အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) - ပဏာမ

 



အဘိဓမ္မာ မြတ်ဒေသနာ

 

အရှင်နန္ဒမာလာဘိဝံသ (Ph.D)

 

မှတ်တမ်း

▬▬▬▬

 

သာသနာတော်နှစ် ၂၅၅၂-ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ ဝါခေါင်လဆုတ် ၉-ရက်နေ့မှ ၆-ရက်နေ့အထိ (၅) ရက်၊ ဝါခေါင်လဆုတ် ၉-ရက်နေ့မှ ၁၃-ရက်နေ့ အထိ (၅) ရက်၊ (၁၀) ရက် (၁၀) ည တိုင်တိုင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက်တွင် ကံမြင့် ဝေယျာဝစ္စအဖွဲ့နှင့် တရားပွဲ အလှူရှင်များ စုပေါင်း ကျင်းပသော ညဉ့် ဦးယံ ဓမ္မသဘင် အခမ်းအနား၌ ဟောကြားအပ်သည့် “အဘိဓမ္မာ မြတ်ဒေသနာ” တရားတော် ဖြစ်ပါသည်။

.

 

မာတိကာ

▬▬▬▬

 

ကျမ်းဦး ပဏာမ

ကျမ်းဦး နိဒါန်း

အခန်း (၁) သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ

အခန်း (၂) ရုပ်တရားကို လေ့လာသုံးသပ်ခြင်း အပိုင်း-၁

အခန်း (၃) ရုပ်တရားကို လေ့လာသုံးသပ်ခြင်း အပိုင်း-၂

အခန်း (၄) နာမ်တရားကို လေ့လာသုံးသပ်ခြင်း

အခန်း (၅) စိတ်ကို လေ့လာသုံးသပ်ခြင်း

အခန်း (၆) စိတ်ကို အမှီပြု အင်အားစုများ

အခန်း (၇) စိတ်၏ အညစ်အကြေးများ

အခန်း (၈) စိတ်ဖြူစင်မှု အင်အားစုများ အပိုင်း -၁

အခန်း (၉) စိတ်ဖြူစင်မှု အင်အားစုများ အပိုင်း -၂

.

 

ကျမ်းဦး ပဏာမ

▬▬▬▬▬▬

 

ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ မဟာကရုဏာတော်ကို အာရုံပြုကာ သီကျူး ဖွဲ့ဆိုအပ်သော ဝန္ဒာနာ ပဏာမ အာသီသ ဂါထာကို ရွတ်ဆို ပူဇော်ခြင်းဖြင့် တရားပွဲကို စတင် ကြရအောင်။

 

“ယော ကပ္ပကောဋိဟိပိ အပ္ပမေယျံ၊

ကာလံ ကရောန္တော အတိဒုက္ကရာနိ။

ခေဒံ ဂတော လောကဟိတာယ နာထော၊

နမော မဟာကာရုဏိကဿ တဿ။”

 

ယော နာထော - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊

ကပ္ပိကောဋီဟိပိ -  ကုဋေကမ္ဘာ အရေအတွက်သင်္ချာတို့ဖြင့်သော်လည်း၊

အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖေါ်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊

ကာလံ - လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊

လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွား အလို့ငှာ၊

အတိဒုက္ကရာနိ - ဥစ္စာအသက် ခြေ,လက်အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အခွန်ခဲယဉ်းသော အမှုတို့ကို၊

ကရောန္တော -  ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော် မူရသည် ဖြစ်၍၊

ခေဒံ -  လက်ခြေ မျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊

ဂတော - ဘ၀ အတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရ ရှာလေပြီ၊

မဟာကာရုဏိကဿ - သတ္တဝါအများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊

တဿ နာထဿ -  ဝေနေယျများစွာ သတ္တဝါ၏  ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်း ခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊

နမော - ရိုသေပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊

အတ္တု ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။

 

“ သာဓု - သာဓု - သာဓု ”

 

…………

                                                             

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

 

ကျမ်းဦးနိဒါန်း

▬▬▬▬▬

 

“အဘိဓမ္မာ မြတ်ဒေသနာ” ခေါင်းစီးကစပြီး ဘုန်းကြီးတို့ အဘိဓမ္မာ ဒေသနာ တော်ကို လိုရင်း အနှစ်ချုပ် ထုတ်ပြီး ၁၀-ညတိုင်တိုင် ဟောပါမယ်၊ ဟောလို့ ပြီးဆုံး သွားရင် အဘိဓမ္မာ တရားတော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ စိတ်အကြောင်း၊ စေတသိက် အကြောင်း၊ ရုပ်အကြောင်း၊ မိမိတို့သန္တာန် မိမိတို့ရဲ့ ဘဝမှာ ဖြစ်ပေါ်နေတဲ့ သဘာဝ တရားတွေရဲ့ အကြောင်းကို အခြေခံအားဖြင့် သိရှိသွားနိုင် လိမ့်မယ်လို့ ယုံကြည် ပါတယ်။

 

ဒီကနေ့ ဘုန်းကြီးတို့  “ အဘိဓမ္မာ မြတ်ဒေသနာ” ဆိုတဲ့ ခေါင်းစီးနဲ့ ဟောပြီး နက်ဖြန်ခါကျတော့ ဆိုင်ရာ ဆိုင်ရာ ခေါင်းစီး အသေးလေးတွေ ပေးပြီးတော့ ဟောသွားပါ့မယ်။

.

 

အဘိဓမ္မတ္ထသင်္ဂဟကျမ်း

▬▬▬▬▬▬▬▬▬

 

ဒီကနေ့ မြန်မာနိုင်ငံမှာ အဘိဓမ္မာ လေ့လာနေတဲ့ ပုဂ္ဂိုလ်တိုင်း အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို သင်ယူကြရတယ်၊ အများက သင်္ဂြိုဟ်ကျမ်းလို့ ခေါ်ကြတယ်၊ သင်္ဂြိုဟ်ဆိုတာ ပါဠိဘာသာ သင်္ဂဟကို မြန်မာလို ခေါ်တာဖြစ်တယ်၊ သင်္ဂဟဆိုတာ အကျဉ်းချုပ်လို့ အဓိပ္ပာယ်ရတယ်၊ ဒီပြင်နေရာမှာ သင်္ဂြိုဟ်တယ် ဆိုတာ ‘ကူညီ ထောက်ပံ့တယ်’ လို့ အဓိပ္ပာယ်ရတယ်၊ ဒီနေရာမှာ သင်္ဂြိုဟ်ဆိုတာကတော့ ‘အကျဉ်းချုပ်’ လို့ အဓိပ္ပာယ်ရတယ်၊ အဘိဓမ္မာကျမ်းက အလွန် ကျယ်ဝန်းလို့ ထို အဘိဓမ္မာကျမ်းလာ အနှစ်တွေကို ထုတ်ပြီး အကျဉ်းချုံးထားတဲ့ ကျမ်းကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်း လို့ ခေါ်တယ်။

 

ပထမပြန်စာမေးပွဲမှာ ပြဋ္ဌာန်းထားတာဖြစ်လို့  မြန်မာနိုင်ငံမှာ ရှိကြတဲ့ ရဟန်း သာမဏေတွေ မဖြစ်မနေရ ဖြေကြရတဲ့ ကျမ်းဖြစ်တယ်၊ ၈-ရာစု, ၉-ရာစု လောက်က သီရိလင်္ကာနိုင်ငံမှာ အရှင်အနုရုဒ္ဓါ ဆိုတဲ့ မထေရ်တစ်ပါး ပြုစုခဲ့တဲ့ ဒီ အဘိဓမ္မတ္ထ သင်္ဂဟကျမ်း ဟာ အဘိဓမ္မာကို လေ့လာသူတိုင်းအတွက် အင်မတန်မှ လွယ်ကူတယ်၊ အနှစ်သာရကို ချုပ်ပြီးတော့ ပြထားတဲ့ ကျမ်းဖြစ်လို့ အင်မတန် တန်ဘိုးရှိတဲ့ ကျမ်းတစ်စောင် ဖြစ်တယ်၊ ထိုကျမ်းမှာ အပိုင်း ၉- ပိုင်းရှိတယ်၊ အဲဒီအပိုင်း ၉- ပိုင်းထဲမှ -

 

(၁) စိတ်ပိုင်း၊

(၂) စေတသိက်ပိုင်း၊

(၃) ပကိဏ်းပိုင်းဆိုတဲ့ အပိုင်း ၃-ပိုင်းကို

‘ပထမအဆင့်’ လို့ ဒီလိုသက်မှတ်ပြီးတော့ စာမေးပွဲ ကျင်းပကြတယ်၊ နောက်ပြီး -

 

(၄) ဝီထိပိုင်း၊

(၅) ဝီထိမုတ်ပိုင်း၊

(၆) ရုပ်ပိုင်း ဆိုတဲ့ အလယ် ၃-ပိုင်းကိုတော့

‘ဒုတိယအဆင့်’ ဆိုပြီးတော့ အဘိဓမ္မာစာမေးပွဲမှာ ကျင်းပတယ်၊

 

နောက်ဆုံးပိုင်းကတော့ -

         

(၇) သမုစ္စည်းပိုင်း၊

(၈) ပစ္စည်းပိုင်း၊

(၉) ကမ္မဋ္ဌာန်းပိုင်း လို့ ဆိုပြီး ဒီ ၃-ပိုင်းကို စာမေးပွဲကျင်းပတာတော့

 

‘တတိယအဆင့်’ လို့ ဆိုပြီးတော့ အားလုံး (၉) ပိုင်း ခွဲခြားထားတယ်။

 

ဘုန်းကြီးတို့ ဒီမှာတော့ ရုပ်ပိုင်းက စပြီးတော့ ဟောမှာ ဖြစ်ပါတယ်၊ ရုပ်ပိုင်း ပြီးလို့ ရှိရင် စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ဒီအပိုင်းသုံးပိုင်းကို (၁၀) ညတာ ခွဲဟောပါ့မယ်၊ “အဘိဓမ္မာ မြတ်ဒေသနာ” တရားထဲမှ သဘာ၀ တရားတွေကို သိရှိနားလည် သွားအောင် ခွဲခြားပြီး ဟောပြောသွားပါမယ်၊ ဒီအပိုင်း ၃-ပိုင်း ကျေသွားလို့ ရှိရင် ကျန်တဲ့အပိုင်းတွေကို ဆက်လက် လေ့လာဖို့ အခြေခံရသွားမှာပါ။

 

အေး … “အဘိဓမ္မာ မြတ်ဒေသနာ” ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော် တွေထဲမှာ အထူးခြားဆုံးနဲ့ အလေးနက်ဆုံး ဒေသနာလို့ ပြောရမယ်၊ မြတ်စွာဘုရား တရားတော်ကို ခွဲခြမ်း စိတ်ဖြာပြီးတော့ ကြည့်ရင် မြတ်စွာဘုရား စကားတော်ဟာ ‘ဓမ္မ’ နဲ့ ‘ဝိနယ’ လု့ိ နှစ်မျိုးရှိတယ်၊ ဓမ္မလို့ဆိုတာက သဘာဝတရားတွေကို ပြောတာ၊ သဘာ၀ တရားတွေကို ရည်ညွှန်းပြီးတော့ ဟောပြောတာ ဓမ္မ။

 

ဝိနယဆိုတာ သံဃာတွေ သံဃာအဖွဲ့အစည်းမှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို သတ်မှတ်ထားတာကို ခေါ်တယ်၊ မြတ်စွာဘုရား တရားတော်ကို အနှစ်ချုပ်ပြီးတော့ ပြောမယ်ဆိုရင် ‘ဓမ္မ’ နဲ့ ‘ဝိနယ’ ဒီနှစ်ခု ရှိပါတယ်။

 

အဲဒီ ‘ဓမ္မ’ ဆိုတဲ့ အထဲမှာ ဘာတွေပါတုန်း ဆိုရင် သုတ္တန်တရားတော်နဲ့ အဘိဓမ္မာ တရားတော်တွေ ပါတယ်။ ဓမ္မမှာ အဘိ ဆိုတဲ့ စကားလုံး မပါရင် သက်သက် ဓမ္မဆိုတာ သုတ္တန်တရားတွေကို ရည်ညွှန်းတယ်၊ အဘိဓမ္မ ဆိုတာ ထူးခြားလေးနက်တဲ့ အဘိဓမ္မာ ဒေသနာတော်ကို ရည်ညွှန်းပါတယ်။

.

 

ပိဋကတ် ၃-ပုံ

▬▬▬▬▬

 

ဒါကြောင့် ‘ဓမ္မ’ ကို သုတ္တန္တဓမ္မနဲ့ အဘိဓမ္မ ရယ်လို့ နှစ်မျိုး ခွဲလိုက်ပြီး ဘုရားရှင် ဟောတော်မူခဲ့တဲ့ ‘ဓမ္မ’ နဲ့ ‘ဝိနယ’ ကို ဝိနယရယ်, သုတ္တန္တရယ်, အဘိဓမ္မာရယ်လို့ ၃-မျိုး ခွဲလိုက်တဲ့ အခါကျတော့ ဒါကို ပိဋကတ် ၃-ပုံလို့ ခေါ်ကြတယ်။

 

‘ပိဋက’ ဆိုတဲ့ စကားလုံးကို အများသိနေကြတာတော့ ‘ခြင်းတောင်း’ ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ Basket လို့ ပြန်ကြတယ်၊ အဲဒီတော့ ပိဋကတ် သုံးပုံကို Three Basket  လို့ ပြန်လေ့ ရှိတယ်၊ သို့သော် ‘ပိဋက’ ဆိုတာ ခြင်းတောင်း လို့သာ အဓိပ္ပာယ်ရတာ မဟုတ်ဘူး၊ ‘သင်ယူရမယ့် ကျမ်းစာ’ ကိုလည်း ပိဋကသဒ္ဒါက ဟောတယ်၊ ဒါကြောင့်မို့ တခြားနည်းနဲ့လည်း အင်္ဂလိပ်လို ဘာသာပြန်ဖို့ သင့်တယ်ပေါ့၊ ပိဋကဆိုတာ သင်ယူရမယ့်ကျမ်းစာ  (Text to be learned)  လို့ အဓိပ္ပာယ် ရတယ်။

                  

အဲဒီ သင်ယူရမယ့် ကျမ်းစာ သုံးမျိုးသုံးစား ခွဲထားတယ်၊ သံဃာ အဖွဲ့အစည်း လိုက်နာရန် စည်းမျဉ်း စည်းကမ်းတွေ အနေနဲ့ ဟောထားတာက ‘ဝိနယ’၊ သဘာ၀ တရားတွေကို လောက ဝေါဟာရတွေနဲ့ တင်ပြီးတော့ လုပ်သင့်, မလုပ်သင့်၊ ဘယ်အရာကို လုပ်သင့်တယ်၊ ဘယ်အရာဟာ မလုပ်သင့်ဘူး စသည်ဖြင့် လုပ်သင့်, မလုပ်သင့် နည်းဥပဒေတွေ ပေးပြီးတော့ ဟောတာက “သုတ္တန္တ” ။

                  

‘အဘိဓမ္မာ’ ကျတော့ လုပ်သင့်, မလုပ်သင့် ဆိုတာကို မပြောတော့ဘူး၊ သဘာဝတရား တွေဟာ ဆိုင်ရာ အကြောင်းတရားတွေ မှီပြီးတော့  ဘယ်ပုံဘယ်နည်း ဖြစ်ပေါ်နေတယ် ဆိုတာကိုသာ ဟောတယ်၊ သဘာဝတရား သက်သက် ရှင်းလင်း ဟောပြောတာက အဘိဓမ္မာ၊ အဘိဓမ္မာကို ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ မဟောဘူး၊ သဘာဝတရား သက်သက်ကို ဟောတယ်။ 

.

