ပဋ္ဌာန်းမြတ်ဒေသနာ - အပိုင်း (၇)


 

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၇)

▬▬▬▬▬▬▬▬▬▬

 

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၁-ရက်၊ (၂၂-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

.

 

ပုရေဇာတပစ္စယော (အဆက်)

 

ဗုဒ္ဓမြတ်စွာက အင်မတန်မှထင်ရှားတဲ့ လူတိုင်းလူတိုင်းမှာပါရှိနေတဲ့ မျက်စိ အကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် လို့ဆိုတဲ့ ပသာဒရုပ် ငါးပါး ဝတ္ထုရုပ်များကို ပုရေဇာတပစ္စည်းလို့ ဟောတယ်။

 

ထိုဝတ္ထုတွေကို အခြေပြုပြီး မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတာတွေ ဖြစ်ရတာ၊ ထို ရုပ်နဲ့ နာမ် သဘာဝတရားနှစ်ခု မှာ ရုပ်တရားက နာမ်တရားကို ပုရေဇာတသတ္တိနဲ့ အထောက်အကူပြုထားတယ်ဆိုတဲ့ သဘော တရားကို ထင်ရှားသိအောင် ဟောကြားထားတာ ဖြစ်တယ်။

 

ထို့အတူပဲ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ မျက်စိက မြင်ရတဲ့အဆင်း၊ နားက ကြားရတဲ့အသံ၊ နှာခေါင်းက နမ်းရှူရတဲ့အနံ့၊ လျှာက လျက်သိရတဲ့အရသာ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အထိအတွေ့ ဆိုတဲ့ ဒီအာရုံတွေဟာလည်း လူတွေရဲ့ နေ့စဉ်ဘဝမှာ ပသာဒရုပ်ငါးခုနဲ့ ပေါင်းစပ်ပြီး ဖြစ်ပေါ် နေကြတာဖြစ်လို့ လူတိုင်း လူတိုင်း သတိထားမိမယ်ဆိုလို့ရှိရင် အလွယ်တကူနဲ့ တွေ့ရှိနိုင်ကြတယ်၊ အဲဒီ အာရုံတွေကလည်းပဲ ပုရေဇာတသတ္တိနဲ့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတဲ့ နာမ်တရားတွေကို အထောက်အကူ ပြုနေတယ်လို့ ဟောထားတယ်။

.

 

မနောဓာတ်နှင့် အာရုံ

▬▬▬▬▬▬▬▬

 

နောက်ထပ်ဟောစရာ ဘာကျန်သေးတုန်းဆိုတော့ အခုပြောခဲ့တဲ့ မြင်သိ စိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတာတွေတင် မကဘူး တခြားစိတ် တွေကိုလည်း အထောက်အကူ ပြုနေသေးတယ်ဆိုတာကို မြတ်စွာဘုရား က ဆက်ပြီးတော့ ဟောတယ်၊ Mental process လို့ခေါ်တဲ့ စိတ္တဝီထိ စိတ်ဖြစ်စဉ်မှာ မြင်သိစိတ်စသည် ဖြစ်ပြီးတဲ့နောက်မှာ သမ္ပဋိစ္ဆန လက်ခံတဲ့စိတ်ဆိုတာ ပေါ်လာတယ်၊ အာရုံကို လက်ခံတဲ့စိတ်ပေါ့ ထို့အတူပဲ မြင်သိစိတ်ရဲ့ရှေ့မှာ အာရုံနဲ့ပတ်သက် ပြီး နှလုံးသွင်းဆင်ခြင်ပေးတဲ့ (သို့မဟုတ်) အာရုံဘက်ကိုဦးလှည့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်၊ အဲဒီစိတ်တွေကိုရော ဟောဒီအာရုံ တွေကနေပြီး အထောက်အကူပြုနေတယ် ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတယ် ဆိုတာကို မြတ်စွာဘုရားက ထင်ရှားအောင် ဆက်ပြီးတော့ဟောတယ်။

 

ဒီ ပဉ္စဒွါရာဝဇ္ဇန်းဆိုတဲ့ အာဝဇ္ဇန်းစိတ်ဟာ အာရုံက ဝတ္ထုရုပ်တွေကို လာပြီး မထင်ဟပ်ဘူးဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဟောဒီ အာရုံငါးပါးထဲက တစ်ခုခုက အကြည်ရုပ်တွေပေါ်မှာလာပြီး ထင်ဟပ်ပြီဆိုရင် အဲဒီ ထင်ဟပ်လာတဲ့အာရုံကို သတိပြုမိတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ပေါ်ရတယ်၊ အဲဒီ အာရုံက ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကို ကြိုတင်ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတာ။ အာရုံတွေက ပုရေဇာတပစ္စည်း, ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ပုရေဇာတပစ္စယုပ္ပန်။

 

အကြောင်းနဲ့အကျိုး ဆင်ခြင်ကြည့်၊ ဘာဖြစ်လို့ ပစ္စည်းပစ္စယုပ္ပန်ဖြစ်တာလဲ၊ မနေ့က ပြောသလို သူရှိလို့ သူရှိရတယ်၊ သူဖြစ်လို့ သူဖြစ်ရတယ်၊ ဒါဖြစ်လို့ ဟိုဟာ ဖြစ်ရတယ်၊ ဆိုလိုတာက အာရုံတွေရှိလို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ရတယ်၊ အာရုံတွေ မရှိဘူးဆိုရင် မဖြစ်ဘူး၊ ဒီသဘောပဲ၊ ဒါဟာ အကြောင်းတစ်ခုပဲပေါ့၊ ဒါရှိလို့ ဒါ ရှိနေရတယ်၊ ဒါ ဖြစ်လို့ ဟိုဟာ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအကျိုး ဆက်သွယ်နေမှု၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်။

 

ပုရေဇာတပစ္စည်းဆိုတာကလည်း ရှိခိုက် ကျေးဇူးပြုတာမို့ အတ္ထိ၊ (မရှိတော့ ရင်တော့ ကျေးဇူးမပြုတော့ဘူး၊ ဒါကြောင့်မို့လို့ အတ္ထိပစ္စည်းအမျိုးအစားထဲမှာ သူက ပါတယ်) ရုပ်နဲ့ နာမ် ဖြစ်သည့်အတွက်ကြောင့် ပေါင်းစပ်လို့ မရတဲ့ သဘာဝနှစ်ခု၊ ပေါင်းစပ်လို့ မရဘူးဆိုတာ ဆီနဲ့ရေ ပေါင်းစပ်လို့ရလား၊ အတူနေသော်လည်း ဆီက ဆီ ရေက ရေပဲ၊ နွားနို့နဲ့ရေက ရောလို့ရတယ်၊ ဆီနဲ့ ရေက ရောလို့မရဘူး၊ သဘာဝချင်း မတူဘူး၊ ထို့အတူပဲ ရုပ်နဲ့နာမ် နှစ်ရပ် အတူတကွ တည်ရှိသော်လည်း သဘာဝချင်း ခြားနားသည့်အတွက်ကြောင့် ရောလို့တော့မရဘူး၊ ဒါကိုပြောတာ၊ အဲဒါကို ဝိပ္ပယုတ္တပစ္စယော လို့ခေါ်တယ်။

 

ဝိပ္ပယုတ္တဆိုတာ ဆီနဲ့ ရေလို ပေါင်းလို့မရတဲ့ အရာတစ်ခု၊ သို့သော် အတူတော့ ရှိနေတယ်၊ သဘာဝချင်း မတူဘူး၊ ရောလို့မရဘူး ဆိုတဲ့အဓိပ္ပါယ်နဲ့ ပြောတာ၊ အဲဒါကို မြတ်စွာဘုရားက ဟောထားတယ်။

 

ဘုန်းကြီးတို့ ဒီစိတ်နှစ်ခု ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ မြင်သိစိတ်တို့ရဲ့နောက်မှာ ဖြစ်တဲ့ သမ္ပဋိစ္ဆန လို့ခေါ်တဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ အာရုံကို လက်ခံတဲ့စိတ်ဖြစ်တယ်။ အာရုံကို လမ်းဖွင့်ပေးတဲ့စိတ်နဲ့ အာရုံကို လက်ခံတဲ့စိတ် ဒီစိတ်နှစ်ခုကြားမှာ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ် ဆိုတာတွေ ဖြစ်တယ်၊ အဲဒီစိတ်နှစ်ခု အကြောင်းကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်၊

 

“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေနပစ္စယော”။

 

ရူပါယတနဆိုတဲ့ အဆင်းအာရုံပဲဖြစ်ဖြစ်၊ သဒ္ဒါယတနဆိုတဲ့ အသံပဲဖြစ်ဖြစ်၊ ဂန္ဓာယတနဆိုတဲ့ အနံ့ပဲဖြစ်ဖြစ်၊ ရသာယတနဆိုတဲ့ အရသာပဲဖြစ်ဖြစ်၊ ဖောဋ္ဌဗ္ဗာ- ယတနလို့ခေါ်တဲ့ ပထဝီ ဝါယော တေဇောဆိုတဲ့ အထိအတွေ့ အာရုံပဲဖြစ်ဖြစ်၊ အဲဒီအာရုံ တစ်ခုခုသည် မနောဓာတ်လို့ခေါ်တဲ့စိတ်၊ ထိုစိတ်မှာယှဉ်တဲ့ စေတသိက် တွေကို ကြိုတင်ဖြစ်ပြီးတော့ ရှိနေတဲ့အကြောင်းတရားအနေနဲ့ ကျေးဇူးပြုပါတယ်၊ အတူတူ မွေးဖွားလာတာ မဟုတ်ဘူး၊ အကြောင်းတရားက အကျိုးတရား မပေါ်ခင် ကြိုတင်ဖြစ်နှင့်နေတာ၊ ပုရေဇာတ born earlier.

