ပဋ္ဌာန်းမြတ်ဒေသနာ - အပိုင်း (၁၂)


 

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၂)

▬▬▬▬▬▬▬▬▬▬

 

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၁-ရက်၊ (၄-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

.

 

အာဟာရပစ္စယော

▬▬▬▬▬▬▬

 

အာဟာရပစ္စယောဆိုတာ ရုပ်နာမ်၂-ရပ်ကို တည်တံ့အောင် ထောက်ပံ့ ပေးနိုင်တဲ့ စွမ်းရည်သတ္တိလို့ ဒီလိုအဓိပ္ပါယ်ရှိတယ်၊ များသောအားဖြင့် အာဟာရ ဆိုရင် စားသောက်စရာလို့ အသိများကြတယ်၊ စားစရာအာဟာရမျှကိုသာ ဒီနေရာမှာ အာဟာရပစ္စည်းလို့ ခေါ်တာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကျိုးတရားတွေကို စွမ်းဆောင်မှုပေးနေတဲ့ အကြောင်းတရားတွေကိုလည်း အာဟာရ။ စွမ်းဆောင် တယ်ဆိုတဲ့နေရာမှာ သာမန်ထက် ထူးကဲပြီး စွမ်းဆောင်တာ၊ ဒါကြောင့်မို့ အာဟာရ ပစ္စည်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ သက်ဆိုင်ရာ အကျိုးတရားများကို လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားလို့၊ သက်ဆိုင်ရာအကျိုးတရားများကို လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားသည် အာဟာရပစ္စည်းလို့ ဒီလိုမှတ်ရမယ်၊ အကြောင်းတရား သာမညကို ပြောတာမဟုတ်ဘူး၊ လွန်ကဲစွာစွမ်းဆောင်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ အကြောင်းတရားတွေလို့ ပြောတာ။

 

အဋ္ဌကထာများမှာတော့ -

 

ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌန ဥပကာရကော - ရူပါရူပါနံ ရုပ်နာမ်၂-ပါးတို့ကို၊

ဥပတ္ထမ္ဘကဋ္ဌေန - အထောက်အပံ့ပေးတဲ့ အနေအားဖြင့်၊

ဥပကာရကော - ကျေးဇူးပြုတဲ့တရားလို့ဆိုတယ်။

 

ထောက်ပံ့တယ်ဆိုတာ အကျိုးတရား အခိုင်အမာရပ်တည်မှု ရှိနေအောင် ထောက်ပံ့တာ၊ လောကမှာ လူတွေလည်း ပြောကြတယ်လေ၊ လိုအပ်နေတဲ့ပုဂ္ဂိုလ် တွေကို ထောက်ပံ့တယ် ကူညီတယ်။

 

“ထောက်”တယ်ဆိုတာ ဆိုပါစို့ - သစ်ပင်ကြီးတစ်ပင် လဲတော့မယ်ဆိုရင် မလဲရအောင် ထောက်ပေးထားတယ်၊ ထောက်ထားသည့်အတွက် သစ်ပင်ကြီးဟာ လဲမသွားနိုင်ဘူး၊ ပြိုလဲတော့မယ့်အရာကို ထောက်ထားလို့ရှိရင် မလဲနိုင်တော့ဘူး။

 

“ပဲ့” တယ်ဆိုတာ ပံ့ပိုးကူညီတာ၊ လိုအပ်တဲ့အကူအညီတွေ ပေးထားသဖြင့် ဆက်လက်တည်တံ့တယ်၊ လဲပြိုသွားမယ့် သစ်ပင်ကြီး ပြိုမသွားအောင် “ထောက် ထားတာ၊ လိုအပ်ချက်တွေကြောင့် အခြေအနေယိုယွင်းသွားတာ မရှိရအောင် “ပံ့ပိုး ကူညီထားတာ၊ ဒီလိုဆိုလိုတယ်။

 

ဒါကြောင့် အာဟာရပစ္စည်းကထောက်ပံ့တယ်၊ ကူညီတယ်၊ အထောက်အပံ့ ပေးတယ်၊ ဥပတ္ထမ္ဘက အခိုင်အမာ ထောက်ခံထားတယ်၊ ထောက်ပံ့ထားတဲ့ အကြောင်းတရားလို့ ဒီလိုပြောလိုတာ။

.

 

ရုပ်အာဟာရ

▬▬▬▬▬

 

အာဟာရပစ္စည်းကို ရုပ်အာဟာရနဲ့ နာမ်အာဟာရလို့ ၂-မျိုး ခွဲတယ်၊ ရုပ်အာဟာရ ဆိုတာကတော့ အများသိနေကြတဲ့ အစားအစာမှာ ရှိနေတဲ့ ဩဇာဓာတ်ကို ရုပ်အာဟာရလို့ ခေါ်တယ်၊ ရုပ်ဟာ အနည်းဆုံး ၈-ခု တွဲထားတယ်၊ ၈-ခုကို တစ်ခုအနေနဲ့ ဖွဲ့စည်းထားတယ်၊ မဟာဘုတ် ၄-ပါးရယ်, မျက်စိကမြင်ရတဲ့ အဆင်း ရုပ်ရယ်၊ နှာခေါင်းနဲ့ ရှူလို့ရတဲ့ အနံ့ရုပ်ရယ်၊ လျှာနဲ့ လျက်လို့ရတဲ့ အရသာရုပ်ရယ်, နောက်ပြီးတော့ ဩဇာလို့ခေါ်တဲ့ ရုပ်တွေထဲမှာ စိမ့်ဝင်ပျံ့နှံ့ပြီးတော့ တည်နေတဲ့ စွမ်းရည်သတ္တိရှိတဲ့ ရုပ်တစ်မျိုးရယ်လို့ - အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ရုပ် ၈-ခု၊ အဲဒီရုပ် ၈-ခုဟာ တစ်ခုစီ ခွဲခြားလို့ မရတဲ့ရုပ်မျိုးလို့ ပြောတာ။

 

အဲဒီရုပ် ၈-ခုဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ထာဝရတွဲနေတဲ့ ရုပ် ၈-ခု၊ အကယ်၍ ခွဲလိုက်ပြီဆိုလို့ရှိရင် ရုပ်လို့ခေါ်စရာ မရှိတော့ဘူး၊ ဒါကြောင့်မို့ အဲဒီ ရုပ်တွေကို “အဝိနိမ္ဘောဂရုပ်” တဲ့၊ ဝိနိ ဆိုတာ တစ်ခုစီတစ်ခုစီ သီးသီးခြားခြား၊ ဘောဂ – ခွဲခြား ပစ်လိုက်တာ၊ တစ်ခုစီ တစ်ခုစီ ခွဲခြားလို့ရရင် ဝိနိမ္ဘောဂ၊ ခွဲခြားလို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်ကျတော့ “အဝိနိမ္ဘောဂ” လို့ ဒီလိုပြောတာ၊ အင်္ဂလိပ်လိုပြန်တဲ့အခါ Indivisible လို့ ပြန်တယ်၊ ခွဲလို့စိတ်လို့မရတဲ့ ရုပ်မျိုးလို့ပြောတာ။

 

ဘာဖြစ်လို့ ခွဲစိတ်လို့ မရသလဲလို့ဆိုရင် တစ်ခုစီ ခွဲခြားလိုက်မယ်ဆိုလို့ရှိရင် ရုပ်အဖြစ် မစွမ်းဆောင်နိုင်တော့ဘူး၊ စကားအနေနဲ့သာ တစ်ခုစီတစ်ခုစီ ပြောလို့ ရတယ်၊ အဲဒီရုပ်တွေဟာ တစ်ခုစီ တစ်ခုစီ ခွဲလိုက်တာနဲ့ ရုပ်လို့ခေါ်စရာ မရှိတော့ဘူး၊ လောကမှာ တွေ့နေရတဲ့ ဗဟိဒ္ဓမှာရှိတဲ့ သစ်ပင် တောတောင် ရေမြေ အစစ အရာရာမှာ သက်မဲ့အရာတွေမှန်သမျှ ဟောဒီ ၈-ခုနဲ့ တွဲထားတယ်။ သက်မဲ့အရာ အားလုံးလူတွေက နာမည်အမျိုးမျိုးပေးထားကြတယ်၊ မဆုံးနိုင်တဲ့အမည်နာမတွေ၊ အတွေးတွေ အထင်တွေနဲ့ အမည်အမျိုးမျိုးမှည့်ထားတာ၊ သို့သော် သဘာဝအားဖြင့် ကြည့်မယ်ဆိုရင် ဒီရုပ် ၈-ခုရဲ့ အစုအဝေးကြီးပါပဲ၊ ဘယ်နေရာပဲတွေ့တွေ့ သက်မဲ့ အရာဝတ္ထုတွေဟာ ဟောဒီရုပ် ၈-ခုရဲ့ အစုအဝေးကြီးပဲ၊ အမည်နာမတွေကတော့ ဘယ်တော့မှ ဆုံးမှာလည်း မဟုတ်ဘူး။

 

ပစ္စည်းတစ်ခုခု ပေါ်လာလို့ရှိရင် .အမည်နာမတွေက ထပ်ဆင့်ပြီးတော့ ပေါ်နေဦးမှာပဲ၊ လွန်ခဲ့တဲ့ အနှစ်-၄၀ လောက်က မပေါ်ခဲ့တဲ့ပစ္စည်းတွေ ဒီကနေ့ ပေါ်နေတယ်၊ အဲဒါတွေလည်း အမည်နာမတွေ ပေးနေတာ၊ နောက်ထပ် အနှစ်-၄ဝ ရဲ့ နောက်ပိုင်း မှာလည်းပဲ အခုချိန်ကမသိသေးတဲ့ ပစ္စည်းဝတ္ထုတွေ ပေါ်နေဦးမှာပဲ၊ နောက်ဘာတွေပဲ ပေါ်ပေါ် ပေါ်သမျှသည် ဟောဒီရုပ် ၈-ခုပဲလို့ ဒီလိုသတ်မှတ် ရမယ်၊ ဒီရုပ် ၈-ခုကို သဏ္ဌာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုး အသုံးအမျိုးမျိုးနဲ့ လူတွေဟာ အမည်နာမ ခေါ်စရာတွေ မိမိတို့ဘာသာစကားနဲ့ တီထွင်ပြီး အမည်နာမတွေ ခေါ်နေကြဦးမှာပဲ၊ မဆုံးနိုင်ဘူး၊ လူရှိသမျှ အခေါ်အဝေါ်တွေ တိုးတက်နေဦးမှာ ပဲ၊ သို့သော် ဒီရုပ် ၈-ခုလို့ပဲ ဒီလိုမှတ်ရမယ်။

.

