“အခန်း - ၄”
စိတ်ဖြစ်စဉ်ကို လေ့လာခြင်း (၁)
▬▬▬▬▬▬▬▬▬▬▬▬
“စိတ်ဖြစ်စဉ်ကို
လေ့လာခြင်း” ရှေ့အပိုင်းမှာ စိတ်ဖြစ်ပုံကို လေ့လာခဲ့ကြပြီးပြီ။ ဒွါရကနေပြီး အာရုံဝတ္ထု ဆုံစည်းမှုကို အကြောင်းပြုပြီး
စိတ်တွေ ဖြစ်လာကြတယ်၊ ဖြစ်လာတဲ့ အခါကျတော့ စိတ်တွေဟာ ဘယ်ပုံဘယ်နည်း ဖြစ်ကြသလဲ၊ စိတ်ဖြစ်စဉ်ကို
ပါဠိလို ဝီထိလို့ ခေါ်တယ် - စိတ္တဝီထိ၊ ဝီထိ ကို လမ်း လို့လည်း အဓိပ္ပါယ် ဖွင့်ဆို
ကြတယ်။ ဝီထိဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က လမ်းလို့ အဓိပ္ပါယ်ရတယ်။ အဲဒီလို လမ်းဆိုတဲ့
အဓိပ္ပါယ်နဲ့ ဖော်ဆောင် ကြည့်ကြတယ်။ ရှေးဆရာတွေက ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုကြလသဲဆိုတော့
“ရွာစဉ်အတိုင်း လမ်းမကြီးဟာ သွားသလိုပဲတဲ့ - စိတ်အစဉ်ဟာလည်း ခုန်ကျော်ခြင်း မရှိဘဲ
သွားနေတယ်” လို့ ဒီလို အဓိပ္ပါယ် ဖွင့်ကြတယ်။
သို့သော်လည်း
အဲဒီအဓိပ္ပါယ်ကို တချို့ ဆရာတော်ကြီးများက မနှစ်သက်ကြဘူး။ ဝီထိဆိုတဲ့ စကားလုံး က အစဉ်
ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ဟောတယ်၊ ဖြစ်စဉ်တစ်ခု၊ အစဉ်အတန်းတစ်ခု၊ တစ်ခုပြီးတစ်ခု၊ အင်္ဂလိပ်လို
serial ပေါ့။ တစ်ခုပြီးတစ်ခု ဖြစ်တာ၊ အဲဒါကိုပဲ process လို့လည်း ပြန်ကြတယ်။ စိတ္တဝီထိ
Mental process စိတ်ဖြစ်စဉ်ပေါ့။
စိတ်ဖြစ်စဉ်
ဆိုတာ စိတ်တစ်ခုပြီးတစ်ခု ဖြစ်သွားတာ၊ ဖြစ်သွားတဲ့ စိတ်တွေဟာလည်း တစ်ခုနှင့်တစ်ခု အားလုံးဟာ
တူညီကြတာ မဟုတ်ဘူး၊ ဘယ်လို မတူညီလဲဆိုရင် အားလုံးဟာ ဆောင်ရွက်ပုံ ကိစ္စချင်း မတူညီဘူး၊
ဆောင်ရွက်ပုံ ကိစ္စချင်းတူတဲ့ ဇောစိတ်လို စိတ်မျိုးတောင်မှပဲ စွမ်းအားချင်း ကွာခြား
ကြတယ်။ ဒါ့ကြောင့် ဝီထိဆိုတာ ဆောင်ရွက်ပုံ ကိစ္စချင်းလည်း မတူဘူး, စွမ်းအားချင်းလည်း
မတူတဲ့ စိတ်တို့ရဲ့ ဖြစ်စဉ်တစ်ခုပဲ။
ဘုန်းကြီးတို့
စိတ်ဖြစ်စဉ်ဆိုတဲ့ ဝီထိအကြောင်းကို ရေးတဲ့အခါမှာ လူ့ဘဝရဲ့ စိတ်ဖြစ်စဉ်တင် မကဘူး၊ ဟိုး
ဗြဟ္မာ့ပြည်က ဖြစ်စဉ်ပါ မှတ်ရတယ်။ လူ့ပြည်နဲ့ နတ်ပြည် ၆-ထပ်ကတော့ သိပ်မကွာဘူး၊ မကွာသည့်အတွက်ကြောင့်
ကာမာဝစရ ဘုံတွေမှာ ဖြစ်တဲ့ စိတ်အစဉ်က တူတယ်။ ဗြဟ္မာကျတော့ ကွာခြားမှု ရှိသွားတယ်။ ရူပါဝစရစိတ်
အရူပါဝစရစိတ်တို့ရဲ့ ဖြစ်စဉ်, ထို့နောက်မှာ ဝိပဿနာကျင့်စဉ် ကျင့်ပြီးတော့ မဂ် ဖိုလ်
ဆိုတဲ့ လောကုတ္တရာ စိတ်ဖြစ်စဉ် - ဒါတွေကျတော့ ကွာခြားမှု ရှိသွားပြီ၊ အဲဒီတော့ ရိုးရာဖြစ်စဉ်တစ်ခု
အနေနဲ့ ပြောမယ်ဆိုလျှင် လူတွေရဲ့ ဘဝနဲ့ ပြောကြရတယ်။
လူတွေရဲ့
စိတ်မှာ အကြမ်းဖျဉ်းအားဖြင့် ဖြစ်စဉ်နှစ်ခု ရှိတယ်လို့ ဒီလိုမှတ်ရမယ်၊ ဝီထိမုတ်စိတ်တို့ရဲ့
ဖြစ်စဉ်နဲ့ ဝီထိစိတ်တို့ရဲ့ဖြစ်စဉ် ပေါ့။ ဝီထိစိတ်နဲ့ ဝီထိမုတ်စိတ် ဆိုပြီးတော့ ကွဲပြားခြားနား
ထားတာ ရှိသေးတယ်၊ အဘိဓမ္မာ သင်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဝီထိစိတ်ဆိုရင် ၈၀-လို့ နားလည်ထားရမယ်၊
ဝီထိမုတ်စိတ် ဆိုရင် တော့ ၁၉-ပါးလို့ ဒီလို နားလည်ထားရမယ်။ အဲဒီ ဝီထိမုတ်စိတ် ၁၉-မျိုးထဲမှာ
အမြဲတမ်း လွတ်နေတဲ့ စိတ်ကတော့ ၉-ခု။
လူ့ဘဝအနေနဲ့
ပြောကြမယ်ဆိုရင် လူတွေရဲ့ ပဋိသန္ဓေစိတ် ၉-ခု ရှိတယ်။ အဲဒီ ၉-ခုသောစိတ်တွေကို ဝီထိမုတ်စိတ်လို့
ခေါ်တယ်။ အဲဒီ ၉-ခုက ဘာတွေလဲ ဆိုရင် ကုသလဝိပါက် - (အဘိဓမ္မာမှာ ဝေါဟာရ တွေဟာ ဘာသာမပြန်ဘဲနဲ့
ပါဠိနောက် လိုက်ပြီးတော့ ရေးထားတာဆိုတော့ ကုသလဝိပါက် ဆိုတာ - ကုသိုလ်ရဲ့ အကျိုး တရားလို့ပြောတာ)
ကုသလဝိပါက် ဥပက္ခော သန္တီရဏစိတ်၊ သန္တီရဏစိတ်ဆိုတာ အာရုံကိုစူးစမ်းတဲ့စိတ် အဲဒီအာရုံကို
စူးစမ်းတဲ့စိတ်ဟာ ခံစားချက် နှစ်မျိုးရှိတယ်။ တစ်ခါ တစ်ရံ ဝမ်းမြောက်ဝမ်းသာ ခံစားချက်လို့ဆိုတဲ့
သောမနဿ ရှိတယ်၊ တစ်ခါတစ်ရံမှာ ခံစားမှု မထင်ရှားတဲ့ ဥပေက္ခာဆိုတာ ရှိတယ်။ ဒါကြောင့်မို့
ဥပေက္ခာသန္တီရဏ လို့ ဒီလိုပြောတာ၊ (သောမနဿသန္တီရဏ
မဟုတ်ဘူး။) ဥပေက္ခာ ဆိုတာ ခံစားမှုကို ရည်ညွှန်းပြီးတော့ ပြောတာ။ သန္တီရဏစိတ်သည်
indifferent feeling ပေါ့၊ ဝမ်းသာတာလည်း မဟုတ်၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ အဲဒီနှစ်ခု
ကြားမှာ indifferent feeling။ အဲဒီ သန္တီရဏစိတ်ဟာ ထူးခြားမှုမရှိတဲ့ သန္တီရဏကို ဥပေက္ခာသန္တီရဏ
လို့ ခေါ်တယ်။
အဲဒီ
ဥပေက္ခာသန္တီရဏ ကလည်း ကုသိုလ်ရဲ့ အကျိုးနဲ့ အကုသိုလ်ရဲ့ အကျိုးလို့ နှစ်မျိုးရှိပြန်တယ်။
ဒါကြောင့် စကားကို အပြည့်အစုံပြောလိုက်တဲ့ အခါကျတော့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ လို့
ပြောရတယ်။ လူတွေရဲ့ သန္တာန်မှာ ပဋိသန္ဓေစိတ် အနေနဲ့ ဖြစ်နိုင်တာ ကုသလဝိပါက် ဥပေက္ခာ
သန္တီရဏ - ကုသိုလ်၏ အကျိုးဆက် ဖြစ်တဲ့, မထင်ရှားတဲ့ ခံစားမှုနဲ့ယှဉ်တဲ့ စူးစမ်းတဲ့စိတ်လို့
ဒီလိုပြောတယ်။ ဒီနေရာမှာ သူ့ကို စူးစမ်းတဲ့စိတ်လို့ နာမည်ပေးထား ပေမယ့်လို့ သူဆောင်ရွက်တဲ့ကိစ္စ
သန္တီရဏကိစ္စ ဆောင်ရွက်တာ မဟုတ်ဘူး၊ ဝီထိမုတ်ဖြစ်တဲ့အခါ ပဋိသန္ဓေ ကိစ္စကို ဆောင်ရွက်တယ်၊
ဘဝင်ကိစ္စကိုလည်း ဆောင်ရွက်တယ်၊ စုတိကိစ္စကိုလည်း ဆောင်ရွက်တယ်၊ နောက် တခြား ဝီထိ ကိစ္စနဲ့
တွဲလာတဲ့အခါကျတော့ သန္တီရဏကိစ္စနဲ့ တဒါရုံ ကိစ္စကိုလည်း ဆောင်ရွက်သေးတယ်ဆိုတော့ ၅-ကိစ္စ
ဆောင်ရွက်နိုင်တဲ့စိတ်။
စိတ်တစ်မျိုးတည်းက
ဆိုင်ရာဆိုင်ရာ အာရုံတွေနဲ့ စပ်လျဉ်းပြီးတော့ ဖြစ်ပုံ နေရာချင်း ဖြစ်တဲ့ အချိန်ချင်း
ကွာခြားလာတဲ့အခါမှာ ဒီစိတ်တစ်မျိုးတည်းကနေပြီးတော့ ၅-ကိစ္စကို ဆောင်ရွက်တယ်လို့ ဒီလိုပြောတယ်နော်။
“၅-ကိစ္စ ၅-ဌာန တပ်သောစိတ်” လို့ အဘိဓမ္မာမှာ အဲဒီလိုဆိုလိုတယ်။ ‘တပ်တယ်’ ဆိုတာ ‘တပ်ဆင်ထားတယ်’
ဆိုတဲ့ သဘောမျိုးလို့ ‘ကိစ္စလုပ်နေတယ်’ လို့ ပြောတဲ့ သဘောမျိုးဖြစ်တယ်။ ‘engaged ဖြစ်တယ်’၊
‘အလုပ်တွေ သူလုပ်တယ်’ လို့ ပြောတာနော်။
အဲဒီတော့
၅-ကိစ္စ ဆောင်ရွက်တယ်။ အဲဒီ ၅-ကိစ္စက -
ပဋိသန္ဓေကိစ္စ,
စုတိကိစ္စ၊
ဘဝင်ကိစ္စ၊
သန္တီရဏလို့
ခေါ်တဲ့ စူးစမ်းခြင်းကိစ္စ၊
တဒါရုံလို့
ဆိုတဲ့ ဇောရဲ့အာရုံကို ဆက်ခံခြင်းကိစ္စ
ဒီကိစ္စ
၅-မျိုးကို ဆောင်ရွက်တယ်၊ တစ်ပြိုင်နက် ဆောင်ရွက်တာတော့ မဟုတ်ဘူး၊ ရံဖန်ရံခါပေါ့၊ တစ်လှည့်စီ
အလှည့်ကျတဲ့အခါမှာ သူဆောင်ရွက်တဲ့ ၅-ကိစ္စကို ဆောင်ရွက်နိုင်တဲ့စိတ်။
စိတ်တွေထဲမှာ
ဆိုလို့ရှိရင် ကိစ္စအများဆုံးစိတ်လို့ ပြောရမှာပေါ့နော်၊ သူဆောင်ရွက် နိုင်တဲ့ကိစ္စက
များတယ်၊ သူ ပါဝင်တဲ့ နေရာတွေ များတယ်ပေါ့၊ သူဆောင်ရွက်တာ တစ်ပြိုင်နက်တော့ မဟုတ်ဘူး၊
တစ်နေ့ကပြောခဲ့တဲ့ ဥပမာလို့ပဲ . . လုပ်ငန်းခွင်မှာ မန်နေဂျာ၊ အိမ်ကျတော့ ထမင်းချက်ပေါ့၊
အဲဒါမျိုးလိုပေ့ါ၊ သူ့ကိစ္စလေးနဲ့သူ ဆောင်ရွက်တာကို ပြောတာနော်၊ အေး အဲဒီလို ဆိုင်ရာ
ဆိုင်ရာ ကိစ္စလေးတွေ ဆောင်ရွက်တဲ့ ဥပေက္ခာ သန္တီရဏစိတ်ဟာ ကုသလ ဝိပါက်, အကုသလဝိပါက်လို့
နှစ်မျိုးရှိတယ်၊ အဲဒီ နှစ်မျိုးလုံးဟာ “ငါးဌာနမှာ ငါးကိစ္စ ဆောင်ရွက်နိုင်တဲ့စိတ်မျိုး”
တဲ့။
အဲဒီစိတ်မျိုးဟာ
လူ့ရဲသန္တာန်မှာ ဖြစ်တဲ့အခါမှာလည်းပဲ ငါးကိစ္စကို ဆောင်ရွက်တယ်လို့ ပြောတယ်။ လူသားတစ်ယောက်ရဲ့ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ ဆောင်ရွက်
နေတဲ့အခိုက်မှာ ဝီထိမုတ်စိတ်လို့ ခေါ်တယ်၊ ဘာဖြစ်လို့ ဝီထိမုတ်စိတ်လို့ ခေါ်တုန်း ဆိုလို့ရှိရင်
process မှ လွတ်နေလို့ပဲ၊ ဝီထိ ဆိုတာ mental process၊ ‘မုတ္တ’ ဆိုတာ လွတ်နေတာ၊
