဟာ နောက်ကိုလှည့်လို့ရှိရင်
ဇက်ကနေပြီး နောက်လှည့်ကြည့်လို့ မရဘူးတဲ့၊ “နာဂါမလောကိတ” လို့ခေါ်တယ်၊ ဆင်များဟာ နောက်ကိုကြည့်ချင်ရင်
တစ်ကိုယ် လုံး လှည့်ရတယ်၊ ဆင်ရဲ့ဇက် တိုတိုလေးရယ်၊ ဘယ်လိုလုပ် လှည့်ကြည့်လို့ ရမတုန်း၊
ခွေးတို့ ဆိတ်တို့ကျတော့ နောက်လှည့်လို့ ရတာပေါ့နော်၊ ဆင်ကျတော့ ကြည့်ချင်တယ် ဆိုလျှင်
တစ်ကိုယ်လုံးကြီး လှည့်ရတယ်။
အဲဒါလိုပဲ
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး တစ်ကိုယ်လုံး နောက်လှည့် လိုက်ပြီး ခဲပေါက်တဲ့
မာရ်နတ်ကို ကြည့်ပြီးတော့နော်၊ “အေး ဒုဿီမာရ်နတ် မင်း အတိုင်းအတာတွေ လွန်လာပြီ” ဒါပဲ
ဘုရားက ပြောတယ်၊ တစ်ဖက်ကတော့ သူလုပ်တာ မဟုတ်ဘူးလို့ ထင်ကောင်း ထင်မယ်၊ မြတ်စွာဘုရားက
အဲသလို လုပ်လည်း မိန့်ကြားပြီတော့ ဆက်ကြွသွားတယ်။
ဘုရားက
မျက်နှာကို ဟိုဘက်လည်း လှည့်လိုက်တာနဲ့ တစ်ပြိုင်နက် မာရ်နတ်ကြီးဟာ ပူလှချည်ရဲ့ လောင်လှချည်ရဲ့ဆိုပြီးတော့
ချက်ချင်း မြေမြိုသွားတာ၊ ဒါ သူလုပ်တဲ့ လုပ်ရပ်က အလွန်ကို ဆိုးဝါး ယုတ်မာသွားပြီ၊ အင်မတန်
စင်ကြယ်မြင့်မြတ်တဲ့ ရဟန္တာတစ်ပါးကို သူက ပစ်မှားလိုက်တာကိုး၊ အဲဒီ မာရ်နတ်ကြီးဟာ ချက်ချင်း အဝီစိငရဲ ကျသွားတယ်၊ ဒါ
ဥပေစ္ဆဒကကံကြောင့် ချက်ချင်း အကျိုးပေးသွားတာ။
အလားတူ
ဟာတွေလည်း ရှိတယ်၊
အားလုံးလည်း
သိကြပါတယ်၊
စိဉ္စမာန
မြေမြိုသွားတာတို့၊
ဒေဝဒတ်
မြေမြိုသွားတာတို့၊
ဒေဝဒတ်ရဲ့
အဖေ သုဗ္ဗဗုဒ္ဓဘုရင်ကြီး မြေမြိုသွားတာတို့၊
အင်မတန်စင်ကြယ်တဲ့
ပုဂ္ဂိုလ်တွေကို ပစ်မှားလို့ရှိရင် ချက်ချင်းကြီး ဥပစ္ဆေဒက ကံက ဖြတ်တောက် ပစ်လိုက်တာနော်၊
ဖြတ်ချပစ်လိုက်ပြီးတော့ ဆိုးဝါးတဲ့ ဘဝတစ်ခုကို ရောက်သွားစေတယ်။
အေး
- အဲလိုမျိုးပဲ အလားတူ ဝတ္ထုတစ်ခုကို ဇာတက story တွေမှာ တွေ့ရမယ်၊ ဥပေစ္ဆေဒကကံလို့
ပြောရမယ်၊ “စတုဒွါရဇာတ်” ဆိုတာရှိတယ်၊ စတုဒွါရဇာတ်ဆိုတာ တံခါးလေးပေါက်လို့ အမည် ပေးထားတာ
ရှိတယ်၊ အဲဒီဇာတ်လမ်းက ကဿပ မြတ်စွာဘုရား လက်ထက်တော် အခါတုန်းက ကဿပ မြတ်စွာဘုရားရဲ့
တရားကို နာပြီေးတာ့ မိခင် ဖခင်တွေက သောတာပန်ဖြစ်ပြီး တကယ့် သူတော်ကောင်းတွေ၊ သားလေးတစ်ယောက်
မွေးထားတယ်၊နာမည်က မိတ္တဝိန္ဒက တဲ့၊ အဲဒီ မွေးထားတဲ့ သားလေးကို မိခင်ကြီးက သားလေးကို
ချစ်လို့ ဆုံးမတယ်၊ “ငါ့သား ဘုရားပွင့်တဲ့အချိန် ရောက်နေတယ် တရားဓမ္မတွေနာ၊ အလှူအတန်းတွေလုပ်၊
ဥပုသ် သီတင်းလေးစောင့်၊ တရားလေးနာ” လို့ ပြောတာ သူက လုံးဝ လက်မခံဘူး၊ ဘာလုပ်ဖို့လဲ
ဥပုသ်စောင့်တာ, ဘာလုပ်ဖို့ တရားနာရမှာလဲ ဆိုတာ ငြင်းပယ်တယ်။
အဲတော့
အမေကြီးကတော့ သားလေးကို ချော့မော့ပြီးတော့ တစ်နေ့ကျတော့ “ငါ့သား၊ ဒီကနေ့ ဥပုသ်နေ့ ကျောင်းသွားပြီးတော့ ဥပုသ်စောင့်ခဲ့၊
တစ်ညတော့ ဥပုသ်စောင့်ခဲ့၊ မင်းပြန်လာလို့ရှိရင် ငါငွေ ၁၀၀၀ ပေးမယ်”၊ အဲဒီတော့ ငွေ ၁၀၀၀
ပေးမယ်ဆိုတာနဲ့ ငွေ ၁၀၀၀ ရချင်တာနဲ့ ကျောင်းသွား၊ ကျောင်းမှာ ရောက်တဲ့ အခါတော့ တရားပွဲတွေ
ဘာတွေရှိတယ်၊ ဒါပေမယ့် တရားသံ မကြားရလောက်တဲ့ နေရာသွားပြီး ချောင်ပိတ် အိပ်နေတယ်၊ နားထဲ
ဂွမ်းဆို့ပြီး အိပ်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။
မိခင်လုပ်တဲ့
ပုဂ္ဂိုလ်က ငါ့သားတော့ ညက တရားဟောတဲ့ ဓမ္မကထိကကို အိမ်ပင့်လာမှာပဲ ဆိုပြီး စားဖွယ်
သောက်ဖွယ်တွေ ပြင်ဆင်ထားတယ်၊ ငါ့သားတော့ လိမ္မာလာတော့မှာပဲ ဆိုပြီတော့ မနက်ကျတော့ သားဖြစ်သူက
ည အိပ်ရေးဝအောင် အိပ်ပြီးတော့ အိမ်ပြန် ရောက်ချလာတယ်၊ အစောကြီး အိမ်ပြန်ရောက် လာပြီးတော့
“ဘယ်မတုန်း ဓမ္မကထိက ဘုန်းကြီးကော မပင့်ခဲ့ဘူးလား” ဆိုတော့ “ဘာလို့ဖို့လဲ”ပေါ့၊ အဲဒါနဲ့
သူ့မိခင်ကြီးက “ကဲ ငါ့သား ညက ဥပုသ်စောင့်ထား ရတယ်၊ ရော့ ယာဂုလေး အရင်သောက်လိုက်ဦး”၊
“ခင်ဗျား ညက ကျုပ်ကို ဥပုသ်စောင့်သွားရင် ငွေ ၁၀၀၀ ပေးမယ် လို့ ပြောတယ်၊ အဲဒီ ငွေ ၁၀၀၀
ဘယ်မတုန်း”။
ငွေ ၁၀၀၀
မရမချင်း မသောက်ဘူး၊ မိခင်ကြီးက ငွေ ၁၀၀၀ ထုတ်လေးကို
ရှေ့ချပြီး “ကဲ သောက်ပါကွယ် ရော့ ၁၀၀၀ ထုပ်” ဆိုတော့မှ အဲဒီကျမှာ သောက်တယ်၊ ငွေ ၁၀၀၀
ထုပ်ယူပြီးတော့ သောက်တယ်၊ မိခင်ကြီးက သောတာပန်၊ သားက မိုက်မဲတယ်၊ ဒီလိုလည်း ရှိတာပဲ၊