 

သြဇရုပ်ဆိုတာ

▬▬▬▬▬

 

အဲဒီရုပ် ၈-ခုထဲမှာ အမြဲတမ်းပါဝင်နေတဲ့ ဩဇရုပ်ဆိုတာ ရှိတယ်၊ ဘယ် မှာပဲဖြစ်ဖြစ် ပါတယ်၊ ဩဇရဲ့အဓိပ္ပါယ်က “အတ္တနော ဥဒယာ နန္တရံ ဇနေတီတိ ဩဇာ”၊

 

အတ္တနော ဥဒယာ နန္တရံ - မိမိဖြစ်ပေါ်လာပြီးတဲ့နောက် အခြားမဲ့မှာ၊

ဇနေတိ – အခြားရုပ်တစ်မျိုးကို ထုတ်လုပ်တတ်တယ်၊

 

အကျိုးတစ်မျိုးကို ထုတ်လုပ် ပေးတတ်တယ်၊ ဩဇာရဲ့အဓိပ္ပါယ်က “သြ” ဆိုတာ ကိုယ်ဖြစ်လာပြီးတဲ့နောက်၊ “ဇ” ဆိုတာ ဖြစ်စေတာ၊ သူပေါ်လာရင် တစ်ခုခုကို ဖြစ်စေ မှာပဲလို့ ဒီလိုပြောတာ၊ အဲဒီ ဩဇာဆိုတဲ့ရုပ်ဟာ နေရာတကာမှာ ရှိတယ်။

 

၁၉၉၈-ခုနှစ်က စွယ်တော်မြတ်ဘုရားအနီးမှာ “အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်” ကို စပြီးတော့ဖွင့်တယ်၊ ဖွင့်တဲ့အခါ နိုင်ငံခြားက လာပြီးတော့ တက်ကြတယ်၊ အဲဒီတုန်းက ဘုန်းကြီးက Visiting Professor အနေနဲ့ စစ်ကိုင်းကလာပြီး အဘိဓမ္မာသင်တန်း ပို့ချပေးတယ်၊ အဘိဓမ္မာသင်တန်းမှာ ဒီ ဩဇာအကြောင်းကို ပြောတာ၊ ဩဇာဆိုတာ Nutritive essence အာဟာရတွေရဲ့ အနှစ်၊ ရုပ်တိုင်းရုပ်တိုင်းမှာ ရှိတယ်လို့ ရှင်းပြတယ်၊ အဲဒီသင်တန်းမှာ Mexico နိုင်ငံက အမျိုးသမီးတစ်ယောက်ပါတယ်၊

 

(Mexico နိုင်ငံဆိုတာ တောင်အမေရိက မှာ ရှိတယ်၊ အခု ဗုဒ္ဓဘာသာတွေရှိနေပြီ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် တည်ကတည်းက ၂၀၀၅-ခုနှစ်အထိ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်သွားတဲ့ ဆရာတော် ဦးသီလာနန္ဒရဲ့ တပည့် Miss Ruty ဆိုတဲ့ အမျိုးသမီးပဲ)၊

 

အဲဒီ ဩဇာအကြောင်း ရှင်းပြတဲ့အခါကျတော့ “ရုပ်တိုင်း ရုပ်တိုင်းမှာ ဩဇာရှိတယ် ဆိုရင်တဲ့ မှန်တံခါးမှာရှိတဲ့ မှန်ကြီးတွေမှာ ရှိသလား” လို့ မေးတယ်။

 

“ဗုဒ္ဓအဘိဓမ္မာအရကျတော့ ဘယ်နေရာပဲဖြစ်ဖြစ် ရှိတာပဲ” လို့ ဘုန်းကြီး ဖြေတယ်၊ မှန်ကိုစားတဲ့သတ္တဝါ မရှိတော့ သူက ဒီမေးခွန်းမေးတယ်၊ စားတာ မစားတာနဲ့ မဆိုင်ဘူးလို့ လူက စားတာဖြစ်စေ၊ သတ္တဝါတွေက စားတာဖြစ်စေ, မစားတာဖြစ်စေ ဒါနဲ့ မဆိုင်ဘူး၊ သူ့မှာ သတ္တိရှိနေတာကတော့ မှန်တယ်။

 

ဆိုပါစို့ - မြေကြီးကို လူမစားဘူး၊ ဒါပေမယ့် တီကောင်က စားတယ်လို့၊ လူ မစားတဲ့အရာတွေ ဒီပြင်သတ္တဝါတွေ စားတယ်၊ စားရင် ဒီအာဟာရထဲမှာပါတဲ့ ဩဇာဓာတ်က အကျိုးကို ဖြစ်စေတယ်၊ နောက်ဆုံးမှာ အဆိပ်မှာလည်း ဩဇာ ရှိတာပဲ၊ အဆိပ်သွားစား အဆိပ်သင့်တယ်ဆိုတာ ဒါပဲပေါ့၊

 

အတ္တနော ဥဒယာ နန္တရံ – မိမိဖြစ်လာပြီးတဲ့နောက် အခြားမဲ့မှာဆိုရင်၊

ဇနေတိ - အကျိုးသက်ရောက် စေတယ်၊

 

ဒါပြောတာ အဲဒီတော့ မှန် ဆိုလို့ရှိရင်လည်း မှန်စားတဲ့သတ္တဝါရှိလို့ မှန် စားရင် သူက Nutritive essence ပဲ၊ စားတဲ့သတ္တဝါရှိရင် ဘာပဲဖြစ်ဖြစ် အကျိုး ဖြစ်ထွန်းစေတာ၊ ဩဇာရဲ့အဓိပ္ပါယ်က ကောင်းကျိုးဖြစ်စေ ဆိုးကျိုးဖြစ်စေ ရုပ်သစ် တစ်မျိုးကို ဖြစ်ပွားစေတာ၊ ဒါ ဩဇာဓာတ်လို့ ခေါ်တယ်၊ သူ့ချည်းတော့ ဖြစ်ပွား စေတာ မဟုတ်ဘူး၊ အခြားတစ်ခုခုနဲ့ ပေါင်းစပ်လိုက်ပြီဆိုလို့ရှိရင် ဖြစ်ပွားစေတယ်။

 

ဗုဒ္ဓအဘိဓမ္မာအရ သတ္တဝါတွေက စားတဲ့အရာဝတ္ထုပဲဖြစ်စေ၊ မစားတဲ့အရာ ဝတ္ထုပဲဖြစ်စေ ဒီသဘာဝကတော့ ရှိမြဲရှိနေတာပဲ၊ အဲဒီတုန်းက အဲဒီလို ရှင်းပြတာ၊ သူကျေနပ်သွားလား မကျေနပ်လားတော့ မသိဘူး၊ မေးတော့ မမေးတော့ဘူး၊ သူတို့က အဲဒီလို ကပ်ကပ်သပ်သပ်တော့မေးတတ်တယ်၊ အမှန်က အဲဒီလိုမေးတာ လည်းပဲ ကောင်းတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဗုဒ္ဓတရားတော်ဟာ အမေးအမြန်း ခံနိုင်တယ်၊ ဗုဒ္ဓတရားတော်က အတုအယောင်မဟုတ် အစစ်အမှန် ဖြစ်သည့် အတွက်ကြောင့် ဘယ်လိုပဲမေးမေး အဖြေကတော့ ရှိနေတာ၊ ဖြေတတ်တာ မဖြေ တတ်တာကတော့ တခြားပေါ့။

 

ဒီနေရာမှာ ပဋ္ဌာန်းပါဠိတော်က ဒီဩဇာဆိုတဲ့ရုပ်ကိုကြည့်ပြီး အာဟာရပစ္စယောလို့ တစ်ခုအနေနဲ့ ဟောတာ၊ အဲဒီ ရုပ်အာဟာရနဲ့ ပတ်သက်ပြီးတော့ ပဋ္ဌာန်းပါဠိတော် ဟောပုံက -

 

“ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော” –

 

မြတ်စွာဘုရားက ဒီလို ဟောတယ်၊ ဒီနေရာမှာ ကဗဠိကာရောဆိုတဲ့ စကားလုံး ထည့်ထားတာကို ကြည့်၊ ကဗဠ ဆိုတာ လူတွေက အစာစားတော့မယ် ဆိုလို့ရှိရင် ပါးစပ်နဲ့တန်ရုံ အတုံးအခဲလေးတွေ လုပ်လေ့ရှိတယ်၊ ပါးစပ်နဲ့တန်ရုံ အတုံးအခဲလေး တွေက ကဗဠ၊ ထမင်းလုပ်ဆိုတာ လက်နဲ့စားတာကို ဦးတည်ပြောတယ်၊ ဘာလို့တုန်းဆို ရှေးဟောင်းအိန္ဒိယနိုင်ငံမှာ ထမင်းစားရင် လက်နဲ့စားကြ တာမို့လား၊ လက်နဲ့ စားတဲ့အခါ ထမင်းအားလုံးစုပြီး အလုပ်အလုပ်လေးတွေ လုပ်ကြ တယ်၊ ဇွန်းနဲ့စားရင်လည်း ထမင်းလုပ်ပဲ၊ ဇွန်းထဲမှာပါတဲ့ အတိုင်းအတာလေး တစ်ခုက ဒါ အလုပ်လုပ်တာ၊ အတုံးအခဲလေးလုပ်တယ်လို့ ပြောတာ၊ အရည် သောက်ရင်တော့ အရည်ပေါ့။

 

ဒါဖြင့် တူနဲ့စားတော့ ဘယ်လိုလုပ်မတုန်း၊ တူနဲ့စားလည်း တူနဲ့ ကော်လို့ ရတဲ့ အတိုင်းအတာလေးတစ်ခုက ကဗဠပဲ၊ ကဗဠ ဆိုတာ ဘယ်လိုပမာဏလို့ ပြောတာ မဟုတ်ဘူး၊ ပါးစပ်ထဲထည့်ဖို့ ခံတွင်းထဲရောက်အောင်ပို့တဲ့ အတိုင်းအတာ လေးတစ်ခုကို ကဗဠ ပဲ၊ အဲဒီလိုလုပ်ပြီးမှစားတာ။ ဟုတ်ပြီ၊ လူတွေစားတာ ကဗဠ လို့ ဆိုလို့ရှိရင် နွားတွေ မြက်စားတာကျတော့ ဘယ်လိုလုပ်မတုန်း၊ နွားတွေကလည်း သူ့ပါးစပ်ဆန့်ရုံ သူစားတာ၊ ဒါ ကဗဠ ပဲပေါ့၊ ဆင်တွေက သစ်ကိုင်းတွေ ချိုးစား ရင်ရော၊ ဒါလည်း သူတို့အတွက် ကဗဠ ပဲလို့ ဒီလိုပဲတွက်ရမယ်။

 