 

ဒီနေရာမှာ မြတ်စွာဘုရားက ဒီစိတ်နှစ်ခုကို နာမည်ဘယ်လိုပေးလိုက်တုန်း ဆိုတော့ မနောဓာတု ဆိုတဲ့ နာမည်ပေးထားတယ်၊ မနောဓာတုဆိုတာ စိတ်ရဲ့ သဘာဝ တရား၊ စိတ်သဘောတရား၊ “မနောဓာတု၊ မနောဝိညာဏဓာတု” စိတ်တွေကို နာမည်ခွဲခြားပြီး ပေးတဲ့အခါ ဒါကို သတိထားပါ၊ မြင်သိစိတ်ကို စက္ခုဝိညာဏဓာတု၊ ဒီလိုဟောတယ်။

 

ဓာတု ဆိုတာ သတ္တဝါလည်း မဟုတ်ဘူး၊ ဇီဝလည်း မဟုတ်ဘူး၊ အတ္တလည်း မဟုတ်ဘူး၊ မြန်မာတွေထင်နေတဲ့ လိပ်ပြာလည်း မဟုတ်ဘူး၊ ဒီလိုပြောတယ်၊ ဘဝတစ်ခုကတစ်ခု ကူးသွားတယ်ဆိုတဲ့ လိပ်ပြာလည်း မဟုတ်ဘူး၊ သဘာဝ တရားသက်သက်မျှသာ ဖြစ်တယ်ဆိုတာကို ဓာတု ဆိုတဲ့စကားလုံးနဲ့ ရှင်းပြတယ်။

 

အဲဒီတော့ ဒီဓာတုဆိုတဲ့ စကားလုံးက ဘာကို ငြင်းပယ်တာတုန်းဆိုတော့ ပုဂ္ဂလကို ငြင်းပယ်တာ၊ အိန္ဒိယ Philosophy မှာသုံးတဲ့ ပုဂ္ဂလဆိုတဲ့ အယူဝါဒတစ်ခု ကို ငြင်းပယ်တာ၊ အတ္တလို့ဆိုတာကို ငြင်းပယ်တယ်၊ ဇီဝဆိုတာကို ငြင်းပယ်တယ်၊ အဲဒီတော့ ပုဂ္ဂလတို့ အတ္တတို့ ဇီဝတို့ ဆိုတာမျိုး မဟုတ်ဘူးတဲ့၊ သူ့ဟာသူ သူ့သဘော သူဆောင်နေတာ၊ ဓာတ်သဘောသက်သက်မျှ ဖြစ်တယ်၊ သူ့ကို element လို့ ဒီလိုပြန်လေ့ရှိတယ်၊ သူ့ သဘာဝသက်သက် phenomenon ပေါ့။

 

မြင်သိစိတ်ကို စက္ခုဝိညာဏဓာတု၊

ကြားသိစိတ် သောတဝိညာဏဓာတု၊

နံသိစိတ် ကျတော့ ဃာနဝိညာဏဓာတု၊

လျက်သိစိတ် ဇိဝှာဝိညာဏဓာတု၊

ထိသိစိတ် ကာယဝိညာဏဓာတု၊

 

ရှေ့က ဘာလေးတွေပါတုန်းဆို စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဆိုတဲ့ ဖြစ်ရာ ဌာန အခြေခံဝတ္ထုရုပ်ကလေးတွေ ထည့်ပြောထားတယ်၊ နောက်က ဘာပြောတုန်း ဆိုတော့ ဝိညာဏ ဆိုတဲ့စကားလုံးလေးကို သုံးထားတယ်၊ ဝိညာဏ – အာရုံကို aware လုပ်တယ်၊ သိတတ်တယ်၊ အာရုံကို သတိပြုမိတဲ့စိတ်၊ ဝိညာဏဆိုတဲ့ စကားလုံးနဲ့ သုံးခဲ့တာ၊ ဒီစိတ်တွေကို ဝိညာဏဆိုတဲ့ စကားလုံး သုံးပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်ကို မနောဓာတု ဆိုတဲ့ စကားလုံးကို သုံးတယ်၊ ဒါ အဘိဓမ္မာဆိုင်ရာ term တစ်ခု။

 

မနောဓာတုလို့ဆိုလိုက်ရင် နားလည်ရမှာက ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ကံတရားလည်း မဟုတ်ဘူး၊ ကံရဲ့အကျိုးလည်း မဟုတ်ဘူး၊ “ကြိယာ” လို့ ခေါ် တယ်၊ ကြိယာကို ဓမ္မသင်္ဂဏီပါဠိတော်မှာ ကြိယာ နေဝ ကုသလာ နာ ကုသလာ န စ ကမ္မဝိပါကာ၊ အဲဒါနဲ့ ရှင်းပြီးတော့ ကြိယာဆိုတာ-

 

နေဝ ကုသလာ - ကုသိုလ်လည်း မဟုတ်ဘူး၊

နာ ကုသလာ - အကုသိုလ် လည်း မဟုတ်ဘူး၊

န စ ကမ္မဝိပါကာ - ကံရဲ့အကျိုးလည်း မဟုတ်ဘူး

 

လို့ ဒီလို ဟောထားတယ်၊  အဲဒီတော့ ကံကြောင့်ဖြစ်တဲ့အကျိုး မဟုတ်ဘူးလို့ ဟောထားတယ်။

 

ကြိယာဆိုတာ ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ကံကြောင့်ဖြစ်တဲ့အရာလည်း မဟုတ်ဘူး၊ ကံအရာမမြောက်ဘူးဆိုရင် ကံရဲ့အကျိုး လားဆိုတော့ ကံရဲ့အကျိုးလည်း မဟုတ်ဘူး၊ ပစ္စုပ္ပန်မှာ အကြောင်းတရားတွေရဲ့ အကျိုးဆက်အနေနဲ့ သူပေါ်လာတယ်၊ ဒါကို ပြောတာ၊ အဲဒါတွေကို မနောဓာတု ဆိုတဲ့ မနောဆိုတဲ့စကားလုံးကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက ဟောထားတယ်။

 

ရူပါရုံပဲဖြစ်ဖြစ် သဒ္ဒါရုံပဲဖြစ်ဖြစ် ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံပဲဖြစ်ဖြစ် အဲဒီ အာရုံငါးပါးက ဝတ္ထုရုပ်ငါးမျိုး စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဆိုတဲ့ အကြည် ရုပ်ငါးမျိုးမှာ လာပြီး ထင်ဟပ်ပြီဆိုရင် ဒီမနောဓာတုဆိုတဲ့စိတ်တွေ ပေါ်လာတယ်တဲ့၊ အဲဒီ အာရုံငါးပါးသည် မနောဓာတုဆိုတဲ့စိတ်ကို ကြိုတင်ဖြစ်နှင့်တဲ့ အကြောင်းတရား ဖြစ်လို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။

 

ကြိုတင်ဖြစ်တယ်ဆိုတာ ဘယ်တုန်းက ဖြစ်တာတုန်း၊ အတီတဘဝင်နဲ့ ဥပါဒ် ပြိုင်ပြီးတော့ ဖြစ်တယ်တဲ့၊ အတီတဘဝင်ဖြစ်တဲ့အချိန်မှာ ဖြစ်တာ၊ အတီတဘဝင် ပြီးတော့ ဘာလာတုန်း၊ ဘဝင်္ဂစလနတဲ့ လှုပ်ရှားတဲ့ဘဝင်၊ လှုပ်ရှားတဲ့ဘဝင်ပြီးရင် ဘာဝင်လာတာတုန်း၊ ဘဝင်္ဂုပစ္ဆေဒ ပြတ်စဲသွားတဲ့ဘဝင် လာတယ်၊ ဘဝင်စိတ် သုံးကြိမ်ဖြစ်လာတယ်၊ အဲဒီ ဘဝင်စိတ် သုံးကြိမ်နောက်မှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က လာတာ၊

 

ခုနကပြောတဲ့ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ဒီအာရုံဟာ စိတ္တက္ခဏသုံးကြိမ်စောပြီး ပေါ်လာတာဖြစ်သောကြောင့် ပုရေဇာတ၊ ကြိုတင်ပြီး တော့ ဖြစ်နေတာ၊ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်၊ သူ့ ရဲ့သက်တမ်းက စိတ္တက္ခဏ ၁၇-ချက်ထိအောင် သွားမှာဆိုတော့ ဖြစ်လာပြီးနောက် တည်နေတုန်းပဲ ရှိသေးတယ်၊ ပြတ်စဲပြီးတော့ မသွားသေးဘူးတဲ့၊ ဒါကြောင့်မို့ ရှိနေတုန်း ကျေးဇူးပြုတာ။ အဲဒါကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက -

 

“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”၊

 

