ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၈)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း
၂-ရက်၊ (၂၃-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ်
ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ်
မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင်
မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
.
ပစ္ဆာဇာတပစ္စယော
▬▬▬▬▬▬▬
ပစ္ဆာ
– နောက်မှ, ဇာတ – ဖြစ်ပြီးတဲ့အခါမှာ, ပစ္စယော - ကျေးဇူးပြုတယ်၊
နောက်မှဖြစ်ပြီး
ကျေးဇူးပြုတဲ့တရားဆိုတော့ အကျိုးတရားက အရင်ပေါ်နေတယ်၊ အကြောင်းတရားက နောက်မှဖြစ်လာပြီး
အကျိုးတရားကို အထောက်အကူပြုတယ်၊ အကြောင်းအကျိုးလို့ ပြောရပေမယ်လို့ သူ့ကြောင့်ဖြစ်တဲ့အကျိုးတော့
မဟုတ်ဘူး၊ အဲဒီတော့ ပဋ္ဌာန်းတရားမှာ အကြောင်းနဲ့အကျိုးလို့ ဆိုတဲ့စကားဟာ ပိုကျယ်ပြန့်
တယ်လို့ ဒီလိုမှတ်ရမယ်၊ မြန်မာစကား အကြောင်းနဲ့အကျိုးဆိုလို့ရှိရင် အကြောင်း တရားသည်
အကျိုးတရားကို ဖြစ်စေတတ်တယ်၊ အကျိုးတရားသည် အကြောင်း တရားကြောင့် ဖြစ်ပေါ်လာတယ်၊ ဒီလိုရှိတယ်။
အခု ဒီနေရာမှာတော့
အကြောင်းအကျိုးလို့ ခေါ်ရသော်လည်း တစ်ခုနဲ့ တစ်ခု အပြန်အလှန်ဆက်သွယ်မှု ကျေးဇူးပြုနေမှု
အထောက်အကူပြုနေမှုတွေကိုပဲ ပြောတာ၊ အဲဒီလို သဘောမပေါက်ရင် ဘယ့်နှယ် အကျိုးတရားက အရင်ဖြစ်ပြီး
အကြောင်းက နောက်မှဖြစ်တယ်ဆိုရင် ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိကောင်း စဉ်းစားမိလိမ့်မယ်၊
ဘာဖြစ်လို့တုန်းဆိုတော့ အမေအဖေထက် သားသမီးက အရင် မွေးနေတာလို ဖြစ်နေတယ်၊ အဲဒီအဓိပ္ပါယ်မျိုးကို
ပြောတာမဟုတ်ဘူး၊ အပြန်အလှန် ဆက်သွယ် နေတာ အထောက်အကူပြုနေတာကို ပြောတာ၊ ကျေးဇူးပြုနေတယ်
ဆိုတာ ကြိုတင်ပြီးတော့ ဖြစ်တာပဲဖြစ်စေ, နောက်မှဖြစ်တာပဲဖြစ်စေ, အတူတကွ ဖြစ်တာ ပဲဖြစ်စေ
အထောက်အကူပြုနေတာတွေ ဆက်သွယ်နေတာတွေကို ဆိုလိုတယ်၊ relation ဆိုတာ ဆက်သွယ်နေတဲ့အဓိပ္ပါယ်ကိုပြောတာ။
ဒါကြောင့်
ပဋ္ဌာန်းတရားတော်ဟာ အချင်းချင်း ဆက်သွယ်နေတယ်လို့ ဆိုတာ၊ အဲဒီဆက်သွယ်တဲ့ နေရာမှာ တစ်ခုကတစ်ခုကို
အထောက်အကူပြုနေတယ်၊ ကျေးဇူး ပြုနေတယ်၊ ဘယ်ပုံဘယ်နည်း ကျေးဇူးပြုနေတယ်ဆိုတာတွေကို ရှင်းပြတာ၊
ထုတ်လုပ်တဲ့ အကြောင်းတစ်မျိုးတည်းကို ရှင်းပြတာ မဟုတ်ဘူး၊ ဒါကြောင့် ပစ္ဆာဇာတပစ္စယောမှာ
ပစ္ဆာဇာတဆိုတာ နောက်မှပေါ်လာတဲ့တရားက အရင် ဖြစ်နှင့်တဲ့တရားကို ကျေးဇူးပြုတယ်၊ အထောက်အကူပြုတယ်လို့
ဆိုလိုတယ်။
ဒီပစ္ဆာဇာတပစ္စည်းကို
အဋ္ဌကထာတွေက ဥပတ္ထမ္ဘကပစ္စည်း (အထောက် အကူပြုတဲ့ ပစ္စည်း)လို့ဒီလိုပြောတယ်၊ ဖြစ်စေတတ်တဲ့
အကြောင်းတရား, ထုတ်လုပ်တဲ့ အကြောင်းတရား မဟုတ်ဘူး၊ အထောက်အကူပြုတဲ့ အကြောင်းတရား၊ အပြန်
အလှန် ဆက်သွယ်နေတဲ့သဘောကိုပြောတာ၊
အပြန်အလှန်ဆက်သွယ်နေတဲ့
သဘာဝတရားတွေဟာ ၂၄-ပစ္စည်းမှာ သဟဇာတ = ပြိုင်တူဖြစ်တယ်၊ အကြောင်း တရားနဲ့အကျိုးဟာ ပြိုင်တူဖြစ်တယ်၊
သို့မဟုတ် စာလိုပြောမယ်ဆိုရင် ပစ္စယ နဲ့ ပစ္စယုပ္ပန္နေ ဒီနှစ်ခုသည် ပြိုင်တူဖြစ်လာတာ
သဟဇာတ၊ ပုရေဇာတ ဆိုတာ ပစ္စယုပ္ပဒ် ထက် ပစ္စယက ကြိုတင်ဖြစ်နှင့်တယ်၊ ပစ္ဆာဇာတ ကျတော့
ပစ္စယုပ္ပန္န ထက် ပစ္စယက နောက်မှ ဖြစ်လာတယ်၊ ဒီအဓိပ္ပါယ် မျိုးကိုပြောတာ။
သဟဇာတက
born together အတူတကွဖြစ်လာတာ၊ ဒီသဘာဝတရား နှစ်ခု အကြောင်းတရားနဲ့ အကျိုးတရားဟာ အတူတကွဖြစ်လာကြတယ်၊
ပုရေဇာတ က born earlier အကြောင်းတရားက ကြိုတင် ဖြစ်နှင့်နေတာ၊ ပစ္ဆာဇာတ အကြောင်းတရားက
born later နောက်မှ ဖြစ်လာတာ၊ အဲဒီတော့ ကြိုတင် ဖြစ်နှင့်တဲ့တရားပဲ ဖြစ်ဖြစ်, နောက်မှဖြစ်တဲ့တရားပဲဖြစ်ဖြစ်,
ပြိုင်တူဖြစ်လာတဲ့ တရားပဲဖြစ်ဖြစ် အထောက်အကူပြုကြတယ်၊ ကျေးဇူးပြုကြတယ်လို့ ဆိုလိုတယ်။
အဲဒီတော့
လောကကြီးရဲ့သဘာဝဟာ အကြောင်းတရား အကျိုးတရားတွေ (သို့မဟုတ်) သဘာဝတရားတွေဟာ တစ်ခုနဲ့
တစ်ခု ဆက်သွယ်ပြီး ပွေလိမ်ရှုပ်နေ တယ်၊ Network ကွန်ယက်လို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး
ရှုပ်လိမ်နေတဲ့ အကျိုး တရား အကြောင်းတရားတွေ၊ သို့မဟုတ် သဘာဝတရားတွေ တစ်ခုနဲ့တစ်ခု
ဆက်စပ်မှီတည်ပြီးတော့ ဖြစ်နေကြတယ်။
အခုပြောခဲ့တဲ့
သဟဇာတတို့ ပုရေဇာတတို့ ပစ္ဆာဇာတတို့ ပစ္စယနဲ့ ပစ္စယုပ္ပ နှစ်ခု ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့
ကန့်သတ်ပြီးပြောရတဲ့ ဟောဒီပစ္စည်း ၃-မျိုးဟာ အတ္ထိဆိုတဲ့ အမျိုးအစားထဲမှာပါတယ်၊ ပြိုင်တူဖြစ်တာတော့
အထူးပြောစရာမလိုဘူး၊ ပစ္စယနဲ့ ပစ္စယုပ္ပန္နေ ပြိုင်တူဖြစ်နေရင် ရှိနေတုန်းပဲ အကျိုးပေးတယ်၊
ရှိနေတုန်းပဲ အထောက်အကူပြုနိုင်တယ်၊ မရှိတော့ရင် အထောက်အကူ မပြုတော့ဘူး၊ ဒါ အတ္ထိပစ္စည်းရဲ့သဘောပဲ၊
ရှိခိုက် ကျေးဇူးပြုတယ်။
ပုရေဇာတ
- အကြောင်းတရားက ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတယ်၊ အကျိုး တရားက နောက်မှ ဖြစ်တယ်၊ ဒါက
နားလည်လွယ်တယ်ပေါ့၊ ပစ္စယနဲ့ ပစ္စယုပ္ပန္နမှာ ပစ္စယက ကြိုတင်ဖြစ်နှင့်ပြီးတော့ ပစ္စယုပ္ပန္နက
နောက်မှဖြစ်လာတယ်၊ ဖြစ်လာသော် လည်းပဲ ပစ္စယက မရှိတော့ဘူးဆိုရင် ကျေးဇူးမပြုဘူး၊ ရှိနေတဲ့အခိုက်မှာသာ
ကျေးဇူးပြုတယ်၊ နှစ်ခုစလုံး ထင်ရှားရှိနေတဲ့အခိုက်မှာသာ ကျေးဇူးပြုလို့ အတ္ထိပဲ၊ ဟောဒီပစ္ဆာဇာတကလည်း
အတူတူပဲ၊ ပစ္စယုပ္ပန္နဆိုတဲ့တရားက ကြိုတင်ဖြစ်နေပြီး ပစ္စယဆိုတဲ့တရားက နောက်မှဖြစ်တယ်၊
နောက်မှဖြစ်ပြီး ထင်ရှားရှိနေခိုက်မှာပဲ သူကလည်း ကျေးဇူးပြုတယ်၊ မရှိတော့ရင် ကျေးဇူးမပြုဘူးလို့
ဒါကြောင့်မို့ ဒီ ၃-မျိုး လုံး အတ္ထိအမျိုးအစားထဲမှာ ပါတယ်။
“ပစ္ဆာဇာတပစ္စယော”၊
ပစ္ဆာဇာတ - ပစ္စယုပ္ပန္နတရားထက် ပစ္စယတရားက နောက်မှ ဖြစ်လာတယ်၊ နောက်မှ ဖြစ်လာပြီးတော့
