ပဋ္ဌာန်းမြတ်ဒေသနာ - အပိုင်း (၃)

 


ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၃)

 

သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲ လပြည့်ကျော် ၁၃-ရက်၊ (၂၂-၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီး အတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

.

 

အာရမ္မဏပစ္စယော

▬▬▬▬▬▬

 

အာရမ္မဏပစ္စယောကို ပစ္စယနိဒ္ဒေသပါဠိတော်မှာ အပြည့်အစုံ ဟောထားတယ်၊ အာရမ္မဏပစ္စယောဆိုတဲ့နေရာမှာ အာရမ္မဏဆိုတာ အာ- လာရောက်ပြီး၊ ရမ္မဏ - မွေ့လျော်တယ်၊ လူတွေရဲ့စိတ်ဟာ (စိတ်လို့ပြောလိုက်ရင် စေတသိက်လည်း ပါတယ်လို့ မှတ်ထားပေါ့) ဆိုင်ရာအာရုံဆီ သွားရောက်ပြီး ပျော်မွေ့ကြတယ်၊ အာရုံမရှိဘဲ လူ့ရဲ့စိတ်ဟာ ဘယ်တော့မှ မဖြစ်ဘူး၊ နေ့စဉ်နဲ့အမျှ လူတွေရဲ့စိတ်ဟာ အာရုံပေါ်မှီပြီးဖြစ်တယ်၊ လူ့စိတ်ရဲ့အဓိကအကြောင်းတရားတစ်ခုက ဘာတုန်း ဆိုရင် ဒီ အာရမ္မဏပစ္စည်းပဲ။

 

အဲဒီအာရမ္မဏကိုပဲ အဓိပ္ပါယ်တစ်မျိုးနဲ့ ပြောလို့ရှိရင် “အာလမ္ဗဏ” ဆွဲကိုင်ရာလို့ ပြောနိုင်တယ်၊ စိတ်ဟာ ဘာနဲ့ တူတုန်းဆိုရင် မသန်စွမ်းတဲ့လူနဲ့ တူတယ်၊ မသန်စွမ်းတဲ့လူတစ်ယောက်ဟာ ကြိုးတန်းတို့ တုတ်တို့ အမှီပြုပြီးမှ ထလို့ ရပ်လို့ ရတယ်၊ နို့မို့ဆိုရင် သူမထနိုင်ဘူး၊ စိတ်ဟာလည်း အာရုံကို မှီတွယ်ပြီးမှသာ ထနိုင် တယ်၊ အာရုံမရှိဘဲ စိတ်မဖြစ်ဘူး။

 

အဋ္ဌကထာဆရာ ဥပမာပေးထားတဲ့အတိုင်း “တောင်ဝှေးကြိုးတန်း ဆွဲကိုင် လှမ်းလျက် မစွမ်းလူမှာ ထရရှာသို့” တဲ့၊ မသန်စွမ်းတဲ့လူသည် ကြိုးတန်း ကိုဆွဲပြီး ထ,ရသလို “ခုနစ်ဖြာမှတ် ဝိညာဏ်ဓာတ်တို့”.. ဆိုတော့ မြင်သိစိတ် စက္ခုဝိညာဏဓာတ်၊ ကြားသိစိတ် သောတဝိညာဏဓာတ်၊ နံသိစိတ် ဃာနဝိညာဏ ဓာတ်၊ လျက်သိစိတ် ဇိဝှာဝိညာဏဓာတ်၊ ထိသိစိတ် ကာယဝိညာဏဓာတ်၊ မြင်သိစိတ် ကြားသိစိတ် စသည်တို့ရဲ့ ရှေ့နောက်မှာဖြစ်တဲ့ မနောဓာတ်၊ နောက်ပြီးတော့ တွေးသိပြီးသိတဲ့ မနောဝိညာဏဓာတ်ဆိုပြီး ဝိညာဏဓာတ် ၇-ပါး ဖြစ်ကြရတယ်။

 

ဝိညာဏဓာတ်ဆိုပြီး ဘာဖြစ်လို့ “ဓာတု” ဆိုတဲ့ စကားလုံး သုံးသလဲဆိုရင် ဓာတုဆိုတာ ဇီဝ မဟုတ်ဘူး၊ သတ္တဝါ မဟုတ်ဘူး၊ အတ္တ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ ဓာတုရဲ့ အဓိပ္ပါယ်က ကိုယ့်သဘောကိုယ်ဆောင်တယ်၊ သူ့ရဲ့သဘာဝ သက်သက်၊ phenomenon သက်သက်ပဲလို့ပြောတာ၊ ဒါ့ကြောင့်မို့ စက္ခုဝိညာဏဓာတ် သောတဝိညာဏဓာတ် စသည်ဖြင့် စိတ်တွေကိုခေါ်တာ၊

 

ဓာတ်နဲ့ ခွဲလိုက်တဲ့ အခါ ၇-ခု ရတယ်၊ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏ ဓာတ်၊ ဇိဝှာဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်၊ အဲဒီလို ဝိညာဏဓာတ် ၇-ပါး၊ “ဝိညာဏ်ဓာတ်တို့၊ စွဲမှတ်မျှော်ရှု၊ မှီရာမှုဖြင့်၊ ကျေးဇူးပြုငြား၊ အာရုံ ၆-ပါး ပစ္စည်းတရားလည်းကောင်း” လို့ အာရုံ ၆-မျိုးကို အာရမ္မဏပစ္စယောလို့ ဆိုတယ်။

 

လူတွေရဲ့သန္တာန်မှာ နေ့စဉ်နဲ့ အမျှ ဘယ်အချိန်ဖြစ်ဖြစ် သန္ဓေတည်လာတဲ့ အချိန်က စပြီး နောက်ဆုံးစိတ် ဖြစ်သည်ထိအောင် အာရုံနဲ့ ကင်းတယ်လို့မရှိပါဘူး၊ အိပ်နေတဲ့ အချိန် ဘဝင်စိတ်ဖြစ်နေချိန်မှာလည်း အာရုံရှိတယ်၊ သို့သော် ထို အာရုံသည် ပစ္စုပ္ပန် အာရုံမျိုး မဟုတ်ဘူးနော်၊ ဘဝင်စိတ်လည်း အာရုံနဲ့ဖြစ်တယ်။

 

ဗုဒ္ဓတရားတော်အရ လူမှာ အသိစိတ်ရှိနေရင် အာရုံမဲ့စိတ်ဆိုတာ မရှိနိုင်ပါဘူး၊ တချို့က unconscious စိတ် ဆိုတာ အာရုံမဲ့နေတဲ့စိတ်လို့ ဒီလို ထင်ကောင်း ထင်လိမ့်မယ်၊ မရှိနိုင်ဘူး၊ ဆိုင်ရာဆိုင်ရာအာရုံလေးတွေတော့ စိတ်ထဲမှာ ရှိနေတာပဲ၊ အာရမ္မဏသတ္တိက ကျေးဇူးပြုတယ်၊ သို့သော် စိတ်ကလေးရဲ့ သိမ်မွေ့မှုနဲ့ ပြင်းထန်မှု ဒီလိုတော့ရှိတယ်၊ level တို့ degree တို့တော့ ကွာတာပေါ့ ထိုစိတ်ရဲ့ လှုပ်ရှားမှုဟာ အရှိန်အဟုန်ချင်းတော့ ကွာတာပေါ့။

 

ဘဝင်စိတ်ဆိုရင် သိပ်ပြီး သိမ်မွေ့တယ်၊ လူတွေဟာ အသက်ရှူနေတာ ဘဝင်စိတ်ကြောင့် ရှူတာ၊ ဘဝင်စိတ်ဖြစ်နေလို့ အသက်ရှူမှု ဖြစ်နေတယ်လို့ ဒီလို ပြောတာနော်၊ ဒါကြောင့်မို့ အာနာပါနဟာ စိတ္တဇဝါယောဓာတ် စိတ်ကြောင့်ဖြစ်တဲ့ ဝါယောဓာတ်လို့ ဒီလိုပြောတာ၊ အေး အသက်မရှူတောင်မှပဲ စိတ်ဆိုတာ လုံးဝ ချုပ်သွားတယ်လို့ ပြောလို့မရဘူး၊ သိပ်သိမ်မွေ့သွားတဲ့စိတ်မျိုး ဖြစ်လာတဲ့အခါ အသက်ရှူရပ်သွားတာမျိုးလည်း ရှိသေးတယ်။

 

အသက်ရှူရပ်သွားသော်လည်း ကမ္မဇရုပ်တွေ ရှိနေသေးသမျှ လူဟာ မသေ ဘူးလို့ ဒီလိုပြောရမယ်၊ ကမ္မဇရုပ်နဲ့ ကံကြောင့်ဖြစ်တဲ့စိတ်က ဆက်လက် ရှင်သန်နေသေး သမျှ လူ့ရဲ့ ဘဝဟာ အဆုံးမသတ်သေးဘူး။ ကမ္မဇရုပ်တွေ အဆုံးသတ် သွားပြီဆိုရင် ကံကြောင့်ဖြစ်တဲ့ ဒီပဋိသန္ဓေစိတ် ဘဝင်စိတ်ဆိုတာတွေလည်း အဆုံးသတ်သွားပြီ၊ နောက်ဆုံး စုတိစိတ်ချုပ်ပြီး ဘဝတစ်ခု အဆုံးသတ်တယ်။

 

လူ့တစ်ဘဝ စ,လာတဲ့အချိန်တုန်းက ပထမဆုံးစိတ်ကလေးကို ပဋိသန္ဓေ စိတ်လို့ ခေါ်တယ်၊ အဲဒီပဋိသန္ဓေစိတ်ဟာ ဘယ်သူနဲ့ယှဉ်တွဲလာတုန်းဆိုရင် ကမ္မဇရုပ်နဲ့ ယှဉ်တွဲလာတယ်၊ ကမ္မဇရုပ်နဲ့ ပဋိသန္ဓေစိတ်တို့သည် ပြိုင်တူဖြစ်လာကြတယ်၊ အဲဒီအချိန်မှာ အချင်းချင်း အပြန်အလှန် မှီခိုပြီး ပြိုင်တူဖြစ်လာကြတယ်၊ ဒါ ရုပ်နဲ့ နာမ်ရှိတဲ့ဘုံတွေမှာ ဖြစ်တာ။

 

လူ့ဘုံကို ဦးတည်ပြီး ပြောမယ်ဆိုရင် မိခင်ရဲ့ဝမ်းထဲမှာ ကလလရေကြည် စဖြစ်တဲ့အချိန်မှာ ပဋိသန္ဓေစိတ်ရယ် ထိုသန္ဓေစိတ်မှာယှဉ်တဲ့ စေတသိက်ရယ်၊ ဒါက တစ်ပိုင်း၊ ယှဉ်တွဲလာတဲ့ ကမ္မဇရုပ်က ရုပ်-၃၀၊ ရုပ်-၃၀ ဆိုတာ -

 

ကာယဒသက ကလာပ်က ရုပ်-၁ဝ ခု၊

ဘာဝဒသကကလာပ်က ရုပ်-၁ဝ ခု၊

ဝတ္ထုဒသက ကလာပ် က ရုပ်-၁၀ ခု

 

ဆိုပြီး ရုပ်ပေါင်း-၃၀၊ အဲဒီ ရုပ်ပေါင်း-၃၀နဲ့ ယှဉ်တွဲပြီးတော့ ပဋိသန္ဓေစိတ်က ပေါ်လာတာ။

 

 

ဒီကမ္မဇရုပ်က ပဋိသန္ဓေစိတ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံရဲ့စွမ်းအားကြောင့် ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာလည်း ဖြစ်တယ်၊ နောက် ပဋိသန္ဓေစိတ်ရဲ့ ဒီ အခိုက် မှာလည်း အသစ်ဖြစ်တယ်၊ ဘင် အခိုက်မှာလည်းအသစ်ဖြစ်တယ်၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း (စိတ်ကြောင့် ဖြစ်တာ မဟုတ်ဘူး၊) သူက ကံစွမ်းအားနဲ့ သွားနေတာ၊ စိတ်တစ်ခုမှာ သူက ၃-ခါ ၃-ခါ ထပ်ဖြစ်တယ်၊ ကမ္မဇရုပ်ကနော်။

 

စိတ်တစ်ခုမှာ ခဏငယ် ၃-ခုရှိတယ်၊ moment လို့ ခေါ်တယ်၊ moment ၃-မျိုး ရှိတယ်၊ ဥပါဒ်ရယ် ဒီရယ် ဘင်ရယ်၊ ဒါ စာစကားပြောတာ၊ အရပ်လို ပြော မယ်ဆိုရင် ဖြစ် တည် ပျက် နော်၊ ဖြစ်တာရယ်၊ ခဏလေးရပ်တန့်တဲ့သဘောရယ် ပျက်သွား တာရယ်၊ ရပ်တန့်တဲ့သဘောဆိုတာ အကြာကြီး မဟုတ်ဘူး၊ ဒီခဏ ၃-ခုဟာ တစ်ညီတည်းပဲ၊ ပိုပြီးတော့ မှတ်လို့ လွယ်အောင် ပြောရရင်တော့ စက္ကန့် ဆိုတာနဲ့ ပြောမယ်၊ (စက္ကန့်ဆိုတာထက် ပိုပြီးတော့ တိုတယ်လို့တော့ မှတ်ထားပေါ့၊) ၁-စက္ကန့် အတွင်းမှာဆိုရင် စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်ပျက်နိုင်လောက် အောင် လျင်မြန်တယ်။

 

သို့သော် နားလည်လွယ်အောင်လို့ စက္ကန့်နဲ့ပဲ ပြောရအောင်၊ ၃-စက္ကန့် ဆိုပါစို့၊ စိတ်ကလေးတစ်ခုဟာ ၃-စက္ကန့် အသက်ရှည်တယ်ဆိုလို့ရှိရင် ဖြစ်တာက ၁-စက္ကန့်၊ တည်နေတာက ၁-စက္ကန့်၊ ပျက်သွားတာက ၁-စက္ကန့်၊ ဟော ၃-စက္ကန့်၊ အဲဒီလို စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ကမ္မဇရုပ်တွေက အသစ်အသစ်ဖြစ်လာတယ်။