ဆုံးမလို့ မရဘူး၊ အဲဒီတော့ မိခင်ကြီးက ဘယ်လောက် ဆုံးမဆုံးမ မိုက်မဲတဲ့ သားသမီးဆိုတာလည်း
ရှိနိုင်တယ်၊ ဆရာသမား ဘယ်လောက် ကောင်းကောင်း တပည့်ကလည်း ကောင်းချင်မှ ကောင်းမှာပေါ့နော်။
တစ်ခါတစ်လေ
ဘုန်းကြီးတို့ ကျောင်းက ဆိုးသွမ်းတဲ့ ကိုယ်တော်လေးတွေ သတင်းကြားတယ် ဆိုလို့ရှိရင်
“ဟာ၊ ဘယ်ကျောင်းထွက် ဆိုးတယ်” နဲ့ ပြောကြတယ်၊ ဘုန်းကြီးတို့က မေးတယ်၊ “မင်းတို့ အဲသလို
ပြောစတမ်း ဆိုလို့ရှိရင် ဒေဝဒတ် ဘယ်ကျောင်းထွက်တုန်း” လို့၊ ဒေဝဒတ်က ဇေတဝန် ကျောင်းထွက်ပဲလို့၊
အဲဒါ ဆိုရင် ဇေတဝန်ကျောင်း အပြစ်တင်ရမလား၊ ဒေဝဒတ် အပြစ်တင်ရမလား၊ တချို့က ကျောင်းထွက်
ဆိုပြီးတော့ကျောင်းကို ပုတ်ခတ်ပြီးတော့ ပြောလေ့ရှိတာကိုး၊ ဒီတော့ ဒါတွေက မဆိုင်ဘူး၊
သို့သော်လည်း မြန်မာစကားမှာ “သားသမီး မကောင်း မိဘခေါင်း” “တပည့်မကောင်း ဆရာ့ခေါင်း”ဆိုပြီးတော့
ခေါင်းပေါ်တော့ ရောက်တာပေါ့နော်၊ အဲဒါဆိုရင် ဒေဝဒတ် မကောင်း ဘုရားခေါင်း ရောက်မှာပေါ့၊
အဲဒါကျတော့ ချန်ထားကြတယ်၊ ကာယကံရှင် ပုဂ္ဂိုလ်နဲ့ အများကြီး ဆိုင်တယ်။
ဒါကြောင့်မို့လို့
ဘုန်းကြီးတို့ စာပေထဲမှာ “ဥပဒေသ မတ္တ မေဝ ဟိ ပရာယတ္တာ၊ အညာ သဗ္ဗာ သမ္ပတ္တိ အတ္တာဇိနာ
ဇဝ” တဲ့၊ နည်းပေးလမ်းပြ လုပ်တာသည်ပင်လျှင်
ဆရာသမားနဲ့ ပတ်သက်ပါတယ် တဲ့၊ အားလုံးအောင်မြင်မှုဟာ ကိုယ့်ပေါ် မူတည် ပါတယ် တဲ့၊ ဆရာသမားဆိုတာ ဆုံးမသြဝါဒ ပေးရုံသာ တာဝန်ရှိတယ်လို့
ဒီလို ပြောတယ်နော်၊ အခြား အောင်မြင်မှုဟာ ကိုယ်နဲ့ ဆိုင်တယ်ပေါ့၊ အောင်မြင်မှု ကျရှုံးမှုဟာ
ကိုယ်နဲ့ပဲ ဆိုင်တယ်ပေါ့၊ ဒီလို ဆိုပါတယ်၊ ဒါက ပိုပြီးတော့ လက်တွေ့ ကျတယ်။
အဲဒီတော့
အဲဒီ မိတ္တဝိန္ဒက ဆိုတာ ငွေလေး ၁၀၀၀ ရတဲ့အခါ သူက အရောင်းအဝယ် စိတ်ဝင်စားတယ်၊ ငွေ ၁၀၀၀
အရင်းအနှီးလုပ်ပြီး အရောင်းအဝယ် လုပ်လိုက်တာ မကြာခင်ပဲ သိန်း ၂၀ လောက် ရသွားတယ်၊ သိန်း
၂၀ ရတဲ့ အခါကျတော့ သူ့အမေကို ပြောတယ်၊ သင်္ဘောနဲ့ ပင်လယ်ခရီး ဖြတ်ပြီးတော့ အရောင်းအဝယ်
လုပ်ချင်တယ်၊ ဒီမှာတင် လုပ်လို့ အားမရဘူး၊ ပင်လယ်ခရီး နဲ့ သွားမယ်ဆိုတော့ သူ့အမေက တားတယ်၊ “ငါ့သား အိမ်မှာ
တို့ပစ္စည်းတွေ အများကြီး၊ မင်း တစ်ယောက်တည်း ရှိတယ်၊ ပင်လယ်ခရီးဆိုတာ အင်မတန် အန္တရာယ်
များတယ်၊ မသွားပါနဲ့” တားတာ မရဘူး၊ မရရုံတင် မဟုတ်ဘူး၊ အမေက ရှေ့ကနေ ကာဆွဲထားတဲ့အခါ
အမေကို တွန်းလှဲ ထိုးကြိတ်ပြီးတော့ အမေ့ပေါ်က ကျော်ပြီးတော့ ပင်လယ်ခရီးကို ထွက်သွားတယ်၊
ဒါ သူ စော်ကား ခဲ့တာနော်၊ အမေကို ထိုးကြိတ်တွန်းလှဲ ပစ်ထား ခဲ့တယ်၊ မိခင်က မသွားဖို့ပြောတာ မရတော့ အတင်း တားတယ်၊ အတင်းထားတဲ့
အခါ အမေကို တွန်းလှဲ ထိုးကြိတ်ပြီးတော့ ထားခဲ့တယ်။
အဲဒီကနေပြီးတော့
သင်္ဘောပေါ် တက်တယ်၊ ပင်လယ်ခရီး ဖြတ်တဲ့ အခါမှာ ပင်လယ်ထဲမှာ သူတို့ ရွက်လှေကြီးက အကြောင်းမဲ့
ပင်လယ်ပြင်ထဲမှာ ခုခေတ်လိုဆို စက်ပျက်သွားတယ်ပေါ့၊ အဲဒီ တုန်းက စက်မတပ်တော့ ပင်လယ်ထဲမှာ
သင်္ဘောကြီး တက်က ငြိနေသလိုပဲ ရပ်နေတယ်၊ ဘယ်မှ ရွှေ့လို့ မရတော့ဘူး။
အဲဒီလို
ဖြစ်တဲ့ အခါကျတော့ ဘာလုပ်ကြတုန်း ဆိုတော့ သင်္ဘောပေါ် ပါလာတဲ့ သူတွေထဲမှာ လူယုတ်မာဆိုတာ
ရှိလောက်တယ်၊ သူ့ကြောင့် ဒီလိုဖြစ်တာ၊ မဲချမယ် ဆိုပြီးတော့ မဲချတယ်၊ မဲချတဲ့အခါ ၃-ကြိမ်တိုင်တိုင်
သူ့ချည်းပဲ ကျတယ်၊ မဲက သူ့ချည်းပဲ ပေါက်တယ်၊
သူ့ကြောင့် ဒီလို ဖြစ်ရတယ်ပေါ့၊ အဲဒါနဲ့
ကဲ မင်းကို တို့ဆက်ပြီး မခေါ်နိုင်တော့ဘူး ဆိုပြီးတော့ ဖောင်လေး လုပ်ပြီးတော့ အဲဒီ
ဖောင်ပေါ်တင်ပြီး ပင်လယ်ထဲ ပစ်ချလိုက်တာပေါ့၊ သူ့လည်း ချပြီးရော သင်္ဘောကြီးက ထွက်သွားသတဲ့၊
အကုသိုလ်များတာနော်၊ အကုသိုလ်က အကျိုးပေးပြီ ဆိုရင် ဒီလိုပဲ။
သူဟာ
အဲဒီ ဖောင်ကလေးကို စီးပြီး သွားလိုက်တာ လေသင့်ရာ လှိုင်းပုတ်ရာနဲ့ ပင်လယ်ထဲ မျောပါသွားပြီး
ကျွန်းလေး တစ်ကျွန်းနား ရောက်သွားတယ်၊ အဲဒီ ကျွန်းလေးမှာ ငွေဗိမာန်နဲ့ ဝေမာနိက ပြိတ္တာမတွေ
သွားတွေ့တယ်၊ တွေ့တဲ့အခါကျတော့ ဝေမာနိက ပြိတ္တာမတွေက သူ့ကို ကျွေးမွေး စောင့်ရှောက်