ကျေးဇူးပြုတယ်တဲ့၊ အဋ္ဌကထာ ဆရာကြီးက နားလည်အောင်လို့ ဆိုပြီးတော့ ဥပမာတစ်ခု ပေးထားတာရှိတယ်၊
နောက်မှ ဖြစ်လာတဲ့တရားက ကြိုတင်ဖြစ်နှင့်နေတဲ့ တရားကို အထောက်အကူ ပြုတယ်ဆိုတာ ဘယ်လိုမှတ်ရမလဲဆိုရင်
“ဂိဇ္ဈပေါတကသရီရာနံ အာဟာရာသာ စေတနာ ဝိယ” လို့ ရှင်းပြထားတယ်၊
ဂိဇ္ဈပေါတက
ဆိုတာ လင်းတငယ်လေး၊ (လဒ) လင်းတဆိုတဲ့ ငှက်၊ အကောင်ပုပ် တွေကို စားလေ့ရှိတဲ့ ငှက်တစ်မျိုး၊
အရုပ်ဆိုး အကျည်းတန်တဲ့ ငှက်ကြီးတွေ၊ ခွေးသေကောင်ပုပ်တို့ဘာတို့ ဒီလိုပုပ်နေတဲ့ အကောင်မျိုးကို
အင်မတန်မှ နှစ်သက်ပြီး စားလေ့ရှိတဲ့ သားစားငှက်တစ်မျိုးပေါ့၊ သူတို့ကိုယ်တိုင် သတ်စား
တာတော့ မဟုတ်ဘူး၊ သေနေတဲ့အကောင်ပုပ်တွေ့ရင် စားကြတာ၊ လင်းတကို တချို့ အရပ်က ထိုးလဆိတ်
လို့ ခေါ်သတဲ့၊ ဒါတော့ ဒေသ ဝေါဟာရ ပေါ့။
ဒီကနေ့ခေတ်မှာ
လင်းတ မြင်ဖူးဖို့ တော်တော်ခက်သွားတယ်၊ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက လက်ပံပင်ပေါ်မှာ
လင်းတကြီးတွေ နားနေတာကို မကြာခဏ တွေ့ရတယ်၊ စစ်ကိုင်းမှာလည်း ဘုန်းကြီးတို့ကျောင်းအနီးမှာ
အရပ်ခေါ် လုံးတော်ကြီး လို့ခေါ်တဲ့ ရှေးဟောင်းဘုရားပျက်ကြီးရှိတယ်၊ ပုံသဏ္ဌာန်က လုံးလုံး
ကြီးမို့ လုံးတော်ကြီးလို့ခေါ်တာ၊ ဘုရားရဲ့ဘွဲ့တော်က “ရတနာဂီရိ” တဲ့၊ အင်းဝခေတ် တည်ထားတဲ့ဘုရား၊
အနန္တသူရိယအမတ်ကြီးက ဘုရင် မဟာသီဟသူရ လက်ထက်မှာ တည်ထားတယ်၊ အဲဒီဘုရားက သီဟိုဠ်စေတီရဲ့ပုံသဏ္ဌာန်
ဖြစ်တယ်၊ ပြောရမယ်ဆိုရင် စစ်ကိုင်းက ကောင်းမှုတော်ဘုရားကြီးရဲ့ သဏ္ဌာန်မျိုးလို အောက်ခြေကလုံးလုံး
စပါးပုံသဏ္ဌာန် အဲဒီအပေါ်ကမှ လေးဒေါင့်တိုက်။ “ဟပ္ပိယ” လို့ခေါ်တဲ့ လေးဒေါင့်တိုက်ပေါ်မှာ
“ဆတ္တာဝဠိ” ခေါ်တဲ့ ထီးအဆင့်ဆင့်ကလေး တင်ထားတယ်။
အဲဒီဘုရားကြီး
နှစ်ပေါင်းများစွာ ဘုရားငုတ်တိုဘဝနဲ့ တည်ရှိနေတဲ့အချိန်မှာ ဘုန်းကြီးတို့ကျောင်းဘက်ကနေ
လှမ်းကြည့်လိုက်လို့ရှိရင် အဲဒီဘုရားငုတ်တို ပေါ်မှာ လင်းတကြီးတွေ နားနေတာ တွေ့လိမ့်မယ်၊
အုပ်လိုက် ရှိတယ်၊ အဲဒီမှာ လွန်ခဲ့တဲ့ ၁၃၂၀ - ပြည့်ပတ်ဝန်းကျင်မှာ လင်းတတွေ အများကြီးရှိတယ်၊
၁၉၆၀ - ပတ်ဝန်းကျင်မှာ အဲဒီဘုရားငုတ်တိုကြီးရဲ့ဘေးမှာ ခြုံပုတ်တွေနဲ့ ကွင်းပြင်အကျယ်
ကြီးရှိတယ်၊ အဲဒီကွင်းပြင်အကျယ်ကြီးထဲမှာ ခွေးသေကောင်တွေ ပစ်ထားလေ့ ရှိတယ်၊ ပစ်ထားပြီဆိုလို့ရှိရင်
အဲဒီလင်းတတွေဟာ ဘုရားငုတ်တိုပေါ် ကနေ ပျံဝဲ ကျပြီးတော့ ခွေးသေကောင်ကို စားနေကြတာ မကြာခဏတွေ့
ရတယ်နော်။
ဒီကနေ့ခေတ်မှာတော့
လင်းတတွေဟာ ပျောက်သလောက် ရှိသွားပြီ၊ ဘာဖြစ်လို့ ပျောက်သွားသလဲလို့ဆိုရင် အမှတ်ထားမိတာတော့
မြန်မာပြည်မှာ ချည်မျှင်ရှည်ဝါ စီမံကိန်းချပြီး စိုက်ပျိုးတယ်၊ အဲဒီ စိုက်ပျိုးတဲ့အချိန်မှာ
ပိုးသတ်ဆေး တွေ တင်သွင်းလာတယ်၊ အင်မတန်ပြင်းတဲ့ ပိုးသတ်ဆေးတွေ၊ အဲဒီ ပိုးသတ်ဆေးတွေ
သုံးထားတဲ့ ချည်မျှင်ရှည်ဝါ၊ အဲဒါကို ကြွက်တွေက စားမိတဲ့အခါ ကြွက်တွေ သေတယ်၊ အဲဒီကြွက်သေကို
ခွေးကစားတော့ ခွေးသေတယ်၊ ခွေးသေကောင်ကို တစ်ခါ လင်းတစားတော့ လင်းတက သေပြန်တယ်၊ သုံးသက်
သေတယ်၊
အဲဒါနဲ့
လင်းတတွေဟာ ပျောက်ခြင်းမလှပျောက်သွားတယ်၊ အခု လင်းတတွေ ကြည့်ချင်လို့တောင် မရှိတော့ဘူး၊
တော်တော်များများ အရပ်ဒေသတွေမှာ လင်းတက ပျောက်သွားပြီ၊ မြို့နေတဲ့သူတွေတော့ ဘယ်မြင်ဖူးမလဲ။
အဲဒီလင်းတကို
ပါဠိလို ဂိဇ္ဈ၊ ဘာဖြစ်လို့ လင်းတကို “ဂိဇ္ဈ” လို့ ခေါ်တုန်း ဆိုရင် အသားကြိုက်လို့တဲ့၊
အသားကို မက်မက်မောမော စားတတ်တယ်၊ သက်သတ်လွတ် စားတဲ့ငှက်မျိုး မဟုတ်ဘူး၊ သူက အသားစားငှက်မျိုးပေါ့၊
အသားမှ ပုပ်နေတာတွေ စားတာများတယ်၊ ငှက်မှာလည်းပဲ အသားစားငှက် ရှိတယ်၊ သက်သတ်လွတ် စားတဲ့ငှက်
ရှိတယ်၊ အမျိုးမျိုးပဲ၊ များသောအားဖြင့် အသားစားတဲ့ ငှက်တွေက ပိုများတယ်၊ သို့သော်
ခိုတို့ ဘာတို့ကျတော့ စပါးတို့ ဆန်တို့ ပဲတို့ ဒီလိုစားလေ့ ရှိကြတယ်၊ သတ်သတ်လွတ်စားတဲ့ငှက်လည်း
ရှိတာပဲ၊ “မံသေသု ဂိဇ္ဈတီတိ ဂိဇ္ဈာ” အသားကို မက်မက်မောမော စားသောက်တတ်လို့ “ဂိဇ္ဈ”ဆိုတဲ့
စကားလုံးနဲ့ ခေါ်ကြတာ။
အိန္ဒိယနိုင်ငံ
ရာဇဂြိုဟ်မြို့ပတ်ဝန်းကျင် တောင်ငါးလုံးထဲမှာ ဂိဇ္ဈကူဋ ဂိဇ္ဈကုဋ် တောင်ဆိုတာ ရှိတယ်၊
အဲဒီဂိဇ္ဈကုဋ်တောင်ရဲ့ တောင်ထွဋ်ပေါ်မှာ လင်းတတွေ နားနေလို့ ဂိဇ္ဈကုဋ်တောင်လို့ ခေါ်
လာခဲ့တယ်၊ တစ်နည်းအားဖြင့်တော့ လင်းတငှက် နှုတ်သီးနဲ့ ပုံသဏ္ဌာန်တူလို့ ဂိဇ္ဈကုဋ်တောင်လို့လည်း
ခေါ်တယ်၊ သို့မဟုတ် လင်းတ တွေ နေထိုင်ရာ တောင်ထွဋ်ကြီးဖြစ်လို့ ဂိဇ္ဈကုဋလို့ ခေါ်တယ်၊
ဗုဒ္ဓစာပေထဲမှာ ဂိဇ္ဈကုဋ်တောင်ဆိုတာ နာမည်ကြီးတယ်။
အဲဒီလင်းတငှက်နဲ့
ပတ်သက်ပြီး ဒီမှာ ဥပမာပေးထားတာ။ ပစ္ဆာဇာတ ပစ္စည်းကို နားလည်ဖို့ဆိုတာ ဂိဇ္ဈပေါတကသရီရာနံ
လင်းတငယ်လေးတို့ရဲ့ ခန္ဓာကိုယ်အား၊ အာဟာရာသာ စေတနာ ဝိယ – အာဟာရ၌ မျှော်လင့်တောင့်တ
နေတဲ့ တဏှာနဲ့ ယှဉ်တဲ့ စေတနာတရားလိုပဲတဲ့၊ အဋ္ဌကထာဆရာကြီးက ဒီစကားလေးကို ထည့်သုံး ထားတယ်၊
ပစ္ဆာဇာတပစ္စည်းကို နားလည်ဖို့ “စားလိုတဲ့ အာသာဆန္ဒနဲ့ ယှဉ်တဲ့ စေတနာတရားသည် လင်းတငယ်ကလေးတို့ရဲ့
ခန္ဓာကိုယ်ကို အထောက်အကူ ပြုသလိုပါပဲ” တဲ့။
အဲဒီတော့
ဘယ်လို နားလည်ရမတုန်းဆို လင်းတငယ်ကလေးတွေကို မွေးဖွား လာတယ်၊ မွေးဖွားလာတော့ လင်းတငယ်ကလေးတွေရဲ့
ခန္ဓာကိုယ်ဆိုတာ အရင်ဖြစ်လာတာ၊ စားချင်တဲ့ အာသာဆန္ဒက နောက်မှဖြစ်တာပေါ့၊ စားချင်တဲ့
အာသာဆန္ဒက အရင်ဖြစ်နှင့်တဲ့ လင်းတငယ်ကလေးရဲ့ ခန္ဓာကိုယ်ကို အထောက် အကူပြုတယ်တဲ့၊ ဒီအဓိပ္ပါယ်မျိုးကို
ပြောတာ။
အဲဒီမှာလည်းပဲ
အဓိပ္ပါယ်အမျိုးမျိုးပြောကြတယ်၊ ဒီအဓိပ္ပါယ်နဲ့ ပတ်သက်ပြီး တော့ တချို့က ဘယ်လိုဖွင့်ဆိုတုန်းဆို
တချို့ကျမ်းစာတွေမှာ ရေးထားတာကို ဗဟုသုတ အနေနဲ့ မှတ်ဖို့ တစ်ခါတလေ စာပေအယူအဆဆိုတာ မတူညီတဲ့သဘော
