အခန်း (၃)
နာမ်တရားကို
လေ့လာသုံးသပ်ခြင်း
▬▬▬▬▬▬▬
လူဆိုတာ
ရုပ်နာမ်နှစ်ရပ် ပေါင်းစပ်ထားတဲ့အရာ ဖြစ်တာမို့ ရုပ်ရဲ့ အကြောင်းကို လေ့လာ သုံးသပ်
ပြီးတဲ့နောကမှာ နာမ်လို့ခေါ်တဲ့ သဘာဝတရားကို လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။
.
နာမ်အဓိပ္ပါယ်
▬▬▬▬▬
“နာမ်”
ဆိုတဲ့ စကားလုံးဟာ ပါဠိ “နာမ” ဆိုတဲ့ ဝေါဟာရကို မြန်မာမှု ပြုထား တာဖြစ်တယ်၊ “အာရုံရှိရာသို့
ညွတ်ကိုင်းခြင်း” လို့ အဓိပ္ပါယ်ရှိတယ်၊ အာရုံဘက်သို့ ဦးလှည့်ပြီး နေတတ်တယ်၊ ဒါကြောင့်မို့
ဒီသဘာဝတရားကို နာမ-ဆိုတဲ့ အမည် ပညတ် တင်ပြီးတော့ ခေါ်ထားတာ။
နာမ
- “နာမ်” လို့ဆိုတဲ့ ဒီစကားလုံးကို အင်္ဂလိပ်လို ‘mind’ လို့ပြန်ရင် သာမန် အားဖြင့်
ခြုံငုံမိမယ်လို့ ဆိုနိုင်ပါတယ်၊ ရုပ်ခန္ဓာကိုယ်ကြီးကို ‘body’ လို့ ပြန်ပြီးတော့ အသိစိတ်ကို
‘mind’ လို့ ပြန်မယ် ဆိုလို့ရှိရင် ဒီကနေ့ ခေတ်မှာ အသုံးပြုနေတဲ့ ‘Mind, body’ ဆိုတာ
ခြုံငုံမိပြီးတော့ သွားမယ်၊ သို့သော် Mind လို့ ဆိုတဲ့အရာကို ဗုဒ္ဓမြတ်စွာက စိတ်ရယ်,
စေတသိက်ရယ်လို့ (၂) မျိုး ခွဲပြီး ဟောထားတယ်။
.
စိတ္တ အဓိပ္ပါယ်
▬▬▬▬▬
စိတ်ဆိုတာ
ပါဠိစကား ‘စိတ္တ’ ဆိုတဲ့ စကားလုံးက ‘တ’ ဝမ်းကပူ တစ်လုံးကို ဖျောက်ပြီးတော့ ‘စိတ်’ လို့
မြန်မာလူမျိးတွေက အသုံးပြုကြတယ်၊ ဘာသာ မပြန်ဘဲနဲ့ ‘စိတ္တ-စိတ်’ လို့ ပါဠိ စကားလုံးကိုပဲ
မြန်မာမှု ပြုပြီးတော့ သုံးလာခဲ့တာ၊ ရှေးယခင် ကတည်းက ရှေးမြန်မာလူကြီးတွေ အဘိဓမ္မာကို
သင်ကြားတဲ့ အခါ စိတ္တ - စိတ်လို့ပဲ လွယ်လွယ်ကူကူ တစ်လုံးတည်းနဲ့ မှတ်လို့လွယ်အောင်
သုံးခဲ့ကြတယ်။
ဒီကနေ့ခေတ် မြန်မာလူမျိုးတိုင်းဟာ စိတ်ဆိုတာကို သိနေကြပြီး
မြန်မာစကားလုံးလို ဖြစ်နေပြီ၊ သို့သော် စိတ်ဆိုတာ ပါဠိဝေါဟာရက လာသည့်အတွက် ပါဠိအဓိပ္ပါယ်
ဖွင့်ဆိုချက်နဲ့ပဲ မှတ်သားကြရမှာ ဖြစ်ပါတယ်။ ပါဠိအဓိပ္ပါယ် ဖွင့်ဆိုတာက ‘စိတ္တ’ ဆိုတဲ့
မူရင်းစကားလုံးကို -
“အာရမ္မဏံ စိန္တေတီတိ စိတ္တံ”
အာရမ္မဏံ
- အာရုံကို၊
စိန္တေတိ
- ကြံစည်တက် သိတက်၏၊
ဣတိ တသ္မာ
- ထို့ကြောင့်၊
စိတ္တံ
- စိတ္တ မည်၏၊
အာရုံကို
သိတတ် ကြံစည်တတ် သောကြောင့် စိတ်၊ ဆိုလိုတာက အာရုံကို ရယူတတ်တဲ့ သဘော လေးကို ပြောတာ၊
ဒီတော့ စိတ်အကြောင်းကို သိချင်လို့ရှိရင် အာရုံဆိုတာ ဘာလဲဆိုတာကို သိဖို့ လိုလာတယ်။
ဒါကို
မပြောခင် နာမ်အကြောင်းလေးတွေကို နည်းနည်းပြောမယ်၊ နာမ်သည် စိတ်ရယ် စေတသိက်ရယ် (၂) ခု
ပေါင်းထားတာ ဖြစ်တယ်၊ စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘော၊ အာရုံကို ရယူတတ်တဲ့ သဘောကို စိတ်လို့ခေါ်တယ်။
.
စေတသိက အဓိပ္ပါယ်
▬▬▬▬▬▬▬
ဒါဖြင့်
စေတသိက် ဆိုတာကျတော့ ဘာကို ခေါ်တာတုံး လို့ဆိုတော့ “စေတသိ ဘဝံ စေတသိကံ” စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အရာကို
‘စေတသိက်’လို့ ခေါ်တယ်၊ စိတ် မပါဘဲနဲ့ စေတသိက်ဆိုတာ
ဖြစ်လို့မရဘူး၊ ဒါကြောင့်မို့ ‘စေတသိ ဘဝံ စေတသိကံ’ စိတ်နဲ့ စပ်ပြီးမှာ ဖြစ်လို့ရတဲ့
သဘာ၀ တရားတွေ၊ အဲဒီ စိတ်, စေတသိက် (၂) ရပ် ပေါင်းစပ်ပြီးတော့ ‘နာမ်’ ဆိုတဲ့ ဝေါဟာရကို သုံးတယ်။
အဘိဓမ္မာမှာ
စိတ်ကို ၈၉-မျိုး ခွဲခြားထားတယ်၊ အဲဒီတော့ ဒီလောက်များတဲ့စိတ်တွေ ငါဘယ်လိုလုပ် မှတ်ရပါ့မလဲလို့
မတွေးပါနဲ့နော်၊ စိတ်တွေကို မြတ်စွာဘုရားက အဘိဓမ္မာမှာ ခွဲခြားပြထားတာ အခြေအနေ တစ်ခုကို ကြည့်ပြီးတော့
အမျိုးအစား ပေါင်း ၈၉-မျိုးလို့ ဒီလို ခွဲထားတယ်။
အဲဒီ
စိတ်နဲ့ စေတသိက် အသေးစိတ်တွေကို ဘုန်းကြီးတို့ ခန္ဓာကိုယ်ထဲမှာ လေ့လာ ကြရမှာ ဖြစ်ပါတယ်၊
အခုလို စိတ် စေတသိက် (၂) ခုကို ပေါင်းပြီးတော့ ဒီကနေ့ နာမ်အကြောင်းကို လေ့လာတာဖြစ်တော့၊
နာမ်တရားတွေဟာ ဘယ်လိုဖြစ်လာ ကြတယ်၊ ဘယ်လို ပေါ်လာကြတယ်၊ ဘာကြောင့် ဖြစ်ပေါ်လာကြသလဲ
ဆိုတာကို လေ့လာသိရှိဖို့ လိုအပ်တယ်။
ရုပ်အကြောင်းကို
မနေ့က လေ့လာခဲ့ပြီးပြီ၊ လူ့ဘ၀ ကလလရေကြည် ကတည်းက စပြီးတော့ ရုပ်အပေါင်း ဘယ်လောက်နဲ့
ဖွဲ့စည်းလာခဲ့တယ်၊ လူသား ပီပီပြင်ပြင် ဖြစ်လာလို့ ဒီကနေ့ မိမိရရှိထားတဲ့ ခန္ဓာကိုယ်မှာ
ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ ဆိုတာ မနေ့က အသေးစိတ် ပြောထားပြီးပြီ၊ ရုပ်အကြောင်း ကို ကြားပြီးကြပြီ။
ဒီကနေ့
နာမ်ဆိုတာကို ခြုံငုံပြီးတော့ ပြောမယ်၊ နောက် လာမယ့် ရက်တွေကျရင် စိတ်အကြောင်းတို့
စေတသိက်အကြောင်းတို့ကို ပြောမယ်၊ အဲဒါတွေက ပိုပြီးတော့ အရေးကြီးတယ်၊ ဘာဖြစ်လို့တုန်း
ဆိုတော့ လူတွေဟာ နေ့စဉ် လှုပ်ရှားသွားလာ ဆောင်ရွက်နေကြတဲ့အခါမှာ ဟောဒီ စိတ်စေတသိက်
တွေရဲ့ ဖြစ်ပေါ်လာတဲ့ စွမ်းအား အတိုင်း လူတွေဟာ လှုပ်ရှား သွားလာနေကြတာဖြစ်လို့ သိဖို့
အရေးကြီးတယ်။
အပြစ်ကင်းတဲ့
သဘောလား၊ အပြစ်မကင်းတဲ့ သဘောလား၊ ကိုယ့်စိတ်ထဲမှာ ဖြစ်တာ ဒီအတိုင်းပဲ၊ ကောင်းတာ ဖြစ်သလို
မကောင်းတာလည်း ဖြစ်တယ် ဆိုတာတွေကို အသေးစိတ် လေ့လာဖို့လိုတယ်၊ ဒါဖြင့် မကောင်းတာတွေ
ဖြစ်လာရင် ဘယ်လို တားဆီးရမလဲ၊ ကောင်းတာတွေ ဖြစ်လာရင် ထပ်ဖြစ်အောင် ဘယ်လို လုပ်ရမလဲ
ဆိုတာ ဒါတွေဟာ သိပ် သိထိုက်တယ်။ ဒီ သဘာဝတရားတွေ အားလုံးကို အဘိဓမ္မာ (၇) ကျမ်းမှာ ဘုရားရှင်
ဟောထားတယ်။ သို့သော် စာအုပ်ထဲက အရာကို တွေးပြီး ကြည့်ရမှာ မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ
ရှိတာတွေကို သိရမှာ၊ ရှိနေတာနဲ့ ရှိနိုင်တာ ဒီနှစ်မျိုးတော့ ရှိတာပေါ့၊ ခန္ဓာကိုယ်ထဲမှာ
ရှိနေတဲ့ အရာထက် ရှိနိုင်တာတွေကို မြတ်စွာဘုရားက ခွဲပြီးတော့ ဟောကြားထားတယ်။
ဒီနာမ်တရားတွေကို
လေ့လာကြည့်လိုက်မယ် ဆိုလို့ရှိရင် ခန္ဓာကိုယ်ဟာ ရုပ်နာမ် (၂) ရပ် ပေါင်းစပ်ထားတဲ့ အရာသာ
ဖြစ်တယ်၊ ခန္ဓာငါးပါးနဲ့ ပြောမယ်ဆိုရင် “ရူပက္ခန္ဓာ” တဲ့၊ ရုပ်ခန္ဓာတွေ ဒီအကြောင်းကို
(၂) ရက်တိတိ အကျဉ်းချုံးပြီးတော့ ဟောခဲ့ တယ်နော်။
.
နာမက္ခန္ဓာ ၄-ပါး
▬▬▬▬▬▬
အခု နာမ်အကြောင်းကို
ပြောချင်လို့ရှိရင် ခန္ဓာနဲ့ ပြောရမယ်၊ ခန္ဓာနဲ့ ပြောရမယ် ဆိုလို့ရှိရင် ဝေဒနာက္ခန္ဓာ၊
သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဒီ ခန္ဓာလေးမျိုး အကြောင်းကို ဟောရမှာပဲ၊
အဲဒီ ခန္ဓာ (၄) မျိုးကို ပေါင်းစပ်ပြီး အကျဉ်းချုပ် ခေါ်လိုက်ရင် နာမ်လို့ ခေါ်ရတယ်။
အဲဒီတော့
ခံစားတာလည်း နာမ်ပဲ၊ မှတ်သားတာလည်း နာမ်ပဲ၊ စိတ်ထဲမှာဖြစ်နေတဲ့ စိတ်ရဲ့ခံစားမှုတွေ၊
စိတ်ထဲက မှတ်သားမှုတွေ၊ စိတ်ထဲက လှုံ့ဆော်မှုတွေ၊ စိတ်ထဲက သိရှိနေမှုတွေ အားလုံးကို
ခန္ဓာနဲ့ ပြောမယ်ဆိုရင် ဒီ (၄) မျိုးကို နာမ်လို့ ပြောရမယ်။
ဒါဖြင့်
ရုပ်ခန္ဓာကိုယ်ကြီး ရှိနေတာကိုတော့ လူတိုင်း သိနေကြပြီ၊ မိခင်ရဲ့ ဝမ်းတွင်းမှာ ကလလ
ရေကြည်က စလာတဲ့ ဒီရုပ်တရားတွေဟာ ကိုယ့်သန္တာန်မှာ ဒီနေ့အထိ ဆက်လက် ဖြစ်ပေါ်နေတယ် ဆိုတာ
အားလုံး သိနိုင်ကြတယ်၊ တွေ့နိုင်ကြ မြင်နိုင် ကြတယ်။
.