 

ပဋိသန္ဓေစိတ်ကလည်း သူ့အာရုံနဲ့သူ လာတာပဲ၊ ဒီအာရုံက အတိတ်ဘဝက လာတဲ့ အာရုံ၊ သေခါနီး အတိတ်ဘဝမှာမြင်ခဲ့တဲ့အာရုံကို အကြောင်းပြုပြီး ကိလေသာ ရဲ့အစွမ်းနဲ့ ကံက တွန်းလွှတ်လိုက်လို့ ဘဝအသစ်တစ်ခု ရလာတာ၊ ကံက ဖန်တီး ပေးလိုက်တယ်၊ အဲဒီကံအရှိန် မကုန်မချင်း ဒီ ကမ္မဇရုပ်တွေက ဆက်လက်ပြီးတော့ ဖြစ်နေတယ်လို့ ဒီလိုပြောတာနော်၊ အဲဒီလို သူက စိတ်နဲ့ ယှဉ်တွဲပြီးတော့ လာတယ်။

 

နောက်ပိုင်းကျတော့ ပဋိသန္ဓေစိတ်တင် မကဘူး, တခြားစိတ်တွေပါ ပေါ်လာတယ်၊ အဲဒီစိတ်တွေဟာ ဘဝရဲ့နောက်ဆုံးအချိန် ရောက်သည်ထိအောင် သွားနေမှာပဲ၊ ဒါ ဘယ်သူ့ အရှိန်နဲ့ သွားတာတုန်းဆိုတော့ ကံအရှိန်နဲ့ သွားနေတာ၊ ကံက ရှိသေး လားဆို မရှိတော့ဘူး၊ ဒီဘဝ အသစ်လုပ်တာက အသစ်ကံ၊ ပဋိသန္ဓေကိုဖြစ်စေတဲ့ ကံက ချုပ်သွားပြီ၊ မရှိတော့ဘူး။

 

ဘာဥပမာနဲ့ နားလည်ရတုန်းလို့ဆိုရင် ကြည့်၊ မျိုးစေ့လေးတစ်စေ့၊ မြေကြီး ထဲ ချပြီးတော့ စိုက်လိုက်တယ်၊ စိုက်လိုက်လို့ အဲဒီမျိုးစေ့လေးက အမြစ်ကလေး ဆင်းလာပြီး အညှောက်ကလေး ထွက်လာတယ်၊ အဲဒီအစေ့လေးက ဘာဖြစ်သွားလဲ၊ ပုပ်သွားတယ်၊ ဘာကျန်ရစ်တုန်းဆို အမြစ်နဲ့အညှောက် ကျန်ရစ်တယ်၊ အဲဒီအမြစ်နဲ့ အညှောက်ကနေပြီးတော့ ပင်စည်ကြီးဖြစ်လာတာ၊ ဘယ်သူက ထိန်းနေတုန်းဆို မြေနဲ့ရေနဲ့က ထိန်းသွားတာ၊ ပင်ကိုယ်ပေါက်ဖွားစေတတ်တဲ့မျိုးစေ့က ရှိသေးလား၊ မရှိတော့ဘူး။

 

အဲဒါလိုပဲ လူတွေရဲ့ကံက ဒီသန္ဓေစိတ်ကို ချပေးတယ်၊ ချပေးလိုက်တဲ့ကံ သည် မရှိတော့ဘူး၊ သို့သော် ဘယ်သူတွေကနေ ဆက်ထိန်းသွားတုန်းဆိုရင် ဒီ ပစ္စုပ္ပန် အာရုံတွေတို့၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်တို့၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်တို့၊ အာဟာရတို့၊ ဒါတွေက ဆက်ပြီး ထိန်းသွားတာ၊ ကမ္မဇရုပ်ဟာ အရှိန်မကုန်မချင်း ဒီရုပ်တွေနဲ့ ဆက်သွယ်ပြီး နောက်ဆုံးစုတိစိတ် ဖြစ်သည်ထိအောင် သွားနေတယ်။

 

စိတ်ဆိုရင် ဘယ်စိတ်ပဲဖြစ်ဖြစ် အာရုံနဲ့ကင်းပြီးဖြစ်တဲ့စိတ်ရယ်လို့ မရှိဘူး၊ ဒါက ကျမ်းဂန်အရ ဒီလိုပဲ မှတ်ရမယ်၊ စိတ်ရှိရင် အာရုံရှိတယ်ဆိုတာ သေချာ မှတ်ရမယ့်ဟာ တစ်ခုပဲနော်၊ အင်မတန်သိမ်မွေ့တဲ့အာရုံကိုလည်း စိတ်ကယူတယ်၊ စိတ်ကသိမ်မွေ့ရင် အာရုံကလည်း သိမ်မွေ့တယ်လို့ပဲမှတ်၊ တစ်ခါတလေ စိတ် မရှိတော့ဘူးလို့ ထင်ရလောက်အောင် သိမ်မွေ့တာမျိုးရှိတယ်လေ၊ သို့သော်လည်း ရှိနေတယ်။

 

ဥပမာ - အိပ်ပျော်နေတဲ့အချိန် ဘဝင်စိတ်ဖြစ်နေတယ်၊ အာရုံမရှိဘူးလို့ လူက ထင်ချင်ထင်နေလိမ့်မယ်၊ သို့သော် လူက မသိဘူး၊ မသိသည့်အတွက်ကြောင့် unconscious တို့ ဘာတို့ ပြောတာ၊ ဒီဘဝင်စိတ်ဆိုတာ ယခုပစ္စုပ္ပန်အာရုံနဲ့ ဘာမျှ မဆိုင်ဘူး၊ သူက ကံရဲ့စွမ်းအားကြောင့် အတိတ်အာရုံနဲ့ သွားနေတာ၊ အဲဒီတော့ အာရုံကင်းတဲ့ စိတ်စေတသိက်ဆိုတာ မရှိဘူးလို့မှတ်ပါ။

 

အဘိဓမ္မာမှာ အာရုံ ၆-မျိုး ရှိတယ်၊ အာရမ္မဏပစ္စယောမှာ နားလည်ဖို့ အာရုံ ၆-မျိုးဆိုတာ ပြတာ၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ၊

 

ရူပါရုံဆိုတာက မျက်စိကမြင်ရတဲ့ အဆင်းအာရုံကို ခေါ်တာ၊

 

နားက ကြားရတဲ့ အသံကို သဒ္ဒါရုံ၊

 

နှာခေါင်းက အနံ့ရတဲ့အာရုံကို ဂန္ဓာရုံ၊

 

လျှာနဲ့ ထိတွေ့ရတဲ့အရသာကို ရသာရုံ၊

 

ခန္ဓာကိုယ်နဲ့ ထိတွေ့ပြီးတော့ သိတာ ဘာတုန်းဆိုရင် ပျော့သဘော မာသဘော ပထဝီရဲ့သဘော၊ အေးတယ် ပူတယ် တေဇောရဲ့သဘော၊ လှုပ်ရှားတယ် တွန်းကန် တယ် ဝါယောရဲ့သဘော၊ အဲဒါကို ဖောဋ္ဌဗ္ဗာရုံ ထိတွေ့ စရာအာရုံ၊

 

ကျန်တဲ့အာရုံတွေမှန်သမျှ စိတ်ဆိုတဲ့အာရုံရော နိဗ္ဗာန်အာရုံရော ကျန်တဲ့ရုပ်တရား တွေအာရုံရော အဲဒါတွေအားလုံးပေါင်းပြီးတော့ ဓမ္မာရုံလို့ ဒီလိုခေါ်လိုက်တာနော်။

 

ဓမ္မာရုံ ဟူရာ၌ မျက်စိ နား နှာခေါင်း လျှာ ကာယအကြည်ရုပ်များ၊ ထို အကြည်ရုပ် များတွင် ထင်လာခြင်းမရှိသောရုပ်များ၊ စိတ်အားလုံး၊ စေတသိက် အားလုံး၊ နိဗ္ဗာန်၊ ပညတ်များ ပါဝင်သည်လို့ ဓမ္မာရုံဆိုတဲ့အထဲမှာ အဲဒါတွေပါတယ်။

 

ပသာဒရုပ်တွေမှာ ထင်လာတဲ့အာရုံက တစ်မျိုး၊ ဆိုပါစို့ -

 

ရူပါရုံဆိုတာ စက္ခုပသာဒရုပ်မှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာနော်၊

သဒ္ဒါရုံဆိုတာ သောတ ပသာဒမှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာ၊

ဂန္ဓာရုံဆိုတာ ဃာနပသာဒရုပ်မှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာ၊

ရသာရုံဆိုတာ ဇိဝှာပသာဒမှာ ထင်ဟပ်လာတဲ့ အာရုံကို ခေါ်တာ၊

ဖောဋ္ဌဗ္ဗာရုံဆိုတာ ကာယပသာဒမှာ ထင်ဟပ်လာတာကို ခေါ်တာ၊

အဲဒါတွေမှာ မထင်ဟပ်ဘဲနဲ့ စိတ်နဲ့တွေ့တဲ့အာရုံတွေအားလုံးကို ဓမ္မာရုံလို့ ဒီလို ပြောတာနော်။

 

အာရမ္မဏပစ္စည်းကို မြတ်စွာဘုရားက ဟောတဲ့အခါမှာ “ရူပါယတနံ စက္ခုဝိညာဏ-ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” ဆိုပြီးတော့ စက္ခုပသာဒကို မှီ၍ ရူပါရုံကို အာရုံပြုပြီး ဖြစ်တဲ့စိတ်ကလေးကို အဓိက ထားပြီးတော့ မြတ်စွာဘုရားက ဟောတယ်။

 

ရူပါယတနံ - အဆင်းအာရုံလို့ဆိုတဲ့ ရူပါယတနသည်၊

စက္ခုဝိညာဏဓာတုယာ - စက္ခုဝိညာဏဓာတ်အားလည်းကောင်း၊

တံ သမ္ပယုတ္တကာနံ - ထို စက္ခုဝိညာဏဓာတ်နဲ့ယှဉ်တဲ့၊

ဓမ္မာနံ – စေတသိက်တရားတို့အားလည်းကောင်း၊

အာရမ္မဏပစ္စယေန− အာရမ္မဏပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော-ကျေးဇူး ပြုတတ်သည်၊

ဟောတိ - ဖြစ်၏။

 

ဆိုလိုတာက မြင်သိဆိုတဲ့စိတ် ပေါ်လာတာဟာ ရူပါရုံ မရှိဘဲ ပေါ်လို့ မရဘူးလို့ ပြောတာနော်၊ ဆိုပါစို့ Gas မီးခြစ်ထဲက မီးတောက်ကလေး ပေါ်လာတာဟာ ဖိခြစ်မှုဆိုတာလေး မရှိဘဲနဲ့ ပေါ်ပါ့မလား၊ သူ့ဘာသူ Gas မီးခြစ်လေး ဒီအတိုင်း ထားရင် မီးမတောက်ဘူး၊ အကြောင်းတစ်ခု ထပ်ပြီး ထည့်ရတယ်၊ လူ တစ်ယောက်ယောက်က ဖိပြီး ခြစ်လိုက်မယ်၊ အထဲထဲမှာလည်း gasကလည်း ရှိနေ မယ်၊ Condition တွေ စုံသွားပြီဆိုလို့ရှိရင် မီးတောက်ကလေးပေါ်လာတယ်။

 

ဒီမှာလည်းပဲ စက္ခုပသာဒဆိုတဲ့ ပသာဒရုပ်မှာ ရူပါရုံဆိုတဲ့ အာရုံနိမိတ် လာ ထင်လိုက်တာ၊ ထင်လိုက်တာနဲ့ တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်၊ ဒီ စိတ်ကို ဒဿနစိတ် မြင်စိတ်လို့ ပြောတာ၊ မြင်တယ်လို့ ဆိုပေမယ့်လို့ သူ ဘာမြင် တယ်ဆိုတာ မသိနိုင်သေးဘူး။

 

ဥပမာ - ပန်းပွင့်ကလေးတစ်ပွင့်ကိုကြည့်လိုက်လို့ ပန်းပွင့်ကလေးနဲ့ မျက်စိ တိုက်ဆိုင်သွားမှုလေး၊ ဒီပန်းပွင့်ဆိုတဲ့ အာရုံကို ရယူမှုကို မြင်တယ်လို့ ပြောတာ၊ တကယ်မြင်တယ်လို့ ပြောနိုင်တဲ့အဆင့်ကတော့ စိတ်ပေါင်းများစွာ ဖြစ်ပြီးမှ ပြောလို့ ရတာ၊ ဒါကြောင့် ဒီမြင်သိစိတ်လေးက ဘာမှ မသိသေးဘူး၊ ဆိုလိုတာက အမြင် တံခါးကို စ,ဖွင့်လိုက်တဲ့သဘောလောက်ပဲ ရှိသေးတယ်နော်၊ သူ ဘာမှ သိသေးတာ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆို အင်မတန်အားနည်းတယ်၊ ဒါ စိတ်ဖြစ်စဉ်လေးကို ကြည့်ရမယ်၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံကိုမြင်တယ်လို့ဆိုတာ ပစ္စုပ္ပန် ရူပါရုံကိုသာ မြင်လို့ရတယ်။

 

ပစ္စုပ္ပန်ဆိုတာ ယခုလောလောဆယ်ဖြစ်တဲ့ အကြောင်းကို စွဲပြီးတော့ ဖြစ် လာတာ၊ ကြည့် - ပန်းပွင့်လေးတစ်ပွင့်ကို မြင်တယ်ဆိုပါစို့၊ ပန်းပွင့်လေးတစ်ပွင့် သည် ပထမ ဘယ်မှာလာပြီးတော့ reflect ဖြစ်သလဲ၊ မျက်လုံးထဲမှာ reflect လာ ဖြစ်တယ်၊ အဲဒီ reflect လာဖြစ်တာဟာ တိုက်ခိုက်မှုတစ်ခုနော်၊ ဥပမာ - စည်ကို တုတ်ကလေးနဲ့ ရိုက်လိုက်တဲ့အခါ အသံထွက်လာသလိုပဲ၊ ဒီအဆင်းအာရုံလေးက မျက်လုံးကိုလာပြီး reflect ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက အသိစိတ်လေး ဘွားကနဲပေါ်လာတယ်။

