အဘိဓမ္မာမြတ်ဒေသနာ (ဒုတိယတွဲ) - အခန်း (၃)

 



“အခန်း - ၃”

 

စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬

 

ဘုန်းကြီးတို့ စိတ်ဖြစ်ပုံကို လေ့လာခဲ့ကြပြီ၊ စိတ်ဆိုတာ အဖြစ်တရား၊ အာရုံနဲ့ ဝတ္ထုတို့ ပေါင်းဆုံ မှုကြောင့်  စိတ်တွေ ဖြစ်ပေါ်လာတယ်၊ အဲဒီလို ဖြစ်ပေါ်လာပြီးနောက် စိတ်တွေဟာ ဘာနဲ့ စခန်း သွားနေသလဲဆိုရင် အာရုံနဲ့ စခန်းသွားနေတယ်။ ဒီလို အာရုံနဲ့ စခန်းသွားတဲ့နေရာမှာ စိတ်တစ်မျိုးစီ တစ်မျိုးစီမှာ ဆောင်ရွက်တဲ့ ကိစ္စတွေ လည်း ကွဲပြားခြားနားမှုတွေ ရှိတယ်။ အဲဒီ အကြောင်းကို ဒီကနေ့ လေ့လာရမယ် “စိတ်ရဲ့အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ” တဲ့။

                  

စိတ်လို့ ဆိုလိုက်ရင် အဘိဓမ္မာ သင်ထားတဲ့ ပုဂ္ဂိုလ်တွေက စိတ် ၈၉-မျိုး, အကျယ် ၁၂၁၊ စေတသိက် - ၅၂ ဆိုတာ သဘောပေါက်ပြီးသား ဖြစ်သွားပြီ။ ဒီနေရာမှာ စိတ် -၈၉ စေတသိက်- ၅၂ … အားလုံးကို ရည်ညွှန်းပြီးတော့ စိတ်ရဲ့အာရုံများလို့ ပြောတာ၊ အာရုံနဲ့ ဝတ္ထု ပေါင်းဆုံလိုက်သည့် အတွက်ကြောင့် လူတွေရဲ့သန္တာန်မှာ မှီရာဝတ္ထု ရုပ်ကနေပြီးတော့ စိတ်တွေဖြစ်ပေါ် လာကြတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ ဘာနဲ့ အလုပ်လုပ်ကြသလဲ၊ ဘာနဲ့ ဆက်သွယ်နေကြသလဲဆိုတာကို သိဖို့ အင်မတန် အရေးကြီးတယ်။

                  

စိတ်ဟာ အာရုံမရှိဘဲနဲ့ ဖြစ်ပေါ်လာရိုး ထုံးစံမရှိဘူး၊ စိတ်မှန်သမျှ ဆိုင်ရာအာရုံ ရှိနေကြတာချည်းပဲ၊ အာရုံမရှိတဲ့ စိတ်ရယ်လို့ မရှိဘူး၊ ဘယ်စိတ်ပဲဖြစ်ဖြစ် ဆိုင်ရာ အာရုံလေး တစ်ခု ရှိနေတယ်၊ အဲဒီစိတ်ရဲ့ အာရုံကို လောကရဲ့ အမည်နာမ တွေနဲ့ ပြောရင် ဆုံးနိုင်မှာ မဟုတ်လို့ မြတ်စွာဘုရားက အမည်နာမ ၆-မျိုးနဲ့ အာရုံ ၆-ပါးလို့ ဒီလို ဟောထားတာ။ အဘိဓမ္မာ သဘောအရ အမည်ပညတ် တင်လိုက်တဲ့အခါ အာရုံက ၆-ပါးပဲရှိတယ်။ စာလိုပြောရင် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံပေါ့ - အာရုံ ၆-မျိုး၊ အာရုံဆိုတဲ့ သဘောကို ရှင်းလင်းပြောခဲ့ပြီ၊ စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာ၊ အဲဒီစိတ်ရဲ့ အာရုံ ပျော်မွေ့ရာက ၆-မျိုး။

                  

ရူပါရုံဆိုတာ ဘယ်ဟာကို ခေါ်တာတုန်း ဆိုရင် “မျက်စိနဲ့ မြင်လို့ရတာ ရူပါရုံ”၊ မြန်မာလိုတော့ အဆင်းအာရုံလို့ ပြောရမယ်၊ မျက်စိနဲ့မှ မြင်လို့ရတယ်၊ မျက်စိမှာ ထင်ဟပ် ပေါ်လွင်နိုင်တယ်၊ တခြားနေရာမှာ ထင်ဟပ်ပေါ်လွင်နိုင်ခြင်း မရှိဘူး၊ အဲဒီ အာရုံမျိုးကို ရူပါရုံလို့ ဒီလိုသတ်မှတ်တယ်။ ရူပါရုံဆိုတာ ရုပ် ၂၈-ခုထဲက တစ်ခု တည်းသော ရုပ်ကလေးပဲ၊ ရုပ် ၂၈-ပါးလုံးကို မြင်ရတာမဟုတ်ဘူး၊ ရုပ်တစ်ခုတည်းပဲ မြင်ရတာ၊ ရူပလို့ခေါ်တဲ့ အဆင်းရုပ်ကလေး တစ်ခုပဲမြင်ရတယ်၊ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ visible object လို့ အဲဒီလိုပြန်တယ်၊ form လို့လည်း ပြန်ကြတယ်၊ colour လို့လည်း ပြန်ကြတယ်။ ခြုံကြည့်လိုက်မယ်ဆိုရင် “ရူပ”  ဆိုတာ မျက်စိဖြင့် မြင်လို့ရတဲ့ ရုပ်၊ မျက်စိမှာ ထင်လာလို့ရှိရင် စိတ်ကို ဖြစ်ပွားစေ နိုင်တဲ့ မြင်လို့ရတဲ့ရုပ်။

                  

တချို့ ပုဂ္ဂိုလ်တွေက ရူပါရုံဆိုတာ အတွေးထဲမှာသာ ရှိတယ်၊ မျက်စိက မြင်တာတွေက အစစ် မဟုတ်ဘူး, အတွေးထဲမှာသာ ရှိတယ်လို့ ယူဆပြီး “ရူပါရုံဆိုတာ မရှိဘူး၊ စိတ်ရဲ့ ကြံစည်ချက် ဖန်တီးချက်များသာ ဖြစ်တယ်” လို့ ဒီလိုပြောကြတယ်။ မြတ်စွာဘုရားက ရူပါရုံဆိုတာ ရှိတယ်လို့ ဟောထားတယ်။

                  

နယ်သာလန်နိုင်ငံမှာ ဘုန်းကြီးတို့ အဘိဓမ္မာ ပို့ချတော့ Psychology ယူထားတဲ့ Dr တစ်ဦး အဘိဓမ္မာ လာတက်ဖူးတယ်၊ လာတက်တဲ့အခါ စာသင်ဖော် စာသင်ဖက် အချင်းချင်း ဘာပြောတုန်းဆိုတော့ “ရူပါရုံဆိုတာ စိတ်ရဲ့ ထင်မြင်ချက်မျှသာ ဖြစ်တယ်၊ စိတ်က ဖန်တီးယူတာ၊ ဥပမာ- ပန်းလို့ ယူလိုက်လို့ ရှိရင် ဒါ စိတ်က ဖန်တီးယူတာပေါ့၊ တကယ်မဟုတ်ဘူး၊ စိတ်ရှိလို့သာ ဒါတွေ ရှိနေတယ်၊ ရူပါရုံဆိုတာ မရှိဘူး” သူ့အမြင်ကို ပြောတော့ ဘေးကလူတွေက ရှင်းပြပေမယ့် သူလက်မခံဘူး၊ လက်မခံတဲ့ အတွက်ကြောင့် “ဆရာတော် ဒါကို ရှင်းပြပါဦး” လို့ တောင်းဆို ကြတယ်။ “မဟုတ်ဘူး၊ စိတ်ကူးတယ် ဆိုတာ နောက်မှ ကူးတာ၊ မျက်စိက မြင်လို့ ရတဲ့အရာဆိုတာ ရှိတယ်၊ Can be seen ဒီလို ရှင်းပြခဲ့တယ်။ ရူပါရုံမရှိဘူး ဆိုတာပေါ့၊ မြင်လို့ရတဲ့အရာ၊ The object can be seen. မြင်လို့ရတဲ့ အရာဆိုတာရှိတယ်။ ဘာကြောင့်ရှိတယ်လို့ ပြောလို့ရှိရင် Can be heard ဆိုတာနဲ့ တခြားစီဖြစ်လို့ပဲ။ နားကကြားလို့ရတယ်ဆိုတာနဲ့ မျက်စိက မြင်လို့ရတယ်ဆိုတာနဲ့ တူသလား၊ မတူဘူးလား၊ မတူဘူး၊ နားနဲ့မှ ကြားလို့ရတဲ့ Can be heard ကြားလို့တယ်ဆိုတဲ့ အသံရုပ် ရှိသလိုပဲ, Can be seen မျက်လုံးနဲ့သာ မြင်လို့ရတဲ့ရုပ် ရှိတာပေါ့” လို့။ “မြင်တဲ့စိတ်ကို စက္ခုဝိညာဏ်လို့ ခေါ်တယ်” ဆိုတော့မှ သူက တွေးပြီး စဉ်းစား သွားတယ်။

                  

ဘယ်အယူအဆတွေက သူ့ကို လွှမ်းမိုးနေသလဲဆိုရင် “ယောဂါစာရ system” အယူအဆတွေ လွှမ်းမိုးနေတာ၊ ယောဂါစာရ school ဆိုတာ မဟာယာန အသိုင်းအဝိုင်းမှာ ရှိတယ်၊ အဲဒီ အယူအဆက ဘာတုန်းဆိုတော့ “ဝိညတ္တိ မတြတာ” အယူအဆ စိတ်သာ အရှိတရား၊ ကျန်တာ တွေက စိတ်က ဖန်တီးထားတာ၊ စိတ်တစ်ခုတည်းကိုပဲ လက်ခံတယ်၊ ရုပ်တွေက စိတ်ရဲ့ဖန်တီးချက် တွေ ဆိုပြီးတော့ လက်မခံဘူး၊ အဲဒီယောဂါစာရကျမ်းအရ ဝိညတ္တိမတြာ ဝိညာဏ်မျှသာရှိတယ်၊ အသိစိတ်မျှသာ ရှိတယ်၊ ကျန်တဲ့ အရာတွေက စိတ်ရဲ့ဖန်တီးချက်မျှသာ ဖြစ်တယ် ဒီလိုယူဆတဲ့ စာတွေကို သူက ဖတ်ထားပြီး အဲဒါနဲ့ ထေရဝါဒ အဘိဓမ္မာ သွားရောတယ်။ မျက်စိက မြင်ရတယ် ဆိုတာ တကယ်ရှိတာ မဟုတ်ဘူး၊ အဲဒီလိုပြောတယ်၊ ပြောတော့ အများရဲ့ အယူအဆနဲ့ မတူမညီ ဖြစ်တယ်။

                  

မြတ်စွာဘုရားဟောတဲ့ တရားတော်မှာ ရူပါရုံဆိုတာ ရုပ် ၂၈-ပါး ထဲမှာ ပါဝင်တဲ့ ရုပ်ကလေးတစ်ခုပဲ။ ရူပဆိုတဲ့ အဆင်းရုပ်ကလေး တစ်ခုကိုပြောတာ၊ ကျန်တဲ့ရုပ်တွေ ကို မျက်စိနဲ့မြင်လို့ရတာ မဟုတ်ဘူး၊ သူ့ကို ရှင်းပြတဲ့အခါကျတော့ ဒီရုပ်ဟာ The material quality can be heard - can be heard ကနေပြီးတော့ ဆန့်ကျင်ဘက် မတူညီတဲ့ The material quality can be seen ကြည့်လို့ရတဲ့ ရုပ်ဆိုတာ ရှိကိုရှိတယ်၊ အသံကိုတော့ သူ မငြင်းရဲဘူးလေ၊ ဘာဖြစ်လို့တုန်းဆိုတော့ အသံရှိတယ် ဆိုတာ ထင်ရှားနေတော့ ငြင်းလို့မရဘူး၊ အနံ့ရှိတယ် ဆိုတာလည်း ငြင်းလို့မရဘူး၊ မျက်စိက မြင်တဲ့ရုပ်တော့ သူကငြင်းတယ်၊ အဲဒီလို ပြောလိုက်တဲ့ အခါကျတော့မှ သူက ဆက်မပြောတော့ဘူး၊ ရပ်သွားတယ်၊ သဘောကျလား မကျလားတော့ မပြောဘူး။

.