နာမ်ဖြစ်ပေါ်ပုံ
▬▬▬▬▬
ဒီကနေ့
လေ့လာရမှာ နာမ်လို့ပြောတဲ့ စိတ်နဲ့ စေတသိက် ၂-ခု၊ ဒီနှစ်ခုကလည်းပဲ ခွဲလို့ မရအောင်
တွဲနေတဲ့ အရာနှစ်ခုပဲ၊ ဆိုင်ရာ ဆိုင်ရာ စိတ်တွေ ပေါ်တိုင်း ပေါ်တိုင်း ဆိုင်ရာဆိုင်ရာ
စေသိက်တွေနဲ့ group လိုက်၊ အစုလိုက် ဖြစ်နေတာ၊ တစ်ခုတည်း ဘယ်တော့မှ မဖြစ်ဘူးနော်။
လူတွေက
စိတ်ဆိုးတယ်လို့ ပြောရင် စိတ်တစ်ခုတည်းလို့ ထင်တယ်၊ စိတ်တစ်ခုတည်း မဟုတ်ဘူး၊ စိတ်ဆိုတယ်
ဆိုတဲ့ အထဲမှာ သဘာဝတရားပေါင်း (၂၂) မျိုး ရှိနိုင်တယ်၊ စိတ်တစ်ခုတည်းနဲ့ စိတ်မဆိုးတတ်ဘူး၊
အဲဒီ သဘာဝတရား (၂၂) မျိုးထဲက တစ်ခုကို ခေါင်းတပ်ပြီးတော့ စိတ်ဆိုးတယ်လို့ ပြောတယ်၊
အဲဒီ ကိုယ့်သန္တာန်မှာ သဘာဝ တရားတွေကို သိရှိ နားလည်နိုင်အောင်၊ ဘယ်ပုံဖြစ်ပြီး၊ ဘယ်ပုံ
အလုပ်လုပ် နေကြ သလဲ သိရမယ်၊ စုပေါင်းပြီး အလုပ်လုပ်တယ်ဆိုတာ အလွန် ထင်ရှားတယ်။
စိတ်လို့ ပြောရင်လည်း စေတသိက် ပါတယ်ဆိုတာကို နားလည်ထားရမယ်၊
စိတ် စေတသိက် ခွဲခြားပြီး ပြောတဲ့အခါမှသာ စိတ်နဲ့စေတသိက် တစ်ခြားစီလို့ ဒီလိုမှတ်ရမယ်၊
လူတွေပြောနေတဲ့ “ငါ စိတ်ဆိုးတယ်”၊ “စိတ်မကောင်းဘူး”၊ “စိတ်ညစ်တယ်” လို့ပြောတာ စေတသိက်တွေနဲ့
ပြောနေကြတာ။ ဒါကြောင့် စိတ်လို့ပြောလိုက်ရင် စေတသိက်လည်း ပါတယ်၊ တစ်ခါတစ်ခါ နာမ်လို့ပြောရင်လည်း
စိတ်စေတသိက် နှစ်ခုပေါင်း ပြောတာ၊ စိတ်လို့ပြောရင်လည်း စိတ်စေတသိက် နှစ်ခုပေါင်းကို
ပြောတယ်လို့ ဒီလို မှတ်ရလိမ့်မယ်။
လမ်းလျှောက်တာကိုပဲ
ကြည့်၊ သဘာဝချင်း မတူတဲ့အရာတွေ နှစ်ခုပေါင်းပြီး အလုပ် လုပ်နေတယ် ဆိုတာကို အကြမ်းဖျင်း
အားဖြင့် ပြောလို့ရှိရင် သိနိုင်တယ်၊ လမ်းလျှောက်တယ် ဆိုတဲ့ အခါမှာ တစ်လှမ်းပြီး တစ်လှမ်း
လျှောက်နေတာ ခြေထောက်က လျှောက်တာ မဟုတ်လား၊ ခြေထောက်တွေပဲ ရှိမယ်၊ မျက်စိတို့ ဘာတို့မပါဘူး၊
စိတ်တို့ ဘာတို့ မပါဘူးဆိုရင် ခြေထောက်ချည်းပဲ လျှောက်နိုင် ပါ့မလား၊ စိတ်က ကြံတွေး
ပေးရတယ်၊ မျက်စိက လမ်းကို ကြည့်ပေးတယ်၊ အကြမ်းဖျင်း ပြောတာနော်၊ စိတ်က ကြံတွေးပြီးတော့
သိနေတယ်၊ လျှောက်မယ့် လမ်းကို အရင်မျက်စိက ကြည့်ပေးတယ်၊ ခြေထောက်က လျှောက်တယ်၊ ခြေထောက်က
ငါ လျှောက်နေတာ ပါလားလို့ မသိဘူး၊ မျက်စိကလည်း ငါလမ်းကို ကြည့်နေတာပါလားလို့ မသိဘူး၊
သိတာက စိတ်ကလေးပဲ။
ဒါ ပေါင်းစပ်ပြီး
အလုပ် လုပ်နေတယ်ဆိုတဲ့ သဘောတရားကို ပြောတာ၊ စိတ်ချည်း ရှိနေယုံနဲ့လည်း လမ်းလျှောက်လို့
မရဘူး၊ မျက်စိချည်း ရှိနေရုံနဲ့လည်း လမ်းလျှောက် လို့ မရဘူး၊ မျက်စိရဲ့ တာဝန်က ကြည့်ပေးရတဲ့
တာဝန်၊ ခြေထောက်ရဲ့ တာဝန်က တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်ပေးရတဲ့ တာဝန်၊ ဒါဖြင့်
ကျန်တဲ့ ခန္ဓာကိုယ် တွေက ဘာမှ မလုပ်ဘူးလား ဆိုတော့ သူတို့က balance ဖြစ်အောင် ထိန်းပေး
နေတာပေါ့၊ သူတို့ မပါဘဲနဲ့ ခြေထောက်ချည်းပဲ ရှိလို့မှ မဖြစ်တာကိုး၊ အဲဒီတော့ လက်ကလေးတွေက
စပြီး ရှေ့ကို ရွေ့အောင်လို့ ဆိုပြီးတော့ လွှဲယမ်း ပေးနေရတာ၊ ဒီခန္ဓာကိုယ်မှာ ရှိတဲ့
အစိတ်အပိုင်းတွေဟာ စုပေါင်းပြီးတော့ အလုပ်လုပ်နေကြတာ၊ မျက်စိက ကြည့်ရုံ ကြည့်နိုင်တာ၊
လမ်းလျှောက်နိုင်ဘူး၊ ခြေထောက်ကလည်း လမ်းပဲ လျှောက်နိုင်တာ မကြည့်နိုင်ဘူး၊ နှစ်ခုပေါင်းစပ်
လိုက်တဲ့ အခါမှာ လမ်းလျှောက်မှု ဆိုတာ ပေါ်လာတာ မဟုတ်လား။
တို့တစ်တွေရဲ့
ခန္ဓာကိုယ်ကြီးဟာ ရုပ်နဲ့နာမ် သဘာဝနှစ်ရပ် ပေါင်းစပ်ပြီး ဖြစ်ပေါ် လာတယ်ဆိုတဲ့ သဘောတရားကို
သိဖို့လိုတာပေါ့၊ နာမ်ဆိုတာ ဘယ်လို ဖြစ်ပေါ် လာတာလဲ၊ ခန္ဓာကိုယ်ထဲမှာ ရှိနေတာလား၊ နှလုံးသားထဲမှာ
အမြဲတမ်း ရှိနေတာလား၊ သို့မဟုတ် ဦးနှောက်ထဲမှာ ရှိနေတာလားလို့ မေးစရာရှိတယ်၊ ဒီကနေ့
ပညာရှင်လို့ ခေါ်ကြတဲ့ အချို့ ပါမောက္ခကြီးတွေက ဦးနှောက်ကိုပဲ စိတ်လို့ ခေါ်ကြတာတောင်
ရှိတယ်။
.
စိတ်နဲ့ ဦးနှောက်
▬▬▬▬▬▬
ဘုန်းကြီးတို့
ပြီးခဲ့တဲ့ မေလက ဂျာမနီနိုင်ငံနားက Austria ဆိုတဲ့နိုင်ငံ ရောက်ခဲ့တယ်၊ အဲဒီနိုင်ငံမှာ
ဗီယင်နာ တက္ကသိုလ်ဆိုတာ ရှိတယ်၊ မြန်မာပြည် မင်းတုန်းမင်းခေတ် လောက်က တည်ထားတဲ့ တက္ကသိုလ်ကြီးပေါ့၊
အင်မတန် ရှေးကျတယ်၊ နာမည်လည်း အတော်ကြီးတယ်၊ အဲဒီ တက္ကသိုလ်က ထူးချွန်တဲ့ ပါမောက္ခကြီး
၉-ယောက်၊ နိုဘယ်(လ်) ဆု ရထားတာ ရှိတယ်၊ အင်မတန် ထူးခြားတဲ့ ပါမောက္ခကြီးတွေ၊ ပညာရှင်ကြီးတွေ
အဲဒီ တက္ကသိုလ်ကြီးက မွေးထုတ်တယ်၊ တက္ကသိုလ် အဆောက်အအုံ ကြီးကလည်း အင်မတန် ကြီးတယ်။
အဲဒီ
တက္ကသိုလ်ကြီးက လွန်ခဲ့တဲ့ ၂-နှစ်လောက်ကတည်းက ဘုန်းကြီးတို့ကို ဖိတ်တယ်၊ ဘုန်းကြီး
တို့လည်း အချိန်မပေးနိုင်တာနဲ့ ဒီနှစ်တော့ မေလ (၂၀) ရက်နဲ့ (၂၁) ရက်မှာ စိတ်အကြောင်း
ဟောပြောဖို့ ဖိတ်တာနဲ့ အဲဒီသွားပြီး စိတ်အကြောင်း ဟောပြောတယ်၊ လူကတော့ သိပ်မများပါဘူး၊
လူ (၂၀) လောက်ပဲ ရှိပါတယ်၊ လာတက်တဲ့ လူတွေကတော့ ပါမောက္ခကြီးတွေ၊ အဲဒီ တက္ကသိုလ်မှာ
ဆရာလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ များတယ်၊ ဘာသာကတော့ ခရစ်ယာန်တွေပဲ များပါတယ်၊ အဲဒီမှာ ဘုန်းကြီးက
မေးခွန်းတစ်ခုကို မေးတယ်၊ စိတ်အကြောင်း ဟောပြီးတော့ စိတ်ဆိုတာ ဘယ်နေရာမှာ ရှိသလဲလို့၊
identify လုပ်နိုင်သလားလို့ မေးလိုက်တော့ အဲဒီထဲက Psychology ပါမောက္ခ တစ်ယောက်ပါလာတယ်၊
သူက ဦးနှောက်ထဲမှာ ရှိတယ်လို့ ဖြေတယ်၊ ဦးနှောက်ထဲမှာ ရှိတယ်လို့ ဖြေလိုက်တော့၊ ဘုန်းကြီးက စိတ်ဟာ တကယ်ပဲ
ဦးနှောက်ထဲမှာ ရှိနေသလား၊ မရှိဘူးလား ဆိုတာ သိဖို့ ဥပမာလေးတစ်ခု ပြောရအောင်ပေါ့။
ဂီတာထဲမှာ
အသံဆိုတာ ရှိနေသလား မေးတော့ မရှိဘူးလို့ ဖြေကြတယ်၊ အေး - အဲလိုပဲ မရှိသလို ဦးနှောက်ထဲမှာလည်း
စိတ်ရှိနေတာ မဟုတ်ဘူးလို့၊ သူတို့က ဦးနှောက်ထဲကိုပဲ စိတ်လို့ ယူဆတာ၊ ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို
စိတ်လို့ ယူဆတာဆိုတာကို နောက်တော့ သိလာရတယ်။
.
စိတ်ဆိုတာ
အကြောင်းရှိမှ ဖြစ်တာ
▬▬▬▬▬▬▬▬
နောက်ပိုင်းကျတော့
ဗုဒ္ဓအဘိဓမ္မာအရ စိတ်ဆိုတာဟာ ရှိနေတာ မဟုတ်ဘူး၊ မီးခြစ်ဘူးထဲမှာ မီးရှိမနေဘူး၊ သို့သော်
အကြောင်းဆုံတဲ့အခါ မီးလေး ပေါ်လာသလိုပဲ၊ ဂီတာထဲမှာ အသံတွေ ရှိနေတာ မဟုတ်ဘူး၊ တီးခတ်လိုက်တယ်
ဆိုတဲ့ အကြောင်း ဆုံတဲ့အခါ အသံလေး ပေါ်လာတာလို့၊ အဲဒီ ဥပမာလေးတွေနဲ့ ရှင်းပြီး ပြောတဲ့အခါ
ကျတော့ နောက်ပိုင်းမှာတော့ အဲဒီ Psychology
ပါမောက္ခကြီး သူတို့ Psychology အယူအဆနဲ့ ဗုဒ္ဓအယူအဆ မတူညီဘူး ဆိုတာလေးကို သူ
သဘောပေါက် သွားတယ်၊ ဘုန်းကြီးက သူ့ကို အထူးအားဖြင့် ဝမ်းပန်းတသာ နှုတ်ဆက်ပြီးတော့ ပြောတယ်၊
သူကလည်း ဝမ်းပန်းတသာ ဖြစ်သွားတယ်။
ပထမတော့
ဒီလိုအသိုင်းအဝိုင်းမှာ မေးလိုက်တော့ သူအံ့အား သင့်သွားတယ်၊ ကြောင်သွားတယ်ပေါ့၊ အသံ
မရှိဘူးဆိုရင် ဦးနှောက်ထဲမှာလည်း စိတ်မရှိဘူး ဆိုတဲ့ အဖြေ ဖြစ်သွားတာကိုး၊ တကယ်တော့
မရှိဘူး၊ ဒါပေမယ့် လူတွေက ထင်နေတယ်၊ စိတ်ဟာ အမြဲတမ်း ကိုယ်ထဲမှာရှိနေတယ်၊ ဦးနှောက်ထဲမှာ
ရှိနေတယ်၊ သို့မဟုတ် နှလံးသားထဲမှာရှိ နေတယ်လို့ ထင်နေကြတယ်။
.