 

ဓမ္မ ၂-မျိုး အထူး

▬▬▬▬▬▬

 

သုတ္တန်ဆိုတာ ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ ဟောတယ်၊ အဘိဓမ္မာကျတော့ သဘာဝတရား သက်သက်ကို ဟောတယ်လို့ သဘာဝတရားနဲ့ ပုဂ္ဂိုလ်ကို ခွဲထားလိုက်တယ်၊ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သုတ္တန်ဆိုတာ ဝေါဟာရ ဒေသနာ၊ လူ့လောကမှာ လူတွေ နေ့စဉ် သုံးစွဲနေတဲ့ စကားလုံးတွေကို အသုံးပြုတယ်၊ ဒါကလုပ်သင့်တယ်၊ ဒါက မလုပ်သင့်ဘူး၊ ဒါက ရှောင်ရမယ်၊ ဒါက ဆောင်ရမယ် စသည်ဖြင့် ဆောင်ရန်၊ ရှောင်ရန်၊ လုပ်သင့် မလုပ်သင့် ခွဲခြားပြီးတော့ ဟောပြော သွားတာ၊ ဒါက သုတ္တန်တရားတဲ့။

 

‘အဘိဓမ္မာ’ တရားကျတော့ သတ္တဝါဆိုတဲ့ အသုံးအနှုံးတွေ ဖယ်ရှားပြီးတော့ လူ့လောက နေ့စဉ် ပြောနေတဲ့ စကားလုံးတွေကို ကျော်လွှားလို့ အတွင်း အနှစ်သာရ ပရမတ္ထ ထိအောင်၊ တကယ့် အနှစ်သာရ ပရမတ္ထထိအောင်၊ တကယ့် အနှစ်သာရပိုင်းကို ထိရောက်အောင် ဟောတာဖြစ်တယ်၊ အမှန်တရားကို ထိတွေ့ပြီး တော့ သတ္တဝါဆိုတဲ့ ဝေါဟာရ ရှောင်ရှားပြီး ဟောထားတဲ့အတွက် ပရမတ္ထဒေသနာလို့ ခေါ်တယ်။

 

နောက်တစ်ခါ သုတ္တန်တရားကလည်း သတ္တဝါတွေကို ဆုံးမတာပဲ၊ အဘိဓမ္မာကလည်း ဆုံးမတာပဲ၊ ဒါပေမယ့် ဆုံးမပုံချင်း မတူကြဘူး၊ သုတ္တန်တရားက သတ္တဝါကို ဆုံးမတဲ့ အခါကျတော့ ဘယ်ပုံ ဘယ်နည်း ဆုံးမတုန်းဆိုတော့ အကြောင်းအကျိုး၊ အကောင်း အဆိုး၊ လိုက်နာရမယ့် ကျင့်ဝတ်၊ ရှောင်ကြဉ်ရမယ့် အရာ၊ သတ္တဝါတွေရဲ့ စရိုက်ကို ကြည့်ပြီး ဒီပုဂ္ဂိုလ်ဟာ ဒီတရားနဲ့ တော်တယ်၊ ဒီ ပုဂ္ဂိုလ်ကျတော့ ဟိုလိုပြောမှ ဖြစ်မယ်လို့ ပုဂ္ဂိုလ်အလိုက် ဆုံးမတာမျိုး ဖြစ်တယ်။

 

ဆိုပါစို့၊ ‘ဝက္ကလိ’ လို ပုဂ္ဂိုလ်မျိုးကိုကြည့် ၊ ဝက္ကလိ ဆိုတာ မြတ်စွာဘုရားရဲ့ ရုပ်အဆင်းပေါ်မှာ တန်းတန်းစွဲ ဖြစ်နေတဲ့ ပုဂ္ဂိုလ်၊ ဘုရားက အလွန်တရာ သပ္ပါယ်နေသည့် အတွက်ကြောင့် မြတ်စွာဘုရားရဲ့ ရုပ်အဆင်းကို ဖူးနေတာ သည်ပင်လျှင် သူ့အတွက်မှာ တန်ဘိုး ရှိလှပြီ ဆိုပြီး မြတ်စွာဘုရားရဲ့ သပ္ပါယ်လှတဲ့ ရုပ်အဆင်းပေါ်မှာ စွဲမက်ပြီးတော့ နေတယ်။

 

ဒီ ဝက္ကလိလို ပုဂ္ဂိုလ်များကျတော့ မြတ်စွာဘုရားက “ကိံ တေ ဝက္ကလိ၊ ဣမိနာ ပုတိကာယေန ဒိဋ္ဌေန - ဟောဒီ အပုပ်အစပ်တွေ ရှိနေတဲ့ ခန္ဓာကြီးကို ကြည့်လို့ ဘာအကျိုး ရှိမှာလဲ ဝက္ကလိ” လို့ ဟောတော် မူတယ်။ ‘ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ - ဓမ္မမြင်မှ ငါ့ကို မြင်မှာ၊ ငါ့ကို ကြည့်နေလို့ အပိုပဲ’ လို့ မိန့်တော်မူတယ်၊

 

အဲဒီလို သတ္တဝါတွေရဲ့ စရိုက်ကို ကြည့်ပြီးတော့ ဟောတာ၊ ဒီပုဂ္ဂိုလ်က ဒီတရားနဲ့ တန်တယ်၊ ဟိုပုဂ္ဂိုလ်ကကျတော့ ဟိုတရားနဲ့ တန်တယ် ဆိုပြီးတော့ အခြေခံ အလိုက် မြတ်စွာဘုရားက ဟောသွားတာ၊ အဲဒါကို ယထာနုလောမ သာသနာ လို့ခေါ်တယ်၊ သူ့တန်ရာ တန်ရာ သင့်တော်ရာ သင့်တော်ရာ ရွေးချယ်ပြီး ဟောပြောတဲ့ တရားမျိုးဟာ သုတ္တန်တရား ပဲ။

 

အဘိဓမ္မကျတော့ အဲဒီလို မဟုတ်ဘူး၊ ပုဂ္ဂိုလ်တွေကို မငဲ့ကွက်ဘူး။ ပုဂ္ဂိုလ်ရဲ့ စရိုက်ကို မကြည့်ဘူး။ သဘာဝတရားရှိတာကို အရှိအတိုင်း ဟောလိုက်တယ်၊ သဘာဝတရား အရှိကို အရှိအတိုင်း ဟောပြီးတော့ ဆုံးမတဲ့ တရားမျိုး ဖြစ်တာကြောင့် ယထာဓမ္မ သာသနာ - ဓမ္မအတိုင်း ဆုံးမတဲ့ အဆုံးအမလို့ ဒီလိုခေါ်တယ်၊ အဲတော့ တစ်ခုနဲ့ တစ်ခု မတူကြဘူးပေါ့၊ အဘိဓမ္မာ ဒေသနာဆိုတာ အင်မတန်မှ ထူးခြားတယ်လို့ ပြောရမယ်။

.

 

တရားဦးအစ သုတ္တန်က

▬▬▬▬▬▬▬▬▬

                   

ဗုဒ္ဓမြတ်စွာက ပထမဆုံး ဟောတဲ့တရားက အားလုံး သိကြတဲ့အတိုင်း ‘ဓမ္မစက္ကပဝတ္တန သုတ္တန်’ ဖြစ်တယ်၊ ဓမ္မစကြာ တရားနဲ့ ဟောပြောတဲ့လုပ်ငန်း စတယ်၊ ဒေသနာ ဉာဏ်တော်ကြီးကို စတင် အသုံးချပြီး ဟောပြောတာ ‘ဓမ္မစကြာ’ ပဲ၊ သို့သော် အဲဒီ ဓမ္မစကြာတရားကို ဘုရားဖြစ်စက ကြိုတင် ပြီးတော့ နှလုံးသွင်း ဆင်ခြင်ခဲ့သလား ဆိုရင် နှလုံးသွင်း ဆင်ခြင်တယ်လို့ မှတ်တမ်းမရှိဘူး၊ ဘယ်သုတ္တန် တရားပဲဖြစ်ဖြစ် မြတ်စွာဘုရားက ကြိုတင် ဆင်ခြင် စဉ်းစားပြီး ဟောတာ မဟုတ်ဘဲ ဒီလိုပုဂ္ဂိုလ်နဲ့ တွေ့ရင် ဒီလိုတရားမျိုးကို ဟောလိုက်တယ်၊ ဟိုလို ပုဂ္ဂိုလ်နဲ့ တွေ့ရင် ဟိုလို တရားမျိုးကို ဟောလိုက်တယ်၊ ပုဂ္ဂိုလ်တွေရဲ့ အလို အဇ္ဈာသယ ကြည့်ပြီး ဟောသွားတာ။

.

 

ဘုရားဖြစ်အောင်

ကျင့်ကြံ အားထုတ်တော်မူပုံ

▬▬▬▬▬▬▬▬▬▬

                  

မြတ်စွာဘုရားအလောင်းဟာ ဗုဒ္ဓဂယာ မဟာဗောဓိပင် အောက်မှာ သောတ္ထိယ မြက်ထမ်းသမားက လှူသွားတဲ့ မြက်၈-ဆုပ်ကို အလှူခံပြီးတော့ ဖြန့်ခင်းလိုက်တယ်၊ နွေရာသီဆိုတော့ မြက်ခင်းပေါ် ထိုင်ရတာ အေးတာပေါ့နော်၊ ဗုဒ္ဓဂယာဆိုတာ ခုချိန်ဆို တော်တော်ပူတဲ့ နေရာပေါ့၊ အဲဒီခေတ် တုန်းကတော့ ဒီလောက် ပူချင်မှ ပူမယ်ပေါ့၊ သို့သော် မြက်ခင်းပေါ် ထိုင်ရင် အေးတယ်ဆိုတာ အားလုံးသိကြမှာပါ။

 

သောတ္ထိယဆိုတဲ့ မြက်ထမ်းသမားက ဘုရားအလောင်းတော်ကို တွေ့တဲ့အခါကျတော့ သိပ်ပြီး သဒ္ဓါတရားတွေ ဖြစ်ပြီးတော့ မြက် ၈-ဆုပ် လှူလိုက်တယ်၊ လှူလိုက်တဲ့ အခါကျတော့ အဲဒီ မြက်ထုံးလေးကို ဘုရားအလောင်းတော်ဟာ လက်ခံပြီးတော့ သူထိုင်မယ့် နေရာမှာ ဖြန့်ခင်း လိုက်တယ်၊ ဖြန့်ခင်းပြီးတော့ အဲဒီ မြက်ခင်းလေး ပေါ်မှာ ထိုင်ရင်း “ဒီကနေ့ တရားထူး တရားမြတ် မရမခြင်း ဒီနေရာက ငါမထ တော့ဘူး” လို့ အဓိဋ္ဌာန်လိုက်တယ်၊ အဲဒီ အဓိဋ္ဌာန်ကို ပျက်အောင်လို့ ဆိုပြီးတော့ မာရ်နတ်ကြီးက လာနှောက်ယှက်တာပေါ့၊ ဒါကို ပလ္လင် လုတယ်လို့ ပြောကြတယ်၊ ပလ္လင်လုတယ် ဆိုတာ အဓိဋ္ဌာန်ပျက်ပြီး ဒီနေရာကနေ ထသွားအောင် လုပ်တာကို ပြောတာနော်။

 

သို့သော် တချို့ စာတွေမှာ ရေးတယ်ပေါ့၊ ဒီမြက် ၈-ဆုပ် ဖြန့်လိုက်တာနဲ့ တစ်ပြိုင်နက် တန်ဖိုးရှိတဲ့ ရတနာပလ္လင်ကြီး ပေါ်လာလို့ မာရ်နတ်က လိုချင်ပြီးတော့ လာလုတယ်၊ ဒါတွေက တင်စားပြီး ရေးတာ ဖြစ်နိုင်တယ်၊ တကယ်တော့ ဘုရား အလောင်းတော် ဟာ မြက်ခင်းပေါ်မှာ ထိုင်ပြီး အဓိဋ္ဌာန် ထားတာကို ပျက်အောင်၊ ဒီနေရာကနေ ထသွားအောင်လို့ ဆိုပြီးတော့ လာလုပ်တဲ့ သဘောပဲနော်။

 

မာရ်နတ်ကတော့ ပလ္လင်လုမယ် မထင်ပါဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူ့မှာ ပလ္လင်တွေ ပြည့်နေ တာပဲ၊ သူက နတ်ပြည် ၆-ထပ်မှာ အမြင့်ဆုံး ပရနိမ္မိတဝသ၀တ္တီ ဆိုတဲ့ နတ်ပြည်ကပဲ၊ နတ်မင်းကြီးကို ပုန်ကန်နေတဲ့ နတ်သူပုန်ပေါ့၊ ပရနိမ္မိတဝသ၀တ္တီ နတ်ပြည်ဆိုတာ သိကြားမင်းတို့ထက် အထက် အများကြီးကျတာပေါ့၊ နတ်ပြည် ၆-ထပ် ထိပ်ဆုံးမှာနေတဲ့ သူပဲ၊ ဘုရားကို သက်သက် နှောက်ယှက် တာ၊ ကောင်းတာ လုပ်ရင် မကြိုက်တဲ့ နတ်မျိုးပေါ့။

 

ဒါကြောင့်မို့ ဘုရား အလောင်းတော်ဟာ ဒီကနေ့ တရားထူး တရားမြတ် မရမချင်း ဒီနေရာက မထဘူးလို့ အဓိဋ္ဌာန်လိုက်တဲ့ အချိန်မှာ မထရင် ထအောင်လုပ်မယ် ဆိုတဲ့ အနေနဲ့ လာနှောင့်ယှက်တဲ့ သဘောပေါ့နော်၊ ဒါကိုပဲ ပလ္လင်လုတယ်လို့ ရေးလိုက်တာနဲ့ တူပါတယ်၊ အဲဒီတော့ ဘုရား အလောင်းတော်ဟာ အဲဒီ အဓိဋ္ဌာန်ကို မဖျက်ဘူး၊ မာရ်နတ်ကြီး လာနှောင့်ယှက် ပေမယ့် နောက်ဆုံးမှာ အဓိဋ္ဌာန် အောင်သွားတယ်၊

.