 

သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ရူပါရုံက မျက်စိကို လာတိုက်တာ ဘာမျှ မဖြစ်လောက်ဘူးလို့ ဒီလိုထင်ကောင်းထင်မယ်၊ အဲဒါက ထိခိုက်မှုလေးပဲ၊ အာရုံက ဒီမှာ လာထင်ဟပ်တာသည် ထိခိုက်မှု၊ အင်မတန်သိမ်မွေ့တဲ့ ထိခိုက်မှုပင် ဖြစ်စေကာမူ မြင်သိစိတ်ကို ပေါက်ဖွားစေနိုင်တယ်၊ ဒါဖြင့် ဒီမြင်သိစိတ် (စက္ခု ဝိညာဏ်စိတ်) က ဘယ်မှာရှိနေတာတုန်း၊ စက္ခုပသာဒရုပ်ထဲ မျက်လုံးထဲမှာ ရှိနေတာလား၊ လာပြီးတော့ တိုက်တဲ့ ရူပါရုံထဲမှာ ရှိနေတာလားဆိုတော့ ဘယ်မှာမှ မရှိဘူး။

 

ဘယ်လိုဥပမာနဲ့ နားလည်ရတုန်းဆိုရင် စည်ကို တုတ်ကလေးနဲ့ ရိုက်နှက် တဲ့အခါ မြည်တဲ့အသံသည် စည်ထဲမှာ ရှိတာလား (သို့မဟုတ်) တုတ်ထဲမှာ ရှိတာ လားလို့ မေးမယ်ဆိုရင် စည်ထဲမှာလည်း မရှိဘူး၊ တုတ်ထဲမှာလည်း မရှိဘူး၊ ဒါဖြင့် ဘယ်ကနေ ရောက်လာတာတုန်းဆို စည်နဲ့တုတ် ပေါင်းစပ်မိသွားလို့ ထိခိုက်မှု စွမ်းအားကြောင့် ပေါ်လာတဲ့အသံမျှသာဖြစ်တယ်၊ အဲဒီတော့ ဒီစက္ခုဝိညာဏ်စိတ်ဟာ ဘယ်မှာမှ ရှိနေတာ မဟုတ်ဘူး၊ အဆင်းအာရုံနဲ့မျက်စိ ထိခိုက်မှုကြောင့် ပေါ်လာတယ်ဆိုတာ ဘယ်လောက် ထင်ရှားသလဲနော်။

 

ပန်းကလေးတစ်ပွင့်ကို ကြည့်လိုက်တယ်၊ အဲဒီပန်းကလေးက မျက်လုံးကို လာပြီး တော့ ထင်ဟပ်လိုက်တာဟာ ထိခိုက်လိုက်တာပဲ၊ အဲဒီထိခိုက်မှုစွမ်းအားကြောင့် မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဏ်လေး ပေါ်လာတယ်၊ တစ်ခါထိ တစ်ခါပေါ်မယ်၊ နှစ်ခါထိ နှစ်ခါပေါ်မယ်၊ ပေါ်ပြီးရင် ပျောက်သွားပြီ၊ ပန်းလို့ သူမသိဘူး၊

 

သို့သော် မျက်စိထဲမှာ လာပြီးတော့ ထင်လိုက်တာလေးကို ဒီစက္ခုဝိညာဏ်စိတ်က ယူလိုက်တယ်၊ ရူပါရုံက မျက်စိမှာ လာပြီးတော့ ထင်ဟပ်မှု မရှိဘူးဆိုလို့ရှိရင် မြင်သိစိတ် ပေါ်နိုင်ပါ့မလား၊ မပေါ်နိုင်ဘူး၊ ဒါကြောင့်မို့ ရူပါရုံသည် စက္ခုဝိညာဏ် စိတ် မြင်သိစိတ် ပေါ်ဖို့ရန်အတွက် သူက ကြီးမားတဲ့စွမ်းရည်သတ္တိတစ်ခု ပေးလိုက် တာလို့ ပြောတာ။

 

ရူပါရုံကို မှီပြီးတော့ စက္ခုဝိညာဏ်စိတ်ကလေးက ဘွားကနဲပေါ်လာတာ၊ သူမပါရင် ပေါ်လို့ မရဘူးလို့ ဆိုလိုတာ၊ မျက်စိကတော့ ရှိနေတာပဲလေ၊ ဥပမာ - မှိတ်ထားတယ်၊ မျက်စိကို ဘာမျှ လာမထင်ဘူးဆို မြင်သိစိတ်ပေါ်ပါ့မလား၊ မပေါ်ဘူး၊ အပြင်ဘက်က အာရုံတစ်ခုတည်းနဲ့လည်း မပေါ်ဘူး။

 

ဒါကြောင့်မို့ သုတ္တန်တွေမှာလည်း မြတ်စွာဘုရားက “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဒီလိုပဲ ဟောတာပဲ၊ “မျက်စိနဲ့ ရူပါရုံ နှစ်ခုဆုံမိလိုက်တဲ့ အခါမှာ ဒီနှစ်ခုဆုံမိမှုကို အကြောင်းပြုပြီး မြင်သိစိတ်လေးပေါ်လာတာပါ” လို့ ဟောတယ်၊ စည်နဲ့တုတ်နဲ့ ရိုက်လိုက်လို့ အသံပေါ်လာတယ်၊ ဒီသဘောကို ပြောတာ နော်။

 

အဲဒီမှာ တုတ်က ဘာနဲ့တူတုန်းဆိုတော့ အာရုံနဲ့ တူတယ်၊ စည်မျက်နှာပြင်က ဘာနဲ့တူတုန်းဆို စက္ခုပသာဒရုပ်နဲ့ တူတယ်၊ တုတ်ကလေးက စည်မျက်နှာပြင်ပေါ် ကျလိုက်တာနဲ့ တစ်ပြိုင်နက် အသံလေး ပေါက်ဖွားမလာဘူးလား၊ အဲဒီတော့ တုတ်ရဲ့အခန်းကဏ္ဍကို သိရတယ်၊ တုတ်ဆိုတဲ့ဒီအရာကနေ လာထိခိုက်သည့် အတွက်ကြောင့် အသံလေးဟာ ပေါ်လာတယ်၊ ဒီအသံလေးသည် တုတ်ကိုမှီပြီး အစွဲပြုပြီး ပေါ် ရတယ်လို့ ဒီလို ပြောတာ၊ အဲဒါအာရမ္မဏသတ္တိတဲ့၊ အာရမ္မဏသတ္တိ ကြောင့် ပေါ်လာတဲ့စိတ်ကလေး။

 

ဒါဖြင့် ကောင်းပြီ - ပန်းကလေးတစ်ပွင့်ကို ကြည့်မယ်ဆိုရင် ဥပမာ - ပန်းအိုးထဲမှာ ပန်းတစ်ပွင့်ကိုကြည့်လိုက်၊ မျက်စိထဲမှာပေါ်လာတဲ့ ပန်း (အာရုံ)ရဲ့ သက်တမ်းက ဘယ်လောက်ရှည်မလဲ၊ ကြည့်နေမယ်ဆိုရင် ပန်းကလေးတစ်ပွင့် ပန်းအိုးထဲမှာ ထည့်ထားမယ်၊ တစ်ရက်ခံရင် တစ်နေကုန် မြင်နေရမယ်၊ နှစ်ရက်ခံရင် နှစ်ရက်လုံး မြင်နေရမယ်၊ ဘာမျှ မပြောင်းလဲဘူးလို့ ဒီလို ထင်ကောင်း ထင်လိမ့်မယ်နော်။

 

အဘိဓမ္မာသဘောအရ ပြောမယ်ဆိုလို့ရှိရင် မျက်စိမှာထင်လာတဲ့ ပန်းဆိုတဲ့ အဆင်း အာရုံလေးရဲ့သက်တမ်းဟာ ဘယ်လောက်ပဲ ရှိတုန်းဆိုလို့ရှိရင် နားလည် လွယ်အောင် လို့ပြောမယ်၊ သူ့ရဲ့သက်တမ်းလေးဟာ စိတ် ၁၇-ချက်နဲ့ ညီမျှတယ်၊

 

ဆိုလိုတာက ဘာကို ပြောတာတုန်းဆိုလို့ရှိရင် စက္ကန့်ပေါင်း-၅၁ ချက်၊ စိတ်တစ်ခု မှာ စက္ကန့်သုံးခုနဲ့ တွက်ကြည့်လိုက်၊ စိတ် ၁၇-ခုဆိုလို့ရှိရင် စက္ကန့်ပေါင်း ဘယ်လောက် ဖြစ်မတုန်း၊ ၅၁-စက္ကန့်၊ အဲဒီမျက်စိထဲမှာ လာထင်ဟပ်တဲ့ အဆင်းရူပါရုံရဲ့ သက်တမ်းသည် ၅၁-စက္ကန့်ပဲ ရှိတယ်ပေါ့၊ ဒီလို ဆိုလိုတယ်၊ ခဏငယ်-၅၁ ခု ပဲ ရှိတယ်၊

 

(စက္ကန့်နဲ့ ပြောတာက နားလည်အောင် ပြောတာ၊ ဒီ့ထက်တိုတယ်လို့ မှတ်ထားပေါ့၊ ပိုပြီးတော့ ရှင်းအောင်လို့ ၅၁-စက္ကန့်၊ စက္ကန့်သုံးခုသည် စိတ်တစ်ခု စက္ကန့်သုံးခုသည် စိတ်တစ်ခုနှုန်းနဲ့ တွက်လိုက်လို့ရှိရင် စိတ်ပေါင်း ၁၇-ချက် ချုပ်ပြီးတော့ ဖြစ်ပြီး ပျက်သွားပြီ၊)

 

ဒီရူပါရုံလေးရဲ့သက်တမ်းက အဲဒီလောက်ရှည်တယ်လို့ ဒီလို ပြောတာ၊ ရုပ်သက်က ရှည်တယ်၊ စိတ်အသက်က တိုတယ်။

 

စက္ခုဝိညာဏ်စိတ်က အဲဒီသက်တမ်းကာလရှိတဲ့ ပစ္စုပ္ပန်ရူပါရုံကို အာရုံ ပြုတယ်၊ ၁-စက္ကန့်က ၅၁-အထိ ဒီသက်တမ်းအတွင်းကို ပစ္စုပ္ပန်လို့ ခေါ်တယ်၊ ဒါ ပစ္စုပ္ပန်ရူပါရုံကို မြင်တယ်လို့ ပြောတာ၊ အဲဒီ ၅၁-စက္ကန့် စေ့သွားတာနဲ့ တစ်ပြိုင်နက် ချုပ်သွားပြီ၊ မရှိတော့ဘူး၊ နောက်ထပ်ပြန်မြင်တာက တွေးပြီးတော့ ကြည့်တာ၊ နောက်က စိတ်ကနေ ပြန်ပြီးတော့ကြည့်တာ။

 

ပြန်တွေးကြည့်တဲ့ အဆင်းအာရုံကို concept လို့ ခေါ်တယ်၊ စိတ်ထဲရဲ့ ကြံတွေးချက် သာ ဖြစ်တယ်၊ အစစ်မဟုတ်တော့ဘူး၊ အစစ်ရဲ့ သက်တမ်းလေးက (စိတ် ၁၇-ချက်) ခဏငယ် ၅၁-ချက်ပဲ ရှိတယ်၊ ပြီးတာနဲ့ သူက ချုပ်သွားပြီ၊ ဒါ ပြန်ကြည့်ရင်တော့ ပြန်မြင်တာပေါ့၊ တစ်ခါမြင်တဲ့ အဆင်းရုပ်ရဲ့ သက်တမ်းကို ပြောတာ၊ နောက်ထပ် ကြည့်တာ နောက်ထပ်သက်တမ်း၊ မရပ်မနားကြည့်နေရင် သူ့ သက်တမ်းလေးက ဒီတိုင်းပဲ သွားနေမှာပဲ၊ စိတ်ခဏငယ် ၅၁-ချက်ပြည့်ရင် ပျက်သွားပြီ၊ ဒီ့ထက်ပိုပြီးတော့ သက်တမ်းမရှည်ဘူး။

 

အဘိဓမ္မာအရ ဒီသဘာဝကို သိရတယ်၊ သို့သော် ဝိပဿနာ ဉာဏ်နဲ့မှ ဒီထိအောင် မြင်နိုင်တယ်တဲ့၊ ဒီလောက် လျင်လျင်မြန်မြန် ပျက်စီးနေတယ် ဆိုတာ တွေကို နောက်ကျတော့ သဘောပေါက်လာနိုင်တယ်၊

 

ဆိုပါစို့ - သမာဓိ ကောင်းကောင်းရပြီးတော့ ဝိပဿနာဉာဏ်တက်လာတဲ့ ယောဂီတွေမှာ ဘယ်လိုထိအောင် မြင်လာတုန်းဆိုလို့ရှိရင် ကြည့် - ယားတာတို့ နာတာတို့ ပေါ်လာတဲ့အခါမှာ သာမန်ကြည့်ရင် ယားတယ်၊ ဒလစပ်ကြီး ယားနေတယ် ထင်တယ်နော်၊ ပင်ကိုယ် လူတွေက ယားရင် ကုတ်လိုက်တာပဲ။ ယားတဲ့နေရာလေးကို . စိုက်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် အဲဒီယားမှုလေးသည် ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်ဆိုတာ တွေ့ရလိမ့်မယ်၊

 