ဆိုလိုတာက အာဟာရသည် သူ့ဖာသူနေတဲ့အချိန်မှာ ဆိုပါစို့ - ဟင်းရွက်ကလေး တစ်ရွက် သစ်ပင်ပေါ်မှာပဲဖြစ်စေ၊ ဟင်းပန်းကန်ထဲမှာဖြစ်စေ သူ့ဖာသူ နေနေတယ်၊ ပါးစပ်ထဲ မရောက်သေးဘူးဆိုရင် အကျိုးတစ်ခုကို ဖြစ်စေနိုင်ပါ့မလား၊ မဖြစ်စေဘူး၊ အစာအာဟာရသည် သူ့ဖာသူနေနေလို့ရှိရင် အကျိုးတစ်ခုကို မထုတ် လုပ်သေးဘူးတဲ့၊ လူတွေက ပါးစပ်ထဲထည့်ပြီ ဆိုတဲ့အခါကျမှ သက်ဆိုင်ရာအကျိုး တစ်ခု ဖြစ်စေတယ်၊ လျှာပေါ် ရောက်တာနဲ့ တစ်ပြိုင်နက် သူက အာဟာရသတ္တိက လာတော့မယ်၊ လျှာနဲ့တွေ့ပြီဆိုရင် အာဟာရသတ္တိက လာတယ်၊ ငရုပ်သီး လျှာပေါ် ရောက်ရင် စပ်ပြီ မဟုတ်လား၊ လျှာပေါ် မရောက်သေးရင်တော့ မစပ်သေးဘူးနော်၊ ဘယ်ဟာပဲဖြစ်ဖြစ် လျှာနဲ့ထိလိုက်ပြီဆိုရင်တော့ သူ့ရဲ့စွမ်းရည်သတ္တိတွေ ပြလာ တယ်။

 

ဒီတော့ မြတ်စွာဘုရားက အာဟာရောလို့တင် မဟောဘဲနဲ့ ကဗဋီကာရော လို့ ဟောတာက ဘာအတွက်တုန်းဆိုတော့ ဗဟိဒ္ဓ ပြင်ပမှာရှိတဲ့ အစာအာဟာရ သည် အာဟာရသတ္တိနဲ့ ကျေးဇူးမပြုဘူး၊ ထမင်းပွဲကြီးရှေ့ချ ထိုင်ကြည့်နေ၊ ဝရဲ့လား၊ မဝဘူး၊ ကဗဠိကာရ ဖြစ်လာပြီးတော့ ပါးစပ်ထဲထည့်ပြီး ဝါးပြီးစားပြီ ဆိုတော့မှ ဒီ အထဲမှာပါတဲ့ ဩဇာဓာတ်သည် ခန္ဓာကိုယ်ရဲ့အကျိုးကို သက်ရောက်လို့ အာဟာရ ပစ္စည်းတပ်တယ်လို့ ပြောတာနော်၊ ဒီအဓိပ္ပါယ်ရှိအောင်လို့ .. မြတ်စွာဘုရားက ကဗဋီကာရောလို့ ဟောတာ။

 

နို့မို့ဆိုရင် ကဗဋီကာရော လို့ ပြောစရာမလိုဘူး၊ .. ဘယ်လိုပြောမလဲ၊ “အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော” - ဒီလိုပဲ ဟောရမယ်၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ထမင်းပွဲမှာရှိတာ အာဟာရမဟုတ်ဘူးလား၊ လူမစားသေး ရင်ရော အာဟာရမခေါ်ဘူးလား၊ ခေါ်တာပဲ။ လူမစားသေးရင်လည်း အာဟာရပဲ၊ ပန်းကန်ထဲမှာရှိတုန်းလည်း အာဟာရပဲ၊ စားစရာအစာတွေမှန်သမျှ သူ့ဟာသူ ထုပ်ပိုးထားတဲ့အချိန်မှာလည်း အာဟာရပဲ၊ သို့သော် ကဗဋီကာရဖြစ်ပြီ လားလို့ဆို မဖြစ်သေးဘူး၊ အဲဒါ အဲဒီအဓိပ္ပါယ်ကို ရည်ညွှန်းတာ။

 

အာဟာရဆိုတာ စတုသမုဋ္ဌာနိက၊ ကံကြောင့်ဖြစ်တာ၊ စိတ်ကြောင့်ဖြစ်တာ၊ ဥတုကြောင့် ဖြစ်တာ၊ အာဟာရကြောင့်ဖြစ်လာတာ၊ စားသုံးလိုက်ရတဲ့ သြဇာဓာတ် သည် ဟောဒီရုပ်ခန္ဓာကြီးအား - ရုပ်ခန္ဓာလို့ဆိုတာ ဣမဿ ကာယဿ အကြောင်း ၄-ပါးကြောင့် ဖြစ်တဲ့ ရုပ်ခန္ဓာကြီး၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ် ခန္ဓာ၊ ကံ စိတ် ဥတု အာဟာရ လို့ဆိုတဲ့ အကြောင်း ၄-ပါးကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာကြီးကို ဟောဒီ ဩဇာဆိုတဲ့ရုပ်တရားက ထောက်ပံ့ပေးထားပါတယ်လို့ ဒီလိုပြောတာ၊ ဒါက စာလို ပြောနေတာ။

 

အရပ်လို ရှင်းရှင်းတွေးလို့ရှိရင် လူတွေဟာ ဘာနဲ့ အသက်ရှင်နေတာလဲ၊ အစာစားပြီး အသက်ရှင်နေကြတယ်၊ သတ္တဝါအားလုံး ဘာနဲ့အသက်ရှင်လဲ၊ အစာ စားပြီး အသက်ရှင်တယ်၊ စားခါနီး လူတွေက ပြောလေ့ရှိတယ်၊ “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” တဲ့၊ “သတ္တဝါတွေဟာ အာဟာရကြောင့် တည်နေကြတယ်” လို့ဆိုတယ်၊ အာဟာရမရှိဘူးဆိုလို့ရှိရင် လူတွေဟာ အသက်ရှည်တည်နေဖို့ရာ မဖြစ်နိုင်ဘူး၊ အာဟာရ ရှိကိုရှိနေရမယ်၊ အာဟာရ ရှိရုံတင် မလုံလောက်ဘူး၊ ပြည့်စုံတဲ့အာဟာရဖြစ်မှ၊ မပြည့်စုံတဲ့အာဟာရ ဖြစ်လို့ရှိရင်လည်း ပြည့်စုံတဲ့ ရုပ် တရား တည်တံ့နိုင်မှာ မဟုတ်ဘူး။

 

အဲဒါကြောင့် အာဟာရပစ္စယောလို့ ဟောတဲ့အခါမှာ နံပါတ်တစ်က ဒီဩဇာ ရုပ်ကို ပြောတာ၊ ဩဇာရုပ်ဆိုတာ သတ္တဝါတွေရဲ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားတဲ့ ဩဇာရုပ်ကို ပြောတာ၊ အဲဒီဩဇာရုပ်သည် အတွင်းမှာရှိတဲ့ ဩဇာရုပ်နဲ့ ပေါင်းစပ် ပြီးတဲ့အခါ အာဟာရဇရုပ်တွေကို ထုတ်လုပ်ပါတယ်တဲ့၊ ထုတ်လုပ်ပြီးတဲ့အခါမှာ ကံကြောင့်ဖြစ်တဲ့ ရုပ်ကိုလည်း အထောက်အကူပြုတယ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်ဆိုတာ ဘာတွေတုန်း၊ မျက်စိ နား နှာ လျှာ ကိုယ် ဟဒယလို့ ဆိုတဲ့ ရုပ်တွေ၊ ဒါတွေဟာ လည်းပဲ အစာအဟာရမှာပါတဲ့ ဩဇာဓာတ်က ထောက်ပံ့ထားလို့ မပျက်မစီး ဆက်လက်ပြီး ဖြစ်နေနိုင်ကြတာ၊ သူ့ရဲ့အထောက်အပံ့တွေ အပြည့်အဝရှိတယ်လို့ ဒီလိုပြောတာ။

 

ဒါကြောင့် ပဋ္ဌာန်းပါဠိတော်မှာ

 

“ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော”၊

 

ကဗဋီကာရော အာဟာရော - အလုတ် အလွေးပြုပြီးမှ စားသုံးရတဲ့အာဟာရသည် ဝါးစားလိုက်ရတဲ့အစာအာဟာရသည်၊

ဣမဿ ကာယဿ - ဤရူပကာယလို့ခေါ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးအား၊

အာဟာရ ပစ္စယေန = အာဟာရပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော – ကျေးဇူးပြုလျက် ရှိပါပေ၏။

 

ကျေးဇူးပြုတယ်ဆိုတာ အကျိုးပြုနေတာနော်၊ ဒါရှိလို့ ဒီရုပ်တွေ ဆက်လက်ပြီး ရှင်သန်နေတယ်၊ ဒါကတော့ လောကမှာ အလွန်ထင်ရှားတာပဲ၊ အာဟာရ ပစ္စယောက နားလည်ဖို့ လွယ်ပါတယ်။

 

ရုပ်အာဟာရပစ္စည်းက ဩဇာရုပ်ပဲ ဖြစ်တယ်၊ ဩဇာရုပ်သည် အာဟာရ ပစ္စည်း၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်နဲ့ ကံ စိတ် ဥတု ကြောင့် ဖြစ်တဲ့ရုပ်တွေက ပစ္စယုပ္ပန်၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေကို တိုက်ရိုက်ကျေးဇူးပြုပြီး ကျန်တဲ့ရုပ် တွေကို အထောက်အကူပြုတယ်၊ကံကြောင့်ဖြစ်တဲ့ရုပ်ကိုလည်း ကူညီတယ်၊ ထောက်ပံ့တယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကိုလည်း ကူညီထောက်ပံ့တယ်၊ ဥတုကြောင့် ဖြစ်တဲ့ရုပ် ကိုလည်း ကူညီထောက်ပံ့တယ်၊ ဒီဩဇာဆိုတဲ့ရုပ်က နေ့စဉ်နှင့်အမျှ ဆက်ဆက် ဆက်ဆက်ပြီး ထောက်ပံ့သည့်အတွက်ကြောင့် ၁၀-နှစ်၊ ၁၅-နှစ်၊ အနှစ် ၂၀၊ ၃၀၊ ၄၀ ဟုတ်လား၊ အသက် ၆၀၊ ၇၀၊ ၈၀၊ ဟော ဒီလိုနေသွားတာ ဒီဩဇာဓာတ်ကနေ ထောက်ပံ့သွားတာ၊ နောက်ပိုင်းမှာ ထောက်ပံ့မှုတွေ ယိုယွင်း ကျဆင်းလာတဲ့ အခါကျတော့ ဩဇရုပ်က ခန္ဓာကိုယ်ကြီးကို မထောက်ပံ့နိုင်တော့ ဘူးဆို ဘယ်သွား တုန်း၊ မထောက်ပံ့ဘူးဆို မရဏရောက်သွားတာပဲ၊ သူ ထောက်ပံ့ နေတုန်းသာ ရှင်သန်နေမှာ။