 

သတိထားရမယ့်

အချက်တစ်ခု

▬▬▬▬▬

                  

စာမျိုးစုံဖတ်တဲ့ ပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရံကျတော့ အန္တရာယ် ရှိတယ်၊ အန္တရာယ်ဆိုတာ အတွေးမျိုးစုံနဲ့ ရေးထားတဲ့ စာတွေပေါ့။ ဘာသာတရားကို လေ့လာတယ် ဆိုတဲ့နေရာမှာ မှန်ကန်တဲ့ တင်ပြချက် တွေကို လေ့လာရင် အကြောင်းမဟုတ်ဘူး။ မမှန်မကန် ဟောပြောချက်တွေကို လေ့လာမိလို့ မိမိက စာလည်း မစုံသေးဘူး, အတွေးအခေါ် ရင့်သန်မှုလည်း မရှိသေးဘူးဆိုရင် လွဲမှားသွားနိုင်သေးတယ်။  ဒါလည်း သတိထားရမယ့် အချက်တစ်ခုပဲ၊ စာမစုံသေးရင် အရှိကို မှတ်ထားဖို့ လိုသေးတယ်၊ တကယ့် မူရင်းကျမ်းက  ဘယ်လိုဆိုတယ် ဆိုတာ မှတ်သားထား ရမယ်။ သဘောမကျသေးရင် သဘော ကျအောင် ကြံစည်ရမယ်၊ ဒီလိုမှ မဟုတ်ရင် မှန်ကန်တဲ့ လမ်းကြောင်းက လွဲထွက်သွားနိုင်တယ်။ အဲဒီတော့ ရူပဆိုတဲ့ “စက္ခုဝိညေယျာ” မျက်စိဖြင့် မြင်ပြီးတော့ သိရတဲ့ရုပ် ဆိုတာကို ရှိတယ်ပေါ့။

 

ဘုန်းကြီးတို့တတွေလည်း အကယ်၍ မျက်စိပျက်သွားပြီ ဆိုလို့ရှိရင် ကိုယ့်ရဲ့မျက်စိနဲ့ မြင်ပြီးတော့ ကြည့်လို့ရတဲ့ ရုပ်မျိုး ကိုယ့်မျက်စိမှာ လာပြီး ထင်ဟပ်တာ မရှိသည့် အတွက်ကြောင့် ကိုယ့်မှာ စက္ခုဝိညာဏ်စိတ် ဖြစ်ဖို့ အခွင့်အလမ်း မရှိတော့ဘူးပေါ့။ ဒါကြောင့် ရူပဆိုတဲ့ အဆင်းရုပ်ကလေးဟာ မျက်စိနဲ့ မြင်ရတဲ့ အဆင်းရုပ်ကလေးတဲ့၊ “သနိဒဿန - မြင်အပ်တဲ့ သဘောနဲ့တကွ ဖြစ်တဲ့ရုပ်” လို့ အဘိဓမ္မာမှာ ဒီလိုဆို ထားတယ်၊ အဲဒီမျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံ ကလေးကို ရူပါရုံလို့ ခေါ်တယ်။

                  

နောက်တစ်ခုက သဒ္ဒါရုံ - အသံရုပ်ကလေး၊ ရူပါရုံဆိုတဲ့ အဆင်းရုပ်သည် နေရာတကာမှာ ရှိတယ်၊ ရုပ်အားလုံးမှာ ဖွဲ့စည်းပါဝင်နေတယ်၊ ရုပ်ပိုင်းလေ့လာတဲ့ အခါတုန်းက ရုပ်ဟာ unity of eight ပဲ၊ အနည်းဆုံး ရုပ်ရဲ့ unit ဟာ ၈-ခုနဲ့ ဖွဲ့စည်းထားတာ။ စာပေက အဋ္ဌကလာပ်ရုပ် ၈-ခုလို့ ဒီလို ပြောတာနော်၊ အဲဒီအထဲမှာ ရူပဆိုတဲ့ အဆင်းရုပ်ကလေး ပါတယ်ပေါ့။ နည်းနည်း မှတ်မိအောင် ပြန်ပြောရမယ် ဆိုရင် မဟာဘုတ် ၄-ပါး ရှိတယ်၊ မျက်စိနဲ့ မြင်လို့ ရတာလေးက ရူပ၊ နှာခေါင်းနဲ့ သိလို့ ရတာလေးက ဂန္ဓ၊ လျှာနဲ့သိလို့ ရတာလေးက ရသ၊ နောက်ပြီးတော့ အဆီသြဇာလို့၊ အဲဒါတွေ ပေါင်းလိုက်တဲ့အခါ အဝိနိဗ္ဘောဂရုပ် ၈-ခု ဖြစ်တယ်။ indivisible ခွဲလို့ မရဘူးလို့ ဆိုလိုတယ်၊ ရုပ်ဆိုတာ အနည်းဆုံး ဒီ ၈-ခု ပေါင်းနေတာ။

                  

ဘာဖြစ်လို့ ၈-ခုလို့ ပြောတာတုန်းဆိုတော့ function တွေ မတူဘူးပေါ့၊ အဲဒီ သဘောလေးကို ကြည့်ပေါ့။ အနံ့နဲ့အရသာ တူမှ မတူတာ၊ အနံ့က ဘာတုန်းဆိုရင် ဃာနဝိညာဏ်စိတ်ဖြင့်သာ သိရတယ်၊ ဃာနပသာဒဖြင့်သာ ရယူနိုင်တယ်။  အရသာ ကျတော့ နှာခေါင်းနဲ့သိလို့ ရသေးလား၊ လျှာနဲ့ထိ၍ ဇိဝှါဝိညာဏ်စိတ်နဲ့မှ သိနိုင်တယ်၊ သဏ္ဌာန်ချင်းက ကွာသွားတယ်လေ၊ အဲဒီလို သူ့ရဲ့ ပုံပန်းသဏ္ဌာန်ချင်း မတူညီတဲ့ အချက်ကလေးတွေကို ကြည့်ပြီး ကိစ္စလေးတွေ သဘာဝလေးတွေ လက္ခဏာလေးတွေ (characteristic) က တစ်ခုစီ တစ်ခုစီမို့ ရုပ်၈-ခုလို့ ပြောတာ။ မတူညီတဲ့ သဘာဝလေးတွေကို ကြည့်ပြီးတော့ ပြောတာ။

                  

အဲဒီရုပ် ၈-ခုထဲမှာ ဒီရူပဆိုတဲ့ အဆင်းရုပ်က ပါနေတယ်၊ သို့သော် သဒ္ဒဆိုတဲ့ အသံရုပ်က မပါဘူး၊ အဋ္ဌကလာပ် ရုပ်၈-ခုထဲမှာ အသံရုပ် မပါဘူး၊ ဒါဖြင့် သဒ္ဒဆိုတဲ့ အသံရုပ်က ဘယ်မှာရောက်နေ တာတုန်း ဆိုတော့ သဒ္ဒဆိုတဲ့ အသံရုပ်က ပစ္စုပ္ပန်အကြောင်းကို ငဲ့ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ရုပ် ဖြစ်တယ်၊ ဖွ့ဲစည်းထားလို့ရတဲ့ ရုပ်မျိုး မဟုတ်ဘူး။

                  

ဒါနဲ့ပတ်သက်ပြီးတော့ Germany နိုင်ငံ မြို့နားက World House ဆိုတဲ့ နေရာမှာ  အဘိဓမ္မာသင်တန်း ၂-ကြိမ် ပို့ချဖူးတယ်၊ အဲဒီလို ပို့ချတုန်းက အဘိဓမ္မာသင်တန်း လာတက်တဲ့ ဂျာမန် တစ်ယောက်က ဒီအဋ္ဌကလာပ်ရုပ် ၈-ခုထဲကို ဘာလို့ သဒ္ဒ မပါတာတုန်း ဆိုပြီးတော့ argument လုပ်ဖူးတယ်။ သဒ္ဒရုပ် ပါသင့်တယ်တဲ့။ သူက ဘာနဲ့သွားရောတုန်း ဆိုတော့ cassette တို့ ဘာတို့ အသံဖမ်းပြီးတော့၊ အသံတွေ ရှိနေတယ်ပေါ့။ အဲဒါကြောင့် မို့လို့ ရုပ်တွေ ဖွဲ့စည်းတဲ့အထဲမှာ အသံရုပ်လည်း ရှိရမယ်လို့ သူက ယူဆတယ်။

                  

အဲဒါကို ဘုန်းကြီးတို့က ဥပမာနဲ့ ရှင်းပြရတယ်၊ စောင်းဥပမာနဲ့ ရှင်းပြတယ်, စည် ဥပမာနဲ့ ရှင်းပြတယ်, piano တို့ ဒါတွေနဲ့ ရှင်းပြတော့ ‘မင်း piano ထဲမှာ အသံရှိနေသလား’ ဆိုတော့ သူစဉ်းစားလာတယ်၊ တီးခတ်တဲ့ အခါကျမှ အသံပေါ် လာတာ၊ ဒီထဲမှာ အသံကို stored လုပ်ထားတာ မရှိဘူး။ အဲဒီတော့ လူရဲ့ တီးခတ်မှုကြောင့် ဖြစ်လာတယ်၊ မီးခြစ်ထဲမှာ မီးမရှိဘူး၊ possibility အနေနဲ့သာ ရှိနေတာ၊  အကြောင်းဆုံစည်းတဲ့အခါ ကျမှ ပေါ်လာတာ။ အသံဟာလည်းပဲ ထို့အတူပဲ။ မီးခြစ်ဘူးက ခြစ်လိုက်လို့ မီးတောက်ကလေး ပေါ်လာသလိုပဲ အသံကလည်း စိတ်ဆိုတဲ့ အကြောင်း, ဥတုဆိုတဲ့အကြောင်း တစ်ခုခုနဲ့ ရိုက်ခတ် လိုက်မှ ပေါ်လာတာပါလို့ ရှင်းပြရတယ်။ နောက်ပိုင်းမှာ သူသဘောကျသွားတယ်၊ စာပေဆိုင်ရာ မေးခွန်းတွေပဲ မေးတော့တယ်၊ ခုနက cassette တို့ radio တို့ဆိုတဲ့ အသံတွေက ဖမ်းထားပြီးတော့ ပြန်လွှင့်တဲ့ အသံတွေ၊ ဒါတွေက secondary တွေပဲ။ primary မဟုတ်ဘူး၊ ဖြစ်ပြီးတော့မှ ထိန်းထားတဲ့ အသံတွေ ဖြစ်တယ်၊ မူလက ရှိနေတဲ့ အသံ မဟုတ်ဘူး၊ ခုနက အဆင်းတို့ ဘာတို့ဆိုတာ မူလက ရှိနေတာ။

                  

အဲဒီတော့ အသံဆိုတာ အဘိဓမ္မာမှာ “သဒ္ဒေါ စိတ္တော တုဇော” “စိတ် ဥတု ၂-မျိုးကြောင့် ဖြစ်တယ်ဆိုတော့ စိတ်ကြောင့်” ဖြစ်တဲ့ အသံရှိတယ် - စိတ္တဇသဒ္ဒ၊ ဥတုကြောင့်ဖြစ်တဲ့ အသံရှိတယ် - ဥတုဇသဒ္ဒ၊ အဲဒီလို စိတ် ဥတု ဆိုတဲ့ ပစ္စုပ္ပန် အကြောင်းတရားတွေကို အမှီပြုပြီးတော့ အသံဆိုတာ ထွက်ပေါ်လာတာပဲ၊ ဘယ် နေရာကို ကြည့်လိုက် ကြည့်လိုက် အသံထွက်နိုင်တဲ့နေရာဆိုရင် သူ့အင်အား အလိုက် ဖြစ်တာပဲ၊ သံချောင်း တစ်ချောင်းနဲ့ တစ်ချောင်း တီးလည်း အသံထွက်တာပဲ၊ သံချောင်းနဲ့ နံရံတစ်ခု ခေါက်လည်း အသံထွက်တာပဲ၊ အဲဒီလို အသံဆိုတာ တစ်ခုနဲ့ တစ်ခု ရိုက်ခတ်လို့ ပေါ်လာတဲ့အရာမျိုး ဖြစ်တယ်လို့ဆိုတော့ သဘောပေါက် သွားတယ်။ အဲဒီလို ထွက်လာပြီးတော့မှ ထိန်းလို့ရတယ်ပေါ့၊ ထွက်လာပြီးတော့ ထိန်းထားလို့ရှိရင် ဥတုဇသဒ္ဒ လို့ ခေါ်တယ်။

                  

အေး ကောင်းပြီ - သဒ္ဒဆိုတဲ့ ရုပ်ဟာ to be heard ကြားလို့ရတယ်၊ can be heard နားထောင်လို့ရတယ်၊ နားနဲ့ပဲ ဆက်သွယ်ပြီးတော့ သောတဝိညာဏ်စိတ်နဲ့ပဲ သိနိုင် တယ်၊ ကျန်တဲ့ စိတ်နဲ့ သိလို့မရဘူး၊ ခုနက မြင်လို့ရတာနဲ့ တခြားစီ ဖြစ်သွားပြီပေါ့။

                  

နောက်အာရုံတစ်ခုက ဃာနပသာဒ လို့ဆိုတဲ့ နှာခေါင်းကို အသုံးချပြီး သိရတဲ့ အာရုံမျိုး၊ အဲဒါကို ဂန္ဓာရုံ - အနံ့အာရုံပေါ့၊ အဲဒီ အနံ့အာရုံက ဃာနပသာနဲ့ ဆက်သွယ် ပြီးတော့မှ ဃာနဝိညာဏ်စိတ်နဲ့ပဲ သိနိုင်တယ်၊ ဂန္ဓာရုံက စက္ခုဝိညာဏ်စိတ်နဲ့ သိရတဲ့ အဆင်း အာရုံနဲ့လည်း မတူဘူး၊ မတူဘူး ဆိုတာကိုလည်း ကိုယ့်ဟာကို လက်တွေ့ ကြည့်လို့ ရတာပဲ။ နေ့စဉ်နဲ့အမျှ ကြုံတွေ့ နေတာပဲ၊  အနံ့ရတယ် ဆိုရင် နှာခေါင်းနဲ့ပဲ သိရတာ။ မျက်လုံးနဲ့ကြည့်လို့ ရတာမှ မဟုတ်တာ၊ နှာခေါင်းနဲ့ ရှူကြည့်မှ အနံ့ဆိုတာ သိတာလေ။

                  