သွားကိုက်နေတဲ့အခါမှာ သွားကိုက်တာ အမလေးနာလိုက်တာဆိုပြီးတော့သာ ဖြစ်နေတယ်၊ သွားကိုက်တာကို သေချာ အာရုံစူးစိုက်ပြီး ကြည့်လိုက်မယ်ဆိုရင် နာလိုက် ပျောက်လိုက်၊ နာလိုက် ပျောက်လိုက်ပဲ၊ အဲဒီမှာ အပိုင်းပိုင်းအပြတ်အပြတ် ပြတ်နေတာ၊ သူ့ ရဲ့ moment ကလေးနဲ့သူ တရစပ်ဖြစ်နေတာ။

 

ထို့အတူပဲ မျက်စိကမြင်ရတဲ့ အဆင်းအာရုံလေးရဲ့ သက်တမ်းသည် ၅၁-စက္ကန့် (သို့မဟုတ်) ခဏငယ်-၅၁ ချက် ရှည်တယ်၊ အဲဒီပစ္စုပ္ပန်ရူပါရုံဆိုတဲ့, မျက်စိ ထဲမှာ လာထင်ဟပ်လာတဲ့ အာရုံလေးနဲ့ စိတ်ပေါင်း ဘယ်လောက် အလုပ်လုပ်သွား ကြသလဲဆိုရင် စိတ်ပေါင်း ၁၇-ခု အလုပ်လုပ်သွားတယ်၊ အဲဒီစိတ်ပေါင်း ၁၇-ခု သည် ရူပါရုံဆိုတဲ့ အာရုံကြိုးတန်းလေးနဲ့ သူတို့က ရှင်သန်သွားကြတယ်၊ ရူပါရုံ ဆိုတဲ့ ကြိုးတန်းလေးကို ဆွဲပြီး ပေါ်လာကြတာ။

 

ဒီမှာ မြတ်စွာဘုရားက “ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ဒီလို စက္ခုဝိညာဏ်စိတ် ပေါ်ပုံကို ဟောတာ။

 

ကဲ စက္ခုဝိညာဏ်စိတ်ရဲ့ရှေ့မှာ ဘာစိတ်ရှိတုန်းလို့ဆိုရင် စဉ်းစားကြည့်ပေါ့၊ process ဆိုတာ နေရာတိုင်းမှာ ရှိတယ်၊ ဒါလေးက သဘာဝကို သေချာကျကျနန စဉ်းစားကြည့်၊ မျက်စိကို အာရုံက လာတိုက်တဲ့အခါ လာတိုက်တိုက်ချင်း မြင်တာ မဟုတ်ဘူး၊ ဆင်ခြင်မှုဆိုတာလေး ပါသေးတယ်၊ attention ပေါ့၊ အာရုံ စိုက်လိုက်တာလေးတစ်ခု ပါလာရမယ်၊ အဲဒီမျက်စိပေါ်မှာ အဆင်းအာရုံ လာဆုံတဲ့ အခါမှာ အာရုံစိုက်တဲ့စိတ်က အရင်ပေါ်တယ်၊ မြင်တဲ့စိတ်က နောက်မှလာတာ၊

 

ဒါကြောင့်မို့ လူတွေ ပြောကြတယ် မဟုတ်လား၊ အထူးသဖြင့် လေယာဉ်ပျံစီးတဲ့ အခါကျရင်လေ၊ “May I have your attention please” “ကျေးဇူးပြု၍ နားဆင်ပါ” ဆိုတာ၊ နို့မို့ဆို ကြားချင်မှကြားတာလေ၊ အဲဒါ attention ပဲ၊ အဲဒီ attention ကို ဘာခေါ် တုန်းလို့ ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်၊ မခေါ်တတ်လို့ရှိရင် အာဝဇ္ဇနလို့ အတိုခေါ်လိုက်၊ အာဝဇ္ဇနဆိုတာ နှလုံးသွင်းစိတ်လို့ ပြောရမယ်၊ (တရားနှလုံးသွင်း တဲ့စိတ် မဟုတ်ဘူး)၊ အာရုံကို တံခါးဖွင့်ပေးတဲ့စိတ်ကို ပြောတာနော်။

 

အဲဒီအာရုံကို တံခါးဖွင့်ပေးတဲ့စိတ်ကိုပဲ မနောဓာတ်လို့လည်း ခေါ်တယ်၊ ဒါကြောင့်မို့ “ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ ယာ တံ သမ္ပ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” ဆိုပြီး ဆက်ဟောတယ်။

 

အဲဒီတော့ မျက်စိကို ရူပါရုံက တိုက်ဆိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်သူ အရင် ဝင်လာတုန်းဆိုတော့ မနောဓာတ်ဆိုတဲ့ အာဝဇ္ဇန်းစိတ် အရင်ဝင်လာတယ်၊ ရူပါရုံက မျက်စိမှာ လာတိုက်လည်းပဲ သူအရင်ပေါ်တယ်၊ နားမှာ အသံက လာတိုက်လည်း သူအရင်ပေါ်တယ်၊ နှာခေါင်းမှာ အနံ့လာတိုးလည်း သူအရင်ပေါ် တယ်၊ လျှာမှာ အရသာနဲ့တွေ့လည်း သူအရင်လာပေါ်တယ်၊ ခန္ဓာကိုယ်မှာ တစ်ခုခု ထိရင်လည်း သူအရင်ပေါ်တယ်၊ သူက တံခါးဖွင့်ပေးတဲ့စိတ်။

 

ဆိုလိုတာက new object ကို welcome လုပ်တယ်ပေါ့၊ object တစ်ခုကို ကြိုဆိုလိုက်တာပဲ၊ ဒီ object က အသစ်ဝင်လာတဲ့ object လေ၊ အသစ်ဝင်လာ တာ၊ နဂိုရှိတဲ့ object မဟုတ်ဘူး၊ နဂိုမွေးရာပါ object က ဘာတုန်းဆိုရင် ပဋိသန္ဓေ စိတ်ရဲ့ object က မွေးရာပါ၊ အိပ်နေတဲ့အချိန် ဘဝင်စိတ်နဲ့ စုတိစိတ်တို့ကလည်း ပဋိသန္ဓေစိတ်ရဲ့ object ကို ဆက်ယူတယ်၊ ဒါကြောင့်မို့ ဘဝင်စိတ် စုတိစိတ်တွေရဲ့ object ကလည်း မွေးရာပါ၊ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တွေရဲ့ object သည် တစ်သက်တာမှာ ပြောင်းလဲလို့ မရဘူး၊ ဘဝဆိုတာ ဒါပဲ။

 

သို့သော် ကျန်တဲ့ object တွေက ယခုပစ္စုပ္ပန်နဲ့ ဆိုင်တယ်၊ ပစ္စုပ္ပန်အချိန်မှာ လူတွေမှာ အာရုံကိုယူတတ်တဲ့ရုပ်တွေ ရှိသည့်အတွက်ကြောင့် ထိုရုပ်တွေနဲ့ အပြင်ဘက်က အာရုံတွေ ဆက်သွယ်တယ်၊ ပဋိစ္စသမုပ္ပါဒ်လည်း ဒါ ဟောတာပဲ၊ “သဠာယတနပစ္စယာ ဖဿော”တဲ့၊ ဆက်သွယ်မိသွားတာ။

 

အဲဒီတော့ မျက်စိကို အဆင်းအာရုံက လာပြီး ထိလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက အဲဒီအာရုံကို attention လုပ်တဲ့စိတ်၊ နှလုံးသွင်းတဲ့စိတ်၊ စိတ်ထဲမှာ ထည့် လိုက်တဲ့စိတ်က အာဝဇ္ဇနစိတ်၊ ဒီစိတ်က မျက်စိမှာတင် မဟုတ်ဘူး၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ်၊ ၅-ဒွါရလို့ ခေါ်တယ်၊ ဒွါရဆိုတာ တံခါး၊ လူ့ရဲ့ခန္ဓာကိုယ်မှာလည်း တံခါးပေါက်လို့ ပြောတာပဲနော်၊ ပြင်ပအာရုံတွေ ဝင်လာတဲ့ တံခါးပေါက်တွေပဲ၊ ဒီတံခါးပေါက်တွေ မရှိရင် မဝင်နိုင်ဘူး။

 

အဲဒီပြင်ပအာရုံတွေဝင်တဲ့ တံခါးပေါက်က နေပြီး အပြင်အာရုံတစ်ခုခု ဝင်ပြီး တိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ပထမဆုံး ဆင်ခြင်တဲ့စိတ် ပေါ်တယ်၊ အဲဒီ ဆင်ခြင်တဲ့ စိတ်ကို အာဝဇ္ဇနလို့ ခေါ်တယ်၊ အဲဒီစိတ်က ၅-ဒွါရမှာ ဆင်ခြင်တာ ဖြစ်သောကြောင့် ပဉ္စဒွါရအာဝဇ္ဇနတဲ့နော်၊ Attention conciousness in five door များသောအားဖြင့် ပြန်ကြတာ၊ Five door မှာ attention လုပ်တယ်၊ အဲဒီလို attention လုပ်ပြီးတဲ့ အခါကျမှ မြင်သိစိတ်ဆိုတာ ပေါ်လာတယ်။

 

ကဲ မြင်သိစိတ်က ပေါ်လာပြီ၊ attention လုပ်တဲ့စိတ်က ဘယ်မှာ ရှိနေတုန်းဆိုရင် သူက ဟဒယဝတ္ထုဆိုတဲ့ တခြားမှီရာတစ်ခုမှာ ရှိနေတယ်၊ ဟဒယဝတ္ထု ကို မှီပြီးတော့ ဖြစ်တယ်။

 

ဝတ္ထုရုပ် ၆-ပါး ရှိတယ်၊ စက္ခု၊ သောတ ဃာန ဇိဝှာ ကာယ ဟဒယ တဲ့၊ ဟဒယဆိုတာ ကျန်တဲ့စိတ်တွေရဲ့မှီရာဝတ္ထုလို့ ဒီလိုပဲ မှတ်ထား၊ ဒီ attention လုပ်တဲ့စိတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)က ဟဒယဝတ္ထုကို မှီဖြစ်တယ်၊ အဲဒီဟဒယဝတ္ထုမှာ ဘဝင်စိတ်ရဲ့အစဉ်ကို ဖြတ်တောက်ပြီး သူက ပေါ်လာတယ်၊ အသစ်အာရုံဝင်လာ သည့်အတွက်ကြောင့် ပေါ်လာတာ။

 

အသစ်အာရုံ မဝင်ရင် မူလဘဝင်စိတ်က ယူနေကျအာရုံနဲ့ အမြဲတမ်းသွား နေမှာပဲ၊ အာရုံအသစ်ဝင်လာရင် တစ်မျိုးဖြစ်တာပဲ၊ အသစ်မဝင်လို့ရှိရင် ပဋိသန္ဓေ စိတ်နဲ့တူတဲ့ ဘဝင်စိတ်အစဉ်က သွားနေတာ၊ Non-stop ပဲ။

 

သို့သော် အသစ်အာရုံဝင်လာတာနဲ့ ဘဝင်က cut out ဖြစ်သွားတယ်၊ ပြတ်ထွက် သွားတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် အသစ်အာရုံရဲ့ ဖိအားကြောင့် သူက ပြတ်သွားတာ၊ ပြတ်သွားပြီး နောက်ထပ်အာရုံအသစ်နဲ့ ဆက်သွယ်တဲ့စိတ်တွေ ပေါ်လာတယ်၊ ဒီလို နားလည်ရတာနော်၊ ဘဝင်စိတ်အစဉ် ပြတ်သွားတယ်။

 

အဲဒီအချိန်လေးမှာ ပြတ်ထွက်သွားပြီးတော့ ဒီအာရုံကို နှလုံးသွင်းဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ပေါ်လာတယ်၊ ပြီးတော့ မြင်သိစိတ် စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်။

 

မြင်သိစိတ်နောက် ဘာပေါ်တုန်းဆိုရင် သမ္ပဋိစ္ဆနဆိုတဲ့ လက်ခံတဲ့စိတ်၊ အာရုံကို လက်ခံလိုက်တာ၊ စိတ်မှာလည်း လက်ခံတဲ့စိတ် ရှိသေးတယ်၊ လက်ခံလိုက်တယ် ဆိုတာ အာရုံကို အသိအမှတ်ပြုလိုက်တာကို ပြောတာနော်၊ အသိ အမှတ်ပြုလိုက်တဲ့ သမ္ပဋိစ္ဆိန်းစိတ် ပေါ်တယ်။

 

ပါဠိစာပေနဲ့ မရင်းနှီးတဲ့ပုဂ္ဂိုလ်ဆိုရင် ဒီဝေါဟာရတွေက ခက်တယ်ပေါ့၊ သမ္ပဋိစ္ဆန ဆိုတာ လက်ခံစိတ်၊ ဒီလိုပဲ မှတ်လိုက်၊ အာရုံအသစ်ဝင်လာရင် လက်ခံ လိုက်တယ်၊ ပထမက အာဝဇ္ဇနဆိုတာ တံခါးဖွင့်ပေးလိုက်တဲ့စိတ်၊ စက္ခုဝိညာဏ် စိတ်ဆိုတာ မြင်တဲ့စိတ်၊ သမ္ပဋိစ္ဆနဆိုတာ လက်ခံတဲ့စိတ်၊ အဲဒီသမ္ပဋိစ္ဆနလို့ ခေါ်တဲ့ လက်ခံစိတ်ရယ် တံခါးဖွင့်ပေးတဲ့စိတ်ရယ် အဲဒီစိတ်နှစ်ခုကို မနောဓာတ်လို့ ခေါ်တယ်၊ သူတို့စွမ်းရည် သတ္တိတွေက အများကြီး မရှိဘူး၊ သူတို့လုပ်နိုင်တာ ဒါပဲ၊ ဒီ့ထက် ပိုမလုပ်နိုင်ဘူး၊ ဒါ သူတို့ရှေ့ပိုင်းက လုပ်တာ။

 