 

သမထကျင့်စဉ် ကျင့်ပုံ

▬▬▬▬▬▬▬▬

                  

ဘုရားဖြစ်တာ ဘာကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်သလဲ ဆိုရင် အာနာပါနကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တာ၊ ထွက်လေဝင်လေကို ရှုမှတ်တယ်၊ ပထမ သမထကျင့်စဉ်နဲ့ သွားတယ်၊ ညကို သုံးပိုင်း ပိုင်းလိုက်တဲ့အခါ ပထမယာမ်မှာ ဈာန်တွေ အဆင့်ဆင့် တက်သွားပြီး ပထမဈာန် ရတယ်၊ ဒုတိယဈာန် ရတယ်၊ တတိယဈာန် ရတယ်၊ စတုတ္ထဈာန် ရတယ်၊ စတုတ္ထဈာန် ရပြီးတော့ ပုဗ္ဗေနိဝါသနုဿတိ အဘိညာဉ်ကို ရတယ်၊ ဒီအဘိညာဉ်က အတိတ်ဘဝကို ပြန်ပြီးတော့ ကြည့်နိုင်တဲ့ အစွမ်းရှိတဲ့ ပညာမျိုး ဖြစ်တယ်။

                  

‘မဇ္ဈိမယာမ်’ လို့ခေါ်တဲ့ သန်းခေါင်ယာမ် ရောက်တဲ့အခါ ခြားကွယ်နေတဲ့ နေရာ တွေ၊ ဝေးလံတဲ့ နေရာတွေမှာ ရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်စွမ်းတဲ့ ထူးခြားတဲ့ မျက်စိ တစ်မျိုး အမြင်တစ်မျိုးကို ရရှိလာတယ်၊  ဒိဗ္ဗစက္ခုဉာဏ် လို့ခေါ်တယ်၊ ဒီအချိန်မှာ ဘုရား မဖြစ်သေးဘူး၊ သမထကျင့်စဉ်အရ အစွမ်းသတ္တိတွေ ထက်တာပဲ ရှိသေးတယ်။

.

 

ဝိပဿနာကျင့်စဉ် ကူးပုံ

▬▬▬▬▬▬▬▬▬

 

နောက်ဆုံး ‘ပစ္ဆိမယာမ်’ ရောက်တဲ့အခါကျတော့မှ အာသဝက္ခယ  အဘိဉာဏ် ဆိုတာကို ရတယ်၊ ဒီကျတော့ သမထကျင့်စဉ်နဲ့ သွားတာ မဟုတ်တော့ဘူး၊ ဝိပဿနာ ကျင့်စဉ်ဘက် ကူးသွားပြီ၊ နောက်ဆုံးယာမ်မှာ အာနာပါန စတုတ္ထဈာန်ကနေ ထပြီး ထိုအာနာပါန စတုတ္ထဈာန်မှာ ရှိတဲ့ သဘာဝတရားတွေကို မမြဲတဲ့သဘော ဆင်ခြင် တယ်၊ ဆင်းရဲတဲ့သဘောကို ဆင်ခြင်တယ်၊ အစိုးမရတဲ့ သဘောကို ဆင်ခြင်မိတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ ဆိုတဲ့ လက္ခဏာသုံးရပ် တင်ပြီးတော့ ဆင်ခြင်တဲ့ ဝိပဿနာ ဉာဏ်တွေ အဆင့်ဆင့်ဖြစ်လာတယ်၊

 

အဆင့်ဆင့် ဖြစ်ပြီးတော့ အရုဏ်မတက်ခင် အချိန်လေး အတွင်းမှာပဲ ဝိပဿနာဉာဏ် အဆင့်ဆင့် ကနေပြီး ပထမ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ် ရတယ်၊ သောတာပန် ဖြစ်တယ်ပေါ့၊ သောတာပန် ဖြစ်ပြီနောက် ဆက်တိုက်ပဲ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ပြီး ဝိပဿနာဉာဏ်ကို အဆင့်ဆင့် မြှင့်တင်လိုက်တဲ့အခါ နောက်ဆုံး အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဉာဏ်ကိုရတယ်၊ ရပြီး အရုဏ်လည်း တက်ရော သဗ္ဗညုတ ဉာဏ်တော်ကြီးကိုပါ တွဲဖက် ပါလာပြီးတော့ ဘုရားအဖြစ်သို့ ရောက်သွားတယ်။

.

 

 

ဝိဇ္ဇာဉာဏ် ၃-ပါး

▬▬▬▬▬▬

 

ဒီနေရာမှာ “ပု-ဒိ-အာ ဝိဇ္ဇာဉာဏ်သုံးပါး”  ကို သိရမယ်၊

‘ပု’ ဆိုတာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်၊

‘ဒိ’ ဆိုတာ ဒိဗ္ဗစက္ခုဉာဏ်၊

‘အာ’ ဆိုတာ အာသဝက္ခယဉာဏ်၊

ကိလေသာ အာသဝတွေ ကုန်သွားတယ်၊

                  

အချို့က ဘုရားဆိုတာ သောတာပန် မဖြစ်ဘဲနဲ့ ဘုရား တန်းဖြစ်တယ်လို့ ထင်နေ ကြတယ်၊ အဲဒီလို ကျော်လို့ မရဘူးနော်၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်၊ အဲဒီ အခိုက် အတန့်ကို သောတာပန် ခေါ်တာ၊ ပြီးရင် သကဒါဂါမိမဂ်, သကဒါဂါမိဖိုလ်၊ ဝိပဿနာရှုနည်းနဲ့ပဲ တက်သွားရတာ၊ ပြီးတဲ့အခါ အနာဂါမိမဂ်, အနာဂါမိဖိုလ်၊ နောက်ဆုံးကျတော့မှ အရဟတ္တမဂ်, အရဟတ္တဖိုလ်ရောက်တယ်။

                  

ဘုန်းကြီးတို့ ဇူလိုင်လတုန်းက စင်္ကာပူသွားပြီး အဘိဓမ္မာသင်တန်း ပို့ချပေးတယ်၊ အဲဒီမှာ ဒကာ တစ်ယောက်က internet ကနေ ထုတ်ပြီးတော့ ဆောင်းပါးတစ်ပုဒ်ကို ဘုန်းကြီးဆီ ပို့ပြီး မေးခွန်း မေးထားတယ်၊ ဆောင်းပါးရေးတဲ့ ကိုယ်တော်ကတော့ မလေးရှားက ဘုန်းကြီးတစ်ပါး၊ အဲဒီဘုန်းကြီးက internet မှာ တင်ထားတယ်၊ ဘာတွေ ရေးထားလဲ ဆိုတော့ သောတာပန်မဖြစ်ဘဲနဲ့ သကဒါဂါမ် ဖြစ်တာလည်း ရှိတယ်၊ သကဒါဂါမ် မဖြစ်ဘဲနဲ့ အနာဂါမ်ဖြစ်တာလည်း ရှိတယ်၊ အနာဂါမ်မဖြစ်ဘဲနဲ့ ရဟန္တာ ကျော်ပြီးတော့ ဖြစ်တာလည်း ရှိတယ် ဆိုပြီးတော့ သုတ္တန်ပါဠိတွေ ကိုးကားထားလေရဲ့။

                  

သုတ္တန် ပါဠိတော်တွေမှာ ‘ဥဂ္ဂသုတ်’ ဆိုတာ ရှိတယ်၊ အဲဒီသုတ်မှာ ဥဂ္ဂသူကြွယ်က သူ အနာဂါမ်ပါလို့ ပြောတာ၊ အဲဒါကို မလေးရှားဘုန်းကြီးက အဓိပ္ပာယ် ဘယ်လိုကောက်တုန်း ဆိုရင် ဒီ ဥဂ္ဂသုတ္တန်ကို ထောက်လို့ရှိရင် ဒီ ဥဂ္ဂဆိုတဲ့ ဒကာကြီး ဟာ သောတာပန်လည်း မဖြစ်ဘူး၊ သကဒါဂါမ်လည်း မဖြစ်ဘူး၊ အနာဂါမ် တန်းဖြစ်တယ်လို့ သူက အဲဒီလို ယူဆတယ်၊ ဒီလို အယူအဆ မှားယွင်းတာတွေက ရှိတတ်တယ်။

                  

မြတ်စွာဘုရားတောင်မှပဲ စတုမဂ္ဂပဋိပါဋိယာ မဂ် ၄-ပါး အစဉ်နဲ့ တက်ရတယ်၊ ဘုရားတောင် ဘုရားတန်းဖြစ်တာ မဟုတ်ဘူး၊ မဂ် ၄-ပါးဆိုတာ ကျော်လို့ မရဘူး၊ ဒါကြောင့်မို့ ‘အံ့ဖွယ်ရှစ်ဖြာ သာသနာ’ ဆိုတဲ့အထဲမှာ ‘န အာယတကေနေ၀ အညာ ပဋိဝေဓော’  တဲ့၊ စစချင်း အရဟတ္တဖိုလ်ကို ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ အနုပုဗ္ဗပဋိပဒါ အစဉ်အတိုင်း ကျင့်ရမယ်၊ အနုပုဗ္ဗသိက္ခာ အစဉ်အတိုင်း သင်ယူရမယ်၊ အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ပြီးတော့မှ နောက်ဆုံး အရဟတ္တဖိုလ် ဆိုတာ ရောက်တာပါ။

                  

ဘယ်အရာပဲဖြစ်ဖြစ် အခု လောကီပညာတွေရော မူလတန်းကပဲ စတာပဲ မဟုတ်လား၊ မူလတန်း အရည်အချင်း မရှိဘဲ အလယ်တန်း တက်လို့ ဘယ်ရမလဲ၊ အလယ်တန်း အရည်အချင်း မရှိဘဲနဲ့ အထက်တန်း မရောက်ဘူး၊ အထက်တန်း အရည်အချင်း မရှိဘဲ တက္ကသိုလ်ပညာ မရဘူး၊ ဒါ အရည်အချင်းကို ပြောတာ၊ စာမေးပွဲ အောင်တာ, မအောင်တာ ပြောတာ မဟုတ်ဘူး၊ စာမေးပွဲ ဆိုတာတော့ တခြားနည်းနဲ့ အအောင်ပေးလို့ ရတာပဲ။

                  

ဒီတော့ အခု သောတာပန် ဖြစ်တယ်၊ သကဒါဂါမ် ဖြစ်တယ် ဆိုတာ certificate ပေးတာ မဟုတ်ဘူး၊ အရည်အချင်းကို ပြောတာ၊ အဲဒီတော့ သောတာပန် အရည်အချင်းမှ မရှိဘဲ သကဒါဂါမ် မဖြစ်ရဘူး၊ သကဒါဂါမ် မဖြစ်ဘဲ အနာဂါမ် တက်လို့ မရဘူး၊ အနာဂါမ် အရည်အချင်း မရှိဘဲ ရဟန္တာ မဖြစ်နိုင်ဘူး တဲ့၊ ဒါက ဖားများလို ခုန်သွားလို့ မရဘူး။

                  

ဒါလည်း သတိပြုစရာပဲ၊ နောင်ကျလို့ ရှိရင် စာပေ မစုံလင် မနှံ့စပ်တဲ့ ပုဂ္ဂိုလ်တွေက အလွယ်တကူနဲ့ သောတာပန် ဖြစ်တာတို့၊ သကဒါဂါမ် ဖြစ်တာတို့၊ အနာဂါမ် ဖြစ်တာတို့ ဒါမျိုးတွေ ပေါ်လာနိုင်တယ်၊ လောကမှာ လူတွေကလည်း အလွယ် ကြိုက်တဲ့ လူတွေဆိုတော့ ခုန်လို့ ကျော်လို့ရရင်တော့ မိုးထိအောင်တောင် ခုန်ချင် ခုန်ဦးမှာပဲနော်။

.

 

ဘုရားဖြစ်တဲ့နေ့

  ▬▬▬▬▬

                

မြတ်စွာဘုရားတောင်မှပဲ အာနာပါနဈာန်ကို ပထမ သမထကျင့်စဉ်နဲ့ အောင်မြင်အောင် လုပ်ပြီး ဒုတိယ ဝိပဿနာကူး၊ ကူးပြီးတော့ ညဦးယာမ် ဟိုဘက်ကျော်တဲ့ အခါမှာ မိုးသောက်ယာမ် ရောက်ခါနီး ကျတော့မှ မြတ်စွာဘုရားဟာ ဝိပဿနာဉာဏ် အဆင့်ဆင့်နဲ့ သောတာပတ္တိမဂ်, သောတာ ပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ် လို့ဆိုတဲ့ မဂ်ဖိုလ်အဆင့်ဆင့် တက်ပြီး နောက်ဆုံးမှာ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဆိုတာကို ရတယ်၊ အရုဏ် တက်လိုက်တာနဲ့ တပြိုင်နက် ဘုရားအဖြစ်သို့ ရောက်သွားတယ်၊

                  

အဲဒီတော့ မြတ်စွာဘုရား ဘုရားဖြစ်တာဟာ လောကီနဲ့ ပြောမယ်ဆိုရင် လပြည့်ကျော် ၁-ရက်နေ့မှ ဘုရားဖြစ်တယ်လို့ ပြောရမယ်၊ ဘာဖြစ်လို့တုန်းဆို ကဆုန်လပြည့် သန်းခေါင်မှာ ၂၄-နာရီ ပြည့်သွားပြီ၊ သန်းခေါင်ကျော်လို့ ရှိရင် လပြည့်ကျော် ဖြစ်သွားပြီ။ အရုဏ်တက်တာနဲ့ တပြိုင်နက် ဘုရားဖြစ်တယ်လို့ ဆိုတော့ လပြည့်နေ့ ကုန်ဆုံးပြီး လပြည့်ကျော် ၁-ရက် အကူးကို ရောက်သွားတယ်လို့ ဒီလို ပြောတာပေါ့၊ အဲဒီတော့ ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်တယ် ဆိုတာ ကဆုန်ပြည့်နေ့ ညမှာ တရားကို အောင်အောင်မြင်မြင် ကျင့်ပြီးတော့ လပြည့်ကျော် ၁-ရက် အရုဏ်တက် မိုးမလင်းခင် အကူးမှာ ဘုရား ဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်။

                  

လောကုတ္တရာနည်း၊ ဗုဒ္ဓရဲ့ ဝိနည်းကျမ်းအလို ဆိုရင် အရုဏ်တက်မှ တစ်ရက် ခေါ်တယ်၊ အရုဏ်ဆိုတာ “အာရုဏောကိဉ္စိ  ရတ္တောထ” နံနက် မိုးသောက်ချိန်မှာ နေမထွက်ခင် ရှေ့ပြေး အနီရောင်နုလေးကို ‘အရုဏ်’ လို့ ခေါ်တယ်၊ ဗမာတွေ ကတော့ လွယ်လွယ်ကူကူ အာရုံ၊ အာရုံနဲ့ ခေါ်ကြတာ၊ လူတွေ ခေါ်နေတဲ့ အာရုံ ဆိုတာက စိတ်ရဲ့ ပျော်မွေ့ရာလို့ ဒီလို အဓိပ္ပါယ် ရတယ်၊ ဘုန်းကြီးတွေ မနက် ဘုဉ်းပေးနေတဲ့ အရုဏ်ဆွမ်း ဆိုတာက ‘အရုဏ’ ၊ ‘ဏ’ ကြီးနဲ့ သတ်ပြီး ရေးတာ၊ အရုဏ်ဆိုတာ ခုနက နီတွေးတဲ့ အရောင်လေး ပေါ်လာတဲ့ အချိန်ကာလကို ဖော်ပြတယ်၊ အဲဒီတော့ အဓိပ္ပါယ်ချင်း မတူဘူး၊ အာရုံဆွမ်း မဟုတ်ဘူး၊ အရုဏ်ဆွမ်း၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံဆိုတာ စိတ်ရဲ့ ပျော်မွေ့ရာ အာရုံ၊ ဒီလို အဓိပ္ပါယ်ခြင်း ကွာခြားပါတယ်။

 

အာရမ္မဏ ဆိုတဲ့ စကားလုံးကို ကြည့်ပြီး အာရုံလို့ ပြန်တယ်၊ အရုဏဆိုတဲ့ စကားလုံးကိုကြည့်ပြီး အရုဏ်လို့ ပြန်တယ်၊ သို့သော် အလွယ် ခေါ်လိုက်တဲ့အခါ အာရုံဆွမ်း, နေ့ဆွမ်းနဲ့ ဖြစ်သွားတယ်နော်၊ အဲဒီတော့ အဓိပ္ပါယ်ချင်း မတူဘူးလို့ မှတ်ထား။

.

