ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၆)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါဆိုလပြည့်ကျော်
၁၅-ရက်၊ (၂၁-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ်
ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်
မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင်
မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ပိဋကတ်စာပေမှာ
အနက်နဲဆုံး အခက်ခဲဆုံးလို့ အသိအမှတ်ပြုထားရတဲ့ တရားဟာ ပဋ္ဌာန်းမြတ်ဒေသနာတရား ဖြစ်ပါတယ်၊
အနန္တနယလို့ ဆိုတဲ့အတိုင်း နည်းအားဖြင့် အဆုံးအပိုင်းအခြားမရှိ ကျယ်ချင်တိုင်း ကျယ်တယ်၊
ပင်လယ် သမုဒ္ဒရာကြီးနဲ့ နှိုင်းယှဉ်ပြီး ပြောရသော်လည်းပဲ ပင်လယ်သမုဒ္ဒရာထက်တောင် ကျယ်တယ်လို့
ပြောရမှာပါ၊
ပင်လယ်သမုဒ္ဒရာကြီးဆိုတာ
အဆုံးအစရှိတယ်၊ ပင်လယ်ရဲ့ ဟိုဘက်ကမ်း ဒီဘက် ကမ်းဆိုတာရှိတယ်၊ ပင်လယ်ရေပြင်ရဲ့အောက်
ကြမ်းပြင် ဆိုတာလည်းရှိတယ်၊ ပင်လယ်ကြီးဟာ အဆုံးမမြင်ရလောက်အောင် ကျယ်ပြောနေတာ မှန်သော်လည်း
အဆုံးအပိုင်းအခြား ရှိတယ်၊
ပဋ္ဌာန်းတရားတော်ကြီးကျတော့
ပင်လယ်ရေထု ကြီးထက် အင်မတန်ကြီးမားလို့ အဆုံးအစ မရှိလောက်အောင် နည်းမျိုးစုံနဲ့ ချဲ့ချင်တိုင်းချဲ့၊
သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးနဲ့ ဉာဏ်ကစားချင်တိုင်း ကစား ဆင်ခြင်နှလုံးသွင်းလို့ မဆုံးနိုင်
မကုန်နိုင်ဘူး၊ နက်လည်းနက် ကျယ်လည်း ကျယ်လှတဲ့ တရားဒေသနာတော်ကြီး ဖြစ်ပါတယ်၊ ဒါကြောင့်မို့
ပဋ္ဌာန်းဒေသနာတော် ကို စာပေကျမ်းဂန်မှာ အနန္တနယ အဆုံးမဲ့နည်းစနစ်တွေ ပါဝင်တဲ့, အဆုံးမဲ့နည်းများ
ရှိတဲ့ ဒေသနာတော်လို့ ဆိုတာ ဖြစ်တယ်။
လောကကြီးက
ကျယ်ဝန်းသလို ထိုလောကကြီးကို ဖြစ်စေတတ်တဲ့ အကြောင်း တရားတွေ, အထောက်အကူပြုနေတဲ့ အကြောင်းတရားတွေကလည်းပဲ
မျိုးစုံတယ်၊ အင်မတန်မှ ရှုပ်ထွေးပွေလိမ်နေတယ်၊ အကြောင်းအကျိုး ဆက်နွယ်နေတဲ့ သဘာဝတရားကြီးကို
ဖြေရှင်းဟောပြောဖို့ဆိုတာ အလွန်တရာမှ ခဲယဉ်းတယ်၊ ဗုဒ္ဓမြတ်စွာဟာ ဖြေရှင်းဖို့ ခက်ခဲတဲ့
အကြောင်းတရား, အကျိုးတရားတွေကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ အကြောင်းမျိုးစုံ အကျိုးမျိုးစုံ
အပြန်အလှန် အကြောင်းက အကျိုးဖြစ်လိုက်, အကျိုးက အကြောင်းဖြစ်လိုက်နဲ့ အကြောင်းတရား
အကျိုးတရားတွေနဲ့ ပွေလိမ်ရှုပ်ထွေးနေတဲ့ လောကရဲ့ သဘာဝကြီးကို ၂၄-ပစ္စည်း အခြေခံထားပြီး
ဖြေရှင်းပေးတော်မူခဲ့တယ်၊ မြတ်စွာဘုရား ဖြေရှင်းပေးတဲ့ တရား တောင်မှပဲ လွယ်လွယ်ကူကူနဲ့
သဘောပေါက်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။
ဘုန်းကြီးတို့
ပဋ္ဌာန်းကျမ်းကြီးကို လေ့လာပြီးတော့ ဟောပြောတယ် ဆိုတဲ့ နေရာမှာ ပဋ္ဌာန်းကျမ်းကြီးက
အလွန်နက်လို့ ရှိသမျှအလုံးစုံကို ဟောကြားနိုင်တာ မဟုတ်ဘူး၊ ပင်လယ်ကမ်းခြေသွားပြီး ပင်လယ်ဆိုတာ
ဒါပဲလို့ လက်ညှိုးညွှန်ပြ ရုံလောက်သာ ပြနိုင်တာ၊ “ပဋ္ဌာန်းဆိုတာ ဒီလိုဟာမျိုးကိုခေါ်တယ်”
လို့ နမူနာ သဘောလောက် ပြောရတာမျိုး ဖြစ်ပါတယ်၊ တကယ့် ပဋ္ဌာန်းတရားတော်ကြီးရဲ့ အတိမ်အနက်ကို
မသိနိုင်ပါဘူး၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာလျှင် အတိမ်အနက်ရဲ့ အတိုင်းအတာပမာဏကို
ပြသနိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ပဋ္ဌာန်းမြတ်ဒေသနာ ကို ဒီဓမ္မာရုံကြီးပေါ်မှာ
ငါးညတိတိ ယခင်က ဟောခဲ့ပြီးပြီ။
အခု ဒီကနေ့ဟာ
ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၆) လို့ ဒီလိုမှတ်ရပါမယ်၊ ဘုန်းကြီးတို့ ၂၄-ပစ္စည်းကို တစ်ခုစီတစ်ခုစီ
ရှင်းပြပြီး ဟောတာ၊ အဲဒီလို ဟောတဲ့အထဲမှာ ပစ္စယနိဒ္ဒေသလို့ ခေါ်တဲ့ ၂၄-ပစ္စည်းကို မကျဉ်းမကျယ်
ဖွင့်ပြတဲ့ အခန်းကို အဓိက ပဓာနထားပြီး ဟောကြားခဲ့တယ်၊ ထို ပစ္စယနိဒ္ဒေသ အခန်းနဲ့ ခပ်ဆင်ဆင်
တူပြီး ထို ပစ္စယနိဒေသအခန်းထက် ကျယ်ဝန်းတဲ့ ပဥှာဝါရကိုလည်း တစေ့တစောင်း လှမ်းကြည့်ပြီး
ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပစ္စယနိဒ္ဒေသနဲ့
ပဉှာဝါရ ဒီကဏ္ဍနှစ်ရပ်မှာ ပစ္စယနိဒ္ဒေသက အကျဉ်း၊ ပဥှာဝါရက အကျယ်လို့ ဒီလိုနားလည်ရမယ်၊
ဒီတော့ သိပ်အကျယ်ကြီးလည်း မဖြစ် ရအောင်, သိပ်ပြီးတော့ အကျဉ်းကြီးလည်း မဖြစ်ရလေအောင်,
ပဋ္ဌာန်းတရားကြီးရဲ့ သဘာဝကို အနည်းငယ်ရိပ်စားမိအောင်, တို့ရဲ့နေ့စဉ်ဘဝဟာ ပဋ္ဌာန်းတရားကြီးနဲ့
ဘယ်လို ဆက်သွယ်နေတယ်ဆိုတာကို သိရှိနားလည်အောင် ဘုန်းကြီးတို့ကြိုးစားပြီးတော့ ဟောပါမယ်၊
ဟေတုပစ္စယော ကနေ ဆက်လက်ပြီးတော့ ဟောခဲ့တာ ဥပနိဿယပစ္စယောထိအောင် ရှင်းလင်းဟောပြပြီးသား
ဖြစ်ပါတယ်၊ အခု ဒီကနေ့ည ပုရေဇာတပစ္စယောကို ဟောပါမယ်။
.
ပုရေဇာတပစ္စယော
▬▬▬▬▬▬▬
မြန်မာနိုင်ငံမှာ
တရားဓမ္မလိုက်စားတဲ့လူတွေဟာ ပဋ္ဌာန်းတရားတော်ကြီးနဲ့ အင်မတန်မှ ရင်းနှီးကြတယ်၊ ပဋ္ဌာန်းတရားတော်ကြီးက
အင်မတန်မှ ခက်ခဲတယ်၊ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပူဇော်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်၊ အသံမစဲ
ပဋ္ဌာန်းပွဲ တွေနဲ့ ရွတ်ဖတ်ပူဇော်နေကြတာကိုလည်း ကြားဖူးကြလိမ့်မယ်၊ တချို့ကလည်း အန္တရာယ်ကင်း
ဆိုပြီးတော့ ၂၄-ပစ္စည်းကို ရွတ်နေကြတာလည်း ရှိမယ်ပေါ့နော်၊
အဲဒီအထဲမှာ
ဘုန်းကြီးတို့ဘဝတစ်နေ့တာမှာ ၂၄-နာရီရှိတယ်၊ ၂၄-နာရီလုံးလုံးဟာ ၂၄-ပစ္စည်းနဲ့ စခန်းသွားနေကြတယ်၊
အဲဒီ ၂၄-ပစ္စည်း မိမိတို့ဘဝမှာ ဘယ်လို ဆက်သွယ်နေတယ် ဆိုတာကို သိရှိနားလည်ဖို့ ဒီကနေ့
“ပုရေဇာတပစ္စယော” စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှေးဦးစွာ ရှင်းရမယ်။
ပုရေဇာတ
- ပုရေ ဆိုတာ ရှေးဦးစွာ ကြိုတင်ပြီးတော့ဆိုတဲ့ အဓိပ္ပါယ် ရတယ်၊ ဇာတ ဆိုတာ ဖြစ်နှင့်နေတဲ့၊
ပစ္စယ - အကြောင်းတရား၊ ပုရေဇာတ ရှေးဦးစွာကြိုတင်ပြီး ဖြစ်နှင့်နေတဲ့ အကြောင်းတရားလို့၊
အကြောင်းတရားက အကျိုးတရားထက် အရင်ကြိုတင်ဖြစ်နှင့်နေတာရှိတယ်၊ အကြောင်းတရားက အကျိုးတရားထက်
နောက်မှဖြစ်တာရှိတယ်၊ အကြောင်းတရားနဲ့ အကျိုးတရားဟာ ပြိုင်တူ ဖြစ်တာ ရှိတယ်၊
ဒါကြောင့်မို့
၂၄-ပစ္စည်းမှာ ပုရေဇာတဆိုတာ ရှိသလို -
ပစ္ဆာဇာတ
- အကြောင်း တရားက အကျိုးတရားထက် နောက်မှဖြစ်လာတာလည်း ရှိတယ်၊
သဟဇာတ
- အကြောင်းတရားနဲ့ အကျိုးတရားဟာ ပြိုင်တူဖြစ်လာတယ်ဆိုတာ လည်း ရှိတယ်။
အခု ပုရေဇာတဆိုတာ
ကြိုတင်ဖြစ်နှင့်နေတဲ့ အကြောင်းတရားတဲ့၊ ဒါတွေက ဘုန်းကြီးတို့ခန္ဓာနဲ့ ဘုန်းကြီးတို့ပတ်ဝန်းကျင်မှာ
ရှိတယ်၊ အဲဒီလို ကြိုတင် ဖြစ်နှင့်ပြီး အကျိုးတရားတွေကို အထောက်အကူပြုနေတယ်၊ ဖြစ်ပေါ်စေတယ်။
အကြောင်းတရားဆိုသည်မှာ
အကျိုးတစ်ခုခုကို ဖြစ်စေတဲ့ အကြောင်းတရား ကိုလည်း ခေါ်တယ်၊ ဖြစ်စေတာ မဟုတ်ဘဲနဲ့ ဖြစ်ပေါ်နေတဲ့
အကျိုးတရားကို အထောက်အကူ ပြုနေတာကိုလည်းပဲ ခေါ်တယ်၊ ဖြစ်စေတဲ့ အကြောင်းတရားနဲ့ တည်ရှိစေတဲ့
အကြောင်းတရားလို့၊ ဒါကြောင့် ကျေးဇူးပြုတယ် ဆိုတဲ့နေရာမှာ “ဖြစ်စေတည်စေ၊ ဤနှစ်ထွေ၊
ခေါ်လေကျေးဇူးပြု” လို့ မှတ်ရမယ်၊
(ဘာသာဋီကာ
ကျမ်းစာတွေရေးသွားတဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက နားလည် လွယ်အောင် မှတ်လွယ်အောင်
လင်္ကာလေးနဲ့ ရေးသွားတာ၊)
ပဋ္ဌာန်းပစ္စည်းတွေက
ကျေးဇူးပြုတယ်ဆိုတာ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတာက တစ်ခု၊ တည်ရှိ နေအောင် ကျေးဇူးပြုတာက
တစ်ခု၊ အဲဒီနှစ်ခုနဲ့ ကျေးဇူးပြုတယ်၊ အဲဒီလို ကျေးဇူးပြုတတ်တဲ့ အကြောင်းတရားတွေဟာ အကျိုးတရားမဖြစ်ခင်က
ကြိုတင်ဖြစ်နှင့်ပြီး အကျိုးတရားတွေကို ဖြစ်စေတယ်, တည်ရှိစေတယ်ဆိုတဲ့ အကြောင်းတရားမျိုးကို
ပုရေဇာတပစ္စယောလို့ ခေါ်တယ်။
.