 

သူကလည်း ထောက်ပံ့နေရင်းကနေပြီး တဖြည်းဖြည်းတော့ ကျဆင်းလာ တာ၊ အရှိန်ဆိုတာ တဖြည်းဖြည်းကုန်လာတာပဲ၊ ဘယ်အရာပဲဖြစ်ဖြစ် အရှိန်ဟာ ရှိတယ်၊ အဲဒီအရှိန်သည် ကျဆင်းလာတဲ့အခါ သူ့ရဲ့အကျိုးဆက်တွေကလည်း မှေးမှိန်လာ တာပေါ့၊ ဖယောင်းတိုင်လေးပဲ ကြည့်ဦးလေ - မီးထွန်းထားတယ်ဆိုရင် တဖြည်းဖြည်း ဖယောင်းဆီကလျော့၊ မီးစာက တိုတိုလာတဲ့အခါ လင်းအားတွေ လျော့လျော့ လျော့လျော့သွားတယ်၊ နောက်ဆုံး ကုန်ခါနီးမှာ မှိန်မှိန်ကလေးဖြစ်ပြီး ငြိမ်းသွား တာပေါ့၊ ဒါက သဘာဝပဲလေ၊ ဘာမှ ထူးတာမဟုတ်ဘူး၊ ဒီသဘာဝပဲ။

 

ပန်းပွင့်လေးတစ်ပွင့်ကြည့်ဦး - ဆိုင်ရာအကြောင်းတွေ ရေဓာတ်ကလေး တွေကနေပြီး စိုစိုလေး ထောက်ပံ့ထားတဲ့အခါ ပန်းပွင့်ကလေးဟာ လန်းလန်း ဆန်းဆန်းနဲ့၊ ဟော  ဟော တဖြည်းဖြည်းထောက်ပံ့မှုအားနည်းလာတဲ့အခါကျတော့ ပန်းပွင့် ကလေးက ရင့်ရင့် ရင့်ရင့်လာပြီး နောက်ဆုံးကြွေသွားတယ်၊ ဒီသဘောပဲ။

 

ထောက်ပံ့မှုအားနည်းလာပြီဆိုရင် အပြည့်အဝ မရသည့် အတွက်ကြောင့် နောက်ဆုံး ကျတော့ ပြိုလဲသွားတာပဲ၊ ထောက်ပံ့တယ်ဆိုတာ ပြိုလဲမသွားအောင် ရပ်တည်နိုင် အောင် ထောက်ပံ့နေတာ၊ အဲဒါကို အာဟာရပစ္စယောလို့ ဟောတာ။

 

ဒီအာဟာရပစ္စယောသည် သူရှိတဲ့အခိုက်သာ ထောက်ပံ့တာဖြစ်လို့ အတ္ထိ၊ သူနဲ့ မကင်းကွာမီအချိန်မှာ ထောက်ပံ့တာ ဖြစ်သောကြောင့် အဝိဂတ သတ္တိ ၃-မျိုးနဲ့ ဩဇရုပ်ဟာ ကျန်တဲ့ရုပ်ခန္ဓာကြီးကို ထောက်ပံ့ပေးထားတယ်၊ အာဟာရသတ္တိ ဆိုတာ သတ္တိတစ်ခု၊ အာဟာရသတ္တိဆိုတာ ထောက်ပံ့ထားတဲ့သတ္တိကို ပြောတာ၊ အတ္ထိဆိုတာ ရှိနေတုန်းအကျိုးပြုတာကိုပြောတာ၊ အဝိဂတဆိုတာ လုံးဝကင်းပျောက် မသွားခင် အကျိုးပြုတာကို ပြောတာ။

 

ဒါကြောင့်မို့ ဩဇရုပ်သည် ကျန်တဲ့ရုပ်ခန္ဓာကိုယ်အား အာဟာရသတ္တိထူးနဲ့ ကျေးဇူးပြုရုံမျှမက အတ္ထိ - ရှိနေတုန်း ကျေးဇူးပြုလိုက်တယ်၊ အဝိဂတ - မိမိ မပျောက်ကင်းအချိန်မှာ ကျေးဇူးပြုထားတယ်၊ သတ္တိ ၃-မျိုးနဲ့ ကျေးဇူးပြုနေတယ်၊ ရုပ်အာဟာရဆိုတာ သီးသန့်ပဲ၊ ဒီလိုဟာမျိုး တခြားမှာ မရှိဘူး၊ ဩဇရုပ်က ရုပ် ခန္ဓာကိုယ်ကို ထောက်ပံ့တယ်ဆိုတာ တခြားမှာ မရှိဘူး။ အာဟာရ၊ အတ္ထိ၊ အဝိဂတ ဒီ ၃-ခုနဲ့ပဲ ဆိုင်တယ်၊ ကျန်တာတွေနဲ့ မဆိုင်ဘူး၊ ဒါကြောင့်မို့ သီးသန့်မျိုးကွဲပစ္စည်း တစ်ခု၊ ၂၄-ပစ္စည်းထဲမှာ သီးသန့်တွဲလို့ ရတာ ဒီ ၃-ခုပဲ ရှိတယ်၊ ဒါက ရုပ်အာဟာရ။

.

 

 

နာမ်အာဟာရ

▬▬▬▬▬

 

နာမ်အာဟာရဆိုတာ ရှိသေးတယ်နော်၊ နာမ်အာဟာရ ဆိုတာ ဘာတုန်း -

 

“ဖသော ဒုတိယော၊ မနောသေဉ္စတနာ တတိယာ၊ ဝိညာဏံ စတုတ္ထံ”

 

ပါဠိမှာ ရှိတယ်၊ ကဗဠိကာရ အာဟာရက ပထမ၊ ဒုတိယက ဖဿ၊ တတိယက မနောသေဉ္စတနာ၊ ဒီနေရာမှာ မနောဆိုတဲ့စကားလုံး ထည့်ပြောထားတာ စေတနာ ပါပဲ၊ မနောသေဉ္စတနာ စိတ်ထဲမှာရှိတဲ့ စွမ်းအားပြည့်တဲ့စေတနာ၊ ဖဿရယ်၊ စေတနာရယ်၊ ဝိညာဏ်ရယ်ပေါ့၊

 

အဲဒီ ၃-မျိုးဟာ ကျန်တဲ့နာမ်တရားတွေရဲ့ စွမ်းဆောင်မှုထက် သူတို့က လွန်ကဲတဲ့ စွမ်းဆောင်မှု ရှိတယ်တဲ့၊ ဒါကြောင့် အာဟာရလို့ ခေါ်တယ်၊ ဒီနေရာမှာ စွမ်းဆောင် တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ယူရမယ်၊ စားရတယ်ဆိုတဲ့ အာဟာရမျိုးနဲ့ မဆိုင်ဘူးနော်၊ အာဟာရဆိုတာကိုက စွမ်းဆောင်မှုဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ လွန်လွန်ကဲကဲ အကျိုးတရားကို စွမ်းဆောင်ထားနိုင်တဲ့တရား။

 

နောက်တစ်ခုက အာဟာရဆိုတာ အကြောင်းတရားကို ပြောတာ၊ စားတဲ့ အစာတစ်မျိုးတည်းကိုသာ အာဟာရခေါ်တာ မဟုတ်ဘူး၊ အကြောင်းတရား မှန်သမျှ ဘာကြောင့် အာဟာရလို့ ခေါ်တုန်းဆိုတော့ “အာ” ဆိုတာ လွန်လွန်ကဲကဲ၊ “ဟာရ” ဆိုတာ ဆောင်ထားတာ၊ အကျိုးတရားတွေ ပြိုလဲမသွားအောင် လွန်လွန် ကဲကဲ ဆောင်ထားတဲ့အရာ၊ ဆောင်ထားတယ်ဆိုတာ ထိန်းထားတာ၊ အဲဒါကြောင့် အကြောင်းတရားကိုလည်း အာဟာရခေါ်တယ်။

 

“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ကလေးတွေရှိတယ်၊ “အာဟာရ”ကို အစာလို့ယူပြီး သဗ္ဗေ သတ္တာ - သတ္တဝါမှန်သမျှ ဟာ၊ အာဟာရဋ္ဌိတိကာ - အစာအာဟာရကြောင့် တည်နေတယ် လို့ ဆိုလို့ရှိရင် မပြည့်စုံဘူး၊ ဗြဟ္မာတွေ အစားစားသလား၊ မစားဘူး၊ ဒါဆို ဗြဟ္မာ့ ပြည် မပါဘူး ဖြစ်သွားမယ်၊ ဗြဟ္မာတွေ လွတ်သွားမယ်၊ သဗ္ဗေ သတ္တာ သတ္တဝါ အားလုံး ဆိုတဲ့နေရာမှာ ဗြဟ္မာမပါဘူး ဖြစ်သွားလိမ့်မယ်၊ ဟော ငရဲဘုံက သတ္တဝါ တွေဟာလည်းပဲ ငရဲခံနေရလို့ ဘယ်အချိန် ထမင်းချက်စားမတုန်း၊ ဘယ်သူကမှ လည်း လာကျွေးမှာ မဟုတ်ဘူး၊ အဲဒီတော့ ငရဲသားသတ္တဝါတွေရော အစာရှိပါ့ မလား၊ မရှိဘူးတဲ့။

 

အဲဒီတော့ အာဟာရဋ္ဌိတိကာ အရ အစာဆိုတဲ့ အဓိပ္ပါယ်ကိုမယူဘဲ အကြောင်တရားကို ယူတယ်၊ သတ္တဝါတွေဟာ အသက်ရှင်တည်နေတာ ဆိုင်ရာ အကြောင်းကြောင့် အသက်ရှင်နေတာလို့ ပြောတာနော်၊ အကြောင်းတရားကြောင့် အသက်ရှင်တယ် လို့ပြောရင် အားလုံးခြုံမိသွားမယ်။

 

အာဟာရဋ္ဌိတိကာအရ အစာယူပြီးတော့ ခြုံမိအောင်ပြောတာလည်း ရှိသေး တယ်၊ အဋ္ဌကထာမှာ ငရဲသားသတ္တဝါတွေဟာ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာမှာ “အာဟာရ” အရ အစာလို့ယူရင် ငရဲသားသတ္တဝါတွေရဲ့ အာဟာရက ဘာတုန်းဆိုရင် ကိုယ့်တံတွေး ကိုယ်မျိုချတာသည်ပင် အာဟာရလို့ ဒီလိုပြောတာ၊ ဗြဟ္မာတွေကျတော့ အာဟာရဆိုတာ ပီတိဘက္ခာအရ စိတ်ထဲက ကျေနပ်နေတဲ့ ပီတိဟာ အာဟာရ၊ ဒီလိုနည်းနဲ့လည်း ပြောတာ ရှိသေးတယ်နော်။

 