ထားတာ၊ သူနဲ့ ဝေမာနိက ပြိတ္တာမတွေနဲ့ ပျော်လို့၊ အဲသလိုနေတာ ၊ ဝေမာနိက ပြိတ္တာမတွေက
၇-ရက် နတ်စည်းစိမ် ခံစားပြီး ၇ ရက်ကြာတော့ ငရဲ ခံကြရတယ်တဲ့၊ သတ္တဝါတွေရဲ့ ကံကြမ္မာဆိုတာ အလွန် ထူးဆန်းတယ်။ ၇-ရက် နတ်သမီးကဲ့သို့ စည်းစိမ်ခံစားရပြီးတော့
၇-ရက် ငရဲမှာ သွားကြရတယ်တဲ့။
တစ်ခါတုန်းက
စာအုပ်လေး တစ်အုပ် ဖတ်လိုက်ရတယ်၊ “သေရွာပြန်တို့ရဲ့ ဇာတ်လမ်း” တွေထဲမှာ၊ အဲဒီ ရွာတစ်ရွာ
ရောက်သွားတော့ အဲဒီရွာက လူတွေက ညနေ နေဝင်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် “ထွက်ကြေဟေ့ ထွက်ကြဟေ့”
ဆိုပြီးတော့ အကုန်လုံး ရွာလုံးကျွတ် ထွက်ကြတယ်၊ ထွက်ပြီး ဘယ်သွားတုန်း ဆိုတော့ မီးပုံကြီးတစ်ခု
ရှိတယ်၊ အဲဒီ မီးပုံကြီးဆီသွားပြီး ခုန်ဆင်းကြရတာ ဆိုပဲ၊ မနက်မိုးလင်းတော့မှ ပြန်လာကြတယ်၊
ခုန်ခုန်ချပြီး လူတွေ အော်ကြ ဟစ်ကြ ငိုကြနဲ့ တစ်ညလုံး အဲဒီလိုပဲ၊ မီးပုံထဲခုန်ဆင်း
မီးလောင်ခံ၊ မနက်မိုးလင်းတဲ့အခါကျတော့ အေးအေးဆေးဆေးနဲ့ ရွာထဲ ပြန်ဝင်လာကြတယ်၊ ဒီလို
ပြိတ္တာမျိုးတွေလည်း ရှိတယ်ပေါ့။
အဲဒီ
ကျွန်းငယ်လေးထဲမှာ ဝေမာနိက ပြိတ္တာတွေက ၇-ရက် တိတိ စည်းစိမ်ခံစားပြီး ၇-ရက် မြောက်တဲ့
အခါကျတော့ သူ့ကို ပြောထားခဲ့ပေါ့၊ “တို့ ၇-ရက်ပြည့်ရင် ပြန်လာ ခဲ့မယ်၊ မင်း မပျင်းမရိ
နေရစ်” ဆိုတော့ သူတစ်ယောက်တည်း ပျင်းတော့ ဖောင်လေး စီးပြီးတော့ ရှေ့ခရီးဆက်သွားပြီး
ပင်လယ်ထဲ မျောသွားတယ်၊ နောက်တစ်ခါ ကျွန်းတစ်ကျွန်း ရောက်သွားပြန်တယ်။ ပတ္တမြားဗိမာန်နဲ့
ဝေမာနိက ပြိတ္တာမ ၈-ယောက်နဲ့ တစ်ခါ တွေ့ပြန်ရော၊ အဲဒီမှာတုန်းကလည်း ထို့အတူပဲ သူတို့ကလည်း
၇-ရက် စည်းစိမ်ခံစား၊ ၇-ရက် ငရဲခံလိုက် ဖြစ်နေတာ၊ ရက်စေ့လို့ သူတစ်ယောက်တည်း နေခဲ့ရစ်တော့
ရှေ့ခရီး ဆက်ထွက်ခဲ့တယ်။ ရွှေဗိမာန်ကြီးနဲ့ ကျွန်းလေးပေါ်မှာ တစ်ယောက်တည်း နေပါလို့
ထားလျက်သားနဲ့ ဖြတ်ကျော်ပြီးသွားတဲ့အခါ မြို့တစ်မြို့ ရောက်သွားတယ်တဲ့။
မြို့ကလည်းပဲ
တံတိုင်း လေးဘက်နဲ့ တံခါးပေါက်ကြီး ၄-ပေါက်နဲ့၊ အဲဒီ မြို့ကြီး ရောက်တဲ့အခါ ဒီမြို့တက်ပြီးတော့
ဘုရင်လုပ်မယ်လို့ အကြံရတယ်၊ အဲဒီမြို့မှာ ဘယ်သူ့ကို ပထမတွေ့တုန်း လို့ဆို ငရဲသားတစ်ယောက်
ငရဲခံနေတာ သွားတွေ့တယ်၊ သူ့ခေါင်းပေါ်မှာ သင်တုန်းစက်ကြီး ချာချာလည်ပြီး တော့ တစ်ခေါင်းလုံးကို လှီးဖြတ် နေတာ၊ သွေးတွေက ဖြာကျနေတယ်၊
သွေးတွေ စီးကျနေတာ၊ ရင်ဘတ်မှာလည်းပဲ ကြိုးငါးသွယ်နဲ့ စလွယ်သိုင်းကာ ထွက်ပြေးလို့မရအောင်
ချည်ထားတာ။
အဲသလို
ခေါင်းပေါ်မှာ သင်တုန်းစက်ကြီး လည်ပြီးတော့ တစ်ကိုယ်လုံးကို ချည်နှောင်ထားတာကို သူမြင်တဲ့အခါကျတော့
“ဟာ၊ ဒီလူက အင်မတန်လှပတဲ့ ကြာပန်းကြီး ခေါင်းပေါ် တင်ထားတာပါလား”၊ မိတ္တဝိန္ဒကရဲ့ မျက်စိထဲမှာ
သင်တုန်းစက်ကြီးက ကြာပန်းကြီး ဖြစ်နေတယ်တဲ့၊
သူမျက်စိတွေ လည်နေပြီ၊ illustion ဖြစ်သွားပြီ၊ ဘယ်သူကမှ ဖန်တီးတာ မဟုတ်ဘူး၊
သူ့ကံက ဖန်တီးတာ၊ ထိုလူကို နှောင်ဖွဲ့ထားတဲ့
နှောင်ကြိုးတွေကျတော့ တန်ဆာဆင်ထားတယ်, စလွယ် သိုင်းထားတယ်လို့ သူ့ မျက်စိထဲမှာ မြင်တယ်၊
“အမယ်လေး အလိုလေး” အော်နေတဲ့ အသံကိုတော့ သီချင်းသံလို့ အောက်မေ့တာ၊ ခုခေတ် music တွေနဲ့တော့
ခပ်ဆင်ဆင်ပဲ၊ အဲဒါလည်းမြင်ရော သူ့စိတ်မှာ သိပ်သဘောကျသွားပြီး “ဟာ - ဒီလူကတော့ လောကမှာ
အပျော်ဆုံးလူ တစ်ယောက်ဖြစ်တယ်၊ ဝတ်ထားတဲ့ design ကလည်း လှတာကိုးနော်၊ ဖက်ရှင် အလှအပ
ဝတ်ထားတယ်၊ ဒိဇိုင်းလှတယ်၊ ခေါင်းပေါ်ကလည်း ကြာပန်းကြီးပန်လို့၊ တစ်ကိုယ်လုံးလည်းပဲ နံ့သာတွေ လိမ်းထားလိုက်တာကိုး၊
မိတ်ကပ်တွေကလည်း ကောင်းလိုက်တာ” ၊ သွေးတွေ ကျနေတာကို မိတ်ကပ်တွေ လိမ်းထားတယ်လို့ ထင်တယ်၊
ဟိုကဖြင့် အော်ဟစ် ငြီးငြူပြီး နာလွန်းလို့ ခုန်ပေါက်နေတာကိုပဲ အဲဒီမှာ pop music နဲ့
ကခုန်နေတယ်လို့ ထင်တာ၊ ခုခေတ် အကကလည်း အဲဒါမျိုးပဲနော်၊ ပူလှချည်ရဲ့လို့ အော်ပြီး ခုန်ပေါက်
နေတာ၊ အငြိမ်မှ မနေနိုင်ပဲနဲ့။
အဲဒီလို
အခြေအနေမျိုးကို ကြည့်ပြီးတော့ သူက ဘာတွေးတုန်း ဆိုတော့
“ဒီလူဟာ
ကမ္ဘာမှာ အပျော်ဆုံး လူတစ်ယောက်ပဲ” ၊ အနီးကပ်သွားပြီး
“ခင်ဗျား
ကြာပန်းကြီး ကျုပ်ပေးစမ်းပါဗျာ” လို့ တောင်းတာ၊