ဝတ္ထုပုရေဇာတ
▬▬▬▬▬▬
ကဲ ဒါဖြင့်
လူ့ရဲ့ခန္ဓာနဲ့ ပတ်ဝန်းကျင်ကိုကြည့်ရအောင်၊ ပုရေဇာတ ကြိုတင်ဖြစ်နှင့် ပြီးတော့ ကျေးဇူးပြုနေတယ်ဆိုတာ
ဘာတွေလဲ၊ (အရပ်စကားနဲ့ ပြောကြရအောင်၊) လူတိုင်းလူတိုင်းမှာ မျက်စိရှိတယ်၊ နားရှိတယ်၊
နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ကာယရှိတယ်၊ မျက်စိကို အမှီပြုပြီး မြင်သိစိတ်ဖြစ်ရတယ်၊
နားကို အမှီပြုပြီး ကြားသိစိတ်ဖြစ်ရတယ်၊ နှာခေါင်းကို အမှီပြုပြီး နံသိစိတ်ဖြစ်ရတယ်၊
လျှာကိုအမှီပြုပြီး လျက်သိစိတ်ဖြစ်ရတယ်၊ ကိုယ်ကာယကို အမှီပြုပြီး ထိသိစိတ် ဖြစ်ရတယ်၊
ဒါတွေက အချိန်မရွေးဖြစ်နေတာတွေ၊ တစ်ခုမဖြစ် တစ်ခုဖြစ်နေမှာပဲ။
အခု တရားနာတဲ့အချိန်ကလေးမှာပဲ
ကြည့်ဦး၊ အသံကြားနေရင် ကြားသိ စိတ် ဖြစ်နေတာပဲ၊ ထိုင်နေတဲ့နေရာက အထိအတွေ့ကို ကြည့်လိုက်ရင်
ထိသိစိတ် ဖြစ်လာမှာ၊ ဒီထဲမှာပဲ ကိုယ့်ရဲ့ခံတွင်းထဲက အရသာတစ်မျိုးပေါ်လာရင် အရသာ သိစိတ်တစ်မျိုး
ဖြစ်နေတယ်၊ တရားနာနေရင်း အနံ့တစ်မျိုး ရလာလို့ရှိရင်လည်း နံသိစိတ်ဖြစ်ဦးမှာပဲ၊ မျက်စိဖွင့်ထားလို့
မြင်ရလို့ရှိရင်လည်း မြင်သိစိတ်တွေ ဖြစ်နေ ဦးမယ်၊ တရားနာနေတုန်းကိုပဲ ဒီသဘာဝတရားတွေ
မိမိသန္တာန်မှာ ဖြစ်နေတယ် ဆိုတာ အားလုံး သတိထားမိကြတယ်။
စာလိုပြောမယ်ဆိုရင်
မျက်စိဆိုတာ စက္ခုပသာဒရုပ်၊ အာယတနနာမည်နဲ့ ပြောလို့ ရှိရင် စက္ခာယတန၊ (စက္ခု+အာယတန)၊
ရူပါရုံလို့ခေါ်တဲ့ အဆင်းအာရုံလေး ကို ခံယူနိုင်စွမ်းရှိတယ်၊ (သို့မဟုတ်) အဆင်းအာရုံလေးရဲ့
ပေါ်လွင်ထင်ဟပ်ရာ ဖြစ်တဲ့ အရိပ်လာထင်တဲ့ မျက်စိအကြည်ဓာတ်ကလေးကို စက္ခုပသာဒလို့ ခေါ်တာ။
အဲဒီအကြောင်းကို
ပြောမယ် - လူတိုင်းလူတိုင်းမှာ မျက်စိအကြည် ဆိုတဲ့ စက္ခုပသာဒ ရုပ်ရှိတယ်၊ အဲဒီစက္ခုအကြည်ထဲမှာ
မြင်စရာအာရုံလာပြီးတော့ အရိပ် ထင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်ဆိုတာ ပေါ်လာတယ်၊
အခုပြောမှာက မြင်စရာအာရုံလာပြီး ထင်ပေါ်တဲ့ စက္ခုပသာဒရုပ်က မြင်သိစိတ်ကို မည်သည့် စွမ်းရည်သတ္တိတွေနဲ့
အထောက်အကူပြုနေသလဲ၊ ဒါ ပုရေဇာတသတ္တိ အနေနဲ့ ပြောတာ၊ သာမန် ဆိုလို့ရှိရင် မျက်စိရှိရင်
မြင်လိုက်တာပဲ၊ မြင်လို့ရှိရင် မြင်သိစိတ်ပေါ် လိုက်တာပဲ၊ ဒီလောက်ပဲသိတယ်၊ ဘာသတ္တိ
ဘာစွမ်းရည်သတ္တိနဲ့ ဘယ်ပစ္စည်းနဲ့ ကျေးဇူးပြုတယ် ဆိုတာ မြတ်စွာဘုရားဟောကြားတဲ့တရားတော်ကျမှ
သိလို့ရတာ။
မြတ်စွာဘုရားက
ရူပါရုံဆိုတဲ့ အဆင်းအာရုံ လာပြီးတော့ အရိပ်ထင်တဲ့ နေရာဟာ မြင်သိစိတ်ဖြစ်ဖို့ရာအတွက်
ကြိုတင်ပြီးပေါ်နေတဲ့ အကြောင်းတရား လို့ ဒီလို ဟောထားတာ၊ ပုရေဇာတပစ္စည်းလို့ ဒီလိုပြောတာ၊
ကြိုတင်ပြီးတော့ ပေါ်နေတယ် ဆိုတာ ဘယ်လောက်ကြိုတင်ပြီးတော့ ပေါ်သလဲ၊ အတိုင်းအတာတစ်ခုအရ
နာရီပိုင်း ကြိုတင်တာလား (သို့မဟုတ်) လ,ပိုင်း ကြိုတင်နေတာလား (သို့မဟုတ်) နှစ်,ပိုင်း
ကြိုတင်နေတာလား၊ မေးစရာရှိတယ်ပေါ့။
အရာခပ်သိမ်းဟာ
ထာဝရ ရွေ့လျားနေတယ်၊ လူတွေရဲ့သန္တာန်မှာ စက္ခုပသာဒ ရုပ်ဟာ ကံကြောင့် ဖြစ်လာတာ၊ အဲဒီ
ကံကြောင့်ဖြစ်လာတဲ့ စက္ခုပသာဒရုပ်သည် စိတ္တက္ခဏ လို့ခေါ်တဲ့ စိတ်ရဲ့ ဖြစ် တည် ပျက်
ဒီခဏငယ် ၃-ခု မှာ ဖြစ်တဲ့ အခိုက်ကလေးမှာလည်း ဖြစ်နေတယ်၊ တည်နေတဲ့ အခိုက်ကလေးမှာလည်း
စက္ခုပသာဒရုပ်က ဖြစ်နေတယ်၊ ပျက်သွားတဲ့ အချိန်ပိုင်းမှာလည်းပဲ စက္ခုပသာဒ ရုပ်ကလေးက
ဖြစ်နေတယ်၊ ဒါ စိတ်နဲ့ပြောတာ။
သာမန်ပြောမယ်ဆိုရင်
စက္ခုပသာဒရုပ်ကို ကံတရားက ထုတ်လုပ်လိုက်တဲ့ အချိန်မှစပြီး စက္ကန့်မလပ် တရစပ် အသစ်အသစ်တွေ
အမြဲတမ်းဖြစ်နေတယ်လို့ ဒီလိုမှတ်ရမယ်၊ ဒါဖြင့် အသစ်အသစ်တွေဖြစ်နေရင် အဟောင်းတွေက ဘယ်ရောက်
သွားကုန်လဲ၊ သင်္ခါရရဲ့သဘောတရားအရ ရုပ်ဟာ စိတ္တက္ခဏ ၁၇-ချက်မျှသာ အသက်ရှည်နိုင်တယ်၊
ဖြစ်လိုက်တဲ့ စက္ခုပသာဒရုပ်ရဲ့သက်တမ်းသည် စိတ်နဲ့ တိုင်းတာကြည့်မယ်ဆိုရင် စိတ် ၁၇-ချက်
(သို့မဟုတ်) ခဏငယ် ၅၁-ချက်၊
(သိ လွယ်အောင်ပြောရင်
စက္ကန့် ၅၁-စက္ကန့်လို့ ပြောချင်ပြော၊ ဒါ သိလွယ်အောင် ပြောတာ၊ ၅၁-စက္ကန့်ထက် ပိုတိုနိုင်သေးတယ်နော်၊
စိတ်က အင်မတန်မှ မြန်သည့် အတွက်။)
ဒီတော့
အသစ်ဖြစ်တဲ့ စက္ခုပသာဒရုပ်ဟာ:၁၇-ချက်ခန့် အတိုင်းအတာလေး လောက်တွင် တည်တံ့ပြီး ပျက်စီးသွားတယ်၊
ပျက်စီးသွားတယ်ဆိုတာ ဘယ်ရောက် သွားတုန်း? လုံးဝပျက်စီးသွားတယ်၊ နောက်ထပ် အသစ်အသစ်တွေကတော့
တရစပ် ဖြစ်နေတာပဲ၊ ဟောဒီမျက်စိအကြည်ကလေး စ,ရလာတဲ့အချိန်က နေပြီးတော့ တရစပ်ဖြစ်နေတာတွေ
စဉ်းစားကြည့် - ပထမဆုံးဖြစ်တဲ့ စက္ခုပသာဒသည် စိတ္တက္ခဏ ၁၇-ချက်ပြည့်တာနဲ့ ချုပ်သွားပြီ၊
ဒုတိယဖြစ်တဲ့ဟာက နောက်ထပ် ဆက်နေတယ်၊ တတိယဖြစ်တာက ဆက်နေတယ်၊ စဉ်ဆက်မပြတ်ဖြစ်နေတာလည်း
တရစပ်ပဲ၊ ဖြစ်လာပြီးရင်လည်းပဲ သူ သက်တမ်းအလျောက် ပျောက်ကွယ်သွား နေတာ။
မြစ်ကို
သွားကြည့်မယ်ဆိုရင် မြစ်ရေဟာ တသွင်သွင်စီးနေတာ၊ သို့သော်လည်း “တို့ငယ်ငယ်တုန်းကလည်း
ဒီရေတွေ စီးနေတာ၊ ဒီကနေ့လည်း ဒီရေတွေ စီးနေတာပဲ” လို့ ဒီလိုပဲ မြင်ကြမှာ၊ ဒီရေတွေလို့ပဲလို့
ထင်လိမ့်မယ်၊ “ဒီ စက္ခုပသာဒ ရုပ်ကလေးဟာ တို့ငယ်ငယ်က မျက်လုံး ရလာကတည်းကိုက ဒီစက္ခုပသာဒ
ရုပ်ကလေးဟာ ဒီအတိုင်းပဲ” လို့ ဒီလိုထင်ကြတယ်၊ သို့သော် မြစ်ရေစီးတဲ့ ရေစီးနှုန်း ထက်
ပိုပြီးတော့ လျင်မြန်တဲ့နှုန်းထားနဲ့ စက္ခုပသာဒရုပ်တွေဟာ အသစ်အသစ် ဖြစ်ပြီး ပျက်စီးနေတာတဲ့၊
ထာဝရပြောင်းလွဲနေတယ်၊ သို့သော် အလားတူတွေ ထပ်ပြီးဖြစ်နေ သည့်အတွက် လူတွေက သတိမထားနိုင်ဘူး၊
သတိမမူရင် မမြင်နိုင် ဘူးပေါ့။
အဲဒီစက္ခုပသာဒရုပ်ပေါင်း
မြောက်မြားစွာ ရှိတယ်နော်၊ စိတ္တက္ခဏ ခဏတိုင်း ခဏတိုင်းမှာ စက္ခုပသာဒရုပ်တွေက အသစ်အသစ်
ဖြစ်နေတာ၊ အဲဒီ အသစ် အသစ် ဖြစ်နေတဲ့စက္ခုပသာဒရုပ်တွေမှာ ဘယ်စက္ခုပသာဒရုပ်က မြင်သိစိတ်ကို
ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုနေတာလဲ၊ ဘယ်စက္ခုပသာဒကို ပုရေဇာတသတ္တိလို့ ခေါ်မှာလဲ ဆိုတော့
မြင်သိစိတ်ဖြစ်တဲ့ ဝီထိဆိုတာ ရှိတယ်၊ မြင်သိစိတ် ဖြစ်တော့ မယ်ဆိုရင် ဆိုပါစို့ ဘုန်းကြီးတို့
process ဖြစ်စဉ်လေးတစ်ခုကို စဉ်းစား ကြည့်ရအောင်၊ ဒီဖြစ်စဉ်က သာမန်နဲ့တော့ မမြင်နိုင်ဘူးပေါ့၊
စာပေကျမ်းဂန် ဗဟုသုတအရ ပြောရမှာ။
ဖြစ်စဉ်လေးတစ်ခုရှိတယ်၊
ဖြစ်စဉ်ဆိုတာ အဆန်းမဟုတ်ဘူး၊ ဘယ်ဟာပဲ ဖြစ်ဖြစ် ဖြစ်စဉ်ရှိတယ်နော်၊ မျိုးစေ့လေးတစ်ခု
မြေပေါ်မှာ ချစိုက်လိုက်လို့ရှိရင် ၂-ပတ် ၃-ပတ် လောက်နေမှ အညှောင့်ထွက်လာတယ်ဆိုတာ ဝုန်းဒိုင်းထွက်လာတာ