process free လို့ ဒီလို ပြန်ကြတယ်။ ဖြစ်စဉ်တစ်ခုကနေပြီးတော့ လွတ်နေတာ၊ လွတ်နေတာဆိုတဲ့ အဓိပ္ပါယ်ကို နောက်တော့
ရှင်းပြမယ်။
အဲဒီတော့
လူတွေရဲ့ သန္တာန်မှာ ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ ဖြစ်တာ။ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏက
ပဋိသန္ဓေ ဘဝင် စုတိ အနေနဲ့တော့ မဖြစ်ဘူး၊ ဒိပြင်ကိစ္စအနေနဲ့ ဖြစ်နေတာ၊ လူတွေရဲ့ သန္တာန်မှာ
အကုသလဝိပါက်ဖြစ်ရင် သန္တီရဏ - စူးစမ်းခြင်းကိစ္စနဲ့ တဒါရမ္မဏ - အာရုံကို ဆက်ခံခြင်း
ကိစ္စ ဒီနှစ်မျိုးပဲ ဖြစ်နိုင် တယ်၊ ပဋိသန္ဓေ ဘဝင် စုတိအနေနဲ့ ဖြစ်ပြီဆိုရင် အပါယ်လေးဘုံမှာ
ဖြစ်တယ်လို့ပြောတယ်၊ အကုသလ ဝိပါက်က အပါယ်လေးဘုံမှာ ဖြစ်တယ်၊ အဲဒီလို ခွဲပြီးတော့ မှတ်။
ကဲ ကောင်းပြီ၊
မဟာဝိပါက်စိတ် ၈-ခု၊ အဲဒီ မဟာဝိပါက်စိတ် ၈-ခုကလည်း ပဋိသန္ဓေ ကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စကိုလည်း
ဆောင်ရွက်နိုင်တယ်။ ဇောရဲ့ အာရုံကို ဆက်ခံမှု လို့ဆိုတဲ့ တဒါရုံကိစ္စကိုလည်း ဆောင်ရွက်နိုင်တယ်၊
သူက ၄-ကိစ္စ ဆောင်ရွက်တယ်၊ သို့သော် ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စဆိုတဲ့ ကိစ္စ
၃-ခုကို ဆောင်ရွက်တဲ့အချိန်မှာ သူက process free ဝီထိမုတ်စိတ် ဖြစ်တယ်၊ တဒါရုံကိစ္စဆိုတဲ့
ဇောရဲ့ အာရုံကို ဆက်ခံပြီးတော့ ဖြစ်တဲ့ အချိန်မှာတော့ process free မဟုတ်ဘူး၊ ဝီထိစိတ်ဖြစ်တယ်။
အဲဒီ ကွဲပြားခြားနားချက်ကလေးတွေတော့ ရှိတယ်လို့။
ကဲ ဆိုလိုရင်း
မြင်သာရုံ ပြောရမယ်ဆိုရင် ဝီထိစိတ်တို့ရဲ့ ဖြစ်စဉ်နဲ့ ဝီထိမုတ်စိတ်တို့ရဲ့ ဖြစ်စဉ်လို့
ဒီလိုဖြစ်စဉ် နှစ်ခုကို မှတ်ရမယ်။ ဝီထိမုတ်ဆိုတာ ဝီထိမုတ္တ - ဖြစ်စဉ်ကနေ လွတ်နေတာ၊
လွတ်နေတယ် ဆိုတော့ ဖြစ်စဉ်မရှိဘူးလို့ ဒီလိုဆိုလိုတာတော့ မဟုတ်ဘူးနော်၊ သူလည်း သူ့ဖြစ်စဉ်နဲ့
သူသွားနေတာ၊ သို့သော် ငြိမ်သက်တဲ့ ဖြစ်စဉ်နဲ့ သွားနေတာ။
လူတစ်ယောက်ဟာ
လူ့ဘဝ ရလာပြီ ဆိုလို့ရှိရင် ကုသလဝိပါတ် ဥပေက္ခာသန္တီရဏ စိတ်နှင့်သော် လည်းကောင်း မဟာဝိပါက်စိတ်
၈-ခုထဲက စိတ်တစ်ခုခုနဲ့ သော်လည်း ကောင်း ဘဝတစ်ခုကို အစပြုခဲ့ကြတယ်။
ဘယ်သူကနေပြီး
အစပြုပေးတုန်း ဆိုတော့ အတိတ်ဘဝက ရှိခဲ့တဲ့ အကျိုးပေးခွင့်ရတဲ့ ကုသိုလ်ကံက ထုတ်လုပ်
ပေးလိုက်တာ၊ ကုသိုလ်ကံတွေ မြောက်မြားစွာ ရှိသော်လည်း အင်အား ကောင်းပြီးတော့ chance
ရတဲ့ ကုသိုလ်ကံက အကျိုးပေးလိုက်တာ၊ အဲဒီ အချိန်မှာ ကောင်းတဲ့ ကုသိုလ်ကံရဲ့ chance ရဖို့
အင်မတန်မှ အရေးကြီးတယ်၊ လူ့ဘဝ ရောက်လာဖို့ကနော်။ ကုသိုလ်ကံထဲမှာ အားပျော့တဲ့ ကုသိုလ်ကံက
အကျိုးပေးခွင့်ရလို့ သူက လက်ဦးသွားလို့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ နဲ့ ပဋိသန္ဓေ နေလိုက်
ရပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မွေးကတည်းက မျက်စိကန်း နားကန်း ဦးဏှောက်က မမှန်တာတို့၊
male, female အနေအထား မဟုတ်တာတို့ ဆိုတဲ့ ချို့ယွင်းချက်တွေ (ဆေးပညာ ကတော့ ဒိပြင်အကြောင်းတွေရှာပြီးတော့
ပြချင်ပြမှာပေါ့) ဗုဒ္ဓရဲ့ အဘိဓမ္မာ တရားတော်ကတော့ ကံကို ဦးတည်ပြီးတော့ ပြောတယ်၊ အခြေခံကတော့
ကံပဲ၊ အေး … ဆေးပညာအရတော့ ဟိုမုန်းဓာတ်တို့ ဘာဓာတ်တို့ ညာဓာတ်တို့ ဒီလိုပြောမှာပေါ့၊
အဲဒီ ဟိုမုန်းရဲ့ အကြောင်းက ဘာတုန်းဆိုတော့ ‘ကံ’ ရောက်လာမှာပဲ။ နောက်ဆုံး အကြောင်းရှာလိုက်ရင်
ဘာဖြစ်လို့ ဒီလိုဖြစ်သွားရတာတုန်း ဆိုလိုက်ရင် ‘ကံ’ ပဲနောက်ဆုံး။
အဲဒီတော့
“ဇစ္စန္ဓ” လို့ခေါ်တဲ့ သန္ဓေကန်း၊ မွေးကတည်းက ကန်းလာတာ၊ မွေးက တည်းက ကန်းလာတာကလည်း
နှစ်မျိုးရှိတယ်၊ တစ်မျိုးက မျက်စိရလာပြီးတော့မှ အထဲထဲမှာ ပိုးကြောင့်ဖြစ်စေ, လေကြောင့်ဖြစ်စေ,
ကံကြောင့်ဖြစ်စေ ထပ်ပြီးတော့ ကန်းသွားတာမျိုး ဖြစ်တတ်သေးတယ်၊ မျက်စိက ဖြစ်လာပြီးတော့မှ
ပြန်ပျက်စီးသွား တာကို ပြောတာနော်၊ ပိုးကြောင့်လေည်း ပျက်စီးတတ်တယ်လို့ ပြောတယ်၊ လေ
ကြောင့်လည်း ပျက်စီးတယ်၊ တစ်ခုခုသော ဆန့်ကျင်ဘက် အကြောင်းတစ်ခုခုကြောင့် မျက်လုံးဟာ
ပြန်ပြီးတော့ ဆုံးရှုံးသွားတတ်တာမျိုး ရှိသေးတယ်၊ မမွေးခင် အတွင်း မှာပဲ ရလာတဲ့ မျက်လုံးလေးက
ဆုံးရှုံးသွားတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးနဲ့ မဆိုင်ဘူးလို့ ပြောရမယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးက
အတိတ်က အကုသိုလ်ကံ တစ်ခုရဲ့ ဖြည့်ဆည်းမှုကြောင့် ကန်းရတာ၊ ခုနတုန်းက ဥပေက္ခာသန္တီရဏ
နဲ့ ပဋိသန္ဓေနေလာတဲ့ ပုဂ္ဂိုလ်က မျက်လုံး ဖြစ်လောက်အောင် ကံမပါဘူးလို့ ဒီလိုပြောတာ။
အဲဒီလို
မွေးကတည်းက သန္ဓေကန်း၊ သန္ဓေတည်းက ထိုင်းလာတဲ့ပုဂ္ဂိုလ်၊ မပီမပြင် ဦးဏှောက် ဖြစ်လာတဲ့
ပုဂ္ဂိုလ်၊ မှန်ကန်တဲ့ ဦးဏှောက်မရှိဘဲနဲ့ တမျိုးတဖုံ ပြောင်း ပြောင်း လွဲလွဲတွေ ဖြစ်ပြီး
လူစဉ်မမီတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလို ပုဂ္ဂိုလ်မျိုးတွေ ရှိတတ်တယ် ပေါ့။ အဲဒီလိုမွေးကတည်းကနေပြီတော့
embryo အဆင့်မှာပဲ အဆင်မပြေ ဖြစ်လာတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီ ပုဂ္ဂိုလ်မျိုးတွေဟာ
ဥပေက္ခာ သန္တီရဏ နဲ့ ပဋိသန္ဓေ နေခဲ့တယ်လို့ ပြောတာ။
အေး လူပီပီပြင်ပြင်နဲ့
ဖြစ်လာတဲ့ ပုဂ္ဂိုလ်ကျတော့ မဟာဝိပါက် စိတ် ၈-ခုထဲက ဉာဏသမ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေ နေတာရှိတယ်,
ဉာဏဝိပ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေ နေတာရှိတယ်။ ပဋိသန္ဓေ ဉာဏဝိပ္ပယုတ် စိတ် ၄-ခုထဲက တစ်ခုခုနဲ့
ပဋိသန္ဓေ နေပြီဆိုရင် အဲဒီပုဂ္ဂိုလ်မှာ သန္ဓေထဲက ဉာဏ်မပါဘူး၊ ဉာဏဝိပ္ပယုတ်စိတ် လို့ဆိုတော့
ဟိတ်အနေနဲ့ ပြောမယ်ဆိုရင် အလောဘဟိတ် ရှိတယ်, အဒေါသဟိတ် ရှိတယ်, အမောဟဟိတ်ဆိုတဲ့ အသိဉာဏ်
မပါလာဘူး၊ မပါတော့ သူ့မှာ ဒီမဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄-ခုမှာ ဖြစ်နိုင်တဲ့ဟိတ်က
အလောဘဟိတ်နဲ့ အဒေါသဟိတ်၊ ဟေတု ဆိုတာ fortify လုပ်နိုင်တဲ့၊ စွမ်းဆေင်နိုင်တဲ့စွမ်းရည်
သတ္တိရှိတယ်။ “ဟေတုပစ္စယော” ရဲ့ စွမ်းဆောင်နိုင်မှုက ပြင်းထန်တယ်၊ အားကောင်းတယ်၊ ဒါကြောင့်မို့လို့
ဟေတု ဆိုတဲ့ ဟိတ်နှစ်မျိုးနဲ့ပဲ သူက မွေးဖွားလာတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အမောဟဆိုတဲ့ ပင်ကိုယ်ဟိတ်
အသိဉာဏ်နဲ့ဆိုင်တဲ့ ဟိတ် ပါမလာဘူး၊ ဟိတ် နှစ်မျိုးနဲ့ပဲ မွေးတဲ့သူဖြစ်လို့ သူ့ကို
“ဒွိဟိတ်ပုဂ္ဂိုလ်” လို့ ခေါ်တာနော်၊ ‘ဒွိဟေတုက’ ပုဂ္ဂိုလ် တဲ့။
ခုနက
ဥပေက္ခာသန္တီရဏနဲ့ ပဋိသန္ဓေနေပြီ ဆိုလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်က အလောဘ ဆိုတာလည်း မပါဘူး,
အဒေါသ ဆိုတာလည်း ပါဘူး, အမောဟဆိုတာ ဝေလာဝေး၊ ဟိတ် လုံးဝမပါလို့ ‘အဟေတုက’ အဟိတ်ပုဂ္ဂိုလ်
လို့ ဒီလိုပြောတာ၊ ဟိတ်ဆိုတာ အဲဒီ “ဟေတုပစ္စယော” က ဟေတုကို ရည်ညွှန်းတာနော်၊ အရပ်ထဲမှာ
ပြောတဲ့ ဟိတ်မရှိဘူး ဆိုတာက အဓိပ္ပါယ် တခြားနော်၊ အဲဒါနဲ့ မဆိုင်ဘူး။
အဲဒီတော့
အဟိတ်ပုဂ္ဂိုလ် ဆိုတာ တိရစ္ဆာန်တွေ တချို့သော ပြိတ္တာတွေ ငရဲသားတွေ - အဲဒီ အပါယ် လေးဘုံသားတွေပေါ့၊
ပြိတ္တာကို နှစ်မျိုးခွဲထားလို့ အပါယ်က ၄-ဘုံ ဖြစ်နေတာ၊ သုတ္တန်ပါဠိတော်တွေမှာ ၃-ဘုံဟောတယ်နော်၊
ငရဲ တိရစ္ဆာန် ပြိတ္တာ ဒီ ၃-ဘုံပဲ ရှိတယ်၊ အသူရကယ် ဆိုတာကတော့ ပြိတ္တာ အမျိုးအစားထဲက တစ်မျိုးလို့ မှတ်ရမှာပေါ့။ အဲဒီ အပါယ် ၄-ဘုံ သားတွေကျတော့
အဟိတ်၊ ဒါကြောင့်မို့ လူတွေကပြောတယ် အဟိတ်တိရစ္ဆာန်၊ တိရစ္ဆာန်ကို အဟိတ်နဲ့ တွဲပြီးပြောတယ်၊