ထို့အတူပဲ ရသာရုံတဲ့၊ လျှာနဲ့ ထိတွေ့ပြီးတော့မှ ဇိဝှါဝိညာဏ်စိတ်နဲ့သာ သိလို့ရတဲ့ အာရုံမျိုး၊ ဒါလည်း ခုနဟာတွေနဲ့ မတူဘူး၊ ထူးခြားတယ်၊ ရသာရုံဆိုတာ ဥပမာ-မျက်စိနဲ့ မှတ်ထားတဲ့ သညာနဲ့တော့ ကြည့်လို့ရတာပေါ့၊ ဆားမြင်လိုက်ရင် ငန်မှာပဲ ဆိုတာ၊ ဒါက အတွေ့အကြုံနဲ့ သိတာ၊ သံပုရာသီးမြင်ရင် ချဉ်မှာပဲ လို့ဆိုပြီး အတွေ့အကြုံနဲ့ သိနေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ချဉ်တဲ့ သံပုရာသီးတွေချည်း တွေ့တာကိုး၊ ငြုပ်သီးမြင်တာနဲ့ စပ်နေပြီ၊ ဇီးဖြူသီး မြင်တာနဲ့ သွားရေကျကုန်ပြီ၊    ဘာဖြစ်လို့တုန်း ဆိုတော့ အတွေ့အကြုံနဲ့ ပြောနေတာ၊ အဲဒါတွေက အတွေ့အကြုံနဲ့ တွေးကြည့်ပြီး ဖြစ်တဲ့ဟာတွေနော်၊ ဒါကြောင့်မို့ ရသာရုံဆိုတာ တစ်ခါမှ မစားဖူးတဲ့ အစာအာဟာရဆိုရင်, တစ်ခါမှ မမြင်ဖူးတဲ့ အသီးဆိုရင် ဒါလေးက ကောင်းတယ် မြည်းကြည့်ပါလားဆို မြည်းကြည့်မှ သိတာ မဟုတ်လား၊ မျက်စိနဲ့ ကြည့်ရုံနဲ့ အရသာကို မသိနိုင်ဘူးတဲ့၊ ဒါလည်း အင်မတန် ထင်ရှားတဲ့ အချက်ပဲ။

                  

နောက် ဖောဋ္ဌဗ္ဗာရုံ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာ ခန္ဓာကိုယ်ကို လာထိပြီးတော့မှ သိရတဲ့ဟာတွေ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတာ ပထဝီ ဆိုတဲ့ ခက်မာမှု နူးညံံ့မှု, မာတယ် ပျော့တယ်ဆိုတဲ့ သဘော၊ ကြမ်းတမ်းတယ် နူးညံ့တယ်ဆိုတဲ့ သဘော၊ တစ်စုံတစ်ခုကို စမ်းကြည့်လို့ ပျော့သလား မာသလား သိချင်လို့ရှိရင် လူရဲ့ intention အတိုင်းပဲ ပျော့တယ် မာတယ်ကို သိတယ်ပေါ့။ ဒါ ပထဝီကို စမ်းမိတယ်လို့ ပြောတယ် - အဲဒါ ဖောဋ္ဌဗ္ဗာရုံပဲ၊ ကိုယ်နဲ့ပဲ စမ်းသပ်ကြည့်ရတာ၊ မျက်စိကနေ ကြည့်လို့မရဘူး၊ တစ်ခါတလေ ပန်းကလေးက လှ တယ်ဆိုရင် “သြော် ဒီပန်းကလေးက ပျော့ပျော့လေးလား ပန်းအစစ်လား ပလတ်စတစ် ပန်းကြီးလား” ဆိုတာ ကိုင်ကြည့်ရသေးတာ၊ ကိုင်ကြည့်ရင် လက်ရဲ့ အကူအညီနဲ့ သိသွားတယ်၊

 

ဒါကတော့ အစစ်၊ ဒါကတော့ ပိုးစလေးပဲ လို့ ပြောလို့ရတာပေါ့၊ အဲဒီတော့ တစ်ခါ တလေ မျက်စိက ဆုံးဖြတ်လို့မရဘူး၊ ကာယပသာဒနဲ့ သိရမယ့် ကိစ္စကျတော့ ခန္ဓာကိုယ်နဲ့ ထိကြည့်မှပဲ သိတော့မယ်၊ အဲဒီတော့ အပျော့လား အမာလား သိချင်လို့ ရှိရင်တော့ ပထဝီ ဆိုတဲ့ သဘောကို တွေ့လိမ့်မယ်။ တစ်ဖန် ပူသလား အေးသလားကို သိချင်တယ်ဆိုရင် တေဇောဆိုတာ တွေ့ရလိမ့်မယ်။ လှုပ်ရှားမှု တွန်းကန်မှု ရှိသလား ဆိုတာကို သိချင်လို့ရှိရင် ဝါယောရဲ့ သဘောကို သိရတယ် လို့ဆိုတော့ ပထဝီရယ် တေဇောရယ် ဝါယောရယ် ဟောဒီ ၃-မျိုးဟာ ကာယပသာဒနဲ့ ဆက်သွယ် ထိပြီးတော့မှ ကာယဝိညာဏ်စိတ်နဲ့ သိရတဲ့အရာတွေ ဖြစ်တယ်၊ ဒါလည်း အာရုံ တစ်ခုပဲ။

                  

နေ့စဉ်နဲ့အမျှ လူတွေဟာ ဒီအာရုံတွေနောက် လိုက်နေကြတာ၊ လူတွေရဲ့စိတ်ဟာ ဘယ်အာရုံနဲ့ ပျော်နေတုန်း ဆိုတော့ အမြင်အာရုံနဲ့ ပျော်တယ်၊ အသံအာရုံတွေနဲ့ ပျော်တယ်၊ အသံဆို အမျိုးစုံ လုပ်ပြီး ပျော်တယ်လေ။ ရိုးရိုးတန်းတန်း အသံမှာ မပျော်ရတဲ့အခါကျတော့ Hip Hop ဆိုတဲ့ အသံနဲ့ ပျော်တယ်၊ လူ့စိတ်ဟာ တော်တော် ဆန်းတယ်၊ “ဂျိမ်းဂျိမ်း” ဆိုတာမှ နားထောင်ချင်တယ်၊ အဲဒီလို လူရဲ့စိတ်ဟာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ ပျော်တယ်၊ အမျိုးမျိုးကြည့်တယ်၊ အမျိုးမျိုး ဖန်တီးယူတယ်၊ ကြည့်လေ - ဒီဇိုင်းတွေ ထုတ်လို့ကို မလောက်ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီအဆင် ကလေးက လှတယ်၊ ဒီအကွက်ကလေးက လှတယ်၊ ဒီ ဒီဇိုင်းကလေးက လှတယ်နဲ့ ဆိုပြီးတော့ ဒီဇိုင်းလှတာကို လိုက်ရှာပြီးတော့ မျက်စိက ကြိုက်တဲ့အရောင် လိုက်ရှာ နေတာ၊ အရောင်ဆို အမျိုးမျိုး စပ်ပြီးတော့၊ ဒီအရောင်က အနီရဲကြီး, မကြိုက်ဘူး၊ အနီလေးနဲ့ ဘာလေးနဲ့ စပ်ထားမှ၊ စပ်တဲ့ အရောင်တွေ လိုက်ရှာ၊ ဆုံးကို မဆုံးနိုင်ဘူး၊ ဒီအာရုံတွေပေါ်မှာ လိုက်စားနေပုံကိုကြည့်၊ အသံဆိုရင်လည်း အမျိုးမျိုး၊ ရိုးရိုးအသံ ဆိုရင် နားမထောင်ချင်ဘူး၊ ခုန “ဂျောင်းဂျောင်း ဂျိမ်းဂျိမ်း” အသံဆိုရင် တစ်ကိုယ် လုံးတောင် လှုပ်လာလိမ့်ဦးမယ်၊ ခေါင်းကလေးတွေငြိမ့်၊ ခေါင်းငြိမ့်ရုံတင် မကဘူး၊ တစ်ကိုယ်လုံးတောင် ရမ်းထွက်လာတယ်။

 

ထို့အတူပဲ ရသာရုံနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးသော အစားတွေ တီထွင်ကြတယ်၊ ဟို ဟိုတယ်က တစ်မျိုး၊ ဒီ ဟိုတယ်က တစ်မျိုး၊ ဒီစားသောက်ဆိုင်က တစ်မျိုး၊ ဟို စားသောက်ဆိုင်က တစ်မျိုး၊  အိမ်က ထမင်းဟင်းနဲ့ မလုံလောက်လို့ ကြေးအိုးတို့ ဘာတို့ ဒါတွေကလည်း တစ်မျိုး၊ အဲဒီလို ရသာရုံ နောက်လိုက်ရ၊  ရသာစုံ အမျိုးမျိုးကို ခံစားတာ၊ လူ့ရဲ့စိတ်တွေ ဆန်းပြားပုံကို ပြောပါတယ်၊ အာရုံတွေနဲ့ သွားလာပုံကိုကြည့်၊ ဖောဋ္ဌဗ္ဗာရုံ ဆိုလို့ရှိရင်လည်း ဝတ်ထားတဲ့အဝတ်ရဲ့ နူးညံ့မှု အေးမှု အထိအတွေ့ ကောင်းမှု၊ နေရာထိုင်ခင်းတွေ ဆိုလို့ရှိရင်လည်း settee တို့ အိပ်ရာတို့ ဆိုဖာတို့ ကောင်းတာ မကောင်းတာ၊ ဒါတွေကို ကြည့်ပြီး လူတွေက ခန္ဓာကိုယ်နဲ့ ထိတွေ့ အာရုံခံစားမှု ဆိုတာတွေနဲ့ အချိန်ကုန်နေတယ်ဆိုတာ စဉ်းစားကြည့် လိုက်စမ်းပါ။

                  

တစ်ကမ္ဘာလုံးဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံ နောက် လိုက်နေတယ်ဆိုတာ မထင်ရှားဘူးလား။ အမျိုးအမည်တွေ ဘယ်လောက်ပြောပြော ဒီ ၅-မျိုးပဲ မဟုတ်လား၊ ဒီ ၅-မျိုးပဲ ရှိတာပဲ။ နာမည်တွေ ဘယ်လိုပေးထားထား မဆုံးနိုင်အောင်၊ Super Market ထဲဝင်လိုက်လို့ နာမည်တွေ ဘယ်လိုပေးနေ ပေးနေ ချုံ့ကြည့်လိုက်လို့ရှိရင် ဟောဒီအာရုံ ၅-ပါးပဲ။

                  

နောက်ထပ်အာရုံတွေ ကျန်သေးလား လို့ဆိုရင် ကျန်သေးတယ်၊ ဓမ္မာရုံ တဲ့၊ ကျန်တာ တွေကို ဓမ္မာရုံ ဆိုပြီးတော့ မြတ်စွာဘုရားက စုပြီး သဘာဝအာရုံ အနေနဲ့ ဟောထား တာ။ ဘာဖြစ်လို့တုန်းဆိုရင် မျက်စိနဲ့လည်း မြင်လို့ မရဘူး၊ နားနဲ့လည်း နားထောင်ပြီး တော့ ကြည့်လို့ မရဘူး၊ နှာခေါင်းနဲ့လည်း နမ်းရှူကြည့်လို့ မရဘူး လျှာနဲ့လည်း လျှက်ကြည့်လို့ မရဘူး၊ ခန္ဓာကိုယ်နဲ့လည်း ထိပြီးတော့ ကြည့်လို့ မရဘူး၊ ဒီလို အာရုံမျိုးတွေကလည်း ရှိသေးတယ်၊ ဒီအာရုံတွေကို အားလုံး ဓမ္မာရုံဆိုပြီးတော့ အကုန် ထည့်ထားတယ်၊ ပေါင်းလိုက်တော့ အာရုံ ၆-ပါး ပေါ့။

                  

ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ အာရုံ ၅-ပါး ကတော့ များသောအားဖြင့် လောဘ ဒေါသ မောဟ ဖြစ်စရာ အာရုံတွေချည်းပဲ များပါတယ်။ ကာမဂုဏ်အာရုံ လို့ခေါ်တယ်၊ ကာမဂုဏ် အာရုံတွေပဲ များတယ်၊ ဓမ္မာရုံဆိုတဲ့ အထဲမှာတော့ အင်မတန် လေးနက်တဲ့ သဘာဝတရားတွေ ပါနေတယ်။

                  

ဥပမာ - နိဗ္ဗာန်ဆိုတာ ဒီဓမ္မာရုံထဲမှာ ပါတယ်၊ စိတ်နဲ့ သိရတယ်၊ နိဗ္ဗာန်ဆိုတာ မျက်စိနဲ့ မြင်လို့ မရဘူး၊ နားနဲ့ နားထောင်ကြည့်လို့ မရဘူး၊ နှာခေါင်းနဲ့ နမ်းရှူကြည့်လို့ မရဘူး၊ လျှာနဲ့ လျှက်ကြည့်လို့ မရဘူး၊ ခန္ဓာကိုယ်နဲ့ ထိကြည့်ချင်လို့ မရဘူး၊ အင်မတန် သိမ်မွေ့တဲ့စိတ် အင်မတန် အဆင့်မြင့်တဲ့ အသိဉာဏ် ဦးစီးတဲ့ စိတ်နဲ့သာ သိနိုင်တယ်၊ အဲဒီအာရုံတွေ အားလုံးကို ဓမ္မာရုံလို့ ခေါ်တယ်။

                  

