အဘိဓမ္မာမြတ်ဒေသနာ (ဒုတိယတွဲ) - အခန်း (၁)

မှတ်တမ်း ▬▬▬ သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ တပေါင်း လပြည့်ကျော် ၁၁-ရက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် တွင် ဆင်ယင်ကျင်းပ ပြုလုပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်ဝယ် ဟောကြားအပ်သည့် “အဘိဓမ္မာ မြတ်ဒေသနာ အပိုင်း (၂)” နှင့် စပ်လျဉ်းသည့် “စိတ်ဖြစ်ပုံကို လေ့လာခြင်း” အကြောင်း တရားဒေသနာတော် ဖြစ်ပါသည်။

“အခန်း - ၁”

 

စိတ်ဖြစ်ပုံကို လေ့လာခြင်း

▬▬▬▬▬▬▬▬▬▬

 

ဒီကနေ့ည ပကိဏ်းပိုင်းမှာ လာရှိတဲ့ အကြောင်းအရာ၊ ဝီထိပိုင်းမှာ လာရှိတဲ့ အကြောင်းအရာနဲ့ ဝီထိမုတ်ပိုင်းမှာ လာရှိတဲ့ အကြောင်းအရာ အဲဒီအပိုင်း ၃-ပိုင်းမှာ လာရှိတဲ့ အကြောင်းအရာများကို တစ်ခုနှင့်တစ်ခု ဆက်စပ်ပြီး သိသာရုံ မြင်သာရုံ သိလွယ် မြင်လွယ်အောင် ဟောကြားပြသမှာ ဖြစ်ပါတယ်။

 

အခုဟောတဲ့ အဘိဓမ္မာ မြတ်ဒေသနာဆိုတာ မိတ်ဆက် introduction အနေနဲ့ ဟောထားတာ၊ ရှေ့မှာ လေ့လာစရာတွေ အများကြီး ရှိသေးတယ် ဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူတဲ့ တရားဓမ္မတွေက အလွန်ကျယ်ဝန်း တယ်၊ အထူးသဖြင့် အဘိဓမ္မာကျမ်းကြီးက အလွန်ကျယ်ဝန်းတယ်။

 

“စိတ်အကြောင်းကို လေ့လာခြင်း” ဆိုတဲ့ စိတ်ပိုင်းမှာ စိတ်အကျဉ်း - ၈၉ သို့မဟုတ် အကျယ် - ၁၂၁ ဘယ်လိုဖြစ်တယ် ဆိုတာကို အပိုင်း-၁ မှာ  ဟောထားပြီးပြီ၊  စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ယှဉ်တွဲဖြစ်ပေါ် လာတဲ့ စေတသိက် အမျိုးအစား ၅၂-မျိုးနဲ့ စိတ် စေတသိက် ယှဉ်တွဲပုံကို ပြတာက စေတသိက် ပိုင်းလို့ ဆိုတယ်။

 

တစ်ဖန် “ရုပ်အကြောင်းကို လေ့လာသုံးသပ်ခြင်း” ဟောပြော တာကို ရုပ်ပိုင်းလို့ ဆိုတယ်၊ သိသာ မြင်သာအောင်လို့ မြတ်စွာဘုရားရဲ့ ခန္ဓဒေသနာကို  နမူနာယူပြီးတော့ ဘုန်းကြီးတို့ ရုပ်ပိုင်းကနေ စ,ပြီး ဟောခဲ့တယ်၊ မြတ်စွာဘုရားက ခန္ဓာငါးပါးကို ဟောတဲ့ အခါမှာ ရူပက္ခန္ဓာကို စ,ဟောပါတယ်။ သို့သော် အဘိဓမ္မတ္ထ သင်္ဂဟကျမ်း ကျတော့ စိတ်ပိုင်းကနေ စ,ပြတယ်၊ ဘာကြောင့် စိတ်ပိုင်းက စ,တာတုန်းဆို ဓမ္မသင်္ဂဏီပါဠိတော်မှာ “စိတ္တပ္ပါဒ ကဏ္ဍ” မှ စ,လို့ စိတ်ပိုင်းက စ,တာ၊ ခန္ဓာငါးပါး ရှုထောင့်က ပြောမယ်ဆိုရင် ရုပ်ပိုင်းပြီးတော့ စေတသိက်, စေတသိက်ပြီးမှ စိတ် - ဒီလိုဟောတာ၊ ပိုပြီးတော့ သိသာ မြင်သာအောင်လို့ ဆိုပြီးတော့ ရုပ်အကြောင်းကို လည်း ဟောပြောပြီးပြီ၊  စိတ်အကြောင်း, စေတသိက် အကြောင်းကိုလည်း ဟောပြော ပြီးပြီ။

 

ဒီကနေ့ အဘိဓမ္မာ မြတ်ဒေသနာ အပိုင်း ၂-မှာ စိတ်ဖြစ်ပုံကို လေ့လာသုံးသပ်ခြင်း ကို ဟောပြောမှာ ဖြစ်တယ်၊ စိတ် ၈၉ ကို သိရုံနဲ့ မပြီးသေးဘူး၊ စိတ်ဟာ ကိုယ့်ခန္ဓာ ကိုယ်ထဲမှာ၊  ကိုယ့်သန္တန်မှာ ရှိနေတာလား? ရှိနေရင် ဘယ်နေရာမှာ ရှိနေတာလဲ ဆိုတာ applied လုပ်ပြီးတော့ ကြည့်တတ်ဖို့ပေါ့၊ ဒါကြောင့်မို့ စိတ် ရှိနေတယ်, မရှိဘူး ဆိုတာကို ထင်ရှားအောင် ထိုထိုသုတ္တန် ပါဠိတော်တို့ ဝိသုဒ္ဓိမဂ်တို့ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်း တို့ကို အခြေပြုပြီး ဆင်ခြင်သုံးသပ်ကြည့်ရင် စိတ်က ဘယ်လိုဖြစ်လာတယ် ဆိုတာ သိရှိနားလည်နိုင်ပါတယ်၊ ဒါကြောင့်မို့ ဒီကနေ့ည စိတ်ဖြစ်ပုံကို လေ့လာ သုံးသပ်ပြပါ့မယ်။

.

 

စိတ်လို့ပြောရင်

စေတသိက်လည်း ပါတယ်

▬▬▬▬▬▬▬▬▬▬

 

လူတိုင်းက စိတ်အကြောင်းတော့ ပြောနေကြတာပဲ၊ စိတ်လို့ပြောလို့ရှိရင် စေတသိက် လည်းပါတယ်လို့ မှတ်ထားကြပါ၊ ဆိုင်ရာဆိုင်ရာ စေတသိက်တွေပါတယ်ပေါ့၊ ဥပမာ- စက္ခုဝိညာဏ် စိတ်အကြောင်းကို ပြောပြီဆိုရင် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု အပါအဝင် အားလုံး ၈-ခုကို ပြောတယ်လို့ မှတ်ရမယ်။

 

လောဘမူစိတ်လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လောဘမူစိတ် ၈-ခုထဲက တစ်ခုနဲ့ ဆိုင်ရာ ဆိုင်ရာ ယှဉ်တွဲပြီးတော့ လာတဲ့ စေတသိက်တွေကို ရည်ညွှန်းပြီး ပြောတယ်လို့ ဒီလိုပဲမှတ်ရမယ်။ မြတ်စွာဘုရားကလည်း စိတ်ကိုပဲ ရည်ညွှန်းပြီး ဟောလေ့ရှိပါတယ်။ ဒါကြောင့် စိတ်လို့ ဆိုလိုက်တာနဲ့ စိတ်, စေတသိက် နှစ်ခုလို့ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေက နားလည်ထားရမယ်။

 

အရပ်ထဲမှာ ပြောနေတာလည်း စိတ်လို့ပဲ ပြောနေကြတာပဲ၊ စေတသိက်အကြောင်း ဘယ်သူမှ မပြောကြဘူး၊ အဘိဓမ္မာသင်တဲ့ သူတွေသာပြောတာ၊ “ငါ့စိတ်က ဘယ်လို နေတယ်, သူ့စိတ်က ဘယ်လိုနေတယ်၊ စိတ်ကောင်းတယ်, စိတ်မကောင်းဘူး၊ စိတ်ဆိုးတယ်, စိတ်မဆိုးဘူး” စသည်ဖြင့် စိတ်အကြောင်း ပြောကြတာ၊ စိတ်ဆိုတာ စေတသိက်တွေနဲ့ ယှဉ်တွဲပြီးဖြစ်တယ်၊ အဲဒီတော့ စိတ်လို့ပြောလိုက်ရင် စေတသိက်ပါ ပါတယ်ဆိုတာကို နားလည်ရမယ်။

.

 

အရှိတရားနှင့်

အဖြစ်တရား

▬▬▬▬▬

 

အစပထမ စဉ်းစားကြည့်ဖို့ရာက စိတ်ဟာ အရှိတရားလား, အဖြစ်တရားလား? ဒါကို အရင် ကြည့်ရမယ်၊ အရှိတရား ဆိုတာ သူ့ဟာသူ ရှိတာ၊ အဖြစ်တရားဆိုတာ အကြောင်းတရားပေါ်လာမှ ဖြစ်တာ။

 

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “အတ္ထိ ဘိက္ခဝေ အ,ဇာတံ” “ဖြစ်ခြင်း သဘော မရှိတဲ့ တရားဟာ ရှိတယ်”၊ ဘာလဲ ဆို - နိဗ္ဗာန်၊ ဒါကြောင့်မို့ နိဗ္ဗာန်ကို အရှိတရားလို့ပြောရင် ရတယ်၊ နိဗ္ဗာန်ကို ဘယ်အကြောင်းက ထုတ်လုပ်တယ်လို့ အကြောင်းတရားရှာပြီး ပြောစရာ မလိုဘူး၊ နိဗ္ဗာန်ကို ထုတ်လုပ်တဲ့ အကြောင်းရယ်လို့ မရှိဘူး၊ သို့သော် နိဗ္ဗာန်ကို ရောက်စေတက်တဲ့ အကြောင်းတော့ ရှိတယ်၊ ဒါနကောင်းမှု လုပ်တယ်၊ သီလ ဆောက်တည်တယ်၊ ကမ္မဋ္ဌာန်း ဘာဝနာပွားများ အားထုတ်တယ်၊ ဒါတွေက နိဗ္ဗာန်ကို ရောက်စေတဲ့ အကြောင်းတရားတွေပဲ၊ သို့သော် အဲဒီ အကြောင်း တရားတွေက နိဗ္ဗာန်ကို ဖန်တီးတဲ့ အကြောင်းတရားတွေ မဟုတ်ဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်သည် အရှိတရား, ထာဝရရှိနေတဲ့ အရှိတရားပဲ၊ အဲဒါကြောင့်မို့ ‘အ,ဇာတ’ အဖြစ်တရား မဟုတ်ဘူး၊ အရှိတရားလို့ ပြောတာ။

 

ဘာကြောင့်လဲဆိုတော့ မီးငြိမ်းနေတာကိုပဲ ကြည့်ပေါ့၊ ငြိမ်းအေးမှုဆိုတာ မီးမရှိမှုကို ပြောတာ၊ မီးမရှိတဲ့ နေရာတိုင်းကို ငြိမ်းအေးတယ်လို့ ပြောလို့ရလား၊ မီးတောက်ပြီး တဲ့နေရာမှာ အဲဒီ မီးတောက်လေး ငြိမ်းသွားမှ အငြိမ်းကိုပြောလို့ရတာ၊ သို့သော် ငြိမ်းတယ်ဆိုတာ မရှိဘူးလားဆိုတော့ ရှိတယ်၊ အမြဲတမ်းရှိတဲ့ အရာတစ်ခု၊ ငြိမ်းအေးတယ် ဆိုတဲ့ သဘာဝက အမြဲတမ်းရှိတယ်။ သူ့ကို ဘာနဲ့သတ်မှတ်ပြီး ပြောရလဲဆိုရင် တစ်စုံတစ်ခုကို ရည်ညွှန်းပြီး ပြောရတယ်၊ မီးတောက်၏ ငြိမ်းမှုဆိုတဲ့ အငြိမ်းဟာ ဒီနေရာမှာ မီးတောက် ငြိမ်းသွားတာကို ပြောတာ၊ ကိလေသာတို့၏ငြိမ်းမှု ဆိုတာ ကိလေသာ ချုပ်ငြိမ်းသွားမှုကို ပြောတာ၊ သင်္ခါရတို့၏ ငြိမ်းမှုဆိုတာ သင်္ခါရတွေ ငြိမ်းသွားတာကို ပြောတာ။

 

မရှိဘူးဆိုတာ စဉ်းစားကြည့် - မရှိဘူးဆိုတာ နဂိုကတည်းက မရှိတာ၊ ဆိုပါစို့ - ‘ယုန်မှာ ချိုမရှိဘူး, လိပ်မှာ အမွေးမရှိဘူး’ ဆိုတာ လောကမှာ မရှိဘူးလို့ သတ်မှတ်ထားတဲ့အရာဟာ မရှိကို မရှိလို့ မရှိတရားလို့ပြောတာ၊ နိဗ္ဗာန်ဟာ အဖြစ်တရားမဟုတ်, အရှိတရား၊ နိဗ္ဗာန်ဟာ ထာဝရ ရှိနေတဲ့တရား, မရှိတရား မဟုတ်၊ သို့သော် ထာဝရ ရှိနေတဲ့ အရှိတရားကို အဖြစ်တရားနဲ့ သတ်မှတ်ပြီး တော့ ပြောကြရတယ်၊ ဥပမာ - ‘ဒုက္ခ’ ဆိုတာ ဖြစ်ပေါ်လာတဲ့ တရား, ထို ဒုက္ခတရားရဲ့ ချုပ်ငြိမ်းမှုကို ဒုက္ခနိရောဓ - နိဗ္ဗာန်လို့ ဒီလိုပြောတာ၊ အဖြစ်တရားနဲ့ သတ်မှတ်ပြီး တော့ အငြိမ်းဓာတ်ကို ဖော်ပြရတယ်၊ နို့မို့ဆို နားမလည်နိုင်ဘူး၊ နိဗ္ဗာန်ဆိုတာ သိမ်မွေ့တယ်၊ သိဖို့ခက်တယ်၊ ဒါကြောင့် နိဗ္ဗာန်အကြောင်းပြောပြီး ငြင်းခုံစရာ မလိုဘူး။

 