အဲဒီ စိတ်နှစ်ခုကို ပေါင်းဟောလိုက်တာ ကြည့်၊ ဒါ ဘာနားလည်ရမလဲဆိုရင် သင်္ခါရ ဆိုတာ အကြောင်းတရားတွေက ဖန်တီးထားတာလို့ ပြောတာ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာတွေ အကုန်လုံး သင်္ခါရတွေချည်းပဲ၊ သံဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီး ခါရ (ကရ) လုပ်ထားတာကို ပြောတာ၊ ထာဝရဘုရားက ဖန်တီးထားတာ မဟုတ်ဘူး၊ ဘယ်သူက လုပ်ထားတာတုန်း၊ အကြောင်းတရားတွေက စုပေါင်းပြီး တော့ ပြုလုပ်ထားတာ၊ တစ်ခုတည်း မဟုတ်ဘူး၊

 

ကြည့်လေ - မီးခြစ်ကနေပြီး မီးတောက်ကလေး ဖြစ်လာတယ်၊ အဲဒီမီးတောက် လေးကို ဘယ်သူတွေက စုပေါင်း ပြီး လုပ်ထားတာတုန်း၊ အဲဒီထဲမှာ Gas ပါရတယ်၊ ဘီးလုံးကလေးနဲ့ အောက်က သံတုံးလေးပါရမယ်၊ ဖိပြီးခြစ်တဲ့ အားစိုက်တာလေး ပါရမယ်၊ ဒီသုံးခုပေါင်းလိုက်တဲ့ အခါကျတော့ မီးကလေးတောက်လာတာ မဟုတ်လား၊

 

အဲဒီ မီးကလေးဟာ ဒီ အကြောင်းသုံးခုက မွေးဖွားခဲ့တာ၊ ဒါကို သင်္ခါရ လို့ပြောတာ၊ မွေးဖွားပြီးတဲ့အခါ မှာလည်း သူ့ရဲ့ပတ်ဝန်းကျင်က လေတို့ဘာတို့ ရှိရတယ်၊ လေ မရှိရင် ငြိမ်းသွားမှာပဲ၊ သင်္ခါရတရားတွေဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီး ဖန်တီးထားတာတွေ၊ ဒါကို သင်္ခါရလို့ ခေါ်တာ။

 

အခုလည်း ကြည့် - ပဉ္စဒွါရာဝဇ္ဇန်းစိတ်တို့ သမ္ပဋိစ္ဆိန်းစိတ်တို့ ဆိုတာ သူ့ဟာသူ ပေါ်လာကြတာ မဟုတ်ဘူး၊ ဟောဒီအာရုံငါးပါးထဲက တစ်ခုခုက ဝတ္ထုရုပ် (သို့မဟုတ်) အကြည်ရုပ်တွေပေါ်မှာ လာပြီးတော့ ထင်ဟပ်လိုက်တာနဲ့ သူတို့ ပေါ်လာကြတယ်၊

 

ဒါဖြင့် ထူးခြားတာက ဘာတုန်းဆိုလို့ရှိရင် ပေါ်လာတဲ့ နေရာကျတော့ -

 

မြင်သိစိတ် ပေါ်လာတာက ဘယ်နေရာက ပေါ်တုန်း၊ မျက်စိအကြည်ရုပ်က ပေါ်တာ၊

ကြားသိစိတ်က ဘယ်ကပေါ်တုန်း၊ နားအကြည်ရုပ်က ပေါ်တာ၊

နံသိစိတ်က ဘယ်က ပေါ်တုန်း၊ နှာအကြည်ရုပ်က ပေါ်တာ၊

လျက်သိစိတ်က လျှာအကြည်ရုပ်က ပေါ်တာ၊

ထိသိစိတ်ကရော၊ ကိုယ်အကြည်ရုပ်က ပေါ်တာ။

 

အခုပြောခဲ့တဲ့ မနောဓာတ်လို့ခေါ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်း အာရုံငါးပါးကို ဆင်ခြင်တဲ့စိတ်၊ သမ္ပဋိစ္ဆနလို့ ခေါ်တဲ့ အာရုံကိုလက်ခံတဲ့စိတ်၊ အဲဒီစိတ်နှစ်ခုကတော့ မျက်လုံးက ပေါ်တာလည်း မဟုတ်ဘူး၊ နားက ပေါ်တာလည်း မဟုတ်ဘူး၊ နှာခေါင်းက ပေါ်တာ လည်း မဟုတ်ဘူး၊ လျှာက ပေါ်တာလည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်က ပေါ်တာလည်း မဟုတ်ဘူး၊ သူပေါ်တဲ့နေရာ သပ်သပ်ရှိတယ်၊

 

အဲဒီပေါ်တဲ့နေရာကို မြတ်စွာဘုရားက “ဘာ” လို့ တိုက်ရိုက် ထုတ်ဖေါ်ပြီးတော့ မဟောကြားထားဘူး၊ နောက်ပိုင်း အဘိဓမ္မာကျမ်းတွေကျတော့ အဲဒီပေါ်တဲ့နေရာကို “ဟဒယဝတ္ထု” လို့ ဟောလာတယ်၊ အဘိဓမ္မာသမိုင်း နောက်ပိုင်းမှာ ဟဒယဝတ္ထု ဆိုတာလေး ထည့်လာတယ်။

 

ကြည့် - မြတ်စွာဘုရားက အခုပြောခဲ့တဲ့ မနောဓာတ်တို့ မနောဝိညာဏ ဓာတ်တို့ ကျန်တဲ့စိတ်တွေ အများကြီးပေါ့၊ အခု သီးသန့်ထုတ်ပြီး ပြောနေတာ၊ ပုရေဇာတ ပစ္စည်းမှာ သတိထားလိုက်က စက္ခုဝိညာဏ်စိတ် သောတဝိညာဏ်စိတ် ဃာနဝိညာဏ် စိတ် ဇိဝှါဝိညာဏ်စိတ် ကာယဝိညာဏ်စိတ်လို့ဆိုတဲ့ ဒွေပဉ္စဝိညာဏ် ၁ဝ (သင်္ဂြိုဟ် သရုပ်ခွဲတဲ့အခါမှာ ပြောတယ်နော်) ဝိညာဏ်စိတ် ၁၀-ခု၊ မနော ဓာတ်လို့ခေါ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ သမ္ပဋိစ္ဆိန်းစိတ်က နှစ်ခု - ပေါင်းလိုက်တော့ ၃-ခု၊ ကျန်တဲ့စိတ်တွေကို မနောဝိညာဏဓာတုလို့ ခေါ်တယ်၊ မနောနဲ့ ဝိညာဏ နှစ်ခုပေါင်းစပ်ထားတော့ စွမ်းအား ပိုကြီးတယ်လို့ ပြောနိုင် တယ်ပေါ့။

 

စက္ခုဝိညာဏ စသည်တုန်းက ဝိညာဏတစ်ခုတည်း သုံးခဲ့တယ်၊ စက္ခုဝိညာဏ သောတဝိညာဏ ဃာနဝိညာဏ ဇိဝှါဝိညာဏ ကာယဝိညာဏ ဆိုတဲ့ ဝိညာဏ တစ်လုံးတည်းနဲ့ သုံးတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိန်းကျတော့ မနော ဆိုတဲ့ စကားလုံးတစ်ခုတည်းကို သုံးတယ်၊ ကျန်တဲ့စိတ်တွေကျတော့ စွမ်းအားထက် လို့ မနောဝိညာဏဆိုပြီးတော့ မနောရော ဝိညာဏရော နှစ်ခုစလုံး ထည့်သုံးထား တယ်၊ ပေါင်းလိုက်တဲ့အခါကျတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယဝိညာဏက ၅-ခု၊ မနောဓာတ်က ၁-ခု၊ မနောဝိညာဏဓာတ်က ၁-ခု၊ ထည့်ပေါင်းလိုက်တော့ ၇-ခု၊ အဲဒါ စိတ်နဲ့ဆိုင်တဲ့ ဝိညာဏဓာတ် ၇-ခုလို့ ခေါ်တယ်၊ ဓာတ် ၁၈-ပါးမှာ အဲဒီအတိုင်း ဟောတယ်။

.