လေးတွေ ရှိတယ်၊ ဒါက စာပေအတိုင်း နားလည်ရမှာကတော့ အစာအာဟာရကို စားလိုတဲ့ အာသာဆန္ဒနဲ့ယှဉ်တဲ့
စေတနာသည် နောက်မှဖြစ်ပြီး အရင်ဖြစ်နှင့်နေတဲ့ လင်းတငယ် ကလေးတွေရဲ့ခန္ဓာကိုယ်ကို အထောက်အကူပြုတယ်တဲ့၊
ဒါက ဘာနဲ့
တူတုန်းဆိုရင် မြန်မာစကားမှာ “မျှော်လင့်ချက်နဲ့ အသက်ရှင် နေကြတယ်” ဆိုတာ မျိုးနော်၊
မျှော်လင့်ချက်ဆိုတာ မျှော်လင့်ရုံ မျှော်လင့်တာ၊ ရမှမရသေးတာကိုး၊ မျှော်လင့်ချက်ကလေးနဲ့
အသက်ရှင်နေရသေးတယ်ဆိုတာ အသက်က အရင် လာတာ၊ မျှော်လင့်ချက်က နောက်မှ။
အေး ဒီနေရာမှာ
အဓိပ္ပါယ်တစ်မျိုး ဘယ်လိုပြောကြတုန်းလို့ဆိုရင် လင်းတငယ် လေးတွေရဲ့ခန္ဓာကိုယ်ကို အစာစားလိုတဲ့
အာသာဆန္ဒနဲ့ယှဉ်လာတဲ့ စေတနာက အထောက်အကူပြုတာ၊ လင်းတငယ်ကလေးတွေဟာ ငယ်စဉ် အတောင်မစုံခင်က
အသိုက်ထဲနေတဲ့အချိန်မှာ အစာမစားရှာကြရဘူးတဲ့၊ မိဘတွေက တခြားငှက် တွေလို အစာခွံ့ကျွေးရိုး
ထုံးစံမရှိဘူး၊ မိဘဖြစ်တဲ့လင်းတကြီးတွေက ပျံဝဲသွားပြီး ပြန်လာ လို့ရှိရင် အစာကျွေးနိုး
အစာကျွေးနိုးဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ လင်းတလေး တွေဟာ အတောင်တွေပေါက်ပြီး မိမိတို့ကိုယ်တိုင်
ရှာစားနိုင်တဲ့အနေအထား ထိအောင် အစာပေါ်မှာ အာသာဆန္ဒနဲ့ယှဉ်တဲ့ စေတနာက အထောက်အကူ ပြုတယ်
လို့ အဓိပ္ပါယ် ဖွင့်ဆိုကြတယ်။
အဲဒီလိုဖွင့်ဆိုချက်ဟာ
မှန်မမှန်ဆိုတာတော့ တိရစ္ဆာန်တွေရဲ့အကြောင်းကို လေ့လာ ကြည့်မှသိမယ်၊ လင်းတတွေဟာ သားသမီးတွေကို
အစာရှာပြီးတော့ မကျွေးဘူး ဆိုတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ဒီကနေ့ခေတ် လင်းတတွေ အကြောင်းကို
ကျကျနနလေ့လာတဲ့ပုဂ္ဂိုလ်တွေရှိတယ်၊ လင်းတဆိုတာ အလွန်မြင့်တဲ့ သစ်ပင်ကြီး တွေမှာ အသိုက်လုပ်ပြီးတော့
မွေးတာ၊ သူတို့အစာကျွေးသလား မကျွေးဘူးလား ဆိုတာ သိဖို့ခဲယဉ်းတယ်၊
ဘာဖြစ်လို့
သိဖို့ခဲယဉ်းတုန်းဆိုတော့ လင်းတကြီးတွေက စားသာ စားသွားတာ၊ ပါးစပ်က အစာချီယူသွားတာ မတွေ့ရဘူး၊
ဗျိုင်းတွေကျတော့ ငါးတွေချီချီလာတာ လူတွေကတွေ့ကြတယ်၊ အစာခွံ့တာလည်းပဲ မြင်ကြရတယ်၊ လင်းတကြီးတွေက
လင်းတငယ်ကလေးတွေကိုသွားပြီး အစာခွံ့တယ် ဆိုတာကို မမြင်ကြရဘူး၊ မြင်ခဲတယ်၊ အလွန်မြင့်တဲ့သစ်ပင်တွေမှာ
နေကြတာ ဆိုတော့၊ အဲဒီလို မမြင်ရတော့ ခုနက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပေါ်လာတာ။
သို့သော်
လင်းတငှက်အကြောင်းကို လေ့လာတဲ့ပုဂ္ဂိုလ်တွေက ပြောကြတယ်၊ လင်းတတွေမှာ ပါးပျဉ်းပါတယ်၊
ဒါ မြင်ဖူးတဲ့သူတွေ သတိထားမိတယ်၊ လင်းတတွေက ဝအောင်စားပြီး အကုန်လုံး ဗိုက်ထဲချည်းမြိုတာ
မဟုတ်ဘူး၊ လည်ချောင်းထဲမှာ တချို့ အစာအာဟာရတွေကို သူတို့က ထည့်ထားတယ်၊ လည်ချောင်းထဲမှာ
ဇလုပ်ကြီးတွေပါတယ်၊
လင်းတက
အစာတွေကို မြိုပြီးတော့ အဲဒီအိတ်ကြီးတွေထဲ သူတို့က အစာထည့် သွားတယ်၊ ထည့်သွားတော့ နှုတ်သီးက
ဘာမှ ချီသွားတာမပါဘူး၊ ဒီအတိုင်း ပျံသန်းသွားကြတယ်၊ အသိုက်ရောက်တဲ့အခါ ကျတော့ ဆာနေတဲ့
သားသမီး တွေနားသွားပြီးတော့ ပါးစပ်ကလေး ဟပေးတယ်၊ လင်းတကလေးတွေက အဲဒီ ပါးစပ်ထဲကနေ နှိုက်ပြီးစားကြတယ်လို့
ဒါ လင်းတတွေရဲ့ အစာကျွေးပုံက အဲဒီလိုကျွေးတာ။
အဲဒီလိုဆိုတော့
လင်းတတွေက အစာမကျွေးဘူးဆိုတာ မဟုတ်နိုင်ဘူး၊ တစ်ဖက်ကလည်း ကြည့်မယ်ဆိုရင် အစာမစားဘဲ
အသက်ရှင်ဖို့ ဆိုတာ မလွယ်ကူဘူးလေ၊ ဘယ်သတ္တဝါပဲဖြစ်ဖြစ် .. အစာမစားရဘဲနဲ့ အသက် ရှည်တယ်
ဆိုတာ ယုတ္တိမရှိဘူးပေါ့၊ ဘယ်သတ္တဝါဖြစ်ဖြစ် အစာအာဟာရနဲ့ ကင်းပြီး တော့ ဖြစ်တာ မရှိဘူး၊
“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” လို့ ဆိုတယ်၊ သို့သော် အာဟာရ ဆိုတဲ့နေရာမှာ လူတွေစားတဲ့
အစားအစာချည့် မဟုတ်ဘူး၊ ဗြဟ္မာတွေကျ တော့ အစာမစားဘူး၊ ဘာစားတုန်းဆိုရင် ပီတိဘက္ခ ပီတိကို
စားနေတာ၊ ဗြဟ္မာမှ ပီတိကို စားတာ၊ လူသားတွေထဲမှာ “ပီတိကိုစား အားရှိပါ၏” ဆိုပေမယ့်
တကယ် ပီတိကို မစားနိုင်ကြပါဘူး၊ တကယ်တော့ အစာအာဟာရနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ကြဘူး။
အဲဒီထဲမှာ
လင်းတတွေဟာလည်း အစာအာဟာရနဲ့ကင်းပြီးတော့ အသက် ရှင်တယ်လို့ မဆိုပါဘူး၊ ဒါကြောင့် လင်းတတွေဟာ
အခြားငှက်တွေလိုပဲ မိဘတွေ က အစာကို ရှာကျွေးတယ်ဆိုတဲ့စကားဟာ ပိုပြီးတော့ ယုတ္တိရှိတယ်၊
အစာမကျွေး ဘူး, လင်းတတွေအသက်ကြီးလာမှ ကိုယ့်ဖာသာပျံပြီး ရှာစားနိုင်မှ စားရတယ်၊ အဲဒီအချိန်ထိအောင်
သူတို့ အသက်ရှင်နေတာဟာ စားလိုတဲ့ အာသာဆန္ဒကနေ အထောက်အကူပြုထားတယ်ဆိုတဲ့ ရှင်းလင်းချက်ဟာ
မှန်ကောင်းမှမှန်မယ်၊ လောက ယုတ္တိနဲ့ ကြည့်ရင်လည်းပဲ ဖြစ်နိုင်ချေ သိပ်မရှိဘူးပေါ့၊
ခုနကပြောတာ ဖြစ်နိုင်ချေ ရှိတယ်၊ သားသမီးတွေကို အစာရှာကျွေးတယ်၊ လည်ချောင်းထဲမှာရှိတဲ့
လင်းတပါးပျဉ်းကြီးထဲမှာ အစာတွေ ထည့်ယူသွားတယ်၊ ဟိုရောက်တဲ့အခါ ပါးစပ် ကလေး ဟပေးတယ်၊
သားသမီးတွေက နှုတ်သီးနဲ့နှိုက်ပြီးတော့ စားကြတယ်။
ဒါဖြင့်
ခုနက ဥပမာက ဘာပြောတုန်းလို့ဆို တိရစ္ဆာန်တွေဆိုတာ အစာ အာဟာရ ပုံမှန်စားရဖို့ သူတို့မှာ
အင်မတန်မှ ခဲယဉ်းတယ်၊ တချို့တိရစ္ဆာန်တွေမှာ အစာအာဟာရအတွက် အင်မတန်ကြောင့်ကြစိုက်ကြရတယ်။
အဲဒီတော့ မစားရတဲ့ အချိန်က ပိုများမယ်။ မိဘတွေက အပြင်ထွက်ပြီး အစာရှာနေတယ်၊ မရသေးတဲ့
အချိန်မှာ စားလိုတဲ့အာသာဆန္ဒတွေက ရှိနေမှာပေါ့၊ အဲဒီရှိနေတဲ့ အာသာဆန္ဒတွေနဲ့ မျှော်လင့်ချက်ကလေးနဲ့
လင်းတတွေရဲ့ ခန္ဓာကိုယ်ဟာ တစ်ရက်တာတို့ နှစ်ရက်တာ တို့ ဒီလို ရှိကောင်းရှိလိမ့်မယ့်ပေါ့၊
အကြောင်းအကျိုးအားဖြင့် စားလိုတဲ့ အာသာ ဆန္ဒက အထောက်အကူပြုလို့ သူတို့အသက်ရှင်ရပ်တည်ရတယ်လို့
ပြောလို့တော့ ရတယ်၊ လုံးဝမစားဘူးလို့ ဆိုလိုတာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။
ပစ္ဆာဇာတပစ္စည်းနဲ့
