“အခန်း (၆)”
စိတ်၏ အညစ်အကြေးများ
▬▬▬▬▬▬▬▬▬▬
ဗုဒ္ဓမြတ်စွာက
အင်္ဂုတ္တရ နိကာယ်မှာ “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” စိတ်ကလေးဟာ ဖြူစင် ဝင်းလက်နေတယ်လို့
ဟောတော်မူတယ်၊ တင်စားပြီးသုံးတဲ့ အသုံးနော်၊ လူတွေလည်း ပြောကြတယ် မဟုတ်လား၊ အသံဆိုတာ
မြင်ရတာလား၊ ကြားရတာ လား၊ ကြားရတာနော်၊ ဒါပေမယ့် မပြောကြဘူးလား၊ အသံနက်ကြီးနဲ့တဲ့၊
အသံပြာကြီး နဲ့တဲ့၊ အသံဝါကြီးနဲ့တဲ့၊ ဘယ်လိုလုပ်ပြီး အပြာတွေ အဝါတွေ မြင်ကြလဲ၊ ပြောတယ်
မဟုတ်လား၊ အေး ဒီမှာလည်းပဲ မြတ်စွာဘုရားက “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” စိတ်ကလေးဟာ ဖြူစင်ပြီး
ဝင်းလက်နေတာ၊ ပဘဿရ ဆိုတာ ပဘာ - အရောင် အဝါတွေ၊
သရ - ထွက်နေတယ်လို့ ဒီလိုပြောတာ၊ ဖြူစင်တယ်၊ စင်ကြယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြတာပါနော်။
“ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ ခေါ အာဂန္တု ကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ”
။
အခုလို
ပါဠိတွေ နည်းနည်းပါးပါး ရွတ်ရတာ တခြားမဟုတ်ဘူး၊
မြတ်စွာဘုရား ဟောခဲ့တယ် ဆိုတာ သက်သေပြဖို့ အတွက်နော်၊ ဘုရားက ဒီလို ဟောခဲ့တာ။
ဣဒံ စိတ္တံ
- ဤစိတ်သည်၊
ပဘဿရံ
- ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်နဲ့ စင်ကြယ်၍ နေပါပေတော့၏။
တဉ္စ
- ထို စင်ကြယ်နေတဲ့ စိတ်ကလေးဟာ၊
အာဂန္တုကေဟိ
- အခိုက်အတန့် ပေါ်လာတဲ့၊
(အာဂန္တုဆိုတာ
ဧည့်သည်၊ ရောက်ရောက် လာတတ်တယ်ပေါ့၊ ဧည့်သည်ဆိုတာ လာလာ လည်တတ်လို့ ဧည့်သည် ခေါ်တာပေါ့)၊
အာဂန္တုကေဟိ-
ဧည့်သည် ဖြစ်ကုန်သော၊
ဥပက္ကိလေသေဟိ-
အညစ်အကြေးတို့သည်၊
ဥပက္ကိလိဋ္ဌံ
- ညစ်နွမ်း စေအပ်လေတော့၏။
ပင်ကိုယ်စိတ်ကလေးက
ဖြူစင်ဝင်းလက် နေတာတဲ့၊ ခေတ္တခဏ ရောက်ရောက် လာတတ်တဲ့ ဧည့်သည်တွေကြောင့်, ညစ်နွမ်းစရာတွေကြောင့်
ညစ်နွမ်းသွားရတယ်လို့ ဒီလိုပြောတယ်၊ အဲဒီတော့ စိတ်ကလေးက ထာဝရ ညစ်နွမ်းနေတာ မဟုတ်ဘူး၊
အခိုက်အတန့် စိတ်ရဲ့အညစ်အကြေးတွေ ဝင်လာတဲ့အခါကျတော့ စိတ်က ညစ်နွမ်း ရတယ်၊ ဒါက စိတ်နဲ့
အညစ်အကြေးကို ခွဲထုတ်လို့ရအောင်, ခွဲထုတ်လို့ ရနိုင်တယ် ဆိုတာကို မြတ်စွာဘုရားက လမ်းညွှန်ပြတာနော်။
ဖြူစင်နေတဲ့
အဝတ်ကလေးတစ်ခု ညစ်နွမ်းလာတယ်ဆိုတော့ အဝတ်က တခြား၊ ညစ်နွမ်းနေတဲ့ အညစ်အကြေးက တခြား၊
ဒီလို မဟုတ်လား၊ အဲဒီ အညစ်အကြေး တွေကို လျှော်ဖွတ်လိုက်တဲ့အခါ အဝတ်ပါ ပျောက်သွားသလား၊
(သို့မဟုတ်) အညစ် အကြေးလေးတွေသာ ပျောက်သွားတာလား၊ အညစ်အကြေးတွေသာ ပျောက်သွားတာ၊ အဲဒီလိုမျိုးပဲ
စိတ် ပျောက်မသွားဘူး၊ စိတ်ထဲမှာ ပေါ်လာတဲ့ အညစ်အကြေးတွေသာ ပျောက်တာ။
ဒါဖြင့်
စိတ်ရဲ့ အညစ်အကြေးတွေ ဆိုတာ ဘာတွေလဲ၊ အဘိဓမ္မာကျမ်းမှာ မြတ်စွာဘုရားက စိတ်ရဲ့ အညစ်ကြေးအနေနဲ့
အကုသိုလ်စေတသိက် ၁၄-မျိုး ဟောထားတယ်၊ ကိလေသာနဲ့ ပြောမယ် ဆိုရင်တော့ ၁၀-မျိုးပဲ ရှိတယ်၊
ဒီက ၄-မျိုး ပိုတယ်ပေါ့၊ အဲဒီ ၁၄-မျိုးထဲက ကိလေသာလို့ နာမည် ပေးထားတာက ၁၀-မျိုးပေါ့၊
ကိလေသာလို့ နာမည်မပေး ပေမယ့်လို့ အကုသိုလ် စေတသိက်ဆိုတာ စိတ်ရဲ့ အညစ်ကြေးတွေချည်းပဲ၊
အဲဒီ စိတ်ရဲ့ အညစ်အကြေး တွေကြောင့် စိတ်ဟာ ညစ်နွမ်း နေရတယ်။ အဝတ်တွေ ညစ်နွမ်းရင် လူတွေက
ဆပ်ပြာနဲ့ ရေနဲ့ လျှော်ကြတယ်၊ စိတ်တွေ ညစ်နွမ်းရင်လည်း လျှော်တဲ့ နည်းလမ်းတော့ ရှိရမှာပေါ့၊
အဝတ်ညစ်နွမ်း ရင်တော့ လျှော်ကြသလို ကိုယ့်စိတ်လေး ညစ်နွမ်းရင်လည်း လျှော်ဖွပ်ဖို့ မမေ့ကြလေနဲ့။
ဖြူစင်သန့်ရှင်းတဲ့
စိတ်ကလေး ဖြစ်လာအောင် ခေတ္တခဏ ရောက်လာတဲ့ အညစ် အကြေး ဆိုတာ တွေကို လျှော်ဖွပ်ပစ်ရမှာပဲ၊
အဝတ်လျှော်တဲ့အခါ တစ်ချို့ အညစ် အကြေးမျိုးတွေက တစ်ခါ၊ နှစ်ခါ လျှော်ရုံနဲ့ ဖွပ်ရုံနဲ့
မရဘူး၊ တော်တော် စွဲနေတာနော်၊ တော်တော်စွဲတဲ့ အညစ်အကြေးလည်း ရှိတယ်၊ သာမန် တစ်ခါ, နှစ်ခါ
လျှော်ရုံနဲ့ ပျောက်သွားတဲ့ အညစ်အကြေးလည်း ရှိတယ်၊ ဒီလိုပဲ စိတ်ရဲ့ အညစ်အကြေးမှာ လည်းပဲ
တချို့ အညစ်အကြေးတွေက စွဲထင်နေတယ်၊ ခုမှ ညစ်တာ မဟုတ်ဘူး၊ သံသရာက ညစ်လာတာဆိုတော့ လုံး၀
စွဲထင်နေတာ၊ တစ်ခါ, နှစ်ခါ လျှော်ရုံလေးနဲ့ မရဘူး။
.
စိတ်အညစ်အကြေး
လျှော်နည်း
▬▬▬▬▬
လျှော်တယ်ဆိုတာ
တခြားနည်းနဲ့ လျှော်ရမှာတော့ မဟုတ်ဘူး၊ သမထကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ ဝိပဿနာကျင့်စဉ်
ကျင့်ပြီးတော့ လျှော်တယ်၊ စိတ်ကောင်း နှလုံးကောင်း နှလုံးသွင်း မှန်မှန်လေး ထားပြီးတော့
လျှော်တယ်၊ ဒါ လျှော်ဖွပ်တဲ့ နည်းပဲ၊ လျှော်ဖွပ်တဲ့နည်း အမျိုးမျိုးနဲ့ ကြိုးစားကြရမှာ၊
ကြိုးစား အားထုတ်တယ် ဆိုတာ အညစ်အကြေးတွေ မစွဲသေးရင် မစွဲအောင် သတိထား၊ ဆိုပါစို့၊ အဝတ်ကလေး
ဝတ်တဲ့အခါ အညစ်အကြေးတွေ ထိမှာစိုးလို့ မထိအောင် ရိုရိုသေသေ ဝတ်ကြတယ် မဟုတ်လား၊ အဝတ်ကို
ရိုရိုသေသေ ဝတ်ကြသလို ကိုယ့်စိတ်ကလေး လည်း အညစ်အကြေးတွေ ကပ်မလာအောင် ရိုရိုသေသေ ထားရမယ်၊
အဲဒီလို ကြိုးစားတာကို သမ္မာဝါယာမ။
အဲဒါကို
‘သံဝရ’ လို့လည်း ခေါ်တယ်၊ ဆို့ပိတ်ထားတယ်၊ အညစ်အကြေး မရောက် စေရဘူး၊ ဖြူစင်နေတဲ့ ကိုယ့်အဝတ်
ကလေးထဲမှာ အညစ်အကြေးတွေလာ မစွဲအောင်လို့ ဂရုစိုက်ပြီးတော့ သံဝရ - ဆို့ပိတ်မှုလို့ ပြောတာ၊
အဲဒီလို ဆို့ပိတ်လို့ မတော်တဆ အညစ်အကြေးတစ်ခု ရလာပြီ၊ ရောက်လာပြီ ဆိုလို့ရှိရင် လျှော်ဖွပ်ပစ်၊
ဒါ ကြိုးစား အားထုတ်မှုပဲ။
စိတ်လည်းဒီအတိုင်းပဲ။
(၁) မပေအောင်
အညစ်အကြေး မကပ်အောင် ထိန်းသိမ်း၊
(၂) ကပ်လာပြီဆိုလို့ရှိရင်
ထိုအညစ်အကြေးကို လျှော်ပစ်၊
(၃) နောက်ထပ်
အညစ်အကြေး မလူးအောင် အညစ်အကြေး မလူးလို့ သန့်ပြန့်နေတဲ့ အနေအထား ရောက်အောင် ကြိုးစားအားထုတ်၊
(၄) ထို
သန့်ပြန့်မှု တိုးတက်ပြီး သန့်ပြန့်လာအောင် ကြိုးစား တဲ့။
ဒါအညစ်အကြေးကို
ဖွပ်လျှော်တဲ့နည်း၊ လုပ်ပုံလုပ်နည်းပေါ့။ စိတ်အညစ်အကြေးကို ဖွပ်လျှော်တဲ့အခါ ကောင်းတဲ့အာရုံ
တစ်ခုခု ယူပြီးတော့ စိတ်အခြေအနေ ပြောင်း ပစ်တာ၊ လျှော်ပစ်တာ။ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့လည်း
လျှော်ပစ်လို့ရတယ်၊ တရားဂုဏ်တော်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ ရတယ်၊ ဝိသာခုပေါသထ သုတ်မှာ မြတ်စွာဘုရားက အဲဒီ နည်းလမ်းတွေ
ပေးထားတာ ရှိတယ်နော်၊ တရားဂုဏ်, သံဃာဂုဏ် အာရုံပြုပြီး တော့လည်း စိတ်အညစ်အကြေးတွေ လျှော်လို့
ရတယ်၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အာရုံပြုပြီးတော့လည်း နှလုံးသွင်း ဆင်ခြင်ပြီး တော့လည်း
စိတ်အညစ်အကြေးကို လျှော်လို့ရတယ်။
ဆိုလိုတာက
ကမ္မဋ္ဌာန်းအာရုံတွေထဲက ဘယ်အာရုံနဲ့ပဲ ဖြစ်ဖြစ် အဲဒီ အာရုံနဲ့ စိတ်ရဲ့ အညစ်အကြေး တွေကို
လျှော်လို့ ဖွပ်လို့ရတယ်၊ စင်ကြယ်သွားအောင် လုပ်ရတယ်၊ စိတ်အညစ်အကြေးဆိုတာ ဘာတွေတုန်းဆိုတော့
အဘိဓမ္မတ္ထ အင်္ဂဟ မှာ စိတ်မှာ လာစွဲကပ်နေတဲ့ အနေအထားတွေကို ကြည့်ပြီး စီစဉ်ထားတာ ရှိတယ်၊
သို့သော်လည်း ဒီနေရာမှာ ပြောချင်တာကတော့ အဲဒီ အညစ်အကြေး တွေထဲမှာ အမြစ်ကဲ့သို့ ခိုင်မာတဲ့
အညစ်အကြေး ၃-မျိုး ရှိတယ်၊ အဲဒါက လောဘ, ဒေါသ, မောဟ ဆိုတဲ့ အကုသိုလ် စေတသိက် အားလုံးရဲ့
အမြစ်ပဲ ဖြစ်တယ်။
.
