ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁)
▬▬▬▬▬▬▬▬▬▬
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲ
လပြည့်ကျော် ၁၁-ရက်၊ (၂၀-၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ မင်္ဂလာဈေး
ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ်
မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍
ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။
“ပဋ္ဌာန်းမြတ်ဒေသနာ”
တရားခေါင်းစဉ်နဲ့ ဘုန်းကြီးတို့ ဒီဓမ္မာရုံကြီးမှာ ၅-ရက် တိတိ ဟောကြားမှာ ဖြစ်ပါတယ်၊
ဒီကနေ့ အပိုင်း-၁, နောက်ရက်များမှာ အပိုင်း-၂, အပိုင်း-၃ စသည်ဖြင့် ပဋ္ဌာန်း၂၄-ပစ္စည်း
တစ်ခုစီ တစ်ခုစီ ရှင်းပြမယ်။ ဘဝနဲ့ ဘယ်လိုဆက်စပ်ယူရမယ်ဆိုတာကို သိရှိနားလည်အောင်
applied လုပ်တဲ့ နည်းနဲ့ ဟောကြားမှာဖြစ်ပါတယ်။
မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကြီးဟာ အင်မတန်ကျယ်ဝန်းလှတဲ့ ပဋ္ဌာန်း တရားတော်ကြီးကို ဆင်ခြင် သုံးသပ်တော်မူတယ်၊
ထိုအခါ ခန္ဓာကိုယ်တော်က ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးထွက်ပေါ်လာတယ်၊ ဒါကို ဗုဒ္ဓသာသာဝင်
သူတော်စင်အားလုံးတို့ ကြားဖူးနားဝ ရှိပြီးသားဖြစ်တယ်။
ဘာဖြစ်လို့
ခန္ဓာကိုယ်က ရောင်ခြည်တော်တွေ ထွက်ပေါ်လာရသလဲဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးက
အင်မတန်အစွမ်းထက်တယ်၊ သိချင်တာမှန်သမျှကို သိနိုင်စွမ်း ရှိတယ်၊ ပဋ္ဌာန်းကျမ်းကြီးကလည်း
ထိုဉာဏ်တော်ကြီး ကျက်စားလို့ ရအောင် အကန့်အသတ်မရှိ ကျယ်ဝန်းတယ်၊
မြတ်စွာဘုရားရဲ့ဉာဏ်တော်
ကြီးသလောက် ပဋ္ဌာန်းကျမ်းကြီးက ကျယ်ဝန်းသည့် အတွက် မြတ်စွာဘုရားရဲ့ ဉာဏ်တော်ဟာ ပဋ္ဌာန်းကျမ်းကြီးမှာ
အလွန်မွေ့လျော် နှစ်ချိုက်ပြီး ပီတိစိတ်တွေ တဖွားဖွား ဖြစ်ပေါ်စေတယ်၊ ထိုပီတိနဲ့ ယှဉ်သော
စိတ်တွေဟာ ရှင်တော်ဘုရားရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတော် သားတော်တွေကို ဖြူစင်ဝင်းလက်စေတယ်၊
ခန္ဓာကိုယ်က ရောင်ခြည်တွေ တဖိတ်ဖိတ်တောက်ပြီး ထွက်ပေါ်လာတယ်။
ဆိုလိုတာကတော့
“စိတ္တဇအဆင်းရောင်” Mind-born color ပေါ့နော်၊ စိတ်ကြောင့် ဖြစ်ပေါ်လာတာ၊ သာမန်ပုဂ္ဂိုလ်တွေမှာလည်း
ရှိတတ်တယ်လေ၊ ပီတိဖြစ်နေတဲ့အချိန် အသားအရောင်နဲ့ ဒေါသဖြစ်နေတဲ့အချိန် အသားအရောင် မတူဘူး၊
အရောင် တလက်လက် မထွက်သော်လည်းဘဲ ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့ အသားအရောင်ဟာ အရုပ်ဆိုးပြီး
ပီတိဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့ အသားအရောင်ဟာ ဝင်းလက်နေတယ်။
မြတ်စွာဘုရားရဲ့
စိတ်တော်ကျတော့ အလွန်သန့်ရှင်း စင်ကြယ်သည့်အတွက် ခန္ဓာကိုယ်မှာရှိတဲ့ စိတ္တဇရုပ်တွေဟာ
အလွန်တောက်ပြောင်လာတယ်၊ စိတ္တဇရုပ်တွေ ရဲ့အစွမ်းကြောင့် ကမ္မဇရုပ် ဥတုဇရုပ်တွေဟာလည်း
တောက်ပြောင်လာတယ်၊ ခန္ဓာ ကိုယ်မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ အညစ်အကြေးကင်းတယ်၊ အရောင်တလက်လက်
ဝင်းပြောင်လာတယ်၊ ဒါကြောင့်မို့ ခန္ဓာကိုယ်တော်က အသားတော်အသွေးတော်က စပြီး သက်ဆိုင်ရာ
ပင်ကိုယ်ရှိတဲ့အရောင်တွေက တဖိတ်ဖိတ်တောက်လို့ ရောင်ခြည် တော် ၆-သွယ်ဆိုတာ ဖြစ်လာတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ
ရောင်ခြည်တော် ၆-သွယ်ဆိုတာ “နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရ” တဲ့၊ မြတ်စွာဘုရားရဲ့
ခန္ဓာကိုယ်မှာရှိတဲ့ အညိုရောင် အဆင်း ဆံပင်တို့ မျက်လုံးတို့ မျက်ခုံးမွှေးတို့ စသည်ဖြင့်
အဲဒီမှာရှိတဲ့ အနက်ရောင် အညိုရောင်တွေက တဖိတ်ဖိတ် တောက်လာပြီး ညိုသော ရောင်ခြည် တော်တွေ
ဖြစ်လာတယ်။
နောက်
မြတ်စွာဘုရားရဲ့ အသားအရေက ရွှေရောင်လို ဝါဝင်းနေတဲ့ အဆင်း ရှိတယ်၊ ရွှေရောင်တဖိတ်ဖိတ်
တောက်လာတဲ့အတွက် ဝါသော ရောင်ခြည်တော်၊ သွားတော် တို့က ဖြူသောရောင်ခြည်တော်တွေ ထွက်လာတယ်၊
သွေးတော်၊ နှုတ်ခမ်းတော်၊ လက်ဖဝါး ခြေဖဝါးတော်တို့က နီသောရောင်ခြည်တော်တွေ ထွက်ပေါ်လာတယ်။
“နီလ၊
ပီတ၊ လောဟိတ၊ သြဒါတ”ဆိုတဲ့ ဒီအရောင်တွေမှာ တစ်ခုနဲ့ တစ်ခု အနီနဲ့အဖြူ ရောစပ်လိုက်တဲ့အခါ
ပန်းရောင်ဖြစ်လာတယ်၊ အဲဒါကိုပဲ “မဉ္ဇိဋ္ဌ”လို့ ခေါ်တယ်၊ မောင်းသောရောင်ခြည်တော် လို့
မြန်မာပြန်တဲ့ ရောင်ခြည်တော်တစ်မျိုး ထွက်လာတယ်၊ အဲဒီ ရောင်ခြည်တော် ၅-မျိုး ရောယှက်
ထွက်လာတဲ့အခါ “ပဘဿရ” လို့ ပြိုးပြိုးပြက်ပြက် ထွက်လာတယ်။
ဒီပဋ္ဌာန်းတရားတော်ကြီးကို
ဆင်ခြင်လိုက်တဲ့အခါမှ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ဟာ အင်မတန်မှ စွမ်းရည်တွေ ထက်မြက်တောက်ပလာတယ်၊
ပဋ္ဌာန်းတရားတော်ကြီး ကလည်း အင်မတန်မှ ကျယ်ဝန်းတယ်၊ “အနန္တနယ” လို့ ဆိုတဲ့အတိုင်းပဲ
မဆုံးနိုင် လောက်အောင် ကျယ်ဝန်းတဲ့ နည်းလမ်းတွေနဲ့ ဉာဏ်ကျက်စားချင် သလောက် ကျက်စားလို့ရတယ်၊
“ယာဝတကံ
ဉေယျံ၊ တာဝတကံ ဉာဏံ” “သိစရာတွေ အတိုင်းအတာရှိသလောက် သိတဲ့ဉာဏ်တော်ကြီးကလည်း လိုက်ပြီး
သိနေတယ်” တဲ့၊ “ယာဝတကံ ဉေယျံ၊ တာဝတကံ ဉာဏံ” လို့ ဆိုတယ်။
ဘုန်းကြီးတို့
တတွေမှာတော့ သိစရာတွေက များပြီး သိတဲ့ ဉာဏ်အားက နည်းနေတယ်၊ မြတ်စွာဘုရားကျတော့ သိစရာတွေများသလောက်
ဉာဏ်တော်ကြီးက အကုန်လိုက်ပြီး သိနိုင်တယ်တဲ့၊ လောကမှာ သိစရာများတာတော့ မှန်တယ်၊ သို့သော်
သိနိုင်တဲ့ဉာဏ်စွမ်းအားနဲ့ သိဖို့ဆိုတာကတော့ လူတိုင်းမရနိုင်ဘူး၊
မြတ်စွာ
ဘုရားကိုယ်တော်မြတ်ကြီးကတော့ -
ယာဝတကံ
ဉေယျံ - သိစရာတွေ များသလောက်၊
တာဝတကံ
ဉာဏံ - ဉာဏ်တော်ကြီးက လိုက်ပြီးတော့ သိတယ်တဲ့။
ပဋ္ဌာန်းတရားတော်ကြီးကို
ဆင်ခြင်လိုက်တဲ့အခါကျတော့ ဉာဏ်တော်ကြီးနဲ့ သိစရာ အာရုံတွေဟာ အံဝင်ဂွင်ကျဖြစ်လို့ အဋ္ဌကထာဆရာကြီးတွေက
ဥပမာပြထားတယ်၊ အင်မတန်ကြီးမားတဲ့ ဝေလငါးကြီးတွေဟာ မြစ်ချောင်းအင်းအိုင်တွေထဲမှာဆိုရင်
မလူးသာမလွန့်သာ ကုန်းပေါ်တင်ကုန်မှာပေါ့၊ ပင်လယ်နက်ကြီးထဲ ရောက်ရင် တော့ဖြင့် ဝေလငါးကြီးတွေဟာ
ဂျွမ်းထိုးပြီး ကူးချင်တိုင်းကူး၊ ပင်လယ်ကြီးက အလွန်ကျယ်သည့်အတွက်ကြောင့် လူးလွန့်ပြီးတော့
ကျက်စားနိုင်တယ်တဲ့။
အဲဒါမျိုးလိုပဲ
မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးဟာ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင် သုံးသပ် လိုက်တဲ့အခါမှာ
ပဋ္ဌာန်းကျမ်းကြီးကလည်း ကျယ်, ဉာဏ်တော်ကြီးကလည်း ကြီး၊ အံဝင်ဂွင်ကျဖြစ်ပြီး ပီတိတွေ
ဖြစ်လာတယ်၊ ဖြစ်လာတဲ့ ပီတိစိတ် စွမ်းအားက ထုတ်လုပ်လိုက်တဲ့ရုပ်ဟာ အလွန်သန့်ရှင်းစင်ကြယ်ပြီး
ခန္ဓာကိုယ်က တဖိတ်ဖိတ်နဲ့ ရောင်ခြည်တော်တွေ ထွက်လာတယ်လို့ ဒီလိုဆိုတယ်။
အဘိဓမ္မာ
၇-ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့ “ရတနဃရသတ္တာဟ” အချိန် ရတနာစံ ကျောင်းတော်မှာနေထိုင်ရင်း
အဘိဓမ္မာတရားကို ဆင်ခြင်သုံးသပ်တော် မူတယ်၊ ၇-ဝါမြောက်တဲ့အခါ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူတယ်၊
အဘိဓမ္မာ တရားတွေထဲမှာ အကျယ်ဝန်းဆုံး အနက်နဲဆုံး အခက်ခဲဆုံး ပဋ္ဌာန်း ကျမ်းကြီးကို
နောက်ဆုံးမှဟောတယ်၊ “အနန္တနယ သမန္တပဋ္ဌာန” နည်းတွေကလည်း ဆုံးစမ ရှိအောင် နည်းမျိုးစုံတဲ့
ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ နည်းမျိုးစုံနဲ့ ခွဲခြမ်းစိတ်ဖြာပြီး
ဟောတယ်၊ မဆုံးနိုင်အောင် ကျယ်ဝန်းများပြား လှပါတယ်။
တာဝတိံသာနတ်ပြည်
တက်ပြီးဟောတဲ့ ပဋ္ဌာန်းကျမ်းကြီးဟာ ဒီကနေ့ လူ့ပြည်မှာ မှတ်တမ်းတင်ထားတဲ့ ပဋ္ဌာန်းကျမ်းထက်
များစွာကျယ်ဝန်းတယ်လို့ ဆိုပါတယ်၊ လူ့ပြည်မှာရှိတဲ့ ပဋ္ဌာန်းကျမ်းက ရှင်သာရိပုတ္တရာမထေရ်မြတ်
စီစဉ်ထားတဲ့ အကျဉ်း မျှသာဖြစ်တဲ့ ပဋ္ဌာန်းကျမ်းပဲ ဖြစ်တယ်၊ ဒါကြောင့် “အဘိဓမ္မေ ဝါစနာမဂ္ဂေါ
နာမ သာရိပုတ္တထေရုပ္ပဘဝေါ” “လူ့ပြည်မှာ အဘိဓမ္မာကျမ်းတွေဟာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့
စီရင်ပို့ချချက်ဖြစ်တယ်၊ ရှင်သာရိပုတ္တရာက စတင်လာတယ်” ဒီလိုဆိုတာ၊ တာဝတိံသာမှာ ဟောတဲ့တရားက
ဒီ့ထက်မက ကျယ်ဝန်းများပြား လှပါတယ်၊ ဒီလိုမှတ်ယူကြရမယ်။
ပဋ္ဌာန်းကျမ်းကြီးရဲ့
ကျယ်ဝန်းနက်နဲပုံကို သင်ယူသူတိုင်း အကဲခပ်မိကြပါတယ်၊ ပဋ္ဌာန်းကျမ်းကြီးကို ရှေးတုန်းကတည်းက
သာသနာတော်မှာ နေထိုင် ကြတဲ့ ပရိယတ် ပဋိပတ် ကျင့်ကြံကြိုးကုတ် အားထုတ်နေကြတဲ့ ဆရာတော်
သံဃာ တော်တွေ လေ့လာကြ၊ သင်ယူကြတယ်၊ ပဋ္ဌာန်းကျမ်းကြီးရဲ့ ကျယ်ဝန်း နက်နဲမှု ခက်ခဲမှုတွေကို
သင်ယူတဲ့ပုဂ္ဂိုလ်တိုင်း သိကြတယ်။
သီဟိုဠ်ကျွန်းမှာ
မဟာတိဿဒတ္တမထေရ်ဆိုတာ ရှိတယ်၊ “ဂတိဂမိယတိဿဒတ္တ” လို့လည်း ခေါ်တယ်၊ အဲဒီမဟာတိဿဒတ္တမထေရ်ဟာ
သီဟိုဠ်ကျွန်း ကနေ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကူးပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိပင်ကို
ရှိခိုးပူဇော်ဖို့ သွားခဲ့တယ်၊ ထိုခေတ်က လှေသင်္ဘောစီးပြီး သွားခဲ့စဉ် ပင်လယ်ကြီးကို
မြင်တော့ သူစဉ်းစားဆင်ခြင်မိတယ်၊
“ေဩာ်
ဒီပင်လယ်ကြီးဟာ မျက်စိတစ်ဆုံး အင်မတန်မှ ကျယ်ပြောလှပါလား၊ လှိုင်းလုံးကြီးတွေကလည်းပဲ
ကြောက်ခမန်းလိလိ”၊ အင်မတန် ကြီးမားတဲ့ လှိုင်းလုံး ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ မျက်စိတစ်ဆုံး
မဆုံးနိုင်အောင်ရှိတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ရင်း ဘာသွား စဉ်းစားမိတုန်းဆိုရင် မြတ်စွာဘုရား
ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းကျမ်းကြီးနဲ့ နှိုင်းယှဉ်မိလျက်သား ဖြစ်သွားတယ်။
“ဪ -
ပင်လယ်ပြင်ကြီးက ကျယ်လည်းကျယ်၊ နက်လည်း နက်တယ်၊ သို့သော် ပင်လယ်ဆိုတာ ကျယ်ပေမယ့် ဟိုဘက်ကမ်း
ဒီဘက်ကမ်းဆိုတာ ရှိသေးတယ်၊ အနက်ဆိုတာကလည်း အတိုင်းအတာတစ်ခုအရ ပြောလို့ရသေးတယ်။ ပင်လယ်
ကြမ်းပြင်ဆိုတာ ရှိသေးတယ်၊ မြတ်စွာဘုရား ဟောထားတဲ့ ပဋ္ဌာန်းကျမ်းကြီး ကျတော့ ဒီလိုအကန့်အသတ်ကို
မရှိနိုင်လောက်အောင် ကျယ်လည်း ကျယ်၊ နက်လည်း နက်ပါပေတယ်” လို့ ဉာဏ်နဲ့ကြည့်လိုက်တယ်။
ပင်လယ်ကြီးမှာ
လှိုင်းလုံးကြီးတွေရှိသလို ပဋ္ဌာန်းကျမ်းကြီးမှာလည်းပဲ အင်မတန် များပြားလှတဲ့ နည်းနိဿယတွေ
ရှိတယ်၊ ပဋ္ဌာန်းတရားတော်ကြီးကို ပင်လယ်ကြီးနဲ့ နှိုင်းယှဉ် ကြည့်ရင်း “ဪ - အင်မတန်
ကျယ်ဝန်းလှတဲ့ ပဋ္ဌာန်းတရားကြီးပါလား” လို့ ပဋ္ဌာန်းတရားတော်ကြီးနဲ့ မြတ်စွာဘုရားရဲ့
ဉာဏ်တော်ကြီးကို မှန်းဆ ကြည်ညိုတယ်၊ ပီတိတွေ တသိမ့်သိမ့်ဖြစ်ပေါ်လာတယ်။ ထိုပီတိကို
ဝိပဿနာ တင်ပြီး ကြည့်ရှုဆင်ခြင် လိုက်တဲ့အခါ (သို့မဟုတ်) ထိုပီတိကိုခွာပြီး ဝိပဿနာ
ကျင့်နေကျ အတိုင်း ဆင်ခြင် သုံးသပ်လိုက်တဲ့အခါ ရဟန္တာဖြစ်သွားတယ်လို့ ဒီလိုဆိုတယ်။
ဒီတော့
ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းနက်နဲမှုကို ဆင်ခြင်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ ပီတိဖြစ်မိကြမှာပါ၊
“ဪ - ဒီလောက် အံ့ဩဖွယ်ကောင်းလှတဲ့ နည်းစနစ်တွေနဲ့ မြတ်စွာဘုရား ဟောထားတာ၊ မြတ်စွာဘုရားရဲ့
ဉာဏ်တော်ကြီးဟာ အလွန်အံ့မခန်း ပါလား” လို့ ဒေသနာတော်ကိုကြည့်ရင်း မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကို
မှန်းဆ ကြည်ညိုနိုင်ကြပါတယ်။
.
ပဋ္ဌာန အဓိပ္ပါယ်
▬▬▬▬▬
ဒီနေရာမှာ
“ပဋ္ဌာန” ကို ဘာသာမပြန်ဘဲ ပဋ္ဌာန ဆိုတဲ့ စကားလုံးအတိုင်းပဲ “ပဋ္ဌာန်း” လို့ ခေါ်နေကြတယ်၊
အဲဒီတော့ ပဋ္ဌာနရဲ့ အဓိပ္ပါယ်ကဘာလဲ၊ Literal meaning ကို သိဖို့ လိုတာပေါ့၊ “ပဋ္ဌာန”
မှာ “ပ”ရဲ့အဓိပ္ပါယ်က အမျိုးမျိုး လို့ဆိုလိုတာ၊ “ဌာန” က အကြောင်းတရား၊ အမျိုးမျိုးသော
အကြောင်းတရားကို “ပဋ္ဌာန” လို့ ခေါ်တယ်။ အဲဒီ အကြောင်းအမျိုးမျိုးကို ရှင်းလင်းပြတဲ့
ဒေသနာ တော်ကြီးကိုလည်း ပဋ္ဌာန - (ပဋ္ဌာန်း) လို့ ခေါ်တယ်၊ ဒါက အဓိပ္ပါယ်တစ်မျိုးနဲ့
ဖွင့်ဆိုချက်ဖြစ်တယ်။
နောက်တစ်မျိုးက
“ပဋ္ဌာန” ဆိုတာ ဝိဘဇန’”ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်း” ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ မြတ်စွာဘုရားက
အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာပြီး ဟောကြား လေ့ရှိတယ်၊ သာမန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်ဆိုရင်
တစ်ခုလို့ပဲ မြင်ကြတယ်၊
ဘာဖြစ်လို့လဲ
ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိလို့၊ ကြည့်လေ - သာမန် ပုဂ္ဂိုလ်တွေက ရေလို့ပဲ သိတယ်၊
သိပ္ပံပညာရှင်ကျတော့ H2O လို့ ပြောကြတယ်၊ ဟော ရေထဲမှာဖွဲ့စည်း ထားတဲ့ အရာနှစ်ခုကိုတွေ့တာ၊
ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ပေါင်းစပ်ထားတာ၊ ရေဆိုတာ H2Oလို့ ပြောကြတယ်၊
ဒါ စမ်းသပ်ကြည့်လို့သိတာ၊
မြတ်စွာဘုရားက
ရေဆိုတာကို ရုပ် ၈-ခုနဲ့ ခွဲပြထားတယ်၊ Unity of Eight material quality ရုပ်ရှစ်ခုတို့၏အပေါင်းကို
ရေလို့ခေါ်တယ်၊ သူတို့က H2O ဆိုတော့ Hydrogen ၂-ခုနဲ့ Oxygen ၁-ခု -
Atom ၃-ခု ပေါင်းထားတာ ရေ၊ သိပ္ပံ ပညာရှင်တွေက Atom သုံးခုကိုပဲ ရေလို့ပြောတယ်၊
မြတ်စွာဘုရားကတော့
အဋ္ဌကလာပ်ရုပ် ၈-ခုအပေါင်းကို (Unity of Eight material quality) ရေလို့ ပြောတာ၊ ပဋ္ဌာန်းအပါအဝင်
ဒီအဘိဓမ္မာ ဒေသနာတော်တွေဟာ ဒီလို သဘာဝ တရားတွေကို ခွဲခြမ်းစိတ်ဖြာပြလေ့ရှိတယ်၊ အရာခပ်သိမ်းကို
ခွဲခြမ်းစိတ်ဖြာ ဟောတာ။
ပဋ္ဌာနကျမ်းမှာ
အကြောင်းတရားတွေနဲ့ အကျိုးတရားတွေဟာ ဘယ်လို ဆက်သွယ် ပြီးတော့ အကြောင်းတရားတွေက အကျိုးတရားတွေကို
ဘယ်လိုပံ့ပိုးထားတယ်၊ ဘယ်လိုဖြစ်စေတယ်၊ ဘယ်လို တည်တံ့အောင် ထောက်ပံ့ ကူညီနေတယ်ဆိုတဲ့
သဘာဝတွေကို ရှင်းပြတယ်၊
တကယ်တော့
မြတ်စွာဘုရားက သတ္တလောကကြီးနဲ့ ဩကာသလောကကြီး အကြောင်းကို ရှင်းပြတာ၊ သတ္တဝါအားလုံးဟာ
ပဋ္ဌာန်း ၂၄-ပစ္စည်းထဲက အကြောင်း တရားတွေ အကျိုးတရားတွေနဲ့ နေ့စဉ်နေထိုင်နေကြတာ၊ ကိုယ်က
သတိမထား မိဘူးပေါ့၊ အားလုံးရဲ့ daily life ဟာ ၂၄-နာရီမှာ ၂၄-ပစ္စည်းနဲ့ နေကြတာလို့
ပြောလို့ရတယ်၊ ၂၄-ပစ္စည်းရဲ့ အထောက်အပံ့ကင်းပြီး အသက်ရှင် နေတာ မရှိဘူး။
၂၄-ပစ္စည်းဆိုတာ
မတူတာလေးတွေကို ပြောတာ၊ သို့သော် ဒီ ၂၄-မျိုးကသာ အထောက်အပံ့ ပေးနိုင်တာ မဟုတ်ဘူးတဲ့၊
တစ်မျိုးတစ်မျိုးမှာဆိုရင် အကြောင်း ပေါင်းများစွာ ပါဝင်တယ်၊ နည်းမျိုးစုံအောင် ..
အကြောင်းနဲ့အကျိုး ဆက်သွယ်မှု သဘာဝတရားတွေကို ရှင်းပြတာကို ပဋ္ဌာနလို့ခေါ်တယ်။
.