နာမ်တရား ဖြစ်ပေါ်ပုံ
▬▬▬▬▬▬▬
သို့သော်
ဗုဒ္ဓရဲ့ အဘိဓမ္မာအရ စိတ်ဆိုတာ ရှိနေတဲ့ အရာ မဟုတ်ဘူး၊ ဖြစ်လာတဲ့ အရာသာ ဖြစ်တယ်လို့
ဒီလိုပြောရတယ်၊ “အသိစိတ်ဆိုတဲ့ နာမ်တရားလေးဟာ ဒီ ရုပ်ထဲမှာ ရှိနေတာလား” လို့ ဆိုရင်
ရှိနေတာ မဟုတ်ဘူးလို့ သိရမယ်၊ ဒါဖြင့် နာမ်တရားဟာ ဘယ်ပုံဘယ်နည်းနဲ့ ဒီလူတွေရဲ့ သန္တာန်မှာ
ဖြစ်လာတာတုန်းလို့မေးရင် မြတ်စွာဘုရားက နာမ်တရားတွေ ဖြစ်ပေါ်ဖို့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေ
ရှိတယ်လို့ ဟောထားတယ်။
ဒါကြောင့်
နာမ်တရား ဖြစ်ပေါ်ပုံ လေ့လာကြည့်ရအောင်၊ သူက ရှိနေတဲ့အရာ မဟုတ်ဘူး၊ ဖြစ်လာတဲ့အရာသာ
ဖြစ်တယ်၊ ဝိသုဒ္မိမဂ်မှာ စည်ကိုတီးလိုက်တဲ့အခါ အသံထွက်လာသလိုပဲ၊ စည်ဆိုတဲ့ ရုပ်တရားနဲ့ လက်ဆိုတဲ့ ရုပ်တရားချင်း
ထိတွေ့မှုကို အကြောင်းပြုပြီးတော့ နာမ်ဆိုတာ ပေါ်လာတာပါတဲ့။
နာမ်ဆိုတာ
ပေးလာတဲ့တရား ဖြစ်လာတဲ့တရား၊ ရှိနေတဲ့ တရား မဟုတ်ဘူးလို့ ဒီလိုပြောတာ၊ ရှိနေတယ်ဆိုတာ
အထဲထဲမှာ သိုလှောင်ထားတာမျိုး၊ ဘယ်လိုနည်းနဲ့ ရှိရှိ၊ ရှိနေတာ မဟုတ်ဘူး၊
‘substance’ အနေနဲ့ မရှိဘူးလို့ ပြောတာ။
သို့သော်
နာမ်ဖြစ်ဖို့ အနေအထား potentiality, possibility တော့ ရှိတာပေါ့၊ အသံဖြစ်စေနိုင်တဲ့
အနေအထားရှိမှ အသံထွက်တယ်၊ အသံထွက်နိုင်တဲ့ အနေအထား မရှိရင် အသံ မထွက်နိုင်ဘူး၊ လက်နဲ့စည်နဲ့
တီးခတ်မှဆိုတဲ့ အကြောင်းတရားတွေ ပေါင်းဆုံလိုက်တဲ့ အခါမှ စည်သံလေး ပေါ်ထွက်လာတယ်။
.
စောင်းသံ ဥပမာ
▬▬▬▬▬▬
စောင်းတီးရင်လည်း
ထို့အတူပဲ၊ လက်နဲ့ စောင်းကြိုးနဲ့ ထိတာဟာ အကြောင်းတရား၊ အကြောင်းတရား မဟုတ်ဘူးဆိုရင်
စောင်းထဲမှာ အသံသွင်းထားရမယ်၊ ဥပမာ- ကက်ဆက်နဲ့ အသံသွင်းထားတာ မျိုးဆိုရင် တစ်သံတည်းပဲ
တစ်မျိုးတည်းပဲ ထွက်မှာ ဖြစ်တယ်၊ ပထမလုပ်ထားတဲ့ အသံအတိုင်းပဲ၊ နောက်ထပ် အသံစုံအောင်
တီးလို့ရမှာ မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘဲ ကြိုက်သလို အသံတွေ မျိုးစုံရအောင် တီးနေကြ တာလေ၊
ဒီသီချင်းသွားလေး တီးရင် ဒီအသံထွက်တယ်၊ ဟိုသီချင်းသွားလေး အလိုက် တီးရင် ဟိုအသံ ထွက်တယ်၊
အကယ်၍ သံတွေကို install လုပ်ထားတယ်ဆိုရင် ရှိနေတဲ့ အသံပဲ ထွက်မှာဖြစ်တယ်၊ အမျိုးစုံ
ထွက်ဖို့ မဖြစ်နိုင်ဘူး။
.
မီးခြစ်ထဲက မီးဥပမာ
▬▬▬▬▬▬▬▬
ဒီလိုပဲ
ဂက်(စ်) မီးခြစ်မှာလည်း မီးခြစ်ထဲမှာ ဂက်(စ်) ရှိဖို့ လိုတယ်၊ ဘီးလေးနဲ့ အောက်မှကျောက်နဲ့
ဖိပွတ်လို့ရှိရင် မီးထွက်နိုင်တဲ့ အခြေအနေမျိုး ရှိရမယ်၊ ဒီလို ကိရိယာ စုံစုံလင်လင်
ရှိနေခြင်းကို potentiality, possibility ဖြစ်နိုင်တဲ့ အနေအထားလို့ ပြောတာ၊ အဲဒီလိုဖြစ်နိုင်တဲ့
အနေအထားမှာ နောက်ထပ် အကြောင်း တစ်ခု ပေါင်းစပ်ပေးလိုက်တယ်၊ ဖိပြီးတော့ ပွတ်ခြစ်ခြင်းဆိုတဲ့
အကြောင်းတခု၊ ဖိပြီး ခြစ်လိုက်တာနဲ့ တစ်ပြိုင်နက် မီးလေးပွင့်လာတယ်။
.
မျိုးစေ့သတ္တိ ဥပမာ
▬▬▬▬▬▬▬
အဲဒီတော့
လူရဲ့ သန္တာန်မှာ စိတ်တွေ ဘာကြောင့် ဖြစ်နေတုန်းဆိုရင် ပင်ကိုယ်ကနေ စိတ်ဖြစ်နိုင်တဲ့
အကြောင်းတရား တွေရှိတယ်၊ ဥပမာ - မျိုးစေ့လေးကို ကြည့်ရောအင်။
မျိုးစေ့လေးထဲမှာ
အပင်ပေါက်နိုင်တဲ့ သတ္တိတွေ ရှိမနေဘူးလား၊ သို့သော် အပင် ရှိနေသလား၊ မရှိဘူး၊ မရှိဘူးဆိုတာ
သေချာတယ်၊ မယုံရင် ခွဲကြည့်လေ၊ ဘယ် မျိုးစေ့ ထဲမှာမှ အပင်တို့ အမြစ်တို့ အရွက်တို့
အသီးတို့ဆိုတာ ရှိနေနှင့်တာမှ မဟုတ်တာ၊ သို့သော် ကျောက်တုံးထဲမှာတော့ potentiality
မရှိဘူး၊ condition မစုံဘူး၊ အကြောင်းတရား မစုံဘူး၊ အပင်ပေါက်နိုင်တဲ့ energy စွမ်းရည်သတ္တိ
အခြေအနေ ကိုက မရှိဘူး၊ မျိုးစေ့လေး ကတော့ ကျောက်တုံးနဲ့ မတူဘူး၊ ခုနက အမြစ်ထွက်နိုင်တဲ့
အခြေအနေတွေ၊ အသီးထွက်နိုင်တဲ့ အခြေအနေတွေ၊ အပွင့် ဖြစ်နိုင်တဲ့ အခြေအနေတွေ စွမ်းရည်တွေ
သူ့ထဲမှာ ရှိနေတယ်၊ ကျောက်တုံးထဲမှာတော့ မရှိဘူး။
အဲဒါမျိုးလိုပဲ၊
လူရဲ့ခန္ဓာကိုယ် တည်ဆောက်ထားတဲ့ ရုပ်တွေ၊ အဲဒီရုပ်တွေဟာ အကြောင်းတစ်ခုခုနဲ့ ပေါင်းစပ်လိုက်လို့
ရှိရင် နာမ်တရားဖြစ်ပေါ်လာဖို့ အခြေအနေ တွေ ရှိနေတယ်လို့ ပြောလို့ ရမယ်ပေါ့၊ သို့သော်
နာမ်တရားတွေ အထဲထဲမှာ သိုမှီး ထားပြီးတော့ ရှိနေတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ရမယ်။
.
ကိုယ်တိုင် သိမြင်နိုင်
▬▬▬▬▬▬▬
ဗုဒ္ဓရဲ့
တရားတော်တွေကို ‘သန္ဒိဋ္ဌိကော’ ကိုယ်တိုင်မြင်လို့ ရတယ်၊ ဒါ ယုံရမယ်လို့ မြတ်စွာဘုရား
ဟောတာ မဟုတ်ဘူး၊ ဗုဒ္ဓတရားတော်မှာ သဒ္ဓါ ဆိုတာ မလိုအပ် ဘူးလား၊ လိုအပ်တယ်၊ ဘာအတွက်
လိုအပ်တာလဲ ဆိုလို့ရှိရင် သဒ္ဓါ ဆိုတဲ့ ယုံကြည်ချက် ရှိမှ ဗုဒ္ဓမြတ်စွာနဲ့ တွေ့မယ်၊
တွေ့တဲ့အခါကျတော့ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်က ဒီလောက် အဆုံးအဖြတ်မပေးဘူး၊ ပညာ ဆိုတာက
အဆုံးအဖြတ် ပေးသွားတယ်၊ understanding ဆိုတဲ့ အမှန်သိသွားဖို့က ပိုအရေးကြီးတယ်၊ သဒ္ဓါက
ဆုံမိအောင် ဖန်တီးပေးတဲ့ အကြောင်းတရား လောက်ပဲ ဖြစ်တယ်၊ ဒီယုံကြည်မှု စိတ်ဝင်စားမှုကို
အကြောင်း ပြုပြီးတော့ ယုံကြည်တယ်၊ ယုံကြည်လို့ တရားနာတယ်၊ စာပေသင်တယ်ဆိုတာ ဒီယုံကြည်မှုကို
အခြေခံတယ်၊ ယုံကြည်မှုက ဆုံးဖြတ်တာလား မေးရင် ယုံကြည်မှုက ဆုံးဖြတ်တာ မဟုတ်ဘူး၊ ဆုံးဖြတ်နိုင်တာက
ပညာပဲ၊ သူ့ဟာနဲ့ သူနော်။
ဒါကြောင့်မို့
ဗုဒ္ဓရဲ့ တရားတော်က အမှန်သိဖို့ပဲ အဓိကထားတယ်၊ ယုံဖို့ အဓိက ထားတာ မဟုတ်ဘူး၊ ယုံဖို့က
ဒီနေရာ ရောက်အောင် ပို့ဆောင်ပေးတာ မျှသာ ဖြစ်တယ်၊ အမှန်သိဖို့ ဆိုတာ ပညာနဲ့သာ သွားရတယ်။
.