ဟိုလူက
ကြည့်တယ်၊
“ဟ၊ သူငယ်ချင်း
ဒါ ကြာပန်းမဟုတ်ဘူး၊ ဒါ သင်တုန်းစက်ကြီး”
“ခင်ဗျား
မပေးချင်လို့ လိမ်တာပါ၊ ကျုပ်သိတာပေါ့၊ ကြာပန်းပဲဥစ္စာ”။
ဟိုလူကစဉ်းစားတယ်၊
“သြော်
ဒီကောင်လည်း ငါ့လို အမေ စော်ကားလာတဲ့ကောင် ဖြစ်လောက်တယ်၊ ငါတော့ ဝဋ်ကျွတ် တော့မှာပဲ၊
ကဲ - လိုချင်ရင်ယူတော့”
ဆိုပြီး
ခေါင်းပေါ်က ချွတ်ပေးလိုက်တယ်။
အမှန်ကတော့
ဝဋ်ကျွတ်လို့ ချွတ်လို့ရတာ၊ ဝဋ်မကျွတ်ရင် ချွတ်လို့ မရဘူး၊ ဝဋ်ကျွတ်တော့ ခေါင်းကိုင်
လိုက်တာနဲ့ ဒီ သင်တုန်းစက်ကြီးက ပြုတ်လာတာ၊ ပြုတ်လာတဲ့ တစ်ပြိုင်နက် “ရော့” ဆိုပြီး
လှမ်းပစ် ပေးလိုက်တယ်၊ သူ့ခေါင်းပေါ် ရောက်သွားတယ်၊ ခေါင်းပြောင်း လိုက်ပြီ။ ခေါင်းပေါ်ရောက်တာနဲ့
သင်တုန်းစက်က ခုတ်တော့တာပဲ။ ခုတ်လိုက်ပြီဆိုမှ ကြာပန်းမဟုတ်ဘူးမှန်း သိတယ်တဲ့၊ အဲဒါ
ပြောတာ “ထိပ်ချမှ ဓားပြမှန်း သိတယ်” ဆိုတာ။ အဲဒီကျတော့ “ခင်ဗျားဟာကြီး ပြန်ယူ ပြန်ယူ”
လို့ အော်တော့ ဟိုလူက ဘယ်ရောက်သွားမှန်း မသိတော့ဘူး၊ အဲဒါ အရှင် လတ်လတ် ငရဲခံရတယ် ပေါ့။
စာထဲမှာတော့
အရှင်လတ်လတ် ပုံစံမျိုး ရေးထားတယ်၊ သို့သော်လည်း အဲဒီ ဒဏ်ရာနဲ့ သူဟာ သေဆုံးသွားပြီး
ဒီနေရှာမှာပဲ ပြန်မွေးတယ်လို့ ယူဆရမှာပေါ့၊ ဘာဖြစ်လို့ တုန်းဆိုတော့ လူ့ရဲ့ သန္ဓေစိတ်နဲ့
ငရဲသားတွေနဲ့ သန္ဓေစိတ်က တူမှ မတူတာနော်၊ အဲဒီတော့ အရှင်လတ်လတ် ငရဲ ခံရတယ်လို့ ပြောချင်ပြော၊
သို့မဟုတ် မိတ္တဝိန္ဒကဟာ သင်တုန်းစက်ကြီးနဲ့ လူစင်စစ်ဆိုရင် အကြာကြီး ဘယ်အခုတ် ခံနိုင်မလဲ၊
လူစင်စစ် မဟုတ်တော့ဘူး၊ သင်တုန်းစက် လည်တဲ့အခါ သွေးတွေ အထွက်လွန်ပြီး သေမှာပေါ့၊ အဲဒီ
နောက်မှာတော့ ကံမကုန်မချင်း ငရဲသားဘဝ ခံနေရပြီ၊ ဒါလည်း ၅၅၀ ဇာတ်ထဲမှာ ပါတယ်။
ရုက္ခစိုး
နတ်ကြီးတစ်ဦး အခြံအရံတွေနဲ့ အနီးနား ရောက်လာတဲ့အခါ “သူ ဘာကြောင့် ဒီလိုဖြစ်ရသလဲ” ဆိုတော့
“မင်းအမေ ပြစ်မှားခဲ့လို့ ဒီလိုဖြစ်ရတာ” လို့ ရုက္ခစိုးနတ်ကြီးက ပြန်ဖြေတယ်။ “ဒါဖြင့်
ကျွန်တော် ဘယ်လောက် အထိအောင် ခံရမှာတုန်း၊ ဒီဝဋ်က ဘယ်တော့ ကျွတ်မှာတုန်း” ဆိုတော့
“မင်းကံ မကုန်မချင်း ခံရမယ်” လို့ အဲလို ပြောသွားတယ်၊ ဒါ ၅၅၀ ဖတ်ကြည့်ရင် တွေ့မယ်နော်၊
ဒါ ဥပေစ္ဆေဒကကံနဲ့ သေတာ။
ဥပေစ္ဆဒကနဲ့
သေတာတွေက အများကြီး၊ နတ်ပြည်တွေမှာလည်း ရှိတယ်၊ နတ်ပြည် တွေမှာလည်း “ခိဍ္ဍာပဒေါသိက”
“မနောပဒေါသိက” နတ်ဆိုတာ ရှိတယ်၊ ဒီဃနိကာယ် ဗြဟ္မဇာလသုတ်မှာ အဲဒီ နတ်တွေအကြောင်း ဟောထားတာ
ရှိတယ်၊ ခိဍ္ဍာပဒေါသိက နတ်ဆိုတာ ခိဍ္ဍာ - ဆိုတာ ပျော်ရွှင်တာ, အပျော်လွန်တာ၊ အပျော်လွန်လို့
ပဒေါသိက - ဘဝကြီးတစ်ခုလုံး ပျက်စီးသွားတယ်။
ဧပြီလ
သင်္ကြန်ကျတဲ့အခါ အဲဒီ ခိဍ္ဍာပဒေါသိက တွေ အများကြီးပဲ။ အပျော်လွန် ပြီးတော့ လူ့ပြည်မှာလည်း
ရှိတာပဲ၊ နတ်ပြည်မှာ ခိဍ္ဍာပဒေါသိကနတ် ဆိုတာ ကာမဂုဏ် အာရုံတွေနဲ့ သိပ်ပြီး ပျော်နေတော့
စားရမယ့်အချိန် သောက်ရမယ့် အချိန်တွေ မေ့တာ၊ လူ့ပြည်က ကလေးတွေတောင်မှ ကစားနေတယ်ဆို
အမေ လုပ်တဲ့သူ အဖေလုပ်တဲ့သူက အတင်း ခေါ်ကျွေးရတယ်လေ၊ နတ်ပြည်မှာ ဒီ့ထက်ကောင်းတာပေါ့၊
နတ်ပြည်မှာလည်းပဲ pop music တွေရှိမှာပဲ။
နတ်ဆိုတာ
တစ်နေ့တစ်ခါ နတ်သုဒ္ဓါကို အချိန်မှန် စားရတယ်၊ သူတို့လည်း သဗ္ဗေသတ္တာ အာဟာရဌိတိကာ ထဲပါတယ်၊
အာဟာရ စားရတာ။ ဗြဟ္မာကျတော့ ပီတိဘက္ခ၊ ပီတိနဲ့ နေတာ၊ အစာစားစရာ မလိုတော့ဘူး။ နတ်တွေကျတော့
သူတို့တွေရဲ့ ခန္ဓာကိုယ်က ကဗဠိကာရ အာဟာရ အစာကြမ်းလေးတစ်ခု စားပေးရတယ်၊ အဲဒီ အစာအာဟာရလေး
တစ်ခု စားပေးမှ အတွင်းထဲက အစာအာဟာရနဲ့ အပြင်ဘက်က အစာအာဟာရ ပေါင်းပြီး ခန္ဓာကိုယ်ကို
maintain လုပ်နိုင်တယ်တဲ့။
နတ်တွေရဲ့
သန္တာန်မှာရှိတဲ့ ပါစက တေဇော၊ အစာချက်တဲ့ တေဇောဓာတ်ကို ထိန်းပေးဖို့ အစာအာဟာရကို ပုံမှန်စားရတယ်၊
အပျော်လွန်တဲ့အခါ အစာစားချိန် မစားဘဲနဲ့ လွန်သွားတာ၊ အချိန်လွန်သွားတဲ့အခါ ဝမ်းမီးက
သူတို့ ခန္ဓာကိုယ်ကို လောင်တာ၊ ဝမ်းမီးလောင်ပြီး ခုခေတ်လူတွေ ပြောသလိုပေါ့၊ အစာအိမ်က
acid ဓာတ်တွေ ထွက်လာပြီး gastritis ဖြစ်တယ်ပေါ့၊ အစာအိမ် ရောဂါရတယ်။
လူတွေကျတော့
လူရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ကြမ်းတမ်းတယ်၊ လူတွေ သေသွားတဲ့အခါ လူ အကောင် လိုက်ကြီး
ကျန်ရစ်တယ်၊ နတ်တွေရဲ့ ခန္ဓာကိုယ်က အဲဒီလို မဟုတ်ဘူး၊ လူတွေရဲ့ မျက်စိနဲ့ မမြင်ရလောက်အောင်
သိမ်မွေ့တယ်၊ သေသွားရင်လည်း ပျောက်သွားရော၊ ဘာမှ မကျန်ရစ်ဘူး၊ နတ်အလောင်း နတ်မသာ ချစရာ
မလိုဘူး၊ ဂူတည်စရာ မလိုဘူးနော်၊ သေသွားရင် ပျောက်သွားရော၊ တစ်ခါတည်း မီးတောက်ကလေး ငြိမ်းသလို
ငြိမ်းသွားတယ်၊ လူတွေကျတော့ အလောင်း ကျန်ရစ်တယ်၊ ဥတုဇရုပ်ကလာပ် တဲ့၊ ဥတုဇရုပ်ကလာပ်
ဆိုတာကြီးကို သင်္ဂြိုဟ်နေရတာ သင်္ဂြိုဟ်စရိတ်တွေ တက်လာတာပေါ့။
နတ်တွေရဲ့
ခန္ဓာကိုယ်က အလွန်သိမ်မွေ့တဲ့ အတွက်ကြောင့် သူတို့ရဲ့ ပကတိ ရုပ်အဆင်းကို လူသားတွေရဲ့
ပကတိ မျက်စိနဲ့ မြင်လို့မရဘူး၊ သူတို့က ရုပ်ကြမ်း ဖန်ဆင်းပြတော့မှ မြင်ရတယ်၊ အဲဒီနတ်တွေ
စားချိန်လွန်ရင် အချိန်လွန်သည့် အတွက်ကြောင့် စုတိစိတ် ကျပြီးတော့ သေရော၊ အဲလို နတ်မျိုးကို
ခိဍ္ဍာပဒေါသိက နတ်လို့ ခေါ်တာပဲ၊ ဥပေစ္ဆေဒကံနဲ့ သေတယ်လို့ ပြောရမယ်၊ သေပုံသေနည်းက ဥပေစ္ဆေဒကကံဆိုတာ
ကံချည်းမဟုတ်ဘူး၊ ဖြစ်ပေါ်လာတဲ့ ဖြတ်တောက် ပစ်လိုက် တဲ့ အကြောင်းတရားအားလုံးကို လယ်တီဆရာတော်ကြီးကတော့
ပြောထားတယ်။
နောက်တစ်ခါ
မနောပဒေါသိက နတ်ဆိုတာလည်း ရှိသေးတယ်။ မနောပဒေါသိက ဆိုတာ စိတ်ဆိုးလို့ သေတာ၊ လူတွေ ကျတော့
စိတ်ဆိုးရုံနဲ့ သေတာ ရှားတယ်။ သေတဲ့သူက heart attack နဲ့ နှလုံးရောဂါ ရှိရင်တော့ စိတ်ဆိုးရင်
သေတာ၊ ဒါ့ပြင် ရောဂါနဲ့ သေချင် သေမှာပေါ့၊ လူ့ရဲ့ ခန္ဓာကိုယ်က ကြမ်းတယ်၊ နတ်တွေကျတော့
စိတ်ဆိုးခံလို့ မရဘူး၊ စိတ်ဆိုးလို့ရှိလျှင် နတ်က သေမှာ၊ လူတွေလည်း စိတ်ဆိုးလို့သာ
သေမယ်ဆိုရင် စိတ်ဆိုးရဲမှာ မဟုတ်ဘူး။
အဲဒီနတ်တွေ
ဘယ်လို စိတ်ဆိုးကြလဲ ဆိုရင် နတ်တွေ ဥယျာဉ်သွားကြတယ်၊ သွားတဲ့အခါ လမ်းမှာ ဆုံကြတယ်ပေါ့၊
တစ်ဦးနဲ့တစ်ဦး စည်းစိမ် ချမ်းသာချင်းက မတူဘူး၊ အတိတ်ဘဝက ကံရှိရင် ရှိသလို တောက်တောက်
ပြောင်ပြောင်၊ လူတွေမှာလည်း ရှိတာပေါ့၊ ဒီလူက ကားကောင်းကြီး စီးလာတယ်၊ ဟိုလူက ကားစုတ်
စီးလာတယ်၊ ကားစုတ် စီးလာတဲ့သူက ကားကောင်း စီးလားတဲ့သူကို မနာလိုတဲ့ အကြည့်နဲ့ ကြည့်တယ်။
အဲဒါမျိုးလိုပဲ
နတ်တွေမှာလည်း အခြံအရံနဲ့ ခမ်းခမ်းနားနားကြီး ထွက်လာတဲ့အခါ အခြံအရံ နည်းနည်းနဲ့ မတောက်ပြောင်တဲ့
နတ်က ကြည့်တာပေါ့၊ ကြည့်တဲ့အခါ မျက်စောင်းလေး ထိုးပြီးတော့ ကြည့်တယ်၊ မျက်စောင်းလေး
ထိုးကြည့်ပြီး မေးငေါ့တယ်။ အဲလို မေးငေါ့တာကို ဟိုနတ်ကလည်း မြင်တယ်၊ ဒီကောင် ငါ့ကို
မနာလို ဖြစ်နေတယ်။ သူကလည်း ပြန်ပြီးတော့ ငါ့ကုသိုလ်ကံနဲ့ ငါဖြစ်တာ၊ မင်းနဲ့ ဘာဆိုင်လို့လဲ
ဆိုပြီးတော့ ပြန်စိတ်ဆိုးတယ်၊ ဒီက နတ်ကလည်း “ ဒီကောင် ကြွားတားတားနဲ့” ဆိုပြီး စိတ်ဆိုးတယ်၊ ၂-ယောက် စိတ်ဆိုးတဲ့အခါ ဟိုနတ်ကလည်း စိတ်ဆိုး၊ ဒီနတ်ကလည်း
စိတ်ဆိုးနဲ့၊ စိတ်ဆိုးတယ်ဆိုတာ သိသာတယ်၊ စိတ်ဆိုးတဲ့မျက်နှာ
မသိသာဘူးလား၊ သိသာပါတယ်၊ သိသာသည့် အတွက်ကြောင့် ဟိုကလည်း စိတ်ဆိုး၊ ဒီကလည်း စိတ်ဆိုး၊
ဒါပေမယ့် လူတွေလိုတော့ ထ,မထိုးကြပါဘူး၊ စိတ်ဆိုးတာပဲ ရှိတယ်။
အဲသလို
ကိုယ့်ရဲ့ဒေါသကို မထိန်းနိုင်တဲ့အခါ အဲဒီနတ်တွေ တစ်ဦးဒေါသ တစ်ဦးကူးပြီးတော့
“မင်းနဲ့
ဘာဆိုင်လို့ ကြည့်ရတာတုန်း”၊
ဟိုကလည်းပဲ
“ငါ့ဟာငါကြည့်တာ
မင်းနဲ့ ဘာဆိုင်တုန်း”
ဆိုပြီးတော့
ဟော ဒေါသတွေ မထိန်းနိုင်ကြဘူး။ အဲဒီနတ် နှစ်ယောက်စလုံးဟာ ဒေါသမီး အလောင် ခံရပြီး ပျောက်ကွယ်
သွားကြတယ်၊ သေဆုံးသွားကြတယ်တဲ့၊ အဲဒီနတ်မျိုးကို မနောပဒေါသိက နတ်လို့ခေါ်တယ်၊ အဲလို
သေတဲ့ နတ်လည်းရှိတယ်၊ ဒါလည်း ဥပစ္ဆေဒက မရဏ လို့ ခေါ်ရမှာပဲ။
အေး တခြား
ဥပစ္ဆေဒကတွေထဲမှာ လယ်တီဆရာတော် ဘုရားကြီး ကတော့ ရောဂါဖြစ်လို့ သေတာ တွေလည်း ဥပစ္ဆေဒက
မရဏထဲမှာ ထည့်ထားတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ ရောဂါက ကံကြောင့်ချည်း ဖြစ်တာ မဟုတ်ဘူး၊
၁။ လေကြောင့်ဖြစ်တဲ့
ရောဂါရှိတယ် - ဝါတသမုဋ္ဌာန နော်၊
၂။ သလိပ်ကြောင့်ဖြစ်တဲ့
ရောဂါရှိတယ် - သေမှသမုဋ္ဌာန၊
၃။ သည်းခြေကြောင့်ဖြစ်တဲ့