လောဘ
▬▬▬
လောဘ
ဆိုတာ ဘာကို ခေါ်တာတုန်းလို့ ဆိုရင် ‘လောဘ’ ဆိုတာ အာရုံကို လိုချင်တဲ့သဘော၊ အာရုံကို
ဆုပ်ကိုင်ထားတဲ့ သဘော၊ မရသေးရင် ရချင်တယ်၊ ရပြီးရင် ဆုပ်ကိုင်ထားတယ်၊ ဒါ လောဘသဘောပဲ။
အာရုံဆိုတာ
မျက်စိက မြင်ရတဲ့အဆင်း၊ နားက ကြားရတဲ့အသံ၊ နှာခေါင်းက ရှူရှိုက်ရတဲ့ အနံ့၊ လျှာက ခံယူရတဲ့
အရသာ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အထိအတွေ့၊ စိတ်ကူးကြံစည်လို့ ရတဲ့ အကြံအစည်၊ ဒီအာရုံတွေထဲက
နှစ်သက်စရာတွေ အာရုံတွေဆိုရင် လောဘက ရချင်တယ်၊ ဒါ သူ့သဘောပဲ၊ ရပြီးရင် ဆုပ်ကိုင်ထား
ချင်တယ်၊ မလွှတ်ချင်ဘူး။
အဲဒါကြောင့်
လောဘဆိုတာ အာရုံနဲ့ စိတ်ကလေးကို Super Glue လို ကပ်ပေး ထားတယ်၊ သူက စိတ်ကလေးကို အာရုံနဲ့
ခွါလို့မရအောင် ကပ်လိုက်တယ်၊ ဒါကြောင့်မို့ လူတွေဟာ လိုချင်တဲ့ အရာလေးကို အမြဲတမ်း
သတိရနေတယ်၊ မခွဲနိုင် မခွါရက်ဆိုတာ ဖြစ်နေတယ်၊ ဘယ်သူက ကပ်ထားလဲ၊ လောဘက ကပ်ထားတယ်၊ အဲဒီ
လောဘကိုပဲ ‘တဏှာ’ လို့လည်းခေါ်တယ်၊ ‘ရာဂ’ လို့လည်း ခေါ်တယ်၊ ရှုထောင့် အမျိုးမျိုးနဲ့
သဘာဝတရားကို နာမည် ပေးထားတာပါ။
လောဘဆိုတာ
လိုချင်တယ်ဆိုတဲ့ သဘာဝ ရှုထောင့်က သူ့ကို လောဘလို့ နာမည် ပေးလိုက်တယ်။
.
ရာဂတဏှာ
▬▬▬▬
ရာဂ ဆိုတာကျတော့
စိတ်ကို အရောင်ဆိုးတယ်လို့ ဒီလို အဓိပ္ပာယ်ဖွင့်တယ်၊ စိတ်ထဲမှာ စွဲလမ်းပြီးတော့ အရောင်ဆိုးတာ၊
စိတ်မှာ လောဘအရောင် ဆိုးထားရင် ချွတ်လို့ တော်တော်နဲ့ မရတော့ဘူး၊ စွဲနေတဲ့ အရောင်လို
ရာဂဆိုတာ စွဲနေတယ်၊ စွဲလမ်း သွားတယ်။
တဏှာ
ဆိုတာကတော့ တတမ်းတတ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်၊
အဲဒီ အခြေအနေ တွေ အားလုံး ရှိနေတယ်၊ ဒါလောဘရဲ့ Aspect တွေပေါ့၊ လောဘရဲ့ သဘာဝကို တရားရှုထောင့်
အမျိုးမျိုးကနေ မြတ်စွာဘုရားက အမည်ပေးပြီး ဟောလိုက်တာ။
.
စိတ်ကို အရောင်ဆိုးခြင်း
▬▬▬▬▬▬▬▬▬
ဟောဒီ
လောဘဆိုတ စိတ်ထဲမှာ ပေါ်လာတဲ့ တရားတဲ့၊ စိတ်မဟုတ်ဘူးနော်၊ လူတွေကတော့ ပြောတယ်၊ ငါ့စိတ်က
လိုချင်တယ်၊ စိတ်ကလို့သာ ဦးတည်ပြီး ပြောလိုက်တာ၊ အမှန်ကတော့ လောဘဆိုတာ စိတ်ထဲမှာ ဖြစ်တဲ့အရာသာ
ဖြစ်တယ်၊ စိတ်မဟုတ်ဘူး၊ ပင်ကိုယ် စိတ်ကလေးဟာ ဘာနဲ့ ဥပမာတူတုံးဆိုရင် ဖြူစင်နေတဲ့ အဝတ်ကလေးလိုပဲ၊
ဖြူစင်နေတဲ့ အဝတ်ကလေးသည် အဝါရောင် ဆိုးလိုက်လည်း ဝါသွားတယ်၊ အနီရောင် ဆိုးလိုက်ရင်ရော
နီသွားတယ်၊ အညိုရောင် ဆိုးလိုက်ရင်ရော ညိုသွားတယ်၊ အရောင်အမျိုးမျိုး ဆိုးလို့ရနေသလို
ထို့အတူပဲ၊ လောဘဝင်လာလို့ ရှိရင် အဝါရောင် ဖြစ်သွားတယ်၊ ဒေါသဝင်လာလို့ရှိရင် အနီရောင်ဖြစ်သွားပြန်တယ်၊
ဆေးဆိုးသလို ဒါတွေက စိတ်ကို အရောင်ဆိုးနေတာ၊ စိတ်ကို ညစ်နွမ်းစေတဲ့ ဖြူစင်တဲ့ သဘာဝတရားကို
ပျက်စီးစေတဲ့ သဘာဝတရားတွေလို့ ဒီလိုပြောတာနော်။
.
မျောက်ဖမ်းတဲ့
ကော်စေးနဲ့ တူပုံ
▬▬▬▬▬
လောဘဟာ
အာရုံနဲ့ စိတ်ကို ကပ်ပေးထားတယ်၊ တွယ်ပေးထားတယ်၊ ကော်များလိုပဲ စိတ်ဟာ အာရုံနဲ့ တွယ်ကပ်နေအောင်
မခွဲနိုင် မခွါရက်ဆိုတာ ဖြစ်နေအောင် အာရုံနဲ့စိတ်ကို မခွါနိုင်အောင် တွယ်ကပ်ပေးထားတဲ့
သဘော၊ စာပေကျမ်းဂန်များမှာ ဘာနဲ့ ဥပမာ ပေးထားတာတုန်းဆိုတော့ - “မက္ကဋာလေပ” တဲ့၊ မက္ကဋ
- ဆိုတာ မျောက်၊ အာလေပ - ဆိုတာ ကော်စေးကိုပြောတာ၊ မက္ကဋာလေပ - မျောက်ဖမ်းတဲ့ ကော်စေးလို့၊ ခုခေတ် Super
Glue လိုပေါ့၊ မျောက်နှဲစေးလို့ ခေါ်တယ်။
မြတ်စွာဘုရားက
သုတ္တန်တစ်ခုမှာ ဥပမာ ပေးထားတယ်၊ မျောက်ဖမ်းတဲ့ ကော်စေး၊ ဟိုးရှေးတုန်းက ဟိမဝန္တာတောင်ခြေမှာ
နေကြတဲ့ မုဆိုးတွေက တောင်တန်းကြီးကို ဖြတ်ပြီးတော့ တစ်ပင်က တစ်ပင် ကူးနေတဲ့ မျောက်တွေကို
ဖမ်းတဲ့အခါမှာ လေးနဲ့ ပစ်ပြီးတော့ မဖမ်းဘူး၊ ထောင်ချောက်နဲ့ မဖမ်းဘူး၊ ကော်စေးကိုအသုံးပြုပြီးတော့
ဖမ်းတယ်၊ အဲဒီ ကော်စေးလေးကို Lime လို့ ခေါ်တယ်၊ အင်္ဂလိပ်လိုက စာကလေးတွေ ငှက်သေးသေးလေးတွေကို
ဖမ်းတဲ့ ကော်စေးကို bird lime လို့ခေါ်တယ်၊ အခုဟာကျတော့ monkey lime ပေါ့၊ လူဖမ်းရင်တော့
human lime လို့ ခေါ်ရမယ်ထင်တယ်၊ super glue လိုဟာမျိုး ကပ်တယ်၊ စေးကပ်တဲ့အရာ ကော်ပါပဲ၊
ကော်လို့ပဲ ပြောလိုက်တာပေါ့၊ ကော်ဆိုပေမယ့် သာမန်ကော် မဟုတ်ဘူး၊ ရုန်းထွက်လို့ မရအောင်
ကပ်တဲ့ကော်မျိုး၊ မျောက်တွေ သွားတဲ့နေရာကို လေ့လာပြီးတဲ့အခါ မျောက်အုပ်ကြီး ဒီနေရာက
ဖြတ်တယ်ဆိုရင် အဲဒီနေရာက သစ်ကိုင်းတွေမှာ အဲဒီ ကော်စေးတွေ လိုက်သုတ်ထားတယ်၊
မျောက်အုပ်ထဲမှာလည်း
လိမ္မာပါးနပ်တဲ့ မျောက်တွေရှိသလို ပြောင်ချော်ချော် မျောက် Naughty Monkey တွေလည်းရှိကြတယ်၊
မျောက်ဆိုတာ အလွန် စူးစမ်းတက်တယ်၊ ဘာဖြစ်ဖြစ် သူက သိချင်တယ်၊ မျောက်က အငြိမ်မနေဘူး၊
လိမ္မာတဲ့ မျောက်တွေ ကတော့ ကော်စေးတွေ မြင်တဲ့အခါကျတော့ ‘ဟ- ဒါက ငါတို့ မမြင်ဖူးဘူး၊
အရင်က မရှိဘူး၊ ဒါ အန္တရာယ်ရှိတယ်’ ဆိုပြီးတော့ ဝေးဝေးက ရှောင်တယ်၊ အဲဒီလမ်း မသွားဘူး။
ဟို နေရာတကာ
စပ်စပ် စပ်စပ်နဲ့ သိချင်တဲ့ မျောက်ကျတော့ ဘာတွေတုန်းဆို စူးစမ်း လေ့လာ ချင်တယ်၊ သွားပြီးတော့
အစေးကို လက်နဲ့ သွားကိုင်တယ်၊ ရုန်းမရဘူး၊ ရုန်းမရလို့ ဘာလုပ်တုန်း၊ နောက် လက်တစ်ဖက်နဲ့
တွန်းပြီးတော့ ခွါတယ်၊ အဲဒီလက်ပါ ကပ်သွားတယ်၊ တစ်ခါ မရတော့ ဘာလုပ်တုန်းဆိုရင် ခြေထောက်
တစ်ဖက်နဲ့ တွန်းကန်ပြန်တယ်၊ တွန်းကန်တော့ မကွာဘူး၊ အဲဒီ ခြေထောက်လည်း ကပ်သွားပြန်တယ်၊
နောက်ကျန်တဲ့ ခြေထောက်တစ်ချောင်းနဲ့ တွန်းလိုက်ပြန်တော့ ၄-ဖက်လုံး ကပ်သွားတယ်၊ နှုတ်သီးပဲ
ကျန်တော့တယ်၊ ကဲနောက်ဆုံး မရတော့ နှုတ်သီးနဲ့ ထိုးပြီးတော့ ရုန်းတယ်၊ နှုတ်သီးပါ ကပ်သွားတယ်၊
ပေဉ္စာဍ္ဍတော - ငါးဋ္ဌာနလုံး သူ အချုပ်ခံလိုက်ရတယ်၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ နှုတ်သီး၊
အားလုံး ကော်စေးနဲ့ ကပ်နေပြီး ရုန်းမသွားနိုင်တော့ဘူး၊ အဲဒီ မျောက်ကို ချောင်းနေတဲ့
မုဆိုးက အသာလေး လာပြီးတော့ ဖမ်းယူသွားတယ်။ အဲဒီလို မြတ်စွာဘုရားက မက္ကဋာလေပ သုတ်မှာ
ဟောထားတာ ရှိတယ်။
လောဘဆိုတာ
မက္ကဋာလေပ - မျောက်ဖမ်းတဲ့ ကော်စေးတဲ့၊ ရုန်းထွက်နိုင်ကြရဲ့လား၊ မထွက်နိုင်ဘူးနော်၊
ခြေရော လက်ရော အကုန်လုံး မိနေတယ်၊ ဘယ်မှလည်း သွားလို့ မရတော့ဘူး၊ သတ္တဝါတွေ အားလုံးဟာ
ဒီလိုနည်းနဲ့ပဲ နောက်ဆုံးမှာ သံသရာကြီးကနေ ရုန်းထါက်လို့ ရကြသေးရဲ့လား။ အဲဒါကြောင့်
မြတ်စွာဘုရားက ဒီ လောဘတဏှာကိုပဲ ဒုက္ခသမုဒယ လို့ ဟောလိုက်တာ၊ သံသရာကြီးက ထွက်လို့ မရအောင်
သူက တွယ်ကပ်ထားတာ၊ ဘဝတစ်ခု ရတာကလည်းပဲ သူ့ရဲ့စွမ်းဆောင်ချက်ပဲ။
လောဘဆိုတဲ့
သဘာဝ တရားဟာ စိတ်ရဲ့ အညစ်အကြေး တစ်ခုပါတဲ့၊ သူ့ကို ဖယ်ရှားဖို့ ကြိုးစား ရမယ်၊ မဖယ်ရှားနိုင်ဘူး
ဆိုရင် အာရုံနဲ့ စိတ်နဲ့ ကပ်ပြီး ဒုက္ခရောက်ဖို့ပဲ၊ ဒုက္ခသမုဒယ - ဒုက္ခဖြစ်စေတဲ့ အကြောင်းတရားပဲ။
.