ပတ်သက်လာလို့ရှိရင် လူတွေမှာလည်း သေချာစဉ်းစား ကြည့် - ဖြစ်လာတဲ့ရုပ်ကလေးတွေကို အထောက်အကူပြုတယ်ဆိုတာ၊
နောက်မှ လာတဲ့ ဟာကလည်း ရှေ့ကဖြစ်နှင့်တာကို အထောက်အကူပြုတယ်၊ ဒါကြောင့် ပစ္ဆာဇာတပစ္စည်းဆိုတာ
အထောက်အကူပြုတဲ့ပစ္စည်းတစ်ခု၊ ဒါလည်းပဲ ရုပ်နဲ့နာမ်ပဲ၊ ကြည့် - မြတ်စွာဘုရားက ပစ္ဆာဇာတပစ္စည်းကို
ပစ္စယနိဒ္ဒေသမှာ ဘယ်လိုဟော တုန်း။
“ပစ္ဆာဇာတာ
စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။
ပစ္ဆာဇာတာ
- နောက်မှဖြစ်ပေါ်လာကြတဲ့၊
စိတ္တစေတသိကာ
- စိတ် စေတသိက်လို့ဆိုတဲ့ နာမ်တရားတွေဟာ၊
ပုရေဇာတဿ
- ရှေးဦးစွာဖြစ်နှင့်တဲ့၊
ဣမဿ ကာယဿ
– ဤရုပ်အပေါင်းအား၊
ပစ္ဆာဇာတပစ္စယေန - ပစ္ဆာဇာတပစ္စယ သတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော - အထောက်အကူ ကျေးဇူးပြုလျက် ရှိပါလေတော့၏။
ရုပ်နဲ့နာမ်
အပြန်အလှန်အထောက်အကူပြုနေတဲ့သဘောကိုပြောတာ။ အဲဒီထဲမှာ ကြိုတင်ဖြစ်နှင့်နေတဲ့ “ကာယ”
လို့ ခေါ်တဲ့ ရုပ်အပေါင်းကိုတဲ့၊ နောက်မှ ဖြစ်လာတဲ့ စိတ်စေတသိက်ဆိုတဲ့ နာမ်တရားတွေက
ပစ္ဆာဇာတသတ္တိနဲ့ အထောက်အကူ ပြုပါတယ်တဲ့၊ အထောက်အပံ့ ပေးထားပါတယ်တဲ့၊ ဒီလိုပြောတာ၊
အဲဒီတော့ အပြန်အလှန်ဆက်သွယ်မှုကို ပြောတာ။
ဒါကို
အသေးစိတ် ဆင်ခြင်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ - နောက်မှဖြစ်တဲ့
စိတ်စေတသိက်တွေက၊ ပုရေဇာတဿ ဣမဿ ကာယဿ - ကြိုတင်ဖြစ်နေတဲ့ ကာယလို့ဆိုတဲ့ ရုပ်တွေကို ကျေးဇူးပြု
တယ်၊ mental process, material process လို့ခေါ်တဲ့ ဖြစ်စဉ်ကြီးတစ်ခုကို နားလည်လို့ရှိရင်
ဒါ လွယ်လွယ်ကူကူ နားလည်နိုင်တယ်၊ ကြိုတင်ဖြစ်နေတဲ့ ရုပ် အပေါင်းကို နောက်မှဖြစ်တဲ့
စိတ်စေတသိက်တွေက အထောက်အကူပြုပါတယ်လို့ ဆိုတဲ့နေရာမှာ ကြိုတင်ဖြစ်နှင့်နေတဲ့ ရုပ်အပေါင်းလို့ဆိုတာ
ဘာကိုပြောတာလဲ။
လူ့ဘဝအစကို
ပြန်စဉ်းစားကြည့်လိုက်၊ လူ့ဘဝစ,တာ သန္ဓေစိတ်ရယ် (စိတ်ဆိုရင် စေတသိက်လည်း ပါမှာပေါ့၊)
ပဋိသန္ဓေစိတ်နဲ့စေတသိက်၊ သာမန် လူသား တစ်ယောက်အနေနဲ့ ပြောကြမယ်ဆိုရင် မဟာဝိပါက်စိတ်
၈-ခုထဲက တစ်ခုခု နဲ့ စေတသိက် ၃၅-က သန္ဓေစိတ်မှာ ယှဉ်တယ်၊ အဲဒါက နာမ်တရား၊ လူ့ ဘဝမှာ
ဒါကစတယ်နော်၊
အဲဒီ
ပဋိသန္ဓေစိတ်နဲ့ စေတသိက်ဖြစ်တဲ့အချိန်မှာ ဘာရုပ်တွေ ပါလာတုန်းဆိုတော့ အဓိကဖြစ်တဲ့ ကာယပသာဒဆိုတဲ့ရုပ်
ပါလာတယ်၊ ကာယ ပသာဒသည် သူတစ်ခု တည်းနေတာ မဟုတ်ဘူး၊ သူက ဘာတွေနဲ့ ပေါင်းစပ်ထား တာတုန်းလို့ဆိုတော့
မဟာဘုတ် ၄-ပါး၊ အဆင်းရယ် အနံ့ရယ် အရသာရယ် ဩဇာရယ် ဆိုတဲ့ ရုပ် ၄-ပါးနဲ့ ပေါင်းလိုက်တော့
၈-ခု၊ တစ်ခါ သက်ရှိဖြစ်သည့် အတွက်ကြောင့် ဇီဝိတရုပ် ထည့်လိုက် ၉-ခု၊ အဲဒီ ၉-ခုထဲမှာ
ထိရင်သိနိုင်တဲ့ ကာယပသာဒ ကိုယ်အကြည် ရုပ်ကလေး ထည့်လိုက်ရင် ၁ဝ-ခု ဖြစ်သွားတယ်။
အဲဒီ
ရုပ် ၁၀-ခု အစုကလေး သန္ဓေစိတ်နဲ့အတူပေါ်လာတာ၊ သူ့ကို ကလလရေကြည် လို့ ခေါ်တယ်၊ မိခင်ဖခင်တို့ရဲ့
သုက်သွေးလို့ခေါ်တဲ့ sperm နဲ့ ovum ဆိုတာ မြေနဲ့အလားသဏ္ဌာန်တူတယ်၊ sperm နဲ့ ovum
ဟာ သတ္တဝါ မဟုတ်ဘူး၊ အဲဒီ sperm နဲ့ ovum ပေါင်းစပ်နေတဲ့အပေါ် မှာ ဟောဒီသန္ဓေစိတ်နဲ့
ဒီရုပ်တွေ ဖြစ်လာတာ၊ အဲဒီလိုမှတ်။
ဒါကို
သဘောပေါက်လို့ရှိရင် အခုခေတ်ပြောနေတဲ့ Clone ဆိုတာလည်း နားလည်နိုင်တာပဲ၊ ဒီ sperm နဲ့
ovum ဘယ်နေရာမှာရှိရှိ သတ္တဝါက မျိုးစေ့ကျနိုင် တာပဲ၊ ဒါ သံသေဒဇဆိုတာကို ပြောလို့ ရတယ်၊
ခုခေတ်က ကြံကြံဖန်ဖန် မျိုးပွား ပြီးတော့ Clone ဆိုတာတွေလည်းလုပ်နေကြတယ်နော်၊ အဲဒီတော့
sperm နဲ့ ovum ဘယ်နေရာမှာပဲရှိရှိ သန္ဓေစိတ်ကလေးက possibility potentiality ဖြစ်နိုင်တဲ့အနေ
အထားတစ်ခုပေါ်မှာ သူသန္ဓေတည်မှာပဲ၊ ဒါက တည်လို့ရရင် သန္ဓေနဲ့ sperm နဲ့ ovum က တခြားစီ၊
ခုခေတ်သိပ္ပံတွေကတော့ sperm တို့ ovum တို့ ဒါတွေကိုပဲ သူတို့က သန္ဓေလောင်းလို့ ခေါ်
နေတာ၊ ဒါ soil ပဲ၊ အဲဒီအပေါ်မှာ တည်တာကမှ သန္ဓေ။
သန္ဓေဆိုတာကျတော့မှ
ပဋိသန္ဓေစိတ်နဲ့ စေတသိက်ရယ်၊ ခုနကပြောတဲ့ ကာယဒသကကလာပ် ကာယနဲ့ အမှတ်ပြုထားတဲ့ ဒသကကလာပ်
- ရုပ် ၁၀-ခု အပေါင်း၊ နောက် ဟဒယဝတ္ထုလို့ဆိုတဲ့ စိတ်ရဲ့မှီရာအနေနဲ့ ဆောင်ရွက်မယ့်
ရုပ်ကလေးနဲ့ အပေါင်းပါ ၉-ခုရှိရင် အားလုံး ၁၀-ခု ဝတ္ထုဒသကကလာပ်၊ တစ်ဖန် male &
female အမျိုးသားအမျိုးသမီး အဖြစ်အခြေခံရုပ် ဘာဝရုပ် ပါဝင်ဖွဲ့စည်း ထားတဲ့ ရုပ်က ၁ဝ-ခုဆိုတော့
အားလုံး ရုပ်ပေါင်း-၃ဝ၊ ဒီရုပ်ပေါင်း-၃၀ က ဘယ်က ရလာတာလဲဆိုတော့ ကံက ထုတ်လုပ်လိုက်တာ၊
ကံကနေ မျိုးစေ့ချပေးလိုက်တာ။
ဒါကြောင့်
အဲဒီ့ရုပ်တွေကို ကမ္မဇရုပ်လို့ခေါ်တာ၊ Born of Kamma ဘယ်သူမှ မလုပ်နိုင်ဘူး၊ ကံက လုပ်ပေးလိုက်တာ၊
အဲဒီကံက လုပ်ပေးလိုက်တဲ့ ရုပ်ကလေးနဲ့အတူ သန္ဓေစိတ်ကိုရော ဘယ်သူကလုပ်ပေးတာတုန်းဆို ကံကလုပ်ပေး
တာ၊ ဒါကြောင့် သန္ဓေစိတ်ကို ဝိပါကလို့ခေါ် တာ၊ ဝိပါက နဲ့ ကဋတ္တာရူပ၊ စာပေအသုံး ကဋတ္တာရူပ
ဆိုတာ ကမ္မဇရုပ်ကို ပြောတာ၊ အဲဒီတော့ ကံတရားက ဖန်တီးပေး လိုက်တာ၊ ရုပ်နဲ့နာမ်နဲ့ နှစ်ခု
ပေါင်းစပ်ပြီးတော့ အင်မတန် သေးငယ်တဲ့ ကလလရေကြည် ဆိုတဲ့အနေအထားတဲ့၊ မိခင်ရဲ့ ovum လို့ဆိုတဲ့
soil ပေါ်မှာ မျိုးစေ့လေးတွေချတာ။
အဲဒီထဲမှာပါလာတဲ့ရုပ်တွေကို
ကြည့်လိုက်လို့ရှိရင် သန္ဓေစိတ်နဲ့အတူ ဥပါဒ် တဲ့ရုပ်တွေဟာ ကံတစ်ခုတည်းက ထုတ်လုပ်တာဖြစ်သောကြောင့်
ကမ္မဇရုပ်လို့ ခေါ် တယ်၊ အဲဒီကမ္မဇရုပ်တွေကို ကံက တစ်ကြိမ်တည်းပဲ ထုတ်လုပ်တာလားလို့
မေးစရာရှိတယ်၊ မဟုတ်ဘူး၊ စိတ်ကိုတော့ ကံကဖြစ်စေပြီးတော့ ရုပ်ကျတော့ ကံက တစ်ကြိမ်တည်း
ထုတ်လုပ်တာ မဟုတ်ဘူး၊ အကြိမ်ကြိမ်ထုတ်လုပ်တာ၊ အသက်- ၈ဝ-နေရမယ့်ပုဂ္ဂိုလ် ဆိုလို့ရှိရင်
နှစ်ပေါင်း ၈ဝ- ထုတ်လုပ်နေမှာပဲ။
ဒီလို
