“အခန်း - ၇”
သတ္တဝါတို့၏ ၃၁-ဘုံ အကြောင်း
▬▬▬▬▬▬▬▬▬▬▬▬
ဒီကနေ့
အပိုင်းအားဖြင့် “ဝီထိမုတ်ပိုင်း”၊ အဘိဓမ္မတ္ထ သင်္ဂဟကျမ်း ငါးနံပါတ် ဝီထိမုတ်ပိုင်းကိုပဲ
ဘုံပိုင်းလို့ ရှေးတုန်းက ခေါ်ခဲ့ကြတယ်၊ ၃၁-ဘုံ အကြောင်းနဲ့ ပတ်သက်ပြီး သိစရာ အချက်အလက်များ
ရှိတယ်၊ သတ္တဝါတွေ မျိုးစုံရှိတဲ့ ၃၁-ဘုံ အကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြာတော်မူခဲ့တဲ့
ထိုထို ကျမ်းဂန်တွေမှာ ပါရှိတယ်၊ ၃၁-ဘုံက အဘိဓမ္မကျမ်းမှာတင် ပါရှိတာ မဟုတ်ဘူး၊ မူလပရိယာယ
သုတ်မှာလည်း ဘုံတွေ အကြောင်း ပါတာပဲ၊ တခြားသုတ္တန်တွေမှာလည်း ပါတယ်၊ အဘိဓမ္မာ ၇-ကျမ်း
မှာ အပါအဝင်ဖြစ်တဲ့ ‘ဝိဘင်္ဂ’ လို့ခေါ်တဲ့ ဝိဘင်းကျမ်းမှာလည်း ဒီဘုံနဲ့ သက်တမ်းတွေ
အကြောင်း ရှင်းလင်း ဖော်ပြထားတာ ရှိတယ်။
သို့သော်လည်း
မြန်မာနိုင်ငံ မှာတောင်မှ အချို့ပုဂ္ဂိုလ်တွေက ၃၁-ဘုံဆိုတာကို ငြင်းပယ်ချင်ကြတယ်၊ ဘာလို့
ငြင်းပယ်တာလဲဆိုတော့ အကြောင်းပြက မမြင်ရလို့တဲ့။ မြင်ရတာ လူတွေနဲ့ တိရစ္ဆာန်တွေပဲ မြင်ရတယ်၊
ကျန်တာတွေက မမြင်ရလို့၊ မမြင်ရလို့ မရှိစတမ်း ဆိုရင် မမြင်ရတာတွေက အများကြီးပဲ၊ ဟုတ်ရဲ့လား၊
မမြင်ဘဲနဲ့ ရှိနေတဲ့ ဟာ အသံဆိုတာ မြင်ရရဲ့လား၊ “မမြင်ရပါဘုရား”၊ အေး - မမြင်ရဘူး၊ မမြင်ရ
ပေမယ့်လို့ အရှိထဲ ထည့်ရတာတွေ လောကကြီးမှာ အများကြီးပဲ။
ဘုန်းကြီးတို့
ငယ်ငယ်တုန်းက တွေ့ဖူးတယ်၊ “၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” ဆိုပြီး ရေးထားတဲ့စာအုပ်။ အမှန်တော့
ဘုရားက လက်မခံတာ မဟုတ်ပါဘူး၊ သူ လက်မခံတာ၊ တကယ်ကတော့ ရေးသင့်တာ “၃၁-ဘုံဝါဒ ကျွန်ုပ်
လက်မခံ” ဆိုရင် တော့ ကောင်းတာပေါ့နော်၊ ဘုရားနာမည်ကို အလွဲသုံးစား လုပ်တယ်လို့ ဒီလို
ပြောရမှာ။
အေး
- တော်တော်များများက တခြားနိုင်ငံတွေမှာလည်း Buddhism “ဗုဒ္ဓဝါဒ” လို့ ခေါင်းစဉ်တပ်ပြီး
ရေးလိုက်တဲ့အခါ ကျတော့ သူတို့ အယူအဆတွေချည်းပဲ ရေးကြတယ်၊ အဲဒါမျိုးတွေ တော်တော် များများ
တွေ့နေရတယ်၊ သတိထားစရာ ကောင်းတာပေါ့နော်၊ ရိုးသားဖြောင့်မတ်ဖို့ လိုအပ်တယ်၊ ကိုယ်မကြိုက်တာနဲ့
မရှိဘူးလို့ ပြောလို့မရဘူးတဲ့။
ကိုယ်မမြင်ရလို့
ပြောစတမ်းဆိုလို့ရှိရင် နှစ်ပေါင်း ၂၅၀၀-ကျော်က ပွင့်ခဲ့တဲ့ ဘုရားလည်း ကိုယ် မြင်ရတာမှ
မဟုတ်ဘဲကိုး၊ မမြင်ရလို့ လက်မခံဘူးဆိုရင် လက်မခံရမယ့် အကြောင်းတွေ အများကြီးပဲ၊ ဗိုက်ထဲနေတုန်းက
ကိုယ့်အဖေလည်း ကိုယ်မြင်ခဲ့တာမှ မဟုတ်ဘဲနဲ့၊ အပြင်ရောက်မှ ဘေးလူတွေက အဖေ လို့ပြောလို့
ကိုယ် လက်ခံနေကြရတာ၊ ဟုတ်တယ်မို့လား၊ အေး ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ ဆိုပြီး အရင်တုန်းက
စာအုပ်တစ်အုပ် မြန်မာပြည်မှာ ထွက်ဖူးတယ်၊ တကယ်ကတော့ သူလက်မခံတာပါ။
စာပေကျမ်းဂန်မှာ
ကြည့်မယ်ဆိုရင် ထေရဝါဒ ပိဋကတ် သံဂါယနာ ၆-တန်က အသိအမှတ်ပြု လက်ခံထားတဲ့ ကျန်းဂန်တွေထဲမှာ
၃၁-ဘုံဆိုတာ အတိအလင်း ပါရှိပြီးသား ဖြစ်တယ်၊ ထိုထို ဘုံတွေရဲ့ အကြောင်းကို ရေးသားထားတာ
အကြောင်း အားလျော်စွာ ပေါ့နော်၊ တချို့လည်းပဲ လူတွေကို “ဘုံပိုင်းနဲ့ မြှောက်တယ်” လို့
ဒီလို ထင်ကြသေးတယ်၊ ဘုံ ဆိုတာ သူ့ဟာသူ ရှိနေတာ၊ မြှောက်စရာ အကြောင်းလည်း မဟုတ်ဘူးနော်၊
“ဘုံဆိုတာ သတ္တဝါတို့ရဲ့ ဖြစ်ရာဋ္ဌာန” ကို ပြောတာလေ၊ “ဘူမိ” ဆိုတဲ့ ပါဠိ စကားလုံးကနေ
လာတယ်။ လူသတ္တဝါတွေရဲ့ ဖြစ်ရာနေရာကို လူ့ဘုံလို့ ဒီလိုခေါ်တာ၊ လူသတ္တဝါတွေနဲ့ မတူညီတဲ့
အခြားသတ္တဝါတွေ မြောက်မြားစွာ ရှိတယ်ဆိုတာ - ဒါက မမြင်ရပေမယ့်လို့ ရှိနိုင်တယ်ဆိုတာ
အများကြီး လက်ခံ ရတယ်။
အဲဒီလို
သတ္တဝါတွေ ရှိတယ်ဆိုတာ စိတ်ကူးယဉ်ပြီး ပြောတာတော့ မဟုတ်ဘူး၊ ထိုသတ္တဝါတွေဟာ ဘယ်ကံကြောင့်
အဲဒီဘုံ ရောက်တယ်၊ ထိုဘုံရဲ့ ပဋိသန္ဓေစိတ်က ဘာတွေလဲ၊ ထိုဘုံမှာ ဘာတွေ ဖြစ်သလဲဆိုတာ
တိတိလင်းလင်း ဟောထားတာ၊ စိတ်ကူးပြီးတော့ ဘယ်ဘုံမှာရှိတယ်လို့ ပြောတာ တင်မှ မဟုတ်ဘဲ၊
အဲဒီဘုံမှာ သတ္တဝါတွေ ဘာကြောင့်ဖြစ်တယ် ဆိုတာကို အတိအကျ အကြောင်းနဲ့ အကျိုးနဲ့ သေသေချာချာ
ဟောထားတာ ဖြစ်သည့်အတွက်ကြောင့် သာမန် မှန်းသန်းရမ်းပြီး ပြောတာမျိုး မဟုတ်ဘူး။
မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က ဟောတယ် “သာမံ ဉာတံ၊ သာမံ ဝိဒိတံ” “ငါကိုယ်တိုင် သိတာတဲ့ ငါကိုယ်တိုင်
သိပြီးတာကို ဟောတာ” “သူများဆီက ကြားပြီးတော့ ဟောတာ မဟုတ်ဘူး” တဲ့၊ ၃၁-ဘုံနဲ့ ပတ်သက်ပြီး၊
ဘုံတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ငါကိုယ်တိုင်သိလို့ ငါကိုယ်တိုင် မြင်လို့ ဟောတာလု့ိ။
ဒါဖြင့်
ဘုရားက ဘာနဲ့ မြင်တာတုန်းလို့ မေးရင် မြတ်စွာဘုရားမှာ ဒိဗ္ဗစက္ခု ဆိုတဲ့ အင်မတန် အစွမ်းထက်တဲ့
စိတ်ကို အာရုံနဲ့ လေ့ကျင့်လိုက်သည့် အတွက်ကြောင့် ထူးခြားတဲ့ အမြင်တစ်မျိုးကို ရရှိထားတယ်၊
သမာဓိစွမ်းအားနဲ့ အဲဒီ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိညာဉ် ရလိုက်တာနဲ့ တစ်ပြိုင်နက် ထို ဒိဗ္ဗစက္ခုဉာဏ်ရဲ့
အပွားဖြစ်တဲ့ “ယထာကမ္မူပဂဉာဏ်”၊ ဘယ်အလုပ်လုပ်ရင် ဘယ်ကံဖြစ်တယ် ဆိုတာကို မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က ကြည့်ရင် မြင်ရတယ်ပေါ့၊ အကြောင်းတရား တွေကို ကြည့်ပြီးတော့ မြင်တာ။
ဒီကနေ့ခေတ်
ကြည့်လိုက်ရင် လူတိုင်းဟာ တူညီတဲ့ အနေအထား မရှိဘူး၊ အလုပ်အကိုင်တွေက ကွဲပြား ခြားနားနေတယ်၊
အလုပ်အကိုင်လို့ ဆိုတဲ့နေရာမှာ အသက်မွေးဝမ်းကျောင်း လုပ်တာကိုတင် ပြောတာ မဟုတ်ဘူး၊
လူတွေရဲ့ လုပ်ကိုင်မှု စိတ်နေ စိတ်ထားတွေဟာ ကွဲပြားခြားနားမှု ရှိတယ်တဲ့၊ ဘယ်လို ကွဲပြားခြားနားမှု
ရှိတာတုန်း ဆိုရင် တချို့က သူများအသက်ကို သတ်တယ်, တချို့က သူများအသက် သတ်ခြင်းမှ ရှောင်တယ်၊
မတူညီတဲ့ အလုပ်တွေ၊ တချို့တွေက သူများဥစ္စာကို ခိုးတယ်, လိမ်လည်လှည့်ဖျားပြီးတော့ ယူတယ်၊
တချို့က သူများဥစ္စာဆို လက်ဖျားနဲ့မှ မတို့ဘူး၊ တချို့က သူများသားမယား စော်ကားတယ် ပြစ်မှားတယ်,
တချို့က စိတ်ကူးထဲထောင် မထည့်ဘူး၊ မတူညီတဲ့ အလုပ်မရှိဘူးလား၊ မတူညီတဲ့အလုပ် ရှိနေတာကိုတော့
သေချာ မြင်ရတာပဲလေ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာလည်း ရှိတယ်။
အဲဒါလိုပဲ
နှုတ်နဲ့ ပတ်သက်လာရင်လည်း တချို့က လိမ်ပြောတယ်၊ တချို့က မှန်တာကိုသာ ပြောတယ်၊ တချို့က
တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် ကုန်းတိုက်တယ်၊ မတည့်အောင် ပြောတယ်၊ ကုန်းချောတယ်၊
တချို့ကျတော့ မတည့်တဲ့လူကို တည့်အောင် ဖေးဖေးမမ ပြောတယ်၊ ညီညွတ်အောင် စေ့စပ်ပေးတယ်၊
တချို့ကျတော့ ဆဲတတ်တယ်၊ တချို့က မဆဲတတ်ဘူး၊ တချို့က အကျိုးမရှိတဲ့ စကားတွေ၊ မဟုတ်တန်း
တရားတွေ လျှောက်ပြောတယ်၊ တချို့က မပြောတတ်ဘူး၊ အပြောအနေနဲ့ ပတ်သက်လို့လည်း လူတွေဟာ
တစ်ယောက်နဲ့ တစ်ယောက် တူညီမှု ရှိရဲ့လား၊ မရှိဘူး ဒီအချက်ကတော့ ထင်ရှားနေတာပဲလေ။
နောက်တစ်ခု
စိတ်နေစိတ်ထား ကြည့်ဦးမလား၊ တချို့က သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်လိုမှု ဆိုတဲ့
လောဘဇောက အမြဲတိုက်နေတယ်၊ သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့ အဘိဇ္ဈာတရားတွေ
လွှမ်းမိုးနေတယ်၊ တချို့ကျတော့လည်း သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ဖို့ နေနေသာသာ
လှည့်တောင် မကြည့်ဘူး၊ သူများ ပစ္စည်းတွေကို သွားရည်မကျဘူး၊ အဲလို ပုဂ္ဂိုလ်မျိုး တွေလည်း
ရှိတာပဲ၊ တချို့ ပုဂ္ဂိုလ်ကျတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေ ပျက်စီးသွားတာကို
မြင်ချင်တယ်၊ တချို့က ကြီးပွား ချမ်းသာတာကို မြင်ချင်တယ်၊ ကံကံ၏ အကျိုးကို မယုံကြည်တဲ့
ပုဂ္ဂိုလ်တွေ ရှိသလို၊ ကံ ကံ၏အကျိုးကို လက်ခံ ယုံကြည်ထားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်
ဆိုတော့ လူတွေကျင့်သုံးနေတဲ့ ဒုစရိုက် သုစရိုက် ဆိုတာတွေကို ကြည့်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်
ကိုယ့်လူနေ အသိုင်းအဝိုင်းထဲမှာ ကြည့်။ အခုလို ၂-မျိုး ၂-စား ကွဲပြားခြားနား နေတာကို
မတွေ့ရဘူးလား၊ ဒီပုဂ္ဂိုလ်တွေဟာ သေသည့် အခြားမဲ့မှာ တူညီတဲ့ ဘဝ ရောက်နိုင်ပါ့မလား၊
(မရောက်နိုင်ပါဘူး ဘုရား)၊ အဲဒါကို ထောက်ထား လို့ရှိရင် သူတို့ကံနဲ့ သူတို့ “ယထာ ကမ္မံ
ဂတော” ကံအားလျော်စွာ ဖြစ်ရမယ်ဆိုတဲ့ နေရာမျိုး ရှိရမှာပေါ့။
အဲဒီတော့
“ဘုံဆိုတာဟာ ကံတရားရဲ့ အကျိုးပေးရာ ဌာန” တွေပဲ၊ ကံတရားက မျိုးစုံသလို သတ္တဝါတွေကလည်း
မျိုးစုံပဲ၊ ထိုမျိုးစုံတဲ့ သတ္တဝါတွေရဲ့ တည်ရာဌာန ဆိုတဲ့ ဘုံတွေကလည်း မျိုးစုံတယ်၊