 တချို့က နိဗ္ဗာန်အကြောင်းကိုပြောပြီး ငြင်းခုံကြတယ်၊ ငြင်းခုံစရာ မလိုပါဘူး၊ ကိုယ်မှ မရောက်ဘူးဘဲနဲ့ ဘာဖြစ်လို့ ငြင်းနေမလဲ၊ မြတ်စွာဘုရားက ဓမ္မစကြာမှာ ဟောထား တာပဲ - နိဗ္ဗာန်ဆိုတာ ဒုက္ခနိရောဓ၊ ဒုက္ခဆိုတာ ဘာလဲ? ရုပ်တွေ နာမ်တွေကို ပြောတာ၊ ဒီတော့ ရှင်းနေတာပဲ - ဒုက္ခချုပ်ငြိမ်းသွားတာ နိဗ္ဗာန်၊ ဘာဖြစ်လို့ ချုပ်ငြိမ်းသွား တာတုန်း၊ အကြောင်းပြတ်သွားလို့ ချုပ်ငြိမ်းသွားတာ။

 

ဆိုပါစို့ - ဖယောင်းတိုင်လေး တစ်တိုင် ထွန်းထားတယ် - ဖယောင်းဆီလည်း ကုန်သွားတယ်၊ မီးစာလေးလည်း ကုန်သွားတယ်၊ မီးတောက်ကလေး ရှိသေးလား၊ သေချာကြည့် - အဲဒီမီးတောက် လေးဟာ ဘယ်သူ့အပေါ်မှာ မှီနေသလဲ ဆိုရင် ဖယောင်းဆီနဲ့ မီးစာပေါ်မှာ မှီနေတယ်၊ အဲဒီ ဖယောင်းဆီလေး ကုန်သွားပြီ, မီးစာလည်း မရှိတော့ဘူး ဆိုရင် အဲဒီဖယောင်းတိုင်မီးဟာ ရပ်တည် နိုင်သေးလား၊ ဒါ ဘာပြောသလဲဆိုရင် မီးတောက်လေးကို ထောက်ပံ့ထားတဲ့ အကြောင်းတရား နှစ်ခုရှိတယ်၊ (လူမသိတဲ့ အကြောင်းတရားတစ်ခု ရှိသေးတယ်၊ လေပေါ့)၊ မီးစာလည်း ရှိရတယ်, ဖယောင်းဆီလည်း ရှိရတယ်၊ အဲဒီ ဖယောင်းတိုင် မီးလေးကို လေလုံထဲမှာ ထည့်လိုက်မယ်, အပေါ်က တစ်ခုခုနဲ့ အုပ်လိုက်မယ်ဆိုရင် ငြိမ်းသွားမှာပဲလေ၊ အဲဒီ သဘောကို အသာထားလိုက်ဦး …  အကြောင်းတွေ ရှိတယ်ဆိုတာ မှတ်ထား၊ အကြောင်းတွေ ရှိနေသမျှ ကာလပတ်လုံး အဲဒီ မီးတောက်လေးဟာ ဆက်ပြီးရှိနေမှာပဲ၊ အကြောင်းမရှိတော့လို့ ချုပ်သွားပြီ ပျက်သွားပြီဆိုရင် မီးတောက်လေးဟာ နောင် ဘယ်အခါမှ ပြန်မလာတဲ့ချုပ်ငြိမ်းမှုဘက်ကို ရောက်မှာ ၊ အဲဒါလိုပဲ ဒုက္ခဆိုတာ မီးတောက်လေးနဲ့ တူတယ်။

 

မီးတောက်လေးနဲ့တူတဲ့ ဒုက္ခ ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းတာလဲ? ဒီစကားလုံးက အရပ်ထဲမှာပြောတဲ့ စားစရာမရှိလည်း ဒုက္ခ, နေမကောင်းလည်း ဒုက္ခ၊ အဲဒီ ဒုက္ခကို ပြောတာမဟုတ်ဘူး။  ဒု - ဆိုတာ အားမကိုးလောက်ဘူး၊ ပြီးတော့ ကျေနပ်စရာ မကောင်းလို့ စက်ဆုပ် ရွံရှာဖွယ် ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်၊ ခ - ဆိုတာ ကိုယ်ထင် တဲ့အတိုင်း ဘာမှ မဟုတ်ဘူး၊ အဲဒီ အဓိပ္ပါယ် နှစ်ခုနဲ့ ရည်ညွှန်းပြီးတော့ ပြောတာ၊ ဒု - ဆိုတာ ကုစ္ဆိတ၊ ဝိသုဒ္ဓိမဂ်မှာ ဒီအတိုင်းပဲ ဖွင့်ဆိုထားတယ်၊ ကုစ္ဆိတ - ဆိုတာ ကျေနပ်စရာ မကောင်ဘူး, ရွံရှာစရာကောင်းတယ်၊ ခ - ဆိုတာ ထင်တဲ့အတိုင်း ဘာမှ ရှိတဲ့ အရာမဟုတ်ဘူး၊ အဲဒီနှစ်ခု ပေါင်းစပ်ထားတာ။

 

ဒုက္ခ ဆိုတဲ့ စကားလုံးလေးက ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဆိုရင် ဘုန်းကြီးတို့ရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ ရုပ်နဲ့ နာမ် ဒီနှစ်ခုကို ရည်ညွှန်းထားတာ။ အဲဒီရုပ်နဲ့ နာမ် နှစ်ခု သည် မီးတောက်လေးနဲ့ သလားသဏ္ဌာန် တူတယ်။ အဲဒီ မီးတောက်လေးကို ဖယောင်းတိုင်ဆီနဲ့ မီးစာက နေပြီးတော့ အားပေးနေသလို ဒီဒုက္ခလေးက ဘယ် အပေါ်မှာ တည်နေတုန်းဆိုရင် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေ အပေါ် တည်နေတယ်။ အဲဒီ အကြောင်းတရားတွေ ကုန်ဆုံးသွားတာနဲ့ တစ်ပြိုင်နက် မီးတောက်လေးဟာ ရည်တည်ခွင့် မရှိတော့ဘူး၊ ပြောမယ်ဆိုရင် နိဗ္ဗာန်ရဲ့ သဘောဟာ အဲဒါမျိုးကို ပြောတာ။

 

ဘဝကို တွယ်တာတဲ့ ပုဂ္ဂိုလ်တွေကတော့ ကြံဖန်ပြီးတော့ နိဗ္ဗာန်ဟာ ပျော်စရာ ကောင်းတဲ့ ဒေသလို့ ဘဝတဏှာနဲ့ တွေးကြ  ပြောကြတယ်၊ ဘဝတဏှာဆိုတာ ဘဝ ဆက်လက် ဖြစ်ပေါ်နေတာကို ကျေနပ်နေတာ၊ လူတွေဟာ ဘယ်လောက်ပဲ ဒုက္ခ ရောက်နေနေ ဘဝကို တွယ်တာတဲ့ တဏှာက ဆက်လက်ရှိနေကြတာပဲ, ဖြစ်ချင်နေ ကြတာပဲ၊ နိဗ္ဗာန်ကျရင် ဘာမှ မဖြစ်တော့ဘူးဆိုရင် ကြောက်သွားကြမှာပဲ၊ ဘာဖြစ် လို့လဲဆို ဖြစ်ချင်နေလို့၊ ဖြစ်ရတာကို ဒုက္ခလို့မြင်ပြီ, မကောင်ဘူးလို့ မြင်ပြီဆိုရင် ဖြစ်ချင်ပါဦးမလား၊ မဖြစ်ချင်တော့ဘူး၊ သင်္ခါရ ဆိုတဲ့ ဒုက္ခလို့ခေါ်တဲ့ ရုပ်တွေ နာမ်တွေ လုံးဝချုပ်ငြိမ်းသွားတာကို နိဗ္ဗာန်လို့ခေါ်တယ်။

 

အဲဒီ နိဗ္ဗာန်ဟာ အရှိတရားလို့ ဒီလိုပြောတယ်၊ ဘာဖြစ်လို့လဲဆို ချုပ်ငြိမ်းမှုဆိုတဲ့ သဘာဝလေး ရှိနေတယ်၊ ဒါကို ပြောတာနော်၊ ချုပ်ငြိမ်းမှုဆိုတဲ့ သဘာဝကလေးက လောကမှာ ရှိမြဲ ရှိနေတယ်၊ အမြဲထာဝရ ရှိနေတယ်၊ ခုနက လုပ်လိုက်လို့ ဖြစ်သွားတဲ့ အရာ မဟုတ်ဘူး၊ တစ်စုံတစ်ခု လုပ်ပေးလိုက်လို့ ဖြစ်သွားတဲ့ အရာတစ်ခု မဟုတ်ဘူး၊ ချုပ်ငြိမ်းမှုဆိုတာ ထာဝရ ရှိနေတဲ့ အရာတစ်ခု၊ အဲဒါ နိဗ္ဗာန်သဘောကို တွေးတော ဆင်ခြင်ပြီးတော့ ကြည့်ဖို့။

.

 

ရုပ်နဲ့ နာမ်က

အဖြစ်တရား

▬▬▬▬▬

 

ကောင်းပြီ - နိဗ္ဗာန်ဟာ အရှိတရား၊ အခုပြောတဲ့ စိတ်, စေတသက်, ရုပ် ဆိုတဲ့ နာမ်က အဖြစ်တရားလို့ ဒီလိုပြောတယ်၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ဒီလို ပြောတယ်၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ပြောသလဲဆို၊ ကြည့် - ခုနက ဖယောင်းတိုင်မီးလေးကို ဘယ်သူက မွေးဖွားပေးလိုက်လဲ ဆိုရင် အကြမ်းဖျဉ်း ပြောမယ်ဆိုရင် မီးခြစ်ဘူးကနေ မွေးဖွားပေးလိုက်တာ၊ မီးခြစ်ဘူးလေး သို့မဟုတ် ဂက်စ်မီးခြစ်ကို ခြစ်လိုက်ရင် မီးတောက်လေး မဖြစ်ဘူးလား၊ အဲဒီ မီးတောက်လေးကို ဖယောင်းတိုင်မှာ ရှိတဲ့ မီးစာလေးကို ကူးပေးလိုက်တာ၊ ဂက်စ်မီးခြစ်မှာ ရှိနေတုန်းက မီးတောက်လေးဟာ ဂက်စ် ဆိုတာရယ်,ဘီးလုံးလေးရဲ့ သံရယ်, အဲဒီ ဘီးလုံးကို ဖိပွတ်မှုကြောင့် အပူဓာတ် ဖြစ်တာရယ်, လူတစ်ယောက်ရဲ့ ဖိအားရယ် အဲဒီ အကြောင်းသုံးခု ပေါင်းဆုံမှုကြောင့် မီးတောက်လေး ပေါ်လာတယ်၊ အဲဒီ မီးတောက်လေးကို ဘယ်ဟာတွေက ဆက်ပြီးတော့ ထောက်ပံ့ကူညီနေသလဲ ဆိုရင် ဖယာင်းတိုင်မှာရှိတဲ့မီးစာနဲ့ ဖယောင်းဆီက ဆက်ပြီးတော့ ကူညီနေတယ်၊ အကြောင်းတွေက ထောက်ပံ့နေတာ မဟုတ်လား။

 

အဲဒီလိုပဲ - လူ့ရဲ့ခန္ဓာကိုယ် ရုပ်နာမ်တရားမှာလည်း ဆိုင်ရာ ဆိုင်ရာ ဖြစ်စေတတ်တဲ့ အကြောင်းရှိသလို ထောက်ပံ့ပေးတတ်တဲ့ အကြောင်းလည်း ရှိတယ်၊ အကြောင်း ဆိုတာ အမျိုးမျိုးရှိတယ်၊ ‘ဇနက’ ဆိုတာ ဖြစ်စေတဲအကြောင်း၊ အဲဒါကို producing cause လို့ခေါ်တယ်၊ ဖြစ်စေတတ်တဲ့အကြောင်း ထုတ်လုပ်တဲ့အကြောင်း။

 

ဖယောင်းတိုင်တို့ မီးစာတို့က မီးတောက်လေးကို မွေးဖွားပေးတာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်၊ ဆက်လက် ရှင်သန်နေအောင် ထောက်ပံ့ပေးထားတာသာ ဖြစ်သောကြောင့် သူတို့ကို ကျတော့ supporting cause ‘ဥပတ္ထမ္ဘက’ လို့ခေါ်တယ်၊ ထောက်ပံ့ထားတဲ့အကြောင်း၊ လေကလေးကို ပြောမယ်ဆိုရင် အောက်ဆီဂျင်ပေါ့၊ အဲ့လေက supporting cause၊ ထုတ်လုပ်ထားတဲ့ အရာကို supporting cause က ထိန်းပေးထားတာ၊ အဲဒီ cause တွေ မရှိတော့ဘူး ဆိုတာနဲ့ တစ်ပြိုင်နက် ဒီမီးတောက်လေးရဲ့ ရှင်သန်မှုဟာ ရပ်ဆိုင်းသွားတယ်၊ လူ့ဘဝ လူ့ခန္ဓာလည်း ဒီအတိုင်းပဲ၊ producing cause ရှိတယ်, supporting cause ရှိတယ်၊ အဲဒီ cause နှစ်ခုရှိတဲ့ အချိန်လေးမှာပဲ ရှိနေတာ။

 

မြတ်စွာဘုရားက ‘သဗ္ဗေ သင်္ခါရာ’  ဆိုတာ ဒါကို ရည်ညွှန်းတာ၊ ‘သံ’ ဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီးတော့ ‘ခါရ’ က လုပ်ဆောင်ဖန်တီး ထားတာ လို့ ပြောတာ၊ ကြည့်လေ - တစ်ခုတည်း မဟုတ်ဘူး၊ အကြောင်းတွေက စုပေါင်းပြီး လုပ်ဆောင်ထားတာ၊ united conditions (united cause) သူတို့ရဲ့စွမ်းအားတွေကို တစ်ညီတည်း အသုံးပြုပြီး ဖန်တီး ထားလိုက်လို့ ရပ်တည်နိုင်တာ၊ အဲဒါကြောင့် ပဋ္ဌာန်းမှာ ၂၄-ပစ္စည်း ဆိုတာကို ဘုရားဟောထားတာ။ တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီး ဒီလို ရပ်တည်နေတာ၊ ဒါ သင်္ခါရပဲ။

 