စိတ်၏မှီရာ ဝတ္ထုရုပ် ၆-ပါး
▬▬▬▬▬▬▬▬▬
မြတ်စွာဘုရားက
သုတ္တန်တရားတွေမှာ ဘယ်လို ဟောထားတုန်း၊ အသိစိတ် ကလေးဟာ ဘယ်လို ပေါ်လာသလဲ၊ အသိစိတ်ပေါ်ဖို့ရာ
အကြောင်းတရားတွေ အခြေအနေတွေက ဘာတွေတုံးလို့ မေးရင် စိတ်ဟာ ဘယ်ကနေ ဖြစ်လာတာလဲ၊ ဘာကို
အမှီပြုပြီးတော့ ဒီစိတ်ကလေး ဖြစ်ရတာလဲဆိုတာ သိရအောင် ဝတ္ထုရုပ် ၆-ပါး ဆိုတာ အရင် လေ့လာရမယ်၊
မနေ့တုန်းက ဝတ္ထုရုပ်လို့ ဘုန်းကြီး မပြောခဲ့ဘူးနော်၊ အဲဒီ ရုပ်တရားထဲကပဲ ပြန်ပြီးတော့
ပြောမယ်။
စက္ခုပသာဒ
- မျက်စိအကြည်ကလေးက ဒါစိတ် ဖြစ်ပေါ်ဖို့ အတွက် base လေး တစ်ခုပဲ၊ မျက်စိပသာဒရုပ် မကောင်းတော့ဘူးလို့
ဆိုရင်လည်း မြင်ပြီး သိတဲ့စိတ် မဖြစ်နိုင်ဘူး၊ ဒါကြောင့် မျက်စိအကြည်လေးဟာ မြင်သိစိတ်
ဖြစ်ဖို့အတွက် အခြေခံ လေး တစ်ခုလို့ ပြောတာ၊ စက္ခုဝတ္ထုရုပ်လို့ ခေါ်တယ်။
သောတပသာဒ
- နားအကြည်လေးကလည်းပဲ အသံကို သိတဲ့စိတ်ဖြစ်ဖို့ အခြေခံလေး တစ်ခုပဲ၊ အကယ်၍ နားကန်းသွားမယ်၊
ဒီပသာဒရုပ် မရှိဘူး ဆိုလို့ရှိရင် ကြားသိတဲ့ စိတ် မဖြစ်နိုင်တော့ဘူး။ သောတပသာဒ လို့ခေါ်တဲ့
နားအကြည်ရုပ်ကလေးဟာ ကြားပြီးတော့ သိစိတ်ဖြစ်ဖို့ရာ အခြေခံတစ်ခု၊ သောတဝတ္ထုရုပ်။
နှာခေါင်းပေါက်ရှိတဲ့
ဃာနပသဒရုပ် ကလေးဟာ အနံ့ကို သိတဲ့စိတ်ဖြစ်ပေါ်ဖို့ အခြေခံ တစ်ခု၊ ဃနဝတ္ထုရုပ်။
ဇိဝှာပသာဒ
ဆိုတဲ့ လျှာအကြည်ရုပ်ကလေးဟာ အရသာ သိတဲ့စိတ် ပေါ်ဖို့အတွက် အခြေခံတစ်ခု၊ ဇိဝှါဝတ္ထုရုပ်။
ခန္ဓာကိုယ်မှာ
အနှံ့တည်ရှိနေတဲ့ senstivite လို့ ပြောချင်ပြောပေါ့၊ ဘယ်နေရာပဲဖြစ်ဖြစ် ထိရင်သိတဲ့
နေရာလေးပဲ၊ အဲဒီ ကာယပသာဒရုပ်တွေဟာ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့နေတာ ဖြစ်သောကြောင့်
ဘယ်နေရာ ထိလိုက် ထိလိုက် အသိစိတ် ကလေးတွေ မပေါ်ဘူးလား၊ ထုံသွားတဲ့ အခါမှာရော အသိစိတ်ပေါ်သေးလား၊
မပေါ်တော့ဘူးလား၊ ပသာဒရုပ် ပျက်သွားရင် ဘယ်လို
ထိထိ မသိတော့ဘူး၊ ဆံပင်မှာ အဖျားကလေးကို ကိုင်ရင် မသိဘူး၊ အရင်းကိုကိုင်မှ သိတယ်၊ အဖျားကလေးကို
ကိုက်ရင် မသိဘူး၊ အရင်းကိုင်မှသိတယ်၊ အဖျားကလေးကျတော့ ကာယပသာဒ မရှိတဲ့ နေရာမို့ သူက
အသိစိတ် မပေါ်နိုင်တော့ဘူး၊ အဲဒါကြောင့်မို့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပျံ့နှံ့ပြီးတော့
နေတာဟာ ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် ဘယ်နေရာလေးကို လက်ကလေးနဲ့ တို့လိုက် တို့လိုက်
ထိတယ်ဆိုတာ သိလာတယ်၊ အဲဒီ အသိစိတ်ကလေး တွေ ပေါ်ဖို့ရာအတွက် ဒီ ကာယပသာဒဟာ အခြေခံရုပ်
တစ်ခုပဲ၊ ကာယဝတ္ထုရုပ်။
.
စိတ်ဖြစ်လာပုံ
▬▬▬▬▬
စိတ်ကလေးတွေ
ပေါ်လာတာကို ကြည့်၊ မြင်သိစိတ် တဲ့၊ မြင်သိစိတ်လို့ ပြောတာ၊ ဒါနာမ်တရားကို ပြောတာ၊
စိတ်ရော စေတသိက်ရော နှစ်ခုလုံးပါတယ်၊ ကြားသိ စိတ်တဲ့၊ နံသိစိတ်တဲ့၊ လျက်သိစိတ်၊ ထိသိစိတ်တဲ့၊
ဟောဒီ စိတ်ကလေးတွေဟာ ထာဝရ ရှိနေတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ စိတ်ရဲ့ အခြေခံတွေဟာ ..
စက္ခုပသာဒ
- မျက်စိအကြည်ရုပ်၊
သောတပသာဒ
- နား အကြည်ရုပ်၊
ဃာနပသာဒ
- နှာခေါင်းအကြည်ရုပ်၊
ဇိဝှာပသာဒ
- လျှာအကြည်ရုပ်၊
ကာယပသာဒ
- ကိုယ် အကြည်ရုပ်
ဆိုတဲ့
ဟောဒီ (၅) ခုဟာ စိတ်ရဲ့တည်ရာမှီရာ၊ စိတ်ရဲ့ အခြေခံရုပ်တွေလို့ ပြောတာ။
ခုနက
စောင်ကြိုးတို့၊ စောင်းအိုးတို့ဟာ အသံဖြစ်ပေါ်ဖို့ အတွက် အခြေခံ မဟုတ်ဘူးလား၊ အေး
- ကြိုးမရှိတဲ့နေရာ သွားတီးမယ်ဆိုရင် မြည်ပါ့မလား၊ မမြည်ဘူး၊ စောင်းကြိုးတို့ စောင်းအိုးတို့
ဒီပြင်ကြိုး သွားတီးရင်လည်း မြည်ချင်မှ မြည်မှာ၊ သူ့ဘာသာသူ အခြေခံထားရတာ၊ အေး - အဲဒီလိုပဲတဲ့၊
အသံထွက်ဖို့ ရာအတွက် အခြေခံကောင်းရှိသလို စိတ်ဖြစ်ဖို့ရာအတွက် ဟောဒီ အခြေခံဝတ္ထုရုပ်
(၅)မျိုး ရှိတယ်။
နောက်တစ်ခုက
ဘာလဲ ဆိုလို့ရှိရင် အတွေးစိတ်တွေကျတော့ မျက်စိနဲ့လည်း မဆိုင်ဘူး၊ နားနဲ့လည်း မဆိုင်ဘူး၊
နှာခေါင်းနဲ့လည်း မဆိုင်ဘူး၊ လျှာနဲ့လည်း မဆိုင်ဘူး၊ ခန္ဓာကိုယ် ထိတာနဲ့လည်း မဆိုင်ဘူး၊
စိတ်ကနေ တွေးပြီး သိတာမျိုးကော မဖြစ်နိုင်ဘူးလား၊ လူတွေက တွေးပြီး စိတ်ရှုပ်လာပြီဆိုရင်
ဘယ်ကုတ်တာလဲ၊ ခေါင်းကုတ်တာ။ အဲဒါကို ဟဒယဝတ္ထုလို့ စိတ်ရဲ့ အခြေခံရုပ်၊ ကျန်တဲ့စိတ်တွေရဲ့
အခြေခံ ရုပ်၊ အတွေးစိတ်တွေရဲ့ အခြေခံရုပ်လို့ ဒီလိုပဲ အလွယ်မှတ်လိုက်တာပေါ့။ ဟဒယဝတ္ထုလို့
ခေါ်တယ်၊ ဦးနှောက်ပဲဖြစ်ဖြစ်, နှလုံးသားပဲ ဖြစ်ဖြစ် လူတွေက အသစ်အဆန်း ဖြစ်တဲ့အခါကျတော့
ဘာဖြစ်သလဲ၊ ခေါင်းရှုပ်တာလား၊ ရင်ခုန်တာ လား၊ အသစ်အဆန်းတွေ့ရင် ရင်ခုန်မှာပါ၊ ခေါင်းမကုတ် ပါဘူးနော်၊ အဲဒီတော့ အသစ်အဆန်းတွေ့ပြီး
ကျန်တဲ့ စိတ်ကလေးဟာ ရင်ခုန်တဲ့စိတ်ကလေး နှလုံးသားပေါ့၊ စိတ်ဖြစ်တဲ့ အခြေခံလေးဟာ နှလုံးသားလို့
ပြောရမှာပေါ့၊ အဲဒီ (၂) ခုကို ခြုံငုံပြီးတော့ မြတ်စွာဘုရားက ဝတ္ထုရုပ်လို့ ဒီလို ဟောခဲ့တယ်တဲ့။
အားလုံးပေါင်းလိုက်တဲ့
အခါကျတော့ ဘယ်နှစ်ခု ရှိသွားလဲ၊ ၆-ခု ဖြစ်သွားတယ်၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ဟဒယ
ဆိုတဲ့ စိတ်ဖြစ်တဲ့ နေရာတွေ၊ ဒါတွေ မရှိဘဲနဲ့ စိတ်မဖြစ်နိုင်ဘူး၊ ကျောက်တုံးမှာ စက္ခုလည်း
မရှိဘူး၊ သောတလည်း မရှိဘူး၊ ဃာနလည်း မရှိဘူး၊ ဇိဝှာလည်း မရှိဘူးဆိုတော့ ကျောက်တုံးထဲမှာ
ဘယ်စိတ်ဖြစ်နိုင် မလဲ။ ခုန မီးခြစ်ဘူးလေးကို ကြည့်၊ ခြစ်ရတယ်ဆိုတဲ့ အထဲမှာ ခြစ်လိုက်ရင်
မီးထွက် တယ် ဆိုတာ မီးခြစ်ဘူးထဲမှာ ဂက်(စ်) ရှိတယ်လေ။
အဲဒီလို
အခြေအနေ ကောင်းတွေကို ပြောတာ potentiality possibility ဆိုတာတွေ ရှိနေလု့ိရှိရင် နောက်ထပ်
အကြောင်းတစ်ခု ပေါင်းစပ်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ဟာ ဘွားကနဲ ပေါ်လာတာတဲ့၊ ပေါ်လာတဲ့
စိတ်ဟာ အဖြစ်တရား၊ အရှိတရား မဟုတ်ဘူး၊ ‘ရှိ’ဆိုတာက သိုလှောင်ထားတဲ့ တရားကို ပြောတာ၊
နဂိုက ရှိနေတဲ့ အရာ မဟုတ်ဘူး၊ ဒါကြောင့် စိတ်ရဲ့ မှီရာဝတ္ထု ရုပ် ၆-မျိုးလို့ ခေါ်တာ။
ဝတ္ထုရုပ်ဆိုတာ
‘base’ ပဲ၊ ‘mental base’ , ‘base of mind’ စိတ်ရဲ့ အခြေခံရုပ်၊ ခုနက မီးဖြစ်ပေါ်ဖို့ရ
အခြေခံအကြောင်းတရား၊ အသံပေါ်ဖို့ရာ အခြေခံတွေ ဆိုသလိုပဲ စိတ်ဖြစ်ပေါ်ဖို့ အခြေခံ မှီရာတွေ
ဒီ (၆) ခု ရှိရတယ်တဲ့၊ ဥပမာ - စည်တို့စောင်းတို့ကို ကြည့်၊ ကြိုးနဲ့ အိုးနဲ့ ဒီအတိုင်းထားရင်
တီးတဲ့သူလည်း မရှိဘူး ဆိုရင်ကော မြည်ပါ့မလား၊ စည်တော့ ရှိတယ် ဘယ်သူကမှ လာပြီး လက်နဲ့လည်း
မတီးဘူး၊ တုတ်နဲ့လည်း မခေါက်ဘူး ဆိုရင် မမြည်ဘူး။
.
ဝတ္ထုနဲ့ အာရုံ ဆုံမိမှ
▬▬▬▬▬▬▬
အဲဒီလိုမျိုးပဲ
မျက်စိတော့ ရှိတယ်၊ အပြင်က တုတ်နဲ့ အလားသဏ္ဍာန်
တူတဲ့ လက်နဲ့ အလားသဏ္ဍာန် တူတဲ့ အာရုံက လာမတိုက်ဘူးဆိုရင် မြင်သိစိတ် မဖြစ်ဘူး၊ ခုနက
စည်ကို လက်နှင့်မတီးရင် အသံ မထွက်သလိုဘဲ၊ မျက်စိကို ရူပါရုံက လာပြီးတော့ မတိုက်ဘူးဆိုရင်
မြင်သိစိတ် ပေါ်နိုင်ပါ့မလား၊ မပေါ်နိုင်ပါဘူး၊ အဲဒီ သဘောလေးတွေ စဉ်းစားကြည့်၊ မြင်သိစိတ်ဆိုတာ
ရှိနေတာ မဟုတ်ဘူး၊ ရူပါရုံက လာတိုက်မှ ဖြစ်လာတာ၊ အဲဒီတော့ ရူပါရုံဆိုတဲ့ အဆင်းကလေးဟာ ဘာနဲ့ ဥပမာ တူလဲ ဆိုတော့
စည်တီးတယ် ဆိုပါစို့၊ စည်ကို လက်နဲ့တီးရင် ရူပါရုံက လက်နဲ့တူတယ်၊ စည် မျက်နှာပြင်က
စက္ခုသာဒရုပ်နဲ့ တူတယ်၊ ဒီလို ပြောရမှာပေါ့၊ အဲဒီတော့ ရူပါရုံနဲ့ စက္ခုပသာဒ နှစ်ခုဆုံလိုက်တဲ့ဟာက
ထိခိုက်လိုက်တာ တီးလိုက်တာလို့ ခေါ်တယ်။
တစ်ခုခုနဲ့ ဝင်တိုက်လိုက်ရင် “ဒိုင်းခနဲ” မမြည်ဘူးလား၊ သဘာဝတွေရဲ့
စွမ်းအား ပြင်းထန်တယ်နော်၊ ထိုက်ခိုက်မှုက လျှပ်စစ်ကြိုးလေး နှစ်ခု တိုက်လိုက်တဲ့အခါ
မီးတွေ မထွက်ဘူးလား၊ အဲဒါမျိုးလိုပဲ၊ ဒါတိုက်ခိုက်မှုလို့ ခေါ်တယ်၊ မျက်စိနဲ့ အဆင်းအာရုံ
ဒီ (၂) ခု ဆုံလိုက်တာဟာလည်း တိုက် လိုက်တာပဲ၊ “ဒိုင်းကနဲ” အသံထွက်သွားသလိုပဲ အသိစိတ်ကလေး
ဘွားခနဲ ပေါ်လာတာ ဒီသဘောကို ပြောတာ။
.