၂၄-ပစ္စည်း
▬▬▬▬
အဲဒီ
ပဋ္ဌာနကို ရှင်းပြတဲ့အခါ မြတ်စွာဘုရားက ခေါင်းစဉ် ၂၄-ခု ပေးထားတယ်၊ အားလုံးသိတဲ့အတိုင်း
“ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိ ပစ္စယော” စတဲ့ ခေါင်းစီး၂၄-မျိုး ဖြစ်တယ်၊ အဲဒီမှာ
ပစ္စယော ဆိုတာ ဖြစ်ပေါ်လာအောင် အကျိုးပြုတယ်, (သို့မဟုတ်) ဖြစ်ပေါ်လာတဲ့အရာကို ရပ်တည်နေအောင်
အကျိုးပြုတယ် ဆိုတဲ့ အကြောင်းတရားကို ဆိုလိုတယ်၊ ဖြစ်စေမှု တည်စေမှုကို ကျေးဇူးပြုတယ်လို့
ခေါ်တာပဲ၊
“ကျွန်တော့်ကို
ကျေးဇူးပြုပြီး ဘာလေး လုပ်ပေးစမ်းပါ” ဆိုတာ တစ်ခုခုလုပ်ပေး တာပဲ၊ တစ်ခုခုလုပ်ပေးတာကို
ကျေးဇူးပြုတယ်လို့ ခေါ်တယ်၊ “ပစ္စယော ဥပကာရကော” လို့ ဖွင့်ဆိုတယ်၊ အဲဒီတော့ ကျေးဇူးပြုတယ်ဆိုတာ
မရှိသေးတာကို ရှိအောင်လုပ်ပေးတယ်၊ ဒါက တစ်ခု၊ ရှိပြီးသားတွေကို maintain လုပ်ပေးတယ်၊
တည်တံ့နေအောင် လုပ်ပေးတယ်၊ ဒါက တစ်ခု၊ ဟောဒီနှစ်ခုကို ဆိုလိုတယ်၊ ပစ္စယရဲ့ အဓိပ္ပါယ်က
ဖြစ်စေခြင်းနဲ့ တည်တံ့ စေခြင်း။
ကျေးဇူးပြုပုံကို
“ဟေတု' အစရှိတဲ့ ရှေ့စကားလုံးက ဖော်ပြတာ၊ ဟေတုပစ္စယောမှာ ဟေတု ရဲ့အဓိပ္ပါယ်က (ဒိပြင်နေရာမှာ
ဟေတု ဆိုတာ အကြောင်း တရားလို့ပဲ မှတ်ရတယ်၊) ဒီနေရာမှာ သာမန်အကြောင်းတရား မဟုတ်ဘူး၊
ခိုင်မြဲ စေတတ်တဲ့ အကြောင်းတရားတဲ့၊ ဖြစ်ပေါ်စေပြီး ဆက်လက်ရှင်သန်နေအောင် ထောက်ပံ့ပေးတဲ့
အကြောင်းတရားကို ဟေတု လို့ခေါ်တာ။
အာရမ္မဏဆိုတာ
စိတ်ရဲ့ပျော်မွေ့ရာ၊ စိတ်ရဲ့ဖြစ်ပေါ်ရာ အကြောင်းတရား၊ အာရုံ အကြောင်းတရားတွေလို့ ဆိုလိုတယ်၊
အဓိပတိဆိုတာ ဖြစ်ပေါ်လာတဲ့ သဘာဝ တရားကို လွှမ်းမိုးထားနိုင်တဲ့ အကြောင်းတရားလို့ပြောတာ။
အနန္တရ,
သမနန္တရ ဆိုတာ ရှေ့စိတ်နဲ့နောက်စိတ်, ရှေ့မှာဖြစ်တဲ့ နာမ်တရားနဲ့ နောက်မှာဖြစ်တဲ့ နာမ်တရားတွေရဲ့အကြားမှာ
ဘာမှ အခြားအကွယ် မရှိဘဲ ရှေ့တရားနဲ့ နောက်တရားကြားမှာ ဘာမှ အခြားအကွယ်မရှိဘဲနဲ့ ရှေ့တရားက
နောက်တရားကို ကျေးဇူးပြုတဲ့သဘောကို ပြောတာ။
အဲဒီလို
၂၄-ပစ္စည်းမှာ ဆိုင်ရာ ဆိုင်ရာ သဘာဝတရားတွေရဲ့ ကျေးဇူးပြုပုံ ကျေးဇူးပြုနည်း ၂၄-မျိုးကို
ခေါင်းစီးတွေ ချမှတ်ပြီးတော့ မြတ်စွာဘုရားက ဟောတယ်၊ ပြီးတဲ့အခါ အသေးစိတ် တစ်ခုပြီးတစ်ခု
ဟောတယ်။
.
၄-ပစ္စည်းနှင့် ချုံးခြင်း
▬▬▬▬▬▬▬
အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ
၂၄-ပစ္စည်းကို အကျဉ်းချုံးရင် “အာရမ္မဏ ပစ္စည်း၊ ကမ္မပစ္စည်း၊ ဥပနိဿယပစ္စည်း၊ အတ္ထိပစ္စည်း”
ဆိုတဲ့ ၄-ပစ္စည်းနဲ့ ချုံးတယ်၊ ၄-ပစ္စည်းမှာ ပစ္စည်းတွေအားလုံး အကျုံးဝင်တယ်၊ ၂၄-ပစ္စည်းကို
ချုံးပြောရင် ဒီ ၄-မျိုးနဲ့ ချုံးလို့ရတယ်လို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ပြထားတယ်။
.
၂-ပစ္စည်းနှင့် ချုံးခြင်း
▬▬▬▬▬▬▬
ဘုန်းကြီးတို့
ဒီ ၂၄-ပစ္စည်းကို ၄-ပစ္စည်းနဲ့ ချုံးပြောတဲ့နည်းထက် ထပ်ပြီးတော့ ချုံးလို့ ရမလားလို့
စဉ်းစားကြည့်လိုက်တဲ့အခါ ထပ်ချုံးလို့ ရသေးတယ်ဆိုတာ တွေ့ရတယ်၊ ထပ်ပြီးတော့ ချုံးမယ်ဆိုရင်
အတ္ထိ နဲ့ နတ္ထိ - ဒီနှစ်ခုထဲ အကုန်ဝင် သွားနိုင်တယ်။
အတ္ထိဆိုတာ
အကြောင်းတရားနဲ့ အကျိုးတရား ၂-ခုစလုံး ရှိနေခိုက်မှာ အထောက် အကူပြုတယ်၊ ကျေးဇူးပြုတယ်၊
အဲဒါ အတ္ထိအမျိုးအစားလို့ ခေါ်တယ်၊ အကြောင်း တရားကလည်း ရှိနေခိုက်ဖြစ်ရမယ်၊ အကျိုးတရားကလည်း
ရှိနေခိုက် ဖြစ်ရမယ်၊ အဲဒီရှိနေခိုက်မှာ ကျေးဇူးပြုတာ အတ္ထိပစ္စည်းပဲ။
နတ္ထိဆိုတာက
မရှိတော့တဲ့နောက်မှာ ကျေးဇူးပြုတာ၊ သူက ရှိနေခိုက်မှာ ကျေးဇူး မပြုဘူး၊ အကြောင်းတရား
လုံးဝချုပ်ငြိမ်းသွားတော့မှ အကျိုးတရားပေါ်လာတယ်၊ အဲဒါက နတ္ထိ။
အဲဒီတော့
အတ္ထိအုပ်စုနဲ့ နတ္ထိအုပ်စု နှစ်စုပဲ ရှိတယ်၊ ထပ်ချုံးလိုက်ရင် ဒီ အတ္ထိ နတ္ထိ ၂-မျိုးထဲ
အားလုံးဝင်တယ်။
အတ္ထိ,
နတ္ထိ စကားလုံး ၂-လုံးက အယူဝါဒရေးရာအနေနဲ့ ပတ်သက်လာလို့ ရှိရင် ဘာနဲ့ဆက်စပ်ပြီး ပြောသလဲဆိုရင်
အတ္ထိဆိုတာ အတ္တလို့ ပြောတဲ့ ထင်မြင် ယူဆချက်နဲ့ ပတ်သက်တယ်။
သက်ရှိသတ္တဝါတွေမှာ
Soul ဆိုတဲ့ အတ္တဆိုတဲ့အရာ ထာဝရရှိတယ်လို့ ယူဆရင် အတ္ထိ၊ ထာဝရမရှိဘူး, ဖြစ်ပြီးရင်
ပျက်သွားတာပဲ၊ ဘယ်တော့မှ ပေါ်မလာတော့ဘူး၊ ထာဝရ ပြတ်စွဲတယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက် ရင်
နတ္ထိတဲ့၊
အတ္ထိဆိုတာ
သဿတ ဝါဒကို ရည်ညွှန်းပြီး ပြောဆိုတာ ဖြစ်တယ်၊ နတ္ထိဆိုတာ ဥစ္ဆေဒဝါဒကို ရည်ညွှန်းပြီး
ပြောဆိုတာဖြစ်တယ်၊ ဒါက အယူအဆ ရေးရာနဲ့ ပတ်သက်တဲ့ အတ္ထိ, နတ္ထိ၊ ပဋ္ဌာန်းမှာလာတဲ့ အတ္ထိ,
နတ္ထိက ဒီအဓိပ္ပါယ် မဟုတ်ဘူး။
အတ္ထိ
ဆိုသည်မှာ အကြောင်းတရားရော အကျိုးတရားပါ နှစ်ခုလုံး ရှိနေ တဲ့အခိုက်မှာ အကြောင်းတရားက
အကျိုးတရားကို ကျေးဇူးပြုတယ်၊ နတ္ထိ ဆိုတာက မရှိတော့မှ ကျေးဇူးပြုတယ်၊ ဒီသဘာဝနှစ်ခု
ခွဲခြားမှတ်သား ထားရမယ်၊ ၂၄-ပစ္စည်းကို အကျဉ်းချုံးလိုက်ရင် ဟောဒီနှစ်မျိုးထဲမှာ အားလုံးဝင်သွားနိုင်တယ်။
.
