အခန်း(၅)
“စိတ်ကို အမှီပြု အင်အားစုများ”
စေတသိက်တရား
▬▬▬▬▬▬▬
စိတ်ကို
အမှီပြု အင်အားစုများ ဆိုတာ စေတသိက်များပဲ ဖြစ်ပါတယ်၊ စေတသိက် ဆိုတာ စေတသိက -စိတ်ကို
မှီပြီနေတဲ့ သဘောဝတရားလို့ အဓိပ္ပါယ်ရတယ်၊ စိတ်ကို အမှီပြုဖြစ်တယ် ဆိုတာ စိတ်နှင့်
စပ်ပြီး ဖြစ်နေတာ၊ စိတ်မဖြစ်ရင် သူတို့ ဖြစ်လို့ မရဘူး၊ စိတ်နဲ့အတူတကွ ဖြစ်လို့ စိတ်ကို
မှီပြီးတော့ ဖြစ်ရတာ ဖြစ်သောကြောင့် စေတသိက၊ ထိုစေတသိကကိုပဲ စေတသိက်လို့ မြန်မာမှု
ပြုထားတာ၊ အဲဒီတော့ ဒီ စေတသိကဆိုတဲ့ စကားလုံးမှာ စေတ - ဆိုတဲ့ စကားလုံးနဲ့ စိတ္တ -
ဆိုတဲ့ စကားလုံး နှစ်ခုဟာ အဓိပ္ပါယ် တူတယ်လို့ မှတ်ရမယ်။
စိတ်ကို
ရည်ညွှန်းတဲ့ စကားလုံးတွေထဲမှာ ..
“စေတ”
ဆိုတာလည်း စိတ်ကို ရည်ညွှန်းတယ်၊
“စိတ္တ”
ဆိုတာလည်း စိတ်ကိုရည်ညွှန်းတယ်၊
“မန”
လို့ ဆိုတာလည်း စိတ်ကို ရည်ညွှန်းတယ်၊
“ဝိညာဏ”
လို့ ဆိုတာလည်း စိတ်ကိုပဲ ရည်ညွှန်းတယ်၊
အားလုံး
စိတ်ရဲ့ ဝေါဟာရ တွေပေါ့၊ စေတသိက - စိတ်ကို အမှီပြုပြီး ဖြစ်လာတဲ့ တရားတွေ၊ အဲဒီ တရားတွေဟာ
၅၂-မျိုး ရှိတယ်၊ ဒီကနေ့ စိတ်ကို အမှီပြုပြီးတော့ စိတ်ရဲ့ အင်အားစုများဖြစ်တဲ့ စေတသိက်
၁၃-မျိုး ရှိတယ်၊ အဲဒီ ၁၃-မျိုးကို အညသမာန လို့ အမည်ပေးထားတယ်၊ တခြားတစ်ပါး မိမိမှီရာ
တရားတွေနဲ့ အလားတူတယ်လို့ အဓိပ္ပါယ်ရတယ်၊ အဲဒီ
စေတသိက် ၁၃-မျိုးကို “အညသမာန်း စေတသိက်” လို့ ဒီလိုပဲ မှတ်ကြမယ်။
.
အညသမာန်း စေတသိက်
▬▬▬▬▬▬▬▬▬
အည -
ဆိုတာ အခြားတစ်ပါး၊ သမာန - ဆိုတာ တူတာ၊ ဆိုလိုတာက အကောင်းနဲ့ တွဲရင် အကောင်းဖြစ်တယ်၊
အဆိုးနဲ့တွဲရင် အဆိုးဖြစ်တယ်၊ ဘယ်အရာနဲ့ပဲ တွဲတွဲ အကောင်းအဆိုး ဒီနှစ်မျိုး စလုံး လိုက်လျော
ညီထွေဖြစ်တဲ့ စေတသိက်တွေလို့ ပြောတာနော်၊ အဲဒီ အညသမာနဆိုတဲ့ ဒီ စေတသိက် ၁၃-မျိုးထဲမှာ
ထပ်ပြီတော့ ခွဲလိုက်တယ်။
သဗ္ဗစိတ္တသာဓာရ
စေတသိက်က (၇) ခု၊ သဗ္ဗစိတ္တ - စိတ်အားလုံးနဲ့၊ သာဓာရဏ - ဆက်ဆံတဲ့ စေတသိက်တဲ့၊ ပကိဏ္ဏက
စေတသိက်က (၆) ခုတဲ့၊ ပကိဏ္ဏ- တချို့စိတ်နဲ့ တွဲတယ်၊ တချို့စိတ်နဲ့ မတွဲဘူး၊ ပုံမှန်မရှိတဲ့
စေတသိက်။ စိတ်နှင့်ယှဉ်မှု အစုပြုတဲ့အခါမှာ လွယ်ကူမှုရှိအောင် ဒီလို ခွဲခြားချက် ကလေးတွေနဲ့
သတ်မှတ် ထားတာနော်။
.
၈-မျိုးပါတဲ့ တစ်ခု
▬▬▬▬▬▬
စိတ်ဖြစ်တိုင်း
စိတ်ဖြစ်တိုင်း စေတသိက် ၇-ခုက ပါတယ်၊ စေတသိက် မပါဘဲနဲ့ စိတ်ချည့် မဖြစ်ဘူး၊ ဒါကြောင့်မို့
စေတသိက်တွေဟာ စိတ်ရဲ့ အင်အားစုတွေပဲ၊ စိတ်ဆိုသည်မှာ အာရုံကို သိတက်တဲ့ သဘောလေး တစ်ခုတည်းသာ
ရှိတယ်၊ အဲဒီ အာရုံကို သိတတ်တဲ့သဘောကို မှီပြီးတော့ ဖြစ်တဲ့ စေတသိက်က ၇-ခု၊ စိတ်က ၁-ခု၊
စေတသိက်က ၇-ခု၊ စုပေါင်းလိုက်တဲ့အခါ ၈-ခု၊ အဲဒီ ၈-ခုသည် ခွဲလို့ မရတဲ့ ၈-ခု၊ ခုခေတ်
ဆိုလို့ရှိရင် 8 in 1 ပေါ့၊ ၈-ခုကိုမှ တစ်စု ဖွဲ့ထားတာလို့ ပြောတာ။
ရုပ်အကြောင်း
ပြောတုန်းကလည်း အတူတူပဲ၊ ရုပ်ရဲ့ အင်အားစုတွေက ၈-ခု၊ ရှစ်ခုနဲ့ ဖွဲ့စည်းထားတာ၊ တစ်မျိုးတည်း
မဟုတ်ဘူး၊ ဘာဖြစ်လို့ ရှစ်ခုလို့ ပြောရတာတုန်း ဆိုရင် သူတို့ရဲ့ သဘာဝလက္ခဏာ တွေက တစ်ခုနဲ့
တစ်ခု မတူညီကြဘူး၊ ဒါကြောင့်မို့ ၈-မျိုး, ၈-ခု ဒီလို တွက်တာနော်၊ လက္ခဏာ
Characteristic ချင်း မတူဘူး၊ Function ချင်းလည်း မတူဘူး၊ မတူတဲ့ သဘာဝတွေ ပေါင်းစပ်ပြီး
ထားတာ၊ တူတာတွေချည်းပဲ ဆိုရင် အလုပ်ဖြစ်ချင်မှ ဖြစ်မှာ၊ မတူတာတွေ ပေါင်းထားတယ် ဆိုတာ
ဘုန်းကြီးတို့ ခန္ဓာကိုယ်ထဲမှာပဲ ကြည့်၊ မျက်စိတဲ့၊ နားတဲ့၊ နှာခေါင်းတဲ့၊ လျှာတဲ့၊
ကိုယ်တဲ့၊ တူရဲ့လား၊ မတူဘူး။
.
ဆောင်ရွက်မှုချင်း မတူ
▬▬▬▬▬▬▬▬
မျက်စိရဲ့
Function က မျက်စိရဲ့ ဆောင်ရွက်မှုက အဆင်းအာရုံကို မြင်တာ၊ သို့သော် အသံ မကြားနိုင်ဘူး၊
အနံ့လည်း မရှူနိုင်ဘူး၊ အရသာလည်း မသိဘူး၊ ဟုတ်ရဲ့လား၊ အရသာ မသိလို့၊ တစ်ခါတရံ ချိုတယ်ထင်ပြီး
သောက်လိုက် ချဉ်တာတွေနဲ့ တွေ့နေတယ်၊ မျက်စိက ကြည့်ရုံနဲ့တော့ မသိဘူး၊ သို့သော် စိတ်က
မှတ်သားထားသည့် အတွက်ကြောင့် ဒါမျိုးဆိုရင် အချိုပဲ၊ ဒါမျိုးဆိုရင် အချဉ်လို့ ဆိုတာတော့
နည်းနည်းပါးပါး ခန့်မှန်းလို့ ရတယ်ပေါ့၊ အဲဒီ ခန့်မှန်းချက်က တစ်ခါတရံ လွဲသွား တတ်
သေးတယ်နော်။
တကယ်
အရသာကို လျှာနဲ့မှ သိတာလို့ ဒီလို မှတ်ရတယ်၊ ခန္ဓာကိုယ်မှာလည်း ကြည့်၊ မတူတဲ့ သဘာဝတွေ
ပေါင်းစု ထားတာနော်၊ ထို့အတူပဲ ရုပ်ခန္ဓာက မတူတာတွေ စုထားသလို စိတ်မှာလည်း မတူတာတွေ
စုထားတယ်၊ စိတ်လို့ တစ်လုံးတည်း ပြောနေတာ။ အနည်းဆုံး ၈-ခု စုထားတယ်၊ ဒီထက် ပိုများဖို့ပဲ
ရှိတယ်၊ ၈-ခုအောက် လျှော့တာမရှိဘူး၊ ၈-ခု စုထားမှ သူက အလုပ်ဖြစ်တယ်၊ တစ်ခုနဲ့ တစ်ခု
သွင်ပြင် လက္ခဏာနဲ့ ဆောင်ရွက်ပုံချင်း မတူကြတာကိုး။
ကားပဲ
ကြည့်ပါဦး၊ ပစ္စည်းတွေ အများကြီး စုထားတာ မဟုတ်လား၊ အကြမ်းဖျင်း ပြောရင် ကားဘော်ဒီ
ရှိရတယ်၊ ဘီးရှိရတယ်၊ အင်ဂျင် ရှိရတယ်၊ ဓာတ်ဆီ ရှိရတယ်၊ မောင်းဖု့ိဆိုရင် ဒရိုင်ဘာ
ရှိရတယ်၊ အကုန်လုံးပေါင်းမှ ကားက သွားလို့ရတာနော်၊ တစ်ခုခု ပျက်နေတယ် ဆိုလို့ရှိရင်
သွားလို့ မရဘူး၊ နောက်ဆုံးမှာ ဝါယာကြိုးလေး တစ်ချောင်း ပြုတ်နေတယ် ဆိုရင်တောင် ကားစက်နှိုးလို့ရမှာ
မဟုတ်ဘူး၊ ဒါတွေ အကုန်ပေါင်းလိုက်မှ အလုပ်ဖြစ်တာ၊ တစ်ခုနဲ့တစ်ခု တူလားလို့ ဆိုတော့
မတူကြဘူး၊ မတူတာတွေ ပေါင်းထားတာ။
ထို့အတူပဲ
စိတ်မှာလည်း မတူတာတွေ ပေါင်းထားတဲ့ ၈-ခုဆိုတာ သိအောင် ကြိုးစား ရမယ်၊ အဲဒီ စိတ်တိုင်းမှာ
ပါဝင်နေတာ ၇-ခု၊ တချို့စိတ်တွေမှာ ပါပြီး၊ တချို့ စိတ်တွေမှာ မပါတာက ၆-ခု ပေါင်းလိုက်တော့
၁၃-ခု၊ အဲဒီ ၁၃-ခုကို အကောင်း လို့လည်း ပြောလို့မရဘူး။ အဆိုးလို့လည်း ပြောလို့ မရဘူး၊
သဘာဝစိတ်ရဲ့ အင်အား စုတွေပဲ၊ အဆိုးလို့လည်း ပြောလို့ မရဘူး၊ သဘာဝစိတ်ရဲ့ အင်အားစုတွေပဲ၊
သူတို့နဲ့ ယှဉ်တွဲနေတဲ့ စိတ်ကို စိတ်ကောင်းလို့လည်း ပြောလို့ မရဘူး၊ စိတ်ယုတ် လို့လည်း ပြောလို့မရဘူး။
.
ပေါင်းစုံမှ အလုပ်ဖြစ်
▬▬▬▬▬▬▬
သို့သော်
သူတို့ မပါလို့ရှိရင် စိတ်ဆိုတာ အာရုံသိမှုက လွဲလို့ တခြား ဘာကိုမှ ဆောင်ရွက်နိုင်စွမ်း
ရှိမှာ မဟုတ်ဘူး၊ စိတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဟောဒီ စေတသိက်တွေနဲ့ တွဲဖက်တော့မှ ဆောင်ရွက်လို့
ရတယ်။
ဘုန်းကြီးတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကြီး ကြည့်၊ ခြေထောက် ပါရတယ်၊ လက်
ပါရတယ်၊ ခေါင်း ပါရတယ်၊ အကုန်လုံး ပေါင်းစပ်မှ သွားတာတို့, စားတာတို့ ဖြစ်တာ မဟုတ်လား၊
ကိုယ့်ဘာသာကိုယ် အသေးစိတ် စဉ်းစားကြည့်၊ ပါးစပ်တစ်ခုတည်း ရှိလို့ စားလို့မရဘူးနော်၊
လက်က ယူပေးရတယ်၊ လက်က ယူပေးတာ ပါးစပ်က ဖွင့်မပေး ဘူးဆို မရပြန်ဘူး၊ ပါးစပ်က အနီးရောက်မှ
ဖွင့်ပေးရတယ်၊ ပါးစပ်ထဲ ထည့်လိုက်လို့ သွားက ဝါးမပေးပြန်ဘူး ဆိုတော့လည်း မရပြန်ဘူး၊
ဝါးတော့ ဝါးတယ်၊ လျှာက နေပြီးတော့ လှည့်မပေးဘူး ဆိုတော့လည်း မရပြန်ဘူး၊ သဘာဝတွေက အကုန်လုံး
စုပေါင်းပြီး စက်ရုံကြီးလိုပဲ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု ဆက်စပ်လုပ်နေတဲ့ သဘာဝတွေ၊
ကိုယ့်ခန္ဓာကိုယ် တွင်ပဲ ကြည့်လိုက်ပေါ့။
.