အပြစ်နည်းပေမယ့်
▬▬▬▬▬▬▬
လောဘနဲ့
ပတ်သက်ပြီး မြတ်စွာဘုရား ထိုထို ဒေသနာတွေမှာ ဟောထားတာ အများကြီးပဲ ရှိတယ်၊ လောဘဟာ ဒုက္ခအပေးဆုံးပဲလို့
ဒီလို ဟောတယ်၊ အင်္ဂုတ္ထိုရ် မှာတော့ မြတ်စွာဘုရားက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီ အကုသိုလ်ရဲ့ အမြစ် ၃-ခုဟာ တစ်ခုနဲ့တစ်ခု ထူးခြားမှု ရှိတယ်တဲ့၊
လောဘက မျောက်နှဲစေးလို ကပ်ပေမယ့်လို့ အစေးဆိုတာ ရေလေးနဲ့ ဆွတ်ခွါရင် မရဘူးလား၊ ရေထိရင် ပြုတ်ထွက်သွားမှာ၊ ရေနဲ့ဆို ကပ်လို့ မရတော့ဘူးနော်၊
ဒီလောဘ ကလည်းပဲ ဘယ်လောက်ပဲ ကပ်ကပ်၊ ဘယ်လောက်ပဲ စွဲစွဲ၊ သူကလည်း ခွါတဲ့နည်းနဲ့ ခွါလိုက်ရင်
ခွါလို့ရတယ်၊ ဒါကြောင့်မို့ လောဘကို ခွါလို့တော့ ရတယ်၊ လွယ်လွယ်ကူကူနဲ့ ခွါလို့ရတဲ့ဟာမျိုးတော့
မဟုတ်ဘူး။
အဲဒါကြောင့်မို့
လောဘရှိနေလို့ လူတွေ ဒုက္ခရောက်နေတယ် ဆိုပေမယ့် ဟောဒီ လောဘလေးနဲ့ပဲ နတ်ပြည် ရောက်မသွားနိုင်ဘူးလား၊
ဗြဟ္မာ့ပြည်ရော ရောက်မသွား နိုင်ဘူးလား၊ လောဘတန်းလန်း လေးနဲ့ ရောက်တယ် ပြောတာနော်၊
လောဘကြောင့် ရောက်တာ ပြောတာမဟုတ်ဘူး၊ ကော်လေး တန်းလန်းနဲ့ လူ့ပြည်လည်း သွားလို့ရတယ်၊
နတ်ပြည်လည်း သွားလို့ရတယ်၊ ငရဲဆိုတာတော့ မပြောနဲ့တော့၊ ဟောဒီ လောဘဆိုတဲ့ ကော်တန်းလန်းလေးနဲ့ပဲ နိဗ္ဗာန်ကလွဲရင်
ရောက်တယ်၊ သူ့ကြောင့် ရောက်တာတော့ မဟုတ်ဘူးနော်၊ ရှိနေတုန်း ရောက်တယ်ပြောတာ၊ အကုသိုလ်ကြောင့်
နတ်ပြည်ရောက်တယ်လို့ ထင်နေမယ်၊ သူ့ကြောင့်တော့ မရောက်ဘူး၊ သို့သော် သူရှိနေပေမယ့်လို့
ရောက်တယ်။
ဒါကြောင့်မို့
မြတ်စွာဘုရားက လောဘဟာ အပ္ပသာဝဇ္ဇော - အပြစ်ဒီလောက်ကြီး မရှိဘူး၊ သားနဲ့ သမီးနဲ့ မိသားစုနဲ့
နေပြီးတော့ ကုသိုလ်ကောင်းမှု လုပ်ပြီးတော့ ဘဝတစ်ခုကနေ တစ်ခု ဝိသာခါတို့လိုပေါ့၊ ကောင်းတဲ့ဘဝ
ရောက်သွားတာ တွေကော မရှိဘူးလား၊ လောဘတန်းလန်းနဲ့ ကောင်းတဲ့ဘဝရောက်နေကြတယ်၊ အပ္ပသာဝဇ္ဇော
- အပြစ်တော့ သိပ်မကြီးဘူးတဲ့၊ သို့သော်လည်း ဒန္ဓဝိရာဂီ တဲ့၊ ပျောက်အောင်လုပ်ဖို့ ကျတော့
တော်တော်ခက်တယ်တဲ့၊ စွဲနေတဲ့ အရာဖြစ်လို့ ချွတ်ဖို့ နည်းနည်းခက်တယ်လို့ ပြောတယ်၊ အဲဒီ
လောဘဟာ အပ္ပသာဝဇ္ဇ - အပြစ်နည်းတယ်လို့ ဆိုတာ၊ မိသားစုဘဝ, ဒီ အိမ်ထောင်သည် ဘဝနဲ့ပဲ နတ်ပြည်ရောက်အောင် ကုသိုလ်ကောင်းမှု
လုပ်လို့ရတယ်၊ ဒီဟာကို ပြောတာနော်၊ ကောင်းတဲ့ဘဝတွေ ရောက်နိုင်တယ်လို့ ဆိုလိုတယ်။
လောဘဆိုတာ
ငရဲကို ကျစေတတ်တဲ့ အပါယဂမနီယ လောဘရှိသလို လောဘ တိုင်းဟာ အပါယ်ကို ချတာ မဟုတ်ဘူး၊ သူ့ရဲ့
စွမ်းဆောင်ချက်တွေက အမျိုးမျိုး ရှိတယ်၊ လောဘပေမယ့် လောဘချင်း မတူဘူးနော်၊ တချို့ လောဘက
အပါယ်ကို ကျစေတယ်၊ တချို့လောဘက အပါယ်ကိုတော့ မပို့ဘူး၊ သို့သော် အနည်းငယ်တော့ ဒုက္ခပေးတာပေါ့၊
လောဘရှိရင် တွယ်တာတတ်တယ်၊ တွယ်တာရင် စိုးရိမ်ရတယ်၊ သောကဖြစ်ရတယ်၊ ဒီ ပစ္စုပ္ပန်ဘဝမှာ ဒါလေးကတော့ ရှိတယ်။
.
ဟေတုသတ္တိ
▬▬▬▬▬
အဲဒီ
လောဘကို မြတ်စွာဘုရားက ပဋ္ဌာန်းမှာ ဟေတုပစ္စယော လို့ ဟောတယ်၊ လောဘဟာ အကုသိုလ်တွေရဲ့
အမြစ်တစ်ခုပဲ၊ လောဘလေး ပေါ်လာလို့ရှိရင် အဲဒီစိတ်ကူးဟာ ဒီလောဘလေးနဲ့ တွဲနေတဲ့ စိတ်ကူးပဲ
ကူးတယ်၊ တခြား စိတ်ကူး မကူးဘူး၊ ပြောလို့ရှိရင်လည်း လောဘကို အခြေပြုတဲ့ စကားမျိုးကိုပဲ
ပြောမယ်၊ လုပ်ရင်လည်း လောဘကို အခြေပြုတဲ့ အလုပ်မျိုးကို လုပ်တယ်၊ ဒါကိုပဲ အမြစ်ရှိနေတဲ့
သစ်ပင်သည် အကိုင်းအခက်တွေလည်း ထွက်မယ်၊ အပွင့်တွေလည်း ပွင့်မယ်၊ အသီးတွေလည်း သီးမယ်။
ဟေတုပစ္စယော
ဆိုတာ အမြစ်ဟာ အပွင့်တွေ, အသီးတွေ, အကိုင်းအခက်တွေ ဝေဆာအောင် ထိန်းထားတာ၊ ရှင်သန်နေအောင်
ထိန်းထားနိုင်တယ်၊ လောဘ ကလည်း ထို့အတူပဲ၊ လောဘနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေ၊ ကြံစည်မှုတွေ၊
လုပ်ကိုင်မှု တွေကို ထိန်းထားတယ်၊ လောဘ ပျောက်သွားတာနဲ့ တပြိုင်နက် အဲဒီ အခြေအနေ တွေလည်း
အကုန် ပျောက်သွားတယ်လို့ ပြောတာ။
.
လောဘမူလစိတ် ၈-မျိုးဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
ဒီ လောဘလေးဟာ
စိတ် ၈-မျိုးမှာ ယှဉ်တယ်၊ လောဘ အခြေခံတဲ့စိတ်က ၈-ခု ရှိတယ်၊ သို့သော် အခြေအနေလေးတွေက
တစ်ခါတစ်ခါ မတူတတ်တာရှိလို့ ၈-မျိုး ခွဲလိုက်တာ၊ လောဘနဲ့ ယှဉ်တဲ့ စိတ်ကို ၈-မျိုးခွဲတာ
စိတ်ပိုင်းတုန်းက မပြောခဲ့ဘူး၊ အခု သိသာရုံလေး
ပြောမယ်။
တစ်ခါတစ်ရံ
လောဘဖြစ်တာဟာ အယူအဆ မှားတာလေးကို အခြေခံပြီး ဖြစ်တာရှိတယ်၊ အယူအဆ မှားတာကို အခြေမခံဘဲနဲ့
ဖြစ်တာရှိတယ်၊ စာလိုပြောရင် ‘ဒိဋ္ဌိဂတသမ္ပယုတ် နဲ့ ဒိဋ္ဌိဂတဝိပ္ပယုတ်’ ပေါ့၊ အမှားကို
အခြေခံတာနဲ့ အမှားကို အခြေခံတာ မဟုတ်ဘူးဆိုတဲ့ ၂-မျိုး ခွဲလိုက်မယ်။
အဲဒီ
၂-မျိုးမှာ ခံစားချက် ၂-မျိုးနဲ့ ထပ်ပြီးတော့ ပြောရင် လောဘဖြစ်တဲ့အခါ တစ်ခါတလေ ဝမ်းမြောက်ဝမ်းသာ
ဖြစ်တယ်၊ ဥပမာ - လိုချင်စရာ အာရုံလေးက အသစ်အဆန်းလေး ဖြစ်လို့ရှိရင် ဝမ်းမြောက်ဝမ်းသာ
လိုချင်တယ်၊ ရလာရင်လည်း သိပ်ဝမ်းသာတယ်၊ အဲဒါ ‘သောမနဿဝေဒနာ’ လို့ခေါ်တယ်၊ အဲဒီလို မဟုတ်ဘဲ
တွေ့နေကျ အခါကျတော့, ရိုးနေပြီဆိုတဲ့ အခါကျတော့ ဝမ်းသာ သေးလား၊ မသာတော့ဘူး၊ သိပ်မသာဘူး၊
ဝမ်းနည်းတဲ့ အဆင့်လည်း မဟုတ်ဘူး၊ သိပ်မသာ တော့ဘူး ဆိုတော့ ဝမ်းသာမှုလျော့ကျသွားတာ၊
အဲဒါကို ‘ဥပေက္ခာဝေဒနာ’ လို့ခေါ်တယ်၊ ဝမ်းသာနေတာက သောမနဿဝေဒနာ၊ ဝမ်းသာမှု လျော့ကျသွားတာက
ဥက္ခောဝေဒနာဆိုတဲ့ ခံစားချက် အတွေ့အကြုံ ၂-ခုနဲ့ မြှောက်လိုက်၊ ခုနက ၂-ခုကို ၂-ခုနဲ့
မြှောက်တဲ့အခါကျတော့ လောဘမူလစိတ် ၄-ခု ဖြစ်သွားတယ်။
တစ်ခါတစ်ရံကျတော့
လိုချင်စိတ်သည် တိုက်တွန်း မနေရအောင် ထက်မြက်တယ်၊ တစ်ခါတစ်ရံ ကျတော့ တုံ့ဆိုင်း တုံ့ဆိုင်း
ဖြစ်တယ်၊ အဲလို ထက်မြက်တာရယ်၊ တုံ့ဆိုင်းတုံ့ဆိုင်း
ဖြစ်တာရယ် ၂-ခုနဲ့ ခုနက ၄-ခုကို မြှောက်လိုက်လို့ရှိရင် (လောဘမူလစိတ်) လောဘအခြေခံတဲ့စိတ်
၈-ခုကို ရတယ်၊ အခြေခံအားဖြင့် ဒီလို ၈-မျိုး ကွဲလာနိုင်တယ်လို့ ပြောတာနော်။
ဒီ ၈-မျိုးတင်
မကဘူး၊ မြင်တဲ့အာရုံမှာ ၈-မျိုး၊ ကြားတဲ့အသံပေါ်မှာလည်း ဒီလို ၈-မျိုး ဖြစ်နိုင်တယ်၊
နံတဲ့ အနံ့ပေါ်မှာ၊ ရှူရတဲ့ အနံ့ပေါ်မှာ ၈-မျိုး ဖြစ်နိုင်တယ်ဆိုတော့ အာရုံ ၆-ပါးနဲ့
မြှောက်လိုက်မယ် ဆိုရင် လောဘမူစိတ်တွေ အများကြီးဖြစ်သွားမယ်၊ မိမိသန္တာန်မှာ ဖြစ်တဲ့
လောဘ၊ သူတပါးသန္တာန် မှာဖြစ်တဲ့ လောဘ၊ အဲဒီလို စိတ်တွေခွဲလိုက်ရင် အများကြီး၊ မနေ့တုန်းက
လောဘ၊ ဒီကနေ့ လောဘ၊ မနက်ဖြန် လောဘလို့ ခွဲလို့ ရသေးတယ်၊ အဲလို မြှောက်ပွားလိုက်မယ်ရှိရင်
လောဘမူစိတ်တွေ မြောက်မြားစွာ ဖြစ်နိုင်တယ်။
.