ရောဂါ - ပိတ္တသမုဋ္ဌာန၊
၄။ နောက်
ဥတုဝိပရိဏာမ - ဥတုပြောင်းလဲလို့ ရောဂါ ရတာတဲ့၊
၅။ ဝိသမပရိဟာရ
- အနေအထိုင် မတတ်လို့ ရောဂါ ရတာတဲ့၊
၆။ သြပက္ကမိက
- သူ့လုံ့လ ကိုယ့်လုံ့လကြောင့် ရောဂါ ရတာ၊
၇။ သန္နိပါတ
- လေ၊ သလိပ်၊ သည်းခြေ၊ သုံးခုဖြစ်စေ၊ နှစ်ခုဖြစ်စေ ပေါင်းပြီးတော့ ရောဂါ ရတာ။
၈။ နောက်ဆုံးကတော့
ကမ္မဝိပါကဇ - ကံရဲ့ အကျိုးအနေနဲ့ ဖြစ်ပေါ်လာတဲ့ ရောဂါ
လို့
ရောဂါရှစ်မျိုး ရှိတယ်။
လေကြောင့်
ဖြစ်တဲ့ရောဂါ၊ သလိပ်ကြောင့် ဖြစ်တဲ့ရောဂါ၊ သည်းခြေကြောင့် ဖြစ်တဲ့ရောဂါ၊ သန္နိပါတရောဂါ၊
ဥတုဝိပရိဏာမ၊ ဝိသမပရိဟာရဇ၊ သြပက္ကမိက (စုန်းတွေ နတ်တွေ ကိုယ့်ကိုပြုစား ခံစားရတာ အပါအဝင်)၊
ကမ္မဝိပါကဇ ဆိုပြီးတော့ “သီဝကသုတ်” မှာ ရောဂါ ၈-မျိုး ပြထားတယ်၊ သံယုတ်ထဲမှာ အဲဒီသုတ်ပါတယ်။
အဲဒီလို
ရောဂါ ၈-မျိုးထဲက ကမ္မဝိပါကဇနဲ့ ကျန်တဲ့ ၇-မျိုးက လူတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာလို့
ဒီလူဟာ ဒီရောဂါကြောင့် သေဆုံးရတယ် ဆိုလို့ရှိရင်
ဒါလည်းပဲ ဥပေစ္ဆေဒက မရဏပဲလို့ လယ်တီဆရာတော်ကြီးက ဒီလို ရေးတယ်နော်၊ သေလောက်အောင်
ရောဂါတစ်ခု ဖြစ်လာလို့ သက်တမ်း မစေ့ခင် ကံမကုန်ခင် သေသွားတယ်လို့ ဒီလိုဆိုတယ်၊ အဲဒီတော့
လူ့လောကမှာ ရှာကြည့်မယ်ဆိုရင် အများကြီးပေါ့။
သြပက္ကမိတ
ဆိုတာ သူများက သတ်လို့ သေတယ်၊ ကားက ကိုယ့်ကို ဝင်တိုက်သွားလို့ သေတယ်၊ နောက် ကိုယ့်ဟာကိုယ်
အိမ်ပေါ်က လိမ့်ကျလို့ သေတယ်၊ ကိုယ့်ဟာကို သတ်သေတယ်၊ အမျိုးစုံပေါ့။ မတော်တဆ သေနတ်မှန်လို့
သေတယ်၊ ဘာဖြစ်လို့ သေတယ်၊ ညာဖြစ်လို့ သေတယ်။ အများကြီးပဲပေါ့၊ လူ့လောက လူဖြစ်လာတယ်
ဆိုလို့ရှိရင် အဲဒီ သေခြင်းအကြောင်း လေးမျိုးထဲက တစ်ခုခုနဲ့ လူတွေ သတ္တဝါတွေဟာ သေဆုံးကြရတယ်တဲ့။
သေဆုံးပြီ
ဆိုလိုက်တဲ့ အချိန်ပိုင်းလေးမှာ ဘယ်လိုနည်းနဲ့ပဲ သေသေ သေခါနီး အချိန်မှာ လူ့ရဲ့ နှလုံးသားဟာ
အားပျော့လာတယ်၊ အားပျော့လာတဲ့ အတွက်ကြောင့် “မရဏသန္နဇော” လို့ သေခါနီးမှာ ဇောစိတ်တွေ
ဖြစ်လာတယ်၊ အဲဒီဇောစိတ်တွေဟာ ဘာကို အာရုံယူပြီးတော့ ဖြစ်တုန်း ဆိုလို့ရှိရင် သေခါနီးဆဲဆဲမှာ
လူဟာ မျက်စိက မြင်တာပဲဖြစ်စေ, နားက ကြားတာပဲဖြစ်စေ သို့မဟုတ် စိတ်ထဲမှာ အိပ်မက် မက်သလို
ပေါ်တာမျိုးပဲ ဖြစ်စေ မျက်စိကလည်း မြင်လို့ရတယ်၊ ကံ ကမ္မနိမိတ် ဂတိနိမိတ်ကို အာရုံယူပြီးဖြစ်တယ်။
သေခါနီးမှာ
ပဋိသန္ဓေကို အကျိုးပေးမယ့် ကံတရားရဲ့ စွမ်းအား သို့မဟုတ် ထင်ဟပ်ပေါ်လွင် စေတတ်တဲ့ ကံရဲ့စွမ်းအား၊
အဲဒီကံရဲ့ စွမ်းအားကြောင့် နောက်ဘဝမှာ ပဋိသန္ဓေ အကျိုးပေးမယ့် ကံကိုသော် လည်းကောင်း,
ထိုကံပြုနေတဲ့ အချိန်ကာလ အခြေအနေကိုသော် လည်းကောင်း, သွားရမယ့် ဘဝရဲ့ အရိပ်အယောင်ကိုသော်
လည်းကောင်း ဒီတစ်ခုခုကို မြင်ပြီးတော့ အဲဒီစိတ်က အဲဒီ အာရုံနဲ့ပဲ နစ်မြောနေတဲ့အချိန်မှာ
စုတိစိတ်ကလေး ကျသွားတယ်။
မသေခင်
ကတည်းက ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ အာရုံ တစ်ခုခုကို အာရုံပြုထားသည့်အတိုင်း ထိုအာရုံကို
အဝိဇ္ဇာက ဖုံးကွယ်ပေးတယ်။ အပြစ်အနာဆာ မမြင်ရအောင် ဖုံးကွယ်ပေးတယ်၊ တဏှာက တွယ်တာတယ်၊
အာရုံပေါ်မှာ စိတ်ကို ညွှတ်သွားစေတယ်၊ အဲသလို ညွှတ်သွားပြီးတော့ ထိုတွေးတောနေတဲ့ စိတ်အစဉ်,
ထိတ်လန့် ကြောက်လန့်နေတဲ့ စိတ်အစဉ်၊ အဲဒီ စိတ်အစဉ် ပေါ်လာတယ်လို့ ဒီလိုပြောတာနော်။
အဲဒီ
စုတိစိတ်ကလေး ပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် ဒီဘဝမှာ ရှိတဲ့ ကမ္မဇရုပ် အားလုံးသည် ချုပ်ငြိမ်းသွားတယ်၊
ကံကြောင့်ဖြစ်တာတွေ မှန်သမျှ အတိတ်ဘဝက လာခဲ့တဲ့ ပဋိသန္ဓေအကျိုးကို ပေးခဲ့တဲ့ ကံတရားရဲ့
အကျိုးဆက်တွေ အားလုံးဟာ အပြီးသတ်သွားပြီ။ အဲဒါကို တစ်ဘဝလို့ ခေါ်တာ၊ ပဋိသန္ဓေအကျိုးကို
ပေးလိုက်တဲ့ကံ၊ ထို ပဋိသန္ဓေ အကျိုးကို ပေးလိုက်တဲ့ ကံကနေ ထုတ်လုပ်တဲ့ ကမ္မဇရုပ်တွေ၊
အဲဒါတွေဟာ တစ်ပြိုင်နက် ချုပ်ပြီးတော့ သွားကြတယ် တဲ့၊ ချုပ်သွားလို့ ရှိရင် သေတယ်လို့
သတ်မှတ်ရတယ်။
အဲဒီတော့
သေတယ်လို့ သတ်မှတ်တာက နှလုံးခုန် ရပ်သွားတာနဲ့တင် သေတယ်လို့ သတ်မှတ်လို့ မရဘူးနော်။