သူတို့ရဲ့ သန္ဓေကိုက မမီဘူး။
ဒါဖြင့်
တိရစ္ဆာန်လေးတွေကို သင်ရင်တော့ မတတ်ဘူးလား ဆိုတော့ သူတို့မှာ သင်ရင်တော့ တတ်တယ်တဲ့
သညာတော့ ရှိတယ်။ သညာရှိလို့ သင်ထားရင်တော့ တတ်တာပေါ့၊ မှတ်တဲ့ စိတ်လေးတွေတော့ ရှိတာပေါ့။
သို့သော်လည်း ပညာဆိုတဲ့ အနေအထားမျိုး သူတို့မှာ ရောက်မလာဘူး၊ သင်လို့ရတဲ့ အနေအထားလေးတော့,
မှတ်တဲ့စိတ်တော့ သူတို့မှာ ရှိတယ်ပေါ့၊ အမှတ်အသားလေးတော့ ထားတယ်၊ ဒါကြောင့်မို့ ခွေးတွေ
training ပေးတဲ့အခါကျတော့ အနံ့လေးနဲ့ တစ်ခုခုနဲ့ အမှတ်အသားလေး လုပ်ပေးထားပြီးတော့ ခိုင်းတာပေါ့၊
သင်္ကေတ လေးတွေနဲ့ ခိုင်းပေး သွားတယ်။
ကဲ ကောင်းပြီ၊
လူသားတွေမှာ ဉာဏဝိပ္ပယုတ် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေ နေလာတဲ့ “ဒွိဟိတ်ပုဂ္ဂိုလ်” ဟာ ဒီဘဝမှာ
မဂ်တရားဖိုလ်တရား ရလောက်အောင် အဆင့် မမီဘူးလို့ ပြောရမယ်။ အဲဒီတော့ ဉာဏ်မဖြစ်နိုင်ဘူးလို့
ပြောတာ မဟုတ်ဘူးနော်၊ သင်လို့ ဉာဏ်ကတော့ ဖြစ်လာမှာပဲ၊ အသစ်တော့ ဖြစ်လာနိုင်တယ်၊ မြန်မာစကားမှာ
ရှိတယ် မဟုတ်လား၊ “နဂိုရှိမှ နဂိုင်းထွက်” ဆိုတာ။ သူက နဂိုမပါဘူး၊ နဂိုမပါတော့ စမ်းရည်သတ္တိ
သိပ်မထက်ဘူးပေါ့၊ အခုမှ လေ့ကျင့်ယူရတဲ့ အသိဉာဏ်မျိုး ဆိုတော့ ပင်ကိုယ်က အခြေခံကောင်းတဲ့
အသိဉာဏ်မျိုး မဟုတ်ဘူး။
အဲဒါကြောင့်မို့လို့
လူတွေ တစ်ယောက်နဲ့ တစ်ယောက် သင်တဲ့အခါမှာ ကွာခြားမှု ဖြစ်သွားတာ၊ တချို့ကျတော့ လွယ်လိုက်တာ၊
ဘာပြောလိုက် ပြောလိုက် လွယ်လွယ်လေး၊ တချို့ကတော့ ခက်နေတယ်၊ ဘာမှလည်း နားမလည်ဘူး၊ ဒါက
ဉာဏဝိပ္ပယုတ်နဲ့ ဉာဏသမ္ပယုတ်၊ အဲဒီတော့ ဒွိဟိတ်နဲ့ ပဋိသန္ဓေ နေလာတဲ့ ပုဂ္ဂိုလ်သည် ဒီဘဝမှာ
ဈာန် မဂ် ဖိုလ် ရဖို့ အနေအထားတော့ မရှိဘူး၊ သို့သော် ကြိုးစားရမယ်၊ မကြိုးစားဘဲတော့ မနေရဘူး၊ ကြိုးစားခြင်းသည် နောက်ဘဝ
အတွက် အခြေခံကောင်းတွေ ရသွားနိုင်တယ်။
အဲဒါကြောင့်မို့
မြန်မာနိုင်ငံမှာ အရင်တုန်းက “ဒွိဟိတ် ပုဂ္ဂိုလ်လား, တိဟိတ် ပုဂ္ဂိုလ်လား” လို့ အငြင်းပွားပြီး
တိဟိတ်ပုဂ္ဂိုလ်မှ ဈာန် မဂ် ဖိုလ် ရနိုင်တာ ဖြစ်သောကြောင့် ဒွိဟိတ်ပုဂ္ဂိုလ်တွေက ဘာမှ
လုပ်မနေနဲ့ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောကြတယ်။ အဲဒီ အဓိပ္ပါယ်မျိုး မဟုတ်ဘူးနော်၊ ဒွိဟိတ်ပုဂ္ဂိုလ်
တွေအနေနဲ့ ဒီဘဝမှာ အဆင့်မမီပေမယ့် ကြိုးစားရမယ်၊ ကြိုးစားသလောက်တော့ သူရောက်သွားမှာပဲ၊
သို့သော်လည်း အဆင့်မြင့်သည် အထိတော့ သူ မပေါက်ရောက်နိုင်ဘူး၊ ဘာဖြစ်လို့ မပေါက်ရောက်
နိုင်လဲဆိုတော့ အခြေခံက ဒါလောက်ပဲ လက်လှမ်းမီတာကိုး၊ အခြေခံစွမ်းအား IQ က သိပ်မမြင့်
ဘူးပေါ့၊ သိပ်မမြင့်သည့် အတွက်ကြောင့် အဆင့်အမြင့်ကြီးကို မရနိုင်ဘူး။
တစ်ခါလူသားထဲမှာ
မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄-ခု နဲ့ ပဋိသန္ဓေတည်တဲ့ ပုဂ္ဂိုလ်ကျတော့ -
၁။ အလောဘဆိုတဲ့
ဟိတ်လည်းရှိတယ်,
၂။ အဒေါသဆိုတဲ့
ဟိတ်လည်း ရှိတယ်,
၃။ အမောဟ
ဆိုတဲ့ ဟိတ်လည်းရှိတယ်၊
ဟိတ်
၃မျိုးရှိတဲ့ အတွက်ကြောင့် သူ့ကို တိဟိတ် ပုဂ္ဂိုလ် လို့ခေါ်တယ်။ တိဟေတုက ဆိုတဲ့ ပါဠိကို
ကြည့်ပြီး တိဟိတ် ပုဂ္ဂိုလ်တဲ့၊ သူ့ကျတော့ ထက်မြတ်တယ်၊ ဘာလေး သင်လိုက် သင်လိုက် သူက
အင်မတန်မှ သိလွယ်တယ်၊ ဉာဏ်က ထက်မြတ်တယ်, လျင်မြန်တယ်, ဖြတ်လတ်တယ် ဆိုတဲ့ အနေအထားမျိုး
ရောက်တယ်။
ဒွိဟိတ်ပုဂ္ဂိုလ်
တိဟိတ်ပုဂ္ဂိုလ်ကို အကြမ်းဖျဉ်းအားဖြင့် ဘယ်လိုလုပ် သိနိုင်တုန်းလို့ မေးမယ် ဆိုလို့ရှိရင်
တိဟိတ်ပုဂ္ဂိုလ်ဟာ မထိုင်းမှိုင်းဘူး၊ “သုဘာသိတ ဒုဗ္ဗာသိတ ဿအတ္ထံ ဇာနာတိ” တဲ့၊ ကောင်းသဖြင့်
ပြောတဲ့ စကားလား၊ မကောင်းသဖြင့် ပြောတဲ့ စကားလား၊ အဆိုးနဲ့ အကောင်း အကျိုးနဲ့ အကြောင်း
ခွဲခြားပြီး သိနိုင်တယ် လို့ ဆိုရင် တိဟိတ်ပုဂ္ဂိုလ်လို့ပဲ ပြောရမယ်။ တချို့ပုဂ္ဂိုလ်
ကျတော့ အဆိုးလား အကောင်းလားလည်း မသိဘူး, အကျိုးလား အကြောင်းလား ဆိုတာလည်း မသိဘူး၊ အဲဒီလို
မသိလို့ရှိရင် ဒါ ဒွိဟိတ်ပုဂ္ဂိုလ်ပဲ၊ ထက်မြက်မှုမရှိတဲ့ ပုဂ္ဂိုလ်ပဲ။ အဲဒီ ပုဂ္ဂိုလ်နှစ်ဦးမှာ
တိဟိတ်ပုဂ္ဂိုလ် ဖြစ်လာပြီဆိုရင်တော့ ဒီဘဝမှာ ကြိုးစားရင် ကြိုးစားသလောက်, ဝီရိယစွမ်းအား
မြင့်ရင် မြင့်သလောက် အသိဉာဏ်အား ပေါက်ရောက် လာနိုင်တယ်တဲ့၊ ဒီဘဝမှာ မဂ် ဖိုလ် နိဗ္ဗာန်ကို
ရနိုင်တယ်။
အဲဒီ
တိဟိတ် ပုဂ္ဂိုလ်ထဲမှာ ထပ်ပြီး ခွဲကြည့်မယ်ဆိုရင် ‘ပစ္ဆိမ ဘဝိက’ ဆိုတဲ့ ပုဂ္ဂိုလ်မျိုး
ရှိသေးတယ်။ သူ့ရဲ့ဘဝဟာ နောက်ဆုံးပဲလို့ ဆိုတဲ့ အနေအထားမျိုး ရှိတဲ့ ပုဂ္ဂိုလ်ကျတော့
ပစ္ဆိမဘဝ၊ ကံ အနေအထားအရ သူကကျတော့ ဉာဏ်ဟာ ပိုပြီးတော့ ထက်မြက်လမ့်မယ်လို့ ယူဆရတယ်၊
စိတ်စွမ်းအားတွေလည်း ပိုပြီးတော့ မြင့်မား လိမ့်မယ်၊ ဆိုလိုတာက level တို့ ဒီဂရီတို့
ဆိုတာ နေရာတိုင်းမှာ ရှိမယ်ပေါ့၊ တိဟိတ် ပုဂ္ဂိုလ်ရဲ့ level ထဲမှာလည်း ပိုပြီးတော့ထက်တဲ့
တိဟိတ် ပုဂ္ဂိုလ်ရဲ့ level ဆိုတာ ရှိသေးတယ်။
ပင်ကိုယ်က
ဉာဏ်ထက်လို့ တိဟိတ်ပုဂ္ဂိုလ် ဖြစ်လာပြီ ဆိုလို့ရှိရင် စာပေတွေမှာ ဘယ်လို သုံးတုန်းဆိုလို့ရှိရင်
ဥပနိဿယသမ္ပတ္တိ တဲ့၊ အခြေခံကောင်းတွေ ရှိနေတဲ့ ပုဂ္ဂိုလ်တဲ့၊ အဲဒီ ပုဂ္ဂိုလ်မျိုးဟာ ဘုရားနဲ့တွေ့ပြီး တရားနာလိုက်ရပြီဆိုရင်
ကျွတ်သွား တဲ့ ပုဂ္ဂိုလ်မျိုးပေါ့၊ တရားထူး တရားမြတ် ရသွားတယ်။ သို့သော်လည်း အဲဒီလို
ဥပနိဿယသမ္ပတိ အခြေခံကောင်းတွေ ရှိသော်လည်း တရားထူး တရားမြတ် မရတဲ့ ပုဂ္ဂိုလ်ရော မရှိနိုင်ဘူးလား
ဆိုလို့ရှိရင် ရှိတယ်၊ အများကြီး ရှိတယ်၊ ဟောဒီ ပရိသတ် တွေ ထဲမှာလည်းပဲ အခြေခံကောင်းတွေ
ရှိပြီး တရားထူး တရားမြတ် မရသေးတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်နော်။
ဥပနိဿယ
သမ္ပတ္တိလို့ ဆိုတဲ့ တိဟိတ်ပဋိသန္ဓေ အနေအထား ပေမယ့်လို့ ဘာဖြစ်လို့ မရသေးတာတုန်း ဆိုလို့ရှိရင်
မရင့်ကျက်သေးတာလည်း ဖြစ်လိမ့်မယ်, မလုပ်သေးတာ လည်း ဖြစ်လိမ့်မယ်, ဆန္ဒ မပြင်းထန်သေးတာလည်း
ဖြစ်လိမ့်မယ်။ အခြေခံ အကြောင်းကတော့ သူက စွမ်းအားတွေ အများကြီး လိုတယ်လေ၊ ပြီးတော့
မြတ်စွာဘုရား တရားဟောတဲ့ အခါမှာ ဘယ်ပုဂ္ဂိုလ်က ဘယ်တရားနဲ့ တန်တယ်ဆိုတာ မြတ်စွာဘုရားက
ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီးတော့
သူနဲ့တန်တဲ့ တရား တစ်ခါတည်း ဟောတော့ အသိဉာဏ်က ချက်ချင်း ပွင့်သွားတယ်။
မြတ်စွာဘုရားက
နည်းလမ်းတွေ အကုန်သိတော့ နည်းလမ်းစုံသုံးတယ်။ ကျန်တဲ့ သာဝကတွေ ကျတော့ ဘုရားဟောတဲ့ တရားထဲကနေ
ရမ်းပြီးတော့ ဟောရတာ ဆိုတော့ လူအုပ်ထဲကို ခဲနဲ့ပစ်ရင် မှန်တဲ့သူကို မှန်မှာပေါ့။ တရားဟောရတာက
အဲဒီလို ရမ်းပြီးတော့ ကြဲနေရတဲ့ ဟာမျိုးပဲ။ ဘုရားဟောတဲ့ တရားတွေ ယူပြီးဟောတော့ ထိတဲ့သူ
ထိတယ်, မထိတဲ့သူ မထိဘူးပေါ့၊ ပေါက်ရောက်တဲ့သူ ပေါက်ရောက်တယ်, မပေါက်ရောက်တဲ့သူ မပေါက်ရောက်ဘူး၊
စိတ်ထဲ တွေ့သွားတဲ့သူ ရှိတယ်, စိတ်ထဲ မတွေ့တဲ့သူလည်း ရှိမှာပဲ၊ ဘာဖြစ်လို့တုန်း ဆိုရင်
လူရဲ့စိတ်ကို သိတာမှ မဟုတ်ပဲ၊ မြတ်စွာဘုရားကတော့ စိတ်ကိုသိလို့ လွဲမှားမှု မရှိတော့ဘူး။
အဲဒီထဲမှာ
ဥပနိဿယသမ္ပတ္တိ ဆိုတဲ့ အခြေခံကောင်းတွေ ရှိတဲ့ တိဟိတ်ပုဂ္ဂိုလ် တွေတောင်မှပဲ တစ်ခါတစ်ရံ
သူတို့ အခြေအနေကောင်းတွေ ပျက်စီးသွားတာတွေ ရှိတတ်သေးတယ်တဲ့။ ဒါက သတိထားစရာ ကောင်းတယ်။
ပျက်စီးသွားတာ ဘာကြောင့် ပျက်စီးတာတုန်းဆိုရင် နံပါတ် (၁) က external condition ကြောင့်
ဖြစ်တယ်၊ အပေါင်းအသင်းပဲ။ ပါပမိတ္တ မကောင်းတဲ့သူနဲ့ ပေါင်းမိတယ် ဆိုလို့ရှိရင် အခြေခံကောင်းတွေ
