“အခန်း- ၉”
ဘဝသစ်၌
ပြန်လည်မွေးဖွားခြင်း
▬▬▬▬▬▬▬
ဘဝသစ်၌
ပြန်လည်မွေးဖွားခြင်း ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်အရ ဖြစ်တယ်။
ဓမ္မစကြာ တရားတော်ထဲမှာ “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ” = တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော လို့ဆိုလိုတယ်။
ထိုထို သုတ္တန်တွေမှာလည်း တဏှာကို “ဘဝနေတ္တိ” = ဘဝကို ဆောင်တတ်တဲ့တရား လု့ိ ဘဝတစ်ခုမှ
တစ်ခုသို့ သယ်ဆောင်သွားတဲ့ တရားလို့ ဒီလို ဟောတယ်။
ကံ နဲ့
ပတ်သက်လာလို့ ရှိရင်လည်း မြတ်စွာဘုရားက “ဘဝဂါမီ” = ဘဝကိုဖြစ်စေ တတ်တဲ့ကံ လို့ ဟောတယ်။
ဘဝသစ်၌ ပြန်လည် မွေးဖွားခြင်းနှင့် စပ်လျဉ်းပြီးတော့ မြတ်စွာဘုရားက “ပုနဗ္ဘဝ” ဆိုတဲ့
စကားလုံး သုံးနှုန်းထားတာ ရှိတယ်။ တမလွန် ဘဝနဲ့ ပတ်သက်ပြီးတော့ အမြင်ရှင်းဖို့ အင်မတန်မှ
အရေးကြီးတယ်။
ဒီနေရာမှာ
ဗုဒ္ဓဘာသာဝင်တွေ တမလွန်ဘဝနဲ့ ပတ်သက်ပြီးတော့ အမြင်ရှင်းဖို့ ခက်ခဲတယ်၊ အခြား ဘာသာဝါဒတွေနဲ့
ရောယှက်ပြီးတော့ မှားမှားယွင်းယွင်း ဖြစ်တတ်တယ်။
ဗုဒ္ဓမြတ်စွာကလည်း
“ကံနဲ့ သံသရာ” အကြောင်းကို ဟောထားတယ်၊ ကောင်းကံ ဆိုးကံ ဆိုတာတွေ လုပ်လို့ ကောင်းကံ
ဆိုးကံတွေက ဖန်တီးတဲ့ဘဝ ရကြရတယ် ဆိုတာ ဗုဒ္ဓဘာသာကသာ လက်ခံ ထားတာ မဟုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ
ပွင့်ရာဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဗြဟ္မဏဘာသာ သို့မဟုတ် ဟိန္ဒူဘာသာ တို့ကလည်း
လက်ခံကြတယ်၊ အခြားဘာသာ တွေကလည်း လက်ခံထားတာ ရှိတယ်၊ ကွဲပြား ခြားနားမှုကို မသိရင် တူညီတယ်လို့
ထင်မှတ်ကြလိမ့်မယ်၊ မတူညီတဲ့ အချက်တွေ အများကြီး ရှိတယ်။
သာမန်ကြည့်မယ်ဆိုရင်
သူတို့လည်း သံသရာအကြောင်းကို ရှင်းပြတယ်၊ ကံဆိုတာ လက်ခံတယ်။ ကံနဲ့ သံသရာကို ပြောကြတဲ့
နေရာမှာ အသံတူနေသည့် အတွက်ကြောင့် အနှစ်သာရပိုင်းမှာ တူသယောင်ယောင် ဖြစ်ပြီး “ဗုဒ္ဓဝါဒသည်
ဟိန္ဒူဝါဒက ပေါက်ဖွားလာတာပါ” လို့ ဟိန္ဒူ စာရေးဆရာ တွေက ရေးကြတယ်၊ ဘယ်လို ထိအောင် ရေးတုန်းဆိုရင်
Buddha was born in Hindu, မြတ်စွာဘုရားက ဟိန္ဒူထဲမှာ ဟိန္ဒူအဖြစ်နဲ့ မွေးလာတယ်တဲ့၊
Buddha was living in Hindu. Buddha died in Hindu ဆိုပြီးတော့ ဟိန္ဒူထဲမှာမွေး၊ ဟိန္ဒူထဲမှာ
သေပေါ့၊ အဓိပ္ပါယ်ကတော့ Buddhism ဆိုတာ Hinduism က ပေါက်ဖွားလာတဲ့ အရာလို့ ဒီလို ယူဆပြီးတော့
ပြောကြတယ်၊ အဲဒီလို ယူဆ ပြောဆိုချက်တွေဟာ အနှစ်သာရပိုင်းကို မသိလို့ တူတယ် ထင်ပြီးတော့
ပြောနေကြတာ။
အပေါ်ယံအားဖြင့်
သံသရာ လက်ခံတယ်ဆိုတာ ဟုတ်တယ်၊
ကံကို
လက်ခံတာ ဟုတ်တယ်၊
ကံ၏အကျိုးကို
လက်ခံတာ ဟုတ်တယ်၊
သံသရာလည်တယ်
ဆိုတဲ့အပိုင်းမှာ ကြီးမားတဲ့ ကွဲပြားခြားနားချက်ကြီး ရှိတယ်၊
ဘာလဲ?
.
ကမ္မဝါဒချင်း
တူပေမယ့်လို့
▬▬▬▬
Hinduism
မှာ သံသရာလည်တယ်ဆိုတာ ဘယ်သူလည်တာတုန်းဆိုတော့ “အတ္တ” လို့ခေါ်တဲ့ ထာဝရမြဲနေတဲ့ အရာလေးတစ်ခု
လည်တာ၊ အတ္တက သံသသရာ လည်တာ၊ ထိုအတ္တမှာ ရုပ်တွေ နာမ်တွေ ရှိတယ်၊ အဲဒီ အတ္တ ကို ဘယ်သူက
ဖန်ဆင်းတာတုန်းဆို ဗြဟ္မာကြီးက ဖန်ဆင်းထားတာ၊ အဲဒီ အတ္တကို နာမည် အမျိုးမျိုးနဲ့ ခေါ်လို့ရတာပေါ့၊
Hinduism မှာဆို ‘အာတ္မန်’ လို့ ဒီလိုသုံးတယ်၊ ‘အာတ္မန်’ တို့ ဗြဟ္မတ္မန် တို့ဆိုတာ
ရှိတယ်၊ ဗြဟ္မတန် ဆိုတာက Universal soul ကိုပြောတာ၊ ဗြဟ္မာကြီးကို ဗြဟ္မတ္မန်
Universal soul? အဲဒီ Universal soul ဆိုတဲ့ ဖန်ဆင်းရှင်ကြီးက နေပြီးတော့
Individual soul လို့ခေါ်တဲ့ အသီးသီးသော သတ္တဝါတွေရဲ့ အတ္တကို ဖန်ဆင်းပေးလိုက်တယ်၊
အဲဒီလို ဖန်ဆင်းမှုကို လက်ခံပြီးတော့ သံသရာအကြောင်း, ကံ အကြောင်းကို ရှင်းပြတာ။
သူတို့ပြောတဲ့
ကံ, သူတို့ပြောတဲ့ သံသရာ ဆိုတာက ဖန်ဆင်းထားတဲ့ အတ္တကလေး သံသရာ လည်တာကို ပြောတာနော်။
ထို အတ္တလေးရဲ့ လုပ်ဆောင်ချက်တွေကို ကံလို့ ပြောတာ၊ ဒါ သူတို့ရဲ့ အခြေခံ၊ အဲဒီတော့
ကမ္မဝါဒချင်း တူပေမယ့်လို့ အနှစ်သာရပိုင်း အခြေပြုတာချင်း မတူဘူး၊ အလွန် ကွာခြားတယ်။
ဒါကြောင့်မို့
အင်္ဂလိပ်ဘာသာမှာ Reincarnation ဆိုတဲ့ စကားလုံးလေး တစ်ခုရှိတယ်၊ Cambridge ကထုတ်တဲ့
dictionary ကို ကြည့်လိုက်တဲ့အခါ Reincarnation နဲ့ ပတ်သက်လို့ Spirit ဆိုတဲ့အရာ၊
Spirit ဆိုတာ ခုနက အတ္တ ကို ပြောတာ။ မြန်မာလိုပြောမယ်ဆိုရင်တော့ “ဝိညာဏ်ကောင်” တို့၊
“လိပ်ပြာ” တို့ ဆိုတာ မြန်မာတွေ ပြောလေ့ရှိတယ်၊ အဲဒီ ဝိညာဏ်တို့ လိပ်ပြာတို့ ဆိုတာဟာ
ခန္ဓာ ကိုယ်ကြီးတစ်ခု ဟောင်းနွမ်းသွားပြီဆိုရင် နောက် ခန္ဓာတစ်ခုကို ပြောင်းရွှေ့တယ်။
အဲသလို
ပြောင်းရွှေ့တဲ့အခါမှာ ဘယ်သူက ရွေးချယ်ပေးတာတုန်း ဆိုရင် ကံက ရွေးချယ်ပေးတယ်၊ ဘဝတစ်ခုကနေ
ဘဝတစ်ခု ပြောင်းရွှေ့နေတယ် ဆိုတာ ဘယ်သူပြောင်းတာတုန်း ဆိုတာကျ ကွဲပြားသွားပြီ အဲဒီအချက်ကလေး
မြင်ဖို့ အင်မတန်မှ လိုတယ်၊ ဗုဒ္ဓဘာသာတွေလည်း “လူဝင်စား လူဝင်စား” နဲ့ ပြောတယ်၊ ဒါ
အပြော အနေနဲ့တော့ ပြောလို့ရတယ်၊ သို့သော် အနှစ်သာရပိုင်းအနေနဲ့ အမှန်ကို သိဖို့ လိုတယ်။
ဗုဒ္ဓဘာသာမှာ ခုနက Universal soul ဆိုတဲ့ ထာဝရဘုရား သခင်က ဖန်ဆင်းထားတဲ့
“အတ္တ” ဆိုတဲ့အရာ မရှိဘူး၊ အင်္ဂလိပ်လို အတ္တကို soul လို့ ပြန်တယ်၊ အဲသလို soul ဆိုတဲ့အရာ
သို့မဟုတ် spirit ဆိုတဲ့အရာ သို့မဟုတ် “ဝိညာဏ်ကောင်” သို့မဟုတ် “လိပ်ပြာကောင်” က ထာဝရမြဲပြီး
တစ်ဘဝကနေ တစ်ဘဝ ပြောင်းသွားနေတယ် ဆိုတဲ့အရာက မရှိဘူး။
အဲဒီတော့
Reincarnation ဆိုတဲ့ စကားလုံးကို ဖွင့်ဆိုချက် အရ ထာဝရမြဲနေတဲ့ spirit ဆိုတဲ့ လူတွေ
သေဆုံးသွားတဲ့အခါ လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ အသက်လိပ်ပြာ ဝိညာဏ်ကောင် ဆိုတာဟာ နောက်ခန္ဓာတစ်ခုကို
ဝင်ရောက်ပြီးတော့ သွားတာ၊ အဲဒီအခါမှာ နောက်ခန္ဓာ တစ်ခုမှာ သူက သွားပြီးတော့ ဖြစ်ပေါ်လာတယ်၊
ဒီ ခန္ဓာတစ်ခု ပျက်သွားပြီးတော့ နောက် ခန္ဓာတစ်ခုမှာ ဝင်ရောက် သွားတယ်။
Cambridge
Dictionary ထဲမှာ ဘာရေးထားတုန်းဆို Hindu and Buddhist believe in reincarnation တဲ့
ရေးထားတယ်၊ သူပြောတဲ့ Buddhist က ဘယ် Buddhist တုန်းဆိုရင် Tibetan Buddhist ပဲ ဖြစ်တယ်၊
ထေရဝါဒ Buddhist က Reincarnation ကို လက်မခံဘူးနော်၊ Reincarnation ဆိုတဲ့ လူ့ရဲ့
“အသက်, လိပ်ပြာ, ဝိညာဏ်ကောင်” ကနေပြီးတော့ နောက်ထပ် တစ်ဘဝ ကူးပြောင်းသွား ပြီးတော့
ပြန်မွေးတယ် ဆိုတာကို လက်မခံဘူး၊ ဒါက ပြန်မွေးတာ မဟုတ်ဘူး၊ အဲဒီလို ကွဲပြားခြားနားမှုလေးတွေ
ရှိတယ်။
အဲဒါကို
မသိလို့ရှိရင် ဒီဘာသာတွေက အတူတူပဲလို့ ထင်နေကြတယ်၊ အနှစ်သာရ ပိုင်းမှာ အလွန် ကွဲပြားခြားနားတယ်၊
သူတို့ရှင်းပြတဲ့ သံသရာတို့ ကံတို့ဆိုတာ အတ္တကို အခြေခံပြီးတော့ မြဲတဲ့အရာလေး တစ်ခုရဲ့
လှည့်ပတ်သွားလာမှု, လုပ်ဆောင် နေမှုကို ကြည့်ပြီးတော့ ကံ, လှည့်ပတ် သွားလာနေမှုကို
သံသရာလို့ ဒီလိုပြောတယ်၊ သူတို့မှာ သံသရာက လွတ်တယ်ဆိုတဲ့ နိဗ္ဗာန်ဟာ ဒီ Individual
soul လေးက Universal soul နဲ့ ပြန်ပေါင်းသွားတာကို လွတ်မြောက်မှု(မောက္ခ) လို့ ဒီလို
ခေါ်တယ်။
အဲဒီတော့