တစ်ဘုံတည်းဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ ဘာဖြစ် လို့တုန်းဆိုရင် မတူညီတဲ့လုပ်ရပ်တွေနဲ့ ရှိနေတဲ့ပုဂ္ဂိုလ်တွေရဲ့
ဘဝနိဂုံး ရောက်ရာဘဝ destination ဟာ ဘယ်နည်းနဲ့မှ မတူနိုင်ဘူး၊ မီးရထားကြီး ရန်ကုန်ကနေ
စီးသွားတယ်၊ မန္တလေး သွားတယ်၊ လမ်းမှာ ဘူတာတွေ ဆိုက်ပြီးတော့ သွားတယ်၊ တချို့က လမ်းဘူတာတွေ
မှာ ဆင်းသွားတယ်၊ မန္တလေးထိ သွားတဲ့လူတွေ မဟုတ်ဘူး၊ အဲဒါမျိုးလိုပဲ - ကံမျိုးစုံ လုပ်ထားတော့ လူတွေလည်း ဘဝခရီးလမ်းတွေက
အမျိုးကို စုံနေတာပဲ၊ အဲဒီ မျိုးစုံနေတာတွေကိုပဲ ဂတိ ၅-ပါးလို့ အကြမ်းဖျင်းအားဖြင့်
ပြောမယ်ဆိုရင် ဂတိ ၅-မျိုး၊ Destination လို့ ခေါ်တယ်၊ ခရီးဆုံး ၅-မျိုးလို့ ဒီလိုဆိုတယ်။
ကမ္ဘာလောကကြီးကို
ကြည့်မယ်ဆိုရင် လူတွေ ခရီးသွားနေကြတာ၊ ကိုယ့်ဦးတည်ချက် နဲ့ ကိုယ် သွားနေကြတာ၊ ဘယ်ပုဂ္ဂိုလ်
ဘယ်သွားနေတယ် ဆိုတာဟာ သူကိုင်ထားတဲ့ လက်မှတ်ကို ကြည့်လို့ ရှိရင် သိတာပေါ့၊ ရထားစီးသွားတဲ့
ပုဂ္ဂိုလ်တွေ ရှိသလို ကားနဲ့ စီးသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ တခြားနည်းလမ်းနဲ့
လေယျာဉ်ပျံနဲ့ သွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ အဝင်အထွက် များတဲ့ နိုင်ငံတကာ လေဆိပ်ကြီးတွေမှာ
ကြည့်မယ်ဆိုရင် - တစ်မိနစ် တစ်စင်းလောက် လေယျာဉ်ပျံကြီးတွေ ဆင်းနေတာ၊ အဲဒီ တစ်မိနစ်
တစ်စင်းလောက် ဆင်းနေတဲ့ လေယျာဉ်ပျံကြီးတွေနဲ့ လူတွေ သွားလာ နေကြတာပဲ၊ အကုန်လုံး သွားလာနေတဲ့
လူတွေဟာ destination အားလုံးက တူညီကြတာ မဟုတ်ဘူး၊ သူတို့ ကိုင်ဆောင်ထားတဲ့ လက်မှတ်အတိုင်း
သွားနေ ကြတာ။
လူ့ဘုံလူ့ဘဝ
ရောက်လာတယ် ဆိုတဲ့ အခါမှာလည်းပဲ ကံဆိုတဲ့ လက်မှတ်တွေ ဝယ်ထားပြီးတော့ ထိုကံရှိရာ ကံအကျိုးပေးရာ
ဘုံကို ဦးတည်ပြီးတော့ သွားနေ ကြတာ၊ အဲဒီလို သွားနေတာကို မြတ်စွာဘုရားက မှန်းဆပြီးတော့
ဟောတာ မဟုတ်ဘူး၊ ခုနက ပြောခဲ့တဲ့ ဒိဗ္ဗစက္ခုမှာ ပါတဲ့ “ယထာကမ္မူပဂအဘိညာဉ်” ဆိုတဲ့ ဉာဏ်တော်ကြီးနဲ့
တစ်လောကလုံးကို ခြုံငုံပြီးတော့ ကြည့်လိုက်တဲ့ အခါမှာ အေး - ဒီလူကတော့ဖြင့် ဒုစရိုက်တွေ
လုပ်နေတယ်၊ ဒီလူရဲ့ သွားရာလမ်းက ဘယ်မှာလဲ ဆိုတာကို မြတ်စွာဘုရားက မြင်နေတယ်။
လမ်းကြောင်းကြီး
၅-သွယ်တဲ့၊ နေရာဌာန တစ်ခုမှာ လမ်းကြောင်းကြီး ၅-သွယ် ရှိတယ်၊ အဲဒီ လမ်းကြောင်းကြီး
၅-သွယ်ထဲမှာ တစ်ခုသောလမ်းဆုံမှာ မီးကျီး တွင်းကြီး ရှိတယ်၊ မြတ်စွာဘုရား က မြင်တယ်
- ဒီလူတစ်ယောက်ကတော့ မီးကျီး တွင်းဆီ သွားတဲ့ လမ်းပေါ် လျှောက်နေပြီ၊ လမ်းဆုံး ရင်တော့
သူ မီးကျီးတွင်းထဲ ကျပြီးတော့ ဒုက္ခရောက်မှာပဲလို့
မြင်တယ်၊ မြင်တဲ့အတိုင်းပဲ ဒီလူ လျှောက်သွားနေတာ၊ လမ်းလည်းဆုံးရော မီးကျီးတွင်းကြီးထဲ
ကျပြီးတော့ ဒုက္ခရောက်နေတယ်၊ အဲဒါ ဘယ်လို ပုဂ္ဂိုလ်မျိုးတုန်း ဆိုတော့ ငရဲဘုံ ရောက်သွားတဲ့ပုဂ္ဂိုလ်၊
သြော် … မကောင်းမှု ဒုစရိုက်တွေ လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြတ်စွာဘုရားက ဒီလူက
မီးကျီးတွင်းကြီး ရှိရာကို ဦးတည် သွားနေပြီလို့ ဒီလို မြင်တာ၊ အဲဒါက “နိရယဂတိ” ဆိုတဲ့လမ်း။
အဲဒီလို
မြတ်စွာဘုရားက ဂတိ ၅-ပါးနဲ့ ပတ်သတ်ပြီးတော့ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ မဇ္ဈိမနိကာယ်မှာ
ဥပမာတွေနဲ့ ဟောထားတာရှိတယ်၊ ထို့အတူပဲ နောက်တစ်လမ်းက “တိရိစ္ဆာနဂတိ” ဆိုတဲ့လမ်း၊ အေး
- ဒီ လူတစ်ယောက်ကတော့ ဒီလမ်းပေါ် လျှောက်နေပြီ၊ အဲဒီလမ်းရဲ့အဆုံးမှာ ဘာရှိတုန်းဆိုရင်
အင်မတန်နက်လှတဲ့ မစင်တွင်း ကြီးရှိတယ်၊ လူတစ်ယောက်ဟာ ဒီလမ်းအတိုင်း လျှောက်သွား ရင်တော့
မစင် တွင်းကြီးထဲ ရောက်တော့မှာပဲလို့ မြတ်စွာဘုရားက ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ မြင်တယ်။
ဒီလူလုပ်နေတဲ့ အလုပ်တွေက နောက်ဆုံး အဲဒီလို နိဂုံးချုပ်သွားမှာပဲလို့ ကိုယ်တော်မြတ်က
ယထာကမ္မူပဂ အဘိညာဏ်နဲ့ သိနေတာ၊ သိမြင်တဲ့အတိုင်းပဲ ပုဂ္ဂိုလ်ဟာ နောက်ဆုံးမှာ မစင်တွင်းထဲ
ကျသွားတယ်၊ ဒါက ဘယ်လိုပုဂ္ဂိုလ် တွေလဲဆိုရင် တိရိစ္ဆာန် ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ။
နောက်လမ်း
တစ်သွယ်ကတော့ လမ်းဆုံးမှာ ဘာရှိတုန်းဆိုရင် တောခေါင်ခေါင်နဲ့ သစ်ပင် ကျိုးတိုးကျဲတဲနဲ့
အင်မတန်ပူပြင်းတဲ့ အရိပ်အာဝါသကင်းမဲ့တဲ့ နေရာကြီး တစ်ခုရှိတယ်၊ ပုဂ္ဂိုလ်တစ်ယောက် လမ်းလျှောက်ရင်တော့
အဲဒီစခန်း ရောက်မှာပဲလို့ မြင်ရသလိုပဲ မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်က ပုဂ္ဂိုလ်
တစ်ဦး တစ်ယောက်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး အဲဒီလမ်းကြောင်းပေါ် တက်နေမယ်ဆိုရင် နောက်ဆုံးတစ်နေ့ဟာ
အင်မတန်မှ ပူပြင်းလှတဲ့ အရိပ်နားခိုစရာလည်း မရှိ၊ အရွက်ကျိုးတိုးကျဲတဲနဲ့ သစ်ပင်, လွင်တီးခေါင်နဲ့တူတဲ့
ပြိတ္တာဘုံကို ရောက်တော့မှာပဲ မြင်တယ်။ နောက်ဆုံးမှာ ဘုရား မြင်တော်မူတဲ့အတိုင်းပဲ
အဲဒီစခန်းရောက်သွားပြီးတော့ ပင်ပန်းဆင်းရဲစွာ နေထိုင် ရတယ်၊ ဒါက ပြိတ္တာဘုံ ရောက်သွားတဲ့
ပုဂ္ဂိုလ်တွေကို ပြောတာ။
နောက်လမ်းတစ်သွယ်
- ဆိုပါစို့ - လူတစ်ယောက်က အမြင့် တောင်ထိပ်ကနေ ကြည့်နေတယ်၊ လူတစ်ယောက်က လမ်းလျှောက်သွားတယ်၊
အဲဒီလမ်းဆုံမှာ အင်မတန်မှ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေ ရှိတယ်၊ ရေကန်ကြီးတွေ ရှိတယ်၊ အဲဒီ အရိပ်အာဝါသ ကောင်းတဲ့သစ်တောကြီး
ဆီ ဦးတည်ထားတဲ့ လမ်းကို လျှောက်သွားတဲ့ လူတစ်ယောက်ကို ကြည့်ပြီး ဒီလူဟာ ဒီလမ်းဆုံးရင်ဖြင့်
ဒီစခန်း ရောက်မှာပဲလို့ မြင်ရသလိုပဲ မြတ်စွာဘုရားက လူတစ်ယောက်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး
ဒီလူဟာ ဒီဘုံ ဒီဌာန ရောက်မှာပဲလို့ ယထာကမ္မူပဂအဘိညာဏ်နဲ့ တပ်အပ်ထင်ထင် မြင်တော်မူတယ်၊
အဲဒီ မြင်တဲ့အတိုင်းပဲ ထိုပုဂ္ဂိုလ်သည် ထိုစခန်းရောက်သွားပြီး အင်မတန်မှ အေးမြတဲ့ အရိပ်အောက်မှာ
အေးချမ်းသာယာစွာ နေထိုင်ရတယ်၊ အဲဒါ လူ့ဘုံ ရောက်သွားတဲ့ ပုဂ္ဂိုလ်၊ ဒီလိုပြောတယ်။
နောက်တစ်ခါ
လမ်းတစ်သွယ်ကတော့ အင်မတန်လှပတဲ့ ပြာသာဒ်အဆောင်ကြီး၊ အတွင်းမှာ ပရိဘောဂတွေ ပြည့်ပြည့်စုံစုံနဲ့
လေလုံမိုးလုံ ဆောက်ထားတဲ့ လှပတဲ့ ပြာသာဒ်နန်းဆောင်ကြီး သို့ ဦးတည်ထားတဲ့ လမ်းကြောင်းကြီး
ရှိတယ်၊ လူတစ်ယောက် အဲဒီလမ်းကြောင်းပေါ် လျှောက်နေတယ်၊ လျှောက်နေတာ မြင်လို့ရှိရင်
ဒီလူဟာ ဒီစခန်း ရောက်မှာပဲလို့ သိရသလိုပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သတ္တဝါတွေရဲ့
လုပ်ရပ်ကို ကြည့်ပြီးတော့ ဒီလမ်းလျှောက်နေရင် ဒီစခန်း ရောက်မှာပဲလို့ သိတော်မူတဲ့ အတိုင်း
ထိုပုဂ္ဂိုလ် နန်းပြာသာဒ်ပေါ်မှာ အေးချမ်းစွာ ချမ်းချမ်းသာသာနဲ့ ဘေးရန် အန္တရာယ်ကင်းရှင်းစွာ
ချမ်းသာသုခ ခံစားပြီး နေတာကို မြင်ရတယ်၊ အဲဒါက ဒေဝဂတိ လို့ခေါ်တဲ့ နတ်ပြည် ရောက်သွားတဲ့ပုဂ္ဂိုလ်၊
ဥပမာ ၅-မျိုးနဲ့ မြတ်စွာဘုရားက ဟောထားတယ်။
၃၁-ဘုံကို
အကျဉ်းချုံးပြီး ပြောတဲ့အခါ ဂတိ ၅-မျိုးပဲ၊
အဆိုးဆုံးက
“နိရယဂတိ” ပဲ ၊
ပြီးတော့
“တိရိစ္ဆာနဂတိ”၊
နောက်ပြီးတော့
“ပေတဂတိ”၊
နောက်ပြီးတော့
“မနုဿဂတိ”၊
အကောင်းဆုံးက
“ဒေဝဂတိ” တဲ့၊
ဟော
- ဂတိ ၅-ပါး လို့ ခေါ်တယ်။ ဒါက destination ၅-မျိုး။
အဲဒီလို
မြတ်စွာဘုရား မြင်တဲ့နေရာမှာ ဘာကို ကြည့်တာတုန်း၊ အဲဒီပုဂ္ဂိုလ်ရဲ့ ပစ္စုပ္ပန် လုပ်ရပ်ကို
ကြည့်တာ၊ ပစ္စပ္ပုန်မှာ သူလုပ်နေတဲ့ အလုပ်၊ သူလျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်ပြီး
ဆုံးဖြတ်ပြီး ပြောပြတာ၊ မြတ်စွာဘုရားက ပစ္စုပ္ပန် လုပ်နေတဲ့ လုပ်ရပ်ကိုလည်း မြင်တယ်၊
လမ်းဆုံးမှာ ဘာတွေရှိတယ် ဆိုတာကိုလည်း မြင်တယ်၊တောင်ထိပ်က ကြည့်နေတဲ့ ပုဂ္ဂိုလ်သည်
အားလုံးကို ခြုံငုံပြီး မြင်နေရသလို မြတ်စွာဘုရားက ဒိဗ္ဗစက္ခုအဘိညာဏ် - ယထာကမ္မူပဂအဘိညာဏ်
ဉာဏ်တော်ကြီးနဲ့ ဒီအလုပ်လုပ်ရင် ဒီစခန်းရောက်မယ် ဆိုတာကို တပ်အပ်မြင်တယ်၊ ဒါကြောင့်မို့
မြတ်စွာဘုရားက “သူများထံမှ ကြားရလို့ တရားဟောတာ မဟုတ်ဘူးတဲ့၊ ငါ ကိုယ်တိုင်မြင်တာ ငါ
ကိုယ်တိုင် သိတာ” လို့ ပြောတာ။
ဘာနဲ့မြင်
ဘာနဲ့ သိတာတုန်းဆိုရင် ဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ ယထာကမ္မူပဂ-ဉာဏ်နဲ့ မြင်တယ်လို့
ပြောရမှာ၊ ‘ယထာကမ္မူပဂ’ ဆိုတာ ‘ယထာကမ္မဥပဂ’ - မိမိလုပ်တဲ့ ကံအားလျော်စွာ ထိုထိုဘဝ ရောက်သွားကြတာ၊
သတ္တဝါတွေရဲ့ ကံကို ခွဲခြမ်းစိတ်ဖြာပြီး သိတယ်၊ ဒီအလုပ် လုပ်ရင် ဒီလမ်း လျှောက်ရင်
ဒီစခန်း ရောက်လိမ့်မယ်၊ ဒီအလုပ်လုပ်ရင် ဒါမျိုးဖြစ်လိမ့်မယ် ဆိုတာကို ပိုင်းပိုင်းခြားခြား
သိတာ၊ အဲဒီလို ပိုင်းပိုင်းခြားခြားသိပြီးမှ ဟောတာ၊ တစ်ဆင့်ကြားနဲ့ ဟောတာ မဟုတ်ဘူးတဲ့။
.