အဲဒီတော့ သေချာစဉ်းစားကြည်မယ်ဆိုရင် ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုတာ သိနိုင်တယ်၊ အကြောင်းပေါ်မှာ မှီတည်နေတဲ့ အရာတစ်ခုဟာ ပျက်စီးဖို့ဟာ သိပ်သေချာနေတယ်၊ အကြောင်းကို အားကိုးနေရတယ်၊ အကြောင်း ပျက်သွားတာနဲ့ တစ်ပြိုင်နက် ပါသွားပြီ၊ မီးစာကုန်သွားမယ်, ဆီကုန်သွားမယ်ဆိုရင်  မီးတောက်လေး ရပ်တည်နိုင်ပါ့မလား၊ မရပ်တည် နိုင်တော့ဘူး၊ အကြောင်းတွေ ကုန်သွားတာနဲ့ ပျက်စီးသွားတာပဲ။ အဲဒီသဘောကို ဆင်ခြင် စဉ်းစားကြည်ရင်း ကိုယ့်ရဲ့ ဘဝကို ဆင်ခြင်လို့ ရတာပေါ့၊ ကြည့်လေ - လူတွေဟာ နေ့စဉ်နဲ့အမျှ ရုပ်ခန္ဓာကိုယ်ကြီးအတွက် ဘာတွေ လုပ်နေကြတုန်း၊ မျှတတဲ့ ဥတုမှာ နေကြရတယ်၊ အာဟာရနဲ့ ဖြည့်တင်းပေးနေကြရတယ်၊ အခြေခံ အကြောင်းတရားကတော့ ကံပေါ့၊ ကံကနေ ထုတ်လုပ် ပေးလိုက်တဲ့ ဘဝတစ်ခုဟာ ဥတုတွေ, အာဟာရတွေ, စိတ်တွေ - ဒါတွေက ထောက်ပံ့ကူညီ ပေးတာလို့ ခုလို ရပ်တည်နေကြရတာ၊ အဲဒီ အကြောင်းတရားတွေကို ကြည့်လိုက်ရင် သူတို့ကလည်း မြဲသလားဆိုရင် မမြဲဘူး၊ သူတို့မှ မမြဲဘဲနဲ့ သူတို့ ထောက်ပံ့ ပေးထားတဲ့ အရာက ဘယ်လိုလုပ် မြဲလို့ ရမလဲ။

 

မြတ်စွာဘုရားက သံယုတ်ပါဠိတော်မှာ ရှင်းရှင်းလေး ဟောထားတယ် - “အနိစ္စသမ္ဘူတံ” “မမြဲတဲ့ အကြောင်းတရားက ထုတ်လုပ်လိုက်တဲ့ အကျိုးတရား ဟာ” “ကုတော နိစ္စံ ဘဝိဿတိ” “ဘယ်လိုလုပ် မြဲနိုင်မှာတုန်း” တဲ့၊ အရပ်ပြောနည်း ပြောထားတာနော်၊ “အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” “မမြဲတဲ့ အရာက ထုတ်လုပ်ထားတဲ့ အရာလေးတစ်ခုဟာ ဘယ်လိုလုပ် မြဲမှာလဲ” တဲ့ - မမြဲတဲ့ သဘောကို ဆင်ခြင်စဉ်းစားလို့ ရတယ်။

 

အဲဒီတော့ မမြဲတဲ့အရာက ထုတ်လုပ်ထားတယ်ဆိုတော့ ဘုန်းကြီးတို့ စိတ်အကြောင်း ကို ကြည့်ရအောင်- အများအားဖြင့် ထင်နေကြတယ် - စိတ် ဘယ်မှာရှိလဲဆိုရင် ဗိုက်ထဲမှာရှိတယ်၊ နှလုံးသားထဲမှာ ရှိတယ်၊ ဦးနှောက်ထဲမှာရှိတယ်၊ ဒီလို ပြောနေ ကြတယ်၊ စိတ်က ပြတ်သွားတာလည်း မဟုတ်တော့ အိပ်နေတဲ့ အချိန်မှာ “ဘဝင်စိတ်” ရှိတယ်၊ နိုးတဲ့အခါ မျက်စိကမြင်ရင် မြင်သိစိတ်တွေ ဖြစ်တယ်၊ “ဝီထိစိတ်” တွေ ဖြစ်တယ်၊ နားက ကြားရင် ကြားသိစိတ်တွေ ဖြစ်တယ်၊ ဒီလို လူတွေရဲ့ စိတ်ဟာ အမြဲတမ်း ဖြစ်နေတာ ဆိုတော့ စိတ်ဟာ အမြဲတမ်း ရှိနေတယ်လို့ ဒီလို ထင်ယောင်ထင်မှား ဖြစ်လာတယ်၊ illusion လို့ ခေါ်တယ်။

 

တကယ်တော့ စိတ်ဟာ ထာဝရရှိနေတဲ့ အရှိတရား မဟုတ်ဘူးတဲ့၊ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဖြစ်တရားမျှသာ ဖြစ်တယ်၊ ဒါကြောင့်မို့ စိတ်ကို ‘ဇာတ’ ဖြစ်ပေါ်လာတဲ့ တရား၊ ဖြစ်လာတဲ့ တရားဆိုကတည်းက ဆိုင်ရာ အကြောင်းတရားက ထုတ်လုပ်လိုက်လို့ ဖြစ်ပေါ်လာတာ၊ ဖြစ်လာပြီး တော့လည်း ပျက်စီးသွားရတယ်၊ နောက်အကြောင်းတရားတစ်ခုက ထပ်ပြီးတော့ ထုတ်လုပ်တယ်၊ မပြတ်ထုတ်လုပ် နေတဲ့အတွက် ရပ်တန့်ပြီး မနေဘူး၊ ဆက်ဆက်ပြီး ဖြစ်နေတယ်၊ တစ်ခါထုတ် တစ်ခါ ဖြစ်တယ်၊ နောက်တစ်ခါထုတ် နောက်တစ်ခါ ဖြစ်တယ်။

 

ယခုလို စိတ်ဟာ သူ့ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တာ၊ စိတ်ဟာ ဘယ်မှာရှိသလဲဆို ဦးနှောက်ထဲမှာ ရှိတယ်လို့ ပြောလို့ရမလား၊ condition တစ်ခုအနေနဲ့တော့ ပြောလို့ရတာပေါ့၊ နှလုံးသားထဲမှာ ရှိတယ်လို့ ပြောလို့ရမလား၊ အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေက ဟဒယဝတ္ထုကိုမှိပြီး ဖြစ်တယ်ဆိုတော့ ဟဒယ ဝတ္ထုထဲမှာ စိတ်ရှိနေ သယောင်ယောင် ဒီလိုထင်ကြတယ်။

 

တချို့ကျတော့ စိတ်ဟာ ရုပ်ရဲ့ အကျိုးဆက်လို့ ဒီလို ယူဆတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အနောက်တိုင်းက ပုဂ္ဂိုလ်တွေက စိတ်ဆိုတာ ဦးနှောက်ကို ခေါ်တာလို့ ယူဆကြတယ်၊ ဦးနှောက်နဲ့ စိတ်က တခြားစီ၊ ဆိုပါစို့ - ဂက်စ်မီးခြစ်လေးထဲမှာ အမာအမာချင်း ပွတ်လို့ရအောင် ဘီးလေးပါတယ်၊ ဂက်စ်ပါတယ်၊ လူတစ်ဦး တစ်ယောက်ရဲ့ အားစိုက်မှု ဖိခြစ်မှုလေး ပါတယ်၊ အဲဒီ အကြောင်းတွေ ဆုံလိုက်တဲ့ အခါမှ မီးတောက်ကလေး ဆိုတာ ပေါ်လာတာ၊ အဲဒီလိုပဲ လူ့ရဲ့သန္တာန်မှာ ကံတရားက ဖန်တီးပေးထားတဲ့ possibility ဖြစ်နိုင်ခြေ လေးတွေတော့ ရှိတယ်၊ သေချာ တွေးကြည့် ဂက်စ်မီးခြစ် ထဲမှာ မီးရှိသလားဆိုရင် ဘယ်လိုဖြေမလဲ။

 

ဘုန်းကြီးတို့ မနှစ်တုန်းက မေလမှာ ဂျာမနီနားက သြစတြီးယားနိုင်ငံ၊ မြို့တော် ဗီယင်နာ ရောက်ခဲ့တယ်၊ ဗီယင်နာ တက္ကသိုလ်ကြီးက အကြီးကြီး၊ ဗီယင်နာ တက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဖိတ်ပြီး ‘စိတ်အကြောင်း ဟောပေးပါ’ ဆိုလို့ နှစ်ရက် သွားဟောတယ်၊ ပြီးတော့ မေးခွန်းတွေမေးတယ်၊ အဲဒီမှာ Psychology ပါမောက္ခ တစ်ယောက်ကို စိတ်နဲ့ ပတ်သက်ပြီး ဘုန်းကြီးက မေးလိုက်တယ် - “စိတ်ဟာ လူရဲ့သန္တာန်မှာ ရှိနေသလား ဘယ်မှာရှိသလဲ” – “ဦးနှောက်မှာ ရှိတယ်” လို့ ဖြေတယ်၊ သူတို့က ဦးနှောက်ကိုပဲ စိတ်လို့ယူတာရှိတယ်၊ အဲဒီလိုဖြေတော့ ဘုန်းကြီးမေးလိုက်တယ်၊ “အဲလိုဆိုရင် ဂီတာထဲမှာ အသံရှိနေသလား၊ paino ထဲမှာ အသံ ရှိနေသလား” ဆို “မရှိဘူး” “ဒါဖြင့် အဲဒီအသံဟာ ဘယ်ကရောက်လာ သလဲ” ဆိုရင် တီးခတ်တဲ့ ပုဂ္ဂိုလ်နဲ့ ခုနက ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေ ဆုံလို့ပေါ့၊ ဂက်စ်မီးခြစ်ထဲမှာ မီးရှိနေသလား? မရှိဘူး၊ အဲဒီလို မရှိတာမျိုး၊ လူရဲ့ ဦးနှောက်ထဲမှာ စိတ်ရှိနေတာ မဟုတ်ဘူး, နှလုံးသားထဲမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရား တွေကြောင့်သာ ဖြစ်ပေါ်လာတယ်လို့ ဗုဒ္ဓဘာသာ တရားတွေအရ ဒီလိုနားလည် ရပါတယ်လို့ ထပ်ပြီးတော့ ရှင်းပြရတယ်။

 

သူတို့ စဉ်းစားသွားတယ်၊ သူတို့ တစ်သက်လုံး ဦးနှောက်ကိုပဲ စိတ်လို့ ခေါ်လာတာ၊ အမြင်အာရုံက မျက်စိကနေ ဝင်လာတယ်၊ အဆင့်ဆင့် သတင်းပို့ပြီး လှုပ်ရှားသွားတာ စိတ် ဖြစ်ပေါ်လာတယ်ပဲလို့ ယူဆကြတယ်။ အတွေးအခေါ် ပြောင်းဖို့ဟာ ရုတ်တရက် အင်မတန်မှ ခက်ခဲတယ်။

 

ဗုဒ္ဓတရားတော်အရ ဒီ အာရုံကြောတွေ ဘာတွေ ဆိုတာ possibility စိတ် ဖြစ်ပေါ်စေနိုင်တဲ့ နေရာဋ္ဌာနမျိုးသာ ဖြစ်တယ်၊ စိတ်မဟုတ်ဘူး၊ ရုပ်တရားမျှသာ ဖြစ်တယ်၊ စိတ်ဆိုတာဟာ ရုပ်တရားကို အမှီပြုပြီးဖြစ်တဲ့ သဘာဝတရား တစ်ခုပဲ၊ ရုပ်ကိုလည်း စိတ်ခေါ်တာမဟုတ်လား၊ တချို့က ရုပ်ကို စိတ်လို့ ယူဆကြတယ်၊ စိတ်ဆိုတာ မရှိဘူး။ ရုပ်ရဲ့ လှုပ်ရှားမှုသာ ဖြစ်တယ်လို့ ဒီလိုဆိုတဲ့ ပုဂ္ဂိုလ်က ဆိုတယ်။

                  

အေး  - ထားတော့၊ ဘုန်းကြီးတို့ အဘိဓမ္မာ ကျမ်းအရ စိတ်ဆိုတာဟာ အရှိတရား မဟုတ်ဘူး၊ အဖြစ်တရားလို့ ပြောလို့ရတယ်၊ အရှိတရားဆိုတာ နိဗ္ဗာန်၊ အဖြစ်တရားဆိုတာ အကြောင်းကို ငဲ့နေရတယ်၊ အကြောင်းဆုံစည်းမှ ဖြစ်တယ်။ ဒါကြောင့်မို့ စိတ်ဟာ အဖြစ်တရား၊ အဖြစ်တရားဖြစ်လို့ မြတ်စွာဘုရားက ဓမ္မသင်္ဂဏီ ပါဠိတော်မှာ “ဥပ္ပန္နံ ဟောတိ” ဆိုပြီး အကြောင်းတရားတွေနဲ အကျိုးတရားတွေ ဒီလို ဟောတာ၊ “ဥပ္ပဇ္ဇတိ” နဲ့ ဟောတာ၊ “ဖြစ်တယ်” လို့ပဲ ဟောထားတာ၊ “ရှိတယ်” လို့ မဟောဘူး။              

.