ထုတ်လုပ်တဲ့အခါမှာ စက္ကန့်တိုင်း စက္ကန့်တိုင်း ထုတ်လုပ်တယ်၊ ပါဠိ စာပေ အနေနဲ့ ပြောမယ်ဆိုလို့ရှိရင်
ခဏ ခဏေတဲ့၊ every moment ပေါ့၊ ပဋိသန္ဓေစိတ်မှာ three moment ခဏလေး ၃-ခု ရှိတယ်၊ ခဏလေးက
ဘာတုန်း၊ ဖြစ်ခိုက်လေးရယ်၊ ဖြစ်ပြီးတော့ တည်ခိုက်ကလေးရယ်၊ ပျက်ခိုက်ကလေးရယ်၊ ဖြစ် တည်
ပျက် အခိုက် ၃-ခု ရှိတယ်၊ ဖြစ်နေတဲ့အခိုက်မှာလည်းပဲ ကံက ကမ္မဇရုပ် ကို ထုတ်လုပ်လိုက်တယ်
ဆိုတော့ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာ (စာလိုပြောရ အောင်) ဖြစ်နေတဲ့ အခိုက်ကလေးမှာ ကမ္မဇရုပ်
ဘယ်လောက်ရှိသလဲ၊ ၃၀-ရှိတယ်၊ အဲဒီပဋိသန္ဓေစိတ်ရဲ့ ဒီခဏ တည်နေတဲ့အခိုက်ကလေးက နောက်ထပ်
သူက ထုတ်လုပ်လိုက်တယ်ဆိုတော့ double ပေါ့ ၃၀-နှစ်ခါဆိုတော့ ၆၀-ဖြစ်သွားတယ်၊ တစ်ခါ ပဋိသန္ဓေစိတ်ပျက်သွားတဲ့
အချိန်ပိုင်းကို ဘင်ခဏလို့ ခေါ်တယ်၊ အဲဒီ ဘင်ခဏလေးမှာလည်း ကမ္မဇရုပ်ကို ထုတ်လုပ်တယ်ဆိုတော့
ဘယ်လောက် ဖြစ်သွားလဲ၊ ၉ဝ- ဖြစ်သွားတယ်၊ အဲဒီ နှုန်းထားနဲ့ ကမ္မဇရုပ်တွေက တိုးနေတာ၊
ဒါကြောင့်မို့လို့ ခဏ ခဏ စိတ်ရဲ့ ခဏတိုင်း ခဏတိုင်းမှာ ထုတ်လုပ်တယ်။
ဒါ စိတ်ရဲ့ဥပါဒ်ခဏမှာ
ဘယ်သူက ထုတ်လုပ်တာတုန်းဆို စိတ်က ထုတ်လုပ်တာ မဟုတ်ဘူး၊ ကံက ထုတ်လုပ်နေတာ၊ ကံက အရှိန်အဝါ
အင်မတန်မှ ကြီးမားတယ်၊ Energy ရှိတယ်၊ Power ရှိတယ်၊ အဲဒီ energy, powerနဲ့ ကံကနေပြီးတော့
ကမ္မဇရုပ်တွေကို စိတ်ရဲ့ခဏတိုင်းမှာ ထုတ်လုပ်ပေးနေတာ ဖြစ်သောကြောင့် ပဋိသန္ဓေစိတ်အတွင်းမှာပဲ
ရုပ်ပေါင်း ၉ဝ- ထုတ်ပြီးသွားပြီ။
ထို့အတူပဲ
ဘဝင်စိတ်ဖြစ်လာတဲ့အခါ နောက်ထပ် ၃၀-ထည့်၊ ထပ်ထည့် ထပ်ထည့် ထပ်ထည့် ဟော အများကြီးပဲ၊
အဲဒီနည်းနဲ့ တွက်ပြီးတော့ ကြည့်ပေတော့၊ တောင်မြို့ ဆရာတော်ဘုရားကြီးရေးတဲ့ “ဝီထိနဲ့
သုံးချက်စု ဘာသာဋီကာ” ဆိုတဲ့ အထဲမှာ “ရူပဝီထိ”အကြောင်း ရေးထားတာရှိတယ်၊
အဲဒီစာအုပ်ကို
ကြည့်မယ် ဆိုလို့ရှိရင်လည်းပဲ ခုနကပြောတဲ့ ပဋိသန္ဓေခဏမှာ ရုပ်ပေါင်း-၃၀, ဋ္ဌီခဏရောက်တဲ့
အခါကျတော့ ရုပ်ပေါင်း-၆ဝ၊ ဘင်ခဏ ရောက်သွား တဲ့အခါကျ ရုပ်ပေါင်း-၉၀ ပေါ့၊ တိုးတိုးသွားပုံကို
ဂဏန်းတွေနဲ့တွက်ပြီး ပြထားတာ ရှိတယ်၊ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ် အဲဒီမှာကြည့်၊
“ပဋိသန္နိ
မုပါဒါယ ခဏ ခဏ သမုဋ္ဌာပေတိ” အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာ ပဋိသန္ဓေရဲ့ ဥပါဒ်ကနေစပြီးတော့
ခဏတိုင်း ခဏတိုင်း ဆိုတာကို လွယ်အောင် ပြောမယ်ဆိုလို့ရှိရင် စက္ကန့်တိုင်း စက္ကန့်တိုင်း
ထုတ်တယ်၊ အဲဒီလောက် ထိအောင် သူက ထုတ်လုပ်အားကောင်းတယ်ပေါ့၊ ကံက ရုပ်တွေကို ထုတ်တယ်၊
ဒါကြောင့်မို့ လူ့ ခန္ဓာကိုယ်က ကြီးထွားလာတာ၊ နို့မို့ဆို လူ့ခန္ဓာကိုယ် ဘယ်လိုလုပ်
အကောင် အထည်ကြီး ဖြစ်နိုင်မလဲနော်။
ဒါဖြင့်
တိုးလာတာတွေက မပျောက်ဘူးလားဆိုရင် သူ့သက်တမ်းနဲ့သူပဲ၊ ပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာ ထုတ်လုပ်လိုက်တဲ့ရုပ်ကလေးက
၁၇-ချက် (သို့မဟုတ်) ခဏငယ် ၅၁-ချက်ပြည့်တဲ့ နေရာမှာ သူက ချုပ်သွားတယ်၊ ချုပ်သွားပြီး
နောက်ထပ် မလာတော့ဘူး၊ သူက တစ်ခါတည်းပြတ်သွားတယ်၊ ဒီခဏမှာ ထုတ်တာက သူ့ထက် တစ်ခဏ ပိုပြီးတော့
ကျန်ရစ်တယ်၊ ကမ္မဇရုပ်တွေက ထုတ်လုပ်မှုတွေကလည်း များတယ်၊ အဆင့်ဆင့် စဉ်ဆက်မပြတ် ထုတ်နေတာဆိုတော့
ပျက်တဲ့ဟာကပျက်, ဖြစ်တဲ့ ဟာကဖြစ်၊ အနိစ္စသဘောတရားဟာ ဘယ်လောက်ထင်ရှားတယ်ဆိုတာ လူတွေရဲ့
သန္တာန်မှာဖြစ်နေတဲ့ ကမ္မဇရုပ်တွေဟာ အဲဒီပုံစံနဲ့သွားတာ၊ ဒါ ပဋိသန္ဓေ ဖြစ်တဲ့အချိန်က
ကမ္မဇရုပ်တွေကို ပြောတာ။
နောက်ပိုင်းမှပေါ်တဲ့
ကမ္မဇရုပ်တွေ ရှိသေးတယ်၊ စက္ခုပသာဒတို့ သောတ- ပသာဒတို့ ဃာနပသာဒတို့၊ မိခင်ရဲ့ဝမ်းထဲမှာ
သန္ဓေတည်ပြီး ၁၁-ပတ်လောက်ကျမှ ဖြစ်လာတဲ့ ကမ္မဇရုပ်တွေက ရှိသေးတယ်၊ အဲဒီကမ္မဇရုပ်တွေမှာလည်းပဲ
ဒီအတိုင်းပဲ စဉ်ဆက်မပြတ်ဖြစ်နေတာ၊ လူတွေရဲ့မျက်စိပသာဒအကြည်ရုပ်ကို အဲဒီနှုန်းထားနဲ့ပဲ
ထုတ်လုပ်နေတယ်တဲ့၊ ပျက်တဲ့ဟာက ပျက်သွားတယ်၊ အသစ်ပေါ် လာတဲ့ဟာက အစားထိုးသွားတယ်။
ဘာနဲ့
ဥပမာတူတုန်းဆိုရင် မြစ်ရေစီးနဲ့ အလားသဏ္ဌာန်တူတယ်၊ မြစ်ကြီး သွားကြည့်ရင် ရေတွေ အမြဲတွေ့နေရမှာပဲ၊
သို့သော် ခုနကတွေ့တဲ့ရေလားဆိုတော့
မဟုတ်ဘူး၊
ခုနကတွေ့တဲ့ရေက မရှိတော့ဘူး၊ ဒါ နောက်လာတဲ့ရေ၊ ကိုယ့်မျက်လုံး လည်း အဲဒီအတိုင်းပဲ၊
စဉ်းစားကြည့် - မွေးတုန်းက မျက်လုံးလားဆို မဟုတ်တော့ ဘူး၊ အများကြီးပျက်သွားပြီ၊ နောက်ထပ်
အသစ်အသစ်တွေ လာတယ်၊ သို့သော် copy တွေလေ၊ copy ဆိုတော့ ပုံတူထုတ်နေတာဆိုတော့ မသိဘူးပေါ့၊
ဒါပဲလို့ ထင်နေတာကိုး၊ မြစ်ရေဟာလည်း ဒီအတိုင်းပဲဆိုတော့ အရင်မြစ်ရေတွေ ပျောက် သွားမှန်း
မသိဘူး၊ ဒီမြစ်ကြီးဟာ ဟိုးရှေးတုန်းကတည်းက ရှိနေတာပဲနဲ့ ဒီလိုပဲ ပြောကြတယ်၊ ဒီသဘောလေးကို
နားလည်ထားလို့ရှိရင် သဘောပေါက်နိုင်တယ်။
ပဋိသန္ဓေစိတ်နဲ့
ပြိုင်တူဖြစ်လာတဲ့ Kamma born matter ကမ္မဇရုပ်ဟာ ၃၀-ရှိတယ်၊ အဲဒီပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာဆိုလို့ရှိရင်
ကံက ထုတ်လုပ်တဲ့ ရုပ်တစ်မျိုး တည်းပဲ ရှိသေးတယ်၊ ပဋိသန္ဓေရဲ့ဒီခဏကျတော့ ဥတုဇရုပ်တစ်မျိုး
တိုးလာပြန်တယ်။
အဲဒီကမ္မဇရုပ်တွေထဲမှာ
တေဇောဓာတ်လို့ခေါ်တဲ့ ဥတု ပါလာတယ်၊ ပဋိသန္ဓေစိတ် ကလေးနဲ့အတူ ဥပါဒ်တဲ့ ကာယဒသကကလာပ် ဝတ္ထုဒသကကလာပ်
ဘာဝဒသက ကလာပ်ဆိုတဲ့ ရုပ်-၃ဝထဲမှာ တေဇောဓာတ်လို့ ခေါ်တဲ့ ဥတုပါတယ်။ အဲဒီဥတုသည် ပဋိသန္ဓေစိတ်နဲ့
ပြိုင်တူဖြစ်လာတာ၊ ကံက ထုတ်လုပ်လိုက်တဲ့ ပဋိသန္ဓေရဲ့ ဥပါဒ် ခဏမှာ သူက ပေါ်လာတယ်၊ ပဋိသန္ဓေရဲ့
ဒီခဏရောက်တဲ့အခါ ကျတော့ သူက ရုပ်တစ်ခုကို ပြန်ပြီးတော့ မွေးဖွားပြန်တယ်၊ ပြန်ပြီးတော့
ထုတ်လုပ် လိုက်ပြန်တယ်၊ တေဇောဓာတ်က ဥတုဇရုပ်ကို ထုတ်တယ်တဲ့နော်။
ပဋိသန္ဓေစိတ်နဲ့အတူ