ဗုဒ္ဓဘာသာမှာ အသက်တို့ လိပ်ပြာတို့ ဝိညာဏ်ကောင်တို့ အတ္တတို့ဆိုတာ မရှိဘူး၊ ဘာပဲရှိတုန်းဆို ခန္ဓာ ၅-ပါးပဲ ရှိတယ်၊ ရုပ်နဲ့နာမ်ပဲ ရှိတယ်၊ အဲဒီ
ရုပ်နာမ်ဆိုတဲ့ ခန္ဓာ ၅-ပါးဟာ ဘယ်သူကမှလည်း ဖန်ဆင်းထားတာ မဟုတ်ဘူး၊ မြဲတဲ့ အရာကြီးလည်း
မဟုတ်ဘူး၊ ထာဝရ ပြောင်းလဲနေတဲ့ အရာသာဖြစ်တယ်၊ တစ်ခု တည်းလည်း မဟုတ်ဘူး၊ ဖြစ်ပြီး ပျက်သွားတာ
တွေချည်းပဲဖြစ်တယ်၊ ဖြစ်ပျက်နေတဲ့ အစဉ်တန်းကြီးသာ ဖြစ်တယ်၊ အဲဒါ ထေရဝါဒ ဗုဒ္ဓဘာသာ အဆို။
ဒီဟာလည်း
တော်တော်နဲ့ သဘောပေါက်ဖို့ ခက်တဲ့ကိစ္စပဲနော်၊ သာမန်စဉ်းစားပြီး သာမန်ကြည့်မယ် ဆိုရင်
ဒါကို သဘောမပေါက်နိုင်ဘူး၊ သဘောမပေါက်နိုင် လို့ရှိရင် ခုနကပြောတဲ့ ဟိန္ဒူဝါဒတွေလို
အခြား ဗုဒ္ဓဘာသာဂိုဏ်း၊ တိဘက် ဗုဒ္ဓဘာသာဂိုဏ်း တို့လို့ ရောထွေးပြီးတော့ သွားစရာရှိတယ်၊
ထေရဝါဒ ဗုဒ္ဓဘာသာက အဲဒီလို မဟုတ်ဘူး။
ဗုဒ္ဓမြတ်စွာ
လက်ထက်တော် အခါကာလတုန်းက “သာတိ” ဆိုတဲ့ ရဟန်းတစ်ပါး ရှိတယ်၊ သူက “ဘုရားဟောတဲ့တရား သူနားလည်တယ်တဲ့၊
သံသရာအကြောင်း နားလည်တယ်, ကံအကြောင်း နားလည်တယ်၊ အဲဒီ နားလည်တဲ့ အတိုင်း ပြောရမယ် ဆိုလို့ရှိရင်
ဟောဒီလူတွေရဲ့ သန္တာန်မှာရှိတဲ့ spirit လို့ ခေါ်တဲ့ ဝိညာဉ်ကောင်လေးက စကားပြောတတ်တယ်,
ခံစားတတ်တယ်” (ဟိန္ဒူဝါဒမှာ စကားပြောတာ ဘယ်သူက ပြောတာတုန်း အတ္တလေးက စကားပြောတာ၊ ဝိညာဉ်ကောင်လေးက
ပြောတာ)၊ ဝိညာဉ်ကောင်လေးက ရုပ်ခန္ဓာကို အကြောင်းပြုပြီးတော့ စကားပြောတယ်၊ စိတ်ကို အသုံးချတယ်၊
စိတ်တို့ ရုပ်တို့ ဆိုတာ ဝိညာဉ်ကောင်လေးရဲ့ အသုံးချ ပစ္စည်းလေးတွေပဲ၊ အဲဒါကို “အတ္တနိယ”
လို့ ခေါ်တာ၊ သူပိုင်ဆိုင်တဲ့ ပစ္စည်း။
ဥပမာ
- ကားရှိတဲ့သူက ကားနဲ့ သွားတယ်မို့လား၊ ကားမောင်းသွားတယ်၊ အဲသလိုပဲ ဒီ ခန္ဓာ ကိုယ်ကြီးကို
ဘယ်သူက ပိုင်စိုးတာတုန်း ဆိုတော့ အဲဒီ အတ္တကောင် ဝိညာဉ် ကောင်လေး ကနေ ပိုင်စိုးတယ်၊
ပိုင်စိုးထားပြီးတော့ သူက စကားပြောတတ်တယ်၊ ခံစားတတ်တယ်၊ ချမ်းသာတယ်၊ ဝမ်းနည်းတယ်၊ ပျော်ရွှင်တယ်
ဆိုတဲ့ ချမ်းသာမှုတွေ သူ ခံစားတယ်၊ ဝမ်းနည်းတာတွေ ရှိတယ်၊ အဲဒီလို သာတိရဟန်းက ပြောတယ်၊
အဲဒီ ဝိညာဉ်လေးပဲတဲ့၊ ဒီ ဝိညာဉ်လေးပဲ တစ်ဘဝကနေ တစ်ဘ၀ ကူးနေတာလို့၊ ဒါ ဗုဒ္ဓဘာသာ ရဟန်းတော်
တစ်ပါးနော်၊ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါး။
“တဒေဝ
ဝိညာဏံ သံသရတိ” တဲ့ သူပြောတဲ့ စကားလုံးလေးက၊ ဟောဒီ ဝိညာဉ်ကောင်လေး သည်ပင်လျှင် သံသရာ
လည်နေတာ၊ ဟောဒီ ဝိညာဉ်ကောင်လေး သည်ပင်လျှင် ခန္ဓာကိုယ် တစ်ခု ကနေ ခန္ဓာကိုယ်တစ်ခု ပြောင်းလဲပြီးတော့
သွားတာ၊ တစ်ဘဝကနေ တစ်ဘဝသွားပြီးတော့ ဘဝသစ်တွေ ဖြစ်နေတာလို့ သူက ဒီလိုပြောတယ်။
ဒီလို
ပြောတဲ့အခါ ရဟန်းတော်တွေက သူ့ကို အဲသလိုမပြောနဲ့၊ ဒါ ဗုဒ္ဓဘာသာအမြင် မဟုတ်ဘူးလို့ ဝိုင်းပြီးတော့
ရှင်းပြကြတယ်၊ သူ လက်မခံဘူး၊ လက်မခံတော့ ဘုရားဆီပို့တယ်၊ ဘုရားဆီပို့တဲ့ အခါကျတော့
မြတ်စွာဘုရားက “ကဲ - မင်းက ‘ဝိညာဏ ဝိညာဏ’ ဝိညာဏ် ဝိညာဏ်နဲ့ ပြောတယ်၊ ဘယ် ဝိညာဏ်ကို
ပြောတာတုန်း” ဆိုတော့ “ဝဒေါ ဝေဒေယျော” တဲ့၊ သူပြောပုံလေးက ‘ဝဒေါ’ စကားပြောတတ်တယ်တဲ့၊
“ဝေဒေယျော” ခံစားတတ်တယ်တဲ့၊ ကောင်းတဲ့ကံ ဆိုးတဲ့ကံ တို့ရဲ့ အကျိုးကို ခံတတ် စံတတ်တဲ့
ဝိညာဏ်လေးကို သူပြောတာပါလို့၊ Hinduism နဲ့ တစ်ထပ်တည်းပဲ သူပြောလိုက်တာ၊ ဒါပေမယ့် သူက
ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးပဲ။
အဲသလိုပြောတော့
မြတ်စွာဘုရားက “ငါဟောတဲ့တရား မင်းဘယ်လိုလုပ်ပြီး နားလည်တာလဲ” တဲ့၊ ငါက “ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ”
ဝိညာဏ်ဆိုတာ အကြောင်း တရားကို စွဲပြီးတော့ ဖြစ်တာ၊ စိတ်ဆိုတဲ့ ဝိညာဏ်လေးဟာ၊ နာမ်ဆိုတဲ့
ဝိညာဏ်လေးဟာ အကြောင်းတရားကို စွဲပြီးတော့မှ
ဖြစ်ရတယ်၊ ရှိနေတာ မဟုတ်ဘူး၊ မြဲနေတဲ့အရာ မဟုတ်ဘူး၊ အကြောင်းတရားကို စွဲဖြစ်တယ် ဆိုက
တည်းက အကြောင်းမရှိရင် ဖြစ်ပါ့မလား၊ “မဖြစ်ပါ ဘုရား”၊ မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်လာပြီ၊
“ပဋိစ္စသမုပ္ပန္န”၊ “ပဋိစ္စ” - အကြောင်းတရားကို အမှီပြုရမှ “သမုပ္ပန္န” ဖြစ်လာတယ်၊
အကြောင်းတစ်ရားကိုမှီရမှ ဖြစ်လာတယ်လို့ဆိုရင် မမှီရရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။
အဲဒီတော့
သူ့ရဲ့ ရပ်တည်မှု၊ သူဖြစ်ပေါ်လာမှုဟာ အကြောင်းတရားကို အမြဲတမ်း ငဲ့နေရတယ်၊ အကြောင်းတရားရဲ့
ညီညွတ်မှုကို အမြဲတမ်း မျှော်လင့်နေရတယ်၊ အကြောင်းတရားကို အမှီပြုလို့ မရဘူးဆိုရင်
ဖြစ်နိုင်စွမ်း မရှိဘူး၊ အဲဒီ ကတည်းက ဝိညာဏ်ဟာ
အကြောင်းကြောင့်ဖြစ်လာတဲ့ တရား တစ်ခုပဲလို့ ဆိုတာ ထင်ရှား တယ်ပေါ့။
ဒါကြောင့်မို့လို့
ထာဝရ မြဲနေဖို့ ဟိုဘဝကနေ ဒီဘဝသွားဖို့ ဆိုတာ လုံးဝ ဖြစ်နိုင်တဲ့ အရာ မဟုတ်ဘူး။ စက္ခုဝိညာဏ်စိတ်လေး
ဖြစ်ပုံကို မြတ်စွာဘုရားက ရှင်းပြတယ်၊ မျက်စိရယ် ရူပါရုံရယ် ဒီ ၂-ခု ဆုံလိုက်တဲ့အခါ
စက္ခုဝိညာဏ်စိတ်ဆိုတာ ဖြစ်တာ၊ အဲဒါ ၂-ခု မဆုံလို့ရှိရင် စက္ခုဝိညာဏ်စိတ်လေး ဖြစ်ပါ့မလား
“မဖြစ်ပါဘုရား”၊ အေး -
အသံနဲ့
နားနဲ့ ဆုံလိုက်တဲ့အခါ သောတဝိညာဏ်စိတ်၊ ကြားသိစိတ်ကလေး ဖြစ်တယ်၊
နှာခေါင်းနဲ့အနံ့
ဆုံလိုက်တဲ့ အခါမှာ နံသိစိတ်ကလေး ဖြစ်တယ်၊
လျှာနဲ့
အရသာ ဆုံလိုက်တဲ့ အခါမှာ အရသာ သိစိတ်ကလေး ဖြစ်တယ်၊
ခန္ဓာကိုယ်နဲ့
အထိအတွေ့အာရုံ ဆုံလိုက်တဲ့ အခါမှာ ထိသိစိတ်ကလေး ဖြစ်တယ်၊
ဒီစိတ်တွေဟာ
“မန” နဲ့ ဓမ္မာအာရုံ ဆုံလိုက်တဲ့ အခါမှာ မနောဝိညာဏ်စိတ် ဖြစ်တယ်၊ စိတ်မှန်သမျှဟာ အကြောင်းတွေကို မှီတည်ပြီး ဖြစ်တာချည်းပဲ။
အဲဒီထဲမှာ
ထင်ထင်ရှားရှား ကြည့်လိုက်လို့ရှိရင် မှီတာတွေကို ကြည့်ပြီးတော့မှ ဖြစ်ရတာလို့ ဆိုတော့
သူ့ရဲ့ အကြောင်းတရားတွေကို ကြည့်လိုက် - ရူပါရုံဆိုတာ မြဲသလားဆို မမြဲဘူးဆိုတာ ထင်ရှားတယ်၊
ပျက်သွားတယ်လေ၊ နောက်ပြီးတော့ မျက်စိဆိုတာရော မြဲသလားဆို မမြဲဘူး၊ မမြဲတာ ထင်ရှားတယ်၊
ရူပါရုံလည်း မြဲတာ မဟုတ်ဘူး၊ စက္ခုပသာဒရုပ် ဆိုတဲ့ မျက်စိကလည်း မြဲတာ မဟုတ်ဘူး။
ထို့အတူပဲ
အသံဆိုတာလည်း ဖြစ်ပြီး ပျောက်သွားတာ ထင်ရှားတယ်လေ၊ အမြဲရှိတာ မဟုတ်၊ အသံကို ခံယူနိုင်တဲ့
သောတပသာဒရုပ် ဆိုတာလည်း မြဲတာ မဟုတ်ဘူး၊ မမြဲတာတွေကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့
ဒီ ဝိညာစ်စိတ်လေးဟာ ဘယ်လိုလုပ် မြဲမှာတုန်း၊ “အနိစ္စ သမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ”
လို့ မြတ်စွာဘုရား ဟောတာ။ ဖြစ်ပြီး ပျက်သွားတဲ့ အရာတစ်ခုဟာ ဘယ်လိုလုပ် ဘဝကူးလို့ ရမှာတုန်း၊
ကူးလို့ကို မရဘူး၊ မကူးခင်က ပျက်သွားပြီ၊ ချက်ချင်းဖြစ် ချက်ချင်းပျက် သွားတဲ့ အရာတစ်ခုက
ဘယ်လိုလုပ်ပြီး ဘဝကူးလို့ ရမှာလဲ။
ဒါကြောင့်မို့
ဗုဒ္ဓမြတ်စွာက သာတိ ရဟန်းကို ရှင်းပြတယ်၊ ရှင်းပြပေမယ့် သာတိ ရဟန်းရဲ့ အယူအစွဲဟာ ပျောက်မသွားဘူး၊
ဒါကြောင့် အစွဲပျောက်ဖို့ အလွန် ခဲယဉ်းတယ်နော်၊ သစ္စာ ၄-ပါး အကြောင်း ရှင်းပြဖို့ ခဲယဉ်းသလို
သတ္တဝါတွေ အကြောင်း၊ သံသရာအကြောင်း၊ ပဋိစ္စသမုပ္ပါဒ် အကြောင်း၊ ပဋိသန္ဓေအကြောင်းတို့
ဆိုတာ ရှင်းပြဖို့ခက်တယ်၊ နားလည်နိုင်ခဲတယ်။
.