ကားမောင်းတတ်တဲ့လူတွေ သိတယ်၊ starter ဖွင့်လိုက်တဲ့အခါ battery က ဘာလုပ်တာလဲ၊ သူ့ရဲ့စွမ်းအား engine ကို စလို့ရအောင် လုပ်ပေးတာ မဟုတ်လား၊ ဒီပုံစံမျိုး၊ သူကလည်း အဲဒီလိုပဲ၊ ဖွင့်ပေးတာပဲရှိတာ၊ ဖွင့်ပေးလိုက်တဲ့အခါ သမ္ပဋိစ္ဆန ဆိုတဲ့စိတ် ပေါ်လာတယ်၊ ဒါတွေက automatically သွားတာ၊ ဒါက order of mind စိတ္တနိယာမလို့ ခေါ်တယ်၊ ဘယ်စိတ်ပြီးရင် ဘယ်စိတ်ဖြစ်ရမယ်၊ ဘယ် စိတ်ပြီး ဘယ်စိတ်ဖြစ်ရမယ်ဆိုတဲ့ process က order of mind ပဲ၊ mental order လို့ ခေါ်တယ်၊ စိတ္တနိယာမ၊ သူက နိယာမနဲ့ သွားတယ်။

 

ကဲ နိယာမနဲ့ သွားနေတယ်ဆိုတာ ဒိပြင်နေရာတွေ ကြည့်ပေါ့၊ ဆောင်းရာသီ ပွင့်တဲ့ပန်းက ဆောင်းလည်း ရောက်လာရော သူက အဖူးလေးတွေ အပွင့် လေးတွေ ဖြစ်လာတယ်၊ မိုးရာသီပွင့်တဲ့ပန်းကလည်း မိုးလေးကျလာတာနဲ့ အဖူးလေး အပွင့်လေး ဖြစ်လာတယ်၊ သူတို့ကို ဘယ်သူက ခိုင်းနေတုန်း၊ ဘယ်သူကမှ မခိုင်းဘူး။

 

မနက်မိုးလင်းရင် နေကြီးက ထွက်လာတယ်၊ ညနေကျ ဝင်သွားတယ်၊ ဘယ်သူက ခိုင်းနေတုန်း ဘယ်သူမှ မခိုင်းဘူး၊ automatically run နေတာ၊ သစ်ပင်တွေလည်းပဲ ဟေ့ ဖူးကြဟေ့၊ ပွင့်ကြဟေ့လို့ သွားနှိုးရသေးလား၊ (နှိုးရ တာတော့ လူတွေပဲ၊ မနက်တိုင်ကျ အိပ်ပျော်နေရင် နှိုးရတယ်)၊ ဒိပြင် ဟာတွေက by order ပဲ၊ ဟုတ်ရဲ့လား၊ သူ့ အကြောင်းနဲ့သူ သွားနေပြီးတော့ ဒီလို နေကြတာ၊ စိတ်မှာလည်းပဲ စိတ္တနိယာမဆိုတာ ရှိတယ်၊ အင်္ဂလိပ်လို process လို့ ခေါ်တယ်၊ ပါဠိလို ဝီထိလို့ ခေါ်တယ်၊ စိတ်ဖြစ်စဉ်တစ်ခု။

 

ဝီထိဆိုတာ အထူးအဆန်း မဟုတ်ဘူး၊ ဘယ်အရာပဲ ဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုနဲ့ လာတာပဲ၊ ဘုန်းကြီးတို့တတွေရဲ့ ခန္ဓာကိုယ်က ဘယ်က စလာလဲ၊ ကလလ ရေကြည်လေးက စတာ၊ ဒီကလလရေကြည်က ဝုန်းကနဲ ဖြစ်လာတာ မဟုတ်ဘူး၊ ကလလရေကြည်ဘဝနဲ့ ၇-ရက်၊ ပြီးရင် ဘာဖြစ်လဲ၊ အဗ္ဗုဒဆိုတဲ့ အဆင့်ကို ပြောင်းတယ်၊ ၇-ရက်ပြီးရင် အဗ္ဗုဒအဆင့်ကနေပြီးတော့ ပေသိဆိုတဲ့ အဆင့်ကို ပြောင်းတယ်၊ embryology မှာလည်း ဒီအတိုင်းပဲ ပြထားတာ၊ ဗုဒ္ဓရဲ့ကျမ်းစာနဲ့ အတူတူပဲ။

 

ကြည့် - ပန်းပင်ကလေးတွေပဲ ကြည့်လိုက်၊ ပန်းပင်က အပွင့်ကလေး ပွင့်လာတယ်ဆိုတာ ချက်ချင်းပွင့်တာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး၊ ပထမ အဖူးအငုံ အသေးလေး ပေါ်လာတာ၊ ပြီးတော့မှ အငုံက ရင့်လာတာ၊ ရင့်လာပြီးတော့မှ ပွင့်တာ၊ ဒါ process ပဲ။

 

စိတ်လည်း ဒီအတိုင်းပဲ process နဲ့ပဲနော်၊ ပန်းပွင့်တစ်ပွင့်မှာ process ရှိသလိုပဲ စိတ်မှာလည်း process ရှိတယ်၊ စိတ်က သူက အပိုင်းလိုက် အပိုင်းလိုက် ပေါ်သွားတာ၊ စိတ်တွေအများကြီး၊ တစ်စိတ်တည်းလို့ မခေါ်ဘူး၊ သူ့ moment က စိတ်တစ်မျိုး၊ သူ့ moment က စိတ်တစ်မျိုး၊ အဲဒီလိုသွားတာ။

 

ကဲ အာရုံထင်လာပြီး မျက်စိက ပန်းပွင့်ကို မြင်တယ်ဆိုပါစို့၊ အဲဒီပန်းပွင့် ဆိုတဲ့ ရူပါရုံလေးဟာ စက္ခုပသာဒကို လာထင်ဟပ်လိုက်တာနဲ့တစ်ပြိုင်နက် တံခါး ဖွင့်ပေးတဲ့စိတ်က ဖျတ်ခနဲ ဖွင့်လိုက်ပြီ၊ ဖွင့်ပြီးရင် သူမရှိတော့ဘူး၊ သူ့ကိစ္စပြီးသွားပြီ၊ သူက ဖွင့်ပေးရုံပဲ၊ ဖွင့်ပေးပြီး သူချုပ်သွားပြီ။

 

ချုပ်သွားတော့ သူဖွင့်ပေးလိုက်တဲ့နောက်က follow လိုက်လာတာ ဘယ်သူ တုန်းဆိုရင် မြင်သိစိတ်၊ စက္ခုဝိညာဏ်စိတ်ကလေးက follow လိုက်လာတယ်၊ သူက လည်းပဲ 3 seconds ပဲ။ 3 seconds နဲ့ သူက ချုပ်သွားပြီ၊ သူကလည်း ရှေ့စိတ် ပြတ်သွားတာ သူ မမြင်လိုက်ဘူး၊ နောက်စိတ်ဖြစ်လာတာ သူ မမြင်လိုက်ဘူး၊ အနန္တရပစ္စယောဆိုတာ အဲဒါကို ပြောတာနော်၊ အနန္တရပစ္စယောဆိုတာ ဒီစိတ် ကလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ ဘာမျှအခြားမရှိဘူး၊ တစ်ခုပြီးတစ်ခု၊ ရှေ့စိတ် ချုပ်သွားမှ နောက်စိတ်ဖြစ်တယ်ဆိုတာ အနန္တရပစ္စယောပဲ။

 

ကြည့် - မြင်သိစိတ်က သူ့ဟာသူဖြစ်ပြီး သူ့ သက်တမ်းလေးနဲ့သူ ချုပ် သွားတယ်၊ သူချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် နောက်စိတ်က ဘွားကနဲပေါ်တယ်၊ သူ ချုပ်ခြင်း သည် အကြောင်း၊ အနန္တရသတ္တိ လို့ ခေါ်တယ်၊ သူ နေရာ ဖယ်ပေး လိုက်တာနဲ့ ဟိုကနေရာ ဝင်ယူတယ်၊ တောက်လျှောက်အစားဝင်တယ်၊ ဖယ်ပေး လိုက်ရင် အစား ဝင်လာတာပဲ ချက်ချင်း။

 

ပုလင်းထဲမှာ တစ်ခုခုထည့်ထား၊ အရည်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ထည့်၊ အဲဒီ အရည်တွေ သွန်ပစ်လိုက်ရင် ပုလင်းထဲ ဘာဝင်လာလဲ၊ လေဝင်လာတာပဲ၊ တစ်ခု သွားရင် တစ်ခုလာမှာပဲ၊ သေချာတယ်နော်။

 

အဲဒါမျိုးလိုပဲ မြင်သိစိတ်ကလေး ချုပ်သွားတာနဲ့ တစ်ပြိုင်နက် လက်ခံတဲ့စိတ် ပေါ်လာတယ်၊ သမ္ပဋိစ္ဆိန်း၊ သူကလည်း ၃-စက္ကန့်ပြည့်ရင် ချုပ်သွားတယ်၊ သူချုပ် သွားတာနဲ့ တစ်ပြိုင်နက် စုံစမ်းတဲ့စိတ် ပေါ်လာတယ်၊ သန္တီရဏ လို့ ခေါ်တယ်။

 

စုံစမ်းတဲ့စိတ် ချုပ်သွားတဲ့အခါ ဆုံးဖြတ်တဲ့စိတ် ပေါ်လာတယ်၊ ဒါက ဝုဋ္ဌော (ဝေါဋ္ဌဗ္ဗန)၊ အဲဒီစိတ်ချုပ်သွားတဲ့အခါ အာရုံရဲ့အရသာကို ခံစားတယ်ဆိုတဲ့စိတ်က ထပ်ထပ်ပြီး ဖြစ်တယ်၊ အဲဒီအာရုံဆိုတဲ့ ကြိုးတန်းလေးပေါ်မှာ သူက ထပ်ထပ် ထပ်ထပ် ဖြစ်တာကို ဇော(ဇဝန)လို့ ခေါ်တယ်၊ သူက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်တာ။

 

သူက ဘာလို့ အရှိန်ရသွားတာတုန်းဆို ရှေ့စိတ်တွေရဲ့ အားတွေကို သူရသွားလို့ပဲ၊ ရှေ့က စွမ်းအားတွေ ရှိတယ်၊ အဲဒါကြောင့်မို့ ပန်းပွင့်လေး ပွင့်တယ်ဆိုတာ ရှေ့က အဖူးလေးတုန်းက တွန်းအားလေးတွေ ရှိတယ်လေ၊ အဲဒီ တွန်းအားတွေနဲ့ သူက ပွင့်သွားတာ၊ ရင့်လာပြီးတော့ ပွင့်သွားတာ၊ အဲဒီသဘောပဲ။ ဇောဆိုတာ ၇-ခါဖြစ်ပြီး ထိုဇောရဲ့ အရှိန်ကြောင့် နောက်ကနေ လိုက်ဖြစ်သွားတဲ့ စိတ်ကို တဒါရုံ လို့ ခေါ်တယ်။

 

တဒါရုံကို တချို့စာအုပ်တွေက registration လို့ ပြန်တယ်၊ registration ထက် retentive လို့ ပြန်တာ ပိုကောင်းတယ်၊ တဒါရုံဆိုတာ ဇောရဲ့ အာရုံကို ထပ်ပြီးတော့ ခံယူတဲ့စိတ်ပဲ။

 

အဲဒီ တဒါရုံပြီးသွားတာနဲ့ တစ်ပြိုင်နက် စိတ်ဖြစ်စဉ်က စိတ် ၁၇-ချက် ပြည့်သွားပြီ၊ စိတ် ၁၇-ချက် ပြည့်သွားရင် ခုနက မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံက သက်တမ်းစေ့လို့ ပျောက်သွားပြီ၊ ဒါပေမယ့် လူတွေက ထပ်ထပ်မြင်နေတော့ ဒါလေး ရှိနေသေးတယ်လို့ ထင်နေတာ၊ တကယ်က ဘယ်အရာမှ မမြဲဘူး။

 

လျှပ်စစ်မီးဟာ တစ်စက္ကန့်အတွင်း ဘယ်နှစ်ခါငြိမ်းတယ်ဆိုတာ တွက်ထား တာ ရှိတယ်၊ ဒါပေမယ့် လူတွေကြည့်ရင် မီးငြိမ်းတယ်လို့ဆိုတာ ခုနက လုံးဝ အဆက် ပြတ်သွားမှ သိတာ၊ ဟောဒီဖန်ချောင်းလေးတွေ မီးသီးလေးတွေ ထွန်းထား အမြဲလင်းနေတာ မဟုတ်ဘူး၊ ကြားထဲမှာ ရပ်သွားတဲ့အပိုင်းလေးတွေ ရှိတယ်။

 

ကြည့်လေ ဘုန်းကြီးတို့တတွေပဲ ကြည့်ဦး၊ ကိုယ့်ကိုယ်ကို တစ်မိနစ်အတွင်း မျက်တောင်ဘယ်နှစ်ခါခတ်သလဲ၊ လူတွေမှာ အမြဲတမ်း မျက်တောင်ခတ်နေကြတာပဲ၊ မျက်တောင်ခတ်တဲ့အခါမှာ မှောင်မသွားဘူးလား၊ မှောင်သွားတယ်၊ သို့သော် မြင်ကွင်းပျောက်သွားသလား၊ မပျောက်ဘူး၊ ဘာဖြစ်လို့ မပျောက်လဲ မြန်လွန်းအား ကြီးလို့၊ မျက်တောင်ခတ်တယ်ဆိုတာ မျက်စိပိတ်သွားတယ်၊ ပိတ်သွားပေမယ့် ပိတ် တဲ့အတိုင်းအတာလေးက သိပ်မြန်သည့် အတွက်ကြောင့် ကိုယ့်မျက်စိထဲ ပျောက်သွား တယ်လို့ မထင်ရဘူး၊ မြင်နေတာပဲလို့ အောက်မေ့တယ်၊ ငါ ကြည့်နေတာပဲလို့ ပြောနေကြတာပဲ၊ ဟုတ်ရဲ့လား၊ မှောင်သွားတာလေးကို သူသိရဲ့လား၊ မသိလိုက်ဘူး။