ဟေတုပစ္စယ
▬▬▬▬▬
ကဲ ကောင်းပြီ၊
ဒီကနေ့ ဘုန်းကြီးတို့ ဟေတုပစ္စည်း အကြောင်းကိုပြောမယ်၊ အားလုံး တရားချစ်ခင် သူတော်စင်အပေါင်းတို့
ပဋ္ဌာန်းကို ရွတ်ဆိုနေကြတဲ့ပုဂ္ဂိုလ်တွေ တော်တော်များပါတယ်၊ ဘာရည်ရွယ်ချက်နဲ့ ရွတ်တယ်ဆိုတာ
ရွတ်တဲ့ပုဂ္ဂိုလ်မှပဲ သိမယ်၊ သို့သော် မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ ရွတ်ဖို့တော့ လိုအပ်တယ်ပေါ့။
ရွတ်တဲ့အခါ
အန္တရာယ်ကင်းဖို့ ရွတ်တာလား၊ စီးပွားတက်ဖို့ ရွတ်တာလား။ အန္တရာယ် ကင်းချင်တာလည်း လူ့
ဆန္ဒပဲ၊ စီးပွားတက်ချင်တာလည်း လူ့ဆန္ဒပဲ၊ လူ့ရဲ့ ဆန္ဒတွေက အမျိုးမျိုးပေါ့လေ၊ ပဋ္ဌာန်းကျမ်းကြီးကို
ပူဇော်ချင်လို့ ရွတ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်လည်း ရှိကောင်းရှိမယ်။
အထူးသဖြင့်
မြန်မာပြည်မှာ .. အဋ္ဌကထာဆရာကြီးတွေက ပြောခဲ့တဲ့ စကားကို မြန်မာလူမျိုးတွေ သိနေကြတယ်၊
တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မြတ်စွာ ဘုရား ဟောခဲ့တဲ့ တရားတော်တွေ ကွယ်ပျောက်သွားလိမ့်မယ်၊
ကွယ်တဲ့အခါ အဘိဓမ္မာက စကွယ်မယ်၊ အဘိဓမ္မာ ၇-ကျမ်းမှာလည်း ပဋ္ဌာန်းကျမ်းကြီးက စကွယ်မယ်တဲ့၊
မကွယ်အောင် ပဋ္ဌာန်းပွဲတွေလုပ်ပြီး အသံမစဲ ရွတ်နေကြတာလည်း ဖြစ်ကောင်း ဖြစ်မယ်၊ ရွတ်တဲ့ပုဂ္ဂိုလ်တွေ
စီမံတဲ့ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်လို့ ပြောရ မယ်ပေါ့၊ သို့သော် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့
ရွတ်ကြမယ် ပူဇော်ကြမယ်ဆိုရင် အင်မတန်မှ ကောင်းပါတယ်။
တချို့လည်း
ပြောကြတယ်၊ ကဿပဘုရားရှင်လက်ထက်တုန်းက လှိုဏ်ဂူထဲမှာ ရဟန်းတော်တွေ အဘိဓမ္မာ သရဇ္ဈာယ်နေကြတယ်၊
အဘိဓမ္မာတရားကို ပူဇော် နေကြတယ်၊ အဘိဓမ္မာတရားရဲ့ အတိမ်အနက် အလေးအနက် အဓိပ္ပါယ် မသိကြပေမယ့်
လင်းနို့သားငါးရာဟာ အဘိဓမ္မာတရားသံကိုကြားရင်း စိတ်ကြည်နူး ကြတယ်၊ အဲဒီကောင်းမှုကြောင့်
ဂေါတမဘုရားရှင်လက်ထက်တော်မှာ အမျိုး ကောင်းသားငါးရာ ဖြစ်ပြီး ရှင်သာရိပုတ္တရာထံက ပထမဆုံး
အဘိဓမ္မာ ၇-ကျမ်းကို သင်ယူခွင့်ရတဲ့ ရဟန်းငါးရာဖြစ်လာတယ်။
အဲဒီ
story ကို မြန်မာတွေ တော်တော်များများ သိထားကြတယ်၊ တချို့ကလည်း အဲဒီပဋ္ဌာန်းသံလေးကြားလို့ရှိရင်
လင်းနို့သားတွေ အားကျပြီး လင်းနို့ သားတွေလိုများ ဖြစ်လာမလားလို့ တွေးကြတယ်၊ အဲဒီလောက်လေးတင်
မလုပ်ပါနဲ့နော်၊ လင်းနို့ဆိုတာ တိရစ္ဆာန်ပဲ၊ ကိုယ်က တိရစ္ဆာန်အဆင့်မှ မဟုတ်ဘဲ၊ ဒီလို
ရွတ်ရုံ ဖတ်ရုံ မဟုတ်ဘဲ အဓိပ္ပါယ်နားလည်မယ်ဆိုရင် ပိုမကောင်းဘူးလား၊ ပိုကောင်းတာပေါ့၊
ဒါကြောင့်မို့ အဓိပ္ပါယ်နားလည်အောင် ကြိုးစားကြရမယ်။
အန္တရာယ်ကင်းတယ်ဆိုတာ
အခြားနည်းတွေနဲ့လည်း အန္တရာယ်ကင်းအောင် လုပ်လို့ ရတာပဲ၊ ပဋ္ဌာန်းကျမ်းကြီးကိုရွတ်ရင်
အန္တရာယ်ကင်းတာ မဖြစ်ဘူးလို့ ပြောတာ မဟုတ်ဘူး၊ ဒီပဋ္ဌာန်းကျမ်းကြီးကို ရွတ်လိုက်ရင်
ပဋ္ဌာန်းဒေသနာကြီးကို ဘုရား လက်ထက်တော်တုန်းက နာခဲ့ရတဲ့ သက်တမ်းရှည်တဲ့ နတ်တွေရှိတယ်၊
အဲဒီ
နတ်တွေက “ဘုရားလက်ထက်တော်က ငါတို့နာခဲ့ရတဲ့အသံတွေ ကြားနေ ရတယ်” ဆိုပြီး သူတို့က လာနာကြမှာပါ၊
အဲဒီလို တန်ခိုးကြီးတဲ့နတ်တွေက လာနာ လို့ရှိရင် အနှောင့်အယှက်ပေးချင်တဲ့ နတ်ဆိုးတွေ
ထွက်ပြေးသွားကြတာပေါ့၊ အဲဒီတော့ အန္တရာယ်ကင်းသွားတာပေါ့၊ ဒီလိုလည်း ရှိတာပေါ့။
ယခုခေတ်မှာ
လူကြီးတွေလာတယ်ဆိုရင် လူရှုပ်တွေ ပြေးရသလိုပေါ့ ရှင်းပြီးသား ဖြစ်သွားတယ်လေ၊ အဲဒါလိုပဲ
တန်ခိုးကြီးတဲ့နတ်တွေက လာလို့ရှိရင် အနှောင့် အယှက်ပေးချင်တဲ့ နတ်ဆိုးတွေ နတ်မိစ္ဆာတွေက
ဖယ်သွားကြတယ်၊ အဲဒီကျတော့ အန္တရာယ်ကင်းတာပေါ့။
သို့သော်
ကိုယ်က မကောင်းတဲ့အလုပ်လုပ်ပြီး ဟေတုပစ္စယောနဲ့ ကာကွယ် ရင်တော့လည်း သိပ်မဟုတ်လှဘူးပေါ့၊
မန္တာန်သဘောလို ယူဆပြီး ရွတ်ရင်တော့ သိပ်မကောင်းဘူးပေါ့၊ ရွတ်တယ်ဆိုတာ ရည်ရွယ်ချက်
မှန်မှန်ကန်ကန်နဲ့ရွတ်မှ ကုသိုလ်ရတယ်ပေါ့နော်။
တကယ်
စဉ်းစားဆင်ခြင်ပြီး ရွတ်မယ်ဆိုရင် ပဋ္ဌာန်းကျမ်းကြီးကို ရွတ်ရင်း ရွတ်ရင်းနဲ့ မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကို
ကြည်ညိုလာမယ်၊ လူ့ဘဝနေရတာ ဟာလည်းပဲ ဟောဒီလို အကြောင်းအကျိုးတွေနဲ့ပဲလို့ သဘောပေါက်လာနိုင်တယ်၊
မြန်မာစကားမှာ
ပြောလေ့ရှိကြတယ် မဟုတ်လား၊ “အကြောင်းညီညွတ်ရင်” ဖြစ်တယ်ဆိုတာ။ အကြောင်းညီညွတ်အောင်
လုပ်ဖို့ပဲလိုတယ်ပေါ့ အကြောင်းဆိုတာ ညီညွတ်မှဖြစ်တာ၊ အကြောင်းတရားတွေကို နားလည်လို့ရှိရင်
အကြောင်းကို ညီညွတ်အောင် ဖန်တီးယူလို့ရတယ်တဲ့။
ကြည့်လေ
- အကြောင်းညီညွတ်အောင် ဘယ်လိုလုပ်သလဲဆိုရင် မျိုးစေ့လေး တစ်စေ့ကို အပင်ပေါက်စေချင်လို့ရှိရင်
အကြောင်းညီညွတ်အောင် လုပ်ပေးလိုက်တယ်၊ မြေကြီးထဲ ချစိုက်တယ်၊ ရေလောင်းပေးတယ်၊ ဒါ အကြောင်းညီညွတ်
အောင် လုပ်ပေးတာပဲ၊ ကိုယ်က သစ်ပင်ကို မန်းမှုတ်ပြီး အပင်ပေါက်အောင် လုပ်ခိုင်းလို့မှ
မရတာ၊ ဘာလုပ်ပေးရမလဲ၊ မြေနဲ့ရေနဲ့ တွေ့ပေးတယ်၊ ပိုးကောင် မွှားကောင် လေးတွေ ဖယ်ရှားပေးတယ်၊
နေရောင်ရအောင် လုပ်ပေးတယ်၊ ဒီနည်းဖြင့် မျိုးစေ့ လေးက အပင်ပေါက်လာပြီး ရှင်သန်လာတာမဟုတ်လား၊
ဒါ အကြောင်းတရားတွေ ညီညွတ်အောင် လုပ်ပေးတဲ့သဘောပဲ။
အဲဒီလိုပဲ
ပဋ္ဌာန်းတရားတော်တွေရဲ့သဘာဝကို သိလို့ရှိရင် ကိုယ့်စိတ်ထဲ ဖြစ်ပေါ် လာတဲ့အခြေအနေအရပ်ရပ်ကို
ဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည် သဘော ပေါက် လာတယ်၊ ဖြစ်လာရင် ဒီအကြောင်းကြောင့် ဖြစ်တာကိုး၊
ဒီအကြောင်းကို ဖယ်လိုက်ရင် ဒီအကျိုးမရှိတော့ဘူး၊ ကိုယ်မလိုချင်တဲ့အကျိုးတွေ ထွက်နေရင်
မလိုချင်တဲ့အကြောင်း တရားတွေ ရှိနေတယ်၊ အဲဒီမလိုချင်တဲ့ အကြောင်းတရားတွေကို ဖယ်လိုက်တာနဲ့
တစ်ပြိုင်နက် မလိုချင်တဲ့အကျိုးတွေလည်း ပြုတ်သွားမှာပဲ။ အကယ်၍ လိုချင်တဲ့ အကျိုးတရားတွေ
မရဘူး၊ ဘာလိုနေတုန်း၊ ငါ့မှာ လိုချင်စရာ ကောင်းတဲ့အကျိုး တရားကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ
မရှိသေးဘူး အဲဒီအကြောင်းတရား တွေကို ထူထောင်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်လိုချင်တဲ့
အကျိုးတရားတွေ ရရှိလာမှာပဲလေ။
လောကကြီးမှာ
သေချာစဉ်းစားရင် အရာခပ်သိမ်းဟာ အကြောင်းနဲ့အကျိုး ချည်းပဲ၊ အကြောင်းအကျိုး ကင်းတဲ့အရာဆိုတာ
လောကမှာမရှိဘူး၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာလည်း အကြောင်းအကျိုးကို အဓိကထားဟောလို့
ပထမ ဦးဆုံး အခြေခံအားဖြင့် သစ္စာလေးပါးလို့ ဟောတယ်။
သစ္စာလေးပါးဆိုတာ
ကြည့်လေ - ဒုက္ခ၊ ဒုက္ခဆိုတာ တစ်လောကလုံးကို မြတ်စွာဘုရားက ဒုက္ခလို့ နာမည်တပ်လိုက်တယ်၊
ဘာဖြစ်လို့ ဒုက္ခလို့ နာမည်တပ် တာလဲဆိုရင် ဆင်းရဲလို့ ဒုက္ခလို့ နာမည်တပ်တာ မဟုတ်ဘူး၊
ဒီထဲမှာ ချမ်းသာတာ လည်း ပါတယ်နော်၊
ဘာလို့
ဒုက္ခလို့ နာမည်တပ်လိုက်သလဲဆိုရင် ဒု ဆိုတာ ကျေနပ်စရာ မကောင်းဘူး၊ ခ က ကိုယ်ထင်တဲ့အတိုင်း
ဘာမှမရှိဘူး၊ အဲဒီအဓိပ္ပါယ်ပဲ။ ဒု ကျေနပ်စရာ မကောင်း တဲ့အပြင်, ခ ဘာမှ မရှိဘူး၊ ကိုယ်ထင်တာ
တစ်ခုမှ မဟုတ်ဘူး၊
ဟုတ်တယ်လေ၊
လူတွေထင်နေတာနဲ့ တခြားစီပဲ၊ ကိုယ့် ကိုယ်ကို တွေး ပြီးတော့ “ငါ” လို့ ထင်နေတယ်၊ တကယ်တော့
“ငါ”ဆိုတာ ပြစရာ ဘာမှ မရှိဘူး၊ ပြစရာ မရှိသည့်အတွက်ကြောင့် ကျေနပ်စရာ မကောင်းဘူး၊ အဲဒီ
စကားလုံး ၂-ရပ် ပေါင်းစပ်ပြီးတော့ “ဒုက္ခ” လို့ဟောတာ။
.