ဥပါဒ်လာတဲ့ တေဇောဓာတ် ဥတုက ပဋိသန္ဓေရဲ့ ဒီခဏ ရောက်ပြီဆိုတဲ့အချိန်မှာ သူက စွမ်းရည်သတ္တိတွေ
ဖြစ်လာတယ်၊ သူဖြစ်စ အချိန်ကတော့ မထုတ်နိုင်ဘူး၊ ဖြစ်ပြီးတော့ ခဏတစ်ခုလွန်တာနဲ့ တစ်ပြိုင်နက်
သူက ဋ္ဌီခဏဆိုတာ ရောက်လာ၊ ရောက်လာတဲ့အချိန်မှာ ဥတုကြောင့်ဖြစ်တဲ့ရုပ်ကို သူက ထုတ်လုပ်လိုက်ပြန်တယ်ဆိုတော့
ရုပ်တွေအများကြီးပဲ ဖြစ်လာတယ်။
Kamma
born matter က တစ်ခု၊ ပဋိသန္ဓေရဲ့ဒီခဏကျတော့ ဥတုကြောင့် ဖြစ်တဲ့ ဥတု born matter ရုပ်တစ်ခုဖြစ်လာတယ်၊
ဘယ်နှစ်ခုဖြစ်သွားလဲ၊ နှစ်ခု ဖြစ်သွားပြီ၊ အဲဒီပဋိသန္ဓေစိတ်ကတော့ ရုပ်ကို မထုတ်လုပ်နိုင်သေးဘူး၊
သို့သော် ပဋိသန္ဓေစိတ် နောက်မှာ ဖြစ်တဲ့စိတ်က ဘာခေါ်တုန်းဆို ဘဝင်စိတ်လို့ ခေါ်တယ်၊
ပထမဆုံးစိတ် ကိုသာ ပဋိသန္ဓေလို့ ခေါ်လိုက်တာ၊ နောက်စိတ်ကျတော့ နာမည်ပြောင်းပေး လိုက်တယ်၊
ဘာတုန်း “ဘဝင်္ဂ” ဘဝင်စိတ်တဲ့၊ ဘဝမှာ ရှင်သန်ဖို့အတွက် အကြောင်းဖြစ်တဲ့ စိတ်မျိုးပဲ
ထပ်ဖြစ်တယ်၊ ပဋိသန္ဓေစိတ်နဲ့ ဘဝင်စိတ် ဆိုတာ အတူတူပဲလို့ ပြောတာ။
အဲဒီဘဝင်စိတ်က
သူဖြစ်လာလျှင် ဖြစ်လာချင်း ရုပ်အသစ်တွေကို ထုတ် တယ်၊ အဲဒီရုပ်ကျတော့ စိတ္တဇရုပ်လို့
ခေါ်တယ်၊ ကြည့် - ပဋိသန္ဓေ ဥပါဒ်ခဏမှာ ကမ္မဇရုပ် တစ်မျိုးတည်းပဲ ရှိတယ်၊ ပဋိသန္ဓေစိတ်ရဲ့
ဒီခဏနဲ့ ဘင်ခဏ ရောက်လာတဲ့ အခါကျတော့ ဥတုဇရုပ်တွေ ပါလာပြန်ရောနော်၊ ဥတုကြောင့်ဖြစ်တဲ့
ရုပ်တွေ တိုးလာတယ်၊ ပထမဘဝင်စိတ်ရောက်လာတဲ့အခါကျတော့ စိတ္တဇရုပ် တိုးလာတယ်၊ ဘယ်နှစ်ခုရှိသွားပြီလဲ၊
သုံးခုဖြစ်သွားပြီ၊ ဟုတ်ရဲ့လား၊ အစာအာဟာရစားတဲ့အချိန် ကျတော့ အာဟာရဇရုပ်ဆိုတာ ပေါ်လာတယ်၊
ဟော လေးခုဖြစ်သွားပြီ။
ပုရေဇာတဿ
ဣမဿ ကာယဿ လို့ဆိုတာ အဲဒီရုပ်တွေကို ပြောတာ၊ ကြည့် - ပဋိသန္ဓေရဲ့ဥပါဒ်ခဏမှာဖြစ်တုန်းက
ကမ္မဇရုပ်တစ်မျိုးတည်းပဲ ရှိတယ်၊ ပဋိသန္ဓေရဲ့ ဒီခဏ ဘင်ခဏ ရောက်တဲ့အခါကျတော့ ကမ္မဇ ဥတုဇ
နှစ်ခု မဖြစ်ဘူးလား၊ နှစ်ခုဖြစ်တယ်၊ ဘဝင်စိတ်ဖြစ်လာတဲ့အခါကျတော့ ဘယ်နှစ်ခုဖြစ်သွားလဲ၊
သုံးခု ဖြစ်သွားတယ်၊
အဲဒါကို
ရည်ညွှန်းပြီးတော့ ပဋ္ဌာန်းအရကောက်ကျမ်းကြီးမှာ ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယ” လို့
ပါဠိနဲ့ ဆိုရိုးပြုထားတာ ရှိတယ်။
ဧကဇကာယဆိုတာ
အကြောင်းတစ်ခုတည်းကြောင့်ဖြစ်တဲ့ ရုပ်၊ အဲဒါက ပဋိသန္ဓေ စိတ်ရဲ့ဥပါဒ်ခဏကို ရည်ညွှန်းပြီးတော့
ပြောတာ၊ အဲဒီဧကဇဆိုတဲ့ရုပ်ဟာ ပဋိသန္ဓေနဲ့ ဥပါဒ် ပြိုင်ပြီးတော့ဖြစ်တာ ဖြစ်သောကြောင့်
born earlier ပဲ၊ ပုရေဇာတဿ ဣမဿ ကာယဿ ကြိုပြီးတော့ ဖြစ်တယ်၊ အဲဒီလို ကြိုပြီးတော့ ဖြစ်တဲ့
ကမ္မဇရုပ်ကို ဘယ်သူက အထောက်အကူပြုတုန်းဆိုလို့ရှိရင် ဘဝင်စိတ်ကနေ အထောက်အကူ ပြုတယ်တဲ့၊
ဘဝင်စိတ်က သူ့နောက်မှ ပေါ်တာနော်၊ သူ့နောက်မှ ပေါ်တဲ့ ဘဝင်စိတ်ကြောင့် သူဟာ ဆက်လက်ရှင်သန်ခွင့်ရတယ်ပေါ့၊
ဒါပြောတာ။
အကယ်၍
ဘဝင်စိတ် မဖြစ်တော့ဘူးဆိုရင် သူ ဆက်လက်ရှင်သန်ခွင့် ရပါ့မလား၊ မရနိုင်ဘူး၊ ဘဝင်စိတ်က
အထောက်အကူပြုတယ်ပေါ့၊ ပစ္ဆာဇာတ ပစ္စည်းဆိုတာ အဲဒါပဲ၊ ဘဝင်စိတ်ကနေပြီး အထောက်အကူပြုထားသည့်အတွက်ကြောင့်
ခုနက ထုတ်လုပ်လိုက်တဲ့ ဧကဇကာယလို့ ဆိုတဲ့ ကမ္မဇရုပ်အပေါင်းဟာ ပထမဘဝင်စတဲ့ နောက်နောက်သော
စိတ်တွေက သူတို့ကို အထောက်အကူပြုထား လို့ ဆက်လက် ရှင်သန်ခွင့် ရနေကြတာ။
ထို့အတူပဲ
ပဋိသန္ဓေရဲ့ ဒီခဏနဲ့ ဘင်ခဏ ရောက်တဲ့အခါကျတော့ ဥတုက ထုတ်လုပ်တဲ့ရုပ်တွေ ပေါ်လာတယ်၊ အဲဒီဥတုက
ထုတ်လိုက်တဲ့ရုပ်ကို ပထမဘဝင် စိတ်က ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ပထမဘဝင်စိတ်သည်
နောက်မှ ဖြစ်ပေမယ်လို့ ရှေးဦးစွာကြိုတင်ဖြစ်နှင့်တဲ့ ကမ္မဇရုပ် ဥတုဇရုပ်တို့ကို အထောက်
အကူ ပြုထားပါတယ်တဲ့၊ ဒါကို ပြောတာနော်။
နောက်
ပထမဘဝင်စိတ်အခိုက် ရောက်တဲ့အခါကျတော့ စိတ္တဇရုပ် ထုတ်ပြန်တယ်၊ ဘယ်နှစ်ခုဖြစ်သွားလဲ၊
သုံးခုဖြစ်သွားတယ်၊ အဲဒီသုံးခုလုံးကို ဘယ်သူ ကနေ အထောက်အကူပြုတုန်းဆို ဒုတိယဘဝင်စိတ်တွေဟာ
သူ့နောက်က စိတ် တွေကနေ သူတို့ကို အထောက်အကူပြုထားပါတယ်တဲ့၊ ဆိုလိုတာကတော့ ရုပ်နဲ့ နာမ်
အပြန်အလှန်ဆက်စပ်ပြီးတော့နေတယ်၊ တစ်ခုနဲ့တစ်ခု အမှီပြုပြီးတော့ နေကြ တယ်၊ တစ်ခုရှိလို့တစ်ခုရှိနေတယ်၊
တစ်ခုမရှိရင်တစ်ခုကမရှိတော့ဘူး၊ အလင်းရောင်နဲ့ လျှပ်စစ်မီး ဆက်သွယ်ပြီးနေသလိုပဲ၊ လျှပ်စစ်မီးမရှိရင်
အလင်းရောင်ပျောက်သွား မယ်၊ အလင်းရောင်ပျောက်သွားရင် အမှောင်ရောက်လာမယ်၊ ဟော ဆက်သွယ်မှုတွေ
ရှိနေတယ်၊ အဲဒါလိုပဲ ဒီသဘာဝတရားတွေဟာ မှီတည်ပြီးတော့ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်သွယ်မှုတွေ
ရှိနေတယ်၊ အဲဒီလို ဆက်သွယ်မှုရှိနေတဲ့အခါမှာ တစ်ခုက အရင်မွေး၊ တစ်ခုက နောက်မှမွေး၊
သို့မဟုတ် အဲဒီနှစ်ခုစလုံး ပြိုင်တူမွေး၊ ဒါကို ရည်ညွှန်းပြီးတော့ ပြောတာ၊ သဟဇာတ, ပုရေဇာတ,
ပစ္ဆာဇာတ။
ဒါကြောင့်မို့
ပဋ္ဌာန်းအရကောက်ကျမ်းမှာ “ပထမဘဝင်အစရှိသော နောက် နောက်သော နာမက္ခန္ဓာတရားတွေက ရှေးရှေးသော
ပဋိသန္ဓေစိတ်စသည်နှင့် ဥပါဒ် ပြိုင်သော ဧကဇကာယ ဒွိကာယ တိဇကာယ စတုဇကာယ အား” ပစ္ဆာဇာတသတ္တိနဲ့
ကျေးဇူးပြုပါတယ်တဲ့၊ ကြိုတင်ဖြစ်နှင့်တဲ့ ရုပ်တွေကို နောက်မှဖြစ်လာတဲ့ နာမ် တရားက အထောက်အကူပြုထားတယ်လို့
- ဒါ ပြောတာနော်၊ အဲဒါ ပစ္ဆာဇာတ ပစ္စည်းပဲ။
သူ့ကြောင့်ဖြစ်တာလို့ပြောတာ
မဟုတ်ဘူးနော်၊ အကြောင်းတရားတွေက သူ့ဟာသူ ရှိတယ်၊ ဒီရုပ်တွေက ကံကြောင့်ဖြစ်တယ်၊ ဥတုကြောင့်ဖြစ်တယ်၊
စိတ်ကြောင့် ဖြစ်တယ်၊ အာဟာရကြောင့် ဖြစ်တယ်၊ အကြောင်းတရားက အဲဒါတွေ၊ သို့သော် နောက်မှဖြစ်တဲ့
နာမ်တရားတွေက ရှေ့ကဖြစ်နှင့်နေတဲ့ ရုပ်အပေါင်းကို ပစ္ဆာဇာတ သတ္တိနဲ့ကျေးဇူးပြုနေပါတယ်၊
တစ်သက်လုံး မသေမချင်း ဒီတိုင်းသွားတာ။
နောက်နောက်ဖြစ်လာတဲ့စိတ်က