ကံရှိရင် ဘုံရှိ
▬▬▬▬▬
မြတ်စွာဘုရား
ဟောထားတဲ့ ၃၁-ဘုံဆိုတာ ကံကို အခြေခံပြီးတော့ ဟောတာ ဖြစ်သောကြောင့် ကံရှိတယ် ဆိုတာ လက်ခံထားတဲ့
ပုဂ္ဂိုလ်တိုင်းဟာ ၃၁-ဘုံ ရှိတယ်ဆိုတာ လက်ခံရမှာပေါ့၊ ကံ ကို လက်မခံနိုင်ရင် ၃၁-ဘုံ
ရှိတယ် ဆိုတာကို လက်ခံမှာ မဟုတ်ဘူးပေါ့၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဖန်ဆင်းတဲ့
ဝါဒကို လက်ခံတာ မဟုတ်ဘူး၊ အကြောင်းမဲ့ဝါဒကို လက်ခံတာ မဟုတ်ဘူး၊ တကယ့် အဖြစ်မှန်ကို
အကြောင်းနဲ့အကျိုး အကောင်းနဲ့အဆိုး သေချာ ခွဲခြားပြီး၊ ကိုယ်တိုင် သိရှိပြီး မြတ်စွာဘုရားက
လောကအကြောင်းကို ဟောတော်မူတယ်။
“သတ္တလောက
သင်္ခါရလောက သြကာသလောက” လို့ လောက ၃-ခု ရှိတယ်၊ အဲဒီ လောက အကြောင်းကို ကိုယ်တိုင် သိတော်မူလို့
“လောကဝိဒူ” လို့ ခေါ်တာ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရဲ့
ဂုဏ်တော် တွေဟာ အရည်အချင်း တွေချည်းပဲ၊ တခြားဘာသာ တွေက ဘုရားကြည့်မယ်ဆိုရင် သူတို့ရဲ့ဂုဏ်တွေက
သတ္တဝါတွေနဲ့ ဆက်စပ်ပြီး ပြောနေတာတွေပဲ များတယ်၊ ဖန်ဆင်းတော်မူတဲ့ စွမ်းအားတို့, သနားတော်မူတဲ့
ကရုဏာတရားတို့ ဒါမျိုးတွေချည်းပဲ များတယ်၊ ဟော - ဂေါတမ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေထဲမှာ
“ဖန်ဆင်း တော်မူတယ်” ဆိုတာ ပါလား၊ မပါဘူး၊ ဘယ်လောက် ကျေနပ်စရာ ကောင်းတုန်းဆို မြတ်စွာဘုရားရဲ့
အရည်အချင်းမှာ ကြည့် - အရဟံဆိုတဲ့ ဂုဏ်တော်လေးတစ်ခု ကြည့်လိုက်တာနဲ့ပဲ အလွန်ကျေနပ်စရာကောင်းတယ်။
.
အရဟံ အဓိပ္ပါယ်
▬▬▬▬▬▬
အရဟံကို
အဓိပ္ပါယ်မျိုးစုံ ဖွင့်ကြတယ်၊ ကျမ်းဂန်တွေမှာ အဓိပ္ပါယ် ၅-မျိုး ဖွင့်ပြတယ်၊ ၅-မျိုးထက်လည်း
ပိုပြီးတော့ ဖွင့်ပြထားတယ်၊ အဲဒီ ၅-မျိုးထဲက ကျေနပ်စရာ အကောင်းဆုံး တစ်ခု ကြည့်လိုက်မယ်ဆိုရင်
“အ+ရဟ” ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့၊ မကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ် ဆိတ်ကွယ်ရာ မရှိဘူး၊
မြတ်စွာဘုရားမှာ ဆိတ်ကွယ်ရာ မရှိဘူး၊ ဆိုလိုတာက ဆိတ်ကွယ်ရာ မရှိဘူးဆိုတာ ဆိတ်ကွယ်ရာ၌
သော်လည်း မကောင်းမှုကို မလုပ်ဘူး လို့ပြောတာ၊ ဒီကနေ့ခေတ် လူကြီးလူကောင်း လို့ ပြောတဲ့
ပုဂ္ဂိုလ်တွေ ဘယ်သူမှ မမြင်ဘူးဆိုပြီး တစ်ယောက်တည်း နေရင် မကောင်းမှု လုပ်ကောင်း လုပ်မိကြ
လိမ့်မယ်၊ မြတ်စွာဘုရားမှာတော့ အဲဒီလို ဆိတ်ကွယ်ရာ ဆိုတာ မရှိဘူးတဲ့။
လူတွေက
တစ်ယောက်တည်း နေလို့ရှိရင် ဘယ်သူမှ မြင်တာ မဟုတ်ဘဲ ဆိုပြီးတော့ လုပ်လေ့ ရှိတတ်ကြတယ်လေ၊
လူ့ရဲ့သဘာဝ အတိုင်းပေါ့၊ ကိုယ်နေချင်သလို နေမယ်၊ ကိုယ်ပြောချင်သလို ပြောမယ် ဆိုပြီး
- ဒါကိုပဲ ဂုဏ်တင်ပြီးတော့ “လွတ်လပ်မှု” လို့ သတ်မှတ်ကြတယ်၊ လူကြားထဲ သူကြားထဲ ကျတော့
ဟန်ဆောင်ကြတာ၊ လူသူမရှိဘူး ဆိုရင် လွတ်လပ်မှုလို့ သတ်မှတ်ပြီးတော့ လုပ်ချင်ရာ လုပ်ဦးမယ်၊
မြတ်စွာဘုရားမှာ မကောင်းတာ လုပ်ဖို့ လွတ်လပ်တယ် ဆိုတဲ့ နေရာ ရှိကို မရှိဘူး။
မြတ်စွာဘုရားက
ဟောတယ် - “နတ္ထိလောကေ ရဟော နာမ ပါပကမ္မံ၊ ပကုဗ္ဗတော” “မကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်အဖို့ တကယ်စင်စစ် ကတော့
ဆိတ်ကွယ်ရာဆိုတာ မရှိပါဘူး” တဲ့၊ ကိုယ်က ဆိတ်ကွယ်ရာရှိတယ်လို့သာ ထင်နေတာ၊ ဘာပြုလို့
ဆိတ်ကွယ်ရာ မရှိတုန်းဆိုတော့ “အတ္တာ ဟိ ပုရိသဇာနာတိ” ကိုယ့်ကိုယ်ကို သိနေတာပဲ၊ ဆိတ်ကွယ်ရာဆိုတာ
သူများမသိပေမယ့် ကိုယ်သိတယ်၊ ကိုယ်သိနေတာကိုကပဲ ကိုယ့်စိတ်မလုံစရာပဲ၊ ငါ ကောင်းတယ်၊
ငါ မကောင်းဘူး၊ ဘယ်သူအရင်သိလဲ၊ ကိုယ်သိတော့ ဘယ်လိုလုပ် secret လုပ်လို့ ရမတုန်း၊ ကိုယ့်ကိုယ်ကို
လိမ်လို့မှ မရတာ၊ ဟုတ်တယ် မဟုတ်လား၊ top secret လို့သာ ပြောတာနော်၊ ကိုယ်က သိနေပြီ၊
မသိတဲ့လူ ရှိမှ မရှိဘဲနဲ့၊ သိတဲ့ လူတွေချည့်ပဲ၊ နောက်ဆုံး ကိုယ့်အနားမှာ မမြင်ရတဲ့
သတ္တဝါတွေ ရှိတယ်၊ ကိုယ်ကမမြင်လို့ မရှိဘူး ထင်တာကိုး၊ Peeping Eye တွေ ဘယ်လောက် ရှိနေမှန်းမှ
မသိတာ၊ ချောင်းကြည့်နေတဲ့ မျက်လုံး တွေနော်၊ ချောင်းမကြည့် ပေမယ့်လို့ မြင်နေရတဲ့ ပုဂ္ဂိုလ်တွေ၊
လောကမှာ သူတစ်ပါးစိတ်သိတဲ့ ပုဂ္ဂိုလ်တွေ၊ ဝေးလံတဲ့ဒေသကို လှမ်းပြီး မြင်နိုင်တဲ့သူက
မြင်တယ်၊ ကိုယ်ကတော့ ဆိတ်ကွယ်ရာ ထင်ပြီးတော့ လုပ်နေတာ၊ တကယ်ကတော့ ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့၊
“မြတ်စွာဘုရားရဲ့ အရည်အသွေးက မကောင်းတာ ဆိုရင် ဆိတ်ကွယ်ရာ တောင်မှ မလုပ်ဘူး” ဆိုရင်
ကမ်းကုန်နေပြီပေါ့၊ ဒါကြောင့်မို့ ကျေနပ်စရာကောင်းတယ်။
.
သမ္မာသမ္ဗုဒ္ဓေါ
▬▬▬▬▬
“သမ္မာသမ္ဗုဒ္ဓေါ”
ကြည့်လိုက်ဦးမလား၊ အလွန်ကျေနပ်စရာ ကောင်းတယ်၊ ‘သမ္မာ’ ဆိုတာ မှန်တဲ့အတိုင်း၊ ‘သမ်’
- ကိုယ်တိုင်၊ ‘ဗုဒ္ဓ’ - သိတယ်၊ မှန်ကန် တဲ့အတိုင်း ကိုယ်တိုင်သိတာတဲ့၊ သူများက သင်ပေးလို့၊
သူများဆီကတစ်ဆင့် သိရတာမျိုး မဟုတ်ဘူး၊ ကိုယ်တိုင်သိတာ၊ ကိုယ်တိုင်သိတာနဲ့ သူများဆီက
တစ်ဆင့် သိတာနဲ့ ဘယ်တူမလဲ၊ သူများဆီက တစ်ဆင့်ကြားတာ ပြောလို့ ရှိရင်တော့ လွဲချင် လွဲမှာပေါ့၊
ဟိုလူက မှားနေရင် ကိုယ်လည်း မှားမှာပေါ့၊ ကိုယ်တိုင်သိတာ ကျတော့ အမှားမှ မရှိတော့တာကိုး၊
အေး … ဒါကြောင့်မို့ မြတ်စွာဘုရားက အင်မတန်မှ ကျေနပ်စရာ၊ အားကိုးစရာ ကောင်းတယ်၊ “သမ္မာသမ္ဗုဒ္ဓေါ”
တဲ့။
.
ဝိဇ္ဇာစရဏသမ္ပန္နော
▬▬▬▬▬▬▬
“ဝိဇ္ဇာစရဏသမ္ပန္နော”
ကြည့်လိုက်ဦးမလား၊ “ဝိဇ္ဇာ” ဆိုတာ ပညာဘက်က ပြည့်စုံနေပြီ၊ အေး ... ပညာတော့ တော်ပါရဲ့
အကျင့်ကတော့ မကောင်းဘူး” လို့ ပြောရမယ့် ပုဂ္ဂိုလ်မျိုးလည်း မဟုတ်ဘူး၊ ‘စရဏ’ ဆိုတဲ့
အကျင့်တရားနဲ့လည်း ပြည့်စုံတယ်၊ အသိဉာဏ် ဘက်ကလည်း ပြည့်စုံတယ်၊ အကျင့်ဆိုတဲ့ စရဏ တရားဘက်ကလည်း
ပြည့်စုံတယ်ဆိုတော့ အကျင့်လည်း ကောင်းတယ်၊ အသိဉာဏ်လည်း ထက်မြက်တယ် ဆိုတော့ သြော် -
လမ်းညွှန်ပေးဖို့ရာ အတွက် လုံလောက်တဲ့ အနေအထား ရှိတယ်၊ တခြားဘုရားတွေမှာ ဒီလို ဂုဏ်မျိုးတွေ
မရှိဘူး၊ သူတို့စာအုပ်တွေ ဖတ်ကြည့်၊ ဒီဂုဏ်မျိုး မတွေ့ရဘူး၊ ဖန်ဆင်းတော်မူတဲ့ အရှင်သခင်တဲ့
ဒါပဲနော်၊ တစ်ခါတစ်လေ ဖန်ဆင်းတော်မူတဲ့ အရှင်သခင်က စိတ်ဆိုးတော် မူသေးတယ်၊ စိတ်ဆိုးတော်မူ့ပြီးတော့
ဒဏ်ခတ်တော် မူလိုက်သေးတယ် ပေါ့၊ သူခိုင်းတာ မလုပ်ရ ကောင်းလား ဆိုပြီး စိတ်ဆိုးပြီးတော့
ဒဏ်ခတ်တော် မူသေးတယ်၊ ဂေါတမ မြတ်စွာဘုရားက ဒါမျိုးမှ မဟုတ်ဘဲကိုး။
တချို့က
တူတယ် ထင်တာ၊ ဘုရားဆိုတာ တစ်ဆူတည်းပဲ ရှိတယ် ဆိုပြီးတော့ ယောင်ယောင်ဝါးဝါး လုပ်ပြီး
ပြောတတ်ကြတယ်၊ ဘုရားဆိုတာ တစ်ဆူတည်းပဲတဲ့၊ အဲဒီ တစ်ဆူဆိုတာ ဘယ်သူတုန်းဆိုရင် သူတို့ယုံကြည်တဲ့
ဘုရား၊ တကယ်ကတော့ ဂေါတမမြတ်စွာဘုရားဟာ အဲဒီ အရည်အသွေးကြောင့် ဘုရားဖြစ်တာ၊ ဒါဘုရားရဲ့
အရည်အသွေးလို့ ခေါ်တယ်၊ “ကဲ - ဘုရားဆိုရင် ပြောစမ်း၊ ဒီ အရည် အသွေးတွေ ရှိရဲ့လား” လို့
မေးရမှာ၊ ဒီ အရည်အသွေးတွေ မရှိဘူးလား၊ ဥပမာ - အကျင့်လည်း မကောင်းဘူး၊ အသိဉာဏ်လည်း မပြည့်စုံဘူး
ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လမ်းညွှန်မှုဟာ ဘယ်လို လုပ် မှန်နိုင်မှာတုန်း၊ သူဟောပြောတဲ့
စကားလည်း ဘယ်လိုလုပ် စိတ်ချရမှာတုန်းတဲ့။
.
သုဂတော
▬▬▬▬
“သုဂတော”
- ကိုယ်တိုင်ကျင့်ပြီးတော့ ပေါက်ရောက်သွားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ ကိုယ်တိုင် မကျင့်ဘဲနဲ့
ဟောနေတာ မဟုတ်ဘူး၊ ‘သုဂတ’ ဆိုတာ အောင်မြင် ပေါက်ရောက်ပြီးသား ပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့်
အကျိုးရှိတဲ့စကား၊ မှန်တဲ့စကား၊ သူများ မကြိုက်ချင် နေပါစေ၊ အကျိုးရှိပြီး မှန်ကန်တဲ့
စကားဆိုရင် အခါ အားလျော်စွာ ပြောဆိုတယ်။
တစ်နည်းအားဖြင့်လည်းပဲ
‘သုဂတ’ ဆိုတာ “သုန္ဒရံနိဗ္ဗာနံ ဂစ္ဆတိ” ကိုယ် ကိုယ်တိုင် အောင်မြင် ပေါက်ရောက်ပြီးတဲ့
ပုဂ္ဂိုလ်။ ကိုယ်ကိုယ်တိုင် ရောက်တဲ့ နေရာကို
လမ်းညွှန်မှု ပြုတယ်ဆိုတာ ကိုယ်ကိုယ်တိုင်မှ မရောက်ဘူးဘဲ သူများကို ပို့ပေးတယ်ဆိုတာ
ဟုတ်မှ မဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင် သွားပြီးတော့ ကိုယ်ကိုယ်တိုင် ရောက်တဲ့နေရာကို ပို့ပေးတာ၊
လမ်းညွှန်ပေးတာ၊ ဒါကြောင့်မို့ ‘သုဂတ’ အောင်မြင် ပေါက်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်လို့ ဒီလိုအဓိပ္ပါယ်
တစ်မျိုးနဲ့ ဖွင့်ဆိုတာ ရှိတယ်နော်။
.
