ပဋ္ဌာန်းမြတ်ဒေသနာ - အပိုင်း (၁၄)

 


ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၄)

▬▬▬▬▬▬▬▬▬▬

 

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၃-ရက်၊ (၆-၉-၂ဝဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရ လမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

.

 

ဈာနပစ္စယော

▬▬▬▬▬

 

ဗုဒ္ဓမြတ်စွာက အကြောင်းတရားတွေကို ၂၄-ပစ္စည်းနဲ့ ရှင်းပြတော်မူခဲ့တယ်၊ ဒီကနေ့ ဈာနပစ္စယော ဟောမယ်၊ ဈာနပစ္စယောဆိုတာ “ဈာန်အင်္ဂါတို့၊ တူစွာဖြစ်ငြား၊ ရုပ်နာမ် များကို၊ ရှုစားစေမှု၊ သတ္တိစုဖြင့်၊ ကျေးဇူးပြုငြား၊ ဈာနပစ္စည်းတရား လည်းကောင်း” ဆိုတဲ့အတိုင်း အာရုံကိုကပ်ပြီး ရှုခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တယ်။

 

ဈာနဆိုတဲ့စကားလုံးကို မြန်မာလို ပြန်တဲ့အခါ အဓိပ္ပါယ်မပြန်ဘူး၊ ဈာနကို ဈာန်လို့ ဒီလိုပဲပြန်ကြတယ်၊ ဈာန်ဆိုတဲ့စကားလုံးကို အကြောင်းပြုပြီး မြန်မာစကား တွေထဲမှာ ဈာန်ဝင်စားတယ်၊ ဈာန်ပျံတယ်ဆိုတဲ့ ဝေါဟာရတွေ ပေါ်လာခဲ့တယ်၊

 

ဈာန်ပျံတယ်၊ ဈာန်ဝင်စားတယ်ဆိုတာတွေကို ကြည့်ပြီး ဈာန်ဆိုလို့ရှိရင် ကောင်းကင် ပျံတယ်လို့ချည်း တချို့က ထင်မှတ်ထားကြတယ်၊ တကယ်တော့ ဈာန်ပျံတယ်လို့ တွဲသုံးပေမယ့် ဈာန်တိုင်းဟာ ပျံလို့ရတာ မဟုတ်ဘူး၊ အဘိညာဏ်တန်ခိုး ရတဲ့အခါ ကျမှ ဖန်ဆင်းပြီး ကောင်းကင်ခရီး ပျံသန်းလျှောက်လှမ်းနိုင်တာ ဖြစ်တယ်။

 

ဒီတော့ ဈာနဆိုတာ အာရုံကို စူးစိုက်ပြီး မှတ်နေခြင်း၊ အာရုံကို စူးစိုက်ပြီး ကြည့်ခြင်းဆိုတဲ့အဓိပ္ပါယ်ကို မှတ်သားရမယ်၊ စိတ်နဲ့အာရုံကပ်ပြီး စဉ်ဆက်မပြတ် စိတ်ဟာ အာရုံတစ်ခုတည်းပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ။

 

ဒီနေရာမှာ သတိထားဖို့ လိုတာကတော့ စိတ်တစ်ခုရဲ့ သက်တမ်းဟာ အင်မတန်တိုတောင်းတယ်၊ ဥပါဒ် ဒီ ဘင် ဆိုတဲ့ ဖြစ် တည် ပျက် တိုတောင်းတဲ့ အချိန်ပိုင်းတင်ရှိတာ၊ အဲဒီတိုတောင်းတဲ့အချိန်ပိုင်းမှာ ဖြစ်တဲ့စိတ်တွေအားလုံးဟာ သတ်မှတ်ထားတဲ့ အာရုံတစ်ခုတည်းပေါ်မှာ ကပ်ပြီးနေတယ်လို့ ဒီလိုဆိုတာ၊ ထပ်ထပ်ပြီးတော့ ဒီအာရုံပေါ်မှာ ဖြစ်နေတာလို့ ပြောတာ၊ စိတ်ဟာ ဒီအာရုံပေါ်မှာ ကပ်ပြီးတော့ ရှုနေတယ်လို့ ဆိုလိုတာ၊ ဒီအာရုံပေါ်က စိတ်ဟာ ကွာမသွားဘဲနဲ့ အာရုံနဲ့စိတ်ဟာ ကပ်ထားသလို၊ (သို့သော် ဒီစိတ်တစ်ခုဟာ တည်မြဲပြီးတော့ အာရုံပေါ်မှာ ကပ်နေတာလို့ ဒီလိုမတွက်နဲ့) ထပ်တလဲလဲဖြစ်နေတဲ့ စိတ်တွေ၊ ဒီ အာရုံနဲ့တွဲဖက်ပြီးတော့ဖြစ်လာတဲ့ စိတ်တွေမှန်သမျှဟာ ဒီအာရုံကနေ ကွာမသွားဘဲ နေတာ။

 

ဘုန်းကြီးတို့တတွေရဲ့စိတ်တွေကို ကိုယ့်ဟာကိုယ်ပြန်ပြီးတော့စဉ်းစားကြည့်၊ မျက်စိက အာရုံတစ်ခုကို ကြည့်နေပေမယ့်လို့ နားက အသံကြားလိုက်ရင် အဲဒီဘက် စိတ်က ရောက်သွားတယ်၊ တစ်ခါ နှာခေါင်းထဲမှာ အနံ့ဝင်လာရင် အနံ့ဘက် စိတ်က ရောက်သွားပြန်ပြီ၊ တစ်ခါ စိတ်ကူးစိတ်သန်းတွေနဲ့ စိတ်က ဟိုရောက်သွားလိုက်, ဒီရောက်သွားလိုက် ဖြစ်နေတဲ့ သဘောတရားတွေကို ဆင်ခြင် စဉ်းစားကြည့်။

 

ဈာန်ဆိုတဲ့ အနေအထား ရောက်လာပြီဆိုရင် တခြားအာရုံတွေ အားလုံး မေ့ထားပြီး အာရုံတစ်ခုတည်းပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ၊ အဲဒါကိုပဲ ကပ်၍ ရှုတယ်လို့ ဒီလိုပြောတာနော်၊ စိတ်ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဒီအာရုံနဲ့ တွဲဖက်ပြီးတော့ နေတယ်၊ ခွာမရအောင် ဒီအာရုံနဲ့ ကပ်ပြီးထားလိုက်သလို ဖြစ်နေတယ်လို့ ဒါကို အာရုံပေါ်မှာ ကပ်ပြီးတော့ ရှုတယ်လို့ ဒီလိုပြောတာ။

 

ဒီတော့ ဈာနရဲ့အဓိပ္ပါယ်က “ဥပနိဇ္ဈာနကိစ္စ”၊ ဥပဆိုတာ အာရုံကို ကပ်ပြီး တော့၊ နိဇ္ဈာန – ရှူကြည့်နေခြင်း၊ ဖြစ်သမျှစိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း ဒီအာရုံက နေပြီး တခြားအာရုံကို ရောက်မသွားဘဲ ဒီအာရုံပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ၊ ဒါ သဘာဝတရားတွေရဲ့စွမ်းအားပဲ၊ ဘယ်သူ့ရဲ့စွမ်းအားတုန်းဆိုရင် အဓိကက သမာဓိ၊ သမာဓိဆိုတာ သံ + အာဓိ၊ စိတ်တွေအားလုံးဟာ အာရုံတစ်ခုတည်း ပေါ်မှာ စုပေးထားတယ်၊ သမာဓိကို အင်္ဂလိပ်လိုပြန်တော့ concentration လို့ ပြန်တယ်၊ concentration ဆိုတာ တစ်ခုတည်း ဖြစ်အောင် စုလိုက်ခြင်း၊ တစ်နေရာ တည်းကို စုတာ၊ concentrate လုပ်လို့ စိတ်အခြေအနေအားလုံးဟာ concentration ဖြစ်နေတာ၊ အာရုံတစ်ခုတည်းပေါ်မှာ စုပြုံပြီးတော့ ကျလာတာ၊ ပထမဖြစ်တဲ့ စိတ်ကလည်း ဒီအာရုံမှာပဲ၊ ဒုတိယလိုက်လာတဲ့စိတ်ကလည်း ဒီအာရုံပဲ၊ တတိယ စိတ်ကလည်း ဒီအာရုံပဲ၊ ဒီအာရုံကနေပြီး ကွာမသွားဘူး၊ ဒီအာရုံတစ်ခုတည်းကိုပဲ ကပ်ပြီးတော့ ထပ်တလဲလဲ ရှုကြည့်နိုင်တဲ့ စွမ်းအားတစ်ခု ရသွားတယ်။

 

သာမန်စိတ်ဆို မရဘူး၊ အာနာပါနကိုပဲ လုပ်ကြည့်လိုက်၊ ထွက်လေဝင်လေ နဲ့ကပ်ထားဖို့ ကြိုးစားကြည့်လိုက်တဲ့အခါမှာ ထွက်လေဝင်လေကို ဂရုတစိုက်ရှုရင်း ကနေ စိတ်တွေက ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်၊ စိတ်တွေက လစ်လစ် သွားတာကို သတိထားမိကြလိမ့်မယ်၊ ထွက်လေဝင်လေဆိုတဲ့ အာရုံပေါ်မှာ စိတ်ကို ကပ်ထားလို့ မရနိုင်ဘူးတဲ့၊ အလေ့အကျင့်မရှိတဲ့ပုဂ္ဂိုလ် ကပ်ထားလို့ မရနိုင်ဘူး။

 

ဈာန်အဆင့်ရောက်သွားပြီဆိုလို့ရှိရင် အဲဒီထွက်လေဝင်လေဆိုတဲ့ အာရုံ ပေါ်မှာပဲ စိတ်ဟာ ကပ်ထားလို့ ရသွားပြီ၊ ဘယ်အာရုံကိုမှ စိတ်က ခုန်ကူးမသွားဘဲ နဲ့ ဒီအာရုံပေါ်မှာပဲ စိတ်ဟာ ထပ်တလဲလဲကျနေတယ်၊ အဲဒီသဘောကိုပဲ ပြောတာ၊ ဥပနိဇ္ဈာနကိစ္စ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ၊ ကောင်းပြီ - ဈာနရဲ့အဓိပ္ပါယ်က အာရုံကိုစူးစိုက်ပြီးရှုခြင်း ဖြစ်တယ်။