ဒေါသ
▬▬
နောက်တစ်ခုက
‘ဒေါသ’ တဲ့၊ ဒေါသဆိုတဲ့ စကားလုံးဟာ နားယဉ်နေတဲ့, အားလုံးနဲ့ ရင်းနှီးနေတဲ့ စကားလုံးပဲ၊
ဒေါသဆိုတာ ငြိမ်းချမ်းနေတဲ့, ရွှင်ပျနေတဲ့ စိတ်အခြေအနေ တစ်ခုကို ဖျက်ဆီးပစ်ခြင်းလို့
အဓိပ္ပါယ်ရတယ်၊ ဒုဿတိ - ဖျက်ဆီးတတ်တယ်၊ စိတ်ဆိုးပြီ ဆိုလို့ရှိရင် ရုပ်ရော စိတ်ရော
ပုံပျက်သွားတာပဲ၊ စိတ်ပျက်တာတော့ အကုန် မြင်ချင်မှ မြင်ရမှာ၊ လူတွေက ပြောတယ်၊ စိတ်ပျက်
လိုက်တာ၊ စိတ်ပျက်လိုက်တာနဲ့ ပြောတယ်၊ ရုပ်ပျက်တာကတော့ သိသာတယ်၊ စိတ်ဆိုးနေတဲ့ မျက်နှာကြီးကို မှန်ထဲ ကြည့်လိုက်မယ်ဆိုရင်
ကိုယ့်ဘာသာ ကိုယ်တောင် လန့်ကောင်း လန့်မယ်၊ ရုပ်ပျက် တာတော့ သေချာတယ်နော်။ ဒါကြောင့်မို့ ဖျက်ဆီးတတ်လို့ ‘ဒေါသ’ လို့ ခေါ်တာ၊
ပင်ကိုယ် အခြေအနေလေးတွေ ပျက်စီးသွားတယ်၊ ဘယ်သူက ဖျက်ဆီး၊ ဒေါသက ဖျက်ဆီးတယ်။
.
ဒေါသမီး
▬▬▬
ဒေါသက
သူဖြစ်နေတဲ့ နေရာကို လောင်ကျွမ်း ပျက်စီးစေတယ်၊ ဘာနဲ့ ဥပမာ တူတုန်းဆို တောမီးနဲ့ တူတယ်တဲ့၊
ကြည့်လေ သစ်ပင်တွေပေါ် စွဲတဲ့မီးသည် ဘယ်သူ့ ကို ဖျက်ဆီးတာတုံး၊ တောတွေကိုပဲ ဖျက်ဆီးတာပဲ
မဟုတ်လား၊ ထင်းလောင်တဲ့မီး သည် ထင်းကို ဖျက်ဆီးပစ်တယ်၊ စိတ်ကိုမှီပြီး ဖြစ်တဲ့ ဒေါသသည်
စိတ်ကို ဖျက်ဆီး ပစ်လိုက်တာပဲ၊ ဒါကြောင့် ဒေါသကို ဒါဝဂ္ဂိဝိယ- တောမီးလိုပဲတဲ့၊ ဒီလိုခေါ်တာ။
.
မြွေဟောက်လို
▬▬▬▬▬
ဒေါသဆိုတာ
ကြမ်းတမ်းတဲ့ သဘောရှိတယ်၊ ဒါကြောင့်မို့ မြွေဟောက်ကို တုတ်နဲ့ ရိုက်လိုက်တယ်ဆို ရှူးခနဲ
ခေါင်းကြီး ထောင်မလာဘူးလား။ အဲဒီလိုမျိုးပဲတဲ့၊ ဒေါသက အဲဒီလို စိတ်ထဲမှာ ပြင်းထန်တဲ့,
ကြမ်းတမ်းတဲ့ သဘာဝတွေ ပေါ်လွင် ထင်ရှား လာစေတက်တယ်။
.
အပြစ်ကြီးပေမယ့်
▬▬▬▬▬▬
အဲဒီ
ဒေါသဟာ အပြစ်ကြီးတယ်တဲ့၊ မဟာသာဝဇ္ဇော - အပြစ်ကြီးတယ်၊ သို့သော် ခိပ္ပဝိရာဂီ - ပြေလွယ်တယ်လို့
မြတ်စွာဘုရားက ဟောတော်မူတယ်၊ ခုန လောဘက ပြေခဲတယ်၊ အပြစ် နည်းတယ်၊ ဒေါသလောက် အပြစ်မကြီးဘူး၊
ဒေါသကျတော့ အပြစ်ကြီးတယ်၊ ရာဇဝတ်မှု ကျူးလွန် တာပဲဖြစ်ဖြစ် သတ်မှု၊ ဖြတ်မှု၊ ဒုစရိုက်မှု
ကျူးလွန်တာပဲဖြစ်ဖြစ် ကျူးလွန်လို့ ဒေါသအလျောက် ကျူးလွန်လိုက်ရင် နောက်ဆုံး အပါယ်ငရဲ
ထိအောင် ကျသွားတယ်၊ ဒေါသက ပိုပြီး ကြမ်းတယ်၊ ကြမ်းတမ်းသည့် အတွက်ကြောင့် သူ့ရဲ့ဒဏ်က
ပိုပြင်းထန်တယ်လို့ ပြောတာ။
သို့သော်
ပြေလွယ်တယ်တဲ့၊ ဟုတ်တာပေါ့။ မကြာမီက တစ်ယောက်နဲ့ တစ်ယောက် ဆဲဆိုပြီးတော့ နောက်ကျတော့
ရယ်မောနေကြပြန်ရော၊ မနက်တုန်းက ရန်ဖြစ်တာ၊ ညနေကျတော့ အို တည့်နေကြတယ်၊ လူတွေများ တော်တော်
ရယ်စရာ ကောင်းတယ်နော်၊ ဒေါသ မထွက်သေးခင် ကျတော့ Sweety တဲ့၊ Honey တဲ့ ခေါ်ကြတယ်၊ ဒေါသလည်း
ထွက်လာရော ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ခေါ်ကုန်ရော၊ ဒါ ဒေါသက စကားလုံးနဲ့ ဖျက်ဆီးပစ်လိုက်တာပဲလေ၊
လူရဲ့နှုတ်ကို ကြမ်းသွားအောင် လုပ်ပစ်လိုက်တယ်၊ ချိူနေတဲ့ နှုတ်ကလေး ကြမ်းသွားအောင်
လုပ်လိုက်တယ်။
.
ဒေါသရဲ့ အပြစ်
▬▬▬▬▬
ဒီ ဒေါသက
ပြေတော့ ပြေလွယ်တယ်၊ ဒါပေမယ့် ဒီ ဒေါသကြောင့် ကျူးလွန်မိတာ တွေထဲမှာ အမေသတ်မိတာ ရှိတယ်၊
အဖေသတ်မိတာတွေ ရှိတယ်၊ ဟော ဒေါသ အလျောက် အနန္တရိယကံ တွေကို ကျူးလွန်မိတာတွေ ရှိတယ်၊ ကိုယ့်ကိုယ်ကိုလည်း ဖျက်ဆီးတတ်တယ်၊ ဒေါသက
ကိုယ့်ကိုယ် ကို သတ်သေတဲ့ suicide လုပ်တယ်ဆိုတာ ဒေါသကြောင့်ပဲ၊ လောကကြီးကို မကျေမနပ်
ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို မုန်းတီးပြီး ကိုယ့်ကိုယ်ကို သတ်သေတာတွေ ကမ္ဘာမှာ တော်တော်များတာပဲ၊
ခုလည်း ရှိတာပဲ၊ အဲဒါ ဒေါသကြောင့် ဖြစ်တာနော်။
တစ်ယောက်နဲ့
တစ်ယောက် မတည့်လို့ ရန်ဖြစ်တာ၊ လောကကြီးမှာ ကြည့်လေ၊ မတည့်လို့ ရန်ဖြစ်ကြ၊ ရိုက်ကြ၊
နှက်ကြ၊ နေ့စဉ်နှင့်အမျှ ရှိနေတာ၊ ဒါ ဒေါသရဲ့အပြစ်တွေချည်း ပဲပေါ့၊ ဒေါသ ရှိနေသေးသမျှ
မုန်းတီးတဲ့ အတွေးတွေ၊ မုန်းတီးတဲ့ အပြောတွေ၊ မုန်းတီးတဲ့ ပြုမူချက်တွေဟာ ရှိနေဦးမှာပဲ၊
ဒေါသ ပျောက်သွားတာနဲ့ တစ်ပြိုင်နက် အဲဒါတွေ အကုန်လုံး မရှိတော့ဘူး၊ ဒါ ဟေတုပစ္စယော
ရှုထောင့်က ပြောတာနော်။
.
ဒေါသမူစိတ် ၂-မျိုး ဖြစ်ပုံ
▬▬▬▬▬▬▬▬▬
ဒေါသက
စိတ်နဲ့ယှဉ်တဲ့အခါ ဒေါသမူစိတ် ၂-ခု၊ သူရဲ့ ခံစားချက်က ဝမ်းနည်းမှုပဲ၊ အမြဲတမ်း စိတ်ထဲ
မကျေမနပ်ဖြစ်မှု ဆိုတဲ့ ခံစားချက် တစ်ခုပဲရှိတယ်၊
သူကျတော့ ဘာနဲ့ခွဲလဲ ဆိုရင် စိတ်ဆိုးတာဟာ ဝုန်းဒိုင်းနဲ့ဆိုးတာ ရှိသလိုပဲ၊ တဖြည်းဖြည်းနဲ့
တွေးပြီးတော့ ဆိုးတာလည်းရှိတယ်၊ စိတ်ဆိုးတာလည်း
နှစ်မျိုးရှိတယ်၊ ခံစားချက် ကတော့ အတူတူပဲ၊ တစ်ခါတစ်လေကျတော့ တစိမ့်စိမ့် တွေးရင်းကနေ
ဒေါသက ပေါက်ကွဲလာတာ အစပထမ ကတော့ သူ့ဆဲသွားတာ ဒေါသဖြစ်ရမှန်းမသိဘူး၊ နောက်ကျ တော့မှ
ဒီကောင် ငါ့ဆဲတာ ထင်ပါရဲ့၊ ငါ့ဆဲတာ ထင်ပါရဲ့ ဆိုပြီးတော့ တွေးရင်း တွေးရင်းနဲ့ ပေါက်ကွဲတာ၊
ဟော အဲဒီလို သူက အခြေအနေ နှစ်ခုရှိတယ်၊ အသင်္ခါရိကနဲ့ သသင်္ခါရိက၊ ချက်ချင်း ပေါက်ကွဲရင်တော့
‘အသင်္ခါရိက’ ပေါ့၊ တဖြည်းဖြည်း တွေးပြီးတော့ ပေါက်ကွဲလာရင်တော့ ‘သသင်္ခါရိက’ လို့
ဒီလို ခွဲတယ်၊ အဲဒါကြောင့်မို့ ဒေါသမူစိတ်ဆိုတာ နှစ်မျိုးပဲ ရှိတယ်။
.
မောဟ
▬▬▬
နောက်တစ်ခုက
မောဟ၊ မောဟ ဆိုတာ မြန်မာလို တွေဝေတယ်လို့ ဘာသာပြန်တယ်၊ တွေဝေနေတယ် လို့ဆိုရင် ဘာမှ
မသိဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်၊ မဟုတ်ဘူး၊ သူက တလွဲ သိနေတယ်၊ အာရုံရဲ့ အစစ်အမှန်
သဘောကို ဖုံးကွယ်ထားပြီး အမှားကို သိနေတယ်၊ ဖုံးကွယ် ထားတယ် ဆိုတာ ဒီမောဟကြောင့် အမှန်မမြင်ဘူးလို့
ပြောတာနော်၊ မောဟက အာရုံရဲ့ အစစ်အမှန် သဘောကို မသိဘဲနဲ့ တလွဲ သိနေ တယ်တဲ့၊
အဲဒါ
မောဟရဲ့ စွမ်းရည်သတ္တိပဲ၊ အဲဒီ မောဟဟာ သူက အာရုံရဲ့ သဘောကို ဖုံးတယ်လို့ ဆိုပေမယ့်
တစ်ဖက်က တလွဲထင်တဲ့ နေရာမှာ သူက အစွမ်းသတ္တိ
ရှိတယ်၊ သူ့ကို ‘အဝိဇ္ဇာ’ လို့ ခေါ်တယ်၊ ဉာဏ်ရဲ့ ဆန့်ကျင်ဘက်၊ အဝိဇ္ဇာလို့ ခေါ်တာ ပဋိစ္စပမုပ္ပါဒ်
ထဲမှာ ဒီ မောဟပဲ၊ ဉာဏ်ပညာရဲ့ ဆန့်ကျင်ဘက်။
.