 

ပလ္လင်္က သတ္တာဟ

 ▬▬▬▬▬▬

 

မြတ်စွာဘုရားဟာ အခုလို တရားထူး တရားမြတ် ရခဲ့ပါတယ်၊ ဒီ တရားရဖို့ဆိုတာ ကမ္ဘာပေါင်း မြောက်များစွာ လေ့ကျင့်ပြီးတော့ ယူခဲ့ရတယ်၊ ဘဝပေါင်း မြောက်များစွာ စတေးပြီးတော့ ဖြည့်ကျင့်လာခဲ့ရတယ်။

                  

ဒီ အရည်အချင်းတွေ ဒီကနေ့ ပြည့်ပြည့်၀၀ ရပြီလို့ ဆိုတယ်၊ ဝမ်းသာအားရ ထိုပလ္လင်မှာပဲ ဆက်ပြီးတော့ ဘုရားက အကြိမ်ကြိမ် မိမိရဲ့ သန္တာန်မှာ အရဟတ္တဖိုလ် စိတ်တွေ ဖြစ်လာအောင် လုပ်တယ်၊ ဘယ်လို လုပ်တုန်းဆို အရဟတ္တဖိုလ် ဖလသမာပတ် ဝင်စားဖို့ ဝိပဿနာ စပြီးတော့ ရှုရတယ်။

                  

မိမိသန္တာန်မှာ ရှိတဲ့ သဘာဝတရားတွေကို ဝိပဿနာ ရှုလိုက်တဲ့အခါ ဝိပဿနာဉာဏ် အဆင့်ဆင့် တက်သွားပြီး ဖလသမာပတ်အထိ ရောက်ရှိသွားတယ်၊ ဘယ်အခါမှာပဲ ဖလသမာပတ် ဝင်းစားဝင်စား၊ ဝိပဿနာလမ်းကြောင်းက သွားရတယ်၊ တခြား လမ်းကြောင်း မရှိဘူး၊ ဝိပဿနာ ရှုလိုက်တဲ့အခါ ထို ဝိပဿနာဉာဏ်စဉ်တွေ တက်သွားပြီး သင်္ခါရုပေက္ခာဉာဏ်ရဲ့  ဟိုဘက် အနုလောမဉာဏ် ရောက်တဲ့ အခါကျလို့ ရှိရင် နိဗ္ဗာန်ကို အာရုံပြုပြီး ဖလသမာပတ်ဆိုတာ ပေါ်လာတယ်၊ စိတ်ကလည်း အလွန် သိမ်မွေ့တယ်၊ အာရုံကလည်း အလွန် သိမ်မွေ့တယ်။

                  

အဲဒီလို မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီး ၇-ရက် တိုင်တိုင် အဲဒီ မြတ်ခင်းလေးပေါ်မှာပဲ ဆက်ထိုင်ပြီး ဖလသမာပတ်ချမ်းသာ ခံစားပြီးတော့ နေတယ်၊ အဲဒါကို ပလ္လင်္ကသတ္တာဟ လို့ ခေါ်တယ်၊ ဗောဓိသတ္တာဟ လို့လည်း ခေါ်တယ်၊ ၇-ရက် ၇-လီ အဲဒီ နေရာမှာ မထမပြောင်းဘဲနဲ့ သမာပတ် ဝင်စားပြီး ဆက်ပြီတော့ နေတယ်ပေါ့။

.

 

အနိမိသ သတ္တာဟ

▬▬▬▬▬▬▬  

 

၇-ရက်ပြည့်တဲ့ အခါကျတော့ ဘာတွေးမိလဲလို့ ဆိုရင် - “ သြော် - ဒီနေရာလေးဟာ ငါ့အတွက် အလွန် ကျေးဇူးများတာပဲ၊ ငါ့ သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝေါတွေ ကုန်ပြီးတော့ အသိဉာဏ်ထူးကို ရတဲ့ နေရာလေးပဲ” ဆိုပြီးတော့ နေရာလေးကို တန်ဘိုးထားတဲ့အနေနဲ့ မြတ်စွာဘုရားဟာ ပလ္လင်တော်ကနေ ခပ်လှမ်းလှမ်း ခွါပြီး ထိုနေရာလေးကို စိုက်ပြီးတော့ ကြည့်နေတာ ၇-ရက်။

                  

သဘောက လူတွေမှာ အမှတ်တရဆိုတာ ရှိတတ်တယ်နော်၊ ခုခေတ်တောင် တို့ ငယ်ငယ်တုန်းက နေခဲ့တဲ့နေရာလေး၊ တို့ငယ်ငယ်တုန်းက ကစားခဲ့တဲ့ နေရာလေးဆို အမှတ်တရလေး လုပ်ကြတယ် မဟုတ်လား၊ လူတွေက တို့မွေးခဲ့တဲ့ နေရာဆိုပြီး အမှတ်တရ ထားကြတယ်။

                  

မြတ်စွာဘုရားရှင်အဖို့ ဗောဓိဉာဏ်ရတဲ့ နေရာလေးဟာ သိပ်ပြီး အမှတ်တရ ထားထိုက်တာပေါ့၊ ဘာဖြစ်လို့တုန်းဆို ဒီနေရာမှာ ကိလေသာ အာသဝေါတွေ ကုန်ခန်းအောင် လုပ်နိုင်ခဲ့တယ်၊ ဒီနေရာလေးမှာ သူ့ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင် လုပ်နိုင်ခဲ့တယ်ဆိုတော့ အလွန် အမှတ်တရ ထားရမယ့် နေရာလေးဖြစ်လို့ ၇-ရက်တိတိ ဘုရားရှင်ဟာ မမှိတ်သော မျက်လုံးနဲ့ စိုက်ပြီးတော့ ကြည့်ပြီးနေခဲ့တယ်၊ ‘အနိမသသတ္တာဟ’ အနိမိသ ကုန်းတော်လို့ ခုခေတ်ခေါ်ကြ တယ်၊ ကျေးဇူးတင်တဲ့ အနေနဲ့ကြည့်တဲ့သဘောမျိုး၊ ဝမ်းသာအားရ ကြည့်တဲ့ အကြည့်မျိုး၊ ဒါကို နတ်တွေက တလွဲ ထင်ကြတယ်၊ ဒီနေရာလေးကို စွဲမက်လို့ တခြားကို မခွါနိုင်လို့ ဒီနား နေတယ် အထင် လွဲကြတယ်၊ ဒီလို မဟုတ်ဘူးနော်။

                  

ကျေးဇူးတင်ထိုက်တယ် ဆိုတာ ရှိတယ်၊ ကျေးဇူးတရား သိတတ်တဲ့ပုဂ္ဂိုလ်ဟာ ကြံဖန်ပြီး ကျေးဇူး တင်တယ်၊ ကျေးဇူးတင်ရမယ် ဆိုတဲ့ အထဲမှာ ပါတယ်လေ။

                  

ယဿ ရုက္ခဿ ဆာယာသ၊

နိသီဒေယျ သယေယျ ဝါ၊

န တဿ သာခံ ဘေဉ္ဇယျ၊

မိတ္တဒုဗ္ဘော ဟိ ပါပကော။

               

မိတ်ဆွေကို ပြစ်မှားတာ, ကျေးဇူးကန်းတာ မကောင်းဘူးတဲ့၊ လူကို မပြောနဲ့၊  အင်မတန်မှ ပင်ပန်းနွမ်းနယ်ပြီးတော့ ပူလွန်းလို့ သစ်ပင်ရိပ်ကလေးမှာ အရိပ်ခိုပြီးလို့ ရှိရင် အဲဒီသစ်ပင်ကို မချိုးဖဲ့ရဘူး၊ ချိုးဖဲ့ဖို့ မတော်ဘူးတဲ့၊ ဒီလိုပြောတယ်နော်။

                  

ကျေးဇူးဆိုတာ သိတတ်ရတယ်လို့ ပြောတာ၊ လူကို မပြောနဲ့၊ သစ်ပင်တောင် အရိပ် ခိုဖူးလို့ ရှိရင် ထိုသစ်ပင်ရဲ့ အကိုင်းအခက်ကို မချိုးကောင်းဘူးတဲ့၊ ဘာဖြစ်လို့ တုန်းဆိုရင် မိတ်ဆွေကို ပြစ်မှားတယ် ဆိုတာ အလွန် ဆိုးပါတယ်တဲ့။ မြတ်စွာဘုရား လည်း ဒီနေရာလေးကို တန်ဖိုးထားတဲ့အနေနဲ့ ၇-ရက်တိတိ ကြည့်တယ်၊ မမှိတ် မသုန်သော မျက်လုံးနဲ့ ကြည့်တယ်၊

.

 

စင်္ကမ သတ္တာဟ

▬▬▬▬▬▬

 

ပြီးတဲ့အခါကျတော့ ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်အောင်လို့ ဆိုပြီးတော့ တရားဓမ္မ နှလုံးသွင်းရင်း ၇-ရက်တိုင်တိုင် စြင်္ကံလျှောက်တယ်၊ “စင်္ကမ သတ္တာဟ” လို့ ခေါ်ကြ တယ်၊ ဗုဒ္ဓဂယာ ဘုရားဖူးသွားတဲ့ ပုဂ္ဂိုလ်တွေ ဒီအမှတ်အသားတွေ တွေ့ကြမှာပေါ့။ အဲဒီလို အားလုံးပေါင်းလိုက်တော့ ဘုရားဖြစ်တာ ၂၁-ရက် ရှိသွားပြီ၊ ၂၁-ရက် ကုန်သွားပြီ။

.

 

ရတနဃရ  သတ္တာဟ

▬▬▬▬▬▬▬▬

 

စြင်္ကံလျှောက်ပြီးတော့ ၂၂-ရက်ကနေ စပြီးတော့ ၂၈-ရက် ထိအောင် ဘာလုပ်သလဲ လို့ဆိုရင် ဗောဓိပင်ရဲ့ အနောက်မြောက်ဘက်မှာ ဟောဒီ အဘိဓမ္မာတရားကို ဆင်ခြင်ပြီး နေခဲ့တယ်၊ ဒီပြင် တရားတွေ သုတ္တန်တရားတွေ ဓမ္မစကြာ အနတ္တလက္ခဏ စတဲ့သုတ်တော်တွေ ဆင်ခြင်တယ်လို့ မှတ်တမ်း မရှိဘူး၊ ဟောဒီ အဘိဓမ္မာ ၇-ကျမ်းကို မြတ်စွာဘုရားရှင်ဟာ အလေးအနက် နှလုံးသွင်း ဆင်ခြင်တယ်တဲ့။

                  

အဘိဓမ္မာရဲ့ သဘာဝတရားတွေကို ဆင်ခြင် စဉ်းစားပြီးတော့ အဘိဓမ္မာကို အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာ ကြည့်တယ်၊ ခုခေတ်နဲ့ဆိုရင် analyze လုပ်တယ်ပေါ့၊ ခွဲခြမ်းစိတ်ဖြာ classify လုပ်တယ်၊ နည်း အမျိုးမျိုးနဲ့ သဘာဝတရားတွေကို အစုလိုက် အစုလိုက် ခွဲခြမ်းစိတ်ဖြာ လေ့လာ ဆင်ခြင်ပြီး သုံးသပ် နေတာ ၇-ရက်ကြတယ်၊ အဲဒါကို ‘ရတနဃရ သတ္တာဟ’ လို့ ခေါ်တယ်။

                  

ရတန ဆိုတာ အဘိဓမ္မာ ၇-ကျမ်းကို ရည်းစူးပြီး ခေါ်တာ၊ အလွန် နှစ်သက်စရာကောင်းတဲ့ ရတနာနဲ့ အလားတူတဲ့ ‘အဘိဓမ္မာ တရားတော်တွေကို ဆင်ခြင်တဲ့ စံကျောင်း’ လို့ အဓိပ္ပာယ် ရတယ်၊ နတ်တွေက ဖန်ဆင်း ပေးထားတဲ့ ‘ဃရ’ စံကျောင်းကလေးထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ၇-ရက် တိတိ အဘိဓမ္မာတရားကို ဆင်ခြင်ခဲ့တယ်တဲ့။

.

 

အဘိဓမ္မာ ၇-ကျမ်း ဆင်ခြင်ပုံ

▬▬▬▬▬▬▬▬▬▬▬

                  

အဲဒီလို ဆင်ခြင်တာ အဘိဓမ္မာ ၇-ကျမ်းလို့ ဆိုတော့ ပထမဆုံးကျမ်းကို ‘ဓမ္မသင်္ဂဏီ’  လို့ ခေါ်တယ်၊ ဓမ္မ ဆိုတာ သဘာဝတရားတွေကို သင်္ဂဏီ ဆိုတာ အစုလိုက် အစုလိုက် စုပြီးတော့ ဖော်ပြတဲ့ကျမ်း၊ စိတ်အကြောင်းက တစ်စု၊ ရုပ်အကြောင်းက တစ်စု၊ နှစ်စု မာတိကာ၊ သုံးစု မာတိကာတွေကို အကျယ် ချဲ့ပြီးတော့ ရှင်းလင်းပြတာက တစ်စု၊ အဲဒါတွေကို အဓိပ္ပာယ် ဖွင့်ဆိုပြတာက တစ်စု ဆိုပြီးတော့ ၄-စု ကို ၄-ကဏ္ဍ ခွဲပြီးတော့ ဓမ္မသင်္ဂဏီကျမ်းကို မြတ်စွာဘုရားက ဆင်ခြင်တော်မူခဲ့တယ်။

                  

အဓိက ဓမ္မသင်္ဂဏီကျမ်းမှာ ဟောတော်မူခဲ့တာ ရုပ်နဲ့စိတ်ပဲ၊ စိတ်လို့ဆိုတဲ့ အထဲမှာ စေတသိက်လည်း ပါတယ်လို့ မှတ်ရမယ်၊ စိတ်နဲ့ ရုပ်နဲ့ အဓိကထားပြီး ဆင်ခြင် သုံးသပ်တော်မူတယ်၊

                  

ပြီးတဲ့အခါကျတော့ ဝိဘင်္ဂလို့ခေါ်တဲ့ ‘ဝိဘင်းကျမ်း’၊ ဝိဘင်းကျမ်းမှာ အပိုင်း ၁၈- ပိုင်း ရှိတယ်၊ ခန္ဓာပိုင်း, အာယတနပိုင်း, ဓာတ်ပိုင်းစတဲ့ အပိုင်း ၁၈-ပိုင်းကို သုတ္တန်နည်း အဘိဓမ္မာနည်း နည်းမျိုးစုံ မြတ်စွာဘုရား ဆင်ခြင်သုံးသပ်တယ်။

                  

နောက်တစ်ခု ဓာတ်တွေ၊ သဘာဝတရားတွေနဲ့ ပတ်သက်ပြီးတော့ နည်း ၁၄-မျိုးထဲမှာ ထည့်သွင်း ပြီးတော့ ဓာတ်သဘောတွေကို ဆင်ခြင် စဉ်းစားတာကျတော့ ‘ဓာတုကထာကျမ်း’ လို့ ခေါ်တယ်။