 

ဒါဖြင့် ဈာနဆိုတာ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတာ၊ ဘယ်သူတွေက ရှုနေတာလဲဆိုတာကို ရှင်းလင်းပြတဲ့အခါ ဈာနဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ၊ ဈာနဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဝိတက္က၊ ဝိတက်လို့ ပြောတာ၊ အာရုံကို ကြံစည်တယ်လို့ မြန်မာတွေက ပြန်တယ်၊ တွေးတယ်ကြံတယ်ဆိုတဲ့ ဝိတက်၊ အာရုံ ပေါ်မှာ ထပ်တလဲလဲဖြစ်တယ်၊ ဆင်ခြင်တယ်၊ သုံးသပ်တယ်ဆိုတဲ့ဝိစာရ၊ အာရုံပေါ် မှာ နှစ်ခြိုက်နေတယ်ဆိုတဲ့ ပီတိ၊ အာရုံ၏အရသာကို ခံစားနေတယ်ဆိုတဲ့ ဝေဒနာ၊ အာရုံတစ်ခုတည်းပေါ်မှာ ကျရောက်တည်နေတယ်ဆိုတဲ့ ဧကဂ္ဂတာ သမာဓိတဲ့၊ အဲဒီသဘာဝတရားငါးခုတို့ရဲ့ အပေါင်းကို ဈာနလို့ ခေါ် တယ်၊ တစ်ခုစီကို ဈားလို့ မခေါ်ဘူး၊ ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာ သို့မဟုတ် သုခဥပေက္ခာ။

 

ဆိုပါစို့ - အောက်ဈာန်တွေ ပြောမယ်ဆိုရင် သုခဝေဒနာ၊ နောက်ဆုံးဈာန် ကျတော့ ဥပေက္ခာဝေဒနာတဲ့၊ ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာဆိုတဲ့ ဒီ သဘာဝတရား ငါးခုဟာ အချိုးကျကျနဲ့ အင်အားညီတူညီမျှ ဆိုင်ရာအလုပ်ကိစ္စ တွေကို တစ်ညီတည်း ဆောင်ရွက်ကြပြီဆိုရင် ဒီသဘာဝတရားငါးခုတို့ရဲ့ အပေါင်း ကိုမှ ဈာနလို့ ခေါ်တယ်တဲ့၊ တစ်ခုတည်းကို ဈာန မခေါ်ဘူး၊ ဝိတက်တစ်ခုတည်း ကိုလည်း မခေါ်ဘူး၊ ဝိစာရတစ်ခုတည်းကိုလည်း ဈာန မခေါ်ဘူး၊ ပီတိတစ်ခုတည်း ကိုလည်း မခေါ်ဘူး၊ ဝေဒနာတစ်ခုတည်းကိုလည်း မခေါ်ဘူး၊ ဧကဂ္ဂတာဆိုတဲ့ သမာဓိတစ်ခု တည်းကိုလည်း ဈာနလို့ မခေါ်ဘူးတဲ့၊ ပေါင်းစပ်လိုက်မှ ခေါ်တာ။

 

စဉ်းစားကြည့်ပေါ့၊ “သစ်ပင်”လို့ ခေါ်နေတာ အမြစ်ရယ် အကိုင်းအခက်တွေရယ် ပင်စည်ရယ် အရွက်ရယ် အပွင့်အသီး အားလုံးပေါင်းပြီးတော့ သစ်ပင်လို့ ခေါ်တာ၊ အမြစ်တစ်ခုတည်းကို သစ်ပင်လို့ မခေါ်ဘူး၊ ပင်စည်တစ်ခုတည်းကိုလည်း မခေါ်ဘူး၊ အကိုင်းတစ်မျိုးတည်းကိုလည်း မခေါ်ဘူး၊ အရွက်တစ်မျိုးတည်းကိုလည်း မခေါ်ဘူး၊ အားလုံးစုပေါင်းနေတာကို သစ်ပင်လို့ ခေါ်တာ၊ အဲဒီသဘောကို မှတ် ထားပေါ့။

 

ဒီကနေ့ပြောနေကြတဲ့ လူတွေစီးနေကြတဲ့”ကား” ဆိုပါစို့၊ ဒါလည်း အတူတူ ပဲလေ၊ အစိတ်အပိုင်းတွေ အားလုံးပေါင်းထားတာကို “ကား”လို့ ခေါ်တာ၊ ဝပ်ရှော့ သွားပြီး တစ်ခုစီဖြုတ်လိုက်လို့ရှိရင် သူ့နာမည်နဲ့သူ ရှိတာပဲ၊ ဒါက ဘီးတဲ့၊ ဒါက ဘော်ဒီတဲ့၊ ဒါက တံခါး၊ ဒါက အင်ဂျင်နဲ့၊ တစ်ခုစီဖြစ်သွားမှာ၊ ကားလို့ ခေါ်စရာ မရှိတော့ဘူး၊ အဲဒီတော့ ကားဆိုတာ အစုအဝေးရဲ့အမည်နာမသာ ဖြစ်တယ်။

 

အဆောက်အဦးတို့ အိမ်တို့ ကျောင်းတို့ ကြည့်လိုက်မယ်ဆိုရင်လည်း အစု အဝေးကို ခေါ်တာပဲ၊ တစ်မျိုးတည်းကို အိမ်မခေါ်ဘူး၊ အုတ်တို့ ကျောက်တို့ အင်္ဂတေတို့ ဘိလပ်မြေတို့ အမိုးတို့ တိုင်တို့ နံရံတို့ အကုန်လုံးစုပေါင်းပြီးမှ အိမ်လို့ ကျောင်းလို့ ခေါ်တာ၊ ဒါတွေ အားလုံးဟာ စုပေါင်းတည်နေကြမှခေါ်တာ။

 

ထို့အတူပဲ ဒီသဘာဝငါးခု တစ်ခုစီ နေလို့ရှိရင် ဈာန မဟုတ်ဘူး၊ အားလုံး ပေါင်းလိုက်တဲ့အခါကျမှ သူတို့ကို ဈာနလို့ ခေါ်တာ၊ ဒီတော့ ဈာနဆိုတာ အပေါင်းအစုရဲ့နာမည်လို့ ဒီလိုမှတ်ထားပါ၊ ဒီသဘာဝတရားငါးခုကို ဈာနင်္ဂ၊ ဈာနအင်္ဂ၊ အပေါင်းရဲ့ အစိတ်အပိုင်းတွေ၊ ဈာနကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေလို့ ဆိုတယ်။

 

ဈာနထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ သဘာဝတရားတွေကို ကြည့်ရအောင်၊ ပထမဆုံးစ,ပြောမယ်ဆိုရင် ဒီသဘာဝတရားတွေရဲ့အစဉ်ဟာ အထက် ဈာန်တွေ တက်တဲ့အခါမှာ ဒီသဘာဝတရားတွေ ကျော်လွှားရတာမို့ အစဉ်အတိုင်း ပြောထားတာ။

.

 

ဝိတက္က

 

ဝိတက္ကတဲ့၊ ဝိတက်ဆိုတာ ဘာတုန်းလို့မေးရင် မြန်မာစကားထဲမှာလည်း “ညက ဝိတက်တွေများလို့ အိပ်မပျော်ဘူး” “ဝိတက် ဝိတက်”နဲ့ ဒီစကားကို ပြောကြ တယ်၊ “ဝိတက်တွေ များတယ်”၊ မြန်မာလိုပြောမယ်ဆိုရင် အတွေးတွေ ကြံစည်တာ တွေ စိတ်ကူးတာတွေ၊ စိတ်ကူးတယ်ဆိုတာ စိတ်က အာရုံပေါ်မှာ ကူးကူးသွားတာ၊ ကူးရောက်နေတာ၊ ဝိတက်ဆိုတာ ကြံစည်တယ်၊ တွေးတောတယ်၊ စိတ်ကူးတယ်၊ စိတ်ထဲမှာဖြစ်တဲ့ သဘာဝတရားတစ်ခုပဲ၊ အဲဒီ သဘာဝတရားရဲ့ အမှတ်လက္ခဏာ က ဝိတက်သည် စိတ်ကို အာရုံသို့ တင်ပေးခြင်း အမှတ်လက္ခဏာရှိတယ်၊ စိတ်နဲ့ အာရုံ တွေ့ရတာ ဝိတက်က တင်ပေးနေတာ၊ ဒါကိုပဲ စိတ်ကူးတယ်၊ စိတ်က ဘယ် ကူးသွားတာတုန်းဆိုရင် အာရုံပေါ် ကူးသွားတာ၊ အာရုံဘက်ကိုရောက်သွားအောင် ကူးသွားတာ၊ ဝိတက်ရဲ့စွမ်းအားကြောင့် စိတ်ဟာ အာရုံနဲ့သွားပြီးဆုံရတာ၊ စိတ်ကို အာရုံပေါ်တင်ပေးတယ်၊ “အဘိနိရောပန လက္ခဏာ” – စိတ်ကို အာရုံပေါ် တင်ပေး ခြင်းဟာ ဝိတက်ရဲ့သဘာဝလက္ခဏာပဲ။

 

မြန်မာလို ရိုးရိုးပြောရင်တော့ ကြံစည်တယ် တွေးတောတယ် စိတ်ကူးတယ်။ ကြံစည်တယ် တွေးတောတယ် စိတ်ကူးတယ်ဆိုတာ ဘာလုပ်တာတုန်းလို့မေးရင် စိတ်ကို အာရုံပေါ်တင်ပေးတာ၊ စိတ်ကို အာရုံပေါ်တင်ပေးနေတာ ဝိတက်။

 