စကားအနေနဲ့ ပြောတဲ့အရာဟာ
အနှစ်သာရပိုင်း မဟုတ်ဘူး
▬▬▬▬▬▬▬▬▬▬
၅၅၀ ဇာတ်တွေကို
ဖတ်လိုက်တဲ့အခါမှာ စာထဲမှာပါတယ် “ယထာကမ္မံ ဂတော” ကံအားလျော်စွာ သွားတယ်ဆိုတာ ပုဂ္ဂိုလ်ထူး
တစ်ယောက်ဟာ ထွက်သွားသလိုလို အဓိပ္ပါယ်မျိုးတွေ ရေးထားတာ အများကြီး ရှိတယ်၊ သို့သော်
ဒါက ဝေါဟာရစကား အနေနဲ့ ပြောတာ၊ “စကားအနေနဲ့ ပြောတဲ့ အရာဟာ အနှစ်သာရပိုင်း မဟုတ်ဘူး”။
ကဲ -
လူတွေ ပြောနေတာကို ကြည့်မယ် ဆိုပါစို့ - ဘာလုပ်နေတုန်း၊ ထမင်းစားနေတယ်၊ သူ ထမင်းတင်
စားတာလား၊ ဟင်း မပါဘူးလားလို့တွေးရင် ဘယ်ဟုတ်မတုန်း၊ တစ်ခုပဲ ပြောတာပဲ၊ သူပြောတဲ့စကားက
အပြည့်အစုံ မဟုတ်ဘူး နော်၊ အဲဒီတော့ နားလည်ရမှာက တစ်မျိုး၊ ထမင်း စားတယ် ဆိုတကတည်းက
ဟင်းတွေနဲ့ စားနေတယ်ဆိုတာ သဘောပေါက်ထား ရတာမျိုး၊ အရေးကြီးတာက တစ်ခုတည်းတင် သူပြောလိုက်တာပေါ့။
အခုလည်း
သံသရာမှာ ကံအားလျော်စွာ ဖြစ်သွားတယ်၊ သို့မဟုတ် “ဝင်စားတယ်” လို့ပြောတာ ဘယ်သူက ဝင်စားတာတုန်း၊
ဘယ်သူမှ ဝင်စားစရာအကြောင်း မရှိဘူး။
အဲဒါကြောင့်မို့
Reincarnation ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အတ္တကောင် လိပ်ပြာကောင် ဝိညာဉ်ကောင် ဆိုတာလေးဟာ
သေတဲ့ခါကျတော့ ဒီရုပ်ခန္ဓာကြီး ပျက်စီးသွားလို့ ဒီခန္ဓာကိုယ်ကြီးကို စွန့်ခွာသွားပြီး
နောက် ခန္ဓာအသစ်ထဲ ဝင်တာတဲ့၊ ဒါ သူတို့ အယူအဆနော်။
အဲဒီမှာ
Cambridge Dictionary က ရောထည့်ပြီးတော့ ကြိတ်ထားတယ်၊ Hindu and Buddhist believe
in Reincarnation၊ တကယ်တော့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ Reincarnation မရှိဘူး၊
Reincarnation ဆိုတာ ထာဝရမြဲနေတဲ့အရာက ဒီခန္ဓာ တစ်ခုကနေ ခန္ဓာတစ်ခု ပြောင်းပြီးတော့
သံသရာ လည်နေတာကို ပြေတာ။
ဗုဒ္ဓဘာသာမှာ
ထာဝရ မြဲနေတဲ့အရာဟာ မရှိဘူး၊ ဘာတုန်းဆို အကြောင်းအကျိုး ဆက်သွယ် နေတာမျှသာ ဖြစ်တယ်၊
ဒါကြောင့်မို့လို့ မိလိန္ဒပဥှာမှာ “န စ သော န စ အညော”၊ သူလည်းမဟုတ်၊ တခြားသူလည်း မဟုတ်လို့
ပြောတာနော်၊ “န စ သော န စ အညော”။
.
ထေရဝါဒ ဗုဒ္ဓဘာသာမှာ “ပုနဗ္ဘဝ”
▬▬▬▬▬▬▬▬▬▬▬▬
ကောင်းပြီ
- Reincarnation ဆိုတဲ့ စကားလုံးက ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူး၊ တခြား ဗုဒ္ဓဘာသာခွဲတွေ၊
ခုနက သာတိရဟန်းလို လက်ခံထားတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ပဲ ဆိုင်တယ်၊ ထေရဝါဒ ဗုဒ္ဓဘသာမှာ
“ပုနဗ္ဘဝ” တစ်ဖန်ဘဝ ဆိုတာပဲ သုံးတယ်၊ ဘဝသစ်၌
ပြန်လည်မွေးဖွားခြင်း သာလျှင် ပြောတယ်၊ ပြန်လည် မွေးဖွားတယ် ဆိုကတည်းက သူက အသစ်ဖြစ်တယ်ဆိုတဲ့
အဓိပ္ပါယ်ရနေတယ်၊ သို့သော် ထိုအသစ်သည် အဟောင်းနဲ့ ဆက်စပ်မှုရှိတယ်၊ အသစ်ဟာ အသစ်ပဲ၊
အဟောင်းက အသစ်ဖြစ်တာ မဟုတ်ဘူး၊ သူတို့ပြောတဲ့ Reincarnation ဆိုတာ ဝိညာဉ်ကောင်လေး တစ်ကောင်တည်း
ကနေ လှည့်ပတ်ပြီး သွားလာတာ၊ ခန္ဓာဟောင်းကို အသစ်ပြောင်းတာပဲ ရှိတယ်။
သူတို့က
ဥပမာတွေနဲ့ ရေးထားတယ်၊ ငှက်ကလေး တစ်ကောင် ပြောင်းရွှေ့ သွားတယ်ပေါ့၊ လူတစ်ယောက် ကလည်း
အဝတ်တစ်ခု ဟောင်းသွားရင် နောက် အဝတ်တစ်ခု ပြောင်းဝတ်တယ်၊ ဒီအိမ်ကနေ အခြားအိမ်တစ်ခုထဲ
ဝင်သွားတယ်၊ ထို့အတူပဲ အတ္တလို့ ဆိုတဲ့ ဝိညာဉ်ကောင် လိပ်ပြာကောင်လေးဟာ လူ့ခန္ဓာကိုယ်ကြီး
ပျက်စီးသွားရင် ဒီခန္ဓာကိုယ်ကနေ အခြား ခန္ဓာကိုယ်ကို ပြောင်းပြီး ဝင်စားသွားတယ် လို့
ဒီလိုပြောကြတယ်၊ ဒါက Hinduism မှာ ပြောတဲ့စကား။
ဟိန္ဒူ
အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေက မြတ်စွာဘုရားတောင်မှ Vishinu ရဲ့ ‘နဝမ အဝတာရ’ ကိုးခုမြောက်
ဝင်စားသူလို့ ဆိုတယ်။ ဟိန္ဒူ ဘုရားကျောင်းထဲ သွားကြည့်ရင် ဗုဒ္ဓရုပ်ပွား တွေ့ရလိမ့်မယ်၊
သွားပြီးတော့ ဗုဒ္ဓဘာသာတွေက မယောင်နဲ့ “တို့နဲ့ အတူတူပဲ” လို့၊ အနှစ်သာရပိုင်းမှာ အလွန်
ကွဲပြားခြားနားမှု ရှိတယ်နာ်၊ ဘုရားကို သူက
ဘယ်အဆင့်ထိ ပို့တုန်းဆို မြတ်စွာဘုရားကို ဗိဿနိုး Vishinu ဝင်စားသူလို့ လုပ်လိုက်တယ်၊
‘နဝမ အဝတာရ’ လို့ ကိုးခုမြောက် အဝတာရ၊ အဲဒီတော့ ဟိုဝင်စား ဒီဝင်စားဆိုတဲ့ ဗိဿနိုးဟာ
ထာဝရမြဲနေတဲ့ နိစ္စ ဖြစ်နေတယ်ပေါ့၊ ဟုတ်တယ် မို့လား။
သူကနေပြီးတော့
လူ့လောကကြီးမှာ တရားပြဖို့၊ မတရားမှုတွေ ထွန်းကားနေသည့် အတွက်ကြောင့် ဗိဿနိုးဆိုတဲ့
နတ်ကြီးက လူ့လောက လူတွေကို ကယ်တင်ဖို့ ဆိုပြီးတော့ ဝင်စားလာတာတဲ့၊ အဲဒါကြောင့်မို့
ဟိန္ဒူ ဘုရားကျောင်းထဲမှာ ‘အဝတာရ’ တွေ ရှိတယ်၊ ပထမ အဝတာရ၊ ဒုတိယ အဝတာရ၊ အဲဒီမှာ နဝမအဝတာရ
ကို ဗုဒ္ဓရဲ့ ရုပ်ပွားတော်ကို ထားတယ်။ ဒါ ဟိန္ဒူတွေကလည်း ဘုရားကိုးကွယ်တယ် ဆိုတာ သူတို့
ဘုရားကိုးကွယ်တယ် ဆိုတာ ဗုဒ္ဓစစ်စစ်လို့ ယုံကြည်ပြီး ကိုးကွယ်မှုမျိုး မဟုတ်ဘူး၊ ဘုရား ကိုးကွယ်တာ မဟုတ်ဘူး၊ တကယ်ကတော့ ဗိဿနိုးကို ကိုးကွယ်တာပဲ၊
ဟုတ်ရဲ့လား၊ ဗိဿနိုး ဝင်စားလို့ ဆိုပြီး ကိုးကွယ်တာလေ၊ အဲဒီလို အယူအဆ မတူညီမှုတွေ ရှိတယ်၊
အဲဒီ မတူညီမှုတွေကို မသိလို့ ရှိရင် အတူတူပါပဲ ဆိုတာနဲ့ ရောကြိတ် တတ်တယ်၊ အနှစ်သာရပိုင်း
မသိရင်တော့ တူသယောင် ဖြစ်နေတယ်ပေါ့၊ အမှန်ကတော့ လုံးဝ ကွဲပြားခြားနားမှု ရှိတယ်။
.