စာပေအရ ပြောမယ်ဆိုရင် ဓမ္မာရုံကို ၆-အုပ်စု ခွဲပြီး ပြောထားတယ်၊ ဒါ မှတ်လို့ လွယ်အောင် ပြောတာပါ၊ ပသာဒရုပ် ၅-ခု၊ သုခုမရုပ် ၁၆-ခု၊ ပသာဒရုပ် ၅-ခုဆိုတာ အာရုံတွေ လာထိရာ ဖြစ်တဲ့ မျက်စိအကြည်၊ နားအကြည်၊ နှာအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်ဆိုတဲ့ အကြည်နဲ့ ပတ်သက်တဲ့ ရုပ်တွေ၊  သူခုမရုပ်ဆိုတဲ့ သိမ်မွေ့ပြီး တွေ့ထိစမ်းသပ်လို့ မရတဲ့ သိဖို့ခက်ခဲ့တဲ့ရုပ် ၁၆-ခု ရယ်၊ အဲဒါတွေဟာ ဓမ္မာရုံပဲ။

 

နောက်တစ်ခု -  စိတ်အားလုံးဟာ ဓမ္မာရုံထဲမှာ ပါတယ်၊ စိတ်ကလည်း စိတ်ရဲ့အာရုံ ဖြစ်တယ် ဆိုတာကို သတိထားပါ၊ ရှေ့စိတ်ကို နောက်စိတ်က သိနိုင်တယ်၊ ဟို မဖြစ်ပေါ်သေးတဲ့ စိတ်တွေ ဖြစ်ပြီးသားစိတ်တွေ, သူတစ်ပါးစိတ်တွေ - စိတ်ကိုလည်း စိတ်က ပြန်ပြီး အာရုံပြုတယ်၊ စိတ်အားလုံး ဟာလည်း ဓမ္မာရုံထဲမှာ ပါတယ် ဆိုတာကို မှတ်ထားပါ။ စေတသိက် တွေကိုလည်း စိတ်က အာရုံပြုလို့ ရတယ်၊ အဲဒါကြောင့် စေတသိက်ဟာလည်း ဓမ္မာရုံထဲမှာ ပါတယ်၊ နိဗ္ဗာန်ခန္ဓာ ၅-ပါး ချုပ်ငြိမ်းလို့ ဒုက္ခဇာတ် သိမ်းသွားတဲ့ အငြိမ်းဓာတ် နိဗ္ဗာန်ကလည်း စိတ်နဲ့ သိနိုင်တာဖြစ်လို့ စိတ်ရဲ့ အာရုံပဲ။ အာရုံ ၆-ပါးထဲက ဓမ္မာရုံထဲမှာ ထည့်ထားတယ်။ နောက်ဆုံး လောကီလူတွေ အများအသိအမှတ်ပြုပြီး ခေါ်ဝေါ်ထားတဲ့ ပညတ်အမျိုးမျိုးပေါ့၊ အဲဒီပညတ် အမျိုးမျိုး ဟာလည်း အာရုံ ၆-ပါးထဲ ဓမ္မာရုံထဲမှာ ပါတယ်၊ ဒါ စိတ်ရဲ့ အာရုံတွေ ဆိုတာပဲ၊ ဒီစိတ်ရဲ့ အာရုံ ၆-ပါးကို ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ “အာရမ္မဏပစ္စယော” လို့ ဟော တာပါ၊ အဲဒီ အာရုံ မပါဘဲနဲ့ ဘယ်တော့မှ စိတ်မဖြစ်ဘူး၊ စိတ်ရှိနေရင် အာရုံရှိတယ် ဆိုတာ မှတ်သားထားရမယ်။

                  

နောက်ဆုံး အိပ်နေတဲ့ အချိန်မှာတောင် စိတ်ရှိတယ်၊ စိတ်ရှိတဲ့ အတွက်ကြောင့် အဲဒီ အိပ်နေတဲ့ စိတ်မှာလည်း အာရုံရှိတယ်လို့ သိရတယ်။ တစ်ချို့က unconsciousness ဆိုပြီးတော့ ပြောကြတယ်။ ဒါ ဗုဒ္ဓဘာသာအသုံးတော့ မဟုတ်ဘူး၊ unconsciousness - မသိစိတ် ဆိုပြီးတော့ ပြောကြသေးတယ်၊ အဲဒါ တခြား အဓိပ္ပါယ်နဲ့ ပြောကြတာ၊ အဘိဓမ္မာနဲ့ သက်ဆိုင်တဲ့ ဝေါဟာရတော့ မဟုတ်ဘူး၊ မသိစိတ်ဆိုတဲ့ စကားလုံးက၊ မသိစိတ်ဆိုတာ တစ်ခါတစ်ရံ ကျတော့ လူက အသိရှိရှိ သတိရှိရှိ လုပ်တာ မဟုတ်ဘဲနဲ့ မသိစိတ်က လုပ်နေတယ်လို့ ဒီလို လူတွေက ပြောလေ့ရှိတယ်။

                  

စိတ်ဆိုတဲ့နေရာမှာ မသိစိတ်ဆိုတာ မရှိဘူး၊ စိတ်မှန်ရင် သိတာချည်းပဲ၊ အာရုံကို သိတာချည်းပဲ၊ အာရုံကို သိတတ်တဲ့ သဘောကို စိတ်လို့ခေါ်တာ၊ အာရုံမရှိဘဲ စိတ်မဖြစ်ဘူး၊ စိတ်ရှိလျက်နဲ့ အာရုံ မသိဘူးဆိုတဲ့ အာရုံမဲ့စိတ် ဆိုတာ ဘယ်မှာမှ မရှိဘူး၊ အာရုံနဲ့ စိတ်သာရှိတယ်၊ စိတ်ဟာ အမှီမရှိဘဲ ဖြစ်ကောင်းဖြစ်မယ်၊ အာရုံမရှိဘဲနဲ့ ဘယ်တော့မှမဖြစ်ဘူး။

                  

အဘိဓမ္မာသမိုင်းမှာ “အာရုံမဲ့စိတ်” ရှိတယ်ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်ခဲ့ဖူးတယ်။ အဲဒါကို တားမြစ် လို၍ ‘အာရမ္မဏံ စိန္တေတီတိ’ စိတ္တံလို့ ဆိုတာ။ ‘အာရမ္မဏ ဝိဇာနန လက္ခဏာ’ အရ စိတ်မှန်ရင် အာရုံကိုသိတဲ့ လက္ခဏာ ရှိတယ်လို့ ပြောတဲ့ နေရာမှာ အာရုံကိုသိတယ်လို့ ပြောလိုက်သဖြင့် အာရုံ မရှိဘဲနဲ့ စိတ်ဖြစ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆကို တားမြစ်တယ်လို့ ဋီကာကျော်ကျမ်းမှာ ဆိုထား တာရှိတယ်။

                  

ဒါကြောင့်မို့ အာရုံမဲ့စိတ်ဆိုတာ ဘယ်တော့မှမရှိဘူး၊ အာရုံနဲ့ စိတ်သာ ရှိတယ်။ ကိုယ့်စိတ်ကလေးက တစ်ခါတစ်ရံကျတော့ ကမ္မဋ္ဌာန်းထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ကြုံရင်ကြုံတတ်တယ်၊ ထွက်လေ ဝင်လေ မှတ်ပြီးတော့ ကမ္မဋ္ဌာန်းထိုင်၊ သမာဓိ ကလေး ရလာတဲ့ အခါကျတော့ ထွက်လေဝင်လေက ရပ်သွားသလို ကိုယ့်ရဲ့သမာဓိ စွမ်းအားတွေ ဝီရိယစွမ်းအားတွေက နည်းသည့် အတွက်ကြောင့် ထွက်လေ ဝင်လေ လေးက ပျောက်သွားတော့ စိတ်လေးက သူလုပ်ကိုင်နေကျ အာရုံလေး မရှိတော့ဘဲ အာရုံမဲ့စိတ်လို့ တချို့က ထင်ကြတယ်။ မဟုတ်ဘူး၊ အဲဒီ မရှိတာကိုပဲ သိနေတာဟာ စိတ်ရဲ့ အာရုံပဲ။

 

ထွက်လေ ဝင်လေလေး ရပ်နေတာကို သိနေတာကိုက သူ့ရဲ့ အာရုံတစ်ခုပဲ၊ အဲဒီတော့ “အာရုံမဲ့စိတ်” ဆိုတာ မရှိဘူး၊ အာရုံနဲ့ ကင်းပြီးတော့ ဖြစ်တဲ့စိတ်လည်း လုံးဝ မရှိဘူး။ ဒါကြောင့် စိတ်ဟာ ဟောဒီ အာရုံ ၆-မျိုးထဲက တစ်မျိုးမျိုးနဲ့ မကင်းမကွာ ဖြစ်လို့ “အာရမ္မဏပစ္စယော” လို့ မြတ်စွာဘုရားက ဒီလိုဟောထားတာ ဖြစ်တယ်။

 

ကောင်းပြီ၊ စိတ်ဟာ အာရုံတွေနဲ့ ဖြစ်ပေမယ့် စိတ်တိုင်း စိတ်တိုင်းဟာ အာရုံ အားလုံးကို ရယူနိုင်စွမ်း မရှိပါဘူး၊ သူလက်လှမ်း မှီသလောက်ပဲ သူ ယူလို့ရတယ်၊ လူတွေရဲ့ ပကတိ မျက်စိလိုပဲ၊ မျက်စိ ရှိပေမယ်လို့ မျက်စိရှိတိုင်း အကုန်လုံး မြင်နိုင်စွမ်း ရှိတာ မဟုတ်ဘူး၊ တစ်ဦးနဲ့ တစ်ဦးလည်း မြင်နိုင်စွမ်းချင်း မတူဘူးပေါ့၊ သူ့အတိုင်းအတာ နယ်ပယ် အတွင်းမှာသာ မျက်စိက အမြင်အာရုံ တစ်ခုကို ယူနိုင်တယ်၊ နားကလည်း သူ့အတိုင်းအတာ နယ်ပယ်တစ်ခု အတွင်းမှာသာ ဖမ်းယူ နိုင်စွမ်းရှိတယ်၊ နှာခေါင်းကလည်း အတိုင်းအတာ အတွင်းမှာရှိတဲ့ အနံ့ကိုသာ ဖမ်းယူနိုင်စွမ်း ရှိတယ်၊ အဲဒီတော့ လူတွေ လက်လှမ်းမမှီတဲ့ အာရုံတွေ ဆိုတာလည်း ရှိတယ်၊ စိတ်တွေမှာလည်း လက်လှမ်းမမှီတဲ့ အာရုံမပြုနိုင်တဲ့ အာရုံတွေ ရှိနေတယ်။

 

အဲဒါ ဘာနဲ့ နားလည်ရမလဲ ဆိုလို့ရှိရင် မျက်စိနဲ့မြင်တဲ့ အမြင်အာရုံတစ်ခုဟာ စက္ခုဒွါရဆိုတဲ့ မျက်စိတံခါးက ဝင်လာပြီးတော ဝတ္ထုရုပ်ကို ထိခိုက်လာတယ်၊ ဆက်သွယ် လာတယ်ပေါ့၊ မျက်စိနဲ့မြင်လို့ရတဲ့ အမြင်အာရုံတစ်ခုသည် မျက်စိတံခါးက ဝင်လာပြီး မှီရာဝတ္ထုရုပ် ဖြစ်တဲ့ စက္ခုပသာဒရုပ်မှာ ထင်ဟပ်လာတယ်။ အဲဒီလို ထင်ဟပ်လာတဲ့ အခါကျတော့ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်ပေါ့လေ၊ ဒါ အဓိက စိတ်တစ်ခုထဲကို ပြောတာ အဲဒီ မျက်စိတံခါးက နေပြီးတော့ ဝင်လာတဲ့ မြင်စရာ အာရုံဟာ စက္ခုပသာဒလို့ ဆိုတဲ့ မျက်လုံးပေါ်မှာ ထင်ရှားပေါ်လာတဲ့ အခါမှာ ဖြစ်တဲ့ စိတ်အစဉ်လေးကို အကြမ်းဖျဉ်း ပြောပြထားတယ်။

                  

အာရုံအသစ်ကလေးဟာ မိမိရဲ့ မျက်လုံးမှာ ထင်ဟပ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီ အာရုံအသစ်ကို ဖွင့်ပေးတဲ့ စိတ်ကလေးက ဘယ်သူလဲ၊ တံခါးဖွင့်ပေးလိုက်တဲ့ စိတ်က “ပဉ္စဒွါရာဝဇ္ဇန်းစိတ်” လို့ ခေါ်တယ်။

                  

အဲဒီ စိတ်ကလေးက တံခါးဖွင့်ပေးလိုက်တဲ့ အခါကျတော့မှ …

စက္ခုဝိညာဏ်စိတ် က အဲဒီအဆင်း အာရုံလေးကို မြင်တယ်ဆိုတာ ဖြစ်လာတယ်၊

မြင်တယ်ဆိုတဲ့ အဆင်းအာရုံမှာ သမ္ပဋိစ္ဆိုင်း ဆိုတဲ့ စိတ်က လက်ခံလိုက်တယ်၊

သန္တီရဏစိတ်က စူးစမ်းလိုက်တယ်၊

ဝုဋ္ဌောဆိုတဲ့စိတ်က ခွဲခြား သတ်မှတ်လိုက်တယ်၊

ပြီးတဲ့အခါကျတော့ ဇော ဆိုတဲ့ စိတ်ကျတော့ ထိုအာရုံရဲ့ အရသာတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ ခံစားတယ်၊

တဒါရုံဆိုတာ အဲဒီ အာရုံကို ဆက်ပြီးတော့ စမြုံ့ပြန်တယ်။

                  