 

စိတ်ဖြစ်ပုံ အကျဉ်း

 ▬▬▬▬▬▬

                

စိတ်ဟာ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကို လေ့လာကြည့်ဖို့အတွက် လိုအပ်တဲ့ အခြေခံ အချက်ကလေးတွေကို ပထမ ကြည့်ရမယ်၊ ရုပ်ကို အမှီပြုပြီး စိတ်က ဖြစ်ပေါ်လာတယ်၊ နေရာတိုင်း မှာတော့ စိတ်ကို မဖြစ်စေနိုင်ဘူးပေါ့၊ ဖြစ်ပေါ်စေနိုင်တဲ့ ရုပ်တွေကို ကြည့်ရမယ်ဆိုရင် - စိတ်ဆိုတာ ဝတ္ထုနဲ့အာရုံ ဆုံလို့ဖြစ်တာ။

                  

ရှင်းအောင် ပြောရမယ်ဆိုလို့ရှိရင် လက်နဲ့စည်နဲ့ ထိမိသွားလို့ရှိရင် အသံ မထွက် လာဘူးလား၊ လက်နဲ့ စောင်းကြိုးနဲ့ ထိမိသွားလို့ ရှိရင် အသံ ထွက်မလာဘူးလား၊ ဆုံစည်းမှုဆိုတာ တီးခတ်တာကို ပြောတာ၊ ဆုံစည်းမှုသည် အသံထွက်ပေါ်လာခြင်းရဲ့ အကြောင်းဖြစ်သလိုပဲ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တရားတွေနဲ့ သို့မဟုတ် နာမ်တရားနဲ့ ပြင်ပဗဟိဒ္ဓိက အာရုံတွေနဲ့ ဆုံစည်းမှုဟာ စိတ်ဖြစ်ပေါ်ဖို့ အကြောင်းတစ်ခု ဖြစ်တယ်၊ စာလိုပြောရရင် ဝတ္ထုနဲ့, အာရုံ၊ ဝတ္ထုဆိုတာ စိတ်ရဲ့ ဖြစ်ရာတည်ရာ၊ စိတ်ရဲ့ တည်ရာ မှီရာလို့ ဒီလိုပြောရမယ်။

                  

ဥပမာ - စောင်းသံဆိုပါတော့ စောင်းသံက ဘာကိုမှီနေလဲ ဆိုရင် စောင်းကြိုးနဲ့ စောင်းအိုးကို မှီနေတာ၊ စောင်းကြိုးနဲ့ စောင်းအိုးသည် စောင်းသံရဲ့ မှီရာဖြစ်တယ်၊ လူရဲ့ လက်က စောင်းသံရဲ့ မှီရာ ဟုတ်ရဲ့လား၊ လက်ကထွက်တဲ့အသံ မဟုတ်ဘူးနော်၊ စောင်းကြိုးနဲ့ စောင်းအိုးကနေ ထွက်လာတဲ့အသံ၊ ဒါကြောင့်မို့ ဒီအသံလေးဟာ စောင်းကြိုး, စောင်းအိုးကို မှီတယ်၊ လက်ကို မှီတာ မဟုတ်ဘူး၊ ထို့အတူပဲ မျက်စိ နှစ်လုံးဖွင့်ပြီး ကြည့်လိုက်ရင် အမြင်အာရုံလေးသည် မျက်စိလာပြီးတော့ ထိလိုက် တယ်။ အာရုံနဲ့ဝတ္ထု ထိခိုက်တာ၊ ဒီထိခိုက်မှုလေးဟာ သာမန်ပုဂ္ဂိုလ်တွေ ကြားနိုင်လောက်တဲ့ အနေအထား မရှိဘူး၊ သို့သော် သူ့ရဲ့ စွမ်းအားက စိတ်တစ်ခုကို ဖြစ်ပေါ်စေနိုင် လောက်အောင် ပြင်းထန်တယ်၊ မျက်စိနဲ့ အဆင်းအာရုံနဲ့ ဆုံလိုက်တာဟာ ထိလိုက်တာပဲ။

                  

လူတွေကတော့ ထိလိုက်တယ်လို့ မသိလိုက်ဘူးပေါ့၊ ဥပမာ - အသံက နားကို ထိလိုက်တယ်၊ အနံ့က နှာခေါင်းကို ထိလိုက်တယ်၊ အရသာက လျှာကို ထိလိုက်တယ်၊ ဖောဋ္ဌဗ္ဗာရုံက ခန္ဓာကိုယ်ကို ထိလိုက်တယ်၊ ဒါကတော့ ထိမှန်း သိသာတယ်၊ အဆင်း ရူပါရုံလေးက မျက်စိကို လာထိတာကျတော့ သိပ်မသိသာဘူး၊ သို့သော် ထိခိုက်မှုစွမ်းအားဟာ ဘယ်လောက်ပြင်းလဲဆိုရင် ထိခိုက်မှုလေးက စိတ်တစ်ခုကို မွေးဖွားစေနိုင်တယ်။

                  

ဒါကြောင့် မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေမှာ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” စက္ခုပသာဒရုပ်နဲ့ အဆင်းအာရုံ ဒီနှစ်ခုကိုမှီပြီး စက္ခုဝိညာဏ်စိတ် ဖြစ်ရတယ် လို့ ဒီလိုဟောတာ၊ ဒီတော့ စက္ခုဝိညာဏ်စိတ် ဖြစ်ရတယ် လို့  ဒီလို ဟောတာ၊ ဒီတော့ စက္ခုဝိညာဏ်လို့ခေါ်တဲ့ မြင်သိစိတ်လေးသည် မျက်စိထဲမှာလည်း ရှိနေတာ မဟုတ်ဘူး၊ ထို စက္ခုပသာဒရုပ် မျက်စိကို လာထိတဲ့ ရူပါရုံထဲမှာလည်း ရှိနေတာ မဟုတ်ဘူး၊ သူတို့နှစ်ခုကြားမှာ ရှိနေတာလည်း မဟုတ်ဘူး၊ ဘယ်မှာမှ ရှိနေတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ အရှိတရား မဟုတ်ဘူးလို့ ပြောတာ။

                  

ဒီထက်ပိုရှင်းအောင် စဉ်းစားကြည့်ပေါ့၊ စောင်းကြိုးလေးကို လက်နဲ့တီးခတ်လို့ စောင်းသံလေး ထွက်လာတယ်၊ အဲဒီ စောင်းသံလေးဟာ စောင်းကြိုးထဲမှာ ရှိနေ သလားလို့ စဉ်းစားကြည့်ပေါ့၊ ထူးမခြားနား သီချင်းနဲ့ ကိုက်အောင်တီးရင် ထူးမခြားနား သီချင်းသံ ထွက်တယ်၊ ဒိပြင် သီချင်းတီးရင် ဒိပြင် သီချင်းသံ ထွက်တယ်၊ ဟုတ်ရဲ့လား၊ ရှိနေတာမဟုတ်ဘူး၊ ဒီတော့ စောင်းကြိုးလေးနဲ့ လက်လေး ထိခိုက်မှုသည် အကြောင်းတစ်ခု ဖြစ်လာတယ်၊ စောင်းအိုးထဲ၊ စောင်းကြိုးထဲမှာလည်း ဒီအသံရှိနေတာ မဟုတ်ဘူး၊ တီးခတ်နေတဲ့ လက်ထဲမှာလည်း ဒီအသံ ရှိနေတာ မဟုတ်ဘူး၊ လက်နဲ့ကြိုး ကြားထဲ မှာလည်း ရှိနေတာမဟုတ်ဘူး၊ ဘယ်မှာမှ မရှိဘူးဆိုတာ သေချာတယ်၊ သို့သော် ဘယ်က ရောက်လာတုန်းလို့ မေးရင် အကြောင်းကြောင့် ဖြစ်လာတာ။

                 

အဲဒါကို ဝိသုဒ္ဓိမဂ်မှာ ရှင်းရှင်းလေး ရေးထားတာရှိတယ်။ “န စက္ခုတော ဇာယရေ ဖဿ ပဉ္စမာ” “ဖဿလျှင် ငါးခုမြောက် ရှိတဲ့ နာမ်တရားတွေဟာ မျက်လုံးထဲက ထွက်လာတာလည်း မဟုတ်ဘူး”၊ “န ရူပတော” “မြင်စရာ ရူပါရုံက ထွက်လာတာ လည်း မဟုတ်ဘူး”၊ နော စ ဥဘိန္န မန္တရာ” “အဲဒီနှစ်ခုကြားက ထွက်လာတာလည်း မဟုတ်ဘူး”၊ “ဟေတုံ စ ပဋိစ္စ ပ္ပဘဝန္တိ သင်္ခတာ” “သင်္ခတ တရားတွေဆိုတာ အကြောင်းကနေ စလာတာ” တဲ့၊ အကြောင်းကြောင့် ဖြစ်တယ်လို့ ပြောတာ။

                 

နားလည်အောင်လို့ ဥပမာလေးပါ ရေးထားတယ် - “ယထာပိ သဒ္ဒေါ ပဟဋာယ ကာရိယာ” စည်တီးလိုက်လို့ ဖြစ်ပေါ်လာတဲ့ အသံလေးလိုပဲ ကဲ နားမလည်စရာ အကြောင်းကို မရှိဘူး။ ဒါကြောင့်မို့ စိတ်ဆိုတာ အဖြစ်တရားလို့ပြောတာ၊ အကြောင်း တရားတွေ ပေါင်းဆုံလို့ ဖြစ်တဲ့တရား၊ အကြောင်းတရားတွေ ဆုံမှ ဖြစ်တယ်ဆိုတော့ အကြောင်းတရားတွေ မဆုံရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ် မရဘူးလား။

                 

ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားဟောတဲ့အခါ “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” ‘ဒါဖြစ်လို့ ဟိုဟာဖြစ်တာ’၊ “အကြောင်းဖြစ်လို့ အကျိုးဆိုတာဖြစ်တာ”၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ” “ဒါရှိနေရင် ဟိုဟာရှိမှာပဲ”၊ ရည်ညွှန်းချက်လေးနဲ့ ဟောတာ၊ ဘုရားက စကားလုံး တိုတိုလေးနဲ့ ရှင်းပြတာ၊ ဒါရှိလို့ ဟိုဟာရှိနေတာ ဒါဖြစ်လို့ ဟိုဟာ ဖြစ်နေတာ၊ ဟိုဟာ မရှိရင် ဒီဟာလည်း  မရှိတော့ဘူး၊ ဟိုဟာငြိမ်းရင် ဒီဟာလည်း ငြိမ်းသွားမှာပဲတဲ့၊ ပဋိစ္စသမုပ္ပါဒ်ကို ဟောဒီ စာပိုဒ် ၄-ကြောင်းနဲ့ မြတ်စွာဘုရားက ဟောထားတာ။

                 

အဲဒီတော့ သဘာဝတရားတွေက အလွန် ရှင်းရှင်းလင်းလင်း ရှိသော်လည်းပဲ လူတွေရဲ့ အသိဉာဏ်က သဘာဝတရားကို ထိုးထွင်းပြီး မြင်ဖို့ တော်တော်ခက်တယ်၊ ‘ဒုဒ္ဒသတ္တာ’ မြင်နိုင်ခဲတယ်၊ မြင်နိုင်ခဲသည့် အတွက် ‘ဂမ္ဘီရ’ - နက်တယ်လို့ ပြောတာ၊ သာမန်အတွေး၊ သာမန်အသိဉာဏ်နဲ့ မသိနိုင်ဘူးတဲ့။

                 

ဒါကြောင့်မို့ စိတ်ဆိုတဲ့တရားက အဖြစ်တရားပဲ, အရှိတရား မဟုတ်ဘူး၊ ဒါဖြင့် ဘယ်ပုံ ဖြစ်သလဲလို့ မေးလို့ရှိရင် အာရုံနဲ့ ဝတ္ထု ဆုံစည်း ထိခိုက်လို့ ဖြစ်ပေါ်လာတာ၊ ဒါ အဖြေအကျဉ်းလေးပေါ့နော်၊ အာရုံနဲ့ ဝတ္ထု ဆုံမိလို့ ဖြစ်တာတဲ့။

.

 

စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး

▬▬▬▬▬▬▬▬▬▬

 

ဒီနေရာမှာ “ဝတ္ထု” ဆိုတာ စိတ်ရဲ့တည်ရာမှီရာ ရုပ်သဘာဝ တရားတွေကို ခေါ်ပါတယ်၊ ခုနတုန်းက စောင်းသံလေးဟာ ဘယ်က လာတုန်းဆို စောင်းကြိုး, စောင်းအိုးက လာတာဆိုတော့ စောင်းအိုး စောင်းကြိုးသည် စောင်းသံရဲ့ တည်ရာ ဖြစ်တယ်၊ စည်သည် စည်သံရဲ့ တည်ရာဖြစ်တယ်။

                  

ဒီလိုပဲ စိတ်ရဲ့တည်ရာ ဝတ္ထုရုပ်ဟာ ၆-မျိုး ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် မှတ်ဖို့ လွယ်ပါတယ်၊ အရပ်ခေါ်နဲ့ပဲ ပြောလိုက်ပေါ့၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်နဲ့ “ဟဒယဝတ္ထု”, ဆိုပြီး ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်။ စက္ခုဝတ္ထု, သောတ ဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု - ဒါ စိတ်ရဲ့ မှီရာတည်ရာ ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်၊ ရုပ်ကိုမှီပြီး စိတ်ဖြစ်တယ် ဆိုတဲ့သဘောကို ပြောတာ။

                  

စိတ်နဲ့ရုပ်ဟာ အပြန်အလှန် အကျိုးပြုလျက် ရှိတယ်၊ သို့သော် ရုပ်ကို မမှီဘဲနဲ့ ဖြစ်နိုင်တဲ့ စိတ်တွေလည်း ရှိသေးတယ်၊ လူ့ပြည်မှာတော့ မရှိဘူး၊  ရုပ်မဲ့ဘုံ စိတ်ချည်း သက်သက်ဖြစ်တဲ့ဘုံ၊ အရူပ ၄-ဘုံမှာ ဆိုရင် မှီရာဝတ္ထုရုပ် မရှိဘဲ ဖြစ်တယ်။

                  

ဒါကြောင့် စေတသိက်ပိုင်း အစနားမှာ “သမ္ပယုတ္တ” - ယှဉ်တယ် ဆိုတာ ရှုထောင့် ၄-ခုကနေ ပြောထားတာ၊ ယှဉ်တယ် ဆိုတဲ့ ရှုထောင့် ၄-ခုက -

 

(၁) ဖြစ်ရာဋ္ဌာန ဆိုတဲ့ မှီရာဝတ္ထုရုပ်လည်း တူရမယ်၊

(၂) အာရုံလည်း တူရမယ်၊

(၃) တစ်ပြိုင်နက် ဖြစ်ရမယ်၊

(၄) တစ်ပြိုင်နက် ချုပ်ရမယ်၊

 

ဟောဒီ ၄-ခု တူမှ တစ်ခုတည်းလို့ ပြောရမယ်၊ တစ်ခုက တစ်နေရာကပေါ်တယ်, အာရုံကလည်း တစ်နေရာဆီကို သွားနေတယ်ဆိုရင် မဟုတ်ဘူး၊ တစ်ခုတည်းလို့ ပြောလို့မရဘူး။

                  

တစ်ခုတည်း ဆိုပေမယ့် တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး၊ associated ဖြစ်သည့် အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေရတာ၊ တစ်ခုတည်းလို့ ထင်အောင် စုစည်းထားတာ “ဃန” (အစုအခဲ) လို့ ခေါ်တယ်။ တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး။

                  