 

သဘာဝတရားတွေ ဆင်ခြင် စဉ်းစားတဲ့အခါမှာ သဘာဝတရားတွေနဲ့ ဆက်စပ်ပြီး ဖြစ်နေတဲ့ ပညတ်သဘောတွေကို ဆင်ခြင် စဉ်းစားတယ်၊ ပညတ် ၆-မျိုး ခွဲလိုက်တယ်၊ ခန္ဓပညတ်, အာယတန ပညတ် စသည်ဖြင့် ပညတ်တွေ ခွဲပြီး နောက်ဆုံးမှာ ပုဂ္ဂလပညတ်တဲ့၊ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်လာတဲ့ ပုဂ္ဂိုလ်တွေ အသေးစိတ်ခွဲပြီး ရှင်းလင်း ဖော်ပြတဲ့ တရားကို ‘ပုဂ္ဂလပညတ်ကျမ်း’ လို့ ခေါ်တယ်၊ ဓမ္မသင်္ဂဏီ ကျမ်းရယ်၊ ဝိဘင်းကျမ်းရယ်၊ ဓာတုကထာ ကျမ်းရယ်၊ ပုဂ္ဂလပညတ် ကျမ်းရယ် ဆိုပြီး အဘိဓမ္မာ ၄-ကျမ်း။

                  

နောက်ပြီးတဲ့အခါကျ ‘ကထာဝတ္ထုကျမ်း’ ကို ဆင်ခြင်တယ်၊ ကထာဝတ္ထုဆိုတာ ပြောစရာ ဆိုစရာတွေ၊ ဆွေးနွေး မေးမြန်းကြတာတွေ၊ အယူဝါဒ ကွဲပြားကြတာတွေ အငြင်းအခုံ ဖြစ်စရာ points တွေပေါ့၊ ကထာဝတ္ထု ကျမ်းကြီးကို အင်္ဂလိပ်ဘာသာ ပြန်တဲ့သူက မြန်မာပြည်က ယဇ်မျိုးမင်းကြီး ဦးရွှေစံအောင်၊ ဘာသာပြန်တဲ့ကျမ်းကို “The Points of Controversy “ ခေါ်တယ်၊ အငြင်းပွားစရာ အချက်အလက် တွေကို စုပြီးတော့ အဲဒီ အယူဝါဒ အငြင်းပွားမှုတွေရဲ့ သဘာဝအမှန်ကို ဆုံးဖြတ် ပေးနိုင်တဲ့ ကျမ်းမျိုးကို ကထာဝတ္ထုကျမ်းလို့ ခေါ်တယ်။

 

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာအောင် လေ့ကျင့်တဲ့ သဘောအနေနဲ့ သဘာဝ တရားတွေရဲ့ စကားလုံးတွေ၊ ဝေါဟာရတွေ၊ ထိုသဘာ၀ တရားတွေနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ထိုသဘာ၀ တရားတွေရဲ့ သဘာ၀ အခြေအနေတွေကို မေးခွန်းမျိုးစုံ ထုတ်ပြီးတော့ မေးလိုက် ဖြေလိုက်၊ အမေးအဖြေ အစုံလိုက် အစုံလိုက် ဟောတဲ့ တရားကိုတော့ ‘ယမကကျမ်း’ လို့ ခေါ်တယ်၊ ယမက ဆိုတာ အစုံ၊ အတိအကျ သတ်မှတ်ထားပြီး သေချာတဲ့ အရာကို သန္နိဋ္ဌာန် လို့ ခေါ်ပြီးတော့, ဟုတ်သလား မဟုတ်ဘူးလားလို့ မေးမြန်းစရာဖြစ်တဲ့ အရာကျတော့ သံသယ လို့ ခေါ်တယ်၊ အဲဒီလို သန္နိဋ္ဌာန်နဲ့ သံသယ လို့ ခေါ်တယ်၊ အဲဒီလို သိန္နိဋ္ဌာန်နဲ့ သံသယ အစုံ၊ အမေးနဲ့ အဖြေ အစုံ၊ ဒီလို အစုံလိုက် ဟောသွားတဲ့ကျမ်းက ယမိုက်ကျမ်းတဲ့။

                  

ဒီကျမ်းက ၁၀-ကျမ်းရှိတယ်၊ မူလဆိုတဲ့ သဘာဝတရားတွေရဲ့ အရင်းမြစ်နဲ့ ပတ်သက် တာက ၁-ကျမ်း၊ ခန္ဓာလို့ဆိုတဲ့ ခန္ဓာငါးပါးနဲ့ ပတ်သက်တာက ၁-ကျမ်း၊ အာယတန ဆိုတာတွေနဲ့ ပတ်သက်တာက ၁-ကျမ်း စသည်ဖြင့် ယမကလို့ခေါ်တဲ့ ယမိုက်ကျမ်းဟာ ၁၀-ကျမ်း ရှိတယ်၊ ဉာဏ်ရည်ဏ်သွေး ထက်မြက်အောင် ဆိုပြီးတော့ တစ်ခုချင်း တစ်ခုချင်း အသေးစိတ် မေးခွန်းပုစ္ဆာပေါင်း မြောက်များစွာနဲ့ အဖြေလွှာတွေကို ထုတ်ပြတဲ့ကျမ်းကို ‘ယမိုက်ကျမ်း’ လို့ ခေါ်တယ်။

                  

မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီး ၂၂-ရက် နေ့ကစပြီးတော့ အဲဒီ ရက်တစ်ပတ်လုံး အဘိဓမ္မာ သဘာဝတရားတွေကို ဆင်ခြင်တယ်၊ ဒီရက်ပတ်ဟာ ဆင်ခြင် တွေးတောနေတဲ့ ရက်သတ္တပတ်တဲ့၊ ဓမ္မသင်္ဂဏီကျမ်းကို ဆင်ခြင်တယ်၊ လွယ်လွယ် ကူကူနဲ့ ဆင်ခြင်လို့ ရတယ်၊ ဝိဘင်းကျမ်း ဓာတုကထာကျမ်း ပုဂ္ဂလပညတ်ကျမ်း ကထာဝတ္ထုကျမ်း ယမိုက်ကျမ်းကို ဆင်ခြင်တယ်၊ မြတ်စွာဘုရား ဉာဏ်တော်နဲ့ ဆိုရင် ဒါလေးတွေက အလွယ်ကလေး၊ အလွယ်လေးတွေဆိုတော့ အခက်အခဲ မရှိဘူး၊ သိပ်ပြီး ပီတိ မဖြစ်လှဘူး၊ မြတ်စွာဘုရားအဖို့ လွယ်လွန်းနေတယ်တဲ့။

                  

ဒီမှာ နောက်ဆုံးဖြစ်တဲ့ သိပ်ပြီးကျယ်ဝန်းတဲ့ ‘ပဋ္ဌာန်းကျမ်းကြီး’ ကို ဆင်ခြင် လိုက်တဲ့ အခါကျတော့မှ အသိဉာဏ်နဲ့ တွေးတောစရာ အာရုံတွေဟာ အံဝင်ခွင်ကျ ဖြစ်သွားတယ်၊ ပဋ္ဌာန်းကျမ်းကြီးက အလွန်ကျယ်ဝန်းတယ်၊ အဋ္ဌကထာ ဆရာကြီးက ဥပမာ ပေးထားတယ်၊ အင်မတန် ကြီးမားတဲ့ ဝေလငါးကြီးတွေဟာ ပင်လယ်ထဲမှာ သာလျှင် လူးလွန့် လှုပ်ရှားပြီးတော့ ကစားနိုင်ကြတယ်တဲ့၊ ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်တွေ ထဲမှာဆို သူတို့ ခန္ဓာကိုယ်ကြီးနဲ့ဆို မဆန့်ဘူးတဲ့။

                  

မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးဟာလည်း ပဋ္ဌာန်းကျမ်းကြီး ထဲကျမှ စိတ်တိုင်းကျ အားပါးတရ လူးလွန့်ပြီး ကွန့်မြူးဆင်ခြင် တွေးတောလို့ ရတယ်၊ ကျန်တဲ့ ကျမ်း တွေက နည်းနည်းကျဉ်းနေ တယ်ပေါ့။

.

 

ရောင်ခြည်တော်တွေ

▬▬▬▬▬▬▬▬

                  

ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်တဲ့ အခါကျတော့ စိတ်က ပိုပြီးတော့ ပျော်လာတယ်၊ သိစရာတွေကလည်း အများကြီး၊ လူများလိုပေါ့၊ တစ်ခါတလေ ကျဉ်းကျဉ်း ကျပ်ကျပ် နေရာကနေပြီးတော့ လွင်ပြင်ကြီး ရောက်သွားတဲ့အခါ စိတ်တွေက လွတ်လပ်သွား သလိုပဲ မြတ်စွာဘုရားရဲ့ အသိဉာဏ်ဟာလည်း ပဋ္ဌာန်းကျမ်းကြီး ရောက်တဲ့ အခါကျတော့ တကယ့် လွင်ပြင်ကြီးထဲ ရောက်သွား သလိုပဲ စိတ်ထဲမှာ လူးလွန့် ကျက်စားလို့ အလွန် ကောင်းသွားတယ်၊ အဲဒီလို ကောင်းတော့ စိတ်တော်ဟာ ပိုပျော်ပြီးတော့ ပီတိတွေ ဖြစ်လာတယ်၊ အဲဒီ ပီတိတွေရဲ့ စွမ်းအားကြောင့် ခန္ဓာကိုယ် မှာရှိတဲ့ သွေးတွေဟာ ကြည်လင်လာတယ်၊ သွေးတွေက အရောင်ပြောင်းလာပြီး ခန္ဓာကိုယ်ကနေပြီး အရောင်တွေ တဖိတ်ဖိတ် တောက်လာတယ်။

                  

ဒါကြောင့်မို့ ပဋ္ဌာန်းကျမ်းကြီး ဆင်ခြင်တဲ့အခါမှ ရောင်ခြည်တော်တွေ လွှတ်တယ် ဆိုတာ အဲဒါကို ပြောတာနော်၊ သူ့ဟာသူ လွှတ်တာ မဟုတ်ဘူး၊ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်လိုက်တဲ့အခါ ကျတော့မှ သိပ်ပြီးတော့ ကျေနပ်အားရတဲ့ ပီတိဖြစ်တယ်၊ ထို ပီတိကြောင့် ခန္ဓာကိုယ်က သွေးတွေဟာ စင်ကြယ်လာတယ်၊ ကြေးပြားတစ်ခုကို ကျကျနန ပွတ်လိုက်တဲ့ အခါကျတော့ စင်ကြယ်လာတဲ့အခါ အရောင်က တဖိတ်ဖိတ် တောက်ပြောင်လာသလို၊ ကျောက်ရိုင်းတုံးလေး တစ်တုံးကို သွေးပြီးတော့ အရောင် တင်လိုက်တဲ့ အခါကျတော့ တလက်လက် ဖြစ်လာသလိုပဲ ဉာဏ်တော်နဲ့ သွေးပြီးတော့ ကြည့်လိုက်တဲ့ အခါမှာ တစ်ကိုယ်လုံးဟာ အရောင်အဝါတွေ တလက်လက်နဲ့ ဖိတ်ဖိတ် တောက်လာတယ်။

                  

ရောင်ခြည်တော်တွေ လွှတ်တယ်၊ အဲဒီ သတ္တာဟဟာ အင်မတန် ထူးခြားတဲ့ သတ္တာဟတစ်ခုဖြစ်လို့ “ရတနဃရ သတ္တာဟ” တဲ့၊ ၇-ရက်တိတိ အဘိဓမ္မာ တရား တွေကို ဆင်ခြင်လိုက်တာ နောက်ဆုံး ပဋ္ဌာန်းကျမ်းကြီးကို ရောက်တဲ့အခါ ခန္ဓာကိုယ် ကနေ ရောင်ခြည်တော်တွေ ထွက်လာသည်အထိ ဖြစ်လာခဲ့တယ်၊ ဒါ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်တစ်ခုပဲ၊ မဟောခင်ကတည်းက အဘိဓမ္မာရဲ့ သဘာဝတရား တွေကို မြတ်စွာဘုရားက ကြိုတင် ဆင်ခြင် စဉ်းစားထားပြီးသား ဖြစ်တယ်။

.

 

 

အဘိဓမ္မာ

နတ်ပြည်မှာ ဟောရခြင်း

▬▬▬▬▬▬▬▬▬

                  

သို့သော် ဒီလောက် လေးနက်တဲ့ သဘာဝတရားတွေကို ရှင်းပြပြီး ခေါင်းစီးတစ်ခု တည်းနဲ့ အင်မတန် ရှည်လျားတဲ့ ဒေသနာတော်ကြီးကို ဟောဖို့ဆိုတာ လူ့ပြည်မှာ မဖြစ်နိုင်ဘူး၊ လူသားတွေဟာ တစ်နေကုန် ထိုင်ဖို့ဆို တော်တော်ခက်မယ်၊ ၃-လတိတိ ထိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ ၁-နာရီ, ၂-နာရီလောက် ထိုင်လိုက်ရင်ပဲ ညောင်းကုန် ပြီလေ။

                            

အဘိဓမ္မာ ခေါင်းစည်းအောက်မှာ အင်မတန် ရှည်လျားတဲ့ တရားကြီး၊ ပဋ္ဌာန်း ထိအောင် ဟောရမှာ ဆိုလို့ရှိရင် အချိန်အားဖြင့် ၃-လလောက် အချိန်ယူရမယ်တဲ့၊ အဲဒီ ၃-လလောက် အချိန်ယူရမယ့် တရား၊ မြတ်စွာဘုရားက ၇-ရက်နဲ့ ဆင်ခြင် စဉ်းစားထားတဲ့ တရားဟာ အတိုင်းအတာ မရှိ လောက်အောင် အလွန်ကျယ်ဝန်း တယ်၊ ဒီတရားတွေကို လူ့ပြည်မှာ ဟောလို့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့တုန်း၊ လူတွေက ကြာရှည်စွာ ထိုင်ပြီးတော့ တရားဆုံးအောင် မနာနိုင်ဘူးတဲ့၊ ဘုရားက တရားဟောနေ ၁-နာရီ, ၂-နာရီ, ၄,၅-နာရီလောက်ဆို ထပြေးကုန်ကြမှာ၊ ရှိမှာ မဟုတ်တော့ဘူး၊ မထိုင်နိုင်ဘူးလေ၊ အဲဒါကြောင့်မို့ အဘိဓမ္မာတရားကို လူ့ပြည်မှာ မဟောဘူး။

.

 

တန်ခိုးပြာဋိဟာ

▬▬▬▬▬▬

                            

ပထမဆုံး ဓမ္မစကြာတရား ဟောတယ်၊ နောက် အနတ္တလက္ခဏ သုတ္တန် ဟောတယ်၊ ၇-ဝါမြောက်တဲ့ အခါကျတော့ အဘိဓမ္မာတရား ဟောဖို့ အချိန်ကျလာတယ်၊ ဝါဆိုဦးကာလမှာ ရေ,မီးအစုံ တန်ခိုး ပြာဋိဟာကို ပြတယ်၊ ရေမီးအစုံ တန်ခိုးပြာဋိဟာ လို့ဆိုတာ အားလုံး ကြားဖူးကြပါလိမ့်မယ်၊ ထူးမခြားနား သီချင်းကြီး ကြားဖူး ကြမှာပေါ့၊ လူတွေကတော့ ပြောကြတယ်၊ မင်းပြောနေတာ ထူးမခြားနား ပါကွာတဲ့၊ တကယ်က ထူးမခြားနား ဆိုတာ ထူးတယ်၊ ဒါပေမယ့် တစ်ခုနဲ့တစ်ခု အချိန်ချင်း မကွာခြားဘူးလို့ ဒီလို အဓိပ္ပါယ်ရတယ်။

.