Reincarnation
and Rebirth
▬▬▬▬▬▬
မြတ်စွာဘုရားက
ဘယ်လောက်ထိအောင် ရှင်းရှင်းလေး ဟောထားတုန်းဆိုရင် “အင်မတန် သေးငယ်တဲ့ မြေမှုန်လေးလောက်
တောင်မှပဲ လောကကြီးမှာ မြဲတယ် ဆိုတဲ့အရာ မရှိဘူး၊
အကယ်၍ မြူမှုန်လေးလောက် အရာလေး တစ်ခုတောင် မြဲတဲ့အရာ ရှိတယ်ဆိုရင် မြတ်သောအကျင့်
ကျင့်စရာမလိုဘူး” တဲ့၊ ဆိုလိုတာက တရားဓမ္မတွေ ကျင့်သုံးရတာဟာ မမြဲလို့ ကျင့်သုံးရတာ။
မမြဲတဲ့ အရာတွေ၊ ပြောင်းလွဲနေတဲ့ အရာတွေဖြစ်လို့ မခိုင်မြဲလို့ ဒါတွေကို နားလည်သဘောပေါက်အောင်
ကျင့်သုံးရတယ်လို့ ပြောတာ၊ မြဲတဲ့အရာ ရှိနေလို့ရှိရင် ဘာမှ ကျင့်သုံးစရာ မလိုဘူးတဲ့၊
သူ့ သဘာဝအတိုင်း မြဲသွားမှာပေါ့။
အဲဒါကြောင့်မို့
ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကျတော့ Reincarnation ဆိုတဲ့ အသုံးကို မသုံးတော့ဘဲနဲ့
Rebirth ကို သုံးတယ်၊ Rebirth က ပြန်လည်မွေးဖွားခြင်း၊ Reincarnation က ဝင်စားခြင်း၊
ပြန်လည် ပြီးတော့ ဝင်စားခြင်း၊ Rebirth ဆိုတာက အကြောင်းကြောင့် ပြန်လည် မွေးဖွားခြင်း၊
ကံတရားအနေနဲ့ ဆက်သွယ်ပြီးတော့ ဖြစ်လာမှုပဲ ရှိတယ်၊ တကယ်ကတော့ ခိုင်မြဲနေတဲ့ အရာဝတ္ထု
တစ်ခုက နေပြီးတော့ တစ်ဘဝကနေ တစ်ဘဝကူးနေတာ မဟုတ်ဘူးတဲ့။
မြတ်စွာဘုရားရဲ့
အလိုတော်က ရုပ်နဲ့နာမ် ၂-မျိုးပဲ ရှိတယ်၊ ခန္ဓာ ၅-ပါးပဲရှိတယ်၊ အဲဒီ ခန္ဓာ ၅-ပါးဟာ
အနတ္တပဲ။
ရူပက္ခန္ဓာဟာ
အတ္တလားဆို အတ္တ မဟုတ်ဘူး၊ မြဲနေတဲ့အရာ မဟုတ်ဘူး၊
ဝေဒနာက္ခန္ဓာလည်း
အတ္တမဟုတ်ဘူး၊
သညာက္ခန္ဓာလည်း
အတ္တမဟုတ်ဘူး၊
သင်္ခါရက္ခန္ဓာ
လည်း အတ္တမဟုတ်ဘူး၊
ဝိညာဏက္ခန္ဓာလည်း
အတ္တမဟုတ်ဘူး၊
ဝိညာဉ်ကောင်
မဟုတ်ဘူး၊ လိပ်ပြာကောင် မဟုတ်ဘူး၊ ဒါဖြင့် လူတွေဟာ ခန္ဓာ ၅-ပါးအပြင် ဘာရှိသေးတုန်းဆို
ဘာမှ မရှိဘူး၊ သူတို့အလို ဆိုရင် ခန္ဓာ ၅-ပါးအပြင် အတ္တ ရှိနေသေးတယ်။
အဲဒီတော့
မြတ်စွာဘုရားက အတ္တဆိုတာ ဟောဒီ ခန္ဓာ ၅-ပါးထဲက တစ်ခုခုကို လွဲမှားစွာ အမည် တပ်ထားခြင်းသာ
ဖြစ်တယ်တဲ့၊ အဲဒီ ခန္ဓာ ၅-ပါးထဲမှာ လိုက်ရှာကြည့်လိုက် လို့ရှိရင် ထာဝရမြဲနေတဲ့ အတ္တဆိုတာ
တစ်ခုမှ မရှိဘူးလို့ မြတ်စွာဘုရားက ရှင်းရှင်း ဟောတယ်၊ ခန္ဓာ ၅-ပါး ထဲမှာလည်း မရှိဘူး၊
ခန္ဓာ ၅-ပါးရဲ့ အပြင်မှာလည်း မရှိဘူး၊ ခန္ဓာ ၅-ပါးသည် အတ္တလည်း မဟုတ်ဘူး၊ ခန္ဓာ ၅-ပါးရဲ့
အပြင်မှာလည်း အတ္တ မရှိဘူး၊ အတွင်းထဲမှာလည်း မရှိဘူး၊ ဘယ်နေရာမှာမှ မရှိဘူးလို့ ဒီလို
ဆိုလိုတယ်၊ အဲဒီတော့ လောကကြီးမှာ မြဲတဲ့အရာဆိုတာ တစ်ခုမှ မရှိဘူး။
ဒါဖြင့်
ကောင်းပြီ - သူတို့မှာ သံသရာအကြောင်းကို ရှင်းပြဖို့ သိပ်လွယ်တယ်၊ ဘာဖြစ်လို့ လွယ်တာတုန်း
ဆိုတော့ ဝိညာဉ်ကောင်လေးက နေပြီးတော့ ဟောဒီ ရုပ်ခန္ဓာကြီး ဟောင်းနွမ်းပျက်စီး သွားတဲ့အခါ
နောက်ခန္ဓာသစ် တစ်ခုထဲကို သွားတယ်၊ နောက်ခန္ဓာ အသစ်ကိုယ်ကို ရွေးချယ်ရတယ်၊ ဟော တိရစ္ဆာန်
ဖြစ်သွားတယ်၊ ပြိတ္တာ ဖြစ်သွားတယ်၊ ကောင်းတဲ့ကံ လုပ်ထားတဲ့ ပုဂ္ဂိုလ်က ကောင်းတဲ့ကံကဲ့သို့
လှပတဲ့ ခန္ဓာကိုယ်တွေ ရတယ်၊ လူ့ခန္ဓာ ရတယ်၊ နတ်ခန္ဓာ ရတယ် စသည်ဖြင့်ပေါ့ နော်၊ သူတို့က
ဒီလိုရှင်းတယ်၊ အဲဒီတော့ spirit လို့ ဆိုတဲ့ ဝိညာဉ်ကောင် အတ္တကောင် လိပ်ပြာကောင် ထာဝရမြဲနေတဲ့
အရာတစ်ခုသည် ဘဝ တစ်ခုကနေ ဘဝတစ်ခုကို သွားနေတာ။
Tibet
ဗုဒ္ဓဘာသာဝင်တွေက Reincarnation ကို စွဲစွဲမြဲမြဲ ယုံကြည်တဲ့ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ
မစစ်ဘူး၊ သူတို့က တန္တရ ဗုဒ္ဓဘာသာ၊ မန္တရ ဗုဒ္ဓဘာသာတွေ၊ ဗုဒ္ဓရဲ့ တရားတော်ကို လက်ခံတယ်လို့
ဆိုပေမယ့်လို့ အနှစ်သာရပိုင်းကို လက်ခံတာ မဟုတ်ဘူး၊ သံသရာအကြောင်း ကံအကြောင်း ရောထွေးပြီးတော့
အစစ်အမှန် မရှိဘဲနဲ့ အစစ်အမှန်က သွေဖီသွားတဲ့ ပုံစံပျက်နေတဲ့ ဗုဒ္ဓဘာသာမျိုးပဲ ဖြစ်တယ်။
အဲဒါကို
ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေက သေသေချာချာ မသိတဲ့အခါ Tibet ဗုဒ္ဓဘာသာဝင်တွေရွတ်တဲ့ မန္တာန်ကိုလည်း
လိုက်ရွတ်တယ်၊ “ဥုံ မဏိ ပဒ္ဓေဟုံ” ဆိုပြီး၊ ဒါ Tibet တွေရွတ်တဲ့ မန္တာန်ကိုရွတ်တာ၊
ထေရဝါဒ ဗုဒ္ဓဘာသာသာမှာ ဘာအဓိပ္ပါယ်မှ မရှိဘူး၊ “မဏိ” ဆိုတာ ပတ္တမြား၊ “ပဒ္မ” ဆိုတာ ကြာ၊ ‘ကြာထဲက ပတ္တမြား’
တင်စားပြီးတော့ သုံးတာ။
သူတို့
အဓိပ္ပါယ်ယူတာ ရှိသေးတယ်၊ သူတို့က Reincarnation နဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ယူထားတာ ရှိသေးတယ်၊
Tibet ဗုဒ္ဓဘာသာမှာ Reincarnation ကို အင်မတန်မှ ဦးစားပေးတယ်။
လားမား
ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီဆိုရင် ဘယ်မှာ ပြန်မွေးမလဲ ဆိုတာ လိုက်ရှာတယ်၊ သူ့စိတ်ထဲမှာလည်းပဲ
သူပြန်မွေးဖို့ပဲ အမြဲတမ်းစဉ်းစားနေတာ ဆိုတော့ attachment က ရှိနေတယ်။ အဲဒီတော့ အကုသိုလ်ကံ
မရှိဘူးဆိုရင် သူ့ရဲ့ဆန္ဒအတိုင်း သူက ပြန်ပေါ်လာမှာပဲ၊ သို့သော် ဒီဘဝက ပါသွားတဲ့ ဝိညာဉ်ကောင်လေးက
ဒီဘဝကထွက်ပြီး ဟိုဘဝမှာ ဝင်စားတာ ဒါမျိုးမဟုတ်ဘူး၊ အကြောင်းနဲ့ အကျိုး ဆက်စပ်သွားရုံပဲ
ရှိတယ်။
ဒါကြောင့်မို့လို့
မြတ်စွာဘုရားက ဘဝကူးပုံနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်း ဟောကြားတဲ့ နေရာမှာ သာမန်ပုဂ္ဂိုလ်တွေ
အနေနဲ့ နားလည်ဖို့ အလွန်တရာ ခက်ခဲ တယ်။ အဲဒီတော့ နားလည်ဖို့ ခက်ခဲတာ ခုနကလို သဘောပေါက်ရမယ်၊
လူ့ရဲ့ခန္ဓာ ကိုယ်ထဲမှာ ဝိညာဏ်စိတ် ဆိုတာဟာ အကြောင်းတရား ကြောင့် ပေါ်လာတာသာ ဖြစ်တယ်၊
ဆိုင်ရာအကြောင်းကို မှီပြီးတော့မှ ဖြစ်လာတယ်၊ ဖြစ်လာပြီးရင် လည်းပဲ ချက်ချင်း ပျက်စီးသွားတယ်၊
မြဲနေတဲ့အရာ တစ်ခုမှ မရှိဘူးဆိုတာကို ကြပ်ကြပ်နှလုံးသွင်းဖို့ လိုအပ်တယ်ပေါ့၊ အဲဒီ
ဖြစ်ပျက်နေတဲ့ အစဉ်ဟာ အကြောင်း ရှိနေသေးသမျှ အကျိုုးတွေ ပေါ်ပြီး ထိုအကျိုးတွေဟာ ရွေ့လျား
ပြောင်းလဲပြီးတော့ ဒီလို သွားနေမယ်ဆိုတဲ့ သဘောကို နားလည်ဖို့ လိုတယ်။
ဘုန်းကြီးတို့
အခု တရားဟောနေတဲ့ အသံကိုပဲကြည့် - တရားပွဲ စလိုက်တဲ့ အချိန်က အသံတွေ ပျောက်သွားပြီမို့လား၊
မရှိတော့ဘူးနော်၊ အဲသလိုပဲ ပျောက်နေတယ် ဆိုတာဟာ ထင်ရှားတယ်၊ စကားဟာ ရှေ့စကား နောက်စကား
ပြောနေတယ် ဆိုတာ ရှေ့စကားက အသံတွေ ပျောက်နေတာပဲ၊ အဲသလို ပျောက်နေသလို လူ့ခန္ဓာ ကိုယ်မှာဖြစ်တဲ့
ရုပ်တွေ နာမ်တွေဟာလည်း ပျောက်နေတယ်ဆိုတာ ထင်ရှားတယ်၊ အဲဒီတော့ ပျောက်နေတယ် ဆိုလို့ရှိရင်
ပထမ ပေါ်လာတဲ့ အသံလေးက ဒုတိယအသံ ဖြစ်လာတာလား ဆိုလို့ရှိရင် မဟုတ်ဘူး၊ ဒုတိယအသံက သူ့အကြောင်းနဲ့သူ
ဖြစ်လာတာ၊ ပထမ အသံကလည်း သူ့အကြောင်းနဲ့သူ ဖြစ်တာ။
ဆိုပါစို့
- A, B, C, D လို့ ရွတ်ကြည့်လိုက်မယ် ဆိုလု့ိရှိရင် A လို့ ရွတ်လိုက်တာလည်း သူ့ အကြောင်းကြောင့်
ဒီ A ဆိုတဲ့ အသံလေး ပေါ်လာတာ၊ A ရွတ်ပြီးတဲ့အခါ A ပျောက်သွားမှ B ဆိုတာ ပေါ်လာတာ၊ အဲဒီတော့