အာရုံ (၆)ပါး
▬▬▬▬▬
ဒီနေရာမှာ
အာရုံ (၆) ပါး ဆိုတာ မှတ်ရမယ်၊ ခုနက စိတ်ရဲ့ အခြေခံ ‘base’ တွေက ဝတ္ထုရုပ် (၆) ခု၊
အဲဒီ ဝတ္ထုရုပ် (၆) ခုဟာ အခြေခံ၊ အဲဒီအခြေခံကို လာပြီးတိုက်မယ့် အကြောင်းတရားကို ‘အာရုံ’
လို့ ခေါ်တယ်၊ စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာဖြစ်လို့ အာရုံလို့ ခေါ်တာ၊ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက်
စိတ်က ဘယ်ကို သွားတာလဲဆိုတော့ အဲဒီ အာရုံဆီ ရောက်သွားတာနော်။
အဲဒီအာရုံကို
စာပေလိုပြောရင် (၁) ရူပါရုံ၊ ဗမာလူမျိုးတွေဟာ ဗုဒ္ဓရဲ့ အဘိဓမ္မာ ဝေါဟာရတွေနဲ့ ရင်းနှီးပြီးသားပါ၊
ရူပါရုံဆိုတာ မျက်စိက မြင်ရတဲ့အဆင်းကို ခေါ်တယ်၊ ရူပဆိုတာ အဆင်း၊ အာရမ္မဏဆိုတာ စိတ်ရဲ့
ပျော်မွေ့ရာ၊ ဒီ (၂) ခု ပေါင်းစပ်ပြီးတော့ အာရမ္မဏ ဆိုတဲ့ စကားလုံးကို အာရုံလို့ ပြန်လိုက်တော့
ရူပါရုံ။
(၂) သဒ္ဒါရုံ
တဲ့၊ အသံသည်ပင်လျှင် စိတ်ရဲ့ပျော်မွေ့ရာ ဖြစ်လို့ သဒ္ဒါရုံ၊ စိတ်ရဲ့ ပျော်မွေ့ရာဆိုလို့
ဟိုလို ဒီလို မတွေးလိုက်နဲ့ဦးနော်၊ ဆူညံတဲ့အသံနဲ့
စိတ်က မပျော်ဘူး၊ ဟုတ်ရဲ့လား၊ ဂီတသံနဲ့တော့
ပျော်တာပေါ့၊ အဲဒီလို ပျော်တာမျိုးကို ပြောတာ မဟုတ်ဘူး၊ ဒီစိတ်ဟာ အာရုံနဲ့ ကင်းပြီး
မဖြစ်တော့ အာရုံ ပေါ်လာတာနဲ့ တစ်ပြိုင်နက် စိတ်က အာရုံဆီ ရောက်သွားတာကို ပြောတာ၊ တောက
ကလေးတွေ ဗေထိ ဗေထိဆိုရင် ရောက်လာကြတယ်၊ သီချင်းသံကြားရင် ပြေးလာကြတယ်၊ အဲဒါမျိုး လိုပေါ့၊
စိတ်ကလည်းပဲ အာရုံရှိရာကို ရောက်ရောက် သွားတာကို ဒီလို ဆိုတယ်နော်။
ကဲ -
နောက်တစ်ခုက (၃) ဂန္ဓာရုံ - အနံ့သည်ပင်လျှင် စိတ်ရဲ့ ပျော်မွေ့ရာ ဖြစ်လို့ ဂန္ဓာရုံ။
နောက်
(၄) ရသာရုံ - လျှာနဲ့သိရတဲ့ အရသာ၊ ချိုတယ်၊ ချဉ်တယ်၊ ငန်တယ်၊ စပ်တယ်၊ ခါးတယ်ဆိုတဲ့
အရသာဟာလည်း စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာဖြစ်သောကြောင့် ရသာရုံ။
(၅) ဖောဋ္ဌဗ္ဗာရုံ
- ဖောဋ္ဌဗ္ဗဆိုတာ ခန္ဓာကိုနဲ့ ထိတွေ့ရလို့ အာရုံမျိုးကို ပြောတာ၊ ရူပါရုံ ဆိုတာ ခုနက ရုပ် (၈) ခုထဲပါတဲ့ အဆင်းကလေး၊ သဒ္ဒါရုံဆိုတာ အကြောင်းကြောင့်
ပေါ်လာတဲ့အသံကလေး၊ ဂန္ဓာရုံဆိုတာ ရုပ် (၈) ခု အစုထဲမှာ ပါနေတဲ့ အရသာကလေး၊ ဖောဋ္ဌဗ္ဗဆိုတာ
ဘယ်တရားကို ပြောတာတုန်း ဆိုရင် ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ် အဲဒီ (၃) ခုကို ပြောတာနော်။
ကြည့်လေ၊ တစ်ခုခုကို စမ်းကြည့်လိုက်မယ်ဆိုရင် ဥပမာ
ထမင်းချက်တဲ့အခါ လက် ကလေးနဲ့ စမ်းကြည့်၊ ယခုခေတ်တော့ Rice Cooker တွေ ဘာတွေနဲ့ ချက်တော့
စမ်းချင်မှ စမ်းကြမှာ၊ ရှေးတုန်း ကတော့ ထမင်း ကျက်, မကျက်ကို ယောက်မလေးနဲ့ ကော်ပြီး
စမ်းရတယ်၊ စမ်းပြီးတော့မှ ငှဲ့ပစ်ရတာ။
ရှေးတုန်းက
အမျိုးသမီးတွေဆိုတာ တော်တော်များများက မိုးဖိုချောင်ထဲမှာ ထမင်း ချက်ရတာ၊ ထမင်းချက်ရတဲ့
အခါကျတော့ ဘာလုပ်ကြရတုန်းဆို ထမင်းချက်တဲ့အခါ ထမင်းနပ်, မနပ်ကို လက်ကလေး နှစ်ချောင်းနဲ့
စမ်းကြည့်ရတဲ့ အလေ့အထ ရှိခဲ့တယ်။
တစ်ခါတုန်းက
ဘိက္ခုနီမ တစ်ယောက် တောထဲမှာ တရားနဲ့ နေတဲ့အခါ မာရ်နတ်က “ဒီလောက် လေးနက်တဲ့တရားကို
နင်လို လက်နှစ်ချောင်း ပညာလေးနဲ့ သိနိုင်ပါ့လား” လို့ ပြောတာ။ ဒီလို လက်နှစ်ချောင်း
ပညာလေးနဲ့ မသိနိုင်ဘူးလို့ မာရ်နတ်ကြီးက နှိမ်ပြောတာ။ “န တံ ဒွင်္ဂုလပညာယ” တဲ့၊ လက်နှစ်ချောင်း ပညာဆိုတာ ထမင်းချက်တဲ့အခါ လက်နှစ်ချောင်းနဲ့
စမ်းစမ်းကြည့်တာကို ပြောတာ၊ အဲဒီ လက်နှစ်ချောင်းလေးနဲ့ စမ်းပြီးတော့မှ သိတဲ့ အသိကလေးနဲ့
ဒီလို ထူးခြား နက်နဲတဲ့ တရားတွေကို သိနိုင်ပါ့မလားလို့ မာရ်နတ်ကြီးက နှိမ်ပြီးပြောတဲ့
စကားပဲ၊ အဲဒီတော့ ဘိက္ခုနီကလည်း ဘယ်ခံမလဲ၊ “အင်မတန် ထူးခြားတဲ့ တရားတွေကို ငါ သိပြီးပြီ”
လို့ ပြောလိုက်တယ်၊ ဘိက္ခုနီသံယုတ် ထဲမှာ ဒီအကြောင်းလေးတွေ ပါတယ်၊ စိတ်ဝင်စားစရာ အလွန်ကောင်းတယ်။
အဲဒီမှာ
ပြောချင်တဲ့အရာက ဘာလဲဆိုတော့ ထမင်းစေ့လေး နပ်, မနပ် စမ်းတဲ့အခါ ပျော့သလား မာသလား စမ်းတာ
မဟုတ်လား၊ ပျော့သလား မာသလား စမ်းလို့ရှိရင် ပထဝီကို တွေ့တာပဲ၊ ပထဝီရဲ့သဘောကို စမ်းတာပဲ၊
အဲဒီလို မဟုတ်ဘဲနဲ့ ပူသလား၊ အေးသလား စမ်းတဲ့အခါကျတော့ အပူအအေးကို တွေ့တာပေါ့၊ တွန်းကန်နေတဲ့
သဘောကို အာရုံပြုတဲ့ အခါကျတော့ ဝါယောကို တွေ့တာပေါ့၊ ဘောလုံးလေးကို စမ်းတဲ့အခါမှာ တွန်းကန်တဲ့
သဘောလေးတွေ့ရင် ဝါယောကို တွေ့တာပေါ့။
အဲဒီတော့
ဖောဋ္ဌဗ္ဗာရုံလို့ ဆိုတာဟာ ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ် ဒါကိုပဲခေါ်တာ၊ ဒါပေမယ့် (၃)
မျိုးလုံးကို တစ်ခါတည်း သိနိုင်သလား ဆိုတော့ မသိဘူး၊ ကိုယ်သိချင်တဲ့ အာရုံတစ်ခုပဲ အာရုံပြုတယ်၊
ဒါကြောင့်မို့ ပျော့သလား မာသလားဆိုရင် ပျော့တာ
မာတာပဲ သိမယ်၊ ပူသလား အေးသလား ဆိုရင် ပူတာ
အေးတာပဲ သိမယ်၊ တင်းသလား လျော့သလား လို့ ကြည့်မယ်ဆိုရင် ခုနက ဝါယောပဲ သိမယ်၊ အဲဒါကြောင့်မို့
ဖောဋ္ဌဗ္ဗာရုံဆိုတာ တခြားဟာကို ခေါ်တာ မဟုတ်ဘူး၊ ပထဝီ၊ တေဇော၊ ဝါယော၊ ဒီ မဟာဘုတ် (၃)
ပါးတို့ကိုသာ ခေါ်တာ။
အာပေါဆိုတာကတော့
ဖောဋ္ဌဗ္ဗာရုံ မဟုတ်သည့် အတွက်ကြောင့် ထိတွေ့ပြီး စမ်းသပ်လို့ မရဘူး၊ ဒါဖြင့် တပည့်တော်တို့
နေ့စဉ် ရေကိုင်နေကြတာဘုရား၊ ရေကိုင် နေတာပဲ ထိလို့ တွေ့လို့ မရဘူးလားလို့ တွေးမိကောင်း
တွေးမိကြလိမ့်မယ်နော်၊ အေး ရေထိတဲ့အခါကျတော့ ဘာသတိပြုမိတုန်း ရေ အေး သလား ရေပူသလား၊
အေးတယ် ပူတယ်ဆိုတာ အာပေါ ဟုတ်ရဲ့လား၊ မဟုတ်ဘူး၊ တေဇောကိုပဲ တွေ့နေတာ၊ ရေတွေ့တာ မဟုတ်ဘူး။
ဒါဖြင့်
ရေကို ဗြန်းကနဲ ချလိုက်တဲ့အခါကျတော့ ရေရဲ့ တုန့်ပြန်မှုနဲ့ ပျော့တဲ့သဘော၊ မာတဲ့သဘော
မတွေ့ဘူးလား၊ အဲဒါဆို ပထဝီကို တွေ့တာပဲ၊ အာပေါကို တွေ့တာ မဟုတ်ဘူးတဲ့၊ နောက် ရေရဲ့ လှုပ်ရှား တွန်းကန်မှုတွေကို တွေ့တဲ့အခါ
ဝါယောကို တွေ့တာ၊ အာပေါကိုတွေ့တာ မဟုတ်ဘူးတဲ့၊ ရေဆိုတာဟာ လက်နဲ့စမ်းလို့ရတဲ့ အရာမဟုတ်ဘူး၊
ဒီလက်နဲ့ စမ်းလို့ရနေတဲ့အရာက ခုန ပထဝီကိုပဲ စမ်းလို့ရမယ်၊ တေဇောကိုပဲ စမ်းလို့ ရမယ်၊
ဝါယောကိုပဲ စမ်းလို့ရမယ်။
အဲဒီတော့
အာပေါဆိုတာက အရည်ပျော်နေတဲ့ သဘောပဲ၊ အဲဒါကို စိတ်နဲ့ပဲ သိလို့ရမယ်လို့ ပြောတယ်၊ ဒါကြောင့်မို့