 

အဲဒါမျိုးလိုပဲ စိတ်တွေဟာ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ပြောင်းပြီး ဖြစ် သွားတာ၊ အဲဒီလို စိတ်အစဉ်တန်းတွေက ဒီလိုဖြစ်ရတာ ဘယ်သူ့ကြောင့်တုန်း ဆိုရင် အာရမ္မဏပစ္စယော - ပေါ်လာတဲ့အာရုံလေးကြောင့် ဖြစ်တာတဲ့။

 

“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” မှာ မနောဓာတုယာ ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်း တံခါးဖွင့်ပေးတဲ့စိတ်ရယ်၊ သမ္ပဋိစ္ဆိန်း လက်ခံတဲ့စိတ်ရယ်၊ အဲဒီ စိတ်၂-ခုကို ရည်ညွှန်းပြီး ပြောတာ။

 

ကျန်တဲ့စိတ်တွေကို ရည်ညွှန်းပြီးတော့ “သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ဟောတယ်။

 

သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ ဆိုတဲ့နေရာမှာ သဗ္ဗေ ဓမ္မာဆိုတာ အားလုံးအာရုံတွေ၊ ဘာအာရုံပဲဖြစ်ဖြစ်လို့ ပြောတာနော်၊ ရူပါရုံပဲဖြစ်ဖြစ် သဒ္ဒါရုံပဲ ပဲဖြစ်ဖြစ် ဂန္ဓာရုံပဲဖြစ်ဖြစ် ရသာရုံပဲဖြစ်ဖြစ် ဓမ္မာရုံပဲဖြစ်ဖြစ် အာရုံအားလုံးသည်၊ မနောဝိညာဏဓာတုယာ - မနောဝိညာဏဓာတ်အား ကျေးဇူးပြုကြတယ်၊ မနော- ဝိညာဏဓာတ် ဆိုတာ ဘာတွေပြောတာတုန်း၊ ခုနက သန္တီရဏတို့၊ ဝုဋ္ဌောတို့၊ ဇော တို့၊ တဒါရုံတို့ ကျန်တာတွေ အားလုံးကို ပြောလိုက်တာ။

 

အဲဒီမှာ စက္ခုဝိညာဏ်စိတ်ကို ဘာဖြစ်လို့ သီးသန့်ထုတ်ပြီးတော့ မြတ်စွာဘုရားက ဟောရတုန်းဆိုရင် သူသိနိုင်တာ ဒီအာရုံတစ်ခုတည်းပဲရှိတယ်၊ ကျန်တဲ့ စိတ်တွေက အကုန်သိတယ်၊ ဒီလိုဆိုလိုတယ် ဟုတ်လား။

 

ကြည့် - ပဉ္စဒွါရာဝဇ္ဇန်းဆိုတဲ့ တံခါးဖွင့်ပေးတဲ့စိတ်၊ သမ္ပဋိစ္ဆိန်းဆိုတဲ့ လက်ခံတဲ့ စိတ်ဆိုတဲ့ မနောဓာတ်တွေဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၊ ဒီ အာရုံ ၅-ပါး ကို သူတို့ ခံယူနိုင်စွမ်း ရှိကြတယ်၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံတစ်ခု တည်းကို သိတယ်။

 

ကျန်တဲ့ သန္တီရဏစတဲ့ စိတ်တွေကျတော့ အာရုံ ၆-ပါးလုံး သိတယ်၊ ရူပါရုံ ကိုလည်း သိတယ်၊ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်း သိတယ်၊ အကုန်လုံး သိတယ်၊ ကျန်တဲ့အာရုံတွေ အကုန်သိနိုင်တယ်၊ အဲဒါကြောင့်မို့လို့ စိတ်မှန်လို့ရှိရင် အာရမ္မဏရဲ့ စွမ်းရည်သတ္တိကို မှီရတယ်၊ လူတွေရဲ့ အတွေးလေးဟာ အာရုံကြိုးတန်း လေးနဲ့ လျှောက်နေတယ်လို့ ဒီလို တွေးကြည့်ပါ။

 

ကြည့်လေ - လူတွေဟာ အာရုံတစ်ခုခုကို စိုက်ပြီးတော့ ကြည့်နေကြတယ်၊ မျက်စိကနေကြည့်ပြီးတော့ မြင်နေကြတဲ့အချိန်မှာ တစ်နေရာက ဒေါက်ကနဲလို့ ကြားလိုက်ရင် စိတ်က အဲဒီရောက်သွားပြန်ရော၊ အဲဒီအာရုံကြိုးတန်းကို ပြောင်းပြီး တော့ လျှောက်ပြန်တယ်၊ ဟုတ်လား၊ ဒေါက်ကနဲ ကြားလိုက်တာနဲ့ အသံအာရုံ ဆီကို စိတ်က ရောက်သွားတယ်၊ အဲဒီအသံကို စိတ်က ရောက်သွားတဲ့အခါ ဒီ မြင်ကွင်း ပျောက်သွားတယ်၊ မြန်လွန်းအားကြီးလို့ မပျောက်ဘူး ထင်နေကာ၊ မြင်ကွင်း ပျောက်သွားပြီ၊ ဟိုရောက်သွားပြီ။

 

အဲဒီထဲမှာ နှာခေါင်းထဲက အနံ့တစ်ခုလာရင် အဲဒီ ရောက်သွားဦးမှာပဲ၊ အာရုံကြိုးတန်းလေးပေါ်မှာ စိတ်က ရောက်သွားပြန်ပြီ၊ ဟုတ်ရဲ့လား၊ ပါးစပ်ထဲက တစ်ခုခုဝါးလို့ အရသာလေးက ခါးသက်သက်ဆိုရင် သူ့ အပေါ် ရောက်သွားပြန်ပြီ၊ နောက် ထိုင်တဲ့နေရာက တစ်ခုခု မာမာခုခုကြီး ဖြစ်နေလို့ရှိရင် သူ့ဆီ ရောက်သွား ပြန်ပြီ စိတ်က၊ ဒီတော့ စိတ်ကလေးတွေ ဖြစ်နေတာဟာ အာရုံကြိုးတန်းပေါ်မှာ မှီပြီးတော့ ဖြစ်နေတယ်၊ တွေးနေရင်လည်း ဒီအပေါ်မှာပဲ တွေးနေတယ်၊ ဒါကြောင့် မို့လို့ မြတ်စွာဘုရားက အာရမ္မဏပစ္စယောလို့ ဒီလို ဟောတာပါ။

 

၂၄-ပစ္စည်းမှာ အာရမ္မဏဆိုတာ အလွန်အားကောင်းတယ်၊ ဘုန်းကြီးတို့ တတွေ နေ့စဉ်ရှင်သန်နေတာ ဟောဒီအာရုံနဲ့ပဲ ရှင်သန်နေကြတာ၊ အာရုံမရှိဘဲ မရှင်သန် နိုင်ဘူး၊ စိတ်တွေဖြစ်နေသမျှ အာရုံရှိနေတာချည်းပဲ၊ အဲဒီထဲမှာ ဘယ်စိတ်က ဘယ်အာရုံကို အာရုံပြုသလဲဆိုတာ အဘိဓမ္မာမှာ အသေးစိတ်ပြောတယ်၊ အဲဒါက အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကျတော့ အသေးစိတ်နားလည်ဖို့ လိုသေးတယ်နော်၊ ဘယ်စိတ်က ဘယ်အာရုံကို ပြုနိုင်တယ်၊ (အာရုံပြုတယ်ဆိုတာ ဘယ်စိတ်က ဘယ်ဟာကို သိတယ်ဆိုတာကို ပြောတာ)။

.

 

နိဗ္ဗာန်အာရုံကို သိတဲ့စိတ်

▬▬▬▬▬▬▬▬▬

 

အကြမ်းဖျင်းပြောမယ်ဆိုလို့ရှိရင် နိဗ္ဗာန်ဆိုတဲ့အာရုံကို မှန်းဆပြီး သိနိုင်တဲ့ စိတ်က မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်နဲ့ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်၊ လူတွေရတာပဲ ပြောမယ်ဆိုရင် မဟာကုသိုလ်ဉာဏသမ္ပယုတ္တစိတ်က နိဗ္ဗာန်ကို မှန်းဆပြီး သိနိုင်တယ်၊ နိဗ္ဗာန်ကို တကယ်သိနိုင်တဲ့စိတ်က မဂ်စိတ်နဲ့ ဖိုလ်စိတ်ပဲ၊ အဲဒီစိတ်တွေ မရဘဲနဲ့ နိဗ္ဗာန်ကို မသိဘူးနော်။

 

နိဗ္ဗာန်ဆိုတဲ့အာရုံက အလွန်သိမ်မွေ့တယ်၊ ထိုအလွန်သိမ်မွေ့တဲ့ အာရုံကို အဆင့် အတန်း မြင့်တဲ့စိတ်နဲ့မှ သိလို့ ရတယ်၊ အဆင့်အတန်းနိမ့်တဲ့စိတ်တွေနဲ့ သိလို့ မရဘူး၊ အကုသိုလ်စိတ်နဲ့ နိဗ္ဗာန်ကို မသိဘူး၊ ဘဝကို တွယ်တာနေတဲ့တဏှာ လောဘအမြင်နဲ့ နိဗ္ဗာန်ကို လိုချင်သလား ဆိုလို့ရှိရင် ဘယ်သူမှ မလိုချင်ဘူးပဲ မှတ်ပေတော့။

 

လောကလူတွေဟာ “နိဗ္ဗာန်လိုချင်တာ လောဘလား”လို့ တချို့က မေးလေ့ ရှိတယ်နော်၊ လောဘမကင်းတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများ နိဗ္ဗာန်လိုချင်တာ ကတော့ လောဘပဲ၊ သူက ဘာ့ကြောင့် နိဗ္ဗာန်လိုချင်တာတုန်းဆို - မေးကြည့်၊ နိဗ္ဗာန် ဆိုတာ ချမ်းသာတယ်လို့ ပြောတာ၊ အဲဒီချမ်းသာတယ်ဆိုတဲ့ အသံကလေးကြောင့် သူလိုချင်တာ၊ တကယ်က ချမ်းသာတယ်ဆိုလို့ သူရချင်တာ၊ ဘယ်လိုချမ်းသာတုန်း လို့ သူဆက်ပြီးတော့ လေ့လာကြည့်လိုက်မယ်ဆိုရင် နိဗ္ဗာန် လိုချင်မှာ မဟုတ်ဘူး။ နိဗ္ဗာန်ဆိုတာ ဟောဒီခန္ဓာငါးပါးဆိုတာ မရှိတော့ဘူး၊ အားလုံးဟာ ချုပ်ငြိမ်း သွားတယ်၊ ရုပ်တွေနာမ်တွေ အားလုံးချုပ်ငြိမ်းသွားတယ်၊ အကြောင်းတွေ ရပ်သွားလို့ အကျိုးပြတ်သွားတယ်၊ ဘာမှ မဖြစ်တော့ဘူးလို့ဆိုရင် လိုချင်မှာ မဟုတ်ဘူး။

 

ဘုန်းကြီးတို့ငယ်ငယ်တုန်းက ဆေးလိပ်ကြိုက်တဲ့ ဒကာမကြီးတစ်ယောက်က ပြောတယ်၊ နိဗ္ဗာန်တရားဟောပြီးတော့ “ဦးဇင်း”တဲ့ “နိဗ္ဗာန်မှာ ဆေးလိပ်သောက်လို့ ရလား”တဲ့၊ “နိဗ္ဗာန်က no smoking area- ဘယ်လိုလုပ် ဆေးလိပ်သောက်လို့ ရမလဲ၊ ဆေးလိပ်မသောက်ရတဲ့ နေရာဥစ္စာပဲ”၊ အဲဒါကို သူက “ဆေးလိပ်သောက်လို့ ရရင်တော့ သွားချင်တယ်၊ ဆေးလိပ်သောက်လို့ မရဘူးဆိုရင် မသွားချင်ဘူး”တဲ့၊ သူ့အတွေးကိုက တဏှာနဲ့ တွေးတာလေ။

 

နိဗ္ဗာန်ဆိုတာ ချမ်းသာတယ်၊ မအိုရဘူး၊ မနာရဘူး၊ ဒီအသံတွေ ကြားတာနဲ့ သူက မအိုချင်ဘူး၊ မအိုရဘူး မနာရဘူး မသေရဘူးဆိုတာ အိုခြင်းကင်းရာ နာခြင်း ကင်းရာ သေခြင်းကင်းရာဆိုတော့ အိုတာ နာတာ သေတာတွေ မကြိုက်ဘူး၊ အဲဒါတွေ မရှိဘူးဆိုတော့ သွားချင်တယ်၊ ဘာမှမရှိဘူးဆိုရင် ဟင့်အင်းပဲ၊ ဘာဖြစ်လို့တုန်း ဆိုရင် တဏှာလောဘအမြင်နဲ့ ကြည့်တာကိုး။

 

ဒီတော့ နိဗ္ဗာန်ကို တကယ်အာရုံပြုပြီး သိနိုင်တဲ့စိတ်က မဂ်စိတ်နဲ့ ဖိုလ်စိတ်ပဲ သိနိုင်တယ်၊ ကိလေသာတွေ ကင်းသွားပြီး မဂ်စိတ်ဖိုလ်စိတ်နဲ့မှ နိဗ္ဗာန်ကို တကယ် အာရုံပြုလို့ရတယ်၊ နိဗ္ဗာန်ကို သိနိုင်တဲ့စိတ်ဟာ တကယ်ထက်မြက်တဲ့စိတ်ပဲ၊ အဲဒီလို ဆိုလိုတာနော်။

 

မဟာကုသိုလ်စိတ်က သိတယ်ဆိုတာဟာ လှမ်းမြင်တဲ့အသိပဲ၊ သေချာပေါက် သိတဲ့အသိ မဟုတ်ဘူး၊ လှမ်းမြင်တဲ့အသိ၊ ဂေါတြဘူစိတ်သည် နိဗ္ဗာန်ကို မြင်တယ် ဆိုလို့ မဟာကုသိုလ်စိတ်ကို နိဗ္ဗာန်ကိုမြင်တယ်လို့ ထည့်ထားတာ၊ တကယ်က သူက နိဗ္ဗာန်ကိုရပြီလို့ ဒီလိုပြောတာမျိုး။