စက္ခုဒွါရမှာ ဖြစ်နိုင်တဲ့ စက္ခုဒွါရိကစိတ်ပေါင်း ၄၆-ခု, ဒီမျက်လုံးတံခါးက ဝင်လာတဲ့ အဆင်းရူပါရုံနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်တဲ့စိတ်တွေဟာ သရုပ်အားဖြင့် ရေတွက်ကြည့်မယ်ဆိုရင် ၄၆-ခု ရှိတယ်၊ အဲဒီ ၄၆-ခုသော စိတ်တို့ဟာ ပစ္စုပ္ပန်ရူပါရုံလို့ ဆိုတဲ့ ဟောဒီ ရူပါရုံကို မြင်နိုင်စွမ်း ရှိကြတယ်၊ သိကြတယ်။ ပစ္စုပ္ပန်ရူပါရုံနဲ့ ဆက်စပ်ပြီးတော့ သိတယ် မြင်တယ်လို့  ဒီလို ပြောရမယ်၊ စာပေအရ ပြောမယ်ဆိုရင် ရူပါရုံကို အာရုံပြုတယ်လို့ ပြောမယ်၊ အာရုံပြုတယ် ဆိုတာ ဒီအာရုံကြောင့် ဖြစ်ကြတယ် လို့ ဆိုလိုတယ်၊ ဒီအာရုံနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကြတယ်လို့ ဒီလိုဆိုလိုတယ်။

                  

ကောင်းပြီ၊ ဒီနေရာမှာ တစ်ဆက်တည်း နားလည်ဖို့က စိတ်တွေမှာ ဆောင်ရွက်တဲ့ကိစ္စ ၁၄-မျိုးရှိတယ်။ စိတ်ဟာ တစ်ခုနဲ့ တစ်ခု ဆောင်ရွက်မှုချင်း မတူကြဘူး၊ မတူကြသည့် အတွက်ကြောင့် သူ့ဆိုင်ရာ ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ကြတယ်၊ အဲဒီ ၁၄-မျိုး ထဲက အခုပြောခဲ့တဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးကို စ,ကြည့်ရအောင်။

                  

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဟာ သူက ကိစ္စနဲ့ နာမည်ပေးထားတာ၊ သူဆောင်ရွက်တဲ့ ကိစ္စက အာဝဇ္ဇန်းကိစ္စ၊ ပါဠိလို အာဝဇ္ဇန၊ အာဝဇ္ဇန ဆိုတာ ဆင်ခြင်တာ၊ အာရုံဘက်ကို ဦးလှည့်ပေးတာ၊ အာရုံတံခါးကို ဖွင့်ပေးတာ၊ အဲဒါ သူ့ရဲ့ဆောင်ရွက်မှု ကိစ္စလေးပဲ၊ သူလုပ်နိုင်တာ ဒါလေးပဲ၊ ဒါပြင် ဘာမှ သူမလုပ်နိုင်ဘူးနော်။

                  

မျက်လုံးတံခါးကနေ အဆင်းအာရုံလေးက ဆက်သွယ်ပြီး စက္ခုပသာရုပ်မှာ လာထင်ပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအာရုံကို စတင်ပြီး ရယူတာ ဘယ်သူတုန်းဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းပဲ၊ အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းရဲ့ ဆောင်ရွက်မှုကိစ္စက “အာဝဇ္ဇန်းကိစ္စ” ဆင်ခြင်ပေးခြင်း ကိစ္စ၊ သို့မဟုတ် ဦးလှည့်ပေးခြင်းကိစ္စ faced to the object - objest ဘက်ကို မျက်နှာလှည့်လိုက်တာ၊ ဘာဖြစ်လို့လဲဆိုရင် object က အရင်ရောက်လာတဲ့ အခုမှ အသစ်ဝင်လာတာ၊ အသစ်ဝင်လာတဲ့ ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ ဝင်လာတဲ့ object ကို အစဆုံး ဦးလှည့်ပြီးတော့ ပေးလိုက်တယ်၊ ဦးလှည့်ပေးလိုက်သည့် အတွက်ကြောင့် ဟောဒီအာရုံနဲ့ ဆက်သွယ်ပြီး တော့ စိတ်တွေဟာ တသီတတန်းကြီး အလုပ် လုပ်ကြတော့မယ်လို့ ပြောတာနော်၊ သူက တံခါးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ဟောဒီ အာရုံဟာ စိတ်နဲ့ ဆက်သွယ်မိ သွားတယ်၊ ပထမဆုံး ဘယ်စိတ်နဲ့ တွေ့သလဲ ဆိုတော့ စက္ခုဝိညာဏ်စိတ်နဲ့ တွေ့ သွားတယ်။

 

 ဒါဖြင့် စက္ခုဝိညာဏ်စိတ် ဆောင်ရွက်တဲ့ကိစ္စက ဘာတုန်းဆိုတော့ မြင်ခြင်းကိစ္စ၊ “ဒဿနကိစ္စ” လို့ ပြောတာ၊ မြင်တယ် ဆိုတဲ့ သဘောလေး တစ်ခုပဲ ရှိတယ်၊ အဲဒိ မြင်ခြင်းကိစ္စကို စက္ခုဝိညာဏ်စိတ်က ဆောင်ရွက်ပြီးလျှင် သူချုပ်သွားရော။

.

             

ခုနက ပဉ္စဒွါရာဝဇ္ဇန်းစိတ် ကလည်း တံခါးဖွင့်ပေးလိုက်တယ်၊ ဆင်ခြင်ပေးလိုက်တယ်၊ အာရုံလေး ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ အာရုံကို တံခါး ဖွင့်ပေးလိုက်တယ်၊ ဒါ သူ့တာဝန်ပြီးတာနဲ့ သူက ချုပ်သွားပြီ၊ သူ့အလုပ်က ဒါပဲ၊ ဒီထက်ပိုပြီး သူ ဘာမှ ပိုမလုပ်နိုင်ဘူး။ တစ်ခုစီ တစ်ခုစီ၊ ဒီသဘောကို စဉ်းစားကြည့်ရင်၊ ခု ထမင်းစားတဲ့အခါမှာ ဇွန်းခက်ရင်းနဲ့ စားတာမဟုတ်လား၊ ဇွန်းခက်ရင်းနဲ့ စားတဲ့လူတွေဟာ ဇွန်းက ဘာလုပ်ပေးတာလဲ၊ ထမင်းသယ်ပေးတယ်, ဟင်း သယ်ပေးတယ်၊ ကော်ပြီးတော့ ထမင်းဟင်းကို သယ်လာပေးတာပဲ ရှိတယ်၊ ယူပေးတာတောင် လက်က ယူရတာ၊ ဝါးတာ သူနဲ့ ဆိုင်ရဲ့လား၊ မြိုချတာရော သူနဲ့ဆိုင်ရဲ့လား၊ မဆိုင်ဘူး၊ သူ့အလုပ် သူလုပ်တာ၊ သူ့အလုပ်ပြီးရင် ပြီးရော၊ ဟုတ်ကဲ့လား၊ အဲဒီအတိုင်းပဲ မျက်စိတံခါးကနေ ဝင်လာပြီး ပသာဒရုပ်မှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးကို ရှေးဦးစွာ ဆင်ခြင်နှလုံးသွင်း ပေးလိုက်တာ သို့မဟုတ် တံခါး ဖွင့်ပေးလိုက်တာက သို့မဟုတ် အာရုံဘက်ကို ဦးလှည့်ပေးလိုက်တာက ပဉ္စဒွါရာဝဇ္ဇန်း ဆိုတာ ဦးလှည့်ပေးတာ၊ စိတ်အစဉ်တစ်ခုကို အပြောင်းအလဲ လုပ်ပေးလိုက်တယ်၊ သူက အာရုံအသစ်ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ စိတ်ကို အဲဒီဘက်ကို လှည့်ပေးလိုက်တာ၊ အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က လှည့်ပေးပြီးတာနဲ့ တစ်ပြိုင်နက် သူ့ကိစ္စပြီးလို့ သူက ချုပ်သွားတယ်။

                  

သူချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့နောက်ကနေ ပေါ်လာလိုက်တာက စက္ခု ဝိညာဏ်စိတ်၊ ဒါဘယ်သူ့ကြောင့် ပေါ်လာတာတုန်း၊ ဘယ်သူက ပေါ်ခိုင်းတာတုန်းလို့ ဆိုလို့ရှိရင် “စိတ္တနိယာမ” လို့ ခေါ်တယ်၊ order of mind (mental order) လို့ ခေါ်တယ်၊ စိတ္တနိယာမအရ ဒီအတိုင်းလာနေတာပဲ။

                  

သဘာဝတရားရဲ့ စွမ်းအားလို့ ပြောရမယ်၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးက သူချုပ် သွားတာဟာ ချုပ်ရုံ ချုပ်သွားတာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ရာ chance ပေးခဲ့တာ၊ သူပေးခဲ့တဲ့ chance စွမ်းအားကြောင့် စက္ခုဝိညာဏ်စိတ်ကလေးက ဟောဒီ အာရုံကို ဆက်ပြီးတော့ မြင်ခြင်းကိစ္စ ဆောင်ရွက်တယ်။ ပြီးတော့ ဒီ စက္ခုဝိညာဏ် စိတ်ကလေးက ချုပ်သွားတာပဲ၊ သူကနေပြီး မြင်ရုံ မြင်သွားတာ၊ ဘာမှ သိတာ မဟုတ်ဘူး၊ သူက မြင်ပြီးချုပ်သွားတော့ သူ့ကိစ္စပြီးတော့ ဘယ်သူ ဆက်လာတုန်း ဆိုတော့ ဒီအာရုံလေးက အလုပ်လုပ်လို့ မပြီးသေးဘူးလေ၊ အခုမှ တံခါးဖွင့်ပေး ရတာနဲ့၊ သူ့ကို မြင်ရုံလေးပဲမြင်တယ်၊ အဲဒီစိတ်ကလေးကို လက်ခံပြီးတော့ တွေးရဦးမှာ၊ ဒါကြောင့်မို့လို့ လက်ခံပေးတဲ့စိတ်ကို သမ္ပဋိစ္ဆိုင်းစိတ်လို့ ခေါ်တယ်။

               

သမ္ပဋိစ္ဆိုင်းစိတ်ရဲ့ ကိစ္စက လက်ခံခြင်းကိစ္စ၊ ဒါကို သမ္ပဋိစ္ဆိုင်းကိစ္စလို့ မြန်မာလို ဘာသာ မပြန်တော့ဘဲနဲ့ သမ္ပဋိစ္ဆိုင်းကိစ္စလို့ ဒီလိုပဲ ရေးနေတာပဲ၊ အဘိဓမ္မာဝေါဟာရမှာ သမ္ပဋိစ္ဆန - လက်ခံဆိုတဲ့ စကားလုံးပဲ၊ အမှန်က မြန်မာစကား လက်ခံ ဆိုတာ ပိုလွယ်တယ်၊ လက်ခံခြင်းကိစ္စ၊ အဲဒီတော့ သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံဆောင်ရွက်တာနဲ့ တစ်ပြိုင်နက် သူလည်း ချုပ်သွားတယ်၊

 

သူချုပ်သွားတာနဲ့ တစ်ပြိုင်နက် automatic ပဲ နောက်က အကြားအလပ် မရှိအောင် တစ်ခုပြီးတစ်ခု ဆက်ပေါ်နေတယ်။ ဘယ်သူပေါ်လာလဲဆိုရင် သန္တီရဏတဲ့၊ လက်ခံထားတဲ့ အာရုံလေးကို စူးစမ်း ဆင်ခြင်မှု ဆိုတဲ့ သန္တီရဏစိတ်ကလေးဟာ ဖြစ်သွားတယ်၊ သူကလည်း စူးစမ်းပြီးတာနဲ့ သူ့ရဲ့ကိစ္စက သန္တီရဏ စူးစမ်းခြင်း စုံစမ်းခြင်းဆိုတာနဲ့ investigation အဲဒီ စူးစမ်းမှုကိစ္စလေး ပြီးသွားတာနဲ့ တစ်ပြိုင်နက် သူကလည်း ချုပ်သွားရော၊ ချုပ်သွားပြီးတဲ့အခါ ဘယ်သူပေါ်လာတုန်း ဆိုပြန်တော့ ဝုဋ္ဌောဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်။

                  

ဝေါဋ္ဌပန - ဝေါဋ္ဌပန ဆိုတာ အာရုံကို သတ်မှတ်ချက်ကလေး တစ်ခုပေးသွားတယ်။ အဲဒီအာရုံရဲ့ သဘောသဘာဝလို့ သတ်မှတ်ချက်ကလေး ပေးသွားတယ်၊ အဲဒီ သတ်မှတ်ချက်ကလေး ပေးသွားလို့ သူ့ကိစ္စလေး ပြီးသွားလို့ရှိရင် သူက ချုပ်သွား ပြန်ရော။

                   

ချုပ်သွားတဲ့အခါကျတော့မှ ဘယ်စိတ်တွေ ပေါ်လာတုန်း ဆိုတော့ ဇော ဆိုတဲ့စိတ် ပေါ်လာတယ်။ ပါဠိစကားလုံးက ဇဝန၊ ဇဝနကို မြန်မာပြုထားတော့ ဇော၊ ဘာဖြစ်လို့ ဇော ခေါ်တာတုန်းလို့ ဆိုတော့ ဇဝနဆိုတာ မြန်မာပြန်မယ်ဆိုရင်တော့ လျင်မြန်တယ် ဆိုတဲ့ အဓိပ္ပါယ်လေး ပြန်လို့ရတယ်၊ အရှိန်အဟုန် ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း ပြန်လို့ရတယ်။ အဲဒီနေရာမှာ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခါမှာ ဇော ကိစ္စ၊ ကိစ္စက ဇော ကိစ္စ။