ခွဲခြမ်းစိတ်ဖြာသိခြင်း အကျိုး
▬▬▬▬▬▬▬▬▬▬
ဒါဖြင့်
ဒါတွေကို သိတော့ ဘာအကျိုး ရှိသလဲဆိုတော့ “ငါ” လို့ တစ်သံသရာလုံး ထင်လာတဲ့ အထင်ကြီးဟာ
“သြော် - ငါ မဟုတ်ပါလား၊ သူ့ဟာသူ လုပ်နေကြတာ ပါလား၊ သူ့ အကြောင်းနဲ့သူ, သူ့ကိစ္စသူ
လုပ်နေကြတာပါလား” ဆိုတဲ့ ဒီလို မှန်ကန်တဲ့ အမြင်တစ်မျိုး ရလာနိုင်တယ်၊ ဒါဟာ အကျိုးပဲ။
တစ်သံသရာလုံး ငါလို့ ထင်လာတဲ့ အစွဲကြီးဟာ ပျောက်သွားနိုင်တယ်၊ တစ်သံသရာလုံး ငါ့ဥစ္စာလို့
ထင်လာတာလည်း “သြော် - ငါ့ဥစ္စာ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့သူ၊ သူတို့ ဆိုင်ရာ ဆိုင်ရာ
ကိစ္စတွေ သူ့ဟာသူ လုပ်နေကြတာ၊ ငါလုပ်ခိုင်းတာလည်း မဟုတ်ဘူး၊ သူ့ဟာသူ လုပ်နေကြတာ” ဆိုတဲ့သဘောလေး
ပေါ်မလာဘူးလား၊ မှန်ကန်တဲ့ အမြင်ရဖို့ရာအတွက် အခုလို Analize ခွဲခြမ်းစိတ်ဖြာတဲ့ အသိဉာဏ်
ရဖို့ရာအတွက် အဘိဓမ္မာကို လေ့လာကြရတာ။
မလေ့လာလို့
အဘိဓမ္မာ သဘောကို မသိလို့ရှိရင် ဝိပဿနာဉာဏ် ထပ်ဆင့်ဖြစ်ဖို့ မလွယ်ဘူး၊ ဘာဖြစ်လို့လဲ
ဆိုတော့ ကြည့်လေ၊ ဝိပဿနာဉာဏ် ဖြစ်ဖို့ရာအတွက် “နာမရူပပရိစ္ဆေဒဉာဏ်” ဆိုတဲ့ ရုပ်နဲ့နာမ်
နှစ်ခု ခွဲခြားသိဖို့ဆိုတာ အရင်လာရတယ်၊ ပြီးတော့ ဒီ ရုပ်နဲ့နာမ် ဘာကြောင့် ဖြစ်တယ်ဆိုတဲ့
“ပစ္စယပရိဂ္ဂဟဉာဏ်” နဲ့ အမှန် သိဖို့လိုတယ်၊ အဲဒီ နောက်မှ ဝိပဿနာဉာဏ်တွေက လာတာ၊ အဲဒီတော့
ဝိပဿနာ ဉာဏ်ကို လမ်းခင်းပေးဖို့ရာအတွက် ဒီအဘိဓမ္မာဉာဏ်ဆိုတာ ရှိကို ရှိရမယ်နော်၊ ဒီတော့မှ
လမ်းကြောင်းဟာ ရှင်းသွားပြီးတော့ အမြင်တွေ မှန်လာမယ်၊ သံသရာက စွဲနိုင်တဲ့ အစွဲတွေ ကို
ဖြုတ်နိုင်မယ်လို့ ဒီလို သဘောကျရမယ်။
စိတ်ဦးဆောင်ပြီး
ဖြစ်လာတဲ့ ဒီသဘာ၀ ၈-ခုဟာ ဘယ်လောက်ထိအောင် တွဲတုန်း ဆိုရင် သူက တစ်ခုတည်းလို့ ထင်ရအောင်
တွဲတယ်၊ တစ်ခုတည်းလို့ ထင်ရအောင် တွဲတယ် ဆိုတာ ဘယ်လို ထိအောင် တစ်ပါးတည်းလို့ ထင်ရသလဲဆိုရင်
ပေါ်လာတဲ့ နေရာကလည်း တစ်နေရာတည်းက ပေါ်လာတာ၊ Base လို့ ခေါ်တယ်၊ မှီရာဝတ္ထု တစ်ခုတည်းက
ပေါ်လာတာ။
ဥပမာ
- မျက်စိက ပေါ်လာရင် မျက်စိဆိုတဲ့ မှီရာတစ်ခုတည်းမှာ ဒီ ၈-ခုက ပေါ်တယ်၊ အသံကို ကြားပြီးတော့
နားက ပေါ်တယ်ဆိုရင်လည်း ဒီ ၈-ခုစလုံးဟာ တစ်ခုက မျက်စိက ပေါ်ပြီး တစ်ခုက နားမှ ပေါ်တာ၊
ဒီလို မဟုတ်ဘူး၊ နားကပေါ်တဲ့ အုပ်စုဆိုရင်
နားကပဲ ပေါ်တယ်၊ နှာခေါင်းက ပေါ်လာတယ် ဆိုရင် နှာခေါင်းကချည်းပဲ ပေါ်တယ်၊ လျှာကို မှီပြီး
ပေါ်လာတယ် ဆိုရင်လည်း လျှာကပဲ ပေါ်တယ်၊ ခန္ဓာကိုယ်
ကာယပသာဒကို မှီပြီး ပေါ်လာတယ် ဆိုရင်လည်း ခန္ဓာကိုယ်ကပဲ ပေါ်တယ်၊ မှီရာ ဝတ္ထုရုပ်ချင်း
တူတယ်တဲ့။
ဒါတင်ပဲလားဆိုတော့
မဟုတ်ဘူး၊ သူတို့ ရရှိထားတဲ့ အာရုံကလည်း အတူတူပဲတဲ့၊ မှီရာတူသလို အာရုံလည်း တူရမယ်၊
ဒီလို တူညီနေတဲ့ ဒီသဘာ၀ ၈-ခုဟာ ဖြစ်တော့လည်း တစ်ပြိုင်နက် ဖြစ်လာတယ်၊ ပျက်တော့လည်း
တစ်ပြိုင်နက် ပျက်သွား တယ် ဆိုတော့ တစ်ခုတည်းကို ဖြစ်မနေ ပေဘူးလား၊ သို့သော် သူတို့ရဲ့
ဆောင်ရွက်ချက်တွေက တစ်ခုတည်း မဟုတ်ဘူးတဲ့။
ကားကြီး
လမ်းပေါ်မှာ ပြေးနေတာ ဓာတ်ဆီကလည်း ဓာတ်ဆီအလုပ် လုပ်တယ်၊ အင်ဂျင်ကလည်း အင်ဂျင်အလုပ်
လုပ်တယ်၊ ဒရိုင်ဘာကလည်း ဒရိုင်ဘာအလုပ် လုပ်ရတယ်၊ ဘီးကလည်း ဘီးအလုပ် လုပ်ရတယ်၊ သူ့ဆိုင်ရာ
ဆိုင်ရာ အလုပ်တွေ လုပ်နေတာ၊ သို့သော် ကားလမ်းပေါ်မှာ ပြေးနေတယ် ဆိုတဲ့ တစ်ခုပဲ ဖြစ်တာ။
လူတွေ
လမ်းလျှောက်တဲ့ နေရာမှာလည်းပဲ မျက်စိက လမ်းကို ကြည့်ပေးရတယ်၊ ခြေထောက်က လျှောက်ပေးရတယ်၊
ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက balance ဖြစ်အောင် ညှိပေးရတယ်၊ ဟောကြည့် စုပေါင်းပြီးတော့
သူ့အလုပ်သူ လုပ်သွားကြတာ၊ အဲဒီလို သဘာဝချင်း မတူတဲ့အရာတွေ ပေါင်းစပ်ပြီးတော့ သူ့အလုပ်သူ
လုပ်နေတာတွေ ကိုယ့်သန္တာန်မှာ ရှိနေတယ်။
.
သဗ္ဗစိတ္တသာဓာရဏ
▬▬▬▬▬▬▬
အဲဒီတော့
စိတ်ဖြစ်တိုင်း ဖြစ်တဲ့ စေတသိက် ၇-ခု ဆိုတာ ပါဠိလို ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ,
ဇီဝိတိန္ဒြိယ, မနသိကာရ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏ ၇-ခုကို ခေါ်တယ်၊ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့
စေတသိက်။
(၁) ဖဿ
တဲ့၊ ဖဿက စဖြစ်လို့ ဖဿကို နံပါတ် ၁-လို့ ပြောတာဟုတ်ဘူး၊ ဒါက ဟောတဲ့ပြောတဲ့ အစဉ်နဲ့
ပြောတာနော်၊ သူတို့ အားလုံးက စိတ်ဖြစ်တာနဲ့ တစ်ပြိုင်တည်း ဖြစ်ကြတာ၊ ဖဿဆိုတာ အာရုံနဲ့
ထိတွေ့မှု၊ ဒီလို အဓိပ္ပါယ် ရတယ်၊ စိတ်နဲ့ အာရုံနဲ့ ထိတွေ့သွားတဲ့ သဘောဟာ ဖဿ။
(၂) ဝေဒနာ
- ခံစားမှု
(၃) သညာ
- အမှတ်အသား ပြုပြီးတော့ သိမှု၊
(၄) စေတနာ
- လှုံ့ဆော်စည်းရုံးမှု၊ ဖြစ်ဖက် သဘာဝတရားတွေကို လှုံ့ဆော်ပြီးတော့ စုစည်းပေးတဲ့ သဘော၊
(၅) ဧကဂ္ဂတာ
- အာရုံတစ်ခုတည်းပေါ်မှာ စုကျနေအောင် ဦးတည်ချက်တစ်ခုတည်း ထားပေးမှု၊
(၆) ဇီဝိတိန္ဒြိယ
- စောင့်ရှောက်တဲ့ နေရာမှာ ပိုင်စိုးတဲ့ အသက်လို့ခေါ်တဲ့ သဘာဝ တရား တစ်ခု။ သူရဲ့ ဆောင်ရွက်မှုကတော့
ဒီသဘာဝတရားတွေ ထပ်ထပ်ပြီးတော့ ဖြစ်နေအောင်။ ဖြစ်နေတဲ့ အချိန်ပိုင်း တွေ၊ သူကနေ အကာအကွယ်
တော်တော် ပေးတယ်၊ ပြောမယ်ဆိုရင် Preserve လုပ်ပေးတယ်နော်၊ ဆိုင်ရာသက်တမ်းလေး အတွင်း
ပျက်စီးမသွားအောင် သူက Preserve လုပ်ပေးထားတာ၊ ထိန်းပေး တယ်လို့ ပြောတယ်။
နောက်နံပါတ်
(၇) မနသိကာရ ဆိုတာ နှလုံးသွင်းတယ်လို့ ပြောတယ်၊ အာရုံ ရှိတဲ့ဘက်ကို စိတ်ကို ဦးလှည့်ပေးတာ၊
စိတ်နဲ့ အာရုံတွဲသွားအောင် အာရုံဘက် စိတ်ကို ဦးလှည့်ပေးတဲ့သဘော၊ ကဲ တစ်ခုနဲ့တစ်ခု ဆောင်ရွက်မှုချင်း
တူကြရဲ့လား။
.
ဆောင်ရွက်မှု ကိစ္စများ
▬▬▬▬▬▬▬▬
ဖဿက အာရုံနဲ့စိတ်ကို
ဆုံစည်းပေးတာ၊
ဝေဒနာက
အာရုံနဲ့ သဘာဝကို အတွေ့အကြုံ ရသွားတာ၊ ခံစားတာ၊
သညာက
အမှတ်အသား လုပ်ပြီး သိလိုက်တာ၊
စေတနာက
လှုံ့ဆော်ပြီး စည်းရုံးတာ၊ အားလုံး အတူတူ ဆောင်ရွက်ရအောင် သူ့ကိစ္စသူ ဆောင်ရွက် အောင်
စေတနာက လှုံ့ဆော်တယ်၊ စည်းရုံးတယ်၊
ဧကဂ္ဂတာဆိုတာ
အာရုံတစ်ခုတည်းပေါ်မှာ ကျသွားအောင် ပေါင်းပေးတယ်၊
ဇီဝိတိန္ဒြေဆိုတာ
ဖြစ်လာတဲ့ သဘာဝတရားတွေ ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ ပေးတယ်၊
မနသိကာရဆိုတာ
စိတ်ကို အာရုံဘက်ကို လှည့်ပေးတယ်၊ နှလုံးသွင်းတယ်လို့ ပြောတယ်။
အဲဒီ
သဘာဝတရားတွေ စိတ်ရယ်၊ ဟောဒီ သဘာ၀ စေတသိက် ၇-မျိုးရယ်ဟာ ခွဲလို့မရအောင် တစ်ခုတည်း အနေနဲ့
ယှဉ်တွဲပြီးတော့ ဖြစ်နေကြတယ်တဲ့၊ Unity of mind လို့ ပြောတယ်၊ လူရဲ့ ရုပ်ခန္ဓာကိုယ်မှာ
အင်မတန် သေးငယ်တဲ့ cell လေးတစ်ခုမှာ တောင်မှပဲ ရုပ် ၈-ခု၊ ၉-ခု၊ ၁၀-ခု ပေါင်းနေတာနော်။
အခု စိတ်ကလည်း အတူတူပဲ၊ သာမန်စိတ်ကလေး အင်အား အနည်းဆုံး စိတ်လေး တစ်ခုမှာ စိတ်တစ်ခုနဲ့
စေတသိက် ၇-ခု၊ ဟောဒီ ၈-ခု ပေါင်းနေတာပဲ၊
ဒီနေရာမှာ
ဘယ်လို နားလည်ရမလဲဆိုရင် စဉ်းစားကြည့်ပါ၊ စိတ်နဲ့ အာရုံနဲ့ တွေ့ဖိုရာ အတွက် တွေ့ဆုံပေးတဲ့
သဘာ၀ မပါရင် စိတ်က အာရုံနဲ့တွေ့ဆုံတာ သူမလုပ်နိုင်ဘူး၊ ခံစားတာ သူမလုပ်နိုင်ဘူး၊ မှတ်တမ်းတင်တာ
သူမလုပ်နိုင်ဘူး၊ လှုံ့ဆော်တာ စည်းရုံးတာ သူ့အလုပ် မဟုတ်ဘူး၊ ဟုတ်ရဲ့လား၊ စုစည်းပေးတာ
သူ့အလုပ် မဟုတ်ဘူး၊ အာရုံတစ်ခုတည်းပေါ်မှာ စုနေအောင်လုပ်တာ၊ သူ့အလုပ် မဟုတ်ဘူး၊ စောင့်ရှောက်
ထိန်းသိမ်းပေးတာလည်း သူ့အလုပ် မဟုတ်ဘူး၊ အာရုံရှိရာကို ဦးလှည့် ပေးတာလည်း သူ့အလုပ်
မဟုတ်ဘူး။
သူလုပ်တာက
အာရုံကို သိလိုက်တဲ့ သဘောလေးပဲ၊ ဒါပဲ သူလုပ်နိုင်တာ၊ ဒီသဘာ၀ တရားလေး တွေဟာ သူ့ဟာသူ
စုစည်းပေးတာ၊ စိတ်ကလေးကို အာရုံနဲ့ တွေ့ဖို့ရာ အတွက် ဖဿဆိုတဲ့ အာရုံနဲ့ ဆုံတွေ့ပေးတဲ့
သဘာဝလေး တစ်ခု ရှိကို ရှိရတယ်၊ သူမရှိရင် အာရုံနဲ့ မဆုံတွေ့နိုင်ဘူးပေါ့၊ အာရုံနဲ့
ဆုံတွေ့သွားတဲ့အခါမှာ အာရုံရဲ့ သဘောကို ခံစားလိုက်တာ၊ အတွေ့အကြုံတစ်ခု ရလိုက်တာ၊ လူတွေက
ပြောတယ်၊ အတွေ့အကြုံလို့ ပြောကြတယ်၊ ခံစားတယ် ဆိုလို့ရှိရင် တစ်ခါတလေ သဘော မပေါက်ဘဲ
နေတယ်၊ ခံစားတယ်ဆိုတာ ဒီအာရုံလေး တွေ့တဲ့အခါ စိတ်ထဲမှာ ပျော်သွားတယ်၊ စိတ်ညစ်သွားတယ်၊
အဲဒါ ခံစားတာ၊ အတွေ့အကြုံ ရသွားတာ၊ အဲဒီတော့ တစ်ခုချင်း ပြောရအောင်။
.