အဲဒီဝိတက်ဟာ အချို့သောစိတ်တွေမှာဖြစ်ပြီး အချို့သောစိတ်တွေမှာ မရှိ ဘူးတဲ့၊ ဝိတက်ဆိုတဲ့သဘာဝတရားဟာ ကောင်းတာနဲ့တွေ့ ရင် အကောင်းဖြစ်သွား ပြီး မကောင်းတာနဲ့ တွေ့လို့ရှိရင် မကောင်းတဲ့ဘက် ရောက်သွားရော၊ အာရုံပေါ် စိတ်ကို တင်ပေးတယ်ဆိုတဲ့နေရာမှာ သူ့လုပ်ငန်းကတော့ အာရုံပေါ်တင်ပေးတာပဲ ရှိတယ်၊ ဒါ သူ့တာဝန် သူ့လုပ်ငန်းပဲ၊ သူ့ ရဲ့ function က အာရုံပေါ် တင်ပေးတာပဲ ရှိတယ်၊ ကောင်းတဲ့အာရုံကိုလည်း တင်ပေးတာပဲ၊ မကောင်းတဲ့အာရုံကိုလည်း တင်ပေးတာပဲ။

 

စိတ်ဆိုတဲ့နေရာမှာ ကုသိုလ်စိတ်ကိုလည်း အာရုံပေါ် တင်ပေးတာပဲ၊ အကုသိုလ်စိတ်ကိုလည်း အာရုံပေါ်တင်ပေးတာပဲ၊ ဘယ်စိတ်မျိုးဖြစ်ဖြစ် သူက အာရုံပေါ် တင်ပေးတဲ့သဘောပဲ၊ ဒါကြောင့်မို့ ဝိတက်ဟာ အကောင်းအဆိုးနှစ်မျိုး ရှိတယ်၊ ကောင်းတဲ့စိတ်နဲ့တွေ့တဲ့ ဝိတက်ကျတော့ အကောင်း၊ မကောင်းတဲ့စိတ်နဲ့ တွေ့တဲ့ ဝိတက်ကျတော့ မကောင်းဘူးလို့ ဒီလိုပြောတာ။

 

ဝိတက်ရဲ့ သဘာဝကို ကြည့်ဦး၊ ဘုန်းကြီးတို့ “စိတ်ရဲ့ အတွေးများ”လို့ဆိုပြီး ဟောထားတဲ့ တရားတစ်ပုဒ်ရှိတယ်၊ စိတ်မှန်ရင်တွေးမှာပဲလို့ တချို့ က ပြောကောင်း ပြောလိမ့်မယ်၊ စိတ်တိုင်းဟာ အတွေးဝိတက်မရှိဘူး၊ အတွေးဝိတက်မပါတဲ့ စိတ် လည်း ရှိတယ်၊ သို့သော် အာရုံကိုသိတာက တွေးတာကိုပြောတာမဟုတ်ဘူး၊ စိတ် ဆိုရင်တော့ အာရုံကို သိတာပဲ၊ သို့သော် တွေးတဲ့ဝိတက် ပါချင်မှပါတယ်။

 

ဝိတက်ဆိုတဲ့သဘာဝတရားမှာ အကောင်းသုံးမျိုး၊ အဆိုးသုံးမျိုး ရှိတယ်၊ အကုသိုလ်နဲ့တွဲဖက်လာလို့ရှိရင် အဆိုးဘက်ရောက်သွားရော၊ ဘာတွေတုန်းဆို - ဘုန်းကြီးတို့တတွေ နေ့စဉ် တွေးနေတာတွေကိုပဲ ပြန်စစ်ကြည့် - နံပါတ်(၁)က ကာမဝိတက္က၊ ကာမဆိုတာ လိုချင်စရာအာရုံ၊ လိုချင်စရာအာရုံဆိုတာ ဘာတုန်း? နှစ်သက်စရာကောင်းတဲ့ မျက်စိနဲ့ ကြည့်လို့ရတဲ့ အာရုံ၊ နားနဲ့ နားထောင်လို့ရတဲ့ အာရုံ၊ နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့ အာရုံ၊ လျှာနဲ့ လျက်လို့ရတဲ့ အာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့လို့ရတဲ့ အာရုံ၊ နှစ်သက်စရာကောင်းတဲ့ ဒီအာရုံတွေကို ဒီနေရာမှာ ကာမ လို့ ပြောတယ်။

 

အဲဒီအာရုံတွေနဲ့ တစ်ခါဆုံမိထားပြီဆိုရင် လူများဟာ ပြန်ပြီးတော့ တွေး တတ်တယ်တဲ့၊ အဲဒီအာရုံကို ပြန်ပြီး စိတ်ကူးကြည့်နေတယ်၊ နှစ်သက်စရာအာရုံမှာ လောဘနဲ့ တွေးတဲ့အတွေးတွေ၊ လိုချင်တဲ့အတွေး၊ တပ်မက်တဲ့အတွေးနဲ့ တွေးနေ တာ၊ ခံစားချက်အတွေးနဲ့ တွေးနေတာ၊ မျက်စိကမြင်တဲ့အာရုံ၊ နားက ကြားရတဲ့ အာရုံ၊ နှာခေါင်းက နမ်းရှူရတဲ့အာရုံ၊ လျှာကလျက်ရတဲ့ အာရုံ၊ ခန္ဓာကိုယ်က ထိရတဲ့ အာရုံတွေက နှစ်သက်စရာအာရုံဆိုလို့ရှိရင် လူတွေက ကြံတွေးစိတ်ကူးပြီးတော့ ကျေနပ်နေတာ ရှိတယ်တဲ့၊ လောဘနဲ့တွေးတဲ့ အတွေးတွေ၊ အဲဒီအတွေး တွေကို ကာမပိတက်လို့ ခေါ်တယ်၊ အဲဒီအာရုံတွေကို လိုချင်တပ်မက်နေလို့ရရှိရင် ရင် ကာမစ္ဆန္ဒလို့ ခေါ်တယ်၊ ဝိတက်က စိတ်ကို ဒီအာရုံတွေပေါ် တင်ပေးထားလို့ စိတ်က ဒီအာရုံတွေဆီညွှတ်ပြီး ပေါင်းစပ်ပြီးနေတယ်၊ ဒါ ဝိတက်ရဲ့စွမ်းဆောင်ချက်ပဲ။

 

နောက်တစ်ခါ အပြစ်မကင်းတဲ့အတွေးတစ်ခုက ဘာတုန်းဆိုရင် တစ်စုံ တစ်ခုကြောင့် စိတ်ထဲမှာ အလိုမကျဖြစ်တယ်၊ မုန်းတီးတယ်၊ ဒေါသဖြစ်တယ်ဆိုတဲ့ အခါမှာ အလိုမကျမှု မုန်းတီးမှု ဒေါသဖြစ်မှုကို အခြေခံပြီး လူတွေဟာ တွေးတတ် ကြတယ်၊ တွေးတဲ့အခါမှာ အလိုမကျမှုဒေါသကို အခြေခံပြီးတော့တွေးရင် ဒေါသ တွေဟာ ကြီးသည်ထက် ကြီးလာတယ်၊ မုန်းတီးမှု အလိုမကျမှု၊ ဒါတွေကို တွေးလိုက်တာ၊ ဗျာပါဒဝိတက္ကလို့ ခေါ်တယ်၊ ဒေါသနဲ့အတွေးတဲ့။

 

ဒေါသနဲ့အတွေးဟာ ဘယ်တော့မှမကောင်းဘူး၊ ဘယ်သူ့ကို ဆဲလိုက်မယ်၊ ဘယ်သူ့ကို ရိုက်လိုက်မယ်၊ ဘယ်သူ့ နှက်လိုက်မယ်၊ သတ်လိုက်မယ်၊ ဖြတ်လိုက် မယ်ဆိုတဲ့အတွေးပဲ တွေးမှာပဲ၊ ဒီဝိတက် ဒေါသနဲ့တွေးလိုက်တဲ့အတွေးတွေ၊ ကမ္ဘာ လောကကြီးမှာ ပြဿနာတက်နေတာ ဒီအတွေးတွေကြောင့်ပဲ၊ ဒေါသနဲ့တွေးတဲ့ အတွေးတွေက ဦးဆောင်သွားတယ်။

 

နောက်တစ်ခုကျတော့ ဝိဟိံသာဝိတက္က၊ မုန်းတီးတဲ့အတွေး တွေးရုံတင် မကဘူး၊ တစ်ဖက်သားကို ညှင်းဆဲသတ်ဖြတ်လိုတဲ့ အတွေးတွေ တွေးလာတယ်၊ အမုန်းနဲ့တွေးတာ ဒေါသနဲ့တွေးတာက ဗျာပါဒဝိတက္က၊ ညှင်းဆဲသတ်ဖြတ်လိုတဲ့ အတွေးကျတော့ ဝိဟိံသာဝိတက္ကတဲ့၊ ဟော အကုသိုလ်တွေနဲ့ ပတ်သက်လာလို့ရှိရင် အတွေးသုံးမျိုး ရှိတယ်တဲ့၊ မကောင်းတဲ့အတွေးတွေ။

 

အကျဉ်းချုပ်ပြောမယ်ဆိုရင် ဒီအတွေးသုံးခုဟာ လောဘနဲ့တွေးတဲ့အတွေး၊ ဒေါသနဲ့တွေးတဲ့အတွေး၊ ဒီနှစ်ခုပါပဲ၊ လောဘနဲ့ တွေးတယ်၊ ဒေါသနဲ့ တွေးတယ်၊ လောဘနဲ့တွေးရင် ကာမဝိတက်၊ ဒေါသနဲ့တွေးရင် ဗျာပါဒဝိတက်နဲ့ ဝိဟိံသာ- ဝိတက်၊ မှားယွင်းတဲ့အတွေးသုံးမျိုးတဲ့။

 