                  

ဇောကိစ္စကို ဆောင်ရွက်တဲ့ စိတ်ပေါင်းက ၅၅-ခု ရှိတယ်၊ ကုသိုလ်တွေ မှန်သမျှ ဇောကိစ္စ ဆောင်ရွက်တယ်၊ အကုသိုလ်တွေ မှန်သမျှမှာ ဇောကိစ္စ ဆောင်ရွက်တယ်၊ နောက်ပြီးတော့ ရဟန္တာ သန္တာန်မှာ ဖြစ်ပေါ်တဲ့ ကြိယာ လို့ခေါ်တဲ့ ကုသိုလ်တဖြစ်လဲ ကြိယာစိတ်တွေက ဇောကိစ္စ ဆောင်ရွက်ကြတယ်။ ဖိုလ်စိတ် တွေကလည်း ဇောကိစ္စကို ဆောင်ရွက်ကြတယ်။ ကျန်တဲ့ ဝိပါက်စိတ်တို့ဆိုတာ ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။ ကြိယာစိတ်တွေထဲ ကလည်း ခုနက အာရုံဘက်ကို ဦးလှည့် ပေးတဲ့စိတ်, အာရုံကို ဆင်ခြင်ပေးတဲ့ အာဝဇ္ဇန်းစိတ်တွေကလည်း ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။

                  

ဒါဖြင့် ဇောဆိုတာ ဘာကို ပြောတာတုန်း? ဋီကာကျော်ကျမ်းက ဘယ်လိုအဓိပ္ပါယ် ရှင်းပြတုန်းဆိုရင် ဇောကိစ္စ ဆိုတာ အာရုံပေါ်မှာ ဖြစ်ပေါ်လာတဲ့ အာရုံကို တစ်ကြိမ် ဖြစ်စေ အကြိမ်များစွာ ဖြစ်စေ၊ အရှိန်အဟုန်နဲ့ လျင်မြန်တဲ့ အနေအထားအားဖြင့် ဖြစ်တဲ့သဘောကို ဇောကိစ္စလို့ ဒီလိုရေးတယ်။

             

လယ်တီဆရာတော်ကြီးက လျင်မြန်တဲ့ အဓိပ္ပါယ် ဆိုတာကို သဘောမကျဘူး၊ သဘောမကျလို့ သူ့ရဲ့ ပရမတ္ထ ဒီပနီထဲမှာ လျင်မြန်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး၊ “ဇဝန - ဇောဆိုတာ အရှိန်အဟုန်” လို့ အဓိပ္ပါယ်၊ အရှိန်ကောင်းတယ်ပေါ့၊ ကျန်တဲ့ စိတ်တွေနဲ့ မတူဘူး၊ အရှိန်ရှိတယ်၊ ဆိုပါစို့ - မိုးကြိုးများလိုပဲ အရှိန်အဝါ ပြင်းထန် တယ်ပေါ့၊ ဇောစိတ်ဟာ အရှိန်အဟုန် ရှိတယ်၊ တစ်ကြိမ်ပဲဖြစ်ဖြစ်၊ နှစ်ကြိမ်ပဲ ဖြစ်ဖြစ်၊ ဖြစ်တဲ့အကြိမ်က အဓိက မဟုတ်ဘူး၊ နှေးတာ မြန်တာလည်း အဓိက မဟုတ်ဘူး၊ စိတ်ဆိုတာ အနှေးအမြန် အတူတူပဲ၊ ဇောစိတ်က ပိုမြန်တယ်လို့ ဒီလိုဆိုတာ မဟုတ်ဘူး၊ အာရုံနဲ့ ပတ်သက်ပြီးတော့ အရှိန်အဟုန် ကောင်းတဲ့စိတ်လို့ - ဒီလို ဆိုတယ်၊ “အရှိန်အဟုန်ကောင်းတဲ့ကိစ္စကို ဆောင်ရွက်လို့ - ဇောကိစ္စ”။

             

ကြည့်လေ …  အာရုံနဲ့တွေ့လိုက်လို့ ခုနက မျက်စိက မြင်တဲ့အာရုံက ကိုယ်နှစ်ခြိုက်တဲ့ အာရုံဆိုလို့ရှိရင် အရှိန်အဟုန်ကောင်းကောင်းနဲ့ တွယ်တာတယ်, တပ်မက်တယ်, လိုချင်တယ် ဆိုတာ ဖြစ်လာတယ်၊ အဲဒါကျတော့ လောဘဇော စောပြီပေါ့၊ ကိုယ် မလိုချင်တဲ့ အာရုံဆိုရင် ဒေါသဇောဆိုတဲ့ မုန်းတီးတယ်, ရွံရှာတယ်ဆိုတဲ့ စိတ်ဓာတ် တွေ ဖြစ်ပေါ်တာပေါ့၊ ဒီလိုဖြစ်လာတယ်။

             

ကောင်းတဲ့စိတ်တွေကို ကုသိုလ်ဇောတွေခေါ်တယ်၊ အာရုံကို အမှီပြုပြီးတော့ ကုသိုလ်ဇောတွေ စောလာတယ်၊ ဥပမာ- ပန်းကလေး တစ်ပွင့် မြင်လိုက်တာနဲ့ အဲဒီ ပန်းကလေးဆိုတဲ့ အာရုံပေါ်မှာ ကြည့်ပြီးတော့ တချို့ပုဂ္ဂိုလ်ကျတော့ “ပန်းကလေးက လှလိုက်တာ၊ ခေါင်းပေါ် ပန်လိုက်ဦးမယ်” သို့မဟုတ် “စားပွဲပေါ် အလှထား လိုက်ဦးမယ်” ဆိုတဲ့ အတွေးတွေ ဖြစ်လို့ရှိရင် ခံစားဖို့ တွေးတာ ဖြစ်သောကြောင့် လောဘဇော စောတာပေါ့၊ တချို့ကျတော့ အဲဒီလို မဟုတ်ဘူး၊ “ပန်းကလေးက လှလိုက်တာ၊ ဘုရားတင်ဦးမှပဲ” လို့ စဉ်းစားလိုက်လို့ရှိရင် ကုသိုလ်ဇော စောပြန်ရော၊ ကုသိုလ်စိတ်လေး ဝင်လာတာ၊ အဲဒါ  အရှိန်အဟုန်နဲ့ဖြစ်တဲ့ စိတ်ကလေး- အဲဒီစိတ်က energy ရှိတယ်၊ ဒါ့ကြောင့်မို့ ဇော စိတ်ဟာ အာရုံနဲ့ ပတ်သက်ပြီးတော့ တပ်မက်တာလည်း သူတို့ပဲ၊ မုန်းတီးလာတာလည်း သူတို့ပဲ၊ တပ်မက်မှု ကင်းတာ လည်း သူတို့ပဲ၊ မုန်းတီးမှု ကင်းတာလည်း သူတို့ပဲ။

             

ဒီဇောစိတ်တွေက ကုသိုလ် အကုသိုလ် သဘာဝ အားလျော်စွာ အခြားအကြောင်း တွေကို အမှီပြု ပြီးတော့ ဇောစိတ်တွေ စောကြတယ်။ ဒီ ဇောစိတ်တွေနဲ့ ယှဉ်ပြီးတော့ လာတဲ့ စေတနာတွေက ကံအရာ မြောက်သွားကြတယ်၊ ကျန်တဲ့ စေတနာတွေကို “ကမ္မပစ္စယော” လို့ ဟောပေမယ့်လို့ ကုသိုလ် အကုသိုလ် ဇောစိတ်တွေနဲ့ ယှဉ်တွဲလာ တဲ့ စေတနာ ကသာလျှင် အရှိန်အဟုန်ရှိတယ်၊ အရှိန်အဟုန် ဆိုတာ အကျိုးကို ထုတ်လုပ်တဲ့ စွမ်းရည်သတ္တိတွေ ရှိတယ်ပေါ့၊  အရှိန်ရှိတယ်၊ အဟုန်ရှိတယ်၊  ဇဝန ဆိုတာ အရှိအဟုန်ဆိုတဲ့ အဓိပ္ပါယ်ကို ယူရမယ်ပေါ့။ အရှိန်အဟုန် ရှိသည့် အတွက် ကြောင့် ဘဝတစ်ခုကို တည်ဆောက် နိုင်လောက်အောင် စွမ်းရည်သတ္တိတွေ ထက်တဲ့ စေတနာ စွမ်းအားတွေ ဇောစိတ်တွေနဲ့ အတူတူဖြစ်တယ်။

                

အဲဒီဇောစိတ်တွေ ဖြစ်ပြီးတဲ့နောက်မှာ အရှိန်အဟုန် ရှိတဲ့ စိတ်ရဲ့ နောက်ကနေ လိုက်ပြီးတော့ အရှိန်အဟုန်ရှိတဲ့ စိတ်ရဲ့ အာရုံကို ဆက်ခံပြီးတော့ ရယူတဲ့စိတ်ကိုတော့ တဒါရုံစိတ် လို့ ခေါ်တယ်။ တဒါရမ္မဏ တ + အာရမ္မဏ ‘တ’ ဆိုတာ ဇောစိတ်ရဲ့ ‘အာရမ္မဏ’ အာရုံကို ယူတဲ့စိတ်လို့ - ဒီလို အဓိပ္ပါယ်ရတယ်။ ဇောရဲ့ အာရုံကို  ဆက်ခံတဲ့စိတ်လို့ ဒီလိုပြောတာ၊ သူ ယူနေကျ အာရုံကို မယူဘဲနဲ့ ဇောရဲ့  အာရုံကို နောက်က လိုက်ပြီးယူတာ၊ လူတွေက တစ်ခုခု စားပြီးလို့ရှိရင် အရသာ မခံဘူးလား၊ မျိုချပြီးတဲ့နောက် အရသာ မခံနေပေဘူးလား၊ အဲဒါမျိုးလိုပဲ တဒါရုံ ဆိုတာ အရှိန်အဟုန် နောက်ကနေ လိုက်သွားတဲ့စိတ်ကိုပြောတာ။

             

စာပေမှာတော့ ဥပမာပေးထားတယ်၊ အရှိန်နဲ့ ဆန်တက်သွားတဲ့ မော်တော်ဘုတ် ရဲ့နောက်ကို ရေထဲမှာ မျောနေတဲ့ ဗေဒါပင်လို ဟာလေးမျိုးတွေက ရေစီးနောက် မလိုက်ဘဲနဲ့ အဲဒီ မော်တော်ဘုတ်နောက် အရှိန်လေးနဲ့ လိုက်ပါသွားတာမျိုး မရှိ ဘူးလား၊ အရှိန်ပြင်းလို့ ပါသွားတဲ့ သဘောမျိုးလေးပါပဲ၊ အဲဒါကို တဒါရမ္မဏ လို့ ခေါ်တာပဲ၊ ‘တ’ ဆိုတာ ဇောရဲ့ အာရုံကိုပဲ, ‘အာရမ္မဏ’ က အာရုံပြုတယ်လို့ ပြောတာ။

                  

အဲဒီစိတ်က မဟာဝိပါက်စိတ် ၈-ခုနဲ့ သန္တီရဏ ၃-ခု၊ ပေါင်းလိုက်တဲ့အခါ ၁၁-ခု။ ဒီ အဆင်းအာရုံလေးနဲ့ စပ်ပြီးတော့ ဖြစ်ပေါ်လာတဲ့စိတ်တွေဟာ ဒါ အာရုံလေး တစ်ခုတည်းပေါ်မှာ စိတ်တွေ အများကြီး အလုပ်လုပ်နေတယ် ဆိုတာကို ပြောတာ၊ ဒါနဲ့တင် ပြီးပြီလား ဆိုတော့ မပြီးသေးဘူး၊ ဒီစိတ်နဲ့တင် မပြီးသေးဘူး၊ ဒါမျိုးတွေ နောက်ထပ်, ထပ်ပြီးတော့ ဖြစ်ဦးမယ်၊ ဒီအာရုံလေးနဲ့ ပတ်သက်ပြီးတော့ မနောဒွါရမှာ ထပ်ပြီးတော့ လာဦးမယ်၊ ဘာတွေ လာမှာတုန်း ဆိုရင် မနောဒွါရမှာ ထပ်ပြီးတော့ လာဦးမယ်၊ ဘာတွေ လာမှာတုန်းဆိုရင် မနောဒွါရာဝဇ္ဇန်း၊ ဒီအာရုံဘက်ကို ထပ်မံပြီး လှည့်ပေးဦးမယ်။

                  

မနောဒွါရာဝဇ္ဇန်း စိတ်ကလေး တစ်ခါ ပေါ်လာပြန်တယ်၊ ပေါ်လာပြီးရင် ဇောစိတ်တွေ ပေါ်လာဦးမယ်၊ တဒါရုံတွေ ပေါ်လာမယ်၊ နောက်တစ်ခါထပ်ပြီးတော့ ဦးလှည့် ပေးဦးမယ်၊ ဇောစိတ်တွေ ပေါ်မယ်၊ တဒါရုံတွေ ပေါ်မယ်၊ နောက်တစ်ခါ ထပ်ဦးလှည့် ပေးပြန်ဦးမယ်၊ လေးခါလောက် လှည့်လိုက်တဲ့အခါ ကျမှ “သြော် - ဒါ ပန်းပဲ” ဆိုတာ သိတာ၊ သို့သော် စိတ်ဆိုတာအလွန်လျင်မြန်သည့် အတွက်ကြောင့် ခုမြင်ရင် အခုသိတယ်လို့ ထင်ကြတာ။

                  