ပျက်စီးသွားနိုင်သေးတယ်။ ဆိုပါစို့ - မိတ်ဆွေယုတ်နဲ့ ပေါင်းမိသွားတဲ့ အတွက်ကြောင့်
ကံငါးပါး ကျူးလွန်မိရင် (ကံငါးပါးဆိုတာ အာနန္တရိယ ကံငါးပါးကို ပြောတာ၊ အမိကို သတ်တဲ့ကံ,
အဖကိုသတ်တဲ့ကံ, ရဟန္တာကို သတ်တဲ့ကံ, သံဃာကို သင်းခွဲတာ၊ သံဃာ သင်းခွဲတာ ကတော့လူတွေနဲ့
မဆိုင်ဘူး၊ ရဟန်းတွေနဲ့ပဲ ဆိုင်တယ်၊ သံဃာသင်းခွဲတာကို ကျူးလွန်နိုင်တဲ့ပုဂ္ဂိုလ်က ရဟန်းပဲ
ဖြစ်ရမယ်၊ လူမဟုတ်ဘူး၊ သံဃဘေဒကကံ ထိုက်တယ်ဆိုတာ လူဝတ်ကြောင်မှာ မထိုက်ဘူး၊ သို့သော်
အားပေးအားမြှောက် ပြုမယ်ဆိုရင် အပြစ်တော့ ဖြစ်တယ်၊ သို့သော် အာနန္တရိယ ကံအဆင့် ကံကြီးဆိုတာတော့
ဖြစ်တယ်၊ နောက် လောဟိတုပ္ပါဒက ကျတော့ ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် ထိုက်နိုင်တယ်၊ ဘုရားကို
သွေးစိမ်းတည်အောင် လုပ်တယ်) အဲဒီ ကံငါးပါးကို ကျူးလွန်မိတယ်ဆိုရင် အခြေ အနေကောင်းတွေ
ပျက်စီးသွားတတ်တယ်။
ဘယ်သူပျက်စီးသွားလဲ
ဆိုလို့ရှိရင် ထင်ရှားတာ ပြောရမယ်ဆိုရင် - အဇာတသတ် မင်းကြီး၊ မဂဓ ပြည့်ရှင်ဘုရင်၊ အဇာတသတ်မင်းကြီးဟာ
ဒေဝဒတ်နဲ့ပေါင်းပြီး ပိတုဃာတကကံ ကျူးလွန်မိတယ်။ ပေါင်းတယ် ဆိုတာကလည်း ဒေဝဒတ်ကို သိပ်ယုံသွားတာ၊
ယုံလောက်အောင်လည်း ဒေဝဒတ်က လုပ်ပြတယ်။ တန်ခိုးတွေ ပါဝါတွေ၊ ဒါ သိပ်ပြီး သတိထားစရာ ကောင်းတယ်၊
လူတစ်ယောက် တန်ခိုးပါဝါ အာဏာပြပြီဆိုရင် အဲဒီလူပေါ်မှာ လုံးဝမှိတ်ပြီး ယုံသွားလို့ရှိရင်
ကိုယ့်မှာ ဒုက္ခ ရောက်တတ်တယ်။ ဒေဝဒတ်က အဇာတသတ်ကို သွားစည်းရုံးတဲ့အခါမှာ ရိုးရိုး စည်းရုံးတာ
မဟုတ်ဘူး၊ အဲဒီတုန်းက သူ့မှာ တန်ခိုးအဘိဉာဏ် ရှိနေသေးတယ်။ သို့သော် မကောင်းတဲ့ စိတ်ကလေးတော့
ဝင်စပြုနေပြီ၊ အဲဒီမကောင်းတဲ့ စိတ်ကြောင့် မို့လို့ သူ ရ,ထားတဲ့ ဂုဏ်ထူးဝိသေသ တွေဟာ
အကုန်လျောပြီးတော့ ပျက်စီး သွားတယ်။
သူ့စိတ်ထဲမှာ
ဘာပေါ်လာတုန်း ဆိုတော့ “သာရိပုတ္တရာတို့ မောဂ္ဂလာန်တို့ ဆိုတာ တွေက သိပ်နာမည်ကြီးတယ်၊
ဘုရားရဲ့ တပည့်၊ သူလည်း ဘုရားတပည့်၊ အတူတူပဲ၊ အာနန္ဒာတို့လည်း popular ဖြစ်တယ်၊ သူများ
popular ဖြစ်တော့ သူလည်း ဖြစ်ချင်လာတယ်၊ ဒါပါပဲ” လူ့စိတ်ဟာ ဒါပါပဲနော်၊ ရှင်သာရိပုတ္တရာတို့
ရှင်မောဂ္ဂလာန်တို့ နာမည်ကြီးလာတယ်၊ လူတွေက ကြည်ညိုကြတယ်၊ ရှင်အာနန္ဒာ တို့များ ငါနဲ့
သင်္ကန်းတူတူ ဝတ်လာတာ၊ သူတို့ကျတော့ နာမည်ကြီးတယ်၊ ဒေဝဒတ် ကျတော့ မေးမယ့်သူ မရှိဘူး၊
မေးမယ့်သူ မရှိတဲ့အခါ နာမည်ကြီးအောင် လုပ်ချင် လာတယ်။
အဲဒီအခါ
ဘယ်သူ့ သွားစည်းရုံးတုန်းဆိုရင် အဇာတသတ်မင်းကို သွားစည်းရုံးတယ်။ အဲဒီအချိန်မှာ မဂဓတိုင်းမှာ
ဗိမ္ဗိသာရမင်ကြီးက အုပ်ချုပ်နေတာ။ ဗိမ္ဗိသာရမင်းတော့ သွားစည်းရုံးလို့ မရဘူး၊ လူကြီးလည်း
လူကြီး, သောတာပန်လည်း သောတာပန် ဖြစ်နေတော့ သူ့စည်းရုံးလို့ မဖြစ်ဘူးဆိုတာ သူသိနေတယ်။
ဒါကြောင့်မို့ ဘယ်သူ့ သွားစည်းရုံးတုန်း ဆိုလို့ရှိရင် ခပ်ငယ်ငယ်, သိပ်ပြီးတော့ မလိမ်မိုး
မလိမ်မာ ဘုရင်ဖြစ်ဖို့ အလားလာလည်း ကောင်းနေတယ်၊ ဘုရင်ကြီးက ဦးစားလည်း ပေးထား တယ်၊ မိဖုရားခေါင်ကြီးရဲ့
သားဖြစ်တဲ့ အဇာတသတ်ကို သွားစည်းရုံးတယ်။
စည်းရုံးတဲ့အခါမှာ
သူက ဘယ်လောက်ထိအောင် စည်းရုံးလိုက်တုန်း ဆိုရင် မင်းသားရုပ်ကလေး ဖန်ဆင်းလိုက်တယ်။ သူ့ကိုယ်သူ
ဖန်ဆင်းလိုက်ပြီးတော့ အဲဒီ မင်းသားရုပ်ကလေးကို မြွေတွေနဲ့ တန်ဆာ ဆင်ထားတယ်။ ကြောက်လည်း
ကြောက်စရာကြီးပေါ့။ ဘွားကနဲ့ဆိုပြီးတော့ အဇာတသတ် မင်းသားရဲ့ ရင်ခွင်ထဲမှာ မြွေမင်းသားလေး
လာပြီးပေါ်တော့ ဟိုက လန့်တာပေါ့၊ တအားကြောက်သွား တာပေါ့။ မြွေတွေနဲ့ တန်ဆာဆင်ထားတဲ့
မင်းသားလေး သူ့ရဲ့ရင်ခွင်ထဲ ဘွားခနဲ ပေါ်လာတဲ့အခါ ကျတော့ သိပ်ကြောက်သွားတယ်၊ သိပ်ကြောက်သွားတဲ့အခါ
ကျတော့ လန့်ဖြန့်ပြီး “ဘယ်သူတုန်း” လို့မေးတော့ “ငါ ဒေဝဒတ်ပါ” လို့ပြောတယ်။ ဒေဝဒတ်က
ရဟန်းပုံစံနဲ့ ပြတယ်၊ ရှင်ဒေဝဒတ်ပေါ့။ အဲဒီကျတော့ သိပ်ပြီးတော့ ယုံသွားတယ်ပေါ့၊ တန်ခိုးကြီးလိုက်တာ
ဆိုပြီး ယုံသွားတယ်၊ အဲဒီနောက်ပိုင်း တန်ခိုး ဖန်ဆင်းလို့ မရတော့ဘူး။ နန်းတော်က ဆင်းတာတောင်
ဒီအတိုင်း ဆင်းသွား လိုက်ရပုံ ရတယ်၊ ကောင်းကင် မပျံနိုင်တော့ဘူး။
ဘာဖြစ်လို့တုန်း
ဆိုလို့ရှိရင် သူ့စိတ်ထဲမှာ အဲဒီလို အဇာတသတ်ကို စည်ရုံးလို့လည်း ရလာရော သံဃာဂိုဏ်းကို
သူခေါင်းဆောင်တော့မယ် ဆိုတဲ့ စိတ်ယုတ် ဝင်လာတယ်၊ ဝင်တာနဲ့တစ်ပြိုင်နက် သူ ရ,ထားတဲ့
ဈာန်အဘိညာဉ်တွေဟာ ပျက်စီးသွားတယ်၊ အဲဒီ ဈာန်အဘိညာဉ်တွေ ပျက်စီး ဆုံးရှုံး သွားပြီးတော့
နောက်ထပ် သူ ဒါမျိုး လုပ်ပြလို့ မရဘူး၊ မရတာကို အဇာတသတ်က မသိဘူးလေ၊ “ဒေဝဒတ် ဘုန်းကြီးတယ်”
ဒီဟာလေးပဲ သူ့စိတ်ထဲမှာ စွဲနေပြီးတော့ ဘယ်ဟာမဆို ရှင်ဒေဝဒတ် အကုန်သိတယ် ဆိုပြီးတော့
ယုံကြည်သွားတယ်။ တကယ်ဆိုရင် ရှင်ဒေဝဒတ်ဟာ အဲဒါ နေက်ဆုံး လုပ်ပြခြင်းပဲ၊ အဲဒီ နောက်မှာ
သူ့မှာ ဘာပါဝါမှ မရှိတော့ဘူး၊ အကုန်လုံးဆုံးရှုံးသွားပြီ။
ဘယ်သူက
အဲဒီ ပါဝါတွေကို ဆုံးရှုံးစေသလဲလို့ ဆိုလို့ရှိရင် သူ့ရဲ့ ယုတ်မာတဲ့ စိတ်ဓာတ်ပဲ၊ မကောင်းတဲ့
အကြံပဲ၊ ဆိုးယုတ်တဲ့ အတွေးတွေကြောင့်မို့လို့ အဲဒီ အဘိညာဉ်တွေက နောက်ထပ် ပြန်လုပ်တာ
မရတော့ဘူး၊ ဆုံးရှုံးသွားပြီ၊ အင်မတန် ကြောက်စရာ ကောင်းတယ်နော်။
အဲဒီအချိန်မှာ
အဇာတသတ်ဟာ ဒေဝဒတ်ပြောတဲ့ အလုပ်တွေ အကုန်လုံး လိုက်လုပ်တယ်၊ နောက်ဆုံးမှာ သူ့အဖေ ဖမ်းဖို့ပြောတယ်,
ဖမ်းတယ်၊ ထောင်ချ ခိုင်းတယ်, ထောင်ချတယ်၊ အကုန် လုပ်တယ်၊ ထောင်ချပြီးတော့ သူက သတ်ဖို့
နဂို တုန်းက စိတ်ကူးမရှိပါဘူး။ ဒေဝဒတ်က ပြောတယ်၊ “မင်းက သားရေနဲ့ လုပ်ထားတဲ့ စည်ထဲကို
မြေခွေးထည့်ပြီးတော့ ကျက်ထားသလိုပဲ” တဲ့၊ “မင်းအဖေက မင်းကို အခု နန်းပေးလိုက်တာဟာ ခဏပေးတာ၊
တစ်နေ့ကျရင် ပြန်သိမ်းလိမ့်မယ်” တဲ့။ “အဲဒါဆို ဘယ်လိုလုပ်ရမှာတုန်း” ဆိုတော့ “အပြတ်ဖြတ်ပေါ့”
သူက အကြံ ပေးတယ်။
အဲဒီလို
အကြံပေးတဲ့အခါ မင်းမျိုးတွေရဲ့ ထုံးတမ်းစဉ်လာက “မင်းသွေး မြေမကျရဘူး” ဆိုပြီးတော့ ဓားနဲ့သတ်တာမျိုး
မလုပ်ရဘူး၊ မြန်မာပြည်မှာလည်း အဲဒီအစဉ်အလာ ရှိတယ်လေ။ စကြာမင်းလေး ရေချတယ်ဆိုတာ၊ အဲဒါ
မင်းသွေး မြေကျရင် မကောင်းဘူးလို့ ဆိုပြီး မင်းတွေကို သတ်လို့ရှိရင် များသောအားဖြင့်
ဝါးရင်းတုတ်နဲ့ လည်ပင်း ရိုက်သတ်တာ များတယ်၊ ဓားနဲ့ခုတ်သတ်တာမျိုး မလုပ်ဘူး၊ စစ်ပွဲမှာ
တိုက်တာကတော့ တစ်မျိုးပေါ့နော်၊ သေဒဏ်ပေးလို့ သတ်ပြီးဆိုရင်တော့ လည်းပင်းကို ဝါးရင်းတုတ်နဲ့
ရိုက်သတ်တာ များတယ်၊ တချို့ကျတော့လည်း အဝတ်ထဲ ထည့်ချုပ်ပြီးတော့ တစ်ခါတည်း ရေမြှုပ်ပစ်တာမျိုး
လုပ်လေ့ရှိတယ်။ အဲဒီလို ‘အသတ္တဃာတ’ ဓားနဲ့ မသတ်ထိုက်ဘူး ဆိုတာ အစဉ်အလာ ရှိတဲ့အတွက်
ကြောင့် ဓားနဲ့သတ်စရာ မလိုဘူး၊ ထောင်ထဲ ထည့်ထားလိုက်တာနဲ့ ပြီးပြီ၊ ထောင်ထဲ ထည့် အစာဖြတ်ပြီး
သတ်ခိုင်းတာ။
အစာဖြတ်ထား
ပေမယ့်လို့ ဗိမ္ဗိသာရမင်းကြီက မသေဘူးလေ၊ အားလုံး သိတဲ့ အတိုင်းပဲ၊ ဘာဖြစ်လို့တုန်း
ဆိုတော့ ဈာန်ဝင်စားပြီးတော့ ပီတိဘက္ခ ပီတိနဲ့ နေလို့ ရနေတာ။ အဲဒီလို မသေတဲ့ အခါကျတော့ ပထမတော့ သူ့ရဲ့မယ်တော်ကြီးက
ခိုးခိုး ကျွေးတယ်ပေါ့၊ ဇာတ်လမ်းကို အကုန် မပြောတော့ဘူးနော်။ နောက်ဆုံးကျတော့ အစာတွေ
အကုန်ဖြတ်၊ မယ်တော်ကြီးလည်း ဝင်ခွင့် မပြုတော့ဘူး။ နောက်ဆုံး ဘာနဲ့ အသက်ရှင်နေတုန်းဆိုတော့
လမ်းလျှောက်ပြီးတော့ ဈာန်ဝင်စားပြီး အသက်ရှင်နေ တယ်၊ နောက်ကျတော့ လမ်းမလျှောက်နိုင်အောင်
ခြေထောက်ကို ဓားနဲ့ ခွဲတယ်။
.