 

မနောဓာတ်နှင့် မှီရာဝတ္ထု

▬▬▬▬▬▬▬▬▬

 

ကောင်းပြီ - မနောဓာတ်ဆိုတဲ့ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိန်းစိတ်တို့ဟာ မျက်စိ နား နှာ လျှာ ကိုယ် အကြည်ရုပ်တွေကပေါ် တာ မဟုတ်ဘူး၊ ဘယ်က ပေါ်တုန်း၊ ဟဒယ ဝတ္ထုရုပ်က ပေါ်တယ်တဲ့၊

 

အဲဒီဟဒယဝတ္ထုရုပ်ကို မြတ်စွာဘုရားက ဒီနေရာမှာ ဟဒယဝတ္ထု ဆိုတဲ့ စကားလုံးကို မသုံးဘဲနဲ့ ဘယ်လိုဟောတုန်းဆို-

 

“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ”။

 

ယံ ရူပံ - အကြင် မှီရာဖြစ်တဲ့ရုပ်ကလေးကို၊

နိဿာယ - အမှီပြုပြီးမှ၊

မနောဓာတု စ - မနောဓာတ်လို့ ခေါ်ရတဲ့ စိတ်သည်လည်းကောင်း၊

မနော- ဝိညာဏဓာတု စ - မနောဝိညာဏဓာတ်လို့ ခေါ်ရတဲ့ စိတ်သည် လည်းကောင်း၊

ဝတ္တန္တိ – ဖြစ်ပေါ်၍ လာကြလေကုန်၏ တဲ့။

 

စက္ခုဝိညာဏ်စိတ် မြင်သိစိတ်တုန်းက ဘယ်သူ့ကိုမှီပြီး ဖြစ်တာတုန်း၊ မျက်လုံး အကြည်ကို မှီဖြစ်တယ်၊ ဒါကြောင့်မို့ စက္ခု မျက်လုံးဆိုတဲ့စကားလုံးလေးကို ရှေ့က ထည့်ပြီး ပြောထားတာနော်၊

 

သောတဝိညာဏ်စိတ်က နားကို မှီဖြစ်တယ်၊

ဃာနဝိညာဏ်စိတ်က နှာခေါင်းကို မှီဖြစ်တယ်၊

ဇိဝှါဝိညာဏ်စိတ်က လျှာကို မှီဖြစ်တယ်၊

ကာယဝိညာဏ်စိတ်က ခန္ဓာကိုယ်ကို မှီဖြစ်တယ်။

 

မနောဓာတ်တို့ မနောဝိညာဏဓာတ်တို့ကျတော့ သူတို့မှီပြီးဖြစ်တဲ့ ရုပ်ကလေး ရှိတယ်တဲ့၊ အဲဒီရုပ်ကို မြတ်စွာဘုရားက ဘာရုပ်လို့ နာမည်မပေးဘူး၊ ယံ ရူပံ - အကြင်ရုပ်လို့ ဒီလိုပဲ ပြောတယ်၊ အဲဒီတော့ အကြင်ရုပ်လို့ ပြောလိုက် ကတည်းက စက္ခု၊ သောတ ဃာန ဇိဝှါ ကာယဆိုတဲ့ ပသာဒရုပ် ၅-ခုတော့ မဟုတ်ဘူး၊ တခြား ရုပ်ဆိုတာ မသိသာဘူးလား၊ သိသာတယ်နော်။

 

ယံ ရူပံ - အကြင်မှီရာဖြစ်တဲ့ ရုပ်ကလေးကို၊

နိဿာယ = အမှီပြု၍၊

မနောဓာတု စ – မနောဓာတ်လို့ခေါ် ရတဲ့ စိတ်သည်လည်းကောင်း၊

မနောဝိညာဏဓာတု စ - မနောဝိညာဏဓာတ်လို့ ခေါ်ရတဲ့ စိတ်သည်လည်းကောင်း၊ ဝတ္တန္တိ - ဖြစ်ပေါ်၍ လာကြကုန်၏၊

တံ ရူပံ – ထိုမှီရာရုပ်သည်၊

မနောဓာတုယာ – မနောဓာတ် အားလည်းကောင်း၊

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ = ထိုမနောဓာတ်နှင့်ယှဉ်ဖြစ်တဲ့၊

ဓမ္မာနံ - စေတသိက်တရားတို့အားလည်းကောင်း၊

ပုရေဇာတပစ္စယေန - ပုရေဇာတ ပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော – ကျေးဇူးပြုတတ်ပါပေ၏၊

 

ဆက်သွယ်မှု ကို ထင်ရှားအောင် မြတ်စွာဘုရားက ဟောပေးထားတယ်။

 

အဲဒီ ယံ ရူပံ လို့ ရည်ညွှန်းလိုက်တဲ့ရုပ်ကလေးကို နောက်ပိုင်း အဘိဓမ္မာမှာ “ဟဒယဝတ္ထု” လို့ သတ်မှတ်လိုက်တယ်၊ ဟဒယဝတ္ထုဆိုတာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ သိတယ်၊ ဟဒယဝတ္ထုဆိုတာ အဓိပ္ပါယ်နှစ်မျိုးရှိတယ်။

 

ဟဒယဝတ္ထုရဲ့ location ပေါ့၊ ဘယ်နေရာမှာရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက် တွေ အမျိုးမျိုးရှိတယ်၊ ဟဒယဆိုတဲ့စကားလုံးက နှလုံးကိုလည်း ဟောတယ်၊ စိတ်ကိုလည်း ဟောတယ်၊ နှလုံးဆိုတာ လူတွေရဲ့သန္တာန်မှာရှိတဲ့ နှလုံးသား heart organ ကို ပြောတာနော်၊ အင်္ဂလိပ်စကား heart ဆိုတာကလည်း တစ်ခါတစ်ရံ organ ဖြစ်တဲ့နှလုံးသားကို ရည်ညွှန်းတယ်၊ တစ်ခါတစ်ရံ စိတ်ကို ရည်ညွှန်းတယ်။

 

ပါဠိ “ဟဒယ” ဆိုတဲ့စကားလုံးကလည်း ထို့အတူပဲ၊ တစ်ခါတစ်ရံ နှလုံးသားကို ရည်ညွှန်းပြီး တစ်ခါတစ်ရံ စိတ်ကို ရည်ညွှန်းတယ်၊ ဟဒယဝတ္ထု ဆိုတာ နှလုံးသား လို့ခေါ်တဲ့ စိတ်ရဲ့ဖြစ်ရာ၊ ဝတ္ထုဆိုတာ ဖြစ်ရာတည်ရာ၊ အိမ်ဆောက်တဲ့ နေရာကို ဂေဟဝတ္ထု၊ ကျောင်းဆောက်တဲ့နေရာကို ဝိဟာရဝတ္ထု၊ ဝတ္ထု ဆိုတဲ့ စကားလုံးသည် တည်ရာမှီရာဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ၊ ဟဒယဝတ္ထုဆိုတာ စိတ်ရဲ့ ဖြစ်ရာ၊

 

ဒါဖြင့် ဒီဟဒယဝတ္ထုဆိုတဲ့ ရုပ်ကလေးဟာ ဘယ်မှာရှိတာတုန်း ဆိုလို့ရှိရင် အဘိဓမ္မာအဋ္ဌကထာ ဋီကာကျမ်းတွေမှာဆိုရင် နှလုံးသားထဲ ဖြတ်သန်းစီးဆင်း နေတဲ့ သွေးရှိတယ်၊ သွေးဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့ပြီးနေတယ်ဆိုတာ နားလည် ကြတယ်။

 

သွေးတွေဟာ ခန္ဓာကိုယ်အနှံ့ လည်ပတ်သွားနေအောင် ဘယ်သူက ပံ့ပိုး လုပ်နေလဲ ဆို နှလုံးသားလို့ခေါ်တဲ့ heart organ က လုပ်နေတယ်၊ pump လိုပေါ့၊ နှလုံးက ညှစ်ပေးနေတာ၊ နှလုံးက ညှစ်အားတွေ ပိုများလာပြီဆိုလို့ရှိရင် သွေးတိုး ရောဂါလို့ ခေါ်တယ်၊ နှလုံးက ပုံမှန်လေးပဲ ညှစ်နေရမယ်၊ သာမန် ညှစ်ရုံလေးနဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိတဲ့ သွေးကြောတွေကနေပြီး တစ်ကိုယ်လုံး ပျံ့နှံ့ပြီး သွားတယ်၊

 

ပုံမှန်စီးဆင်းနေတယ်ဆိုရင် ဒါ သွေးတိုးရောဂါ မရှိဘူးလို့ပြောတာ။ သွေးလွှတ်တဲ့ အကြောလေးတွေ ကျဉ်းလာတဲ့အခါ (သို့မဟုတ်) မာတောင့် လာတဲ့အခါကျလို့ရှိရင် သွေးက သာမန်စီးဆင်းဖို့ မဖြစ်နိုင်တဲ့အခါကျရင် နှလုံးက ညှစ်အားတွေ ပိုများ လာတယ်၊ ဒါကြောင့်မို့ high bood pressure လို့ ခေါ်တယ်၊ pressure တွေ များလာတယ်၊ အဲဒါကို တိုင်းတာတာပဲ၊ သွေးတိုးရှိတယ် မရှိဘူး ဆိုတာ။

 

တချို့က သွေးတိုးတယ်ဆိုတာ သွေးအားတွေ တိုးလာတယ် အောက်မေ့နေတယ်၊ အဲဒီလိုမျိုး မဟုတ်ဘူး။ သွေးအားတွေ ကောင်းလာတာ သွေးတိုး မဟုတ်ဘူး၊ ခန္ဓာကိုယ်ထဲမှာ အစားအစာတွေက ဖြစ်ပေါ်လာတဲ့ သွေးတွေဟာ တစ်ကိုယ် လုံး လည်ပတ်နေတယ်၊ အဲဒီလို လည်ပတ်နေတဲ့အခါမှာ နှလုံးသားက ပုံမှန်လေး ညှစ်နေရုံနဲ့ သူ့ဖာသာ သွားလာနေလို့ရှိရင် ဒါ ရောဂါမရှိဘူး၊ ပိုပြီးတော့ ဖိပြီး လုပ်နေရပြီဆိုလို့ရှိရင် သူက ပင်ပန်းလာတယ်၊ ကြုံးရုန်းပြီးတော့ လုပ်လာရတယ်၊ အဲဒီလို ကြုံးရုန်းပြီးတော့ လုပ်လာရတာကို တိုင်းတာလို့ရှိရင် high blood pressure ဖြစ်လာတယ်ပေါ့။

.