 

ရေ,မီးအစုံ တန်ခိုးပြပုံ

▬▬▬▬▬▬▬▬

                            

ရေနဲ့မီးဆိုတာ အင်မတန် ဆန့်ကျင်တဲ့ အရာနှစ်ခု မဟုတ်လား၊ ရေနဲ့မီးကို တန်ခိုးပြာဋိဟာ ပြတယ် ဆိုတာ အကျဉ်းချုပ် ပြောလို့ရှိရင်တော့ လက်ယာဘက် မျက်လုံးတော်က ရေတွေ ပန်းထွက်နေတဲ့ အချိန်မှာ လက်ဝဲဘက် မျက်လုံးတော်က မီးတွေ ပန်းထွက်နေတယ်၊ အံ့သြဖွယ် လုပ်ပြရတာ၊ ရေဖြစ်ဖို့ရာအတွက် အာပေါ ကသိုဏ်း ဝင်စားရတယ်၊ ဒါက moment  တစ်ခု၊ အာပေါကသိုဏ်း ဝင်စားပြီး အဓိဋ္ဌာန် လိုက်တဲ့ အခါမှာ ရေတွေ ပန်းထွက်လာတယ်၊ တေဇောကသိုဏ်း ဝင်စား ပြီးတော့မှ ဆင်ခြင်တဲ့ အခါကျတော့မှ မီးတွေ ပန်းထွက်တယ်၊ တစ်ပြိုင်တည်း လုပ်လို့မရဘူး၊ သို့သော် အလွန် လျင်မြန်သည့် အတွက်ကြောင့် ကြည့်တဲ့ပုဂ္ဂိုလ်တွေက တစ်ပြိုင်နက်လို ထင်ရတယ်ပေါ့။

 

ဒါက မီးစက်ဝိုင်းလေးရဲ့ ဥပမာအတိုင်းပေါ့၊ မီးစက်ဝိုင်း လှည့်ပြီးတော့ ယမ်းလိုက် တဲ့အခါ မြန်မြန် ယမ်းလို့ရှိရင် ဒါ မီးဝိုင်းကလေး ဖြစ်နေသလိုပဲ၊ သို့သော်လည်း အထက်မှာ ရောက်နေတဲ့အချိန် အောက်မှာ မရှိဘူး။ အောက်မှာ ရောက်နေတဲ့အချိန် အထက်မှာ မရှိဘူး။ သို့သော် လျင်မြန်လွန်း အားကြီးသည့် အတွက်ကြောင့် မီး စက်ဝိုင်းကလေးလို့ မြင်ရတယ်၊ ထို့အတူပဲ၊ မြတ်စွာဘုရားရဲ့ ဒီ စွမ်းရည်သတ္တိတွေဟာ အလွန် ထက်မြက်တယ်၊ ဝင်စားတဲ့ စိတ်တွေက အလွန် လျင်မြန်တယ်၊ တကယ်တော့ လုပ်ရတာ မလွယ်ပါဘူး၊ အာပေါကသိုဏ်းမှာ စတုတ္ထဈာန် ဝင်စားရတယ်၊ စတုတ္ထဈာန် ဝင်စားပြီး “ငါ့ရဲ့ လက်ယာဘက် မျက်လုံးက ရေတွေ ပန်းထွက်ပါစေ” ဆိုတာ အဓိဋ္ဌာန်ပြီးတော့ အဘိညာဉ်နဲ့ လုပ်လိုက်မှ ရေပန်းထွက်တယ်။

 

ပြီးတဲ့အခါကျတော့ အာပေါကသိုဏ်းမှ ထပြီးနောက် တေဇောကသိုဏ်း ဝင်စားရ ပြန်တယ်၊ တေဇောကသိုဏ်း ရှုပြီး စတုတ္ထဈာန်ကထပြီး “ငါ့ရဲ့ လက်ဝဲမျက်လုံး ကနေပြီး မီးတွေ ပန်းထွက်ပါစေ” လို့ အဓိဋ္ဌာန် လိုက်တဲ့ အခါကျတော့မှ မီးက ပန်းထွက်တယ်၊ moment ချင်း မတူဘူး၊ အချိန်ကာလချင်း ခြားနားတယ်၊ သို့သော် သိပ်လျင်မြန်သည့် အတွက်ကြောင့် တစ်ပြိုင်နက်လို့ ကြည့်တဲ့ ပုဂ္ဂိုလ်တွေက ထင်ရတယ်တဲ့၊ အဲဒါ အလွန့် အလွန် ထူးခြားပြီးတော့ အချိန်ကာလ မခြားနား သကဲ့သို့ တစ်ဆက်တည်း မြင်ရတာကို “ထူးမခြားနား” လို့ ဆိုတာ။

                            

အလွန် ထူးဆန်းတယ်၊ အချိန်ကာလ အကွဲအပြားကို မမြင်ရဘူး၊ အင်မတန် ထူးဆန်းလို့ မြတ်စွာဘုရားရဲ့ လက်ယာမျက်လုံးက နေပြီးတော့ ရေတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက် မျက်လုံးက မီးတွေ ပန်းထွက်နေတယ်၊ ကြည့်တဲ့ ပုဂ္ဂိုလ်က မျက်တောင်လေး တစ်ချက် ခတ်လိုက်တာနဲ့ ရေမီးက တစ်ခါ ညာနဲ့ဘယ် ပြောင်းသွားပြန်တယ်၊ လက်ယာဘတ် နှာခေါင်းတွင်းက နေပြီးတော့ ရေတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက်က မီးတွေ ပန်းထွက်နေတယ်၊ မျက်တောင်လေး ခတ်လိုက်တာနဲ့ ရေနဲ့မီးက ဘယ်,ညာ ပြောင်းသွားပြန်ရော၊ အဲဒီလောက် ထူးဆန်းတဲ့ တန်ခိုး ပြာဋိဟာတွေကို ပြတာ၊ ‘ယမကပြာဋိဟာ’ ဆိုတာ ရေ,မီးအစုံ တန်ခိုး ပြာဋိဟာ ကို ဆိုလိုတယ်။

                            

အဲဒီလို ရေ မီး အစုံ အစုံ အင်မတန် ထူးဆန်း အံ့သြဖွယ်ကောင်းတဲ့ တန်ခိုး ပြာဋိဟာတွေကို ဝါဆိုလပြည့်နေ့မှာ ပြပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာ တရားဟောဖို့ တာဝတိံသာ ကြွသွားတယ်။

.

 

အဘိဓမ္မာတရား ဟောတော်မူပုံ

 ▬▬▬▬▬▬▬▬▬▬▬

                         

တာဝတိံသာ ရောက်တဲ့အခါကျတော့ သိကြားမင်းကြီး ထိုင်တဲ့ ပင်လယ်ကသစ်ပင် အောက်မှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ ကျောက်နေရာမှာ ထိုင်တော်မူတယ်။ အဲဒီ ကျောက်နေရာကြီးက ကျောက်တော့ ကျောက်ပဲ၊ ဒါပေမယ့် ကျောက်ပျော့ကြီး၊ အဲဒီအပေါ် ထိုင်လိုက်လို့ရှိရင် အိသွားတယ်၊ ထူးထူးဆန်းဆန်း ကျောက်ပျော့၊ ဘယ်မှာရှိလဲ လို့ပြောရင် အဲဒီမှာ ရှိတယ်လို့ ပြောရမယ်၊ ဆိုဖာကြီးလိုပဲ၊ သိကြား မင်းကြီး အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် ချက်လောက် ထိအောင် မြုပ်သွားတယ်တဲ့။

                            

အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေစဉ် နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက် နေ့ကနေပြီး ရက်သတ္တပတ် ဆင်ခြင် ထားတဲ့ အဘိဓမ္မာ တရားတွေကို ခေါင်းစီးတစ်ခုတည်း အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာ တရားချည်းပဲ ဟောတယ်။

.

 

မယ်တော် ကျေးဇူးဆပ်

▬▬▬▬▬▬▬▬

                            

အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေပြီး နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့ အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက် နေ့ကစပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ ဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲ အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊ ‘ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ’ ဆိုပြီးတော့ ၃-စု မာတိကာပေးတယ်၊ ‘ဟေတူ ဓမ္မာ၊ န  ဟေတူ ဓမ္မာ’ စသည်ဖြင့် ၂-စု မာတိကာလေးတွေ ခေါင်းစဉ် လေးတွေ ပေးပြီးတော့ မြတ်စွာဘုရားက ဟောသွားလိုက်တာ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာ တရားချည်းပဲ ဟောတယ်။

                  

အဲဒီလို အဘိဓမ္မာတရား ဟောကြားရာ တာဝတိံသာ နတ်ပြည် တရားနာ ပရိတ်သတ်ထဲမှာ အလွန်ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦး ပါလာတယ်၊ ဘယ်သူတုန်း ဆိုရင် တုသိတာနတ်ပြည်မှာ နတ်မင်း အဖြစ်ဖြင့် ဖြစ်နေတဲ့ လူ့ဘဝတုန်းက ဘုရားလောင်းရဲ့ မယ်တော် နတ်သားပဲ၊ သန္တုဿိတ နတ်သား ဘဝနဲ့ ဘုရားတရားပွဲမှာ လာရောက်ပြီး လက်ယာဘက်မှာ ထိုင်ပြီးတော့ နာယူနေတယ်၊ အဲဒီ မယ်တော်ကြီးကို ဦးတည်ပြီး တော့ မြတ်စွာဘုရားက အဘိဓမ္မာတရားကို ဟောတာ၊ မယ်တော်ကို ကျေးဇူး ဆပ်တယ်လို့ ပြောကြတယ်ပေါ့။

                            

ကျေးဇူးဆပ်တယ်လို့ ပြောတဲ့အထဲမှာ ဘာတွေ အပိုထည့်ပြောတုန်း ဆိုရင် “အမိကျေးဇူးဟာ ဆပ်မကုန်နိုင်ဘူး၊ အဲဒါ ဘုရားသော်မှ အဘိဓမ္မာတရား ဟောတာ တောင် နို့တစ်လုံးဖိုးသာ ကျေသေးတယ်တို့ ဘာတို့နော်” တစ်လုံးက ဘယ်လောက် တန်လို့ တစ်လုံးဖိုးတို့, နှစ်လုံးဖိုးတို့ ပြောလို့ရတုံး၊ တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုး ကျန်သေးတယ်လို့ အဓိပ္ပါယ်မျိုး ပြောကြတယ်။

                            

ဒါတွေက စာထဲမပါတဲ့ စကားတွေပါ၊ စာထဲ မပါပေမယ့် တချို့ဟာက ယုတ္တိရှိတယ်။ အခုဟာက ယုတ္တိမရှိဘူး၊ ဘာဖြစ်လို့တုန်းဆို တန်ဖိုးဖြတ်ထားမှသာ ပြောလို့ ရတော့ မပေါ့၊ အဘိဓမ္မာတရား ဟောရင် တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုးကို ကျေဖို့ရန်အတွက် ထပ်ဟောရမယ့် ပုံစံမျိုး ဖြစ်နေတယ်။

                            

မယ်တော်ကြီးကို ဦးတည်ပြီး တစ်သောင်းသော စကြဝဠာက ရောက်ရှိလာတဲ့ နတ်ဗြဟ္မာအပေါင်းရဲ့ အလယ်မှာ ရှင်တော်မြတ်ဘုရားဟာ ဒီ အဘိဓမ္မာ မြတ်ဒေသနာ ကို တာဝတိံသာ နတ်ပြည်မှာ ဟောကြားခဲ့တာ၊ လူ့ပြည်က အရေအတွက်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ၃-လတိတိ၊ ရက်ပေါင်း ၉၀-ကြတယ်လို့ ပြောရမယ်၊ ရက်ပေါင်း ၉၀-ကြာမှ ဟောဒီ အဘိဓမ္မာတရားဟာ ပြီးဆုံးသွားတယ်။

                            

နတ်တို့ရဲ့ အချိန်နဲ့ ပြောမယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ ရှိပါတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ လူ့ပြည်က အနှစ် ၁၀၀-သည် တာဝတိံသာနတ်ပြည်မှာ ၁-ရက်ပဲ ရှိပါ သေးတယ်၊ နေ့တာ ညတာ ဟိုက ပိုပြီးတော့ ရှည်တယ်၊ လူ့ပြည်က တိုတယ်၊ လူ့ပြည် အနှစ် ၁၀၀-မှ တာဝတိံသာနတ်ပြည် ၁-ရက်ဆိုတော့ မိနစ်ပိုင်းလောက်ပဲ ကြာတယ်ပေါ့၊ ၃-လဆိုတာ ဘာမှ မရှိဘူးပေါ့၊ တရားပွဲက ဘာမှ မကြာလိုက်ဘူးပေါ့၊ ခဏလေး ပြီးသွားတယ်။

                            

မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်ကို ကြွသွားတဲ့ အခါကျတော့ ဘုရားက လူသားဆိုတော့ ခပ်သေးသေး နေမှာပေါ့၊ လူ့အတောင်နဲ့ ပြောရင် ၁၈-တောင်ပေါ့၊ ၁၈-တောင်ဆိုတာ ဘယ်လောက်မှ မရှိဘူးပေါ့၊ ၁၈-တောင်ကို တစ်ချို့က ၁၈-မိုက်လို့ ပြောကြတယ်၊ ဘုရား ၁၈-တောင်ဆိုရင် ထိုခေတ်လူတွေကလည်း အားလုံး ၁၈-တောင် တညီတည်း ဖြစ်ကြရမှာပေါ့၊ လျော့ရင် နည်းနည်း ပဲပေါ့၊ နို့မို့ဆိုရင် ဘုရား တစ်ဆူထဲကသာ ၁၈-တောင် ဖြစ်ပြီးတော့ ကျန်တဲ့သူတွေက ပုပုလေးတွေဆို ဘယ်လို လုပ်ပြီးတော့ ဆွမ်းလောင်းတာတို့၊ ဘုရားဖူး သွားတာတို့ ဖြစ်နိုင်ပါ့မတုံး၊ မဖြစ်နိုင်ဘူး၊ သူ့ခေတ် သူ့လူတွေရဲ့ အရပ်အမောင်း ဒီလိုပဲ တစ်ညီတည်း ဖြစ်ရမှာပေါ့။

                            

ဒီတော့ နတ်ပြည်ရောက်သွားတဲ့ အခါ နတ်တွေက ကြီးတယ်၊ သူတို့ ခန္ဓာကိုယ်က အကြီးကြီးတွေ၊ အဲဒီတော့ မြတ်စွာဘုရားက ပကတိကိုယ်နဲ့ သီတင်းသုံးမယ်ဆိုရင် နတ်တွေကလည်း သူတို့ လူသားတွေရဲ့ပုံစံပဲ ဖန်ဆင်းပြီး ထိုင်နေရမှာပဲ၊ နတ်က ဖန်ဆင်းလို့ ရတာပဲ၊ လူ့ပြည်လာတဲ့အခါမှာ အပ်ဖျားလေး ချလောက်တဲ့ နေရာလေးမှာတောင် နတ်က ၁၀-ယောက်၊ အယောက် ၂၀၊ ဒီလို စုထိုင်နေကြတာတဲ့၊ နေရာ မရဘူး ဆိုရင် အဲဒီလို သူတို့ ထိုင်ရတယ်၊ အပ်ဖျားလေး ထောက်လောက် တဲ့ နေရာလေးဆို သေးသေးလေး၊ အဲဒီလောက် သေးသေးလေးကို နတ်တွေက ၁၀-ယောက်, ၁၅-ယောက် စုထိုင်နိုင်အောင် သူတို့ ဖန်တီးလို့ ရတယ်။

                            

သို့သော် စာထဲအတိုင်း ပြောမယ်ဆိုရင် မြတ်စွာဘုရားက ပါလာတဲ့ နှစ်ထပ် သင်္ကန်း ကြီးကို ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်မှာ လွှမ်းလိုက်တဲ့အခါ နှစ်ထပ်သင်္ကန်း ကြီး ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီး တစ်ခုလုံး ဖုံးသွားတယ်တဲ့၊ ကိုယ်တော်မြတ် ကလည်း ထိုင်လိုက်တဲ့အခါ တင်ပလ္လင်ခွေကြီး တစ်ခုလုံးဟာ အဲဒီကျောက်ဖျာကြီး တစ်ခုလုံး ပြည့်သွားတယ်ဆိုတော့ ဘုရား ကိုယ်တော်ကြီးဟာ ပြောင်းသွားတယ်ပေါ့၊ ခန္ဓာကိုယ်တော်ကြီးက နေပြီးတော့ နတ်တွေရဲ့ အတိုင်းအတာလို ရုပ်ပွားတော်ကြီး အကြီးကြီး ဖြစ်သွားတယ်လို့ ဒီလိုပြောရမှာ။

.