ဒီ အာပေါဆိုတာ ဖောဋ္ဌဗ္ဗရုံထဲမှာ မပါဘူးလို့ ပြောတာ၊ ရေ သောက်တဲ့အခါ ရေအေးအေး လေး သောက်ချင်တယ်တို့
ရေ ပူပူလေး သောက်ချင်တယ်တို့ ဆိုတာဟာ တေဇောကိုပဲ လုပ်နေတာ၊ အရည်ဖြစ်နေတဲ့သဘော အာပေါကို
ထိလို့ တွေ့လို့ မရဘူး။
ကောင်းပြီ၊
ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဒါတွေဟာ ရုပ်တရား တွေချည်းပဲ
မဟုတ်လား၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အားလုံးစိတ်နှင့်
သိလို့ ရတဲ့ အာရုံတွေမှန်သမျှ နိဗ္ဗာန်နဲ့ အမည်ပညတ်တွေ အပါအဝင်၊ စိတ်တွေ၊ စေတသိက်တွေ
အပါဝင်ပေါ့၊ စိတ်ကိုလည်း စိတ်နဲ့ သိရတယ်၊ စေတသိက် ကိုလည်း စိတ်နဲ့ သိလို့ရတယ်၊ နာမ်တရား
တွေကိုလည်း တခြားနာမ်တရားနဲ့ သိလို့ရတယ်၊ အဲဒီလို သိလို့ရတဲ့ အာရုံဖြစ်တာတွေ အကုန်ပေါင်းပြီးတော့
ဓမ္မာရုံ လို့ ခေါ်တာ။
ဒါဖြင့်
ဒီ ကံမြင့်ဓမ္မာရုံကျတော့ ဘာကြောင့် ခေါ်တာလဲ၊ ဒါကတော့ တရားဓမ္မကို အာရုံယူတဲ့ နေရာဖြစ်လို့
ဓမ္မာရုံလို့ ခေါ်တာ၊ အာရုံ (၆) ပါးထဲမှာ ပါတဲ့ ဓမ္မာရုံဆိုတာက စိတ်နဲ့ သိလို့ရတဲ့
တခြား အာရုံတွေလို့ ပြောတာ။
စိတ်နဲ့သိလို့ရတာ၊
ရူပါရုံဆိုတာ မြင်သိစိတ်နဲ့ပဲ သိလို့ရတယ်၊ သဒ္ဒါရုံဆိုတာ ကြားသိစိတ် နဲ့ပဲ သိလို့ ရတယ်၊
ကြားသိစိတ် အခြေခံပြီး သိတယ်ပေါ့နော်၊ ကြားသိ စိတ်က အဓိက သိတယ်၊ ထို့အတူပဲ ဂန္ဓာရုံကို
နံသိစိတ်နဲ့၊ ရသာရုံကို လျက်သိစိတ်နဲ့၊ ဖောဋ္ဌဗ္ဗာရုံကို ထိသိစိတ်နဲ့ အဲဒါတွေ အခြေခံပြီးတော့
ကျန်တဲ့အာရုံတွေကျတော့ ဓမ္မာရုံ။
တခြားစိတ်နဲ့
သိလို့ရတဲ့ အာရုံတွေ၊ အတွေးတွေမှာ ပေါ်လာတဲ့ အာရုံတွေ မှန်သမျှကို အကုန် ဓမ္မာရုံလို့
ဒီလို ခေါ်တာ၊ ရုပ်အားလုံးထဲမှာ ခုနက ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗဆိုတာက လွဲရင်
ကျန်တဲ့ရုပ်တွေ အကုန်လုံး ဓမ္မာရုံထဲ ပါသွားတယ်၊ စိတ်တွေ အားလုံး ဒီထဲမှာ ပါသွားတယ်၊
စေတသိက်တွေ အားလုံး ဒီထဲမှာ ပါသွားတယ်၊ ပညတ်တွေအားလုံး ဒီထဲမှာ ပါသွားတယ်၊ နောက်ဆုံး
နိဗ္ဗာန်ထိအောင် ဒီထဲမှာ ပါသွားတယ်၊ ဒီလို မှတ်ရမယ်။
အဲဒီတော့
အာရုံ (၆) ပါးနဲ့ ဝတ္ထုရုပ် (၆) ပါး၊ အဲဒီ နှစ်ခုက အင်မတန်မှ အရေး ကြီးတယ်တဲ့၊ စိတ်ဖြစ်တာကို
ရှင်းပြောဖို့ရန် အတွက် အဲဒီ (၆) မျိုးစီကို သိထားဖို့ လိုအပ်တယ်နော်၊ ဒီ (၆) ခုကို
သိထား မှတ်ထားရမယ်။
.
ဒွါရ
၆-ပါး
▬▬▬
နောက်တစ်ခု
ဘာသိဖို့လိုလဲ ဆိုလို့ရှိရင် ‘ဒွါရ’ လို့ခေါ်တဲ့ တံခါးပေါက်ပေါ့၊ အာရုံတွေဝင်တာ သို့မဟုတ်
အသိစိတ်တွေ ဝင်တာ၊ အာရုံဆက်သွယ်လို့ရတဲ့ တံခါးပေါက်တွေပဲ၊ ဒီတံခါးပေါက်ကလည်း (၆) ခုရှိတယ်၊
ဒွါရ (၆) ခုလို့ ခေါ်တယ်၊ အဲဒီဒွါရ (၆) ခုမှာ ဒွါရ (၅) ခုဟာ ခုနက ‘base’ ဝတ္ထုရုပ်မှာ
ပါတဲ့ ပသာဒရုပ် ၅-ခုနဲ့ အတူတူပဲ။
- စက္ခုပသာဒရုပ်ကို စက္ခုဒွါရ လို့ ခေါ်တယ်။
- သောတပသာဒရုပ် ကို သောတဒွါရ လို့ ခေါ်တယ်။
- ဃာနပသာရုပ်ကို ဃာနဒွါရ လို့ ခေါ်တယ်။
- ဇိဝှာပသာဒရုပ်ကို ဇိဝှါဒွါရ လို့ ခေါ်တယ်။
- ကာယပသာဒရုပ်ကို ကာယဒွါရ လို့ ခေါ်တယ်။
.
မနောဒွါရ
ဆိုတာ
▬▬▬▬▬▬
နောက်ပြီးတော့
မနောဒွါရလို့ဆိုတဲ့ mind door ကျတော့ ဘဝင်စိတ်ကို ခေါ်တာတဲ့၊ အဲဒီ ဘဝင်စိတ် ဆိုတာက
ကံကနေ ဖန်တီးပြီးတော့ ကံရဲ့အကျိုးဆက် အနေနဲ့ ခန္ဓာကိုယ်ထဲမှာ potentiality အနေအထားမျိုး၊
တခြားစိတ်တွေ ပေါ်ဖို့ရာအတွက် အခြေခံစိတ် သဘောမျိုးပေါ့နော်၊ အဲဒီ ဘဝင်စိတ်က ရှိတယ်၊
ရှိတယ်ဆိုတာ ရှိနေတာ မဟုတ်ဘူး၊ သူလည်း သူ့အာရုံနဲ့သူ ဖြစ်နေတာ၊ မိခင်ရဲ့ ဝမ်းထဲမှာ
ပထမဆုံး သန္ဓေတည်တဲ့ စိတ်ကလေးကိုပင် ဘဝင်စိတ်လို့ ပြောင်းခေါ်တာ၊
ပထမဆုံးဖြစ်တဲ့
စိတ်ကိုတော့ ပဋိသန္ဓေစိတ် လို့ခေါ်လိုက်ပြီး ဒီပဋိသန္ဓေစိတ် နောက်ထပ်ပေါ်လာတဲ့ စိတ်ကလေးကျတော့
ဘဝင်စိတ် လို့ ခေါ်တယ်၊ နောက်ဆုံး သေခါနီးမှာ ဖြစ်တဲ့စိတ်ကိုကျတော့ စုတိစိတ် လို့ခေါ်တယ်၊
ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ရယ်၊ ဘဝင်စိတ်ရယ်၊ စုတိစိတ်ရယ် ဆိုတာ တစ်သက်တာမှာ လုံး၀
တူတယ်လို့ မှတ်ထားရမယ်။
ဒီ စိတ်တစ်မျိုးတည်းပဲလို့
ဆိုတယ်၊ ပြောင်းတာ မဟုတ်ဘူး၊ ဒါပေမယ့် ထာဝရ ရှိနေတာလား ဆိုရင် တော့ မရှိဘူး၊ သူလည်း
ပေါ်နေတဲ့ဟာတွေပဲ၊ သူက ပေါ်တာတော့ အဓိက ကံတည်းဟူသော အကြောင်းတရားပေါ်မှာ အခြေပြုပြီး
ပေါ်တာ၊ ကျန်တာတွေကတော့ ကံကို အခြေပြုပြီး ပေါ်တာ မဟုတ်ဘူး၊ potentiality အကြောင်းပေါ်မှာ
ဖြစ်နိုင်တဲ့ အနေအထား ပေါ်မှာ ပစ္စုပ္ပန် အကြောင်းတရား တွေကနေ ပေါင်းဆုံလိုက်တဲ့ အခါကျတော့မှာ
ပေါ်လာတာ။
.
ဘဝင်စိတ်
▬▬▬▬
ဘဝင်စိတ်ဆိုတာ
ပစ္စုပ္ပါန် အကြောင်းတရားနဲ့ ဘာမှမဆိုင်ဘူး၊ သူ့ဘာသာသူ အတိတ်က ကံတရားရဲ့ စွမ်းအားနဲ့
သူက ပေါ်နေတာ၊ ဒါကြောင့်မို့ ဘဝင်စိတ်သည် မျက်စိက မြင်တဲ့အာရုံကို အာရုံမပြုဘူး၊ နားကကြားတဲ့
အသံကို အာရုံမပြုဘူး၊ မသိဘူး၊ အာရုံမပြုဘူးလို့ပဲ ပြောရမယ်နော်၊ စိတ်ဆိုတာ သိတာ၊ ဘဝင်စိတ်ကလေး သည် မျက်စိကမြင်တဲ့ အဆင်းကို မသိဘူး၊
နားကကြားတဲ့ အသံကို မသိဘူး၊ နှာခေါင်းက နံတဲ့ အနံ့ကို မသိဘူး၊ လျှာကလျက်တဲ့ အရသာကို
မသိဘူး၊ ခန္ဓာကိုယ်က ထိရင်လည်း သူက မသိဘူး၊ အတွေးစိတ်တွေ ထဲမှာလည်း သူ့အတွေး အာရုံတွေ
အကြောင်းလည်း သူ မသိဘူး၊ အိပ်နေရင် ဘဝင်စိတ်က ရှိနေတာပဲ၊ ဘဝင်စိတ်က ဖြစ်နေတာပဲ၊ သူက
ဘာနဲ့ ဖြစ်နေတာလဲ ဆိုရင် ကံရဲ့စွမ်းအင်နဲ့ ဖြစ်နေတာ၊ ကံရဲ့ စွမ်းအားက တွန်းပြီး လွှတ်လိုက်တာ။
ဥပမာ
ဒုန်းပျံတစ်ခုကို အရှိန်နဲ့ ပစ်လွှတ်လိုက်တဲ့ အခါကျတော့ ဒီအရှိန် မကုန်မချင်း၊ ဒုန်းပျံကြီးက
သွားနေတာပဲ မဟုတ်လား၊ နောက်ထပ် ထပ်ပစ်ဖို့ လိုသေးလား၊ မလိုဘူး၊ အရှိန် ကုန်သွားတဲ့
အချိန်မှာ ကျသွားမယ်၊ ပစ်လွှတ်လိုက်တဲ့ စွမ်းအား energy နဲ့ သွားနေတယ်၊ အရှိန်ကုန်တဲ့
အချိန်ကျမှ ကျသွားမယ်။
ထို့အတူ
ဘဝင်စိတ်ကလေးဟာ ပဋိသန္ဓေစိတ်ကလေး ကစပြီးတော့ စွမ်းအားနဲ့ တွန်းလွှတ်လိုက်တဲ့ ကံရဲ့အရှိန်နဲ့
သွားနေတာ၊ ကံရဲ့ အရှိန်ကုန်တော့ နောက်ဆုံးမှာ စုတိဆိုပြီး သေသွားရင် တစ်ဘ၀ ပြီးသွားတာပါ၊
အဲဒီတော့ မွေးတဲ့စိတ်ရယ်၊ သေတဲ့စိတ်ရယ်၊ ကြားထဲက အိပ်နေတဲ့ ဘဝင်စိတ်ရယ် အတူတူပဲ၊ ကံရဲ့စွမ်းအားနဲ့
သွားနေတာ။
.