အခု ဈာန်မှာပါတဲ့ ဝိတက်ကျတော့ မှားယွင်းတဲ့အတွေး မဟုတ်တော့ဘူး၊ ကောင်းတဲ့ကုသိုလ်နဲ့ယှဉ်တွဲလာတဲ့ အတွေးမျိုးတဲ့၊ ပြောင်းပြန်ပြန်ပြီးတော့ကြည့်- ကာမဂုဏ်အာရုံတွေပေါ်မှာ တွေးနေတဲ့အတွေးကို ကာမဝိတက် ခေါ်တယ်၊ ပြောင်းပြန်ပြန်လိုက်လို့ရှိရင် ကာမဂုဏ်အာရုံတွေကို စွန့်ပယ်လိုတဲ့ အတွေးဆိုတာ လည်း ရှိတယ်နော်၊ ဒီအတွေးတွေက၊ အပျော်အပါးတွေ မလိုက်စားဘဲနဲ့ တရား ရိပ်သာသွားပြီး တရားထိုင်ဦးမယ်ဆိုတဲ့ အတွေးကအစ၊ ဒုလ္လဘရဟန်း ခံလိုက်ဦး မယ်၊ ဘယ်နှစ်ရက် တရားထိုင်ဦးမယ် ဆိုတဲ့အတွေးရှိတယ်၊ ဒါ ကောင်းတဲ့ဘက် တွေးတဲ့အတွေး၊ အဲဒါကျတော့ ဘာခေါ်တုန်းဆိုတော့ နေက္ခမ္မဝိတက်၊ နေက္ခမ္မ ဆိုတာ ခုနက လိုချင်စရာ အာရုံတွေကို တွေးနေတဲ့အတွေး, အဲဒီအတွေးကို ဖျောက်လိုက်တာ၊ လိုချင်စရာအာရုံတွေကို စွန့်လွှတ်တယ်ဆိုတဲ့အတွေးမျိုး တွေးလာ တယ်၊ ဒါ နေက္ခမ္မဝိတက်၊ အလောဘနဲ့တွေးတယ်။

 

နောက်တစ်ခု အဗျာပါဒဝိတက်၊ မုန်းတဲ့အတွေး ဒေါသနဲ့တွေးတဲ့ အတွေး မတွေးဘဲနဲ့ သည်းခံခြင်း ခွင့်လွှတ်ခြင်း မေတ္တာထားခြင်းဆိုတဲ့အတွေးနဲ့ တွေးတာ၊ အဗျာပါဒဝိတက္က၊ လူတွေမှာ သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတဲ့ အတွေးတွေရှိတယ်။

 

နောက် အဝိဟိံသာဝိတက္က၊ လူတစ်ဖက်သားကို ညှင်းဆဲလိုတဲ့စိတ်တွေ မရှိဘူး၊ သနားတယ် ကြင်နာတယ်ဆိုတဲ့ ကရုဏာနဲ့ တွေးတဲ့ အတွေးတွေ၊ “ဪ သနားစရာပဲ၊ ဒုက္ခရောက်နေရှာတယ်” ဆိုတဲ့အတွေးတွေ တွေးတယ်၊ အဝိဟိံသာ- ဝိတက္က။ အဲဒီလို ကောင်းတဲ့ဘက်က သုံးမျိုးရှိတယ်၊ မကောင်းတဲ့ဘက်က သုံးမျိုး ရှိတယ်၊ အားလုံး ၆-မျိုး။

 

ဒီနေရာမှာ ကောင်းတဲ့ဘက်ကိုတွေးတဲ့ ဝိတက်မျိုးဟာ ဈာန်ရဲ့အာရုံတစ်ခုခု ပေါ်မှာ ရှုမှတ်ပြီး ကျန်တာတွေနဲ့ ပေါင်းမိသွားပြီဆိုရင် ဈာန်အင်္ဂါဖြစ်သွားတယ်၊ သာမန်အနေ နဲ့တော့ ဈာန်အင်္ဂါလို့ ပြောလို့မရဘူး၊ သာမန် တစ်ခုတည်းနေရင် ဝိတက်ကို ဈာန်အင်္ဂါလို့ ပြောလို့မရဘူး၊ ဈာန်အာရုံကို တွေးလာပြီဆိုရင်တော့ ဈာန်အင်္ဂါဘက် ရောက်လာပြီ။

 

ဈာန်ဆိုတာ ကောင်းတာကိုလည်း စူးစိုက်ပြီးတော့ ရှုတာပဲ၊ ကောင်းတဲ့စိတ် နဲ့လည်း အာရုံကို စူးစိုက်ရှူတာပဲ၊ မကောင်းတဲ့စိတ်နဲ့လည်း အာရုံကို စူးစိုက်ရှူတာပဲ၊ စူးစိုက်ရှုရတာကသာ အဓိကပဲ၊ ဈာန်လို့ဆိုတဲ့အတိုင်း အကုန်လုံးအကောင်းချည်း လို့တော့ မအောက်မေ့လေနဲ့၊ ဒါကြောင့်မို့ ဈာန်အင်္ဂါ ၇-မျိုးပြောတဲ့ထဲမှာ ဒီသမထ ကျင့်စဉ်ကို ကျင့်လို့ရတဲ့ ဈာန်အင်္ဂါက ၅-မျိုး၊ အာရုံကို စူးစိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့ ဈာန်အင်္ဂါကျတော့ ၇-ခု ရှိတယ်၊ သတ္တဈာနင်္ဂါနိ၊ ဈာန် အင်္ဂါ ၇-ခုက ဘာတွေတုန်းဆိုတော့ ဝိတက် ဝိစာရ ပီတိ ဧကဂ္ဂတာ သောမနဿ ဒေါမနဿ ဥပေက္ခာတဲ့၊ ဒီထဲမှာ အကုသိုလ်တွေ ပါတယ်၊ ဒေါမနဿဆိုတာ အကုသိုလ်ပဲ၊ ကျန်တာကတော့ ရောနေတယ်။

 

ဒေါမနဿက အကုသိုလ်စစ်စစ်ပဲ၊ အကုသိုလ်ဈာန်ပဲ၊ ဒေါမနဿဆိုတာ လည်း ကြည့်လေ၊ စိတ်ဆိုးပြီး ဝမ်းနည်းပူပန်မှု ဖြစ်နေပြီဆိုလို့ရှိရင် အာရုံပေါ် တွေးနေတာပဲ၊ အာရုံကိုကပ်၍ ရှုနေတာပဲ၊ အာရုံနဲ့ မပြတ်ဖြစ်နေလို့ ဝမ်းနည်းတာ၊ ဒီအာရုံကို မေ့ပစ်လိုက်ရင် ဝမ်းမနည်းတော့ဘူး၊ ဝမ်းနည်းတယ်ဆိုတာ ဝမ်းနည်းစရာ အာရုံ ပေါ်မှာ ရှုနေလို့ ဝမ်းနည်းတာ ဖြစ်တာ၊ ဒါကြောင့် လူတွေက ဝမ်းနည်းစရာ အာရုံကို မတွေးဘဲနဲ့ မေ့ပစ်တာလည်း ရှိတယ်၊ မူးယစ်ဆေးဝါးအသုံးပြုပြီးတော့ မေ့ပစ်လိုက် တာလည်း ရှိတယ်၊ အိပ်ပစ်လိုက်တာလည်း ရှိတယ်၊ ဟော အိပ်ပျော် သွားမယ်၊ သို့မဟုတ် မူးပြီး တစ်ခုခုဖြစ်သွားမယ်ဆိုရင်လည်း မတွေးတော့ဘူး၊ ဒါကြောင့်မို့ လူတွေက နည်းအမျိုးမျိုးနဲ့ ဖြေဖျောက်နေကြတယ်။

 

ဈာန်ဆိုသည်မှာ အာရုံကိုကပ်၍ရှုခြင်း လို့ဆိုတဲ့အဓိပ္ပါယ် ရသည့်အတွက်ကြောင့် အခု ဈာနပစ္စယောမှာ ကုသိုလ်နဲ့လည်း ဆိုင်တယ်၊ အကုသိုလ်နဲ့လည်း ဆိုင်တယ်လို့ ဒီလိုမှတ်ရမယ်။

 

ကဲ ကုသိုလ်နဲ့ ပတ်သက်တာကို အဓိကထားပြီး ပြောမယ်၊ ခုနက နေက္ခမ္မ– ဝိတက္က၊ အဗျာပါဒဝိတက္က၊ အဝိဟိံသာဝိတက္က၊ ဒီသဘာဝတရားဟာ ဈာန်အင်္ဂါထဲ မပါဝင်ခင် စိတ်ကို အာရုံပေါ်မှာ တင်ပေးတဲ့သဘာဝ ရှိတယ်တဲ့၊ ဘာစိတ်ပဲ ဖြစ်ဖြစ် အာရုံပေါ် တင်ပေးတယ်၊ သို့သော် အာရုံတစ်ခုပေါ်မှာ စနစ်တကျလေ့ကျင့်ထားပြီ ဆိုရင်တော့ သူက ဈာနဖြစ်သွားတယ်။

.

 

ဝိစာရ

▬▬▬

 

နောက်တစ်ခုက ဝိစာရ၊ ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တာ၊ သူ့တာဝန်က အာရုံပေါ် ထိုးတင်ပေးလိုက်တယ်ဆိုရင် သူ့တာဝန် ပြီးသွားပြီ၊ နောက်ထပ် ဒီတာဝန်ကို ဆက်လက်ယူရတဲ့သဘာဝတရားက ဝိစာရ၊ ဒါကြောင့်မို့ ဝိ ဆိုတာ အဖန်ဖန်အထပ်ထပ်, စာရက လှည့်လည်နေတာ၊ အာရုံပေါ်မှာ စိတ်ဟာ လည်ပတ်နေတယ်၊ ရစ်ဝဲနေတယ်၊ ဝိတက်က တင်ပေးလိုက်တဲ့ အာရုံပေါ်မှာ စိတ် က ရစ်ဝဲနေတာ၊ ဘယ်သူ့စွမ်းအားနဲ့ ရစ်ဝဲနေတာတုန်းဆိုရင် ဝိစာရစွမ်းအားနဲ့၊ ဒါကြောင့်မို့ ဝိစာရကို သုံးသပ်တယ်လို့ဆိုတာ၊ အသိဉာဏ်နဲ့ ပုံသဏ္ဌာန်တော့ သွားတူတယ်၊ ဒါပေမယ့် အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်တာမျိုး မဟုတ်ဘူး၊ ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံ ဆုံးဖြတ်တာမဟုတ်ဘူး၊ အာရုံပေါ် ရစ်ဝဲနေတာ။

 

သဘာဝတရားရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်- ဝိတက်က စိတ်ကို အာရုံပေါ် တင်ပေးလိုက်တယ်၊ သူ့ကိစ္စက ပြီးသွားပြီ၊ ဝိစာရက အဲဒီ ဝိတက် တင်ပေးလိုက် တဲ့စိတ်ကို အာရုံမှာ ရစ်ဝဲနေအောင် လုပ်ပေးတယ်၊ စိတ်နဲ့အာရုံ ကွဲမသွားဘူး၊ ဒီသဘောကို ပြောတာ။

.