 

လူ့ပြည် ကြွလာလေ့ ရှိ

▬▬▬▬▬▬▬▬

 

မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ် နေ့စဉ် ဆွမ်းဘုဉ်းပေးတဲ့ အချိန်ကို လူ့ပြည် ကြွလာလေ့ ရှိတယ်၊ သို့သော် သာဝတ္ထိတို့ ရာဇဂြိုဟ်တို့ ဆိုတဲ့ ဒေသကို မကြွဘဲနဲ့ ဘယ်သူမှ မသိတဲ့ မြောက်ကျွန်း ဘက်ကို ကြွတယ်၊ မြောက်ကျွန်း ကြွပြီးတော့ ဆွမ်းခံတယ်၊ ဆွမ်းခံပြီးတဲ့အခါ ဟိမဝန္တာတောင် စန္ဒကူးတောထဲက စန္ဒကူးပင်အောက် အနောတတ်ရေအိုင် အနီးအနားမှာ ဆွမ်းဘုဉ်းပေးတယ်၊ အဲဒီလို မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါ ဘယ်သူက ဝတ်ကြီးဝတ်ငယ် ပြုတုန်းဆို ရှင်သာရိပုတ္တရာ တစ်ပါးတည်းပဲ အဲဒီကို ကြွလာပြီး ဘုရား ဆွမ်းဘုန်းပေးတဲ့ အခါမှာ ဝတ်ကြီး ဝတ်ငယ် ပြုတယ်တဲ့။

                            

အဋ္ဌကထာထဲမှာတော့ ဘယ်လို ရေးထားသလဲ ဆိုတော့ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝ အတိုင်း စားချိန်ကျရင် စားရမယ်၊ နားချိန်ကျရင် နားရမယ်ပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာ၀ အတိုင်းပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဆွမ်းဘုဉ်းပေးဖို့ အချိန်ကျတဲ့အခါ လူ့ပြည်ကြွ ဘုဉ်းပေး တယ်၊ အနားယူရမယ့် အချိန် အနားယူတယ်၊ ပြီးတော့မှ တရားဆက်ဟောတယ်။

                            

ဘုရားရှင် လူ့ပြည်ကြွတဲ့အခါ နိမ္မိတရုပ် ဖန်ဆင်းပြီးတော့ ထားခဲ့တယ်တဲ့၊ အဲဒီ နိမ္မိတ ရုပ်ပွားတော်ကနေ ဆက်ပြီးတော့ တရားဟော နေရစ်တယ်လို့ ပြောတယ်၊ ဘုရား အစစ်က ဘယ်ကနေ ဘယ်လောက်ထိ ဟောမယ်ဆိုတာကို သတ်မှတ်ပေးထားတဲ့ အတိုင်း နိမ္မိတရုပ်ကနေ ဆက်ပြီးတော့ ဟောသွားတယ်၊ ခုခေတ်လိုဆိုရင် TV ဖွင့်ထားခဲ့တဲ့ သဘောပေါ့။

.

 

လူ့ပြည်မှာ ဟောခဲ့

▬▬▬▬▬▬▬

 

မြတ်စွာဘုရား ဘာဖြစ်လို့ လူ့ပြည် ကြွတာတုန်းဆိုတော့ ရှင်သာရိပုတ္တရာနဲ့ နေ့တိုင်း တွေ့ပြီးတော့ နတ်ပြည်မှာ ဟောခဲ့တဲ့ တရားကို ရှင်သာရိပုတ္တရာကို အကျဉ်းချုပ် ပြန်ပြီး နေ့တိုင်းဟောခဲ့တာ၊ ဘုန်းကြိး တစ်ခု တွေးမိတာကတော့ အဲဒါဟာ အဓိက ဖြစ်လောက်တယ်၊ လူ့ပြည်က လူတွေတန်ရုံ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဟောခဲ့တယ်၊ ရှင်သာရိပုတ္တရာက အမျိုးကောင်းသား တပည့် ရဟန်း ၅၀၀-ကို ထပ်ဆင့် သင်ပေးတယ်၊ အဲဒီ ရဟန်းတွေဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ လက်ထက် တော်တုန်းက လင်းနို့တွေ ဖြစ်ခဲ့တယ်။

                            

လင်းနို့ကနေ လူ့ဘဝရောက်လာတယ်ပေါ့၊ လင်းနို့သား ၅၀၀- ဘဝတုန်းက အဘိဓမ္မာဆောင် ရဟန်းတွေက သူတို့နေတဲ့ လိုဏ်ဂူထဲမှာ ရွတ်ဖတ် သရဇ္ဈာယ် ကြတယ်၊ ဒီအခါ လင်းနို့တွေက အဘိဓမ္မာ တရားသံကို နားထောင်ရင်း သူတို့ နားထဲမှာ ကျက်မိနေကြတယ်၊

                            

ဒီလို မြတ်စွာဘုရားရှင်ဟာ ၃-လတိတိ ရက်ပေါင်း ၉၀-နေ့စဉ် လူ့ပြည်ကို ကြွပြီးတော့ ရှင်သာရိပုတ္တရာကို အဘိဓမ္မာတရား အကျဉ်းချုပ်ပြီး ဟောခဲ့တာ၊ ရှင်သာရိပုတ္တရာ ဆိုတာက အင်မတန်မှ ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့် အတွက်ကြောင့် မြတ်စွာဘုရားက အရိပ်အမြွက် အကျဉ်းချုပ်ကို ဟောပြလိုက်တာနဲ့ အကုန်လုံး ရသွားတယ်။

                            

အခု ဒီကနေ့ လူ့ပြည်မှာ ရောက်နေတဲ့ အဘိဓမ္မတရားသည် တာဝတိံသာနတ်ပြည်မှာ ဟောတဲ့ အလွန် ကျယ်ဝန်းလှတဲ့ အဘိဓမ္မာတရား မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို နေ့စဉ် နေ့စဉ် သင်ပေးခဲ့ပြီး ရှင်သာရိပုတ္တရာက သူ့ဉာဏ်နဲ့ ဘုရားဟောတဲ့ အဘိဓမ္မာကို အကျဉ်းချုပ်ပြီး လင်းနို့ တစ်ဖြစ်လဲ ရဟန်းတော်တွေကို သင်ပေးခဲ့တဲ့ အဘိဓမ္မာလို့ နားလည်ရပါတယ်။

                            

အဋ္ဌကထာမှာ ဘယ်လို မှတ်တမ်း တင်ထားတုန်းဆို တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရားက အဘိဓမ္မာ ၇-ကျမ်းဟောလို့ နိဂုံးချုပ်တဲ့ နေ့မှာပဲ လူ့ပြည်က ရဟန်း ၅၀၀-လည်းပဲ အဘိဓမ္မာ ၇-ကျမ်း ဆောင် ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်တဲ့၊ တစ်ပြိုင်နက် ပြီးတယ်၊ လူ့ပြည်က ရှင်သာရိပုတ္တရာရဲ့ အဘိဓမ္မာသင်တန်း၊ နတ်ပြည်က မြတ်စွာဘုရားရဲ့ အဘိဓမ္မာ ဒေသနာတော်ဟာ တစ်ပြိုင်နက် ပြီးဆုံး သွားတယ်လို့ ဆိုပါတယ်။

                            

ဒါကြောင့် “ အဘိဓမ္မေ ဝါစနာမဂ္ဂေါ နာမ သာရိပုတ္တထေရပ္ပဘဝေါ - ဒီကနေ့ခေတ် လူ့ပြည်ရောက်နေတဲ့ အဘိဓမ္မာ မြတ်ဒေသနာသည် ရှင်သာရိပုတ္တရာက စ,တာပါ” လို့ မှတ်တမ်းတင်ထားတယ်၊ ရှင်သာရိပုတ္တရာ မထေရ်မြတ် စီစဉ်ပို့ချတဲ့ အဘိဓမ္မာ ဒေသနာ သင်ရိုးသည် ဒီကနေ့ ထေရဝါဒ မြန်မာနိုင်ငံမှာ အဘိဓမ္မာ ၇-ကျမ်းအဖြစ် သတ်မှတ်ပြီး စာအုပ် ရိုက်နှိပ်ထားတာနော်၊ ဓမ္မသင်္ဂဏီက တစ်အုပ်ရှိတယ်၊ ဝိဘင်းက တစ်အုပ်ရှိတယ်၊ စာမျက်နှာ ၄၀၀-ပတ်ဝန်းကျင် ရှိတယ်၊ ဓာတုကထာနဲ့ ပုဂ္ဂလပညတ် နှစ်အုပ်တွဲ စာမျက်နှာ ၂၀၀-ဝန်းကျင် ရှိတယ်၊ ကထာဝတ္ထုကျမ်းက စာမျက်နှာ ၅၀၀-ဝန်းကျင်ရှိတယ်၊ ယမိုက်ကျမ်းကျတော့ ၃-တွဲ၊ ပဋ္ဌာန်းကျမ်းက ၅-တွဲ ရှိတယ်တဲ့၊ ဒါတောင် ပဋ္ဌာန်းမှာ အကျဉ်းချုံးပြီးတော့ ရိုက်ထားတာပါ။

                            

ဒီတော့ ဒီကနေ့ သင်္ဂါယနာ ၆-တန် မှတ်တမ်း တင်ထားတဲ့ အတိုင်း အဘိဓမ္မာကိုပဲ ရွတ်ဖတ်မယ်ဆိုရင် ပဋ္ဌာန်း တစ်ကျမ်းတည်းတောင်မှ အနည်းဆုံး ၄-ရက်လောက် အသံမစဲ ရွတ်မှ ကုန်တယ်၊ ဒီလောက်များပြားတယ်၊ တာဝတိံသာနတ်ပြည်မှာ ဘုရားဟောတဲ့ အဘိဓမ္မာတရားဆိုရင် ဒီထက် ကျယ်ဝန်း များပြားတော့မှာပေါ့၊ ဒီကနေ့ လူ့ပြည်မှာ သင်္ဂါယနာတင်ထားတာက ရှင်သာရိပုတ္တရာ ပို့ချပေးတဲ့ သင်ရိုးအတိုင်း တင်ထားတာမို့ မကျဉ်းမကျယ် ရှိတာပါ။ ဒါကို “အဘိဓမ္မာ မြတ်ဒေသနာ” လို့ ခေါ်ပါတယ်။

.

 

အဘိဓမ္မာသင်ယူရခြင်း

အကျိုးကျေးဇူး

 ▬▬▬▬▬▬

                           

အဲဒီ အဘိဓမ္မာ မြတ်ဒေသနာကို သင်ယူခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ၊ အဘိဓမ္မာကို သင်ယူခြင်းဟာ အဘိဓမ္မာက သဘာဝတရားတွေကို အသေးစိတ် ခွဲခြား လေ့လာတာ ဖြစ်တာကြောင့် အသိဉာဏ်ကို ဖြစ်ပွားစေတယ်၊ ဉာဏ်ရည် ဉာဏ်သွေးတွေ ထက်မြက်လာစေတယ်၊ အဲဒီ ထက်မြက်တဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေကို အမှီပြုပြီး နောက်ဆုံးကျတော့ ပဋိသမ္ဘိဒါဉာဏ် လို့ ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ analytical knowledge ကို ရနိုင်တယ်လို့ ဒီလို ဆိုပါတယ်၊ ဒါ အဘိဓမ္မာ သင်ယူခြင်းရဲ့ အကျိုးကျေးဇူးကို ပြောတာနော်။

                            

အဘိဓမ္မာကို လေ့လာတဲ့ ပုဂ္ဂိုလ်တွေဟာ အသေးစိတ် ကြည့်တတ် မြင်တတ်တယ်၊ ဘာကိုပဲ ကြည့်ကြည့်၊ analyze လုပ်တတ်တယ်လို့ ဆိုလိုတာ၊ ပဋိသမ္ဘိဒါဉာဏ်ဆိုတာ အရာရာကို ခွဲခြမ်းစိတ်ဖြာပြီးတော့ မြင်တယ်၊ ခွဲခြမ်းစိတ်ဖြာပြီးတော့ မြင်တဲ့အခါ ဘာအကျိုး ထူးတုန်းလို့ ဆိုလို့ ရှိရင်  ‘ဃန’ ဆိုတဲ့ အထင်နဲ့ အမှတ်မှားပြီးတော့ နေတဲ့ တွေဝေမှုကို ဖယ်ရှားပစ်နိုင်တယ်။

.