 

ဟဒယဝတ္ထု၏ တည်ရှိရာ

▬▬▬▬▬▬▬▬▬

 

စာပေကျန်းဂန်အရ ဟဒယဝတ္ထုရုပ်ဆိုတာ ဘယ်မှာရှိတုန်းဆိုတော့ ညှစ်အား ပြုနေတဲ့ pump နှလုံးသားထဲမှာ ရောက်ရှိနေတဲ့သွေး၊ အဲဒီသွေးပမာဏက ဒီလို။ လက်ဖဝါးကို ဆန့်လိုက်၊ ဆန့်ပြီး နည်းနည်းလေးတွန့်ပြီးတော့ ခုံးလိုက်၊ ခုံးလိုက်တဲ့ အခါမှာ အရည်လေးတွေ ထည့်ကြည့်လိုက်၊ အရည် ဘယ်လောက် ဆံ့သလဲ၊ အဲဒါကို တစ်လက်ဆွံ့ တစ်လက်ဖက် လို့ ခေါ်တယ်။ (ဒါ ရှေးစကား)

 

အဲဒီ လက်ကလေးကို တွန့်ခုံးထားတဲ့ လက်ဖဝါးလေးထဲမှာ ဆံ့နိုင် တည်နိုင်တဲ့ အရည်လေးတွေကို တစ်လက်ဆွံ့လို့ ခေါ်တယ်၊ အဲဒီနှလုံးသားထဲမှာ ရောက်နေ တဲ့သွေးတွေဟာ အဲဒီလောက်ပမာဏရှိတယ်၊ အဲဒီပမာဏရှိတဲ့သွေးထဲမှာ ပြန့်နှံ့ပြီး ဟဒယဝတ္ထုတည်နေတယ်လို့ ဒီလိုပြောတာ၊

 

အဲဒီတော့ သွေးကို ဟဒယဝတ္ထု ခေါ်တာ မဟုတ်ဘူး၊ နှလုံးသားကို ဟဒယဝတ္ထု ခေါ်တာလည်း မဟုတ်ဘူး၊ ဟဒယဝတ္ထု ဆိုတဲ့ ရုပ်ဟာ ကံကြောင့်ဖြစ်ပေါ်လာတာ ဖြစ်တယ်၊ အဲဒီသွေးထဲမှာ တည်ရှိနေတဲ့ ရုပ်သဘာဝ တစ်မျိုးပဲလို့ ဒီလို မှတ်ရမယ်၊ ဒါက အဓိပ္ပါယ်တစ်ခု။

 

နောက်အဓိပ္ပါယ်တစ်ခုကျတော့ ဟဒယဆိုတာ “စိတ်”၊ နှလုံးသားကို မရည်ညွှန်းဘူး၊ ဟဒယဆိုတာ စိတ်၊ ဘယ်စိတ်တုန်းဆို မနောဓာတ်နဲ့ မနောဝိညာဏဓာတ်၊ ဒါတွေကို ရည်ညွှန်းတယ်၊ ဝတ္ထုဆိုတာ တည်ရာ၊ မနောဓာတ် မနောဝိညာဏဓာတ် ဆိုတဲ့ စိတ်တွေရဲ့တည်ရာကို ဟဒယဝတ္ထုရုပ်လို့ ခေါ်တယ်၊ ဒါက မြတ်စွာဘုရား ဟောတာနဲ့ ပိုပြီးတော့နီးစပ်တယ်လို့ ပြောရမယ်၊

 

မြတ်စွာဘုရားက “ယံ ရူပံ” “အကြင်ရုပ်” လို့ ဟောခဲ့တယ်၊ အေး ကောင်းပြီ၊ အဲဒီ ရုပ်ကလေးဟာ အခုခေတ် အဘိဓမ္မာမှာ ကျယ်ကျယ်ပြန့်ပြန့်နားလည်နေတယ်၊ ပြောရင် ဟဒယ ဝတ္ထုရုပ်ပေါ့၊ စိတ်ရဲ့မှီရာလို့ အဓိပ္ပါယ် ကောက်ချင်ကောက်၊ သို့မဟုတ် နှလုံးသား ထဲက သွေးထဲမှာ တည်နေတဲ့ရုပ်လို့ ပြောချင်ပြော။

 

အဲဒီ ဟဒယဝတ္ထုရုပ်ကိုမှီပြီးဖြစ်တဲ့ ဓာတ်တွေဟာ မနောဓာတ်နဲ့ မနောဝိညာဏဓာတ် တွေတဲ့၊ ခုနက -

 

စက္ခုဝိညာဏဓာတ်က စက္ခုဝတ္ထုကို မှီတယ်၊

သောတဝိညာဏဓာတ်က သောတဝတ္ထုကို၊

ဃာနဝိညာဏဓာတ်က ဃာနဝတ္ထုကို၊

ဇိဝှာဝိညာဏဓာတ်က ဇိဝှာဝတ္ထုကို၊

ကာယဝိညာဏဓာတ်က ကာယဝတ္ထုကို

 

သူ့ ဖာသာသူ မှီကြတယ်၊  ကျန်တဲ့စိတ်တွေကျတော့ ဟဒယဝတ္ထုကို မှီတယ်၊ ဒါကြောင့်မို့ ဝတ္ထုရုပ် ၆-ပါးလို့ ပြောတာ။

 

အဲဒီဝတ္ထုရုပ် ၆-ပါးဟာ မနောဓာတ် မနောဝိညာဏဓာတ်ကို ကျေးဇူးပြုတဲ့ အခါမှာ ဘယ်အခါပဲဖြစ်ဖြစ် ရှေးဦးစွာ ကြိုတင်ဖြစ်နှင့်ပြီး ရှိနေတုန်းမှာ ကျေးဇူးပြုလို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ တစ်ဖက်ကလည်း ပြန်ကြည့်မယ်ဆိုရင် အားလုံးသတိထားမိလိမ့်မယ်၊ (ဘုန်းကြီးတို့ လွန်ခဲ့တဲ့ငါးလက ဟောထားခဲ့ပြီးပြီ)

 

နိဿယပစ္စယောဆိုတာ မှီရာဖြစ်သည့်အတွက်ကြောင့် အခုပြောခဲ့တဲ့ ဝတ္ထုရုပ်တွေ ဟာ နိဿယပစ္စည်းပဲ၊ ကြိုတင်ပြီးတော့ဖြစ်လို့ ပုရေဇာတ၊ နာမည်အမျိုးမျိုး ပေးထား သူ့ ရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး နာမည်ပေးတာလို့မှတ်ထား၊ ကောင်းပြီ - မနောဓာတ်ကို ကျေးဇူးပြုတယ်တဲ့၊ ပုရေဇာတသတ္တိနဲ့ ဟောဒီရုပ်ကလေးက ကျေးဇူးပြုတယ်။

 

ဒါမျိုး မနောဝိညာဏဓာတ်ကိုရော ဘယ်လိုကျေးဇူးပြုသလဲဆိုတာ မြတ်စွာ ဘုရားက ဆက်ဟောတယ်။

 

“တံ ရူပံ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိ ကာလေ ပုရေဇာတပစ္စယေန ပစ္စယော ကိဉ္စိကာလေန ပုရေဇာတပစ္စယေန ပစ္စယော”။

 

ထူးထူးခြားခြား “ကိဉ္စိကာလေ” ဆိုတဲ့ စကားလုံး ထည့်ဟောထားတယ်၊ မနောဝိညာဏဓာတ်လို့ခေါ်တဲ့စိတ်တွေကို ဟောဒီမှီရာဖြစ်တဲ့ဝတ္ထုရုပ်က ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုတဲ့အခါမှာ အမြဲတမ်းကျေးဇူးမပြုပါဘူးတဲ့၊ တချို့ အခါမှာ ကျေးဇူး ပြုတယ်၊ တချို့အခါမှာ မပြုဘူး၊

 

ကိဉ္စိကာလေ - တချို့သောကာလမှာ၊

ပုရေဇာတ ပစ္စယေန = ပုရေဇာတပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ် ပါပေ၏၊

ကိဉ္စိကာလေ - အချို့သော ကာလမှာကား၊

ပုရေဇာတပစ္စယေန ပုရေဇာတပစ္စယသတ္တိဖြင့်၊

န ပစ္စယော ဥပကာရကော = ကျေးဇူးမပြုတတ်ပါ၊

 

အခါခပ်သိမ်း ကျေးဇူးပြုတာ မဟုတ်ဘူး။

 

ဘုန်းကြီးတို့ ဒါ လွယ်လွယ်လေး စဉ်းစားကြည့်၊ စာထဲပြောတာကို အရင် မပြောသေးဘူး၊ လွယ်လွယ်လေးစဉ်းစားကြည့်၊ လူ့ရဲ့ ဘဝအစ ကြားဖူးကြလိမ့်မယ်၊ ပဋိသန္ဓေနေတဲ့အခါမှာ လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ပဋိသန္ဓေနေပြီ ဆိုလို့ရှိရင် ကမ္မဇကလာပ် ၉-စည်းရှိတဲ့အထဲ ဘယ်အစည်းတွေပါတယ်လို့ ထင်လဲ၊

 