ဖဿဖြစ်ပုံ
▬▬▬▬
(၁) ဖဿဆိုတဲ့
သဘာဝတရားဟာ မြတ်စွာဘုရား ကိုယ်တိုင်က စိတ်ပေါ်လာမှ ပေါ်တယ်ဆိုတာ ဟောတော်မူထားတယ်။
စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော။
စက္ခုံစ
- စက္ခုပသာဒရုပ်ကို လည်းကောင်း၊
(စက္ခုပသာဒရုပ်
ဆိုတာက ကံက ဖန်တီးပေးထားတယ်၊ ကံကြောင့် ဖြစ်လာတဲ့ ရုပ်တစ်ခု၊)
ရူပေ
စ - စက္ခုပသာဒရုပ်ပေါ်မှာ ထင်လာတဲ့အဆင်း ရူပါရုံတို့ကို လည်းကောင်း၊
ပဋိစ္စ
- အစွဲပြု၍၊
စက္ခုဝိညာဏံ
- မြင်သိစိတ်ကလေးသည်၊
(ဝါ)
စက္ခုပသာဒရုပ်ပေါ်မှာ အမှီပြုပြီးတော့ ပေါ်လာတဲ့ စိတ်ကလေးသည်၊
ဥပ္ပဇ္ဇတိ
- ဖြစ်ပေါ်လာရ၏။
စိတ်ကလေး
ဖြစ်ပုံကို ဟောဒီ ပါဠိတော်က ဟောထားတာ၊ ဒါ ကိုယ်တိုင် နားလည်လို့ ရတာပဲ၊ ကိုယ့်မှာ မျက်စိရှိတယ်၊
မျက်စိရှိတော့ ပြင်ပက မြင်စရာအာရုံက မျက်စိမှာ လာတိုက်တယ်၊ တိုက်လိုက်တဲ့အတွက်ကြောင့်
မြင်သိစိတ်ကလေး ပေါ်လာတယ်၊ မျက်စိမှိတ်ထားရင် ဒီစိတ် မပေါ်ဘူးလေ၊ မြင်လိုက်တယ် ဆိုတာ
မျက်စိဖွင့်ထားလို့၊ မျက်စိကို အာရုံလာထိမှ မြင်သိစိတ်ကလေး ပေါ်တယ်ဆိုတာ လေ့လာကြည့်၊
ကိုယ့်ဟာကိုယ် မျက်လုံးလေး ဖွင့်လိုက်တာ၊ ကြည့်လိုက်တာနဲ့၊ ကိုယ့်ရှေ့မှာ မြင်စရာ တွေ
မြင်မနေဘူးလား၊ မြင်တာလည်း တစ်ခါတည်း မြင်တာမဟုတ်ဘူး၊ ဟိုဟာလေး မြင်လိုက်၊ ဒါလေး မြင်လိုက်၊
သိပ်မြန်လွန်း အားကြီးတော့ တစ်ခါတည်း အကုန် မြင်တယ် ထင်နေတာနော်။
စိတ်ဆိုတာ
အလွန်မြန်တယ်၊ အာရုံ အမျိုးအမျိုးကို အကုန်ဖမ်းယူနိုင်တယ်၊ ပန်းပွင့်လေး ကြည့်လိုက်၊
ပန်းပွင့်လေးမှာ အဖြူတွေလည်း ပါတယ်၊ အနီတွေလည်း ပါတယ်၊ ရောင်စုံ ဆိုပါတော့ ၊ စိတ်က
ထင်လိုက်တာ၊ ဒီရောင်စုံ အကုန်လုံး တစ်ခါတည်း မြင်တယ်လို့ ထင်လိုက်တာ၊ တကယ်တော့ မဟုတ်ဘူး
အာရုံပြုတဲ့ ဆီမှာ အသွားမြန်တာ၊ တစ်ခါတည်း မြင်လိုက်တာ မဟုတ်ဘူး၊ ဒီလောက် မြန်တာရော
ဖြစ်နိုင်ပါ့မလားဆိုတော့ ဖြစ်နိုင်တာပေါ့။
ဘောလုံးကလေးတွေ
လက်ထဲမှာ ဟိုဘက် ၁၀-လုံး၊ ဒီဘက် ၁၀-လုံးနဲ့ ဘောလုံး လေးကို မြှောက်ပြီး ဖမ်းတဲ့လူ မြင်ဖူးတယ်မဟုတ်လား၊
တစ်လုံးမှ လွတ်မကျအောင် ဖမ်းနိုင်တာ၊ ဒါ ကျင့်ထားတဲ့ လက်ရဲ့ စွမ်းရည်သတ္တိပဲလေ၊ ဒီ
မျက်စိဆိုတာ ကံကပေးတဲ့ စွမ်းအားသတ္တိတွေ၊ သူက အပြည့်ရှိနေတာ၊ စိတ်ကလည်း ကံကပေးတဲ့ စွမ်းအားသတ္တိတွေ
ရှိနေတာဆိုတော့ ကြည့်လေ၊ အကုန်လုံးကို သူ ဖမ်းမိတယ်၊ မလွတ်တမ်း ဖမ်းထားတာ၊ အကုန်လုံး
ဖမ်းမိနိုင်တယ်၊ စက္ခုပသာဒရယ် မြင်စရာ အာရုံလေးရယ် ဒီ နှစ်ခုပေါင်းလိုက်လို့ မြင်သိစိတ်
(သို့) စက္ခုပသာဒကို မှီပြီးတော့ ဖြစ်လာတဲ့ စိတ်ကလေး ပေါ်လာရတယ်တဲ့။
တိဏ္ဏံ
သင်္ဂတိ ဖဿော - ဒီ သုံးခု ပေါင်းစပ်သွားတဲ့အခါ ဘာပေါ်လာတုံး ဆိုတော့ ဖဿပေါ်လာတာ ကိုပြောတာ၊
စက္ခုဝိညာဏ်စိတ်ဆိုတဲ့ မြင်သိစိတ်ကလေး ပေါ်လာ တာနဲ့ တစ်ပြိုင်နက် ထိုအာရုံနဲ့ ဒီစိတ်ကလေး
တွေ့သွားအောင် ဘာလုပ်ပေးလိုက်လဲ ဆိုတော့ ဖဿက လုပ်ပေးတာတဲ့၊
တိဏ္ဏံ
- စက္ခုပသာဒ ရူပါရုံ စက္ခုဝိညာဏ်စိတ် ဆိုတဲ့ ဒီ သုံးမျိုးတို့ရဲ့၊
သင်္ဂတိ
- ပေါင်းဆုံမှုကြောင့်၊
ဖဿော
- ဖဿဆိုတာ ပေါ်လာရတယ်၊
စက္ခုဝိညာဏ်စိတ်က
အရင်ပေါ်ပြီးတော့ ဖဿက နောက်မှ ပေါ်လာလား ဆိုတော့ မဟုတ်ဘူး၊ တစ်ခါတည်း ပေါ်တာ။
ဘယ်မှ
ပေါ်တုန်းဆိုတော့ စက္ခုပသာဒရုပ်မှာ ပေါ်လာတာ၊ ရူပါရုံမှာ ပေါ်တာ မဟုတ်ဘူး၊ စက္ခုပသာရုပ်ကို
မှီပြီးတော့ ဖြစ်လာကြတာ၊ စက္ခုဝိညာဏ်စိတ်က အဲဒီလိုဖြစ်တော့ စက္ခုဝိညာဏ်စိတ် ကို မှီပြီးတော့
ဖဿလေးက ပေါ်လာတာ၊ အဲလို ဖဿဆိုတာ အာရုံလေးနဲ့ စက္ခုဝိညာဏ်စိတ် ကလေးနဲ့ ရူပါရုံကလေးနဲ့
ဆုံမိသွား အောင် သူက ဆက်သွယ်ပေးတဲ့ သဘောပဲ၊ Communication လုပ်ပေးလိုက်တာ၊ အာရုံနဲ့စိတ်
ဆက်သွယ်မှု ရသွားတာ၊ Intouch ပေါ့၊ အခုလို ပြောရင် ရူပါရုံနဲ့ စက္ခုပသာဒ ထင်ဟပ်လာတဲ့အခါ
စိတ်နဲ့ အာရုံနဲ့ တွေ့သွားအောင် သူက လုပ်ပေးလိုက်တာ။
.
ဝေဒနာဖြစ်ပုံ
▬▬▬▬
စိတ်နဲ့
အာရုံနဲ့ တွေ့သွားပြီ၊ ပန်းဆိုရင်လည်း ပန်းဆိုတဲ့ အဆင်းလေးပေါ်မှာ စိတ်ရောက်သွားပြီ၊
ပန်းဆိုတာလေးဆီ ရောက်သွားတော့ ဒီပန်းလေးက မွှေးတယ်၊ မမွှေးဘူး၊ လှတယ်၊ မလှဘူးဆိုတဲ့
အတွေးလေးတွေ နောက်က ဆက်လာတယ်၊ အဲဒီ အတွေးလေးတွေ ဆက်လာတာက အရင်တုန်း အတွေ့အကြုံရှိလို့၊
မရှိဘဲနဲ့ မဆက်နိုင်ဘူး၊ အဲဒီ လှတဲ့ပန်းဆိုရင် ဝမ်းသာတဲ့ ခံစားမှုလေး မလာဘူးလား၊ အဲဒီ
ခံစားမှုလေး ပေါ်လာတာကိုပဲ ဝေဒနာလို့ ပြောတာ၊ အတူတူ ဖြစ်လာပေမယ့်လု့ိ ဒီစိတ်နဲ့ အာရုံနဲ့
ဆုံစည်းမှုဆိုတဲ့ ဖဿမရှိဘဲ ဒီ ဝေဒနာက လာလို့ မရဘူး။
ဒါကြောင့်
ရှေ့နောက် သဘောမျိုးနဲ့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ် ဟောထားတာ “ဖဿပစ္စယာ ဝေဒနာ” လို့၊
ဒါပေမယ့် ဖဿပေါ်ပြီးမှ ဝေဒနာပေါ်တာ မဟုတ်ဘူး၊ ဖဿပေါ်တဲ့ အတိုင်းအတာ လောက် ဝေဒနာက ပေါ်လာတာ၊
ဒီလို ပြောတာနော်၊ ဖဿပေါ်တာက အင်အားပျော့နေရင် ဝေဒနာလည်း အင်းအားပျော့တယ်၊ ဖဿပေါ်မှု
အင်အား ကောင်းတယ်ဆိုရင် ခံစားမှုကလည်း အင်အား ကောင်းတယ်၊ ဒါကို ဆိုတာနော်၊ ပေါ်တာကျတော့
သူတို့ အတူတူ ပေါ်တာပဲ၊ တစ်ပြိုင်နက် ပေါ်တာပဲ၊ ဖဿရဲ့ အာရုံနဲ့ စိတ်ကို ဆုံဆည်းပေးမှုက
စွမ်းအား ထက်လေလေ ဝေဒနာ ခံစားမှုက စွမ်းအားထက်လေလေတဲ့။ ဒါကြောင့် “တိဏ္ဏံ သင်္ဂတိ ဖဿော
- ဖဿပစ္စယာ ဝေဒနာ” လို့ ဟောတာ၊ ဝေဒနာလေး ပေါ်လာတယ်။
ကိုယ့်စိတ်ကို
ကိုယ်အကဲခတ်ကြည့်၊ ဟောဒါ ဝိပဿနာပဲ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာဆိုတာ အဲဒါကို ပြောနော်၊
ကိုယ့်ကိုယ်ကို စောင့်ကြည့်တာ၊ တယ်လီဗွီးရှင်းကို စောင့်စောင့် ကြည့်ကြတယ် မဟုတ်လား၊
ကိုယ့်စိတ်လေးကိုယ် စောင့်ကြည့်ပေါ့၊ ဘယ်လို ဖြစ်နေသလဲဆိုတာ ထိုင်ပြီးတော့ ကြည့်နေ၊
ကိုယ့်စိတ်ကိုယ် မျက်လုံးလေး မှိတ်ပြီးတော့ စောင့်ကြည့်တဲ့အခါမှာ သတိ ကြီးစွာရှိရမယ်၊
စိတ်တည်ငြိမ်မှု ရှိရမယ်၊ ထိုင်တော့ ကြည့်တယ်။ ဟိုတွေး ဒီတွေးဆို အများကြီး လွတ်ကုန်မှာပဲ၊
တယ်လီပွီးရှင်း ကြည့်တုန်းတောင်မှ ဟိုတွေးဒီတွေး, ဟိုလှည့် စကားပြော ဒီလှည့် စကားပြောဆို
ဇာတ်လမ်းတွေ လွတ်ကုန်မှာ၊ အဲဒါမျိုး မဖြစ်အောင် သမာဓိစွမ်းအားတို့ သတိစွမ်းအားတို့နဲ့
စောင့်ကြည့် လိုက်လို့ရှိရင် ဒီသဘာ၀ တရားတွေကို မြင်လာမယ်၊ တကယ်ဖြစ်နေတဲ့ ဖြစ်စဉ် တစ်ခု
မြတ်စွာဘုရားက ဟောတာ။
ဖဿဆိုတာ
စိတ်ကို အာရုံနဲ့ ဆုံစည်းပေးတဲ့ သဘော၊ ဝေဒနာဆိုတာ စိတ်နဲ့အာရုံ ဆုံစည်း လိုက်လို့ရှိရင်
ခံစားမှုလေး ပေါ်လာတာ၊ ဝေဒနာရဲ့ စွမ်းအားကြောင့် စိတ်ကလေးဟာ ခံစားမှု အတွေ့အကြုံ ရသွားတယ်၊
သြော် ဒီပန်းမျိုးဆို မွှေးတယ်၊ ဟိုပန်းမျိုးဆို မမွှေးဘူး၊ ဒီပန်းလေးက လှတယ်၊ ဟိုပန်းက
မလှဘူးဆိုတဲ့ ဒီပျော်မှု၊ မပျော်မှုဆိုတဲ့ ခံစားချက်လေးတွေကို ပြောတာ။
မြန်မာပြည်မှာတော့လူတွေက
ဝေဒနာ ဆိုလို့ရှိရင် ရောဂါလို့ အောက်မေ့နေကြတယ်၊ ရောဂါကို ပြောတာ မဟုတ်ဘူး၊ ဒီ ဝေဒနာက
feeling လု့ိ အင်္ဂလိပ်လို ပြန်တယ်၊ အမှန်တော့ experience လို့ ဒီလို ပြန်ဖို့ကောင်းတယ်၊
အတွေ့အကြုံလေး ရသွားတာ၊ အတွေ့အကြုံက ဘာတုန်းဆိုရင် ဝမ်းသာတယ် ဆိုတာလည်း အတွေ့အကြုံပဲ၊
ဝမ်းနည်းတယ် ဆိုတာလည်း အတွေ့အကြုံတစ်ခုပဲလေ၊ ဝမ်းနည်းဖူးလို့ရှိရင် ဝမ်းနည်းတဲ့ အတွေ့အကြုံ
ခံစားချက်လေး စိတ်ထဲမှာ မပေါ်ဘူးလား၊ ဝမ်းသာတဲ့
အတွေ့အကြုံနဲ့ တူရဲ့လား၊ မတူဘူး၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ ဝမ်းနည်းတဲ့အခါ စိတ်ဖြစ်တာ၊
ဘယ်လိုဖြစ်သလဲ၊ ဝမ်းသာတဲ့အခါ စိတ် ဘယ်လိုဖြစ်သလဲ၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ ဝမ်းသာတာလည်း
မဟုတ်ဘူး၊ စပ်ကြားဆိုရင် စိတ်အခြေအနေ ဘယ်လိုရှိလဲ၊ ဝေဒနာဆိုတာ ဖြစ်နေတာနော်။
ရိပ်သာထဲမှာ
ပြောတဲ့ ဝေဒနာ ကျော်တယ်၊ ဝေဒနာ ကျော်တယ်ဆိုတာ ဒုက္ခဝေဒနာ ကျော်တာကို ပြောတာနော်၊ ဝေဒနာကိုလုံး၀
ကျော်လို့မရဘူး၊ စိတ်ရှိရင် ဝေဒနာရှိနေမှာပဲ၊ အဲဒါလည်း သတိထားဦး၊ ဝေဒနာကျော်လို့ ဝေဒနာချုပ်သွားပြီ၊
ဝေဒနာ မရှိတော့ဘူးလို့ ဒီလို ထင်နေကြတယ်၊ စိတ်ရှိနေသမျှ ဝေဒနာကတော့ ရှိနေမှာပဲ၊ ဒုက္ခဝေဒနာ
ကျော်သွားတယ်၊ ကမ္မဋ္ဌာန်းထိုက်ရတာ ခြေထောက်နာတာ တို့၊ ကျောထဲ အောင့်တာတို့ အဲဒီ ဒုက္ခဝေဒနာကို
လွန်မြောက်သွားပြီ၊ နာတာ ကိုက်တာ ခဲတာတွေ အောင့်တာတွေ မရှိတော့ဘူးဆိုတာကို ဝေဒနာကျော်သွားတယ်လို့
ပြောနေကြတာ။
အဲဒီ
ဝေဒနာဆိုတာ စာလိုပြောတော့ အာရုံ၏အရသာကို ခံစားတယ်လို့ ပြောတာ၊ အာရုံ၏ အရသာကို ခံစားတယ်ဆိုတာ
ကောင်းတာဆိုရင် သူက ကောင်းတဲ့ အတွေ့အကြုံလေး ရသွားတယ်၊ မကောင်းဘူး ဆိုရင် မကောင်းတဲ့
အတွေ့အကြုံလေး ရသွားတယ်၊ ဝေဒနာမှာ ခံစားတဲ့ သဘောလေးပဲ ရှိတယ်။
.