စိတ်ဖြစ်ပုံ
▬▬▬
ကဲ စိတ်ဖြစ်ပုံကို
ပြောရအောင်၊ အခုပြောခဲ့တဲ့ ဝတ္ထုရုပ် (၆) ပါးကို မှတ်ထားရမယ်၊ အာရုံ (၆) ပါး ဆိုတာကို
မှတ်ထားရမယ်၊ တံခါး (၆) ပေါက်ဆိုတာ မှတ်ထားရမယ်၊
အဲဒီ တံခါး (၆) ပါးနဲ့ အခြေခံ ဒီဝတ္ထုရုပ် (၆) မျိုးဆိုတာ တူတယ်၊ ရှေ့ (၅) ခုက
လုံးဝတူတယ်၊ နောက်ဆုံးတစ်ခုက ခုနက ‘ဟဒယ’ ဆိုတာနဲ့ Mind door မနောဒွါရ ဆိုတာကျတော့ ကွဲပြားခြားနားမှု
ရှိတယ်၊ ထိုမနောဒွါရဆိုတာက နာမ်တရား၊ ဟဒယဝတ္ထု ဆိုတာက ရုပ်တရား၊ အဲဒီ နေရာလေးမှာ နာမ်တရား
ပါလာတယ်၊ အဲဒါလည်း သိပ်ပြီးတော့ သတိချပ်စရာ ကောင်းတဲ့ အချက်တစ်ခုပဲ၊ နာမ်တရားပေါ်ဖို့ရာ
အတွက် နာမ်နာမ်ချင်း အခြေပြုတယ်ဆိုတဲ့ သဘောပေါ်လွင် နေတယ်၊ ဟုတ်ရဲ့လား။
.
မြင်သိစိတ် ဖြစ်ပုံ
▬▬▬▬▬▬
သုတ္တန်ပါဠိတော်တွေမှာ
မြတ်စွာဘုရားက မြင်သိစိတ်ကလေး ပေါ်လာပုံကို ဟောတယ်။
“စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”
ဘိက္ခေ၀
- ချစ်သား ရဟန်းတို့၊
စက္ခုံစ
- မျက်စိကို လည်းကောင်း၊
ရူပေစ
- အဆင်းအာရုံကို လည်းကောင်း၊
ပဋိစ္စ
- စွဲမှီ၍၊
စက္ခုဝိညာဏံ
- စက္ခုဝိညာဏ်လို့ဆိုတဲ့ မြင်သိစိတ်ကလေးသည်၊
ဥပ္ပဇ္ဇတိ
- ဖြစ်ပေါ်၍ လာရပါပေတော့၏-
လို့
သုတ္တန်ပါဠိတော်မှာ ဟောတာ၊ ဒါ လက်တွေ့နဲ့ စဉ်းစားကြည်ပေါ့လေ၊ မြင်သိစိတ် ကလေးဟာ မျက်စိမရှိဘဲနဲ့
ပေါ်နိုင်ပါ့မလား၊ မပေါ်နိုင်ဘူး၊ မျက်စိနဲ့ ရူပါရုံ (၂) ခု ဆုံမိတဲ့အခါမှာ မြင်သိစိတ်ကလေး
ပေါ်လာတယ်၊ မြင်လို့ ငါ ဘယ်သူ့မြင်လိုက်တယ်၊ သစ်ပင်မြင်တယ်၊ မီးရောင်မြင်တယ် စသည်ဖြင့်
မြင်မှုတွေကို အမျိုးမျိုး နာမည် တပ်ပြီး ပြောကြတာ။
ဒါကြောင့်မို့
စက္ခုပသာဒ ဆိုတဲ့ စက္ခုဝတ္ထု ဆိုတာရယ်၊ ရုပ်ဝတ္ထု ဆိုတာရယ် ဒီ (၂) ခု ဆုံလိုက်တဲ့ အချိန်ကလေးမှာ
မြင်သိစိတ်ကလေး ပေါ်တဲ့သဘော၊ ခုနက စည်လေးကို လက်နဲ့ တီးလိုက်တဲ့အခါမှာ အသံလေး ပေါ်လာတဲ့သဘော၊
စောင်းကလေးကို လက်ညှိုးကလေးတင်ပြီး လက်ချောင်းကလေး တွေနဲ့ တီးခတ်လိုက်တဲ့ အခါမှာ အသံ
ပေါ်လာတဲ့သဘော၊ ဝတ္ထုနဲ့အာရုံ ဆုံဆည်း လိုက်တဲ့အခါ တိုက်ခိုက်လိုက်တဲ့ စွမ်းအား ကြောင့်
ဟောဒီ အသိစိတ်ကလေး ဖြစ်ပြီးပေါ်လာတာ၊ နမ်တရားတွေ ပေါ်လာတာ ဒီအတိုင်းပဲ။
.
အကြောင်းဆုံလို့ဖြစ်
▬▬▬▬▬▬▬
ဒီနေရာမှာ
စဉ်းစားကြည့်ပေါ့၊ ဒီမြင်သိစိတ် ကလေးဟာ မျက်လုံးထဲက ထွက်လာ တာလား၊ မဟုတ်ဘူး၊ စောင်းသံဟာ
စောင်းထဲက ထွက်လာတာလား၊ ပြောလို့ မရဘူး၊ စောင်းထဲမှာ ရှိမှ ထွက်လို့ရမှာ၊ စောင်းထဲမှာ
ရှိနှင့်မနေဘဲ ပေါ်လာတာဟာ အကြောင်းကြောင့်ပဲလို့ ပြောလို့ရမယ်၊ အဲဒီတော့ မြင်သိစိတ်
ကလေးဟာ မျက်လုံး ထဲက ထွက်လာတာလည်း မဟုတ်ဘူး၊ မျက်စိနဲ့ မြင်ရတဲ့ အဆင်း အာရုံထဲကနေ ပေါ်လာတာလည်း
မဟုတ်ဘူး။
ဒါဖြင့်
ဘာကြောင့် ပေါ်လာတာလဲ၊ “ဟေတုံ ပဋိစ္စ သမ္ဘူတာ” အကြောင်းတရား ကြောင့် ပေါ်လာတာ၊ အကြောင်းတရားက
ဘာတုံးဆိုရင် စက္ခုပသာဒရုပ် ဆိုတဲ့ ဝတ္ထုရုပ် ကလေးရယ်၊ ရူပါရုံဆိုတဲ့ အာရုံကလေးရယ်
အဲဒီ (၂) ခု ဆုံဆည်းသွားတဲ့ အချိန်မှာ တိုက်ခိုက်မှုရဲ့စွမ်းအားတွေ ပေါ်လာတာ၊ ရုပ်
(၂) ခု ဆုံလိုက်တာဟာ တိုက်ခိုက်လိုက်တာပဲ၊ လျှပ်စစ်မီးကြိုး နှစ်ခု ခတ်လိုက်သလိုပဲ၊
ဒီလို တိုကိုက်လိုက်တဲ့ အခါမှာ အလင်းရောင် လက်ခနဲ ပေါ်လာသလို ဒီအသိစိတ် ကလေးလည်း ပေါ်လာ
တယ် လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။
အဲဒီအထဲမှာကိုပဲ
အဓိကဖြစ်တဲ့ စက္ခုပသာဒရုပ်နဲ့ ရူပါရုံ ဒီနှစ်ခုကိုပဲ မြတ်စွာဘုရားက ဟောထားတယ်၊ အခြား
အကူအညီ အကြောင်းတရား တွေကလည်း လိုအပ် သေးတယ်၊ ဘာတုံးဆိုရင် အလင်းရောင် ကလေး လိုသေးတယ်၊
ဟော - အလင်းရောင်မရှိလို့ မှောင်နေရင်လည်း မမြင်နိုင်ဘူး၊ ဒါကြောင့်မို့ မျက်စိလည်း
ရှိတယ်၊ အဆင်းရုံလည်း ရှိတယ်၊ မြင်ဖို့ရာအတွက် ဒီနှစ်ခုကြားမှာ အလင်းလိုတယ်လို့ ပြောတယ်။
နောက်တစ်ခုကတော့
နှလုံးသွင်းဆိုတာ လိုသေးတယ်၊ အသိစိတ် နှလုံးသွင်း ဆင်ခြင်မှုလည်း လိုသေးတယ်၊ ပေါင်းလိုက်တဲ့
အခါမှာ အကြောင်း (၄) မျိုး မဖြစ် ဘူးလား၊ အဲဒီ အကြောင်း (၄) မျိုး ကြောင့်လည်း မြင်သိစိတ်ဆိုတဲ့
ဒီနာမ်တရားလေး တွေ ပေါ်လာတာပါတဲ့၊ နဂိုက ဒီထဲမှာ ရှိနေတာ မဟုတ်ပါဘူး၊ ဘယ်နေရာမှ ရှိနေတာ
မဟုတ်ပါဘူး၊ ပေါ်လာပြီးတဲ့ နောက်မှာလည်း သူ့ရဲ့ အချိန်ပိုင်း အတိုင်းအတာလေး အတွင်းမှာ
ပျက်စီးသွားတယ်၊ အဲဒါကို မြတ်စွာဘုရားက ‘အနိစ္စ’ လို့ ဟောတယ်။
.
အနိစ္စ အဓိပ္ပါယ်
▬▬▬▬▬▬
“အဟုတွာ သမ္ဘောန္တိ ၊ ဟုတွာ ပဋိဝေန္တိ”
အနိစ္စရဲ့
အဓိပ္ပါယ်ကို အနုပဒသုတ္တန်မှာ ဒီလို ရှင်းတယ်၊
အဟုတွာ
- ဘယ်နေရာမှ ရှိနေတာမဟုတ်ဘဲနဲ့၊
သမ္ဘောန္တိ
- အကြောင်းဆုံတဲ့ အခါမှာ ပေါ်လာကြတယ်၊
ဟုတွာ
- အကြောင်း ဆုံလို့ ဖြစ်ပေါ်ပြီးတဲ့နောက်မှာ၊
ပဋိဝေန္တိ
- ပျောက်ကွယ်ပြီးတော့ သွားကြတယ်၊
အဲဒါကို
အနိစ္စလို့ ဆိုတယ်။
ဘယ်နေရာမှ
ရှိနေတာ မဟုတ်ဘဲနဲ့ အကြောင်းကြောင့် ပေါ်လာတယ်၊ ခုနက အသံလေးဟာ နဂိုက ရှိနေတာ မဟုတ်ဘူး၊
အကြောင်း တိုက်ဆိုင်တဲ့အခါ ဒီအသံလေး ပေါ်လာတာ၊ ပေါ်လာပြီးတော့ ဒီ အသံလေးဟာ တည်နေသလား
ဆိုတော့ မတည်ဘူး၊ ပျောက်သွားတယ်၊ အဲဒီသဘောကို ပြောတာနော်၊ အနိစ္စဆိုတာ အဲဒါကို ပြောတာ၊
နဂိုက ရှိနေတာ မဟုတ်ဘူး၊ တစ်နေရာမှာ ရှိနေတာ မဟုတ်ဘူး၊ ရှိမနေဘဲနဲ့ အကြောင်းတရားကြောင့်
ပေါ်လာတယ်၊ ပေါ်လာပြီး ပျောက်သွားတယ်၊ အဲဒါကို ‘အနိစ္စ’ လို့ ပြောတာ။
အဲဒီမှာ
နာမ်တရားတွေဟာ ဒီပုံဒီနည်း ဖြစ်လာတာ၊
“ဟေတုံ ပဋိစ္စ သမ္ဘူတာ၊ ဟေတုဘင်္ဂါ နိရုဇ္ဈရေ”
အကြောင်းတရားတွေ
ပျက်စီးသွားရင် သူတို့လည်း ပျက်စီးသွားတယ်၊ အလုံးဟာ အကြောင်းတရား ပေါ်မှာ မှီတည်ပြီး
ပျက်သွားတယ်၊ မှီတည်ပြီး ဖြစ်လာရတယ်၊ အကြောင်းတရားတွေ ပျက်ရင်လည်း သူတို့လည်း ပျောက်သွားတယ်။
အသိစိတ်ကလေးဟာ
မျက်လုံးထဲက ထွက်လာတာလည်း မဟုတ်ဘူး၊ မြင်စရာ ရူပါရုံက ထွက်လာ တာလည်း မဟုတ်ဘူး၊ သူတို့
နှစ်ခုကြားကလည်း ထွက်လာတာ မဟုတ်ဘူးတဲ့၊ အကြောင်းတရား တွေကြောင့် ဖြစ်တာ၊ ဥပမာ- စည်သံလေး
လိုပါပဲတဲ့၊ စည်ထဲက ထွက်လာတာလည်း မဟုတ်ဘူး၊ လက်က ထွက်လာတာလည်း မဟုတ်ဘူး၊ တီးခတ်တဲ့
တုတ်တံက ထွက်လာတာလည်း မဟုတ်ဘူး၊ ဒီ နှစ်ခုကြားမှာ သူအောင်းနေတာလည်း မဟုတ်ဘူးတဲ့၊ တီးခတ်ခြင်းကို
အကြောင်းပြုပြီး အစွဲပြုပြီး အသံလေး ပေါ်လာတာ၊ ဖြစ်ပြီးတဲ့နောက် ပျောက်သွားတယ်၊ ဒါ
နာမ်တရားရဲ့ သဘောပဲ၊ နာမ်ဆိုတာ အဲဒီအတိုင်းပဲ။
.