ကာယဒသကကလာပ်လို့ဆိုတဲ့ body နဲ့ ဆိုင်တာ တစ်စည်းပါတယ်၊ ဝတ္ထုဒသက- ကလာပ်လို့ဆိုတဲ့ ဟဒယဝတ္ထုဆိုတာ ပါတယ်၊ ဘာဝဒသကကလာပ်လို့ဆိုတဲ့ ကျားမ အခြေခံ ဣတ္ထိဘာဝ ပုမ္ဘာဝ အခြေခံဖြစ်တဲ့ရုပ်က တစ်စည်း၊ ကမ္မဇကလာပ် ၃- စည်း - ကာယဒသကကလာပ် ဝတ္ထုဒသကကလာပ် ဘာဝဒသကကလာပ်ဆိုတဲ့ ကလာပ် ၃-စည်း ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်တယ်။

 

အဲဒီဖြစ်နေတဲ့အချိန်မှာ ဟဒယဝတ္ထု ရှိတယ်နော်၊ ဟဒယဝတ္ထုနဲ့ ပဋိသန္ဓေ စိတ်က အတူတူဖြစ်တယ်၊ အဲဒီအချိန်မှာ ဟဒယဝတ္ထုသည် ပဋိသန္ဓေစိတ်ကို born earlier ဆိုတဲ့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုလို့ မရဘူး၊ ဘာဖြစ်လို့တုန်းဆို ပြိုင်တူ မွေးကြတာကိုး၊ Born earlier မဟုတ်ဘူး၊ Born together အဲဒီကျတော့ သဟဇာတ ဖြစ်သွားပြီ၊ ပုရေဇာတ မဖြစ်ဘူး၊

 

အဲဒီတော့ ဆိုလိုတာက “ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော” လို့ မြတ်စွာဘုရားဟောတာ၊ အဲဒီ ပဋိသန္ဓေအခါမှာတော့ ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုလို့ မရဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုရင် ဘဝက  အခုမှ စတာ၊ ဘယ်လိုမှ ဟဒယဝတ္ထု က ကြိုပြီးတော့ ဖြစ်လို့မရဘူး၊ အဲဒီတော့ ကြိုဖြစ်နိုင်တဲ့အရာ မရှိဘူးတဲ့၊ အတူတူ ဖြစ်ကြတာ၊ အတူတူဖြစ်ပြီး ကျေးဇူးပြုလို့ သဟဇာတသတ္တိနဲ့ပဲ ကျေးဇူးပြုတယ်တဲ့၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးမပြုဘူး။

 

ဒါဖြင့် ဘယ်အချိန်မှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုရင် ပဝတ္တိအခါ မှာ ကျေးဇူးပြုတယ်။ လူ့ဘဝမှာ အခါနှစ်ခု ပိုင်းထားတယ်၊ ပဋိသန္ဓေအခါ နဲ့ ပဝတ္တိအခါ၊ ပဋိသန္ဓေအခါဆိုတာက ဘဝတစ်ခု စစခြင်းကို ပဋိသန္ဓေအခါလို့ ခေါ် တယ်၊ အင်မတန်မှတိုတောင်းတဲ့ အခိုက်အတန့်လေးပေါ့၊ ပဋိသန္ဓေစိတ်ပေါ်တဲ့ တိုတောင်း လှတဲ့ အခိုက်အတန့်လေး၊ စိတ္တုပ္ပါဒ် ၁-ခု ခဏငယ် ၃-ချက်ပဲ ရှိတယ်၊ ဖြစ် တည် ပျက် သုံးချက်ပဲရှိတယ်။

 

ဆိုပါစို့ - နားလည်အောင် မှတ်လွယ်အောင်ပြောရရင် သုံးစက္ကန့်ပဲရှိတယ်၊ (ဒါပေမယ့် သုံးစက္ကန့်ထက်တော့ တိုတယ်နော်) အဲဒီနောက်ပိုင်း သုံးစက္ကန့်ကနေပြီး လေးစက္ကန့်မြောက် ရောက်လာတာနဲ့တစ်ပြိုင်နက် ပဝတ္တိအခါ ဆက်လက်ဖြစ်နေတဲ့ အပိုင်းလို့ - ပဋိသန္ဓေပိုင်းနဲ့ ပဝတ္တိပိုင်း နှစ်ပိုင်းရှိတယ်၊ အဲဒီ ပဋိသန္ဓေပိုင်းကျတော့ born earlier ဆိုတာ မဖြစ်နိုင်ဘူး၊ Born together ပဲ ဖြစ်နိုင်တယ်တဲ့၊ ဒါကြောင့်မို့ အဲဒီအချိန်မှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးမပြုဘူးတဲ့။

 

ပဝတ္တိပိုင်းဆိုတာကျတော့ ပဋိသန္ဓေနောက်မှာ မသေမချင်းဘဲ၊ အသက် ၈ဝ နေရရင် နှစ်-၈ဝ၊ ၉ဝ-နေရရင် နှစ်-၉ဝ၊ အဲဒီကြားထဲမှာ ဖြစ်နေသမျှ ရှေးရှေး ကဖြစ်တဲ့ ဟဒယဝတ္ထုရုပ်သည် နောက်နောက်ပေါ်လာတဲ့ မနောဝိညာဏဓာတ် ဆိုတဲ့စိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ ဒါကြောင့်မို့ ပဋ္ဌာန်းအရကောက်မှာ ကျတော့

 

ကိဉ္စိကာလေ - အချို့သောပဝတ္တိကာလ၌၊

ပုရေဇာတ- ပစ္စယေန = ပုရေဇာတပစ္စည်းဖြင့်၊

ပစ္စယော-ကျေးဇူးပြုနေတယ်၊

ကိဉ္စိကာလေ - ပဋိသန္ဓေအခါ၌ … ဒီလိုဆိုတယ်နော်၊

ပုရေဇာတပစ္စယေန - ပုရေဇာတပစ္စယသတ္တိဖြင့်၊

န ပစ္စယော - ကျေးဇူးမပြုဘူးတဲ့။

 

ပစ္စယနိဒ္ဒေသမှာ ပုရေဇာတနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဒီလို ဟောထား တယ်၊ တရားကုန်သလားဆိုတော့ မကုန်ဘူး၊ သိသာရုံ မြတ်စွာဘုရားက ဟောတာ၊ ကျန်တာတွေ ကျန်နေသေးတယ်၊ အဲဒါကို ပဉှာဝါရ ပါဠိတော်မှာ ကြည့်၊ တခြား နည်းနဲ့လည်း ပုရေဇာတပစ္စည်း ဖြစ်နိုင်ပုံကို မြတ်စွာဘုရားက ဟောသေးတယ်။

 

အခုပြောတာက ဝတ္ထုရုပ် ၆-ပါးနဲ့ အာရုံ ၅-ပါး၊ စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးနဲ့ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံ ၅-ပါး။

 

ပုရေဇာတသတ္တိနဲ့ တခြားကျေးဇူးပြုနိုင်သေးတာ ရှိနိုင်သေးလားဆို ရှိနိုင် သေးတယ်၊ ဘယ်လိုကျေးဇူးပြုနိုင်တုန်း၊ မြင်သိစိတ်နဲ့ မဆိုင်ဘူး၊ မြင်သိစိတ်နဲ့ ကျေးဇူးပြုတာ နားလည်ပြီးပြီ၊ စက္ခုဝတ္ထုဆိုတဲ့ မျက်စိအကြည်ရုပ်သည် မြင်သိစိတ်ကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုတယ်ဆိုတာ ပြီးပြီ၊ ဆိုပါစို့ - ကမ္မဋ္ဌာန်းတရား အားထုတ်ကြတယ်၊ ကမ္မဋ္ဌာန်းရဲ့အာရုံ စက္ခုပသာဒမျက်စိအကြည်ရုပ်ကို ရှုတယ်၊ ဝိပဿနာအာရုံအနေနဲ့ စက္ခုပသာဒကို ရှုလို့ မရဘူးလား၊ ရတယ်နော်၊ မျက်စိ အကြည်ရုပ်ကို ဝိပဿနာရှုမယ်၊ ဘယ်လိုဝိပဿနာ ရှုတုန်းဆိုတော့ ဒီအကြည်ရုပ် စက္ခုပသာဒရုပ်သည် (သုတမယဉာဏ်နဲ့) စက္ခုပသာဒရုပ်ဟာ စိတ္တက္ခဏ ၁၇- ချက် ပြည့်သွားတာနဲ့ တစ်ပြိုင်နက် ပျက်သွားမယ်၊ သူ့ရဲ့သက်တမ်းဟာ ဒီလောက်ပဲ ရှိတယ်၊ မမြဲတဲ့ သဘောလေးကို ဆင်ခြင်ပြီးတော့ အဲဒါ “စက္ခုံ အနိစ္စတော ဝိပဿတိ” စက္ခုပသာဒ လေးကို မမြဲတဲ့သဘောအနေနဲ့ ဆင်ခြင်တယ်။

 