အကုသိုလ် ဖြစ်တိုင်း
▬▬▬▬▬▬▬
ဒီ မောဟကတော့
အကုသိုလ်ဖြစ်တိုင်း ပါတယ်၊ သူက ယဉ်ယဉ်လေးရယ်၊ သိပ်ပြီးတော့ ရှေ့တန်း ထွက်မလာဘူး၊ ဘာလို့လဲဆိုတော့
သူက အမှန်ကို အမှား ထင်နေတာလေးပဲ၊ သူကရှိတယ်၊ လုပ်သွားတာတော့ လောဘတို့၊ ဒေါသတို့က များတယ်၊
လောဘလို့ သိကြတယ်၊ ဒေါသလို့ သိကြတယ်၊ မောဟကျတော့ ဘယ်လို ဖြစ်တာတုန်းဆို လုပ်သင့်တာနဲ့
မလုပ်သင့်တာ ခွဲခြားမသိဘူး၊ မသိတော့ ဘာဖြစ်၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်တယ်၊
လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်တယ်၊ အဲဒီတော့ မှားမှားယွင်းယွင်းတွေ အကုန် ဖြစ်ရော၊
ဒါ မောဟကြောင့် ဖြစ်တာ။
ဒီမောဟကြောင့်
မှားမှားယွင်းယွင်း ချွတ်ချွတ် ချော်ချော်တွေ ဖြစ်သည့် အတွက်ကြောင့် မလုပ် သင့်တာ လုပ်မိတယ်၊
ဒါကြောင့် ဒုက္ခများတယ်၊ လုပ်သင့်တာ မလုပ်မိဘူး၊ ဒါကြောင့် အကျိုးစီးပွားတွေ ဆုံးရှုံးသွားတယ်၊
နစ်နာတယ်ဆိုတာ မောဟကြောင့် ဖြစ်တာ၊ အဲဒီ မောဟကလည်း သူ ဖြစ်နေသေး သမျှ ဘယ်တော့မှ ရေရာတဲ့အတွေး
မရှိဘူး၊ မဟုတ်တဲ့ အတွေးတွေးတယ်၊ ပြောရင်လည်းပဲ ကိုးရိုးကားယား၊ လုပ်ရင်လည်းပဲ ကိုးရိုးကားယား၊
ဟောဒါ မောဟရဲ့ စွမ်းရည်သတ္တိ ကြောင့်ပဲနော်။
ဟောဒီ
မောဟကတော့ အကုသိုလ်ဖြစ်တိုင်း သူ ပါတယ်တဲ့၊ ဒါကြောင့်မို့ အကုသိုလ်စိတ် ၁၂-ခုလုံးနဲ့
ယှဉ်တယ်၊ အကုသိုလ်စိတ် ၁၂-ခုဆိုတာ လောဘကို အခြေပြုပြီးတော့ ဖြစ်တာက ၈-ခု၊ ဒေါသကို အခြေခံပြီးတော့
ဖြစ်တာက ၂-ခု၊ မောဟ သက်သက်ကို အခြေခံပြုတာ ၂-ခု အားလုံးပေါင်းတော့ အကုသိုလ်စိတ် ၁၂-ခု
ဆိုပြီးတော့ ခွဲတယ်။
.
လောဘ ဒေါသ
မောဟတို့ရဲ့ ဖြေဆေး
▬▬▬▬▬▬▬▬
အဲဒီ
လောဘတို့၊ ဒေါသတို့၊ မောဟတို့ ဆိုတာတွေဟာ စိတ်ရဲ့ အညစ်အကြေး တွေပါ၊ ဒါတွေကို ဖယ်ရှားပစ်လို့
ရပါတယ်။ လောဘကို အကြမ်းဖျင်းအားဖြင့် ဘာနဲ့ ဖယ်ရှားတုန်း ဆိုလို့ရှိရင် ‘အလောဘ’ ဆိုတာနဲ့
ဖယ်ရှားတယ်၊ ဒါ တိုက်ရိုက် ဖယ်ရှားတဲ့ နည်းပေါ့၊ ဒေါသကို ‘အဒေါသ’ ဆိုတဲ့ မေတ္တာနဲ့
ဖယ်ရှားပစ်ရတယ်၊ မောဟကို ‘အမောဟ’ လို့ဆိုတဲ့
အသိဉာဏ်နဲ့ ဖယ်ရှားပစ်ရမယ်၊ ဖြေဆေးတွေ သူ့ဘာသာသူ ရှိတယ်။
အဝတ်မည်းသွားလို့ရှိရင်
ဘာဆပ်ပြာနဲ့ ချွတ်ရမယ်ဆိုတာ သူ့ဟာနဲ့သူ ရှိတယ်ပဲလေ၊ ဘာနဲ့ ချွတ်ရင် ကျွတ်တယ်ဆိုတာ ရှိတာပဲ၊
အဲဒါမျိုးလိုပဲ၊ စိတ်ရဲ့ အညစ်ကြေး တွေကလည်းပဲ ခုနက လောဘ ဖြစ်နေလို့ရှိရင် ‘အလောဘ’ ကိုယ့်ရဲ့ရင်ထဲ
နှလုံးသားထဲမှာ ထူထောင်ပေးရမယ်၊ ဒေါသဖြစ်လာရင် ‘အဒေါသ’ ထူထောင် ပေးရမယ်၊ ဖြစ်အောင်လည်း
လုပ်ရမယ်၊ မောဟဖြစ်ရင် ‘အမောဟ’ ကို ထူထောင် ပေးပြီး ဖယ်ရှားပစ်ရမယ်၊ ဒါ ဖြူအောင် လုပ်တဲ့နည်းပဲ။
.
အဟိရိက
▬▬▬
နောက်တစ်ခုက
ဘာလဲဆိုရင် အကုသိုလ် ဖြစ်တိုင်းပါတဲ့ ‘အဟိရိက’ ဆိုတာ ရှိတယ်၊ အဟိရိက ကတော့ မြန်မာလို
ပြောရင် အရှက်မဲ့တဲ့သဘော၊ အရှက်မဲ့တဲ့ သဘော ဆိုတာ မကောင်းတဲ့ အလုပ်ကို လုပ်ရမှာ မရှက်ဘူး၊
မကောင်းတဲ့ အလုပ်ကို မရွံရှာဘူး၊ ဒုစရိုက်အလုပ်တွေ၊ အကုသိုလ်အလုပ်တွေ မရှက်တဲ့သူက ဘာမဆို
လုပ်ဝံ့တော့တာပဲ။
ဒီနေရာမှာ
မရှက်ဘူးဆိုတာက လူလယ်ခေါင်မှာ ထပြီးတော့ ဆဲရဲတယ်၊ အဲဒါမျိုး၊ အကုသိုလ်အလုပ်နဲ့ ပတ်သက်လာလို့ရှိရင်
မရှက်တာကို ပြောတာ၊ လူသတ်ရမှာ မရှက်ဘူး၊ တိရစ္ဆာန်တွေ သတ်ရမှာ မရှက်ဘူး၊ သူများပစ္စည်း
ခိုးရမှာ မရှက်ဘူး၊ မကောင်းတဲ့ အကုသိုလ် အလုပ်တွေ မရှက်ဘူးလို့ ပြောတာ၊ အဲဒါကလည်း ဟောဒီ
အဟိရိကကြောင့်ပဲ၊ မျက်နှာပြောင်တိုက်ပြီး အကုသိုလ်အမှု ပြုလုပ်တာ၊ အကုသိုလ် လုပ်တိုင်း
ဒီအညစ်အကြေးက ပါတယ်။
.
အနောတ္တပ္ပ
▬▬▬▬
နောက်တစ်ခုက
အနောတ္တပ္ပ မလန့်ဘူး၊ မကြောက်ဘူး၊ အကုသိုလ်ကို မလန့်ဘူး၊ ဒုစရိုက်တွေကို မလန့်ဘူး၊
မကြောက်ဘူး၊ အကုသိုလ် ဒုစရိုက်တွေက ဖြစ်ပေါ်လာမယ့် အကျိုးတရားတွေကို မလန့်ဘူး၊ မကြောက်ဘူး၊
မကြောက်လို့ လုပ်တယ်၊ လုပ်တော့ ခံရတယ်ပေါ့၊ ဒါပါပဲ၊ ဟုတ်ရဲ့လား။
အဟိရိက၊
အနောတ္တပ္ပ ဆိုတဲ့ ဒီ သဘာဝတရား ၂-ခု ဟာလည်း စိတ်အညစ်အကြေး ပါပဲတဲ့၊ ဘာဖြစ်လို့တုန်းဆို
သူတို့ဖြစ်လာလို့ရှိရင် အကုသိုလ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ၊ ကျန်တဲ့ လောဘတွေ၊ ဒေါသတွေ ဖိတ်ခေါ်လာတာနဲ့
အတူတူပဲ၊ ဒါကြောင့်မို့ အဟိရိက, အနောတ္တပ္ပ ဆိုတာ လူရဲ့ သန္တာန်မှာ အညစ်အကြေး တစ်ခုပဲလို့
ပြောတယ်။
.
ဥဒ္ဓစ္စ
▬▬
နောက်တစ်ခုကတော့
“ဥဒ္ဓစ္စ” လို့ ခေါ်တယ်၊ ဥဒ္ဓစ္စဆိုတာ စိတ်ကလေးက မငြိမ် သက်၊ မငြိမ်းချမ်းတဲ့ အနေအထားမျိုး၊
စိတ်ကလေး မငြိမ်သက် မငြိမ်းချမ်းဘူး ဆိုတာ တစ်ခါတစ်ခါ လူတွေ ပြောကြတယ်၊ စိတ်ဟာ စုစည်းလို့
မရဘူး၊ လေနေတယ်၊ ဘာလုပ်ရမှန်းလည်း မသိဘူး၊ ဘာကိုင်ရမှန်းလည်း မသိဘူး၊ စိတ်တွေ လေနေ
တယ်လို့ ပြောကြတယ်၊ “ငါ့ စိတ်တွေ လေနေလိုက်တာ စုစည်းလို့ မရဘူး၊ ငြိမ်းချမ်း မှုတွေ
ပျက်ပြားနေတယ်”၊ ဒါ ဥဒ္ဓစ္စ လို့ခေါ်တယ်။
အဲဒီ
ဥဒ္ဓစ္စကလည်း အကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ပါတယ်၊ လောဘ ဖြစ်နေရင်လည်း စိတ်လေတာပဲ၊
ဒေါသ ဖြစ်နေရင်လည်း စိတ်လေတာပဲ၊ သို့သော် သူက မောဟနဲ့ ယှဉ်တွဲရလို့ရှိရင် ပိုပြီး စိတ်လေမှုက
ထင်ရှားလာတယ်။ ဒါကြောင့်မု့ိ “ဥဒ္ဓစ္စ သဟဂုတ်စိတ်” ဆိုပြီး သီးသန့် မောဟမူ စိတ်ထဲမှာ
ပါတယ်၊ ဥဒ္ဓစ္စ နဲ့ ယှဉ်တွဲတဲ့စိတ်၊ တကယ်တော့ ဥဒ္ဓစ္စဟာ အကုသိုလ်စိတ်အားလုံးမှာ ယှဉ်တယ်၊
သို့သော် သူ့ရဲ့ စွမ်းဆောင်မှုဟာ နောက်ဆုံးစိတ်မှာ ပိုပြီးတော့ အင်အား ကောင်း နေတယ်၊
ဒါကြောင့်မို့ ဥဒ္ဓစ္စသဟဂုတ်စိတ်လို့ ခေါ်လိုက်တာနော်၊ နေရာတိုင်း အားကောင်းတာ မဟုတ်ဘူး။
စာဖတ်တဲ့အခါမှာ
ဘယ်အရာကို အသုံးပြုရတုံး၊ နားလား၊ မျက်စိလား၊ မျက်စိကို အသုံးချရတာ၊ သူက အင်အားကောင်းတာ၊
တရားနာတဲ့အခါ မျက်စိလား၊ နားလား၊ နားက အင်းအားကောင်းတာပေါ့၊ ဥဒ္ဓစ္စကလည်း ထို့အတူပဲ၊
မောဟနဲ့ တွဲတဲ့အခါ ဥဒ္ဓစ္စက အင်အားကောင်းတယ်၊ ဒိပြင်နေရာမှာ သူ ရှိနေပေမယ့်လို့ အင်အားမကောင်း
ဘူးတဲ့။
ပေါင်းလိုက်တော့ ‘မောဟရယ်၊ အဟိရိကရယ်၊ အနောတ္တပ္ပရယ်၊ ဥဒ္ဓစ္စရယ်’
ဆိုတဲ့ ဒီ စိတ်အညစ်အကြေး ၄-ခုဟာ အကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ပါနေကြတယ်၊ ပါဝင်
ပတ်သက်မှုတွေ ရှိနေတယ်၊ ခွဲထုတ်လို့ မရတဲ့ သဘာဝတရားတွေတဲ့။
.