ဗိမ္ဗိသာရမင်း
ခြေထောက်ဓားနဲ့ ခွဲတာလည်း အမျိုးမျိုးပြောကြတယ်၊ ဘုန်းကြီး ကျောင်းထဲ ဖိနပ်စီးလို့
တဲ့၊ ဟိုလိုပြော ဒီလိုပြော၊ ဘုရားရင်ပြင်ပေါ် ဖိနပ်စီးလို့တို့၊ တကယ်ကတော့ ‘ပဒုဋ္ဌစိတ်’ လို့ခေါ်တယ်။ ပဒုဋ္ဌ ဆိုတာ ပြစ်မှားလိုတဲ့စိတ်နဲ့
လုပ်ခဲ့တာ။ ဆိုလိုတာက ရွှေတိဂုံဘုရားကြီးကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ပန်းတင်ခုံရှိတယ်၊
အောက်ခြေက ပစ္စယာသုံးဆင့်လို့ ခေါ်တယ်။ ရှေးတုန်းက အဲဒီ ပစ္စယာသုံးဆင့်က ဘာလုပ်ထားတာတုန်း
ဆိုရင် ပန်းတွေတင်ပြီး ပူဇော်ကြတာ။ ဒါကြောင့်မို့ ပစ္စယာသုံးဆင့်က စေတီရဲ့ အခြေခံပါ၊
အဲဒီမှာ ပန်းတွေ တင်ပြီးတော့ လူတွေက ပူဇော်ကြတယ်၊ ပန်းမွေ့ရာ ခင်းပြီးတော့ ပူဇော်တယ်၊
အဲဒီလို သူများတွေက ပန်းတင်ပြီးပူဇော်တဲ့ နေရာကို သူက ပမာမခန့် မလေးမစားလုပ်ပြီး ဖိနပ်စီးသွား
တယ်ပေါ့။ အဲဒီလို မလေးမစား လုပ်ခဲ့တဲ့ အကုသိုလ်လို့ ဒီလိုဆိုပါတယ်။
မြန်မာလူမျိုးတွေက
အကြောက်လွန်ပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ ဖိနပ်စီးရင် တောင်မှပဲ ကြောက်ကြတယ်၊ ကြောက်တာတော့
ခြေဖဝါး ဓားနဲ့ခွဲခံရမှာ ကြောက် တာပါ။
အေး
- အဲဒီလိုနဲ့ နောက်ဆုံးကျတော့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်၊ ပိတုဃာတက ကံကြီး ကျူးလွန်လိုက်တာနဲ့
တစ်ပြိုင်နက် အဇာတသတ်ဘုရင်ကြီးမှာ ပါလာတဲ့ ဥပနိဿယသမ္ပတ္တိ တိဟိတ်ပဋိသန္ဓေ နေခဲ့တယ်ဆိုတဲ့
အခြေခံတရားဟာ မဂ် ဖိုလ် နိဗ္ဗာန်ရလောက်အောင် အခွင့်အရေး မပေးတော့ဘူး၊ ပျက်စီးသွားပြီ၊
ဘာဖြစ်လို့တုန်း ဆိုတော့ အာနန္တရိယကံကြီးကို ကျူးလွန်မိသွားလို့။
ဒါကြောင့်မို့
သာမညဖလသုတ်ကို ဟောပြီးတဲ့အဆုံးမှာ မြတ်စွာဘုရားက အဇာတသတ်မင်းကြီးလည်း ပြန်သွားရော ရဟန်းတွေကို
ဆက်လက်ပြီးတော့ မိန့်တယ်။ “ဒီမင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီး လိုက်တာ” တဲ့၊ “အခြေခံကောင်းတွေ
ရှိနေတယ်၊ အကယ်၍သာ တရားစောင့်တဲ့ သူ့ရဲ့ ခမည်းတော် မင်းတရားကြီးကို သူ မသတ်ဖြတ်ခဲ့ဘူးဆိုရင်
ဒီတရားနာပြီး သူ သောတာပန်ဖြစ်သွားမှာ” လို့ မိန့်တော်မူတယ်။
အဲဒီလို
အခြေခံကောင်း ရှိလျက်နဲ့ ပျက်စီးသွားတာ အကြောင်း နှစ်မျိုးရှိတယ်တဲ့ - နံပါတ်(၁)က
External Condition - မိတ်ဆွေယုတ်နဲ့ ပေါင်းဖက်မှုတဲ့။ အဲဒါကြောင့် မြတ်စွာဘုရားက မင်္ဂလသုတ်မှာ
“အသေဝနာစ ဗာလာနံ” တဲ့၊ လက်လွန်သွားတယ်၊ ဒေဝဒတ်စကား သွားနားထောင်မိတယ်၊ “ပေါင်းသင်းတယ်”
ဆိုတာ အဲဒါပြောတာ။ သူ့စကား နားထောင်တာ, သူလုပ်တာ လိုက်လုပ်တာ - ဒါ “ပေါင်းတယ်” ခေါ်တယ်နော်၊ ဒါမျိုးကို ဆိုလိုတယ်။ အဲဒီတော့ ဒေဝဒတ်ဆိုတဲ့ မိတ်တွေယုတ်နဲ့
ပေါင်းမိသည့် အတွက်ကြောင့် သူ့ရဲ့ အခြေခံကောင်းတွေ ဆုံးရှုံး သွားတယ်။
နောက်နံပါတ်
(၂) က “ကိရိယာ ပရိဟာနိ” လို့ ခေါ်တယ်၊ ကိုယ့်ရဲ့ လုပ်ဆောင်ရမယ့် ကိစ္စတစ်ခု မလုပ်ဆောင်မိရင်လည်း
အခြေခံကောင်းတွေ ဆုံးရှုံးသွားတယ်တဲ့၊ အဲဒါကျတော့ တရားဟောပြော သူနဲ့ ကာယကံရှင် နှစ်ဦး
သက်ဆိုင်မှုရှိတယ်တဲ့။
“ကိရိယာ
ပရိဟာနိ” တရားဟောတဲ့ပုဂ္ဂိုလ်က ပြည့်ပြည့်စုံစုံ ဟောမပြနိုင်ဘူး ဆိုလျှင်လည်းပဲ - အဲဒီပုဂ္ဂိုလ်က
ဆိုပါစို့ - နည်းကောင်း လမ်းကောင်း မပေးနိုင်ဘူး ဆိုရင် တရားထူး တရားမြတ် ရနိုင် လောက်တဲ့
အနေအထား ရှိလျက်သားနဲ့ အဲဒီ ပုဂ္ဂိုလ်က တရားထူး တရားမြတ် မရဘူးတဲ့။ အဲဒါ ဟောပြောသူ
ဘက်က ချို့ယွင်း ချက်ပဲ။ လုပ်ဆောင်သူဘက်က ချို့ယွင်းချက်ကတော့ မကြိုးစား တာတို့၊ မလုပ်တာ
တို့၊ တရား အားမထုတ်တာတို့၊ ပျင်းတာတို့။ အဲဒါ လုပ်ဆောင်သူဘက်က ချို့ယွင်း ချက်တဲ့။
ကိရိယာ
ပရိဟာနိ နေရာမှာ မြတ်စွာဘုရားနဲ့ ပြောမယ်ဆိုရင် ဘုရားဘက်က ချို့ယွင်းချက် မရှိဘူး၊
ရဟန္တာတွေဘက်က ရှိနိုင်တယ်တဲ့။
ကြည့်လေ
- ဓနဉ္စာရီပုဏ္ဏားကို ရှင်သာရိပုတ္တရာက တရားဟောတယ်၊ အစွဲတွေ ချွတ်တယ်၊ ချွတ်ပြီး နောက်ဆုံးကျတော့
“ပုဏ္ဏားတွေဟာ ဗြဟ္မာ့ပြည်ကို သိပ်ရောက်ချင်တဲ့ကောင်တွေ” ဆိုပြီးတော့ ဗြဟ္မာ့ပြည်တွင်
ပို့ထားပစ်ခဲ့တာ၊ တကယ်တော့ သူက ဗြဟ္မာ့ပြည်တွင် မကဘူး, တရားထူး တရားမြတ် ရနိုင်တဲ့
အဆင့်ရှိရဲ့သားနဲ့ သူက ဗြဟ္မာ့ပြည် အဆင့် လောက်တင် ချန်ထားခဲ့ပြီးတော့ ဟိုက တရားထူး
တရားမြတ် ရတဲ့အဆင့် မရောက်သွားဘူး ပေါ့။ အဲဒါကျတော့ ရှင်သာရိပုတ္တရာရဲ့ လုပ်ဆောင်မှု
အားပျော့တယ်လို့ ဒီလိုပြောတယ်၊ ဟောပြောတဲ့ပုဂ္ဂိုလ်ရဲ့ အားပျော့မှုလို့ ဒီလိုပြောတယ်။
နောက်တစ်ခုမှာ
ရွှေပန်းထိမ်သည်ရဲ့ သားလေးကို လူငယ်လူရွယ်ဖြစ်လို့ ကာမဂုဏ် စိတ်တွေ ငြိမ်သွားအောင်
ဆိုပြီးတော့ အသုဘ ကမ္မဋ္ဌာန်း ပေးတယ်။ ၄ လ အားထုတ်တာ မရဘူး၊ ဒါက ရှင်သာရိပုတ္တရာရဲ့
အားပျော့မှုပေါ့၊ ဒီလို ဆိုလိုတယ် ပေါ့နော်။ မြတ်စွာဘုရားကတော့ တစ်မနက်ခင်း လေးအတွင်းမှာပဲ
တရားထူး တရားမြတ်ရအောင် ဆောင်ရွက်ပေး လိုက်နိုင်တယ်။ ဘုရားဘက် ကတော့ ချို့ယွင်းချက်
လုံးဝမရှိဘူး။ ရဟန္တာတွေဘက်ကတော့ ချို့ယွင်းချက်တွေ ရှိနိုင်တယ်၊ ဘာဖြစ်လို့ ရှိရတာတုန်း
ဆိုတော့ မြတ်စွာဘုရားလို အာသယာနုသယဉာဏ် နဲ့ ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်ဆိုတာ ရဟန္တာတွေမှာ
လုံးဝမရှိဘူးတဲ့။ ပစ္စေကဗုဒ္ဓ တောင်မှ မရှိဘူးတဲ့၊ လူရဲ့ အတွင်း အဇ္ဈာသယကို သိဖို့ဆိုတာ
မရှိဘူးတဲ့။ ဥပနိဿယသမ္ပတိ လို့ဆိုတဲ့ တိဟိတ်ပုဂ္ဂိုလ် ဖြစ်လာတဲ့ အခါမှာ ဒီအကြောင်းတွေနဲ့
ဆုံစည်းမိဖို့က အင်မတန်မှ အရေးကြီးသေးတယ်။
ခွဲလိုက်မယ်
ဆိုလို့ရှိရင် ‘ကလျာဏမိတ္တ’ ကောင်းတဲ့ မိတ်ဆွေနဲ့ ပေါင်းမိဖို့လည်း လိုသေးတယ်။ ‘ကိရိယာပရိဟာနိ’
မဖြစ်အောင် ဟောပြော နည်းပေး လမ်းပြတဲ့ဆရာက ပြည့်စုံဖို့ လိုသေးတယ်။ နောက်ထပ် ကိရိယာပရိဟာနိ
မဖြစ်အောင် ကိုယ်တိုင်က ကြိုးစားဖို့ လိုသေးတယ်လို့ အကြောင်း သုံးမျိုး။ အဲဒါမှသာလျှင်
တရားထူး တရားမြတ်ရဖို့ဆိုတာ ဖြစ်နိုင်တယ်။
မိမိကိုယ်တိုင်းကတော့
စွမ်းဆောင်မှု ရှိပါရဲ့၊ နည်းပေးလမ်းပြ လုပ်မယ့် ပုဂ္ဂိုလ် မရှိဘူးဆိုလျှင် တရားထူး
တရားမြတ် မရနိုင်ဘူး။ နည်းပေးလမ်းပြ လုပ်မယ့် ပုဂ္ဂိုလ်ရှိပါလျက် ကိုယ်က မလုပ်ဘူး ဆိုရင်လည်း
မရနိုင်ဘူး၊ အဲဒီလိုပေါ့၊ တိဟိတ် ပုဂ္ဂိုလ်ရဲ့ အနေအထားက အဲဒီလိုရှိတယ်။
တစ်ဖန်
ပစ္ဆိမဘဝိကဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ သူက ပိုပြီးတော့ စွမ်းဆောင်မှုရှိတယ်။ ပစ္ဆိမဘဝိက
ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝဟာ နောက်ဆုံးဘဝ၊ သေလောက်တဲ့ အနေအထားတွေ ကြုံပေမယ့်လို့ ဘယ်လိုနည်းနဲ့မှ
မသေဘူး။ သံကိစ္စသာမဏေတို့ ရှင်ဒဗ္ဗတို့ပဲ ကြည့်ပေါ့နော်။ သေတွင်းကနေ ထွက်လာတာ၊ ရှင်ဗာကုလ
တို့ - ငယ်ငယ်လေး၊ မြစ်ထဲမှာ ရေချိုး၊ ငါးဟပ်သွားလို့ ငါးဗိုက်ထဲရောက် သွားရော၊ ငါးဗိုက်ထဲက
နေပြီးတော့မှ အသက်မသေဘဲ ပြန်ရှင်လာတာ။ အဲဒီ ပုဂ္ဂိုလ်မျိုးကျတော့ ပစ္ဆိမဘဝိကလို့ ခေါ်တယ်၊
ပစ္ဆိမဘဝိကဆိုတာ လွဲချော်မှုတွေ ဘယ်လောက် ရှိရှိ သေချာပေါက် တရားထူး တရားမြတ်ရတဲ့ ပုဂ္ဂိုလ်မျိုး၊
ဒီလိုလည်း စာပေတွေမှာ ခွဲပြထားတာ ရှိတယ်ပေါ့နော်။
အဲဒီမှာ
အားလုံး လူတွေကို ကြည့်မယ်ဆိုရင် ဘဝတစ်ခု အစပြုလိုက်တဲ့အခါမှာ ဥပေက္ခာသန္တီရဏ ကုသလဝိပါက်စိတ်နဲ့
စ,ချင် စ,မယ်၊ ဉာဏဝိပ္ပယုတ် မဟာဝိပါက် စိတ်နဲ့ စ,ချင် စ,မယ်၊ ဉာဏသမ္ပယုတ် မဟာဝိပါက်စိတ်နဲ့
စ,ချင် စ,မယ်၊ အဲဒီစိတ် ၉- မျိုး နဲ့ စ,လာတဲ့ ဘဝလေးတစ်ခုဟာ အတိတ်ဘဝနဲ့ အဆက်မပြတ်အောင်