မဟုတ်ဘူး၊ ဒီကနေ့ စိုက်လိုက်တဲ့မျိုးစေ့လေးဟာ နက်ဖြန်ခါကျတော့ အခြေအနေလေး နည်းနည်း
ပြောင်းလာတယ်၊ သန်ဘက်ခါကြည့်လိုက် အခြေအနေ ပိုပြောင်းလာတယ်၊ တစ်နေ့ပြီး တစ်နေ့ တစ်နေ့ပြီးတစ်နေ့
ပြောင်းလာတာ၊ ၂-ပတ် ၃-ပတ် ကြာတဲ့အခါ အညှောင့် ကလေးထွက်လာတာ၊ အဲဒါ process လို့ ခေါ်တယ်၊
ဖြစ်စဉ်လေးတစ်ခုနဲ့ သွားတယ်။
ထို့အတူပဲ
မြင်သိစိတ်ဖြစ်တော့မယ်ဆိုရင် ဖြစ်စဉ်ကလေးတွေ ရှိတယ်၊ ဆိုပါစို့ - မျက်စိဖွင့်လိုက်လို့
မြင်စရာအာရုံက မျက်စိအကြည်မှာ လာပြီးထင်ဟပ် တယ်၊ အဲဒီ ထင်ဟပ်လိုက်တဲ့ ရူပါရုံကို ထင်ဟပ်လျှင်
ထင်ဟပ်ချင်း စိတ်က မမှတ် နိုင်သေးဘူး၊ စက္ခုပသာဒနဲ့ ရူပါရုံ ဆုံမိတဲ့အခိုက်ကလေးကနေ
မမှတ်နိုင်သေးဘူး၊ ဒီရူပါရုံကို သတိပြုမိတဲ့စိတ်က မပေါ်သေးဘူး၊ နဂိုကဖြစ်နေကျ ဘဝင်စိတ်တွေ
ဖြစ်တယ်၊ အဲဒီတော့ အနည်းဆုံး ထင်ဟပ်လိုက်တဲ့အချိန်မှာ ဖြတ်ကျော်သွားတဲ့ ဘဝင်စိတ် တစ်ခု
ဖြစ်လာတယ်၊ အဲဒီဘဝင်စိတ်ဟာ ဒီမျက်စိထဲမှာ ထင်လာတဲ့အာရုံနဲ့ ဘာမျှ မသက်ဆိုင်ဘူး၊ သူ့
အာရုံနဲ့သူ ပြေးနေတဲ့စိတ်ကလေး။
မျက်စိနဲ့
ရူပါရုံ ဆုံလိုက်တဲ့အခိုက်ကလေးမှာ မြင်တဲ့စိတ်က မပေါ်နိုင်သေးဘူး၊ လက်ရှိဘဝင်စိတ်တစ်ခုက
ဖြတ်ကျော်သွားပြီ၊ အဲဒီဖြတ်ကျော်သွားတဲ့ ဘဝင် လေးကို အတီတဘဝင် passed ဘဝင်္ဂ လို့ ဒီလိုခေါ်တယ်၊
အဲဒီနောက် နောက်ထပ် ဒုတိယဘဝင်စိတ်တစ်ခု ဖြစ်လာတယ်၊ အဲဒီဘဝင်စိတ်ဟာ အာရုံအသစ်ကြောင့်
လှုပ်ရှားယိမ်းယိုင်လာတဲ့သဘောရှိလို့ သူ့ကို ဘဝင်္ဂစလန လှုပ်ရှားတဲ့ ဘဝင်လို့ ဒီလိုခေါ်တယ်။
နောက်
- တတိယဘဝင်စိတ်ကျတော့ အသစ်ထင်လာတဲ့ အာရုံရဲ့ တိုက်ခတ်မှု စွမ်းအားကြောင့် မူလဖြစ်နေတဲ့
ဘဝင်စိတ်ရဲ့အလျဉ်ဟာ ပြတ်တောက် သွားတယ်၊ အဲဒီပြတ်တောက်သွားတဲ့ ဘဝင်စိတ်ကို ဘဝင်္ဂုပစ္ဆေဒလို့
ခေါ်တယ်၊ အနည်းဆုံး ဘဝင် ၃-ခု ဖြတ်ကျော်ပြီးတော့မှ မျက်စိထဲမှာပေါ်လာတဲ့ အဆင်း အာရုံကိုသိတဲ့စိတ်က
လာတာ။
စက္ခုပသာဒ
မျက်လုံးနဲ့ မြင်စရာအာရုံ ဆုံလိုက်တယ်၊ အဲဒါ ဖြစ်စဉ်တစ်ခု စတင်ခြင်းပဲ၊ အဲဒီရူပါရုံနဲ့
ဒီ မျက်စိအကြည် ဆုံလိုက်တဲ့အချိန်မှာဖြစ်တဲ့ မျက်စိ အကြည်ရုပ်ဟာ မြင်သိစိတ်ရဲ့ ပုရေဇာတသတ္တိပဲ၊
ကျန်တဲ့စက္ခုပသာဒရုပ် မျက်စိ အကြည်တွေကို မပြောလိုဘူး၊ နောက်မှ ဖြစ်တာတွေလည်း မပြောဘူး၊
သူ့ထက် အရင် ဖြစ်နှင့်တာ တွေကိုလည်း မပြောဘူး။
အတီတဘဝင်ဆိုတဲ့စိတ်နဲ့
ပြိုင်တူဖြစ်လာတဲ့ စက္ခုပသာဒနဲ့ ရူပါရုံ ဆုံလိုက်လို့ မျက်စိနဲ့ အဆင်းအာရုံ ဆုံလိုက်တဲ့အချိန်မှာ
ဖြစ်လာတဲ့စက္ခုပသာဒရုပ်၊ အဲဒီ စက္ခုပသာဒရုပ်သည် မြင်သိစိတ်ထက် စိတ်ဘယ်နှစ်ခုလောက် စောတုန်းဆိုရင်
အတီတဘဝင် ဆိုတာက တစ်ခု၊ ဘဝင်္ဂစလန လှုပ်ရှားတဲ့ဘဝင်ဆိုတာ တစ်ခု၊ ပြတ်တောက်သွားတဲ့ဘဝင်
ဘဝင်္ဂုပစ္ဆေဒဆိုတာ တစ်ခု၊ အဲဒီနောက်မှ ထင်ဟပ် လာတဲ့ ရူပါရုံကို ဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ
ပေါ်တယ်၊ အနည်းဆုံး ဒီစိတ် ၄-ခု လောက် ပေါ်ပြီးမှ စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်ကလာတာ။
ဒါဖြင့်
စက္ခုပသာဒရုပ်က မြင်သိစိတ်ထက် အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏ
၄-ချက် စောတယ်၊ အဲဒါကို ပြောတာ၊ ပုရေဇာတ။ ရှေးဦးစွာဖြစ်နှင့်တဲ့ စက္ခုပသာဒရုပ်သည် စက္ခုဝိညာဏ်စိတ်ကို
ကျေးဇူးပြုတယ်၊ ဒီဟာကို သဘောပေါက်ဖို့အတွက် အဘိဓမ္မတ္ထသင်္ဂဟ ဝီထိပိုင်းကို နားလည်ရမယ်၊
ဝီထိပိုင်းမှာ စိတ်ဖြစ်စဉ်တစ်ခုကို နားလည်အောင် အကျဉ်းချုပ် ပြောမယ်။
(ပါဠိလိုပြောရတဲ့
အခါကျတော့ ပါဠိနဲ့မရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေမှာ အခက်အခဲ တွေ့ကောင်းတွေ့လိမ့်မယ်)
ဘဝင်စိတ်ဆိုတာ
မူလပဋိသန္ဓေစိတ်ကိုပဲ ခေါ်တာပဲ၊ မူလပဋိသန္ဓေစိတ် ဆိုတာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့
မဆိုင်ဘူး၊ နားကကြားရတဲ့ အသံနဲ့လည်းမဆိုင်ဘူး၊ ကံရဲ့ အရှိန်အဟုန်နဲ့ နဂိုကယူထားတဲ့
အာရုံနဲ့ သူက သွားနေတာ၊ ပိုပြီးတော့ ထင်ရှားအောင် ပြောမယ်ဆိုရင် အိပ်ပျော်နေတဲ့စိတ်ဟာ
ဘဝင်စိတ်၊ အာရုံအသစ်နဲ့ မဆိုင်ဘူး၊ သူ့ဟာသူ သွားနေတာ၊ အဲဒီ သူ့ဟာသူသွားနေတဲ့စိတ်ဟာ
အာရုံအသစ် ဝင်လာလို့ရှိရင် ပြတ်သွားတယ်၊ ပြတ်သွားပြီး အာရုံအသစ်နဲ့ အလုပ်လုပ်တဲ့စိတ်တွေ
ပေါ်လာတယ်၊ ဒီသဘောကို မှတ်ထားရမယ်။
မြင်စရာအာရုံနဲ့
မျက်စိအကြည်ရုပ် သွားဆုံလိုက်တဲ့အခါမှာ အတီတဘဝင် ဆိုတဲ့ စိတ်တစ်ခုဟာ ဖြစ် တည် ပျက်ဆိုတဲ့
ခဏငယ် ၃-ချက်နဲ့ ပျက်သွားတယ်၊ သူ ပျက်သွားတာနဲ့ တစ်ပြိုင်နက် နောက်ထပ် ဘဝင်္ဂစလနဆိုတဲ့
ဘဝင်စိတ်တစ်ခု ထပ်ပေါ်လာတယ်၊ သူလည်း ၃-ချက်နဲ့ ပျက်သွားတယ်၊ နောက်ထပ် ဘဝင်္ဂုပစ္ဆေဒ
ဆိုတဲ့ ဘဝင်စိတ် တတိယဘဝင်စိတ် ပေါ်လာတယ်၊ သူလည်း ပျက်သွားတယ်၊ အဲဒီ ဘဝင်စိတ်၃-ခုသည်
ထင်ဟပ်လာတဲ့အာရုံနဲ့ ဘာမှမသက်ဆိုင်ဘူး၊ ဒီအာရုံကို သူတို့က သတိမမူဘူး၊ ဆိုလိုတာက အိပ်ပျော်နေသေးတယ်။
စပြီး
ဘယ်ကျမှ နိုးလာတုန်းဆို ပဉ္စဒွါရာဝဇ္ဇန်း (မျက်စိက ထင်လာတဲ့အာရုံကို ဆင်ခြင်) စိတ်
ပေါ်လာမှနိုးတာ။ အဲဒီစိတ်က စပေါ်လာတာ၊ Attending conscoiusness အာရုံအသစ်ကို
attention လုပ်တယ်။
အဲဒီစိတ်
ပေါ်ပြီးတဲ့နောက်မှာ ဘာပေါ်တုန်းဆိုရင် စက္ခုဝိညာဏ်စိတ် မြင်သိစိတ် ဆိုတာ ပေါ်လာတယ်၊
မြင်သိစိတ်ပေါ်လာပြီးရင် သမ္ပဋိစ္ဆိန်း ဆိုတဲ့ အာရုံကို လက်ခံ လိုက်တဲ့စိတ် ပေါ်လာတယ်၊
လက်ခံတဲ့စိတ်ပေါ်ပြီးရင် ဘာလဲ ဆိုတာကို စုံစမ်းတဲ့ သန္တီရဏစိတ် ပေါ်လာတယ်၊
ပြီးတဲ့အခါ
အာရုံရဲ့ သဘာဝကို အကောင်းဆိုရင်အကောင်း, အဆိုးဆိုရင်အဆိုး ဆုံးဖြတ်ချက်ချတဲ့ ဝုဋ္ဌောဆိုတဲ့စိတ်
ပေါ်လာတယ်၊ ဝုဋ္ဌောဆိုတာ တခြားစိတ် မဟုတ်ဘူး၊ မနောဒွါရာဝဇ္ဇန်းပဲ၊ သူလည်း
attention ပဲ၊ အဲဒီစိတ် ပေါ်လာပြီးတဲ့ နောက်မှာ သူက အခြေအနေတစ်ခု ပေးလိုက်တယ်၊ အဲဒီနောက်မှာ
အရှိန်အဟုန်နဲ့ ဖြစ်တဲ့စိတ်၊ ဇောစိတ်လို့ခေါ်တယ်။
ဇောစိတ်က
ရိုးရာအားဖြင့် ၇-ကြိမ် ပေါ်လာတယ်၊ ဇောစိတ်ဟာ ဒီအာရုံနဲ့ အလုပ် လုပ်တဲ့စိတ်၊ အာရုံရဲ့
အရသာကို အတွေ့အကြုံရတဲ့စိတ်၊ ကုသိုလ်ဖြစ်ချင် လည်း ဖြစ်မယ်၊ အကုသိုလ်ဖြစ်ချင်လည်း ဖြစ်မယ်၊
ဝုဋ္ဌောစိတ်ရဲ့ ဦးတည်ချက် အတိုင်းပဲ ကုသိုလ်ဖြစ်ချင်ဖြစ်သွားတယ်၊ အကုသိုလ်ဖြစ်ချင်
ဖြစ်သွားတယ်၊ မြင်တဲ့ အာရုံတ ွေပေါ်မှာ ဇောစိတ် ၇-ခု ဖြစ်တယ်၊ ဇောစိတ်ဖြစ်ပြီးတဲ့အခါ