ဆိုပါစို့ - စက္ခုဝိညာဏ်စိတ် ဖြစ်လာရင် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု ဆိုတာ အတူဖြစ်တယ်၊ စက္ခုဝိညာဏ်နဲ့ သဗ္ဗစိတ္တသာဓရဏ စေတသိက် ၇-ခုတို့ဟာ မှီရာ ဝတ္ထုရုပ်လည်း တူတယ်၊ အာရုံလည်း တူတယ်၊ ဖြစ်တဲ့အချိန်ပိုင်းလည်း တူတယ်၊ ပျက်တဲ့အချိန်ပိုင်းလည်း တူတယ် ဆိုတော့ as one တစ်ခုတည်းလို ဖြစ်နေတာ၊ ကွဲပြားခြားနားမှု မရှိဘူး၊ လူတွေရဲ့ စိတ်ထဲမှာ တစ်ခုတည်းလို့ပဲ မြင်တော့တာ၊ တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး၊ ၈-ခု၊ စိတ်ကလေးက ၁, စေတသိက်က ၇၊ ပေါင်း ၈-ခု၊ unity of eight ရှစ်ခုကို တစ်ခု ဖွဲ့စည်းထားတာ၊ ခုနက ပြောသလို ဖြစ်လာတဲ့နေရာမှာ  ရှစ်ခုကိုတစ်ခု ဖွဲ့စည်းထားတာ၊  ခုနက ပြောသလို ဖြစ်လာတဲ့ နေရာကလည်း အတူတူပဲ၊  ပျော်မွေ့တဲ့ နေရာကလည်း အတူတူပဲ၊ ဖြစ်တဲ့အချိန်ပိုင်း ကလည်း အတူတူပဲ၊ ပျက်တဲ့အချိန်ပိုင်းကလည်း အတူတူပဲ။ တစ်ခုကဲ့သို့ ဖြစ်သွား တာ၊ အဲဒါကို association ခေါ်တယ်၊ သမ္ပယုတ္တပစ္စယော ဆိုတာ အဲဒီပုံစံနဲ့ နေတာကိုပြောတာ။

                  

စိတ်အကြောင်းကို လေ့လာတော့မယ် ဆိုရင် ဝတ္ထုရုပ် ၆-ပါး ကို သိရမယ်၊ အဲဒီ ဝတ္ထုရုပ်ကို ခန္ဓာကိုယ်ထဲမှာ ရှာကြည့်လိုက်မယ် ဆိုရင် -

 

စက္ခုပသာဒရုပ်လို့ ခေါ်တဲ့ စက္ခုဝတ္ထု၊

သောတပသာဒ ရုပ်လို့ခေါ်တဲ့ သောတဝတ္ထု၊

ဃာနပသာဒရုပ်လို့ခေါ်တဲ့ ဃနဝတ္ထု၊

ဇိဝှါပသာဒရုပ်လို့ ခေါ်တဲ့ ဇိဝှါဝတ္ထု၊

ကာယပသာဒရုပ်လို့ ခေါ်တဲ့ ကာယဝတ္ထု၊

ကျန်တဲ့စိတ်တွေရဲ့ မှီရာ ဟဒယဝတ္ထု

 

လို့  ဝတ္ထုရုပ် ၆-ပါး ရှိတယ်၊

 

အဲဒီ ဝတ္ထုရုပ် ၆-ပါးမှာ အာရုံတွေ လာပြီးပေါ်လာတာဟာ စိတ်ဖြစ်ခြင်းရဲ့ အကြောင်းပဲ။

                  

အဲဒါကို ဗုံ ၆-လုံးလို သဘောထား ကြည့်မယ်ဆိုရင် ဗုံ ၆-လုံးကို တုတ်လေး ၆-ချောင်းနဲ့ တီးရင် အသံထွက်လာတယ် သူ့ဟာသူ ဒီအတိုင်း ထားလို့ရှိရင် အသံ ထွက်ပါ့မလား၊ မထွက်ဘူး၊ အခု သာသာတီးရင် အသံတိုးတိုး ထွက်မယ်, ပြင်းပြင်း တီးရင် အသံကျယ်ကျယ် ထွက်မယ်၊ ဗုံနဲ့တုတ်နဲ့ ထိမှပဲ အသံထွက်တယ်၊ စိတ်ဆိုတာ ဒီလိုပဲ၊ အာရုံနဲ့ဝတ္ထုဆုံဆည်းသည့်အတွက်ကြောင့် စိတ်ကလေး ဖြစ်လာရတယ်။

                  

ဥပမာ - လျှပ်စစ်မီး စလင်းဖို့ generator တစ်ခု မောင်းထားမယ် ဆိုရင် generator က လည်ပတ် နေတဲ့ နှုန်းတွေနဲ့ ထိနေလို့ မီးလေး လင်းနေတာ မဟုတ်လား၊ အဲဒီ ထိမှု ရပ်တာနဲ့ တစ်ပြိုင်နက် အမှောင်ဖြစ်သွားမှာ၊ အဲဒီလို အဆက်မပြတ် ထုတ်လုပ်နေလို့ လူတွေရဲ့ စိတ်ဟာမှာ တစ်ခုတည်းလို တည်မြဲနေတဲ့ အရာကြီးကို အမြဲရှိနေတဲ့ တရားလို့ ထင်ရတာ၊ စိတ်ကို လည်ပတ်နေတဲ့ နှုန်းနဲ့ ထုတ်နေရတာ မဟုတ်လား၊ ရပ်နေတာ မဟုတ်ဘူး၊ ပြေးနေတာ၊ ထုတ်နေတဲ့ အကြောင်းတရားက ပြေးနေသလို၊ အကျိုးတရား ကလည်း ပြေးလိုက်နေတာ၊ ပေါ်နေတာ။

                  

အဲဒီမှာ ဝတ္ထုရုပ် ၆-ပါးမှာ -

 

စက္ခုဝတ္ထုဆိုတာ စက္ခုပသာဒရုပ်၊

သောတဝတ္ထုဆိုတာ သောတပသာဒရုပ်၊

ဃာတဝတ္ထုဆိုတာ ဃာနပသာဒရုပ်၊

ဇိဝှါဝတ္ထုဆိုတာ ဇိဝှါပသာဒရုပ်၊

ခန္ဓာကိုယ်မှာ ဘယ်အရာထိထိ သိတဲ့နေရာမှာ ကာယပသာဒရုပ်၊

ကျန်တဲ့စိတ်ရဲ့ တည်ရာဟာ ဟဒယဝတ္ထုရုပ်။

                  

ဟဒယဝတ္ထုရုပ် အကြောင်းကို  ဘုန်းကြီးတို့ အဘိဓမ္မာ မြတ်ဒေသနာ အပိုင်း ၁ ရုပ်အကြောင်းကို လေ့လာသုံးသပ်ခြင်း အပိုင်းမှာ ပြောပြီးဖြစ်တယ်၊ ဟဒယဝတ္ထု ဆိုတာ အခြားစိတ်တွေက မှီပြီး ဖြစ်နေတဲ့နေရာ၊ ဝမ်းသာ ဝမ်းနည်းတယ်ဆိုတာ နှလုံးသားမှာ ထင်ရှားတယ်၊ စဉ်းစားတွေးခေါ်တယ် ဆိုရင် ဦးနှောက်မှာ ထင်ရှား တယ်၊ အကြောင်းအကျိုးအနေနဲ့ တစ်နေရာ ဆက်စပ်ပြီး ဖြစ်တယ်လို့ မှတ်ရမယ်။

                  

မြတ်စွာဘုရား ကိုယ်တိုင်ကလည်း နှလုံးသားကို ရည်ညွှန်းပြီး ပြောခဲ့တာ မဟုတ်ဘူး၊ တချို့ အဘိဓမ္မာ ဆရာတွေကလည်း ဟဒယဝတ္ထုဆိုတာ heart organ ကိုပြောတာ မဟုတ်ဘူး၊ စိတ်ရဲ့ မှီရာဝတ္ထုလို့ ဆိုလိုတာလို့ ရေးကြတယ်၊ သို့သော် အဘိဓမ္မာ ကျမ်းဂန် တော်တော်များများဟာ ဟဒယဝတ္ထုသည် နှလုံးသားထဲမှာရှိတယ်၊ နှလုံးသားထဲမှာရှိတဲ့ လည်ပတ်နေတဲ့ သွေးထဲမှာ ရှိတယ်လို ပြောတဲ့ သဘောပဲ၊ နှလုံးသားထဲ သွေးရောက်တဲ့အချိန်မှာ စိတ်ရဲ့ တည်ရာမှီရာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်။

                  

အဲဒီတော့ ထား၊ အဲဒီဝတ္ထုရုပ် ၆-ပါးကို မှီပြီး၊ စိတ်လေးတွေပေါ်တယ်၊ စည်ကို အမှီပြုပြီး စည်သံ ပေါ်တယ်။ စောင်းအိုးနဲ့ စောင်းကြိုးကို အမှီပြုပြီး စောင်းသံ ပေါ်တယ်၊  မီးခြစ်ဘူးကို အမှီပြုပြီး မီးတောက်ပေါ်လာတယ်၊ အဲဒီသဘောပဲ။

                  

သို့သော် ဟောဒီ ဝတ္ထုရုပ် ၆-ပါးရှိရုံနဲ့ စိတ်ဟာ ပေါ်ပြီလား ဆိုတော့ မပေါ်သေးဘူး၊ စည်ရှိနေရုံနဲ့ အသံထွက်ပြီလား၊ မထွက်သေးဘူး၊ စည်တီးတဲ့ တုတ်ကလေး လာရဦးမယ်၊ စည်တီးတဲ့ တုတ်ဆိုတာ အခု ဒီမှာကျတော့ အာရုံ ၆-ပါးလို့ ပြောမယ်။

.

 

အာရုံ ၆ ပါး

▬▬▬▬

                  

အာရုံဆိုတဲ့ စကားက ပါဠိသက် ဝေါဟာရပေါ့၊ ပါဠိက ‘အာရမ္မဏ’၊ ‘အာ’ ဆိုတာ လာရောက်ပြီး, ‘ရမ္မဏ’ ပျော်မွေ့တယ် ဆိုတဲ့ အဓိပ္ပါယ်၊ ပျော်မွေ့နေကြတယ်၊ အာရုံရှိရာကို သွားပြီး ပျော်မွေ့နေတယ် သို့သော်လည်း ဒါက တင်စားပြီးပြောတဲ့ စကားလုံးမျိုးတွေ metaphorical term လို့ခေါ်တယ်၊ အရပ်ထဲမှာလည်း ဒီလိုပဲ ပြောတာပဲ၊ တကယ်တော့ စိတ်က အာရုံဘက်ကို ထွက်သွားပြီး ပျော်မွေ့ နေတာ မဟုတ်ဘူး၊ စိတ်က အာရုံကို တွေးနေတာဟာ ပျော်နေတာပဲ၊ ကောင်းတဲ့ အာရုံပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့အာရုံပဲ ဖြစ်ဖြစ် အာရုံဆီ စိတ်ရောက်နေတာကို ပြောတာ။

                  

ဆိုပါစို့ - လူတစ်ယောက်ဟာ တစ်ခုခုကို မြင်ပြီးရင် စိတ်က အဲဒီမြင်ထားတဲ့ အာရုံဆီ ရောက်မနေ ဘူးလား၊ အသံလေးတစ်သံ ကြားလိုက်လို့ရှိရင် ကြားလိုက်တဲ့ အသံပေါ် အတွေးတွေ ရောက်မနေ ဘူးလား၊ အဲဒါကို “အာဂန္တာ ရမတိ ဇတ္ထာတိ အာရမ္မဏံ” စိတ်ကလေး လာရောက်ပြီး ပျော်မွေ့စရာ၊ လာရောက်ပြီး ကျက်စားစရာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖွင့်ဆိုတာ။

                  

တကယ် စိတ်က ထွက်သွားပြီး အာရုံဆီ သွားနေတာတော့ မဟုတ်ဘူးပေါ့၊ သို့သော် စိတ်နဲ့ အာရုံက တွေ့မနေဘူးလား၊ မျက်စိနဲ့ အဆင်း အာရုံလေး ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကလေးက ပေါ်လာတယ်၊ အဲဒီစိတ်ကလေး ဘယ်သူနဲ့ အလုပ်လုပ်နေလဲဆို မျက်စိနဲ့ အလုပ်လုပ်နေတာ မဟုတ်ဘူး၊ မျက်စိပေါ်မှာ ထင်လာတဲ့ အာရုံနဲ့ အလုပ်လုပ်တာ၊ အဲဒါကြောင့် သူ့ကို “အာဂန္တာ ရမတိ ဇတ္ထ” လို့ပြောတာ၊ အာရုံပေါ်မှာ သွားပျော်တာ၊ မျက်စိပေါ်မှာ ပျော်တာ မဟုတ်ဘူး။

                  

နားက အသံလေး ကြားလို့ရှိရင်လည်း အသံပေါ်မှာ သွားပျော်တာလား? နားပေါ်မှာ သွားပျော် တာလား? အသံပေါ်မှာ သွားပျော်တာ၊ နှာခေါင်းက အနံ့လေး ရလို့ရှိရင်လည်း နှာခေါင်းပေါ်မှာ သွားပျော်တာလား? အနံ့ပေါ်မှာ သွားပျော်တာ၊ အာရုံပေါ်မှာ သွားပျော်နေတယ် ဆိုတာ မထင်ရှားဘူးလား၊ လျှာက အရသာနဲ့ တွေ့ထိလို့ရှိရင် အရသာပေါ်မှာ စိတ်ကလေးက သွားတယ်-ခါးရင် ခါးတယ်, ချိုရင် ချိုတယ် စသည်ဖြင့် အရသာပေါ်မှာ သွားပျော်တာ၊ လူကို လာထိလို့ရှိရင် အေးရင် အေးတယ်, ပူရင် ပူတယ်, အတွေ့အထိကောင်းရင် ကောင်းတယ်, မကောင်းရင် မကောင်းဘူး, နုရင် နုတယ်၊ အာရုံပေါ်မှာပဲ သွားပျော်တာ၊ စိတ်ကူးလိုက်ပြီ ဆိုရင်လည်း အဲဒါတွေကို အခြေခံပြီးတော့ ကူးထားတဲ့ စိတ်ကူးတွေပဲ၊ စိတ်ဟာ စိတ်ထဲမှာ ပေါ်လာတဲ့ အာရုံတွေမှာပဲ သွားပျော်နေတာ မဟုတ်လား။

                  

ဒါကြောင့် အာရမ္မဏဆိုတဲ့ စကားလုံးဟာ ‘အာ’ လာရောက်ပြီး, ‘ရမ္မဏ’ ပျော်မွေ့စရာ၊ ဘယ်သူတွေ လာပြီး ပျော်နေတာတုန်းဆို စိတ်တွေလာပြီး ပျော်နေတာ၊ ‘အာရမ္မဏ’ ‘အာရုံ’ ဆိုတာ စိတ်ရဲ့ ပျော်မွေ့ရာလို့ အဓိပ္ပါယ်ရတယ်။

                  