ကောင်းပြီ အဲဒီထဲမယ် - အဆင်းအာရုံ ဆိုတဲ့ အာရုံလေးတစ်ခုကို အကြောင်း ပြုပြီးတော့ စိတ်တွေဟာ ဘယ်လောက်ဖြစ်သွားရလဲ - စဉ်းစားကြည့်၊ ထိုစိတ်တွေနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်တဲ့ စိတ်တွေဟာ

 

(နံပတ် ၁) ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ သူ့ရဲ့ကိစ္စကဘာလဲ၊ အာဝဇ္ဇန်းကိစ္စ - ဆင်ခြင်ပေးခြင်း၊  အာရုံကို ဆင်ခြင်ပေးခြင်း၊ အာရုံဘက်ကို ဦးလှည့်ပေးခြင်း ဆိုတဲ့ကိစ္စ၊

 

(နံပါတ် ၂) စက္ခုဝိညာဏ်စိတ်က မြင်ခြင်းကိစ္စ၊  စာပေလို ဒဿနကိစ္စ၊ အမြင်ကိစ္စ၊

 

(နံပါတ် ၃) သမ္ပဋိစ္ဆိုင်းက လက်ခံတာ၊ လက်ခံတဲ့ကိစ္စ၊

 

(နံပါတ် ၄) သန္တီရဏ က စုံစမ်းတာ ဖြစ်သောကြောင့် စုံစမ်းခြင်းကိစ္စ၊

 

(နံပါတ် ၅) ဝုဋ္ဌပနက ခွဲခြားသတ်မှတ်တာ ဖြစ်သောကြောင့် ခွဲခြားသတ်မှတ်ခြင်းကိစ္စ၊

 

(နံပါတ် ၆-) ဇဝနက အရှိန်အဟုန်ဖြင့် အာရုံနှင့်ဆက်ပြီး အလုပ်လုပ်သောကြောင့် အရှိန်အဟုန်ကိစ္စ၊

 

(နံပါတ် ၇) တဒါရမ္မဏက ထိုဇောရဲ့ အာရုံကို ဆက်ခံမှုဆိုတဲ့ တဒါရုံကိစ္စ။

                  

ဟော …  ကိစ္စပေါင်း ဘယ်လောက်ရှိသွားပြီလဲ၊ ဒါတွေက စိတ်ရဲ့ ကိစ္စတွေပဲ၊

 

၁။ အာဝဇ္ဇန်းကိစ္စ - ဆင်ခြင်တဲ့ကိစ္စ၊

၂။ မြင်ခြင်းကိစ္စ၊

၃။ လက်ခံခြင်းကိစ္စ၊

၄။ စုံစမ်းခြင်းကိစ္စ၊

၅။ ခွဲခြားသတ်မှတ်ခြင်းကိစ္စ၊

၆။ အရှိန်အဟုန်ဖြစ်ပေါ်ခြင်းကိစ္စ၊

၇။ အာရုံကို ဆက်ခံခြင်းကိစ္စ

ပေါင်း ၇-ခု ဖြစ်တယ်။

                  

အဲဒီအထဲမှာ အသံအာရုံ ဆိုလို့ရှိရင် ကြားခြင်းဆိုတဲ့ သောတဝိညာဏ်စိတ် လာမယ်၊  ကြားခြင်းကိစ္စ ဖြစ်မယ်၊ အနံ့ဆိုလို့ရှိရင်  နမ်းရှူခြင်းကိစ္စ၊ အရသာ ဆိုလို့ရှိရင် လျက်ခြင်းကိစ္စ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုလို့ရှိရင် ထိခြင်းကိစ္စ၊ ဒီကိစ္စတွေ လာလိမ့်မယ်၊

 

အဲဒီတော့ ခုနထဲမယ် -

 

၁။ ကြားခြင်းကိစ္စ - သာဝနကိစ္စ၊

၂။ နမ်းရှူခြင်းကိစ္စ - ဃာယနကိစ္စ၊

၃။ လျက်ခြင်းကိစ္စ - သာယနကိစ္စ၊

၄။ ထိတွေ့ခြင်းကိစ္စ - ဖုသနကိစ္စ၊

 

ခုနကထဲကို ဒီ ၄-ခု ထည့်လိုက်လို့ရှိရင် ခုနက ၇-ခု၊ အခု ၁၁-ခု ဖြစ်သွားပြီ၊ ဒါ စိတ်ရဲ့ function တွေကို ပြောတာနော်။

                  

ကိစ္စ ၁၄-ခုကို စာအတိုင်း ရေးပြနေရင် မမှတ်မိမှာစိုးလို့ အခု ဒါ သူ့ရဲ့ဆောင်ရွက် ချက်တွေကို အာရုံနဲ့ ကြည့်လိုက်လို့ ရှိရင် ဒီစိတ်သဘာဝတွေ ပေါ်လာတယ် မဟုတ်လား။

                  

ကဲ၊ ကိစ္စ ၁၁-ခု ရှိသွားပြီ၊ ၁၁-ခုထဲမှာ ဘာကျန်နေတုန်းဆိုရင် လူ့ဘဝစလာတဲ့ အချိန်မှာ ဟိုဘဝက ဘဝတစ်ခု အပြီးသတ်သွားလို့ လူတစ်ယောက်ဟာ သေသွား လိုက်တာနဲ့ တစ်ပြိုင်နက် အတိတ်ကံက ချက်ချင်း အခွင့်အရေးရပြီးတော့ အကျိုး တစ်ခုကို ထုတ်လုပ်လိုက်တယ်၊ ဘဝတစ်ခုကို ဆက်စပ်ပြီးတော့ ထုတ်လုပ်လိုက်တယ် အဲဒီလို ဆက်စပ်တဲ့ကိစ္စကို ဘာခေါ်တုန်း ဆိုရင် ပဋိသန္ဓိကိစ္စ တဲ့၊ ဘဝတစ်ခုနဲ့တစ်ခု ပြတ်မသွားအောင် ဆက်ပေးခြင်းကိစ္စ၊ ဟိုဘဝက သေလို့ စုတိဆိုတဲ့ စိတ်လေး ချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် စုတိဆိုတဲ့ စိတ်ကလေး မကျမချင်း ကံအသစ်က အခွင့်အရေး မရသေးဘူး၊ စုတိ ဆိုတာလေးလည်း ပြီးရော သူ့ရဲ့ကိစ္စတွေလည်း ပြီးရော။

                  

နောက်က ကံအသစ်က ဝင်လာပြီး ချက်ချင်း ပဋိသန္ဓေ ထုတ်လုပ်လိုက်တယ်၊ အဲဒီ စုတိနဲ့ ပဋိသန္ဓေကြားမှာ ပြတ်မသွားအောင်၊ ဘဝတစ်ခုနဲ့တစ်ခု ပြတ်မသွားအောင် ပြန်ပြီးတော့ ဆက်စပ်ပေးတဲ့ အတွက်ကြောင့် ‘ပဋိ’ဆိုတာ ပြန်၍၊ ‘သန္ဓိ’ ဆိုတာ စပ်တာတဲ့၊ ဒါကြောင့်မို့လို့ အင်္ဂလိပ်လို့ ပြန်တဲ့အခါကျတော့ Relinking consciousness – Relinking function- ပြန်ဆက်စပ်တဲ့ကိစ္စ၊ ဒါ ပဋိသန္ဓေကိစ္စ၊ အဲဒီကိစ္စတစ်ခု ထည့်လိုက်မယ်ဆိုရင် ၁၂-ခု ဖြစ်မသွား ဘူးလား။

                  

တစ်ခါ အဲဒီပဋိသန္ဓေကိစ္စပြီးတဲ့ အခါကျတော့ နောက်ပိုင်းမှာ ဘဝတစ်ခုဟာ စဉ်ဆက် မပြတ်အောင် ဆက်သွယ်ပြီးတော့ ပေးနေတဲ့ စိတ်တွေက ဘဝင်စိတ်လို့ခေါ်တယ်၊ ဘဝင်္ဂ - ဘဝ+အင်္ဂ - ဆက်လက် ဖြစ်ပေါ်နေမှုကို ဆောင်ရွက်နေသောကြောင့် သူတို့ကို ဘဝင်္ဂကိစ္စ လို့ ခေါ်တယ်။

                  

နောက်ဆုံးမှာ ကံတစ်ခုရဲ့ အကျိုးတစ်ခုကို လုံးဝရပ်ဆိုင်း ပစ်လိုက်ပြီး ဘဝတစ်ခုကို အဆုံးသတ် လိုက်တဲ့ စိတ်ကျတော့ စုတိတဲ့၊ အဲဒါကျတော့ စဝနကိစ္စ၊ ရွေ့လျောခြင်း ကိစ္စ၊ ပေါင်းလိုက်တဲ့ အခါကျတော့ ကိစ္စ ၁၄-ခုတဲ့။

                  

အဲဒီကိစ္စတွေကို ဘယ်သူက ဆောင်ရွက်တာတုန်း ဆိုတော့ ဆိုင်ရာဆိုင်ရာ စိတ်တွေက ဆောင်ရွက်တာ။ လူတွေရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ စိတ်တွေဟာ အလကား နေကြတာ မဟုတ်ပါဘူး၊ ဒို့ တတွေသာ မအားဘဲနဲ့ ထမင်းချက်ရတယ်၊ အဝတ်လျှော်ရတယ်၊ ကိုယ့်ကိစ္စတွေ ရှိနေတယ်လို့ ထင်တာ၊ စိတ်ကလည်း လုပ်နေရတာပဲ၊ သူ့ကိစ္စသူ လုပ်နေရတာချည်းပဲ၊ အကုန်လုံး၊ ရပ်နားနေ ရတယ် မရှိဘူး၊ ဆိုင်ရာ ဆိုင်ရာ function တွေကို ဆောင်ရွက်နေရတာ၊ အကုန်လုံး ဘယ်အရာပဲ ဖြစ်ဖြစ် သူ့ function တွေ သူ ရှိနေတာချည်းပဲ။

                  

မော်တော်ကားလေး တစ်စီး ကြည့်လိုက်ဦးမလား၊ ထိုမော်တော်ကား မှာလည်း function တွေ မရှိဘူးလား၊ ရှိတာပဲ၊

Petrol ကလည်း petrol function - လုပ်ရတာပဲ၊

Engine ကလည်း engine function - လုပ်ရတာပဲ၊

Battery ကလည်း battery ရဲ့  function - အလုပ်လုပ်ရတာပဲ၊

Wheel ကလည်း wheel ရဲ့ function ပဲ၊

Body ကလည်း Body function ပဲ၊

Driver ကလည်း driving လုပ်ရတာတဲ့ function ပဲ၊

Function တွေ အကုန်ပေါင်းလိုက်တဲ့ အခါကျမှ အကျိုးတစ်ခု ဖြစ်တာလေ။

                  

အခုလည်း စိတ်တွေအားလုံးဟာ ပေါင်းပြီးတော့ အလုပ်လုပ်တာ မပေါ်လွင်ဘူးလား၊  အဲဒီတော့ အနိစ္စ သဘောရော မထင်ရှားဘူးလား။ မြင်လိုက်တဲ့ အာရုံလေး တစ်ခု အတွက် လုပ်လိုက်ကြရတာ မနည်းဘူး၊ ဘာနဲ့ ဥပမာ တူတုန်းဆိုတော့ ပုရွက်ဆိတ ်တွေ စုပြီး ထမင်းလုံးလေး ချီသွားသလိုပဲ၊ ပုရွက်ဆိတ်တွေကမှ အကောင်တွေ အများကြီး မြင်ရဦးမယ်၊ စိတ်တွေက တစ်ခုပြီးတစ်ခု။ တစ်ခုပြီး တစ်ခု ဖျတ်, ဖျတ်နဲ့ ကိုယ့်ကိစ္စကိုယ် လုပ်သွားလိုက်ကြတာ ကြည့် - ရပ်နားရသလား ဆိုတော့ ဘယ်တော့မှ ရပ်နားမသွားတယ် မရှိဘူး။

                  

ပဋိသန္ဓေစိတ်က စလိုက်တဲ့ စိတ်အစဉ်ဟာ ဘယ်ကျမှ ရပ်သွားသလဲဆိုရင် စုတိ၊ အဲဒီကျတော့ ရပ်သလားဆိုရင် မရပ်ပြန်ဘူး၊ နောက်တစ်ခါ ပဋိသန္ဓေ လာဦးမှာ၊ အဲဒီတော့ စိတ်အစဉ်ဟာ ဘယ်တော့မှ ရပ်တန့်သွားတာ မရှိဘူး၊ ဝင်လာတဲ့ အာရုံ တွေပေါ်မှာ စိတ်တွေဟာ အလုပ် လုပ်နေကြရတယ်။

 

မျက်စိကမြင်ရင် အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နားက ကြားလို့ရှိရင် ကြားတဲ့ အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နှာခေါင်းက နံတယ်ဆိုရင် နံတဲ့အာရုံပေါ်မှာ အလုပ် လုပ်ကြရတယ်၊ လျှာနဲ့ အရသာထိတွေ့တဲ့အခါ အရသာဆိုတဲ့ အာရုံပေါ်မှာ အလုပ် လုပ်ကြရတယ်၊ ခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့အခါမှာ အထိအတွေ့ဆိုတဲ့ အာရုံပေါ်မှာ အလုပ်လုပ်ကြရတယ်၊  မျက်စိ, နား, နှာ, လျှာ, ကိုယ်မှာ အာရုံတစ်ခု အသစ် ဝင်လာတာ မရှိဘဲနဲ့ စိတ်အတွေး လေးတွေနဲ့ အလုပ်လုပ်နေ ကြတာလည်း မရှိ ဘူးလား ရှိတယ်၊ အဲဒီစိတ်အတွေးလေးဟာ အားတယ် နားတယ် မရှိဘဲနဲ့ စိတ်တွေ ဟာ ဆိုင်ရာ ဆိုင်ရာ ဒွါရတွေက အာရုံတွေနဲ့ ဆက်စပ်မပြတ် ဖြစ်ပြီးတော့နေတာ။