သညာဖြစ်ပုံ
▬▬▬▬
ဟော နောက်တစ်ခုက
သညာတဲ့၊ သူက မှတ်တမ်းတင်တယ်၊ အာရုံနဲ့စိတ် တွေ့လိုက်တဲ့ အခါမှာ ပထမဦးဆုံးတွေ့တာကို
သူက မှတ်တမ်းတင်ပြီးတော့ သူသိလိုက်တယ်၊ မှတ်တမ်းတင်တယ်၊ ကြည့်လေ၊ ဘောလ်ပင်လေးနဲ့ စာအုပ်ထဲမှာ
ရေးထားတာ၊ မှတ်တမ်း တင်တာပဲလေ၊ ဘာအတွက်တုံး ဆိုရင် နောက်တစ်ခါ ပြန်ဖတ်ဖို့အတွက် မေ့နေလို့ရှိရင်
ဒါလေး ပြန်ဖတ်ကြည့် ပေါ်မလာဘူးလား။
သညာရဲ့
သဘောကလည်း သူ့ဘာသာသူ မှတ်တယ်၊ ဒါ noting system လု့ိ ခေါ်တယ်၊ စိတ်ရဲ့ Note လုပ်တဲ့
မှတ်တမ်း တင်တတ်တဲ့ သဘာဝ၊ သူ့ဟာသူ ရှိပြီးသား၊ Recording System လို့ ပြောလို့ ရတာပေါ့၊
စိတ်မှာလည်းပဲ အာရုံတစ်ခု တွေ့လိုက်တာနဲ့ သူက မှတ်တမ်းတင်လိုက်တယ်၊ အဲဒါ သညာပဲ၊ အဲဒီ
မှတ်တမ်းတင်တာ မမြဲလို့ သူ့ကို အထောက်အကူ ဖြစ်ဖို့ရာအတွက် ဘောလ်ပင်လေးနဲ့ စာရွက်ပေါ်
ရေးနေရတာ၊ သူက ပျောက်လွယ်တယ်ကိုး၊ တစ်ခါတစ်ခါ ကျတော့ မေ့သွားတက်တယ်၊ ပျောက်တတ်တယ်၊
ဒါကြောင့်မို့လို့ လက်သမားတွေ သစ်သားတွေ ဖြတ်တဲ့ အခါကျ မှတ်ထားကြတယ်လေ၊ ဒါက အထက်က,
ဒါက အောက်က၊ ဒါက ဒါနဲ့ဒါ ဆက်ရမယ် ဆိုတာ မှတ်ထားရတယ်။
မှတ်ထားတာတွေကလည်း
တစ်ခါတစ်ခါ လွဲလွဲမှားမှား မှတ်ထားတတ်တာ ရှိသေးတယ်၊ ဒါကြောင့်မို့ လူမြင်တဲ့အခါ မှားနှုတ်ဆက်တာတွေ
မကြုံဖူးဘူးလား၊ အင်း ပုံပန်းသဏ္ဌာန်တူရင် ဒါပဲလို့ ထင်တာ၊ သူက မှတ်ထားတဲ့အတိုင်းပဲ၊
သူက သိတာ၊ သူက ဘာမှပိုပြီး ထိုးထွင်းသိနိုင်တဲ့ အစွမ်း မရှိဘူး၊ သညာက မှတ်တမ်း တင်လိုက်တဲ့အတိုင်း
နောက်တစ်ခါ ဒီလိုဟာမျိုးတွေ့ရင် ဒါပဲ ထင်လိုက်တာ၊ ဒါကြောင့်မို့ ဒီသညာကို တစ်ခါတစ်ခါကျတော့
ဝိပ္ပလ္လာသ လို့ ခေါ်တယ်။
.
သညာ ဝိပ္ပလ္လာသ
▬▬▬▬▬▬
သညာဝိပ္ပလ္လာသ
- သညာရဲ့ လွဲမှားမှုတွေ အများကြီး ရှိတယ်၊ အဲဒီ လွဲများမှု မဖြစ်အောင် မြတ်စွာဘုရားက
အသုဘသညာတို့၊ အနိစ္စသညာတို့၊ ဒုက္ခသညာတို့ ဆိုတာ စိတ်ထဲမှာ စွဲနေအောင် လုပ်ခိုင်းထားတာ။
မမြဲဘူးဆိုတာ စွဲနေအောင် လေ့ကျင့်ထား၊ မလှဘူးဆိုတာ စွဲနေအောင် လေ့ကျင့်ထား။ ရွံစရာတွေ
တွေးပြီးတော့ ဟုတ်ရဲ့လား၊ အနတ္တ ကိုယ်မပိုင်ဘူး ဆိုတာတွေ စွဲနေအောင် လုပ်ထားဆိုတဲ့
သညာတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒါက ဘာဖြစ်လို့တုန်း ဆိုရင် ဒီသညာက သူက မှတ်တာ၊ မှတ်တဲ့အတိုင်းပဲ
သိတတ်တယ်။
အဲဒါကြောင့်မို့
တောစပ်မှာ စိုက်ပျိုးတဲ့ လယ်ကွင်းတွေမှာဆိုရင် သမင်တွေ ကောက်စပါးပင်တွေကို ညဆို လာလာ
စားတယ်၊ ဒီကောင်တွေ မလာရဲအောင် လယ်သမားတွေက ဘာလုပ်ထားတုန်းဆိုရင် စာခြောက်ရုပ်
(scare crow) လုပ်ထား တယ်၊ လုပ်ပြီးတော့ လူဝတ်တဲ့ အဝတ်အစားတွေ ဝတ်ပေး ထားတယ်၊ ဟိုကောင်တွေ
ကတော့ ဒါမြင်ရင် “ဟာ လူရှိတယ် ဟ” ဆိုပြီး ထွက်ပြေးကြတာ၊ စာခြောက်ရုပ် ဆိုတာကလည်း အဲဒီဟာပဲနော်၊
စာက အဟုတ်ထင်ပြီးတော့ ထွက်ပြေးတယ်လေ၊ ကျီးခြောက်တဲ့အခါလည်း
ထို့အတူပဲ၊ မြားလေးပုံသဏ္ဌာန် လုပ်ထားရင် ကျီးက လန့်တယ်။ အနားနားကို မလာရဲဘူး၊ ဘာဖြစ်လို့လဲ
ဆိုတော့ သူက မှတ်ထားတာကိုး၊ ဒါ လန့်စရာလို့ သူက မှတ်ထားတာ၊ အန္တရယ် ရှိတယ်လို့ သူက
မှတ်ထားသည့် အတွက်ကြောင့် မလာရဲဘူး ကြောက်နေတယ်။
လူတွေမှာရော
ဒီလို အမှတ်မှားတာ ရှိလားဆိုတော့ သညာနဲ့ ပတ်သက်ပြီးတော့ သညာဝိပ္ပလ္လာသတွေ အများကြီးပဲ၊
လူတွေမှာ သညာဝိပ္ပလ္လာသ ဖြစ်လို့ လောဘဖြစ်တယ်၊ ဒုက္ခကို သုခလို့ ထင်တယ်နော်၊ ဆင်းရဲတာကို
ချမ်းသာတယ်လို့ ထင်တယ်၊ မမြဲတာကို မြဲတယ်လို့ ထင်တယ်၊ ကိုယ်မပိုင်တာကြီးကို ပိုင်တယ်လို့
ထင်တယ်၊ မလှတာကို လှတာလို့ ထင်တယ်ဆိုတဲ့ ထင်မှတ်မှားမှုတွေ ဝိပ္ပလ္လာသ
Hallucination လို့ ခေါ်တယ်။
အရက်
မူးပြီဆိုရင် အရက်ကြောင်တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ လူမြင်တာနဲ့ အရက်သမား က သူ့ရန်လုပ်တယ် ထင်ချင်ထင်နေတာ၊ စိတ်ထဲမှာ ပေါ်တိုင်း
သညာကလည်း မှတ်ထားပြီးတော့ ထင်ချင်ရာတွေ ထင်ပြီတော့ နေတတ်တယ် တဲ့။
.
အကောင်းအဆိုးဟာ
အထင်နဲ့သာ
▬▬▬▬▬
အရှေးတုန်းက
ကုန်သည်တစ်စု ဝေးလံတဲ့ အရပ်ဒေသ သွားပြီ ကုန်ရောင်းကုန်ဝယ် လုပ်တယ်။ တောရွာလေးတစ်ရွာ
ရောက်တော့ အဲဒီမှာ အလှူကလေး ပေးနေတယ်။ လျှပ်စစ်မီးတွေ ဘာတွေလည်း ရှိတာမဟုတ်ဘူး၊ မီးမှိတ်တုတ်လေး
ထွန်းပြီးတော့ ထမင်းတွေ ကျွေးနေတယ်၊ ကုန်သည်တွေ ရောက်သွားတော့ “ဟာ ဧည့်သည်တွေ ရောက်ပြီ၊ လာ လာ” ဆိုပြီးတော့ စေတနာ
ကောင်းကောင်းနဲ့ ထမင်းတွေ ကျွေးလို့၊ အလင်းရောင် မှုံပျပျထဲမှာ စားကြတာ၊ ဘာဟင်းမှန်းလည်း
မသိဘူး၊ ဟင်းချို ချိုလွန်းလို့ သောက်ကြတာ၊ သူတို့စိတ်ထဲက ခေါက်ဆွဲ ဟင်းချိုလို့ ထင်ပြီးတော့
သောက်ကြတာ၊ ချိုလိုက်တာ၊ ခေါက်ဆွဲ ဟင်းချို ဘယ်လိုများ ချက်ထားပါလိမ့်၊ ကုသိုလ်ရှင်တွေလည်း
အားရပါးရနဲ့ ခင်ဗျားတို့ ဒီဟင်း ကြိုက်ရင် ယူသွား၊ မနက်ကျတော့ စား၊ နွှေးထားရတယ်ဆိုတော့
စားပြီး ထည့်ယူသွားကြတယ်၊ မနက်မိုးလင်းလို့ “မနေ့ညက ဟင်းချိုဟင်း နွှေးပြီးတော့ စားရအောင်”
ဆိုပြီး ကြည့်လိုက်တော့ တီကောင်ဟင်းချို ဖြစ်နေတယ်။
သူတို့ညက
မှတ်ထားတာ ခေါက်ဆွဲဟင်းချို၊ တီကောင်ဆိုရင် သူတို့ ညကတည်းက မသောက်ဘူး၊ အမှတ်က ခေါက်ဆွဲဆိုတဲ့
အမှတ်နဲ့ ညက သောက်လိုက်တာ၊ အဲဒီကျတော့မှ ညတုန်းက
ကောင်းတာ ကောင်းတာနဲ့၊ မနက်ကျတော့ ထိုးထိုးပြီး အန်ကြတယ်တဲ့၊ ဘာဖြစ်လို့ ဒီလို ဆန့်ကျင်ဘက်
ဖြစ်ကြတာလဲ၊ ရွံစရာဆိုတာလည်း သညာပဲ၊ ရွံစရာ မဟုတ်ဘူး ဆိုတာလည်း သညာပဲ၊ သညာက မှတ်တမ်းတင် ထားတဲ့အတိုင်း လူတွေမှာ ဖြစ်နေတာ
ဒါ စိတ်ထဲမှာပေါ်တာ။
.