အဲဒီတော့ အကောင်းဆုံးကတော့ အစာစားတဲ့သတ္တဝါတွေအဖို့ အစာ၊အစာ မစားတဲ့သတ္တဝါတွေအတွက် အာဟာရဆိုတာ အကြောင်းတရားလို့ ဒီလို ဆိုလိုတာ၊ အဲဒီတော့ သတ္တဝါမှန်သမျှသည် အကြောင်းတရားကြောင့် တည်နေကြတယ် ဆိုတဲ့စကားသည် အားလုံးကို ခြုံမိငုံမိတဲ့စကားတစ်ခု ဖြစ်ပါတယ်။

 

ရုပ်တရားတွေရဲ့အာဟာရကတော့ ဩဇာ၊ နာမ်တရားတွေရဲ့ အာဟာရကျတော့ ဘာလဲ? ဖဿ စေတနာ ဝိညာဏ်၊ ဟောဒီသဘာဝတရား ၃-ခုသည် အကျိုးတရား တွေကို လွန်ကဲစွာ စွမ်းဆောင်ထားနိုင်တယ်၊ စွမ်းဆောင်ထားနိုင်ပုံနဲ့ ပတ်သက်ပြီးတော့ သံယုတ္တနိကာယ်မှာ ပုတ္တမံသူပမသုတ်ကို မှတ်သားသင့်တယ်၊ ပုတ္တ - မိမိရင်၌ ဖြစ်ပွားတဲ့သားရဲ့၊ မံသ အသား၊ ဥပမာ - နှိုင်းယှဉ်စရာ၊ ရင်ဝယ်ဖြစ်ပွားတဲ့ သားသမီးရဲ့ အသား၊ အဲဒါနဲ့ နှိုင်းယှဉ်ပြီး ဟောတဲ့သုတ်ကို ပုတ္တမံသူပ သုတ်လို့ ခေါ်တယ်။

.

 

 

 

 

ပုတ္တမံသူပသုတ်

▬▬▬▬▬▬

 

အဲဒီသုတ်မှာ မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် “စတ္တာရောမေ ဘိက္ခဝေ အာဟာရာ” - ရဟန်းတို့၊ အာဟာရ ၄-မျိုး ရှိတယ်၊ အာဟာရ ၄-မျိုး က ကဗဋီကာရ အာဟာရ၊ ဖဿ၊ မနောသန္ဓေတနာ၊ ဝိညာဏလို့ ၄-မျိုးရှိတယ်၊ အဲဒီ ၄-မျိုးက ဘာအတွက်တုန်းဆိုရင် “ဘူတာနံ ဝါ သတ္တာနံ ဌိတိယာ သမ္ဘဝေသီ နံ ဝါ အနုဂ္ဂဟာယ” – ဘူတလို့ဆိုတဲ့ သတ္တဝါတွေ အသက်ရှင် တည်နေဖို့အတွက် (ပြည့်ပြည့်စုံစုံဖြစ်ပြီးသား သတ္တဝါကို ဘူတလို့ ခေါ်တယ်၊) အားလုံးသိကြတဲ့အတိုင်း လူ့ဘဝ ဘာကစလဲ၊ ကလလရေကြည်လေးက စတယ် မဟုတ်လား၊ အဲဒီအချိန်မှာ လူရုပ်မပေါ်သေးဘူးနော်၊ ဘူတလို့ ခေါ်လို့မရဘူး၊ ကြက်ကလေးတွေ ကြက်ဥ အဆင့် ရှိသေးရင် ဘူတလို့ ခေါ်လို့မရဘူး၊ စတင်နေတုန်း ရှိသေးတယ်၊ ဘူတ ဆိုတာ အင်္ဂါရပ်တွေ ပြည့်ပြည့်စုံစုံနဲ့ လူဆိုရင် လူပီပီ၊ တိရစ္ဆာန်ဆိုရင် တိရစ္ဆာန်ပီပီ၊ အကောင်ပီပီ ဖြစ်သွားမှ ဘူတ၊ အကောင်ပီပီ မဖြစ်သေးရင် “သမ္ဘဝေသီ” လို့ ခေါ်တယ်။

 

အဲဒီတော့ “ဘူတ” နဲ့ “သမ္ဘဝေသီ” ၂-ခု ရှိတယ်၊ အာဟာရဆိုတာဟာတဲ့ ဘူတလို့ဆိုတဲ့ အပြည့်အဝ ပီပီသသဖြစ်ပြီးတဲ့ သတ္တဝါတွေ ဆက်လက်တည်တံ့ရေး အတွက် အထောက်အကူပြုတယ်၊ သမ္ဘဝေသီလို့ခေါ်တဲ့ ဘဝတစ်ခုအစပြုနေတဲ့ သတ္တဝါတွေအတွက် အထောက်အကူပြုတယ်၊ ဟော - အာဟာရရဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ရှင်းထားတယ်၊ ဘူတာနံ ဝါ သတ္တာနံ – ကိုယ် ထင်ရှားဖြစ်ပြီးတဲ့ သတ္တဝါတို့ရဲ့၊ ဌိတိယာ ‘တည်ရှိနေဖို့အတွက်တဲ့၊ သမ္ဘဝေသီ နံ ဝါ အနုဂ္ဂဟာယ – ဘဝတစ်ခုကို အခြေပြုနေတဲ့ အစပြုနေတဲ့သတ္တဝါတို့ကို အကူ အညီ ဖြစ်ဖို့ရာအတွက် အာဟာရ ၄-မျိုး ရှိပါတယ်လို့ - ဒီလို မြတ်စွာဘုရားက ဟောတယ်၊ အဲဒီသုတ္တန်ပါဠိတော်နဲ့ ဒီအဘိဓမ္မာ အတူတူပဲ၊ ပဋ္ဌာန်းမှာ အာဟာရ သတ္တိဆိုတာကို ထည့်ဟောတာပဲ ရှိတယ်။

 

ကဲ ကောင်းပြီ၊ အဲဒီသုတ္တန်မှာ ကဗဋီကာရ အာဟာရ ကို မြတ်စွာဘုရား က ဘာနဲ့ နှိုင်းယှဉ်ပြထားတုန်း၊ ရင်၌ဖြစ်ပွား သားရတနာရဲ့ အသား၊ အဲဒါနဲ့ အလား တူတယ်တဲ့၊ အဲဒီသုတ္တန်မှာ ဇနီးမောင်နှံနှစ်ယောက် သားကလေးကို ချီပိုး ပြီးတော့ အင်မတန် ဝေးလံသီခေါင်တဲ့ အစာရေစာရှားပါးတဲ့ ကန္တာရခရီးကြီးကို ဖြတ်ကျော်ကြတယ်၊ ပါလာတဲ့ရိက္ခာလေးက မလုံမလောက်၊ နည်းနည်းလေးပဲ ပါ လာတယ်၊ မကြာခင်ပဲ ခရီးခဲကြီးထဲ ရောက်တဲ့အချိန်မှာ ရိက္ခာပြတ်သွားတယ်၊ နောက်ထပ် ဆက်ပြီးတော့ သွားရမယ့်ခရီးက အများကြီးကျန်နေသေးတယ်၊ အဲဒီ တော့ သူတို့ စဉ်းစားတယ်၊ အစာမစားရရင် တို့ ၃-ယောက်စလုံးသေမယ်၊ အဲဒီ တော့ ၃-ယောက်စလုံး အသေခံမလားလို့ဆိုတော့ (မြန်မာစကားပုံ ရှိတယ် မဟုတ် လား “အမိသော်လဲ သားတော်ခဲ”ဆိုတာ၊ ကိုယ်ဒုက္ခကြုံလာလို့ရှိရင် ချစ်လှပါတယ် ဆိုတဲ့ သားသမီးကိုပဲ စွန့်ပစ်ကြရတာပဲ၊) နောက်ဆုံးကျတော့ သူတို့ဘယ်လိုဆုံးဖြတ် ကြတုန်းဆိုရင် အေး ၃-ယောက်စလုံးတော့ အသေမခံနဲ့၊ ဟောဒီကလေးလေးကို ချီပိုးလာရတာ တို့ဒုက္ခတွေ ပိုရောက်တယ်၊ ခရီးတွေကလည်း အများကြီးသွားရဦး မယ်၊ သူ့ကို သတ်ပြီး သူ့အသားကို တစ်နေ့ နည်းနည်း နည်းနည်း စားပြီး ခရီး ဆက်ကြမယ်လို့ ဆုံးဖြတ်ကြတယ်၊ ဆုံးဖြတ်ပြီးတဲ့အခါ သားကလေးကို သတ်ပြီး တချို့အသားတွေကို အခြောက်လှမ်းထားတယ်၊ တစ်နေ့မှာ နည်းနည်း နည်းနည်း လေး စားပြီးတော့ ခရီးဆက်ကြတယ်တဲ့။

 

သို့သော်လည်း သူတို့ခမျာ စားတိုင်း စားတိုင်း မျက်ရည်တွေ ကျတယ်၊ ရင်ဘတ် တီးတီးပြီး သားကလေးအတွက် ကြေကွဲဝမ်းနည်းပြီး စားကြတယ်၊ စားတိုင်း စားတိုင်း သားကလေးအတွက် ကြေကွဲကြတယ်၊ မျက်ရည်ရွှဲစို ငိုယိုကြတယ်၊ သို့သော် မစားရင်လည်း သေမယ်၊ ရှေ့ကိုသွားနိုင်တဲ့ အင်အားတွေ မရှိတော့ဘူး၊ ဒီတော့ သားကလေးရဲ့အသားကို စားပြီးတော့ ကန္တာရခရီးကြီးကို ဖြတ်ကြရတယ်တဲ့။

 

အဲဒီ ဇာတ်လမ်းဆန်ဆန် ဥပမာကိုပေးပြီး မြတ်စွာဘုရားက “တို့နေ့စဉ် စားသုံးနေတဲ့ ကဗဋီကာရအာဟာရဆိုတာ အဲဒီ မိဘ၂-ပါးက သူတို့သားကလေးရဲ့ အသားပေါ်မှာ ထားတဲ့ သဘောထားသလိုထားကြ” လို့ ပြောတာနော်၊ ထားနိုင်ပါ့ မလား အဲဒီလို၊ မထားနိုင်ဘူး၊ ကောင်းပေ့ဆိုတာ သွားစား၊ မြန်မာအစားအစာတင် မကဘူး၊ ကိုရီးယားဆိုင် သွားစားဦးမယ် မဟုတ်လား။

 