 

 

ဃန ၄-မျိုး

▬▬▬▬

 

ဃန ဆိုတာ ၄-မျိုး ရှိတယ်၊ ဃနဆိုတာ ပေါင်းစပ်ထားသည့် အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေကြတဲ့အရာ၊ သိပ်သည်းပြီးတော့ တစ်လုံးတစ်ခဲတည်း ဖြစ်နေသည့်အတွက်ကြောင့် တစ်ခုတည်း လို့ ထင်နေတဲ့အရာကို ‘ဃန’ လို့ ခေါ်တယ်။

 

နံပါတ် (၁) က ‘ကိစ္စဃန’၊ အရာဝတ္ထုတွေဟာ ပေါင်းစုပြီးတော့ သူတို့လုပ်တဲ့ အလုပ် တစ်မျိုးတည်းကို လုပ်နေသည့်အတွက်ကြောင့် လူတွေက တစ်ခုလို့ သတ်မှတ် နေကြတယ်၊ တစ်ခုလို့ ထင်နေကြတယ်၊ တကယ်တော့ တစ်ခုမကဘူးလို့ ဆိုလိုတယ်၊ ဥပမာ ဆိုပါစို့၊ ‘စိတ်’ လို့ ပြောလိုက်ရင် တစ်ခုတည်းလို့ ထင်နေကြတယ်၊ မဟုတ်ဘူးတဲ့၊ အဘိဓမ္မာက ခွဲခြမ်း စိတ်ဖြာလိုက်တဲ့ အခါကျတော့ စိတ်လို့ ပြောတဲ့ အရာမှာ အနည်းဆုံး ၈-ခု စုပေါင်းပါနေတယ်၊ ခွဲခြမ်းစိတ်ဖြာပြီး ကြည့်လိုက်ရင် ၈-ခု ပေါင်းထားတာ တွေ့ရမယ်။

         

ရုပ်လို့ ပြောလိုက်ရင်လည်း ၈-ခုပေါင်းထားတာ၊ မြူမှုန် ကလေးကို ကြည့်လိုက် ထိုမြူမှုန်ကလေးဟာ ၈-ခု ပေါင်းထားတယ်၊ ဟောဒီလို ခွဲခြမ်းစိတ်ဖြာမှုလေးတွေကို တွေ့လာတယ်၊ အဲဒီလို မဟုတ်လို့ ရှိရင် သူက တစ်ခုတည်းလို့ချည်းပဲ မြင်နေတယ်ပေါ့၊ အဘိဓမ္မာ သင်လိုက်သောအားဖြင့် ဒီ ‘ကိစ္စဃန’ ဆိုတဲ့ ဆောင်ရွက်မှုတွေ တူညီ နေသည့် အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေတဲ့အထင်ကို ဖြိုဖျက်ပစ် နိုင်ပါတယ် လို့ ပြောတာ။

 

နောက် နံပါတ်(၂) က ‘သမူဟဃန’၊  ပေါင်းထားလို့ ရှိရင်လည်း တစ်ခုတည်းလို့ ထင်တယ်၊ ဥပမာ - အဆောက်အအုံကြီးမှာ ဆိုလို့ရှိရင် ဘာတွေ ပေါင်းထားတာတုံး၊ သဲတွေတို့ အုတ်တွေတို့ ကျောက် တွေတို့ အိမ်ဆောက်ပစ္စည်းတွေ အကုန်ပေါင်းထားတဲ့ အခါကျတော့ ဟော အိမ်ဆိုရင် တစ်ခုတည်း ဒီလိုထင်တယ်၊ မဟုတ်ပါဘူး၊ အများကြီး ပေါင်းစပ်ထားတာနော်၊ အဲဒီလို ပေါင်းစပ်ထားတာကို မမြင်ဘဲနဲ့ တစ်ခုတည်းလို့ မြင်နေတယ်၊ ဒါ ‘သမူဟဃန’ လို့ခေါ်တယ်၊ ဒါ ဥပမာ တင်စားပြီးတော့ ပြောတာ နော်။

 

နောက် နံပါတ် (၃) က ‘သန္တတိဃန’၊  ဖြစ်စဉ်ကြီးတစ်ခု ဆိုလို့ရှိရင်လည်းပဲ ဒီဖြစ်စဉ်ကြီးက ဥပမာ- ပူနေတဲ့ ဖြစ်စဉ်ကြီးဆိုလည်း တစ်ခါတည်း တိုက်ရိုက်ကြီး ပူနေတယ်လို့ ဒီလိုထင်တယ်၊ မဟုတ်ဘူး၊ ပူတာကလည်းပဲ အပိုင်းလိုက် အပိုင်းလိုက်၊ အပြတ် အပြတ်၊ သူ့ moment နဲ့သူ၊ သူ့အချိန်ပိုင်းလေး နဲ့သူ ပူနေတာ၊ ပူလိုက် ပျောက်လိုက်၊ ပူလိုက် ပျောက်လိုက် ဖြစ်နေတာကို မမြင်နိုင်ဘူး၊ ဘာဖြစ်လို့ တုန်းဆို ဒီပူတဲ့ ဖြစ်စဉ်ကြီး တစ်ခုက မရပ်ဘူး၊ ပုရွက်ဆိတ်တွေ တန်းပြီး သွားနေလို့ရှိရင် အရောင် အတူတူပဲဆို တစ်ခုတည်းလို့ ထင်တယ်၊ ဟော ကြိုးတန်းကြီးလိုဟာမျိုး ထင်ရတက်တယ်၊ အဲဒီလို ဖြစ်စဉ်ကြီးတစ်ခုကို တစ်ခုတည်းလို့ ထင်နေတာ၊ ဒါ ‘သန္တတိဃန’ လို့ ခေါ်တယ်။

 

နောက်ဆုံး နံပါတ် (၄) က ‘အာရမ္မဏဃန’ ၊ သဘာဝတရားတွေဟာ အာရုံ တစ်ခုတည်းပေါ်မှာ စူးစိုက်ပြီးတော့ နေကြတယ်၊ ဆိုပါစို့၊ မျက်လုံးကနေပြီး အဆင်း အာရုံကို မြင်လို့ရှိရင် အဆင်းအာရုံကို အားလုံး စူးစိုက်ပြီး နေသည့်အတွက်ကြောင့် သူတို့ အာရုံဟာ တစ်ခုတည်း ဖြစ်နေတယ်၊ တစ်ခုတည်း ဖြစ်နေတဲ့ အတွက်ကြောင့် တစ်စိတ်လို့ ဒီလိုထင်နေကြတယ်တဲ့၊ တကယ်တော့ မဟုတ်ဘူး၊ စုပေါင်းပြီးတော့ အလုပ် လုပ်နေကြတာ၊ အဲဒါကို ‘အာရမ္မဏဃန’ လို့ ခေါ်တယ်။

 

ဒီ ဃနတွေ ရှိနေလို့ ရှိရင် ဘာဖြစ်တုန်းဆိုရင် ဃနကို မခွါနိုင်လို့ ရှိရင် ထာဝရ မြဲတယ်ဆိုတဲ့ အတွေးတွေ ဝင်လာတတ်တယ်၊ အတ္တဆိုတဲ့ အတွေးတွေ၊ ထာဝရ မြဲတယ်ဆိုတဲ့ အရာ ရှိတယ်ဆိုတဲ့ အတွေးတွေ ဝင်လာတယ်၊ ကြည့်လေ၊ လူတွေမှာ သူရယ် ငါရယ် ဆိုပြီးတော့ ဒီ ရုပ်နဲ့နာမ်ကို ခွဲခြမ်းပြီး မသိနိုင်သည့် အတွက်ကြောင့် နာမည် မှည့်ထားသည့်အတိုင်း ဒါက ဘယ်သူ၊ ဒါက ဘယ်ဝါနဲ့ ဆိုပြီးတော့ အသေး စိတ် မမြင်နိုင်ကြတော့ဘူး၊ အသေးစိတ် မမြင်နိုင်တော့ဘူး၊ လူတစ်ဦးလို့ပဲ မြင်လိုက်တော့တာပဲ၊ ငါလို့ပဲ မြင်လိုက်တယ်၊ သူလို့ပဲ မြင်လိုက်တယ်၊ အဲဒီလို သဘာဝတရားတွေကို ခွဲခြမ်းစိတ်ဖြာပြီး မမြင်နိုင်ဘူး။

 

ဃနသညာ တစ်ခုတည်း ဆိုတဲ့ အထင်အမြင် ဝင်လာပြီ ဆိုလို့ရှိရင် အတ္တဆိုတဲ့ အယူအဆ အမှားကြီးကို ဖယ်ရှားပစ်လို့ မရဘူးတဲ့၊ အနတ္တ မြင်ဖို့ရာအတွက် ဃန ကို ဖယ်ရှားပစ်ရမယ်၊ အဘိဓမ္မာကို သင်ယူခြင်းအားဖြင့် ဟောဒီ ဃန ဆိုတဲ့ အတွေးမှားတွေကို ဖယ်ရှားပစ်နိုင်ပါတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ အဘိဓမ္မာဆိုတာ အသေးစိပ် ခွဲခြမ်းစိတ်ဖြာပြီးတော့ ဟောတဲ့ ဒေသနာ ဖြစ်သည့် အတွက်ကြောင့် ဖြစ်တယ်။

 

ဒါကြောင့် အဋ္ဌကထာ ဆရာက ရှင်းထားတာ ပဘေဒတော ဒေသနာ ခွဲခြမ်း စိတ်ဖြာပြီးတော့ ဟောထားတဲ့ ဒီ အဘိဓမ္မာ မြတ်ဒေသနာဟာ ဃနဝိနိဗ္ဘောဂ လုံးခဲနေတဲ့ အရာကြီး တစ်ခုကို ဖြိုခွဲပြီးတော့ ပစ်နိုင်ပါတယ် တဲ့၊ တစ်ခုစီ တစ်ခုစီ ထိုးဖောက်ပြီးတော့ ခွဲခြမ်းစိတ်ဖြာတဲ့ အသိဉာဏ်တစ်ခုကို ရရှိစေနိုင်တယ်၊ ဟောဒါ အဘိဓမ္မာသင်ခြင်းရဲ့ အကျိုးတစ်ခုပဲနော်၊

.

 

အနတ္တဆိုတဲ့ အမြင်

▬▬▬▬▬▬▬

 

အဘိဓမ္မာကို သင်ခြင်းအားဖြင့် အတ္တမရှိဘူး၊ အနတ္တဆိုတဲ့ အမြင်ဟာ ရှင်းလင်း ပြတ်သားစွာ မြင်လာမှာ ဖြစ်ပါတယ်၊ အနတ္တဆိုတဲ့အမြင် မမြင်သေးသမျှ ကာလ ပတ်လုံး အတ္တဆိုတဲ့ အယူအဆ မပျောက်သေးသမျှ ကာလပတ်လုံး သံသယတွေလည်း မပျောက်ဘူး၊ သံသယနဲ့ ဒီအယူမှား ရှိနေသေးသမျှ ကာလပတ်လုံး အပါယ်တံခါးဟာ ပွင့်လျက်ပဲ ရှိနေမယ်။

 

အပါယ်တံခါးဆိုတာ ‘ဒိဋ္ဌိ’ နဲ့ ‘ဝိစိကိစ္ဆာ’ ဆိုတဲ့ တရားနှစ်ခုကို ဖယ်ရှားပစ်နိုင်မှ ပိတ်တာနော်၊ ဒီ နှစ်ခုကို မိမိတို့ သန္တာန်ကနေ မဖယ်ရှားနိုင်သမျှ ကာလပတ်လုံး အပါယ်သွားဖို့ အကုသိုလ်တွေက အဆင်သင့် ဖြစ်နေသေးတယ်၊ အပါယ်ကို ပို့နိုင်တဲ့ အကုသိုလ်တွေ မိမိသန္တာန်မှာ ဖြစ်နိုင်တယ်။

 

ဒိဋ္ဌိ-ဝိစိကိစ္ဆာ ဆိုတာ အမြင်မှားတာနဲ့ သံသယဖြစ်တာ၊ ဒီ နှစ်ခုကို ဖယ်ရှား ပစ်လိုက်လို့ရှိရင် ဖြစ်လာတဲ့ လောဘဟာ အပါယ်ပို့လောက်အောင် မပြင်းထန် တော့ဘူး၊ ဖြစ်လာတဲ့ ဒေါသဟာလည်း အပါယ် ပို့လောက်အောင် energy  မရှ ိတော့ဘူး၊ ဒီလို ဆိုလိုတာနော်၊ သောတာပန် ဖြစ်သွားလို့ လောဘတော့ မကုန်သေးဘူး၊ သို့သော် ဖြစ်လာတဲ့ လောဘက အပါယ်ချလောက်အောင် မပြင်းထန်တော့ဘူးလို့ ပြောတာ level တွေ, degree တွေ လျော့ကျသွားပြီလို့ ပြောတာ။

 

သောတာပန်ရဲ့ လောဘသည် ပုထုဇဉ်ရဲ့လောဘနဲ့ မတူဘူး၊ သောတာပန်ရဲ့ လောဘသည် အပါယ် ပို့နိုင်လောက်အောင် energy မရှိတော့ဘူး၊ ပုထုဇဉ်ရဲ့ လောဘက အပါယ်ထိအောင် ပို့နိုင်သေးတဲ့ စွမ်းအားတွေ ရှိနေသေးတယ်၊ ဘာဖြစ်လို့တုန်း ဆိုရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဆိုတဲ့ အမြင်မှားမှုနဲ့ သံသယ ရှိနေလို့ပဲ ဖြစ်တယ်။

 

သဘာဝတွေကို ကောင်းကောင်း မြင်သွားပြီ၊ သံသယတွေ ကင်းသွားပြီ၊ သံသယ ကင်းသွားလို့ သဘာဝမြင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တဲ့ လောဘ, ဒေါသဆိုတဲ့ အကုသိုလ် တရားတွေဟာ အပါယ်ကို ပို့လောက်တဲ့ စွမ်းအားတွေ မရှိကြတော့ဘူး၊ ဒါကြောင့် အပါယ်တံခါး ပိတ်တယ်လို့ ပြောတာ၊ ဒီလို မဟုတ်ဘဲနဲ့ လောဘက ကြီးမြဲကြီး၊ ဒေါသက ကြီးမြဲကြီး၊ မောဟက ကြီးမြဲကြီး နေမယ်ဆိုလို့ ရှိရင် အပါယ်တံခါကတော့ ပွင့်လျက်ပဲ ရှိဦးမှာပဲ၊ အချိန်မရွေး အကြောင်းတိုက်ဆိုင် လာလို့ရှိရင် အပါယ်ကို ကျသွားနိုင်သေးတာပဲနော်။

.

 

နိဂုံးစကား

▬▬▬▬

 

ဒါကြောင့် ‘အဘိဓမ္မာ မြတ်ဒေသနာ’ ကို သင်ယူကြရမယ်၊ သင်ယူ ကြားနာရတယ် ဆိုတာ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိစေနိုင်လို့ ဖြစ်တယ်၊ မိမိရဲ့ သန္တာန်မှာ အစိုင်အခဲ အနေနဲ့ မြင်နေတဲ့ အယူအဆ အမှားတွေကို ဖယ်ရှားပစ်ပြီးတော့ အတ္တ ဆိုတဲ့ အတွေးတွေ၊ လွဲမှားနေတဲ့ အမြင်တွေကိုလည်း ဖယ်ရှားပစ်နိုင်တယ်၊ အတ္တဆိုတာ ခန္ဓာကိုယ်ထဲမှာ မရှိဘူး၊ ခန္ဓာကိုယ် အပြင်မှာလည်း မရှိဘူး၊ ဘယ်မှာမှ မရှိဘူး၊ အနတ္တလို့ ဆိုတာကို အတ္တ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ သံသယ ကင်းပြီးတော့ မှန်ကန်တဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါတယ်။

 

ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် အဘိဓမ္မာ မြတ်ဒေသနာကို သင်ယူ နာကြားခြင်းဖြင့် အမြင်မှန်ကို ရရှိခြင်း၊ သံသယတွေ ကင်းပျောက်ခြင်းဖြင့် နိဗ္ဗာန်တံခါးဝသို့ ကိုယ်စီကိုယ်ငှ ရောက်ရှိနိုင်ကြပါစေကုန်သတည်း။

 

“သာဓု - သာဓု - သာဓု”


Related Posts