သညာကို ပြောင်းထားခြင်း
▬▬▬▬▬▬▬▬▬▬
ရှင်မဟာကဿပ
မထေရ်ကြီးဟာ အင်မတန် ဆင်းရဲတဲ့ အတိဒုက္ခရောက်တဲ့ လူတွေကို ချီးမြှောက်လေ့ရှိတယ်၊ နိရောဓသမာပတ်
ဝင်စားရာကထ၊ မနက် ဆွမ်းခံသွား၊ ဘယ်သူ့ကို ချီးမြှောက်ရမလဲ၊ သူ ချီးမြှောက်လိုက်လို့
ရှိရင်လည်း အဲဒီ လူဟာ နေ့ချင် ညချင်း ကြီးပွားသွားတာ၊ အဲဒီလို ချီးမြှောက်ရမယ့်သူ ဘယ်သူ
ရှိသလဲဆိုပြီး စဉ်းစားတဲ့အခါ အနာကြီးရောဂါသည် တစ်ယောက်က လမ်းဘေးမှာ အိမ်တစ်အိမ်က ပေးတဲ့
ထမင်းကျန် ဟင်းကျန်တွေ ထိုင်စားနေတာ တွေ့ရတယ်၊
ရှင်မဟာကဿပကြီးက
“သြော် - ဆင်းရဲရှာတယ်၊ သူများပေးက ပေးတာ သူထိုင်စား၊ တစ်ကိုယ်လုံး ရောဂါတွေ စွဲနေတယ်၊
သူ့ပဲ ငါချီးမြှောက်တော့မယ်၊” ရှင်မဟာကဿပဟာ လူ့ဘဝတုန်းက သူဌေးကြီးနော်၊ သာမန်ပုဂ္ဂိုလ်
မဟုတ်ဘူး၊ ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီး၊ သူ့ဇနီးကလည်း အင်မတန် ချမ်းသာတာ၊ နှစ်ယောက်စလုံး
လူချမ်းသာချည်းပဲ၊ နှစ်ယောက်ပေါင်းလိုက်တဲ့အခါ ချမ်းသာတာ အတိုင်းအတာ မဲ့သွားလောက်အောင်
ချမ်းသာတယ်ပေါ့၊ သို့သော် ဒါတွေအားလုံး စွန့်ပြီးတော့ သင်္ကန်းဝတ်လာတာ၊ ဝတ်လာတဲ့အခါမှာ
သူဌေးအိမ် ဆွမ်းခံမသွားဘူး၊ လမ်းဘေးက အရေပြားရောဂါသည် ထမင်းစားနေတဲ့ဆီ သွားပြီး ဆွမ်းရပ်တယ်။
ဟိုလူကည်း
သဒ္ဓါတရား ပေါက်တယ်ပေါ့၊ သူ စားနေတဲ့ ခွက်ထဲက ထမင်းတွေ သပိတ်ထဲ ယက်ထည့်ပြီး လှူလိုက်တယ်၊
လှူလိုက်တဲ့ အခါကျတော့ သူ့လက် တစ်ချောင်းက ပြတ်ပြီး ရှင်မဟာကဿပ သပိတ်ထဲ ပါသွားတယ်၊
ရှင်မဟာကဿပ မထေရ်ကြီးက အဲဒီ လက်ချောင်းလေး အသာလေး ဖယ်ထားပြီး ဆွမ်းဘုဉ်းပေး သတဲ့နော်၊
ကဲ ဒါမျိုး စားနိုင်ကြပါ့မလား၊ ရှင်မဟာကဿပက သညာကို နိုင်တာကိုး၊ သူ့အနေနဲ့က ထမင်းနဲ့
ဒီလက်အပြတ်နဲ့က အတူတူပဲလေ၊ ဘာမှ မထူးဘူး၊ အဋ္ဌကလာပ်ရုပ် ၈-ခု၊ နာမည်ပေးထားလို့သာ ကွဲနေတာ၊
သညာကြောင့် ကွဲနေတာ၊ “ဟာ ဒါက ရွံစရာ လက်ပြတ်ကြီး” လို့ သူက ရွံစရာလို့ မှတ်ထားတာကိုက
အဲဒီ အမှတ်ကို ဖျောက်ပစ်လိုက်တာ၊ ရွံစရာ မဟုတ်ဘူးလို့ သညာ အသစ်နဲ့ အစားထိုး နှလုံးသွင်းပြီး
ဘုဉ်းပေးတော့ ရသွားတာ၊ အဲဒီ လက်ပြတ်ကြီးကိုတော့ မစားဘူးပေါ့။
အဲဒီမှာကြည့်၊
သညာရဲ့သဘောဟာ လူတွေအပေါ်မှာ ဘယ်လောက် နှိပ်စက်သလဲ ဆိုတာ စဉ်းစား ကြည့်ထား၊ ဒါကြောင့်မို့လို့
သညာဝိပ္ပလ္လာသ ဆိုတာ ရှိတယ်။ ဒါက စိတ်ထဲမှာ ပါနေတဲ့ သဘာဝတရား တစ်ခုပဲနော်၊ သညာက မှတ်တမ်း တင်ထားတယ်၊ ဒါပေမယ့် စိတ်က သိရတယ်၊
သညာက မှတ်တမ်း မတင်ဘူးဆို နောက်တစ်ခါ သိဖို့ မရှိဘူး၊ ဖဿကလည်း မှတ်တမ်း မတင်နိုင်ဘူး၊
ဝေဒနာကလည်း မှတ်တမ်း မတင်နိုင်ဘူး၊ မှတ်တမ်းတင်နိုင်တာက သညာ၊ သူ့အလုပ် သူလုပ်ကြတာနော်၊
ဖဿတို့ ဝေဒနာတို့ သညာတို့ဆိုတာက သူ့သဘာဝနဲ့ သူပဲ၊ တိုးတက်အောင်လည်း လုပ်စရာမလိုဘူး၊
ဖယ်ထား ဖို့လည်း မလိုဘူး၊ စိတ်ထဲမှာ သူ့သဘာဝနဲ့သူ ရှိနေ ကြတယ်။
.
စေတနာ ဖြစ်ပုံ
▬▬▬▬▬
စေတနာ
ဆိုတာကတော့ စေတနာက လှုံ့ဆော်တယ်၊ စည်းရုံးတယ်၊ သဘာဝတရားတွေဟာ သူ့ ဆိုင်ရာ ဆိုင်ရာကိစ္စတွေကို
ဆောင်ရွက်လာအောင် သူက တွန်းအားပေးတယ်၊ ဒါကြောင့်မို့ အင်္ဂလိပ်လို volition လို့ ပြန်တာက
သိပ်မမှန်ချင်ဘူး၊ stimulation လို့ motivation လို့ ဒီလို ပြန်သင့်တယ်၊ Motivate လုပ်တာ
သူက လှုံ့ဆော်ပေးတယ်၊ Good Organizer ပေါ့၊ စည်းရုံးရေးသမား၊ သူက စုစည်းပေးတာ၊ စုစည်းပေး
ပြီးတော့ သူရဲ့ တွန်းအားကြောင့် အလုပ်တွေ ပိုလုပ် ကြတယ်ပေါ့ နော်၊ ဆိုင်ရာကိစ္စတွေ
သူ့အလုပ် သူလုပ်တယ်၊ ဖဿကလည်း စိတ်နဲ့ အာရုံနဲ့တွေ့အောင် ဆက်သွယ်ပေးတယ်၊ ဝေဒနာက
Experience ဖြစ်တယ်၊ သညာက မှတ်တမ်းတင်ပြီး သိတယ်၊ ဟောဒီ အလုပ်တွေ ပီပီပြင်ပြင် လုပ်လာအောင်
စေတနာက စည်ရုံးတယ်၊ လှုံ့ဆော်တယ်။
ဒါကြောင့်မို့
အဲဒီ စေတနာရဲ့ စည်းရုံး လှုံ့ဆော်မှုဟာ ကုသိုလ်, အကုသိုလ်နဲ့ တွဲလာပြီဆိုရင် ကံလို့
ခေါ်လိုက်တာနော်၊ ကုသိုလ်, အကုသိုလ်နဲ့ ယှဉ်တဲ့ စေတနာကို ကံလို့ခေါ်တာ၊ သာမန်စိတ် တွေမှာဖြစ်တဲ့
စေတနာကို ပဋ္ဌာန်းပစ္စည်းထဲမှာတော့ ကံလို့ ဟောပါတယ်၊ ဒါပေမယ့် သဟဇာတကမ္မ၊ ဟိုလို အကျိုးပေးတဲ့
ကံမျိုး မဟုတ်ဘူးနော်၊ စေတနာမှန်သမျှ ပဋ္ဌာန်းပစ္စည်းမှာ “ကမ္မပစ္စယော” လို့ ဟောတယ်။
စေတနာဆိုတာကို
မြန်မာလူမျိုးတွေက “ငါက စေတနာနဲ့ ပြောတာပါ” ဆိုပြီး အကောင်းဘက်ကပဲ အသုံးများတယ်၊ စေတနာဆိုတိုင်း
အကောင်း မထင်နဲ့နော်၊ လောဘနဲ့ တွဲလာရင် မကောင်း
မဟုတ်တော့ဘူး၊ ဒေါသနဲ့ တွဲလာရင် အကောင်း မဟုတ်တော့ဘူး၊ မောဟနဲ့ တွဲလာရင် အကောင်း မဟုတ်တော့ဘူး၊
အလောဘနဲ့ တွဲလာမှ အကောင်း၊ အဒေါသနဲ့ တွဲလာမှ အကောင်း၊ ကောင်းတာတွေနဲ့တွဲမှ အကောင်းဖြစ်တယ်၊
သူ့ချည်းပဲ အကောင်းအဆိုး ပြောလို့ မရဘူးတဲ့၊ ဟုတ်လား၊ မြန်မာတွေက စေတနာဆိုရင် အကောင်းပဲ ထင်ကြတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် တရားဟောတဲ့အခါကျ
“သြော် - စေတနာ ထက်သန်စွာ လှူဒါန်းကြသည်” ဆိုတော့ စေတနာ ထက်သန်တယ် ဆိုတာ ကြည့်ပြီး
အကောင်းလို့ ထင်ကြတယ်။
အဲဒီတော့
စေတနာဆိုတာ အကောင်းအဆိုး နှစ်မျိုး ရှိတယ်လို့မှတ်၊ ကုသိုလ်နဲ့ တွဲရင် ကုသိုလ်စေတနာ၊ အကုသိုလ်နဲ့ တွဲရင် အကုသိုလ်စေတနာ၊
အဲဒီ ကုသိုလ် အကုသိုလ် စေတနာကိုလည်းပဲ မြတ်စွာဘုရားက ကံလို့ ဟောတယ်၊ ဒီလိုမှတ်၊ သူက
စွမ်းအားတွေ ပြည့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက စွမ်းအင်တွေ စုလိုက်တာကိုး၊ သဘာဝတရားတွေရဲ့
စွမ်းအင်တွေကို အကုန်လုံး စုလိုက်တဲ့အခါ သူက အင်အားတစ်ရပ် ထူထောင်ပြီးသား ဖြစ်သွားလို့၊
ကံအဖြစ် ရောက်သွားပြီး အကျိုးတစ်ခု ထုတ်လုပ်ပေးနိုင်တယ်တဲ့။
ဒါကြောင့်မို့
ဒီစေတနာကို မြတ်စွာဘုရားက “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” လို့ ဟောတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့
လူတွေက စိတ်ထဲက တွေးမယ်ဆိုလည်း သူ့ရဲ့ တွန်းအားကြောင့် တွေးဖြစ်သွားတာ၊ ပါးစပ်က ပြောမယ်ဆိုလည်း
သူက တွန်းအား ပေးလို့ ပြောဖြစ်သွားတာ၊ ကာယကံကြောင့် လုပ်မယ်ဆိုလည်း သူက တွန်းပေးလို့
ကာယကံမြောက် လုပ်ဖြစ်သွားတာနော်၊ စွမ်းအားတွေ အကုန်လုံး စုသွားလို့ ကံလို့ ပြောတာ၊
ဟောဒီ စေတနာ ဆိုတာလေးကလည်း စိတ်အားလုံးထဲမှာ ပါနေတယ်လို့ ဒီလို မှတ်ထား၊ သူ့ကို စေတနာလေးကို
ဘာမှ ပြောင်းလွဲ လုပ်ပေးစရာ မလိုဘူး၊ သူက သဘာဝတရား တစ်ခုပဲ၊ တိုးပွားလာအောင် ကမ္မဋ္ဌာန်းကျင့်သလို
ကျင့်စရာ မလိုဘူးပေါ့၊ သို့သော် ကုသိုလ်နဲ့ တွဲလာလို့ရှိရင် ကောင်းတဲ့စေတနာဖြစ်တယ်၊
အကုသိုလ်နဲ့ တွဲရင် မကောင်းတဲ့ စေတနာဖြစ်တယ်ပေါ့။
.
ဧကဂ္ဂတာ ဖြစ်ပုံ
▬▬▬▬▬▬
ဧကဂ္ဂတာဆိုတာ
“ဧက ဆိုတာ တစ်၊ အဂ္ဂ ဆိုတာ ဒီနေရာမှာ အာရုံကို ရည်ညွန်းတဲ့ ဦးတည်ချက် တစ်ခု၊ တာ ဆိုတာ
သဘာဝပဲ၊” အာရုံတစ်ခုတည်းကို ဦးတည် ထားတယ်။ ဒါ သမာဓိကို ပြောတာနော်၊ ဦးတည်ချက် တစ်ခုတည်း ရောက်လာ အောင် စုစည်းပေးတာ၊
ဖဿရဲ့
ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊
ဝေဒနာရဲ့
ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊
သညာရဲ့
ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊
စိတ်ရဲ့
ဦးတည်ချက်ကလည်း ဒါပဲ ဖြစ်ရမယ်၊
စေတနာရဲ့
ဦးတည်ချက်ကလည်း ဒါပဲ ဖြစ်ရမယ် လို့
ဦးတည်ချက်တွေ
အကုန်လုံး စုပေးတယ်၊ အာရုံတစ်ခုတည်းကို အားလုံး စုစည်း ပေးလိုက်တာ၊ ဧကဂ္ဂတာ၊ ဒါက သမာဓိတရားရဲ့
Source အခြေခံတရားပဲ။
အဲဒီ
ဧကဂ္ဂတကို စနစ်တကျ လေ့ကျင့်ပြီးတော့ ပေးရင် ဒီ ဧကဂ္ဂတာက စွမ်းအား ထက်မြက် လာပြီဆိုရင်
ဈာန်ရဲ့အင်္ဂါဖြစ်လာတယ်၊ ဒါကြောင့်မို့ ပထမဈာန်မှာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ
(သမာဓိ) ကို ပြောတာနော်၊ သဘာဝတရားတွေကို စုစည်းပေးလိုက်တဲ့အခါ မဂ္ဂင် ရှစ်ပါးထဲမှာ
သမ္မာသမာဓိလို့ ခေါ်ကြတယ်၊ ဗောဇ္ဈင် ခုနှစ်ပါး ထဲမှာလည်း သမာဓိဗောဇ္ဈင်လို့ ခေါ်တယ်။
ဒီ ဧကဂ္ဂတာကတော့
သူ့အတိုင်း မထားရဘူး၊ လေ့ကျင့်ပေးရတယ်၊ ပြုစု ပျိုးထောင် ပေးရမယ်၊ စွမ်းအားတွေ တက်လာအောင်
လုပ်ပေးရမယ်၊ ပင်ကိုယ်သဘာဝ ကတော့ ဒီလောက်ကြီး စွမ်းအားတွေ မထက်ဘူး၊ သူလုပ်နိုင်တဲ့
စွမ်းအားက ဒီလောက်ပဲ၊ လူလေးတစ်ယောက် မွေးလာတယ်၊ မွေးလာတာနဲ့ သူ ပညာတတ်ပါ့မလား၊ မတတ်ဘူး၊
ကျောင်းပို့ပြီး လေ့ကျင့်ရတယ် မဟုတ်လား၊ သင်ရတယ်၊ လေ့ကျင့် ရတယ်၊ အားကစားသမား တစ်ယောက်
ဆိုရင်လည်း လေ့ကျင့်ရတယ်၊ လေ့ကျင့်မှ သူ့ စွမ်းအင်သတ္တိတွေ တက်လာတာ။ ဟောဒီ ဧကဂ္ဂတာလေးကိုလည်း
လေ့ကျင့် ပေးလိုက်မယ်ဆိုရင် သမာဓိဆိုတဲ့ အဆင့်ရောက်သွားမယ်၊ ဒီလို လေ့ကျင့်ပေးရမယ်၊
ဘာနဲ့ လေ့ကျင့် ပေးရမလဲ၊ အာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ ကမ္မဋ္ဌာန်းအာရုံနဲ့ လေ့ကျင့်ပေးရမယ်၊
သမထအာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ ဝိပဿနာအာရုံနဲ့ လေ့ကျင့် ပေးရမယ်၊ ဒါ ဧကဂ္ဂတာ။
.