လောကဝိဒူ
▬▬▬▬
နောက်တစ်ခုက
“လောကဝိဒူ” တဲ့၊ ကျေနပ်စရာ ကောင်းတာပဲ၊ ခုနကပြောတဲ့ သတ္တလောက သင်္ခါရ လောက သြကာသလောက
- လောကရဲ့ အကြောင်းကို ကုန်စင်အောင် သိထားတယ်၊ ကုန်စင်အောင် သိထားတဲ့ပုဂ္ဂိုလ် ဖြစ်သည့်အတွက်
ကြောင့် လောကအကြောင်း ဟောနိုင်တယ်။
လူတွေအကြောင်း
ကောင်းကောင်းသိတယ်၊ သတ္တလောက ဆိုတဲ့ သတ္တဝါတွေ အကြောင်း ကောင်းကောင်း သိတယ်။
အေး
- ဘယ်စိတ်တွေမွေးရင် ဘယ်လိုအကျိုးတွေ ပေးမယ်၊ ဘယ်ကို ရောက်မယ်၊ ထိုသတ္တဝါတွေ ရောက်မယ့်
ဘုံတွေရဲ့ အခြေအနေတွေကိုလည်း အကုန်သိနိုင်တယ် - သြကာသလောက။
သင်္ခါရလောကဆိုတာ
အကြောင်းတရားတွေက စုပြီးတော့ ဖန်တီးထားတဲ့ သင်္ခါရလောကရဲ့ မမြဲတဲ့ ပုံတွေကိုလည်း ပြည့်ပြည့်စုံစုံ
သိတယ်၊ မြတ်စွာဘုရား မကျန်မကြွင်းအောင် အကုန်လုံးသိတာ။
ကျေနပ်လောက်စရာ
ကောင်းတာက သိစရာမှန်သမျှကို ဉာဏ်တော်ကြီးက အကုန် လုံးသိတယ်၊ အဲဒါကို စာပေမှာ ဘယ်လိုပြောတုန်း
ဆိုရင် “ယာဝတကံ၊ ဉေယျံ ယာဝတကံ ဉာဏံ” တဲ့၊ သိစရာရှိသလောက် ဉာဏ်ကြီးကလည်း ကျယ်တယ်၊ ဉာဏ်ရဲ့
အတိုင်းအတာက ရှိတယ်၊ သိစရာ တွေက အတိုင်းအတာ
အတိုင်း တစ်မိုင် ပတ်လည်ရှိရင် ဉာဏ်ကြီးကလည်း တစ်မိုင်ပတ်လည် ရှိတယ် ပေါ့၊ ဒါကိုပြောတာ၊
ဉာဏ်နဲ့သိစရာ မကြွင်းမကျန်၊ သိစရာတွေက တစ်မိုင်ပတ်လည်
ရှိတယ်၊ ဉာဏ်လေးက တစ်ထွာပတ်လည် လေးလောက်ဆို ဘယ်ရမတုန်းပေါ့၊ ဘယ်ကုန် မှာလည်း အများကြီး
ကျန်သေးတယ်၊ မြတ်စွာဘုရားကျတော့ အဲဒီလို မဟုတ်ဘူး၊ အကုန်သိလိုက်တယ် ဆိုတော့ ဘာမှ မကျန်ဘူးလို့
ပြောတယ်၊ ဘာမှ မကျန်ဘူး၊ အဲဒီလို မကျန်အောင်သိတာ လောကဝိဒူ။
မြန်မာပြည်မှာ
တစ်ချိန်တုန်းက မြတ်စွာဘုရားနဲ့ ပတ်သက်ပြီးတော့ စောဒက တက်တယ်၊ ဘုရားရဲ့ဉာဏ်နဲ့ ပတ်သက်ပြီး
“သဗ္ဗညုတဉာဏ်” ဆိုတာ ရှိသလားလို့ မေးခွန်းထုတ်တယ်၊
ဒီလို ပုဂ္ဂိုလ်မျိုးတွေကလည်း ပေါ်ထွက်လာသေးတယ်နော်၊ တချို့ကလည်း ရောယောင်ပြီးတော့
လျှောက်ပြီးတော့ စာတွေထဲမှာ ရေးကြတာတွေ ရှိတယ်၊ “ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒ” လို့ နာမည်တပ်ပြီး
အဲဒီထဲမှာ ကိုယ့်ဝါဒတွေ ရေးတာတွေ ရှိသေးတယ်၊ အင်မတန်မှ သတိထားစရာ ကောင်းတယ်ပေါ့။
အဲဒီထဲမှာ
ဘယ်လိုရေးထားတုန်းဆိုရင် မြတ်စွာဘုရားက သူ့ကိုယ်သူ “သဗ္ဗညုတဉာဏ်” ရှိတယ်လို့ ဝန်မခံဘူးတဲ့၊ သူက refer လုပ်တဲ့ ညွှန်းတဲ့
သုတ်တွေဟာ ဘာသုတ်တွေတုန်း၊ အဲဒီ ညွှန်းတဲ့ သုတ်တွေထဲမှာ ဘယ်လိုအဓိပ္ပါယ် ရှိတုန်း သေချာဖတ်ပုံ
မရဘူး၊ အဲဒီထဲမှာ “သတတံ သမိတံ ဉာဏဒဿနံ ပစ္စုပဋ္ဌိတံ ဟောတိ” အဲဒီ စကားလုံးလေးတွေ ပါတယ်။
တခြား
ဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒရှိတဲ့ မာက္ခလိဂေါသာလ စတဲ့ပုဂ္ဂိုလ်တွေက သူတို့မှာလည်း သဗ္ဗညုတဉာဏ်
ရှိတယ်လို့ ဝန်ခံကြတယ်၊ သူတို့ဝန်ခံတဲ့ သဗ္ဗညုတဉာဏ်က ဘယ်လို အမျိုးအစား တုန်းဆိုရင်
“အိပ်နေတုန်းဖြစ်စေ ရပ်နေတုန်းဖြစ်စေ သွားနေတုန်းဖြစ်စေ ဘယ်အချိန်မှာမဆို သူ့ဉာဏ်က
ရှိနေတယ်” အဲဒီ စကားလုံးကို သတိထားရမယ်။ present ဆိုတာ ထာဝရ အမြဲ ရှိတယ်ဆိုတာ၊ အဲဒီလို
ဉာဏ်မျိုးတော့ မြတ်စွာဘုရားမှာ မရှိဘူး၊ ကျိန်းစက်တော် မူနေတဲ့အချိန် ဘယ်ဉာဏ်ရှိမလဲ၊
ကျိန်းစက် နေရင်တော့ ဘဝင်စိတ်ပဲ ရှိမှာပေါ့၊ မီးကြီးထွန်းထားရင် လင်းနေသလို အချိန်မရွေး
လင်းနေတယ်လို့ ဒီလို ဝန်ခံနိုင်မလား၊ ရယ်စရာကြီးပေါ့။
မြတ်စွာဘုရား
ကိုယ်တိုင်ကလည်း ဝေဖန်ထားတယ်၊ “အေး - တချို့ ဘုရားတွေဟာ သူတို့မှာ အိပ်နေတုန်းရော နိုးနေတုန်းရော
သွားနေတုန်းရော ထိုင်နေတုန်းရော အမြဲတမ်း ဉာဏ်တော်ကြီးက လင်းနေတယ်လို့ ပြောတယ်၊ ဒါပေမယ့်လို့
လမ်းမှားလို့, လမ်းမသိလု့ိ လမ်းမေးရတာ ရှိတယ်တဲ့၊ နာမည်မသိလို့ မေးရတာ ရှိတယ်တဲ့၊ မဟုတ်တဲ့လမ်း
ရောက်သွားလို့ ဒုက္ခရောက်သွား ရတာတွေ ရှိတယ်” တဲ့၊ ကဲ ဘယ်လို လုပ်မတုန်း၊ အမြဲတန်း
ဉာဏ်ကြီး ရှိနေရင် လမ်းမှားပါ့မလား၊ မှားနိုင်ဘူး လမ်းမေးစရာရော လိုသေးသလား၊ မလိုဘူး။
မြတ်စွာဘုရားမှာ
ရှိတဲ့ သဗ္ဗညုတဉာဏ် ဆိုတာ ဘယ်လိုဟာတုန်း ဆိုတာ သိချင်လို့ ကြည့်လိုက်လို့ရင် မချွင်းမချန်
အကုန်သိတယ်၊ သိချင်ပြီ၊ ဉာဏ်ကိုအသုံးချပြီ၊ ဉာဏ်ဆိုတာ ဓားလိုပဲလေ၊ အိမ်ထဲ ထည့်ထားလို့ရှိရင်
ဘယ်ခုတ်လို့ ရမလဲ၊ ထုတ်ပြီး အသုံးပြုပြီ ဆိုလို့ရှိရင် ဖြစ်နိုင်စွမ်းရှိတယ်လို့ ဒါပြောတယ်။
သဗ္ဗညုတဉာဏ်
ဆိုတာ အကြောင်းအရာ တစ်ခုကို သိချင်လို့ ကြည့်လိုက်ပြီဆိုရင် ဘာမှ မကျန်အောင် အပိတ်အပင်
အတားအဆီး မရှိတာ “အနာဝရဏ” လို့ ခေါ်တယ်။ အပိတ်အပင် အတားအဆီး မရှိတဲ့ဉာဏ်၊ ပစ္စုပ္ပန်မှာပဲ
ဖြစ်စေ၊ အတိတ်မှာပဲ ဖြစ်စေ၊ အနာဂတ်မှာပဲ ဖြစ်စေ ဘယ်လောက်ပဲ ဝေးကွာ ဝေးကွာ၊ ဘယ်လောက်
နက်နဲနက်နဲ၊ ဘယ်လောက် ခက်ခဲခက်ခဲ သိချင်လို့ ကြည့်လိုက်မယ် ဆိုရင် အကုန် မြင်ရတယ်လို့
ပြောတာ၊ အကုန် သိရတယ်လို့ ပြောတာ၊ မသိချင်ဘူး ဆိုတဲ့အချိန် ဒီဉာဏ်က ဘယ် အလုပ်လုပ်မလဲ၊
ဒါ သဘာ၀ မဟုတ်ဘူး၊ မသိချက်ဘဲနဲ့ သူ့ဟာသူ အလိုလို လာသိနေရင် ဘယ်လိုလုပ် အိပ်လို့ရမတုန်း၊
present ဆိုတာ မဖြစ်နိုင်ဘူးပေါ့။
အဲဒီတော့
မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ် ဟာ ခုနကလို အိပ်နေတုန်း အမြဲတမ်းရှိတဲ့ ဉာဏ်မျိုးတော့
ဘုရားက လက်မခံဘူး၊ အဲဒီလို လက်မခံတာကို ရောယောင်ပြီး ဘုရားက “သဗ္ဗညုတဉာဏ်” လက်မခံဘူးလို့
ရေးတဲ့ပုဂ္ဂိုလ် မြန်မာပြည်မှာ ရှိတယ်၊ ပြီးတော့ အဲဒီလို စာအုပ်ထဲမှာပဲ နိုင်ငံခြားက
ရေးတာတွေကို အဟုတ် ထင်နေတယ်။ တချို့ မြန်မာပြည်က အင်္ဂလိပ်စာ တတ် ပုဂ္ဂိုလ်တွေကလည်း
အင်္ဂလိပ်လို ရေးလိုက်လို့ရှိရင် အဟုတ် ထင်နေတာ၊ အဲဒါလည်း သတိထားစရာလေး တစ်ခုပါပဲ။
အခုလို
ပြောရတာဟာ သူများကို ပြစ်တင်ကဲ့ရဲ့ ရှုတ်ချချင်လို့ ပြောတာ မဟုတ်ဘူး၊ သတိထားဖို့ ပြောတာ၊
နိုင်ငံခြားက အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေကို ကိုးကားပြီးတော့ နောက် ယောင်လိုက်ထားတဲ့
စာအုပ်တွေထဲမှာ ဘာတွေ ရေးထားလဲ၊ မြတ်စွာဘုရားက ၃၁-ဘုံကို လက်မခံ ဘူးတဲ့၊ ဗြဟ္မာ့ပြည်ရှိတယ်
ဆိုတာ မြတ်စွာဘုရားက လက်မခံဘူးတဲ့၊ အဲဒါကို ထည့်ထားတယ်၊ ထည့်ထားပြီးတော့ ဘာကို အကိုးအကားပြတုန်း
ဆိုတဲ့အခါ “တေဝိဇ္ဇသုတ်”မှာ မြတ်စွာဘုရားက ဝါသေဋ္ဌဆိုတဲ့ ပုဏ္ဏားကို -
“မင်းတို့ဆရာတွေရော
ဗြဟ္မာကို မြင်ဖူးလား” လို့ မေးတယ်၊
“မမြင်ဖူးပါဘူး”၊
“ဒါဖြင့်
ဆရာ့ ဆရာကြီးတွေရော မြင်ဖူးလား၊”
“မမြင်ဖူးပါဘူး”၊
“ဒါဆို
မင်းတို့ ဝေဒကျမ်းပြု ရှေးက ဆရာကြီးတွေရော မြင်ဖူးလား၊” ဆိုတော့
“မမြင်ဖူးပါဘူး”၊
“ဒါဖြင့်
မင်းတို့ဟာ မမြင်ဖူးဘဲနဲ့ ပြောနေကြတာ၊ ရှေ့လူတွေကလည်း မမြင်ဖူး၊ နောက်က လူကလည်း မမြင်ဖူးဘူး
ဆိုတဲ့ မျက်မမြင် သူကန်းတွေရဲ့ အစဉ်အတန်းကြီး ဖြစ်နေတာပေါ့” လို့ မြတ်စွာဘုရားက မိန့်တယ်။
ဒီအချက်ကို
အထောက်အထားပြုပြီး မြတ်စွာဘုရားက ဗြဟ္မာမရှိဘူး လို့ ပြောတယ်လို့ မှတ်ချက် ချတယ်။ အဲဒီ
စာပိုဒ်လေးရဲ့နောက်ကို ဆက်ဖတ်လိုက်လို့ ရှိရင် ဘုရားက ဘယ်လိုပြောတာတုန်း ဆိုတာ ရှိတယ်၊
အဲဒါကိုတော့ မြှုပ်ထားလိုက်တယ်၊ မြတ်စွာဘုရားက ဘယ်လိုဆက်ပြောတုန်းဆိုရင်
“ဝါသေဋ္ဌ
- ငါက ဗြဟ္မာကိုလည်း မြင်ဖူးတယ်၊ ဗြဟ္မာပြည် ရောက်ကြောင်းတရား ကိုလည်း သိတယ်” အဲဒါကျတော့
ထည့်မရေးဘူး။
ဒါကြောင့်မို့လို့
Buddhism ကို လေ့လာမယ် ဆိုရင် မူရင်းကျမ်းကို ဖတ်ရမယ်၊ မြတ်စွာဘုရား တရားတော်ကို လေ့လာမယ်ဆိုရင်
မူရင်းကျမ်းကို ဖတ်ဖြစ်အောင် ဖတ်ပါ၊ ကိုးကား ထားတာလေးနဲ့ မကျေနပ်နဲ့၊ ဗုဒ္ဓရဲ့အယူဝါဒကို
မိမိရဲ့ အယူအဆတွေနဲ့ polluted မလုပ်နဲ့၊
polluted
ဆိုတာ ညစ်နွမ်းစေတာ၊
လေကို
ညစ်နွမ်းစေတာ air pollution၊
ရေကို
ညစ်နွမ်းစေတာ water pollution၊
အသံတွေ
ဆူညံနေပြီ ဆိုရင် noice pollution၊
အလင်းရောင်တွေ
သိပ်များနေလို့ ရှိရင် light pollution၊
ဒါမျိုးကတော့
view pollution ပေါ့။
အဲဒါကြောင့်
အင်မတန် သတိထားစရာ ကောင်းတယ်။
မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ် ဟောထားတဲ့ မူရင်းကျမ်းထဲက တစ်ပိုင်း တစ်စတော့ လက်ခံတယ်၊ တစ်ပိုင်းတစ်စတော့
လက်မခံဘူးဆိုရင် ဘာနဲ့တူတုန်း ဆိုရင် “ငါကြိုက်တာ အမှန်၊ ငါမကြိုက်တာ အမှား” ဒီပုံစံမျိုး
ရောက်နေတယ်နော်၊ မကိုးကားဘူး ဆိုရင် တစ်ခုမှ မကိုးကားနဲ့လေ၊ ကိုးပြီ ဆိုလို့ရှိရင်
ချန်မထားနဲ့၊ အကုန်ကိုးရမယ်။ ရှေ့စကား နောက်စကားက အကုန်လုံး ပြည့်ပြည့်စုံစုံ ထည့်ရမယ်၊
ကိုယ်လိုချင်တဲ့ အပိုဒ်ကလေးကို ဖြတ်ယူပြီးတော့ ကိုယ်လိုချင်တဲ့နိဂုံး conclusion ဆွဲတာကတော့
အင်မတန်မှ ဆိုးဝါးပါတယ်၊ ဒါမျိုးတွေ ရှိတယ်လို့ ပြောတာ။
ဘုန်းကြီးတို့
ငယ်ရွယ်စဉ် ကတည်းက အဲဒီစာအုပ်ကို ဖတ်ဖူးတယ်၊ စိတ်ဝင်စားလို့ ဖတ်ထားပြီးတော့ အဲဒီစာအုပ်ရဲ့
ရှေ့ပိုင်း စာရွက်အလွတ်မှာ ရေးထားတယ်၊ ဤစာအုပ်သည် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ဟု နာမည် တပ်ထားသော်လည်း
သူ့ဝါဒတွေကိုသာ တင်ပြထားသည်ဖြစ်၍ ဖတ်တဲ့လူတိုင်း သတိထား၍ ဖတ်ကြပါလို့ ရေးထား လိုက်တယ်။
တကယ်တန်းတော့ ဘုရားဝါဒအစစ် ဟုတ်မှ မဟုတ်တာဘဲနော်၊ သူကိုးတဲ့ စာအုပ်တွေကြည့်၊ ဟုတ်မှ
မဟုတ်တာ၊ တချို့ကျတော့ ဘာတုန်းဆိုရင် interpretation problem ပေါ့၊ အဓိပ္ပါယ် ကောက်ယူမှုတွေ
မမှန်ဘူး၊ သုတ္တန်တစ်ခု ဆိုလို့ရှိရင် စပ်မိလို့ ပြောရဦးမယ်၊ “အတ္ထိ အတ္တာ၊ နတ္ထိ အတ္တာ”
ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ဘာသာပြန်ထားတာ တလွဲပြန်ပြီး “မြတ်စွာဘုရားက ‘အတ္တ’
ကို ရှိတယ်လို့လည်း မပြောဘူး၊ မရှိဘူးလို့လည်း မပြောဘူး၊ ယောင်လည်လည် လုပ်ထားတယ်” ဆိုတဲ့
ပုံစံမျိုး ရေးထားတယ်၊ တကယ်ကတော့ ယောင်လည်လည် က သူလုပ်နေတာ၊ အဲဒါကို ဘုရားကို ယောင်လည်လည်
လုပ်တယ်လို့ ရေးထားတယ်၊ ဘာသာပြန် တာက မှားနေတာ။
‘အတ္ထိ
အတ္တာ’ ဆိုတဲ့ နေရာမှာ ‘အတ္ထိ၊ နတ္ထိ’ ဆိုတာ သာမန်အဆင့်ကို ပြောတာမဟုတ်ဘူး၊ ‘အတ္ထိ’
ဆိုတဲ့ အရှိကို “ထာဝရအရှိ” လို့ ပြောတာ၊ ‘အတ္တ’ ဆိုတဲ့ ယူဆချက် သဘာဝဟာ တကယ်ရှိတယ်၊
ထာဝရ ရှိနေတာလားလို့ မေးရင် ဒါ ‘သဿတဝါဒ’ မေးခွန်းပဲ၊ အတ္တသည် အမြဲထာဝရ ရှိနေတာလား၊ အတ္တကို ကိုင်ပြီးတော့ မေးတဲ့မေးခွန်း၊ ‘အတ္တသည်
ထာဝရ ရှိနေသလား” လို့ ဒီလိုပြန်ရမှာ၊
အဲဒီလို
မပြန်ဘဲနဲ့ “အတ္တ ရှိသလား” လို့ ပြန်လိုက်တာ ဆိုတော့ interpretation က မှန်မှ မမှန်တာ၊
ဘာသာပြန်တာ မှားသွားတာ၊ “အတ္ထိ” အတ္တာ ရဲ့ အဓိပ္ပါယ်က “အတ္တသည် ထာဝရ ရှိနေတာလား” လို့
မေးတာ၊ “ထာဝရ မြဲနေသလား” လို့ မေးတဲ့သဘောပဲ၊ မြတ်စွာဘုရားက အတ္တကိုမှ လက်မခံ ထားတဲ့အတွက်ကြောင့်
“အတ္တိ နတ္ထိ” ရှိမရှိ ဆိုတာ ဘယ်လိုလုပ် ဖြေမှာတုန်း၊
မရှိတဲ့
အတ္တကို မြဲသလား၊ မမြဲဘူးလား လို့မေးရင် ဘယ်လိုဖြေလို့ ရမလဲနော်၊ ဖြေလို့မရတဲ့ မွေးခွန်းကြီး၊
ဒါကြောင့် မြတ်စွာဘုရားက မဖြေတာကိုပဲ ဘုရားကို ယောင်လည်လည် လုပ်တယ် လို့ ထင်အောင် ရေးကြသေးတယ်၊
ဒါလည်း သတိထား စရာ အချက်ပဲ။
အဲဒီတော့
၃၁-ဘုံ ကို ဒီ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာတင် ရေးတာမဟုတ်ဘူး၊ တခြားနေရာ တွေမှာလည်း ဘုံတွေအကြောင်း
ပါတာပဲ၊ ဒီ ၃၁-ဘုံဆိုတာ ရမ်းသန်းပြောတဲ့ ဘုံတွေ
မဟုတ်ဘူး၊ ဒီအလုပ် လုပ်လို့ရှိရင် ဒီအကျိုးမျိုး ရမယ်၊ ဒီလမ်းလျှောက်ရင် ဒီစခန်း ရောက်မယ်လို့ပြောတဲ့
ဘုံတွေချည်းပဲ။
ဘယ်လို
သတ္တဝါတွေက ဘယ်ဘုံကို ရောက်တယ်၊ သူတို့တွေရဲ့ ပဋိသန္ဓေစိတ်တွေက ဘာတွေလဲ၊ ထိုဘုံမှာ
ဘယ်လို နေရတယ်၊ ထိုင်ရတယ် ကအစ အသေးစိတ် ပြောထားတာ၊ တိတိကျကျ ပြောထားတာ၊ ရမ်းသန်းပြီးတော့
ပြောတဲ့ ဟောတဲ့တရား မဟုတ်ဘူးတဲ့၊ ဒါကြောင့်မု့ိ ၃၁-ဘုံဝါဒက ဘုရားဟော မဟုတ်ဘူး၊ မျက်စိနဲ့
မမြင်ရလို့ မရှိဘူးလို့များ တချို့တလေ အယူအဆ မှားယွင်းမှာ စိုးလို့ ပြောပြတာနော်။
ရှိနိုင်တယ်ဆိုတာ
သေချာတယ်။ ကိုယ်မမြင်ရပေမယ့် ရှိနေတာတွေ လောကမှ အများကြီးပဲ၊ လူတွေ မြင်ရတာ လူအချင်းချင်းတော့
မြင်ရမှာပေါ့၊ တိရစ္ဆာန်တွေကို မြင်ရတယ်၊ အဲဒီတော့ ငရဲဆိုတာ မမြင်ရဘူး၊ ပြိတ္တာဆိုတာ
မမြင်ရဘူး၊ နတ်တွေဆိုတာ မမြင်ရဘူး၊ မမြင်ရတာနဲ့ မရှိဘူးလို့ ပြောလို့မရဘူး၊ ကံတရားတွေ
ရှိနေတယ်၊ မတူညီတဲ့ ကံတရားတွေက မတူညီတဲ့ ဘုံဘဝကို ဖန်တီးမှာပဲလေ၊ မတူညီတဲ့ ဘုံဘဝကို
ရပြီးတော့ မတူညီတဲ့ ဘဝမှာ နေကြရမှာဖြစ်တယ်။
ဒါကြောင့်မို့
ကိုယ်မသိပေမယ့်လို့ ဘုံဘဝတွေဟာ မတူညီဘူး ဆိုတာ ဥပမာနဲ့ ပြောရရင် သမထကျင့်စဉ်တစ်ခုကို
ကျင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သမထကျင့်စဉ်ကို မကျင့်တဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့ အတူတူ
ဖြစ်ရမယ်ဆိုတာ ယုတ္တိ ရှိပါ့မလား၊ သမထကျင့်စဉ် တစ်ခုကို ကျင့်လို့ ဈာန်ရသွားတယ်၊ ပထမဈာန်ရတယ်၊
ဒုတိယ ဈာန်ရတယ်၊ တတိယဈာန်ရတယ်၊ စတုတ္ထဈာန်ရတယ်၊ ပဉ္စမဈာန်ရတယ်၊ ဟော - အင်မတန် ထူးခြားတဲ့
ဈာန်ရမယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေဟာ အတူတူပဲ ဖြစ်ရမယ်ဆိုရင် ဘာထူးမှာတုန်း။
အဲဒီတော့
ဒီဈာန်အဘိညာဏ် ရထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ဖြစ်ရာ ဗြဟ္မာဘုံဆိုတာ ရှိကိုရှိရမှာပေါ့၊ ဘာပြုလို့တုန်း
ဆိုရင် မတူညီတဲ့ လုပ်ရပ်တွေ သူ့မှာရှိတယ်၊ ထူးခြားတဲ့ လုပ်ရပ်တွေကို လုပ်ထားတယ်၊ ဒါ
‘အနုမာန’ လို့ ခေါ်တယ်၊ အဲဒီ မသိတဲ့ပုဂ္ဂိုလ်တွေ တိုက်ရိုက် မြင်နိုင်တဲ့ နည်းလမ်း
ကတော့ ဒိဗ္ဗစက္ခုရအောင် ကျင့်ပြီးတော့ ဒိဗ္ဗစက္ခု ရရင်တော့ သေချာပေါက် မြင်ရပြီပေါ့၊
ဒိဗ္ဗစက္ခု မရတဲ့ ပုဂ္ဂိုလ်ကတော့ “အနုမာန” နဲ့ မှန်းပြောလို့ ရပါတယ်။
‘အနုမာန’
ဆိုတာ အကျိုးကို မြင်လို့ရှိရင် အကြောင်းကို ဖော်ထုတ်နိုင်တယ်၊ အကြောင်းကို မြင်လို့
ရှိရင်လည်း အကျိုးကို ဖော်ထုတ်လို့ ရတယ်၊ ဒါကို ‘အနုမာန’ inference လို့ ခေါ်တယ်၊ မှန်းဆပြီးတော့
ပြောတာ၊ အဲဒီ မှန်းဆချက်ဟာလည်း အလွန်မှန်ကန်တဲ့ မှန်းဆချက်၊ ‘အနုမာန’ ဆိုတာ မှန်ကန်တဲ့
မှန်းဆချက်၊ ကြည့်လေ - မီးခိုးတလူလူ ထွက်နေလို့ရှိရင် လူတိုင်းလူတိုင်းက ပြောနေကြတာပဲ၊
မီးခိုးထွက်နေတဲ့နေရာ သွားကြည့် - မီးရှိနေတယ် ဆိုတာ သိနေတာပဲ ဒါကိုပြောတာ၊ မီးမမြင်ဘူး၊
မီးခိုးပဲ မြင်တာနော်၊ သို့သော် ဒီမီးခိုးဆိုတာ မီးကထွက်တာ ဆိုတော့ မီးရှိတယ် ဆိုတာ
ပြောလို့ ရတာပေါ့၊ အောက်အရပ်မှာ မြစ်ရေတွေ တိုးနေလို့ရှိရင် အထက်အညာမှာ မိုးတွေ ကြီးနေတယ်လို့
ပြောလို့ မရဘူးလား၊ “ရပါတယ်ဘုရား”၊ ပြောတဲ့အတိုင်းရော မမှန်ဘူးလား၊ “မှန်ပါတယ်ဘုရား”၊
ဒါ အကျိုးတရားကို ကြည့်ပြီးတော့ အကြောင်းတရားကို ဖော်ထုတ်တဲ့နည်းတဲ့၊ အဲဒါ ‘အနုမာန’
နည်းလို့ ခေါ်တယ်။
အကြောင်းတရားကို
ကြည့်ပြီးတော့လည်း အကျိုးတရားကို ပြောနိုင်တာပဲ၊ ဒီလူုက မကောင်းတဲ့လမ်း လျှောက်နေတယ်၊
မဟုတ်တာတွေ လုပ်နေတယ်၊ ဒုက္ခရောက် လိမ့်မယ်၊ ဟော - ရောက်တာပဲ၊ အကြောင်းကို ကြည့်ပြီးတော့ အကျိုးကို
ဆုံးဖြတ်တဲ့ နည်း၊ စာကြိုးစားနေတဲ့ ကလေးတစ်ယောက် ကျောင်းမှန်မှန် တက်တယ်၊ ဒီကလေး ကတော့
ထူးထူးချွန်ချွန် ဖြစ်မှာပဲလို့ - တကယ်ပဲ ထူးချွန်တာပဲ၊ ကလေး တစ်ယောက် ကတော့ စာမကျက်ဘူး၊
မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ ပေါင်းတယ်၊ ဒီ ကလေးတော့ ပျက်စီးတော့မှာပဲလို့ ပြောတယ်၊
ဟော ပျက်စီးသွားတာပဲ၊ ဘာဖြစ် လို့တုန်း ဆိုတော့ သူလုပ်နေတဲ့လုပ်ရပ် - ဒါတွေက အကြောင်းတရား
တွေပဲလေ၊ အဲဒီ အကြောင်းတရားတွေနဲ့ အကျိုး တရားဟာ မျှော်မှန်းလို့ ရတာပေါ့။
မြတ်စွာဘုရားကျတော့
အဲဒီလို ‘အနုမာန’ တောင် မဟုတ်ဘူး၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင် သိပြီးတော့ ဟောတာတဲ့၊
ဒါကြောင့်မို့ ၃၁-ဘုံ မြတ်စွာဘုရား ဟောထားခဲ့တာ၊ ဘုံတွေကတော့ ရေတွက် မပြတော့ပါဘူး၊
ဘုံတွေရှိကြောင်းကိုသာ ပြောပြတာနော်၊ အကြမ်းဖျင်း ပြောမယ် ဆိုလို့ရှိရင် ..