မြတ်စွာဘုရားက အဲဒီလိုစားတယ်ဆိုတာ ဘာအတွက်စားတာတုန်းလို့ ခုန မိသားစုရဲ့ရည်ရွယ်ချက်ကို ကြည့်လိုက်၊ သားကလေးအသားကို ဘာအတွက် စားတာတုန်းဆိုတော့ ဟောဒီ ကန္တာရခရီးကြီးကို ဖြတ်ကျော်နိုင်ဖို့အတွက် စားတာ၊ ပျော်ဖို့စားတာလား၊ မဟုတ်ဘူး။ ဝဖြိုးဖို့ စားတာလား၊ အသားအရည်တွေ ပြည့်ဖြိုးဖို့ ခွန်အားဗလတွေတိုးဖို့ စားတာလာ၊ မဟုတ်ဘူး။ သူတို့ရည်ရွယ်ချက်သည် ကန္တာရ ခရီးကို ဖြတ်ကူးဖို့ပဲ၊ ရည်ရွယ်ချက်က အဲဒါပဲ။

 

ဒါကြောင့်မို့လို့ ရဟန်းသံဃာတွေကို မြတ်စွာဘုရားက ဆုံးမတဲ့အခါ အစာ စားလို့ရှိရင် -

 

နေဝ ဒဝါယ - ပျော်ဖို့စားတာလည်း မဟုတ်ဘူးတဲ့၊

န မဒါယ - မာန် မာနတွေတက်ဖို့ စားတာလည်း မဟုတ်ဘူးတဲ့၊

န ဝိဘူသနာယ - ခွန်အားဗလတွေ တိုးပွားဖို့ စားတာလည်း မဟုတ်ဘူးတဲ့၊

န မဏ္ဍနာယ - လှပအောင် စားတာလည်း မဟုတ်ဘူး၊

 

အဲဒီရည်ရွယ်ချက်တွေနဲ့ မစားရဘူးတဲ့၊ ဘာအတွက် စားရမလဲ၊

 

ဣမဿ ကာယဿ ဌိတိယာ - ဒီခန္ဓာကိုယ်ကြီးတည်တံ့ဖို့အတွက်၊

ဗြဟ္မစရိယာ နုဂ္ဂဟာယ - အကျင့်မြတ်တွေကို ကျင့်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်ဖို့အတွက် စားတယ်။

 

ဒီတော့ မိဘ၂-ပါးက သားလေးရဲ့အသားကို စားပြီးတော့ ကန္တာရခရီးကို ဖြတ်တယ်၊ အဲဒီမိဘ၂-ပါးရဲ့ စိတ်နေသဘောထားအတိုင်း မိမိတို့နေ့စဉ် စားသုံးနေတဲ့ ကဗဋီကာရအာဟာရပေါ်မှာ သဘောထားပါတဲ့၊ အဲဒီလိုဆိုတယ်၊ အဲဒီလို သဘော ထားနိုင်ပြီဆိုရင် ဘာဖြစ်လဲ၊ ကာမဂုဏ်အာရုံတွေပေါ်မှာဖြစ်တဲ့ တဏှာရာဂကို ဖယ်ရှားပစ်နိုင်ပါတယ်တဲ့၊ အဲဒါ မဟုတ်သေးဘူးဆိုလို့ရှိရင် မဖယ်နိုင်သေးဘူး။

 

လောကမှာ တဏှာထဲမှာ ရသတဏှာက အဆိုးဆုံးပဲ၊ တဏှာတွေထဲမှာ ရသတဏှာ မပယ်နိုင်ရင် အဆိုးဆုံးပဲ၊ ဟုတ်တယ်လေ မတည့်ပါဘူးဆိုလည်း ကြိုက်လို့ စားတယ်၊ ကြိုက်လို့ စားလို့ ဒုက္ခရောက်တဲ့လူတွေ ပြည့်လို့နော်၊ မရှောင် နိုင်ဘူး၊ တချို့ကျ ဝဝစားပြီး သေမယ်တဲ့ ပြောသေးတယ်။ သေမယ်ဆိုတာ မသိတာ မဟုတ်ဘူး၊ သိတယ်၊ ဒါပေမယ့် ဝဝစားပြီး သေမယ်တဲ့၊ အဲဒီလောက်ထိအောင် ဇွဲကောင်းတာနော်။

 

မြတ်စွာဘုရားကတော့ အဲဒီလို မဟုတ်ဘူး၊ ကဗဋီကာရေ အာဟာရေ ပရိညာတေ - ကဗဋီကာရအာဟာရကို ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင် သိလိုက်လို့ ရှိရင်တဲ့၊ ပဉ္စကာမဂုဏိက ရာဂေါ ပရိညာတော တဲ့၊ ကာမဂုဏ် ၅-ပါးနဲ့ ပတ်သက် ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာရာဂတွေကို ပိုင်ပိုင်နိုင်နိုင်သိပြီးသား ဖြစ်သွားလိမ့် မယ်တဲ့။ ဆိုလိုတာက အားလုံးကို စွန့်လွှတ်နိုင်လိမ့်မယ်လို့ ပြောတာနော်။ အစာလေး မစွန့်ရင် နောက်ဟာတွေ မစွန့်နိုင်သေးဘူး၊ ကာမဂုဏ် ၅-ပါးနဲ့ ပတ်သက်တဲ့ ရာဂကို စွန့်နိုင်ပြီဆိုလို့ရှိရင် ကာမဘုံမှာ ပြန်ပြီးမွေးဖွားဖို့ သံယောဇဉ် သူ့မှာ မရှိ တော့ဘူး၊ ဒီလို ပြောတာ၊ ဆိုလိုတာက အနာဂါမ်အဆင့်ကို ပြောတာ၊ ကာမဂုဏ် အာရုံတွေ ကာမရာဂတွေကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် အနာဂါမ်အဆင့် ရောက်တယ်လို့ ပြောတာ၊ ကာမဘုံကို ပြန်လာဖို့ရန်အတွက် ကြိုးမရှိတော့ဘူး၊ သူ့မှာ နှောင်ကြိုး မရှိတော့ဘူးလို့ ဒီလိုဆိုလိုတယ်။

 

ဒါကြောင့်မို့လို့ ကဗဋီကာရအာဟာရပေါ်မှာ မှန်ကန်တဲ့နှလုံးသွင်းနဲ့ စားရ မယ်၊ မှန်ကန်တဲ့နှလုံးသွင်းနဲ့ စားနိုင်လို့ သေသေချာချာ ပိုင်းပိုင်းခြားခြား ပိုင်ပိုင် နိုင်နိုင်သိပြီဆိုလို့ရှိရင် ကျန်တဲ့ကာမဂုဏ်တွေပေါ် တွယ်တာတဲ့ တဏှာကို ဖယ်ရှား ပစ်နိုင်တယ်တဲ့၊

 

(ကာမဂုဏ်ဆိုတာက မျက်စိနဲ့မြင်လို့ လိုချင်တာ၊ “ကာမဂုဏ်”ဆိုတဲ့ စကားလုံးမှာ “ဂုဏ်”ဆိုတာ နှစ်သက်စရာဂုဏ် ရှိတာကို ပြောတာ မဟုတ်ဘူး၊ ဒီနေရာမှာ “ကာမ” နှစ်သက်စရာ, “ဂုဏ” အနှောင်အဖွဲ့လို့ ပြောတာ၊ “ကာမ ဂုဏ - နှစ်သက်စရာကောင်းပြီး စိတ်ကို နှောင်ဖွဲ့တဲ့ အာရုံတွေ” လို့ ပြောတာနော်။)

 

 နှောင်ဖွဲ့ထားတာဆိုတော့ ဖြုတ်လို့ မလွယ်ဘူး၊ မျက်စိကမြင်ပြီး ကျေနပ် နေတယ်၊ နားက ကြားပြီး ကျေနပ်နေတယ်၊ နှာခေါင်းက ကိုယ်ကြိုက်တဲ့အနံ့လေး ကျေနပ်နေတယ်၊ ဒါမျိုးထပ်ရချင်တယ်၊ လျှာကလည်း ကောင်းတဲ့အရသာလေး ရချင်တယ်၊ ခန္ဓာကိုယ်အထိအတွေ့ကလည်း ကောင်းတာလေး ထိတွေ့ချင်တယ်၊ အဲဒီ ပေါ်မှာ တွယ်တာနေတာဖြုတ်နိုင်လား မဖြုတ်နိုင်ဘူး၊ အဲဒါကို “ဂုဏ”၊ ဒါကြောင့်မို့ ဂုဏဆိုတဲ့စကားလုံးက နှောင်ဖွဲ့တယ်ဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ၊ စိတ်ကို နှောင်ဖွဲ့ ထားတာ၊ အဲဒီကာမဂုဏ်တွေပေါ်မှာ တွယ်တာတဲ့တဏှာကို ဖယ်ရှားပစ်နိုင်လို့ ဟောဒီကာမလောကကြီးနဲ့ ပြန်ပြီး မဆက်စပ်တော့ပါဘူးလို့ ဒီလိုပြောတာ၊ ဒါက တစ်ခု။

.

 

ဖဿသည် အာဟာရ

▬▬▬▬▬▬▬▬

 

ကဲ နာမ်အာဟာရ ၃-ခုဆိုတာ ဖဿ၊ စေတနာ၊ ဝိညာဏ်။ ဖဿဆိုတာ ဘာကို စွမ်းဆောင်ပေးတာတုန်းလို့ဆိုတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ မှတ်လိုက်ပေါ့၊ ဖဿပစ္စယာ ဝေဒနာ၊ ဖဿဆိုတာ ဝေဒနာကို စွမ်းဆောင်တာ၊ ဖဿ အားကောင်း လေလေ ဝေဒနာ အားကောင်းလေလေ၊ ဒါပြောတာနော်၊ ဖဿပျော့သွားရင် ဝေဒနာလည်း ပျော့တယ်၊ စွမ်းဆောင်မှုက အဲဒီလို ဆိုလိုတယ်၊ သုခဖြစ်စေတဲ့ ဖဿ ရှိတယ်၊ ဒုက္ခဖြစ်စေတဲ့ဖဿ ရှိတယ်၊ သုခဖြစ်စေတဲ့ ဖဿက သုခဝေဒနာ ပေါ်လွင်ပြီး ထက်ထက်သန်သန်ကြီး ဖြစ်စေတယ်။ ဒုက္ခဖြစ်စေတဲ့ဖဿက ဒုက္ခ ဝေဒနာ ထင်ထင်ရှားရှားကြီးဖြစ်စေတယ်၊ ဖဿဟာလည်း ဝေဒနာကို စွမ်းဆောင် တဲ့နေရာမှာ အစွမ်းထက်တယ်လို့ ပြောတာ၊ ဒါကြောင့်မို့ အဲဒီဖဿဆိုတာ အာဟာရ တစ်မျိုးပဲ၊ ဝေဒနာကို လွန်လွန်ကဲကဲစွမ်းဆောင်နိုင်တာ ထုတ်လုပ်နိုင်တာ ဖြစ်သော ကြောင့် ဖဿကို မြတ်စွာဘုရားက အာဟာရလို့ ဟောတယ်။

 