ဒိဋ္ဌိ
▬
နောက်
လောဘမူစိတ် ဖြစ်တဲ့အခါမှာ လောဘသန့်သန့် ဖြစ်တာရှိတယ်၊ တစ်ခါတစ်ရံ လောဘနဲ့ ယှဉ်တွဲပြီး
ဘာပေါ်လာ တတ်သေးတုန်းဆို မှားယွင်းတဲ့ အယူအဆတစ်ရပ် ပေါ်လာတတ်သေးတယ်၊ အဲဒါကို ‘ဒိဋ္ဌိ’
လို့ ခေါ်တယ်၊ ခုခေတ်ကတော့ Philosophy ခေါ်မှာပေါ့၊ မှားယွင်းတဲ့ အယူအဆတွေ အားလုံးဟာ
လောဘနဲ့ ယှဉ်တွဲပြီး ဖြစ်လာကြတာ၊ မောဟနဲ့သာ ယှဉ်တွဲတာ မဟုတ်ဘူးနော်၊ လောဘနဲ့ ယှဉ်တွဲလာတာ။
ဘာဖြစ်လု့ိ ဒီ ဒိဋ္ဌိဆိုတဲ့ အတွေးအခေါ်တွေဟာ
လောဘနဲ့ ယှဉ်တွဲ ရတာတုန်းဆို နည်းနည်း စဉ်းစားကြည့်။ အမှန်မသိလို့ အယူမှားတာလို့ ပြောကောင်း
ပြောကြ လိမ့်မယ်၊ သို့သော် အယူမှားမှု မှန်သမျှသည် လောဘကို အခြေခံတယ်၊ ဘာကြောင့် အခြေခံတုန်းဆို
လူတွေက ကိုယ့်ကိုယ်ကို ချစ်တာကိုး၊ ကိုယ့်ကိုယ်ကို ချစ်တဲ့အခါကျတော့ ကိုယ့်ရဲ့ အန္တရာယ်ကင်းမှု ထာဝရ ရှန်သန်မှုကို ရှာလာကြတယ်၊
selfish ဖြစ်လာတာပေါ့နော်၊ အဲဒီ ကိုယ်ကိုယ်ကို လုံခြုံ စိတ်ချရဖို့ဆိုတဲ့ လောဘအတွေးက
အယူမှားမှုကို ပေါ်ပေါက် စေတတ်တယ်။
ဆိုလိုတာက
အတ္တဒိဋ္ဌိ - ထာဝရ တည်မြဲတဲ့ အရာရှိတယ်၊ ဒီ အတ္တပေါ်မှာ အခြေခံပြီး တော့ တွေးတယ်၊ အဲဒီ
အတွေးကနေ စပြီးတော့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတာပဲ၊ ကိုယ့်ရဲ့အရေး စဉ်းစားရင်းက ဒီ မှားယွင်းတဲ့
အတွေးတွေ အမြင်တွေ ပေါ်လာတယ်၊ ဒါကြောင့် အယူဝါဒ မှားယွင်းမှုတွေဟာ လောဘနဲ့ ယှဉ်တွဲပြီး
ဖြစ်ပေါ်လာတယ်လို့ ဒီလို ပြောတာနော်။
.
မာန
▬▬
နောက်တစ်ခုက
ကိုယ့်ရဲ့ အရည်အချင်း ကြည့်ပြီးတော့ လူတွေဟာ ကိုယ့်ရဲ့ အရည်အချင်းကို ထုတ်ဖော်ပြီး
မာန်တက်တာတွေ ဖြစ်တက်တယ်၊ အဲဒါကို ‘မာန’ လို့ ခေါ်တယ်။ ကိုယ့်အရည်အချင်းက ကောင်းသည်
ဖြစ်စေ၊ နိမ့်ကျသည် ဖြစ်စေ မာနဆိုတာ တက်လာတာ၊ ကိုယ့်ရဲ့အရည်အသွေးပေါ်မှာ အထင်အမြင်လေးတွေ
ဖြစ်လာတာကို မာနလို့ ခေါ်တယ်၊ ငါ လုပ်နိုင်တယ်၊ ငါ သွားနိုင်တယ်၊ ငါ စားနိုင်တယ်၊ ဒီ
နိုင်တယ်ဆိုတာ မာနလို့ခေါ်တယ်၊ မလုပ်နိုင်ဘူးလို့ ပြောရင်လည်း မာနပဲ၊ မလုပ်နိုင်တာလည်း
အရည်အချင်းလေ၊ လုပ်နိုင်တာကလည်း အရည်အချင်း
ပဲ၊ မလုပ်နိုင်တာက ညံ့တဲ့အရည်အချင်းပေါ့။
.
သူတောင်းစား မာန
▬▬▬▬▬▬▬
မာနဆိုတာ
သူတောင်းစားတောင် ရှိသတဲ့၊ ကြားဖူးလား၊ တောင်းစားနေတဲ့ လူတစ်ယောက်ကို သူဋ္ဌေးတစ်ယောက်က
မင်းတောင်းစားမနေနဲ့၊ ငါ့ခြံထဲလာ အမှိုက်ရှင်း၊ ငါ တစ်နေ့ ဘယ်လောက် ပေးမယ်၊ သူတောင်းစားက
ဘာပြောတုန်း၊ “ကျုပ်က သူတောင်းစားဗျ၊ ခင်ဗျားအလုပ် မလုပ်နိုင်ဘူး” တဲ့၊ ခြံရှင်းတဲ့
အလုပ် မလုပ်နိုင်ဘူးတဲ့၊ ဒါမျိုး၊ အဲဒါလည်း သူတောင်းစားမာန ခေါ်တာပဲ၊ မာနဆိုတာ အမျိုးမျိုး၊
ကိုယ့်ကိုယ်ကို အထင်ရောက်တာ၊ ကိုယ့်အရည်အသွေး ကိုယ်အထင် ရောက်တာဟာ မာနပဲ။
.
အကောင်းအဆိုး
▬▬▬▬▬▬
အဲဒီမာနဟာလည်း
ကိုယ့်ကိုယ်ကို ချစ်ခင်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာတာမို့လို့
လောဘနဲ့ ယှဉ်တွဲတယ်လို့ ပြောရတယ်၊ ဒီ မာနဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ ပြောရရင် ဒီမာနက
ကောင်းတဲ့မာန ရှိတယ်၊ ကောင်းတဲ့ မာနဆိုတာ အကောင်းဘက်ကို ဦးတည်သွားတဲ့ မာနကို ပြောတာ၊ မာနကတော့ မကောင်းဘူးပေါ့၊ သို့သော်
အကောင်းဘက်ကို ဦးတည်သွားစေတဲ့ မာန၊ အဆိုးဘက်ကို ဦးတည်သွားစေတဲ့ မာနလို့ ဒီလို နှစ်မျိုး
ခွဲနိုင်တယ်။
.
အကောင်းဘက်ကို
ဦးတည်စေတဲ့ မာန
▬▬▬▬▬▬▬
ဒီပင်္ကရာ
မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ သုမေဓာရသေ့က ဘာပြောလဲ၊ “ကိံမေ ဧကေန တိဏ္ဏေန၊ ပုရိသေန ထာမ
ဒဿိနာ - ငါလို စွမ်းရည်သတ္တိရှိတဲ့ လူတစ်ယောက်က ကိုယ်လွတ် ရုန်းသွားလို့ ဘယ်တော်မလဲ”
၊ “သဗ္ဗညုတံ ပါပုဏိတွာ၊ သံသာရေတွာ သဒေဝကံ - ဘုရားအဖြစ် ရောက်အောင် လုပ်ပြီး သတ္တဝါတွေ
ကယ်တင်မယ်” တဲ့။
အကယ်၍
ဒီပင်္ကရာ မြတ်စွာဘုရားထံမှ တရားနာပြီး တရားကျင့်လိုက်ရင် သူဟာ ရဟန္တာ ဖြစ်နိုင်တယ်၊
ရဟန္တာဖြစ်နိုင်တဲ့ အရည်အချင်းမျိုးက သူ့မှာ
ရှိပြီးသား။ ဘာလို့တုန်းဆို ဈာန် အဘိညာဉ်တွေ ရထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ၊ သို့သော် သူက
သူရဲ့စွမ်းရည်သတ္တိကို သူ ယုံကြည် တယ်လေ၊ အားကိုးယုံကြည်တဲ့ မာန်မာန ကလေးက ဂေါတမ မြတ်စွာဘုရား
ဖြစ်အောင် ပို့ဆောင် ပေးလိုက်တာ။ အဲဒီလို အကောင်းဘက်ကို ဦးဆောင်တဲ့ မာနလို့ ခေါ်တယ်၊
အဲဒီလို အကောင်းဘက် ကို ဦးဆောင်တဲ့ မာနမျိုးကတော့ ရှိသင့်တယ်လို့ ပြောတာ၊ ရှိသင့်တယ်ဆိုတာ
သူ့ကြောင့် ကောင်းကျိုးချမ်းသာ ရနိုင်တယ်လို့ ပြောတာနော်၊ အကုသိုလ်တော့ အကုသိုလ်ပဲပေါ့။
.
မထားသင့်တဲ့ မာန
▬▬▬▬▬▬▬
ဒီ မာနက
အမျိုးမျိုးရှိတယ်၊ မထားရမယ့် မာနမျိုး ကတော့ “ဘယ်ဟာတုန်း ဆိုရင် ငါ အတတ်ဆုံးပဲ၊ ဘယ်ကောင်မှ
ဂရုစိုက်စရာ မလိုဘူး” ဆိုတဲ့ မာနမျိုး၊ “ငါ့လောက် တော်တဲ့သူ မရှိဘူး၊ ဘယ်သူ့မှ ဂရုမစိုက်ဘူး
I don’t care” ဆိုတဲ့ မကောင်းတဲ့ မာနမျိုးပေါ့၊ အကျိုးကို ပျက်ပြားစေတယ်လေ၊ လူတကာကို
အမုန်းပွား စေတဲ့ မာနမျိုး မထားရဘူးတဲ့၊ ကိုယ့်ထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မာန
မထားရဘူး၊ ဒီလို ဆိုလိုတယ်နော်၊ ခုနက ကောင်းကျိုး ချမ်းသာ ဘက်ကို ဦးတည် သွားတဲ့ မာနမျိုး
တော့ ထားရမယ်လို့ ဒီလို ဆိုလိုတယ်။
.