 

ပီတိ

▬▬

 

ပီတိက ဝိတက်တင်ပေးထားတဲ့ အာရုံပေါ်မှာ နှစ်ခြိုက်နေတယ်၊ သမထ ကျင့်စဉ်အရ ရလာတဲ့ပီတိက တစ်မျိုးနော်၊ ကာမဂုဏ်အာရုံတွေပေါ်မှာ နှစ်ခြိုက် နေတယ်ဆိုတဲ့ ပီတိက တစ်မျိုး၊ တရားပေါ်မှာ နှစ်ခြိုက်နေတဲ့ပီတိက ဓမ္မပီတိ၊ လောဘဖြစ်ပြီးတော့ ကျေနပ်နေတယ်၊ ကိုယ်လိုချင်တာလေးရလို့ ကျေနပ်နေတယ်၊ လောဘနဲ့ဖြစ်နေတဲ့ ပီတိက တစ်မျိုး၊ အဲဒါက လောဘနဲ့တွဲနေတဲ့ ပီတိ၊ အခု ဈာန် ကျင့်စဉ်မှာပါတဲ့ ပီတိကျတော့ လောဘနဲ့ တွဲထားတဲ့ပီတိ မဟုတ်ဘူးတဲ့၊ သမထရဲ့ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ပီတိတဲ့။

 

အချုပ်အားဖြင့် ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တယ်၊ ဝိစာရက အာရုံပေါ်မှာ စိတ်ကို ရစ်ဝဲနေအောင် လုပ်ပေးတယ်၊ ပီတိက ဒီစိတ်ကို အာရုံ ပေါ်မှာ ပျော်နေအောင် လုပ်ပေးတယ်၊ ကြည့် - တင်တော့ တင်ပေးထားတယ်၊ ထိန်းတဲ့လူက မရှိဘူးဆိုရင် ကွာထွက်သွားမှာပဲ၊ အေး တင်ပေးထားလို့ ရောက်နေ ပြီ၊ ထိန်းတဲ့လူက ထိန်းနေတယ်၊ မပျော်ဘူးဆိုလို့ရှိရင်လည်း လစ်သွားမှာပဲ၊ ဒါကြောင့်မို့ ဒီသဘာဝ တရားတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်ပြီး ဆောင်ရွက်လုပ်ကိုင်နေကြ တယ်ဆိုတဲ့ သဘောက အင်မတန်ထင်ရှားတယ်၊ ဝိတက်က တင်ပေးထားတယ်၊ ဝိစာရက ထိန်းပေးထားတယ်၊ ပီတိက အဲဒီအာရုံပေါ်မှာ ပျော်နေအောင်, နှစ်ခြိုက်နေအောင် လုပ်ပေးထားတယ်။

.

 

သုခ ဧကဂ္ဂတာ

▬▬▬▬▬▬

 

သုခဆိုတာ ဒီအာရုံရဲ့အရသာကို ခံစားသိရှိနေတယ်၊ ဧကဂ္ဂတာက အဲဒီ အာရုံပေါ်မှာ စိတ်ငြိမ်ကျနေတယ်၊ အဲဒီငါးခုဟာ တစ်ညီတစ်ညွတ်တည်း ဟန်ချက် ညီညီနဲ့ အာရုံတစ်ခုပေါ်မှာ အလုပ်လုပ်နေပြီဆိုလို့ရှိရင် ဈာနဆိုတာ ဖြစ်တယ်။ ကဲ ဈာနဖြစ်ပုံကို ပိုပြီးတော့ ထင်ရှားနေအောင် ပြောရအောင်၊ ထွက်လေ ဝင်လေပေါ်မှာ ဈာနဘယ်လိုဖြစ်တုန်း၊ သမထကျင့်စဉ်နည်းလမ်းအရ ဆိတ်ငြိမ်ရာ သို့ ကပ်၊ အာနာပါနကျင့်စဉ်ဆိုတာ အင်မတန်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ကျင့်တာတဲ့၊ သာမန်ပုဂ္ဂိုလ်တွေ မကျင့်နိုင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ခက်ခဲတယ်တဲ့၊ မြတ်စွာဘုရားအလောင်းတော်ဟာ ဒီအာနာပါနကမ္မဋ္ဌာန်းနဲ့ ဈာန်တွေ ရသွားတယ်၊ နောက်ဆုံး ဝိပဿနာကူးပြီး ဘုရားဖြစ်သွားတာ၊ ဘုရားဖြစ်တဲ့ကမ္မဋ္ဌာန်း ဘာ ကမ္မဋ္ဌာန်းတုန်းလို့ မေးလို့ရှိရင် အာနာပါနကမ္မဋ္ဌာန်းပဲ။

.

 

အာနာပါနနဲ့ သမထ

▬▬▬▬▬▬▬

 

ဒီအာနာပါနကို သမထကျင့်စဉ်နဲ့ ကျင့်မယ်ဆိုရင် အကြမ်းဖျင်းပြောရရင် သမာဓိရလွယ်အောင် ဆိတ်ငြိမ်တဲ့နေရာကိုသွား, တစ်ယောက်တည်းနေ၊ ဆိတ်ငြိမ် တဲ့နေရာသွားခြင်းက အများကြီးအထောက်အကူဖြစ်တယ်၊ ဒါတွေက အခြေအနေ ကောင်းကို ဖန်တီးတယ်လို့ ခေါ် တယ်နော်၊ ဒါတွေကို ပြောလိုက်တာနဲ့ အားလုံးစုပြီး တရားမထိုင်ကောင်းဘူးလို့ပြောတာမဟုတ်ဘူး၊ ဆိတ်ငြိမ်ရာ မဟုတ်ဘဲနဲ့ မြို့ထဲမှာ တရားမထိုင်ကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ အခြေအနေကောင်းတွေကို ဖန်တီးပေးရတာ။

 

မြတ်စွာဘုရားက သမထကျင့်စဉ်အရ ကျင့်တော့မယ်ဆိုရင် ညွှန်းထားတာတွေ ရှိတယ်၊ “အရညဂတော ဝါ ရုက္ခမူလဂတော ဝါ”၊ တောထဲဆိုတော့ လူသူ ဝေးတယ်၊ ဒါကြောင့် တောထဲမှာဖြစ်စေ၊ သစ်ပင်ရင်းအောက်ဆိုတာ အရိပ်ကလေး နဲ့ဆိုတော့ ချမ်းသာတယ်၊ ဒါကြောင့်မို့ သစ်ပင်အောက်မှာ ဖြစ်စေ၊ အဲဒီလို မရနိုင် ဘူးဆိုရင် ဘာလဲ “သုညာဂါရဂတော ဝါ” တိတ်ဆိတ်ငြိမ်သက်တဲ့အခန်း အဆောက်အဦးထဲမှာဖြစ်စေ၊ ဟော နေရာရွေးချယ်နည်းကိုပြောတာ၊ ကမ္မဋ္ဌာန်းတရား အားထုတ်တော့မယ် (သို့မဟုတ်) သမာဓိကျင့်စဉ်ကျင့်တော့မယ်ဆိုရင် ဆိတ်ငြိမ်တဲ့ တောထဲသွားပါ၊ သို့မဟုတ် ဆိတ်ငြိမ်တဲ့ သစ်ပင်တစ်ပင်အောက်မှာထိုင်၊ သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်တဲ့ သုညာဂါရ ဘယ်သူမှမရှိဘူး၊ ကိုယ်တစ်ယောက်တည်း ရှိတယ်၊ ဘယ်သူမှမရှိတဲ့ အဆောက်အဦး ကမ္မဋ္ဌာန်းကျောင်းထဲမှာ တစ်ယောက်တည်း ထိုင်၊ မြတ်စွာဘုရားက နေရာဌာနကို ဖေါ်ပြလိုက်တာ၊ ကမ္မဋ္ဌာန်းအားထုတ် တော့မယ်ဆိုရင် အဲဒီနေရာတွေကို ရွေးတဲ့။

 

ရွေးပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ “ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ”၊ တင်ပျဉ်ခွေထိုင်လိုက်တဲ့၊ အမျိုးသားတွေကျတော့ တင်ပျဉ်ခွေထိုင်၊ အမျိုးသမီးတွေ ကျတော့ ဒူးတုတ်ထိုင်တဲ့ပုံစံမျိုးနဲ့ ထိုင်၊

 

ပလ္လင်္ကံ အာဘုဇိတွာ၊ ဘာဖြစ်လို့ ဒီလိုထိုင်တာတုန်းဆို ထိုင်ခြင်းဣရိယာပုထ်က မြဲမြံစေတယ်၊ သိပ်လည်း အားမစိုက်ရတဲ့ ထိုင်နည်းမျိုး၊ အဲဒီလိုနည်းမျိုး၊

 

ဥဇုံ ကာယံ ပဏိဓာယ၊ ခန္ဓာကိုယ် ကို ဖြောင့်ဖြောင့်ထားလို့ ဆိုတာ၊ ပေါင်တို့ ဒူးတို့က ဖြောင့်ဖြောင့်ထားလို့ ဘယ်ရ မလဲ၊ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် ထားလို့ဆိုတာ၊ ခါးကနေ အထက်ကို ဖြောင့်ဖြောင့်ထားလို့ ဆိုလိုတာ၊

 

ဥဇုံ ကာယံ ပဏိဓာယ၊ ခါးအထက် ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားတဲ့၊ ခေါင်းကြီး ကိုလည်း ငိုက်မနေနဲ့၊ စောင်းလည်းမနေနဲ့၊ တည့်တည့်မတ်မတ်လေး ထိုင်လို့။

 