အဲဒီနာမ်အာဟာရနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ခုနက ပုတ္တမံသူပမ သုတ္တန်မှာ ဘယ်လိုဥပမာပေးတုန်းဆိုတော့ “နွားကြီးတစ်ကောင် အရေခွံခွာထား တယ်၊ စဉ်းစားကြည့် ခံစားကြည့်လိုက်၊ နွားကြီးမှာ အရေခွံခွာထားတာ၊ အဲဒီအရေခွံ ခွာထားတဲ့နွားကြီးကို အကောင်ဗလောင်တွေ လွယ်လွယ်ကူကူနဲ့ မကိုက်နိုင်ဘူး လား၊ ဖြုတ်တွေတို့ မှက်တွေတို့ ခြင်တွေတို့ ဟုတ်လား၊ ယင်ကောင်တွေတို့ဆိုတာ လာတိုးမယ်ဆိုရင် နွားကြီးခံနိုင်ပါ့မလား၊ ဒုက္ခဝေဒနာတွေ ဘယ်လောက်ဖြစ်လိုက် မလဲ၊ အရေခွံမရှိတဲ့နွားကြီးဟာ ဘယ်နေရာမှာပဲနေနေ အဲဒီ အကောင်ဗလောင် တွေရဲ့ကိုက်မှုဆိုတဲ့ဒုက္ခတွေက ပြင်းပြင်းထန်ထန်မခံရပေဘူးလား၊ ခံရတယ်၊ အကာ အကွယ်မရှိဘူး၊ ဖဿဟာ အရေခွံခွာထားတဲ့ နွားနဲ့တူတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဝေဒနာကို ပြင်းပြင်းထန်ထန်ဖြစ်စေလို့ ဟုတ်ရဲ့လား၊ အပေါ် ကနေပြီးတော့ နွား အရေနဲ့ဖုံးထားတဲ့အခါ တော်ရုံအကောင်တွေ မကိုက်နိုင်ဘူး မဟုတ်လား။ ဟော အရေထူထူနဲ့ကျတော့ တော်ရုံအကောင်ဟာ မကိုက်နိုင်ဘူး၊ အရေခွံခွာလိုက်ပြီ ဆိုလို့ရှိရင်တော့ ဘာကောင်ကကိုက်ကိုက် နာပြီသာမှတ်ပေတော့။

 

အဲဒါကြောင့်မို့လို့ ဖဿသည် ဝေဒနာကို ပြင်းပြင်းထန်ထန် လွန်လွန်ကဲကဲ ဖြစ်စေနိုင်တယ်၊ အဲဒီမှာ ဖဿရဲ့သဘာဝတရားတွေကို အရေခွံခွာထားတဲ့နွားကဲ့သို့ ထင်မြင်ပြီးတော့ အသိဉာဏ်သက်ဝင်လို့ ဖဿကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် ဘာအကျိုးရှိလဲဆိုရင် ဝေဒနာရဲ့သဘာဝတွေကို ပိုင်းပိုင်းခြားခြားသိလာမယ်၊ ဝေဒနာရဲ့သဘာဝကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် “ဝေဒနာပစ္စယာ တဏှာ” မလာနိုင်တော့ဘူး၊ ဒီအဓိပ္ပါယ်ကို ပြောတာနော်၊ ဝေဒနာရဲ့သဘာဝကို သိလိုက်တာနဲ့ တစ်ပြိုင်နက် တဏှာကို တားဆီးပြီး ဖြစ်တယ်။

 

ဝေဒနာရဲ့သဘာဝတွေကို ပိုင်းပိုင်းခြားခြားသိလိုက်ရင် တဏှာမလာတော့ဘူး၊ တဏှာ ပြတ်သွားပြီဆိုရင် လုပ်စရာကျန်သေးလား၊ မကျန်တော့ဘူး၊ အဲဒါကို မြတ်စွာဘုရားက “နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယံ” လုပ်စရာ ဘာမှ မကျန်တော့ဘူး တဲ့၊ တဏှာ ကုန်သွားရင် လုပ်စရာ ဘာမှ မရှိတော့ဘူး ပြီးပြီ၊ ဖဿကို ပိုင်းပိုင်း ခြားခြားသိရင် ဝေဒနာကို ပိုင်းပိုင်းခြားခြားသိမယ်၊ ဝေဒနာကို ပိုင်းပိုင်းခြားခြား သိလိုက်တာနဲ့ တစ်ပြိုင်နက် တဏှာမလာတော့ဘူး၊ မလာရင် လုပ်စရာရှိသေးလား၊ မရှိတော့ဘူးပေါ့ ဒါလည်း အာဟာရတစ်မျိုးနဲ့ ပတ်သက်ပြီး ဟောတာ။

.

 

စေတနာ အာဟာရ

▬▬▬▬▬▬▬

 

နောက်တစ်ခါ မနောသင်္ကေတနာဟာရ၊ စေတနာဆိုတာ ကံပဲပေါ့၊ အဲဒီ ကံတရားက ဘာကို အကျိုးပြုနေတာလဲ၊ ဘာကို စွမ်းဆောင်နေတာလဲလို့ဆိုလို့ရှိရင် စေတနာသည် ပဋိသန္ဓေကို မဖြစ်စေဘူးလား၊ စေတနာဟာ ကံ၊ ထိုကံသည် ဘဝ ပဋိသန္ဓေကို ဖြစ်စေတယ်၊ ဒါက အထူးအဆန်း မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြော မယ်ဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ပဲ၊ သင်္ခါရဆိုတာ ကံ၊ ဝိညာဏဆိုတာ ပဋိသန္ဓေစိတ်၊ မနောသန္ဓေတနာဟာရဆိုတာ စေတနာကို ပြောတာတဲ့၊ စေတနာ သည် ပဋိသန္ဓေကို ဆောင်စွမ်းနိုင်သည့် သတ္တိရှိလို့ သူ့ကိုလည်း အာဟာရလို့ ခေါ်တယ်၊ လွန်လွန် ကဲကဲဖြစ်စေနိုင်လို့ သူ့ကို အာဟာရလို့ ခေါ်တယ်၊ အဲဒီအာဟာရက ပဋိသန္ဓေ ဆိုတဲ့အကျိုးကို ဆောင်တယ်။

 

အဲဒါကို ဘာနဲ့ ဥပမာပေးထားတုန်းဆိုရင် ရန်သူတွေရဲ့လက်ထဲ ရောက်သွားတဲ့ လူတစ်ယောက်၊ ရန်သူတွေက အတင်းအကြပ်ဆွဲခေါ်ပြီးတော့ မီးကျည်းတွင်းကြီး ထဲကို ပစ်ချကြတယ်၊ အတင်းဆွဲခေါ်နေတဲ့အချိန် မီးကျည်းတွင်းကြီးနား ရောက်ချိန် သူ့ရဲ့စိတ်ဆန္ဒတွေ ပါရဲ့လား၊ မပါဘူးနော်၊ ဘယ်လောက်ကြောက်လိုက် မလဲ၊ သို့သော် စိတ်ဆန္ဒတွေ မပါပေမယ့်လို့ မီးကျည်းတွင်းကြီးထဲမှာ တွန်းချ ခံလိုက်ရတယ်၊ အဲဒီမှာ စေတနာဆိုတဲ့ကံတရားက ဖန်တီးပေးလိုက်တဲ့ ဘဝတစ်ခု ဟာ မီးကျည်းတွင်းကြီးထဲ တွန်းချတာနဲ့ မတူဘူးလား၊ တူတယ်နော်၊

 

ဘဝကြီးဟာ ပူလောင်နေတာ၊ တဖြည်းဖြည်း အိုလာတယ်၊ နာတယ်၊ နောက်ဆုံး သေမယ်၊ အိုခြင်း နာခြင်း သေခြင်းပဲ၊ ဒီကြားထဲမှာ သောကတဲ့၊ ပရိဒေဝတဲ့၊ ဒုက္ခတဲ့၊ ဒေါမနဿတဲ့၊ ဥပါယာသတဲ့၊ ဒါတွေလည်း လာဦးမယ်၊ ပြောလို့ မဆုံးတဲ့ problem အများကြီးရှိသေးတယ်၊ ဟော ဒါတွေရော လာနေတယ်၊ အဲဒီတော့ မီးကျည်းတွင်း ကြီးထဲ တွန်းချခံရတဲ့လူတစ်ယောက်ရဲ့ ဒုက္ခနဲ့ မတူပေဘူးလား၊ တူတယ်၊ စေတနာ က ဘဝတစ်ခုကို ပို့ပေးလိုက်တာဟာ ဒုက္ခတွေချည်းပဲတဲ့၊ ဒါကြောင့်မို့ အဲဒီ သုတ္တန်မှာ ဒီလိုဟောထားတယ်။

 

အဲဒီစေတနာကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် တဏှာ ၃-မျိုးကို ပိုင်းပိုင်း ခြားခြား ဖယ်ရှားနိုင်ပါတယ်တဲ့၊ တဏှာ ၃-မျိုး ဆိုတာ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၊ အဲဒီ တဏှာ ၃-မျိုးကို ပိုင်းပိုင်းခြားခြားသိသွားပြီ ဖယ်ရှားပစ်နိုင်ပြီ ဆိုလို့ရှိရင် တဏှာကုန်သွားရင် လုပ်စရာရှိသေးလား၊ မရှိတော့ဘူး၊ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယံ – ဘာမှ လုပ်စရာ မရှိတော့ဘူး၊ ဒါကို အဲဒီသုတ္တန်မှာ ဟောတာ၊ အဲဒီစေတနာဟာလည်း အာဟာရပစ္စည်းပဲတဲ့နော်။

.