ကံအသစ် ကနေ ဖန်တီးပေးလိုက်လို့ ပြန်ပြီးတော့ စပ်မိ သွားတယ်၊ စုတိနဲ့ ပြန်စပ်သွားတယ်ပေါ့
အတိတ်ဘဝက ‘သေ’ ဆိုတဲ့ စိတ်ကလေးနဲ့ ဒီဘဝ ‘ဖြစ်’ ဆိုတဲ့ စိတ်ကလေးနော်၊ လူက လူသား ဖြစ်ပြီးတော့
မွေးတာကတော့ ကြာကောင်း ကြာလိမ့်မယ်၊ စိတ်ကတော့ ပြတ်မသွားဘူး၊ စုတိစိတ်ဆိုတာ ဖြစ်တာနဲ့
တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆိုတာ နောက်ကနေ ဆက်လိုက်လာတာ၊ အဲဒီပဋိသန္ဓေ စိတ်ကလေး တည်ပြီးတော့
လူရဲ့သန္တာန်မှာ ထွားကြိုင်းမှု ဆိုတာ ခုနက embryonic တို့ foetus တို့ လာဖို့ကတော့
အများကြီးပေါ့နော်။ အဲဒါတွေက နောက်မှလာမှာ၊ ၉-လတို့ ၁၀-တို့ ဒီလိုဖြစ်လာ တာပေါ့၊ အဲဒါ
ရုပ် တရားတွေရဲ့ တဖြည်းဖြည်း ကြီးထွားလာမှု။
နာမ်တရား
ဖြစ်စဉ်ကတော့ စုတိဆိုတာနဲ့ တစ်ပြိုင်နက် ကံ အသစ်ကနေ ပဋိသန္ဓေ ဆိုတာကို တစ်ခါတည်း ဖန်တီးလိုက်ပြီ။
ဖန်တီးလိုက်ပြီးတော့ ဖြည်းဖြည်းချင်း ကြီးလာတာပါ၊ ဒါက ဇလာဗုဇ, အဏ္ဍဇ ဆိုတဲ့ ဂဗ္ဘသယျက
သတ္တဝါတွေပေါ့။ အမိဝမ်းထဲမှာ လူဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ သံသေဒဇ ဆိုတာကျတော့ လူကောင်လုံးပီပီ
သေးသေးလေး ဖြစ်လာတာ၊ သြပပါတိက ဆိုတာကတော့ ဘဝမှာ ရမယ့် အရွယ်အစားအတိုင်း ဖြစ်လာတာပေါ့။
ပဋိသန္ဓေ နေပုံနေနည်း လေးမျိုးရှိတယ်။
အဲဒီလို
စလိုက်တာနဲ့ တစ်ပြိုင်နက် ပထမဆုံး စိတ်ကလေးကို ပဋိသန္ဓေစိတ်လို့ ခေါ်တယ်။ ဖြစ်ပြီးရင်
သူက ပျက်သွားပြီ၊ နောက်ထပ် အလားတူ စိတ်ကလေးတွေက ပြန်ပေါ်လာတယ်၊ ဖြစ်လာတယ်။ ဘာကြောင့်
ဖြစ်တာတုန်းဆိုတော့ ကံရဲ့ အရှိန်ကြောင့်ပဲ။ တစ်သက်လုံး ဒီစိတ်ကလေးက စဉ်ဆက်မပြတ်ဘူး
ဖြစ်နေမယ်၊ နောက်ဆုံး ဘဝတစ်ခု အဆုံးသတ်ပြီဆိုတော့ စုတိစိတ်ကလေး ဖြစ်လာမယ်။
အဲဒါကို
နိုင်ငံခြားသားတွေ နားလည်အောင် ဘုန်းကြီးက blue line လို့ ပြောတယ်၊ အပြာလိုင်း၊ အပြာလိုင်းဆိုတာ
ငြိမ်သက်ပြီးတော့ နေတယ်၊ လှုပ်ရှားမှုမရှိဘူး၊ လက်ရှိဘဝနဲ့ ဘာမှ ဆက်စပ် ထားတာ မဟုတ်ဘူးနော်၊
ငြိမ်ပြီးတော့ နေတယ်၊ မိခင်ဝမ်းထဲမှာ သန္ဓေတည်စ အချိန်လိုပဲ ငြိမ်နေတယ်၊ သေတော့ ငြိမ်သွားတာပဲ
မဟုတ်ဘူးလား၊ အဲဒီ မသေခင် အိပ်နေတော့ရော ငြိမ်နေတာပဲ၊ အဲဒီစိတ်တွေဟာ ဝီထိမုတ်စိတ်တွေ
လို့ ခေါ်တယ်နော်။ ဝီထိမုတ်ဆိုတာ process free လု့ိ ပြန်တာ။
ဒါဖြင့်
process ဆိုတဲ့ စိတ်တွေကျတော့ ဘာဖြစ်လို့လဲ၊
စဉ်းစားစရာ ဖြစ်နေတယ်၊ ဒါဖြင့် ခုပြောခဲ့တဲ့ ပဋိသန္ဓေစိတ်တို့, ဘဝင်စိတ်တို့, စုတိစိတ်တို့က
သူက ဖြစ်စဉ်ကြီး တစ်ခုနေနဲ့ တစ်သက်တာ နှစ်ပေါင်းများစွာ run နေတာ၊ နှစ်ပေါင်းများစွာ
ပြေးနေတာ၊ သွားနေတာ၊ နှစ်ပေါင်းများစွာ ထပ်ထပ် ထပ်ထပ် ဖြစ်နေတာ၊ စဉ်ဆက်မပြတ် ဖြစ်နေတာ။
ဥပမာ
- ဖယောင်းတိုင် မီးလေးကို စ,ထွန်းလိုက်တယ်၊ ပထမဆုံး လင်းလာတဲ့ မီးတောက်ကလေး ရှိသလို
နောက်ဆုံး ဖယောင်းတိုင်ဆီနဲ့ မီးစာကုန်သွားလို့ နောက်ဆုံးတောက်တဲ့ မီးတောက်လေးရော မရှိဘူးလား၊
အဲဒီနှစ်ခုကြားမှာ လင်းနေတာ လေးရော မရှိဘူးလား၊ အဲဒီ မီးတောက်တွေ စဉ်ဆက် မပြတ် တောက်နေတာဟာ
အကြောင်းတရားတွေက ဆက်ပြီး ဖန်တီးပေးနေတာ။
ထို့အတူပဲ
လူ့ရဲ့ဘဝက ဖယောင်းတိုင်မီးလေး ထွန်းလိုက်သလိုပဲ၊ ငြိမ်းသည်ထိအောင် သူ့ရဲ့ ဖယောင်းတိုင်ရှည်ရင်
ရှည်သလောက်, ဖယောင်းဆီရှိရင် ရှိသလောက်, မီးစာရှိရင် ရှိသလောက် ညလုံးပေါက် လင်းတဲ့
ဖယောင်းတိုင်လည်း ရှိတာပေါ့နော်။ ခဏလေးနဲ့ ကုန်သွားတဲ့ ဖယောင်းတိုင် လည်း ရှိတာပဲ။
အဲဒီတော့ လူ့ဘဝမှာ ဖယောင်းတိုင်မီးလေး ထွန်းလိုက်သလို စပြီးတော့ ပေါ်လာတဲ့ စိတ်လေးကို
ပဋိသန္ဓေ စိတ်လေးလို့ ခေါ်တယ်၊ နောက်ဆုံး မီတောက်လေးကို စုတိစိတ်လို့ ခေါ်ပြီးတော့
အလယ်ပိုင်းက ဟာတွေကို ဘဝင်စိတ်လို့ ခေါ်ကြရအောင်၊ ဘဝမှာ အဲဒီလိုပဲ။
အဲဒါတွေက
ဒီစိတ်တွေက ဘယ်သူ့ရဲ့စွမ်းအားနဲ့ ထပ်ထပ်ပြီးတော့ ဖြစ်နေရတာလဲ၊ ဘယ်သူရဲ့ စွမ်းအားကြောင့်
နောက်ဆုံးမှာ ဒီလုံးဝပျက်စီးသွားတဲ့ အဆင့်ကို ရောက်သွားတာလဲ ဆိုတာ ကံရဲ့ စွမ်းအားပဲ၊
ကံရဲ့ အရှိန်အဟုန်ပဲ။
ဟိုတစ်နေ့တုန်းက
ပြောခဲ့တယ်၊ မြားတစ်ချောင်းကို ပစ်လိုက်တယ် ဆိုလို့ရှိရင် ပစ်အားရှိသလောက် သူက သွားနေတာ။
ဒုံးပျံ ပစ်လိုက်တယ် ဆိုရင်လည်း ဒုံးပျံရဲ့ ပစ်အားရှိသလောက် သူသွားနေတယ်၊ အားကုန်သွားရင်
ကျသွားမှာ။ အဲဒီလိုပဲ ကံရဲ့ အရှိန်နဲ့ သူက သွားနေတာ၊ အသက် ၈၀ ရှည်မယ့် ကံနဲ့ သွားနေရင်
နှစ်ပေါင်း ၈၀ ဖြစ်တယ်ပေါ့၊ ဒီစိတ်ကလေးကနော် - သွားနေမှာပေါ့၊ စဉ်ဆက်မပြတ် သွားနေတာ၊
အဲဒီဖြစ်စဉ်လေးတစ်ခုက။
ဒါဖြင့်
သူက ဘာအာရုံနဲ့ သွားနေတာတုန်းလို့ မေးလို့ရှိရင် သူ့မှာ ကိုယ်ပိုင်အာရုံလေး ရှိတယ်၊
အဲဒီ ကိုယ်ပိုင်အာရုံလေးက အသစ်မဟုတ်ဘူး၊ အတိတ်ဘဝမှာ ယူထားတဲ့ ကိုယ်ပိုင်အာရုံလေး ရှိတယ်၊
လူတစ်ယောက်မှာ မသေခင် အတိတ်ရဲ့ အရိပ်က လာပြီးတော့ လွှမ်းမိုးနေတာ၊ သေခါနီး လူတွေမှာ
စိတ်ကို လာပြီးတော့ လွှမ်းမိုး ထားတဲ့ အာရုံတွေ ရှိတတ်တယ်။ လူမှာ သေခါနီးပြီဆိုရင်
တစ်ခုခုက လာပြီးတော့ လွှမ်းမိုးလေ့ ရှိတတ်တယ်၊ လွှမ်းမိုးတယ်ဆိုတာ ကိုယ်လုပ်ခဲ့တာတွေကို
ပြန်သတိရ နေတာလည်း လွှမ်းမိုးတာပဲနော်, အကြောင်းအရာတွေ ထင်ပေါ်နေတာလည်း လွှမ်းမိုးတာပဲ,
ခုမှ အသစ်အဆန်း ပေါ်နေတာလည်း လွှမ်းမိုးနေတာပဲ ကိုယ့်စိတ်ထဲမှာ လွှမ်းမိုးလာတာပဲ။
အဲဒါကို
စာပေအရ ပြောလို့ရှိရင် “ကံအာရုံ, ကမ္မနိမိတ်အာရုံ, ဂတိနိမိတ်အာရုံ” လို့ အာရုံသုံးမျိုး
နာမည်ပေးထားတယ်။ အာရုံ ၃-မျိုးဆိုတာ ဒီအာရုံ ၆-ပါး ထဲကပဲ၊ သီးသန့်မဟုတ်ဘူနော်၊ အာရုံ
၆-ပါး ထဲက ဟာကိုပဲပြောတာ၊ ရူပါရုံလည်း ဖြစ်ချင် ဖြစ်မယ်၊ သဒ္ဒါရုံလည်း ဖြစ်ချင်ဖြစ်မယ်၊
ဂန္ဓာရုံလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်စိတ်ကို လာပြီး လွှမ်းမိုးနေတာ၊ အိပ်မက်မက်သလိုပဲ၊
ကျန်တဲ့ ပုဂ္ဂိုလ်တွေက မမြင်ရပေမယ့် သူက မြင်နေရတယ်၊ လွှမ်းမိုးလာတာ။
တစ်ခါက
အမေရိကန်ကလာတဲ့ အမျိုးသမီးတစ်ယောက်က လျှောက်တယ်၊ ဒီမေးခွန်း နဲ့ ပတ်သက် ပြီးတော့ မေးတယ်။
သူက နောက်ဆုံးအချိန် ရောက်နေတဲ့လူတွေကို ပြုစုရတဲ့ Nursing Home မှာ အလုပ်လုပ်တယ်။
သူက nurse ၊ လူတွေ သေသွားတာကို စောင့်ကြည့်ခဲ့တယ်။
စောင့်ကြည့်တဲ့အခါ
တချို့က သေခါနီးလေးမှာ ဘာဖြစ်တာတုန်း ဆိုတော့ မျက်နှာ လေးက ပြုံးလာတယ်၊ ပြုံးပြီးတော့
သေသွားတာလည်း ရှိတယ်၊ တချို့ကျတော့ မျက်လုံးကြီးပြူး, ပါးစပ်ကြီး ပြဲလာပြီးတော့ ကြောက်လန့်
ရုန်းကန်ပြီး သေသွားတဲ့ သူလည်း ရှိတယ်။ သေပုံသေနည်း မတူညီတာ တွေ အများကြီးရှိတယ်၊ ဘာဖြစ်လို့
ဒီလိုတွေ ဖြစ်တာတုန်းလို့မေးတယ်။
ဗုဒ္ဓတရားတော်အရ
သေခါနီးမှာ ကုသိုလ်ကောင်းမှု အကျိုးပေး အလှည့်ကျတဲ့ သူတွေမှာ ဘာတွေဖြစ်တုန်းဆိုရင်
ပျော်စရာအာရုံတွေ မြင်တယ်၊ မိတ်ဆွေ သင်္ဂဟတွေက သူ့ကို လာပြီး ခေါ်ကြတယ်၊ ဖိတ်ကြတယ်၊
လှပတဲ့တိုက်ကြီးတွေ၊ ဥယျာဉ်ကြီးတွေထဲ ရောက်သွားတယ်၊ အဲဒီလို မြင်ရတော့ ပြုံးနေမှာပေါ့၊
မဟုတ်ဘူးလား။
ဓမ္မိက
ဥပါသကာကြီးဆိုရင် သေခါနီး နတ်ပြည်က ရထား ၆-စင်း ဆိုက်တယ်၊ ဒါ သူ့မျက်စိနဲ့တော့ မြင်နေတာပဲ၊
နားနဲ့လည်း ကြားနေတာပဲ၊ နတ်တွေစကားပြော နေတာ သူက ကြားတယ်၊ ကျန်တဲ့ သူတွေက မကြားဘူး၊
တရားနာနေတဲ့ အချိန်မှာ ကောင်းကင်က နတ်ရထား ၆-စင်း၊ နတ်ပြည် ၆-ထပ် က နတ်ရထားတွေ မောင်းလာတာ၊
မောင်းလာပြီး ရောက်လာတဲ့အချိန်က စလို့ ပြောကြတာ၊ အလုအယက် သူ့ရထားနဲ့ လိုက်ခဲ့ပါ၊ သူ့ဆီ