အရှိန်အဟုန် နောက်ကနေလိုက်ပါသွားတဲ့ ဘဝင်စိတ်၂-ခုကို ပိဋ္ဌိဘဝင်္ဂလို့ခေါ်တယ်၊ အဲဒီဘဝင်
စိတ်ကိုတော့ နာမည်အသစ် ပေးထားတယ်၊ တဒါရုံတဲ့၊ တကယ်ကတော့ ဘဝင်စိတ်ပဲ။
အဲဒီ
တဒါရုံစိတ်၂-ခု ဖြစ်လိုက်တဲ့အခါကျတော့ ခုနက မျက်စိထဲမှာ ထင်လာတဲ့ အာရုံရဲ့သက်တမ်းဟာ
ကုန်သွားပြီ။ စိတ္တက္ခဏ ၁၇-ချက်ပဲ ရှိတယ်၊ ဒီ့ထက် ရှေ့ဆက်သွားလို့ မရဘူး၊ သူ့ သက်တမ်းက
စေ့သွားပြီ၊ အဲဒီမှာ စိတ် ၁၇-ချက်မှာ သူ ချုပ်တယ်၊ အတီတဘဝင်ရဲ့ ဥပါဒ်ခဏမှာ စ,ဖြစ်လာတဲ့
ဒီရူပါရုံဟာ ဒုတိယ တဒါရုံစိတ်ရဲ့ ဘင်ခဏမှာ ချုပ်သွားတယ်၊ ဒါ စိတ်ဖြစ်စဉ်ကလေးတစ်ခုကို
နားလည်အောင် ပြောပြတာ။
အခုပြောမယ့်
ပုရေဇာတပစ္စည်းဆိုတာ အခြားဟာကို မပြောဘူး၊ အဆင်း အာရုံက မျက်စိထဲမှာ ထင်ဟပ်လာတယ်၊ အဲဒီ
ထင်ဟပ်ခံရတဲ့ မျက်စိ အကြည်ရုပ် အကြောင်းကို ပြောမယ်၊ အဲဒီ မျက်စိအကြည်ရုပ်သည် ဘယ်တုန်းက
အကြည်ရုပ် လဲ၊ သန်းပေါင်းများစွာရှိတဲ့ အကြည်ရုပ်တွေထဲက ဘယ်အကြည်ရုပ်တုန်းဆိုရင် အတီတ
ဘဝင်နဲ့ ပြိုင်ပြီးတော့ ဖြစ်လာတဲ့အကြည်ရုပ်တဲ့၊ အဲဒီ အကြည်ရုပ်သည် အတီတဘဝင် ဘဝင်္ဂစလန
ဘဝင်္ဂုပစ္ဆေဒ ပဉ္စဒွါရာဝဇ္ဇန်း ဆိုတော့ စက္ခုဝိညာဏ် မဖြစ်ခင် စိတ္တက္ခဏ ၄-ခု စောတယ်၊
အဲဒီ စက္ခုပသာဒရုပ်ကို မှီပြီးတော့ မြင်သိစိတ်က ပေါ်ရတာ၊ ဒီမျက်စိအကြည်ရုပ် မဖြစ်ဘူးဆိုလို့ရှိရင်
မြင်သိစိတ် မဖြစ်နိုင်ဘူး၊ ဟုတ်တာပေါ့၊ စောင်းကြိုးတို့ စောင်းအိုးတို့ မရှိလို့ရှိရင်
စောင်းသံထွက်ပါ့မလား? မထွက်နိုင်ဘူး၊ စောင်းကြိုး စောင်းအိုးကို အမှီပြုပြီးတော့ စောင်းသံလေးက
ထွက်ရတာ။
အဲဒါလိုပဲ
မျက်စိအကြည်ရုပ်ကို မှီပြီးတော့မှ မြင်သိစိတ်ဆိုတာ ဖြစ်တာ၊ အဲဒီ မျက်စိအကြည်ရုပ်သည်
စိတ္တက္ခဏ ၄-ချက်စောလို့ ပုရေဇာတ born earlier ကြိုတင်ပြီးတော့ မွေးဖွားလာတာ၊ အကြောင်းတရားက
ကြိုတင်ပြီးမွေးတယ်၊ ကြိုတင်မွေးပြီး စက္ခုဝိညာဏ်စိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့၊
ကြိုတင်မွေးပြီး အထောက်အကူပြုတဲ့ အကြောင်းတရားလို့ပြောတာ။
အဲဒါကို
ဗုဒ္ဓမြတ်စွာက ပဋ္ဌာန်းပါဠိတော်မှာ -
“စက္ခာယတနံ စက္ခုဝိညာဏ- ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော” လို့ ဒီလိုဟောတာ။
စက္ခာယတနံ
- မျက်စိအကြည်လို့ဆိုတဲ့ စက္ခုပသာဒရုပ်သည်၊
စက္ခုဝိညာဏဓာတုယာ
- မြင်သိစိတ်လို့ဆိုတဲ့ စက္ခုဝိညာဏဓာတ် စက္ခုဝိညာဏ်စိတ် အားလည်းကောင်း၊
တံ သမ္ပယုတ္တကာနံ
- ထိုစက္ခုဝိညာဏ်စိတ်နဲ့ ယှဉ်ဖော်ယှဉ်ဖက် ဖြစ်ကြတဲ့၊
ဓမ္မာနံ
- စေတသိက် ၇-ခုတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန
- ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ
- ဖြစ်ပါပေတော့၏။
အဲဒီတော့
နားလည်ရမှာက စက္ခာယတနံ ဆိုတဲ့ မျက်စိအကြည်သည်၊ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ - မြင်သိစိတ်၊ မြင်သိစိတ် ပေါ်လာတဲ့အခါ မြင်သိစိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့
စေတသိက် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရ၊ ၇-ခု ရှိတယ်။
၁။ မြင်သိစိတ်ကို
အာရုံနဲ့ဆက်သွယ်ပေးတာကို ဖဿလို့ ခေါ်တယ်၊
၂။ အာရုံရဲ့အရသာကို
ခံစားတာကို ဝေဒနာလို့ ခေါ်တယ်၊
၃။ မှတ်တမ်းတင်တာကို
သညာလို့ခေါ်တယ်၊
၄။ လှုံ့ဆော်ပေးတာကို
စေတနာလို့ ခေါ်တယ်၊
၅။ အာရုံတစ်ခုတည်း
ကျသွားတာ ဧကဂ္ဂတာလို့ ခေါ်တယ်၊
၆။ ဆိုင်ရာနာမ်တရားတွေ
ဆိုင်ရာသက်တမ်းအတိုင်း တည်နိုင်အောင် (သို့မဟုတ်) ထပ်ပြီးတော့ဖြစ်အောင် စောင့်ရှောက်တဲ့အရာကို
ဇီဝိတိန္ဒြေလို့ ခေါ်တယ်၊
၇။ အာရုံ
ပေါ်မှာ နှလုံးသွင်းဆင်ခြင်တာကို မနသိကာရ လို့ ခေါ်တယ်။
အဲဒီစေတသိက်တရားတွေနဲ့
မြင်သိစိတ်ဟာ ယှဉ်တွဲပြီးတော့ ဖြစ်လာတာ ဆိုတော့ ဘယ်နှစ်ခုလဲ၊ ၈-ခု၊ ဟုတ်ရဲ့လား၊ မြင်သိစိတ်ကလေးဟာ
သူတစ်ခုတည်း မဖြစ်ဘူး၊ သူအပါအဝင် စေတသိက် ၇-ခုနဲ့ ၈-ခု၊ ခုခေတ်စကားနဲ့ပြောရင်
eight in one လို့ပြောမယ်၊ ၈-ခုကို တစ်စုလုပ်ထားတာနော်၊ ၈-ခု ပေါင်းထားတဲ့ တစ်စု၊ အဲဒီ
၈-ခု ပေါင်းထားတဲ့သဘာဝတရား၊ ဒီ တစ်ခုအဖြစ်လုပ်ထားတဲ့ မြင်သိစိတ်လို့ခေါ်တဲ့ ၈-ခု၊ အဲဒီ
၈-ခုကို မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒရုပ်က ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုတာပါ။
ဒါတွေက
လူတိုင်းလူတိုင်းမှာ အတွေ့ အကြုံရှိတာ၊ သို့သော် ဒီလိုသိလား ဆိုတော့ ဘုရားဟောမှ သိရတာ၊
နို့မို့မသိဘူး၊ ငါမြင်တယ်ပဲ ပြောကြမှာ၊ အသေးစိတ် ဘယ်လိုမှ မသိဘူး၊ ကြည့် - မြတ်စွာဘုရားက
အသေးစိတ်ဟောတာ၊ ဒါက မျက်စိအကြည်က မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ကျေးဇူးပြုတယ်၊ ဒီတစ်ခုတည်းကိုတင်
ဟောနေတာ နော်၊ ကျန်တဲ့စိတ်တွေအကြောင်း မဟောဘူး ဒီမှာ၊ ကျန်တဲ့ စိတ်တွေ အများကြီးပဲ။
ဒီ စက္ခုဝိညာဏ်စိတ်
မြင်သိစိတ်ဟာ မျက်စိအကြည်လို့ဆိုတဲ့ စက္ခုပသာဒ စက္ခုဝတ္ထုရုပ်ကို သူက အမှီပြုပြီး ဖြစ်ရတာ၊
ဒါကြောင့်မို့ မြင်သိစိတ် စက္ခုဝိညာဏ် စိတ်ရဲ့မှီရာဖြစ်တဲ့ မျက်စိအကြည် စက္ခုပသာဒရုပ်သည်
ပုရေဇာတပစ္စည်း တဲ့၊ ကြိုတင်ပြီး ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတာပါ၊ ဒါကို ပြောတာ၊
တကယ်က သူက ထုတ်လုပ်တာလားလို့ဆိုတော့ ထုတ်လုပ်တာတော့ မဟုတ်ဘူး၊ သို့သော် သူ့ပေါ်မှာ
မှီပြီးဖြစ်တာ၊ တခြားအကြောင်းတွေလည်း ရှိတယ်ပေါ့။
ဥပမာ
- စည်ကို တီးလိုက်တဲ့အခါမှာ စည်သံထွက်လာတယ်နော်၊ စည်သံက ဘယ်က ထွက်တာတုန်း၊ စည်တီးတဲ့လက်က
ထွက်တာလား၊ (သို့မဟုတ်) စည် မျက်နှာပြင်က ထွက်တာလား၊ (သို့မဟုတ်) တီးတဲ့လူဆီက ထွက်တာလားလို့
မေးရင် ဘယ်လို ပြောမလဲ၊ စည်မျက်နှာပြင်က ထွက်လာတာ၊ စည်တီးတဲ့လက်က ထွက်တာလည်း မဟုတ်ဘူး၊
စည်က ထွက်တာလည်း မဟုတ်ဘူး။
ထို့အတူပဲ
ဟောဒီ စက္ခုပသာဒအကြည်ရုပ်ရယ် အဆင်းအာရုံရယ် အဲဒီ ၂-ခု တိုက်လိုက်တဲ့အခါမှာ မြင်သိစိတ်က
ဘယ်က ပေါ်လာတုန်းဆိုတော့ မျက်စိ အကြည်ကနေ ထပေါ်လာတာ၊ တိုက်တာက ဘယ်သူက တိုက်တာတုန်းဆိုတော့
မြင်စရာအဆင်းအာရုံက တိုက်တာ၊ အဆင်းအာရုံက ဘာနဲ့တူတုန်းဆိုရင် စည်တီး တဲ့လက်နဲ့ တူတယ်၊
(သို့မဟုတ်) စည်တီးတဲ့တုတ်နဲ့ တူတယ်ပေါ့၊ သူက တီးလိုက် လို့ ဟိုက ထအော်တာ၊ အခုပြောနေတာက
စက္ခုဝိညာဏ်စိတ်ဖြစ်ပေါ်တဲ့နေရာကို ပြောနေတာ၊ စက္ခုဝိညာဏ်စိတ် မြင်သိစိတ်ဟာ ဘယ်အာရုံက
တိုက်ခိုက်လို့ ပေါ်တယ်ဆိုတာ မပြောသေးဘူးနော်၊ ဒီတစ်ခြမ်းကိုပဲ ပြောနေတာ။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန
ပစ္စယော
= စက္ခုပသာဒလို့ဆိုတဲ့ ဒီရုပ်သည် မြင်သိစိတ်နဲ့ ယှဉ်ဖက်တရားတွေကို ပုရေဇာတသတ္တိဖြင့်
ကျေးဇူးပြုပါတယ်။
ကျေးဇူးပြုတယ်ဆိုတာ
အကယ်၍သာ မျက်စိအကြည်ပျက်သွားမယ်ဆိုရင် မြင်သိစိတ် ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တော့ဘူး၊
သူမရှိရင် သူလည်း မရှိနိုင်ဘူး၊ သူရှိ မှ သူရှိတယ်၊ အကြောင်းနဲ့ အကျိုးဆိုတာ သူရှိနေလို့
သူရှိတာ၊ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက အဲဒီလို ဟောတာ၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ”
“ဒါရှိလို့ ဒါရှိတာ၊” ဒါမရှိရင် ဟိုဟာ မရှိနိုင်ဘူးဆိုတဲ့သဘော။
အဲဒီမှာလည်း
မျက်စိအကြည် ရှိနေသည့်အတွက်ကြောင့် မြင်သိစိတ် ပေါ်လာ နိုင်တာ၊ အဲဒီမျက်စိအကြည်သည်
မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုပါတယ်၊ ပဋ္ဌာန်းရွတ်တဲ့အခါမှာ အဲဒါကို အာရုံပြုပြီးတော့ရွတ်၊
ဒါ ပုရေဇာတသတ္တိ၊ ဒါ လူ့ရဲ့ မြင်တဲ့အခန်းကဏ္ဍ ကုန်ပြီလားဆိုတော့ မကုန်ဘူး၊ point လေး
တစ်ခုတင် ပြောနေ တာနော်၊ အချက်ကလေးတစ်ခုတည်းနဲ့ ပြောတာ၊ ပုရေဇာတပစ္စည်းအချက် တစ်ခုတည်း။
ကဲ နောက်တစ်ခု
ပြောင်းပြီးတော့ ကြည့်ကြဦးစို့၊
ဒါ နားလည်လို့ရှိရင်
နောက်ဟာတွေ နားလည်ဖို့ လွယ်သွားပြီ၊ နောက်ဟာကျတော့ နား၊ နားမှာလည်းပဲ နားအကြည်ရုပ်
သောတပသာဒရုပ်ဆိုတာ ရှိတယ်၊ သောတပသာဒရုပ် နားအကြည် ဓာတ်ကို အမှီပြုပြီးတော့ အသံကိုသိတဲ့
သောတ ဝိညာဏ်စိတ် ကြားသိစိတ် ပေါ်လာတယ်၊ အဲဒီ သောတပသာဒရုပ်ဆိုတာလည်း ခုနကလိုပဲ အတီတဘဝင်နဲ့
ပြိုင်ပြီးဖြစ်လာတဲ့ သောတပသာဒရုပ်ကို ယူရမယ်၊
ကြိုတင်ပြီးတော့ဖြစ်တာ
သူက၊ သောတပသာဒရုပ်ပေါင်း သန်းပေါင်းများစွာရှိတဲ့ အထဲမယ် အသံနဲ့နားနဲ့ ဆုံလိုက် တဲ့အချိန်ကလေးမှာ
ပထမဘဝင်စိတ်ဖြစ်လာတယ်၊ အတီတဘဝင်စိတ်၊ အဲဒီအချိန် မှာဖြစ်တဲ့ နားအကြည်ရုပ်ကို ယူ၊ ခုနကအတိုင်းပဲ
မှတ်နော်၊ အဲဒီနားအကြည်ရုပ် သည် ကြားသိစိတ်ထက် စိတ္တက္ခဏ ၄-ချက်လောက် စောတယ်၊ ကြားသိစိတ်ထက်
ကြိုတင်ပြီးတော့ မွေးဖွားထားတယ်လို့ ပြောရမယ်၊ ပုရေဇာတဆိုတာ ကြိုတင်ပြီး တော့ ဖြစ်နှင့်နေတယ်၊
ဘယ်တုန်းက
ဖြစ်တုန်း၊ ပထမအတီတဘဝင်စိတ် ဖြစ်တုန်းက ဖြစ်တယ်၊ အတီတ ဘဝင်ပြီးရင် ဘဝင်္ဂစလန၊ ဘဝင်္ဂစလနပြီးရင်
ဘဝင်္ဂုပစ္ဆေဒ၊ ဘဝင်္ဂုပစ္ဆေဒပြီးလို့ ရှိရင် ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဒွါရာဝဇ္ဇန်းပြီးမှ
သောတဝိညာဏ်စိတ် ဆိုတာ ဖြစ်တာ၊ စိတ္တက္ခဏ ၄-ချက် စောပြီးတော့ ဖြစ်တာ၊ အဲဒါကို ပုရေဇာတလို့
ပြောတာနော်၊ ကြိုပြီး ဖြစ်နေတာ။
အဲဒါကို
မြတ်စွာဘုရားက -
“သောတာယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော”။
သောတာယတနံ
- နားအကြည်လို့ဆိုတဲ့ သောတပသာဒရုပ်ဟာ၊ (မြတ်စွာ ဘုရားက အာယတနနာမည်နဲ့ ဟောထားတာ၊ အာယတနဆိုတာ
base တည်ရာ မှီရာဆိုတဲ့ အဓိပ္ပါယ်၊ နားဆိုတဲ့ မှီရာတည်ရာ)၊
သောတာယတနံ
- သောတ ပသာဒရုပ်လို့ဆိုတဲ့ သောတဝတ္ထုရုပ်သည်၊
သောတဝိညာဏဓာတုယာ
- သောတ ဝိညာဏဓာတ်လို့ခေါ်တဲ့ ကြားသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ - ထိုကြားသိစိတ်နှင့် အတူတကွယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်တရား တို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန
- ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ
- စင်စစ်မသွေ ဖြစ်ပါပေတော့၏။
ကြည့်
- ဒီ နားအကြည်ဆိုတာ မရှိဘူးဆိုရင် ကြားသိစိတ် ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ နားအကြည်ဟာ
ကြားသိစိတ်ရဲ့မှီရာအနေနဲ့ ရှေးဦးစွာဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုပါတယ်၊ ကျေးဇူးပြုတယ်ဆိုတဲ့ဟာက
ဖြစ်စေတာချည်း မဟုတ်ဘူးနော်၊ ကျေးဇူးပြုတယ်ဆိုတဲ့သဘောက တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့
ဖြစ်နေတာကို ပြောတာနော်။
အဲဒီအတိုင်းပဲ
နောက်တစ်ခု ဆက်ပြီးတော့ စဉ်းစားကြည့်၊ မြတ်စွာဘုရားက ဒီအချက်ကလေးပဲ ဟောတာ၊ စက္ခု၊ သောတ
ပြီးတော့ ဃာန၊ နှာခေါင်းထဲက အကြည်ရုပ်ကလေး -
“ဃာနာယတတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော”။
ဃာနာယတန
လို့ဆိုတဲ့ နှာခေါင်းအကြည်ရုပ်၊ အနံ့ကို ဖမ်းနိုင်တဲ့ ဃာန- ပသာဒရုပ်၊ အဲဒီ ယာနပသာဒရုပ်ဟာ
(စက္ခုပသာဒလိုပဲ နားလည်ရမယ်) နံသိစိတ်ကို ကျေးဇူးပြုတယ်၊ နံသိစိတ်ဟာ ဃာနပသာဒရုပ်ကို
မှီပြီးတော့မှ ဖြစ်နိုင်တယ်၊ ကြိုတင်ပြီးတော့ ဖြစ်နှင့်တာ ဖြစ်သောကြောင့် ပုရေဇာတ
(ကြိုတင်ပြီးတော့ ဖြစ်နေ တာ) ကိုယ့်နှာခေါင်းထဲမှာ အနံ့ကလေးရှူမိတဲ့အချိန်မှာ ဒါလေးကို
သတိထားလိုက် ပေါ့။
နံသိစိတ်ကို
ဘယ်သူက ကျေးဇူးပြုတုန်းဆိုရင် ဃာနပသာဒဆိုတဲ့ နှာခေါင်း အကြည်ရုပ်က ကျေးဇူးပြုတယ်နော်၊
အကြည်ဆိုတဲ့သဘောက မှန်လို ကြည်လို့ အကြည်ခေါ်တာ မဟုတ်ဘူး၊ အာရုံကို ခံယူနိုင်စွမ်းရှိတာကို
ပြောတာ၊ အာရုံကို ဖမ်းယူနိုင်တဲ့သဘောကို ပြောတာ၊ ကြည့်လေ - ခုခေတ်လိုဆို စဉ်းစားကြည့်ပေါ့၊
telephone
တို့, television တို့, radio တို့ ဆိုလို့ရှိရင် သူ line နဲ့သူ ဖွင့်လိုက်ရင် အသံကို
ဖမ်းယူလို့ရတယ်၊ telephone ကလည်း အဝေးကပြောတဲ့အသံတွေ ဖမ်းယူလို့ရတယ်၊ television ကလည်း
အဝေးက ရုပ်သံတွေကို ဖမ်းယူလို့ရတာပဲ၊ အဲဒါလိုပဲ နှာခေါင်းထဲမှာရှိတဲ့ အကြည်ရုပ်က အနံ့ကို
ဖမ်းနိုင်တယ်၊ တခြားနေရာ ကတော့ ဖမ်းမယူနိုင်ဘူးလေ။
radio
ဆိုလည်း အခွံကြီးက ဖမ်းနိုင်တာမှ မဟုတ်တာ၊ ဖမ်းနိုင်တဲ့နေရာ တစ်နေရာပဲ ရှိတာပဲ၊
telephone ဆိုလည်း telephone ထဲက သူ့ဟာသူ သံလိုက် ဓာတ်တို့ ဘာတို့နဲ့ လုပ်ထားတဲ့ဟာကသာ
ဖမ်းယူနိုင်တာကိုး၊ အကုန်လုံး ဖမ်းနိုင်တာမှ မဟုတ်တာ၊ လူ့ခန္ဓာကိုယ်ကြီးလည်းပဲ အကုန်လုံးက
အနံ့ကို ဖမ်းယူနိုင်တာ မဟုတ်ဘူး၊ အနံ့ကိုဖမ်းနိုင်တာ နှာခေါင်း အကြည်ရုပ်ကသာ ဖမ်းယူတာ၊
အဲဒါ ကြောင့်မို့ အကြည်ရုပ်လို့ ခေါ်တာနော်၊ အာရုံတွေကို ဖမ်းယူနိုင်တယ်။
ဃာနပသာဒဆိုတဲ့
နှာခေါင်းအကြည်ရုပ်ဟာလည်းပဲ နံသိစိတ်ကို ကြိုတင် ဖြစ်နှင့် ပြီးတော့ ကျေးဇူးပြုတာဖြစ်သောကြောင့်
... ပုရေဇာတပစ္စယသတ္တိလို့ ခေါ်တယ်။
ထို့အတူပဲ
ဆင်ခြင်စဉ်းစားကြည့်၊ လူတွေ နေ့စဉ်နဲ့အမျှ မနက်စာစားတယ်၊ နေ့လည်စာစားတယ်၊ ညစာစားတယ်၊