ဇီဝိတိန္ဒြေ
▬▬▬
ဇီဝိတိန္ဒြေဆိုတာက
သူနဲ့အတူတူ ဖြစ်ဖက် နာမ်တရားကို ထိန်းသိမ်း စောင့်ရှောက် ပေးတဲ့ တာဝန်ပဲ၊ သူ ဆောင်ရွက်တယ်၊
သူ့ကို ဘာမှ လုပ်ပေးစရာ မလိုဘူး၊ သဘာဝအနေနဲ့ ပါနေတာပဲ ရှိတယ်။
.
မနသိကာရဖြစ်ပုံ
▬▬▬▬▬▬
မနသိကာရဆိုတာ
ဘာတုံးဆိုရင် သူကလည်း အရေးပါတဲ့တရား တစ်ခုပဲ၊ ဖဿက အာရုံနဲ့စိတ် တွေ့ပေးဖို့ရာအတွက်
အာရုံဘက်ကို ဦးလှည့်ပေးဖို့ မလိုဘူးလား၊ နို့မဟုတ်ရင် အာရုံနဲ့ စိတ်တွေ့တဲ့အခါ လွဲချော်သွားနိုင်သေးတယ်လေ၊
ဒါကြောင့်မို့ သူက အာရုံနဲ့စိတ်ကို တစ်ခါတည်း တန်းတန်းမတ်မတ်ဖြစ်အောင် ဦးလှည့်ပေးတယ်၊
မြားများလို ပစ်တဲ့အခါမှ target ကို ချိန်ရတယ် မဟုတ်လား၊ ပစ်လိုတဲ့ ပစ်မှတ်ကို မြားဦးချိန်ရသလိုပဲ၊
ဟောဒီ မနသိကာရဆိုတာ အာရုံဘက်ကို စိတ်လှည့်အောင် လုပ်ပေးလိုက်တဲ့၊ မနသိကာရဆိုတာ အင်္ဂလိပ်လိုတော့
attention လို့ ပြောတာပေါ့။
ဒီ
attention က သိပ်ပြီး အရေးကြီးတာပဲ၊ attention မပါရင် ဘာမှ မဖြစ်ဘူး၊ Attention ဟာ အရေးပါလွန်းလို့ ကြည့်ပါလား၊ လေယာဉ်ပျံစီးတဲ့အခါ
မကြားဘူးလား၊ “May I have your attention, please?” လေယာဉ်မယ်တွေက ကြေငြာတယ်လေ၊ အဲဒီမှာ
ကျေးဇူးပြု၍ နားထောင်ပါ ဆိုတာ အဲဒီ Attention ကို ပြောတာနော်၊ အာရုံဘက်ကို လှည့်ပြီးတော့
နေတဲ့ သဘာဝတရား၊ အဲဒါရှိမှ စိတ်တွေဟာ အားလုံး ဆောင်ရွက်မှုတွေ လုပ်နိုင်တယ်။
.
စိတ်နဲ့ စေတသိက်
ပေါင်းစပ်ဆောင်ရွက်ပုံ
▬▬▬▬▬▬▬▬
စိတ်ရဲ့စွမ်းအားတွေနဲ့
စိတ်မှာ မှီပြီးတော့ ဖြစ်နေတဲ့ စွမ်းအားတွေ၊ စေတသိက်ဆိုတာ စိတ်ရဲ့ စွမ်းအားတွေပဲ၊ စိတ်မှာ
ရှိနေတဲ့ စိတ်ရဲ့စွမ်းအားတွေ၊ ဒါတွေမပါရင် စိတ်ဟာ အလုပ်မဖြစ်ဘူး၊ စိတ်နဲ့ စေတသိက်ဟာ
ဒီလို ပေါင်းစပ်ပြီးတော့ ဆောင်ရွက်တယ် ဆိုတာ သဘောပေါက်ရမယ်နော်။
.
စက္ခုဝိညာဏ်စိတ်နှင့်
စေတသိက်
▬▬▬▬▬
ဆိုပါစို့၊
မျက်စိက မြင်ပြီးတော့ သိလိုက်တဲ့ စိတ်ကလေးကိုကြည့်၊ စက္ခုဝိညာဏ်စိတ် ကလေး ဖြစ်လို့ရှိရင်
ဟောဒီ ၇-ခု ပါရတယ်၊ ဖဿရယ်၊ ဝေဒနာရယ်၊ သညာရယ်၊ စေတနာရယ်၊ ဧကဂ္ဂတာရယ်၊ ဇီဝိတိန္ဒြေရယ်၊
မနသိကာရရယ် အဲဒီ ၇-ခုရယ်၊ စက္ခုဝိညာဏ်စိတ်ကလေးရယ် ပေါင်းလိုက်တော့ ၈-ခု တစ်စု ဖွဲ့လိုက်တာကို
“မြင်သိစိတ်” လို့ပြောတာ၊ ဟောဒီ ၇-ခု မပါဘဲနဲ့ မြင်သိစိတ် မပေါ်ဘူးနော်။
ဒါပေမယ့်
ဒီမြင်သိစိတ်မှာပါတဲ့ စေတနာ ဆိုတာလေးက ကံအရာ မမြောက်ဘူး၊ ကမ္မပစ္စယောလို့ ဟောပေမယ့်လို့
ကံ အရာမဟုတ်ဘူး၊ Organize လုပ်တာပဲရှိတယ်၊ သူက အကျိုးထုတ်လုပ်နိုင်တဲ့ ကံသဘော မဟုတ်ဘူးလို့
နားလည်ရမယ်။
ကျန်တာတွေကလည်း
ဒီလို သဘောပေါက်ရမယ်၊ စိတ်ကို မှီတည်ပြီးတော့ ဖြစ်ပေါ် လာတဲ့ စေတသိက်တွေရဲ့ စွမ်းအင်တွေ
မတူဘူးလို့ပဲ မှတ်ရမယ်၊ စွမ်းအင်ချင်း မတူဘူး၊ စိတ်အင်အားနည်းတဲ့ စိတ်ပေါ်မှာမှီတဲ့
စေတသိက်တွေရဲ့ စွမ်းအင်ဟာ ဒီလောက် မရှိဘူးလို့ သိထားရမယ်။
အဲဒီတော့
စက္ခုဝိညာဏ်စိတ်မှာ မှီပြီးဖြစ်တဲ့ ဧကဂ္ဂတာ ဈာန်သမာဓိအဆင့် မရောက်နိုင်ဘူး၊ စွမ်းအား
မထက်ဘူးလို့ ဆိုလိုသည်၊ သမာဓိကတော့ သမာဓိပဲ၊ စွမ်းအားထက်တဲ့ သမာဓိမျိုး မဟုတ်ဘူးတဲ့၊
အဲဒီမှာ ရှင်းထားတာ၊ မြင်သိစိတ် ကလေးမှာ ဒီလို ဖြစ်တယ်။
.
အာဝဇ္ဇန်းစိတ်နှင့်
စေတသိက်
▬▬▬▬
မြင်သိစိတ်ရဲ့
ရှေ့နားလေးမှာ ကြည့်လိုက်မယ်ဆိုရင် အာဝဇ္ဇန်းဆိုတဲ့ စိတ်လေး မပါဘူးလား၊ ခုနက အာရုံနဲ့
စိတ်အာရုံနဲ့ ဝတ္ထု၊ နှစ်ခု ဆုံဆည်းလိုက်တဲ့အခါမှာ ဘာပါလိမ့်လို့ စဉ်းစားပြီးတော့ ဘဝင်စိတ်ကို
အလှည့်အပြောင်း လုပ်လိုက်တဲ့ စိတ်ကလေးက အာဝဇ္ဇန်းစိတ်တဲ့၊ ဆင်ခြင်တဲ့ စိတ်ကလေး၊ အာဝဇ္ဇန်းစိတ်က
မျက်စိက မြင်တဲ့အာရုံကို ဆင်ခြင်တာ ရှိမယ်၊ နားက ကြားတာ၊ နှာခေါင်းက အနံ့ရတာ၊ လျှာက
လျက်တာ၊ ခန္ဓာကိုယ်က ထိတယ်ဆိုတဲ့ ဒီ ၅-ဒွါရ၊ ဒွါရ ၅-ပေါက်မှာ ထင်လာတဲ့ အာရုံကို နှလုံးသွင်း
ဆင်ခြင်တာကို ပဉ္စဒွါရာဝဇ္ဇန်းစိတ် လို့ခေါ်တယ်၊ အဲဒီ ဆင်ခြင်မှုဆိုတဲ့ စိတ်ကလေး မပါဘဲနဲ့
စက္ခုဝိညာဏ်စိတ် မဖြစ်ဘူး၊ ခုန စက္ခုဝိညာဏ်စိတ်နဲ့ စေတသိက် ၇-ခု၊ ဒါကို အဘိဓမ္မာ လေ့လာတဲ့အခါ
စက္ခုဝိညာဏ် စိတ်မှာ စေတသိက် ၇-ခု ယှဉ်တယ်လို့ ပြောနေကြတာ၊ တကယ်တော့ စက္ခုဝိညာဏ် စိတ်
ဖြစ်ရင် ဒီ ၇-ခု ပါနေတယ်လို့ ပြောတာ။
ပန်းလေးတစ်ပွင့်မှာ
ဘာတွေ ပါနေကြလဲ၊ ကဲ စဉ်းစားကြည့်ပေါ့၊ ပန်းပွင့်လေး တစ်ပွင့်မှာ အရောင်မပါဘူးလား၊ အနံ့မပါဘူးလား၊
အရသာရော၊ သြဇာရော၊ မာမာပျော့ပျော့ဆိုတဲ့ အားလုံးကို ထမ်းဆောင်ထားတဲ့ အခြေခံရော မပါဘူးလား၊
ပါတယ်၊ ဒီပန်းကလေးကို တစ်ခါတည်း ရင့်လာအောင် နွမ်းလာအောင် လုပ်တာ ဆိုတာရော မပါဘူးလား၊
ပန်းပွင့်လေး ဖြစ်အောင် စုစည်းထားတဲ့ သဘောရော မပါဘူးလား၊ ပါတယ်၊ ဒီပန်းလေးဟာ ပြိုကွဲမသွားအောင်
ပုံသဏ္ဌာန်လေး ပျက်မသွား အောင် တွန်းအားပေးထားတဲ့ သဘောရော မပါဘူးလား၊ အဲဒါ ကြည့်လိုက်တော့
အဲဒါလေးတွေ အကုန်လုံး၊ ဒီ ရုပ် ၈-ခု ပေါင်းထားလို့ ပန်းပွင့်ဆိုတာ ဖြစ်နေတာနော်။
အဲဒါမျိုးလိုပဲ၊
စက္ခုဝိညာဏ်စိတ် ထဲမှာလည်း ဟောဒီလို စေတသိက် ခုနှစ်ခုနဲ့ အားလုံး ပေါင်းလိုက်တဲ့ အခါ
စိတ်က တစ်ခု၊ စေတသိက်က ခုနှစ်ခု၊ စုထားတာ၊ စုထားမှ အလုပ်ဖြစ်တယ်၊ မြင်သိစိတ်ဆိုတာ မြင်ပြီး
သိတာ၊ ဒီခုနှစ်ခုရဲ့ စွမ်းအားကြောင့် သူသိလိုက်ရတာ၊ စိတ် တစ်ခုတည်းဆို မရဘူးနော်၊ ဒါကြောင့်မို့လို့
စိတ်ကို အမှီပြု စွမ်းအားစုများလို့ ပြောတာ၊ စိတ်ကို မှီတဲ့ စွမ်းအားတွေ။
.
ပကိဏ္ဏကစေတသိက် ၆-ခု
▬▬▬▬▬▬▬▬▬▬
စိတ်တွေဟာ
တစ်ခုနဲ့တစ်ခု မတူတတ်ဘူး၊ ခုနက အာဝဇ္ဇန်းဆိုတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ကျတော့ စက္ခုဝိညာဏ်ထက်
စေတသိက် ပိုတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းအစရှိတဲ့ စိတ်တွေမှာ စေတသိက်တွေ ပိုလာတယ်၊ ပကိဏ္ဏက
စေတသိက်တွေ ပါလာတယ်၊ ပကိဏ္ဏက စေတသိက်က ၆-မျိုးရှိတယ်၊ ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊
ပီတိ၊ ဆန္ဒ။
.
ဝိတက္က
▬▬▬
အချို့
စိတ်တွေမှာ တစ်ခါတစ်ရံမှ ပါတဲ့ ပကိဏ္ဏက စေတသိက် ၆-ခုထဲက ဝိတက္က တဲ့၊ ဝိတက္ကဆိုတာ မြန်မာတွေက
ဝိတက် ဝိတက်နဲ့ ခေါ်တဲ့အရာ၊ အင်္ဂလိပ်လို ပြန်တော့ Thought စိတ်ကူးတယ်၊ ကြံစည်တယ်တဲ့၊
စိတ်ကူးတယ်၊ ကြံစည်တယ်ဆိုတာ ဘာလုပ်တာတုံးလု့ိ မေးရင် ဘယ်လိုပြောမလဲ၊ ဘယ်လို ထပ်ရှင်းမတုံး။
“စိတ်ကူးတယ်”
ဆိုတာ စိတ်ကလေးက အာရုံပေါ်မှာ ကူးသွားအောင် လုပ်ပေးနေ တာကို ပြောတာ၊ စိတ်ကလေးကို အာရုံပေါ်မှာ
တင်ပေးနေတာကို ပြောတာ၊ ဒါကြောင့်မို့ ဝိတက် ကို အာရောဟဏလက္ခဏာ စိတ်ကို အာရုံပေါ်မှာ
ပို့တင်ပေးတာ၊ စိတ်ကို အာရုံပေါ်ရောက်အောင် တွန်းတင်တာ၊ အဲဒါကို ‘ဝိတက်’ လို့ ခေါ်တယ်။
အဲဒါကို
လူတွေက ဘာပြောသလဲဆိုရင် တွေးတယ်တို့၊ ကြံတယ်တို့၊ ကြံစည်တယ်တို့၊ စိတ်ကူးတယ်တို့၊ မြန်မာစကားတွေက
စိတ်က အာရုံပေါ်ရောက်သွားအောင် ကူးသွားတယ်
ပေါ့ ၊
စိတ်ကူးတယ်၊ ကြံစည်တယ်၊ စုစည်းနေအောင် လုပ်ပေးနေတာ။
အဲဒီတော့
ဝိတက္ကဆိုတဲ့ သဘောက အာရုံပေါ် စိတ်ကို တင်ပေးတဲ့သဘောလို့ မှတ်ရမယ်၊ ဒါကြောင့်မို့လို့
အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ Initial Application လို့ ပြန်တယ်၊ Application ဆိုတာ
Apply လုပ်ပေးနေတာကို ပြောတာနော်၊ အာရုံပေါ် စိတ်ကလေး ရောက်သွားအောင် သူက ပို့ပေးတာ၊
အဲဒါ ဝိတက်၊ အရပ်ခေါ် ဆိုလို့ရှိရင် တွေးတယ်၊ ကြံတယ်ပေါ့။
ခုနက
စက္ခုဝိညာဏ်စိတ်ကလေးက တွေးချိန် မရလိုက်ဘူး၊ သူက မတွေးဘူး၊ သူ့မှာ အတွေးမပါဘူး၊ ဟုတ်ရဲ့လား၊ သူ့မှာပါတဲ့ သဘောက အာရုံနဲ့
စိတ်နဲ့ တွေ့တယ်ဆိုတဲ့ ဖဿပါတယ်၊ Experience ဆိုတဲ့ ဝေဒနာပါတယ်၊ မှတ်တမ်းတင်တဲ့ သညာလေး
ပါတယ်နော်၊ တွန်းအားပေးတဲ့ စုစည်းပေးတဲ့ စေတနာဆိုတာလေး ပါတယ်၊ နောက် ဧကဂ္ဂတာဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ ရူပါရုံ တစ်ခုတည်း ပေါ်မှာ စုသွားအောင် လုပ်တာလေး ပါတယ်၊ ထိန်းသိမ်းစောင့်ရှောက်တဲ့
ဇီဝိတိန္ဒြေ ဆိုတာလေး ပါတယ်၊ အာရုံဘက်ကို ဦးလှည့်ပေးတဲ့ မနသိကာရလေး ပါတယ်။
ဒီလိုပဲ
စိတ်တိုင်းမှာ အတွေးမပါဘူး၊ ဝိတက်ဆိုတာ စိတ်ကူးတယ်၊ တွေးတယ်၊ ကြံစည်တယ်၊ ဒီ ဝိတက်ကလေးက
ကောင်းတဲ့ အတွေးရှိသလို၊ မကောင်းတဲ့အတွေး တွေ ရှိသေးတယ်၊ သူ့ချည်း ကတော့ အတွေးဟာ အတွေးပဲ။
.