A လေးက B ဖြစ်လာတာလား ဆိုတော့ မဟုတ်ဘူး၊ ဆိုင်ရာ အကြောင်း ကြောင့် B ပေါ်လာတာ၊ ထို့အတူပဲ
C ဆိုတာလည်း သူ့ဆိုင်ရာ အကြောင်းကြောင့် သူပေါ်လာတာ၊ B ကနေ C ဖြစ်လာတာ မဟုတ်ဘူး၊ တစ်ခါ
C ကနေ D ဆိုတဲ့အသံ ကြားတဲ့အခါလည်း C ကနေ D ဖြစ်သွားတာ မဟုတ်ဘူး၊ သူ့ဆိုင်ရာ အကြောင်းတွေနဲ့
ပေါ်လာတာချည်းပဲ။
အဲဒါမျိုးလိုပဲ
- ဘဝကူးလာတယ် ဆိုတာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုတော့ ရှိတယ်၊
ဒီလို အကြောင်းနဲ့ အကျိုးနဲ့ ပေါ်လာတာသာ ဖြစ်တယ်၊ ဒါကြောင့်မို့ ဘဝသစ်၌ ပြန်လည်မွေးဖွားခြင်း
ဆိုတာဟာ လူတွေရဲ့ ခန္ဓာကိုယ်မှာ ရှိတယ်လို့ ထင်မြင်ယူဆပြီး မှားယွင်းစွာ ပြောဆိုနေကြတဲ့
အသက်တို့ လိပ်ပြာကောင်တို့ ဝိညာဏ်ကောင်တို့ ဆိုတာတွေက ကူးပြောင်းပြီးတော့ နောက်ဘဝ တစ်ခုမှာ
သွားဝင်စားတာမျိုး မဟုတ်ဘူး၊ အဲဒီဘဝက လူက ဒီရောက်လာ သလိုလို ဒီလို ပြောကြတယ်၊ ဒါကြောင့်မို့
နားလည်ဖို့ ခက်တယ်ဆိုတာ ပြောတာနော်၊ ဆက်စပ်မှု ကတော့ ရှိတယ်၊ ဆက်စပ်မှု မရှိပဲ မဟုတ်ဘူး။
ဥပမာ
- ဦးဘဆိုတဲ့လူကြီး သေသွားတဲ့အခါ မောင်လှဆိုတဲ့ လူကလေး တစ်ယောက် မွေးဖွား လာတယ်၊ မောင်လှက
ပြန်ပြီးတော့ မှတ်မိလို့ ပြောတယ်။ ဟိုဘဝက ဦးဘဟာ သူပဲလို့ ပြောတယ်၊ ဒါပေမယ့် ဦးဘဟာ မသေရင်
မောင်လှ မဖြစ်ဘူး၊ မောင်လှရဲ့ ဘဝနဲ့ ဦးဘရဲ့ ဘဝဟာ Online ပေါ့၊ Line တစ်ခုတည်းမှာသာ
ရှိတယ်၊ သို့သော် ဦးဘရဲ့ ရုပ်တွေ နာမ်တွေ ခန္ဓာတွေကနေပြီး
မောင်လှ ဖြစ်သွားတာတော့ မဟုတ်ဘူး၊ ဦးဘ လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ အကုသိုလ်ကံတွေ မောင်လှဘဝမှာ ခံရ စံရတယ်၊ ဦးဘက ဒီဘဝမှာ
သေသွားပြီ၊ ဟိုဘဝမှာ မောင်လှဖြစ်တယ်၊ ဦးဘ လုပ်ခဲ့သမျှတွေ မောင်လှက ခံရတယ်၊ ဦးဘနဲ့ မောင်လှဟာ
တစ်ယောက်တည်းလား လို့ဆိုရင် တစ်ယောက်တည်း မဟုတ်ဘူး၊ နှစ်ယောက်လားဆိုရင် နှစ်ယောက်လည်း
မဟုတ်ဘူး၊ အကြောင်းအကျိုး ဆက်စပ် နေတယ်လို့ပဲ ပြောရမယ်၊ Line တစ်ခုတည်းမှာ ရှိနေတယ်၊
Line ဆိုတာကို သဘောပေါက် သွားလို့ရှိရင် ဒါ ထင်ရှားပါတယ်၊ Line ဆိုတာ တစ်ခုပြီးတစ်ခု
ဖြစ်ပျက်နေတဲ့ Line ချည်းပဲနော်၊ အဲဒီ ဖြစ်ပျက်နေတဲ့ Line ထဲမှာ ဝင်နေသည့်အတွက်ကြောင့်
ပတ်သက်မှုတော့ ရှိတယ်ပေါ့။
စိတ်အစဉ်တွေကလည်း
ထို့အတူပဲ၊ သေချာစဉ်းစားကြည့် - ဝီထိစိတ်တွေမှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားတော့
စက္ခုဝိညာဏ် ပေါ်တယ်ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်း စိတ်က စက္ခုဝိညာဏ် ဖြစ်တာလားဆို မဟုတ်ဘူး၊
ပဉ္စဒွါရာဝဇ္ဇန်းစိတ်က သူ့ဟာသူ ဖြစ်ပြီး ချုပ်သွားတာ၊ တစ်ခါ စက္ခုဝိညာဏ်စိတ် ချုုပ်သွားတဲ့အခါ
သမ္ပဋိစ္ဆိုင်းစိတ် ပေါ်တယ်ဆိုရင် သမ္ပဋိစ္ဆိုင်းစိတ်က စက္ခုဝိညာဏ်က ဖြစ်လာတာလား ဆို
မဟုတ်ဘူး၊ အဲသလို စဉ်ဆက်မပြတ် စိတ်တွေဟာ ရှေ့စိတ်က ချုပ်သွားလို့ နောက်စိတ်တွေ ပေါ်လာတဲ့
သဘောမျိုးပဲ ရှိတယ်တဲ့။
အဲဒီတော့
ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို ဦးဘလို့ ပြောလို့ရှိရင် စက္ခုဝိညာဏ်စိတ်က မောင်လှလို့ ပြောလို့
ရတယ်ပေါ့၊ သူတို့ ၂-ခုဟာ Online ပဲ၊ Line တစ်ခုတည်းမှာ ရှိနေကြတာ၊ Line တစ်ခုတည်းမှာ
ရှိနေလို့ တူညီသော ခံစားမှုတွေ၊ တူညီသော အခြေအနေတွေ ရှိလာမှာပေါ့၊ သို့သော် တစ်ထပ်တည်း
တစ်ဦးတည်းဆိုတာ ဒီလိုပြောလို့ မရဘူး၊ သဘာဝတရားက အဲဒီလို ကွဲပြားခြားနားမှု ရှိတယ်၊
ဒါကြောင့်မို့ နားလည်ဖို့ ခက်တယ်လို့ပြောတာ။
ဖြစ်ပျက်ဆိုတဲ့
သဘာဝရဲ့ ဖြစ်စဉ်ကြီးကို မသိဘူး ဆိုလို့ရှိရင် ခုနက Reincarnation ဆိုတာကို လွယ်လွယ်နဲ့
လက်ခံမိသွားမယ်၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့်လို့ သာတိ ရဟန်းတို့လို အလွဲလွဲ အမှားမှား
အတွေးအခေါ်တွေ ဖြစ်သွားနိုင်တယ်၊ မြတ်စွာဘုရား ကတော့ Reincarnation မဟုတ်ဘူး၊ ‘ပုနဗ္ဘဝ’
တစ်ဖန်ဘဝ ဆိုပြီး ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းအကျိုးတွေ အနေနဲ့ ရှင်းပြတယ်။
.
အကြောင်းတရားက ၃ ခု
▬▬▬▬▬▬▬▬▬
အဲလိုရှင်းပြတဲ့
အခါမှာ ဘဝတစ်ခုကို ဖန်တီးတဲ့ နေရာမှာ ဘယ်သူက အရေးပါတုန်း လို့ဆိုတော့ မြတ်စွာဘုရားက
အရေးပါတဲ့ အကြောင်းတရား ၃-ခုရှိတယ်၊ “အဝိဇ္ဇာရယ်, တဏှာရယ်, ကံရယ်” အကြောင်း ၃-မျိုး
ရှိတယ်၊ ဘဝတစ်ခုကို ဖန်ဆင်းတဲ့ နေရာမှာ အဘိဓမ္မာတ္ထ သင်္ဂဟကျမ်းမှာ “အဝိဇ္ဇာနုသယပရိက္ခိတ္တေန၊
တဏှာနုသယမူလကေန သင်္ခါရေန ဇနိယမာနံ” လို့ ဆိုပြီးတော့ ပဋိသန္ဓေ စိတ်ကလေးကို ထုတ်လုပ်တဲ့
အကြောင်းတရားက ၃-မျိုး ထုတ်ပြတယ်၊ ဒါက main cause လို့ဆိုတဲ့ အဓိက အကြောင်းကို ထုတ်ပြတာ၊
တခြားအကြောင်းတွေ မရှိဘူးလို့ မပြောရဘူး၊ အကြောင်းတွေ ထဲမှာ အရေးပါဆုံး အကြောင်းက အဲဒါတွေပဲ။
ဓမ္မစကြာ
တရားတော်မှာ မြတ်စွာဘုရားက “ဒုက္ခသမုဒယ” ဆိုတဲ့နေရာမှာ တဏှာကို အဓိကထား ဟောတယ်၊ တဏှာကို
အဓိက ထားပြီးတော့ ပြောတာဖြစ်လို့ “ကတမံ စ ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ” ဒုက္ခကိုဖြစ်စေတတ်တဲ့
အရိယသစ္စာ ဆိုတာ ဘာလဲလို့ မေးပြီးတော့ “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂ သဟဂတာ တတြ
တတြာ ဘိနန္ဒိနီ”၊ မြတ်စွာဘုရားက တဏှာကို အဓိက ထားပြီးဟောတယ်၊ ဒုက္ခကို ထုတ်လုပ်တဲ့နေရာမှာ
တဏှာဟာ အဓိကပဲ။
ဒုက္ခဆိုတာ
ဘယ်သူ့ကို နာမည် ပေးထားတာတုန်းဆို ရုပ်နာမ်ကို နာမည် ပေးထားတာ၊ ခန္ဓာ ၅-ပါး ကို နာမည်
ပေးထားတာ၊ ဒုက္ခလို့ခေါ်ရတဲ့ ခန္ဓာ ၅-ပါးရဲ့ အကြောင်းတရားက ဘယ်သူလဲလို့ ဆိုတဲ့ အခါကျတော့
တဏှာပေါ့၊ အဲဒီ တဏှာကို “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ” အဲဒီစကားလုံး ရှိတယ်၊ “ပေါနောဗ္ဘဝိကာ” ဆိုတာ “ပုန + ဘဝ + ဣက” ၊ “ပုနဗ္ဘဝ”
ဆိုတာ ဘဝအသစ်, နောက်ထပ်ဘဝ တစ်ခုကို ‘ဣက’ ဖြစ်စေတတ်တယ်လို့ ဆိုတော့ ဘဝရဲ့ အဓိက အကြောင်းအနေနဲ့
တဏှာလို့ မြတ်စွာဘုရားက ဟောထားတာ၊ ဓမ္မစကြာ တရားတော်မှာ ဘဝသစ်မှာ ဖြစ်နေတာ၊ ဟော ဒီ
အတွယ်အတာ ရှိလို့ ဖြစ်နေတယ်လို့ ဒီလိုပြောတယ်။
အဲဒီတော့
ဖြစ်တယ်လို့ ဆိုကတည်းက မြဲနေတဲ့ အရာတစ်ခု ဟိုကနေသွား ဒီကနေသွားတာမျိုး မဟုတ်ဘူး၊ အကြောင်းရှိလို့
ဖြစ်လာတယ်ဆိုတဲ့ သဘောကို ပြောတာနော်၊ တဏှာသည် ဘဝသစ်ကို ဖြစ်စေတတ်တယ်၊ ဒါက ဓမ္မစကြာမှာ
တဏှာကို အဓိကထားပြီး မြတ်စွာဘုရား ဟောတာ၊ တခြား ထိုထို သုတ္တန်တွေမှာလည်းပဲ တဏှာကို
‘ဘဝနေတိ’ လို့ ဘဝကို ဆောင်တတ်တဲ့၊ ဘဝကို ဦးဆောင်
ဦးရွက် လုပ်သွားတတ်တဲ့ တရားအဖြစ် မြတ်စွာဘုရားက ဟောတယ်။
အဲဒီတော့
တဏှာတစ်ခုတည်း လုပ်တာလား ဆိုတော့ မဟုတ်ဘူးတဲ့၊ တဏှာက ဘယ်သူ့ဆီက အကူအညီတွေ ရတုန်းဆိုရင်
အဝိဇ္ဇာရဲ့ အကူအညီရတယ်။
အဝိဇ္ဇာက
အာရုံရဲ့ အပြစ်ကို မမြင်အောင် ဖုံးကွယ်ပြီးတော့ ပေးထားတာ၊ ပေးထားသည့် အတွက်ကြောင့်