ပိဋကတ်စာပေအရ ပြောမယ်ဆိုရင် သေတယ်ဆိုတာ အင်္ဂါ ၃-ချက် ညီမှသာ ပြောရမယ်တဲ့၊ ဘာတုန်းဆိုရင်
-
“အာယု ဥသ္မာစ ဝိညာဏံ၊
ယဒါ ကာယံ ဇဟန္တိမံ၊
အပဝိဒ္ဓေါ တဒါသေတိ၊
နိရတ္တံဝ ကဠိင်္ဂရံ” တဲ့။
သံယုတ္တနိကာယ်
ဖေကာပိဏ္ဍူပ သုတ်မှာ ဆိုထားတာ။
အာယု
- ခန္ဓာကိုယ်ရဲ့ ရုပ်ဓမ္မ နာမ်ဓမ္မတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဇီဝိတဆိုတဲ့အသက်၊
အဲဒါလည်းပဲ ချုပ်ငြိမ်းသွားတာဖြစ်ရမယ်တဲ့၊
ဥသ္မာ
- ကံကြောင့်ဖြစ်တဲ့ တေဇောဓာတ် အငွေ့ ခန္ဓာကိုယ်အငွေ့ ကံကြောင့်ဖြစ် တဲ့ဟာလည်းပဲ ဆက်လက်
မဖြစ်ပေါ်တော့ဘူး၊ အသစ် မလာတော့ဘူးပေါ့၊ အဟောင်းကတော့ ရှိကောင်း ရှိနေဦးမယ်ပေါ့၊ ကမ္မဇရုပ်ကလည်း
ချုပ်ငြိမ်းသွားတယ် တဲ့၊ တေဇောဓာတ်လည်း ချုပ်ငြိမ်းသွားတယ်၊
ဝိညာဏ
- လို့ဆိုတဲ့ ဘဝင်စိတ် အစဉ်၊ စိတ်အားလုံးဟာလည်းပဲ ချုပ်ငြိမ်းပြီး သွားတယ်၊
အဲဒီ
“အာယု၊ ဥသ္မာ၊ ဝိညာဏ” လို့ဆိုတဲ့ ဒီ ၃-ခု ချုပ်သွားပြီ၊လုံးဝ ရပ်ဆိုင်း သွားပြီဆိုရင်
ဒါ သေတယ်လို့ သတ်မှတ်ရတယ်၊ အဲဒါမဟုတ်ဘဲနဲ့ အသက်မရှူ တော့တာနဲ့ သေတယ်လို့ ဆိုပြီး သွားဆုံးဖြတ်ရင်
ပြဿနာတွေ တက်မယ်၊ ခုခေတ် မှာလည်းပဲ ဒါမျိုးတွေ ရှိတတ်တယ်နော်။
ဘုန်းကြီးတို့
ငယ်ငယ်က သတင်းစာတစ်စောင်မှာ ဖတ်ဖူးတယ်။ ဗမာပြည်မှာလည်း ဒီလို ဝတ္ထုတွေ ရှိတာပဲ၊ အင်္ဂလားဒေ့ရှ်မှာ
ဖြစ်ခဲ့တဲ့ ဝတ္ထုလေးတစ်ခု၊ သတင်းစာ အပိုင်းအစ လေးထဲမှာ ဖတ်ရတာ၊ အဲဒီ ဘင်္ဂလားဒေ့ရှ်မှာ
လူတစ်ယောက်ကို သေပြီလို့ ဆရာဝန်ကနေ နားကြပ်နဲ့ထောက် ဆုံးဖြတ်လိုက်တာ၊ သူက တခြားဘာသာဝင်
ဆိုတော့ နေ့ချင်းရက်ချင်း သူ့ကို သွားမြှုပ်လိုက်ကြတယ်၊ မြှုပ်တဲ့အခါမှာ ခပ်ဖွဖွမြှုပ်တယ်၊
သူ့ကို မီးသင်္ဂြိုဟ်လိုက်ရင်တော့ အစပါ ပျောက်သွားမှာပေါ့နော်၊ မြေကြီးထဲ မြှုပ်လိုက်တယ်၊
၅-နာရီလောက် ကြာတဲ့အခါ ပြန်သတိလည်လာတယ်။ သတိလည် လာတဲ့အခါ လူငယ်လူရွယ်ဆိုတော့ အားကောင်းတယ်၊
မြေကြီးပုံထဲကနေ တွန်းပြီးတော့ ထွက်လာတယ်၊ အိမ်ပြန်လာတယ်၊ အိမ်ကလူတွေက ကြောက်လို့ လက်မခံရဲဘူး၊
သေလို့ မြှုပ်ထားပြီး အိမ်ပြန် ရောက်လာတယ်ဆိုတော့ တစ္ဆေလို့ အောက်မေ့မှာပေါ့နော်၊ အဲဒီအခါမှာ
ဆုံးဖြတ်ချက်ပေးတဲ့ ဆရာဝန်ကို တရားစွဲတယ် ဆိုတဲ့ ဇာတ်လမ်းလေး တစ်ခု တွေ့တယ်။
ဒါထက်
အဖြစ်အပျက် လွန်ခဲ့တဲ့ ၄-၅ နှစ်က ထင်ပါရဲ့၊ မန္တလေးမှာလည်း အဲသလို အဖြစ်အပျက်မျိုး
တစ်ခုကြုံတယ်၊ တရုတ်အမျိုးသမီးလေး တစ်ယောက်၊ သေပြီဆိုပြီး ကြာနီကန် သုသာန် ပို့တယ်၊
သုသာန်ဝ ရောက်တဲ့အခါ သတိ လည်လာတယ်၊ ဒီတော့ မင်္ဂလာမရှိဘူး ဆိုပြီးတော့ အဲဒီ ကလေးမလေး
အိမ်ပြန် မခေါ်တော့ဘူးတဲ့၊ အိမ်ပြန် မခေါ်ဘဲနဲ့ အဲဒီသုသာန်နားမှာပဲ တိုက်ကလေး ဆောက်ပေးထားတယ်လို့
ပြောတယ်။
ဒါကြောင့်မို့လို့
ရှေးတုန်းက လူတစ်ဦး သေတယ် ဆိုလို့ရှိရင် ၇-ရက်လောက် ထားလေ့ရှိကြတယ်၊ အခုတော့ အဲလို
မထားကြဘူး၊ ဒီနေ့သေ မနက်ဖြန် သင်္ဂြိုဟ်။ လုပ်ပစ်လိုက်ကြတဲ့အခါ ကံမကောင်း အကြောင်းမလှတဲ့
သူတချို့ ရေခဲတိုက်ထဲ ပို့လိုက်တယ်၊ ရေခဲတိုက်ထဲ ဝုန်းဒိုင်း လုပ်နေတော့ သရဲခြောက်တယ်
ဆိုပြီး အရိုက်သတ် ခံနေရဦးမယ်။
တစ်ခါတုန်းက
ပြောသံ ကြားဖူးတယ်၊ တောရွာတစ်ရွာမှာ အသက်ကြီးကြီး လူကြီးတစ်ယောက် သေပြီဆိုပြီး သွားမြှုပ်ကြတယ်၊
မြှုပ်မလို့ တွင်းထဲထည့်ပြီး မြေကြီး တစ်ဂေါ်နှစ်ဂေါ် ထည့်လိုက်ခါ ရှိသေး၊ သူက ပြန်သတိ
လည်လာပြီး ရေတောင်းတယ်၊ အဲဒီလို အသက်ရှင်တာကို ကယ်ရမယ့်အစား မကယ်ဘဲနဲ့ ကြောက်ကြောက်နဲ့
ခေါင်းကို တူနဲ့ထုပြီး ပြန်ပြီး မြှုပ်လိုက်သတဲ့၊ အဲသလို ဇာတ်လမ်း တွေလည်း ကြားဖူးတာပဲ၊
ဒီတော့ ဘဝဆိုတာ ကံတရားအတိုင်းပဲလို့ မြန်မာတွေ တွေးတဲ့အတိုင်း တွေးရင် စိတ်သက်သာတာပေါ့နော်။
အဲဒါကြောင့်မို့လို့
သေဆုံးခြင်းဆိုတာ အာယု၊ ဥသ္မာ၊ ဝိညာဏ်ရယ်၊ အဲဒီ ၃-ခု ချုပ်ငြိမ်းသွားပြီ ဆိုမှ ဖြစ်တာ။
အဲဒီ ခန္ဓာကိုယ်ကြီးက အပူဓါတ် temperature တွေလည်းပဲ လုံးဝချုပ်ငြိမ်းသွားတယ်၊ ဇီဝိတဆိုတဲ့
အသက်လည်း ချုပ်ငြိမ်း သွားတယ်၊ ဝိညာဏ်ဆိုတဲ့ စိတ်လည်း ချုပ်ငြိမ်းသွားပြီ ဆိုလို့ရှိရင်တော့
ဒါ လုံးဝ သေချာတယ်လို့ ဒီလိုမှတ်ချက်ချရတယ်။ ဆေးပညာ အရတော့ တစ်မျိုး ယူကောင်း ယူမယ်ပေါ့၊