ဒုက္ခဆိုတာ
▬▬▬▬
အကြောင်းကြောင့်ဖြစ်လာတဲ့
အကျိုးတွေအားလုံးကို ရည်ညွှန်းပြီး မြတ်စွာဘုရားက ဟောထားတာ၊ အဲဒီ ဒုက္ခရဲ့ အကြောင်းတရားကို
ဒုက္ခသမုဒယ လို့ အင်္ဂုတ္တရ တိတ္ထာယတနသုတ် မှာဟောတယ်၊ သစ္စာလေးပါးမှာ အဓိကအားဖြင့်
တဏှာကို ဟောတယ်၊ သို့သော် အင်္ဂုတ္တရ တိတ္ထာယတနသုတ်မှာ ဒုက္ခသမုဒယကို ဟောတဲ့ အခါ ပဋိစ္စသမုပ္ပါဒ်ကို
ထည့်ဟောတယ်၊ တဏှာဆိုတာ အဓိကပဓာန ခေါင်းစဉ် တပ်ဟောတာ၊ တဏှာကသာ ဒုက္ခသမုဒယ ဖြစ်တာ၊ အဝိဇ္ဇာက
ဒုက္ခသမုဒယ မဟုတ်ဘူးလို့ ပြောလို့မရဘူး၊ ဆင်းရဲတဲ့အကျိုး၊ လိုချင်စရာ မကောင်းတဲ့ အကျိုးတရားတွေ
ထုတ်လုပ်တာ မှန်သမျှဟာ ဒုက္ခသမုဒယတွေ ချည်းပဲ၊ ဒီလို နားလည်ရမယ်။
ဒီတော့
မြတ်စွာဘုရားရဲ့တရားတော်သည် သစ္စာလေးပါးမှာ ဒုက္ခသမုဒယ ကို ဟောကတည်းက အကြောင်းတရားနဲ့
အကျိုးတရားကို ဟောတယ်ဆိုတာ ထင်ရှားတယ်၊ ရှင်သာရိပုတ္တရာ မထေရ်မြတ် ဗုဒ္ဓသာဝက မဖြစ်ခင်က
သဉ္စယ ဆရာကြီးရဲ့ ပရိဗိုဇ်သာသနာမှာ ပထမဆုံးဝင်ပြီးတော့ လေ့လာတယ်၊ ပရိဗိုဇ်အဖြစ်နဲ့
နေတယ်၊ အနှစ်သာရမရှိဘူးဆိုတာသိလို့ အနှစ်သာရရှိတဲ့တရားကို ဆက်လက် ရှာဖွေတယ်။
နောက်ဆုံးမှာ
ပဉ္စဝဂ္ဂီငါးဦးထဲက အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိနဲ့ တွေ့တယ်၊ ဗုဒ္ဓရဲ့ဝါဒအကျဉ်းချုပ် ပြောပြပါဆိုတော့
ဒီအကြောင်းကြောင့် ဖြစ်လာတဲ့အကျိုးကို ပြောတာပဲ၊ “ယေ ဓမ္မာ
ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”
“ဒီအကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတွေရှိတယ်၊ အဲဒီအကြောင်းကြောင့်ဖြစ်တဲ့ အကျိုးကို
မြတ်စွာဘုရားက ဟောပါတယ်” လို့ ပြောတာ၊ ဒုက္ခနဲ့ သမုဒယကို မြတ်စွာဘုရားက ဟောတယ်လို့ပြောတာ၊
ဒီလိုဆိုတယ်။
ဒီလောက်လေးကြားလိုက်တာနဲ့
သူက ဉာဏ်ပွင့်သွားတယ်၊ ဘယ်လောက်ထိ ပွင့်သွားသလဲဆိုရင် မှားယွင်းနေတဲ့အယူအဆတွေ လုံးဝကင်းသွားတယ်၊
သံသယ လုံးဝကင်းသွားတယ်၊ အဲဒါကိုပဲ စာလိုပြောတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကွာသွားတယ်လို့
ပြောတာပေါ့၊ သောတာပန်ဖြစ်တယ်ဆိုတာ အဲဒါပဲ။
အဲဒီတော့
မြတ်စွာဘုရားရဲ့ဝါဒသည် အကြောင်းနဲ့အကျိုးကို ရှင်းပြတဲ့ဝါဒ၊ အဲဒီအကြောင်းအကျိုးကို
အကျယ်ချဲ့ပြီး ပြောလိုက်တဲ့အခါ ပဋိစ္စသမုပ္ပါဒ် တဲ့၊ ထပ်ပြီးတော့ အကျယ်ချဲ့လိုက်မယ်၊
ကြည့် - “ဒုက္ခသမုဒယ က အဝိဇ္ဇာ၊ ဒုက္ခက သင်္ခါရ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ ဒုက္ခနဲ့
သမုဒယပဲ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရက ဒုက္ခသမုဒယ၊ ဝိညာဏက ဒုက္ခ” အကြောင်းနဲ့ အကျိုးပဲ။
ပဋိစ္စသမုပ္ပါဒ်က
ဘာဆိုလိုတုန်းဆိုလို့ရှိရင် အကြောင်းနဲ့အကျိုးသည် တစ်ခု နဲ့တစ်ခု ဆက်စပ်နေတယ်။
Dependent origination တစ်ခုနဲ့တစ်ခု မှီတည် နေတယ်၊ ကင်းကွာလစ်လပ်နေတာ မဟုတ်ဘူး၊ ပဋိစ္စ
ဆိုတာ အကြောင်းတစ်ခုကို အမှီပြုပြီး၊ သမုပ္ပါဒ – ဖြစ်စေတယ်တဲ့၊ ဒီလို ဆိုလိုတာ၊ အကြောင်းသည်ပင်လျှင်
သူ့မှာ အကြောင်းတစ်ခုရှိရသေးတယ်၊ ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ အကြောင်းမဲ့ ဆိုတာ
မရှိဘူး၊ First cause မရှိဘူး၊ Causeless cause ဆိုတာ မရှိဘူးလို့ဆိုတာ။
တခြားဝါဒတွေမှာ
အရာရာကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောမယ် ဆိုရင် ထာဝရဘုရားကျတော့ ဘယ်သူဖန်ဆင်းသလဲဆိုတော့
ဖန်ဆင်းသူ မရှိ အဲဒါ causeless ပဲ၊ first cause ဆိုတာ ထာဝရဘုရားပဲ၊ ထာဝရဘုရားသည်
first cause ဆိုတော့ ထာဝရဘုရားရဲ့ရှေ့က cause ရှိသေးလားဆိုတော့ မရှိတော့ဘူး၊ ပြတ်သွားတယ်၊
ဗုဒ္ဓရဲ့တရားတော်မှာ
အဲဒီလို မရှိဘူး၊ First cause မရှိဘူး၊ Causeless cause မရှိဘူး၊ အကြောင်းနဲ့အကျိုးသည်
အပြန်အလှန် ဆက်သွယ်နေကြတယ်တဲ့၊ အကြောင်း ကလည်း အကျိုးဖြစ်သွားတာပဲ၊ အကျိုးကလည်း အကြောင်း
ဖြစ်သွားတာပဲ၊ ဆောင်ရွက်မှုကိုကြည့်ပြီး ပြောတာ။
လောကမှာ
လူတွေကို ကြည့်လိုက်ပေါ့၊ သာမန်အားဖြင့် ပြောမယ်ဆိုရင် အမေနဲ့ သားသမီးပဲ ပြောမယ်၊ အမေက
သူက အမြဲတမ်း အမေဘက်က နေတာ ဟုတ်ရဲ့လား၊ သူ့မှာလည်းအမေရှိတယ်လေ၊ သူ့အမေနဲ့ပြောမယ်ဆိုရင်
သူက သမီးပဲဖြစ်တာ၊ အမေ မဖြစ်ဘူး၊ သူ့ကို အမေလို့ခေါ်တာက သူ့ သားသမီးဘက် ကနေ ကြည့်တာ၊
သူ့ရဲ့အမေဘက်ကနေကြည့်ရင် သူက သမီးပဲ၊ သူ့သားသမီး ဘက်ကနေကြည့်မှ သူက အမေဖြစ်တာ။
ထို့အတူပဲ
အကြောင်းနဲ့အကျိုးဆိုတာ အဲဒီလို သွားနေတာ၊ အကြောင်း ဘက်ကနေ ကြည့်လိုက်တဲ့အခါ အကျိုးလို့ခေါ်တယ်၊
အကျိုးဘက်ကနေ ကြည့်လိုက်ရင် အကြောင်းလို့ ခေါ်ပြန်တယ်၊ ဒါကို Mutual relation လို့
ခေါ်တယ်၊ အပြန်အလှန် ဆက်သွယ်နေတဲ့သဘောတဲ့။
အဲဒီပဋိစ္စသမုပ္ပါဒ်ကို
တစ်ခါ အကျယ်ချဲ့ပြီးတော့ ဟောလိုက်တဲ့အခါမှာ ပဋ္ဌာန်း တရားဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ
အကြောင်းတရားရယ် အကျိုးတရားရယ် ဒီနှစ်ခုပဲ ဟောတယ်။ ပဋ္ဌာန်းတရားကျတော့ အဲဒီလို မဟုတ်တော့ဘူး၊
အကြောင်း တရားကိုလည်း ထုတ်ပြတယ်၊ အကျိုးတရားကိုလည်းထုတ်ပြတယ်၊ အဲဒီ အကြောင်း တရားကနေပြီးတော့
ဒီအကျိုးတရားကို ကျေးဇူးပြုတဲ့အခါမှာ ဘယ်လိုစွမ်းရည် သတ္တိတွေ အသုံးပြုနေတယ်ဆိုတာကိုလည်း
ထုတ်ပြတယ်၊ တစ်ခုပိုလာတယ်။
ပဋိစ္စသမုပ္ပါဒ်က
အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုတည်း ရှင်းပြတယ်၊ ပဋ္ဌာန်း ကျတော့ အကြောင်းတရားကိုလည်း
ရှင်းပြတယ်၊ ထိုအကြောင်းတရားက ထုတ်လုပ်လိုက်တဲ့ (သို့မဟုတ်) တည်စေတဲ့ အကျိုးတရားကိုလည်း
ထုတ်ပြတယ်၊ အဲဒီလို ဖြစ်စေ တည်စေတတ်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိတွေကိုလည်း ထုတ်ပြတယ်၊
သူ့မှာ ဘာစွမ်းရည်တွေရှိသလဲ၊ ဘာစွမ်းရည်နဲ့ သူဟာ ဒီလို လုပ်ပေးတာလဲ၊ သတ္တိဆိုတာ ရှိတာပဲ၊
အကြောင်းတရားမှာ ဆိုင်ရာသတ္တိတွေ မရှိဘဲနဲ့ ဆိုင်ရာအကျိုးတရားကို မထုတ်လုပ်နိုင်ဘူး။
သတ္တိဆိုတာ
စွမ်းနိုင်တဲ့ abilities, energy ကိုပြောတာ၊ energy စွမ်းအင် ပေါ့၊ အဲဒီစွမ်းအင်လေးတွေ
အသုံးပြုပြီးတဲ့အခါကျတော့မှ ခုနက အကျိုးတရား ဆိုတာကို ဖြစ်ပေါ်လာတာ၊ အရာခပ်သိမ်းမှာ
သူ့ဟာနဲ့သူ၊ အကြောင်းတရား မှာလည်း သူ့ရဲ့ energy တွေရှိတယ်၊ အဲဒီ energy တွေကြောင့်
အကျိုးတရား ပေါ်လာတာ၊ ဒါ ပြောတာနော်။
ပဋ္ဌာန်းကျတော့
မြတ်စွာဘုရားက ပြည့်ပြည့်စုံစုံဟောလိုက်တယ်၊ အကြောင်း တရားကိုလည်း ဟောတယ်၊ အကျိုးတရားကိုလည်း
ဟောတယ်၊ အကြောင်းတရား ရဲ့ သတ္တိကိုလည်း ဟောတယ် ဆိုတော့ သုံးမျိုးဟောထားတယ်၊ အဲဒါကြောင့်
စွမ်းရည် သတ္တိတွေရဲ့ နာမည်အနေနဲ့ ၂၄-ပစ္စည်းကို မြတ်စွာဘုရားက အသုံးပြုတယ်၊ အကြောင်းတရားရဲ့စွမ်းရည်သတ္တိတွေ
ထုတ်ဖေါ်ပြီး ဟောထားတော့ ပဋိစ္စသမုပ္ပါဒ် ထက် တစ်ချက်ပိုသွားတယ်၊ ပဋ္ဌာန်းတရားတော်ကြီးက
ပိုပြီးတော့ ပြည့်စုံသွားတယ်။
ပဋိစ္စသမုပ္ပါဒ်ကို
ဖွင့်ဆိုတဲ့ ရှင်မဟာဗုဒ္ဓဃောသက ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို ရောပြီးတော့ ဖွင့်ပြတယ်၊
ပဋိစ္စသမုပ္ပါဒ်ချည်းသက်သက်ဆိုရင် ပဋ္ဌာန်းမပါဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ပဋ္ဌာန်း တွဲပြလိုက်တဲ့အခါ