အပါယ်
၄-ဘုံ၊ လူ့ဘုံရယ်၊ နတ်ပြည် ၆-ထပ်ရယ်၊
ဒါ ကာမ
၁၁-ဘုံလို့ ခေါ်တယ်၊
ဗြဟ္မာဘုံ-
၂၀-ရှိတယ်၊
၃၁-ဘုံဆိုတာ
အဲဒါကိုပြောတာ၊
ဗုဒ္ဓက
၃၁-ဘုံထဲမှာ သတ္တဝါတွေကလည်း မျိုးစုံအောင် ရှိတယ်။ အဲဒီ ၃၁-ဘုံဟာ ဘာနဲ့ အဆင့်အတန်းဟာ
ကွဲပြားခြားနား နေသလဲဆိုရင် ပဋိသန္ဓေစိတ်နဲ့ ကွဲပြားခြား နေတယ်။
ပဋိသန္ဓေစိတ်နဲ့
ကွဲပြားခြားနားတဲ့ အထဲမှာလည်းပဲ ထပ်ဆင့်ပြီးတော့ သူတို့ရဲ့ level degree တွေ ရှိသေးတယ်လို့
မှတ်ရမယ်၊ ဆိုပါစို့ - အပါယ် ၄-ဘုံရဲ့ ပဋိသန္ဓေစိတ်ဟာ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်ပဲ၊
အကုသိုလ်ရဲ့ အကျိုး ဆိုပေမယ့်လို့ သူတို့လုပ်ခဲ့တဲ့ အကုသိုလ်တွေက တစ်ဦးနဲ့တစ်ဦး တူညီမှု
မရှိကြဘူး၊ အဲဒီ အကုသိုလ်က ပြင်းထန်တဲ့ အကုသိုလ်ဆိုရင် ငရဲ၊ အဲဒီထက် နည်းနည်းလျော့နည်းတဲ့
အကုသိုလ် ဆိုလို့ရှိရင် တိရစ္ဆာန်၊ အဲဒီထက် နည်းနည်း လျော့နည်းရင် ပြိတ္တာလို့ အကုသိုလ်ရဲ့
degree ကိုကြည့်ပြီးတော့ ဆုံးဖြတ်ရမယ်၊ degree ပြင်းသွားရင် ပြင်းတဲ့ဆီ ရောက်မှာပဲလေ၊
မီးတောင်မှပဲ သူ့ဒီဂရီသူ ရှိတယ်မို့လား၊ ပူတယ်, သိပ်ပူတယ်, မပူဘူး ဒီလို လာဦးမှကိုး၊
အဲဒါမျိုးလိုပဲ အကုသိုလ်မှာလည်း အကုသိုလ်ရဲ့ ဒီဂရီ အတိုင်းအတာအရ ဘုံတွေ ကလည်း အဆင့်ဆင့်
ဖြစ်တယ်၊ ထို ပဋိသန္ဓေစိတ်တွေရဲ့ စွမ်းအားတွေကလည်း ပဋိသန္ဓေစိတ်တွေကို စွမ်းအားပေးတဲ့
ကံက ထူးခြားသည့် အတွက်ကြောင့် ထို ပဋိသန္ဓေစိတ်နဲ့ အစပြုရတဲ့ သတ္တဝါတွေရဲ့ အနေအထားကလည်း
ထူးခြားမှု လေးတွေတော့ ရှိတာပေါ့၊ သန္ဓေနဲ့ ပြောမယ်ဆိုရင် ဥပေက္ခာ သန္တီရဏ အကုသလ ဝိပါက်နဲ့
ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ် ၄-ဘုံသားတွေပဲ။
အဲဒီတော့
တိရစ္ဆာန်တစ်ကောင်ရဲ့ ပဋိသန္ဓေစိတ်နဲ့ ငရဲဘုံက ပြိတ္တာဘုံက သတ္တဝါတွေရဲ့ ပဋိသန္ဓေစိတ်
ဟာ အတူတူပဲ၊ အတူတူ ပေမယ့် ခံစားရတာချင်း တူသလားဆိုရင် မတူဘူး။ ဘာဖြစ်လို့ မတူတုန်း
ဆိုရင် လုပ်ခဲ့တဲ့ အကုသိုလ်ရဲ့ စွမ်းရည်သတ္တိချင်း မတူကြဘူး၊ အတိုင်းအတာချင်း မတူကြဘူး
လို့ပြောတာ။
လူတွေရဲ့
ပဋိသန္ဓေစိတ်က ၉-ခု ရှိတယ်၊ ကုသလဝိပါက် ဥပေက္ခာ သန္တီရဏရယ်၊ မဟာဝိပါက်စိတ် ၈-ခု ရယ်၊
သို့သော် ပဋိသန္ဓေအားဖြင့် လူသားတွေဟာ ဒီ ၉-ခုထဲက ကံတစ်ခုခုတော့ တူညီနေကြတယ်၊ ဒါကြောင့်မို့ အဆင့်အတန်းချင်း တူသလား ဆိုတော့ မတူပြန်ဘူး၊
တချို့က ဆင်းရဲတယ်၊ တချို့က ချမ်းသာတယ်၊ တချို့က ဉာဏ်ကောင်းတယ်၊ တချို့က ဉာဏ်မကောင်းဘူး၊
တချို့က အသက် ရှည်တယ်၊ တချို့က အသက် မရှည်ဘူး၊ ဘာဖြစ်လို့တုန်း၊ သူတို့ လုပ်ခဲ့တာတွေကမှ
မတူတာ၊ အဲဒီတော့ သန္ဓေစိတ်ကလေးနဲ့ ခွဲပြီး ဘုံကို သတ်မှတ်ပြီး သတ္တဝါတွေကို နောက်ထပ်
ထပ်ပြီးတော့ သတ်မှတ်တာကတော့ သူတို့ရဲ့ လုပ်ခဲ့တဲ့ ကံတရားတွေရဲ့ အကျိုး ပေးမှုဟာ မတူညီတဲ့
အကျိုး ပေးလေးတွေ ရှိနေသေးတယ်၊ တခြားအကြောင်းတွေ ရှိနေသေးတယ် ဆိုတာကို သိသာတယ်။
ကြည့်
- နတ်တွေရဲ့ ပဋိသန္ဓေစိတ်ဟာ မဟာဝိပါက်စိတ် ၈-ခုပဲ၊ သို့သော် တစ်ဦးနဲ့တစ်ဦး သက်တမ်းချင်း
တူကြလား၊ သန္ဓေစိတ်ချင်းတော့ တူတယ်, သက်တမ်းချင်း တူကြလားဆိုရင် မတူဘူး၊ ဘယ်သူက အဆုံးအဖြတ်
ပေးနေတုန်း ဆိုရင် သူတို့လုပ်ခဲ့တဲ့ ကံတွေ၊
သူတို့ဖြစ်ရာ ဘုံတွေ အတိုင်းအတာနဲ့ ဆုံးဖြတ်ပေးတာ၊ လူဆိုလည်း ကြည့်လေ - လူတွေရဲ့ ဘဝ
အတိုင်းအတာ အသက်ဟာ ကံကတင် အဓိက မဟုတ်ဘူး၊ ဥတုနဲ့ အာဟာရကနေ လူ့ရဲ့သက်တမ်းကို ဆုံးဖြတ်
ပေးတာ၊ ကံကတော့ အဓိက အခြေခံပေါ့၊ အခြေခံ အကြောင်းတရားကတော့
ကံပဲ၊ သို့သော် ထိုကံက ပေးလိုက်တဲ့ဘဝကို အစောင့်အရှောက် ပြုနေတာက ဥတုနဲ့ အာဟာရ၊ ဒါကြောင့်မို့လို့
“ဥတုနာ ဘောဇနေန အာယုဟာယတိပိဝဍ္ဎတိပိ” လူတွေရဲ့ သက်တမ်းဟာ ဥတုနဲ့ အာဟာရကြောင့် တိုးတဲ့
အခါ တိုးတယ်၊ လျော့တဲ့အခါ လျော့တယ်၊ အင်မတန်မှ ထင်ရှားပါတယ်။
ဘုရားဖြစ်ဖို့
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတာမို့ ကံအားဖြင့် ပြိုင်မယ်ဆိုရင် ဘုရား တစ်ဆူနဲ့
တစ်ဆူ မထူးခြားဘူးလို့ ပြောရမယ်၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ကြတယ်၊
သို့သော် သက်တမ်းကျတော့ မကွာဘူးလား၊ ကဿပ မြတ်စွာဘုရားက အသက် နှစ်သောင်းတမ်း မှာပွင့်လို့
အသက်နှစ်သောင်း ရှည်တယ်၊ ဂေါတမ မြတ်စွာဘုရားက တစ်ရာတမ်း မို့လို့ သက်တော် ၈၀- ပဲ နေရတယ်၊
ဒါဖြင့် ဂေါတမမြတ်စွာဘုရား ကံက ညံ့တယ်လို့ ပြောလို့ရမလား၊ “မရပါဘူးဘုရား”၊ ဘာက ဆုံးဖြတ်ပေးသွားတုန်း
ဆိုရင် ဥတုနဲ့ အာဟာရက ဆုံးဖြတ် ပေးသွားတယ်၊ ဒီခေတ် ဒီ အခြေအနေရဲ့ ဥတုနဲ့ ဒီခေတ် ဒီအခြေအနေရဲ့
အာဟာရက လူ့ရဲ့ ခန္ဓာကိုယ်ကို ဒီလောက်ပဲ maintain လုပ်နိုင်တယ်၊ ဒီထက် ကြာအောင် မလုပ်နိုင်ဘူး၊ အဲဒီတော့ ကံအပြင်တခြား
အကြောင်း အရာ တွေကိုလည်း ထည့်ပြီးတော့ စဉ်းစားရတယ်လို့ ဆိုလိုတာ။
သန္ဓေစိတ်ချင်း
တူပေမယ့်လို့ အခြေအနေချင်း မတူဘူး၊ လူ့ဘဝ လူတွေတောင်မှပဲ အမျိုးစုံပဲ၊ တူမှ မတူတာ၊
အာဖရိကမှာ မွေးတဲ့ လူတွေကျတော့ မည်းလို့၊ ဥရောပမှာ မွေးတဲ့ လူတွေကျတော့ ဖြူတယ်၊ အာရှမှာ
မွေးတဲ့ လူတွေကျတော့ အဝါရောင် လေးတွေ ဖြစ်နေတယ်၊ အရောင် မတူတာတွေ၊ ဘာဖြစ်လို့တုန်း
ဆိုရင် ခုနကပြောခဲ့တဲ့ ဒေသရဲ့ ဥပနိဿယပ စ္စည်းလေးတွေလည်း ပါတာပေါ့၊ လူ့ရဲ့ အမျိုးအနွယ်လည်း
ပါတာပေါ့၊ အကြောင်းတွေ အများကြီးပဲနော်၊ သို့သော် လူသားတွေရဲ့ ပဋိသန္ဓေစိတ် သည် မဟာဝိပါတ်စိတ်
၈-ခုနဲ့ ဥပေက္ခာသန္တီရဏ၊ အဲဒီ ၉-ခုထဲက တစ်ခုခုပဲ၊ နတ်တွေရဲ့ ပဋိသန္ဓေစိတ်ကလည်း ထို့အတူပဲ။
အဲဒီတော့
လူ့ပြည်ရယ်၊ နတ်ပြည် ၆-ထပ်ရယ်၊ ကာမသုဂတိဘုံ ၇-ဘုံ၊ သာမန် ရိုးရာအားဖြင့် ဒါနကောင်းမှု
လုပ်သူတွေ၊ သီလ စောင့်တည်ခဲ့သူတွေ၊ ဥပုသ် စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်တွေ ရောက်တဲ့ ဘုံတွေချည်းပဲ၊
ဒီအဆင့်နဲ့ ရောက်တဲ့သူတွေလို့ ဒီလို ပြောရမှာ၊ ဒါနကောင်းမှု သီလကောင်းမှု ဥပုသ်စောင့်မှု
အမေ အဖေ ပြုစုလုပ်ကျွေးမှု - အဲဒါတွေက နတ်ပြည် ၆-ထပ်နဲ့ လူ့ဘုံကို ရောက်ရှိ စေနိုင်တယ်။
ငရဲဘုံ၊
ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံဆိုတဲ့ ဘုံတွေ ရောက်တာကျတော့ ခုနက ဒုစရိုက်လုပ်တဲ့ ပုဂ္ဂိုလ်တွေ၊
လုပ်ရပ်အတိုင်း ဒီလမ်းကြောင်းအတိုင်း သူတို့ရဲ့စခန်းကို ရောက်ရှိသွား တာပဲ၊ အဲဒီတော့
ဒါတွေကို ဒီလိုပြောရုံနဲ့ ဘုံနဲ့မြှောက်တယ်လို့ ဒီလိုပြောလို့ ဘယ်ရမလဲ၊ မြှောက်တာမှ
မဟုတ်ဘဲနော်၊ ဘုံနဲ့ မြှောက်တာတို့ ငရဲနဲ့ ခြောက်တာတို့ မရှိပါဘူး၊ မခြောက်ပါဘူး၊ သူ့ဟာသူ
ကြောက်ချင် ကြောက်မှာပေါ့။
လူ့လောကဆိုတာက
အကျိုးတရား ဆိုတာပြောရရင် “မင်း စာကြိုးစား၊ စာ ကြိုးစားရင် ပညာတတ်ကြီး ဖြစ်လိမ့်မယ်၊
သို့မဟုတ် ဆရာဝန်ကြီး ဖြစ်လိမ့်မယ်” - ဒါက မြှောက်တာမှ မဟုတ်ဘဲ၊ အကျိုးတရားကို ဖော်ပြတာပဲလေ၊
မြှောက်ပေးတာမှ မဟုတ်ဘဲ၊ ဒီလို အားပေးစကား ပြောတာကို မြှောက်တာ မဟုတ်ဘူး၊ “ဘုံခန်းနဲ့
မြှောက်၊ ငရဲခန်းနဲ့ ခြောက်” တဲ့၊ ဘုံ လက်မခံတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလို ပြောလေ့ ရှိကြတယ်၊
မြှောက်စရာလည်း မလိုဘူး၊ ခြောက်စရာလည်း မလိုဘူး၊ ကိုယ့်လမ်း ကိုယ်ရွေးပြီး ကိုယ့်စခန်း
ကိုယ်ထွင်နေကြတာပဲ။
ကောင်းပြီ
- ငရဲဘုံ တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ၊ ထိုပြိတ္တာ ထဲမှာ ထပ်ပြီးတော့ ခွဲလိုက်တော့ အသူရကာယ်
ဆိုပြီးတော့ ပြိတ္တာထဲကနေ တောက်ပြောင်မှု မရှိတဲ့ ပြိတ္တာ အသူရကာယ်တွေ ရှိသေးတယ်၊ ဆင်းဆင်းရဲရဲ
နေရတဲ့ ပြိတ္တာမျိုးတွေ ရှိသေးတယ်၊ ပြိတ္တာတွေကလည်း အမျိုးအစား အများကြီးပေါ့၊ နောက်ပြီးတော့
လူ့ပြည် နတ်ပြည်၊ သက်တမ်း တွေကလည်း တစ်ခုနဲ့ တစ်ခု မတူဘူး၊ အဲဒီ သက်တမ်း မတူတာတွေ ကိုလည်းပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထိုသုတ္တန်တွေမှာ
ဟောထား တာတွေ ရှိတယ်။
ဆိုပါစို့
- ငရဲဘုံရဲ့ သက်တမ်းကျတော့ ကံသာလျှင် အဓိက ပမာဏဖြစ်သည့် အတွက်ကြောင့် ကံရှိသလောက် ခံရမှာ
ဖြစ်တယ်၊ ဒါကြောင့် ငရဲရဲ့သက်တမ်းကို သတ်မှတ်လို့ မရဘူးတဲ့၊ ကံပေါ် မူတည်တယ်ပေါ့၊ ကံဆိုတာ
ပုဂ္ဂိုလ် တစ်ဦးစီရဲ့ အခြေအနေ ကံပေါ်မှာ မူတည်တယ်။
ကောသလမင်းကြီးရဲ့
မိဖုရားကြီး မိလ္လိကာ မိဖုရားကြီးဟာ သေခါနီးမှာ စိတ်ဆင်းရဲပြီး ဒေါမနဿနဲ့ သေသွားရသည့်
အတွက်ကြောင့် အဝီစိငရဲ ကျသွားရှာတယ်၊ သို့သော် သူက အဝီစိငရဲမှာ ၇-ရက်ပဲ ကြာတယ်၊ ၇-ရက်က
လူတွေရဲ့ အရေအတွက်နဲ့ ၇-ရက်ပဲကြာတယ်၊ သူ့သက်တမ်းက အဲဒီလောက်ပဲ သူခံရတယ်၊ အဲဒီထက် ပိုမခံရဘူး၊
အဲဒါကြောင့်မို့ ငရဲဘုံမှာ ကံသာလျှင် အဓိက ဖြစ်သည့် အတွက်ကြောင့် သက်တမ်းကို သတ်မှတ်ပြောလို့
မရဘူး။
လူတွေရဲ့
သက်တမ်းကလည်း တည်မြဲမှု မရှိဘူးတဲ့၊ အခုခေတ် သက်တမ်းကတော့ ဂေါတမ မြတ်စွာဘုရား မပွင့်ခင်,
အခု ပွင့်ပြီးတဲ့ နောက်အထိ ၁၀၀ တမ်းလို့ပဲ ဒီလိုပြောကြတယ်၊ ၁၀၀ တမ်း ထက် ပိုတော့မပိုဘူး၊
လျှော့ဖို့ပဲ ရှိတယ်၊ ၁၀၀ တမ်း လို့ပဲ ပြောရမှာပေါ့။
လူ့ထက်
နည်းနည်း အထက်တန်းကျတဲ့ စတုမဟာရာဇ် နတ်ဘုံကို ကြည့်မယ်ဆိုရင် လူတွေရဲ့ အနှစ် ၅၀ မှ စတုမဟာရာဇ်
နတ်ပြည်မှာ ၁ ရက်ပဲ ရှိသေးတယ်၊ အဲဒီ ၁ ရက်နဲ့ တွက်လိုက်လို့ရှိရင် သူတို့အနေနဲ့ သူတို့သက်တမ်း
အနှစ် ၅၀၀ အသက် ရှည်တယ်။
တာဝတိံသာ
နတ်ပြည်ကျတော့ လူတွေ အနှစ် ၁၀၀ မှာ သူတို့က ၁ ရက်၊ အဲဒီ အချိုးအစားနဲ့ ၂ နဲ့ မြှောက်ပြီး
တက်သွားလိုက်၊ လူတွေ ရေတွက်တဲ့ သက်တမ်းနဲ့ ပြောမယ်ဆိုရင် ၄ နဲ့မြှောက်သွားရမှာ၊ စတုမဟာရာဇ်
နတ်ပြည်က အနှစ် ၉ သန်း ဆိုလို့ရှိရင် အဲဒါကို ၄-နဲမြှောက်သွားလိုက်လို့ရှိရင် တာဝတိံသာ
နတ်ပြည်က လူတွေတွက်တဲ့ အသက်ကို သိမယ်၊ ၄-နဲ့ချည်းပဲ မြှောက်သွားလို့ရှိရင် အဖြေ ထွက်လာမှာပေါ့။
အဲဒါကို သင်္ဂြိုဟ်ကျမ်းမှာ ‘တတော စတုဂ္ဂုဏံ တာဝတိံသာနံ’
၄-နဲ့ မြှောက်တာကို ပြောတာ၊ သို့သော် ဋီကာကျမ်းမှာ လေးနှစ်ဆ လေးနှစ်ဆလို့ ထည့်ပြောတာ
နည်းနည်း ရှုပ်ထွေးသွားတယ်၊ လူ့သက်တမ်း ကို ၄-နဲ့မြှောက်လိုက်မယ်၊ လူတွေက ရေတွက်တဲ့
လူ့သက်တမ်းကို ၄-နဲ့ မြှောက်ရင် နတ်ဘုံတစ်ခု သက်တမ်းရဲ့ အဖြေရမှာပေါ့၊ အဲဒီလို သက်တမ်းတွေက
တစ်ခုနဲ့တစ်ခု ပိုပို ရှည်သွားတာ၊ ဒါ ရိုးရိုး ကုသိုလ်ကောင်းမှု ပြုလုပ်သူတွေရဲ့ ဖြစ်ရာ
ဘုံဌာနတွေပဲ။
.