အဲဒီစက္ခုပသာဒကိုပဲ ဒုက္ခ၊ ဖြစ်ပြီးပျက်နေတဲ့ သဘာဝတွေက နှိပ်စက်နေ တာ၊ ဒီဒုက္ခက စားစရာမရှိလို့ စိတ်ညစ်ရတဲ့ဒုက္ခမျိုးကို ပြောတာမဟုတ်ဘူး၊ ခေါင်း ကိုက် နားကိုက်လို့ ခန္ဓာကိုယ်ညောင်းညာကိုက်ခဲလို့ ဖြစ်တဲ့ဒုက္ခကို ပြောတာ မဟုတ်ဘူး၊ ဖြစ်မှုပျက်မှုဆိုတဲ့ သဘာဝတရားတွေရဲ့ အနှိပ်စက်ခံနေရတဲ့ ဒုက္ခကိုပြောတာ၊ ဒီစက္ခုပသာဒဟာ အမြဲတမ်းဖြစ်ပြီး ပျက်နေရတဲ့ ဖြစ်ပျက်မှုသဘာဝတရားတွေက နှိပ်စက်နေလို့ ဒုက္ခ။ အနတ္တ အတ္တမဟုတ်ဘူး။

 

အဲဒီ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာရေးတင်ပြီး ဝိပဿနာရှုပြီ ဆိုလို့ရှိရင် အဲဒီဝိပဿနာရှုတဲ့စိတ်က ဘာစိတ်ဖြစ်မလဲ? ပုထုဇဉ်တို့ သေက္ခပုဂ္ဂိုလ် တို့မှာဆိုရင် ဝိပဿနာရှုတဲ့စိတ်က မဟာကုသိုလ်စိတ် ၈-ခုထဲက တစ်ခုခုပေါ့၊ ဉာဏ်နဲ့ယှဉ်ရင် ဉာဏသမ္ပယုတ်၊ တစ်ခါတလေ ဉာဏဝိပ္ပယုတ်နဲ့ ဝိပဿနာရှုတာ လည်း ရှိတယ်တဲ့၊ ဒါကြောင့်မို့ မဟာကုသိုလ်စိတ် ၈-ခုလို့ပဲ ယေဘုယျအားဖြင့် ပြောရတယ်နော်၊ ပုထုဇဉ်တွေ ဝိပဿနာရှုမယ်၊ စက္ခုပသာဒရုပ် သောတပသာဒရုပ် ဃာနပသာဒရုပ် ဇိဝှာပသာဒရုပ် ကာယပသာဒရုပ် ဟဒယဝတ္ထုရုပ် ကို ဝိပဿနာ ရှုမယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ရှုမှတ်ဆင်ခြင်မယ်ဆိုရင် အဲဒီဝိပဿနာအာရုံဖြစ်တဲ့ စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ ဟဒယ ဆိုတဲ့ ရုပ်တရားက ဝိပဿနာရှုတဲ့ မဟာကုသိုလ်စိတ်အား ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါ တစ်ခုရပြန်ပြီ၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်။

 

ကြိုတင်ဖြစ်နှင့်နေတာ၊ မဖြစ်ခင်က ကြိုပြီးရှူတာ မဟုတ်ဘူး၊ ဖြစ်နေတဲ့ အခိုက် လေးမှာ ရှူတာ၊ ဖြစ်လာပြီးတဲ့နောက်မှာ ရှူတာ၊ ဒါကြောင့်မို့လို့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယဝတ္ထုဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးက ဝိပဿနာရှုတဲ့ မဟာကုသိုလ်စိတ် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။

ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်တွေကရော စက္ခု သောတ ဃာန ဇိဝှာ ကာယ ဟဒယဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးကို ဝိပဿနာမရှူဘူးလားဆိုတော့ ရှုတယ်၊ ဝိပဿနာ ဆိုတာ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်ရင် ရှုစရာ မလိုဘူးလို့ တချို့က အောက်မေ့ကောင်း အောက်မေ့ လိမ့်မယ်၊ ရဟန္တာပုဂ္ဂိုလ်တွေလည်း ဒါပဲ ရှုတာပဲ၊

 

သောတာပန်မဖြစ်ခင် ကလည်း ဒါပဲ၊

သောတာပန်ဖြစ်ပြီးတော့လည်း ဒါပဲ၊

သကဒါဂါမ် မဖြစ်ခင်ကလည်း ဒါပဲ၊  အနိစ္စ ဒုက္ခ အနတ္တ ရှုတယ်၊

သကဒါဂါမ်ဖြစ်ပြီးရင်လည်း အနိစ္စ ဒုက္ခ အနတ္တ ပဲ၊  ဒီဝိပဿနာပဲ၊

အနာဂါမ် မဖြစ်ခင်ကလည်း ရှူတယ်၊ အနာဂါမ်ဖြစ်ပြီးတဲ့အခါမှာလည်း ရှုတယ်၊

ရဟန္တာ မဖြစ်ခင်ကလည်း ရှူတယ်၊ ရဟန္တာ ဖြစ်ပြီးတော့လည်း ရှုတယ်။

 

အရှင်သာရိပုတ္တရာကို အရှင်မဟာကောဋ္ဌိကက မေးတဲ့မေးခွန်းလေး ရှိတယ်၊

 

“အရှင်ဘုရား- ပုထုဇဉ်ပုဂ္ဂိုလ် ဘာရှုတုန်း”

 

“အေး အနိစ္စ ဒုက္ခ အနတ္တ ရှူတယ်၊”

 

“ဒါဖြင့် သောတာပန်ရော ဘာရှတုန်း”

 

“အေး အနိစ္စ ဒုက္ခ အနတ္တ”

 

“သကဒါဂါမ်၊ အနာဂါမ်တို့ရော”

 

“ဒီအတိုင်းပဲ၊ အနိစ္စ ဒုက္ခ အနတ္တ၊”

 

“ရဟန္တာရော”

 

“ရဟန္တာလည်း ဒီအတိုင်းပဲ” ဆိုတော့

 

“ရဟန္တာဆိုတာ ရှုစရာ မလိုတော့ဘူး မဟုတ်လား ဘုရား၊”

 

ရှင်သာရိပုတ္တရာက ဖြေတယ်၊

 

“ရဟန္တာလည်း ဒီလိုရှုမှ ဝိပဿနာဉာဏ်ဖြစ်ပြီး ဘဝမှာ ငြိမ်းချမ်းမှု ချမ်းသာသုခ ရတယ်” တဲ့။

 

ဖလသမာပတ်ဝင်စားတော့မယ်ဆိုရင် ဝိပဿနာကနေ သွားရတယ်၊ အခု မင်္ဂလာဈေး ဓမ္မာရုံကြီးပေါ် လာချင်လို့ရှိရင် ဘယ်ကတက်လဲ၊ လှေခါးကတက်တယ်၊ ဖိုလ်ဝင်စားပြီ ဆိုရင်လည်း ဝိပဿနာလှေကားက တက်ရတယ်၊ ရဟန္တာပုဂ္ဂိုလ်လည်း ဝိပဿနာ ရှုပြီးတော့မှ ဖိုလ်ကို ရောက်တယ်၊ ဘယ်လိုပဲ ဖိုလ်စိတ် ဖြစ်ပြီး ဖြစ်ပြီး ဒီကပဲ ပြန်တက်ရတယ်၊ အဲဒါကြောင့်မို့ ဝိပဿနာကို ရှူကို ရှူရတယ်လို့ ဒီလိုပြောတာ။

 

ကဲ ကောင်းပြီ - ရဟန္တာပုဂ္ဂိုလ်က စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယ ဆိုတဲ့ဂရုပ် ၆-ပါးကို ဝိပဿနာရှုပြီဆိုလို့ရှိရင် ရဟန္တာပုဂ္ဂိုလ်ရဲ့ ဝိပဿနာ ရှူတဲ့စိတ်ကျကာ့ မဟာကုသိုလ်စိတ်လို့ မခေါ်ဘူး၊ မဟာကြိယာစိတ်လို့ ခေါ်တယ်၊ ကြိယာစိတ်နဲ့ ရှုတယ်၊ အဲဒီတော့ မဟာကြိယာစိတ်ကိုလည်းပဲ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယ ဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးက ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုပါတယ်တဲ့၊ ဒါက ပဥှာဝါရမှာ ဟောတာ။

 

ထို့အတူပဲ မြင်တဲ့အဆင်းအာရုံကိုရော ဝိပဿနာရှုလို့ မရဘူးလား၊ နားက ကြားတဲ့ အသံအာရုံ၊ နှာခေါင်းနဲ့ နမ်းရှူရတဲ့အနံ့အာရုံ၊ လျှာပေါ်မှာ တွေ့ထိ ခံစားလာတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့လာတဲ့ ဖောဋ္ဌဗ္ဗအာရုံဆိုတာ တွေကိုရော ဝိပဿနာရှုလို့ မရဘူးလား၊ ရတယ်။ စိတ်ထဲက ကြံတွေးသိရတဲ့ ဓမ္မအာရုံဆိုတဲ့ ကျန်တဲ့အာရုံတွေရော ဝိပဿနာရှုလို့ မရဘူးလား၊ ရတယ်၊ အဲဒီလို ရှုပြီဆိုလို့ရှိရင် ဝိပဿနာရှုတဲ့စိတ်ကို ဟောဒီအာရုံ ၆-ပါးက ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ် တဲ့။

 