ပိုပြီးတော့ နက်နဲတယ်၊ “ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြဖို့ ကြိုးစားတဲ့အခါ အင်မတန်နက်တဲ့
ပင်လယ်ကြီးထဲမှာ မရပ်နိုင်သလိုပဲ ရှင်းပြဖို့ အင်မတန်မှကို ကြိုးစားရပါတယ်၊ အင်မတန်
ခက်ခဲပါတယ်” လို့ ရှင်မဟာဗုဒ္ဓဃောသက ဆိုတယ်။
သူ ပြောပုံပြောနည်းက
အဝိဇ္ဇာကနေပြီး သင်္ခါရကို ကျေးဇူးပြုတယ်ဆိုတဲ့ နေရာမှာ ဘာသတ္တိနဲ့ ကျေးဇူးပြုသလဲဆိုတာ
ပဋိစ္စသမုပ္ပါဒ်မှာ မပါဘူး၊ ပဋ္ဌာန်းက ယူပြီး ပြောလို့ရတယ်၊ အဝိဇ္ဇာသည် သင်္ခါရကို
ဖြစ်စေတယ်၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”၊ ဘယ်လိုစွမ်းရည်သတ္တိတွေ အဝိဇ္ဇာမှာ ရှိသလဲ၊ ဘာကြောင့်
သင်္ခါရကို သူက အထောက်အကူပြုနိုင်သလဲ၊ ကျေးဇူးပြုပုံ ကျေးဇူးပြုနည်းတွေကို ဝိသုဒ္ဓိမဂ်မှာ
သေချာစွာရှင်းပြပြီး ရေးထားတာရှိတယ်၊ ဒါတောင် အကျဉ်းအားဖြင့်ရှင်းတာ။
ကောင်းပြီ
- တရားဓမ္မတွေ တစ်ခုနဲ့တစ်ခု ဒီလိုပဲ .. ဆက်သွယ်နေတာ ဖြစ်သောကြောင့် ဆက်သွယ်မှုတွေ
ကြည့်ကြရအောင်၊ ပဋ္ဌာန်းတရားတော် ကြီးကို ရွတ်ဖတ်ပူဇော်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲ ရွတ်ဖတ်ပူဇော်ရင်း
အာရုံပြုနိုင်အောင် ပါဠိကို နည်းနည်းပဲ ရွတ်ပြမယ်။
“ဟေတုပစ္စယောတိ၊ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော”။
မြတ်စွာဘုရားက
ပထမဆုံး ဟေတုပစ္စည်းကို ဟောတယ်၊ အဲဒီမှာ စာပိုဒ်တွေကို အရင်ခွဲကြည့်လိုက်၊
ဟေတူ
ဆိုတာ စကားလုံးတစ်ခု၊
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - အဲဒါက ပုဒ်စုတစ်စု၊
ဟေတုပစ္စယေန ဆိုတာ ပုဒ်တစ်ခု၊
ပစ္စယော က
နောက်ဆုံးနိဂုံးစကား။
အဲဒီမှာ
စကားရပ်များကို ခွဲကြည့်လိုက်ရင် -
ဟေတူ
ဆိုတာ ပဋ္ဌမန္တပုဒ် norminative case၊ အဲဒါက အကြောင်းတရားကို ဖေါ်ပြတာ၊
ဟေတုသမ္ပယုတ္တကာနံ
ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ လို့ သမ္ပဒါန်ပုဒ် Dative case နဲ့ ပြတဲ့စကားက အကျိုးတရားကို
ဖေါ်ပြတာ၊
ဟေတုပစ္စယေန
က ပစ္စယသတ္တိကို ဖေါ်ပြတယ်၊
အပိုင်း
၃-ပိုင်း ရှိတယ်၊ ဒါ ပါဠိလိုရွတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် စဉ်းစားလို့ရအောင် ပြောတာ။
ကဲ ဟေတူပုဒ်မှာ
မြန်မာက ဟေတုကို အဓိပ္ပါယ်မပြန်တော့ဘူး၊ “ဟိတ်” လို့ပဲ သုံးလိုက်ကြတယ်၊ “ဟိတ်” ဆိုတော့
ဘာမှန်းမသိဘူးပေါ့၊ စာပေဝေါဟာရ တစ်ခု ဖြစ်သွားတယ်၊ “ဟေတု” ဆိုတဲ့စကားလုံးကိုနောက်က
“တု”အသံကို ဖြုတ်ထားပြီး “ဟေ” လို့ပဲ ခေါ်လိုက်ကြတယ်၊ နောက်တော့ “တ” နဲ့ သတ်ပြီးတော့
“ဟိတ်” ဆိုတဲ့အသံပီအောင် ရေးတယ်။
ဒါဖြင့်
ဟေတုဆိုတာ ဘာလဲ၊ အဘိဓမ္မာမှာ ဟေတု ဆိုတဲ့စကားလုံးသုံးပြီး ဖေါ်ပြတဲ့ တရား ၆-မျိုးရှိပါတယ်တဲ့၊
အဲဒါကို ရှေးဦးစွာမှတ်ထားပါ၊ ၆-မျိုးက လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ၊ ဒီ ၆-ခု ဖြစ်တယ်။
ဒီစကားလုံးတွေကို
ကြည့်မယ်ဆိုရင် လောဘ၊ အလောဘ၊ ဒေါသ၊ အဒေါသ၊ မောဟ၊ အမောဟ၊ အပြန်အလှန် အသုံးပြုထားတာကို
တွေ့ရတယ်၊ ဒီနေရာမှာ “အ”ရဲ့ အဓိပ္ပါယ်က “မရှိဘူး” ဆိုတာတင် ဖေါ်ပြတာ မဟုတ်ဘူး၊ “ဆန့်ကျင်တယ်”
ဆိုတာကိုပါ ပြတာ၊ လောဘဆိုတာ လိုချင်တယ်၊ အလောဘဆိုတာ လောဘ မရှိရုံကို ပြောတာ မဟုတ်ဘူး၊
အဲဒီလိုချင်တဲ့သဘောကို ဖယ်ရှား ပစ်နိုင်တဲ့သဘော။
“လောဘမရှိဘူး”
ဆိုရင် အိပ်နေတဲ့အချိန်မှာ လောဘမရှိဘူးလေ၊ အဲဒါ အလောဘလို့ ပြောလို့ ရမလား? မရဘူး၊ ဒါကြောင့်
လောဘကို craving လို့ ပြန်ပြီး အလောဘကျတော့ non craving လို့ ပြန်မယ်ဆိုရင် နည်းနည်းပေါ့သွား
တယ်၊ non craving ဆိုတာ craving မရှိဘူး၊ ဒီအဓိပ္ပါယ် ရောက်သွားတယ်၊
မရှိရုံ
သက်သက်ကိုပြောတာ မဟုတ်ဘူး၊ anti-craving ဆိုရင် craving ကို ဖျက်ဆီး ပစ်တယ်၊ ဒီအထိ
စွမ်းရည်သတ္တိရှိတယ်၊ ဒါကြောင့်မို့ “အ” ကို ပဋိပက္ခ အနက်ဟော လို့ အဋ္ဌကထာဆရာတွေက ဖွင့်တာ။
မိတ္တဆိုတာ
မိတ်ဆွေ, အမိတ္တ ဆိုတာ မိတ်ဆွေမဟုတ်တာလို့ဆိုရင် - ကိုယ်နဲ့ မသိတဲ့လူတွေက အများကြီး၊
သို့သော် မိတ်ဆွေမဟုတ်ဘူးဆိုတာ ရန်သူကို ပြောတာ၊ မိတ်ဆွေမဟုတ်ရုံတင် မကဘူး၊ အဲဒီလိုပဲ
လောဘဆိုတာ လိုချင်တဲ့ သဘော၊ အလောဘဆိုတာ လိုချင်တဲ့သဘောရဲ့ ဆန့်ကျင်ဘက်သဘောလို့ - ဒီလို
ဆိုတယ်၊ မလိုချင်ရုံသက်သက်ကို ပြောတာမဟုတ်ဘူး၊ ဒီလိုနားလည်ရမယ်နော်။
ဒေါသဆိုတာလည်း
ထို့အတူပဲ၊ အင်္ဂလိပ်လိုပြန်တော့ Hatred လို့ ပြန်တယ်၊ သို့သော် မုန်းတီးခြင်းကိုသာ
ဒေါသလို့ ခေါ်တာ မဟုတ်ဘူး၊ Fear ကြောက်ခြင်း လည်း ဒေါသပဲ၊ အဒေါသကျတော့ အမုန်းမရှိရုံသက်သက်ကို,
အကြောက်မရှိရုံ သက်သက်ကို အဒေါသခေါ်တာ မဟုတ်ဘူး၊ အဲဒီကြောက်ရွံ့ခြင်း မုန်းတီးခြင်းကို
ပယ်ဖျက်နိုင်တဲ့ သဘာဝတရားကိုမှ အဒေါသတဲ့၊ ဒါကြောင့်မို့လို့ antihatred, antifear,
anti ဆိုတဲ့စကားလုံးနဲ့သုံးရင် ပိုပြီးတော့ အဓိပ္ပါယ်ထင်ရှားတယ်။
ထို့အတူပဲ
မောဟဆိုတာ delusion တွေဝေတယ်၊ ဘာမှမသိဘူး၊ (ဘာမှ မသိဘူးဆိုတာ အမှားသိနေတယ် ပြောတာနော်၊
မသိဘူးဆိုတာ မဟုတ်ဘူး၊ သိနေတယ်၊ သိပေမယ့် တလွဲသိနေတာ၊) မောဟရဲ့ အဓိပ္ပါယ်က အမှားကို
အမှန် ထင်နေတာတို့၊ အမှန်ကိုအမှားထင်နေတာတို့၊ အဲဒီလို တလွဲသိနေတာကို တွေဝေ တယ်လို့
ခေါ်တယ်၊ အမောဟကျတော့ အဲဒီတွေဝေမှုကို ပယ်ဖျက်နိုင်တဲ့ပညာတဲ့၊ ဒါကြောင့်မို့ မောဟ
delusion, အမောဟ antidelusion, (သာမန် non-delusion လို့ ပြန်လို့ရှိရင် တွေဝေမှုကင်းရုံလေးတင်ပဲ
အမောဟလို့ အဓိပ္ပါယ်ရောက်သွား နိုင်တယ်)။
ကဲ ဒီသဘာဝလေးတွေ
ရှေးဦးစွာနားလည်ပြီ၊ လောဘ အလောဘ၊ ဒေါသ အဒေါသ၊ မောဟ အမောဟ၊ အကောင်းနဲ့ အဆိုးလေးတွေ တွဲပြီးတော့
ပြထား တယ်၊ အဲဒီ ၆-ခုကို ဟိတ် ၆-ပါးလို့ စာပေမှာသုံးတာပေါ့၊ အဲဒီဟိတ် ၆-ပါးသည် ဟေတုပစ္စည်း
အကြောင်းတရားပဲ၊ သူက အကျိုးပြုလိမ့်မယ်။
ဘာတွေကို
အကျိုးပြုသလဲဆိုတာ ကြည့်ရအောင်၊ ဟေတု ၆-မျိုးကို စီစစ် ပြီးတော့ ကြည့်ရအောင်၊ လောဘသည်
သူတစ်ခုတည်း မဖြစ်ဘူး၊ သူက ဘာနဲ့ ဖြစ်သလဲ ဆိုရင် လောဘမူစိတ်နဲ့ တွဲပြီးဖြစ်တယ်၊ လောဘအခြေခံတဲ့စိတ်နဲ့
တွဲဖြစ်တယ်၊ လောဘဖြစ်ရင် အနည်းဆုံး စိတ်ကတစ်ခု၊ စေတသိက်က ၁၉-ခု၊ အမြဲတမ်း ဒီလောက်ရှိရတယ်၊
ဒါ စိတ်စေတသိက်ယှဉ်ပုံ၊ အဘိဓမ္မာသင်ထားလို့ရှိရင် သိတယ် နော်။
လောဘဖြစ်လိုက်ပြီဆိုတာနဲ့
တစ်ပြိုင်နက် လောဘဖြစ်ဖို့ရာ စိတ်တစ်ခု ဖြစ်ရတယ်၊ သူနဲ့ ဖြစ်ဖေါ်ဖြစ်ဖက်တွေက ၁၉-ခုလောက်
ရှိတယ်၊ ဆိုလိုတာက Universal mental properties က ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ
မနသိကာရဆိုတဲ့ ဒီသဘောတရားတွေ ပါလာတယ်၊
ပြီးတော့
ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ ပီတိ ဆန္ဒ – ဒီသဘာဝတရားတွေက သူနဲ့ အတူတူ ယှဉ်ပြီး ပါလာလိမ့်မယ်၊
ပြီးတော့ မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စဆိုတဲ့ သဘာဝတရားတွေ၊ လောဘ ဒိဋ္ဌိ (သို့မဟုတ်)
မာနတို့ ပါလာမယ်၊ အဘိဓမ္မာ သင်ထားရင် နားလည်တယ်နော်။
ဆိုလိုတာက
လောဘဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူနဲ့ ယှဉ်ဖေါ်ယှဉ်ဖက် တွေ ပါလာမယ်လို့ မှတ်ထားပါ၊
သူတစ်ခုတည်း မဖြစ်ဘူး၊ ရေလို့ ဆိုလိုက်တာနဲ့ H2O ဆိုတာ သိရသလိုပဲ၊ လောဘလို့ ပြောလိုက်တာနဲ့
တစ်ပြိုင်နက် လောဘနဲ့ ယှဉ်တဲ့စိတ်တွေ တွဲဖက်ပါလာတဲ့ စေတသိက်တွေ ပါလာမယ်ဆိုတာ မှတ်ထား
ရမယ်။
ခြုံငုံပြီးတော့
ပြောမယ်ဆိုရင် လောဘနဲ့အတူ ဖြစ်တဲ့စိတ်သည် လောဘမူ စိတ် ၈-ခု၊ စေတသိက်က ၂၂-ခု၊ (လောဘဖယ်လိုက်လို့ရှိရင်
၂၁-ခု၊) အဲဒါကို ဟေတုသမ္ပယုတ္တာနံ လို့ ဟောတာ၊ ဒီနေရာမှာ လောဘ ဆိုတဲ့ တစ်ခုတည်းကို
ရည်ရွယ်ပြောမယ်ဆိုရင် လောဘဆိုတဲ့ဟိတ်နဲ့ ယှဉ်တဲ့တရား လို့ ပြောတယ်၊ ဟိတ် ၆-ပါးလုံး
ရည်ရွယ်ပြီးတော့.. ပြောရင်တော့.. သဟိတ်စိတ် ၇၁-ခု ရှိတယ်၊ ဟေတုသမ္ပယုတ္တာနံ – ဟိတ်နဲ့ယှဉ်တဲ့စိတ်ပေါင်းက
၇၁-ခု ရှိတယ်၊ စေတသိက်က ၅၂-ခု၊ အပြန်အလှန် အားဖြင့်ယူတော့ ၅၂-ခု၊ အဲဒါကို ဟေတု-သမ္ပယုတ္တာနံ
လို့ ခေါ်တယ်၊ ဟိတ်နဲ့ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်လာတဲ့တရား။
လောဘဖြစ်ရင်
တစ်ခုတည်း မဖြစ်ဘူး၊ ဒေါသဖြစ်ရင်လည်း တစ်ခုတည်း မဖြစ်ဘူး၊ မောဟဖြစ်ရင်လည်း တစ်ခုတည်း
မဖြစ်ဘူး၊ အလောဘလည်း တစ်ခု တည်း မဖြစ်ဘူးတဲ့၊ အဒေါသတို့ အမောဟတို့လည်းဖြစ်ရင် တစ်ခုတည်း
မဖြစ်ဘူး တဲ့၊ ယှဉ်ဖေါ်ယှဉ်ဖက်တွေနဲ့ တွဲဖြစ်တယ်၊ ဘယ်တော့ဖြစ်ဖြစ် unity ပဲ၊ တစ်ခုတည်း
ဆိုရင် မဖြစ်ဘူး၊ ပေါင်းစပ်လိုက်မှ အလုပ်ဖြစ်တာ၊ ဘယ်အရာပဲဖြစ်ဖြစ်၊ အစု အဝေးချည်းပဲ။
ရုပ်ပိုင်းဆိုင်ရာ
ကြည့်လိုက်ရင် ရုပ် ၈-ခု အစုအဝေးပဲ၊ အနည်းဆုံးပြော တာ၊ နာမ်ပိုင်းဆိုင်ရာ ကြည့်ရင်လည်း
နာမ် ၈-ခုရဲ့ အစုအဝေးပဲ၊ အနည်းဆုံး စိတ်တစ်ခုနဲ့ စေတသိက် ၇-ခု၊ ပေါင်း ၈-ခု ရှိရမယ်၊
ဒါထက်ပိုတာလည်း ရှိတယ်၊ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟဆိုတဲ့ ဒီဟိတ် ၆-ပါးကို အကုန်လုံး
ခြုံငုံပြီးပြောလိုက်ရင် စိတ်က သဟိတ်စိတ် ၇၁-ခု၊ စေတသိက် ၅၂-ခု၊ အဲဒါသည် ဟိတ်နဲ့ယှဉ်တဲ့
သမ္ပယုတ္တဓမ္မများ ဖြစ်တယ်။
အဲဒီ
ဟိတ်နဲ့ယှဉ်တဲ့ စိတ် စေတသိက်တရားတွေကို ဟောဒီ ဟိတ်လို့ အမည်ရတဲ့ လောဘ ဒေါသ မောဟ အလောဘ
အဒေါသ အမောဟ၊ ဆိုင်ရာ ဆိုင်ရာ ဒီတရား တွေက ခိုင်မြဲနေအောင် ဖန်တီးပေးထားတယ်၊ ဒီလိုဆိုတယ်၊
ဒါက နာမ်ပိုင်းကို ပြောတာ။
တစ်ခါ
ရုပ်ပိုင်းဆိုင်ရာကို ကြည့်လိုက်ရင် “တံ သမုဋ္ဌာနာနဉ္စ ရူပါနံ” တဲ့၊ စိတ်ဖြစ်တာနဲ့
တစ်ပြိုင်နက် စိတ်က ရုပ်ကို ဖြစ်စေတယ်၊ များသောအားဖြင့် စိတ် အားလုံးလိုလို (မြင်သိစိတ်
ကြားသိစိတ်စတဲ့ စိတ် ၁၀-ခုနဲ့ အရူပဘုံမှာဖြစ်တဲ့ ဝိပါက်စိတ် ၄-ခု၊ အားလုံးပေါင်း ၁၄-ခုက
လွဲရင် ) ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်ကို ထုတ်လုပ်ပြီးသားဖြစ်တယ်၊ စိတ္တဇရုပ်ကို
ထုတ်လုပ်လိုက်တယ်။
ကြည့်လေ
- မီးက လင်းလိုက်တာနဲ့ တစ်ပြိုင်နက် အလင်းရောင်ကို မထုတ်လုပ် ဘူးလား၊ ချက်ချင်းထုတ်လိုက်တာ၊
အဲဒါမျိုး၊ ကိုယ့်သန္တာန်မှာ စိတ်ဖြစ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်က ရုပ်ကို ထုတ်ပြီးသားဖြစ်တယ်၊
အဲဒီရုပ်ကို စိတ္တဇရုပ် လို့ခေါ်တာ။
ဟိတ်နဲ့ယှဉ်တဲ့
သဘာဝတရားတွေ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့က ရုပ်ကို ထုတ်လုပ်တယ်၊ အဲဒီ ထုတ်လုပ်လိုက်တဲ့
ရုပ်တရားတွေကို ဒီနေရာမှာ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ လို့ ဆိုတာ၊ ထိုဟိတ်နဲ့ယှဉ်တဲ့ စိတ်စေတသိက်တရားတွေက
ထုတ်လုပ်လိုက်တဲ့ ရုပ်တို့အားလည်း ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်၊
ဆိုလိုတာက
ဟိတ်ဆိုတဲ့ စေတသိက်တရားသည် သူနဲ့ယှဉ်တဲ့ စိတ်စေတသိက် တရားတွေရယ်, သူတို့ကပေါင်းပြီးတော့
ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေရယ်၊ အဲဒါတွေကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်။
ဟိတ်
၆-ပါးကနေပြီးတော့ ကျန်တဲ့ ဟိတ်နဲ့ယှဉ်တဲ့ စိတ်စေတသိက်တရား တွေနဲ့ ဟိတ်ကြောင့်ဖြစ်လာတဲ့
ရုပ်တွေကို ကျေးဇူးပြုတယ်ဆိုတာ ဟေတုသတ္တိပဲ၊ ကျေးဇူးပြုတယ်ဆိုတာ ဘာကို ပြောတာတုန်းဆိုရင်
အဲဒီသဘာဝဟိတ်တရားတွေ ရှိနေသေးသမျှ ဟောဒီ အကျိုးတရားတွေ ဆက်လက်ရှင်သန်နေမယ် လို့ ဒီလို
ပြောတာ။
ဟေတုတွေရဲ့
စွမ်းရည်သတ္တိဆိုတာ ဥပမာ - သစ်ပင်မှာ အမြစ်ရှိနေသမျှ ကာလ ပတ်လုံး အဲဒီအမြစ်ကို အကြောင်းပြုပြီး
အရွက်တွေထွက်လာတယ်၊ အကိုင်း တွေ ထွက်လာတယ်၊ ပွင့်ချိန် ပွင့်တယ်၊ အသီးတွေ ထွက်မယ်၊
Seasonally ပေါ့၊ အမြစ်ရှင်သန်နေသမျှ ကာလပတ်လုံး ဟောဒီသစ်ပင်သည် အရွက်ထွက်ချိန်ကျ ထွက်မယ်၊
အကိုင်းထွက်ချိန် ထွက်လိမ့်မယ်၊ အပွင့်ပွင့်ချိန်မှာ ပွင့်လိမ့်မယ်၊ အသီး သီးချိန်မှာ
သီးလိမ့်မယ်၊ အကယ်၍ အဲဒါတွေ တစ်ခုမှ ဆက်ပြီးတော့ မဖြစ်စေချင် ဘူးဆိုရင် ဘာလုပ်ရမလဲ၊
အဲဒီအမြစ်ကို ဖြတ်ရမယ်၊ အဲဒီအမြစ် ဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကျန်တဲ့ အကိုင်း အခက်
အလက်တွေ အပွင့်တွေ အသီးတွေ မလာ တော့ဘူး။
ဒါမျိုးလိုပဲ
လောဘ ဒေါသ မောဟဆိုတဲ့ သဘာဝတရားတွေ၊ အလောဘ အဒေါသ အမောဟဆိုတဲ့ သဘာဝတရားတွေ ရှိနေသေးသမျှ
ဆိုင်ရာဆိုင်ရာ အကြောင်း တွေက ဆိုင်ရာဆိုင်ရာအကျိုးတရားတွေကို ဆက်လက်ပြီး ရှင်သန်အောင်
လုပ်ပေး နေမှာပဲ၊ အဲဒါကို ပြောတာ။
ကဲ
apply လုပ်ကြည့်ရအောင်၊ လောဘဖြစ်တယ် ဆိုပါစို့ - ပစ္စည်းတစ်ခုခုကို လိုချင်တဲ့ လောဘစိတ်ကလေး
ဖြစ်လာတယ်၊ အဲဒီလောဘဆိုတဲ့ သဘောလေး ပေါ်လာ ကတည်းက ဘာတွေတွေးနေသလဲ၊ လိုချင်တဲ့စိတ်နဲ့ပဲ
တွေးမနေဘူးလား၊ အဲဒီ လိုချင်တဲ့အတွေးဆိုတာ လောဘနဲ့ ယှဉ်နေတဲ့စိတ်တွေ ဖြစ်နေတာပဲလေ၊
လိုချင်တဲ့ အတွေးတွေ သူ့မှာရှိနေတယ်၊ လောဘရှိနေသရွေ့ လိုချင်တဲ့အတွေး တွေးနေလိမ့်မယ်။
စကားပြောလိုက်တာနဲ့
တစ်ပြိုင်နက် လိုချင်ကြောင်း ပြောလိမ့်မယ်၊ သူ့ ပါးစပ်က ပြောလိုက်တဲ့အသံသည် mind
born matter ပဲ၊ ပြောလိုက်တဲ့ အသံက ဘာကြောင့် ထွက်လာသလဲ၊ ဟောဒီ လိုချင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့
အသံပဲ၊ အဲဒီအသံပဲ သူက ဆက်လက်ရှိဦးမယ်၊ သူ လိုချင်စိတ် မကုန်သေးသမျှ လိုချင် ကြောင်းပဲ
ပြောဦးမယ်၊ အဲဒါက ရုပ်တရားကို ဖြစ်စေပုံပဲ၊ သူ လှုပ်ရှားတာ၊ သွားတာ လာတာရော လိုချင်မှုနဲ့
ပတ်သက်တာ မဖြစ်ပေဘူးလား။
လောဘရှိနေသေးသမျှ
လောဘနဲ့ပတ်သက်တဲ့ အတွေးတွေ ရှိမယ်၊ လောဘနဲ့ ပတ်သက်တဲ့ အပြောတွေ ပြောနေမယ်၊ လောဘကို
အခြေပြုပြီး သွားလာ လုပ်ကိုင် လှုပ်ရှားနေမယ်၊ ဒါ ရုပ်တရားတွေ ဖြစ်နေတာ၊ ပြောဆိုနေတာရယ်၊
သွားလာ လုပ်ကိုင်နေတာ ရုပ်တရားတွေ ဖြစ်နေတာ။
ကဲ လိုချင်စိတ်ကုန်သွားပြီ၊
လောဘမရှိတော့ဘူး ဆိုကတည်းက အဲဒီ အတွေးလည်း မတွေးတော့ဘူး၊ အဲဒီ အပြောလည်း မပြောတော့ဘူး၊
အဲဒီ အလုပ်လည်း မလုပ်တော့ဘူး၊ ဒီလို ဆိုလိုတယ်နော်။
ထို့အတူပဲ
ဒေါသဆိုတာ ဘယ်လောက်ထင်ရှားလဲ လူတွေမှာ၊ စိတ်တိုနေလို့ရှိရင် ကြည့် - စိတ်ဆိုးနေလို့ရှိရင်
တွေးနေတယ်၊ ဘာတွေ တွေးနေသလဲ၊ မကျေနပ်တာပဲ တွေးနေတယ်၊ ဒေါသဖြစ်စရာတွေ တွေးနေတယ်၊ အဲဒါ