 

အာရုံပြုတယ်ဆိုတာ ဒီစိတ်ကလေးဟာ ဆိုင်ရာ ဆိုင်ရာ အာရုံတွေပေါ် မှာ ရောက်ပြီး အဲဒီအာရုံကြိုးတန်းလေးကို အမှီပြုပြီး လူ့ ရဲ့စိတ်တွေ အတွေးတွေ အကြံတွေက မှီတည်ပြီးတော့ ဖြစ်တယ်၊ ဒါကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက “အာရမ္မဏပစ္စယော” ဆိုပြီး နောက်ဆုံးကုန်အောင် “ယံ ယံ ဓမ္မံ အာရဗ္ဘ၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ” လို့ ဟောတယ်၊ ယံ ယံ ဓမ္မံ အာရဗ္ဘ ဆိုတာ ဘယ်အာရုံပဲ ဖြစ်ဖြစ် အမှီပြုပြီး၊ ယေ ယေ ဓမ္မာ ဘယ်သဘာဝတရားကို မှီပြီးတော့ ဘာတရား တွေပဲ ဖြစ်ဖြစ်၊(ဘယ်တရားဆိုတဲ့နေရာမှာ စိတ်နဲ့ စေတသိက် နှစ်မျိုးတည်း) အာရမ္မဏ ပစ္စည်းရဲ့ ပစ္စယုပ္ပန်က စိတ်နဲ့ စေတသိက် နှစ်မျိုးပဲ။

 

သို့သော် အာရုံပစ္စည်းကျတော့ စိတ်စေတသိက်တင် မကဘူး၊ ဘာတွေပါ တုန်းဆိုရင် ရုပ်ပါတယ်၊ နိဗ္ဗာန်ပါတယ်၊ ပညတ်ပါတယ်၊ ဟော စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်၊ ဒါက အာရုံပိုင်း၊ သိတဲ့အပိုင်းကျတော့ စိတ်နဲ့ စေတသိက် နှစ်ခုပဲ၊ အဲဒါကို ခြုံမိငုံမိသွားအောင် မြတ်စွာဘုရားက ထပ်ဟောတာ၊ “ယံ ယံ ဓမ္မံ အာရဗ္ဘ၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ” ။

 

ယေ ယေ ဓမ္မာ ဆိုတာ စိတ္တစေတသိကာ - စိတ်စေတသိက်တွေသာ ဖြစ်တယ်၊

တေ တေ ဓမ္မာ - ထိုအာရုံတွေက၊

တေသံ တေသံ ဓမ္မာနံ - ထိုစိတ် စေတသိက်တရားတို့အား၊

အာရမ္မဏပစ္စယေန = အာရမ္မဏပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊

ဟောတိ = ဖြစ်၏၊

ဒီလို ဟောတာ။

အဲဒီတော့ အာရမ္မဏပစ္စည်းဆိုတာ ဆိုင်ရာဆိုင်ရာအာရုံတွေကို ပြောတာ၊ လောကီ အာရုံကျတော့ တစ်မျိုးပေါ့၊ ဥပမာ - အသံကြားလိုက်လို့ရှိရင် အသံအာရုံ တစ်ခု တည်းကို ယူနိုင်တဲ့စိတ်က သောတဝိညာဏ်စိတ်နော်၊ အဲဒီ သောတဝိညာဏ်စိတ် ဖြစ်ပြီဆိုရင် မဖြစ်ခင် ဘယ်သူလာတုန်း၊ တံခါးဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ဘယ်သူလာတုန်းဆိုရင် လက်ခံတဲ့စိတ် ဖြစ်တယ်၊ အဲဒီ နောက်မှာ စုံစမ်းတဲ့စိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ဆုံးဖြတ်တဲ့စိတ် ဖြစ်တယ်၊ အဲဒီ နောက်မှာ ဒီအာရုံရဲ့ အရသာကိုသိတဲ့ ဇောစိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ထိုဇောအရှိန်ကပ်ပါသွားတဲ့ တဒါရုံဆိုတာ ဖြစ်တယ်၊ သူတို့၂-ခု ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ဒီအာရုံရဲ့သက်တမ်းက ကုန်သွားပြီ၊ ကုန်သွားတော့ သူတို့ရဲ့လုပ်ငန်း လည်း ပြီးစီးသွားပြီလို့ ပြောတာ။

 

လုပ်ငန်းပြီးစီးသွားလို့ ခုနက ပန်းဆိုတဲ့ ဒီသရုပ်ကလေးကို ဖော်ဖို့ “ငါမြင် တာ ပန်း” လို့ ပြောရမယ့်အဆင့်ရောက်အောင် mind door မှာ စိတ်တွေ ထပ်ဖြစ်ဦးမယ်၊ အတွေးနဲ့ ခုနက ငါမြင်လိုက်တာ ဘာလေးလဲဆိုတာ ပြန်တွေးလိုက်တယ်၊ အာရုံပြန်ယူလိုက်တယ်၊ အဲဒါကျတော့ အတိတ်အာရုံလို့ ခေါ်တယ်၊ ပစ္စုပ္ပန် မဟုတ်တော့ဘူး၊ ပစ္စုပ္ပန်က ပြီးသွားပြီ၊ မရှိတော့ဘူး။

 

ခုနက မျက်စိထဲထင်တဲ့အာရုံက ပျက်သွားပြီ၊ ပျက်သွားတော့ စိတ်ကနေ မှတ်ယူတဲ့ အတွေးအာရုံကို သွားယူလိုက်တယ်၊ ယူလိုက်ပြီးတော့ ဘာစိတ်တွေ ဖြစ်တုန်းဆိုရင် ခုနက နှလုံးသွင်းတဲ့ မနောဒွါရာဝဇ္ဇန်းဆိုတဲ့စိတ် ဖြစ်တယ်၊ ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ဇော, တဒါရုံ ဒီလိုဖြစ်တယ်၊ အဲဒါပြီးတဲ့အခါကျတော့ သူက ဘာဖြစ်တုန်းဆိုရင် အတိတ်ကို လှမ်းပြီးတော့ ဘာပါလိမ့်လို့ဆိုတဲ့ စဉ်းစားတဲ့စိတ် ဖြစ်တယ်။

 

အဲဒါပြီးသွားရင် နောက်တစ်ခါ လာပြန်ရော process တစ်ခု၊ အဲဒီ process တစ်ခု ကျတော့ ပန်းဆိုတဲ့နာမည်လေးကို သူက ရလာတယ်၊ အဲဒီ process ပြီးပြီဆိုတော့မှ “ဪ ပန်းဆိုတာ ဒါပဲ” လို့ ဆိုတာကို သိလာတာ၊ နောက်ဆုံးကျမှ သိတာ၊ ဒါလည်း ကြိုတင်ပြီးသိထားမှသိတာ၊ အနည်းဆုံး ဝီထိ ၄-ခု လို့ ပြောတာ နော်။

 

မျက်စိက အဆင်းအာရုံကို မြင်လိုက်ရင် ထိုအဆင်းအာရုံနဲ့ စတင်ပြီး အလုပ် လုပ်တဲ့စိတ်အစဉ်က တစ်ခု၊ ဒါ ပစ္စုပ္ပန်အာရုံနဲ့ process တစ်ခု၊ တစ်ခါ အဲဒီ အတိတ်ကို ပြန်ပြီးတော့ တွေးတဲ့ process ဝီထိစိတ်အစဉ်က တစ်ခု၊ အဲဒီအထဲမှာ အမည်ကို ဖော်ထုတ်နိုင်တဲ့ process က တစ်ခု၊ အကောင်အထည်ဒြပ်ကိုသိတဲ့ process က တစ်ခုလို့ ဆိုတယ်၊ အနည်းဆုံး ၄-ခု။

 

၄-ခုလို့ ဆိုလို့ရှိရင် ပထမဆုံး စိတ်အစဉ်က စိတ်ပေါင်း ၁၇-ချက်ပါတယ်၊ ဒုတိယဟာက သူက မနောဒွါရာဝဇ္ဇန်းရယ် ဇော ၇-ကြိမ်ရယ် တဒါရုံ ၂-ကြိမ်ရယ် ဆိုလို့ရှိရင် သူက ၉-ကြိမ် ဖြစ်မယ်၊ အဲဒီလို ၉-ကြိမ် ၃-ခါလောက်ဖြစ်မှ ပန်း ဆိုတာ သိတယ်၊ ဒါလည်း နဂိုက သိခဲ့ပြီးမှ ပန်းဆိုတာကို သူအကောင်အထည် ဖော်နိုင်တယ်၊ ဒီလောက်အဆင့်တွေ သွားနေရတာ၊ ဟုတ်ပါ့မလား၊ အခုမြင် အခုသိ တယ်လို့ ဒီလို ထင်ကောင်းထင်လိမ့်မယ်ပေါ့၊ မဟုတ်ဘူး၊ process က အဲဒီ အတိုင်းပဲသွားတယ်။

 

အဲဒီ process ကို ဖြတ်တောက်ပစ်လို့ မရဘူး၊ ကားမောင်းတာပဲကြည့်၊ အစဉ် အတိုင်းသွားတာလေ၊ ပန်းပင်လေးတွေ ဖူးတာပွင့်တာလည်း အစဉ်အတိုင်း သွားတာပဲ၊ ဆိုပါစို့ - စဉ်းစားကြည့်၊ မျိုးစေ့ကလေးတစ်ခုကို မြေကြီးထဲမှာ ချစိုက် လိုက်တယ်၊ ၇-ရက်လောက်နေမှ အညှောက်ထွက်မယ် အမြစ်ကလေးဆင်းမယ် ဆိုလို့ရှိရင် အဲဒီအညှောက်သည် ၇-ရက်ကြာမှ ဘွားကနဲထွက်တာလား၊ (သို့မဟုတ်) ဒီအစေ့ကလေးဟာ ဒီကနေ့နဲ့ နက်ဖြန်ခါ အခြေအနေပြောင်းတာလား၊ တကယ် တော့ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ပြောင်းနေတာ၊ တစ်ရက်နဲ့ တစ်ရက် မတူဘူး၊ စောင့်ကြည့်နေ develope ဖြစ်လာတာ၊ ပြောင်းလဲမှုကလေးတွေက အဲဒီ ကြားထဲမှာ ရှိနေတယ်၊ အချိန်နဲ့အလိုက် ပြောင်းလဲမှုလေးတွေ ရှိနေတယ်။

 

ဘုန်းကြီးတို့တတွေရဲ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ၊ စက္ကန့်နဲ့အလိုက် ပြောင်း လဲမှုတွေ ရှိနေတယ်၊ သို့သော် copy တွေ အလားတူတွေက လာနေသည့်အတွက် ကြောင့် လူက ပြောင်းနေတာကို မမြင်ဘူး၊ ဝိပဿနာဉာဏ်နဲ့ ကြည့်နိုင်မှ မြင်တာ၊ တကယ်ကတော့ copy တွေပေါ့။

 

မမြင်တာ ကြာတဲ့အခါကျ “အတော်အိုသွားပါလား” လို့ ပြောကြတယ်၊ ဟုတ်ရဲ့လား၊ အကြာကြီးနေမှ ပြောင်းလဲတာကိုတော့ သိတယ်လေ၊ အမှန်ကတော့ တစ်နေ့တည်း ပြောင်းသွားတာ မဟုတ်ဘူး၊ နေ့တိုင်းပြောင်းနေတာ၊ နေ့တိုင်းဆိုတဲ့ အထဲမှာ second by second, minute by minute ဒီလိုပြောင်းနေတာ၊ ဒါတွေကို process လို့ ခေါ်တယ်။

 

ဒိပြင်ဟာ မပြောနဲ့ process ဆိုတာ စိတ်တောင် မကဘူး၊ လမ်းလျှောက် တာလည်း process ရှိတာပဲ၊ လမ်းလျှောက်တော့မယ်ဆိုလို့ရှိရင် ဘာက စ,လဲ သိ လား၊ ကိုယ့်ဟာကိုယ် လျှောက်ကြည့်ပေါ့၊ ဘယ်က စလာလဲ၊ ခြေထောက်တစ်ဖက် မြှောက်မယ်၊ ဟိုတစ်ဖက်ကို ချပြီးမှ နောက်တစ်ဖက်မြှောက်မယ်၊ ဒါ process ပဲ လေ၊ ၂-ခုစလုံး မြှောက်သွားလို့မှ မရတာ၊ တစ်လှမ်းစီ တစ်လှမ်းစီ သွားနေတာ ဒါ process ပဲ၊ သူ့ အစဉ်အတိုင်း သွားနေတာ၊ ဒါအားလုံးဟာ အကုန်လုံးဖြစ်စဉ်လေး တစ်ခုပဲ။

 

နောက်တစ်ခု - ထမင်းစားတာပဲ ကြည့်လေ၊ ထမင်းပွဲကြီး ပြင်ထားတယ်၊ ဇွန်းနဲ့ ခက်ရင်းနဲ့၊ အဲဒီမှာ မျက်စိက အရင်ကြည့်လိုက်တယ်၊ ဘယ်ဟာ အရင်နှိုက် ရမလဲ၊ ဒါ process ပဲ၊ ပြီးပြီဆိုတဲ့အခါ စိတ်ကတွေးထားတဲ့အတိုင်း ဇွန်းလေး ကိုင်လိုက်တယ်၊ ကိုင်ပြီးရင် ကော်လိုက်ပြီ၊ ဒါ process တွေပဲလေ၊

 