စိတ်ဖြစ်ပြီဆိုလို့ရှိရင် ကုသိုလ်စိတ်ပဲဖြစ်ဖြစ် အကုသိုလ်စိတ်ပဲဖြစ်ဖြစ် ကံရဲ့ အကျိုး တရားဖြစ်တဲ့ ဝိပါက်စိတ်ပဲဖြစ်ဖြစ် လူ့ဘုံလူ့ဘဝ (သို့မဟုတ်) ပဉ္စဝေါကာရ လို့ဆိုတဲ့ ခန္ဓာ ၅-ပါးရှိတဲ့ဘုံတွေမှာ ဟဒယဝတ္ထုကို မမှီဘဲနဲ့ ဘယ်စိတ်မှ ဖြစ်လို့ မရဘူးတဲ့၊ အမှီမရှိဘဲနဲ့ မဖြစ်ဘူးလို့ ပြောတာ၊ မျက်စိအကြည်ရုပ်ကို မှီပြီးတော့ စက္ခုဝိညာဏ် စိတ်ဖြစ်တယ်ဆိုတာလို ကျန်တဲ့ မနောဓာတ် မနောဝိညာဏဓာတ် ဆိုတဲ့ စိတ်တွေက ဟဒယဝတ္ထုလို့ဆိုတဲ့ မှီစရာရုပ်ဝတ္ထုတွေကို မမှီရလို့ရှိရင် သူတို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ မှီစရာရုပ်ဝတ္ထုသည် ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါ တယ်တဲ့။

 

ထို ကုသိုလ်စိတ်အားလုံးဟာလည်း ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်ရတယ်၊ အကုသိုလ် စိတ်အားလုံးဟာလည်း ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်ရတယ်၊ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်ဆိုတဲ့ ဟောဒီ ဝိညာဏ်စိတ်တွေမှတစ်ပါး ကျန်တဲ့ဝိပါက်စိတ်တွေ ကြိယာစိတ်တွေကရော ဟဒယဝတ္ထုကို မှီပြီး ဖြစ်တာတဲ့၊ မမှီဘဲ ဖြစ်တဲ့စိတ်ဆိုလို့ရှိရင် အရူပဝိပါက် ၄-ခု လို့ ခေါ်တဲ့ ရုပ်မရှိတဲ့ဘုံမှာသာဖြစ်တဲ့ ဒီဝိပါက်စိတ် ၄-ခုသာ ရှိတယ်ပေါ့၊ အရူပ ဗြဟ္မာကြီးရဲ့ ပဋိသန္ဓေ ဘဝင် စုတိ အနေနဲ့ ဆောင်ရွက်တဲ့ အရူပဝိပါက်ကလွဲရင် ကျန်တာတွေက ဝတ္ထုရုပ်အမှီရှိမှ ဖြစ်တယ်ပေါ့။

 

မှီရာရုပ်ဝတ္ထုတွေကို အမှီပြုပြီးတော့မှ ဒီစိတ်တွေ ဖြစ်နိုင်တာ ဖြစ်သောကြောင့် ဒီစိတ်တွေကို မှီရာဝတ္ထုရုပ်တွေက ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ အာရုံတွေ ကလည်း ဒီစိတ်တွေကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်လို့ မြတ်စွာဘုရားက ပဥှာဝါရကျတော့ အသေးစိတ် တစ်ခါထပ်ပြီး ဟောတယ်။

 

ပစ္စယနိဒ္ဒေသနဲ့ ပဉှာဝါရ ဒီနှစ်ခုပေါင်းစပ်ပြီးတော့ ကြည့်၊ ပစ္စယနိဒ္ဒေသမှာ ချုံ့ပြီးတော့ ဟောလိုက်တယ်၊ ပဥှာဝါရမှာ ခွဲလိုက်တယ်၊ ဘယ်လိုခွဲတုန်း ကုသလ၊ အကုသလ၊ အဗျာကတ ဆိုပြီးတော့ ၃-မျိုး ခွဲဟောတယ်၊ ကုသလနဲ့ ကုသလ၊ ကုသလ နဲ့ အဗျာကတ၊ ဒီလိုသွားတယ်၊

 

တချို့နေရာကျတော့ -

ကုသလကနေ အကုသလ၊

ကုသလကနေ အဗျာကတ၊

ကုသလကနေ ကုသလအဗျာကတ၊

ကုသလ အကုသလအဗျာကတ

ဆိုတဲ့ ဒီသဘာဝတရား ၃-ခုကို မြတ်စွာဘုရားက ရောယှက် ပေါင်းစပ်ပြီးတော့ ဟောတယ်၊

 

ဘာဖြစ်လို့တုန်းဆိုတော့ အဘိဓမ္မာ ကျမ်းကြီးကို ဟောတော့မယ် ဆိုတဲ့အခါ မြတ်စွာဘုရားက မာတိကာ outline လေး တွေချတယ်၊ အဲဒီလိုချတဲ့အခါ ကုသလာ- ဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာလို့ ကုသလတိက ၃-စု အုပ်စုကလေး ခွဲပြီး အဲဒီအုပ်စုအလိုက် ရှင်းလင်း ဟောကြားသွားတာ ဖြစ်တယ်။

 

အဲဒီလို တိကပေါင်း ၂၂-မျိုး၊ ဒုကပေါင်း-၁၀၀ မြတ်စွာဘုရားက မာတိကာ အနေနဲ့ ခေါင်းစီးလေးတွေ ပေးပြီး အဘိဓမ္မာတရားကို ဟောတာ ဖြစ်တယ်၊

 

ဒါကြောင့်မို့ ပဥှာဝါရမှာ အဲဒီခေါင်းစီးနဲ့ လိုက်လျောညီထွေအောင် -

 

ကုသလဖြစ်တဲ့ တရားက ကုသလဖြစ်တဲ့တရားကို၊

အကုသလဖြစ်တဲ့တရားက အကုသလ ဖြစ်တဲ့ တရားကို၊

အဗျာကတဖြစ်တဲ့တရားက အဗျာကတဖြစ်တဲ့တရားကို

 

ဆိုင်ရာဆိုင်ရာ သတ္တိတွေနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုဟောတာ။

 

ဒီနေရာမှာ ပုရေဇာတပစ္စည်းက ဘာတွေတုန်းလို့ မေးလို့ရှိရင် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထု ဆိုတာ ရုပ်တရားတွေ မဟုတ်လား၊ ရုပ်တရားတွေဆိုရင် ကုသိုလ် အကုသိုလ် အဗျာကတထဲမှာ ဘယ်ထဲ ပါလဲ၊ အဗျာကတထဲပဲ ပါတယ်၊

 

အဲဒီတော့ အဗျာကတကနေ အဗျာကတကို ကျေးဇူးပြုတာ ဖြစ်တယ်၊ အဗျာကတ ကနေ ကုသလကို ကျေးဇူးပြုတာ ဖြစ်တယ်၊ အဗျာကတကနေ အကုသလကို ကျေးဇူးပြုတယ်၊ ဟောဒီ ၃-မျိုးပဲ ခွဲဟောတယ်၊ ဒါက ပုရေဇာတပစ္စည်းနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ပြည့်ပြည့်စုံစုံ ပစ္စယနိဒ္ဒေသနဲ့ ပဉှာဝါရ စပ်ဟပ်ပြီးတော့ ဟောတယ်။

 

ဒီ့ထက်အသေးစိတ် မရှိတော့ဘူးလားဆို ရှိတယ်၊ ပဋ္ဌာန်းအရကောက်ကျမ်းအတိုင်း ပြောမယ်ဆိုရင် စကားလုံးအသုံးအနှုန်းတွေကစ ကျက်မှတ်မှ ပိုပြီး သဘောပေါက် မယ်ပေါ့နော်၊ သို့သော်လည်း အခုဟာက ပဋ္ဌာန်းမြတ်ဒေသနာကို ရိပ်စားမိရုံ၊ ဘဝမှာ အခုလို အကြောင်းတရားတွေ အကျိုးတရားတွေဟာ ပြိုင်တူ ဖြစ်ပြီးတော့လည်း အထောက်အကူပြုနေပါလား၊ ကြိုတင်ဖြစ်ပြီးတော့လည်း အထောက်အကူ ပြုနေပါလား ဆိုတာတွေကို သဘောပေါက်ပြီး ဘဝဟာ အကြောင်းတရားတွေက စုပေါင်းဖန်တီးထားတဲ့ တကယ့်သင်္ခါရဖြစ်တယ်၊

 

သင်္ခါရဆိုရင် “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရ ဒုက္ခာ” လို့ ဆိုတယ်၊ တို့ဘဝဟာ အနိစ္စ ဒုက္ခ ပါလားဆိုတာကို အားလုံး သဘောပေါက်နိုင်တယ်၊ အဲဒီလို သဘော ပေါက်ဖို့အတွက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သင်္ခါရတရား သဘာဝ အကြောင်းအကျိုး ဆက်နွယ် နေပုံကို ပဋ္ဌာန်းကျမ်းမှာ အကျယ်တဝင့် ဟောထားတာ ဖြစ်ပါတယ်။

 

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ - ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့တဲ့ ပုရေဇာတပစ္စယောအရ ပစ္စယနိဒ္ဒေသနဲ့ ပဥှာဝါရမှာ လာရှိတဲ့ တရား ဓမ္မများကို နာယူကြရသဖြင့် ကြောင်းကျိုးဆင်ခြင်တတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ရင့်သန်ပြီး သဘာဝတရားတွေရဲ့ အစစ်အမှန်ကိုသိလို့ ထိုအကြောင်းတရား အကျိုးတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြ ပါစေသတည်း။


Related Posts