အဝိဇ္ဇာ ဖုံးထားတဲ့ အာရုံကို အမှန်မသိတဲ့ အခါမှာ တဏှာက တွယ်တာမှုကို ဖြစ်စေတယ်၊ အဲဒီ
တဏှာက တွယ်တာတဲ့အခါမှာ ကံလို့ခေါ်တဲ့ သင်္ခါရတရားက တွန်းပို့လိုက်တာ၊ ဘဝသစ်တစ်ခု ရောက်လာတာ၊
ဘယ်သူ့ကို တွန်းပို့တာတုန်း လို့မေးရင် တွန်းပို့စရာ ခုနက Reincarnation ကို,
Spirit ကို, ဝိညာဉ်ကောင်ကို တွန်းပို့တာ မဟုတ်ဘူး၊ သူတို့ ၃-ဦးကနေ စုပြီးတော့ ဖန်တီးလိုက်တဲ့အခါ
အကျိုးတစ်ခု ပေါ်လာတာကို ပြောပြတာ၊ ခုနတုန်းက “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”
မျက်စိနဲ့ အဆင်းအာရုံလေး ဆုံပေးလိုက်တဲ့အခါ စက္ခုဝိညာဏ် စိတ်လေး ပေါ်တယ်လို့ ဆိုတာ
လိုပဲ အကြောင်းကြောင့် ပေါ်လာတဲ့ အကျိုးတရားလေး တစ်ခုမျှသာ ဖြစ်တယ်၊ ဘဝကူးတယ် ဆိုတာနော်။
ဆိုပါစို့
- မီးခြစ်ဘူး ထဲကနေ မီးတောက်ကလေး ပေါ်လာတယ် ဆိုတာဟာ ဘာကြောင့် ပေါ်တာတုန်း လို့ သေချာမေးကြည့်လိုက်ရင်
ဂက်စ်မီးခြစ်ဘူးမှာ ကြည့်ရင် အထဲထဲမှာ ဂက်စ်ရှိတယ်၊ ဘီးလုံးရှိတယ်၊ ဘီးလုံးအောက်က အခံအမာ
ရှိတယ်၊ ဖိခြစ်တဲ့သူရဲ့ စွမ်းအားရှိတယ်၊ အဲဒီအကြောင်း ၄-ခု ပေါင်းဆုံ လိုက်တဲ့ အခါ
မီးတောက်ကလေး ပေါ်လာတာမို့လား၊ အဲဒီတော့ မီးတောက်က အကြောင်း ၄-ချက် ကနေ ပေါင်းဆုံပြီးတော့
ထုတ်လုပ်ပေးလိုက်တာ၊ ဘဝတစ်ခုကို ဖြစ်စေတယ်ဆိုတာ အဲဒီ မီးတောက် ကလေးဟာ အတိတ်ဘဝက မီးတောက်ကလေးဟာ
ဒီကို ကူးလာတာ မဟုတ်ဘူး၊ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်လာတယ် ဒီလိုပြောလိုတာ။
အဲဒီတော့
ဘဝတစ်ခုကို ဖန်ဆင်းတဲ့ အခါမှာ အဝိဇ္ဇာရယ် တဏှာရယ် ကံရယ် ဒီ ၃-ခုကနေစုပြီး ဖန်ဆင်းလိုက်တာ၊
လူတွေ ဟာ နေ့စဉ်နဲ့အမျှ အသက်ရှင်နေတဲ့ အချိန်မှာ ဘာတွေ လုပ်နေကြတုန်း၊ လုပ်သင့်တာ မလုပ်သင့်တာ
ခွဲခြားမသိသည့် အတွက်ကြောင့် လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်နေတယ်၊ မလုပ်သင့်တာကို
လုပ်သင့်တယ်လို့ ထင်နေတယ်၊ အဲဒါတွေက အဝိဇ္ဇာက ကာထားတာ၊ ကာထားသည့် အတွက်ကြောင့်၊ ထိုအာရုံတွေရဲ့
သဘာဝအမှန်ကို မသိသည့် အတွက်ကြောင့် တွယ်တာမှုတွေ မက်မောမှုတွေ လိုချင်မှုတွေ စွဲလန်းမှုတွေပေါ်လာတယ်၊
ဟော - အဝိဇ္ဇာတွေကလည်း အင်အား ကောင်းလာတယ်၊ တဏှာတွေကလည်း အင်အား ကောင်းလာတယ်၊ တွယ်တာမှုတွေကို အကြောင်းပြုပြီးတော့ ရလိုမှုနဲ့
ကြိုးပမ်းမှု တွေရော ပေါ်မလာဘူးလား၊ အဲဒီ ကြိုးပမ်းမှုတွေ အားလုံးဟာ ကံအရာ မြောက်သွား
တယ်ပေါ့၊ စိတ်ရဲ့ လုပ်ဆောင်မှု၊ နှုတ်က လုပ်ဆောင်မှု၊ ကိုယ်ထိလက်ရောက် လုပ်ဆောင်မှုဆိုတဲ့
လုပ်ဆောင်မှုတွေပဲ - ကံရဲ့အရာ။ လူတွေရဲ့သန္တာန်မှာ ကံတွေဟာ စုမိဆောင်းမိ ဖြစ်ပြီး စွမ်းအားသတ္တိအပြည့်နဲ့
လူတွေရဲ့ စိတ်အစဉ် ထဲမှာဖြစ်တယ်။
အဲဒီ
ဖြစ်လာတဲ့ ကံတရားတွေဟာ စုမိဆောင်းမိ ဖြစ်နေတော့ ဘဝတစ်ခုကို ဖန်ဆင်းကြတော့မယ် ဆိုရင်
လက်ရှိဘဝကြီး မချုပ်သေးသ၍ သူတို့က လုပ်လို့ မရသေးဘူး၊ ကံအသစ်တွေက လက်ရှိ ဘဝကြီး ကုန်ဆုံးတဲ့
အချိန်လေးမှာ သူတို့ ဝိုင်းပြီးတော့ ဘယ်လိုလုပ်ကြတုန်း ဆိုရင် ကြည့်။
ဆိုပါစို့
- မနေ့က ပြောခဲ့တဲ့အတိုင်း ဘဝနိဂုံး သေဆုံးခြင်း ဆိုတာကို ဥပမာလေးနဲ့ ပြောရရင် ဦးဘဆိုတဲ့
လူကြီးတစ်ယောက် ရောဂါဖြစ်နေလို့ ခုနက သေခြင်း ၄-မျိုးထဲက အကြောင်းတစ်ခုခုနဲ့ သူသေတော့မယ်လို့
ဆိုတဲ့အချိန်လေးမှာ ဦးဘရဲ့ အသက်တို့ လိပ်ပြာတို့ ဝိညာဉ်တို့က ထွက်သွားပြီးတော့ မောင်လှ
ခန္ဓာကိုယ်ထဲ ရောက်သွားတာ မဟုတ်ဘူးနော်၊ အဲဒီ ဦးဘကြီး သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ
အကျိုးတရားတွေကို ထုတ်လုပ်မယ့် ဘယ်အရာတွေ ရှိတုန်းဆို - သူ့ရဲ့သန္တာန်မှာ ဖြစ်နေတဲ့
အဝိဇ္ဇာရှိတယ်, တဏှာရှိတယ်, ကံရှိတယ်၊ အဲဒီ ဦးဘကြီး သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ
သူလုပ်ခဲ့တဲ့ အမှုတွေဟာ သူ့ရဲ့စိတ်အာရုံကို လွှမ်းမိုးပြီးတော့ ပေါ်လာတယ်တဲ့၊ သေခါနီးဆဲဆဲမှာ
လွှမ်းမိုးပြီးပေါ်တာ၊ အဲဒီ ပေါ်လာတဲ့ အရာတွေဟာ ကံရင်လည်း ဖြစ်မယ်၊ ကမ္မနိမိတ်တွေ ရင်လည်း
ဖြစ်မယ်၊ ဂတိနိမိတ်တွေ ရင်လည်းဖြစ်မယ်၊ ဒီလို ဆိုလိုတယ်နော်။
သူလုပ်ခဲ့တဲ့
ကံတွေဟာ သူ့သန္တာန်မှာ အသစ်အနေအထားမျိုး ထင်ပေါ်နေတယ် သို့မဟုတ် သူကံလုပ်ခဲ့တဲ့အချိန်က
အကျိုးပေးခွင့်ရပြီး အလှည့်ကျတဲ့ကံက အဲဒီနေရာ ရောက်လာတဲ့ကံက စွမ်းအား အရှိဆုံးကံက ရှေ့တန်းတက်လာတာ၊
ရှေ့တန်း တက်လာပြီးတော့ ဦးဘရဲ့ မျက်စိထဲမှာ ဖြစ်စေ,နားထဲမှာဖြစ်စေ, နှာခေါင်းထဲမှာ
ဖြစ်စေ, လျှာထဲမှာဖြစ်စေ, ခန္ဓာကိုယ်ထဲမှာဖြစ်စေ, စိတ်ထဲမှာ ဖြစ်စေ ဒွါရခြောက်ပါး မှာ
လွှမ်းမိုးပြီးတော့ အဲဒီအာရုံတွေက ဝင်ရောက်လာတယ်တဲ့၊ အိပ်မက်ထဲမှာ မက်နေသလို ဝင်ရောက်လာတဲ့အခါကျတော့
သေငယ်ဇောနဲ့ မျောနေတဲ့ ဦးဘရဲ့ စိတ်တွေဟာ အဲဒီအာရုံပေါ်မှာ နစ်မျောနေတာ၊ အဲဒီ အာရုံတွေက
သူ့ကို လွှမ်းမိုး နေတာ။
အဲဒီ
လွှမ်းမိုးနေတဲ့ အချိန်ကလေးမှာ ကံဟောင်း ချုပ်ငြိမ်းသွားသည့် အတွက်ကြောင့် စုတိဆိုတဲ့
စိတ်ကလေး နောက်ဆုံး အနေနဲ့ ဖြစ်လိုက်တယ်၊ ကမ္မဇရုပ် တွေကလည်း အတိတ်က အခုလက်ရှိ ဘဝကံရဲ့
လုပ်ငန်းတွေ ပြီးသွားလို့ ဒီဘဝကနေ ရုပ်သိမ်းလည်း ရုပ်သိမ်းလိုက်တယ်။
ခုနက
လွှမ်းမိုးနေတဲ့ အာရုံတွေပေါ် ရှိရာကို အဝိဇ္ဇာကနေ အဲဒီ အာရုံတွေရဲ့ သဘာဝကို မသိအောင်
ဖုံးကွယ်ထားတယ်၊ တဏှာက အဲဒီအာရုံပေါ်မှာ ဦးဘကြီးက ကျေနပ်ပြီးတော့ စိတ်အစဉ်ဟာ ညွှတ်ပြီးတော့နေတယ်၊
အဲဒီအချိန်လေးမှာ သင်္ခါရလို့ဆိုတဲ့ ကံနဲ့ ယှဉ်ဖက် သဘာဝ တရားတွေ အားလုံးက တွန်းပို့လိုက်သလိုပဲ
ဟိုဘဝမှာ သန္ဓေစိတ်ကလေး သွားပေါ်တာ၊ ဒီလိုကူးတာ၊ ဘဝကူးတယ် ဆိုတာနော်။
မြန်မာစာတွေထဲမှာ
“လောက်လန်းသဖွယ် ဝိညာဏ်တွယ်” ဆိုတဲ့စကားကို ပြောကြတယ်၊ အဲဒီ “လောက်လန်းသဖွယ် ဝိညာဏ်တွယ်”
ဆိုတာက လောက်လန်းဆိုတဲ့ အကောင်လေးတွေ မြင်ဖူးပါလိမ့်မယ်။ သူက ခါးလေး ကုန်းပြီးတော့
သွားလေ့ရှိတယ်၊ အမြီးပိုင်းက ခြေထောက်ပါတယ်၊ ခေါင်းပိုင်းက ခြေထောက်ပါတယ်၊ အလယ်ကောင်မှာ
ခြေထောက် မပါဘူး၊ ခြေထောက်မပါတော့ အမြီးပိုင်းက ခြေထောက်က ထောက်ပြီးတော့ ခေါင်းလေးက
မြှောက်ပြီးတော့ သူကုပ်ရမယ့်နေရာကို သူရှာတယ်၊ ရှာပြီးတော့ ကုပ်မိပြီဆို နောက်က ခြေထောက်က
လွှတ်လိုက်တယ်ပေါ့၊ အဲဒီနေရာမှာ အဓိပ္ပာယ်အမျိုးမျိုး ယူကြတယ်။
ဗုဒ္ဓမြတ်စွာရဲ့
တရားနဲ့ ကိုက်အောင်ယူမယ် ဆိုလို့ရှိရင် ဘယ်လိုယူနိုင်တုန်း “လောက်လန်းသဖွယ် ဝိညာဏ်တွယ်”
ဆိုတာ အမှန်ကတော့ ဒီ ဝိညာဏ်ဆိုတဲ့ အရာက မရဏာသန္နဇောကို ပြောမယ် ဆိုလို့ရှိရင် အဓိပ္ပါယ်
ရှိတယ်ပေါ့၊ မရဏာသန္နဇော မပြောဘဲနဲ့ လူတွေရဲ့ အသက် လိပ်ပြာ ဝိညာဉ်ကောင်လေးက ဒီခန္ဓာကိုယ်ကြီးက
နောက်ခန္ဓာကိုယ်ကြီးကို မတွေ့သေးလို့ ရှိရင် မလွှတ် သေးဘူး၊ ဒီခန္ဓာကိုယ်ထဲက ထွက်မသွားသေးဘူး၊