ဗုဒ္ဓဘာသာရဲ့ ကျမ်းစာအရကတော့ အဲဒီအတိုင်းပဲ၊ ဒီအကြောင်း ၃-မျိုး ချုပ်ငြိမ်းပြီဆိုရင်
သေပြီလို့ သတ်မှတ်တယ်တဲ့၊ ကဲ - သေခြင်းအကြောင်း သေပုံသေနည်း ၄-မျိုးတဲ့။
ဒီလို
သေတဲ့အခါမှာ အာရုံနိမိတ်တွေက အင်မတန်မှ အရေးကြီးတယ်၊ ပြောင်းလဲ ပေးလို့ရတဲ့ အာရုံနိမိတ်တွေ
ရှိတယ်၊ သေခါနီးမှာ မိမိရဲ့ ကံအားလျော်စွာ ကောင်းတာတွေလည်း ထင်၊ မကောင်းတာတွေလည်း ထင်၊
အဲဒီတော့ ဗုဒ္ဓဘာသာ ဝင်တွေ အနေနဲ့ကတော့ နောက်ဆုံးအချိန် ရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို
အနီးအနားမှာ ဟိုပြောဒီပြော မပြောဘဲနဲ့ အားပေးစကားလေးပဲ ပြောပြီး စိတ်ချမ်းသာအောင် ထားဖို့၊ ငြိမ်ငြိမ်သက်သက်နဲ့ အားပေးစကား ပြောပြီး သူ နှစ်သက်တဲ့
တရားလေး ဖွင့်ပြ၍ဖြစ်စေ အဲသလို အေးအေးချမ်းချမ်း သေခွင့်ရအောင် ထားဖို့ ကောင်းတယ်ပေါ့။
အဲဒီအချိန်ကျမှာ
ဘဏ်စာအုပ်က ဘယ်ထားခဲ့တုန်းတွေ ဘာတွေ မမေးသင့်ဘူးနော်၊ လက်စွပ်က ဘယ်သူ့ ပေးထားခဲ့တုန်း၊
ဘယ်အပ်ထားတုန်း၊ ဘယ်အပေါင်ဆိုင်တွေ ထားတာတုန်းတွေ ဘာတွေ မမေးသင့်ဘူးပေါ့၊ မေးလျှင်
အဲဒီလူဟာ လမ်းဖြောင့်မှာ မဟုတ်ဘူး၊ ဒုက္ခ ရောက်တတ်တယ်တဲ့။
တချို့ကလည်း
မသေခင်က ငိုတာ ရှိသေးတယ်၊ ငိုရင် ပိုပြီးတော့ ဆိုးတယ်၊ သူ့မှာ ဒေါမနဿတွေ ဖြစ်ပြီးတော့
သေဆုံး သွားတတ်တယ်၊ အဲဒီတော့ သေခါနီးမှာ သိပ်အရေးကြီးတယ်။
ဘုန်းကြီးတို့
စစ်ကိုင်းမှာ ဆရာတော်ကြီးတစ်ပါး ဒီအတိုင်းပဲ၊ သေခါနီးအချိန် ဆလိုင်းသွင်းပေး တာပေါ့လေ၊
ရမလားလို့ ပြုစုတဲ့ ပုဂ္ဂိုလ်တွေက လုပ်တယ်၊ သူက မသွင်းဖို့ ပြောတယ်၊ ငြင်းတယ်၊ အတင်းသွင်းပေးတဲ့
အခါကျတော့ သူဘာမှ မပြောတော့ဘူး၊ ဘာမှ မပြောပေမယ့်လို့ မကျေနပ်တဲ့ အခါကျတော့ အရိပ်အယောင်
တွေ ပြတယ်၊ အဲဒီ မကျေနပ်တဲ့ အရိပ်အယောင်တွေနဲ့ပဲ ပျံလွန်တော် မူသွားတဲ့အခါ ပြုစုတဲ့
ပုဂ္ဂိုလ်တွေပေါ်မှာ စိတ်ကွက်မိလို့တဲ့ တစ္ဆေဖြစ်နေတယ်၊ ဒါ ဒီပြင် လူတစ်ယောက်က ပြောတာ၊
ကောင်းမှုလုပ်ပြီး သူ့အတွက် အမျှအတမ်း ပေးဝေပေးပါ၊ အမျှအတမ်း ပေးလိုက်တဲ့ အခါကျတော့
သူ အထက် နတ်ပြည်ကို သွားတော့မယ်တဲ့ အကြောင်းပြောတယ်၊ ဟုတ်တယ် မဟုတ်တယ်တော့ မသိဘူး၊
ရန်ကုန်က လူတွေ ကတော့ လူသေရင် လေချွန်နတ် သွားမေးလေ့ ရှိကြသတဲ့။
လောကမှာ
ဘဝဆိုတာ ရှိတာ သေချာတယ်။ အဲဒီတော့ သေခါနီး အာရုံနိမိတ်ဟာ အလွန်တရာမှ အရေးကြီးတယ်တဲ့၊
ဒါကြောင့်မို့ ငြိမ်းငြိမ်း ချမ်းချမ်းလေး သေနိုင်အောင် နံပါတ်တစ် ကိုယ့်ကိုယ်ကို ကြိုးစားဖို့
လိုတယ်ပေါ့။ ကိုယ့်နောက်ဆုံး အချိန် ရောက်လာပြီဆိုရင် စိုးရိမ်စိတ်တွေ ကိုယ့်မှာ မရှိဖို့၊ အားကိုးတရား နှလုံးသွင်း တရားတွေ ရှိဖို့၊ ကုသိုလ်ကောင်းမှုတွေကို
စဉ်းစားဖို့၊ ဒါလေးတွေက စောစော ကြိုတင်ပြီးတော့ လေ့ကျင့်ထား သင့်တယ်ပေါ့၊ မလေ့ကျင့်လို့ရှိရင်
ထိုအချိန်ကျမှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဘဝခရီးဟာ မဖြောင့်တန်းဘဲ ရှိတတ်ပါတယ်တဲ့။
ဒါကြောင့်မို့
ဘဝခရီးလမ်း ဖြောင့်တန်းဖို့ရာ အတွက် နေ့စဉ်နဲ့အမျှ မိမိရဲ့စိတ်ကလေး ကုသိုလ် ကောင်းမှုဘက်
ညွှတ်ပြီး နေတတ်အောင်၊ သေတတ်တဲ့ အသေမျိုးလည်း သေတတ်မှာပါ၊ ဒါမို့လို့ တရားလေး နှလုံးသွင်းပြီးတော့
နေတတ်အောင် ဟိုတွေး ဒီတွေး မတွေးဘဲနဲ့၊ ဟိုအတွက်စိုးရိမ် ဒီအတွက်စိုးရိမ်, ဟိုဟာတွယ်တာ
ဒီဟာ တွယ်တာ မရှိဘဲနဲ့ မိမိရဲ့တရားလေးကိုသာ ဆင်ခြင်စဉ်းစား ပြီးတော့ ကိုယ်ကျင့် တရား
ကိုယ်စီ လက်ကိုင်ထားပြီး ဘဝတစ်ခု ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိဂုံးချုပ်နိုင်ရမယ်၊ ထိုသို့ နိဂုံးချုပ်နိုင်မှသာလျှင် နောက်ဆုံးမှာ
အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မရမချင်း အိုလိုက် နာလိုက် သေလိုက် ဆိုတဲ့ ဆင်းရဲဒုက္ခ
ကြုံနေရမှာဖြစ်တယ်၊ နိဗ္ဗာန်ချမ်းသာ သည်သာလျှင် အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ
ဖြစ်တယ်လို့ ယုံကြည်ပြီးလျှင် နိဗ္ဗာန်ချမ်းသာကို ရရာရကြောင်း သူတော်ကောင်းတရားကို
ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တတည်း။