                  

မြတ်စွာဘုရားက ထိုအာရုံတွေက စိတ်ကို လွှမ်းမိုးနေတာကို အကြောင်းပြုပြီးတော့ “အာရမ္မဏ ပစ္စယော” လို့ ဒီလိုဟောတာ၊ အချင်းချင်း ဆက်သွယ်ပြီးတော့ တစ်ခုပြီး တစ်ခု သွားနေတာကို ကြည့်ပြီးတော့ “အနန္တရပစ္စယော, သမနန္တရပစ္စယော, နတ္တိပစ္စယော, ဝိဂတပစ္စယော” လို့ ဟောတာ၊ ရှေ့စိတ်ကလေးတွေ ချုပ်ပြီးမှ နောက်စိတ်ကလေးတွေ ပေါ်နိုင်တာဖြစ်လို့ “ဥပနိဿယပစ္စယော” လို့ ဟောတာ၊ အားကြီးတဲ့ “အနန္တရူပ-နိဿယ ပစ္စည်း” တဲ့၊ အဲဒီထဲမှာပဲ ဇောစိတ်ကလေးတွေက တစ်ခုပြီး တစ်ခုသွားတာ ဖြစ်သောကြောင့် “အာသေဝန” အရှိန်အဟုန် ရှိတယ် ဆိုပြီးတော ဟောတာ။ အဲဒီထဲမှာပဲ ကုသိုလ် အကုသိုလ်တွေနဲ့ ယှဉ်လာတဲ့ စေတနာ ကျတော့ “ကမ္မပစ္စယော, နာနာက္ခဏိကကမ္မပစ္စယော” ဒီလို ပဋ္ဌာန်းထဲမှာ ဟောထား တယ်။ မြတ်စွာဘုရား ဟောတာတွေက အားလုံးကို အနှစ်ချုပ်ကြည့်တော့ အခု ပြောခဲ့တာတွေပဲ၊ အကုန်လုံး တစ်ခုနဲ့တစ်ခု ဆက်သွယ် ဖြစ်ပေါ်နေပုံတွေကို ပြောတာ။

 

အဲဒီတော့ အာရုံလေးတစ်ခု ဖြစ်ပေါ်တာနဲ့ပဲ စိတ်ပေါင်းများစွာဟာ အလုပ်လုပ်ကြ ရတယ်။ အလုပ်လုပ်ပြီးရင်လည်း ချုပ်ပျောက် သွားကြတယ်။ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုရှိရဲ့လားဆို မရှိဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လေးက စက္ခုဝိညာဏ်ဘက် တွန်းပို့ခဲ့တာ၊ တစ်ခုနဲ့တစ်ခု တွေ့ရဲ့လား၊ လူလို စဉ်းစားပြီးတော့ ကြည့်ပေါ့၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ စက္ခုဝိညာဏ်စိတ်က တွေ့ကြတာ မဟုတ်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ချုပ်သွားမှ စက္ခုဝိညာဏ်စိတ် ပေါ်တာ, မြင်သိစိတ်ကလေး ပေါ်တာ၊ မြင်သိစိတ် ကလေးချုပ်မှ လက်ခံတဲ့စိတ် သမ္ပဋိစ္ဆိုင်းစိတ်ပေါ်တာ၊ လက်ခံတဲ့ စိတ်ကလေးချုပ်မှ စုံစမ်းတဲ့စိတ် သန္တီရဏစိတ် ပေါ်တာ၊ စိတ်တွေဟာ တစ်ခုပြီးမှ တစ်ခုပေါ်တာ။

 

တကယ်စဉ်းစားကြည့်မယ်ဆိုရင် တို့တတွေဟာ ရှင်သန်နေတယ်လို့ ပြောနေတာဟာ စဉ်ဆက်မပြတ် ထပ်ဖြစ်နေတာကို ပြောနေတာပဲ၊ မသေတာကို ပြောတာ မဟုတ်ဘူး။ “လူတွေဟာ အသက်ရှင်နေတာ စိတ်ကလေး တစ်ခုနဲ့ပဲ အသက်ရှင်နေတာ”၊ လူတိုင်း လူတိုင်း ရပ်တည်နေတာဟာ စိတ်ကလေး တစ်ခုနဲ့ ရပ်တည်နေတာ။

 

ဘာနဲ့ ဥပမာတူတုန်း ဆိုရင် ကတ္တရာလမ်းပေါ်မှာ ကားမောင်းသွားလို့ ရှိရင် ဘီးအားလုံးဟာ ကတ္တရာလမ်းနဲ့ ထိနေတာ မဟုတ်ဘူး၊ လက်တစ်ဝါးလောက်ရှိတဲ့ ဘီးကလေးသာလျှင် ကတ္တရာ လမ်းနဲ့ ထိနေတာ။ ကျန်တာတွေ ထိတာမဟုတ်ဘူး - ဟုတ်ကဲ့လား၊ လည်ပတ်နေတာ၊ အဲဒါမျိုးလိုပဲ- လူရဲ့ စိတ်တွေဟာ စိတ်ကလေး တစ်ခုတည်းနဲ့ပဲ အသက်ရှင်ကြတယ်၊ အဲဒါကြောင့်မို့ “ဧကစိတ္တသမာယုတာ - စိတ်ကလေးတစ်ခုထဲ အခိုက်အတန့်လေးတွေမှာ လူတွေက အသက် ရှင်နေကြတာ” အဲဒါကိုပဲ အသက်ရှင်တယ်လို့ ပြောနေကြတာ၊ ထပ်ပြီးတော့ ဖြစ်နေလို့ရှိရင် အသက်ရှင်နေကြတာ၊ လူတွေမပြောနဲ့ - ကမ္ဘာပေါင်း မြောက်မြားစွာ အသက်ရှင် နေတယ်ဆိုတဲ့ ဗြဟ္မာတွေလည်း ဒီနည်းပဲ။

                  

အဲဒီတော့ လောကကြီးဟာ အကြောင်းတရားတွေက ဘယ်လောက် ပံ့ပိုးပေးထားရလဲ ဆိုတာ စဉ်းစားကြည့်၊ အကြောင်းတရားတွေက ပံ့ပိုးပေးထားရလို့ မြတ်စွာဘုရားက “သင်္ခတ - အကြောင်းတရား တွေက စုပြီးတော့ လုပ်ထားတဲ့အရာတွေ” တဲ့၊ အကြောင်းတရားတွေ ရှိနေသမျှတော့ ဆက်လက်ပြီးတော့ သွားနေဦးမှာပဲ။

 

 

အကြောင်းတရားတွေ မရှိတော့ဘူး ဆိုလို့ရှိရင် ပြိုလဲသွားမှာပဲ၊ “ဘဝသံသရာကြီးဟာ တကယ် စဉ်းစားကြည့်မယ်ဆိုရင် ရွံမုန်းပြီးတော့ ငြီးငွေ့စရာ၊ အဲဒီလို မြင်တဲ့ အရိယာပုဂ္ဂိုလ်တွေဟာ ဘဝကြီးကို မလိုချင်တော့ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ထာဝရရွေ့လျားနေတဲ့ အရာချည်းဖြစ်လို့ပဲ”။ ဘယ်အရာကိုမှ ‘ငါ’ လို့ ပြောလို့ မရဘူး၊ ခုနက  ရူပါရုံဆိုတဲ့ အဆင်းကလေး မျက်စိတံခါးကနေ လာထင်ဟပ်လို့ မြင်လိုက်တဲ့အခါ ..

တံခါးဖွင့်ပေးတဲ့ စိတ်ကလေးကို ‘ငါ’ လို့ ပြောမှာလား၊

မြင်တဲ့ စက္ခုဝိညာဏ် စိတ်ကလေးကို ‘ငါ’ လို့ ပြောမှာလား၊

လက်ခံတဲ့ သမ္ပဋိစ္ဆိုင်း စိတ်လေးကို ‘ငါ’ လို့ ပြောမှာလား၊

‘ငါ’ လို့ ပြောစရာ တစ်ခုမှ မရှိဘူး၊ သူ့ဟာသူ ဖြစ်ပြီး ပျက်သွားကြပြီလေ၊ ကိုယ်ပိုင်လိုက်တာရော တစ်ခု ရှိရဲ့လား၊ မရှိဘူး၊ သူ့ဟာသူ သွားနေတာ၊ အဲဒီ သွားနေတဲ့ ဟာလေးကို လူတွေက ပိုင်ဆိုင် ချင်နေကြတာ။

                  

ဘာနဲ့ အလားသဏ္ဌာန် တူတုန်းဆိုရင်  …  တောက အင်းထဲ တောဘဲတွေ လာ ကျက်စားနေတုန်း ‘ငါ့ဘဲတွေ’ လို့ ထင်သလိုပဲ အချိန်တန်တော့ ဘဲတွေက တောထဲ အကုန်ပြန်သွားကြမှာပဲ။ အကုန်လုံး ‘ငါ့ဟာ’ လို့ ပြောစရာ တစ်ခုမှ မရှိဘူး။ ဒါကြောင့် “သင်္ခါရေ ပရတော ပဿ’ သင်္ခါရတရားတွေဟာ ပရ - ကိုယ်နဲ့မဆိုင်တဲ့ ဟာတွေချည်းပဲ၊ အကုန်လုံး သူ့ဟာသူ ဖြစ်နေကြတာ ငါနဲ့မဆိုင်ဘူး, ငါ့ဟာလည်း မဟုတ်ဘူး၊ “သင်္ခါရေ ပရတော ပဿ” သင်္ခါရတရားတွေကို အဲဒီလို ငါမဟုတ်ဘူး ဆိုတဲ့ အတွေး လေးတွေ အထိ မြင်လာအောင် ရှုကြည့်ရမယ်။

                  

ဒါဟာ အဘိဓမ္မာ သင်ရတဲ့ အကျိုးတရား၊ အနိစ္စ သဘောတရားလည်း ပိုပြီးတော့ ထင်ရှားလာတယ်, ဒုက္ခသဘောတရားလည်း ပိုပြီးတော့ ထင်ရှားလာတယ်, အနတ္တ ကိုယ်မပိုင်ဘူး ဆိုတာလည်း ပိုပြီး ထင်ရှားလာတယ်။ သာမန်အားဖြင့် ထပ်တလဲလဲ ဖြစ်နေတာကိုကြည့်ပြီး လူတွေက ကိုယ်ပိုင်နေတာ လို့ ထင်နေတာ၊ ကိုယ်လို့ပြောစရာ တစ်ခုမှမရှိဘူး၊ ငါလို့ ပြောစရာ  အချိန်ပိုင်းကလေးမို့ ဒီဟာကို ငါလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် မရှိဘူး, နောက်တစ်ခု ပြောင်းနေပြီလေ၊ စိတ်အစဉ်ကလည်း အဲဒီလောက် မြန်တယ်၊ ရုပ်တွေကလည်း ပြောင်းလဲပြီးတော့ ဖြစ်ပျက်နေတာ ဖြစ်တယ်၊ ဒါကြောင့်မိုလို့ ‘ငါ’ ဆိုတဲ့ အယူအစွဲတွေ ‘ငါ့ဟာ’ ဆိုတဲ့ အယူ အစွဲတွေ၊ အဲဒီ အယူအစွဲတွေကို ချေဖျက်နိုင်အောင် ဗုဒ္ဓမြတ်စွာက ဒီသဘာဝ သဘော တရားကို အသေးစိတ် ခွဲခြားပြီးတော့ အဘိဓမ္မာ သဘာဝအနေနဲ့ ဟောကြားတာ ဖြစ်ပါတယ်။

                   

ဒီကနေ့ည အဘိဓမ္မာမြတ်ဒေသနာ အပိုင်း (၂) မှာ “စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ” ဆိုတာကို perspecitive view အနေနဲ့ apply လုပ်တတ် အောင် ဘုန်းကြီးတို့ ဟောပြီးပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လေ့လာရမှာ ကတော့ ဘယ်စိတ်က ဘယ်အရာကို အာရုံပြုတယ်ဆိုတာ သင်္ဂြိုဟ်ကျမ်းထဲမှာ လာတဲ့အတိုင်း ဆက်လက် လေ့လာဖို့ပါ၊ အဲဒါကို ဆက်လက် လေ့လာရမယ်၊ ပြီးတော့ ဘယ်စိတ်က ဘယ်ကိစ္စကို ဆောင်ရွက်တယ် ဆိုတာလည်း ဆက်လက် လေ့လာရမှာ ဖြစ်ပါတယ်။

                  

ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မိမိသန္တာန်မှာ ဖြစ်ပေါ်လျက်ရှိသော စိတ်ရဲ့အာရုံများ, ထိုအာရုံများနဲ့ ဆက်သွယ်ပြီးတော့ စိတ်ရဲ့ လုပ်ဆောင်ချက်များကို သိရှိနားလည် သဘောပေါက်ကြပြီးလျှင် သင်္ခါရသဘာဝ တရားတွေပေါ်မှာ ငြီးငွေ့တဲ့စိတ်တွေ ပေါ်လာပြီး နိဗ္ဗာန် ချမ်းသာ၏ ကောင်းမြတ်တဲ့ သဘောတွေကို တွေ့ရှိလာအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန် သတည်း။


Related Posts