ရှေ့ရှေ့မှာ အရင်ဖြစ်လာခဲ့တဲ့ ဧကဇ ကာယ ဒွိဇကာယ တိဇကာယ စတုဇကာယဆိုတဲ့ ရုပ်အပေါင်းကို
အထောက်အကူ ပြုနေတာ၊ တစ်သက်လုံး အထောက်အကူပြုနေလားဆိုတော့ သေခါနီး စုတိစိတ် ရောက်သည်
အထိ အထောက်အကူပြုနေမှာပဲ၊ ဒီလို အထောက်အကူပြုနေတာ ပစ္ဆာဇာတသတ္တိပဲ၊ နှစ်ခုစလုံး ရှိနေခိုက်ပဲ
ကျေးဇူးပြုတယ်၊ မရှိတော့တဲ့နောက်မှာ ကျေးဇူးမပြုနိုင်ဘူး၊ ဒါကြောင့်မို့လို့ အတ္ထိ
အဝိဂတ။
အခု ပစ္ဆာဇာတပစ္စည်းဆိုတာ
ပစ္စည်းတရားက ဘာလဲဆိုရင် နာမ်တရား၊ ပစ္စယုပ္ပန်တရားက ဘာတုန်းဆိုရင် ရုပ်တရား၊ ရုပ်တရားကို
နာမ်တရားကနေ အထောက်အကူပြုတယ်၊ နာမ်တရားသည် ရုပ်တရားအား ကျေးဇူးပြုတယ်၊ relate လုပ်တယ်၊
relation ဖြစ်နေတယ်၊ ဒီတော့ ရုပ်နဲ့ နာမ်ဆိုတော့ ပစ္စယနဲ့ ပစ္စယုပ္ပန်ဟာ ဒီလို
relation ဖြစ်နေပေမယ့်လို့ ရောလို့ရလားဆို ရောမရဘူး၊ ရောမရလို့ ဝိပ္ပယုတ္တ၊ သူတို့ဟာ
ရောယှက်သွားတဲ့အရာတော့ မဟုတ်ဘူး၊ သူ့ သဘာဝအတိုင်းသူ တစ်ခုစီ တစ်ကန့်စီပဲ၊ သဘာဝချင်းဟာ
ပေါင်းစပ်လို့ မရဘူးတဲ့၊ မရပေမယ့်လို့ relation အကြောင်းနဲ့အကျိုး၊ သို့မဟုတ် သဘာဝတရားနှစ်ခုဟာ
အပြန်အလှန် ဆက်စပ် နေတယ်ဆိုတာ ဒီသဘောကိုပြောတာ။
ပဋ္ဌာန်းတရားဆိုတာ
လူတွေရဲ့သဘာဝကို ရှင်းပြောနေတာ၊ ကိုယ့်သန္တာန် မှာဖြစ်နေတဲ့ သဘာဝတရားတွေဟာ အခုလိုပဲ
အကြောင်းအကျိုး ဆက်သွယ် နေတယ်၊ နောက်မှဖြစ်လာတဲ့ စိတ်တွေက ရှေးရှေးဖြစ်နှင့်နေတဲ့ ရုပ်တရားတွေကို
အခုလိုအထောက်အကူပြုနေပါတယ်၊ အကယ်၍ နာမ်တရားတွေက အထောက် အကူ မပြုဘူးဆိုရင် ရှေးရှေးဖြစ်တဲ့ရုပ်တရားတွေက
ရှင်သန်ခွင့်မရှိပါဘူးလို့ ဒါ ပြောတာနော်။
“ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။
ပစ္ဆာဇာတာ
- နောက်မှဖြစ်လာကြတဲ့၊ ကြည့် - နောက်မှဖြစ်တယ်ဆိုတာ ပထမဘဝင် ဒုတိယဘဝင်စသည်ဖြင့် စိတ်
process အတိုင်း မသေမချင်းသွားတယ်၊ စိတ်အစဉ် ပဲနော်၊ နောက်မှဖြစ်လာကြတ၊ဲ့
စိတ္တစေတသိကာ
– စိတ်စေတသိက်လို့ ဆိုတဲ့၊
ဓမ္မာ
– ပစ္စယဓမ္မတွေဟာ၊
ပုရေဇာတဿ
ဣမဿ ကာယဿ - ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ ဤရုပ်အပေါင်းအား၊
ပစ္ဆာဇာတပစ္စယေန
– ပစ္ဆာဇာတပစ္စယ သတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော – ကျေးဇူးပြုတတ်ပါပေတော့၏၊
အပြန်အလှန်
ဆက်သွယ်ပြီးတော့ ကျေးဇူးပြုနေကြတာ၊ အဲဒီသဘာဝတရားတွေ ဒါ ရုပ်နဲ့နာမ် ဒီလို အပြန်အလှန်ကျေးဇူးပြုနေတာကိုပြောတယ်။
ထို့အတူပဲ
အဲဒီ စိတ်စေတသိက်တွေကို ပဉှာဝါရကျတော့ ထပ်ခွဲပြလိုက် ပြန်တယ်၊ ဘယ်လိုထပ်ခွဲပြတုန်းဆိုတော့
- စိတ်စေတသိက်ဆိုတာ အဘိဓမ္မာသင်ဖူး တဲ့သူတွေ တွေ့လိမ့်မယ်၊ ကုသိုလ်ရော မရှိနိုင်ဘူးလား၊
အကုသိုလ်ရော မရှိနိုင်ဘူးလား၊ ဝိပါက်စိတ်တွေ ကြိယာစိတ်တွေဆိုတဲ့ အဗျာကတတွေရော မရှိနိုင်ဘူးလား၊
အဲဒီ သုံးမျိုးနဲ့ ထပ်ခွဲလိုက်မယ်ဆိုလို့ရှိရင် -
“ပစ္ဆာဇာတာ ကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။
(ကုသလော
အဗျာကတဿ = ကုသိုလ်ကနေ အဗျာကတကို ကျေးဇူးပြုတယ်၊ ရုပ်ဆိုတဲ့ အဗျာကတ၊ ထို့အတူပဲ -)
“ပစ္ဆာဇာတာ အကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော” အပြန်အလှန် ဒီလိုလာတာ။
“ပစ္ဆာဇာတာ ဝိပါကာဗျာကတာ ခန္ဓာ၊ ကြိယာဗျာကတာ ခန္ဓာ၊ ပုရေဇာတဿ ဣမဿ ကာယဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော”
လို့၊
ကုသလ
အကုသလ အဗျာကတ ဆိုပြီး ထပ်ခွဲပြီးတော့ ပဥှာဝါရမှာ ဒီလို ဟောထားတယ်၊ ပဥှာဝါရက ပိုအသေးစိတ်လိုက်တယ်၊
ပစ္စယနိဒ္ဒေသကတော့ ပေါင်းပြောလိုက်တာ၊
“ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော” တဲ့။
ပဋ္ဌာန်းရွတ်တဲ့အခါမှာ
“ဪ ဒါတွေကို ပြောတာပါလား” လို့သိပြီး အကြောင်း အကျိုးဟာ ဘယ်လိုဆက်သွယ်ပြီးတော့နေကြတယ်၊
သဘာဝတရား တွေဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ဘယ်လို ဆက်သွယ်နေတယ်ဆိုတာကျဖို့ အင်မတန်မှ
အရေးကြီးပါတယ်တဲ့၊ အဲဒီလို သဘောကျမှ ပဋ္ဌာန်းတရားတော် ကြီးရဲ့ ကျယ်ပြန့်မှု နက်နဲမှုဆိုတဲ့
အနှစ်သာရပိုင်းကို သိရှိကြမှာ ဖြစ်ပါတယ်၊ သို့မဟုတ်လို့ရှိရင်တော့ နားထဲမှာ ပစ္စယေန
ပစ္စယောလောက်ပဲ ကြားမယ်။
ကိုယ့်ခန္ဓာကို
apply လုပ်တတ်ဖို့ လိုတယ်၊ ဒါတွေကို ပြောနေတာပါလား၊ သက်ရှိသတ္တဝါတွေထဲမှာရှိတဲ့ ရုပ်ဓမ္မနဲ့
နာမ်ဓမ္မတွေဟာ အပြန်အလှန် ဒီလို ဆက်သွယ်နေတယ်၊ ကြိုတင်ဖြစ်နှင့်နေတဲ့ ရုပ်ဓမ္မတွေကို
နောက်မှဖြစ်လာတဲ့ နာမ် တရားတွေက ဒီလို အထောက်အကူပြုပြီးတော့ ကျေးဇူးပြုနေပါလား ဆိုတာကို
ပစ္ဆာဇာတပစ္စည်းကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါတယ်။
အဲဒီ
ပစ္ဆာဇာတပစ္စည်းသည် အထောက်အကူပြုတယ် ဆိုတဲ့နေရာမှာ အထောက်အကူ အပြုခံရတဲ့ ရုပ်တရားကလည်း
အထင်အရှားရှိရမယ်၊ အထောက် အကူပြုနေတဲ့ ပစ္စည်းတရားကလည်းပဲ အထင်အရှား ရှိနေရမယ်၊
ရှိနေခိုက်မှာ
ကျေးဇူးပြုသောကြောင့် အတ္ထိ,
မကင်းကွာခင်ထိ
ကျေးဇူးပြုသောကြောင့် အဝိဂတ,
ရုပ်နဲ့နာမ်
ပေါင်းစပ်လို့မရလို့ ဝိပ္ပယုတ္တ တဲ့၊
ကြိုတင်ဖြစ်နှင့်နေတဲ့ရုပ်ခန္ဓာကို
နောက်မှ ဖြစ်လာတဲ့ စိတ်စေတသိက် ဆိုတဲ့ နာမ်ခန္ဓာတွေက အထောက်အကူပြုလို့ ပစ္ဆာဇာတ တဲ့၊
ပေါင်းလိုက်တော့
ပစ္စည်း ၄-မျိုး ပါဝင်ပတ်သက်နေတယ်၊ အဓိကပစ္စည်းကတော့ ပစ္ဆာဇာတပစ္စည်းပဲ၊ ကျန်တဲ့ပစ္စည်းတွေက
ပါဝင်ပတ်သက်တာပဲ။
ပစ္ဆာဇာတလို့ဆိုလိုက်သဖြင့်
ရုပ်နှင့်နာမ်ဖြစ်သည့်အတွက်ကြောင့် ဝိပ္ပယုတ္တ ဆိုတဲ့ သဘော ပါလာတယ်၊ ရှိခိုက်မှာ ကျေးဇူးပြုလို့
အတ္ထိဆိုတဲ့သဘောလည်း ပါလာတယ်၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတဆိုတဲ့ပစ္စည်း
လည်း ပါလာတယ်တဲ့၊ ပေါင်းလိုက်တော့ ဒီသဘာဝတရားတွေဟာ ၂၄-ပစ္စည်းထဲ ဟောဒီ ပစ္စယသတ္တိ ၄-မျိုးနဲ့
သင်္ခါရဆိုတဲ့ သဘာဝအတိုင်း အကြောင်းတရားတွေက ပေါင်းစပ်ပြီး အခုလို တို့ရဲ့ဘဝ အသက်ရှင်နေကြတာ၊