မှားတဲ့အတွေး ၃-မျိုး
▬▬▬▬▬▬▬
အဲဒီအတွေးထဲမှာ
ဘာတွေ ဝင်လာတုန်း ဆိုတော့ လောဘနဲ့ တွေးတဲ့ အတွေးတွေ ဝင်လာတတ်တယ်၊ လောဘနဲ့, လိုချင်တယ်ဆိုတဲ့
စိတ်နဲ့တွေးတယ်၊ အာရုံခံစားချင်တဲ့ စိတ်နဲ့ တွေးရင် ဒါ ‘ကာမဝိတက်’ လို့ ခေါ်တယ်နော်၊
ကာမဝိတက်ဆိုတာ လောဘနဲ့ တွေးတဲ့ အတွေးကို ပြောတာနော်၊ အဲဒီ လောဘနဲ့ တွေးတဲ့ အတွေးဟာ
အသိဉာဏ် ရဖို့ရာအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အဲဒီအတွေးတွေဟာ မှားတယ်၊ ဘာဖြစ်လို့
မှားတာတုန်း ဆိုတော့ အသိဉာဏ်ရဖို့ မဖြစ်လို့ပါပဲ။
နောက်တစ်ခု
ဗျာပါဒဝိတက်တဲ့၊ ဒေါသနဲ့တွေးတဲ့ အတွေး၊ ဒီအတွေးလည်း မှားတယ်၊ ဝိတက်ချည်းပဲ သက်သက်ကတော့
အတွေးသက်သက်ပဲ၊ ဒေါသနဲ့ တွဲလိုက်လို့ မှားသွားတယ်၊ ဒေါသနဲ့ တွေးရင် မှားသွားတယ်။
နောက်
ဝိဟိံသာဝိတက် တဲ့၊ သူတစ်ပါးကို သတ်ဖို့ ဖြတ်ဖို့ ညှဉ်းဆဲဖို့ ဆိုတဲ့ ပြင်းထန်တဲ့ ဒေါသနဲ့
တွေးတဲ့အတွေး၊ အဲဒီ လောဘနဲ့တွေးတဲ့ အတွေးက တစ်မျိုး၊ ဒေါသနဲ့ တွေးတဲ့အတွေးက နှစ်မျိုး၊
အဲဒီ အတွေးသုံးမျိုးလုံးဟာ မှားယွင်းတယ်၊ မှားယွင်းတဲ့ အတွေးတွေပဲ ဖြစ်တယ်။
.
မှန်ကန်တဲ့ အတွေး
▬▬▬▬▬▬▬
အဲဒါကြောင့်မို့
ဒီအတွေး သုံးမျိုးကို မှန်ကန်တဲ့ အတွေးဖြစ်ဖို့ရာ ဘယ်လို လုပ်ရတုံး ဆိုရင် နေက္ခမ္မဝိတက်
ကာမဂုဏ် အာရုံတွေ၊ အပျော်အပါးတွေ မလိုက်စားချင်တဲ့ အတွေး၊ ‘ငါ ရိပ်သာသွားပြီး တရားထိုင်ဦးမှပဲ’
ဆိုတဲ့ အတွေး၊ ‘ကုသိုလ် ကောင်းမှုလေး လုပ်ဦးမှပဲ၊ တရားနာသွားဦးမှပဲ’ ဆိုတဲ့ အတွေးလေးတွေ
ဟုတ်ရဲ့လား၊ ‘တရားပွဲသွားပြီး တရားနာဦးမှပဲ’ ဆိုတဲ့ အတွေးလေး၊ ဟောဒီ အတွေးလေးတွေကျတော့
နေက္ခမ္မဝိတက်တဲ့၊ ခုနက ခံစားလိုတဲ့ စိတ်ကနေ ထွက်ခွါလိုက်တာ၊ ခံစားလိုတဲ့ လောဘအတွေးကနေ
ထွက်ခွါလိုက်လို့ ဒါ မှန်တဲ့ အတွေးတစ်ခုလို့ ပြောတာနော်။
ကိုရီးယားကား
မကြည့်ဘဲနဲ့ တရားပွဲလာတယ်ဆိုတာ ဒါမှန်ကန်တဲ့ အတွေး ရှိလို့ ပေါ့နော်၊ ဇာတ်ကား လေး လွတ်သွားမှာ
စိုးလို့ဆိုတဲ့ အတွေးကျတော့ ဒါ မှန်ကန်တဲ့ အတွေး မဖြစ်ပြန်ဘူးနော်။
နောက်တစ်ခါ
ဒေါသနဲ့ မတွေးဘဲ မေတ္တာနဲ့ တွေးတဲ့အတွေးဟာ ဒါ မှန်ကန်တဲ့ အတွေးလို့ ပြောတယ်၊ မေတ္တာနဲ့
တွေးတယ်၊ “သတ္တဝါတွေ ချမ်းသာကြပါစေ၊ အကျိုးစီးပွားတွေ ဖြစ်ထွန်းကြပါစေ” ဆိုတာ ဒီအတွေးဟာ
မှန်ကန်တယ်၊ အဲဒါကို အဗျာပါဒ ဝိတက် လို့ ခေါ်တယ်။
အဝိဟိံသာ
ဝိတက် ဆိုတာ ဘယ်သူ့မှ မညှဉ်းဆဲဘူး၊ အားလုံးအပေါ်မှာ အကြင်နာ တရား ထားတာ၊ ကရုဏာနဲ့ တွေးတဲ့
အတွေး၊ အဲဒီ အတွေးကလည်း မှန်ကန်တဲ့ အတွေးဆိုတော့ ဝိတက်နဲ့ ပတ်သက်ပြီးတော့ မှားတဲ့အတွေးက
သုံးခု၊ မှန်တဲ့ အတွေးက သုံးခု။
မှားတဲ့အတွေးကို
မှန်တဲ့အတွေးနဲ့ ဖျောက်ပစ်ရမယ်၊ အစားထိုးရမယ်၊ ဒါက အလုပ်ပဲ၊ အဲဒီတော့ ဒီ ဝိတက်ဆိုတဲ့
သဘောလေးဟာ သူ့ဟာသူနေရင် အမှားအမှန် မရှိဘူး၊ ခုနက လောဘ,ဒေါသ ဝင်လာရင် အမှားဖြစ်သွားတယ်၊
အလောဘ အဒေါသ ဝင်လာရင် အမှန်ဖြစ်တယ်။ သူ့ဟာသူနေရင် သဘာဝပဲ ဟုတ်ရဲ့လား။
.
ဝိတက်ရဲ့ စွမ်းအား
▬▬▬▬▬▬▬
အဲဒီ
အတွေးလေးကို မှန်ကန်တဲ့ဘက် အသုံးချမယ် ဆိုရင် ဈာန်အင်္ဂါတစ်ခု ဖြစ်တယ်၊ ဈာန်အာရုံပေါ်
စိတ်ကို ပို့တင်ပေးနေရင် သူက ပထမဈာန်ဆိုတဲ့ ဒီ ဈာန်အာရုံတစ်ခု ကို ရယူဖို့အတွက် အရေးကြီးတဲ့
အင်္ဂါတစ်ရပ် ဖြစ်လာတယ်၊ ဈာန်အင်္ဂါ ငါးပါးလို့ အဘိဓမ္မာမှာ ဆိုထားတာ ရှိတယ်မဟုတ်လား၊
“ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ” ဒီငါးပါးကို စုစည်းထားတာကို ဈာန်လု့ိ ခေါ်တယ်၊ ဒီ အတွေးလေးက ဘယ်သူ့ကို လောင်မြှိုက်လိုက်နိုင်သလဲ၊
ဘယ်သူ့ကို ဖယ်ရှားပစ်နိုင်လဲ ဆိုတော့ ထိန,မိဒ္ဓ ကို ဖယ်ရှားပစ်တာ၊ သူ့ရဲ့ စွမ်းအားနဲ့
ထိန,မိဒ္ဓကို ဖယ်ပစ်လိုက်တာ၊ ထိန ဆိုတာ စိတ်မဝင်စားတော့တာ၊ မိဒ္ဓ ဆိုတာ အိပ်ချင်တာ၊
စိတ်က ဆုတ်နစ်လာတယ်၊ ကမ္မဋ္ဌာန်းထိုင်ရင် ပိုပြီးတော့ သိသာတယ်၊ ကမ္မဋ္ဌာန်းထိုင်တော့
ပျင်းလာတယ်၊ ညောင်းလာတယ်၊ တော်ချင်လာတယ်၊ အဲဒါ ထိန ဝင်လာတာပဲပေါ့၊ အိပ်ချင်လာတယ်၊ မိဒ္ဓ
ဝင်လာတယ်၊ အဲဒီ ထိနမိဒ္ဓဟာ အသိဉာဏ်ကို အားနည်းစေတက်တယ်၊ ဒါကြောင့်မို့ ထိန,မိဒ္ဓကို
ဝိတက်နဲ့ ဖယ်ရှားပစ်ရတယ်။
.
ဝိတက်ကို လျှော့ချနည်း
▬▬▬▬▬▬▬▬▬
လူတွေက
ပြောကြတယ်၊ ညက အတွေးတွေ များလို့ အိပ်မပျော်ဘူး။ အတွေး လွန်သွားရင်လည်း အိပ်ပျော်မှု
ထိန-မိဒ္ဓ မလာဘဲ ရှိတတ်တယ်၊ သူရှိနေရင် ဟိုက မလာနိုင်ဘူးနော်၊ ဆန့်ကျင်ဘက်ကိုး၊ ဒါကြောင့်မို့
အတွေးတွေ သိပ်များနေရင် အာနာပါန ပွားပြီးတော့ လျှော့ပစ်ရသေးတယ်၊ ဝိတက်ကို လျှော့ချတဲ့နည်းက
အာရုံတစ်ခုတည်းပေါ်မှာ စူးစိုက်ပြီး နေရတယ်၊ အဲဒီ ဝိတက်ကို စနစ်တကျ တိုးပွားလာအောင်
လေ့ကျင့်ပြီးတော့ သမထ ကျင့်စဉ်တစ်ခုနဲ့ ယူနိုင်တယ်ဆိုရင် ဈာန် အင်္ဂါ ဖြစ်လာ တယ်တဲ့။
.
ဝိစာရ
▬▬
ဝိစာရ
ဆိုတာ ဘာလဲ၊ ဝိတက်က ကြံစည်တာ၊ စိတ်ကူးတာ၊ ဝိစာရဆိုတဲ့ သဘောက သုံးသပ်တယ်လို့ အဓိပ္ပါယ်ရတယ်၊
သုံးသပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က မထင်ရှားပြန်ဘူး၊ ဝိစာရက ဘာလုပ်တာတုံး ဆိုတော့ ဝိတက်က
စိတ်ကို အာရုံပေါ်တင်ပေးတာ၊ တင်ပေး ထားပေးတဲ့အတိုင်း စိတ်နဲ့အာရုံ ကွာမသွားအောင် ဝိစာရက
ထိန်းပေးတာလို့ ပြောတယ်၊ တင်တော့ တင်လိုက်တယ်။ သို့သော် စိတ်က အာရုံနဲ့ ကွာထွက် သွားတတ်တယ်၊
အဲဒီလို ကွာမသွားအောင် စိတ်ကို အာရုံနဲ့ ယှဉ်တွဲပြီးတော့ သူက ရစ်ဝဲပေးနေတာ၊ အဲဒါ ဝိစာရပဲ၊
သူကလည်း ဝိတက်လိုပဲ အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်တယ်ပေါ့။
.
ဝိတက်နှင့် ဝိစာရအထူး
▬▬▬▬▬▬▬▬▬
ဝိတက်ကျတော့
စနစ်တကျ လေ့လာလိုက်လို့ ရှိရင် ဈာန်အင်္ဂါလည်းဖြစ်တယ်၊ သမ္မာသင်္ကပ္ပဆိုတဲ့ မဂ္ဂင်လည်း
ဖြစ်တယ်၊ မဂ္ဂင် (၈) ပါးထဲမှာ နိဗ္ဗာန်ရောက်ဖို့ရာ အတွက် ဝိပဿနာကျင့်စဉ်ကို ကျင့်တဲ့
အခါမှာ သမ္မာသင်္ကပ္ပ ဖြစ်တယ်၊ ဝိစာရ ဆိုတာကျတော့
တစ်ခါတစ်ရံ ဝိတက်နဲ့ အလားသန္တာန် တူတယ်၊ သူတို့နှစ်ခုက ပူးတွဲပြီး အလုပ် လုပ်တာမျိုး
ရှိတယ်၊ ဝိတက်က ပထမအဆင့်၊ ဝိစာရက ဒုတိယ အဆင့်၊ သူတို့နှစ်ခု ပူးတွဲပြီးတော့ အလုပ် လုပ်လေ့ရှိတယ်၊
သို့သော် သဘာဝချင်း မတူဘူး၊ ဝိတက်က စိတ်ကို အာရုံပေါ် တင်ပေးတယ်၊ ဝိစာရက အာရုံနဲ့စိတ်
ကွဲမသွားအောင် ထိန်းပေး ထားတယ်၊ အဲဒီ ဝိစာရကလည်း စနစ်တကျ လေ့လာလိုက် လို့ရှိရင် ဈာန်အင်္ဂါ
ဖြစ်တယ်၊ သမထ ကျင့်စဉ်ဖြစ်ရင် သူက ရှင်သန်လာမယ်၊ တိုးတက်လာမယ် ဆိုရင် ဈာန်အင်္ဂါထဲမှာ
ပါတယ်။
.
ပီတိ
▬▬
ပီတိ
ဆိုတာကတော့ အထူးပြောစရာ မလိုဘူး၊ ပီတိဖြစ်ရင် စိတ်က အာရုံပေါ်မှာ ကျေနပ် နှစ်ခြိုက်နေတာ၊
ပီတိကလည်း အမျိုးမျိုးရှိတယ်၊ လောဘနဲ့ဖြစ်တဲ့ ပီတိရှိတယ်၊ ဓမ္မနဲ့ဖြစ်တဲ့ ပီတိရှိတယ်၊
အဲဒီတော့ လောဘနဲ့ဖြစ်တဲ့ ပီတိကျတော့ သိပ်ပြီး တန်ဖိုးမရှိဘူး၊ လောဘနဲ့ဖြစ်တဲ့ ပီတိကျတော့
သိပ်ပြီး တန်ဖိုးမရှိဘူး၊ လောဘက လွှမ်းသွားတယ်၊ ဓမ္မနဲ့ ပတ်သက်တဲ့ ပီတိလည်း ရှိတယ်၊
ဥပမာ - တရား နာရလို့၊ အသိဉာဏ်တွေ တိုးလာတယ်၊ ပီတိဖြစ်တယ်၊ နားမလည်တာ နားလည် ရတယ်ဆိုတော့ ပီတိဖြစ်တယ်၊ အဲဒီ ပီတိကတော့ အသိဉာဏ်ကို အားပေးတဲ့
ပီတိမို့ တန်ဖိုးရှိတဲ့ ပီတိဖြစ်တယ်။
.