နောက်တစ်ခုက ‘အာလမ္ဗဏ’ ဆိုတဲ့ စကားလုံးနဲ့ ရေးတာလည်း ရှိသေးတယ်၊ အဲဒါကျတော့ ‘ရ’ မဟုတ်ဘူး ‘လ’ နဲ့၊ အသုံးတော့ နည်းပါတယ်၊ ‘အာလမ္ဗဏ’ - ဆိုတာ ဆွဲကိုင်စရာ၊ အာရမ္မဏ ပစ္စယော ကိုဖွင့်တဲ့အခါကျတော့ စိတ်ကလေးက  သူ့ဟာသူ မဖြစ်နိုင်ဘူး၊ အာရုံလေးတစ်ခုနဲ့ တွေ့တဲ့အခါ အာရုံလေးကို မှီပြီးတော့ စိတ်အတွေးတွေ ပေါ်တာ ဖြစ်သောကြောင့် အားမရှိတဲ့လူသည် ကြိုးတန်းလေး ကိုင်ပြီး လမ်းလျှောက်ရသလို စိတ်ကလေးဟာ လည်းပဲ အဲဒီအာရုံပေါ်မှာ မှီပြီးတော့ လမ်းလျှောက်တယ် လို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ “အာလမ္ဗဏ” လို့ သုံးတယ်၊ ဘာပဲဖြစ်ဖြစ် စိတ်ကလေးရဲ့ ဆွဲကိုင်မှီတွယ်ရာလို့ အဓိပ္ပါယ် ပြောလို့ရတယ်။

                  

ကိုယ့်စိတ်ကလေးကို ဆင်ခြင် သုံးသပ်ကြည့်ပေါ့၊ စိတ်ကလေးက ပေါ်လာလို့ရှိရင် မျက်စိကမြင်ရင် အဆင်းအာရုံပေါ်မှာ သွားပြီး ပျော်နေတာလား? အဲဒီအပေါ်မှာ စိတ်ကလေးက မှီနေတာလား? နားက အသံကြားရင် ကြားတဲ့အသံပေါ်မှာ ပျော်နေတာလား?၊ သေချာစဉ်းစား ကြည့်လိုက်လို့ရှိရင် သဘာဝတရားဟာ မြင်သာ ထင်သာရှိတယ်။ အဲဒီလို စဉ်းစားတာကို contemplation အနုပဿနာ လို့ ခေါ်တယ်၊ အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတာ။ လက်တွေ့နဲ့ ဆင်ခြင်စဉ်းစား လိုက်လို့ရှိရင် ထင်ထင်ရှားရှား သိလာမယ်နော်၊ ဒါကို applied လုပ်တယ် ခေါ်တာပေါ့။

.

 

ဝတ္ထုနဲ့ အာရုံဆုံခြင်း

▬▬▬▬▬▬▬

                

ဝတ္ထုနဲ့ အာရုံ ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကလေးတွေ ပေါ်လာတယ်။ ဒါက အဓိက အကြောင်းတစ်ခုကို ပြောတာ။ ဒိပြင် အကြောင်းတွေလည်း ရှိသေးတယ်၊ အာရုံနဲ့ ဝတ္ထု ဆုံစည်းခြင်း သည် ဒါ common condition, common cause အားလုံးနဲ့ ဆိုင်တဲ့ အကြောင်းအရာတစ်ခု။

                  

အဲဒီတော့ ဘယ်စိတ်တွေ ဘယ်လို ပေါ်လာတာလဲ ဆိုတာကြည့်၊ ဥပမာ - မျက်စိနဲ့မြင်စရာ အာရုံလေးနဲ့ ဆုံလိုက်ပြီ ဆိုလို့ရှိရင် ပဉ္စဒွါရာဝဇ္ဇန်း ကစပြီး မြင်သိစိတ်တွေ ဖြစ်သွားတယ်၊ အမြင်အာရုံပေါ်မှာ ဖြစ်တဲ့စိတ်ကို စက္ခုဝိညာဏ် စိတ်လို့ ပြောတာ၊ သို့သော် အမြင်အာရုံပေါ်မှာ အလုပ်လုပ်တဲ့စိတ်က စက္ခုဝိညာဏ် စိတ် တစ်ခုတည်း မဟုတ်ဘူး၊ စက္ခုဝိညာဏ ဝီထိစိတ်တွေ အားလုံးဟာ အမြင် အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နားလည်အောင် ပြောရမယ် ဆိုရင် မျက်စိကို အမြင်အာရုံလေး လာဆုံလိုက်တာနဲ့ တစ်ပြိုင်နက် ထိုပေါ်လာတဲ့ အာရုံလေးကို တံခါးဖွင့်ပေးတဲ့စိတ်က ပဉ္စဒွါရာဇ္ဇန်းစိတ် attention လုပ်လိုက်တာ၊ Attention လုပ်ပြီးရင် ပျောက်သွားပြီ၊ သူ့တာဝန် ပြီးသွားပြီ။

                  

စိတ်တွေက အံ့သြစရာတော့ ကောင်းတယ်၊ စိတ်တစ်ခုနဲ့ တစ်ခု ပျက်သွားတာ မသိလိုက်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ မျက်စိကို အဆင်းအာရုံလေး လာပြီး ထိလိုက်တာနဲ့ တစ်ပြိုင်နက် ဖျတ်ကနဲဆို တံခါးဖွင့်ပေးလိုက်တာ၊ attention လုပ်လိုက်တာ၊ အဲဒီလို ဖွင့်ပေးလိုက်မှ စက္ခုဝိညာဏ်စိတ်က မြင်လိုက်တာ၊ မြင်ပြီး စက္ခုဝိညာဏ်စိတ်က ပျက်သွားတယ်၊ နောက် သမ္ပဋိစ္ဆိုင်းစိတ် ကနေ အာရုံ လက်ခံလိုက်တယ်၊ခံယူလိုက်တယ်၊ ခံယူပြီး ပျက်သွားတယ်၊ နောက် သန္တီရဏစိတ်က စုံစမ်းလိုက်တယ်၊ စုံစမ်းပြီး ပျက်သွားတယ်၊ ဝုဋ္ဌောစိတ် က အာရုံကို ပိုင်းခြား ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးတာနဲ့ ပျက်သွားတယ်။

                 

အဲဒီ အာရုံရဲ့ အရသာပေါ်မှာ တွေးပြီး သိနိုင်တာက ဇောစိတ် ဖြစ်တယ်၊ “ဇော” တောင်မှ ပထမအကြိမ်ဖြစ်တဲ့ ဇောတော့ မဟုတ်သေးဘူး၊ မနောဒါရမှာ ဆက်တိုက် လိုက်လာတဲ့ ဝီထိစိတ် တွေနဲ့မှ သိတာ၊ ပဉ္စဒွါရဝီထိကတော့ initialize လုပ်တာပဲ ရှိတယ်၊ ဘယ်လို နားလည်ရတုန်းဆို လျှပ်စစ်မီးမရှိတဲ့ နေရာတွေမှာ အင်ဂျင်စက် နှိုးရတယ် မဟုတ်လား၊ အင်ဂျင်စက် နှိုးလိုက်တဲ့အခါ generator လေးဟာ တစ်ပတ်ပြီးတစ်ပတ် အပတ်ပေါင်းများစွာ လည်ပြီးမှ မီးပွင့်လာတာ။

                  

အဲဒါလိုပဲ စိတ်လေး တစ်လုံးနှစ်လုံး ဖြစ်ရုံနဲ့ အာရုံကို မသိနိုင်ဘူး၊ repeatedly အကြိမ်ကြိမ် ဖြစ်တော့မှ သိတာ။ အဲဒါကြောင့် စိတ်တွေက အများကြီး ဖြစ်ရတာ၊ သိပ်လည်း မြန်တယ်၊ တစ်ခုတည်း လို့ ထင်ရလောက်အောင်ကို မြန်တယ်။ ကလေးငယ်တွေ မီးစကို ကိုင်ပြီး မြန်မြန်ရမ်းတဲ့အခါ ဘေးက ကြည့်တဲ့လူက မီးဝိုင်းကြီးလို့ ထင်ရတယ်၊ တကယ်တော့ မီးဝိုင်းကြီး မဟုတ်ဘူး၊ အချို့နေရာတွေမှာ လျှပ်စစ်မီးကို စက်ဘီးသဏ္ဍာန်မျိုး ဆင်ထားတာ ရှိတယ်၊ သွားနေတယ်လို့ ထင်ရတယ်၊ မဟုတ်ဘူး၊ တစ်ခုပြီးတစ်ခု တောက်နေတော့ လည်နေတယ်လို့ ထင်ရတယ်၊ တကယ်တော့ လည်နေတာ မဟုတ်ဘူး။ အဲဒါမျိုးလို illusion ဖြစ်သွားလောက်အောင် လျင်မြန်တဲ့ နှုန်းရှိတယ်။

                  

ဒီတော့ …

 

တံခါးဖွင့်ပေးတဲ့ attention စိတ် ပြီးသွားရင် မြင်တဲ့စိတ်၊

မြင်တဲ့စိတ်ပြီးရင် လက်ခံတဲ့စိတ်၊

လက်ခံတဲ့စိတ်ပြီးရင် စူးစမ်းတဲ့စိတ်၊

စူးစမ်းတဲ့စိတ်ပြီးရင် သတ်မှတ်တဲ့စိတ်၊

သတ်မှတ်တဲ့စိတ် ပြီးသွားတာနဲ့ တစ်ပြိုင်နက် အာရုံကို ခံစားတဲ့ ဇောစိတ်ဖြစ်တယ်၊

ဇောစိတ်တွေက ၇- ကြိမ်လောက် repeatedly ထပ်ဖြစ်ပြီးတဲ့ နောက်မှာ “တဒါရုံ” လို့ခေါ်တဲ့ အာရုံကို စမြုံ့ပြန်တဲ့ စိတ်မျိုးပေါ့၊

 

အဲဒါကို ဆက်ခံတဲ့ စိတ်မျိုးပေါ့ retentive အင်္ဂလိပ်လို၊ အချို့ကတော့ registration လို့ ပြန်တယ်၊ ဒီမှာတော့ retentive ဆိုတဲ့ အဓိပ္ပါယ်က ပိုပြီးနီးစပ်တယ်၊ ဇောရဲ့ အရှိန်နဲ့ လိုက်သွားတဲ့ အကျိုးစိတ်ပဲ၊ အမှန်တော့ ဘဝင်စိတ်ကိုပဲ ပြောတာ၊ “ပိဋ္ဌိဘဝင်္ဂ” ခေါ်တယ်၊ အဲဒီလို စိတ်တွေ ဖြစ်သွားလို့ရှိရင် ခုနက အာရုံရဲ့သက်တမ်း က ကုန်သွားပြီ။ မျက်စိနဲ့ဆုံတဲ့ ရူပါရုံသက်တမ်းက ကုန်ပြီ။

                  

ဥပမာ-မျက်စိနဲ့ ဆုံလိုက်တဲ့ ရူပါရုံလေးဟာ သူ့ရဲ့သက်တမ်း ရှိတယ်၊ မဆုံမီက ရူပါရုံရဲ့ သက်တမ်းကို ပြောတာ မဟုတ်ဘူး၊ မျက်စိနဲ့ လာဆုံတဲ့ ရူပါရုံ ပန်းပွင့်လေးရဲ့ သက်တမ်းဟာ ဘယ်လောက်ရှိတုန်း၊ စိတ် ၁၇-ချက်နဲ့ ညီမျှတဲ့ သက်တမ်းရှိတယ်၊  စိတ် ၁၇-ချက် ပြည့်ရင် သူရဲ့ သက်တမ်းကုန်ပြီ၊  ပန်းအိုးထဲမှာ ရှိတဲ့ ပန်းကိုပြောတာ မဟုတ်ဘူးနော်၊ နောက်ထပ် ထပ်ကြည့်, နောက်ထပ် ထပ်မြင်တာ၊ တစ်ခါမြင်တဲ့ ရူပါရုံရဲ့ သက်တမ်းက အဲဒီလောက်ပဲရှိတယ်၊ တစ်နာရီ စိုက်ကြည့်လည်း သူရဲ့ သက်တမ်းဟာ ဒီလိုပဲသွားနေမှာပဲ၊ သူရဲ့ သက်တမ်းက ၁၇-ချက်၊ ခဏငယ်နဲ့ ဖြစ် တည် ပျက်နဲ့ ပြောမယ်ဆိုရင် ၅၁-ချက်။

                  

အဲဒီလို သက်တမ်း ကုန်တာနဲ့ နောက်ထပ်မြင်တာ နောက်ထပ်မှတ်, နောက်ထပ် မြင်တာ နောက်ထပ် မှတ်၊ ဒီလို အာရုံနဲ့ ဝတ္ထု ဆုံစည်းတာကို အကြောင်းပြုပြီး စိတ်ဆိုတာ ဖြစ်ပေးလာရတာတဲ့။ ထာဝရရှိနေတဲ့ အရာ မဟုတ်ဘူး၊ ဆိုပါစို့ - မျက်စိပိတ်ထားရင် မြင်သိစိတ် ဖြစ်ရဲ့လား၊ နားက  အသံမကြားရင် ကြားသိစိတ် ဖြစ်ရဲ့လား၊ မဖြစ်ဘူး၊ ဖြစ်တယ်ဆိုရင် နားထဲမှာပဲ အမြဲကြားနေမှာပေါ့၊ ရှိနေတယ် ဆိုရင် ဒီအသိစိတ်လေးဟာ အမြဲတမ်း သိနေမှာပေါ့၊ အဲဒီလို သိနေတာမှ မရှိဘဲ၊ နှာခေါင်းက အနံ့မရဘဲ နံသိစိတ်ဆိုတာ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။

                  

ကောင်းပြီ၊ မျက်စိနဲ့ ရူပါရုံ ဆုံလိုက်လို့ မြင်သိစိတ်လေး ဖြစ်လာတယ်ဆိုတာ အဲဒီ မြင်သိစိတ်လေးဟာ ဘယ်နေရာက ဖြစ်လာသလဲဆိုရင် မျက်လုံးက ဖြစ်တာ၊ အရပ် ပြောပြောရင် မျက်လုံးထဲက ဖြစ်တာ၊ စက္ခုဝတ္ထုကို မှီပြီးဖြစ်တယ်လို့ ပြောတာနော်၊ ရူပါရုံက ဖြစ်လာလားဆို မဟုတ်ဘူး၊ အဆင်းအာရုံနဲ့ ဝတ္ထု ဆုံလိုက်တဲ့အခါမှာ မြင်သိစိတ်လေး ပေါ်လာတယ်၊ အဲဒီ မြင်သိစိတ်လေးသည် ဘယ်နေရာက ပေါ်လာ တုန်းဆို ဟောဒီ စက္ခုဝတ္ထုက ပေါ်လာတယ်လို့ ပြောတာ၊ စက္ခုဝတ္ထုကို မှီပြီးဖြစ်တာ၊ ဘာကြောင့် အဲဒီလို ပြောလဲဆို မျက်စိကန်းနေရင် မြင်သိစိတ် မလာတော့ဘူး၊ အမှီမရှိရင် မဖြစ်ဘူးလို့ ပြောတာ။