ဒီကြားထဲ ဆာရင် စားသေးတယ်၊ အစာနဲ့ ပါးစပ်နဲ့ မပြတ်ဘူး၊ စားလိုက်တဲ့အစာဟာ လျှာပေါ်ရောက်တာနဲ့
အရသာတွေ့ပြီ၊ ချိုရင် ချိုတယ်ပြောတယ်၊ ငန်ရင် ငန်တယ် ပြောတယ်နော်၊ မချိုရင်လည်း မချိုဘူး
ပြောမှာပေါ့၊ ခါးရင်လည်း ခါးတယ်ပြော၊ စပ်ရင် စပ်တယ်ပြော၊ အဲဒီလို ချို ချဉ် ငန် ခါး
စပ် ဖန် ဆိုတဲ့ ဒီအရသာတွေကို သိတဲ့စိတ်ကလေးက ပေါ်လာတယ်။
အရသာသိတဲ့စိတ်ဟာ
အရသာက လျှာဆိုတဲ့အကြည်ရုပ်နဲ့ ထိလိုက်တဲ့ အခါမှာသာ ပေါ်လာတာ၊ အဲဒီအရသာသိတဲ့စိတ်ဟာလည်းပဲ
လျှာဆိုတဲ့ ဇိဝှာပသာဒ ရုပ်ကို အမှီပြုပြီးတော့ ပေါ် ရတာတဲ့၊ လျှာမရှိရင် အရသာသိတဲ့စိတ်
မဖြစ်နိုင်ဘူး။ အဲဒါကိုပဲ မြတ်စွာဘုရားက -
“ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော” ။
ဇိဝှာယတနံ
– ဇိဝှာယတနလို့ခေါ်တဲ့ လျှာအကြည်ရုပ်သည်၊
ဇိဝှာဝိညာဏဓာတုယာ
– ဇိဝှာဝိညာဏဓာတ်လို့ခေါ်တဲ့ လျက်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ - ထိုလျက်သိစိတ်ကလေးနှင့် အတူတကွဖြစ် အတူတကွပျက် အတူတကွအာရုံပြုပြီး အတူတကွမှီကြတဲ့
စိတ်စေတသိက်ဆိုတဲ့ သဘာဝတရားတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန
– ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော = ကျေးဇူးပြုတတ်ပါပေ၏။
ကျေးဇူးပြုထားတာ၊
နို့မို့ဆို သူမပေါ်နိုင်ဘူး၊ လူတွေပြောကြတယ် မဟုတ်လား၊ “သူက ကျေးဇူးပြုလို့ ဒါလေးရတာ”
လို့ ပြောကြတာနော်၊ အခုလည်း ဇိဝှာ- ဝိညာဏ်စိတ် ပေါ်လာအောင် ဘယ်သူက ကျေးဇူးပြုပေးတာတုန်း၊
လျှာအကြည်က ကျေးဇူးပြုပေးတာ။
ထို့အတူပဲ
မိမိတို့ကိုယ်ကာယနဲ့ တစ်ခုခုထိမယ်၊ မာမာကြမ်းကြမ်း ထိရင် လည်းပဲ မာတယ် ကြမ်းတယ် သိတယ်၊
ပျော့ပျော့အိအိ ထိရင်လည်း ပျော့တယ် သိတယ်၊ ပူတာ အေးတာ ထိရင်လည်း ပူမှန်း အေးမှန်း သိတယ်၊
အဲဒီလို ထိသိတဲ့ ကာယဝိညာဏ်စိတ်ဟာ ဘာကို မှီပြီး ပေါ်တာတုန်းဆိုတော့ ကိုယ်အကြည်ရုပ်လို့
ခေါ်တဲ့ ကာယပသာဒကို မှီပြီးပေါ်တာ၊
အကြည်ရုပ်ပျက်သွားပြီဆိုလို့ရှိရင်
ထိလို့ မသိတော့ဘူးနော်၊ ကာယပသာဒရုပ်ရှိမှ သိတယ်၊ ကာယပသာဒရုပ်တွေ ပိုပြီးတော့ ကောင်းလေလေ
သိတာမြန်လေလေပဲ၊ တချို့နေရာတွေမှာဆို ထုံနေရင် မသိဘူး မဟုတ်လား၊ ကာယပသာဒရုပ် ပျက်သွားလို့
ထုံနေပြီဆိုရင် - ဆိုပါစို့ - Leprosy ရောဂါမျိုးလိုဟာမျိုး ကာယပသာဒ ရုပ်ပျက်သွားတယ်၊
လူတစ်ယောက် ကာယ ပသာဒရုပ် မရှိဘူးဆိုရင် ဘယ်လောက် ထိထိ အပ်နဲ့ထိုးတာတောင် မသိတော့ ဘူးနော်၊
ဒီ ထိသိစိတ်ဆိုတာ ကာယပသာဒ အကြည်ရုပ်ကောင်းနေမှသိတာ၊ အဲဒီ ကာယပသာဒအကြည်ရုပ်သည် ထိသိစိတ်ကို
ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။
ဒါကို
ပဋ္ဌာန်းပါဠိတော်မှာ -
“ကာယာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော”။
ကာယာယတနံ
ကိုယ်အကြည်ရုပ်လို့ဆိုတဲ့ ကာယပသာဒရုပ်သည်၊
ကာယဝိညာဏဓာတုယာ
- ကာယဝိညာဏဓာတ်လို့ဆိုတဲ့ ထိသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနံ
– ထို ထိသိစိတ်နှင့် အတူတကွယှဉ်ပြီး ဖြစ်ပေါ် လာတဲ့၊
ဓမ္မာနံ=
စေတသိက်တရားတို့အား လည်းကောင်း၊
ပုရေဇာတပစ္စယေန
– ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
မြတ်စွာဘုရားက
အကြောင်းနဲ့အကျိုးဆက်သွယ်ပြီး အထောက်အကူပြုနေ ပုံတွေကို ဟောတာ၊ ဒါတွေက ဘယ်မှာ ရှိတာတုန်း၊
ဘုန်းကြီးတို့တတွေရဲ့ ခန္ဓာ ကိုယ်ထဲမှာ ရှိတာ၊ ဒီတော့ ပဋ္ဌာန်း၂၄-ပစ္စည်းဆိုတာ တခြားဟာမှ
မဟုတ်တာဘဲ၊ ဒီထဲမှာ ဖြစ်နေတာတွေကို ဟောတာ၊ ဒါတွေကို သတိထားမိဖို့လိုတယ်။
ပဋ္ဌာန်းဆိုတာ
ရွတ်တဲ့အခါမှာ အဓိပ္ပါယ်သိပြီး ရွတ်ဖို့လည်း လိုသေးတယ်၊ သို့မဟုတ် လို့ရှိရင်တော့ ဘုရားဟောတဲ့တရားဆိုတဲ့
ကြည်ညိုစိတ်နဲ့ရွတ်လို့ ကုသိုလ်တော့ ရမှာပေါ့၊ သို့သော် အသိဉာဏ်မပါသည့်အတွက်ကြောင့်
ဘာဆိုလိုမှန်း မသိဘူး၊ အသိဉာဏ် ပါလိုက်တဲ့အခါကျတော့ ကမ္မဋ္ဌာန်းဘာဝနာသဘောမျိုး ဖြစ်သွားတယ်၊
ဝိပဿနာကမ္မဋ္ဌာန်းဆိုတာ ရုပ်နဲ့နာမ် ကွဲကွဲပြားပြားသိတာက စရတာ။ နာမရူပ-ပရိစ္ဆေဒဉာဏ်
– analytical knowledge of mind and matter.
ခု ကြည့်လေ
- ရုပ်ကနေ နာမ်ကိုကျေးဇူးပြုနေတာ၊ စက္ခုပသာဒ သောတ ပသာဒ ဃာနပသာဒ ဇိဝှာပသာဒ ကာယပသာဒ ဆိုတဲ့
ဒီအကြည်ရုပ်တွေက ရုပ်တရား၊ အဲဒီ ရုပ်တရားပေါ်မှာမှီပြီး ဖြစ်လာတဲ့ မြင်သိစိတ် ကြားသိစိတ်
နံသိစိတ် လျက်သိစိတ် ထိသိစိတ်တို့ဆိုတာက နာမ်တရား၊ ဟော ရုပ်နဲ့နာမ်ဟာ ဒီလို ဆက်စပ်
နေတာပါလား၊ ပုရေဇာတပစ္စည်းနဲ့ ဆက်နေတာပါလား၊ ဒီလိုသိပြီး ရုပ်နဲ့ နာမ် ကွဲပြားသွားတာကိုက
နာမရူပပရိစ္ဆေဒ။
ကွဲပြားရုံတင်မကဘူး၊
ဒီအကြည်ရုပ်တွေ ရှိနေလို့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်တို့
ဖြစ်နေတာပါလားလို့ အကြောင်းအကျိုးပါ ဆင်ခြင်မိ သွားတယ်၊ ဒါ မရှိရင် ဒါ မဖြစ်နိုင်ပါလားလို့
သိမသွားဘူးလား၊ အဲဒီလို သိသွား တာက ပစ္စယပရိဂ္ဂဟဉာဏ်သက်ဝင်သွားတာပဲ၊ အဲဒီဉာဏ်နှစ်ခုဟာ
အင်မတန်မှ အရေးပါတဲ့ဉာဏ်နှစ်ခု။
အရှင်မဟာဗုဒ္ဓဃောသက
သူ့ရဲ့ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ဒီဉာဏ်နှစ်ခုနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ လဒ္ဓပတိဋ္ဌော
တဲ့၊ သာသနာတော်မှာ ရပ်တည်ရာ ရသွားပြီ၊ လဒ္ဓဿာသော - သက်သာရာရ အသက်ရှူချောင်သွားပြီ၊
စူဠသောတာပန္နော ဒီ အသိဉာဏ်လေးကို ရလို့ရှိရင် သောတာပန် အငယ်စားလို့တောင်မှ တင်စားပြီး
ပြောသွားတယ်နော်၊
ဘုရားသာသနာတော်နဲ့
ကြုံတွေ့တဲ့ အခိုက်ကလေးမှာ ဒီလောက်လေးမျှ မသိလိုက် ရဘူးဆိုရင်တော့ လူဖြစ်ရကျိုးနပ်မယ်
မဟုတ်ဘူးနော်။
ပဋ္ဌာန်းရွတ်ရင်း
ဒီလိုဆင်ခြင်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ကြည့်လေ- ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုသွားတာ၊
ဘုရားဟောတဲ့တရားက ဒီအချက်နှစ်ချက်ပဲ ဟောနေတာ၊ ဒိပြင်ဟာ မဟောဘူး၊ ပုရေဇာတပစ္စည်း ဘာတွေ
ဟောတာတုန်း၊ အကြမ်းပြန်ပြီးတော့ ပြောမယ်ဆိုလို့ရှိရင် မျက်စိအကြည်ရုပ်က မြင်သိစိတ်ကို
ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊
နားအကြည်ရုပ်က
ကြားသိစိတ်၊ နှာခေါင်း အကြည်ရုပ်က နံသိစိတ်၊ လျှာအကြည် ရုပ်က လျက်သိစိတ်၊ ကိုယ်အကြည်ရုပ်က
ထိသိစိတ်၊ ရုပ်နဲ့ နာမ်နဲ့ ဒီလိုအပြန်အလှန် ကျေးဇူးပြုသွားပုံကို ပုရေဇာတပစ္စည်း မှာ
ဒီလိုဟောတာပါ၊ ဒါ တစ်ပိုင်းပဲ ရှိသေးတယ်၊ ပုရေဇာတက ဒါက စိတ်ရဲ့မှီရာ ဝတ္ထုရုပ်ပိုင်းကနေ
ဟောတာ။
.