အဲဒီလို ဘာဖြစ်လို့ ထိုင်ခိုင်းတာတုန်းဆိုရင် အခြေအနေကောင်းတွေကို ဖန်တီးပေးဖို့၊ အကယ်၍ ခါးကို ကုန်းပြီးထိုင်မယ်ဆိုရင် ကိုယ့်ဟာကိုယ် စမ်းကြည့်၊ ကျောရိုးတွေမှာ အဆစ်ကလေးတွေ ရှိတယ်၊ အရိုးအဆစ်ကလေးတွေ ပေါင်းထားတာ၊ စောင်းပြီးတော့ ထိုင်ရင် ခါးကုန်းပြီးထိုင်ရင် အဲဒီအရိုးအဆစ် ကလေးတွေက အာရုံကြောတွေကို သွားဖိနေတတ်တယ်၊ တည့်တည့်မထိုင်မိလို့ ဆန့်ဆန့် မထိုင်မိ လို့ရှိရင် ဖိတတ်တယ်၊ ဖိနေပြီဆိုရင် ဘာဖြစ်လဲ၊ ကြာရှည်ထိုင်တဲ့အခါမှာ ခါးကိုက် တာတို့ ကျောအောင့် တာတို့ဆိုတဲ့ ဝေဒနာတွေ ဖြစ်လာတယ်၊ အဲဒါကြောင့် အဲဒီ ဝေဒနာတွေ မပေါ် ရအောင်လို့ ဆန့်ဆန့်ကလေး ထိုင်ပါလို့ပြောတာ။

 

ဆန့်ဆန့်ကလေးထိုင်ပြီး “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”၊ သတိဆိုတဲ့တရား ကိုနော် အာရုံဘက်ကို ဦးလှည့်ပြီးထားလိုက်၊ ဆိုလိုတာက ထွက်လေဝင်လေပေါ်မှာ သတိ ထားလိုက်လို့ ပြောတာ၊ ထွက်လေဝင်လေပေါ်မှာ သတိထားပါ၊ သတိ ထားပြီးတဲ့အခါ၊

 

“သတောဝ အဿသတိ၊ သတောဝ ပဿသတိ” ဆိုတဲ့အတိုင်း သတိထားပြီးတော့ ဝင်လေထွက်လေကို မှတ်ပါတဲ့၊ ထွက်နေတယ် ဝင်နေတယ် ဆိုတဲ့ သဘာဝတွေကို သိအောင် ကြိုးစားပါတဲ့။

 

ဒီတော့ ပထမ သမာဓိကျင့်စဉ်ကျင့်မယ်ဆိုလို့ရှိရင် ထွက်လေဝင်လေကို အာရုံပြုပြီးတော့ စိတ်ဟာ ငြိမ်လာလိမ့်မယ်၊ စိတ်ဟာ ထွက်လေဝင်လေပေါ်မှာ အတော်ငြိမ်လာပြီဆိုလို့ရှိရင် ပထမစပြီး ရနေတဲ့ သမာဓိကို ပရိကမ္မသမာဓိလို့ ခေါ်တယ်၊ စိတ်ကလေးငြိမ်နေအောင် စပြီး လုပ်နေပြီ၊ စိတ်ကလေး အတော်ငြိမ် လာပြီဆိုတဲ့အခါကျလို့ရှိရင် အာရုံဟာ ထင်ထင်ရှားရှား ပိုဖြစ်လာတယ်၊ နှာသီးဖျား တိုက်တိုက်ပြီး ထွက်သွားဝင်သွားတဲ့ ထွက်လေဝင်လေ ထင်ထင်ရှားရှားဖြစ်လာ တယ်၊ နောက်ကျတော့ အဲဒီလေက အသွင်ပြောင်းသွားတယ်၊ လူ ရဲ့အသိစိတ်ထဲ မှာ ဘာဖြစ်လာတုန်းဆိုရင် မိမိနှာခေါင်းထဲက အလင်းတန်းလေး ထွက်နေတာလို ထင်လာတယ်၊ ဒါ နိမိတ်လို့ ခေါ် တယ်ပေါ့၊ အလင်းတန်းလေး ထွက်နေတာ မြင်ရ တာမျိုး၊ သို့မဟုတ် ပုတီးလုံးလေးတွေ နှာခေါင်းထဲက ထွက်နေတာမျိုး၊ နောက် မီးခိုးတန်းလေးတွေ နှာခေါင်းထဲက ထွက်နေတာမျိုး၊ ဆေးလိပ်သောက်တဲ့လူတွေ နှာခေါင်းထဲကနေပြီးတော့ မီးခိုးထုတ်သလို ထွက်လေဝင်လေဟာ အဲဒီလို မီးခိုး တန်းကလေးလို စိတ်ထဲမှာ မြင်ယောင်လာတယ်၊ အဲဒါဟာ အာရုံနိမိတ်တွေ ပေါ်လာတာ၊ ပဋိဘာဂနိမိတ်လို့ ခေါ်တယ်။

 

တကယ်တော့ အဲဒီအာရုံဟာ စိတ်ထဲမှာထင်လာတဲ့ အမှတ်သညာကြောင့် ဖြစ်တဲ့အာရုံမျှသာ ဖြစ်တယ်ပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ ဘာကြောင့် မတူတုန်းဆိုရင် အမှတ်သညာချင်းက မတူသည့်အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက်ဟာ ပေါ်လာတဲ့အာရုံချင်း မတူဘဲ ဖြစ်သွားတယ်။

.

 

ပထမဈာန်

▬▬▬▬

 

အဲဒီပေါ်လာတဲ့အာရုံပေါ်မှာ စိတ် အမြဲရောက်နေအောင် ပို့တင်ထားပေး တာက ဝိတက်၊ အဲဒီနိမိတ်အာရုံနဲ့စိတ်နဲ့ ကွာမသွားအောင် ထိန်းပေးထားတာက ဝိစာရ၊ အဲဒီနိမိတ်အာရုံပေါ်မှာ စိတ်ကျေနပ်နေအောင် လုပ်ပေးထားတာက ပီတိ၊ အဲဒီအာရုံပေါ်မှာ ကျေနပ်ပြီးတော့ နှစ်သက်သဘောကျနေတာက သုခ၊ အဲဒီ နိမိတ်အာရုံလေးပေါ်မှာ စိတ်ကလေးငြိမ်နေတာက ဧကဂ္ဂတာတဲ့၊ ဟောဒီသဘာဝ တရားငါးခုဟာ ဟန်ချက်ညီညီနဲ့ နိမိတ်အာရုံပေါ်မှာ အလုပ်လုပ်လာပြီ၊ ဟန်ချက် ညီသွားပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီဈာန်အင်္ဂါငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ ပထမ ဈာန် ပထမအဆင့်ကို ဒီပုဂ္ဂိုလ်ဟာ ရောက်ရှိသွားပြီ၊ ပထမဈာန် ရသွားပြီလို့ ဒီလို ပြောတာနော်။

 

ကြည့် - ပထမဈာန်ရသွားတဲ့အခါမှာ ဒီသဘာဝတရားငါးခုဟာ ဒီအာရုံနဲ့ အလုပ်လုပ်နေကြတယ်၊ ပထမအကြိမ် ရထားတဲ့အချိန်လေးမှာ ဖြတ်ခနဲရသွားတာ၊ တစ်ညီတည်းဖြစ်သွားတယ်၊ အင်အားကောင်းတဲ့ရှုမှတ်မှုလေးဟာ ဖြတ်ခနဲဖြစ်သွား ပြီးနောက် သာမန်အနေအထားဘက် ရောက်သွားတယ်၊ အဲဒီအချိန်မှာ ထပ်ပြီး တော့ ကြိုးစားတယ်၊ အကြိမ်ကြိမ်လုပ်တဲ့အခါကျတော့ ကိုယ်ကြိုက်သလောက် အချိန်ပိုင်း တစ်ခုလုံးထိအောင် ဟောဒီ သဘာဝတရားတွေဟာ ထိုအာရုံပေါ်မှာ စိတ်ကို စွမ်းဆောင်ထားနိုင်တယ်တဲ့။

 

ဝိတက်က အာရုံပေါ် စိတ်ကိုတင်ပေးလိုက်တယ်၊ ဝိစာရက အာရုံနဲ့စိတ် ကွာမသွားအောင် ထိန်းပေးတယ်၊ ပီတိက စိတ်ကို အာရုံပေါ် မှာ ပျော်နေအောင် လုပ်ပေးထားတယ်၊ သုခက စိတ်ကို အာရုံပေါ်မှာ ကျေနပ်နေအောင် လုပ်ပေးထား တယ်၊ ဧကဂ္ဂတာက စိတ်ကို ဒီအာရုံတစ်ခုတည်းကလွဲလို့ တခြားရောက်မသွား အောင် ထိန်းပေးထားတယ်၊ ဒီသဘာဝတရားငါးခုဟာ စုပေါင်းပြီးတော့ အဲဒီနိမိတ် လို့ဆိုတဲ့ ဈာန်ရဲ့အာရုံပေါ်မှာ တည်ငြိမ်ပြီးတော့ သွားတာ၊ အဲဒါဟာ ပထမအဆင့် ပထမဈာန် ရသွားတာလို့ ပြောတယ်။

.

 

ဒုတိယဈာန်

▬▬▬▬

 

ပထမဈာန်ရသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပထမဈာန်ကို အကြိမ်ကြိမ် ဝင်စား၊ အကြိမ်ကြိမ်ဝင်စားတဲ့အခါမှာ နောက်ပိုင်းကျလို့ရှိရင် အာရုံပေါ်မှာ စိတ်တင် ပေးစရာ မလိုလောက်အောင် ဖြစ်လာတယ်၊ ဝိတက်က တင်တင်ပေးနေရတာကို သူ့စိတ်ထဲမှာ ကျေနပ်မှု မရှိဘူး၊ ဒီတော့ သမာဓိတွေကို စွမ်းအားတိုးမြှင့်လိုက်တဲ့ အခါကျတော့ ဝိတက်က စိတ်ကို အာရုံပေါ်တင်ရခြင်း မရှိဘဲနဲ့ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ - ဒီလေးခုနဲ့တင် သူက စွမ်းဆောင်နိုင်သွားပြီဆိုရင် ဒါ ဈာန်ရဲ့ ဒုတိယ အဆင့်လို့ ပြောတယ်။

.