                  

ကြားသိစိတ်လေးကလည်း သောတပသာဒကို မှီပြီးဖြစ်တယ်၊

နံသိစိတ်လေးကလည်း ဃာနပသာဒကို မှီပြီးဖြစ်တယ်၊

လျက်သိစိတ်လေးကလည်း ဇိဝှါပသာဒကို မှီပြီးဖြစ်တယ်၊

ထိသိစိတ်ကလည်း ကာယပသာဒကို မှီပြီးဖြစ်တယ်။

ကျန်တဲ့စိတ်တွေက ဘာကိုမှီပြီး ဖြစ်တုန်းဆို ဟဒယဝတ္ထုကို မှီပြီးဖြစ်တယ်၊

ဘာဖြစ်လို့တုန်းဆို သူတို့က မျက်စိမြင်တာနဲ့လည်း မဆိုင်ဘူး၊ နားနဲ့ ကြားတာနဲ့ လည်း မဆိုင်ဘူး၊ ဆက်ပြီးတော့ တွေးတဲ့အတွေးတွေ၊ မြင်သိစိတ်ဖြစ်တာဟာ မျက်စိကပဲ ဖြစ်နိုင်တာ၊

 

‘စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထုကို မှီ၏’ လို့ ဒီလို အဘိဓမ္မာ သင်တဲ့လူတွေ သင်ရတာ၊ applied လုပ်ရတာ၊ ဝတ္ထုရုပ် ၆-ပါးမှာ -

 

‘စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထုကို မှီ၏၊

သောတဝိညာဏ်စိတ်သည် သောတဝတ္ထုကို မှီ၏၊

ဃာနာဝိညာဏ်စိတ်သည် ဃာနဝတ္ထုကိုမှီ၏၊

ဇိဝှါဝိညာဏ်စိတ်သည် ဇိဝှါဝတ္ထုကို မှီ၏၊

ကာယဝိညာဏ်စိတ်သည် ကာယဝတ္ထုကို မှီ၏’၊

 

လို့ ဒီလိုပြောတာ။

                  

ဖြစ်ပေါ်တဲ့နေရာကို ရည်ညွှန်းတာနော်၊ စည်သံလေး ဘယ်က ဖြစ်တုန်းဆို စည်က ဖြစ်တာ၊ စောင်းသံလေး ဘယ်က ဖြစ်တုန်းဆို စောင်းကြိုး စောင်းအိုးက ဖြစ်တာ၊ လက်ကလာတာ မဟုတ်ဘူး၊ တုတ်ကလာတာ မဟုတ်ဘူးလို့ ဒီလိုဆိုလိုတာ၊ ပန်းပွင့်လေးကို မြင်လို့ မြင်သိစိတ်လေးဆိုရင် ပန်းပွင့်က ဖြစ်လာတာ မဟုတ်ဘူး၊ အဲဒီတော့ ခုနကပြောတာနဲ့ ရောမသွားနဲ့၊ ခုနက ပြောတာ ဒီစိတ်ကလေးဟာ မျက်စိထဲမှာ ရှိနေတာ မဟုတ်ဘူး၊ သို့သော် ဖြစ်တဲ့အခါကျတော့ မျက်စိကို မှီပြီး ဖြစ်တာ၊ ဒီလိုပြောတာ။

                  

ဆိုပါတော့ - စည်သံသည် စည်ထဲမှာ ရှိတာ မဟုတ်ဘူး၊ သို့သော် တုတ်နဲ့ရိုက်လိုက်၊ တီးလိုက်တဲ့ အခါမှာ အသံထွက်လာတယ်၊ အဲဒီအသံသည် စည်ကို မှီပြီးတော့ ဖြစ်တာ၊ စည်မပါဘဲ အဲဒီအသံ ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ သို့သော် စည်ထဲမှာ ရှိနေတာလား ဆိုတော့ မရှိဘူး၊ ဒီလိုပြောရမယ်။

                  

စက္ခုဝိညာဏ်စိတ်သည် စက္ခုပသာဒရုပ်မှာ ရှိနေတာလား ဆိုရင် မရှိဘူး၊ ရူပါရုံနဲ့ ဆုံမိတဲ့အခါမှသာ ပေါ်လာတာ၊ ပြီးရင် ပျက်သွားတာ၊ သောတဝိညာဏ်စိတ်ဟာလည်း အသံနဲ့ နား ဆုံလိုက်တဲ့အခါ ဘွားကနဲ့ ပေါ်လာတာ၊ ပြီးရင် ပျက်သွားတာ၊ ဃာနဝိညာဏ်ဟာလည်း ထို့အတူပဲ နှာခေါင်းနဲ့ အနံ့၊ ဇိဝှါဝိညာဏ်စိတ်ကလည်း အရသာနဲ့ လျှာ၊ ကာယဝိညာဏ်စိတ်ကလည်း ဖောဋ္ဌဗ္ဗာရုံနဲ့ ကိုယ် ဆုံလိုက်တဲ့အခါ ပေါ်လာတာ။

                  

သို့သော် ဒီနေရာမှာ သတိထားရမှာက မှီဖြစ်ရာကိုသာ ဝတ္ထုရုပ် ၆-ပါးလို့ ပြောတာ၊ ဆုံစည်းတာ ကိုတော့ ဟဒယဝတ္ထုနဲ့ ဓမ္မာရုံ ဆုံတယ်လို့ မပြောဘူး၊ ‘မနဉ္စ ဓမ္မဉ္စ ပဋိစ္စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ’ ဟောတဲ့အတိုင်း မနနဲ့ ဆုံတယ်လို့ ပြောရမယ်၊ ဟဒယနဲ့ ဆုံတယ်လို့ မပြောဘူး၊ ဒါကို သတိထားရမယ်။

                  

အာယတန ၆-ပါး ရေတွက်တဲ့အခါ internal, external အတွင်း အာယတန ၆-ခု, အပြင် အာယတန ၆-ခု၊ အဲဒီ အတွင်း အာယတ ၆-ခုလို့ ပြောတဲ့အခါမှာ စက္ခု၊  သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန၊ ဒီမှာ ဟဒယ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲလို့ မေးရင် နှလုံးသားသက်သက်က စိတ်ကို ဖြစ်စေနိုင်တဲ့ အနေအထား မရှိဘူး၊ အားလုံးဟာ ဘဝင်စိတ်ဆိုတဲ့ အခြေခံစိတ် မရှိရင် စိတ်ဆိုတာ မပေါ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ကို ထင်ရှားစေတယ်၊ ဒါကြောင့်မို့ အဋ္ဌသာလိနီ အဋ္ဌကထာမှာ “အာရုံတစ်ခုဟာ တံခါး နှစ်ပေါက်စီမှာ အမြဲတမ်း ထင်တယ်လို့ဆိုတာ”။

                  

ဆိုပါစို့ - ဝတ္ထုရုပ် ၆-ပါး ရှိသလို ဒွါရလည်း ၆-ပါး ရှိတယ်၊ တံခါး ၆-ခု ရှိတယ်၊ အဲဒီတံခါးဟာ စိတ်ရဲ့ တံခါးလို့ ပြောလို့ရပေမယ့် ပိုပြီး သဘာဝ ကျတာတော့ အာရုံရဲ့တံခါးလို့ ပြောရမယ်၊ အာရုံဝင်တဲ့ တံခါး ၆-ခု ရှိတယ်၊ ဆိုပါစို့ -

 

ရူပါရုံဝင်လာတဲ့ တံခါးပေါက်က စက္ခုပသာဒ၊

အသံရဲ့ ဝင်ရာတံခါးပေါက်က သောတ၊

အနံ့ဝင်ရာတံခါးပေါက်က ဃာန၊

အရသာရဲ့ ဝင်ရာ တံခါးပေါက်က ဇိဝှါ၊

ဇောဋ္ဌဗ္ဗာရုံရဲ့ ဝင်ပေါက်က ကာယ၊

ကျန်တဲ့ အာရုံဝင်ရာ တံခါးပေါက်က ဘဝင်စိတ်၊

 

ဘဝင်စိတ်ကို ‘မန’ လို့သုံးတယ်၊ ဒါကြောင့်မို့ ကျမ်းစာတွေမှာ မနောဒါရ mind door စိတ်တံခါးဆိုတာ ဘဝင်စိတ်ကို ပြောတာပါတဲ့။

                  

ဒီတော့ စိတ်ဖြစ်လာဖို့ လိုအပ်တဲ့ အခြေအနေတွေကို ပြောရမယ်ဆိုရင် ဝတ္ထုရုပ် ၆-မျိုးကို လေ့လာရမယ်၊ အာရုံ ၆-မျိုးကို လေ့လာရမယ်၊ ပြီးတော့ ဒွါရ ၆-မျိုးကို လေ့လာရမယ်၊ အဲဒီ ဝတ္ထုရယ် အာရုံရယ် ဒွါရကနေပြီး ဆက်သွယ်မိသွားပြီ ဆိုရင် ခုနက စိတ်ကလေးတွေ ပေါ်လာတာ။

                  

ဆိုပါစို့ - ရူပါရုံဆိုတဲ့ အာရုံသည် eye door ကနေ ဝင်လာပြီး စက္ခုဝတ္ထုကို လာထိခိုက်တယ်၊ အဲဒီအချိန်မှာ စက္ခုဝိညာဏ်စိတ် ပေါ်လာတာ၊ ထိုရူပါရုံနဲ့ အလုပ်လုပ်တဲ့ စိတ်တွေလည်း ပေါ်တယ်ပေါ့၊ ထို့အတူပဲ အသံက ear door ကနေ ဝင်လာပြီး သောတပသာဒကို လာထိခိုက်တယ်၊ ထိခိုက်တဲ့အခါ သောတဝိညာဏ်စိတ် ပေါ်လာတယ်၊ အဲဒီအတိုင်း အနံ့က ဃာနပသာဒကို လာထိခိုက်လို့ ဃာနဝိညာဏ်စိတ် ဖြစ်ပေါ်လာတယ်၊ အရသာက ဇိဝှါပသာဒကို လာထိခိုက်လို့ ဇိဝှါဝိညာဏ်စိတ် ဖြစ်ပေါ်လာတယ်၊ ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒကို လာထိခိုက်လို့ ကာယဝိညာဏ်စိတ် ဖြစ်ပေါ် လာတယ်။

                  

နောက် ဟဒယဝတ္ထုနဲ့ ပတ်သက်တာကျတော့ မျက်စိနဲ့ မြင်တာလည်း မဟုတ်ဘူး၊ နားက ကြားတာလည်း မဟုတ်ဘူး၊ နှာခေါင်းက အနံ့ရတာလည်း မဟုတ်ဘူး၊ စိတ်သက်သက်နဲ့ တွေးပြီးတော့ယူတာ၊ ရှိတာလည်း ဖြစ်တယ်, မရှိတာလည်း ဖြစ်တယ်၊ တွေးယူတာဆိုတော့ အရှိချည်းပဲ မဟုတ်ဘူး၊ မရှိတာလည်း တွေးတောတာပဲလေ၊ မနက်ဖြန်မရှိဘူး၊ မနက်ဖြန်အကြောင်း တွေးလို့ မရဘူးလား၊ မနက်ဖြန် အကြောင်းကို မရှိသေးပေမယ့် မနက်ဖြန် ဘယ်သူလာမယ်ဆို တွေးပြီးလုပ်လို့ရတာပဲ၊ သို့သော် လာချင်မှ လာမှာပေါ့၊ မနက်ဖန် အကြောင်းလည်း တွေး, ဟိုနောက်နှစ် အကြောင်းလည်း တွေးလို့ရတာပဲလေ၊ အဲဒီလို တွေးတောတွေကျတော့ mind door ကနေ ဝင်လာတာ၊ mind door က ဝင်ပြီး စိတ်ဖြစ်တာကတော့ ခုန ဟဒယ ကနေ ဖြစ်တာ၊ ဟဒယကို မှီပြီးတော့ စိတ်ကဖြစ်တယ်။

                  

အဲဒါကြောင့်မို့လို့ ဒွါရ ၆-ပါးမှာ မနောဒွါရ ပါတယ်၊ ဝတ္ထုရုပ်ကျတော့ မနောဒွါရ မပါဘူး၊ အာရုံ ၆-ပါး, ဝတ္ထုရုပ် ၆-ပါး၊ အဲဒါတွေ ပေါင်းဆုံလိုက်တဲ့အခါ စိတ်ကလေး ဖြစ်လာတာပါလို့ - အဲဒါ စိတ်ဖြစ်ပေါ်လာပုံပဲ၊ အကျဉ်းအားဖြင့် စိတ်ဖြစ်ပေါ်လာပုံကို သိသာမြင်သာအောင် ပြောပြတာ။

                  