နောက်ခန္ဓာကိုယ် ရှိမှ သူက ထွက်သွား တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဆိုရင်တော့ မှားတယ်ပေါ့နော်။
အဲသလို
မဟုတ်ဘဲနဲ့ စိတ်က အာရုံယူတဲ့ သဘောမျိုးကို ပြောမယ်ဆိုလို့ရှိရင် “လောက်လန်းသဖွယ် ဝိညာဏ်တွယ်”
ဆိုတာ ဘာကို ပြောတာတုန်း၊ ခုနက ဦးဘကြီး သေငယ်ဇောနဲ့ မျောနေတယ် ဆိုတာကြည့် - နောက်ဘဝဖြစ်မယ့်
အာရုံတွေကိုမြင်နေတာ၊ ဂတိနိမိတ်တွေကို မြင်နေတယ် ဆိုတာ နောင်ဘဝ အာရုံတွေကို မြင်နေပြီ၊
ဒီဘဝဟာလည်း လွှတ်လိုက်ရော အဲဒီ နောင်ဘဝ မြင်နေတဲ့ ဟာတွေပေါ်မှာ သန္ဓေစိတ်ဖြစ်သွားတာ၊
အဲဒီ အာရုံပေါ်မှာ အာရုံပြုပြီး သန္ဓေစိတ်ကလေး ဖြစ်ရတာ၊ စိတ်ဆိုတာ အာရုံမရှိဘဲနဲ့ မဖြစ်ဘူးဆိုတာ
အားလုံး သဘော ပေါက်ပြီးသားနော်၊ ဘယ်စိတ်ပဲဖြစ်ဖြစ် အာရုံမရှိရင် မဖြစ်ဘူးဆိုတာ သေချာတယ်၊
အာရုံနဲ့ကင်းပြီး ဖြစ်တဲ့စိတ်ဆိုတာ လောကမှာ မရှိဘူး၊ စိတ်တိုင်း စိတ်တိုင်း အာရုံရှိတယ်။
ဒါကြောင့်မို့လို့
လူ့ဘဝအစ သန္ဓေစိတ်လေးက ဘာအာရုံကို အာရုံပြုတာတုန်းဆို ခုနက သေခါနီးမှာ သေငယ်ဇောနဲ့
မျောနေတဲ့အချိန် မိမိပြုလုပ်ခဲ့တဲ့ကံ, ထိုကံပြုစဉ်က အခြေအနေတွေ၊ အဲဒီ အခြေအနေတွေကို
မသေခင်ကတည်းက မြင်နေရတယ်၊ အဲဒီ အာရုံက စိတ်ကို လွှမ်းမိုးထားတယ်၊ အဲဒီလွှမ်းမိုးထားတဲ့
အာရုံကို အာရုံပြုပြီး သန္ဓေစိတ်လေး ပေါ်ရတာ။
အဲဒါကြောင့်မို့လို့
သေငယ်ဇောနဲ့ မျောနေတဲ့ ဦးဘကြီး အသက်လည်း ထွက်သွားရော ဦးဘကြီး ဘဝတုန်းကနေပြီး သေငယ်ဇောနဲ့
မျောပြီးတော့ ယူထားတဲ့ အာရုံ ကလေးအတိုင်း နောက်ဘဝမှာ မောင်လှဆိုတာ ပေါ်လာပြန်တယ်၊ ဒီလို
ဆက်စပ်မှု တော့ ရှိတယ်ပေါ့၊ ဦးဘ ဘဝတုန်းက ယူထားတဲ့ အာရုံတွေနဲ့ ကံအသစ်က မောင်လှရဲ့
ပဋိသန္ဓေစိတ်ကလေး စတင်ပြီးတော့ ဖန်ဆင်းလိုက်တယ်၊ ဦးဘရဲ့ စုတိစိတ်ကလေး ချုပ်သွားတဲ့
အချိန်လေးမှာ မောင်လှရဲ့ ပဋိသန္ဓေ စိတ်ကလေး ပေါ်လာတယ်၊ ဦးဘရဲ့ စုတိစိတ်ကလေး မချုပ်မချင်း
မောင်လှရဲ့ သန္ဓေစိတ်ကလေး မပေါ်ဘူးတဲ့၊ အဲဒီ စုတိစိတ်ကလေး ဖြစ်ပြီး ချုပ်သွားခြင်းသည်
မောင်လှရဲ့ သန္ဓေစိတ်ပေါ်ခြင်းရဲ့ အကြောင်းတရား ဖြစ်တယ်၊ အဲဒါကို “အနန္တရသတ္တိ” လို့
ခေါ်တယ်၊ “အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော” သူချုပ်သွားမှ
နောက်ကဟာ ပေါ်လို့ရတာ။
အဲဒီမှာ
ဦးဘရဲ့ စုတိစိတ်က မောင်လှရဲ့ ပဋိသန္ဓေစိတ် ဖြစ်သွားတယ်လို့ ဒီလိုပြောလို့ ရမလား၊ မရဘူးနော်၊
ဦးဘရဲ့ စုတိစိတ်က အတိတ်ကံကြောင့် ဖြစ်တယ်၊ ဆိုပါစို့ - ဦးဘရဲ့ ပဋိသန္ဓေ စိတ်ကလေးဟာ
အတိတ်က ကံကနေ ဖြစ်လာတယ်၊ ထိုကံကနေ အကျိုးပေးလိုက်လို့ ဦးဘရဲ့ တစ်သက်တာမှာ ဘဝင်စိတ်တွေဖြစ်တယ်၊
ပဋိသန္ဓေစိတ်, ဘဝင်စိတ်ဖြစ်တယ်၊ နောက်ဆုံး စိတ်ကလေးကို စုတိလို့ ခေါ်တယ်။
ဦးဘရဲ့
စိတ်က ဆိုပါစို့ - မဟာဝိပါက် ဉာဏဝိပ္ပယုတ် စိတ်ထဲက တစ်ခုခုဖြစ်တယ်၊ ဦးဘရဲ့ ဘဝမှာ တရားနာတယ်၊
တရား အားထုတ်တယ်၊ စာပေတွေ လိုက်စားတယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်တယ်၊ အဲဒီစွမ်းအားကြောင့်
ကြည့်နော် ဦးဘ ဘဝတုန်းကတော့ ဉာဏဝိပ္ပယုတ်နဲ့ ပဋိသန္ဓေ နေလာတယ်၊ ဉာဏဝိပ္ပယုတ်နဲ့ ပဋိသန္ဓေ
နေလာသည့်အတွက်ကြောင့် သူ့ရဲ့ စုတိကလည်းပဲ ဉာဏဝိပ္ပယုတ် စုတိပဲ၊ အဲဒီစုတိလေး ချုပ်သွားတဲ့အခါ
နောက်ထပ် ပဋိသန္ဓေကျတော့ သူလုပ်ခဲ့တဲ့ ကံတွေက နေပြီးတော့ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်
မဟာဝိပါက်စိတ် ဆိုတာကို အကျိုးပေးလိုက်တယ်။
ဟော
- မောင်လှရဲ့ သန္ဓေစိတ်ကျတော့ ဉာဏသမ္ပယုတ်ဖြစ်သွားတယ်၊ ဦးဘရဲ့ စုတိစိတ်တုန်းက ဉာဏဝိပ္ပယုတ်
ဖြစ်တယ်၊ အဲဒီတော့ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ဟာ တူသေးရဲ့လား၊ မတူတော့ဘူး၊ ကံတရားကနေ ဖန်တီးပြီးတော့ သွားတာ၊ ဒီတော့ ဦးဘရဲ့
စုတိစိတ်လေးက ဒီမှာ ပဋိသန္ဓေစိတ် အနေနဲ့ မောင်လှထဲ ဝင်စားလာတာလား ဆိုတော့ မဟုတ်ဘူး၊
ဟုတ်ရင် ထပ်တူပဲ ဖြစ်နေမှာပေါ့၊ သူ့ရဲ့ ဒီ ဝိညာဏ်စိတ်လေးက ထပ်တူပဲ ဖြစ်နေမှာပေါ့၊ အဲသလို
ထပ်တူ မဟုတ်ဘူးတဲ့၊ သဘာဝချင်း အခြေအနေချင်း အများကြီး ကွဲပြားခြားနားတယ်၊ ဒီလို ဆိုလိုတာနော်။
အဲဒီတော့
ကံ, ကမ္မနိမိတ်, ဂတိနိမိတ်လို့ ဆိုတာတွေကို အာရုံပြုပြီး ဘဝသစ်မှာ ဖြစ်ရတယ်။ လူတွေမှာ ကောင်းတာ လုပ်တာရှိတယ်၊ မကောင်းတာ
လုပ်တာရှိတယ်၊ ကောင်းတာလုပ်လို့ရှိရင် ကောင်းတဲ့
ကံရဲ့စွမ်းအားနဲ့ ကောင်းတဲ့ အရိပ်တွေ ပေါ်တယ်၊ မကောင်းတာ လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းတဲ့
ကံရဲ့စွမ်းအားနဲ့ မကောင်းတဲ့ အရိပ်နိမိတ်တွေ ပေါ်လာတယ်။ အဲဒီ ပေါ်လာတဲ့အပေါ်မှာ သန္ဓေမျိုးစေ့လေးက
ကျသွားတာတဲ့။
ဒါကြောင့်မို့
မြတ်စွာဘုရားက ဘဝသုတ္တန် ၂-ခု၊ ပထမ ဘဝသုတ်၊ ဒုတိယဘဝသုတ်ဆိုတာ အင်္ဂုတ္တရနိကာယ်မှာ ရှိတယ်၊
အဲဒီမှာ ကံကို အဓိကထား ဟောတယ်၊ “ကမ္မံ ခေတ္တံ ဝိညာဏံ ဗီဇံ တဏှာ သေဟော အဝိဇ္ဇာ နီဝရဏာနံ
တဏှာ သံယောဇနာနံ” ဟောဒီ ၂-ခုရဲ့ အကူအညီ ရှိတယ်၊ အဝိဇ္ဇာက စိတ်ကို ဆို့ပိတ် ထားလိုက်တာ။
ဆို့ပိတ်ထားလိုက်တာ ဆိုတာ သူမမြင်စေချင်တာတွေ မမြင်အောင် ဆို့ပိတ်ထားလိုက်တာ။ ဆိုလိုတာက
အဝိဇ္ဇာက ဖုံးထားလိုက်သည့် အတွက်ကြောင့် အဆိုးကို အကောင်းမြင်တယ်, အကောင်းကို အဆိုးမြင်တယ်၊
ပြောင်းပြန်တွေ မြင်ကုန်ရော၊ သူက အမှန် မမြင်အောင်သာ လုပ်တာ၊ မမြင်အောင် လုံးဝ ကွယ်ထားတာတော့
မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ အဝိဇ္ဇာကို “သဘာဝ
ပဋိစ္ဆာဒန လက္ခဏာ” လို့ ဒီလို ဟောတယ်၊ သဘာဝ ပဋိစ္ဆာဒန ဆိုတာ တကယ့်အစစ်အမှန်ကို မမြင်အောင်
ဖုံးတာ၊ အကုန်လုံးကို ဖုံးတာလို့ ပြောတာမဟုတ်ဘူးတဲ့၊ တကယ့် အစစ်အမှန်ကို မမြင်အောင်
ဖုံးတယ်ဆိုတော့ အစစ်အမှန် မဟုတ်တာတွေကို ပြတယ်ဆိုတဲ့ အဓိပ္ပာယ် မရပေဘူးလား၊ အစစ်ကို
ဖုံးထားတယ်ဆိုရင် အတုကိုပြတယ်ဆိုတဲ့ အဓိပ္ပာယ်က အလိုလိုပါပြီးသား ဖြစ်သွားတယ်ပေါ့၊
ဟော - အဝိဇ္ဇာက အတုကို ပြတာ။
အဲဒီလို
အတုကို ပြထားတဲ့အခါ ‘တဏှာ သံယောဇနာ’ တဏှာက တွယ်လိုက်တယ်, ချည်လိုက်တယ်, နှောင်လိုက်တယ်,
တွယ်တာလိုက်တယ်၊ အဲဒီ အာရုံပေါ်မှာ တဏှာနှောင်ကြိုးက ချည်လိုက်တယ်၊ သြော် - သတ္တဝါဟာ
ဒီအာရုံထဲက ဘယ်လိုလုပ် ရုန်းထွက်လို့ ရတော့မှာတုန်း၊ အဲဒီ အာရုံလေးထဲမှာ နစ်မျောနေတဲ့
အချိန်မှာ ကံက မျိုးစေ့ ချထည့်လိုက်တယ်ပေါ့။
ဒီနေရာမှာ
အရေးကြီးဆုံးက ဘယ်သူလဲဆိုရင် “ကမ္မံ ခေတ္တံ” “ဝိညာဏံ ဗီဇံ” လို့ သုံးတာ ဘယ်ဝိညာဏ်ကို
သုံးတာတုန်းဆိုတော့ ‘အဘိသင်္ခါရဝိညာဏ်’၊ ‘အဘိသင်္ခါရဝိညာဏ်’ - ဘဝတစ်ခုကို ဖန်ဆင်းနေတဲ့ဝိညာဏ်
ဆိုတာ မရဏာသန္နာဇောနဲ့ ယှဉ်တွဲပြီးတော့ လာတဲ့ ကံတရား၊ မရဏာသန္နာဇောက ဒီအာရုံတွေကို
ယူထားတာနော်၊ အဲဒီ မရဏာသန္နာဇော ဝိညာဏ်စိတ်ဟာ သန္ဓေ မျိုးစေ့လေးကို ချပေးလိုက်တယ်တဲ့၊