လိုက်ခဲ့ပါနဲ့ ဝိုင်းခေါ်ကြတာပေါ့။ အခု ဘတ်စ်ကားမှာ စပယ်ယာတွေ ခေါ်နေသလိုပဲ၊ အဲဒီလိုခေါ်နေတဲ့
အသံကို သူက တရားနာနေရင်းနဲ့က အနှောင့်အယှက် ဖြစ်မှာစိုးလို့ “နေကြပါဦး၊ နေကြပါဦး” လို့
ပြောတယ်၊ အဲဒါက သူ့မျက်စိထဲမှာ မြင်နေတာ။ အခု ပြောတဲ့အာရုံတွေ မြင်နေရတာ၊ သေခါနီးပြီလေ၊
အဲဒါတွေ မြင်နေတဲ့အခါကျတော့ “နေပါဦး၊ နေပါဦး” လို့ပြောတော့ ဘုန်းကြီးတွေက သူတို့ပြောတာ
မှတ်လို့ ရပ်လိုက်ပြီး ကျောင်းပြန်သွားကြတယ်၊ နောက်ကျတော့မှ အဲဒါ သူက နတ်ရထားတွေ ခေါ်တဲ့အကြောင်း
ရှင်းပြတယ်၊ အဲဒီတော့ ကောင်းရာ သုဂတိဆိုရင် ကောင်းတဲ့ ရထားတွေက လာခေါ်သွားတယ်။
ကြောက်ကြောက်
လန့်လန့် သမားတွေကျတော့ လူနက်ကြီး ရောက်လာတယ်၊ ကြိုးနဲ့တုတ် ခေါ်သွားတယ်၊ ဓားမိုးပြီး
ခေါ်သွားတယ်၊ အဲဒီလို ခေါ်သွားတဲ့အခါ ကြောက်ပြီး မျက်လုံးကြီးပြူး၊ ပါးစပ်ကြီး ဟပြီးနေတယ်၊
ကြောက်လွန်းလို့၊ အဲဒီလို ဟာမျိုးပေါ့၊ ဒီလိုဖြစ်တတ်တယ်၊ အဲဒီအာရုံတွေက အတုအယောင် အာရုံတွေ
မဟုတ်ဘူး၊ သူ့အဖို့မှာ အစစ်အမှန်တွေချည်းပဲ။
စိတ္တသူကြွယ်ဆို
ကြည့်လေ - သေခါနီးလေးမှာ နတ်တွေက ရောက်လာကြတယ်တဲ့။ ရုက္ခစိုး နတ်တွေတို့, ဆေးပင်တွေစောင့်
နတ်တွေတို့၊ အဲဒီလို နတ်တွေက ရောက်လာကြပြီးတော့ သူ့ကို ဝိုင်းပြီးတော့ ဘာပြောကြတုန်း
ဆိုလို့ရှိရင် “စိတ္တသူကြွယ်၊ စိတ္တသူကြွယ် - စိတ်ကူးမလွဲနဲ့၊ နောင်ဘဝ စကြာမင်းဖြစ်အောင်
ဆုတောင်းလိုက်၊ စကြာမင်းဖြစ်အောင် ဆုတောင်းလိုက်” လို့ ပြောတယ်။
သူ့ကို
ဝိုင်းပြီးတော့ စကြာမင်းဖြစ်အောင် ဆုတောင်းခိုင်းကြတယ်၊ အဲဒါ သူက ကြားနေတာ၊ နတ်တွေ
ရောက်လာတာလည်း သူမြင်တယ်၊ ကျန်တဲ့သူတွေက မမြင်ဘူး။ စိတ္တသူကြွယ်က နတ်တွေကို ပြောတယ်
“အဲဒါလည်း မြဲတဲ့အရာမှ မဟုတ်ဘဲ၊ ဒါလည်း ခိုင်တဲ့အရာမှ မဟုတ်ဘဲ” လို့ ပါးစပ်က ပြန်ပြောတယ်၊
သူ ကတော့ နတ်တွေကို ပြောတာပဲ၊ ကျန်တဲ့သူတွေကတော့ ယောင်နေတယ်လို့ ထင်ကြတယ်၊ ယောင်ပြီးတော့
ပြောတယ်ထင်ကြတယ်။
အနီးနားက
ဆွေမျိုးတွေက “သတိထားပါ၊ ဟိုယောင်ပြော ဒီယောင်ပြော မပြောနဲ့” ဆိုတော့ သူက “ငါယောင်ပြောတာ
မဟုတ်ဘူး၊ ငါ့ကို လာပြောနေကြတာ” လို့ ပြန်ပြောတာ။ “ဒါတွေလည်း မြဲတာမဟုတ်ဘူ၊ ခိုင်မာတာ
တစ်ခုမှ မရှိဘူး” လို့ ပြောတာ။
သေခါနီးမှာ
ဘယ်လူမျိုးပဲဖြစ်ဖြစ် အကောင်းနဲ့အဆိုး တစ်မျိုးမျိုး တစ်ခုခုတော့ လာပြီး ထင်နေမှာပဲ။
အဲ - ထင်နေတဲ့ အချိန်လေး ဒီအာရုံရဲ့ လွှမ်းမိုးမှု အောက်မှာ စုတိစိတ်ဆိုတာ ကျသွားတာ။
ဒါပေမယ့် ဒီစုတိစိတ်လေးဟာ အဲဒါကို အာရုံပြုနိုင်တာ မဟုတ်ဘူး၊ ခုနက မျက်တောင်ခတ်လိုက်
သလိုပဲ၊ သူကတော့ လက်ရှိအာရုံကိုပဲ အာရုံပြုတာနော်၊ စုတိစိတ်လေးက ဒါကို အာရုံမပြုဘူး။
စုတိစိတ်လေးရဲ့
ရှေ့မှာဖြစ်တဲ့ အရှိန်အဟုန်ရှိတဲ့ ဇောစိတ်တွေက ဒါကို မှတ်သား နေတာ၊ အဲဒီစိတ်ရဲ့ လွှမ်းမိုးမှုလေးနဲ့
ကံအသစ်ရဲ့ အရှိန်အဟုန်နဲ့ လွှမ်းမိုးတာ၊ အဲဒီ အာရုံလေးကို အမှီပြုပြီးတော့ နောက်ထပ်
ပဋိသန္ဓေ စိတ်ကလေးက ပေါ်လာတာ၊ ကံကနေ ဖန်တီးပေးလိုက်တာ၊ အဲဒီတော့ စိတ်မှန်လျှင် အာရုံရှိတယ်၊
အာရုံမရှိတဲ့ စိတ်ရယ်လို့ မရှိဘူး၊ အဲဒီ ကံ ကမ္မနိမိတ် ဂတိနိမိတ်၊ မသေခင်က ထင်နေတဲ့
လွှမ်းမိုးတဲ့ အာရုံပေါ်မှာ။
အဲဒီအချိန်မှာ
ကံက အဓိကပဓာန ဖြစ်သောကြောင့် မြတ်စွာဘုရားက “ကမ္မံ ခေတ္တံ” ကံဟာ လယ်မြေပဲ တဲ့။ “ဝိညာဏံ
ဗီဇံ” ဝိညာဏ်က မျိုးစေ့ပဲ။ ဟော - ကံကပေး ထားတဲ့ အရိပ်ကြီးပေါ်မှာ ဝိညာဏ်မျိုးစေ့လေး
ကျသွားတယ်၊ သန္ဓေစိတ်လေး ပေါ်လာတာ၊
“ကမ္မံ ခေတ္တံ” “ဝိညာဏံ ဗီဇံ” “တဏှာသ္နေဟော” လို့ မြတ်စွာဘုရားက ဟောထားတယ်။
ကမ္မံ
- ကံဆိုတာ၊
ခေတ္တံ
- စိုက်ပျိုးကြဲချတဲ့ မြေကွက်ပဲတဲ့၊
ဝိညာဏံ
ဗီဇံ - သန္ဓေစိတ်လေးက မျိုးစေ့ပဲ၊
တဏှာသ္နေဟော
- တွယ်တာမှုလေးက အဆီအစေးပဲ တဲ့။
ကြည့်လေ
ဘဝတစ်ခုမှာ အာရုံကို ကျထားတဲ့ အချိန်ကလေးမှာ တွယ်တာတဲ့ စိတ်ကလေးတွေ ပေါ်လာတာ၊ အဲဒီ
တွယ်တာတဲ့ စိတ်ကလေးလည်း ပေါ်လာရော၊ ခုနက မျိုးစေ့လေးက အပင်ပေါက်သွားတာ၊ ဒါပဲ - ဘဝတစ်ခု
ရသွားတာ၊ အဲဒီအချိန်မှာ တွယ်တာမှုဆိုတာ ပေါ်လာ တတ်တယ်တဲ့။
သေခါနီးမှာ
အတွယ် မှားတတ်သေးတယ်နော်။ လယ်တီဆရာတော်ဘုရားကြီးရေးတဲ့ စာအုပ်ထဲမှာ ရှိတယ်။ မီးပူဇော်တဲ့
ပုဏ္ဏားကြီးတစ်ယောက်၊ သူ့ဆရာ ပုဏ္ဏားကြီး တွေက လာပြီး အားပေးကြတယ်၊ သေခါနီးမှာ “မင်း
ဘာတွေမြင်တုန်း” ဆိုတော့ “မီးပုံကြီးမြင်နေတယ်”၊ “အေး - မင်း ဗြဟ္မာ့ပြည် သွားတော့မှာ၊ မီးပုံကြီးပဲ၊ ဗြဟ္မာ့ပြည်
ရောက်မှာ” လို့ ပြောတယ်၊ သေတော့ ငရဲကျသွားတယ်၊ အဲဒီ မီးပုံကြီးပဲ၊ ငရဲမီး ဖြစ်နေတယ်၊
ဗြဟ္မာ့ပြည်ကမီး မဟုတ်ဘဲနဲ့ ငရဲမီး ဖြစ်နေတယ်နော်။
အဲဒီလို
ဘဝတစ်ခု သေခါနီးမှာ ရ,ထားတဲ့ အာရုံပေါ်မှာ စွဲပြီးတော့ ကံဆိုတဲ့ လယ်မြေ ပေါ်မှာ ဝိညာဏ်မျိုးစေ့လေး
ကျသွားတာပဲ။ တဏှာက တွယ်တာလိုက်တယ်၊ ကံတရားကနေ ပစ်ချ ပေးလိုက်တယ်၊ ဘဝတစ်ခု စ,လိုက်တယ်။
ဒါကြောင့်မို့လို့
အခု ဘုန်းကြီးတို့တတွေ အတိတ်ဘဝကနေ ပစ်ချပေးလိုက်တဲ့ သန္ဓေမျိုးစေ့လေးနဲ့ အခုဒီမှာ လူလာဖြစ်နေကြတော့
ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ် ဆိုတဲ့ ဘုန်းကြီးတို့ ရရှိထားတဲ့ ဒီ ဝီထိမုတ်စိတ်လေးတွေဟာ
ဘာကို အာရုံပြုနေတုန်း ဆိုရင် အတိတ်ဘဝက ပေးခဲ့တဲ့ ကံအာရုံ သို့မဟုတ် ကမ္မနိမိတ် အာရုံ
သို့မဟုတ် ဂတိနိမိတ်အာရုံ အဲဒါကို အာရုံပြုပြီး တစ်သက်လုံး ဒီအတိုင်း သွားနေတာ၊ ပြောင်းလို့
မရဘူး၊ ပြောင်းလိုက်ရင် ဘဝပြောင်းသွားမှာပေါ့၊ ပြောင်းလို့ မရဘူး၊ အဲဒါကို blue
line လို့ ပြောတာနော်၊ အဲဒါက လူကမသိဘူး၊ သိနိုင်စွမ်းလည်း မရှိဘူး၊ စိတ်ကပဲ သိတဲ့အာရုံတွေ
ရနေတာ။
လူ့ဘဝ
တစ်သက်တာ တစ်ခုလုံးမှာကြည့် - ပဋိသန္ဓေ စိတ်ကလေးက အစပျိုး လာတယ်၊ ထိုစိတ် ကလေးရဲ့ စဉ်ဆက်မပြတ်
ဖြစ်လာဖို့ရာ ဖြစ်နေတဲ့ စိတ်ကလေးကို ဘဝင်စိတ်၊ ဘဝမပြတ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့်
ဘဝင်လို့ခေါ်တယ်၊ နောက်ဆုံး ဘဝတစ်ခုကနေ ရွေ့လျောပြောင်းရွှေ့ သွားတာ ဖြစ်သောကြောင့်
စုတိလို့ ခေါ်တယ်၊ ဒီ စိတ် ၃-ခုရဲ့ အာရုံသည် ဘယ်တော့မှ ပြောင်းလဲချက် မရှိ၊ တစ်ဘဝမှာဆို
လုံးဝ တူတယ်လို့ ပြောတယ်။
“ဧကမေဝ
တထေဝေက၊ ဝိသယေဉ္စက ဇာတိယံ” ပဋိသန္ဓေ ဘဝင် စုတိဆိုတဲ့ ဒီစိတ် ၃-ခုဟာလည်း ဘယ်တော့မှ တစ်ဘဝမှာ
မပြောင်းဘူး၊ ပြောင်းသွားရင်လည်း တစ်ဘဝ မခေါ်တော့ဘူး။ အဲဒီတော့ တစ်ဘဝဆိုတဲ့ အနေအထားဟာ
အပြောင်းအလဲ မရှိဘူးပေါ့၊ ဒီစိတ်နဲ့ပဲ သွားနေတယ်လို့ ဒီလိုမှတ်၊ အဲဒါက ဝီထိမုတ်စိတ်တို့ရဲ့
ဖြစ်စဉ်ပဲ။
အဲဒီ
ဝီထိမုတ်စိတ်တို့ရဲ့ ဖြစ်စဉ်ဟာ အခု လက်ရှိဘဝမှာ မျက်စိကို အသုံးပြုပြီးတော့ ဖြစ်ပေါ်လာတဲ့
စက္ခုဒွါရက ဝင်လာတဲ့ အာရုံကိုလည်း မယူဘူးနော်၊ အတိတ်ဘဝက မှတ်ထားတဲ့ အာရုံနဲ့ သွားနေတာနော်။
အေး
- အခုဘဝ ရောက်လာပြီ၊ ရောက်လာတဲ့အခါ ဘုန်းကြီးတို့ ဘာဖြစ်တုန်းဆိုတော့ မျက်စိလည်း ရှိလာပြီ၊
နားလည်းရှိတယ်၊ နှာခေါင်းလည်း ရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ မနော ရှိတယ်။ ဆိုပါစို့
- ဒွါရ ၆-ပါးရှိတယ်၊ အဲဒီဒွါရ ၆-ပါးမှာ ထင်လာတဲ့အာရုံနဲ့ အလုပ်လုပ်တဲ့စိတ်က ပေါက်ဖွားလာတဲ့
စိတ်တွေ - ပင်ကိုယ်စိတ်က ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်၊ ဘဝမှာ အဲဒါက ဝီထိမုတ်စိတ်တဲ့။
ဝီထိစိတ်ဆိုတာ
အခုလက်ရှိဘဝမှာ -
မျက်စိက
မြင်လိုက်တဲ့ အဆင်းအာရုံ၊
နားကကြားလိုက်ရတဲ့
အသံအာရုံ၊