ငရဲဘုံ
▬▬
အေး
- ငရဲဘုံဆိုတာ အားလုံး ကြားဖူးတယ်၊ ဒေဝဒူတသုတ္တန် မှာဆိုရင် ငရဲဘုံဟာ ငရဲကျသွားတဲ့
ပုဂ္ဂိုလ်တွေကို ငရဲသားတွေကို အုပ်ချုပ်နေတဲ့ ယမမင်းကြီး ဆိုတာရှိတယ်၊ ယမမင်းကြီးကို
ဗုဒ္ဓစာပေမှာ သူတော်ကောင်းလို့ သတ်မှတ်တယ်၊ ဘာဖြစ်လို့တုန်းဆို ယမမင်းကြီးက ငရဲကျလာတဲ့
ပုဂ္ဂိုလ် တွေထဲက ကယ်တင်လို့ရမယ့် ပုဂ္ဂိုလ်တွေကို ကယ်တင်ဖို့ ဆိုတဲ့ အနေအထားမျိုးနဲ့
သူနေတာ၊ ဆွဲချဖို့ သူနေတာ မဟုတ်ဘူး၊ တွန်းပို့နေတာ မဟုတ်ဘူး၊ အချွန်နဲ့ မ,ဖို့မဟုတ်ဘူး၊
အဆင်းကို ဘီးတပ်ဖို့ နေတာ မဟုတ်ဘူး၊ ဒုက္ခ ရောက်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဒုက္ခ မရောက်အောင် ကယ်တင်ဖို့၊ ဖြေရှင်းဖို့ ဆိုပြီး
သူက လာပြီးတော့ နေတာ။ ယမမင်းက သူတော်ကောင်းကြီး။
ယမမင်းက
အမြဲတမ်း တောင့်တတယ်တဲ့၊ ငါ လူ့ဘဝမှာ ဖြစ်ပါရစေ၊ ငါလူဖြစ်တဲ့ အချိန်မှာ ဘုရားပွင့်တာနဲ့
ကြုံပါရစေ၊ အဲဒီ ဘုရားကိုလည်း ငါဆည်းကပ် ကိုးကွယ်နိုင်ပါစေ၊ လူလည်း ဖြစ်တယ်၊ ဘုရားလည်းပွင့်တယ်၊ ဘုရားဆီ ရောက်ချင်မှ ရောက်တာနော်၊
ဒါကြောင့် အကြောင်းဆိုတာ ပိုပြည့်စုံအောင် လုပ်ရမယ်၊ လူလည်း ဖြစ်ရမယ်၊ ဘုရားလည်းပွင့်ရမယ်၊
ဘုရားဆီကိုလည်း အရောက်သွား ဆည်းကပ်ရမယ်၊ ဘုရားကလည်း တရားဟောရမယ် တဲ့၊ ဘုရားဟောတဲ့ တရားကိုလည်း
သိပါရစေ၊ အဲဒါမှ ပြည့်စုံတယ် နော်၊ ဆုတောင်းလို့ ရှိရင် အဲသလို ဆုတောင်းရမယ်၊ အဲသလို
သူက အမြဲတမ်း တောင့်တနေတာ၊ လူဖြစ်ပါရစေ၊ လူဖြစ်နေတဲ့ အချိန်မှာ ဘုရားပွင့်တာနဲ့ ကြုံပါရစေ၊
ဘုရားကိုလည်း ဆည်းကပ်ပါရစေ၊ ဘုရားကလည်း သူ့ကို တရားဟောပါစေ၊ ဟောတဲ့ တရားကိုလည်း သူနာပါရစေ၊
နာပြီးတော့လည်း သိပါရစေ၊ ယမမင်းကြီးက အမြဲတမ်း ဆုတောင်း နေတယ်။
ဒုစရိုက်လုပ်ငန်းတွေ
လုပ်ပြီးတော့ ငရဲရောက်သွားတဲ့ ပုဂ္ဂိုလ်ဆိုရင် ငရဲသားတွေက အဲဒီ ငရဲကျလာတဲ့, ငရဲကို
မယောင်မလည်နဲ့ ရောက်လာတဲ့ လူသစ်၊ သတ္တဝါအသစ်ကို ယမင်းကြီးဆီ ခေါ်လာလေ့ရှိတယ်၊ ခေါ်လာတဲ့
အခါကျတော့ သူတို့က ဘာလုပ်တုန်းဆိုရင် ‘အရှင်မင်းကြီး ဟောဒီလူက အမေကိုလည်း မပြုစုဘူး၊
အဖေကိုလည်း မပြုစုဘူး၊ ဆွေတွေမျိုးတွေထဲက အသက်အရွယ် ကြီးတဲ့ သူတွေကိုလည်း ဂရုမစိုက်ဘူး၊
သမဏ ဗြဟ္မဏ ဆိုတဲ့ ဘာသာရေး လေးစားသူတွေကိုလည်း အလေးမမူဘူး၊ ကုသိုလ်ကောင်းမှုလည်း မလုပ်ဘူး၊
ဥပုသ်လည်း မစောင့်ဘူး၊ ကောင်းမှု မလုပ်တဲ့ပုဂ္ဂိုလ်၊ မကောင်းမှု ဒုစရိုက်လုပ်တဲ့ ပုဂ္ဂိုလ်
သူ့ကို အပြစ်ဒဏ်ခတ်ပါ’ လို့ ဆိုပြီး သူ့ဆီ လာပို့လိုက်တယ်။ ပို့ပြီဆိုတဲ့အတိုင်း ယမမင်းကြီးက
မေးတယ်၊ သူ့ကို -
“မင်း
လူ့ပြည်မှာ ပထမဆုံး နတ်တမန်ကို မင်းတွေ့ခဲ့သလား”
လို့ အဲဒီ မေးခွန်းကို စ,မေးတယ်၊ ထိုသူက
“မတွေ့ခဲ့ဘူး”
တဲ့ ၊
“မင်း
ငါဆိုလိုတာကို သေချာနားထောင်”
“မင်းလူ့ပြည်မှာတဲ့
အသက်အရွယ်ကြီးတဲ့ ၈၀-၉၀ အရွယ်၊ ခါးတွေ ကိုင်းလို့၊ ဆံပင်တွေဖြူလို့၊ သွားတွေကျိုး၊
အဲသလို အဘိုးအိုကြီး အဘွာအိုကြီးတွေ မင်းမမြင်ဖူးဘူးလား” ဆိုတော့
“မြင်ဖူးပါတယ်”၊
“အဲဒီ
မြင်ဖူးတဲ့ အချိန်အခါတုန်းက မင်းအစဉ်းစားဘူးလား၊ ငါလည်း တစ်နေ့ကျ အိုရဦးမှာ၊”
“မစဉ်းစားဖူးပါဘူး”
တဲ့၊
မေ့မေ့လျော့လျော့
နေခဲ့ပါတယ်၊ မေ့မေ့လျော့လျော့ နေတယ် ဆိုတာ ဘာမှမလုပ်ဘဲ နေတာကို ပြောတာ မဟုတ်ဘူး၊ ကုသိုလ်ကောင်းမှု
တစ်ခုခု မလုပ်တာ။
စဉ်းစားမှာက
‘သြော် … ငါလည်း တစ်နေ့ကျ အိုရဦးမှာပဲ၊ အိုခြင်း သဘောကို မလွန်မြောက် နိုင်သေးဘူး၊
မအိုခင် ငါ ကောင်းတာလေးတွေ လုပ်ဦးမှာပဲ’ ဆိုတဲ့ ကုသိုလ်လုပ်ဖို့ရာ အတွက် စိတ်ကို မလှည့်ဘူး၊
ကာမဂုဏ်အာရုံ ကိစ္စတွေနဲ့ပဲ စားဝတ်နေရေးတွေနဲ့ နေ့စဉ်အချိန်ကုန်ပြီး ကုသိုလ် ကောင်းမှု
လုံးဝမလုပ်ခဲ့ဘူး၊ ယမမင်းကြီးက သနားညှာတာပြီးတော့ပြောတယ်၊ အေးလေ - မေ့မေ့ လျော့လျော့
လုပ်ခဲ့တာတာ့ မင်းအမေက လုပ်ခဲ့တာလည်း မဟုတ်ဘူး၊ မင်းအဖေ လုပ်တာလည်း မဟုတ်ဘူး၊ ဆွေမျိုးတွေ
လုပ်တာလည်း မဟုတ်ဘူး။ ဘယ်သူကမှ လုပ်တာလည်း မဟုတ်ဘူး၊ မင်းကိုယ်တိုင် လုပ်တာ၊ အဲဒီတော့
မင်းကိုယ်တိုင် လုပ်တော့ မင်းကိုယ်တိုင်ပဲ ခံစားရလိမ့်မယ်’ တဲ့၊ ဒီလိုပဲ ပြောတယ်။
အဲဒီ
ပထမတမန်အကြောင်း မေးတာ မရတဲ့အခါကျတော့ ဒုတိယတမန်အကြောင်းကို
‘ဒုတိယတန်တော်ကို
မြင်ခဲ့လား’ လို့ မေးတယ်၊
‘မမြင်ခဲ့ပါဘူး’
တဲ့၊
‘မင်း
နေမကောင်း ထိုင်မသာဖြစ်လို့ ကိုယ်ရဲ့ မစင် အညစ်အကြေးတွေမှာ လူးလဲ အော်ဟစ်ပြီးတော့ အများက
ဝိုင်းထူမှ ထနိုင်တဲ့ လူနာကြီးရော မင်းမမြင်ခဲ့ဘူးလား’ ဆိုတော့
‘မြင်ခဲ့ပါတယ်’၊
အဲဒီလို
မြင်တဲ့အခါမှာ သိတတ်ပြီးတော့ စဉ်းစားဖူးလား၊
‘ငါလည်းပဲ
တစ်နေ့ နာရဦးမှာပဲ၊ နာခြင်းသဘောကို မလွန်မြောက်နိုင်သေးဘူး၊ မနာခင်က ကုသိုလ်ကောင်းမှုလေးတွေ
လုပ်ဦးမှပဲ ဆိုတဲ့အတွေး မင်းမပေါက် ဘူးလား’
‘မပေါက်ခဲ့မိပါဘူး’
တဲ့၊
စားဝတ်နေရေးတွေနဲ့
အချိန်ကုန်သွားပြီး ပျော်လို့ပါးလို့ ကာမဂုဏ် အာရုံတွေ ထဲမှာပဲ အချိန် ကုန်သွားခဲ့တယ်၊
လူ့ဘဝ ဘယ်လောက် ကြောက်စရာ ကောင်းတုန်းနော်၊ လုပ်ကိုင် စားသောက်ပြီးတော့ ဒီအတိုင်းပဲ
အချိန်ကုန်သွားတယ်၊ ကုသိုလ်ကောင်းမှု အတွက် တစ်ခုမှ မလုပ်ဘူး၊ ဒါနဲ့ ယမမင်းကြီးက ခုနက
လိုပဲပြောတယ်၊
‘အေး
… မင်းအလုပ် မင်းလုပ်ခဲ့တာ၊ မင်းလုပ်ခဲ့တဲ့ အကုသိုလ်တွေက မင်းပဲ လုပ်တာ၊ မင်းအဖေ အမေလုပ်တာ
မဟုတ်ဘူးတဲ့၊ အဲဒီတော့ မင်းလုပ်တာ မင်းပဲ ခံရလိမ့်မယ်’ တဲ့။
နောက်တစ်ခါ
‘တတိယ
တမန်ရော မတွေ့ခဲ့ဘူးလား’ ဆိုတော့
‘မတွေ့ခဲ့ပါဘူး’
တဲ့၊
‘အေး
… သေဆုံးသွားတဲ့ လူတွေကို မတွေ့ခဲ့ဘူးလား’ ဆိုတော့
‘တွေ့ခဲ့ပါတယ်’
တဲ့၊ ‘အဲဒီလူတွေတွေ့တဲ့အခါကျတော့ ငါလည်းပဲ တစ်နေ့ သေရဦးမှာပဲ လို့ မတွေးဘူးလား’ တဲ့၊
‘တွေးပြီးတော့
မသေခင် ငါ ကောင်းတာလေးတွေ လုပ်ဦးမှပဲလို့ မစဉ်းစားခဲ့ဘူး လား၊ စဉ်းစားပြီးတော့ ကောင်းတာတွေ
မလုပ်ခဲ့ဘူးလား’ ဆိုတော့
‘မေ့လျော့ခဲ့ပါတယ်
မလုပ်ခဲ့ပါဘူး’ တဲ့၊
ဟော
. . . ဒီလိုဖြေတယ်။
ယမမင်းကြီးက တမန် ၃-ယောက် ‘သူအို၊ သူနာ၊ သူသေ’ ဆိုတဲ့ တမန် ၃-ယောက်
အကြောင်း မေးစစ်ပြီးတဲ့အခါ ‘ကဲ - မင်းထိုက်နဲ့ မင်းကံ’ အကယ်၍ သူက ကုသိုလ်ကောင်းမှုများ
ရှိလို့ရှိရင် သူက ဖော်ပြီးတော့ ပေးတယ်၊ ဖော်ပေးရင်လည်း အဲဒီ ပုဂ္ဂိုလ်က ကုသိုလ်ကို
သတိရပြီး သူ့ကံအရှိန်နဲ့ လွတ်သွားတာ၊ ယမမမင်းက လွှတ်ပေးတာ မဟုတ်ဘူးနော်၊ သူက ကူညီရုံ
သက်သက်ပဲ။ သူ ကူညီဖို့ လိုက်ရှာတာ ကူညီလို့ မရဘူး၊ သူက ကောင်းတာတွေက တစ်စက်မှ မတွေ့ဘူး၊
မကောင်းတာတွေ ချည်းပဲ၊ ‘ကဲ - မင်းထိုက်နဲ့ မင်းကံ’ လို့ဆိုပြီး တစ်ခါတည်း ငရဲသားတွေက
ဆွဲခေါ်သွားတယ်။
ဆွဲခေါ်သွား
ပြီးတော့ ဘယ်ဘက်လက်ထဲမှာ သံချောင်းကြီး ထိုးထည့်လိုက်တယ်၊ မီးရဲရဲနဲ့ သံချောင်းကြီး
ထိုးထည့်လိုက်တယ်၊ ညာဘက်လက်ထဲမှာ သံချောင်းကြီး ထိုးထည့်လိုက်တယ်၊ ဘယ်ဘက် ခြေထောက်မှာ
သံချောင်းကြီး ထိုးရိုက်လိုက်တယ်၊ ညာဘက် ခြေထောက်မှာလည်း မီးရဲရဲတောက်နေတဲ့ သံချောင်းကြီး
ထိုးရိုက်ပြီး ရင်ဝမှာလည်း သံချောင်းကြီး ထိုးရိုက်လိုက်တယ်၊ သာမန်လူတစ်ယောက် ဆိုရင်တော့
သေမှာပေါ့၊ ငရဲသားက မသေဘူးတဲ့၊ ဘာဖြစ်လို့တုန်း ကံမကုန်သေးရင် မသေးဘူးတဲ့၊ ခံရဖို့ သက်သက်ပဲဟာ၊ ဒီလို မီးပူနေတဲ့ သံချောင်းကြီး၊
ရဲရဲ တောက်နေတဲ့ သံချောင်းကြီး ရင်ဝ ထိုးထားတာတောင်မှ မသေဘူးတဲ့၊ သူက အော်ဟစ်ပြီးတော့
အသက်ရှင်နေတုန်းပဲ၊ မောင်သက်ပြင်းဆိုတာ ငရဲပြည်မှာ ရှိတာနော်၊ ကံမကုန်မချင်း သူတို့
ဘယ်တော့မှ မသေဘူးတဲ့။
အဲဒီ
ငရဲဘုံမှာ ညှဉ်းဆဲလိုက်ပုံက အမျိုးမျိုးပဲ၊ ဇောက်ထိုး ဆွဲပြီးတော့ ဓားမတွေနဲ့ ခုတ်တယ်။
လှည်းမှာတပ်ပြီး နွားလိုမောင်းတယ်၊ မောင်းတဲ့ မြေကြီးကလည်း မီးရဲရဲတောက်နေတဲ့ သံပူမြေကြီး
ပေါ်မှာ၊ မီးတောက်ကြီးပေါ် တက်ခိုင်းတယ်၊ မတက်ရင် နောက်ကရိုက်တယ်၊ အဲဒီလိုတွေလုပ်ပြီး
နောက်ဆုံးကျ ဘယ်ထဲ ပစ်ချတုန်းဆိုရင် ငရဲအိုးကြီးထဲ ပစ်ချတယ်၊ ငရဲအိုးကြီးထဲ ပစ်ချ၊
ပွက်ပွက် ဆူနေတဲ့ ငရဲအိုးကြီးထဲက ပြန်ပေါ်လာပြီဆို ဆယ်၊ ဆယ်ပြီးတဲ့ အခါကျတော့ အဝီစိငရဲကြီးထဲ
ထည့်ပြီးတော့ ပို့လိုက်ပြန်တယ်၊ အဲဒီလိုနဲ့ ကံ မကုန်မချင်း အဲဒီ ပုဂ္ဂိုလ်ဟာ အဝီစိငရဲထဲမှာ
ဒီလိုပဲ ခံနေရတယ်တဲ့။
အဝီစိဆိုတာ
သတ္တဝါတွေ အကြားအလတ် မရှိဘူး၊ မီးတောက်တွေရဲ့ အကြားအလတ်လည်း မရှိဘူး။ ငရဲခံနေရတဲ့ သတ္တဝါ
တွေကလည်း ပြည့်နေတာ၊ အပ်ဗူးထဲမှာ အပ်ကလေးတွေ ထည့်ထားသလိုပဲတဲ့ ပြည့်နေတာ၊ ဒါကြောင့်မို့
အဝီစိလို့ခေါ်တာ၊ မီးတောက် တွေကလည်း စဉ်ဆက်မပြတ် တဟုန်းဟုန်း တောက်နေတာ၊ ချမ်းသာသုခရတဲ့
အကွက်ကလေး ဆိုတာလည်း တစ်ခုမှ မရှိဘူး။
အဲဒီငရဲက
လေးထောင့် အဆောက်အအုံကြီး တဲ့၊ အကြီးကြီး၊ တစ်ယူဇနာရှိတဲ့ လေးထောင့် အဆောက်အအုံကြီး၊
သံမိုး သံကာ သံခင်းနဲ့ သံတံခါးကြီးတွေ တပ်ထားတယ်၊ တစ်ခါတစ်ရံ ကျရင် အဲဒီတံခါးကြီးတွေက
‘ဂျောင်း’ ဆိုပြီး ပွင့်လာတယ်၊ ပွင့်လာတဲ့ အခါကျတော ငရဲသားတွေက အဲဒီ ကနေ ထွက်ပြေးကြတာ၊
လွတ်မလားလို့၊ မလွတ်ဘူး၊ သက်သက် အဲဒါ ဒုက္ခပေးတာ၊ တံခါးကို ဖွင့်ပေးပြီး ထွက်ပြေးတဲ့လူတွေ
ပိုပြီးတော့ အရိုက်ခံရတယ်၊ အဲသလိုနဲ့ပဲ ဒုက္ခတွေ ရောက်ပြီးတော့ လွတ်ထွက်သွားတဲ့ ကောင်လည်း
ငရဲအိုးထဲ တစ်ခါပစ်ချ ခံရပြန်တယ်၊ အဲသလို ဒုက္ခတွေ ရောက်ပြီးတော့ ငရဲခံရတယ် ဆိုတာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်
က ဒေဝဒူတသုတ္တန်မှာ ဟောထားတာ ရှိပါတယ်။
ဒေဝဒူတသုတ်က ၂-သုတ် ရှိတယ်၊ အင်္ဂုတ္ထိုလ်ထဲမှာ ၁-သုတ်၊ မဇ္ဈိမနိကာယ်မှာ
၁-သုတ်၊ အဲဒီ ၂-သုတ်ကို ဖတ်ကြည့်လို့ရှိရင် ငရဲအကြောင်း သိကောင်းစရာတွေ အကုန်ပြည့်စုံအောင်
သိရပါလိမ့်မယ်။
.