မကိုင်ခင် ကော်လို့မှ မရတာ၊ ပထမ ကိုင်ရမယ်၊ ကိုင်ပြီး ကော်တယ်၊ ကော်ပြီး သယ်လာတယ်၊ အဲဒီကော်နေတုန်းမှာ ပါးစပ်ကြီးက ဟမထားဘူး၊ သယ်လာပြီးတော့ ပါးစပ်နား ရောက်မှ ပါးစပ်က ဟပေးတာလေ၊ ဒါ process ပဲ၊ ပါးစပ်က ဟပေးတော့ ပါးစပ် ထဲကို ထည့်လိုက်တယ်၊ မထည့်ခင်က သွားက ဝါးမနေသေးဘူး၊ ထည့်လိုက်မှ သူက ဝါးတာ၊ သွားနဲ့ လျှာနဲ့ အလုပ်လုပ်ကြတယ်၊ ပြီးတော့ မြိုချလိုက်တယ်၊ ဒါ လူက လုပ်ပေးတဲ့ process ။

 

ဗိုက်ထဲ ရောက်သွားပြီဆိုလို့ရှိရင် အစာအိမ်တို့ အူတို့ကနေ ဆက်ပြီးတော့ လုပ်သွားတာ၊ နောက်ဆုံး toilet ရောက်သွားတယ်၊ ဒါတွေ အကုန်လုံး process တွေပဲ။

 

ရုပ်မှာ process ရှိသလို စိတ်မှာလည်း အာရုံလေးတစ်ခုနဲ့ ပတ်သက်ပြီး အလုပ်လုပ်ကြတာဟာ တစ်ခုနဲ့ တစ်ခု မတူဘူး၊ စွမ်းအားတွေ မြင့်မြင့် မြင့်မြင့် လာတယ်၊ ဒါကြောင့်မို့လို့ ဇောဆိုတဲ့အဆင့် ရောက်တဲ့အခါကတော့ စိတ်စွမ်းအား တွေ တအားမြင့်သွားပြီ၊ အရှိန်တက်သွားတဲ့အချိန်ပဲ၊ ရှေ့ပိုင်းက အစပျိုးလာတာ၊ အစပျိုးပြီး နောက်ဆုံးအဆင့်ရောက်ပြီးရင် ဘာဖြစ်သွားလဲ၊ ပြန်ကျသွားတယ်၊ ဒါထုံးစံပဲ။

 

ခဲလေး ကောင်းကင်ကို မြှောက်ကြည့်ပါလား၊ မြှောက်လိုက်လို့ရှိရင် သူ တက်သွားမယ်၊ တက်သွားပြီးရင် ဘာဖြစ်မလဲ၊ ရပ်တယ်၊ ရပ်ပြီးရင် ပြန်ကျမယ်၊ အဲဒီသဘောပဲ၊ အာရုံလေးတစ်ခုနဲ့ စိတ်နဲ့ တွေ့တဲ့အခါကျတော့ တက်သွားလိုက် တယ်၊ ပြီးရင် ပြန်ကျတယ်၊ ဒီပုံစံနဲ့ သွားနေတာ။

 

အားလုံးဟာ အာရမ္မဏပစ္စယောအရ စိတ်များဟာ အာရုံဆိုတဲ့ ကြိုးတန်းကို အမှီပြုပြီးတော့ လျှောက်လှမ်းနေတာလို့၊ အာရုံဆိုတာ မပေါ်ဘဲနဲ့ စိတ်ဆိုတာ ဘယ်တော့မှ မပေါ်ဘူး၊ အာရုံနဲ့ဝတ္ထုနဲ့ ထိခိုက်မှသာလျှင် ပေါ်တယ်လို့ ဒီလို သဘောကျထားရင် တို့တတွေ နေ့စဉ်ဘဝမှာ အာရမ္မဏပစ္စယောနဲ့ နေနေရတာ ပါလားလို့ဆိုတာ သဘောပေါက်လာမှာပဲ၊ ပဋ္ဌာန်းနဲ့ နေနေတာ။

 

ကဲ အဲဒီနေရာမှာ အာရမ္မဏပစ္စယော လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအာရုံလေးနဲ့ အလုပ်လုပ်တဲ့စိတ်၊ ပြောပါစို့ - အဲဒီအာရုံလေးရဲ့သက်တမ်းဟာ ၁၇-ချက်လို့ဆိုတော့ ရေတွက်ပြီးတော့ ကြည့်ရအောင်၊

 

၁၇-ချက်ကို ရေတွက်ကြည့် လိုက်မယ်ဆိုရင် တံခါးဖွင့်ပေးတဲ့စိတ်တစ်ခုနော်၊ နောက်ပြီးတော့ မြင်တဲ့စိတ်က တစ်ခု၊ လက်ခံတဲ့စိတ်က တစ်ခု၊ စုံစမ်းတဲ့စိတ်က တစ်ခု၊ ဆင်ခြင်တဲ့စိတ်က တစ်ခု၊ ၅-ခု ရှိသွားပြီ၊ ဇောက ၇-ခုဆိုတော့ ဘယ်လောက် ရှိသွားပြီလဲ၊ ၁၂-ခု၊ တဒါရုံက ၂-ခု ဆိုရင် ၁၄-ခု၊

 

သူ့ရဲ့ သက်တမ်းက ဘယ်ကစတုန်းလို့ဆိုရင် ရှေ့နားမှာ အတီတ ဘဝင်၊ (ဘဝင်စိတ်က သူ့ဖာသူ run နေတာ၊) အဲဒီ run နေတဲ့အထဲမှာ အာရုံ အသစ်က ဝင်ပြီး တိုက်လိုက် တဲ့အခါမှာ သူက လှုပ်သွားတယ်၊ မပြတ်သေးဘူး၊ ချက်ချင်းပြတ်တောက် မသွားဘူး၊ ဝင်တိုက်လိုက်တဲ့အချိန်မှာ သူက အရှိန်နဲ့ သွားနေလို့ လွန်သွားတဲ့ဘဝင်စိတ်က တစ်ခု၊ လှုပ်သွားတဲ့ဘဝင်စိတ်က တစ်ခု၊ ပျက်သွားတဲ့ ဘဝင်စိတ်က တစ်ခု၊ အဲဒီ ၃-ခု ထည့်လိုက်ရင် ဘယ်လောက်ဖြစ်လဲ၊ ၁၇-ချက်။

 

အာရုံလေးရဲ့သက်တမ်းက အဲဒီလွန်သွားတဲ့ဘဝင်စိတ်လေးနဲ့ ပြိုင်ပြီးတော့ ဖြစ်တာ၊ သူမွေးဖွားတဲ့အချိန်က အဲဒီအချိန်၊ သို့သော် အာရုံက စိတ်ထဲကို မရောက် သေးဘူး၊ ဘဝင်စိတ်က အဲဒီအာရုံကို ဂရုမစိုက်ဘူး၊ သူနဲ့ အာရုံနဲ့ မဆိုင်ဘူး။

 

ဘဝင်စိတ်ဆိုတာ အတိတ်ဘဝက အာရုံနဲ့ပဲ သက်ဆိုင်တယ်၊ ယခုပစ္စုပ္ပန်မှာ ဝင်လာတဲ့ ဒီအဆင်းအာရုံလေးကို ဘဝင်စိတ်က မယူနိုင်ဘူး၊ သို့သော် အာရုံရဲ့ တိုက်ခိုက်မှု စွမ်းအားကြောင့် ဘဝင်စိတ်လေးက လှုပ်သွားတယ်၊ နောက် ပြတ်ထွက် သွားတယ်၊ ပြတ်ထွက်သွားပြီဆိုတော့မှ အာရုံက ဝင်လာတာ၊ ဝင်လာတော့မှ နောက်ကစိတ် တွေက အဲဒီအာရုံနဲ့ အလုပ်လုပ်သွားကြတာ၊ တစ်နေကုန် လုပ်ရင် တစ်နေကုန် ဆက်ဖြစ်နေမှာပဲ။

 

ဒီအာရုံလေးကို သဘောကျရင်လည်း ဆက်တွေးနေမှာပဲ၊ စိတ်အစဉ်တွေဟာ မပြတ်အောင် ဆက်တွေးနေမှာပဲ၊ တစ်နေကုန် စဉ်းစားရင် တစ်နေကုန်ပဲ၊ တစ်နာရီစဉ်းစားရင် တစ်နာရီပဲ၊ ဒါက repeatation ပဲ၊ ထပ်ထပ် ထပ်ထပ်ပြီးတော့ ဒီလို သွားနေမှာပဲ၊ စလိုက် ဆုံးသွားလိုက်၊ စလိုက် ဆုံးသွားလိုက်၊ အပြန်အလှန် အဲဒီလိုဖြစ်နေတာ၊ စိတ်မှန်သမျှဟာ အာရုံဆိုတဲ့ကြိုးတန်းကိုမှီပြီး လျှောက်လှမ်း ကြရတာတဲ့၊ အာရုံကြိုးတန်းမပါဘဲ စိတ်ဟာ မဖြစ်နိုင်ဘူးလို့ ဒီလိုပြောတာပါ၊ အဲဒါကိုပဲ အာရမ္မဏပစ္စယောလို့ ဟောတာ။

 

ဒီနေရာမှာ အတီတဘဝင်စိတ်နဲ့စပြီး မွေးဖွားလာတဲ့အာရုံကို ခဏငယ် ၁၂ -ခု ကြာမှ တံခါးဖွင့်ပေးတယ်၊ နောက်ပြီးတော့ ခဏငယ်-၁၅ ခု လောက်ကြာမှ မြင်သိစိတ် ကလေးက ပေါ်လာတယ်၊ ဒီတော့ အာရုံကအရင်ဖြစ်လို့ ပုရေဇာတပစ္စယော လို့ ဆိုတာ။

 

အဲဒီအာရုံလေးက ရှိနေတုန်းပဲ၊ mental process မှာ သူ့ ရဲ့ သက်တမ်းက မကုန်သေးဘူး၊ ၁၇-ချက် သွားမှာမို့ ရှိနေသေးတယ်၊ ရှိနေတုန်း ဖြစ်သောကြောင့် အတ္ထိပစ္စယော၊ မကင်းကွာသေးဘူး၊ ပျောက်မသွားသေးဘူး၊ ဒါကြောင့် အဝိဂတ ပစ္စယော၊ ဒီလို ၄-ပစ္စည်း၊ အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ၊ ဒီထဲမှာ ပါဝင် လာတယ်၊ ဒီစွမ်းရည်သတ္တိတွေနဲ့ သွားတာ။

 

မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးသည် စက္ခုဝိညာဏ်စိတ်ထက် စိတ်အစဉ်တန်းတစ်ခုလုံးကို အကျိုးပြုတယ်ဆိုတဲ့နေရာမှာ အခုပုံစံနဲ့ အကျိုးပြု တာနော်၊ အဲဒီအာရုံလေးက ကြိုတင်ဖြစ်နှင့်သည့်အတွက်ကြောင့် ပုရေဇာတ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိ၊ ပျောက်မသွားခင်ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတ၊ ကြိုးတန်းသဖွယ် အထောက်အကူပြုနေတာ ဖြစ်သော ကြောင့် အာရမ္မဏ၊ ဒီလိုနားလည်ရတယ်။

 

အသံကြားတာလည်း ဒီအတိုင်းပဲ၊ နှာခေါင်းက အနံ့ရရင်လည်း ဒီအတိုင်း ပဲ၊ ကိုယ့်ဟာကိုယ် ထမင်းစားရင်းလည်း အာရုံစိုက်လို့ရပါတယ်၊ လျှာနဲ့ အရသာနဲ့၊ တချို့အရသာက သိပ်မထင်ရှားဘူးပေါ့၊ ထင်ရှားချင်လို့ရှိရင် ငရုပ်သီးစားလိုက်ပေါ့၊ အဲဒီအခါကျလို့ရှိရင် ပိုပြီးတော့ထင်ရှားလာမယ်၊ ရသာရုံကနော်၊ ရသာရုံက ထင်ရှား လာပြီဆိုလို့ရှိရင် စိတ်က အဲဒီရောက်သွားမှာပဲ၊ အဲဒီလို အာရုံတွေနဲ့ စိတ်တွေဟာ အခုလို မှီတွယ်ပြီး ဖြစ်တယ်ဆိုတာကို မြတ်စွာဘုရားက ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ဟောကြားတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းကျမ်းမှာ အခု ပစ္စယနိဒ္ဒေသဆိုတာ မကျဉ်း မကျယ် ဟောတာ၊ နောက်ထပ် ချဲ့လိုက်လို့ရှိရင် ပဥှာဝါရ ဆိုတာ အကျယ်ကြီး လာသေးတယ်။

 

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ အာရမ္မဏပစ္စယော နဲ့ ပတ်သက်ပြီး အခြေခံအားဖြင့်တော့ နားလည်သွားပြီလို့ ယူဆပါတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မဟာ လူတွေရဲ့သန္တာန်မှာဖြစ်နေတဲ့ သဘာဝတွေကို ထင်ရှားသိသာ လာအောင် ဟောကြားခြင်း ဖြစ်ပါတယ်၊ သဘာဝကို မသိသေးသမျှ အသိဉာဏ် ဆိုတာကို မရနိုင်ပါဘူး၊ သဘာဝကို အစစ်အမှန်ကို သိမှသာလျှင် အသိဉာဏ်လို့ ခေါ်တယ်၊ အဲဒီအသိဉာဏ်ကို ရရှိမှသာလျှင် တွယ်တာမှုဆိုတဲ့ တဏှာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်၊ တွယ်တာမှုတဏှာကို ဖယ်ရှားနိုင်မှ သောကဆိုတာ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ သောကမဖယ်ရှားပဲ စိတ်ငြိမ်းချမ်းမှုဆိုတာ လုံးဝမရနိုင်ပါဘူး၊

 

ဒါ့ကြောင့်မို့ သောကအပူအပင်တွေကင်းပြီး စိတ်ငြိမ်းချမ်းမှုဆိုတဲ့ ထာဝရ အငြိမ်းဓာတ် ရနိုင်ဖို့အတွက် ဓမ္မအသိဉာဏ်ရရှိမှသာလျှင် ဖြစ်နိုင်တယ်၊ အတွယ် အတာကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ပြီး အသိဉာဏ်ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။


Related Posts