အာရမ္မဏပုရေဇာတ
▬▬▬▬▬▬▬
နောက်တစ်ပိုင်း
ကြည့်ကြဦးစို့၊ နောက်တစ်ပိုင်းက ဘာနဲ့ပြောရမတုန်း၊ မျက်စိ အကြည်ရုပ်သည် မြင်သိစိတ်ကို
သူ့ဟာသူ ကျေးဇူးပြုတာလား၊ သို့မဟုတ် မျက်စိအကြည်ရုပ်ရှိတာနဲ့ပဲ မြင်သိစိတ်ကထပြီး ပေါ်လာတာလားဆိုတော့
မဟုတ် ဘူး၊ စည်ကြီးတော့ ရှိပါရဲ့၊ တီးမယ့်သူမရှိရင် မြည်ပါ့မလား၊ မမြည်ဘူး၊ တီးမယ့်လူ
လိုနေသေးတယ်၊ အခုလည်း မျက်စိအကြည်ရုပ် ရှိတယ်၊ မြင်စရာအာရုံက လာတိုက် မှ၊ မြင်စရာအာရုံက
ဟောဒီအကြည်ရုပ်နဲ့ လာပြီးတော့ မဆုံဆည်းဘူးဆိုရင် မြင်သိစိတ် ဖြစ်ပါ့မလား။
စောင်းကြိုးနဲ့စောင်းအိုး
စားပွဲပေါ် တင်ထား၊ တီးမယ့်လူမရှိရင် အသံထွက်ရဲ့လား၊ မထွက်ဘူး၊ Piano ကြီး ဒီတိုင်းပဲထား၊
တီးတဲ့လူ မရှိရင် အသံမထွက်ဘူး၊ ငြိမ်နေမှာပဲ၊ မျက်စိတော့ ရှိတယ်၊ ရူပါရုံက မျက်စိကိုလာပြီးတော့
မထင်ဟပ်ဘူး ဆိုရင် မြင်သိစိတ် ပေါ်နိုင်ပါ့မလား၊ အဲဒီဥပမာကို ရှင်းရှင်းလေး မှတ်ထားရမယ်၊
စည်ဆိုတာ တီးမှအသံထွက်တယ်၊ စည်ကို လက်နဲ့တီးတယ်ဆိုလို့ရှိရင် စည်ရယ် လက်ရယ် ထိုစည်နဲ့
လက်နဲ့ပေါင်းလို့ ဖြစ်ပေါ်လာတဲ့ အသံရယ် ၃-မျိုး ရှိတယ်၊ ထို့အတူပဲ မျက်စိရယ် အဆင်းအာရုံရယ်
မြင်သိစိတ်ရယ်၊ မျက်စိက စည်နဲ့တူတယ်၊ အဆင်းအာရုံက စည်တီးတဲ့လက်နဲ့ တူတယ်၊ ဖြစ်ပေါ်လာတဲ့စည်သံနဲ့
မြင်သိစိတ်နဲ့ တူတယ်လို့ ဒီလိုမှတ်ရမယ် ၃-မျိုး။
ပုရေဇာတသတ္တိမှာ
မျက်စိအကြည်ရုပ်ကသာ ပုရေဇာတသတ္တိ မဟုတ်ဘူး တဲ့၊ အဲဒီအကြည်ရုပ်ကို လာပြီး ထိခိုက်လိုက်တဲ့
အာရုံကလည်း ပုရေဇာတပဲ။ ဒါ အာရုံနဲ့ဝတ္ထုတို့ ဆုံဆည်းတာ တိုက်ခိုက်တာ၊ လူတွေကတော့ မကြားလိုက်ဘူးပေါ့၊
တိုက်ခိုက်မှုက ပြင်းထန်တယ်၊ ဒီစိတ်ကလေး ပွင့်သွားလောက်အောင်ကို တိုက်ခိုက် တာနော်၊
သာမန်တိုက်တာတွေတော့
လူတွေသိတာပေါ့၊ ကားတစ်စီးတိုက်လိုက်ရင် ဝုန်းခနဲဆို ဖြစ်သွားတာ၊ သာမန်တိုက်တာပဲ လူတွေကသိတယ်၊
သို့သော် မျက်လုံးကို အဆင်းအာရုံကလာတိုက်တာ မသိလိုက်ဘူး၊ သူလည်း အရှိန်အဟုန် တအားကြီး
တယ်၊ မြင်သိစိတ် ဘွားကနဲ ပေါ်လာအောင်တိုက်တာ၊ မတိုက်ဘဲနဲ့ မပေါ်ဘူး၊ တိုက်လို့ပေါ်တာနော်၊
လူမကြားနိုင်တဲ့ လူမမြင်နိုင်တဲ့ တိုက်ခိုက်မှုတွေပဲ၊ ဒါကိုလည်း ပဋိဃလို့ ခေါ်တာ၊ တိုက်ခိုက်မှုပဲ။
ကဲ ကောင်းပြီ
- မျက်စိဆိုတဲ့အကြည်ရုပ်ကို အဆင်းအာရုံက လာတိုက် တယ်၊ အဲဒီအဆင်းအာရုံကရော စက္ခုဝိညာဏ်စိတ်ကို
ဘာသတ္တိနဲ့ ကျေးဇူးပြုသလဲ၊ ဟောဒီပုရေဇာတနဲ့ ကျေးဇူးပြုတာ၊ သူက ဘယ်အချိန်က မွေးဖွားတာတုန်းဆိုတော့
ခုနကပြောတဲ့ ပထမဘဝင်စိတ် ဥပါဒ်တဲ့အချိန်မှာ သူက ပေါ်လာတာပဲ၊ သူလည်း စိတ္တက္ခဏ ၄-ချက်
စောပြီးတော့ ပေါ်လာလို့ born earlier ပဲ၊ ကြိုတင်ပြီးတော့ မွေးဖွားလာတဲ့ အကြောင်းတရားပဲ။
အဲဒါကို
မြတ်စွာဘုရားက ဟောတယ်၊ စကားလုံးပြောင်းသွားတာကို သတိထား။
“ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော”။
ရူပါယတနံ
- ရူပါယတနလို့ခေါ်တဲ့ မျက်စိမှာလာပြီး ထင်ဟပ်လာတဲ့ အဆင်းအာရုံသည်၊
စက္ခုဝိညာဏဓာတုယာ
- စက္ခုဝိညာဏဓာတ်လို့ ခေါ်တဲ့ မြင်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနံ
- ထိုစက္ခုဝိညာဏစိတ်နဲ့ ယှဉ်တွဲဖြစ်ပေါ်လာတဲ့၊
ဓမ္မာနံ
- စေတသိက် ၇-ခုတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန
= ပုရေဇာတသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော - ကျေးဇူး ပြုတတ်ပါပေ၏။
စက္ခပသာဒရုပ်မှာလာပြီး
ထင်ဟပ်တဲ့ မြင်စရာအာရုံအဆင်းအာရုံကလည်း မြင်သိစိတ် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊
အဲဒါကိုတော့ အာရမ္မဏပုရေဇာတ လို့ခေါ်တယ်၊ အာရုံပိုင်း၊ ခုနကတုန်းက ဝတ္ထုပုရေဇာတ မှီရာအနေနဲ့
ကျေးဇူးပြု တယ်၊ အခုဟာက အာရုံအနေနဲ့ ကျေးဇူးပြုတယ်၊ သဘောကဒါပဲ၊ သို့သော် ၂-ခု စလုံးသည်
born earlier ကြိုတင်ပြီးတော့ မွေးဖွားထားတာ၊ အကြောင်းတရား တွေက ကြိုတင်မွေးဖွားနေတာ။
ကဲ ဒါဆိုရင်
ကျန်တာတွေလည်း သဘောပေါက်ပြီ။
“သဒ္ဒါယတနံ သောတာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော”။
သဒ္ဒါယတနလို့ဆိုတဲ့
အသံအာရုံဟာလည်းပဲ ကြားသိစိတ်နဲ့ စေတသိက် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။
“ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော”။
(ဂန္ဓဆိုတာ
အနံ့၊ ဃာနဆိုတာ နှာခေါင်း) ဂန္ဓာယတနံ – ဂန္ဓာယတနလို့ဆိုတဲ့ အနံ့အာရုံကလေးသည်၊ ဃာနဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော – နံသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို
ပုရေဇာတ သတ္တိနှင့် ကျေးဇူးပြုပါတယ်၊
ကျေးဇူးပြုတယ်ဆိုတာ
“ဖြစ်စေ တည်စေ ဤနှစ်ထွေ” သူရှိလို့ ဒါ ဖြစ်ရတာ၊ ဖြစ်စေတယ်ဆိုတာ သူရှိလို့ ဒါရှိရတာ။
ဆိုပါစို့
- အခုကြည့်လေ၊ လျှပ်စစ်မီးရှိလို့ အလင်းရောင် မရှိဘူးလား၊ လျှပ်စစ်မီး ငြိမ်းသွားကြည့်ပါလား၊
အလင်းရောင်ရှိသေးလား၊ မရှိဘူး၊ ဟော သူရှိလို့ သူရှိတယ် ဆိုတာ ပြောတာနော်၊ လျှပ်စစ်မီးရှိနေလို့
အလင်းရောင် ရှိနေတာလေ၊ လျှပ်စစ်မီး မရှိတော့ဘူးဆိုရင် အလင်းရောင် မရှိတော့ဘူး၊ အကြောင်းနဲ့အကျိုး
ဆိုတာ ဒီသဘောကိုပြောတာ၊ ဒါ ကျေးဇူးပြုတာ၊ လျှပ်စစ်မီးက အလင်းရောင်ကို ကျေးဇူးပြု ထားတယ်၊
ပစ္စယ=ပစ္စည်းဆိုတဲ့ စကားလုံးက ဒါကိုပြောတာ၊ အထောက်အကူ ပြုနေတာ။
ထို့အတူပဲ
လျှာနဲ့ကြည့် -
“ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန
ပစ္စယော”။
ရသ -
အရသာ ၆-ပါး၊ ချိုတယ်၊ ချဉ်တယ်၊ ငန်တယ်၊ ခါးတယ်၊ စပ်တယ်၊ ဖန်တယ်၊ အဲဒီအရသာ ၆-ပါးဆိုတဲ့
အရသာအာရုံက လျက်သိစိတ်ကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ ဒါပြောတာ။
“ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတာပစ္စယေနပစ္စယော”။
ဖောဋ္ဌဗ္ဗ
tangible object ထိလို့ရတဲ့အာရုံဆိုတာ ဘာကို ပြောတာတုန်း၊ ထိလို့ရတယ်ဆိုတာ မာတာ ပျော့တာကို
ထိလို့မရဘူးလား၊ ပူတာ အေးတာရော ထိလို့မရဘူးလား၊ တွန်းကန်တာတို့ လှုပ်ရှားတာတို့ကော
ထိလို့မရဘူးလား၊ ထိလို့ ရတယ်ဆိုတာ ပျော့တာ မာတာ ထိလို့ရတာက ပထဝီ၊ ပူတာ အေးတာက တေဇော၊
တွန်းကန်တာတို့ လှုပ်ရှားတာတို့က ဝါယောတဲ့၊ ဖောဋ္ဌဗ္ဗာယတနဆိုတာ တခြားဟာ ခေါ်တာ မဟုတ်ဘူး၊
ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ်၊ ဒီ ၃-ခုကို ခေါ်တာ၊ အဲဒီ ၃-ခုကို ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်တာ၊