အဲဒီ ကံတရားရဲ့ စွမ်းအား၊ ဒီလိုဆိုလိုတယ်နော်။
အဲဒီနေရာမှာ
“ကံက လယ်မြေနဲ့ တူပြီးတော့ တဏှာက အစေးနဲ့တူပြီး ဝိညာဏ်က မျိုးစေ့နဲ့တူတယ်” အဲဒါကြောင့်မို့လို့
ဘဝအပင်လေး တစ်ခုဟာ ပေါက်လာရတယ် - ဒီလိုဆိုလိုတာ၊ အဲဒီတော့ အပင် ပေါက်လာတယ် ဆိုကတည်းက
ဒီကနေ သွားပြီးတော့ ဝင်စားတာ မဟုတ်ဘူး၊ အကြောင်းတွေကြောင့် စုပေါင်းပြီးတော့ ဖြစ်သွားတာ
ဖြစ်တယ်၊ ဒါက သတ္တဝါတွေက ဘဝတစ်ခုကူးပြီး ဘဝတစ်ခုဖြစ်ပုံ ဒီလိုဟောတယ်။
မြတ်စွာဘုရားနဲ့
ရဟန္တာပုဂ္ဂိုလ် တွေကျတော့ အဲဒီ အဝိဇ္ဇာရယ်, တဏှာရယ်, ကံရယ်လို့ ဆိုတဲ့ ဘဝတစ်ခုကို
ဖန်တီးပေးနေတဲ့ အဓိက အကြောင်းအရာ တွေထဲက ဘယ်ဟာကို ဖျက်ဆီး လိုက်တာတုန်း ဆိုတော့ အဝိဇ္ဇာနဲ့
တဏှာကို ဖျက်ဆီးပစ်တာ၊ အဝိဇ္ဇာနဲ့ တဏှာကို ဖျက်ဆီး ထားလိုက်သဖြင့် အဝိဇ္ဇာ မရှိတော့သည့်အတွက်ကြောင့်
သဘာဝကို မဖုံးထားနိုင်တော့ဘူး၊ မဖုံးနိုင် တော့လို့ သဘာဝကို အရှင်းကြီး မြင်နေတယ်၊
သဘာဝကို အရှင်းကြီးမြင်နေတော့ သူ့သဘာဝ အတိုင်းဆိုရင် တွယ်တာမှုတဏှာ ဆိုတာ မလာနိုင်ဘူး၊
အဝိဇ္ဇာကလည်း ဖုံးထားတာ မရှိဘူး၊ တဏှာလည်း မတွယ်တော့ဘူး ဆိုလို့ရှိရင် ပစ်ချခြင်းငှာ မစွမ်းနိုင်ဘူး၊ အဲဒါကို ပြောတာနော်၊
အကူအညီ မရှိတော့ဘူး ဆိုရင် နောက်ဘဝတစ်ခုကို ကံက မဖန်တီးနိုင်တော့ဘူးလို့ ပြောတာ။
အဲဒီတော့
ရဟန္တာတွေရဲ့ဘဝ, မြတ်စွာဘုရားရဲ့ ဘဝမှာ အတိတ်က ကံတရားတွေ ရှိနေသေး သော်လည်း ဘဝတစ်ခုကို
တည်ဆောက်နိုင် စွမ်းအား ကုန်သွားပြီ၊ ဘယ်အချိန်ကတည်းက ကုန်သွား တာတုန်းဆို တဏှာနဲ့
အဝိဇ္ဇာ ကုန်သွားကတည်းက ကံတွေက အလုပ်လုပ်လို့ မရတော့ဘူး၊ ပုစွန်လုံးကို ခြေထောက်တွေ
ချိုးထားလိုက်သလို အဝိဇ္ဇာနဲ့ တဏှာကို ဖြတ်ထားလိုက်တကည်းက .. ဒီပုစွန်လုံးဟာ ခြေထောက်တွေ ချိုးထားလိုက်လို့ရှိရင်
ပုစွန်လုံး သွားလို့ရသေးရဲ့လား၊ မရတော့သလိုပဲ - အဲသလို ရှိနေသေးသော်လည်းပဲ အကျိုးပေးခွင့်
မရဘူး၊ ဒါကြောင့်မို့ ရှိနေသေး သော်လည်း အကျိုးပေခွင့် မရသည့်အတွက်ကြောင့် ကံကိုလည်း
ကုန်စေတယ်လို့ ဒီလိုသုံးတာ၊ တကယ်ကတော့ ကံကို ပယ်လို့မရဘူး၊ ကိလေသာ ကိုသာ ပယ်တာ၊ ဒီနေရာမှာ
ကိလေသာဆိုတာ အဝိဇ္ဇာနဲ့ တဏှာပဲ။
အဲဒီတော့
အဝိဇ္ဇာနဲ့ တဏှာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတွေက အလုပ် မလုပ်နိုင်ဘူး၊ အလုပ်မလုပ်နိုင်သည့်
အတွက်ကြောင့် ဘဝသစ်တစ်ခုကို နောက်ထပ် ဖော်ထုတ်နိုင်ခြင်းငှာ မစွမ်းနိုင် ဘူးပေါ့၊ ဘဝပြတ်သွားတယ်။
အဲဒါကြောင့်
ဘုရားအလောင်းတော်လေး ဖွားမြင်လာတဲ့ အချိန်ကပဲ ခြေလှမ်း ၇-လှမ်း လှမ်းပြီးတော့ သူ့ရဲ့ဘဝကို
ကြွေးကြော်ခဲ့တာ ရှိတယ်၊ “အဂေါ္ဂ ဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိ လောကဿ သေဋ္ဌော ဟမသ္မိ
လောကဿ” “လောကကြီးမှာ ငါဟာ အကြီးဆုံးပဲ၊ အမြတ်ဆုံးပဲ” လို့ ကြွေးကြော်ပြီးတော့ ဘာတွေ
ပြောတုန်းဆို “အယ မန္တိမာ ဇာတိ” “ဒီဘဝဟာ နောက်ဆုံးဘဝပဲ”၊ “နတ္တိ ဒါနိ ပုနဗ္ဘဝေါ” နောက်ဘဝ
ငါ့မှာ မရှိတော့ဘူး၊ ဒါ နောက်ဆုံးဘဝပဲ ဆိုတာကို အလောင်းတော်လေး ဘဝကတည်းက ကြွေးကြော်ခဲ့တယ်။
ဘုရားဖြစ်တော်
မူတဲ့အခါကျလည်း ဓမ္မစကြာ ဟောတဲ့ အခါမှာလည်း “အယမန္တိမာ ဇာတိ နတ္တိဒါနိ ပုနဗ္ဘဝေါ” ဆိုတာ
မိန့်တယ်၊ ဒီဘဝဟာ နောက်ဆုံးပိတ် ဘဝပဲ၊ နောက်ထပ် ဘဝသစ်ဆိုတာ မရှိဘူး။ ဘာဖြစ်လို့ မရှိဘူးလို့
ပြောနိုင်တုန်းဆိုရင် ခုနက အဝိဇ္ဇာ, တဏှာဆိုတာ ဖယ်ရှားပစ်လိုက်သည့် အတွက်ကြောင့် ဘဝဆိုတာ
ပြတ်ငြိမ်းသွားပြီ၊ ဒါကြောင့်မို့လို့ “ခီဏာ ဇာတိ” ပဋိသန္ဓေ နေခြင်းသည် ကုန်သွားပြီ၊
“ကတံ ကရဏီယံ နာပရံ ဣတ္တတ္ထာယ” လုပ်စရာတွေအားလုံး လုပ်ပြီးသွားပြီလို့ ဒီလိုပြောတာနော်။
ဒါကြောင့်မို့လို့
ဘဝတစ်ခုကို ဖန်တီးနေတဲ့ အရာသည် အဝိဇ္ဇာ, တဏှာ, ကံ ဒီ ၃-ခု ဖြစ်ပါတယ်။ အဲဒီ ၃-ခု ထဲကနေ
ဖယ်ရှားပစ်ရမှာက တဏှာနဲ့ အဝိဇ္ဇာ၊ ကိလေသာကို ဖယ်ရှားပစ်ရမယ်။
ဝဋ် ၃-ပါးနဲ့
ပြောမယ် ဆိုလို့ရှိရင် စက်ဝိုင်းလေးတစ်ခုကို ရေးချလိုက်၊ ထိုစက်ဝိုင်းလေးကို အကန့်လေး
၃-ကန့် လုပ်ကြည့်လိုက်၊ တစ်ခုက ကိလေသာဝဋ်၊ တစ်ခုက ကမ္မဝဋ်၊ တစ်ခုက ဝိပါကဝဋ်၊ အဲဒီ စက်ဝိုင်းကလေးကို
လှည့်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကိလေသာဝဋ် ဆိုတာ လိုချင်တယ်၊ လိုချင်လို့ ကမ္မဝဋ်ဆိုတာ
လုပ်တယ်၊ လုပ်လို့ ဝိပါကဝဋ် ဆိုတာ ရလာတယ်၊ ‘လိုချင်တယ်၊ လုပ်တယ်၊ ရတယ်’၊ ရ,တော့ လိုချင်ပြန်တယ်၊
လုပ်ပြန်တယ်၊ ရ,ပြန်တယ်၊ ဒီလိုနဲ့ သံသရာလည်နေတာ။
အဲဒီမှာ
ပထမဆုံး၊ ပယ်ဖျက်ရမှာက ရ,တာကို ပယ်ဖျက်ဖို့ မလိုဘူး၊ လိုချင်တာကို ပယ်ဖျက်ရမယ်၊ လိုချင်တယ်
ဆိုတာ မရှိတော့ဘူး ဆိုလို့ရှိရင် အဲဒီတစ်ကန့် ပြတ်သွားတာနဲ့ နောက်က လုပ်တယ်ဆိုတဲ့ အကန့်လည်း
ပျက်သွားတယ်၊ အဲဒီရှေ့က ၂-ကန့် ပျက်သွားတာကိုပဲ ကိလေသာကံ ငြိမ်းသွားတယ်လို့ ပြောတယ်နော်၊
ရှေ့ ၂-ကန့် ပျက်သွားတော့ ဝိပါကဆိုတာ ကျန်နေသေးတယ်၊ အဲဒီကျန်နေတဲ့ဟာ ဒါက နောက်ဆုံးအနေနဲ့
သူ့ရဲ့သက်တမ်း ကုန်သွားလို့ စုတိစိတ်လေး ကျသွားလို့ရှိရင် သူ့ရှေ့ပိုင်းက ကမ္မဝဋ် ဆိုတာလည်း
မရှိတော့ဘူး, ကိလေသာဝဋ် ဆိုတာလည်း မရှိတော့သည့်အတွက်ကြောင့် နောက်ထပ် ဝိပါကဝဋ်ဆိုတာ
ထပ်ထုတ်လုပ်နိုင်စွမ်း မရှိလို့ စုတိစိတ် ပြီးတဲ့နောက်မှာ ဘာမှ မရှိတော့ဘူး ချုပ်ငြိမ်းသွားတယ်လို့
ဒီလို ပြောတာနော်၊ အဲဒါဟာ ဘဝသစ်ဖြစ်ပုံနဲ့ ဘဝဆိုတာ နောက်ထပ် ကုန်ဆုံးသွားပုံ အင်မတန်မှ
ထင်ရှားတယ်။
သို့သော်လည်း
ခုနက Reincarnation ရောပြီးတော့ လူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသက် လိပ်ပြာ ဝိညာဉ်ကောင်တွေဟာ
တစ်ဘဝကနေ တစ်ဘဝ ကူးပြောင်းတယ်လို့ ဒီလိုပြောတဲ့အခါ ကျတော့ ရောထွေးပြီးတော့ ဒီဘဝ ကုသိုလ်ကောင်းမှု
လုပ်ရင် နောင်ဘဝ ခံစားရတာတွေနဲ့ ရောထွေးပြီးတော့ ဗုဒ္ဓဘာသာ စစ်စစ်က ‘သဿတဒိဋ္ဌိ’ အယူဝါဒရှိတဲ့
ပုဂ္ဂိုလ်တွေ ဖြစ်ဖို့က တော်တော်လေး များနေတယ်၊ မစဉ်းစားတက်လို့ ရှိရင်နော်၊ ဝိပဿနာ
ဉာဏ်အမြင်နဲ့ မကြည့်ဘူးဆိုရင် သဿတဝါဒီ ဖြစ်သွားမှာပဲ၊ ဒါသေချာတယ်။
သဿတဝါဒီ
ဆိုရင် ခုနက သာတိ ရဟန်းလိုပဲ ဒီ ဝိဉာဏ်စိတ်လေးပဲ လှည့်နေတယ်လို့ ဒီလို ထင်သွားတတ်တယ်နော်၊
ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ တရားစစ်စစ်အတိုင်း ဗုဒ္ဓရဲ့ တရားတော်မှာ Reincarnation ဆိုတာ
မရှိဘူး၊ အဝိဇ္ဇာ တဏှာ ကံ မကင်းသေးလို့ ရှိရင်တော့
အဝိဇ္ဇာ တဏှာ ကံ တွေကနေ ထုတ်လုပ်တဲ့ ဘဝဆိုတာ ရှိနေဦးမှာပဲလို့ ဒီလို သဘောပေါက်ပြီး
တို့တတွေရဲ့သန္တာန်မှာ ဖြစ်တဲ့ အဝိဇ္ဇာနဲ့ တဏှာ ကို ပယ်ရှားနိုင်အောင် ကြိုးစားရမှာလို့
ကိုယ်စီကိုယ်စီ သဘောပေါက်ပြီး အဝိဇ္ဇာ တဏှာ ကင်းရာ ကင်းကြောင်း ကုသိုလ် ကိုယ်ကျင့်တရား
များကို ကြိုးစားအားထုတ် ပွားများနိုင်ကြ ပါစေကုန်သတည်း။