 

တတိယဈာန်

▬▬▬▬

 

တစ်ခါ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က အကြိမ်ကြိမ် ဝင်စားနေတဲ့အခါ နောက်ပိုင်း ဝိစာရက အာရုံနဲ့စိတ်နဲ့ ကွာမသွားအောင် ထိန်းပေးနေရတာကို အလုပ် ကြီးတစ်ခုဖြစ်လို့ မကျေနပ်တော့ဘူး၊ မကျေနပ်သည့်အတွက်ကြောင့် သမာဓိ စွမ်းအားတွေ မြှင့်တင်လိုက်တဲ့အခါမှာ သုံးမျိုးပဲရှိတော့တယ်၊ အာရုံပေါ်မှာ ကျေနပ် နေတဲ့ ပီတိ, နှစ်ခြိုက်နေတဲ့ သုခနဲ့ တည်ငြိမ်နေတဲ့ ဧကဂ္ဂတာ၊ ဒီသုံးခုနဲ့တင် ရပ်တည်သွားနိုင်လို့ရှိရင် ဒါ တတိယဈာန်အဆင့်၊ ဒီလို တစ်ခုချင်း တိုးလာတာ။

.

 

စတုတ္ထဈာန်

▬▬▬▬

 

နောက် စတုတ္ထဈာန်အဆင့် ရောက်တဲ့အခါကျတော့ နှစ်ခြိုက်နေတဲ့ ပျော်မွေ့နေတဲ့ ပီတိကို မလိုချင်တော့ဘူး၊ မလိုချင်တဲ့အတွက်ကြောင့် သုခဆိုတဲ့ သဘောကျနေ တာရယ်၊ ဧကဂ္ဂတာဆိုတဲ့ တည်ငြိမ်နေတာရယ် ဒီနှစ်ခုတည်းနဲ့ ရပ်တည်နေအောင် ကြိုးစားလိုက်ပြီး အာရုံကို ရှုမှတ်နိုင်သွားပြီဆိုတဲ့အခါကျတော့ စတုတ္ထဈာန်အဆင့် ရောက်သွားတယ်။

.

 

ပဉ္စမဈာန်

▬▬▬

 

အဲဒီကနေ ထပ်ပြီးတော့ တိုးမြှင့်လိုက်တဲ့အခါ ဘာဖြစ်တုန်း၊ အာရုံပေါ်မှာ သဘောကျ ကျေနပ်နေတယ်ဆိုတဲ့ ခံစားနေတဲ့ သုခဆိုတာပါ .. ဖယ်ရှားပစ်လိုက် တယ်၊ ဒါလည်း လှုပ်ရှားမှုတစ်ခုပဲ၊ သမာဓိစွမ်းအားကို အန္တရာယ်ပြုနေတဲ့အရာလို့ မြင်လာသည့် အတွက်ကြောင့် အာရုံပေါ်မှာ နှစ်ခြိုက်နေတဲ့ ခံစားနေတဲ့ သုခဝေဒနာကို ဖယ်ရှားပစ်လိုက်တဲ့အခါ (ဝေဒနာဆိုတာ လုံးဝဖယ်ရှားလို့မရဘူး၊) မထင်ရှားတဲ့ ခံစားမှု ဥပေက္ခာဝေဒနာဆိုတာ ဖြစ်လာတယ်၊ သမာဓိစွမ်းအားမြှင့်လိုက်တာနဲ့ တစ်ပြိုင်နက် သုခကနေပြီးတော့ ဥပေက္ခာဝေဒနာအဆင့်ရောက်သွားပြီး ဥပေက္ခာနဲ့ ဧကဂ္ဂတာ - အာရုံပေါ်မှာ ခံစားမှုမထင်ရှားတာရယ် တည်ငြိမ်နေတာရယ်၊ အဲဒီ နှစ်ခုတည်းနဲ့ ဖွဲ့စည်းထားတဲ့ ပဉ္စမဈာန်ဆိုတဲ့အဆင့်ကို ရောက်သွားပါတယ်တဲ့၊ ဒါ သမထကျင့်စဉ်ကသွားတဲ့ ဈာန်တရားအကြောင်း ပြောတာ။

 

ဒီတော့ ဈာန်အင်္ဂါဆိုတာ နောက်ဆုံးအဆင့်မှာ ဥပေက္ခာနဲ့ ဧကဂ္ဂတာ၊ ဒီနှစ်ခုနဲ့ ဖွဲ့စည်းထားတာ၊ ဥပေက္ခာနဲ့ ဧကဂ္ဂတာကို ထပ်လျှော့လို့ မရတော့ဘူး၊ အဲဒါကြောင့် ရှေ့ကိုဆက်သွားချင်လို့ရှိရင် အာရုံပြောင်းတဲ့ နည်းစနစ်တွေနဲ့ သွားတယ်၊ အာရုံပြောင်းတဲ့ နည်းစနစ်တွေနဲ့ သွားလိုက်တဲ့အခါ အရူပဈာန် အဆင့်ဆင့် တက်သွားတယ်၊ ဒါတွေက ဈာန်ကျင့်စဉ်အနေနဲ့ ဒီလို သွားတာပေါ့။

 

အဲဒီဈာန်တွေရော ရည်ညွှန်းပြီးတော့ ဈာနပစ္စယောလို့ မြတ်စွာဘုရားက ဟောတာ ဖြစ်ပါတယ်၊ အဲဒီဈာန်အင်္ဂါထဲမှာ ပါဝင်တဲ့ သဘာဝတရားတွေ ဝိတက် ဝိစာရ ပီတိ ဝေဒနာ, နောက် အကုသိုလ်စိတ်တွေမှာဖြစ်တဲ့ ဒေါမနဿတို့၊ သောမနဿတို့၊ ဥပေက္ခာတို့၊ အဲဒီဝေဒနာတွေရယ်၊ အာရုံတစ်ခုတည်းပေါ်မှာ ငြိမ်သွားတဲ့ ဧကဂ္ဂတာ၊ အဲဒီဈာန်အင်္ဂါငါးပါး၊ အဲဒီဈာန်အင်္ဂါငါးပါးသည် တစ်ညီ တည်း စွမ်းဆောင်နိုင်ပြီဆိုရင် မိမိတို့နဲ့ယှဉ်တွဲလာတဲ့ သဘာဝတရားတွေကို အားလုံး အာရုံပေါ်မှာ စူးစိုက်သွား အောင် သူတို့က စွမ်းဆောင်ပေးထားတာလို့ ပြောလိုတာ၊ ဈာနပစ္စည်းဆိုတာ ဒီတရားငါးခုက ကျန်တဲ့, သူတို့နဲ့ယှဉ်တဲ့ သဘာဝတရားတွေ အားလုံးကို ဟောဒီအာရုံတစ်ခုပေါ်မှာ စူးစိုက်ကျသွားအောင် စွမ်းရည်သတ္တိတွေ ရသွားအောင် စွမ်းဆောင်ပေးနိုင်တဲ့ ကျေးဇူးပြုထားတဲ့သတ္တိပဲ။

 

ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -

 

“ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော”။

 

ဈာနင်္ဂါနိ - ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာလို့ဆိုတဲ့ ဈာန်တရား ငါးပါးတို့သည်၊

ဈာနသမ္ပယုတ္တကာနံ – ဈာန်နှင့်ယှဉ်တွဲ၍ ဖြစ်ကြကုန်သော စိတ် စေတသိက် တရားတို့အားလည်းကောင်း၊

တံ သမုဋ္ဌာနာနံ - ထိုစိတ်စေတသိက် တံ တရားတို့ကြောင့် ဖြစ်ပေါ်လာသော၊

ရူပါနဉ္စ – ရုပ်တရားတို့အားလည်းကောင်း၊

ဈာနပစ္စယေန - ဈာနပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါ ပေတော့၏။

 

ဒါဖြင့် ဘယ်လိုကျေးဇူးပြုတာတုန်းဆိုတော့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဆိုတဲ့ သဘာဝတရားတွေဟာ အာရုံနိမိတ်ကို စူးစိုက်ပြီးရှုတာ၊ သူတို့ရသလို သူတို့နဲ့ယှဉ်ဖြစ် လာတဲ့ သဘာဝတရားအားလုံးကိုလည်း စူးစိုက်ပြီးရှူအောင် သူတို့က စွမ်းဆောင် ပေးတယ်လို့ ပြောတာ၊ အားလုံး သူတို့လုပ်သလို လိုက်လုပ်စေတယ်လို့ ဒါပြောတာ နော်၊ ဈာန်မှာယှဉ်တဲ့ ကျန်တဲ့စိတ်တွေ စေတသိက်တွေ အားလုံးဟာ ဒီအာရုံ တစ်ခုတည်းပေါ်မှာ စူးစိုက်ပြီးတော့ ကျသွားတယ်၊ ကပ်ပြီးတော့ရှုအောင် စွမ်းဆောင် ပေးတယ်၊ ဒါကြောင့် တစ်ခုတည်းလို ဖြစ်သွားတာ သူတို့ရဲ့စွမ်းဆောင် ချက်ပဲ၊ တကယ်ကတော့ ဈာန်လို့ခေါ် တာ ဒီငါးခုအပေါင်းကိုပဲ ခေါ်တယ်၊ အဲဒီငါးခု အပေါင်းသည် သူတို့ချည်းသက်သက် ရပ်တည်မှု မရှိဘူး၊ ကျန်တဲ့ သူတို့နဲ့ ယှဉ်ဘက်တွေ စိတ်စေတသိက်တွေနဲ့ အတူဖြစ်တာ၊ အဲဒါတွေပါ ဒီအာရုံကို စူးစိုက်အောင် အာရုံကိုစူးစိုက်ပြီး ရှုမှတ်နေအောင် ဒီသဘာဝတရားတွေက စွမ်းအားတွေ ပေးတယ် တဲ့၊ အဲဒါကို ဈာနပစ္စယောတဲ့၊ အာရုံကို စူးစိုက်ပြီးတော့ ရှူစေတယ်။

 