ဘယ်သူ က ဒီအတွေးတွေ ဆက်လက်ရှင်သန်စေတာတုန်းဆိုရင် ဒေါသဆိုတဲ့ဟိတ်တရားက ဟေတုသတ္တိနဲ့
ကျေးဇူးပြုနေလို့ဖြစ်တာ။
ဘယ်လိုကျေးဇူးပြုတာတုန်းဆိုရင်
ကြည့် - အမြစ်ကနေပြီးတော့ မြေဆီ ရေဆီ တွေကို စုပ်ပြီးတော့ တင်ပေးနေသည့်အတွက် ဒီသစ်ပင်ကြီးဟာ
အရွက်တွေ အသီးတွေ အပွင့်တွေ ရှင်သန်နေတာလေ၊ အဲဒါလိုပဲ ဒေါသဟာ အမြစ်ပဲ၊ အဲဒီ အမြစ်ရှိနေသေးသမျှ
သူဟာ မကျေနပ်တဲ့အတွေးတွေ တွေးနေမယ်၊ မကျေနပ်တဲ့ စိတ်တွေဖြစ်ပေါ်နေတယ်၊ အဲဒါက ဟေတုသမ္ပယုတ္တကာနံ
ဓမ္မာနံ ပဲ။
အဲဒီ
မကျေနပ်တဲ့အပြော ပြောရုံမကဘူး, သူတစ်ယောက်တည်းဆိုရင် တက်တခေါက်ခေါက်နဲ့ ဖြစ်နေမယ်၊
အဲဒီတက်ခေါက်တဲ့အသံဟာ စိတ္တဇရုပ်ပဲနော်၊ အဲဒီအသံကို ဘယ်သူက ထုတ်လုပ်လိုက်တာတုန်း? မကျေနပ်တဲ့စိတ်တွေက
ထုတ်လုပ်လိုက်တာ၊ မကျေနပ်တဲ့အတွေးတွေ တွေးမယ်၊ မကျေနပ်တဲ့ အပြောတွေ ပြောလိမ့်မယ်၊ သူ
အသံဗလံတွေလည်း ပေးမယ်၊ ပြောမယ်၊ နောက်ဆုံးကျတော့ မကျေနပ်တဲ့အလုပ် ဒေါသရှိနေမယ်ဆိုရင်
ခြေဆောင့်နင်းသွားမယ်၊ တံခါး ဆောင့် ပိတ်ချင် ပိတ်မယ်၊ ပစ္စည်းလွှတ်ချချင် ချလိုက်မယ်၊
ဟုတ်ရဲ့လား၊ ဒေါသ ဖြစ်လာ ကတည်းက အမူအရာတစ်ခုက ကြမ်းတမ်းနေတယ်၊ စိတ်ပြေသွားရင် အဲဒီလို
မဟုတ်တော့ဘူး။
စိတ်ပြေသွားတာနဲ့
တစ်ပြိုင်နက် ကျေနပ်တဲ့အတွေးတွေ တွေးနေတယ်၊ လူတွေဟာ တစ်ခါတလေဆိုရင် အတော်ရယ်စရာကောင်းတယ်၊
စိတ်ဆိုးတဲ့အချိန် မှာဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ရိုက်တော့မလို နှက်တော့မလိုနဲ့၊
စိတ်ဆိုး လည်း ပြေသွားရော sweety တို့ honey တို့ ဖြစ်ကုန်ရော၊ အဲဒါလိုတွေ ဖြစ်သွား
တယ်၊ အရင်တုန်းကတော့ sweety တို့ honey တို့ မဖြစ်ဘူး၊ Bloody hell ပဲ လုပ်တယ်၊ ဆဲလား
ရိုက်လား နှက်လားပဲ၊ ဟော ဒေါသလေးလည်း ပြေသွားရော I'm so sorry လုပ်လာတယ်၊ I
apologize ဖြစ်သွားကြတာ၊ so sorry ဖြစ်ကုန်ကြတယ်၊ ကြည့် ဒေါသရှိနေရင် apologize မလုပ်သေးဘူး၊
ဒီလိုဖြစ်တာ၊ အဲဒါကို မြတ်စွာဘုရားက ဟေတုသတ္တိလို့ ပြောတာ၊ ဟေတုပစ္စည်းဆိုတာ ဒါကို
ပြောတာ။
အဲဒီတော့
လက်တွေ့ဘဝမှာ အရေးကြီးတာက ကိုယ့်ဟာကိုယ် “ငါ မကျေနပ်တဲ့ အတွေးတွေ ဘာကြောင့်တွေးနေတာလဲ၊
ဒီဒေါသကြောင့်၊ ငါ ဒီဒေါသ ကို ဖယ်မှ ဖြစ်မယ်”လို့ ဒီအတွေး တွေးရမှာ၊ “ငါ ဘာလို့ မကျေနပ်တဲ့အတွေး
တွေး နေလဲ၊ ငါ ဘာလို့ တစ်ယောက်တည်း တက်ခေါက်နေတုန်း၊ ငါ ဘာလို့ ကြမ်းကြမ်း တမ်းတမ်းတွေ
လုပ်နေလဲ” ဆိုလို့ရှိရင် “ဪ ငါ့မှာ ဒေါသရှိနေလို့” ဒီဒေါသ ဖျောက်လိုက်တာနဲ့ တစ်ပြိုင်နက်
ခုနကဟာတွေ မလာတော့ဘူး၊ ပျောက် သွားပြီ၊ အပြောလည်း ယဉ်ကျေးသွားပြီ၊ သွားတာလာတာလည်း ညင်သာသွားပြီ၊
ဒေါသ မရှိလို့ရှိရင် fortify လုပ်တာတွေ မရှိတော့ဘူး၊ အဲဒီသဘောကို ပြောတာ၊ ဒါ ဟေတုပစ္စည်းပဲ။
ဒေါသငြိမ်းသွားတယ်ဆိုတာ
သူ့ဟာသူ အလိုအလျောက် ငြိမ်းတာ မဟုတ် ဘူး၊ ဘာဝင်လာလို့ ငြိမ်းတာတုန်းဆိုရင် အဒေါသက ငြိမ်းပေးတာ၊
တစ်ဦးကို တစ်ဦး နားလည်လာပြီးတော့ အကျိုးကို လိုလားတဲ့စိတ်ကလေး ဝင်လာတယ်၊ “ငါ လုပ်တာ
မှားသွားပြီလား”၊ “ငါပြောတာ လွန်သွားသလား”၊ စဉ်းစားတာ၊ အဒေါသ ဝင်လာရင် ဒီလိုစဉ်းစားတာ။
ဒေါသဝင်တုန်းကတော့
နည်းတောင် နည်းသေးတယ်၊ အားရပါးရပြောမယ်၊ ဆဲမယ်၊ အဲဒီဒေါသလည်း ပျောက်ရော, အဒေါသ သဘော၊
မေတ္တာသဘောလည်း ရောက်လာရော ခုနကလို ဖြစ်သွားပြန်ရော။
ဒေါသပျောက်သွားတော့
ဘယ်သူရောက်လာတုန်း၊ အဒေါသက ပြန်ရောက် လာတာပဲ၊ လောဘပျောက်သွားပြန်ရင်လည်း ခုနက အလောဘက
ရောက် လာပြန်ရော၊ အလောဘရောက်လာတော့ ဘာဖြစ်တုန်း၊ လှူရမယ်၊ တန်းရမယ်၊ ဘယ်သူ့ အကူအညီပေးရမလဲဆိုတဲ့
အတွေးတွေ တွေးလာတယ်၊ ကိုယ့်ပစ္စည်းကို စွန့်လွှတ်ချင်တယ်၊ ကျွေးချင်တယ်၊ မွေးချင်တယ်၊
ဒီလိုအတွေးတွေ ဝင်လာတယ်၊ ပြောဆိုလာတယ်၊ လုပ်ကိုင်လာတယ်၊ အလောဘဝင်လာလို့ရှိရင် ဒီအတွေးမျိုးတွေ
တွေးလာတယ်၊ လောဘဝင်လာရင် အဲဒီအတွေးတွေ ပျောက်ကုန်ပြန်ရော။
ထို့အတူပဲ
မောဟဝင်လာရင် ဘယ်လိုဖြစ်မလဲ၊ သံသယတွေ ဖြစ်လာမယ်၊ “ပဋ္ဌာန်းဆိုတာ ဘုရားဟောတာ ဟုတ်ရဲ့လား၊
ဘယ်သူပြောနိုင်မှာတုန်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း-၂၅ဝဝ ကျော်က ပဋ္ဌာန်းဟောခဲ့တာရော ဟုတ်ရဲ့လား၊
ဒါ ရွတ်နေလို့ရော ကုသိုလ်ရတယ်ဆိုတာ ဟုတ်ရဲ့လား”၊ အတွေးတွေ ဝင်လာတယ်၊ သံသယတွေ ဖြစ်လာတယ်၊
ဒါ မောဟဝင်လာတာ၊ စိတ်တွေက မတည်ငြိမ်ဘူး၊ လွင့်ပါးလာတယ်၊ ဟော မောဟမူစိတ်တွေ ဖြစ်လာတယ်၊
ဒါ မောဟရှိနေရင် အဲဒီအတွေးတွေ ဝင် နေမှာပဲ၊ ဒါမောဟက ထုတ်လုပ်နေတာနော်၊ မောဟက ထုတ်လုပ်လိုက်တဲ့အတွက်
ကြောင့် သံသယတွေ ဝင်လာတယ်၊ စိတ်မငြိမ်မသက်တဲ့အတွေးတွေ တွေးလာ တယ်၊ မယုံကြည်တဲ့အတွေးတွေ
ဝင်လာတယ်။
ဒီလိုမဟုတ်ဘဲနဲ့
သေချာ အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတတ်လို့ ဉာဏ်ရလာပြီ ဆိုကတည်းက ခုနက သံသယဆိုတဲ့အတွေးတွေ
မလာတော့ဘူး၊ စိတ်ပျံ့လွင့် နေတာ မရှိတော့ဘူး၊ အမောဟဆိုတဲ့ဉာဏ် ရလာတဲ့အခါကျတော့ ဒါတွေ
ပျောက် သွားတယ်၊ အဲဒါကို ပြောလိုတာ၊ ဟေတုပစ္စည်းဆိုတာ ဒီအဓိပ္ပါယ်ကို ဆိုလိုတယ်။
လောဘ
ဒေါသ မောဟ ဆိုတဲ့ အကြောင်းတရား ဟိတ်တရားတွေ မိမိတို့ သန္တာန်မှာ ရှိနေသမျှ အတွေးတွေလည်း
ဆက်ဖြစ်နေမှာပဲ၊ ပြောမှုဆိုမှု လုပ်ကိုင်မှုတွေ ဆက်ဖြစ်မယ်၊ ဒါကို ဘယ်သူကနေပြီး ဖြစ်ပေါ်စေတာတုန်းဆိုရင်
ဟောဒီ လောဘ ဒေါသ မောဟဆိုတဲ့ ဟိတ်တရားတွေကနေပြီး ဆိုင်ရာအကျိုးတရားတွေကို ရှင်သန်နေအောင်
ဆက်လက်ဖြစ်နေအောင် လုပ်ပေးနေတာကို ဟေတုသတ္တိလို့ ခေါ်ပါတယ်။
အဲဒါကို
မြတ်စွာဘုရားက ဟောတာနော် -
“ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော”။
ဟေတူ
= လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟလို့ ဆိုတဲ့ ဟိတ်ခြောက်ပါးတရားတို့သည်၊
ဟေတုသမ္ပယုတ္တကာနံ
= ထိုဟိတ် ၆-ပါး နှင့် ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနံ
= ထိုဟိတ်နဲ့ယှဉ်တဲ့ စိတ်တရားနဲ့ ထိုစိတ်တို့ကို အကြောင်း ပြုပြီးတော့ ဖြစ်ပေါ်လာတဲ့၊
ရူပါနဉ္စ
= ရုပ်တရားတို့အားလည်းကောင်း၊ ဟေတုပစ္စယေန ဟေတုပစ္စယသတ္တိဖြင့်၊
ပစ္စယော
ဥပကာရကော=ကျေးဇူးပြုတတ်သည်၊
ဟောတိ
= စင်စစ်မသွေ ဖြစ်ပါပေတော့၏။
ဣတိ
= ဤသို့၊
ဘဂဝါ
= ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
အဝေါစ
= ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
ဤတွင်ပဲ
ဒီကနေ့ အပိုင်း-၁ ပဋ္ဌာန်းမြတ်ဒေသနာတရား ပြီးဆုံးပါပြီ။
နောက်ရက်များမှာ
အခြားပစ္စည်းတွေနဲ့ ဘယ်လိုဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေ တယ်ဆိုတာကို ဆက်ပြီးတော့ ဟောပေးပါမယ်၊
တရားချစ်ခင် သူတော်စင် ပရိသတ် တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ကြီးကို
နာယူ မှတ်သားပြီးတော့ မိမိတို့ဘဝမှာ အကြောင်းတရားအစစ်အမှန်တွေကို သိပြီးတော့ အကြောင်းဉာဏ်
အကျိုးဉာဏ်တွေကို ရရှိပြီးတဲ့အခါမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်
မူခဲ့တဲ့
အကြောင်းတရားတို့ရဲ့ ကင်းရာဖြစ်တဲ့ နိဗ္ဗာန် ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။