tangible object ထိလို့ရတဲ့အာရုံ၊ ထိလို့ ရတဲ့အာရုံသည် ထိသိစိတ် ကာယဝိညာဏ်စိတ်ကို ပုရေဇာတသတ္တိဖြင့်
ကျေးဇူးပြုပါ တယ်၊ မြတ်စွာဘုရားက ဒီလိုဟောတာ။
ဒါတွေက
တခြားမဟုတ်ဘူးနော်၊ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှာယတနံ ကာယာယတနံ ဆိုတာ အာယတန ၁၂-ပါးထဲကပဲ
မဟုတ်လား၊
ရူပါယတနံ
သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ ဆိုတာလည်း အာယတန ၁၂-ပါးထဲကပဲ။
အဲဒီ
ရုပ်အာယတနတွေ ပေါင်းလိုက်မယ်ဆိုရင် စက္ခာယတနံ၊ သောတာ- ယတနံ၊ ဃာနာယတနံ၊ ဇိဝှာယတနံ၊ ကာယာယတနံ
ဆိုတာက ပသာဒရုပ် ၅-ခုပဲ နော်၊ ရူပါယတနံဆိုတာ ရူပါရုံ၊ သဒ္ဒါယတနံဆိုတာ အသံ၊ ဂန္ဓာယတနံဆိုတာ
အနံ့၊ ရသာယတနံဆိုတာ အရသာ၊ ဖောဋ္ဌဗ္ဗာယတနံ ဆိုတာ ပထဝီ၊ တေဇော၊ ဝါယော၊ ပေါင်းလိုက်တဲ့အခါ
ရုပ်ပေါင်း ဘယ်လောက်ရှိသလဲ၊ ပသာဒရုပ် ၅-ခု ရယ် ရူပရယ်၊ သဒ္ဒရယ်၊ ဂန္ဓရယ်၊ ရသရယ်၊ ပထဝီရယ်၊
တေဇောရယ်၊ ဝါယော ရယ်ဆိုတော့ ဘယ်နှစ်ခုဖြစ်သွားလဲ၊ ၁၂-ခု၊ အဲဒီ ၁၂-ခုကိုပဲ သြဠာရိကရုပ်လို့
ခေါ်တာ၊ သိသာ ထင်ရှားတဲ့ရုပ်တွေမို့ ဩဠာရိကရုပ်။
ဒီ သြဠာရိက
ရုပ်တွေက မြင်သိစိတ်တို့ ကြားသိစိတ်တို့ လျက်သိစိတ်တို့ နံသိစိတ်တို့ ထိသိစိတ်တို့ကို
ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတာလို့ ဒီလိုဟောတာ။ ဒါ ပုရေဇာတသတ္တိတစ်ခုတည်းလို့ ပြောလိုတာ
မဟုတ်ဘူး၊ တခြားပစ္စည်းတွေနဲ့ ဆိုင်တာတွေလည်း အများကြီးပဲရှိသေးတယ်၊ ဒါ ပုရေဇာတကို
နားလည်အောင်လို့ ပြောတာ။
ကြည့်
ဒါတွေဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ - မျက်စိရှိတဲ့လူတိုင်း မြင်သိစိတ်တွေ ဖြစ်နေကြတယ်၊
နားရှိတဲ့လူတိုင်း ကြားသိစိတ်တွေ ဖြစ်နေကြတယ်၊ နှာခေါင်း ရှိတဲ့လူ လျှာရှိတဲ့လူ ကိုယ်ကာယပသာဒရှိတဲ့လူတိုင်း
နံသိစိတ်တို့ လျက်သိစိတ်တို့ ထိသိစိတ်တို့ ဖြစ်နေကြတယ်၊ ရှိနေတဲ့အကြောင်းတရားတွေ မျက်စိ
နား နှာ လျှာ ကိုယ် လို့ဆိုတဲ့ အကြည်ရုပ်တွေနဲ့ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အာရုံတွေဟာ
ဒီစိတ်တွေကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတာတဲ့။
ဒါကို
နားလည်လိုက်တာနဲ့ တစ်ပြိုင်နက် “သြော်- မြဲနေတယ် ဆိုတာလည်း တစ်ခုမျှမရှိဘူး၊ အတ္တလို့
ပြောစရာလည်း တစ်ခုမျှမရှိဘူး၊ ကိုယ်စိုး ကိုယ်ပိုင်တာ ဆိုတာလည်း တစ်ခုမျှ မရှိဘူး၊
သူ့အကြောင်းကြောင့်သူဖြစ်တာ၊ ကိုယ်နဲ့လည်း ဘာမှ မဆိုင်ဘူး၊
ပြောမယ်ဆိုလို့ရှိရင်
“အဟံ ငါ” လို့ ပြောစရာလည်း မရှိဘူး၊ “မမ ငါ့ဟာ” လို့လည်း ပြောစရာ မရှိဘူး၊ ပြောလို့
ရပါ့မလား၊ သူ့ အကြောင်းနဲ့သူ ဖြစ်နေတာ၊ “ငါ့ဟာ”လို့ သွားပြောလို့ရှိရင် တောဘဲတွေကို
ငါ့ဘဲလို့ သွားစွဲတာနဲ့ တူနေမှာပေါ့၊ “ငါ့ဟာ” လို့ ပြောစရာလည်း မရှိဘူး၊ “ငါ” လို့လည်း
ပြောစရာ မရှိဘူး၊ သဘာဝတရားက သူ့ အကြောင်းနဲ့ သူ့ဟာသူဖြစ်ပြီး သူ့ဟာသူ ပျက်သွားတာပဲ။
တကယ်မခိုင်မာဘူးဆိုတဲ့
သင်္ခါရတွေရဲ့သဘာဝကို ဆင်ခြင်စဉ်းစားမယ် ဆိုရင် ဘာအကျိုးရှိနိုင်တုန်းလို့ဆိုရင် တွယ်တာမှုမရှိတော့ဘူးပေါ့၊
“ငါ့ဟာ” ဆိုမှ တွယ်တာ တာလေ၊ “ငါ” ဆိုလို့ရှိရင် တွယ်တာမယ်၊ “ငါ” ဆိုတာ ဘာကို ပြောတာတုန်း
ဆိုတော့ အတ္တကို ဦးတည်ပြောတာ၊ မြတ်စွာဘုရားက အမြဲတမ်း ဒီ၂-ခုကို ရှင်းတယ်၊ လူတွေက သဘာဝတရားတွေကို
“အဟံ - ငါ” လို့ ပြောတယ်၊ “ငါ” လို့ ထင်ကြတယ်၊ တစ်ဖက်ကလည်း “ငါ့ဟာ” လို့ ထင်ကြတယ်။
“ငါ”ဆိုတဲ့
အထင်၊ “ငါ့ဟာ”ဆိုတဲ့ အထင်၊ ဒီအထင်တွေဟာ သက်သက် ထင်မြင်ချက်သာ ဖြစ်တယ်၊ တကယ်က “ငါ”ဆိုတာလည်း
မရှိဘူး၊ စက္ခုပသာဒရုပ် သည် စက္ခုပသာဒရုပ်သာ ဖြစ်တယ်၊ “ငါ” မဟုတ်ဘူး၊ စက္ခုပသာဒရုပ်သည်
အကြောင်းကြောင့် ဖြစ်နေတဲ့ အကျိုးမျှသာ ဖြစ်တယ်၊ “ငါ” မဟုတ်တာ, “ငါ့ဟာ” မဟုတ်တာတွေကို
လူတွေက “ငါ” လုပ်ပြီး “ငါ့ဟာ” လုပ်နေကြတာ၊ အဲဒါကြောင့် သံသရာထဲမှာ မျက်စိလည်ပြီးတော့
ဒုက္ခပင်လယ်ဝေနေတာ၊ ငါ မဟုတ်တာကို ငါ လုပ်ပြီးတော့ ဆင်းရဲကြတယ်၊ ပင်ပန်းကြတယ်၊ ဖြစ်ရလေခြင်းလို့
သောကတွေ လာတယ်၊ ဟုတ်ရဲ့လား၊ ငါ့ဟာ မဟုတ်တာကို ငါ့ဟာလို့ ထင်ပြီးတော့ ငိုကြွေးနေကြ တယ်။
ဒါကို
အရိယာသူတော်စင်တွေအနေနဲ့ ကြည့်မယ်ဆိုရင် လူတွေဟာ ရယ်စရာ အလွန်ကောင်းတယ်လို့ ပြောတာ၊
ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ ပုထုဇဉ် တွေဟာ အရူးတွေပဲ၊ ဘာလို့တုန်းဆို ငါ့ဟာမဟုတ်တာကို
ငါ့ဟာလို့ထင်နေတယ်၊ ငါမဟုတ် တာကို ငါလို့ထင်နေတယ်၊
ထင်ရုံတင်
မဟုတ်ဘူး၊ ဒါတွေအတွက် ငိုကြ တယ်၊ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတယ်၊ ဆဲကြတယ်၊ ဆိုကြတယ်၊
ရိုက်ကြတယ်၊ နှက်ကြတယ်၊ သတ်ကြ တယ်၊ ဖြတ်ကြတယ်၊ ဟော ဒါတွေနဲ့ ဖြစ်နေ တာပဲ၊ ငါ့မထိနဲ့,
ငါ့ဟာ လာမထိနဲ့နဲ့ ပြောနေတယ်၊ ဘယ်မှာတုန်း “ငါ”၊ ဘယ်မှာတုန်း “ငါ့ဟာ”၊ တကယ် တရား သဘောနဲ့ကြည့်ရင်
မရှိဘူး၊ သူ့ အကြောင်းနဲ့သူ ဆက်သွယ် ပြီး ဖြစ်နေတာ။ ဒီ သဘောတရားတွေကို သိဖို့ရာအတွက်
မြတ်စွာဘုရားက ဟောတာပါ။
ပဋ္ဌာန်း၂၄-ပစ္စည်းဆိုတာလည်း
ဝိပဿနာကမ္မဋ္ဌာန်းရှုလို့ရတဲ့ တရားတွေ ပဲ၊ နေ့စဉ်ဘဝမှာ အခုလို အကြောင်းအကျိုး ဆက်နွယ်ပြီး
ဖြစ်နေတာပါလားလို့ ဆိုတာကိုသဘောကျပြီး ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော်ကြီးကို အင်မတန်မှ အံ့သြ
လေးစား လေးစား ကြည်ညိုမယ်၊ ဘုန်းကြီးတို့တတွေဟာ နီးလျက်နဲ့ မမြင်နိုင်ကြဘူး၊ ဝေးလို့
မမြင်တာ ထား, နီးလျက်နဲ့ကို မမြင်နိုင်တာ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာတွေ ဖြစ်နေ မှန်းကို
မသိတာ၊ မျက်စိလည် လမ်းမှားနေတာကိုး။
မြတ်စွာဘုရားက
မျက်စိလည် လမ်းမမှားရအောင် အခုလို အဘိဓမ္မာ ဒေသနာ တော်ကြီးနဲ့ ရှင်းလင်းဖော်ပြတာ ဖြစ်တယ်။
တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ပုရေဇာတပစ္စည်း မနက်ဖြန် ဆက်ဟောမယ်၊ အဲဒီ ပုရေဇာတပစ္စည်းရဲ့
သဘော သဘာဝတွေကို သိရှိနားလည်ပြီး ဓမ္မအမြင်နဲ့ ကြည့်နိုင်မယ်ဆိုရင် တွယ်တာမှုဆိုတဲ့
သမုဒယတဏှာကို ဖယ်ရှားနိုင်ကြပြီး သောက ပရိဒေဝ ဆိုတဲ့ ရင်အတွင်းက ပူလောင်တဲ့ အဆိုးတရားတွေကိုလည်း
ဖယ်ရှားနိုင်ကြမှာဖြစ်ပြီး ထာဝရငြိမ်းချမ်းတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်
ပြုနိုင်ကြမှာ ဖြစ်တယ်၊
မှန်ကန်တဲ့ အတွေးတွေကိုတွေးပြီး သောက ပရိဒေဝ ဆိုတဲ့ စိုးရိမ်ခြင်း ပူပန်ခြင်း လို့ဆိုတဲ့ ရင်တွင်းရဲ့ပူဆာမှု ပူလောင်မှုတွေက ကင်းဝေးပြီးတော့ ထာဝရ ငြိမ်းချမ်းတဲ့အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