ဒါတင် မကဘူး အဲဒီဈာန်စိတ်တွေကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေဟာလည်း (ရုပ်ဆိုတာက အာရုံကို ရှုနိုင်စွမ်း မရှိဘူး) ရှုနိုင်စွမ်းမရှိတဲ့ ရုပ်တွေကိုလည်း စူးစိုက်မှုရဲ့အနေအထားအတိုင်း ဖြစ်ပေါ် လာအောင်, ဈာန်ကြောင့်ဖြစ်တဲ့ရုပ်တွေက လည်း စူးစိုက်နေဘိသကဲ့သို့ ငြိမ်သက်သွားအောင် ဟောဒီဈာန်အင်္ဂါတရားတွေက စွမ်းဆောင်မှုပေးတယ်တဲ့၊ ငြိမ်သက်တဲ့စိတ်ကထုတ်တဲ့ ရုပ်ဟာလည်းပဲ ငြိမ်သက်တဲ့ ရုပ်ပဲဖြစ်မှာပေါ့၊ အဲဒီလို စွမ်းဆောင်ပေးတာက ဈာနသတ္တိနဲ့ စွမ်းဆောင်ပေးတာ၊ ဒီလိုဆိုတယ်၊ အဲဒီသဘောတရားတွေဟာ အားလုံး အာရုံကို စူးစိုက်စေတတ်တဲ့ သဘာဝတရားတွေချည်းပဲ။

 

ဒီနေရာမှာ ဒွေပဉ္စဝိညာဏ်-၁ဝ နဲ့ ပတ်သက်ပြီးတော့ ပြောရအောင်၊ ဒါက တော့ အဘိဓမ္မာသင်ဖူးတဲ့ပုဂ္ဂိုလ်တွေ သဘောကျဖို့ပါ၊ သဘာဝတရားတွေက အာရုံကို စူးစိုက်ပြီးတော့ ဖြစ်တယ်ဆိုတဲ့နေရာမှာ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်လို့ဆိုတဲ့ ဒီဒွေပဉ္စဝိညာဏ်-၁၀ မှာ ယှဉ်တဲ့ ဥပေက္ခာဝေဒနာ သုခဝေဒနာ ဒုက္ခဝေဒနာတို့ ဆိုတာ ရှိတယ်၊ ရှင်းအောင် ပြောရရင် စက္ခုဝိညာဏ် မြင်သိစိတ်၊ သောတဝိညာဏ် ကြားသိစိတ်၊ ယာနဝိညာဏ် နံသိစိတ်၊ ဇိဝှါဝိညာဏ် လျက်သိစိတ်ဆိုတဲ့ ဒီစိတ်တွေက ဥပေက္ခာဝေဒနာနဲ့ ယှဉ် တယ်၊ ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ကာယဝိညာဏ်စိတ်က သုခဝေဒနာနဲ့ ယှဉ်တယ်၊ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ကာယဝိညာဏ်စိတ်က ဒုက္ခဝေဒနာနဲ့ ယှဉ်တယ်၊ အဲဒီ လို အသီးသီးယှဉ်တဲ့ ဥပေက္ခာဝေဒနာ သုခဝေဒနာ ဒုက္ခဝေဒနာတို့ကိုရော အာရုံ စူးစိုက်ပြီးတော့ စူးစိုက်တဲ့ဝေဒနာအဖြစ် မှတ်ရမလားလို့ မေးစရာရှိတယ်။

 

ဒွေပဉ္စဝိညာဏ်-၁၀ မှာယှဉ်တဲ့ သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာတွေကျတော့ စူးစိုက်ရှူနိုင်တယ်ဆိုတဲ့ စွမ်းရည်သတ္တိ မရှိဘူးတဲ့၊ အဲဒါကြောင့်မို့ အဲဒါတွေ ဈာန ပစ္စည်းထဲမှာ မပါဘူးလို့ ပြောတာ၊ ဒါက ပဋ္ဌာန်းသင်တဲ့ပုဂ္ဂိုလ်တွေက ဒါ မှတ်ထား ရမှာ၊ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့မှာရှိတဲ့ ဝေဒနာတွေဟာ စူးစိုက်နိုင်လောက် အောင် အင်အားမရှိသည့်အတွက်ကြောင့် ဈာနလို့ခေါ်လို့မရဘူးတဲ့၊ ဒီလိုပြောတာ နော်၊ ဈာန်အင်္ဂါ မဖြစ်ဘူးတဲ့။

.

 

သမထဈာန်နှင့် သာမန်ဈာန

▬▬▬▬▬▬▬▬▬

 

ဒီတော့ ဒီနေရာမှာ ဈာနပစ္စည်းဟာ ခုနက သမထကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ အောင်မြင်ပုံ တစ်ခုကိုသာ ပြောပြတာ၊ သာမန်နေ့စဉ်ဘဝမှာ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတာတွေ ရှိတယ်၊ အတွေးနဲ့လည်း ရှုတယ်၊ စိတ်ကူးကြံစည်နေတာနဲ့လည်း ရှုတယ်၊ နှစ်ခြိုက်နေတာတွေနဲ့လည်း ရှုတယ်၊ သာမန်အာရုံတွေပေါ်မှာပဲ ဈာနဆိုတာ ဖြစ်နေတာပဲ။

 

ဒါကြောင့်မို့လို့ မှတ်ရမှာကတော့ ဈာနပစ္စယောဆိုတာ သမထကျင့်စဉ်ဖြင့် ရလာတဲ့ ဈာန်တရားကိုသာ ဟောတာ မဟုတ်ဘူး၊ ဈာနပစ္စယောဆိုတာ အကုသိုလ် စိတ်နဲ့ယှဉ်တဲ့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာတို့ကိုပါ ဈာနပစ္စယောလို့ ဟောလိုပါတယ်တဲ့၊ ခုနက ပြောတာတွေက သမထကျင့်စဉ်တစ်ခုကနေ ရလာတဲ့ ဈာန်ကို ပြောပြတာ၊ သာမန်ကျတော့ ကျင့်စရာမလိုဘဲနဲ့ အာရုံတစ်ခုပေါ်မှာ စူးစိုက်ပြီးတော့ ကြံတွေးနေတာတွေ စိတ်ကူးနေတာတွေ နှစ်ခြိုက်နေတာတွေ သဘောကျနေတာတွေ တည်ငြိမ်နေတာတွေ၊ ဒါတွေလည်း ဖြစ်တာပဲ၊ အဲဒါတွေ ဟာလည်း အာရုံကိုရနေတာ ဖြစ်သောကြောင့် သူတို့ကိုလည်း ဈာနလို့ ခေါ်တယ်တဲ့။

 

အဲဒီတော့ ဈာနပစ္စယောဆိုတာ ဒီသဘာဝတရား ၅-ခုသည် ပေါင်းမိ သွားလို့ရှိရင် သူတို့နဲ့ ယှဉ်ဖော်ယှဉ်ဖက်တွေကို အာရုံကို စူးစိုက်စေတတ်တဲ့ ဈာနဆိုတဲ့ သတ္တိကို ပေးနိုင်တယ်ဆိုတာကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက ဈာနပစ္စယောလို့ ဟောတာပါ၊ အာရုံကို စူးစိုက်ပြီး စေပြီးတော့ ကျေးဇူးပြုတတ်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိဖြစ်လို့ ဈာနပစ္စည်းရဲ့သတ္တိထူးအဖြစ် မြတ်စွာ ဘုရားက ဟောလိုရင်း ဖြစ်ပါတယ်။

 

ဒီတော့ ဈာနပစ္စယောဆိုတာ သမထဈာန်နဲ့ သာမန်အတွေးတွေမှာရှိတဲ့ ကြံတွေးမှုတွေ၊ အဲဒါတွေ အားလုံးကို ဒီနေရာမှာ ဈာနပစ္စယောလို့ ဟောတယ်လို့ ဒီလိုမှတ်ဖို့ လိုအပ်ပါတယ်တဲ့နော်။

 

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ လို့ဆိုတဲ့ ကောင်းဆိုးနှစ်တန် ရောပြီးတော့နေတဲ့ ဒီသဘာဝ တရားတွေဟာ မကောင်းတဲ့စိတ်တွေနဲ့ ရောရင်လည်း မကောင်းတဲ့အတွေးတွေနဲ့ ကြံတွေးပြီး အာရုံကို ရှုမှတ်နေကြမှာဖြစ်တယ်၊ ကောင်းတဲ့အတွေးတွေနဲ့ ပေါင်းစပ် လာတဲ့အခါကျလို့ရှိရင်လည်း ကောင်းတဲ့အာရုံပေါ်မှာ ကောင်းတဲ့အတွေးတွေနဲ့ ရှုမှတ်နေတဲ့ အဆင့်မြင်တဲ့ဈာန်တရားမျိုး ဖြစ်လာမှာ ဖြစ်တယ်၊ ကောင်းတာပဲ ဖြစ်ဖြစ်, ဆိုးတာပဲဖြစ်ဖြစ် ဈာနဆိုတာ အာရုံကိုရှုမှတ်ခြင်းကို ဆိုလိုတယ်ဆိုတာကို မှတ်ဖို့ လိုပါတယ်။

 

တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် မိမိတို့သန္တာန်မှာဖြစ်တဲ့ ဝိတက် ဝိစာရ ပီတိ ဧကဂ္ဂတာ ဝေဒနာ လို့ဆိုတဲ့ ဒီသဘာဝတရားတွေဟာ ပေါင်းစပ်မိသွား လို့ရှိရင် ကြံတွေးခြင်းဆိုတဲ့ စွမ်းရည်သတ္တိတွေကို တိုးမြှင့်စေတတ်တယ်၊ မကောင်း တာတွေနဲ့ ပေါင်းမိသွားလို့ရှိရင် မကောင်းတဲ့ဘက် ကြံတွေးမှုတွေ ပိုများလာနိုင်တယ်၊

 

ဒါကြောင့်မို့လို့ ကောင်းတဲ့ဘက်ကို ကြံတွေးမိအောင် ကောင်းမြတ်တဲ့အာရုံ တွေနဲ့ အမြဲတမ်း ယှဉ်တွဲပြီးတော့ စိတ်ကောင်းနှလုံးကောင်းဖြင့် ဟောဒီ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာတို့ရဲ့ စွမ်းရည်သတ္တိကို တိုးမြှင့်မှ တို့တတွေ လမ်းမှန်ပေါ် ရောက်မှာပဲ လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ဈာနပစ္စယော ဆိုတာကိုကြည့်ပြီး ကောင်းမြတ်တဲ့ ဈာန်တရားတွေ မိမိတို့သန္တာန်မှာဖြစ်ပွားအောင် ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။


Related Posts