ဒီတော့ ဘဝင်စိတ်ဆိုတဲ့ အခြေခံစိတ်ကလေး မရှိဘဲနဲ့ ကျန်တဲ့စိတ်တွေ မဖြစ်ဘူး၊ အဋ္ဌသာလိနီ အဋ္ဌကထာမှာ အာရုံတွေဟာ ဆိုပါစို့ - မျက်စိက မြင်ရတဲ့ အဆင်းအာရုံသည် တံခါးနှစ်ခုမှာ တစ်ပြိုင်နက်တည်း ထင်လာတယ်၊ နှစ်ခုဆိုတာ eye door ကိုလည်း ရောက်လာတယ်၊ mind door ကိုလည်း ရောက်လာတယ်၊ ဘဝင်လှုပ်တယ် ဆိုတာ အဲဒါကြောင့် ပြောတာ၊ အာရုံတစ်ခုဟာ ဒွါရ နှစ်ခုကနေ ဝင်လာတယ်၊ ဝင်ပေါက်မရှိဘဲနဲ့ ဘယ်လိုလုပ်မှ ဝင်လို့မရဘူး ဟုတ်ရဲ့လား၊ ဝင်ပေါက်ဆိုတာ ရှိတယ်၊ လူ့ခန္ဓာကိုယ်မှာလည်း ထို့အတူပဲ၊ အာရုံက ဝင်ပေါက်တွေက ဝင်လာတဲ့အခါ အာရုံဝင်လာသည့်အတွက်ကြောင့် အပြင်ဘက်နဲ့ အတွင်းဘက် ဆက်သွယ်ရမယ်၊ ဆိုပါတော့ - အိမ်အပြင်ဘက်ကလူ အိမ်ထဲရောက်ချင်ရင် တံခါးကို အသုံးမပြုရဘူးလား၊ ပြုရတယ်၊ တံခါးပေါက်ကပဲ ဝင်ရမယ်၊ အဲဒီလိုပဲ အာရုံဆိုတဲ့ အပြင်ကအရာ အိမ်ထဲကို ဝင်လာတယ်ဆိုရင်  ဒီတံခါးကပဲ ဝင်ရမှာပဲ၊ မျက်စိက မြင်လိုက်တဲ့ အဆင်းအာရုံလေး တစ်ခုသည် eye door မှာလည်း ပေါ်လာတယ်၊ mind door မှာလည်း ပေါ်လာတယ်၊ မျက်စိကိုလည်း ထိရမယ်၊ ဘဝင်စိတ်ကိုလည်း ထိရမယ်၊ အဲဒီ နှစ်ခုရှိမှ၊ တစ်ပြိုင်နက် ဖြစ်လာလို့ ဘဝင်စိတ်ဟာ ပြတ်သွားတယ် ဆိုတာ အဲဒါကြောင့် ပြတ်သွားတာတဲ့။

                  

ဘုန်းကြီးတို့ မနှစ်ကတုန်းက မလေးရှားမှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက သင်တန်းသားထဲ Bulgaria ဘုန်းကြီးတစ်ပါး ပါတယ်။ ထူးထူးခြားခြားပဲ၊ Bulgaria ဆိုတာ ကြားဖူးကြလိမ့်မယ်၊ Romania တို့၊ Bulgaria တို့ဆိုတာ အရင်တုန်းက ကွန်မြူနစ် နိုင်ငံတွေပေါ့၊ သူ့စကားက တော်တော် နားထောင်ရ ခက်တယ်၊ အသံက ကုလားသံနဲ့တူတယ်၊ သူက ခေတ်သိပ္ပံနည်းအရ ဒီအာရုံကနေပြီး မြင်သိစိတ် ဖြစ်လာပုံအထိ ဆက်သွယ်ပုံကို  ကွန်ပြူတာနဲ့ပြတာ၊ လူ့ရဲ့ မျက်စိမှာ ရှေ့က မြင်စရာ အာရုံလေး ဝင်လာနဲ့ တစ်ပြိုက်နက် မျက်လုံးထဲလေးတင် မဟုတ်ဘူး, သူက အာရုံကြောကနေ သွားပြီး ဦးနှောက် နောက်ဘက်ထဲထိ ရောက်အောင်သွားတယ်၊ နောက်စေ့နားမှာ အကွက်တစ်ကွက် ရှိတယ်၊ အဲဒီ အကွက်ထိအောင် အလင်းတန်းလေးက သွားတယ်၊ အဲဒီရောက်မှ မြင်တာတဲ့၊ ဒီကြားထဲမှာ block ဖြစ်နေရင် မမြင်ရဘူး၊  သြော် mind door ဆိုတာ အဲဒါများ ဖြစ်နေမလားလို့ ဘုန်းကြီးတို့ စဉ်းစားကြည့်တယ်၊ ဒီကြားထဲ ပိတ်နေလို့ရှိရင် မြင်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊  မျက်စိ ကတော့ အကောင်းကြီး၊ သို့သော် သွားတဲ့ အာရုံကြောလေးက တစ်နေရာရာမှာ ဥပမာ - နားထင်လောက် ပိတ်နေတယ်ဆိုရင် အဲဒီလူဟာ မြင်တယ်လို့ မပြောဘူး၊ မျက်စိကတော့ အကောင်း, ဒါပေမဲ့ မမြင်ဘူး၊  မျက်စိကနေ ဝင်လာတဲ့ အလင်းတန်းလေးဟာ လူရဲ့နောက်စေ့နားမှာ ခေါင်းနောက်ပိုင်း သွားပြတယ်၊ အဲဒီကျ မှ မြင်တယ်ဆိုတာ ဖြစ်တယ်။ ဒါ သိပ္ပံနည်းက ပြောတာ။

                  

ဒီတော့ သိပ္ပံနည်းနဲ့ မြတ်စွာဘုရား ဟောထားတာတွေ အင်မတန်မှ ကိုက်ညီတယ်။ သူတို့ဟာက ရုပ်ကိုတော့  ရှာလို့ တွေ့နိုင်တယ်ပေါ့၊ နာမ်တရားကိုတော့ မြတ်စွာဘုရား လို ဘယ်လိုလုပ် ရှာလို့တွေ့မလဲ၊ ရုပ်တောင်မှ သူတို့ရှာတွေ့ရင် အတုံးအခဲပဲ တွေ့မယ်၊ အသေးစိတ်ကို တွေ့ဖို့ မလွယ်ဘူးပေါ့၊ ရုပ်တောင်မှ အကုန်တွေ့ဖို့ မလွယ်ဘူး။

                  

မြတ်စွာဘုရားကျတော့ analyze လုပ်တဲ့နေရာမှာ အကြွင်းအကျန် မရှိအောင် analyze လုပ်နိုင်တာ၊ အဲဒီလို စွမ်းရည် သတ္တိချင်းတော့ မတူဘူးပေါ့၊ နာမ်ဆိုတာ ကျတော့ သူတို့ Psychology ဆိုတာ တကယ့် Psychology မှ မဟုတ်တာ။

                  

ဘုန်းကြီးတို့ဆီ လာလာပြီးတော့ မသိတာလေးတွေ မေးနေတဲ့, ယခု ရန်ကုန်မှာနေတဲ့ ပြင်သစ်လူမျိုး မစ္စတာဖလောရင့်ဆိုတာ တစ်ခါတုန်းက လျှောက်တယ်၊ အဘိဓမ္မာကို Psychology လို့ ပြန်တာ သူက သဘောမကျဘူး၊ ဘာလု့ိလဲဆိုတော့ Psychology ဆိုတာ ဘာမှ မပါဘူးတဲ့၊ Psychology ဆိုတာ ဘာမှ မဟုတ်ဘူး၊ ဒီအဘိဓမ္မာက အလွန်လေးနက်တာ Psychology မဟုတ်ဘူးတဲ့၊ သူက အဲဒီလို ပြောသွားတယ်။

                  

နယ်သာလန်နိုင်ငံမှာ သင်တန်းသွားပို့ချတုန်းက မစ္စတာဟင့်ခ် ဆိုတဲ့ ပါမောက္ခ တစ်ယောက် သင်တန်း လာတက်တယ်၊ သူ့အဖေက Psychologist ၊ Psychology ပါမောက္ခကြီး၊ သူငယ်ငယ်တုန်းက သူ့အဖေက ပြောဖူးတယ်၊ “စာမျက်နှာ တစ်ထောင်လောက်ရှိတဲ့ Psychology နဲ့ ပတ်သက်တဲ့ စာအုပ်ကြီးမှာ Psychology အကြောင်းရေးထားပေမယ့် ဣဿာ ဆိုတဲ့ jealousy အကြောင်း ရေးထားတာ မတွေ့ရဘူး” တဲ့။

                  

ဒီတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတာက အလွန်ပြီးပြည့်စုံတယ်၊ လူ့ရဲ့သဘာဝ အရေးကြီး တာတွေ၊  လူ့ခန္ဓာကိုယ်ထဲက ဖြေရှင်းပစ်ရမယ့် purify လုပ်ပစ်ရမယ့် သန့်ရှင်းပစ် ရမယ့် စိတ်ရဲ့ အညစ်အကြေး တွေကို မချန်ခြွင်းအောင် ဟောထားတာ။ အဲဒီ ညစ်နွမ်းနေတဲ့ စိတ်ရဲ့ အင်အားစု တွေကိုလည်း ဖယ်ရှားပစ်ဖို့အတွက် ဖြူစင်စေနိုင်တဲ့ စွမ်းအားတွေကိုလည်း မြတ်စွာဘုရားက ထည့်ပြီး ပြည့်ပြည့်စုံစုံ ဟောထားတာ။

 

ဒါကြောင့် စိတ်ဖြစ်ပုံနှင့် စပ်၍ စိတ်ဟာ ဘယ်လိုဘယ်ပုံ ဖြစ်လာသလဲ၊ စိတ်ဟာ အရှိတရားလား အဖြစ်တရားလားလို့ ဆိုရင် အဖြစ်တရားပါ, အကြောင်းတရား ကြောင့် ဖြစ်တာပါ၊ ဘာ့ကြောင့် ဖြစ်တာတုန်းဆိုတော့ အခုပြောခဲ့တယ် - ဝတ္ထုနဲ့အာရုံ ဆုံစည်းမိလို့ ဖြစ်တယ်၊ ဝတ္ထုနဲ့အာရုံက ဘယ်လိုလုပ် ဆုံမိလဲဆိုရင် door ကနေ ဝင်လာတာ, တံခါးခြောက်ပေါက်ကနေ ဝင်လာတာ၊ ဆိုင်ရာ ဆိုင်ရာ တံခါးပေါက် ကနေ ဝင်လာပြီး ဆုံစည်းပြီး စိတ်ဖြစ်ပေါ်တာဆိုတာ ဘုန်းကြီးတို့ ဒီနေ့ အကြမ်းဖျဉ်း အားဖြင့် ဟောပြော ပြသခြင်း ဖြစ်ပါတယ်။

                  

အဲဒီမှာ အသေးစိတ် သိဖို့ကတော့ ဆိုင်ရာဆိုင်ရာ အဘိဓမ္မာကျမ်းတွေ လေ့လာဖို့ လိုပါတယ်၊ ဆိုပါစို့ - ရူပါရုံကို အာရုံပြုတဲ့ စိတ်က ဘယ်လောက်ရှိသလဲ, သဒ္ဒါရုံကို အာရုံပြုတဲ့စိတ်က ဘယ်လောက်ရှိသလဲ စသည်ဖြင့်၊ အာရုံ ၆-ပါးဆိုတာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗရုံ၊  ကျန်အာရုံ အားလုံးသည် ဓမ္မာရုံလို့ ခေါ်တယ်၊ ဓမ္မာရုံဆိုတာ ကျန်တဲ့အာရုံတွေကို အကုန်လုံးပေါင်းပြီး ဓမ္မဆိုတဲ့ စကားလုံးကို ဆိုလိုက်တာ။

                  

“ဓမ္မ” ဆိုတဲ့ စကားလုံးကို ဘာလို့ သုံးသလဲဆို ‘သတ္တဝါ မဟုတ်ဘူး’  ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ လူတွေထင်နေတဲ့ “ဇီဝ” ဆိုတာ မဟုတ်ဘူး၊ “သတ္တ” ဆိုတာ မဟုတ်ဘူး၊ တကယ့် nature, the  law of nature ဓမ္မဆိုတဲ့ စကားလုံးကို အဲဒီ အဓိပ္ပါယ်နဲ့သုံးတာ၊  မြတ်စွာဘုရားက လောကမှာ ရှိတဲ့ သတ္တဝါတွေဟာ ကိုယ့်ကိုယ်ကို သတ္တသညာ မပျောက်ဘူးတဲ့၊ illusion ဖြစ်နေကြတယ်၊ တကယ် သတ္တဝါလို့ ထင်နေကြတယ်၊ အဲဒါတွေ ပျောက်စေရန်အတွက် မြတ်စွာဘုရားက “ဓမ္မ” ဆိုတဲ့ စကားလုံးကို သုံးတယ်၊ “ဓာတု” ဆိုတဲ့ စကားလုံးကို သုံးတယ်၊ ဓာတု ဆိုတာ တကယ့်ကို သူ့သဘာဝအတိုင်း သူဆောင်တဲ့အရာ၊ ထင်နေတဲ့ သတ္တဝါဆိုတာ မဟုတ်ဘူး၊ အသက် ဆိုတာ မဟုတ်ဘူး၊  ခိုင်မြဲတဲ့အရာဆိုတာ မရှိဘူး ဆိုတာကို ထင်ရှား ပေါ်လွင်စေလိုလို့ သုံးတယ်။

                  

ခုနက ဓမ္မာရုံလို့ ပြောတဲ့ အာရုံတွေဟာလည်း သဘာဝအာရုံတွေ အားလုံး၊ စိတ်နဲ့သိလို့ရတဲ့ အာရုံတွေ အားလုံး၊ ရှိတာရော  မရှိတာရော အကုန်လုံးကို ဓမ္မာရုံလို့ ခေါ်တယ်။

 

မျက်စိနဲ့ မြင်ရတာက ရူပါရုံ၊

နားနဲ့ ကြားရတာက သဒ္ဒါရုံ၊ 

နှာခေါင်းနဲ့ နံတာက ဂန္ဓာရုံ၊

လျှာနဲ့ လျက်သိတာက ရသာရုံ၊

ခန္ဓာကိုယ်နဲ့ ထိပြီးတော့ သိတာက ဖောဋ္ဌဗ္ဗာရုံ၊

ကျန်အာရုံတွေ မှန်သမျှဟာ အခုပြောခဲ့တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တို့နဲ့ ဆက်သွယ်မှုမပြုဘဲနဲ့ စိတ်နဲ့ သိရတယ်၊ အဲဒါတွေ အားလုံးကို ဓမ္မာရုံလို့ ခေါ်တာ၊

 

အာရုံ ၆-ပါး ဝတ္ထုရုပ် ၆-ပါး ဒွါရ ၆-ပါး ဆုံမိခြင်းကြောင့် စိတ်ဖြစ်တယ်။ အကြောင်း တရားကို အမှီပြုပြီး စိတ်ဖြစ်တယ်ဆိုတာကို အကျဉ်းချုပ် perspective view အနေနဲ့ ဘုန်းကြီးတို့ ဟောကြားတာ ဖြစ်ပါတယ်။

                  

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် စိတ်ဆိုတဲ့ သဘာဝတရားဟာ အဖြစ်တရားသာ ဖြစ်တယ်၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်သည် ဆိုင်ရ ဆိုင်ရာ အကြောင်းတရားတွေက မမြဲသလို ဖြစ်ပေါ်လာတဲ့  စိတ်လေးဟာလည်း မမြဲဘူးလို့ဆိုတဲ့ ဓမ္မအသိဉာဏ်ကို ကိုယ်စီ ကိုယ်စီ ရရှိအောင် ကြိုးစားနိုင်ကြပါစေသတည်း။


Related Posts