ကြားသိစိတ် ဖြစ်ပုံ
▬▬▬▬▬▬
ထို့အတူပဲ
“သောတဉ္စ ပဋိစ္စ သဒ္ဒေ စ၊ ဥပ္ပဇ္ဇတိ သောတဝိညာဏံ” ကြားသိစိတ် ကလေးဟာလည်း ဒီအတိုင်းပဲတဲ့၊
သောတပသာဒရုပ် လို့ဆိုတဲ့ အခြေခံဝတ္ထုရုပ်ရယ်၊ ပသာဒရုပ်ဆိုတဲ့ အသံရုပ်ရယ်၊ အဲဒီ (၂)
ခု ထိခိုက်တဲ့ အခါကျတော့ ထိခိုက်တာလည်း အလွန်မြည်တယ်နော်၊ ကောင်းကင်မှာ အပူနဲ့ အအေးတို့
တိုက်ခိုက်ပြီးတော့ အသံကြီးတွေဟာ အောက်ကတီးတဲ့ အသံထက်တောင် ပြင်းထန်သေးတယ်၊ မိုးကြိုး
များပစ်လိုက်ရင် ပိုဆိုးသေးတယ်။
အဲဒီတော့
နားထဲမှာ အသံနဲ့ ခုနက သောတပသာဒနဲ့ တိုက်လိုက်တဲ့အခါ အသံသိတဲ့ စိတ်ကလေး ပေါ်လာတာ၊ ဒါလည်း
နားထဲက ထွက်လာတာ မဟုတ်ဘူးတဲ့၊ သိတဲ့ စိတ်ကလေးဟာ အကြောင်း ကြောင့် ပေါ်လာတယ်။
ပိုရှင်းအောင်
မီးခြစ်ဘူး ကလေးကိုပဲ စဉ်းစား၊ ဂက်(စ်) မီးခြစ်ဘူးလေးကို ကြည့်လေ၊ မီး ရှိနေလို့ရှိရင်
ပူမှာပေါ့၊ လောင်မှာပေါ့၊ မီးမရှိဘူးဆိုတာ သေချာတယ်လေ၊ မရှိဘူးဆိုတာ လက်တွေ့ ပြလို့ရတယ်၊
အိပ်ထောင်ထဲ ထည့်သွား၊ အကယ်၍ မီးရှိတယ်ဆိုရင် ဘယ်ခံနိုင်မလဲ၊ လောင်သွားမှာပေါ့၊ မရှိဘူးဆိုတာ
သေချာတယ်၊ သို့သော် အကြောင်းတစ်ခု ထပ်ပြီးတော့ ထည့်လိုက်တယ်၊ ဒါက လူက ဖိခြစ်လိုက်တယ်၊
ဟော မီးလောင်တယ်၊ အဲဒီသဘောပဲ မှတ်ထားကြ။
.
နံသိ လျက်သိ ထိသိစိတ်ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬▬
ထို့အတူပဲ၊
နံသိစိတ်ကလည်းပဲ နှာခေါင်းနဲ့အနံ့ ဆုံမိတဲ့အခါမှာ ပေါ်လာတယ်၊ လျက်သိစိတ်က ပိုပြီး သိသာတာပေါ့၊
ဒါကြောင့်မို့ ဟင်းချက်ပြီးတဲ့အခါ မြည်းရတယ် မဟုတ်လား၊ မမြည်းရင် ချိုတယ် ငန်တယ် မသိဘူး၊
တစ်ခါတစ်လေ သရက်သီးမှည့် ကလေး ခွဲထားတဲ့ အခါကျတော့ မျက်စိက ကြည့်တော့ ချိုတယ်လို့ သညာက
ထင်မှတ်ထားတာ၊ သွားစားတော့ အမလေး ချဉ်လိုက်တာ
မပြော နဲ့တော့၊ တကယ် အဆုံးအဖြတ် ပေးနိုင် တာကတော့ လျှာပေါ်ရောက်မှ သိသွားတာ
မဟုတ်လား။
ချိုတယ်ထင်လို့
စားတာ၊ ချဉ်တာ တွေ့ချင်တွေ့မယ်၊ ချဉ်တယ်ထင်တာ၊ ချိုတာ တွေ့ကောင်း တွေ့မယ်၊ ပေါ့တယ်လို့
ထင်တာ ငန်ချင်လည်း ငန်နေလိမ့်မယ်၊ အားလုံး ဟာ လျှာကျမှ သိတာချည်းပဲ မဟုတ်လား၊ ဒါကြောင့်
မြတ်စွာဘုရားက -
“ဇိဝဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ၊ ဇိဝှာဝိညာဏံ”
ဇိဝှာပသာဒရယ်
ရသာရုံရယ် ပေါင်းစပ်လို့ အရသာသိတဲ့ အသိစိတ်ကလေး ပေါ်လာ တာပါတဲ့၊ ထို့အတူပဲ၊ ကာယပသာဒနဲ့
ဖောဋ္ဌဗ္ဗာရုံ ဆုံမိသွားတဲ့အခါကျတော့ ထိသိစိတ် ကလေး ပေါ်တာပါတဲ့။
.
အတွေးစိတ် ဖြစ်ပုံ
▬▬▬▬▬▬
နောက်တစ်ခါ
အတွေးအာရုံတွေ ကျန်တဲ့အာရုံတွေကျတော့ ဘဝင်စိတ်ကလေးကို သွားတိုက်တာ၊ အဲဒါကျတော့ ကြည့်ရမှာကတော့
နာမ် - နာမ်ချင်း တိုက်တာလည်း ပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အာရုံက နာမ်ဆိုလို့ရှိရင်
ဘဝင်စိတ်ကလေး ကလည်း နာမ်ပဲ၊ နာမ် - နာမ်ချင်းတိုက်ပြီးတော့ အသိစိတ် ကလေးပေါ်တယ်၊ အဲဒါကတော့
“မနောဝိညာဏံ” ဆိုတဲ့ အစွမ်းထက်တဲ့ စိတ်တွေ ပေါ်လာတယ်၊ ဘဝင်စိတ်ကလေးနဲ့ ဓမ္မာရုံနဲ့
ဒီနှစ်ခု ပေါင်းစပ်ပြီး တိုက်ခိုက်မိလိုက်တဲ့
အခါကျတော့ တခြားအသိစိတ် တွေ ပေါ်လာတယ်၊ ကုသိုလ်စိတ်တွေ ပေါ်မယ်၊ အကုသိုလ်စိတ်တွေ ပေါ်မယ်၊
အစွမ်းထက်တဲ့ စိတ်တွေ အဲဒီမှာ အတွေးစိတ်တွေ ပေါ်တယ်၊ အဲဒီတော့ -
.
ဘဝင်စိတ်နဲ့ ဓမ္မာရုံ
▬▬▬▬▬▬
“မနဉ္စ
ပဋိစ္စ ဓမ္မေ စ” ဒီနေရာမှာ “ဟဒယဉ္စ ပဋိစ္စ ဓမ္မေ စ” လို့ ဘုရားက မဟောတာ စဉ်းစားကြည့်ပေါ့၊
ကျန်တဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ base တွေက ရုပ်တရားတွေ ဖြစ်လျက်သားနဲ့ ဒီ (၆)
ခုမြောက် ရောက်တဲ့အခါကျတော့ - “မနဉ္စ ပဋိစ္စ ဓမ္မေ စ” လို့ ဟောပြီး “ဟဒယဉ္စ ပဋိစ္စ”
လို့ မဟောဘူး၊ ဟဒယဝတ္ထု သက်သက်နဲ့ မပေါ်နိုင်ဘူးတဲ့၊ အဲဒီတော့ အခြေခံ ဘဝင်စိတ်နဲ့၊
ဘဝင်စိတ်ကနေ ဖြတ်သန်းရတာ ဖြစ်တယ်လို့ ဟောတာ၊ ဘဝင်စိတ်က ဒီနေရာမှာ Mind door ပဲ၊ အဲဒီက
ဖြတ်သန်းရတာဖြစ်လို့ ဘဝင်စိတ်ကလေးနဲ့ ဓမ္မာရုံနဲ့ ပေါင်းစပ် တွဲမိလိုက်တဲ့အခါကျတော့
မနောဝိညာဏ်စိတ် ဆိုတဲ့ အစွမ်းထက်တဲ့ စိတ်တွေပေါ်လာ တယ်လို့ ဒီလို ဟောတယ်။
.
စိတ် ၆-မျိုး
▬▬▬▬
ကဲ -
ခုကြည့်လိုက်မယ်ဆိုရင် အကြမ်းနည်းအားဖြင့် စိတ် (၆) မျိုးကို ပြောလိုက်ပြီးပြီ၊ မြင်သိစိတ်တဲ့၊
စာလိုပြောရင် “စက္ခုဆိုတာ မျက်စိကို ပြောတာ၊ ဝိညာဏ် - သိတာကို ပြောတာ၊ မျက်စိမှာပေါ်လာတဲ့
အသိစိတ်၊ “စက္ခုဝိညာဏ်စိတ်”၊ မျက်စိကို မှီပြီးပေါ် လာတဲ့ အသိစိတ်လို့ ဒီလိုပြောတာ၊
“သောတဝိညာဏ်စိတ်”
နားကို မှီပြီးပေါ်လာတဲ့ အသိစိတ်၊
“ဃာနဝိညာဏ်စိတ်”
နှာခေါင်းကို မှီပြီး ပေါ်လာတဲ့ အသိစိတ်၊
“ဇိဝှါဝိညာဏ်စိတ်”
လျှာကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ အသိစိတ်၊
“ကာယဝိညာဏ်စိတ်”
ကာယကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ အသိစိတ်၊
“မနောဝိညာဏ်စိတ်”
မနကို မှီပြီး ဖြစ်ပေါ်လာတဲ့ အသိစိတ်၊ ဘဝင်မနကို မှီပြီး ဖြစ်ပေါ် လာတဲ့အသိစိတ် -
အားလုံး
ပေါင်းလိုက်တဲ့ အခါ စိတ် (၆) မျိုး မရဘူးလား၊ အဲဒီ (၆) မျိုးဟာ စေတသိက်တွေနဲ့ ပေါင်းပြီးတော့
နာမ်တရားတွေ ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာကို ဟောနေတာပါ။
.
နိဂုံးစကား
▬▬▬▬
ဒီကနေ့
နာမ်အကြောင်း ကို လေ့လာလိုက်တာ နောက်ထပ်ဆက်ပြီး လေ့လာဖို့ အများကြီး လိုသေးတယ်၊ တစ်ခုချင်း
တစ်ခုချင်း သဘောပေါက်ထားရမှာက နာမ်တရားဆိုတာ ရှိနေနှင့်တဲ့ တရားမဟုတ်ဘူး၊ ရုပ်တရားတွေကို
မှီပြီး အကြောင်း တိုက်ဆိုင်မှ ဖြစ်ပေါ်လာတဲ့ တရားမျှသာ ဖြစ်တယ် ဆိုတာပါပဲ။
ကဲ -
နာမ်တရားတွေ ပေါ်လာပုံကို သိရှိရပြီ၊ နောက်ရက်တွေမှာ စိတ်ရဲ့ အကြောင်း တရားတွေကို သီးသန့်ဟောမယ်၊
ပြီးတဲ့အခါ စိတ်ရဲ့ စွမ်းအားတွေ သီးသန့်ဟောမယ်၊ စိတ်ရဲ့ အညစ်အကြေး တွေဟာ ဘာတွေလဲဆိုတာ
ဟောမယ်၊ စိတ်ကို အစွမ်း ထက်စေတဲ့ စွမ်းအားတွေဟာ ဘာတွေလဲ ဆိုတာ သီးသန့်ဟောမယ်၊ စိတ်
အကြောင်းကို သေသေချာချာ လေ့လာပြီးတဲ့ နောက်တစ်ခါ စိတ်နဲ့ရုပ် ပေါင်းစပ်ပြီး ဘယ်လို
လှုပ်ရှားကြသလဲ၊ စိတ်တွေဟာ ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်စဉ်ထဲမှာ ရှိတယ် ဆိုတာလေးကို အဆုံးသတ်
အနေနဲ့ ဟောပြီးတော့ နိဗ္ဗာန်ကို ဘယ်လိုရောက်တယ် ဆိုတာ ဟောမယ်။
ဒါကြောင့်
တရားချစ်ခင် သူတော်စင် ပရိတ်သတ် အပေါင်းတို့သည် ဒီကနေ့ “နာမ်တရားကို လေ့လာသုံးသပ်ခြင်း”
ဆိုတဲ့ အပိုင်းမှာ နာမ်တရားလို့ ခေါ်တဲ့ စိတ်, စေတသိက် တွေဟာ ရုပ်ကို အမှီပြုပြီးတော့
ခုလို ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား တွေနဲ့ တိုက်ဆိုင်တဲ့အခါမှသာ ပေါ်ပေါက်လာ ကြတယ်၊
အဲဒီ သဘာဝတရားတွေကို ဗုဒ္ဓမြတ်စွာ ဟောတဲ့အတိုင်း သိရှိကြသဖြင့် ကိုယ့်ခန္ဓာကိုယ်မှာ
ထာဝရ မြဲနေတဲ့အရာ “ငါ” လို့ ထင်နေတဲ့ အရာဆိုတာ ဘာတစ်ခုမှ မရှိပါလား၊ တကယ်တော့ သူ့အကြောင်းနဲ့သူ
ဖြစ်ပြီး၊ သူ့ဟာသူ ပေါ်ပြီး ပျောက်နေတဲ့ အရာသာ ဖြစ်တယ်။
အဲဒီတရားတွေဟာ
“ငါ” လည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူးဆိုတဲ့ အသိဉာဏ်ကလေး ဝင်လာတာဟာ “သမ္မာဒိဋ္ဌိ”၊
မှန်ကန်သော အမြင်ပဲလို့ အားလုံး ကိုယ်စီကိုယ်စီ သဘောပေါက်ပြီး အားလုံး သမ္မာဒိဋ္ဌိဉာဏ်
ရင့်သန်စေရန် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန် သတည်း။
.
“သာဓု
- သာဓု - သာဓု”
…………