တိရစ္ဆာန်ဘုံ
▬▬▬▬
အဲသလို
မကောင်းမှု အကုသိုလ်လုပ်တဲ့ ပုဂ္ဂိုလ်တွေ ခံရတဲ့ နေရာ ငရဲဆိုတာ အင်မတန် ဆင်းရဲတယ်။
အဲဒီထက် နည်းနည်း သက်သာတာကို ကြည့်လိုက်တော့ တိရစ္ဆာန်၊ ဟော - တိရစ္ဆာန်တွေ ခံနေရတာ
အားလုံး မြင်ဖူးကြပါလိမ့်မယ်၊ လူတွေစားဖို့ အတွက် နေ့စဉ် ကြက်တွေ ဝက်တွေ တိရစ္ဆာန်တွေ
သတ်ဖြတ်နေတာ နည်းတာမှ မဟုတ်ဘဲနဲ့နော်၊ ကြက်တွေကို ခြေထောက်မှာ ကြိုးနဲ့ချည်ပြီး စက်ဘီး
နောက်က တင်ပြီးတော့ နင်းသွားတာ မမြင်ချင် အဆုံး၊ ဝက်တွေ ကြိုးတုပ်ပြီးတော့ မော်တော်
ဆိုင်ကယ်မှာ ချိတ်ဆွဲသွားတာတွေ မမြင်ချင် အဆုံးနော်၊ ဘယ်သူကမှ ‘မလုပ်ပါနဲ့’ လို့ ကာကွယ်
ပေးမယ့်သူ မရှိဘူးတဲ့၊ တိရစ္ဆာန်တွေရဲ့ ဘဝဟာ ဘယ်လောက် သနားစရာကောင်းလဲ။
လူတွေနဲ့
နီးလို့ လူတွေရဲ့ ညှဉ်းဆဲခံရတဲ့ တိရစ္ဆာန်တွေသာ တွေ့ရတာ၊ တောထဲမှာ အာဖရိက တောရိုင်းထဲမှာ
ကြည့်လိုက်ဦး၊ တိရစ္ဆာန်တွေဟာ သက်သာလား ဆိုတော့ မသက်သာဘူး၊ ခြင်္သေ့စာ၊ ကျားစာ ဖြစ်ပြီးတော့
သေနေကြရတာပဲ၊ တစ်ကောင်မှ လွတ်တယ်လို့ မရှိကြဘူး၊ ရေထဲဆင်းရင် မိကျောင်းစာဖြစ်တယ်၊ မိကျောင်းကရော
သူက လွတ်သလားဆို မလွတ်ဘူး၊ သူလည်း ရန်သူနဲ့ပဲ၊ သူက ရှေ့ကကောင်စား၊ သူ့ကို နောက်ကလုပ်နဲ့၊
အဲဒီလို “အညမညခါဒိကာ ဒုဗ္ဗလခါဒိကာ” ၊ တိရစ္ဆာန်ဘဝ ကြည့်လိုက်မယ်ဆိုရင် တစ်ကောင် တစ်ကောင်စားပြီး
အားရှိတဲ့အကောင်က အားနည်းတဲ့ အကောင်ကို သတ်ဖြတ် စားသောက်နေတဲ့ ဘုံဘဝကြီး၊ အလွန် ကြောက်စရာ
ကောင်းတယ်၊ အကုသိုလ်က အဲဒီလို ဘုံဘဝတွေ။
.
ပြိတ္တာဘုံ
▬▬▬
ပြိတ္တာဘဝ
ကြည့်လိုက်မယ်ဆို စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဗိုက်ပူနံကား မျက်လုံးက ကျောပေါ် ရောက်လိုရောက်၊
နဖူးပေါ် ရောက်လိုရောက်၊ ကမောက်ကမတွေ ဖြစ်ပြီး နေရတဲ့ ဘဝမျိုးကြီး၊ ဒါကို လူတွေက တစ္ဆေခြောက်တယ်
ဆိုပြီး လန့်နေကြတာ၊ တကယ်ကတော့ သူတို့ ဘုံဘဝကိုက ကြောက်စရာ ဘုံဘဝကြီး၊ အဲဒီလို ဘုံဘဝကနေ
လွတ်လာတဲ့အခါ လူ့ဘဝ ရောက်လာတယ်၊ ကောင်းတဲ့ဘဝလေး ရောက်လို့ ကောင်းတဲ့ အခြေအနေလေး ပေးတဲ့အချိန်မှာပဲ
ကုသိုလ်ကောင်းမှု မလုပ်ဘဲနဲ့ အကုသိုလ်တွေ ဆက်လုပ်သွားရင် တစ်ခါ သွားပြန်ရော၊ ငရဲဘုံဆိုတဲ့
အောက်ကို ပြန်ရောက် သွားပြန်တယ်။
အေး
- ဒါကြောင့်မို့ မြတ်စွာဘုရားက ၃၁-ဘုံ အကြောင်းကို ဟောထားတာ၊ ကိုယ်တော်မြတ် ကိုယ်တော်တိုင်
ကံတရားတွေရဲ့ အကြောင်းကို သိရှိပြီး ထိုကံတရား လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ကံကို လုပ်ရင်
ဘယ်ကိုသွားတယ် ဆိုတာ ကိုယ်တိုင်သိတယ်။
သမထ ကျင့်စဉ်ဖြစ်တဲ့
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ စတဲ့ ဘာဝနာ တရားတွေ ပွားလို့၊ ကသိုဏ်းစတဲ့ သမထကျင့်စဉ်တွေကို
ကျင့်လို့ ဈာန်အဘိညာဏ်တွေ ပေါက်ရောက်သွားတဲ့ ပုဂ္ဂိုလ် ကျတော့ ဗြဟ္မာ့ပြည် ရောက်ပြီး
အသက်တွေ ရှည်ချင် တိုင်း ရှည်နေတယ်၊ ရုပ်တရားတွေကို စက်ဆုပ်ရွံ့မုန်းပြီး ပဉ္စမဈာန်ကို
တိုးမြှင့်ပွားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရုပ်တရား မရှိတော့တဲ့ အရူပဘုံ ရောက်တယ်၊ ဒီလို
သတ္တဝါ မျိုးတွေကလည်း လောကမှာ ရှိသေးတယ်၊ ချမ်းသာသုခရနေတဲ့ သတ္တဝါတွေ။
ကမ္ဘာလောကကြီး
တစ်ခုလုံးကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ၃၁-ဘုံဟာ သတ္တဝါ မျိုးစုံတို့ရဲ့ ကျင်လည်ရာ
ဖြစ်တယ်။ ကံ အားလျော်စွာ သတ္တဝါတွေ သံသရာထဲမှာ လှည့်ပတ် နေကြရတယ်။ အဘိဓမ္မာ ရှုထောင့်ကနေ
ကြည့်မယ်ဆိုရင်တော့ ကံတရားက အဓိကပဲ၊ ကံတရားကနေ ဖန်တီးထားတဲ့ ပဋိသန္ဓေ အားလျော်စွာ ထိုထိုဘုံဘဝမှာ
သတ္တဝါတွေ ဖြစ်ကြရတယ်၊ ဖြစ်လာတဲ့ ဘုံဘဝမှာ ကုသိုလ် ကောင်းမှုကို မလုပ်နိုင်ဘဲ အကုသိုလ်တွေကို
ဆက်ပြီးလုပ်နေဦးမယ်ဆိုရင် သံသရာဝဋ်ထဲမှာ တည်ငြိမ်မှုရမှာ မဟုတ်ပါဘူး၊ ဒါကြောင့်မို့
ဗမာစကားထဲမှာ အဆိုစကားတစ်ခု ရှိတယ်၊ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့”။
ဗြဟ္မာဘဝက
ချက်ချင်းကြီး ဝက်ဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဗြဟ္မာတွေရဲ့ သမထကျင့်စဉ်တွေရဲ့ စွမ်းအားကုသိုလ်က
အင်မတန်မှ ကြီးမားလို့ ဗြဟ္မာပြည်က သေပြီး ချက်ချင်း ဝက် မဖြစ်နိုင်ဘူးပေါ့၊ လူ့ဘုံဖြစ်ဖြစ်
နတ်ဘုံဖြစ်ဖြစ် တစ်ဘုံဘုံမှာ ဖြစ်ပြီးတဲ့နောက် တတိယ ဘဝကျတော့မှ ဝက်ဖြစ်ဖို့ အလားအလာရှိတယ်။
မလွတ်သေးဘူးတဲ့၊ ဘာဖြစ်လို့ မလွတ်သေးတာတုန်း ဆိုရင် အတွင်းသန္တာန်မှာ မရှင်းသေးဘူးတဲ့။
ဘုန်းကြီးတို့တတွေ
အတွင်းရှင်းအောင် အရင်လုပ်ရမယ်၊ အတွင်းထဲမှာ ရှုပ်နေတယ်၊ အဲဒါ အဓိကပဲ၊ အတွင်းက အရှုပ်တွေဆိုတာ
ဘာတွေတုန်းဆိုရင် ‘လောဘ ဒေါသ မောဟ’ စတဲ့ ကိလေသာပဲ၊ အဲဒီ လောဘ ဒေါသ မောဟစတဲ့ ကိလေသာတွေ
ရှိနေသေးသမျှ အမှားအယွင်း လို့ဆိုတဲ့ အကုသိုလ် ကံတွေကို လုပ်နေဦးမှာပဲ၊ လုပ်မိနေသမျှ
၃၁-ဘုံမှာ လှည့်လည် ဖြစ်နေဦးမှာပဲ။ ကောင်းတာလုပ်မိတဲ့ အလှည့် ကောင်းတဲ့ဘက် ရောက်သွားလိုက်၊
မကောင်းတာ လုပ်မိတဲ့အလှည့် မကောင်းတဲ့ဘက် ရောက်သွားလိုက်နဲ့ စုန်ချည်ဆန်ချည် မတည်မကျ
ဘဝခရီးမှာ ဒီလိုလျှောက်လှမ်း နေကြရဦးမှာဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ ၃၁-ဘုံဝါဒ ကံကို အခြေပြုတယ်၊
ကံပေါ်မှာ အခြေတည်နေသည့် အတွက်ကြောင့် မိမိသာလျှင် ပဓာနပဲ၊ ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ
မရွေ့ ဆိုတာနော်။
ဆရာတော်ကြီး
တစ်ပါးပြောတာ ခေါင်းမရွေ့ဘူး ဆိုတာ ဘာပြောတာတုန်းလို့ဆို လူတွေကြည့်လိုက် တဲ့၊ ကိုယ်မကောင်းသည့်
အတွက်ကြောင့် ခေါင်းက ရွေ့ရွေ့ သွားတယ်၊ ခွေးခေါင်းကြီး ဖြစ်လိုက်၊ နွားခေါင်းကြီး
ဖြစ်လိုက်နဲ့ ခေါင်းတွေက အမျိုးကို စုံနေတာပဲ၊ လူခေါင်းလေးတင် ဖြစ်တာမဟုတ်ဘူး၊ တခြား
ခေါင်းတွေပါ တပ်တပ်လာတယ်၊ ချိုပါတဲ့အခါ ပါလိုက်၊ ဒါကြောင့် ကိုယ်ကောင်းဖို့ရန် အင်မတန်
အရေးကြီးတယ်၊ ကိုယ်ကောင်းဖို့ ဆိုတာ ကိုယ့်ရဲ့ နှလုံးသား အဇ္ဈတ္တက အရေးကြီးတယ်၊ ကိုယ့်ရဲ့
နှလုံးသားထဲမှာ အကုသိုလ်တရားတွေ မဖြစ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ် တယ်ဆိုတာ ကိုယ်စီကိုယ်ငှ
သဘောပေါက်ကြပြီး အကုသိုလ်တရားတွေ ဖယ်ရှားနိုင်အောင် ကုသိုလ်တရားတွေ တိုးပွားနိုင်အောင်
ကြိုးစားဖယ်ထုတ် နိုင်ကြပါစေသတည်း။