မာနခံလျှင် တရားမရ
▬▬▬▬▬▬▬▬
သို့သော်
ဘယ်မာနပဲဖြစ်ဖြစ် ကိုယ့်တကယ်ရှိတဲ့ အရည်အချင်းကို အရည်အချင်း ရှိတယ်ဆိုတဲ့ အတွေးသည်ပင်လျှင်
အင်မတန် ထူးခြားတဲ့ တရားဓမ္မတစ်ခုကို မျက်မှောက်ပြုဖို့ရန် အတွက် အန္တရာယ်ပြုတယ်တဲ့။
ရှင်အနုရုဒ္ဓါ
မထေရ်မြတ်ဟာ သင်္ကန်းဝတ်ပြီး ပထမဝါတွင်းမှာပဲ
သမထကျင့်စဉ် အောင်မြင်လို့ ဈာန်အဘိညာဉ်တွေ ရတယ်၊ ဒိဗ္ဗစက္ခုမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်
ဖြစ်တယ်၊ သူ့စိတ်ထဲမှာ ထင်တယ်၊ ဒိဗ္ဗစက္ခုနဲ့ စကြဝဠာတစ်ထောင်ကို သူ ကြည့်နိုင်တယ်၊
သူ ရဟန္တာဖြစ်ဖို့ အလွယ်ကလေး လို့ အောက်မေ့တယ်၊ ဝိပဿနာ ပြောင်းပြီး အားထုတ်တယ်၊ လုံးဝ
ရဟန္တာမဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ သူ့မှာ ဘာအတွေး ရှိတုန်းဆိုရင် “စကြဝဠာ တစ်ထောင်ကို
ကြည့်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်” ဆိုတဲ့ အတွေးလေး ရှိတယ်။ ဒါလေးက မာနတဲ့၊
အဲဒီ မာနခံနေလို့ သူ ရဟန္တာမဖြစ်ဘူး။
ရှင်သာရိပုတ္တရာကို
သွားပြီး လျှောက်တယ်၊ ‘အရှင်ဘုရား တပည့်တော် ဒိဗ္ဗစက္ခုနဲ့ ဒီစကြဝဠာ တစ်ထောင်ကို တစ်ပြိုင်တည်း
ကြည့်နိုင်တယ်၊ တရားလည်း အားထုတ်တယ်၊ သမာဓိတွေလည်း ကောင်းတယ်၊ ဒါပေမယ့် ဘာဖြစ်လို့
ကိလေသာ အာသဝေါ မကုန်မှန်း မသိဘူး’ ပေါ့။
ရှင်သာရိပုတ္တရာက
ထောက်ပြတယ်၊ ‘ငါ့ရှင် - စကြာဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ် ဆိုတဲ့ အတွေးဟာ
ငါ့ရှင်မှာ မာနဖြစ်နေတာ၊ အဲဒီအတွေးကို ဖျောက်လိုက်ပါ၊ မစဉ်းစားပါနဲ့’ တဲ့၊ ‘ငါ တရားတွေ အားထုတ်နေတယ်၊ သမာဓ ိတွေလည်း ကောင်းတယ်’ ဆိုတဲ့အတွေးဟာ
ဥဒ္ဓစ္စဖြစ်တာ၊ စိတ် မငြိမ်မသက် ဖြစ်နေတာ၊ ဘာဖြစ်လို့များ ရဟန္တာမဖြစ်တာပါလဲ လို့ ဆိုတဲ့
ဒီအတွေးဟာ ကုက္ကုစ္စ ဖြစ်နေတာ၊ အကုသိုလ် တွေချည်း ဖြစ်နေတာ၊ စဉ်းစားကြည့်။
ဒီ စကြဝဠာတစ်ထောင်ကို
သူ ကြည့်နိုင်လို့ ကြည့်နိုင်တယ် ပြောတာများ ဘာ အပြစ်ရှိတုန်း၊ ပြောကြမှာပေါ့ ၊ ဟုတ်တယ်
မဟုတ်လား၊ သို့သော်လည်း စဉ်းစားကြည့် စရာက အင်မတန်သေးငယ်တဲ့ မြူမှုံကလေးတစ်ခုဟာ လက်ဖဝါးထဲမှာ
ထည့်ပွတ်လို့ ရှိရင် ဘာမှ မဖြစ်ဘူး၊ ဟုတ်လား၊ သို့သော် လက်ဖဝါးထဲ ထည့်ပွတ်လို့ ရှိမှန်း
တောင်မသိတဲ့ အဲဒီ မြူမှုံလေးကို မျက်လုံးထဲ ထည့်ကြည့်ပါလား၊ မျက်လုံး ဘယ်နှယ့် နေမလဲ၊
မခံနိုင်ဘူး၊ အမှုံသေးသေးလေးပဲ ဖြစ်စေ မျက်လုံးထဲ ရောက်သွားရင် ခိုးလိုးခုလုနဲ့ မျက်ရည်တွေ
ထွက်စေမှာပဲ။ အဲဒီလိုပဲ ဒီလို သေးတယ်လို့ ထင်ရတဲ့ မာနလေးက ရဟန္တာဖြစ်ဖို့အတွက် စလုံးစခု
ဖြစ်စေတယ်။
ဒါကို
အရှင်သာရိပုတ္တရာက မြင်တယ်၊ ရှင်အနုရုဒါ္ဓက စဉ်းစားလို့ မရဘူး၊ ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊
ဒီ စိတ်ရဲ့ အညစ်အကြေးတွေက စိတ်ထဲမှာ ဝင်နေတယ်၊ အဲဒါလေးတွေကို လျော်ပစ်လိုက်ပါလို့ ပြောတာနော်၊
ဖြူစင်အောင် လုပ်ပစ်လိုက်ပါ၊ ဘာဖြစ်လို့လဲဆို ဒီမာနလေးဟာလည်း စိတ်ရဲ့ အညစ်အကြေးလေးပဲ၊
ညစ်တယ် ဆိုလို့ရှိရင် မကြည်ဘူး၊ မကြည်ရင် မမြင်ရဘူးပေါ့၊ မှန်များလိုပေါ့၊ နည်းနည်းလေး
အစက်အပြောက်တွေ ရှိနေရင် မြင်ကွင်းမှာ လာရှုပ်နေမှာပေါ့၊ ဒါကြောင့်မို့ ဒီမာနဆိုတာဟာလည်း
တရားထူး၊ တရားမြတ် ရဖို့ရာအတွက် အနှောင့်အယှက်ဖြစ်တဲ့ အရာတစ်ခု၊ စိတ်ရဲ့ အညစ်အကြေးတစ်ခုပါပဲ။
.
ဒိဋ္ဌိနဲ့ မာန
အတူမဖြစ်
▬▬▬▬
လောဘရယ်,
ဒိဋ္ဌိရယ်, မာနရယ်ဟာ လောဘမူစိတ်မှာ ယှဉ်ပြီးတော့ ဖြစ်ကြတယ်တဲ့၊ အယူမှားတဲ့ ဒိဋ္ဌိနဲ့
ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ မာနတို့ဟာ တူတူယှဉ်တွဲပြီး မဖြစ်ကြဘူး၊ ဘာ့ကြောင့် ယှဉ်တွဲပြီး
မဖြစ်တာတုံးဆိုလို့ရှိရင် အာရုံချင်း မတူလို့တဲ့၊ အတူတွဲတယ် ဆိုတဲ့နေရာမှာ အခြေခံ ဝတ္ထုချင်း
မတူလို့တဲ့၊ အတူတွဲတယ် ဆိုတဲ့နေရာမှာ “အခြေခံဝတ္ထုချင်း တူရမယ်၊ အာရုံချင်း တူရမယ်၊
တစ်ပြိုင်နက် ဖြစ်ရမယ်၊ တစ်ပြိုင်နက် ချုပ်ရမယ်၊”
ဒါမှ ယှဉ်တယ်၊ association ဆိုတာ ဒါမှ တစ်ခုတည်းလို့ ဖြစ်ရမယ်၊ သို့သော် မာနနဲ့
ဒိဋ္ဌိက သူ့ရဲ့ အယူအဆ philosophy ကို အာရုံပြုတယ် ဆိုတော့ သူတို့ နှစ်ခုမှာ အာရုံချင်း
မတူကြဘူး။
စာပေထဲမှာတော့
စွမ်းရည်သတ္တိချင်း ပြိုင်နေလို့ဆိုတဲ့ အကြောင်းကို ပြတယ်၊ ခြင်္သေ့နှစ်ကောင်ဟာ လိုဏ်ဂူထဲမှာ
အတူ မအောင်းသလိုပဲလို့ ဥပမာပေးတယ်၊ သို့သော်
အဲဒီ အကြောင်းပြထက် အာရုံချင်း မတူလို့ဆိုတဲ့ အကြောင်းက ပိုပြီးတော့ သဘာဝကျတယ်။ ခြင်္သေ့ဆိုတာ
အုပ်လိုက်နေတတ်တာ ဆိုတော့ တစ်ခါတလေကျ သူတို့တည့်ရင် ခြင်္သေ့အထီးကြီးတွေ နှစ်ကောင်က
လိုဏ်ဂူထဲမှာ အတူ အောင်းတယ်၊ တစ်ခါက TV ထဲမှာ ခြင်္သေ့အုပ်ထဲ ခြင်္သေ့အထီး နှစ်ကောင်ရှိတာ
တွေ့ရတယ်၊ TV ကြည့်ကြည့်ပေါ့။
ဒါကြောင့်မို့
အာရုံချင်း မတူလို့ ဆိုတာက ပိုပြီးတော့ အဓိကကျတယ်၊ မာနက ‘သူ့ရဲ့ အရည်အသွေးကို အာရုံပြုတယ်’၊
ဒိဋ္ဌိက ‘သူရဲ့ အမြင်ကို အာရုံပြုတယ်’၊ ဒါကြောင့်မို့ အာရုံချင်း မတူလို့ သူတို့ အတူတူ
မယှဉ်သာဘူး၊ သို့သော် လောဘနဲ့ ကျတော့ နှစ်ခုလုံး ယှဉ်တွဲကြတယ်။
.
ဣဿာ
▬▬▬
နောက်တစ်ခု
ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ စိတ်ရဲ့ အညစ်အကြေးတွေက ဘာတွေတုံး ဆိုတော့ ပထမ ‘ဣဿာ’
တဲ့၊ ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြု နိုင်တာ၊ အကောင်း မပြောနိုင်တာ၊ ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။
လူတစ်ယောက်
အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို အခြား တစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှုစိမ့်ဘူး၊ မနာလို မရှုစိမ့်ဖြစ်တယ်လို့
ပြောတယ်၊ Jealousy ပေါ့၊ ဒါကလည်း ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူ စိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊ လူတစ်ယောက် အောင်မြင်နေလို့
ရှိရင် မနာလိုဖြစ်တယ်၊ အကောင်း မပြောနိုင်ဘူး၊ ဒါ ဣဿာပဲ။
.
မစ္ဆရိယ
▬▬▬
နောက်တစ်ခု
‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေ မျိုး
သူများ မရစေချင်တာ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်မယ် ဆိုရင် ကိုယ့် အရည်အသွေးမျိုးကို ကိုယ်ပဲ
ပိုင်ဆိုင်ထားချင်တယ်၊ ဒါ မစ္ဆရိယ ခေါ်တယ်။
မစ္ဆရိယ
ဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ၊ ‘နှမြောအိုးမို့
ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။ မစ္ဆရိယက နှမြောတာချည်းပဲ
မဟုတ်ဘူး၊ မစ္ဆရိယ ဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊ ကိုယ်အောင်မြင်သလို
သူများ မအောင်မြင်စေချင်ဘူး၊ အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။
.
မစ္ဆရိယ ၅-မျိုး
▬▬▬▬▬
မစ္ဆရိယ
၅-မျိုးရှိတယ်။
(၁) အာဝါသ
မစ္ဆရိယ တဲ့၊ ကိုယ့်နေတဲ့ နေရာမှာ သူများ လာနေရင် မကြိုက်တာ၊ ဟုတ်လား၊ ကိုယ့်အဆောက်အဦထဲ
သူများလာနေရင် မကြိုက်တာ ‘အာဝါသ မစ္ဆရိယ နော်’။ ‘အာဝါသ မစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာ မဟုတ်ဘူး၊ မီးရထားနဲ့
သွားတာတောင် ပေါင်ကား ထိုင်သေး တယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး
တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသ မစ္ဆရိယ ဆိုတာ။
(၂)
‘ကုလမစ္ဆရိယ’ ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင်
မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမ များကို သူများ ဒကာ, ဒကာမဖြစ်မှာ
မကြိုက်တာ ကုလမစ္ဆရိယ ပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလ မစ္ဆရိယ။
(၃)
‘လာဘ မစ္ဆရိယ’၊ ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘ မစ္ဆရိယ ။
(၄)
‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ ကျော်ကြားမှုနဲ့ ပတ်သက်လာလို့
ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်၊ သူများ မကျော်ကြားစေချင်ဘူး။
(၅)
‘ဓမ္မ မစ္ဆရိယ’ ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ
သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊
တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊
အဲဒါ ဓမ္မ မစ္ဆရိယ လို့ခေါ်တယ်။
‘အာဝါသ
မစ္ဆရိယ ၊ ကုလ မစ္ဆရိယ ၊ လာဘ မစ္ဆရိယ ၊ ဝဏ္ဏ မစ္ဆရိယ ၊ ဓမ္မ မစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယ
ငါးမျိုး ရှိတယ်၊ မစ္ဆရိယ ဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို
ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။
ဘုန်းကြီးတို့
ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး တိရစ္ဆာန်ရုံကို သွားကြည့် တာပေါ့၊
တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့် ဘာကြည့်ချင်တုန်း ဆိုတော့ ညနေဘက် ကျားတွေ
ခြင်္သေ့တွေ အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊ အဲဒီမှာ ဘာ အကဲခတ်မိလဲဆို
ကျားတွေ ခြင်္သေ့တွေက အစာဝဝ စားရတာ မဟုတ်ဘူး၊ သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ
အစာကျွေးမယ့်သူ လာလို့ရှိရင် သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသား တစ်ပေါင်လောက်
တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင် အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို
ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေး ဆေးဆေး
မစားဘူး။ ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယ ကြောင့်၊ သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊
အဲဒီ အဓိပ္ပါယ်မျိုး ရှိတယ်။
ကြောင်လေးတွေ
ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင် မာန်ဖီ တော့တာပဲ မဟုတ်လား၊ အဲဒီတော့
မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှား တယ်၊ ခွေးကလေး နှစ်ကောင်၊ ကစား နေတဲ့ ကြားထဲမှာ
အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊
မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။
သို့သော်
အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ အာရုံချင်း
မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊
ဣဿာဆိုတာ သူများ အောင်မြင်မှု ပေါ် ဦးတည်တယ်၊ မစ္ဆရိယ ဆိုတာ ကိုယ့် အောင်မြင်မှုပေါ်
ဦးတည်တယ်၊ မတူကြဘူး။
.