ရပ်တည်နေကြတာဟာ ဟောဒီအကြောင်းတရားတွေ ပေါင်းစပ်နေလို့ ဖြစ်နေတာပါလား၊ အကြောင်းတရား
တွေ မရှိတော့ဘူးဆိုလို့ရှိရင် ပြိုကွဲသွားမှာပါလား။
ဒီတရားတွေထဲမှာ
ငါလို့ ထောက်ပြစရာလည်း မရှိဘူး၊ ငါ့ဟာလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး၊ သူ့ဟာသူဖြစ်နေတဲ့
သဘာဝတရားသက်သက်ပဲ၊ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ” သဘာဝတရားသက်သက် ဖြစ်တယ်၊ အဲဒီသဘာဝတရားသက်သက်ကိုပဲ
လူတွေက ငါဆိုပြီးတော့ ပြောနေကြတာ။
ဒါဖြင့်
ငါလို့ပြောတာ ရုပ်ကို ပြောတာလား နာမ်ကို ပြောတာလားဆိုတော့ ရုပ်နာမ်က တစ်ခုမှ ငါလို့ပြောစရာ
မရှိဘူး၊ ဒါဖြင့် ငါ့ဟာလို့ရော ပြောစရာရှိမလား၊ မရှိဘူး၊ ငါမှမရှိရင် ငါ့ဟာ ရှိပါ့မလား၊
မရှိဘူး၊ ဒီနှစ်ခုက ဆက်စပ်နေတယ်၊ ငါမှ မရှိဘဲနဲ့ ဘယ်လိုလုပ်ငါ့ဟာရှိမလဲ၊ သို့သော်လည်း
လောကလူသားတွေက ငါ ငါ့ဟာ ဆိုတာ ဒီနှစ်ခုနဲ့ အသက်ရှင်နေကြတာ၊ အရာခပ်သိမ်းကို ငါ ငါ့ဟာနဲ့နေတာ။
ဒါကြောင့်မို့
မြတ်စွာဘုရားက “အဟံ မမ ပရိယုဋ္ဌာယီ” လူတွေဟာ ရုပ်တရား နာမ်တရားတွေပေါ်မှာ ငါ လို့ဆိုတဲ့
လွှမ်းမိုးကြီးစိုးနေမှု၊ ငါ့ဟာ လို့ဆိုတဲ့ အထင် ရောက်နေမှုတွေနဲ့ ဒီသဘာဝတရားတွေရဲ့
လွှမ်းမိုးမှုခံနေရသည့်အတွက်ကြောင့် မျက်စိလည်လမ်းမှားလို့ အမှန်တရားကို မသိနိုင်ကြဘူးတဲ့၊
အဲဒီတော့ အမှန်တရား သိနေရအောင် သဘာဝတွေကို ဆင်ခြင်စဉ်းစားဖို့ လိုအပ်ပါတယ်တဲ့။
သဘာဝတရားတွေကို
သဘာဝတရားအတိုင်း ဆင်ခြင်စဉ်းစားနိုင်မယ် ဆိုလို့ရှိရင် “လောကမှာ သတ္တဝါဆိုတာ မရှိဘူးဆိုတာ
ဟုတ်တယ်၊ သူ့သဘာဝ အတိုင်းပဲ၊ ငါလို့ ပြောစရာလည်း မရှိဘူး၊ ငါလို့ ပြောစရာမရှိရင် ငါ့ဟာလို့
သိမ်းပိုက်စရာလည်း မရှိဘူး၊ ပျက်သွားလည်း စိုးရိမ်စရာမရှိဘူး၊ ဖြစ်လာလည်း ဝမ်းသာစရာ
မရှိဘူး” တဲ့၊ သို့သော် အဲဒီအတွေးတွေ မပျောက်နိုင်သေးသမျှ လူတွေဟာ ကိုယ့် ကိုယ်ကို
တစ်ခုခုဖြစ်ပြီ ဆိုရင် စိုးရိမ်စိတ်တွေ ဖြစ်လာတယ်၊ ကောင်းတာဖြစ်ပြီဆိုရင် ဝမ်းသာနေကြတယ်၊
မကောင်းတာဖြစ်ပြီဆိုရင် စိုးရိမ်နေကြတယ်။
ဘာဖြစ်လို့
ကောင်းတာဖြစ်ရင် ဝမ်းသာတာလဲ၊ မကောင်းတာဖြစ်ရင် စိုးရိမ် နေလဲဆိုတော့ အခုပြောတဲ့အတွေးလေးတွေ
မပျောက်လို့၊ ငါဆိုတဲ့ အတွေး၊ ငါ့ဟာ ဆိုတဲ့ အတွေး၊ အဲဒီအတွေးဟာ လွယ်လွယ်နဲ့တော့ ဖြေရှင်းလို့ရမှာ
မဟုတ်ဘူးတဲ့၊ လွယ်လွယ်နဲ့ ဖျောက်လို့ရမှာ မဟုတ်ဘူး၊ အင်မတန် ညစ်ထေးနေတဲ့ လက်နှီးစုတ်
ဟာ တစ်ကြိမ်လျှော်ရုံနဲ့တော့ ပြောင်မှာမဟုတ်ဘူး၊ ဘဝသံသရာက မည်းညစ်လာ တဲ့အရာဟာ ပြောင်အောင်ချွတ်ဖို့ဆိုတာ
အင်မတန်မှ ခဲယဉ်းတယ်ပေါ့၊ ဒီအတွေး လေးကို ပြောင်းဖို့ရန် အင်မတန်မှ ခဲယဉ်းတယ်။
အမြင်ပြောင်းလို့
မရအောင် သူတို့ကလည်း ပေါင်းစပ်ပြီးတော့ လုပ်ထား တာ၊ အဝိဇ္ဇာဆိုတဲ့ မောဟတရားက မျက်စိလည်နေအောင်
လုပ်ထားတယ်၊ ငါလို့ ထင်နေအောင်၊ ငါ့ဟာလို့ ထင်နေအောင် အဝိဇ္ဇာက မျက်စိလည်အောင် လုပ်ထား
တော့ မျက်စိတွေလည်ပြီးတော့ မှားယွင်းတဲ့ဒိဋ္ဌိက ငါလို့ မြင်တယ်၊ တဏှာဆိုတာ ကလည်း ငါ့ဟာလို့
သိမ်းပိုက်တယ်၊ အဝိဇ္ဇာတို့ တဏှာတို့ ဒိဋ္ဌိတို့ဆိုတာ ဒါတွေက ပေါင်းစပ်ပြီးတော့ လူတွေရဲ့စိတ်ကို
လွှမ်းမိုးကြီးစိုးထားသည့်အတွက်ကြောင့် လူတွေဟာ ဘယ်လိုလုပ်ပြီးတော့ လမ်းမှန်ဆိုတာကို
သိနိုင်မလဲ၊ သဘာဝအမှန်ကို မသိနိုင်ဘူး၊ သဘာဝအမှန်ကို မသိနိုင်သည့်အတွက်ကြောင့် နိဗ္ဗာန်လမ်းမကြီးပေါ်
မတက်နိုင်ကြဘူး။
“နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုရပါလို၏” လို့ ဆုသာ တောင်းနေကြတာ၊ သဘာဝအမှန်ကို မသိဘူးဆိုလို့ရှိရင် ရဖို့ခက်တယ်၊
ဒါက နိဗ္ဗာန်ကို ချမ်းသာဆိုတဲ့ စကားလုံးနဲ့ ပေါင်းလိုက်တော့ အဟုတ်ထင်လို့ တောင်းနေကြတာ၊
အမှန်ကတော့ လူတွေဟာ တကယ့်နိဗ္ဗာန်အစစ်ဆိုတာကို မမြင်ရဘူး၊ မသိရဘူး၊ ချမ်းသာဆိုတဲ့ စကားလုံးနဲ့တွဲထားရင်
လူက သည်းခြေကြိုက်ကလေး ဖြစ်နေတာကိုး၊ ချမ်းသာ ဆိုရင် ချမ်းသာချင်တာကိုးနော်၊ အဲဒီသည်းခြေကြိုက်ကလေးကြောင့်
“နိဗ္ဗာန်ကို ရ,ရ ပါလို၏” လို့ တောင်းနေကြတာ။
သဘာဝတရားတွေကို
ဖြေရှင်းပေးနိုင်တာကတော့ အသိဉာဏ်ပဲ၊ အဲဒီ အသိဉာဏ် ဆိုတာ ဘယ်က စ,ရတုန်းဆိုတော့ အခုလို
တရားနာရတယ်၊ သင်ကြား ရတယ်၊ တရား နာခြင်း သင်ကြားခြင်းဖြင့် အသိဉာဏ်ကလေးတွေ ရလာတယ်၊
“သဝနပဋိဝေဓ” ကြားနာရသည့်အတွက်ကြောင့် ထိုးထိုးပေါက်ပေါက် မြင်လာတယ်၊ အဲဒီ သဝနပဋိဝေဓက
နေပြီးတော့ တကယ်လက်တွေ့ ကျင့်သုံးပြီး အကြိမ်ပေါင်း များစွာ ဆင်ခြင်တွေးတော, ဝိပဿနာဉာဏ်စဉ်တွေ
မြှင့်ပြီးတော့ သမာဓိစွမ်းအားတွေ အကူအညီနဲ့ အားထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ “ဘာဝနာပဋိဝေဓ”
ပဋိဝေဓ စိတ်စွမ်းအားတွေ တိုးတက်လာပြီးတော့ တကယ့်ကို ရှင်းရှင်းလင်းလင်းကြီး မြင်သွားနိုင်ပါတယ်တဲ့။
စ,တာကတော့
သုတမယဉာဏ်က စရမှာပဲ၊ သုတမယဉာဏ် ပြီးလို့ရှိရင် ဘာဝနာမယဉာဏ် ဆိုတာလာမယ်၊ ဘာဝနာမယဉာဏ်
လာတဲ့အခါကျတော့မှ အမှန်အကန်ကို သေချာသိပြီး မျက်စိလည်လမ်းမှားအောင် ဒုက္ခပေးနေတဲ့ သဘာဝ
တရားတွေကို လုံးဝရှင်းလင်းပစ်ပြီး မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်မှ နိဗ္ဗာန်ဆိုတာ
ရှင်းရှင်းကြီးမြင်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်
ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ဆိုတာ လူ့ဘဝရဲ့ အကြောင်း သဘာဝတရားတွေ
တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ဖြစ်ပေါ်နေတယ် ဆိုတာကို ရှင်းလင်းပြတာ ဖြစ်သောကြောင့် တို့တတွေဟာ
သဘာဝတရား တွေကို သိရှိနားလည်အောင် ကြိုးစားကြမယ် အားထုတ်ကြမယ်လို့ ကိုယ်စီ ကိုယ်စီ
နှလုံးသွင်းပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