နှာခေါင်းက
နမ်းရှူလိုက်တဲ့ အနံ့အာရုံ၊
လျှာက
လျက်သိလိုက်တဲ့ အရသာအာရုံ၊
ခန္ဓာကိုယ်က
ထိတွေ့လိုက်ရတဲ့ အထိအတွေ့ အာရုံနဲ့
စိတ်ထဲကနေ
စိတ်ကူးကြံစည် ပြီးတော့ ယူရတဲ့ ဓမ္မာအာရုံ ဆိုတဲ့ ဓမ္မာရုံ၊
အဲဒီအာရုံတွေနဲ့
ဝင်လာတဲ့အခါကျတော့ ဒီစိတ်တွေမဟုတ်တော့ဘူး၊ ဘဝင်စိတ်၊ ဘဝင်စိတ်ဆိုတာ ဟာ ဒီအာရုံအသစ်တွေ
ဝင်လိုက်ရင် သူက ပြတ်တောက်သွားတယ်၊ ဒီအသစ်တွေ ဝင်မလာဘူ၊ ဒီအသစ်တွေ အနှောင့်အယှက် မရှိဘူးဆိုရင် သူက ဆက်သွားနေမှာပဲ၊
သူ စဉ်ဆက် မပြတ် သွားနေမှာပဲ။
ဒွါရကနေပြီး
အာရုံအသစ်တွေက ဝင်လိုက်ပြီဆိုလျှင် အဲဒီဝင်လာတဲ့ အာရုံအသစ်နဲ့ အလုပ်လုပ်တဲ့ စိတ်တွေကျတော့
“ဝီထိစိတ်” လို့ ခေါ်တယ်တဲ့။ အဲဒါက mental process ခုနက တုန်းက ပဋိသန္ဓေ, ဘဝင်, စုတိစိတ်
ဆိုတဲ့စိတ်ကို process freee ဝီထိမုတ်စိတ်လို့ ခေါ်တယ်။ “ဝီထိမုတ်စိတ်က အတိတ်အာရုံနဲ့
run နေတယ်၊ ဝီထိစိတ်ကတော့ အာရုံအမျိုးမျိုးနဲ့ run တယ်” အာရုံအမျိုးမျိုးနဲ့ ခရီးသွားမယ်။
ကြည့်
- ဘုန်းကြီးတို့တတွေ ပဋိသန္ဓေစိတ် ပြီးလို့ရှိရင် ဘဝင်စိတ် လာတယ်၊ အမိဝမ်းထဲမှာ ဘဝင်စိတ်၊
ဘဝင်စိတ်တွေ ဘယ်လောက် ဆက်လာတုန်း ဆိုလို့ရှိလျှင် ပဋိသန္ဓေစိတ် ချုပ်သွားတာနဲ့ တစ်ပြိုင်နက်
ထိုပဋိသန္ဓေစိတ်တွေက ထပ်ထပ်ပြီးတော့ ပေါ်လိုက်တာ၊ နောက်ပေါ်တာကျတော့ ပဋိသန္ဓေစိတ်လို့
မခေါ်တော့ဘူး၊ ဘဝင်စိတ် လို့ ခေါ်လိုက်တာ၊ ၁၆-ကြိမ်ထိအောင် ပေါ်လာတာ၊ စာပေအရ ပြောတာနော်
၁၆-ခု ပေါ်လာတယ်ဆိုတာ ပဋိသန္ဓေစိတ်က ၁-ခု၊ ဘဝင်စိတ်က ၁၆-ခု ဆို ၁၇-ခု ဖြစ်လာတာ။
အဲဒီနောက်
ဘာပေါ်လာတုန်း ဆိုတော့ မနောဒွါရာဝဇ္ဇန်းတဲ့။ ဘဝတစ်ခု အသစ်တွေ့ရှိ လာခဲ့ပြီလေ၊ ကံက ပေးလိုက်လို့
ဘဝတစ်ခု အသစ်တွေ့ရှိလာတဲ့ အတွက်ကြောင့် မနောဒွါရာဝဇ္ဇန်း ဆိုတဲ့ အာရုံအသစ်ကို ရယူတဲ့စိတ်၊
ဒါက အမိဝမ်းထဲမှာ ဖြစ်တာကို ပြောတာနော်၊ အာရုံအသစ်ကို ရယူ လိုက်တဲ့ မနောဒွါရာဝဇ္ဇန်း၊ တံခါးဖွင့်ပေးတဲ့
မနောဒွါရာဇ္ဇန်းစိတ် ပေါ်လာတယ်၊ ပေါ်လာပြီးတဲ့နောက် ကြည့် - ခုနတုန်းကပြောတဲ့ “ဝိညာဏံ
ဗီဇံ၊ တဏှာသ္နေဟော” တွယ်တာမှုလေးက လာပြီ၊ တံခါးဖွင့်ပေးလိုက် တာနဲ့ တစ်ပြိုင်နက် ကိုယ်ရလာတဲ့
စိတ်ကလေးကို ကျေနပ်တဲ့ စိတ်ကလေး၊ ကျေနပ်တယ်၊ သူကလည်း သေပြီးရင် ဖြစ်လာတဲ့ ဘဝလေးကို
ကြိုက်သွားတာပဲ၊ သူကလည်း ဘယ်ဘဝရောက်ရောက် ကြိုက်တယ်၊ ခွေးလေးတွေ ကြောင်လေးတွေ တိရစ္ဆာန်လေးတွေကို
ကြည့်ပါလား၊ “မင်း - လူဖြစ်ချင်လား” ဆို ဖြစ်ချင်မှာ မဟုတ်ဘူး၊ သူ့ဘဝသူ ပျော်နေတာ
- သွားကြည့်၊ ခွေးလေးတွေ ကစားနေတာ၊ ပျော်နေကြတာပေါ့နော်၊ တိရစ္ဆာန်တွေကလည်း ပျော်နေကြတာပဲ။
အဲဒီတော့
ကြည့် .. ဘဝတစ်ခု စ, လာတာနဲ့ တစ်ပြိုင်နက်
ပဋိသန္ဓေစိတ်တွေ၊ ပဋိသန္ဓေ ပြီးတဲ့နောက် ဘဝင် ၁၆-ချက်ဖြစ်၊ ဖြစ်ပြီးတာနဲ့ အာရုံသစ်ကို
ရယူဖို့ရာ အတွက် မနောဒွါရာဝဇ္ဇန်း စိတ်က ဦးလှည့် ပေးလိုက်တယ်။ ဦးလှည့်ပေးရင် ဘယ်စိတ်
ပထမဆုံး ဝင်လာတုန်း ဆိုတော့ တွယ်တာမှုဆိုတာ ဘဝနိကန္တိ၊ ရလာတဲ့ ဘဝလေး ပေါ်မှာ ကျေနပ်တယ်ဆိုတဲ့
ဘဝနိကန္တိ။
ဒါဖြင့်
ငရဲရောက်တဲ့သူကော ဒီလို ကျေနပ်မှုတွေ ရှိသလား လို့ဆိုရင် ငရဲရောက်တဲ့ သူကလည်း “ထိပ်ချမှ
ဓားပြမှန်းသိ” ဆိုတာလို မထိသေးခင်လေး အထိတော့ သူက သဘောကျနေတာ၊ ငရဲမီးတောင် ရွှေတောင်
မှတ်နေသေးတာ။ ခုနက ပုဏ္ဏားကြီး မီးမြင်တော့ ဗြဟ္မာ့ပြည် ရောက်ပဟ ဆိုပြီးတော့ ခုန်ဆင်းတာ
မီးပုံကြီး ဖြစ်နေတယ်။ ပိုးဖလံလေးတွေ တွေ့ဖူးတယ် မဟုတ်လား၊ ဖယောင်းတိုင်မီးလေး ထွန်းလိုက်တာနဲ့
လာပြီ၊ ပူမှန်းသိရင် ဘယ်ဆင်းမလဲ၊ သူတို့လည်း
သေမှာ ကြောက်တာပေါ့။ သူတို့ စိတ်ထဲ ရွှေတောင်ကြီးလို့ ထင်နေတာ၊ အင်မတန် လှတယ်ထင်ပြီး ခုန်းဆင်း တာပေါ့။ အဲဒါမျိုးလိုပဲ
ငရဲဘဝကလည်း ပျော်စရာကြီးလို့ အောက်မေ့ပြီးတော့ ဒီနေရာ လူစည်လှချည်လား လို့ သွားရင်
အဝီစိ ရောက်သွားမယ်။ အဲဒီလိုပဲ အင်မတန် စည်ကားတဲ့ နေရာတွေက အကုန်လုံး တိရစ္ဆာန်ဘုံ
ပြိတ္တာဘုံ ငရဲဘုံတို့က အလွန် စည်ကားတာ၊ အာရုံထဲမှာ စည်ကားလိုက်တာ ဆိုပြီး ဝင်သွားလိုက်တာပဲလေ၊
ဟိုကျတော့မှ ဒုက္ခတွေ တွေ့ပြီး အဲဒီကျတော့မှ မကြိုက်တော့ဘူးပေါ့။
အဲဒါကြောင့်မို့
ဘဝတစ်ခု အစပြုတဲ့ အခါမှာ ဘဝနိကန္တိက - လောဘဇော တဲ့။ ဘဝကိုကြိုက်တဲ့ လောဘဇောက အရင်စောတယ်တဲ့။
ဒါကြောင့်မို့ ဋီကာကျော် ဆရားကြီးက လောဘမူစိတ်ကို ဘာလို့ အရင်ပြတာတုန်း ဆိုတော့ သတ္တဝါတွေ
ဘဝကိုစတဲ့အချိန်မှာ လောဘနဲ့ အရင် စ,တာမို့ အဲဒီ စိတ်လေးကို အရင်ရေးပြ တာပါလို့ ပြောတယ်နော်။
မြတ်စွာဘုရားဟောတာ
အကုသိုလ်က စ,မဟောဘူး၊ ကုသိုလ်က စ,ဟောတာ။ ဓမ္မသင်္ဂဏီမှာ “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊
အဗျာကတာဓမ္မာ” ကုသိုလ်က စ,ဟောတာ၊ ဒါပေမယ့် လူ့ဘဝ စ,တာ လားဆိုတော့ မဟုတ်ဘူး၊ အကုသိုလ်က
စ,ဖြစ်တာမို့လို့ လောဘမူစိတ် - အကုသိုလ်စိတ်ကို အရင်ပြတယ်လို့ ဒီလို ဆိုထားတယ်၊ အကြောင်း
ရှာထားတာပေါ့။
အဲဒါက
“ဘဝနိကန္တိ” ဘဝကိုတွယ်တာမှုဆိုတဲ့ လောဘဇော စောလိုက်တာ၊ အဲဒီ လောဘဇော စောပြီးပြီဆိုရင်
ဘဝတစ်ခုက ရသွားပြီ, အောင်အောင်မြင်မြင် ဖြစ်သွားပြီ။ ဘဝတစ်ခုရရင် ကောင်းတယ် ဆိုးတယ်ဆိုတာ
အဲဒီနောက် သွားရောနော်၊ ဘဝတစ်ခု ရောက်သွားရင် ဘဝနိကန္တိ လောဘဇော အရင်ဖြစ်ပြီး ဟိုဘဝကျတော့
ဘဝရဲ့အတွေ့အကြုံက အမျိုးမျိုး၊ မျိုးစုံ ကြုံသွားပြီပေါ့။ အဲဒီမှာ ပဋိသန္ဓေတို့ ဘဝင်တို့
စုတိတို့ဆိုတာ thought free တဲ့၊ အဲဒါတွေက တစ်သက်တာလုံး ထိအောင် သွားနေမှာ၊ နောက်ဆုံး
စုတိရောက်သည်ထိအောင် သွားနေမှာ။
သို့သော်
အခုလက်ရှိဘဝ ရလာတဲ့ဘဝတစ်ခုမှာ -
မျက်စိတံခါးက
ဆက်သွယ်လာတဲ့ အာရုံ,
နားတံခါးက
ဆက်သွယ်လာတဲ့ အာရုံ,
နှာခေါင်းတံခါးက
ဆက်သွယ်လာတဲ့ အာရုံ,
လျှာတံခါးက
ဆက်သွယ်လာတဲ့ အာရုံ,
ခန္ဓာကိုယ်တံခါးက
ဆက်သွယ်လာတဲ့ အာရုံ,
စိတ်တံခါးက
ဆက်သွယ်လာတဲ့ အာရုံ၊
အဲဒီ
ဆက်သွယ်လာတဲ့ အာရုံတွေနဲ့ အလုပ်လုပ်တဲ့စိတ်ကျတော့ ဝီထိစိတ် လို့ ခေါ်ပါတယ်တဲ့။
အဲဒီ
အာရုံတံခါးက နေပြီးတော့ ဒီအာရုံတွေ ဝင်လာပြီးတော့ စိတ်ကို ဖြစ်ပေါ်လာစေပြီ ဆိုရင်
- ဆိုပါစို့ - အာရုံကနေ တစ်ခုခုက တံခါးလာခေါက်တယ်၊ တံခါးလာခေါက်လို့ နိုးထလာတဲ့ စိတ်ကတော့
အာရုံ အသစ်နဲ့ပဲ အလုပ်လုပ်နေတယ်၊ အာရုံအသစ်နဲ့ အလုပ်လုပ်လို့ရှိရင် ခုနက blue line
လို့ခေါ်တဲ့ ဘဝင်စိတ် အစဉ်က ပြတ်ထွက် သွားတယ်။ ဘဝင်စိတ် အစဉ်က ပြတ်ထွက်ပြီးတော့
Red lind ခေါ်တဲ့ ဒီ ဝီထိ စိတ်အစဉ် ဖြစ်လာတယ်၊ ဒါကြောင့်မို့လို့ လူ့ဘဝဟာ အပြာဖြစ်လိုက်,
အနီဖြစ်လိုက်၊ အပြာဖြစ်လိုက်, အနီဖြစ်လိုက်နဲ့ အဲဒီလို run နေမှာ။ ကဲ - ဒီကနေ့တော့
အဲဒီ ဝီထိမုတ် စိတ်တွေရဲ့ ဖြစ်စဉ်တစ်ခုကို ရှင်းပြလို့ ပြီးသွားပြီ၊ နက်ဖြန်ကျတော့ ဝီထိစိတ်တွေ ပြမယ်။
အဲဒီလို
ဖြစ်စဉ်တွေက မိမိရဲ့သန္တာန်မှာ အမြဲတမ်း အာရုံကို အကြောင်း ပြုပြီး တော့စိတ်တံခါးက
ဆက်သွယ်လာတဲ့ အာရုံတွေကို အမှီပြုပြီးတော့ စိတ်ဓာတ်တွေက ဖြစ်ပေါ်လာရတယ်။ ဖြစ်ပေါ်လာတဲ့
စိတ်သည် ထိုအာရုံနဲ့ ဆက်သွယ်ပြီးတော့ စဉ်ဆက်မပြတ် ဖြစ်နေကြတယ်ဆိုတဲ့ သဘာဝတရားကို သိရှိနားလည်ခြင်းဖြင့်
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အင်မတန်မှ အရေးပါလှတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယ
ပရိဂ္ဂဟဉာဏ် ဆိုတဲ့ ဝိပဿနာဉာဏ်ရဲ့ အခြေခံဉာဏ်တွေကို ရင့်သန်အောင် ကျင့်ကြံကြိုးကုတ်
အားထုတ်နိုင်ကြပါစေကုန်သတည်း။