ကုက္ကုစ္စ
▬▬▬
နောက်တစ်ခုက
‘ကုက္ကုစ္စ’ ဆိုတာ ကောင်းတာတွေ မလုပ်မိလို့ နောင်တပူပန်တယ်၊ မကောင်းတာတွေ လုပ်မိလို့
စိတ်ပူပန်သောက ရောက်ရတယ်၊ လုပ်မိတာ မလုပ်မိတာနဲ့ ကိုယ်လုပ်တဲ့ လုပ်ငန်း မအောင်မြင်တာလို့
၃-မျိုး ရှိတယ်နော်။
(၁) လုပ်မိတဲ့
မကောင်းမှု အတွက်လည်း ပူပန်စိတ် ဖြစ်တယ်၊
(၂) မလုပ်မိတဲ့
ကောင်းမှုကိုလည်း ပူပန်စိတ် ဖြစ်တယ်၊
(၃) ကိုယ်လုပ်ရဲ့သားနဲ့
မအောင်မြင်တဲ့ အပေါ်မှာလည်း ပူပန်စိတ် ဖြစ်တယ်လို့ ဟောဒီလို ကုက္ကုစ္စက သုံးမျိုး ရှိတယ်။
ပူပန်တယ်
ဆိုကတည်းက သူက ဒေါသနဲ့ ယှဉ်တွဲလာတာ၊ ဝမ်းနည်းတဲ့ စိတ်နဲ့ တွဲလာတယ်၊ ဝမ်းနည်းတဲ့ ခံစားချက်နဲ့
တွဲလာတယ်၊ ဒါကြောင့် ဒေါသမူစိတ်မှာ ယှဉ်တယ်တဲ့၊ သို့သော် ဣဿာ ရယ်, မစ္ဆရိယရယ်, ကုက္ကုစ္စရယ်
ဒီသုံးခုဟာ တစ်ခုနဲ့ တစ်ခု အာရုံပြုတာချင်း မတူကြသည့် အတွက်ကြောင့် တစ်ပြိုင်နက် ယှဉ်လို့မရဘူး၊
တစ်ပြိုင်နက် မဖြစ်ကြဘူးတဲ့။
.
ထိနနဲ့ မိဒ္ဓ
▬▬▬
နောက်တစ်ခုက
ဘာတုံးဆိုရင် ထိနနဲ့ မိဒ္ဓ၊ ‘ထိန’ ဆိုတာ စိတ္တဿ အကမ္မညတာ - စိတ်ရဲ့ စွမ်းဆောင်နိုင်မှု
လျော့ကျသွားတာကို ထိနလို့ ခေါ်တယ်၊ ဥပမာ - တရား အားထုတ်နေမယ်၊ တရား အားထုတ်နေရင်းက
ပျင်းစိတ် ဝင်လာမယ်၊ ဆက်ပြီးတော့ မလုပ်ချင်ဘူး၊ အဲဒါ ထိန။
‘မိဒ္ဓ’ ဆိုတာ ကာယဿ အကမ္မညတာ - စေတသိက်အစု ရဲ့ စွမ်းဆောင်နိုင်မှု
လျော့ကျသွားတာ၊ ကာယကို စေတသိက်အစုလို့ စာပေကျန်းဂန်မှာ ဆိုတယ်၊ သို့သော် မိဒ္ဓ လွှမ်းမိုးလာပြီဆိုရင်
ခေါင်းလေး တဆတ်ဆတ် ဖြစ်လာပြီ၊ ကာယဿ အကမ္မညတာမှာ ကာယအရ ဝေဒနာ, သညာ, သင်္ခါရ လို့ဆိုတဲ့ စေတသိက် အစုလို့ ဓမ္မသင်္ဂဏီ
ပါဠိတော်မှာ ဟောပါတယ်၊ သို့သော် ခေါင်း တဆတ်ဆတ် ဖြစ်လာတာ ကလည်း မိဒ္ဓရဲ့ စွမ်းဆောင်မှုကြောင့်ပဲ၊
မိဒ္ဓဝင်လာရင် ငိုက်လာတယ်ပေါ့၊ ငိုက်လာရုံတင် မကဘူး၊ လူကြားထဲမှာ ဟန်မလုပ်နိုင်တော့ဘူး။
ထိနမိဒ္ဓက
တရာအားထုတ်တဲ့ အချိန်မှာ ပိုဝင်လာတက်တယ်၊ သူ့ကိုလည်း စိတ်ရဲ့ အညစ်အကြေးတဲ့၊ ဘာဖြစ်လို့တုံး
ဆိုတော့ အသိဉာဏ် တောက်ပြောင်မှု မဖြစ်စေနိုင်လို့ပဲ၊ ထိနမိဒ္ဓဟာ စိတ်ကို လွှမ်းမိုး
ထားတဲ့ အညစ်အကြေး တစ်ခုပဲ။
.
ဝိစိကိစ္ဆာ
▬▬▬
နောက်ဆုံး
တစ်ခုကတော့ ‘ဝိစိကိစ္ဆာ’ လို့ ခေါ်တယ်၊ ဝိစိကိစ္ဆာ ဆိုတာ ယုံမှား သံသယ ဖြစ်ခြင်း၊ သံသယ
ဖြစ်တယ် ဆိုတဲ့ နေရာမှာ အကန့်အသတ် ရှိတယ်၊ ဘုရားနဲ့ ပတ်သက်ပြီး သံသယဖြစ်တယ်၊ တရားနဲ့
ပတ်သက်ပြီး သံသယဖြစ်တယ်၊ “နှစ်ပေါင်း ၂၅၀၀-က
ဂေါတမဘုရား ပွင့်တယ်ဆိုတာ ဟုတ်ရဲ့လား၊ ဒီတရားတွေ ဟောထားခဲ့တယ် ဘုရားဟောတယ် ဆိုတာရော
ဘယ်သူ သိလဲ၊ ဟုတ်ရဲ့လား၊” သံသယတွေ ဖြစ်လာတယ် စသည်ဖြင့် ဒွိဟဖြစ်လာတယ်၊ ဒီ သံသယ ဒွိဟတွေဟာ
အကောင်းဘက်ကို ဦးဆောင် မသွားဘူးတဲ့၊ အဆိုးဘက်ကို
ရောက်သွား စေနိုင်တယ်ပေါ့၊ ဒါကြောင့်မို့ ဝိစိကိစ္ဆာကလည်း စိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့၊
ဟုတ်သလား, မဟုတ်သလား တွေးနေတာနဲ့ သူက ဘာအကျိုးမှ မရလိုက်ဘူး။
ဝိစိကိစ္ဆာ
ရှိသင့်တဲ့ နေရာတော့ ရှိနိုင်တယ်၊ ဘယ်လို နေရာတုံးဆိုရင် ဒါ မှန်လား၊ မမှန်လား၊ ဆင်ခြင်
စဉ်းစားတဲ့ ဝိစိကိစ္ဆာ၊ ‘ပတိရူပက’ လို့ လယ်တီဆရာတော် ဘုရားကြီးက သုံးတယ်၊ ဝိစိကိစ္ဆာ
အတုတဲ့။
နီဝရဏမှာ
ပါတဲ့ ဝိစိကိစ္ဆာကတော့ စိတ်ကို ပိတ်ဆို့တတ်တယ်၊ အသိဉာဏ်တွေ နည်းသွားအောင် လုပ်တတ်တယ်၊
ဝိစိကိစ္ဆာက နီဝရဏထဲမှာ ပါလို့ ကုသိုလ်စိတ်ကို ဆို့ပိတ်ထားတယ်၊ အသိဉာဏ် တွေကို အားပျော့သွားအောင်
လုပ်တယ်။ ဒါကြောင့်မို့ အဲဒီ ဝိစိကိစ္ဆာမျိုးကို လက်မခံရဘူး။
အရပ်ထဲမှာ
ပြောတယ်၊ တစ်ခါတလေ ဝိစိကိစ္ဆာ များတယ်ဆိုတာ အတွေးတွေ များနေတာကို ပြောတာ၊ ဝိစိကိစ္ဆာ
ဆိုတာ သံသယတွေ ရှိနေတာ၊ မဝေခွဲနိုင်တာ၊ ဟုတ်သလား, မဟုတ်ဘူးလား၊ ငါ တရားအားထုတ်နေတာ
မှန်ရဲ့လား၊ မမှန်ဘူးလား ဆိုတဲ့ အတွေးတွေ ဝင်ပြီးတော့ မဆုံးဖြတ်နိုင်ဘဲနဲ့ တွေဝေနေတဲ့
သဘောတွေ ဖြစ်နေတာကို ပြောတာနော်။
.
စိတ်အညစ်အကြေး ၁၄-မျိုး
▬▬▬▬▬▬▬▬▬▬
ပေါင်းလိုက်တဲ့
အခါကျတော့ စိတ်ရဲ့ အညစ်အကြေးဟာ ၁၄-မျိုးတဲ့၊ ဒါ စိတ်ရဲ့ အညစ်အကြေးတွေ၊ ပြန်ပြီးတော့
ခြုံပြောရမယ် ဆိုရင် မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ အမှန်မသိတာရယ်၊ မရှက်တာရယ်၊ မကြောက်တာရယ်၊ ပျံ့လွင့်တာရယ် အဲဒီသဘောတွေက
အကုသိုလ်စိတ် ဖြစ်တိုင်းအကုန်ပါတယ်၊ အကုသိုလ်စိတ် ၁၂-ခုလုံးနဲ့ ယှဉ်တွဲကြတယ်။
လောဘ,
ဒိဋ္ဌိ, မာန လိုချင်တာရယ်, အမြင်မှားတာရယ်, ကိုယ့်အရည်အသွေး ပေါ်မှာ မာန်တက် တာရယ်၊
အဲဒီ သုံးခုက လောဘမူစိတ်မှာ ဖြစ်တယ်။
ဒေါသ,
ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ စိတ်ဆိုးတာရယ်, မနာလိုတာရယ်, ဝန်တိုတာရယ်, နောင်တ ပူပန်တာရယ်၊
အဲဒီ သဘော ၄-ခုကတော့ ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တတ်တဲ့ သဘောတရားတွေပါ တဲ့။
ထိန မိဒ္ဓ
ဆိုတာကတော့ ပင်ကိုယ်အားဖြင့် မထက်သန်ဘဲ နုံ့နှေးတဲ့ လောဘနဲ့လည်း ယှဉ်တွဲ တတ်တယ်၊ ဒေါသနဲ့လည်း
ယှဉ်တွဲတတ်တယ်။
ဝိစိကိစ္ဆာ ဆိုတာကျတော့ မောဟနဲ့ပဲ ယှဉ်တွဲတယ်၊ အားလုံး ဒီ သဘာဝတွေဟာ စိတ်ကို
ညစ်ပေ စေတတ်လို့ စိတ်ရဲ့ အညစ်အကြေး တွေသာ ဖြစ်ပါတယ်၊ ထိုစိတ်ရဲ့ အညစ်အကြေးတွေ ပျောက်အောင် မြတ်စွာဘုရားက ပေးထားတဲ့
နည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ် ကြမယ် ဆိုရင် ဒီစိတ်ရဲ့ အညစ်အကြေးတွေဟာ
လျှော်ဖွပ်ပစ်လို့ရတဲ့ အရာတွေချည်း ပါပဲတဲ့။ လျှော်ဖွပ်ပစ် လိုက်ရင် ဖြူစင်တဲ့ စိတ်ကို
ရလာပါလိမ့်မယ်တဲ့။
ဒါကြောင့်မို့
ဒီကနေ့ စိတ်ရဲ့ အညစ်အကြေးတွေကို အကျဉ်းချုပ်ပြီးတော့ သိသာအောင် ပြောပြီးပြီ၊ နက်ဖြန်ခါကျတော့
ဒီ အညစ်အကြေးတွေကို ဘာနဲ့ လျှော်မလဲ ဆိုတာ ရှင်းပြမယ်၊ အဲဒီ လျှော်ရမယ့် အရည်အသွေးလေးတွေ
စိတ်ထဲမှာ ရှိတယ်၊ အဲဒါတွေကို ထူထောင်ပြီး လျှော်ရမှာ ဖြစ်တယ်တဲ့။
ဒီကနေ့
ဗုဒ္ဓမြတ်စွာရဲ့ အဘိဓမ္မာ ဒေသနာမှာပါတဲ့ စိတ်ရဲ့ အညစ်အကြေးများ ဖြစ်တဲ့ အကုသိုလ် စေတသိက်
၁၄-ခုကို လေ့လာသိရှိကြလို့ “မိမိရဲ့သန္တာန်မှာ ဒီလို အညစ်အကြေးတွေ မဖြစ်ရ လေအောင် သတိထားပြီးတော့
ရှောင်ကြဉ်ကြဖို့၊ ဖြစ်ပေါ်လာပြီ ဆိုလည်း သန့်ရှင်း စင်ကြယ် သွားအောင် လုပ်ရန် မမေ့ဖို့”
အရေးကြီးတယ်နော်။
မြတ်စွာဘုရားက
ထိုထိုသုတ္တန် တွေမှာလည်း “အကုသိုလ်တွေကို မိမိစိတ်မှာ မဖြစ်စေနဲ့၊ စိတ်ကို မညစ်နွမ်းစေနဲ့”
လို့ ဒီလို ဟောခဲ့တာ ဖြစ်ပါတယ်၊ ရေကြောင့်ဖြစ်တဲ့ ရွှံ့နွံကို ရေနဲ့ပဲ ပြန်ဆေးရသလို
စိတ်မှာဖြစ်တဲ့ အညစ်အကြေးတွေကို လည်း စိတ်နဲ့ပဲ ပြန်ပြီး ဆေးကြောလို့ ရပါတယ်တဲ့၊ ဆေးကြောလို့
ရနိုင်တဲ့ သဘာဝ တရားများကို လေ့လာခြင်းဖြင့် အညစ်အကြေးများကို ကိုယ်စီကိုယ်စီ ဆေးကြောနိုင်
ကြပါစေကုန်သတည်း။
“သာဓု
- သာဓု - သာဓု”
………………