 

ဝိညာဏ အာဟာရ

▬▬▬▬▬▬▬

 

နောက်အာဟာရတစ်ခုက ဘာတုန်းဆိုတော့ “ဝိညာဏ” တဲ့၊ ဝိညာဏ ဆိုတာ ပဋိသန္ဓေစိတ်ကို ပြောတာ၊ ဒီနေရာမှာ အဲဒီပဋိသန္ဓေစိတ်ကလည်းပဲ ဘာ တွေကို စွမ်းဆောင်နေတာတုန်းလို့ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကိုကြည့် - “ဝိညာဏပစ္စယာ နာမရူပံ” ပဋိသန္ဓေစိတ်ရှိလို့ နာမ်တွေ ရုပ်တွေဟာ ဖွံ့ဖြိုးလာတာ၊ မျိုးစေ့လေးကနေ အမြစ်တွယ်လာလို့ အကိုင်းအခက်တွေ ဖွံ့ဖြိုးလာတာ၊ အမြစ်ကလေး သက်ဆင်း လိုက်သည့်အတွက်ကြောင့် အကိုင်းအခက်တွေ ထွက်လာတာ။

 

ထို့အတူပဲ ပဋိသန္ဓေစိတ် ဖြစ်လာသည့်အတွက်ကြောင့် နာမ်တွေရုပ်တွေ ဖွံ့ဖြိုးလာတယ်၊ ဒီလို နာမ်တွေရုပ်တွေကို စွမ်းစွမ်းတမံ ဆောင်ကျဉ်းတတ်သော ကြောင့် ဝိညာဏ်ကို အာဟာရလို့ ခေါ်တယ်။

 

မြတ်စွာဘုရားက ဘယ်လို ဥပမာပေးထားတုန်း ဆိုလို့ရှိရင် ရာဇဝတ်သား တစ်ယောက်ရဲ့ ဒုက္ခ၊ ရာဇဝတ်သားတစ်ယောက်ကို ဘုရင်က တရားရုံးမှာ ဆုံးဖြတ် ချက်ချလိုက်တယ်၊ ဘယ်လိုဆုံးဖြတ်ချက်ချတုန်း “ကဲ ဒီကောင် နံနက်ခင်းမှာ လှံနဲ့ အချက်တစ်ရာ ထိုးကွာ”၊ တစ်ချက်တင်ပဲ နာလှပါပြီ၊ ဟုတ်ရဲ့လား၊ လှံနဲ့ အချက် တစ်ရာ ထိုးရမယ်၊ လှံနဲ့ အချက်တစ်ရာ ထိုးခံရတဲ့ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို စဉ်းစားကြည့် နော်၊ ဒါပေမယ့် အဲဒီကောင်က အသက်က ပြင်းတယ်၊ နံနက်ခင်း လှံနဲ့ အချက် တစ်ရာထိုးတာ ဘာဖြစ်လဲ၊ မသေသေးဘူး၊ အသက်ရှင်နေသေးတယ်။ ဒါဖြင့် ဘုရင် ကြီးက “ဒီလောက်အသက်ပြင်းတဲ့ကောင်ကို နေ့လည်ခင်းကျ လှံနဲ့ အချက်တစ်ရာ ထိုးကွာ ထပ်ပြီးတော့”၊ “ဟော ရှင်သေးလားဟေ့၊ ရှင်နေသေးတယ်၊ ညနေကျ ထပ်ပြီးတော့ အချက်တစ်ရာထပ်ထိုးဦး” အချက်ဘယ်နှစ်ရာ အထိုးခံလိုက်ရတုန်း၊ အချက်သုံးရာ အထိုးခံရတဲ့ ရာဇဝတ်သားတဲ့၊ ဝိညာဏအဟာရကို မြတ်စွာဘုရားက ဒါနဲ့ ဥပမာပေးထားတယ်။

 

ကောင်းပြီ - ပဋိသန္ဓေစိတ်ရလာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းရဲ့ ဒုက္ခဟာ ဒီထက်တောင် ပြင်းလိမ့်ဦးမယ် ထင်ပါတယ်၊ အခု လောကကြီးမှာ ခံနေရတဲ့ဒုက္ခ တွေဟာ သူ့လက်ချက်ကြီးပဲ၊ ဟုတ်ရဲ့လား၊ အိုတာရော၊ သူဖြစ်လို့နော်၊ နာတာ ရော၊ သူဖြစ်လို့၊ သေတာရော၊ မသေခင် စိုးရိမ်နေရတာတို့ ငိုနေရတာတို့ ခဏခဏ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲဖြစ်တာတို့၊ စိတ်မချမ်းမသာဖြစ်တာတို့၊ ဒေါသနဲ့ ရှိုက်ကြီးတငင်ဖြစ်တာတို့ - ဒါတွေဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုန်း၊ သူ့ကြောင့် ဖြစ်တာ၊ လှံနဲ့ အထိုးခံနေရသလို problem တွေ အများကြီးနဲ့ ကြုံတွေ့နေရတယ်၊ သက်သာရာ မရနိုင်ဘူး၊ ဒါကို ပြောတာနော်။

 

ဒါကြောင့်မို့ မြတ်စွာဘုရားက လှံနဲ့ အချက်တစ်ရာထိုးခံရတဲ့ ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို ဘယ်သူက ဒီဒုက္ခပေးတာလဲ၊ လှံနဲ့ အချက်တစ်ရာ အထိုးခံရတဲ့ပုဂ္ဂိုလ်ရဲ့ ဒုက္ခလိုပဲ ဟောဒီဝိညာဏ်က နာမ်တွေရုပ်တွေကို ဖြစ်စေလိုက်တယ်၊ ဟော ဒီနာမ်တွေ ရုပ်တွေရဲ့ ဒုက္ခဟာ ဘယ်လောက်ကြီးသလဲလို့ ဒါကိုပြောပြတာ။

 

အခုပြောခဲ့တဲ့ ဖဿရယ် စေတနာရယ် ဝိညာဏ်ရယ် ဆိုတဲ့ ဒီ ၃-ခုကို နာမ်အာဟာရလို့ ခေါ်ပါတယ်၊ အဲဒီနာမ်အာဟာရတွေက ဖဿကလည်း ဖဿနဲ့ ယှဉ်တဲ့ စိတ်စေတသိက်တွေ၊ စေတနာကလည်း စေတနာနဲ့ယှဉ်တဲ့ စိတ်စေတသိက် တွေ၊ ဝိညာဏ်ကလည်း ဝိညာဏ်နဲ့ယှဉ်တဲ့ စေတသိက်တွေ၊ အဲဒါတွေကို အပြန် အလှန် အထောက်အကူ ပြုနေကြတယ်တဲ့၊ အပြန်အလှန် စွမ်းဆောင်ပြီးတော့ အထောက်အကူပြုနေကြတယ်၊ သတ္တဝါတွေရဲ့ သန္တာန်မှာ ကျေးဇူးပြုနေကြတယ်။

 

ဒါကြောင့်မို့ နာမ်အာဟာရအနေနဲ့ ပစ္စည်းက ဖဿ စေတနာ ဝိညာဏ၊ ပစ္စယုပ္ပန် တရားက စိတ်စေတသိက် စိတ္တဇရုပ်တဲ့၊ ဒီနာမ်အာဟာရတွေဟာ သတ္တဝါတွေရဲ့ သန္တာန်မှာ အကျိုးတရားတွေကို စွမ်းဆောင်မှုပြုနေတာ၊ ဖဿက သဟဇာတ သတ္တိနဲ့ ကျေးဇူးပြုမယ်၊ အညမညသတ္တိနဲ့ ကျေးဇူးပြုမယ်၊ နိဿယသတ္တိနဲ့ ကျေးဇူး ပြုမယ်၊ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုမယ်၊ သူတို့ရှိနေခိုက် ကျေးဇူးပြုလို့ အတ္ထိတို့ အဝိဂတတို့နဲ့ ကျေးဇူးပြုမယ်၊ စေတနာကျတော့ ကမ္မသတ္တိပါလာမယ်၊ ဝိညာဏ် ကျတော့ အဓိပတိတို့ ပါလာမယ်၊ ဣန္ဒြိယတို့ ပါလာမယ်၊ ဘာဖြစ်လို့တုန်း၊ စိတ်က အဓိပတိထဲမှာ ပါတယ်နော်၊ ဣန္ဒြိယထဲမှာ ပါတယ်၊ ပါတာလေးတွေကို ထည့်ပြီး တော့ မှတ်ပြီး ပစ္စယသတ္တိတွေအများကြီးနဲ့ ဟောဒီအာဟာရပစ္စည်းက ကျေးဇူးပြုပါ တယ်တဲ့။

 

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က -

 

“အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော” –

 

နာမ်အာဟာရတရားတွေဟာလည်းပဲ ယှဉ်ဘက်တရားတွေကို ထိုယှဉ်ဘက်တရား ကြောင့် ဖြစ်လာတဲ့စိတ္တဇရုပ်တွေ ပဋိသန္ဓေအခိုက်မှာ ပဋိသန္ဓေကမ္မဇရုပ်တွေကို ဟောဒီအာဟာရသတ္တိနဲ့ ကျေးဇူးပြုပါတယ်လို့ ပဋ္ဌာန်းမှာ ဒီလိုဟောတာဖြစ်ပါတယ်။

 

ဒါကြောင့် လောကမှာ အာဟာရ ၄-မျိုး၊ ကဗဋီကာရအာဟာရလို့ ခေါ်တဲ့ လူတွေနေ့စဉ်စားသုံးတဲ့ အစာအာဟာရထဲမှာပါတဲ့ ဩဇာ၊ သဝတ္တုက အာဟာရ မှီရာဝတ္ထုနဲ့တကွပြလို့ ကဗဋီကာရအာဟာရနော်၊ ထမင်းဆိုရင် ထမင်းထဲမှာပါတဲ့ ဩဇာဓာတ်၊ ဟင်းဆိုရင် ဟင်းထဲမှာပါတဲ့ ဩဇာဓာတ်၊ ဒီဩဇာဓာတ်လေးသည် ထမင်းဟင်းဆိုတဲ့ အတုံးအခဲပေါ်မှာ မူတည်ရှိနေတယ်၊ အဲဒီ အတုံးအခဲပါစားမှ အဆီဩဇာဓာတ်လည်း ပါသွားတယ်၊ ဒါကြောင့်မို့ ကဗဋီကာရော အာဟာရော ဆိုတဲ့ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရထဲမှာပါတဲ့ ဩဇာဓာတ်သည် ခန္ဓာကိုယ် ရုပ်ကြီးအား ထောက်ပံ့ကူညီထားတယ်။

 

ဖဿ စေတနာ ဝိညာဏ် လို့ဆိုတဲ့ သဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ ယှဉ်ဘက်တရားတွေကို ထောက်ပံ့ကူညီစွမ်းဆောင်ပြီးတော့ နေကြတယ်တဲ့။

 

အဲဒီလို ဘုန်းကြီးတို့နေ့စဉ်နဲ့ဘဝမှာ ဒီသဘာဝတရားတွေဟာ ဖြစ်လာပြီး တော့ ဒီလိုထောက်ပံ့နေတာပါလား၊ အာဟာရသတ္တိနဲ့ ကျေးဇူးပြုနေတာပါလားလို့ ပဋ္ဌာန်း တရားကို နာရင်း, ပဋ္ဌာန်းတရားကို ရွတ်ဖတ်ရင်း, ပဋ္ဌာန်းတရားကို နှလုံးသွင်း ရင်းနဲ့ မိမိခန္ဓာကိုယ်မှာရှိတဲ့ သဘာဝတရားတွေရဲ့ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ကျေးဇူး ပြုနေပုံတွေကို သိရှိနားလည်ကြပြီး ကြောင်းကျိုးကို ဆင်ခြင်နိုင်တဲ့ အသိဉာဏ်တွေ ရင့်သန်လို့ မဂ် ဖိုလ် နိဗ္ဗာန် ဆိုတဲ့ တရားဓမ္မကို ကိုယ်စီကိုယ်ငှ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။


Related Posts