ပီတိရဲ့ စွမ်းဆောင်မှု
▬▬▬▬▬▬▬
အဲဒီ
ပီတိကလည်း ဈာန်အင်္ဂါထဲမှာ ပါတယ်၊ စနစ်တကျ လေ့ကျင့်လိုက်လို့ ပီတိက ထက်သန် လာလို့ရှိရင်
ဈာန်ရဲ့ စွမ်အားတစ်ခု ဖြစ်လာနိုင်တယ်၊ ဗောဇ္ဈင်ခေါ်တဲ့ အသိဉာဏ်ကို ရရှိစေနိုင်တဲ့ အကြောင်းတရား
၇-မျိုးထဲမှာလည်းပဲ ပီတိသမ္ဗောဇ္ဈင် ဆိုတာ ပါတယ်၊ ဒီ ပီတိကလည်း အသိဉာဏ်ကို ဖြစ်စေနိုင်တယ်၊
ဒါကြောင့်မို့ ပီတိ ကလည်း လိုအပ်တယ်၊ ပီတိဟာ ဈန်အင်္ဂါဖြစ်တယ်၊ ဗောဇ္ဈင် ၇-ပါး ထဲမှာ ပါတယ်၊ အသိဉာဏ်ကို ဖြစ်ပွားစေတယ်၊
သို့သော် မဂ္ဂင် ၈-ပါးမှာတော့ မပါဘူးလို့ မှတ်ရမယ်။
ဒီ ပီတိကိုလည်း
စနစ်တကျ လေ့ကျင့်ပြီး ကောင်းတဲ့နေရာမှာ ရှိသင့်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ပီတိမရှိရင်
စိတ်မဝင်စားဘူးလေ၊ စိတ်မဝင်စားတေ့ စိတ်က အားတက်သရော မရှိဘဲနဲ့ ဆုတ်နစ်မှုတွေ ဖြစ်တတ်တယ်၊
ပီတိလေးနဲ့ ဆွတ်ဖျန်း ပေးလိုက်တဲ့ အခါကတော့ စိတ်ကလေး ရွှင်လန်းလာတယ်၊ သစ်ပင်လေးများလိုပဲ
ရေကလေး ဖျန်းတဲ့အခါ လန်းမလာဘူးလား၊ အေး စိတ်ကလေးကလည်း ပီတိလေးနဲ့ တွဲလိုက်တဲ့ အခါမှာ
သူဟာ စွမ်းဆောင်မှုတွေ ပိုလာတယ်၊ ဒါကြောင့် ပီတိလေးနဲ့ ဆွတ်ဖျန်းပေးရတယ်တဲ့၊ သို့သော်
လွန်သွားလု့ိရှိရင်လည်း မဖြစ်ဘူး၊ ပီတိတွေ လွန်ကဲလို့ မရဘူး၊ လွန်ကဲရင် လွဲချော်ကုန်ရော၊
ပီတီတွေလွန်ရင် ဘာပြောတုန်း၊ အရပ်ထဲမှာ ဝမ်းသာလုံးဆို့တယ် ဆိုတာ၊ သေတောင် သေတတ်သေးတယ်
နော်၊ အဲဒီတော့ သူကလည်း သူ့အတိုင်းအတာလေးနဲ့ သူမှ၊ လွန်သွားရင် ဒုက္ခ ရောက်သေး တယ်နော်။
.
အဓိမောက္ခ
▬▬▬▬
နောက်တစ်ခုက
အဓိမောက္ခ၊ စိတ်ရဲ့ ဆုံးဖြတ်နိုင်တဲ့ သဘော၊ ဆုံးဖြတ်တယ် ဆိုတာ အရုံပေါ်မှာ သို့လော
သို့လော ဖြစ်မနေဘဲနဲ့ အာရုံနဲ့ စိတ်ဟာ အံဝင်ဂွင်ကျ စွပ်ဝင်သွားတဲ့ သဘောကိုပြောတာ၊ အဓိမောက္ခက
အာရုံနဲ့စိတ် တည့်သွားတဲ့ သဘော၊ ဝိတက်က တင်ထားတဲ့ အာရုံပေါ်မှာ စိတ်က စွပ်ဝင်သွားတယ်၊
အဲဒါကိုပဲ ဆုံးဖြတ် တယ်လို့ ပြောတာ။ စိတ်ကလေးက အာရုံမှာ တည့်သွားတယ်၊ စွပ်ဝင်သွားတယ်၊
အဓိမောက္ခကလည်း သူ့သဘောပဲ သူဆောင်တယ်၊ သူ့ကို တိုးတက်အောင် လုပ်ဖု့ိ မလိုဘူး။
.
ဝီရိယ
▬▬
ဝီရိယဆိုတာ
ကြိုးပမ်းအားထုတ်မှု၊ အဲဒီ ကြိုးပမ်းအားထုတ်မှု ကတော့ ကောင်းတဲ့ ကြိုးပမ်းအားထုတ်မှု၊
မကောင်တဲ့ ကြိုးပမ်းအားထုတ်မှု လို့ နှစ်ခု ရှိပြန်တယ်၊ လောဘကြောင့် ကြိုးပမ်းတာ ရှိတယ်၊
ဒေါသကြောင့် ကြိုးပမ်းတာ ရှိတယ်၊ အမုန်းကို အခြေခံပြီးတော့ ကြိုးပမ်းတယ်၊ လိုချင်တာကို
အခြေခံပြီးတော့ ကြိုးပမ်းတယ်၊ မှားယွင်းတဲ့ ကြိုးပမ်းချက်တွေပေါ့။
မှန်ကန်တဲ့
ကြိုးပမ်းချက်ဆိုတာ ဘာတုံးဆိုတော့ အကုသိုလ်တွေ မဝင်ရအောင် ဆို့ပိတ်မှု၊ ဆို့ပိတ်ဖို့
ကြိုးပမ်းရမယ်၊ ကိုယ့်သန္တာန်ထဲမှာ စိတ်ယုတ်တွေ
မကောင်းတာတွေ မဖြစ်နိုင်အောင် ဆို့ပိတ်တဲ့ ကြိုးပမ်းမှုက နံပါတ် (၁)၊ ဆို့ပိတ်လို့
မရဘူး၊ အကုသိုလ်စိတ် ဝင်လာတယ်ဆိုရင် တွန်းထုတ်ဖို့ရာ ကြိုးပမ်းရမယ်၊ နံပါတ် (၁) က
- ဆို့ပိတ်တယ်၊ နံပါတ် (၂) က - တွန်းထုတ်တယ်၊ ဝင်လာရင် တွန်းထုတ် ရမယ်၊ ဥပမာ- ဒေါသ
မထွက်အောင် ဆို့ပိတ်ထားရမယ်၊ စိတ်ကို မထိန်းနိုင်လို့ ဒေါသ ဒေါသထွက်လာလို့ရှိရင် ထုတ်ပစ်ရမယ်၊
ဒါပြောတာနော်၊ မဖြစ်သေးတဲ့ ဒေါသကို မဖြစ်အောင် ကြိုတင်ပြီး တားဆီးရမယ်၊ မီးဘေးရှောင်
မလောင်ခင်တား ဆိုတယ် မဟုတ်လား၊ မတော်တဆ လောင်သွားရင်လည်း မြန်မြန်ငြိမ်းပေါ့၊ ဒါပြောတာ၊
ဒါ လုပ်ရမယ့် ကြိုးပမ်းအားထုတ်မှု နှစ်ခုပဲ။
ကောင်းတာနဲ့
ပတ်သက်လာတဲ့ အခါကျတော့ (၃) ကောင်းတဲ့စိတ်တွေ မဖြစ်ဘူးဆိုရင် ဖြစ်အောင် ကြိုးစား၊ (၄)
ဖြစ်လာပြီဆိုရင် တိုးပွားအောင် ကြိုးစား၊ ပိုက်ဆံ မရသေးရင် ရအောင်ရှာ၊ ရလာရင် များအောင်
လုပ်တာပေါ့၊ ဒီလိုပဲ တရားနဲ့ ပတ်သက်ရင် မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်လာအောင် လုပ်ရမယ်၊
ဖြစ်လာတဲ့ ကုသိုလ်တွေ တိုးပွားလာအောင် လုပ်ရမယ်။
ကိုယ့်မှာ
သမာဓိ မရှိသေးရင် ထူထောင်၊ ရှိလာပြီဆိုရင် သမာဓိ ရင့်သန်အောင် ကြိုးစား၊ ဒါကို ဆိုလိုတာ၊
အဲဒီလို ကြိုးပမ်းမှုကို သမ္မာဝါယာမ လို့ခေါ်တယ်၊ မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှု၊
ဒီ ဝီရိယက မှန်ကန်တဲ့ ကြိုးပမ်း အားထုတ်မှုနဲ့ ကျတော့ သမ္မာဝါယမဖြစ်ပြီးတော့ မဂ္ဂင်ရှစ်ပါးထဲမှာလည်း
ပါတယ်၊ အသိဉာဏ် ရဖို့ရာ စွမ်းဆောင်တဲ့ ဗောဇ္ဈင် ၇-ပါး ထဲမှာလည်း ပါတယ်၊ ဒါကြောင့်မို့
စနစ်တကျ သူ့ကို လေ့ကျင့်ပေးရမယ်တဲ့၊ ဝီရိယဆိုတာ လိုအပ်တယ်လို့ ပြောတာနော်၊ ဝိတက္က၊
ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ-တဲ့၊ ငါးခုရှိသွားပြီ။
.
ဆန္ဒ
▬▬
ဆန္ဒဆိုတာ
ပြုလုပ်ချင်တဲ့သဘော၊ တဏှာကျတော့ ပြုလုပ်ချင်ရုံ မကဘူး၊ တွယ်တာတယ်ဆိုတဲ့ သဘောပါတယ်၊
ဆန္ဒက ပြုလုပ်ချင်ရုံ သက်သက်ပဲ၊ ဥပမာ - ဥပုသ်စောင့် သွားချင်တယ်၊ ဥပုသ်စောင့် သွားချင်တယ်ဆိုတာနဲ့
ရုပ်ရှင် သွားကြည့် ချင်တယ် ဆိုတာနဲ့ ဒီ “ချင်” နှစ်ခု တူလား၊ မတူဘူး။
အလှူ
လှူချင်တယ်ဆိုတာနဲ့ ပိုက်ဆံရချင်တယ်ဆိုတဲ့ ဒီ “ချင်” နှစ်ခုရော တူလား၊ အလှူ လှူချင်တယ်
ဆိုတာကျတော့ ဆန္ဒလို့ ပြောတာ၊ ဒါကြောင့်မို့ ဆန္ဒရဲ့သဘောနဲ့ လောဘရဲ့ သဘောက ခပ်ဆင်ဆင်ပဲ၊
ဆင်ပေမယ့်လို့ ဆန္ဒဆိုတာ ပြုလုပ်ချင်ရုံ သက်သက်ပဲ၊ လောဘကျတော့ ပြုလုပ်ချင်ရုံ ကဘူး၊
တွယ်တာတဲ့ သဘောလေး ပါတယ်၊ တွယ်တာတယ်၊ ကပ်ငြိတယ် ဒီသဘောလေး ရှိတယ်၊ ဆန္ဒနဲ့လောဘ ဒီလို ထူးခြားမှု ရှိတယ်။
ဆန္ဒဆိုတဲ့တရား
စွမ်းအား ထက်လာပြီဆိုရင် ဆန္ဒာဓိပတိ တဲ့၊ အဓိပတိ တပ်လာပြီ၊ ဆန္ဒက ပြင်းထန်လာပြီ ဆိုလို့ရှိရင်
သူက အောင်မြင်မှုကို သရဖူဆောင်းနိုင်တဲ့ ဆန္ဒိဒ္ဓိပါဒ်၊ ဒါကြောင့်မို့ သူ့ရဲ့ စွမ်းဆောင်မှုတွေဟာ
ကြီးထွားလာလို့ရှိရင် လောဘ ကိုလည်း ဖယ်ရှားနိုင်တယ်၊ ဒေါသကိုလည်း ဖယ်ရှားနိုင်တယ်။
စိတ်ဆန္ဒက
ကုသိုလ်လုပ်ချင်တဲ့ စိတ်ဆန္ဒ ရှိနေတဲ့အတွက်ကြောင့် သိန်းလေးဆယ်၊ ငါးဆယ်လည်း လှူပစ်လိုက်တာပဲ၊
ဆန္ဒဖြစ်တာကြည့်၊ လောဘကို မနိုင်လိုက်ဘူး လား၊ နိုင်တယ်၊ လုပ်ချင်တဲ့ဆန္ဒကို ‘ဆန္ဒဝတော
ကိံနာမ ကမ္မံ န သိဇ္ဈတိ’၊ ဆန္ဒရှိရင် ဘယ်အရာမဆို ပြီးတယ်တဲ့၊ ဒါကြောင့်မို့ ဆန္ဒကို
ဣဒ္ဓိပါဒ်လို့ ခေါ်တယ်၊ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းတရား၊ အဓိပတိ စွမ်းဆောင်မှု
ကြီးကဲမှု သဘာဝတရားလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်။
အဲဒီ
စေတသိက် ခြောက်ခုကတော့ တချို့စိတ်တွေမှာပါတယ်၊ တချို့စိတ်တွေမှာ မပါဘူး၊ ပါတောင် မှလည်း
စိတ်ချင်းမတူဘူး၊ တချို့စိတ်တွေမှာ အင်အား သိပ်မရှိဘူး၊ တချို့စိတ်ကျ အင်အား ပိုကောင်းတယ်။
ဒါက စိတ်ကိုအမှီ
ပြုပြီးတော့ ဖြစ်တဲ့ အင်အားစု စေတသိက်တွေပဲ၊ စိတ်ကိုမှီငြား စိတ်စွမ်းအားများပါပဲ၊
‘စိတ်ကို မှီငြား စိတ်စွမ်းအားများ’ ဆိုတာ ဟောဒီ အညသမာန်း ၁၃-ပါးကို ပြောတာပါ၊ ဒီ သဘာဝ
တရားတွေဟာ စိတ်ကိုမှီပြီးတော့ ဖြစ်ကြတဲ့ သဘာဝတရားတွေဖြစ်လို့ သူတို့ဟာ သူတို့သဘော သူတို့
ဆောင်နေ ကြတာတွေ ဖြစ်တယ်။ ငါဆိုတာလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာ ဆိုတာလည်း မဟုတ်ဘူး၊ ဆိုင်ရာ
ဆိုင်ရာ အကြောင်းကြောင့် ဖြစ်နေတဲ့ သဘာဝ တရားတွေပါလားလု့ိ ကိုယ်စီကိုယ်စီ အမြင်မှန်
ရပြီးတော့ အသိဉာဏ်တွေ ကြီးထွားနိုင်ကြပါစေကုန် သတည်း။
“သာဓု
- သာဓု - သာဓု”
